← Chapters

အခန်း ၄၅၇-၄၅၉

Vol. 31 Ch. 457-459

အခန်း ၄၅၇-၄၅၉

Vol. 31 Ch. 457-459

အခန်း (၄၅၇ )

ယွမ်ရှန်ရှန် (၂)

သူမ၏ ဆရာ တောင်ပေါ်မှ ဆင်းလာသော အချိန်အတွင် လုချန်း သူ၏တာဝန်ဝတ္တရားများကိုသာ အာရုံစိုက်ပြီး ဇနီးများနှင့် ပျော်ပါးနေခြင်းမပြုပဲ နေပါ‌စေဟုသာ ယခု သူမ မျှော်လင့်နိုင်သည်။

ထိုအချိန်တွင် ယွမ်ရှန်ရှန်က

“ကောင်းပြီ။ လုပ်စရာရှိတာ သွားလုပ်ပါ”

ထိုစကားများအပြီးတွင် ချန်ဝမ်ရွန်လည်း ထရပ်လိုက်ပြီး

“ဟုတ်ကဲ့ ဆရာ။”

သူမ၏အသံ ပျောက်ကွယ်သွားသည်နှင့်တစ်ပြိုင်နက် ချန်ဝမ်ရွန် နောက်လှည့်ပြီး ခန်းမဆောင်ဝသို့ လျှောက်သွားသည်။ သူမ တံခါးနားသို့ ရောက်ခါနီးတွင် ယွမ်ရှန်ရှန်က ဆက်လက်၍

“သူက မင်းရဲ့ အစ်မလိုပဲ အရမ်းထူးချွန်တယ်ဆိုရင် သူ့ကို ငါ့ရဲ့ တပည့်ရင်းအဖြစ် ခေါ်ယူဖို့ စဉ်းစားကောင်း စဉ်းစားနိုင်တယ်။”

ထိုစကားကို ကြားသောအခါ ချန်ဝမ်ရွန်သည် အနည်းငယ် အံ့အားသင့်သွားသည်။ သူမ၏ ဆရာသာ လုချန်းကို တပည့်ရင်းအဖြစ် အမှန်တကယ် လက်ခံပါက သူမနှင့် လုချန်း၏ ဆက်ဆံရေး တရားဝင် ဖြစ်လာမည်ဖြစ်သည်။

ချန်ဝမ်ရွန် သူမဆရာ၏ ရည်ရွယ်ချက်ကို ချက်ချင်းနားလည်သွားသည်။ သူမ၏ဆရာမသည် အခြေခံအားဖြင့် သူတို့၏ဆက်ဆံရေးကို သဘောတူလိုက်ပြီဖြစ်သည်။ ယခုတော့ လုချန်း သူမဆရာမ၏ စမ်းသပ်မှုကို ကျော်လွှားနိုင်မည်လားဆိုသည့်အပေါ်တွင်သာ အရာအားလုံး မူတည်နေသည်။

ထို့နောက် ချန်ဝမ်ရွန်လည်း ယွမ်ရှန်ရှန်ထံသို့ ပြန်လှည့်ကာ ရိုကျိုးစွာ ဦးညွှတ်လျက်

“ကျေးဇူးတင်ပါတယ် ဆရာ။”

ယွမ်ရှန်ရှန်က အေးစက်စွာဖြင့်

“မြန်မြန်ထွက်သွား။ နင်ရှိနေတာ ငါ့ကိုစိတ်အနှောင့်အယှက်ဖြစ်စေတယ်။”

“တပည့်ကို ခွင့်ပြုပါ။”

ထိုသို့ပြောပြီးနောက် ချန်ဝမ်ရွန် ခန်းမကြီးမှ ထွက်သွားတော့သည်။

ချန်ဝမ်ရွန်၏ ထွက်ခွာသွားသော ပုံရိပ်ကို ကြည့်ရင်း ယွန်းရှန်းရှန်းသည် သက်ပြင်းရှည်ရှည် ချကာ တီးတိုးရေရွတ်လိုက်သည်

“ကျင့်စဉ်ဆိုတာ တစ်ကိုယ်တည်းပဲ ကျင့်ရမှာ။ စုံတွဲ လေ့ကျင့်သည့်နည်းနဲ့ ရရှိတဲ့ တိုးတက်မှုတွေဟာ နောက်ဆုံးမှာ တိမ်မြုပ်သွားလိမ့်မယ်။ နောင်ကျရင် နင်နောင်တမရပါစေနဲ့လို့ ငါ မျှော်လင့်တယ်။”

ထို့နောက် ယွမ်ရှန်ရှန် သူမမျက်လုံးများကို ပိတ်လိုက်ကာ သူမ၏ခန္ဓာကိုယ်မှ အေးမြသောလေထုများ ဆက်တိုက်ထွက်ပေါ်လာသည်။ တစ်ခန်းလုံး ရေခဲများဖြင့် ပို၍ဖုံးလွှမ်းသွားပြီး သူမက

“မြောက်ပိုင်းမှာ ကောင်းကင်လူသား တစ်ဦး ပေါ်ထွန်းလာပြီ။ ဒီအကြိမ် ထွက်ပေါ်လာတဲ့ စွမ်းအင်လက္ခဏာက အရက်တုန်းက ကောင်းကင်ဖြစ်စဉ်ကို ဖြစ်ပေါ်စေသူနှင့် တူပုံမရဘူး။”

“တန်ခိုးရှင်နည်းလမ်းမှာ ကံကောင်းခြင်းတွေ ရှိတဲ့ မြောက်ပိုင်းနယ်စားမင်းသားလည်း မြောက်ပိုင်းပြည်နယ်မှာ ရှိနေတယ်။ ဒီဖြစ်ရပ်နှစ်ခုကြားမှာ အကြောင်းအကျိုးဆက်နွယ်မှုတစ်ခုခုရှိနိုင်မလား”

“ငါ့ရဲ့ စွမ်းအား‌တွေ ပြန်ရပြီးရင် မြောက်ပိုင်းပြည်နယ်ကို သွားရောက်လည်ပတ်ဖို့ အချိန်ရှာရမယ်ထင်တယ်။”

…

လဝက်အကြာ။

မြောက်ပိုင်းပြည်နယ်။

မနက်ခင်းတွင် လုချန်းသည် ရဲလိနန်ရန်၏ နူးညံ့သော ကျောက်စိမ်းရနံ့ကြား လဲလျောင်းနေသည်။ ရွှမ်ယွမ်ချောင်ကဲသည် ရန်ခရိုင်သို့ ခရီးထွက်လာပြီဖြစ်ပြီး မကြာမီ ရောက်ရှိလာမည်ဖြစ်သည်။

ရွှမ်ယွမ်ချောင်ကဲ ကောင်းကင်လူသားအဆင့်သို့ တက်သွားကြောင်း သိရှိပြီးကတည်းက လုချန်း မည်သည့် ဖိအားကိုမှ မခံစားရတော့ပေ။ ကောင်းကင်လူသားအဆင့်ရှိ အင်အားကြီးသူတစ်ဦး ရှိနေသောကြောင့် အခြား‌ ကောင်းကင်လူဟားအဆင့်ရှိ သူများကို မစော်ကားသရွေ့ သူ လိုချင်သလို ရဲရဲတင်းတင်း လုပ်ဆောင်နိုင်သည်။

ထိုအချိန်တွင် လုချန်း စွမ်းအားတိုးဆေးလုံးကို ရုတ်တရက် သတိရသွားပြီး ထထိုင်ကာ ရဲလိနန်ရန်၏ မျက်လုံးများကို စိုက်ကြည့်ပြီး

“ဟုတ်ပြီ နန်ရန်။ မင်းကို မေးစရာတစ်ခုရှိတယ်”

ဟု ပြောလိုက်သည်။

ရဲလိနန်ရန်က

“မင်းသား ဘာမေးချင်တာလဲ”

ဟု သိလိုစိတ်ဖြင့် မေးလိုက်သည်။

ထို့နောက် လုချန်းက

“ကိုယ့်မှာ ဆေးနှစ်မျိုးရှိတယ်။ တစ်မျိုးက မင်းကို ထာဝရနုပျိုစေနိုင်ပြီး နောက်တစ်မျိုးက မင်းရဲ့ စွမ်းအားကို တိုးမြှင့်ပေးနိုင်တယ်။ မင်း တစ်ခုကို ရွေးရမယ်ဆိုရင် ထာဝရနုပျိုခြင်းကို ရွေးမလား ဒါမှမဟုတ် စွမ်းအားတိုးမြှင့်တာကို ရွေးမလား”

ဟု မေးလိုက်သည်။

လုချန်း၏ မေးခွန်းကို ကြားသောအခါ မကြာသေးမီက သူမ သတိပြုမိခဲ့သော အရာတစ်ခုကို ရဲလိနန်ရန် ရုတ်တရက် တွေးမိသွားသည်။ မုကျိရွှမ်းနှင့် ကျောင်းညီအစ်မတို့သည် ပို၍ လှပလာပြီး သူတို့၏ အသားအရေများ ပို၍ နူးညံ့လာပုံရသည်။ အမှန်စင်စစ် သူတို့သုံးဦးသည် ယခုအခါ နံနက်တိုင်း ဆံပင်ကို အနည်းငယ် ပြင်ဆင်ခြင်းမှလွဲ၍ မိတ်ကပ်မပါပဲ အပြင်ထွက်နေကြသည်။ ဘာမှလိမ်းခြယ်ခြင်း မပြုကြတော့ပေ။

မုကျိရွှမ်းနှင့် ကျောင်းညီအစ်မတို့ ပို၍ လှပလာရခြင်း၏ အကြောင်းရင်းမှာ ထာဝရနုပျိုခြင်းကို ပေးသော ဆေးလုံးကို သောက်သုံးခဲ့ခြင်းကြောင့် ဖြစ်ပုံရသည်ဟု ရဲလိနန်ရန်သည် တွေးမိလိုက်သည်။

ထိုအချိန်တွင် ရဲလိနန်ရန်က

“’ထာဝရနုပျိုတာဆိုတော့ တစ်သက်လုံး မအိုဘူးလို့ ဆိုလိုတာလား မင်းသား။”

ဟု မေးလိုက်သည်။

လုချန်းက

“ဟုတ်တယ်။ ဆံပင်ဖြူလာတာကလွဲလို့ တခြား ဘာပြောင်းလဲမှုမှ မရှိဘူး။ မင်းရဲ့ မျက်နှာမှာ အရေးအကြောင်းတွေ ကင်းစင်နေလိမ့်မယ်။”

လုချန်း၏ အဖြေကို ကြားသောအခါ ရဲလိနန်ရန်လည်း မဆိုင်းမတွပဲ

“ထာဝရနုပျိုခြင်းကို ပေးတဲ့ ဆေးလုံးကို ကျွန်မ ရွေးမယ်။”

ရဲလိနန်ရန်၏ ရွေးချယ်မှုကြောင့် အံ့အားသင့်သွားသော လုချန်းက

“စွမ်းအားတိုးစေတဲ့ ဆေးလုံးကို ရွေးမယ်လို့ ကိုယ်ထင်ခဲ့တာ။”

ရဲလိနန်ရန်က ညင်သာစွာ ပြုံးလိုက်ပြီး

“ကျွန်မသာ ကောင်းကင်ဝံပုလွေဘုရင်ရဲ့ မျိုးနွယ်စုမှာ ရှိနေသေးရင် စွမ်းအားတိုးစေတဲ့ ဆေးလုံးကို ရွေးဖို့ များပါတယ်။”

ရဲလိနန်ရန်သည် သူမ၏ အလှကို ဂရုစိုက်သော်လည်း မြက်ခင်းလွင်ပြင်၏ ကြမ်းတမ်းသော ပတ်ဝန်းကျင်တွင်တော့ သူမကိုယ်သူမ ကာကွယ်နိုင်ရန် စွမ်းအားတိုးတက်ခြင်းကို ပို၍ ဦးစားပေးမည်ဖြစ်သည်။

သို့သော် ယခုအခါ သူမသည် မြောက်ပိုင်းနယ်စားမင်းသား၏ မိန်းမဖြစ်နေပြီဖြစ်သောကြောင့် သူမ၏ နေထိုင်မှု ပတ်ဝန်းကျင် ပြောင်းလဲသွားပြီဖြစ်သည်။ သူမ စွမ်းအားကြီးမားရန် မလိုအပ်တော့ပေ။

စွမ်းအားကြီးမားခြင်းသည် အိုမင်းရင့်ရော်ခြင်းကို နှေးကွေးစေကြောင်း သူမ ကောင်းစွာ နားလည်သော်လည်း အိုမင်းမှုကို နှေးကွေးစေခြင်းသာဖြစ်သည်။ လုံးဝ မအိုခြင်းတော့ မဟုတ်ပေ။ သူမသည် အသက်သုံးဆယ်ကျော်ပြီဖြစ်ပြီး နှစ်အနည်းငယ်ကြာလျှင် အသက်လေးဆယ်သို့ ရောက်လိမ့်မည်။ သူမ၏ စွမ်းအားဖြင့် အသက်လေးဆယ်တွင် သူမ၏ ဆွဲဆောင်မှုကို ထိန်းသိမ်းနိုင်ဦးမည်ဖြစ်သော်လည်း အသက်ငါးဆယ်လောက်တွင်တော့ သူမ၏ ခန္ဓာကိုယ်ပေါ်တွင် အိုမင်းရင့်ရော်ခြင်း၏ လက္ခဏာများ မလွဲမသွေ ပေါ်လာလိမ့်မည်။

ထို့ပြင် ယခု သူမ၏ နှလုံးသားသည် တစ်စုံတစ်ဦးအပေါ် ချစ်ခင်မြတ်နိုးမှု ရှိပြီဖြစ်သည်။ အချစ်ရေး၌ နစ်မြောနေသော အမျိုးသမီးသည် မိမိ၏အသွင်အပြင်ကို အထူးဂရုစိုက်လာတတ်သည်။

ရဲလိနန်ရန်၏ အမြင်တွင် စွမ်းအားတိုးတက်မှုက အိုမင်းမှုကို ယာယီနှောင့်နှေးစေနိုင်သော်လည်း သူမ၏စွမ်းရည် ဒီထက်ပို၍ တိုးတက်လာနိုင်မည်ဟု သူမ မထင်ပေ။ သူမကိုယ်သူမလည်း ယုံကြည်မှု မရှိပေ။

ရွေးချယ်မှု နှစ်ခုအနက် တစ်ခုက သေချာသော ထာဝရနုပျိုခြင်းဖြစ်ပြီး နောက်တစ်ခုက ကြိုးစားအားထုတ်မှု လိုအပ်ပြီး အန္တရာယ်များစွာ ရှိကာ နောက်ဆုံးတွင် အိုမင်းရင့်ရော်ခြင်း မလွဲမသွေ ရင်ဆိုင်ရစေမည့် ရွေးချယ်မှုဖြစ်သည်။ ထို့ကြောင့် များစွာစဉ်းစားစရာမလိုပဲ ပထမတစ်ခုကို ရွေးချယ်နိုင်သည်။

ရဲလိနန်ရန်သည် အတော်အတန် အမှီအခိုကင်းတတ်သော အမျိုးသမီးတစ်ဦးဖြစ်သည့်အတွက် စွမ်းအားတိုးဆေးလုံးကိုသာ ရွေးချယ်မည်ဟု လုချန်းထင်ခဲ့သည်။ ထို့ကြောင့် သူက ရဲလိနန်ရန်အား ရွေးချယ်စရာနှစ်ခုကို ပေးခဲ့ခြင်းဖြစ်သည်။

အခန်း (၄၅၈)

ယွမ်ရှန်ရှန် (၃)

သို့သော် ရဲလိနန်ရန်သည် အလှအပကို အလွန်တောင့်တသော အမျိုးသမီးဖြစ်သည့်အတွက် အလှထိန်းဆေးကို ရွေးချယ်မည်ဆိုသည်မှာ အံ့အားသင့်စရာမရှိပေ။

လုချန်းက ရယ်‌မောလိုက်ပြီး လေထဲတွင် ပြားချပ်သော ပုလင်းသေးသေးလေးတစ်လုံးကို ဖန်တီးကာ ရဲလိနန်ရန်အား

“ဒီထဲမှာ အမျိုးသမီးတစ်ဦးကို အမြဲနုပျိုစေနိုင်တဲ့ အလှထိန်းဆေးပါတယ်။”

လုချန်း၏ စကားကို ကြားသောအခါ ရဲလိနန်ရန်က အနည်းငယ် အံ့အားသင့်စွာဖြင့်

“ ဒီကမ္ဘာမှာ တကယ် အဲဒီလို ဆေးလုံးရှိတာလားမင်းသား။”

ဟု မေးလိုက်သည်။

လုချန်းက

“ဟုတ်တယ်။ ရှိပါတယ်။ ဒါပေမဲ့ ဒါက နတ်ဆေးတစ်ပါးဖြစ်ပြီး အလွန်အဖိုးတန်တယ်။”

ထိုသို့ပြောပြီးနောက် လုချန်းသည် နူးညံ့သော ကျောက်စိမ်းရနံ့ကြားတွင် ပုလင်းသေးသေးလေးကို ထားလိုက်ပြီး

“ဒါ မင်းအတွက်ပါ။ သောက်ပြီးရင် အညစ်အကြေးတွေ ထွက်လာလိမ့်မယ်။ နောက်မှ မင်းရဲ့ အစေခံတွေကို ရေနွေးပြင်ခိုင်းပြီး ရေချိုးလိုက်ပါ”

ဟု ထပ်ပြောလိုက်သည်။

ချက်ချင်းပင် ရဲလိနန်ရန်က

“ဆေးလုံးကို ချီးမြှင့်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် မင်းသား။”

ထိုအချိန်တွင် လုချန်းသည် ရဲလိနန်ရန်ဘေးမှ ထရပ်လိုက်ပြီး သူမ၏ ဆွဲဆောင်မှုရှိသော ခန္ဓာကိုယ်ကို ကြည့်ကာ စိတ်ထဲတွင် သက်ပြင်းချမိသည်။ သိုင်းပညာရှင်တစ်ဦး ကိုယ်ဝန်ဆောင်ရန် အမှန်တကယ် ခက်ခဲလှသည်။

နောက်ထပ် လဝက်ခန့်ကြာသော်လည်း ရဲလိနန်ရန်နှင့် အခြားသိုင်းပညာရှင်များ၏ ဝမ်းဗိုက်တွင် မည်သည့် တုံ့ပြန်မှုမှ မရှိသေးပေ။ ချူးယုချင်တစ်ဦးတည်းသာ ချက်ချင်း ကိုယ်ဝန်ဆောင်ခဲ့သည်။

လုချန်း ထိုအကြောင်းကို များများစားစား မတွေးတော့ပဲ အိပ်ရာမှ ထလိုက်သည်။ ရဲလိနန်ရန်လည်း အလျင်အမြန် ထကာ လုချန်းကို အဝတ်အစား ဝတ်ဆင်ရန် ကူညီပေးလိုက်သည်။

......

တစ်နာရီအကြာ။

နိုင်ငံရေးဆိုင်ရာ ခန်းမ။

ယနေ့ နံနက်ပိုင်း အစည်းအဝေး၏ အဓိက အကြောင်းအရာမှာ ဝူမင်းသမီး မြောက်ပိုင်းပြည်နယ်သို့ လာရောက်မည့် ကိစ္စကို ဆွေးနွေးခြင်းဖြစ်သည်။

ထိုကိစ္စနှင့် ပတ်သက်၍ မြောက်ပိုင်းပြည်နယ်မှ အရာရှိများစွာတွင် ဆန့်ကျင်ဘက်အမြင်များ ရှိကြသည်။

ဝူနိုင်ငံတော်၏ အရေးပါသော ပုဂ္ဂိုလ်တစ်ဦးအနေဖြင့် ဝူမင်းသမီး မြောက်ပိုင်းပြည်နယ်သို့ လာရောက်မည်ဆိုပါက သူမ၏နောက်ကွယ်တွင် အကြံအစည်တစ်ခုရှိမည်မှာ သေချာသည်။ ဒါက မည်သူ့အတွက်မှ လျှို့ဝှက်ချက်တစ်ခု မဟုတ်ပေ။

ဝူနိုင်ငံတော်သည် မြောက်ပိုင်းပြည်နယ်နှင့် ရှနိုင်ငံတော်ကြား ပြည်တွင်းစစ်ကို လှုံ့ဆော်ရန် ရည်ရွယ်နေသည်မှာ ထင်ရှားပြီး ယင်းမှတစ်ဆင့် ရှနိုင်ငံတော်အတွင်း ကွဲပြားမှုများကို အသုံးချကာ သူတို့အတွက် အကျိုးအမြတ် ဖြစ်ထွန်းစေရန် ရည်ရွယ်နေသည်။

ထိုအချိန်တွင် ကမ္ဘာလုံးဆိုင်ရာ အကယ်ဒမီမှ အရာရှိတစ်ဦးက

“မင်းသား။ မြောက်ပိုင်းပြည်နယ်ဟာ လွတ်လပ်စွာ ရပ်တည်နိုင်ဖို့ အင်အား မလုံလောက်သေးဘူးလို့ ကျွန်တော် မြင်ပါတယ်။”

“မြောက်ပိုင်းပြည်နယ်ဟာ ကျူးနိုင်ငံတော်နှင့် ကုန်သွယ်ရေး သဘောတူညီချက်များ လက်မှတ်ရေးထိုးထားပြီး အခြားနိုင်ငံတွေနှင့် ကုန်သွယ်မှုတွေ ပြုလုပ်နေပေမဲ့ ကျွန်တော်တို့ရဲ့ အရေးပါတဲ့ အရင်းအမြစ်များစွာဟာ ရှနိုင်ငံတော်ရဲ့ အခြားဒေသတွေကနေ ရရှိနေဆဲဖြစ်ပါတယ်။ အထူးသဖြင့် လက်နက်ထုတ်လုပ်ရာမှာ အသုံးပြုတဲ့ သတ္တုရိုင်းတွေပါ”

“ယခုအချိန်မှာ ကျွန်တော်တို့ ရှနိုင်ငံတော် နန်းတွင်းနှင့် ဆက်ဆံရေး ပျက်ပြားသွားပြီး နန်းတွင်းက ကျွန်ုပ်တို့နှင့် လုံးဝ ဆက်ဆံရေး ဖြတ်တောက်လိုက်မယ်ဆိုရင် မြောက်ပိုင်းပြည်နယ်အနေနဲ့ အဲ့ဒီသယံဇာတတွေကို တိုတောင်းတဲ့အချိန်အတွင်း ရရှိဖို့ ခက်ခဲပါလိမ့်မယ်”

“မြောက်ပိုင်းပြည်နယ်မှာ အခု ကောင်းကင်လူသားနယ်ပယ်က စွမ်းအားရှင်တစ်ယောက် ရှိပေမဲ့ ဧကရာဇ်ဆီမှာ ကောင်းကင်လူသားကို တုံ့ပြန်နိုင်တဲ့ အထူးလက်နက်တစ်ခု တကယ်ရှိမရှိ အတည်မပြုနိုင်ပါဘူး။ ရှတော်ဝင်မိသားစုဟာ လျှို့ဝှက်လဝန်းနန်းတော်က မြင့်မြတ်တဲ့ အရာတစ်ခုကို ရရှိခဲ့ကြောင်း မကြာသေးခင်က သတင်းထွက်ခဲ့ပါတယ်။ အဲ့ဒီပစ္စည်းဟာ အဆင့်လွန်ပညာရှင်တစ်ဦးရဲ့ စွမ်းအားကို ကောင်းကင်လူသား အဆင့်အထိ ယာယီ မြှင့်တင်ပေးနိုင်စွမ်းရှိတယ်လို့ ဆိုပါတယ်။”

ကမ္ဘာလုံးဆိုင်ရာအကယ်ဒမီမှ အရာရှိများသည် အချက်အလက်များစွာကို သိရှိထားကြသည်။ လုချန်းက သူတို့အား လက်နက်ထုတ်လုပ်ရန်အတွက် ကုန်ကြမ်းပစ္စည်းများ ဝယ်ယူရန် တာဝန်ပေးလေ့ရှိသောကြောင့် မြောက်ပိုင်းပြည်နယ်၏ လက်ရှိအခြေအနေကို သူတို့ကျယ်ကျယ်ပြန့်ပြန့် နားလည်ထားနိုင်ကြသည်။

ကမ္ဘာလုံးဆိုင်ရာအကယ်ဒမီမှ အရာရှိများ၏ အမြင်တွင် ရှနိုင်ငံတော်နှင့် ချက်ချင်းစစ်ဖြစ်ပါက မြောက်ပိုင်းနယ်စားမင်းသားအနေနှင့် အနာဂတ်တွင် ထီးနန်းကို လျင်မြန်စွာ သိမ်းပိုက်နိုင်မည် မဟုတ်ပေ။ စစ်ဖြစ်ပါက သယံဇာတများရရှိရန် နည်းလမ်းများ ဆုံးရှုံးနိုင်သည်။

ထို့ပြင် ဝူနိုင်ငံတော်သည် မကြာသေးမီက အရှေ့တောင်ပိုင်းရှိ မငြိမ်သက်မှုများကို ချေမှုန်းခဲ့ပြီးနောက် မြောက်ပိုင်းပြည်နယ်ကို တပ်မက်စွာ စောင့်ကြည့်နေသည်။ ယခုအချိန်တွင် မြောက်ပိုင်းပြည်နယ်နှင့် ရှနိုင်ငံတော်ကြား စစ်ပွဲဖြစ်ပွားခြင်းက ဝူနိုင်ငံတော်၏ အကျိုးစီးပွားကိုသာ အထောက်အကူဖြစ်စေလိမ့်မည်။

အဓိက ထည့်သွင်းစဉ်းစားရမည့်အချက်မှာ မြောက်ပိုင်းပြည်နယ်တွင် ကောင်းကင်လူသားတစ်ဦး ရှိနေခြင်းဖြစ်ပြီး ရှနိုင်ငံတော်၏ နန်းတွင်း၌လည်း ကောင်းကင်လူသားနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိသော နည်းလမ်းများ ရှိနေခြင်းဖြစ်သည်။ အင်အားကြီးမားသည့် အုပ်စုနှစ်ခု တိုက်ခိုက်ပါက အပြန်အလှန်ပျက်စီးကိုမှုသာ ဖြစ်ပေါ်နိုင်ပြီး တတိယအုပ်စုအတွက်သာ အကျိုးရှိမည်။

ကျူးနိုင်ငံတော်နှင့် လုချန်း၏ သဘောတူညီချက်သည် နန်းတွင်းကို စိတ်ဆိုးစေခဲ့ပြီးဖြစ်သည်။ ယခု ဝူနိုင်ငံတော်နှင့် နီးကပ်စွာ ဆက်ဆံမည်ဆိုပါက ရှနိုင်ငံတော်၏ နန်းတွင်းကို ပို၍ပင် ပြင်းထန်သော အရေးယူမှုများ ပြုလုပ်ရန် လှုံ့ဆော်နိုင်ပေသည်။

မြောက်ပိုင်းပြည်နယ်တွင် ယခုအခါ အတိုင်းအတာတစ်ခုအထိ အင်အားရှိနေသော်လည်း မင်းဆက်တစ်ခုကို ဖြုတ်ချရန်အထိ အင်အားကြီးမားခြင်းတော့ မရှိသေးပေ။ ထို့ကြောင့် အရာရှိအများစုက ယခုအချိန်တွင် ဝူမင်းသမီး၏ လာရောက်လည်ပတ်ခွင့်ပြုရန် မသင့်တော်ဟု ယုံကြည်ကြသည်။

ကမ္ဘာလုံးဆိုင်ရာ အကယ်ဒမီအဖွဲ့မှ အရာရှိများ၏ အမြင်ကို ကြားပြီးသောအခါ လိယုရီရှေ့သို့ ထွက်လာကာ

“မင်းသား။ ယခုအချိန်ဟာ နန်းတွင်းကို ပိုပြီးဆွပေးဖို့ သင့်‌တော်တဲ့သော အချိန်မဟုတ်ဘူးလို့ ကျွန်တော်လည်း ယုံကြည်ပါတယ်။”

ကောင်းကင်လူသား ရှိနေခြင်းက မြောက်ပိုင်းပြည်နယ်မှ အရာရှိများ၏ ယုံကြည်မှုကို မြှင့်တင်ပေးခဲ့သော်လည်း အရာရှိအများစုသည် ရှင်းလင်းသော သုံးသပ်မှုများ ပြုလုပ်နိုင်ဆဲဖြစ်ပြီး နန်းတွင်းနှင့် ထိပ်တိုက်ရင်ဆိုင်ရန် မလိုလားကြောင်း ထင်ရှားသည်။

သူတို့၏ အမြင်များကို ကြားပြီးနောက် လုချန်းက ညင်သာစွာ ပြုံးလိုက်ပြီး ကျူးကဲ့ကျုံကောင်းကို လှည့်ကြည့်ကာ

“ပညာရှိကြီးရဲ့ အမြင်က ဘယ်လိုပါလဲ။”

ဟု မေးလိုက်သည်။

ကျူးကဲ့ကျုံကောင်းက

“ဝူနိုင်ငံတော်က ကျန်းဝမ်မင်းသမီး လာချင်ရင် ခွင့်ပြုသင့်တယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ သူတစ်ဦးတည်း လာမှာမဟုတ်ပဲ ဝူနိုင်ငံတော်က မင်းသား ဝူမင်းလည်း သူနှင့်အတူ လိုက်ပါလာမယ် ကြားပါတယ်။”

“ဝူနိုင်ငံတော်က မြောက်ပိုင်းပြည်နယ်နှင့် ရှနိုင်ငံတော်ရဲ့ ဆက်ဆံရေးကို နှောင့်ယှက်လိုရင် မြောက်ပိုင်းပြည်နယ်ကလည်း သူတို့ရဲ့ မင်းသမီးနှင့် မင်းသားကြား ဆက်ဆံရေးကို ဖျက်ဆီးနိုင်ပါတယ်။”

ကျူးကဲ့ကျုံကောင်း၏ မှတ်ချက်များကို ကြားသောအခါ လုချန်း စဉ်းစားသွားပြီး

“ပညာရှိကြီးရဲ့ အကြံကောင်းပါပေတယ်။ အဲ့ဒီလိုဆိုရင် သူတို့ကို လာခွင့်ပြုကြပါစို့။”

မြောက်ပိုင်းပြည်နယ်သို့ မင်းသား ဝူမင်းကို လိုက်ပါလာခွင့်ပြုခြင်း နောက်ကွယ်ရှိ ဝူဧကရာဇ်၏ ရည်ရွယ်ချက်ကိုလည်း လုချန်း သဘောပေါက်သည်။ သူမကို ထိန်းချုပ်ရန်နှင့် ဂုဏ်ပြုခံရမှုအားလုံးကို သူမတစ်ဦးတည်း မရယူနိုင်အောင် တားဆီးရန်ဖြစ်သည်။

အမျိုးသမီးတစ်ဦးဖြစ်သော ဝူမင်းသမီးသည် အမြဲပင် အောင်မြင်မှုများအတွက် မင်းသားများနှင့် ယှဉ်ပြိုင်နေရပြီး ဝူနိုင်ငံတော်၏ မင်းသားများ သူမကို မကျေနပ်ကြသည်မှာ သေချာသည်။

ဤအချက်ကို အသုံးချကာ ဝူနိုင်ငံတော်၏ မင်းသားများနှင့် ဝူမင်းသမီးကြား တင်းမာမှုများ ဖန်တီးနိုင်မည်ဖြစ်ပြီး အကောင်းဆုံးမှာ ဝူနိုင်ငံတော်၏ နိုင်ငံရေး အခြေအနေကို ပိုမိုရှုပ်ထွေးစေနိုင်ခြင်းဖြစ်သည်။

ကျူးကဲ့ကျုံကောင်းနှင့် လုချန်းတို့က ဝူမင်းသမီး၏ လာခွင့်ပြုချင်သည်ကို မြင်သောအခါ အရာရှိများလည်း နောက်ထပ် မပြောတော့ပဲ ဒိိီအတိုင်း သဘောတူလိုက်ကြတော့သည်။ နောက်လုပ်ဆောင်ရမည့်အလုပ်မှာ ဧည့်ခံပွဲအတွက် ပြင်ဆင်ခြင်းဖြစ်သည်။

ဝူဝူမင်းသမီး၏ သံအဖွဲ့သည် ကျူးနိုင်ငံတော်၏ အဖွဲ့နှင့် ကွဲပြား၏။

ဝူနိုင်ငံတော်တွင် အရေးပါသော မင်းသမီးတစ်ပါးဖြစ်သောကြောင့် ဧည့်ခံမှုအဆင့်က မြင့်မားရမည်ဖြစ်သည်။

လဝက်ဟူသောအချိန်က လျင်မြန်စွာ ကုန်လွန်သွားပြီး ဝူနိုင်ငံတော်မှ ကိုယ်စားလှယ်အဖွဲ့သည် နောက်ဆုံးတွင် မြောက်ပိုင်းပြည်နယ်ရှိ ရန်ခရိုင်သို့ ရောက်ရှိလာသည်။

ရထားအတွင်း ထိုင်နေစဉ်

ယခင်တစ်‌ခေါက်ကက ရန်ခရိုင်မှ အလျင်အမြန် ထွက်ခွာခဲ့ရသည့် အကြောင်းကို တွေးမိပြီး ဝူကျန်းဝမ် ရယ်မောမိသည်။

ထိုစဉ်က သူမ မကြာမီ မြောက်ပိုင်းပြည်နယ်သို့ ပြန်လာရမည်ဟု မထင်ခဲ့ပေ။

သို့သော် ယခုအခါတွင် ရန်ခရိုင်သို့ ဤမျှမြန်မြန် ပြန်ရောက်နေပြီဖြစ်သည်။

ရထားပြတင်းပေါက်၏ ကန့်လန့်ကာကို ဖွင့်လိုက်ပြီး အပြင်ဘက်ရှိ ကြိုဆိုနေသော လူအုပ်ကို ကြည့်ကာ ဝူကျန်းဝမ် စိတ်လှုပ်ရှားမှုတစ်ခု ခံစားလိုက်ရသည်။ ယခင်တစ်ကြိမ်က သူမ ရန်ခရိုင်မှ အလျင်အမြန် ထွက်ခွာသွားခဲ့ပြီး မြောက်ပိုင်းမင်းသားသည် မည်သို့သောသူဖြစ်သည်ကို ကြည့်ရှုရန် အခွင့်အရေး မရခဲ့ပေ။ ယခုတော့ နောက်ဆုံးတွင် သူနှင့် မျက်နှာချင်းဆိုင် တွေ့ဆုံနိုင်မည့် အခွင့်အရေးရှိလာပြီဖြစ်သည်။

သူမဘာသာသူမ ရေရွတ်လိုက်၏။

“မင်း ငါ့ကို စိတ်ပျက်စေမှာ မဟုတ်ဘူးလို့ မျှော်လင့်တယ်။”

..........

အခန်း (၄၅၉)

ဝူကျန်းဝမ်၏ မြောက်ပိုင်းပြည်နယ် ခရီးစဉ် (၁)

မင်းသမီး ဝူကျန်းဝမ်သည် လုချန်းကို အချိန်အတော်ကြာကတည်းက စိတ်ဝင်စားခဲ့သည်။ ဆယ်ကျော်သက်အရွယ်တွင် လူအနည်းငယ်ကို ဦးဆောင်ကာ မြောက်ပိုင်းပြည်နယ်သို့ ရောက်ရှိခဲ့ပြီး မကြာသောကာလအတွင်း ဆင်းရဲနွမ်းပါးသော မြောက်ပိုင်းပြည်နယ်ကို လူအင်အား သုံးသိန်းရှိသော လွင်ပြင်ဒေသ မျိုးနွယ်စုများ၏ စစ်တပ်ကို အနိုင်ယူနိုင်သည့် အင်အားကို ရရှိစေနိုင်ခဲ့သည်။ ထို့ပြင် မြောက်ပိုင်းနယ်စားမင်းသားစံအိမ်တွင် နေထိုင်သော လျှို့ဝှက်လဝန်းနန်းတော်၏ နန်းတော်သခင်ကိုပင် ထွက်ခွာလိုစိတ်မရှိအောင် ဆွဲဆောင်နိုင်ခဲ့သည်။

ထိုအရာအားလုံးက မင်းသမီး ဝူကျန်းဝမ်၏ သိလိုစိတ်ကို နှိုးဆွခဲ့သည်။ လုချန်းတွင်မည်သည့်ထူးခြားမှု ရှိနေသနည်း။ သူ့ကို အားပေးကူညီသော အင်အားကြီးမားသည့် အဖွဲ့အစည်း၊ လျှို့ဝှက်လဝန်းနန်းတော်နှင့် ကမ္ဘာလုံးဆိုင်ရာ အကယ်ဒမီတို့ကိုပင် မြောက်ပိုင်းပြည်နယ်သို့ ဆွဲဆောင်နိုင်သည့် မည့်သည့်တန်ဖိုးများ သူ့တွင်ရှိနေသနည်းဟု သူမတွေးတောခဲ့သည်။

အတိတ်တွင် မြောက်ပိုင်းနယ်စားမင်းသား မည်သို့သော လူမျိုးဖြစ်သည်ကိုသာ သူမကြားဖူးခဲ့ပြီး ကိုယ်တိုင် တွေ့ဆုံဖူးခြင်း မရှိပေ။ သူမထံရောက်ရှိလာသော သတင်းအချက်အလက်အများစုသည် ကောလာဟလများသာဖြစ်ကြောင်း မင်းသမီး ဝူကျန်းဝမ် ကောင်းစွာသိရှိထား၏။ သို့သော် တကယ့်အခြေအနေကို သူမ မသိရသေးပေ။

မြောက်ပိုင်းနယ်စားမင်းသား မည်သို့သော လူမျိုးဖြစ်သည်ကို သိရှိရန်အတွက် သူမ ကိုယ်တိုင် တွေ့ဆုံရန် လိုအပ်ခဲ့ပြီး ယခုအခါ ထိုအခွင့်အရေး ရောက်ရှိလာခဲ့သည်။

မင်းသမီး ဝူကျန်းဝမ်၏ ယာဉ်တန်း မြောက်ပိုင်းပြည်နယ်၏ တောင်ဘက်တံခါးသို့ ရောက်သောအခါ လုချန်းက မြင်းစီးကာ မြို့တံခါးအထိ ထွက်ကြိုလာခဲ့သည်။

မင်းသမီး ဝူကျန်းဝမ်သည် နိုင်ငံကြီးတစ်ခု၏ မင်းသမီးဖြစ်ပြီး လုချန်းမှာမူ နယ်စားရာထူးအဆင့်သာရှိသူဖြစ်သည်။ သူကိုယ်တိုင် မြို့ပြင်သို့ထွက်ကာ သူမကို ကြိုဆိုခြင်းက သဘာဝကျသော်လည်း မင်းသမီး ဝူကျန်းဝမ်အတွက်မူ တစ်စုံတစ်ခု မှားယွင်းနေသလို ခံစားရသည်။ မြောက်ပိုင်းပြည်နယ်၏ ဧည့်ခံမှုအဆင့်က အနည်းငယ် မြင့်လွန်းမနေဘူးလား။

မြောက်ပိုင်းနယ်စားမင်းသား ကိုယ်တိုင် ကြိုဆိုရုံသာမက လမ်းဘေးတစ်လျှောက်တွင်လည်း မြို့သူမြို့သားများဖြင့် ပြည့်နှက်နေသည်။ ဧည့်ခံမှုအဆင့်သည် အလွန်အကျွံ မြင့်မားနေပုံရသည်။

ယာဉ်တန်း ရပ်တန့်သွားသောအခါ

ဝူကျန်းဝမ် လိုက်ကာကို လှန်လိုက်၏။ ထိုအခါ ဆွဲဆောင်မှုရှိသော မျက်နှာတစ်ခု သူမ၏ မြင်ကွင်းအတွင်းသို့ ရောက်လာသည်။ ထိုသူ၏ အသားအရေသည် အနည်းငယ် နုပျိုသော်လည်း မြောက်ပိုင်းနယ်စားမင်းသားသည် ရင့်ကျက်သော အမျိုးသားတစ်ဦး၏ အငွေ့အသက်ကို ပိုင်ဆိုင်ထားပြီးဖြစ်သည်။ အထူးသဖြင့် တောက်ပပြီး အလွန်နက်ရှိုင်းသော သူ၏ မျက်လုံးများဖြစ်သည်။

တစ်ချက်ကြည့်ရုံဖြင့်ပင် ဝူကျန်းဝမ် အာရုံကို သူ၏အသွင်အပြင်က ဆွဲဆောင်လိုက်သည်။

ဝူကျန်းဝမ် စိတ်ထဲတွင် သက်ပြင်းချမိသည်။ သတင်းများ မှန်ကန်ခဲ့သည်။ မြောက်ပိုင်းနယ်စားမင်းသားသည် အမှန်ပင် ရှားပါးသော ချောမောလှပမှုကို ပိုင်ဆိုင်ထားသူတစ်ဦးဖြစ်သည်။

သူမ အတွေးထဲနစ်မြောနေစဉ် ရုတ်တရက် တစ်စုံတစ်ခု မှားယွင်းနေသည်ဟု ခံစားလိုက်ရသည်။ သူမအလျင်အမြန် သတိပြန်ဝင်လာသည်။ လုချန်းက သူ၏ သိုင်းပညာ အငွေ့အသက်ကို တမင်ဖုံးကွယ်ထားသော်လည်း သူမ ခံစားမိနေသေးသည်။

သူတို့သည် မီတာဆယ်ဂဏန်းကျော် အကွာအဝေးတွင် ရပ်နေကြသော်လည်း ဖိအားတစ်ခုကို သူမခံစားလိုက်ရသည်။ လုချန်း အဆင့်လွန် ပညာရှင်အဆင့်သို့ ရောက်ရှိနေသည်မှာ ထင်ရှားသည်။

ဒါ...

ဒါ ဘယ်လို ဖြစ်နိုင်မှာလဲ...

မြောက်ပိုင်းနယ်စားမင်းသားသည် အသက် ၁၇ ၊၁၈ ခန့်သာ ရှိသေးပြီး အဆင့်လွန် ပညာရှင် ဖြစ်နေပြီလား။

သူမ၏ အာရုံခံစားမှု တစ်ခုခု လွဲမှားနေသလား။

မင်းသမီး ဝူကျန်းဝမ်သည် သူမ၏ အမြင်အာရုံကိုပင် သံသယဝင်လာခဲ့သည်။ မည်သို့ပင်ဆိုစေကာမူ သူမသည် အတော်လေး ပါရမီထူးချွန်သူတစ်ဦးဖြစ်သော်လည်း အဆင့်မြင့် ပညာရှင်သို့ ရောက်ရှိရန် နှစ် ၂၀ ကျော် ကြာမြင့်ခဲ့၏။ မြောက်ပိုင်းနယ်စားမင်းသားမှာ အသက် ၁၇ ၊၁၈ သာရှိသေးသော်လည်း အဆင့်လွန် ပညာရှင် ဖြစ်နေပြီဖြစ်သည်။

ဒါက အလွန်အမင်း မယုံနိုင်စရာကောင်းလွန်းသည်။

ထိုအချိန်တွင် ရထားဘေးနားရှိ ပေဟုန်က တိုးတိုးကပ်ပြောလိုက်သည်။

“မင်းသမီး။ မြောက်ပိုင်းနယ်စားမင်းသားက အလွန်အားကောင်းပါတယ်။သူဟာ အဆင့်လွန်ပညာရှင်ဖြစ်ပါတယ်”

ပေဟုန်၏စကားကို ကြားပြီးနောက်

သူမ၏အာရုံခံစားမှုများ မှားယွင်းမနေကြောင်း ဝူကျန်းဝမ် အတည်ပြုလိုက်သည်။

အနီးရှိ လူငယ်သည် အမှန်ပင် အဆင့်လွန်ပညာရှင်ဖြစ်သည်။

သူက တကယ်ပဲ မြောက်ပိုင်းနယ်စားမင်းသားလား။

မြောက်ပိုင်းနယ်စားမင်းသားက သူတို့ကို တွေ့ဖို့ တစ်ယောက်ယောက်ကို စေလွှတ်လိုက်တာများလား။

တကယ်တော့ သူမ မြောက်ပိုင်းနယ်စားမင်းသား၏ ရုပ်ရည်ကို တစ်ခါမှ မမြင်ဖူးပေ။

ထိုစဉ် လုချန်းက ပြုံးလျက်

“မင်းသမီး ကျန်းဝမ် မြောက်ပိုင်းပြည်နယ်ကို ဧည့်သည်တော်အဖြစ် ကြွရောက်လာတာကို ကြိုဆိုပါတယ်။ ကျွန်တော် ခင်ဗျားကို အချိန်အတော်ကြာ စောင့်နေခဲ့တာပါ။”

လုချန်း၏ စကားကို ကြားသောအခါ

ဝူကျန်းဝမ် အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။

သူကမင်းသားလား။

ဒါဆိုရင် ဒီလူငယ်က တကယ်ပဲ မြောက်ပိုင်းနယ်စားမင်းသား ကိုယ်တိုင်ပေါ့။

မြောက်ပိုင်းနယ်စားမင်းသားရဲ့ သိုင်းပညာအရည်အချင်းက ကြောက်မက်ဖွယ်ကောင်းလွန်းနေပါလား။

မြောက်ပိုင်းနယ်စားမင်းသား၏ တိုးတက်မှုနှုန်းအရ အသက် ၅၀ မတိုင်ခင် ဒါမှမဟုတ် အသက် ၃၀ မတိုင်ခင်မှာတောင် ကောင်းကင်လူသားအဆင့်ကို ရောက်သွားနိုင်သည်။

အသက် ၃၀ အရွယ် ကောင်းကင်လူသားအဆင့်....

ဝူကျန်းဝမ် မတွေးဝံ့လောက်အောင်ဖြစ်သွားသည်။

သူမ သိသောသူများထဲမှ ယွဲ့ဧကရာဇ်ပင်လျှင် သိုင်းပညာပါရမီ အလွန်ထူးချွန်သူဖြစ်သော်လည်း မြောက်ပိုင်းနယ်စားမင်းသားနှင့် မယှဉ်နိုင်ပေ။

ယွဲ့ဧကရာဇ်အား ကမ္ဘာ့အထက်တန်းစား သိုင်းပညာပါရမီရှင်အဖြစ် ဝူကျန်းဝမ် ယူဆထားခဲ့ပြီး သူမထက် ပိုတော်သူ မရှိနိုင်ဟု ယုံကြည်ခဲ့သည်။

သို့သော် ယခုတွင် မြောက်ပိုင်းနယ်စားမင်းသား၏ ကြောက်မက်ဖွယ်ကောင်းသော တည်ရှိမှု ပေါ်ပေါက်လာခဲ့သည်။

မြောက်ပိုင်းနယ်စားမင်းသားသည် မိန်းမလိုက်စားသူဖြစ်သည်ဟူသော ကောလာဟလများက မှန်ကန်ပုံမရပေ။ ထိုမျှလောက် ငယ်ရွယ်သော အသက်အရွယ်တွင် အဆင့်လွန် ပညာရှင်အဆင့်သို့ ရောက်ရှိရန်အတွက် သူသည် သူ၏ ပါရမီနှင့်ပင် လူအများစုထက် ပိုမိုကြိုးစားခဲ့ရမည်ဖြစ်သည်။

ယွဲ့ဧကရာဇ်သည် လွန်ခဲ့သော ဆယ်စုနှစ်များအတွင်း သူမ၏ ရာထူးအတွက် ကြိုးပမ်းရန် သူမ၏ စိတ်ခံစားမှုနှင့် ဆန္ဒအားလုံးကို ပိတ်ပင်ခဲ့ပြီး သိုင်းပညာကိုသာ အာရုံစိုက်ကာ

ယခုရရှိထားသော အင်အားကို တည်ဆောက်ခဲ့သည်။

အခြားသူများ ယွဲ့ဧကရာဇ် မည်မျှ အင်အားကြီးကြောင်း မသိနိုင်သော်လည်း ဝူကျန်းဝမ်က‌တော့ ကောင်းစွာ သိရှိထားသည်။

ဟုတ်ပါသည်။ ကောင်းကင်ဘုံ၏ သမီးတော်ဖြစ်သော ယွဲ့ဧကရာဇ်ကဲ့သို့သော သူပင်လျှင် လုချန်းနှင့် နှိုင်းယှဉ်လျှင် အရောင်မှိန်သွားခဲ့သည်။

ဝူကျန်းဝမ်၏ စိတ်ထဲတွင် လုချန်းကို ဝူနိုင်ငံတော်၏ နံပါတ်တစ် ရန်သူအဖြစ် ချက်ချင်း သတ်မှတ်လိုက်သည်။

ရှနိုင်ငံတော်၊ ချွမ်နိုင်ငံတော်တို့နှင့် နှိုင်းယှဉ်လျှင်ပင် လုချန်းသည် ဝူနိုင်ငံတော်၏ အန္တရာယ်အစစ်အမှန်ဖြစ်သည်။

မြောက်ပိုင်းနယ်စားမင်းသားသည် အလွန်လျင်မြန်စွာ အင်အားကြီးထွားလာနေသည်။သူသည် ငယ်ရွယ်သေးပြီး သူ၏ ရည်မှန်းချက်များမှာ ကြီးမားလှသည်။

မြောက်ပိုင်းနယ်စားမင်းသားသည် သူ၏ အင်အားကို အလွန်ကောင်းမွန်စွာ ဖုံးကွယ်ထားခဲ့သည်။

မြောက်ပိုင်းပြည်နယ်က ကောင်းကင်ဝံပုလွေဘုရင်၏ အင်အား သုံးသိန်းရှိသော စစ်တပ်ကို အနိုင်ယူပြီးနောက် မြောက်ပိုင်းနယ်စားမင်းသား သိုင်းပညာ တတ်ကျွမ်းသည်ဟု လူများက ပြောဆိုကြသော်လည်းသူ၏ကျွမ်းကျင်မှုအဆင့်ကို တိတိကျကျ ဖော်ပြသူ မရှိခဲ့ပေ။

လူအများစု၏ အမြင်တွင် မြောက်ပိုင်းနယ်စားမင်းသား၏ အောင်မြင်မှုသည် သူ့၏ သံချပ်ကာ မြင်းတပ် သို့မဟုတ် မြောက်ပိုင်းနယ်စားမင်းသားကို အားပေးသော နောက်ကွယ်မှ အင်အားကြောင့်ဖြစ်သည်။ ထိုအကူအညီမရှိလျှင် သူ ယခုလို အောင်မြင်မှုများ ရရှိနိုင်မည်မဟုတ်ပေ။

သို့သော် လူတိုင်း မှားယွင်းခဲ့ကြပုံရသည်။ မြောက်ပိုင်းနယ်စားမင်းသားသည် သူ၏ နောက်ခံအင်အားကို အားကိုးခဲ့မည်။ သို့သော် သူကိုယ်တိုင်လည်း သာမန်လူတစ်ဦး မဟုတ်သည်မှာ သေချာသည်။

လုချန်း၏ နောက်ကွယ်မှ အင်အားကြီးအဖွဲ့အစည်းက သူ့ကို အားပေးထောက်ခံသည်။ လျှို့ဝှက်လဝန်းနန်းတော်၏ နန်းတော်သခင်သည် မြောက်ပိုင်းပြည်နယ်သို့ ရောက်ရှိလာပြီး အချိန်အတော်ကြာ နေထိုင်သည်။

ကျူးကဲ့ကျုံကောင်းပင် မြောက်ပိုင်းပြည်နယ်သို့ ရောက်ရှိလာသည်။ ထိုအရာများမှာ တကယ်တော့ အံ့ဩစရာ မဟုတ်ဟု ဝူကျန်းဝမ် သူမဘာသာ တွေးတောနေမိသည်။

..............

All Chapters