အခန်း ၄၆၃-၄၆၅
Vol. 31 Ch. 463-465
အခန်း (၄၆၃)
ချွမ်သခင်မကို စတွေ့ကတည်းက သဘောကျခဲ့တာ (၂)
မကြာမီ ဝူကျန်းဝမ်၏ သံတမန်အဖွဲ့ဝင်များသည် လှပသော အကမယ် ဆယ်ဦးကို ခေါ်ဆောင်ကာ ခန်းမဆောင်ထဲသို့ ဝင်ရောက်လာကြသည်။
ဝူကျန်းဝမ်က
“မြောက်ပိုင်းနယ်စားမင်းသား သူတို့ကို ဘယ်လိုထင်ပါလဲ”
ဟု မေးလိုက်သည်။
လုချန်း ချက်ချင်း ပြန်မဖြေခဲ့ပေ။ သူ၏အကြည့်သည် ထိုအမျိုးသမီးများပေါ်သို့ ရောက်သွားပြီး စနစ်ကို အသုံးပြုကာ ရမှတ်များကို ကြည့်လိုက်သည်။ သူတို့သည် အများအားဖြင့် ၈၀ ကျော်နေသည်ကို တွေ့ရသော်လည်း ၉၀ အထိ မည်သူမှ မရောက်ရှိကြပေ။ အမြင့်ဆုံးအမှတ်မှာ ၈၉ သာရှိပြီး စနစ်၏ စံနှုန်းများနှင့် မကိုက်ညီချေ။
အကမယ်များသည် အမှန်ပင် လှပကြသော်လည်း သူတို့သည် သူ့အတွက် အသုံးဝင်မှု အနည်းငယ်သာရှိသည်။ ထို့နောက် လုချန်းက ပြုံးလျက်
“ဒီအကမယ်တွေက တကယ်ကို လှပပါတယ်၊ ဒါပေမဲ့...”
ထိုအချိန်တွင် လုချန်း ခဏမျှ ရပ်တန့်သွားပြီး
“ဒါပေမဲ့ သူတို့က ကျွန်တော်ကြိုက်နှစ်သက်တဲ့ အမျိုးအစားမဟုတ်ဘူး။ မင်းသမီးကျန်းဝမ်ရဲ့ ကောင်းမွန်တဲ့ စေတနာကို ကျွန်တော် ကျေးဇူးတင်ပါတယ်”
ဟု ဆက်ပြောလိုက်သည်။
လုချန်း၏ ပြတ်ပြတ်သားသား ငြင်းပယ်မှုကို မြင်လိုက်ရသော ဝူကျန်းဝမ်သည် ခဏခန့် အံ့အားသင့်သွားခဲ့သည်။လုချန်းသည် ဤအကမယ်များကို မကြိုက်သော်လည်း သူတို့သည် ဝူနိုင်ငံတော်၏ လက်ဆောင်ဖြစ်သောကြောင့် သူလက်ခံလိမ့်မည်ဟု သူမထင်ခဲ့သည်။ လုချန်း သူတို့ကို ငြင်းပယ်လိမ့်မည်ဟု သူမ မထင်ခဲ့ပေ။
သို့သော် ထိုအရာက လုချန်းသည် ကောလာဟလများနှင့် မကိုက်ညီကြောင်းကိုလည်း ပြသခဲ့သည်။ သူသည် ကာမဂုဏ်လိုက်စားသူ မဟုတ်ပေ။ သူသည် ကာမဂုဏ်လိုက်စားသော အမျိုးသားတစ်ဦးဖြစ်ခဲ့ပါက သူ၏အသက်အရွယ်တွင် အဆင့်လွန် ပညာရှင်အဆင့်သို့ မည်သို့ ရောက်ရှိနိုင်မည်နည်း။
ဝူကျန်းဝမ်သည် ထိုအကြောင်းကို တွေးတောနေစဉ် လုချန်းက
“ဒါပေမဲ့ ကျွန်တော် ဝူနိုင်ငံတော်က အမျိုးသမီးတစ်ဦးကိုတော့ သဘောကျပါတယ်။”
ထိုစကားကို ကြားသောအခါ ဝူကျန်းဝမ် သတိပြန်ဝင်လာပြီး ပြုံးလျက်
“မြောက်ပိုင်းနယ်စားမင်းသားရဲ့ မျက်စိကို ဖမ်းစားနိုင်တဲ့ အမျိုးသမီးက ဘယ်သူလဲ သိခွင့်ရမလား။ ကျွန်မ ဝူနိုင်ငံကို ပြန်ရောက်တာနဲ့ သူ့ကို မြောက်ပိုင်းနယ်စားမင်းသားစံအိမ်ကို သေချာပေါက် ပို့ပေးပါ့မယ်။”
လုချန်းက သက်ပြင်းချလိုက်ပြီး ဝမ်းနည်းနေသော မျက်နှာဖြင့်
“တစ်ခါတုန်းက ချွမ်ဟိုင် ကုန်သည်အုပ်စုရဲ့ ဥက္ကဋ္ဌချွမ်ရဲ့ သမီးနဲ့ ကျွန်တော် တွေ့ဆုံခဲ့ဖူးတယ်။ ကျွန်တော် ချွမ်သခင်မကို မြင်မြင်ချင်းပဲ သဘောကျခဲ့တယ်။ သို့သော် အလှတရားက တည်မြဲမနေနိုင်ဘူး။ ကံကြမ္မာရဲ့ လက်ချက်နဲ့ ပျောက်ကွယ်သွားရတယ်။ ချွမ်မိသားစု မြောက်ပိုင်းပြည်နယ်ကို ပြောင်းရွှေ့ဖို့ စီစဉ်ပြီးတဲ့နောက် ဥက္ကဋ္ဌချွမ်က သူ့သမီးကွယ်လွန်သွားပြီလို့ ကျွန်တော့်ကို ပြောပြတယ်။”
ထိုသို့ ပြောလိုက်သည်နှင့်တစ်ပြိုင်နက် ဝူကျန်းဝမ်ရဲ့နောက်မှာ ထိုင်နေသော ပေဟုန်က သူ၏ဓားအိမ်ကို ဆုပ်ကိုင်လိုက်၏။ ဝူကျန်းဝမ်၏ မျက်ခုံးများလည်း အနည်းငယ်မြင့်တက်သွားခဲ့သည်။
မြို့တွင်းသို့ဝင်ရောက်စဉ်ကတည်းက လုချန်းသည် မိုးစက်ရဲတိုက်၏ အကြီးအကဲဖြစ်မည်ဟု ဝူကျန်းဝမ် ခန့်မှန်းခဲ့သော်လည်း လုချန်းက ယခုအချိန်တွင် ထိုကိစ္စကို ဖော်ထုတ်လိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။ အထူးသဖြင့် သူမကို ပထမဆုံးတွေ့စဉ်ကတည်းက စွဲလမ်းသွားခဲ့သည်ဟူသောအချက်ကို ဖြစ်သည်။
မြောက်ပိုင်းနယ်စားမင်းသားက သူမကို လှောင်ပြောင်နေတာလား။
ဝူကျန်းဝမ် သူမဘာသာ ရယ်မောလိုက်သည်။
အသက် ၁၇ ၊ ၁၈ နှစ်အရွယ် ကောင်လေးတစ်ယောက်က အသက် ၃၀ ကျော် အမျိုးသမီးတစ်ဦးဖြစ်သော သူမကို လှောင်ပြောင်ရန် ကြိုးစားနေသည်။
အံ့သြစရာပင်။
ထို့နောက် ဝူကျန်းဝမ်က
“မြောက်ပိုင်းနယ်စားမင်းသားရဲ့ စကားကို ကြားရတာ စိတ်မကောင်းပါဘူး။ ကမ္ဘာပေါ်မှာ လှပတဲ့ အမျိုးသမီးတွေ အများကြီးရှိပါတယ်။ မြောက်ပိုင်းနယ်စားမင်းသားရဲ့ စွမ်းရည်တွေနဲ့ဆိုရင် ကိုယ်လိုချင်တဲ့ အလှတရားကို ပိုင်ဆိုင်နိုင်ပါတယ်။ ဆုံးရှုံးသွားတဲ့ အချစ်အတွက် ဝမ်းနည်းနေစရာ မလိုပါဘူး။”
လုချန်းက ဝိုင် တစ်ငုံသောက်လိုက်ပြီး “မင်းသမီးကျန်းဝမ် ပြောတာ မှန်ပါတယ်။ ကျွန်တော် စိတ်ခံစားမှု လွန်ကဲနေမိပါတယ်။”
“ဒါပေမဲ့ ပြောရရင် မင်းသမီးနဲ့ ချွမ်သခင်မက ထူးထူးခြားခြား တူနေတာကို တွေ့ရတယ်”
ဝူကျန်းဝမ်က အလွန်အမင်း စိတ်လှုပ်ရှားခြင်းမရှိပဲ အေးဆေးစွာဖြင့်
“မြောက်ပိုင်းနယ်စားမင်းသား ချွန်သခင်မကို အရမ်းလွမ်းဆွတ်နေတာကြောင့် အထင်မှားနေတာဖြစ်မှာပါ။”
လုချန်းက ပြုံးလျက်
“ကောင်းပါပြီ။ ဒါက မင်းသမီးရဲ့ မြောက်ပိုင်းပြည်နယ်ကို ပထမဆုံး လာရောက်လည်ပတ်ခြင်းပါ။ ဒီလို ဝမ်းနည်းစရာ အကြောင်းအရာတွေကို ဆက်မပြောကြရအောင်။ အဲ့ဒါ အစား အရသာရှိတဲ့ အစားအစာတွေကို စားသောက်ကြရအောင်။”
ထိုစကားဖြင့် လုချန်းက ခန်းမဆောင်ရှိ ဂီတသမားများနှင့် အကသမားများကို
“ဆက်လက်ဖျော်ဖြေကြပါ။”
ညစာစားပွဲသည် နှစ်နာရီခန့် ကြာမြင့်ခဲ့ပြီး ထိုကာလက ပေဟုန်အတွက် အလွန်ကြာမြင့်သကဲ့သို့ ခံစားရသည်။ မြောက်ပိုင်းနယ်စားမင်းသားက ဝူကျန်းဝမ်အား တစ်ခုခုလုပ်မလားဟု သူအစဉ်မပြတ် စိုးရိမ်နေခဲ့သည်။
ဝူကျန်းဝမ်သည်လည်း လုချန်း၏ မျက်လုံးများကို သူမအပေါ် တစ်ခါတစ်ရံ စိုက်ကြည့်နေသည်ကို ခံစားရသည်။ အထူးသဖြင့် ချွမ်သခင်မကို သူပထမဆုံးမျက်နှာချင်းဆိုင်တွေ့စဉ်ကတည်းက စွဲလမ်းသွားခဲ့ကြောင်း ပြောပြီးနောက်ပိုင်းတွင်ဖြစ်သည်။ သူ၏မျက်လုံးများက သူမအား အစဉ်မပြတ် ကြည့်ရှုနေသကဲ့သို့ ခံစားရသည်။
နေ့လယ်စာစားပွဲ ပြီးဆုံးသွားသောအခါ သူမ စိတ်ထဲတွင် ကိုယ့်ကိုယ်ကို ရယ်လိုက်သည်။ အသက် ၁၈နှစ်အရွယ် ကောင်လေးတစ်ယောက်၏ စကားအနည်းငယ်ကြောင့် ထိုမျှစိုးရိမ်နေရသည်မှာ ရယ်စရာကောင်းလှသည်။
ချွမ်ဟိုင် ကုန်သည်အုပ်စုကို သူမ ထိန်းချုပ်ထားကြောင်း သူသိထားသဖြင့် မည်သည့်လှည့်ကွက်ကိုမှ မကစားရန် လုချန်းက သူမအား သတိပေးနေခြင်းဖြစ်ကြောင်း ထင်ရှားနေသည်။ “ချွမ်သခင်ကို မြင်မြင်ချင်း စွဲလန်းသွားသည်” ဟူသောစကားကလည်း သိသာထင်ရှားသော လှည့်စားမှုတစ်ခုသာဖြစ်သည်။
နေ့လယ်စာစားပွဲ ပြီးဆုံးသွားပြီးနောက် ဝူနိုင်ငံတော် သံတမန်အဖွဲ့အား ရန်ခရိုင်၏ မြောက်ပိုင်းရှိ နေအိမ်တစ်လုံးတွင်နေရာချထားပေးခဲ့သည်။ သူတို့သည် ရက်အနည်းငယ်ကြာ မြောက်ပိုင်းပြည်နယ်တွင် နေထိုင်ကြမည်ဖြစ်သည်။
ထိုအချိန်တွင် ဝူကျန်းဝမ် အဆောင်ငယ်တစ်ခုထဲတွင် ထိုင်ကာ အတွေးထဲ နစ်မြောနေစဉ် သူမဘေးရှိ ပေဟုန်က
“မင်းသမီး။ ကျွန်တော်တို့ ချွမ်မိသားစုကို ယုံကြည်လို့ မရတော့ဘူးလို့ ထင်မိပါတယ်။”
ထိုစကားကို ကြားသောအခါ ဝူကျန်းဝမ် ခဏတာမျှ တွေးတောပြီး
“မလိုပါဘူး”
ဟု ပြန်ဖြေလိုက်သည်။
“မြောက်ပိုင်းနယ်စားမင်းသားဟာ
ချွမ်တဟိုင် ကျွန်မရဲ့လူဆိုတာ အစကတည်းက သိပေမဲ့ သူ့ကို သုံးရဲတယ်။ မြောက်ပိုင်းနယ်စားမင်းသားဟာ သူ့ကိုယ်သူ အရမ်းယုံကြည်မှုရှိတယ်ဆိုတာ ပြနေတယ်။ အခု ချွမ်တဟိုင်က ချွမ်မိသားစုတစ်ခုလုံးကို မြောက်ပိုင်းပြည်နယ်ကို ပြောင်းရွှေ့လိုက်ပြီဆိုတော့ သူတို့ဟာ မြောက်ပိုင်းပြည်နယ်ဘက်ကို လုံးဝ ရောက်သွားပုံရတယ်။ ဒါက ချွမ်တဟိုင်ကို ကျွန်မဆီကနေ အောင်မြင်စွာ ခွဲထုတ်နိုင်ခဲ့တယ်လို့ မြောက်ပိုင်းနယ်စားမင်းသားကို ယုံကြည်စေနိုင်တယ်။”
“ဟုတ်ပါတယ်။ ချွမ်မိသားစုကို ယုံကြည်နိုင်မနိုင်ဆိုတာက သူတို့ ကျွန်မတို့ကို ဘယ်လိုသတင်းအချက်အလက်တွေ ပေးနိုင်မလဲဆိုတာပေါ်မှာပဲ မူတည်ပါတယ်။”
“အခု ချွမ်တဟိုင်ရဲ့ သားနှစ်ယောက်က ချွမ်ဟိုင် ကုန်သည်အုပ်စုမှာ ရှိနေတုန်းပဲ။ ချွမ်တဟိုင်က ကျွန်မရဲ့ အမိန့်တွေကိုပဲ လိုက်နာနိုင်တယ်။ သူ ကျွန်မကို သစ္စာဖောက်ရဲမှာ မဟုတ်ဘူးလို့ ကျွန်မယုံကြည်တယ်။ မြောက်ပိုင်းနယ်စားမင်းသားက ချွမ်တဟိုင်ကို မြောက်ပိုင်းပြည်နယ်ရဲ့ လျှို့ဝှက်ချက်တွေကို သိခွင့်ပေးမပေး ဆိုတာကိုပဲ ကျွန်မတို့ စောင့်ကြည့်ရမယ်။”
ဝူကျန်းဝမ်၏ အမြင်တွင် သူမသည် သူမအား လျှို့ဝှက်စွာ သစ္စာခံခဲ့သော
ချွမ်တဟိုင်၏ သားနှစ်ဦးကို ဆက်လက်ထိန်းသိမ်းထားသောကြောင့် ချွမ်တဟိုင်အနေနှင့် သူမအား လွယ်လွယ်နှင့် သစ္စာဖောက်ရန် မဖြစ်နိုင်ပေ။ အဓိကအချက်မှာ မြောက်ပိုင်းနယ်စားမင်းသား၏ သဘောထားနှင့် သူ ချွမ်တဟိုင်ကို အမှန်တကယ် ယုံကြည်မှုရှိမရှိဆိုတာကို စောင့်ကြည့်ရန်ဖြစ်သည်။
...........
အခန်း (၄၆၄)
ချွမ်သခင်မကို စတွေ့ကတည်းက သဘောကျခဲ့တာ (၃)
မြောက်ပိုင်းနယ်စားမင်းသား ချွမ်တဟိုင်ကို အမှန်တကယ် ယုံကြည်ပါက ချွမ်မိသားစုသည် သူတို့၏ အခန်းကဏ္ဍ၌ ဆက်လက်ပါဝင်နိုင်လိမ့်မည်။ မြောက်ပိုင်းနယ်စားမင်းသားသည် သူတို့ကို မယုံကြည်ပါကလည်း ချွမ်မိသားစုသည် ချွမ်ဟိုင် ကုန်သည်အုပ်စုအား မြောက်ပိုင်းပြည်နယ်ရှိ စီးပွားရေးလုပ်ငန်းများကို စီမံခန့်ခွဲရန် ကူညီနိုင်ဆဲဖြစ်သည်။
တစ်နည်းဆိုရလျှင် ဝူကျန်းဝမ်အတွက်
ချွမ်တဟိုင်သည် မြောက်ပိုင်းနယ်စားမင်းသားစံအိမ်မှ ထောက်လှမ်းရေးသတင်းအချက်အလက်များကို ပိုမိုရယူနိုင်သည်ဖြစ်စေ၊ မရသည်ဖြစ်စေ ချွမ်တဟိုင်နှင့် ချွမ်မိသားစုသည် သူမအတွက် အလွန်အသုံးဝင်နေဆဲဖြစ်ပြီး ယခုအချိန်တွင် ချွမ်မိသားစုကို စွန့်လွှတ်ရန် သူမ၌ အစီအစဉ်မရှိသေးပေ။
ဝူကျန်းဝမ်၏ စကားကို ကြားသောအခါ ပေဟုန်လည်း ချွမ်မိသားစု အသုံးဝင်နေဆဲဖြစ်ကြောင်း သဘောပေါက်သွားသောကြောင့် ချွမ်မိသားစု၏ ကိစ္စများကို ထပ်မပြောတော့ပေ။
ထိုအချိန်တွင် သူသည် နေ့လယ်စာစားပွဲ၌ မြောက်ပိုင်းနယ်စားမင်းသား ပြောခဲ့သော စကားများကို တွေးတောမိပြီး သူမအား သတိပေးလိုက်သည်။
“မင်းသမီး။ နေ့လယ်စာစားပွဲမှာ မြောက်ပိုင်းနယ်စားမင်းသားဟာ မင်းသမီးကို အကြိမ်ပေါင်းများစွာ စိုက်ကြည့်နေတာကို ကျွန်တော်တွေ့ခဲ့တယ်။ သူက ချွမ်သခင်မကို မြင်မြင်ချင်း စွဲလန်းသွားတယ်လို့လည်း ပြောခဲ့တယ်။ သူက မင်းသမီးရဲ့ အလှကို တကယ်တပ်မက်နေပုံရတယ်။ သူ့ကို သတိထားရပါမယ်။”
မြောက်ပိုင်းနယ်စားမင်းသား၏ ဂုဏ်သတင်းသည် အစကတည်းက မကောင်းလှပေ။ လူတိုင်းက သူ့ကို ကာမဂုဏ်လိုက်စားသူဟု ပြောကြပြီး မြောက်ပိုင်းပြည်နယ်၏ သာမန်လူများပင် မြောက်ပိုင်းနယ်စားမင်းသားကိုအပျော်အပါးမက်သူတစ်ဦးဟု သတ်မှတ်ထားကြသည်။
ဝူကျန်းဝမ်က အနည်းငယ် ပြုံးလိုက်ပြီး
“ အဖိုးပေ အများကြီး တွေးနေတာပဲ။ နေ့လယ်စာစားပွဲမှာ သူပြောခဲ့တဲ့ စကားတွေက ချွမ်ဟိုင် ကုန်သည်အုပ်စု ကျွန်မနဲ့ ဆက်စပ်နေ ကြောင်း သူသိပြီးသားဖြစ်တယ်လို့ သတိပေးဖို့ပဲ။ အဲဒီအဖွဲ့ကို သုံးပြီး မြောက်ပိုင်းပြည်နယ်မှာ ပြဿနာမရှာဖို့ သတိပေးတာပါ။”
ပေဟုန်လည်း ဆက်မပြောတော့ပဲ တိတ်ဆိတ်သွားသည်။
အစပိုင်းတွင် ပေဟုန်လည်း လုချန်း၏ စကားများသည် သူတို့အား ချွမ်ဟိုင်ကုန်သည်အုပ်စုနှင့် မြောက်ပိုင်းပြည်နယ်တွင် ပြဿနာမရှာရန် သတိပေးခြင်းဖြစ်သည်ဟု ထင်ခဲ့သော်လည်း အတွေ့အကြုံရင့်ကျက်သူတစ်ဦးအနေနှင့် လုချန်း ဝူကျန်းဝမ်ကို ကြည့်သောပုံစံသည် တစ်ခုခု မှားယွင်းနေသည်ဟု သူခံစားခဲ့ရသည်။
သူ စိုးရိမ်လွန်းနေခြင်းလည်း ဖြစ်ကောင်းဖြစ်နိုင်သည်။
ထိုအချိန်တွင် ဝူကျန်းဝမ်က
“အခု ကျွန်မတို့ အထူးသတိထားရမှာက မြောက်ပိုင်းနယ်စားမင်းသားဟာ ဒီအခွင့်အရေးကို အသုံးချပြီး ကျွန်မနဲ့ မင်းသား ဝူမင်းကြားက ဆက်ဆံရေးကို ဖျက်ဆီးဖို့ ကြိုးစားမှာကိုပဲ။”
နေ့လယ်စာစားပွဲအတွင်း လုချန်း ဝူမင်းကို အမြဲလိုလို နှိမ့်ချပြောဆိုနေသည်ကို ဝူကျန်းဝမ်သတိပြုမိခဲ့သည်။ ဝူမင်းနှင့် သူမကြား သွေးခွဲရန် ကြိုးစားနေသည်မှာ ထင်ရှားသည်။
ဤခရီးစဉ်ကို ဦးဆောင်လာသည့် အမျိုးသား ကိုယ်စားလှယ်အဖွဲ့ဝင်ဖြစ်သော ဝူမင်းအတွက် အမျိုးသမီးတစ်ဦးနှင့် နည်းအမျိုးမျိုးဖြင့် နှိုင်းယှဉ်ခံနေရခြင်းက အလွန်မကျေနပ်ဖြစ်ချင်စရာ ကောင်းနေသည်မှာ သေချာသည်။
ပေဟုန်က အကြံပြုလိုက်သည်။
“မင်းသားဝူမင်း မင်းသမီးအပေါ် မကျေနပ် မဖြစ်အောင် မင်းသမီးအနေနှင့် ဝူမင်းကို စကားနည်းနည်း ပြောထားတာကောင်းမယ်လို့ ထင်ပါတယ်။ ဒါမှ မြောက်ပိုင်းပြည်နယ်နှင့် ကုန်သွယ်ရေးသဘောတူညီချက် ချုပ်ဆိုရာမှာ အနှောင့်အယှက် မရှိနိုင်မှာပါ။”
ဝူကျန်းဝမ်က
“သူ့ကို စောင့်ကြည့်နေတဲ့လူတွေ ရှိပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ကျွန်မကို ခြေထိုး အကောက်ကြံတဲ့အထိ သူ မလုပ်ရဲပါဘူး... မဟုတ်ရင်...”
ဝူကျန်းဝမ် စကားမဆုံးသေးခင် ကိုယ်စားလှယ်အဖွဲ့မှ စစ်သည်တစ်ဦး ခြံဝင်းအတွင်းသို့ အလျင်အမြန် ဝင်ရောက်လာပြီး
“တစ်ခုခု မှားနေပြီ မင်းသမီး။ မင်းသား ဝူမင်းဟာ မြောက်ပိုင်းနယ်စားမင်းသားနှင့် တွေ့ဆုံဖို့ မြောက်ပိုင်းနယ်စားမင်းသားစံအိမ်ကို သွားနေပါပြီ။”
ထိုစကားကို ကြားသောအခါ ဝူကျန်းဝမ်၏ မျက်နှာ ချက်ချင်း မှောင်မိုက်သွားပြီး သူမ၏ မျက်ခုံးများ အနည်းငယ် တွန့်သွားကာ
“အဲဒီ အဖိုးအိုလည်း သူ့နောက်ကို လိုက်သွားလား”
ဟု မေးလိုက်သည်။
စစ်သည်က
“သူလည်း ပါသွားပါတယ်”
ဟု ပြန်ကြားလိုက်သည်။
ဝူကျန်းဝမ် ခဏတာမျှ တွေးတောလိုက်ပြီး
“ဧကရာဇ်က ကျွန်မကို ဂုဏ်ပြုခံရမှုတွေ အများကြီး ရစေချင်ပုံ မရဘူး။”
“ကောင်းပြီလေ။ အဲဒီ အဖိုးအိုက ဝူမင်းနဲ့အတူ ရှိနေတော့ ဝူနိုင်ငံတော်အတွက် ထိခိုက်စေမယ့် အပြုအမူတွေ သူလုပ်မှာ မဟုတ်ပါဘူး။”
ဝူမင်းနှင့်အတူရှိသော အဖိုးအိုကို ဝူကျန်းဝမ် မသိသော်လည်း ထိုသူသည် သူမ၏ ဖခင်က ဝူမင်းကို ကာကွယ်ရန် စေလွှတ်လိုက်သော အဆင့်လွန် ပညာရှင်တစ်ဦးဖြစ်ကြောင်းကိုတော့ ထောက်လှမ်း သိရှိထားသည်။
ဟုတ်ပါသည်။ ကာကွယ်ရုံသာမက ဝူမင်း၏ အပြုအမူများကိုလည်း ကြည့်ရှုစောင့်ကြည့်နေခြင်းဖြစ်သည်။
ထိုအချိန်တွင် ပေဟုန်က
“မင်းသား ဝူမင်း နည်းနည်း အလျင်စလို ဖြစ်နေတယ်။”
သူတို့သည် ယနေ့မှ ရန်ခရိုင်သို့ ရောက်ရှိလာပြီး နေ့လယ်စာစားပွဲလည်း ပြီးခါစ ဖြစ်သော်လည်း ဝူမင်းက မြောက်ပိုင်းနယ်စားမင်းသားကို ချက်ချင်း သွားတွေ့ခဲ့သည်။ ဝူမင်းက မြောက်ပိုင်းနယ်စားမင်းသားနှင့် ဘာတွေပြောဆိုမည်နည်း။ ရှင်းနေသည်မှာ သူသည် ကုန်သွယ်ရေးသဘောတူညီချက်အကြောင်း ဆွေးနွေးနေလိုခြင်းဖြစ်ပြီး ထိုအတွက် ဂုဏ်ပြုခံလိုခြင်းဖြစ်သည်။
မြောက်ပိုင်းနယ်စားမင်းသားဆီကို ဒီလောက်အလျင်စလို သွားခြင်းက ဝူနိုင်ငံတော်ဘက်က မြောက်ပိုင်းပြည်နယ်နှင့် ကုန်သွယ်ရေးသဘောတူညီချက်ကို လက်မှတ်ရေးထိုးရန် အလွန်အမင်း လိုအပ်နေကြောင်း ထင်ယောင်ထင်မှား ဖြစ်စေနိုင်သည်။
....
ထိုအချိန်တွင်။
မြောက်ပိုင်းနယ်စားမင်းသားစံအိမ် အပြင်ဆောင်ရှိ အဆောင်ငယ် တစ်ခုတွင်။
ဝူမင်းနှင့် လုချန်းတို့ မျက်နှာချင်းဆိုင် ထိုင်နေကြသည်။
လုချန်းက ဝူမင်းအတွက် လက်ဖက်ရည်တစ်ခွက် ငှဲ့ပေးပြီး ပြုံးလျက်
“မင်းသားဝူမင်း ဒီလောက်မြန်မြန် ကျွန်တော့်ကို လာတွေ့မယ်လို့ မထင်ထားဘူး။ ကုန်သွယ်ရေးသဘောတူညီချက်အကြောင်း ဆွေးနွေးဖို့ လာတာမဟုတ်လား။”
ဝူမင်းက
“မြောက်ပိုင်းနယ်စားမင်းသားက ကျွန်တော် လာရောက်မှာကို ကြိုတင်ခန့်မှန်းထားပုံရတယ်။”
လုချန်းက ကျောက်စားပွဲပေါ်မှ လက်ဖက်ရည်ခွက်ကို ယူကာ ဖြည်းညင်းစွာ တစ်ငုံသောက်ပြီး
“ဒီလို အာဏာရှင်ဆန်တဲ့ မင်းသမီးနဲ့ဆိုတော့ ခင်ဗျားတို့ ညီအစ်ကိုတွေရဲ့ ဘဝဟာ အတော်လေး ခက်ခဲမယ်ထင်တယ်။”
ဝူမင်းက
“မြောက်ပိုင်းနယ်စားမင်းသားက ဝူနိုင်ငံတော်ရဲ့ အကြောင်းကို အတော်လေး သိပုံရတယ်။”
လုချန်းက
“အရမ်းသိတယ်လို့လဲ မပြောနိုင်ပါဘူး။ ဒါပေမဲ့ နည်းနည်းတော့ သိပါတယ်”
ဟု ပြန်ဖြေလိုက်သည်။
ထို့နောက် လုချန်းက
“ပြောပါ။ မင်းသား ဝူမင်း ကျွန်တော့်ကို ဘာလုပ်ပေးစေချင်တာလဲ။”
ဟု မေးလိုက်သည်။
လုချန်း၏ မေးခွန်းကို ကြားသောအခါ
ဝူမင်း အံ့သြသွားသည်။
အကူအညီ....
မြောက်ပိုင်းနယ်စားမင်းသားက သူ့ကို ကူညီဖို့ ကမ်းလှမ်းတယ်.....
အခမဲ့ နေ့လယ်စာဆိုတာ မရှိပါ။ သူသည် ဝူကျန်းဝမ်လောက် မတော်သော်လည်း နုံအသူတစ်ဦးတော့ မဟုတ်ပေ။
ဝူမင်းက
“မြောက်ပိုင်းနယ်စားမင်းသားဘက်က တောင်းဆိုမယ့် အခြေအနေတွေကို အရင်ပြောသင့်ပါတယ်။”
လုချန်းက
“ရိုးရိုးသားသားပြောရရင် ကျွန်တော့်မှာ တောင်းဆိုမှုတွေ သိပ်မရှိပါဘူး။ ခင်ဗျားတို့ မင်းသမီးကြောင့်ပဲ စိတ်အနှောင့်အယှက်ဖြစ်နေရတာ။ ပြောရရင် ကျွန်တော် သူ့ကို သိပ်မကြိုက်ဘူး။”
ထိုစကားဖြင့် လုချန်းက
“ ချွမ်ဟိုင် ကုန်သည်အုပ်စုရဲ့ နောက်ကွယ်မှာ ဘယ်သူရှိတယ်ဆိုတာ မင်းသား ဝူမင်း သိထားမယ်ထင်တယ်”
ဟု မေးလိုက်သည်။
ဝူမင်းက
“သိပါတယ်”
ဟု ပြန်ဖြေလိုက်သည်။
လုချန်းက ဆက်၍
“မင်းသမီးကျန်းဝမ်က ချွမ်ဟိုင် ကုန်သည်အုပ်စုကို မြောက်ပိုင်းပြည်နယ်ထဲကို စိမ့်ဝင် စေပေးပြီး ကျွန်တော်တို့ရဲ့ လျှို့ဝှက်ချက်တွေကို ရှာဖွေခိုင်းတာက ကျွန်တော့်ကို အတော်လေး စိတ်အနှောင့်အယှက်ဖြစ်စေတယ်။”
ဝူမင်းက
“ခင်ဗျားက သူ့ကို ကိုင်တွယ်ရခက်တဲ့ မိန်းမတစ်ယောက်လို့ ထင်နေပုံရတယ်။ ဒါကြောင့် ကျွန်တော့်နဲ့ ပူးပေါင်းချင်တာလား။”
လုချန်းက ပြုံးလိုက်ပြီး
“မင်းသား ဝူမင်း အဲဒီလို တွေးနိုင်ပါတယ်။ လှည့်ကွက်တွေ လုပ်တတ်တဲ့ မိန်းမတစ်ယောက်နဲ့ နှိုင်းယှဉ်ရင် ကျွန်တော်က မင်းသား ဝူမင်းလို ရိုးသားတဲ့ လူတစ်ယောက်နဲ့ တိုက်ရိုက် ဆက်ဆံရတာကို ပိုကြိုက်တယ်။”
လုချန်း၏ စကားများက ဝူမင်းအား စော်ကား နေသလို ဖြစ်နေသော်လည်း သူ ဂရုမစိုက်ခဲ့ပေ။ မြောက်ပိုင်းနယ်စားမင်းသား ဝူကျန်းဝမ်ကို သတိထားနေခြင်းက သူ့အတွက် ကောင်းသောအရာဖြစ်သည်။ သူသည် ထိုအချက်ကို အသုံးချကာ မြောက်ပိုင်းနယ်စားမင်းသားနှင့် သဘောတူညီချက်တစ်ခု ရယူပြီးနောက် ယခုမြောက်ပိုင်းပြည်နယ် ခရီးစဉ်အတွက် ဂုဏ်ပြုခံရမှုကို ရယူနိုင်သည်။
လုချန်းက ဆက်ပြောလိုက်သည်
“ဒီကုန်သွယ်ရေးသဘောတူညီချက်မှာ မင်းသား ဝူမင်းနာမည်နဲ့ လက်မှတ်ထိုး စေချင်တယ်။ မင်းသား ဝူမင်း ဘယ်လိုသဘောရပါလဲ။”
ဝူမင်း အံ့အားသင့်သွားသည်။ သူသာ ကုန်သွယ်ရေးသဘောတူညီချက်ကို လက်မှတ်ရေးထိုးနိုင်ပါက ဤခရီးစဉ်၏ အောင်မြင်မှု အားလုံးသည် အခြေခံအားဖြင့် သူ၏ စွမ်းဆောင်ချက် ဖြစ်သွားလိမ့်မည်။
ဝူမင်းက ချက်ချင်းပင်
“ဒါဆို မြောက်ပိုင်းနယ်စားမင်းသားကို ကျေးဇူးတင်ပါတယ်။”
...........
အခန်း (၄၆၅ )
မကြာခင် သူ့မိန်းမ ဖြစ်လာလိမ့်မယ် (၁)
ဝူမင်းသည် မြောက်ပိုင်းနယ်စားမင်းသားစံအိမ်တွင် တစ်နာရီခန့်ကြာနေထိုင်ပြီး လုချန်းနှင့် ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်ဆိုင်ရာ အကြောင်းအရာများကို ဆွေးနွေးခဲ့သည်။
မြောက်ပိုင်းနယ်စားမင်းသားစံအိမ်မှ ထွက်ခွာလာပြီးနောက် ဝူမင်းအလွန်အမင်း စိတ်လှုပ်ရှားနေဆဲဖြစ်သည်။ ရထားပေါ်တွင် ထိုင်လိုက်တော့မှသူ ပို၍ သက်တောင့်သက်သာ ခံစားရသည်။
ထိုအချိန်တွင် လုချန်း ပြောခဲ့သော စကားများကို ပြန်လည်သတိရသွားပြီး သူ၏ လက်သီးများကို မဆုပ်ပဲ မနေနိုင်တော့ပေ။ ထို့နောက် သူ့ကိုယ်သူ တီးတိုးပြောလိုက်သည်
“သာမန် နယ်သားငယ်တစ်ယောက်က ငါ့ကို ဒီလိုမျိုး စော်ကားရဲတယ်။ ငါ အဲဒီရာထူးကို ရပြီးတဲ့အခါ ပထမဆုံး ချေမှုန်းမှာက မြောက်ပိုင်းပြည်နယ်ပဲ။”
မြောက်ပိုင်းပြည်နယ်ဘက်က ဝူကျန်းဝမ်အပေါ် ကြောက်ရွံ့မှုကို လုချန်း ထုတ်ဖော် ပြောပြလိမ့်မည်ဟု ဝူမင်း မထင်ထားခဲ့ပေ။ လုချန်းက ထိုအကြောင်းကို သူ့ရှေ့မှာ တောင် ထုတ်ဖော်ပြောဆိုခဲ့သည်။
မြောက်ပိုင်းပြည်နယ်သည် ဝူကျန်းဝမ်ကို သတိထားနေသောကြောင့် ဒုတိယမင်းသားဖြစ်သော သူ့နှင့် ပူးပေါင်းဆောင်ရွက်ရန် ရွေးချယ်ခဲ့သည်။ ဤသည်မှာ မြောက်ပိုင်းပြည်နယ်အတွက် ဒုတိယမင်းသားဖြစ်သော သူသည် ခြိမ်းခြောက်မှု လုံးဝမဖြစ်စေနိုင်ဟု ဖော်ပြနေခြင်းမဟုတ်လော။
မြောက်ပိုင်းနယ်စားမင်းသားက သူ့ကို ရိုးသားသူတစ်ဦးအဖြစ် ချီးကျူးခဲ့သည့်စကားကို ဝူမင်းပိုမိုတွေးမိလေ သူ၏စိတ်ထဲတွင် ပိုပြီးဒေါသထွက်လာလေဖြစ်သည်။
ရိုးသားသူဆိုသည်မှာ အဓိပ္ပါယ်မရှိသောစကားလုံးသာဖြစ်သည်။ မြောက်ပိုင်းနယ်စားမင်းသားဆိုလိုသည်မှာ ဝူမင်းသည် နုံအသူတစ်ဦးဖြစ်သည်ဟု သွယ်ဝိုက်ပြောဆိုခဲ့ခြင်းဖြစ်သည်။
ဝူမင်း ထိုအကြောင်းကို ပို၍ တွေးလေလေသူ၏ ဒေါသများ ပို၍ ကြီးထွားလာပြီး ယခင်က ရရှိခဲ့သော ပျော်ရွှင်မှုလည်း တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။
ဝူမင်းသူ့ကိုယ်သူ တီးတိုးပြောလိုက်သည်။
“ဒီနေ့ ခံခဲ့ရတဲ့ အရှက်ကွဲမှုကို နောင်တစ်ချိန်မှာ အဆတစ်ရာ ပြန်ဆပ်မယ်။”
...
နောက်တစ်နေ့ နံနက်တွင် လုချန်းသည် ဝူကျန်းဝမ်အား ဤကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်အတွက်
ဝူမင်း၏ လက်မှတ် လိုအပ်ကြောင်း ပြောရန် လူတစ်ဦးကို စေလွှတ်လိုက်သည်။
ဝူကျန်းဝမ်လည်း လုချန်း၏ ရည်ရွယ်ချက်ကို ချက်ချင်း ခန့်မှန်းမိလိုက်သည်။ သူသည် သူမနှင့် ဝူမင်းကြားတွင် သွေးကွဲစေရန် ရည်ရွယ်ထားသည်မှာ ထင်ရှားသည်။
ဒီလိုမျိုး ဆက်ဖြစ်နေ၍ မရတော့ဟု ဝူကျန်းဝမ် တွေးတောလိုက်ပြီး ဝူမင်း လုချန်း၏ အသုံးချခံရခြင်းမှ ကာကွယ်ရန်အတွက်
ဝူမင်းနှင့် အလေးအနက် ဆွေးနွေးရန် ကြံရွယ်ကာ ဝူမင်းထံ တိုက်ရိုက်သွားရောက်ခဲ့သည်။
ဝူကျန်းဝမ် သူ့ကို တွေ့လိုကြောင်း ဝူမင်း ကြားသောအခါ ထိုအကြောင်းနှင့် ပတ်သက်နေမည်ဟု သူ အတော်အတန် ခန့်မှန်းမိသော်လည်း သူမအား လက်ခံတွေ့ဆုံခဲ့သည်။
ဝူမင်းက
“အစ်မတော် ဘယ်ကိစ္စကြောင့် လာရောက်တွေ့ဆုံတာလဲ သိလိုပါတယ်။”
ဟု မေးလိုက်သည်။
သူတို့သည် မိခင်တူမဟုတ်သော်လည်း
ဝူမင်းသည် မင်းသမီးကျန်းဝမ်ရှေ့တွင် အလွန်နှိမ့်ချစွာ ပြုမူပြီး “မင်းသား” ဟု မိမိကိုယ်ကို ရည်ညွှန်းခြင်းကိုပင် ရှောင်ရှားကာ “ကျွန်တော်” ဟု သုံးနှုန်းတတ်သည်။
ဝူကျန်းဝမ်က အေးစက်စွာပြောလိုက်သည်။
“မနေ့က မြောက်ပိုင်းနယ်စားမင်းသားနဲ့ နှစ်ယောက်တည်းတွေ့ခဲ့တာလား။”
ဝူမင်းက ပြုံးရယ်ရင်း ဖြေလိုက်သည်။
“အစ်မကို ဘာမှ ဖုံးကွယ်လို့မရပါလား။
ဝူကျန်းဝမ်က ဆက်ပြောလိုက်သည်။
“မြောက်ပိုင်းနယ်စားမင်းသားက လူလွှတ်ပြီး ပြောလာတယ်။ ဒီကုန်သွယ်ရေးသဘောတူညီချက်အတွက် အထူးသဖြင့် မင်းကိုလက်မှတ်ထိုးစေချင်တယ်တဲ့။”
ဝူမင်းက အံ့သြဟန်ဖြင့်
“တကယ်လား။”
ကျန်းဝမ်က ဆက်ပြောလိုက်သည်။
“မြောက်ပိုင်းနယ်စားမင်းသားက ဒီလိုလုပ်ရတဲ့ အကြောင်းရင်းက မင်းနဲ့ အစ်မကြား ဆက်ဆံရေးကို ပျက်ပြားစေပြီး သူ့အတွက်ပိုပြီး အကျိုးအမြတ်ရယူဖို့ဆိုတာကို မင်းနားလည်သင့်တယ် တတိယမောင်ငယ်။ ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်မှာ လက်မှတ်ထိုးဖို့ သူတောင်းဆိုတဲ့ အခြေအနေတွေကို သဘောတူလိုက်မယ်ဆိုရင် ဒါဟာ ဝူနိုင်ငံတော်ကို သစ္စာဖောက်တာနဲ့ အတူတူပဲ။”
ဝူ ကျန်းဝမ်၏ သတိပေးချက်ကို ဝူမင်း ဂရုမစိုက်ပါ။ သူကပြုံးလျက်
“မစိုးရိမ်ပါနဲ့ အစ်မ။ ကျွန်တော်က ဝူနိုင်ငံ တော်ရဲ့ မင်းသားတစ်ပါးပါ။ ဘာလုပ်သင့်တယ်၊ ဘာမလုပ်သင့်ဘူးဆိုတာ ကျွန်တော် ကောင်းကောင်းသိပါတယ်။ ဖခင်ရဲ့လူတွေက ကျွန်တော့်ရဲ့ လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်နေတဲ့အချိန်မှာ ဝူနိုင်ငံတော်ကို သစ္စာဖောက်မယ့် အလုပ်မျိုး ကျွန်တော် ဘယ်လိုလုပ် လုပ်နိုင်မှာလဲ။”
“မြောက်ပိုင်းနယ်စားမင်းသားက ကျွန်တော့်ကို ကုန်သွယ်ရေးသဘောတူညီချက်မှာ လက်မှတ်ထိုးဖို့ အဆိုပြုတာက ကျွန်တော်က ယောက်ျားတစ်ယောက်ဖြစ်လို့ ဖြစ်နိုင်တယ်မဟုတ်လား။”
ဝူမင်း၏ စကားအရ ဝူကျန်းဝမ်သည် မိန်းမသားဖြစ်သောကြောင့် ထီးနန်းကို တောင်းဆိုပိုင်ခွင့်မရှိကြောင်း၊ သဘာဝအားဖြင့် မည်သည့်နိုင်ငံနှင့်မဆို စာချုပ်ချုပ်ဆိုရာတွင် ထီးနန်းဆက်ခံခွင့်ရှိသူကို ရွေးချယ်မည်ဖြစ်ကြောင်း အဓိပ္ပာယ်သက်ရောက်သည်။
ဝူမင်း၏ စကားက ဝူကျန်းဝမ်ကို ဒေါသမထွက် စေခဲ့ပေ။ သူမက ရိုးရိုးလေး ပြုံးလျက်
“တတိယမောင်ငယ်ကို အစ်မ နားလည်မှုလွဲသွားပုံရတယ်။ ဝူနိုင်ငံတော်ကို သစ္စာမဖောက်ဘူးဆိုရင် အားလုံးအဆင်ပြေပါပြီ။”
ထိုအချိန်တွင် ဝူမင်းက
“အစ်မမှာ တခြားကိစ္စမရှိတော့ဘူးဆိုရင် ကျွန်တော့်ကို ခွင့်ပြုပါဦး။ ရန်ခရိုင်က စည်ကားတယ်။ ကျွန်တော် လှည့်ပတ်ကြည့်ချင်သေးတယ်။”
ဝူကျန်းဝမ်က
“အရမ်းကောင်းတယ်”
ဟု ပြန်ဖြေလိုက်သည်။
ထို့နောက် ဝူမင်း လှည့်ထွက်သွား တော့သည်။
သူ၏ ထွက်ခွာသွားသော ပုံရိပ်ကို ကြည့်နေသော ဝူကျန်းဝမ်ဘေးရှိ ပေဟုန်က
“မြောက်ပိုင်းနယ်စားမင်းသားက ဘာအခြေအနေမှ အပိုမတောင်းဆိုခဲ့တာလည်း ဖြစ်နိုင်ပါတယ်။”
ဝူကျန်းဝမ်က
“မြောက်ပိုင်းနယ်စားမင်းသားအတွက် ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်မှာ အကျိုးရှိတဲ့ အချက်အလက်တွေ အများကြီးရတာတောင် ဝူနိုင်ငံရဲ့ မင်းဆက်ကို ဖရိုဖရဲဖြစ်အောင် လုပ်တာလောက် အကျိုးအမြတ်မများဘူး။”
ပေဟုန်က
“ဒီမြောက်ပိုင်းပြည်နယ် သံတမန်ခရီးစဉ်ရဲ့ ဂုဏ်ပြုခံရမှုအားလုံးကို မင်းသား ဝူမင်းရဲ့ လက်ထဲကို ထည့်ပေးဖို့ တကယ်ပဲ မင်းသမီး ဆန္ဒရှိတာလား”
ဟု မေးလိုက်သည်။
ခဏတာမျှ တွေးတောပြီးနောက် ဝူကျန်းဝမ်က
“မြောက်ပိုင်းနယ်စားမင်းသားကို ကျွန်မက သီးသန့်စကားပြောချင်တယ်လို့ လူလွှတ်ပြီး ပြောခိုင်းလိုက်ပါ။”
လုချန်း သူမနှင့် ဝူမင်းကြား သွေးကွဲစေရန် ရည်ရွယ်ထားကြောင်း ဝူကျန်းဝမ် သိသော်လည်း မြောက်ပိုင်းပြည်နယ် ခရီးစဉ်၏ သံတမန်ရေးရာ အောင်မြင်မှုများ ဝူမင်း၏ လက်ထဲသို့ မရောက်ရှိစေရန်အတွက် သူမ လုချန်းနှင့် စကားပြောရန် လိုအပ်သည်။
မြောက်ပိုင်းနယ်စားမင်းသားက သွေးကွဲ အောင်ပြုလုပ်လိုပါက လုပ်ပါစေ။ မည်သို့ပင်ဆိုစေကာမူ ထိုရာထူးကို ရရှိရန် ကြိုးစားနေသော အမျိုးသမီးတစ်ဦးအတွက် တော်ဝင်မိသားစုသည် ကိုင်တွယ်ရန် မလွယ်ကူပေ။
ဝူမင်းတစ်ဦးတည်းသာမက ဝူနိုင်ငံ၏ အခြားမင်းသားများသည်လည်း သူမ၏ ရှေ့ဆက်သွားမည့်လမ်းတွင် ရန်သူများ ဖြစ်လာလိမ့်မည်။
အနှေးနှင့် အမြန်ဆိုသလိူ သူမနှင့် သူမ၏ အစ်ကို မောင်များကြား ပဋိပက္ခဖြစ်လာရန် သေချာ၏။ ထိုအခြေအနေအတွက် လုချန်း၏ လှုံ့ဆော်မှု မလိုအပ်ပေ။
မြောက်ပိုင်းပြည်နယ်ခရီးစဉ်မှ သံတမန်ရေးရာ အောင်မြင်မှုများကတော့ ဝူမင်း၏ လက်ထဲသို့ ရောက်ရှိသွား၍ လုံးဝမဖြစ်ပေ။
...
မြောက်ပိုင်းနယ်စားမင်းသားစံအိမ်။
စာကြည့်ခန်း။
လုချန်း ရုံးစာရွက်စာတမ်းများဖြင့် အလုပ်များနေစဉ် ဝူယွမ်သည် ဝင်ရောက်လာပြီး
“ရွှမ်ယွမ်ချောင်ကဲ ရန်ခရိုင် ရောက်လာပါပြီ မင်းသား။”
ဝူယွမ်၏ စကားကို ကြားသောအခါ
လုချန်း၏ နှုတ်ခမ်းထောင့်များအနည်းငယ် မြင့်တက်သွားသည်။ နောက်ဆုံးတွင် သူရောက်ရှိလာပြီဖြစ်သောကြောင့် လျှို့ဝှက်လဝန်းနန်းတော်က သူ့ကို ဒုက္ခပေးလာမည်ကို သူစိုးရိမ်စရာ မလိုတော့ပေ။
ဝူယွမ်က ဆက်မေးလိုက်သည်။
“မင်းသား သူ့ကို တွေ့ချင်ပါလား။ မင်းသား စီစဉ်ပေးထားတဲ့ နေရာမှာ သူ ရောက်နေပါပြီ”
လုချန်းက
“သူ့ကို မင်းသားစံအိမ်ကို လာခိုင်းလိုက်ပါ။ သူ့ကိုမေးချင်တဲ့ မေးခွန်းတချို့ ရှိတယ်။”