အခန်း ၄၇၅-၄၇၇
Vol. 32 Ch. 475-477
အခန်း (၄၇၅)
မြောက်ပိုင်းမင်းသား၏ အချစ်သည် တစ်ဖက်သတ်သာ ဖြစ်လောက်မည် (၂)
ထိုအတောအတွင်း လုချန်း စာကြည့်ခန်းသို့ ရောက်ရှိလာခဲ့၏။
ထိုအချိန်တွင် လျှံဇွန်းနှင့် ချင်ယူရှန်တို့ စာကြည့်ခန်းဝင်ပေါက်တွင် ရပ်တည်နေကြသည်ကို တွေ့လိုက်ရသည်။ လုချန်းကိုမြင်သော် နှစ်ဦးစလုံး ဦးညွှတ်ကာ
“မင်းသားကို ဂါရဝပြုပါတယ်”
လုချန်းက စာကြည့်ခန်းထဲသို့ ဆက်လက်လျှောက်သွားရင်း
“ အထဲဝင်ပြီး ပြောပါ။ ဘာကိစ္စများလဲ။”
နှစ်ဦးစလုံး သူ့နောက်မှ လိုက်ပါ၍ စာကြည့်ခန်းထဲသို့ ဝင်ရောက်လာကြသည်။
နှစ်ဦးလုံး သူနှင့်အတူ စာကြည့်ခန်းအတွင်းသို့ လိုက်ပါလာကြသည်။
အတွင်းရောက်သောအခါ လျှံဇွန်းက စာတစ်စောင်ကို လုချန်းထံပေးလိုက်ပြီး
“နေပြည်တော်မှာ နိမိတ်တစ်ခု ပေါ်ထွက်လာပါတယ်။ ဒါက မြောက်ပိုင်းနယ်စားမင်းသားစံအိမ်မှာ အရင်က ပေါ်ထွက်ခဲ့တဲ့ နိမိတ်နဲ့ အတော်လေး ဆင်တူပါတယ်။ ရွှေရောင်အလင်းတန်းတစ်ခု ကောင်းကင်ကို ထိုးဖောက်ဝင်ရောက်ပြီး တိမ်တွေစုဝေးလာပြီး လျှပ်စီးတွေ လက်ခဲ့ပါတယ်”
လျှံဇွန်း၏စကားကိုကြားသော
လုချန်း၏မျက်ခုံးများ ချက်ချင်းတွန့်သွားသည်။ သူတို့နှစ်ဦး ထိုမျှ အလျင်လိုနေရခြင်းမှာ အံ့သြစရာမရှိပေ။
လုချန်းလည်း စာအိတ်ကို အလျင်အမြန် ဖွင့်လိုက်ပြီး စာထဲတွင် ဖော်ပြထားသော ထောက်လှမ်းရေးသတင်းများကို သေချာဖတ်ရှုလိုက်သည်။
ချင်ယူရှန်က ဆက်လက်ပြောလိုက်သည်။
“မကြာသေးမီက နေပြည်တော်မှာ မင်းမျိုးမင်းနွယ်တွေထဲက ကောင်းကင်လူသား ပေါ်ထွက်လာပြီဆိုတဲ့ ကောလာဟလတစ်ခု ရှိနေပါတယ်။ ပြီးတော့ ကျူးကဲ့ကျုံကောင်းက တကယ့် ကောင်းကင်လူသား မဟုတ်ဘူး။ တကယ့် ကောင်းကင်လူသားအဆင့်ကို မရောက်သေးတဲ့ ကောင်းကင်လူသား အတုအယောင် ဖြစ်တယ်ဆိုတဲ့ နောက်ထပ် ကောလာဟလတစ်ခုလည်း ရှိနေပါတယ်။”
ချင်ယူရှန်၏ စကားကို နားထောင်ပြီး လက်ထဲက ထောက်လှမ်းရေးသတင်းများကို ဖတ်ရှုနေသော လုချန်းလည်း အတွေးထဲ နစ်မြောသွားသည်။
မထင်မှတ်ဘဲ အချိန်တိုအတွင်း နန်းတော်ထဲမှ ကောင်းကင်လူသားအဆင့်နား ကပ်လာသော တစ်ယောက်ပေါ်ထွက်လာပြီဖြစ်သည်။
မည်သူက ထိုနိမိတ်ကို ဖြစ်စေခဲ့သည်ကိုတော့ မသိရသေးပေ။
ထိုပုဂ္ဂိုလ်သည် ကောင်းကင်လူသားအဆင့်သို့ အမှန်တကယ် တက်လှမ်းခဲ့ခြင်းလား....
သို့မဟုတ် ကျူးကဲ့ကျုံကောင်းကဲ့သို့ပင် ကောင်းကင်လူသား နယ်ပယ်ထဲသို့ ခြေတစ်လှမ်းသာ လှမ်းမိသေးခြင်းလား။
ပြည်သူများကြားက ကောလာဟလများကို ယုံကြည်ရမည်ဆိုလျှင် နန်းတော်ထဲက နိမိတ်ဖြစ်စေသူသည် ကောင်းကင်လူသားအဆင့်သို့ ခြေတစ်လှမ်းသာ လှမ်းမိသေးခြင်း ဖြစ်နိုင်သည်။ ဤကောလာဟလသည် နန်းတော်ထဲမှပင် ထွက်ပေါ်လာခြင်း ဖြစ်နိုင်သည်။
သူတို့သည် ကျူးကဲ့ကျုံကောင်း ကောင်းကင်အဆင့်သို့ မတက်လှမ်းနိုင်သေးကြောင်း သိရှိထားပါက ထိုပုဂ္ဂိုလ်သည် ကျူးကဲ့ကျုံကောင်းနှင့် အလားတူ အခြေအနေမျိုးတွင် ရှိနေပြီး ကောင်းကင်သဘောတရားနှင့် အမှန်တကယ် ပေါင်းစည်းခြင်း မရှိသေးကြောင်း ဖော်ပြနေသည်။
ဘယ်သူဖြစ်နိုင်မလဲ.....
နိုင်ငံတော်ပညာရှိ စစ်တူစီ ဖြစ်နိုင်သလား....
သို့မဟုတ် သူ့ရဲ့ ဖခင်ဖြစ်သူ ဧကရာဇ်ပဲ ဖြစ်နိုင်လား.....
သူ့ဖခင်လက်ထဲတွင် လျှို့ဝှက်လဝန်းနန်းတော်မှ မြင့်မြတ်သော ပစ္စည်းရှိသောကြောင့် ကောင်းကင်လူသားအဆင့်သို့ တက်လှမ်းရန် အလားအလာအရှိဆုံး ပုဂ္ဂိုလ် ဖြစ်သည်။
လုချန်း တိတ်ဆိတ်နေသည်ကို မြင်သောအခါ လျှံဇွန်းက
“နန်းတွင်းက တောင်ပိုင်းကို စေလွှတ်ခဲ့တဲ့ ထိပ်တန်းတပ်ဖွဲ့တွေဟာ ချီပြည်နယ် နယ်စပ်ကို ရောက်နေပါပြီ။ ချီပြည်နယ်ထဲကို ဝင်တော့မယ်။ အင်အားလေးသိန်းလောက် ရှိပါတယ်။”
“တပ်တွေကို ခဏခဏ ရွှေ့နေပေမဲ့ ဧကရာဇ်ကတော့ နန်းတွင်းအစည်းအဝေးမှာ မထွက်လာတာ ကြာပါပြီ။ ဧကရာဇ်ဟာ ရောဂါအပြင်းအထန် ဖြစ်နေပြီး သေလုမြောပါး ဖြစ်နေပြီလို့ ကောလာဟလတွေလည်း ထွက်နေပါတယ်။”
“အခု နေပြည်တော်မှာ မင်းသားတွေကြား အာဏာလုပွဲတွေ ပိုပြင်းထန်လာပြီး သူတို့ရဲ့ ပဋိပက္ခတွေက ပေါ်ပေါ်ထင်ထင် ဖြစ်လာပါပြီ။”
“ဒါတောင် ဧကရာဇ်က လုံးဝ ဝင်မစွက်ဖက်ပါဘူး။ သူတစ်ခုခု တကယ် ဖြစ်နေပုံ ရပါတယ်။”
လျှံဇွန်း၏စကားကိုကြားသောအခါ နက်နက်ရှိုင်းရှိုင်းစဉ်းစားခန်းဝင်နေသော လုချန်းလည်း မနေနိုင်တော့ပဲ ရယ် မောလိုက်၏။
“ကျွန်တော့်ဖခင် ဧကရာဇ်က ဒီလောက် အလွယ်တကူ ဒုက္ခမရောက်ဘူး”
ဆွမ်ဧကရာဇ် သေလုမြောပါး ဖြစ်နေပြီဟူသော စကားကို လုချန်း တစ်စက္ကန့်မျှပင် မယုံကြည်ပေ။ သူသည် အဆင့်လွန်ပညာရှင်တစ်ဦးဖြစ်ပြီး ထိုမျှ အလွယ်တကူ ကျဆုံးနိုင်မည်မဟုတ်ပေ။
သူ၏ဖခင် တစ်ခုခုကို ထပ်မံကြံစည်နေဟန်ရှိသည်။
ကျူးကဲ့ကျုံကောင်း ကောင်းကင်လူသား မဟုတ်ကြောင်း ကောလာဟလများ ပျံ့နှံ့ခဲ့ပြီးနောက် ဆွမ်ဧကရာဇ်လည်း ကျူးကဲ့ကျုံကောင်း၏ အခြေအနေကို သိရှိခဲ့ပြီးဖြစ်နိုင်သည်။ ထိုအချက်ကို သိရှိထားပါက ဆွမ်ဧကရာဇ် ငြိမ်သက်နေလိမ့်မည် မဟုတ်ပေ။
ဒါဆို ဆွမ်ဧကရာဇ် နောက်ဘာဆက်လုပ်မလဲ.....
နန်းတွင်းစစ်တပ်ကို မြောက်ပိုင်းပြည်နယ်ကိုတိုက်ခိုက်ဖို့ အမိန့်ပေးမှာလား။
ဒါမှမဟုတ် အဆင့်လွန်ပညာရှင်တစ်ဦးကို အရင်စေလွှတ်ပြီး ကျူးကဲ့ကျုံကောင်းကို လုပ်ကြံမှာလား။
သို့သော် ပြန်တွေးကြည့်ပါလျှင် ဆွမ်ဧကရာဇ် နာမကျန်းဟန်ဆောင်နေခြင်းက လုချန်းအား နည်းနည်းစိတ်ရှုပ်စေသည်။ ဆွမ်ဧကရာဇ်၏ ရည်ရွယ်ချက်ကို သူမခန့်မှန်းနိုင်ပေ။
လုချန်းက သူမကြာခင် သေတော့မယ်လို့ ယုံပြီး ထိုအခြေအနေကို အခွင့်ကောင်းယူ၍ ပုန်ကန်လိမ့်မယ်လို့ သူတွက်ထားတာလား။
စိတ်တည်ငြိမ်လာပြီးနောက် လုချန်းက
လျှံဇွန်းနဲ့ ချင်းယူရှန်တို့ကို
“သူလျှိုတွေကို နေပြည်တော်နဲ့ နန်းတွင်းရဲ့ လှုပ်ရှားမှုတွေအပေါ် အာရုံစိုက်ခိုင်းထားပါ။ သတင်းတစ်စုံတစ်ရာ ရှိရင် ချက်ချင်း အကြောင်းကြားပါ။”
လျှံဇွန်းနှင့် ချင်ယူရှန်တို့က
“မင်းသားရဲ့ အမိန့်အတိုင်းပါ”
ဟု တညီတညွတ်တည်း ဖြေကြားလိုက်ကြသည်။
ထိုအချိန်တွင် တံခါးဝရှိ အစေခံတစ်ဦးက
“ ဝူကျန်းဝမ်မင်းသမီးက တွေ့ဆုံလိုပါတယ် မင်းသား “
ဟု အကြောင်းကြားလာသည်။
လုချန်းက
“အပြင်ဆောင်မှာ စောင့်ခိုင်းလိုက်ပါ။ ခဏနေရင် လာခဲ့မယ်။”
စကားပြောပြီးသောအခါ လုချန်းက လျှံဇွန်းနှင့် ချင်ယူရှန်အား
“လုပ်စရာရှိတာ ဆက်လုပ်ကြပါ။”
“ကျွန်တော်တို့ ကိုခွင့်ပြုပါ”
ဟု နှစ်ဦးစလုံးပြောကာ စာကြည့်ခန်းမှ ထွက်ခွာသွားကြသည်။
လုချန်းသည် အပြင်ဆောင်သို့ တန်းမသွားပဲ လက်ထဲရှိ ထောက်လှမ်းရေးသတင်းများကို ထပ်မံသုံးသပ်ကာ အနည်းငယ်ကြာမြင့်စွာ စဉ်းစားပြီးနောက် ဝူကျန်းဝမ်နှင့်တွေ့ဆုံပြီးနောက် ကျူးကဲ့ကျုံကောင်းထံသို့သွားရောက် အကြံတောင်းရန် ဆုံးဖြတ်လိုက်သည်။ သူ၏အမြင်ကို လုချန်း သိလိုသည်။
ထိုအတွေးနှင့် လုချန်း အပြင်ဆောင်သို့ အမြန်သွားလိုက်သည်။
ခရမ်းရောင်ဝတ်စုံ ဝတ်ဆင်ထားသော ဝူကျန်းဝမ်သည် အဆောင်ငယ်ထဲတွင် ထိုင်နေနှင့်ပြီး မင်းသားစံအိမ်၏ နဂါးနှင့်ဖီးနစ်လက်ဖက်ရည်ကို မြည်းစမ်းနေသည်။
လုချန်းကို မြင်သည်နှင့် သူမက အနည်းငယ် ပြုံးလိုက်ပြီး
“မြောက်ပိုင်းနယ်စားမင်းသားစံအိမ်မှာ ဒီလိုထူးခြားတဲ့ လက်ဖက်ရည်မျိုး ရှိလိမ့်မယ်လို့ မထင်ထားဘူး။ မြောက်ပိုင်းနယ်စားမင်းသားစံအိမ်က ဒီလက်ဖက်ရည်မျိုး ရောင်းလား မသိဘူး။”
ထိုအချိန်တွင် လုချန်းသည် ဝူကျန်းဝမ်အား လက်ဖက်ရည် တည်ခင်းပေးနေသော အစေခံမိန်းကလေး ရှောင်ရိုးကို မျက်စောင်းထိုးကြည့်လိုက်ပြီး အရာရာကို ရုတ်တရက်နားလည်သွားသည်။ ဤအရာမှာ မုကျိရွှမ်း၏ စီမံမှုပင်ဖြစ်မည်။
လုချန်း စိတ်မဆိုးချေ။ သူ၏မိဖုရားဖြစ်သူ မုကျိရွှမ်းမှာ သူ ဝူမင်းသမီး၏ ကိုယ်ခန္ဓာကို တပ်မက်နေသည်ကို သိမြင်မိပြီးဖြစ်မည်။
ထို့ပြင် ဝူကျန်းဝမ် သူ့ကို သဘောကျစေခြင်းဖြင့် သူတို့ကြားထဲ တကယ့် လင်မယား ဆက်ဆံရေးမရှိသော်လည်း ဝူကျန်းဝမ်မှတစ်ဆင့် အကျိုးအမြတ်အချို့ရနိုင်သေးသည်။ ထို့ကြောင့် သူမအား နဂါးဖီးနစ် လက်ဖက်ရည်တိုက်ခြင်းမှာ ပြဿနာမဟုတ်ပေ။
သတိပြန်ဝင်လာပြီးနောက် လုချန်းက ပြုံးလျက်
“မင်းသမီး လက်ဖက်ရည်ကြိုက်တယ်ဆိုရင် ကျွန်တော် နောက်မှ လက်ဆောင်ပို့ပေးလိုက်ပါ့မယ်။”
ဝူကျန်းဝမ်က
“ဒါ ဘယ်လိုလုပ် သင့်တော်မှာလဲ။ မင်းသားရဲ့ လက်ဖက်ရည်က သာမန်လက်ဖက်ရည် မဟုတ်တာ သိသာပါတယ်။ တော်ဝင်မင်းသမီးတစ်ပါးအနေနဲ့ မင်းသားရဲ့ လက်ဖက်ရည်ကို ဘယ်လို အလကား သောက်သင့်ပါ့မလဲ”
..............
အခန်း (၄၇၆)
မြောက်ပိုင်းမင်းသား၏ အချစ်သည် တစ်ဖက်သတ်သာ ဖြစ်လောက်မည် (၃)
လုချန်းက
“မင်းသမီးကျန်းဝမ်က ယဉ်ကျေးမှုကို လိုက်နာရမယ်လို့ ခံစားရတယ်ဆိုရင် ဘာလို့ မြောက်ပိုင်းပြည်နယ်က တင်ပြတဲ့ အချက်အလက်တွေကို သဘောမတူတာလဲ။”
လုချန်း၏ စကားကို ကြားသောအခါ ဝူကျန်းဝမ်က ချက်ချင်းပင်
“မြောက်ပိုင်းနယ်စားမင်းသားက ဒီလိုတန်ဖိုးရှိတဲ့ လက်ဖက်ရည်ကို ကျွန်မနဲ့ ဝေမျှဖို့ ဆန္ဒရှိနေတာ အံ့သြစရာမရှိပါဘူး။ မင်းသားမှာ ရည်ရွယ်ချက် ရှိနေတာကိုး။ ဒါပေမဲ့ အဲ့ဒါကတော့ မဖြစ်နိုင်လောက်ဘူးလို့ ထင်ပါတယ်။ လက်ဖက်ရည်က အရသာရှိပေမဲ့ ကျွန်မရဲ့ မူဝါဒအချို့ကိုတော့လျှော့ပေးဖို့ မဖြစ်နိုင်ပါဘူး။”
လုချန်းက ခပ်အေးအေးဖြင့်
“မင်းသမီးကျန်းဝမ်က အလျှော့ပေးဖို့ ရည်ရွယ်ချက်မရှိဘူးဆိုရင် ဘာလို့ ကျွန်တော့်နဲ့ နှစ်ယောက်တည်း တွေ့ဖို့ လာတာလဲ။ မင်းသမီးကျန်းဝမ်က စိတ်ပြောင်းပြီး ချွမ်သခင်မကို ကျွန်တော့်ရဲ့ ဇနီးအဖြစ် ပို့ဖို့ ရည်ရွယ်နေတာလား။”
ထိုစကားကို ကြားသောအခါ ဝူကျန်းဝမ် နှာခေါင်းရှုံ့လိုက်၏။ ထို့နောက်
“ချွမ်သခင်မကို ပေးဖို့ဆိုရင် မြောက်ပိုင်းနယ်စားမင်းသားမှာ အရည်အချင်းရှိဖို့ လိုလိမ့်မယ်။”
ဝူကျန်းဝမ်၏ စိတ်ဆိုးနေဟန် မြင်ရသောအခါ လုချန်းက ပြုံးလျက်
“ကျွန်တော့်မှာ အဲ့ဒီအရည်အချင်း ရှိမရှိကိုတော့ မင်းသမီးကျန်းဝမ် အချိန်တန်ရင် သိလာပါလိမ့်မယ်။”
ဝူကျန်းဝမ် ဆက်ပြောရန် ပြင်ဆင်နေချိန်တွင် လုချန်းက ရုတ်တရက် ဖြတ်ပြောလိုက်သည်။
“ကျွန်တော် ကုန်သွယ်ရေးသဘောတူညီချက်ကို လက်မှတ်ထိုးဖို့ သဘောတူနိုင်ပါတယ်။ ဒါပေမဲ့ မင်းသမီးကျန်းဝမ်က ကျွန်တော်တို့ အစပိုင်းက တင်ပြခဲ့တဲ့ အချက်အလက်တွေကို သဘောတူရပါမယ်။”
လုချန်းက အလွယ်တကူ သဘောတူသည်ကို မြင်သောအခါ ဝူကျန်းဝမ် ခဏခန့် ကြောင်သွားသည်။ သူမ၏ ယနေ့လာရောက်ရခြင်း၏ အဓိကရည်ရွယ်ချက်မှာ ဤကိစ္စနှင့်သက်ဆိုင်ပြီး လုချန်းက အခြေအနေအချို့ တောင်းဆိုမည်ဟု သူမထင်မှတ်ထားသည်။ သို့သော် သူမ မပြောမီတွင် လုချန်းက သဘောတူလိုက်ပြီဖြစ်သည်။
သူမ၏မူလအစီအစဉ်မှာ ကုန်သွယ်ရေးစာချုပ်ကို အသုံးပြု၍ သူမ လက်မှတ်
ထိုးခွင့် ရယူရန်ဖြစ်သည်။ မြောက်ပိုင်းပြည်နယ်သို့ သံတမန်အဖွဲ့ဝင်အဖြစ် လာရောက်သူအားလုံးမှာ သူမ၏လူများဖြစ်ပြီး သူမသဘောတူမှသာ မြောက်ပိုင်းပြည်နယ်၏ အဆိုပြုချက်များကို လက်ခံမည်ဖြစ်သည်။ အကယ်၍ သံတမန်အဖွဲ့က သဘောမတူပါက မြောက်ပိုင်းပြည်နယ်က မည်သို့ အလျှော့ပေးပေး အချည်းနှီးပင်ဖြစ်မည်။
ဝူကျန်းဝမ် အခြေအနေကို ကောင်းကောင်းနားလည်သေးပုံ မရသည်ကို သတိပြုမိပြီး လုချန်းက ပြုံးလျက်
“မင်းသမီးကျန်းဝမ်က ဒီကိစ္စအတွက်ပဲ လာတာ မဟုတ်ဘူးလား။ ဘာလို့ ဒီလောက် အံ့သြနေရတာလဲ။”
လုချန်း၏ စကားကို ကြားသောအခါ ဝူကျန်းဝမ် သတိပြန်ဝင်လာပြီး ပြုံးလိုက်သည်။ ထို့နောက်
“ကျွန်မ သိချင်တာက မြောက်ပိုင်းနယ်စားမင်းသားက အစကတည်းက ကျွန်မကို ကုန်သွယ်ရေးသဘောတူညီချက်စာချုပ် လက်မှတ်ထိုးခွင့် မပေးပဲ ဘာလို့ ဆယ်ရက်ကျော်ကြာ အချိန်ဖြုန်းနေရတာလဲ။”
လုချန်းက ဝူကျန်းဝမ်၏ လှပသော မျက်လုံးများကို စိုက်ကြည့်ရင်း ပြုံးကာ
“ကျွန်တော် ဒီဆယ်ရက်တာကာလအတွင်း အချိန်ဖြုန်းခဲ့တယ်လို့ ဘယ်သူပြောလဲ။”
“ကျွန်တော် မင်းသမီးကျန်းဝမ်ကို အစကတည်းက ကုန်သွယ်ရေးသဘောတူညီချက်စာချုပ် လက်မှတ်ထိုးခွင့် ပေးခဲ့မယ်ဆိုရင် ကျွန်တော် နှစ်သက်တဲ့ ချွမ်သခင်မက မြောက်ပိုင်းပြည်နယ်ကနေ ချက်ချင်း ထွက်သွားမှာ မဟုတ်ဘူးလား။ ကျွန်တော်က ချွမ်သခင်မကို မြောက်ပိုင်းပြည်နယ်မှာ ခဏလောက် ပိုနေစေချင်ခဲ့တာပါ။”
လုချန်း၏ စကားကြောင့် ဝူကျန်းဝမ်၏ မျက်နှာပေါ်က အပြုံး ချက်ချင်း ရပ်တန့်သွားသည်။ ထို့နောက် သူမ ချက်ချင်း ပြန်ပြောလိုက်သည်။
“အဲ့ဒီဟာသက လုံးဝမရယ်ရဘူး မြောက်ပိုင်းနယ်စားမင်းသား။ “
လုချန်းက တဲ့တိုးပြောလိုက်သည်။
“ကျွန်တော်ရဲ့ အထင်ရှားဆုံး စရိုက်လက္ခဏာက ဟာသပြောလေ့ မရှိတာပဲ။”
ထိုစကားကို ကြားသောအခါ သူမကို စိုက်ကြည့်နေသော လုချန်း၏ မျက်လုံးများကို ကြည့်ရင်း လုချန်း၏ သူမအပေါ် ထားရှိသော မေတ္တာကို ခံစားမိသလို ဖြစ်သွား၏။ သို့သော် သူမ ဒေါသထွက်ခြင်း မရှိပဲ ပြန်ပြုံးလိုက်သည်။
“မြောက်ပိုင်းနယ်စားမင်းသားရဲ့ ချစ်ခြင်းမေတ္တာဟာ တစ်ဖက်သတ်ပဲ ဖြစ်သွားမယ်ထင်ပါတယ်။ ချွမ်သခင်မက မင်းသားကို ဘယ်တော့မှ လက်မခံနိုင်ပါဘူး။”
လုချန်းက ခပ်အေးအေးပင်
“အချို့စကားတွေကို စောစောစီးစီး မပြောသင့်ဘူး မင်းသမီးကျန်းဝမ်။”
ဝူကျန်းဝမ်က
“ကျွန်မ သိချင်တာက မြောက်ပိုင်းနယ်စားမင်းသားက ဘယ်ကနေ ဒီလို ယုံကြည်မှုမျိုး ရတာလဲ။ တစ်နေ့နေ့မှာ မြောက်ပိုင်းပြည်နယ်က ဝူနိုင်ငံတော်တစ်ခုလုံးကို သိမ်းပိုက်နိုင်လိမ့်မယ်လို့ ယုံကြည်တာလား။”
လုချန်း၏ နှုတ်ခမ်းများ အနည်းငယ် ကွေးညွတ်သွားပြီး
“ဝူနိုင်ငံတော်တစ်ခုလုံးကို သိမ်းပိုက်ဖို့ မလိုအပ်ပါဘူး။ မြောက်ပိုင်းပြည်နယ်ရဲ့ အင်အား အဆင့်တစ်ခုကို ရောက်တာနဲ့ ဝူနိုင်ငံတော်က တစ်ယောက်ယောက်က ချွမ်သခင်မကို မြောက်ပိုင်းပြည်နယ် ခေါ်လာပေးမှာပါ။”
ဝူကျန်းဝမ်က စိန်ခေါ်သံပါသည့် လေသံဖြင့်
“ဪ။ တကယ်လား။ ကောင်းပါပြီ။ မြောက်ပိုင်းနယ်စားမင်းသားက မြောက်ပိုင်းပြည်နယ်ကို ဘယ်လောက်အထိ အားကောင်းအောင် လုပ်နိုင်မလဲဆိုတာ စောင့်ကြည့်ကြတာပေါ့။”
ထိုသို့ပြောပြီး ဝူကျန်းဝမ်လည်း ကျောက်ခုံမှ ထလိုက်ကာ
“မင်းသားမှာ အခြားအကြောင်းမရှိရင် ကျွန်မကို ခွင့်ပြုပါဦး။”
လုချန်းက
“ကောင်းပါပြီ မင်းသမီးကျန်းဝမ်။ဂရုစိုက်သွားပါ”
ထို့နောက် ဝူကျန်းဝမ် မင်းသားစံအိမ်မှ ထွက်ခွာသွားသည်။
မင်းသားစံအိမ်မှ ထွက်ခွာပြီး ရထားအတွင်းထိုင်နေစဉ် ဝူကျန်းဝမ်၏ နှလုံးခုန်နှုန်းမှာ မြန်ဆန်လာပြီး လုချန်း၏စကားများကို နားထဲတွင် ပြန်လည်ကြားယောင်နေသည်။
မြောက်ပိုင်းနယ်စားမင်းသားသည် ဟာသမဟုတ်ပဲ တကယ်ပင် သူမကို ရည်ရွယ်နေတာလားဟု သူမစဉ်းစားလာမိသည်။
အချိန်တိုအတွင်းတွင် မြောက်ပိုင်းပြည်နယ်ကို ဤမျှအင်အားကြီးမားအောင် တည်ဆောက်နိုင်သူတစ်ဦးသည် အမျိုးသမီးတစ်ယောက်အတွက် ဤမျှအချိန်ဆွဲနေတာလား။
သို့မဟုတ် အခြားအကြောင်းတစ်စုံတစ်ရာ ရှိနေသေးသလား။
အချိန်အတော်ကြာ စဉ်းစားခဲ့သော်လည်း လုချန်းက သူမကို ဆယ်ရက်ကျော်ကြာအောင် ဘာကြောင့် အချိန်ဆွဲခဲ့သည်ကို ဝူကျန်းဝမ် နားမလည်နိုင်သေးပေ။
သူမ နေထိုင်ရာသို့ ပြန်ရောက်သောအခါ ခြံဝင်းထဲသို့ ခြေချလိုက်သည်နှင့် ကိုယ်စားလှယ်အဖွဲ့ဝင်တစ်ဦး ရောက်လာပြီး
“မင်းသမီးကျန်းဝမ်။ မြောက်ပိုင်းနယ်စားမင်းသားက လက်ဖက်ခြောက်တစ်ပေါင် ပို့လိုက်ပါတယ်။”
ထိုစကားကို ကြားသောအခါ ဝူကျန်းဝမ် တုန်လှုပ်သွားပြီး မြောက်ပိုင်းနယ်စားမင်းသားစံအိမ်တွင် သူမ သောက်ခဲ့သော လက်ဖက်ရည်ကို ရုတ်တရက် သတိရသွားသည်။
ဝူကျန်းဝမ်က
“ယူလာခဲ့”
ဟု အမိန့်ပေးလိုက်သည်။
နောက်တစ်ခဏတွင် ကိုယ်စားလှယ်အဖွဲ့ဝင်က မြောက်ပိုင်းနယ်စားမင်းသားစံအိမ်မှ ပို့လိုက်သော လက်ဖက်ခြောက်များကို ယူလာသည်။ ဝူကျန်းဝမ်သည် လက်ဖက်ခြောက်များကို ယူ၍ အနံ့ခံကြည့်လိုက်သည်။
ရေနွေးထဲ မခတ်ရခင်မှာပင် လက်ဖက်ခြောက်များသည် သိမ်မွေ့သော ရနံ့တစ်မျိုးကို ထုတ်လွှတ်နေပြီး သူမကို လုံးဝ စိတ်အပန်းဖြေစေသည်။
ဤလက်ဖက်ခြောက်များ အလွန်တန်ဖိုးရှိကြောင်း ဝူကျန်းဝမ် ကောင်းကောင်း သိသည်။ သို့သော် လုံခြုံရေးအတွက် သူမက ပေဟုန်အား
“အဖိုးပေ။ ဒီလက်ဖက်ခြောက်တွေကို စစ်ဆေးပေးပါ။ တစ်ခုခု ထူးခြားတာ ရှိမရှိ ကြည့်ပေးပါဦး။”
ထိုအခါ ပေဟုန် သူမဆီ ချဉ်းကပ်လာပြီး လက်ဖက်ခြောက်အနည်းငယ်ကို ယူ၍ အနံ့ခံကြည့်ကာ
“ ဒီလက်ဖက်ရွက်တွေမှာ ဘာမှမပါပါဘူး။ ဒါပေမဲ့ ဘာလို့ မြောက်ပိုင်းနယ်စားမင်းသားက မင်းသမီးကို ဒီလိုတန်ဖိုးရှိတဲ့ လက်ဖက်ခြောက်တွေ ဘာလို့ ပို့ပေးလိုက်တာလဲ။”
ဝူကျန်းဝမ်က
“ကျွန်မ မြောက်ပိုင်းနယ်စားမင်းသားစံအိမ်မှာ ခုနက သောက်ခဲ့တဲ့ လက်ဖက်ရည်က ဒီလက်ဖက်ခြောက်တွေနဲ့ ဖျော်ထားတာ။ လက်ဖက်ရည် နှုတ်ခမ်းနားရောက်တာနဲ့ ကျွန်မ စိတ်အပန်းဖြေမှုကို ခံစားရတယ်။ ခန္ဓာကိုယ်တစ်ခုလုံး ပေါ့ပါးသွားပြီး ကျွန်မရဲ့ အတွင်းအား စီးဆင်းမှုက ပိုပြီး ချောမွေ့လာတယ်။ အဆင့်တက်ဖို့ပါ နီးစပ်လာသလို ခံစားရတယ်။”
သူမ၏ စကားကြောင့် ပေဟုန် အံ့အားသင့်သွားသည်။ ထိုသို့သော အာနိသင်ရှိသည့် လက်ဖက်ခြောက်များ ရှိနေတာကို သူ အံ့သြမိသည်။ ထိုလက်ဖက်ခြောက်များသည် အမှန်ပင် အလွန်တန်ဖိုးရှိသည်။
သိချင်စိတ်ဖြင့် ပေဟုန်က
“မင်းသမီးကျန်းဝမ်။ ဘာလို့ မြောက်ပိုင်းနယ်စားမင်းသားက ဒီလိုတန်ဖိုးရှိတဲ့ လက်ဖက်ခြောက်တွေကို မင်းသမီးကို ပေးတာလဲ။”
ပေဟုန်၏ မေးခွန်းကို ကြားသောအခါ ဝူကျန်းဝမ် ခဏမျှ ဆိတ်ဆိတ်နေပြီး လုချန်း ပြောခဲ့သော စကားများကို သတိရလိုက်သည်။
ဝူကျန်းဝမ် မနေနိုင်ပဲ ထပ်မံ စဉ်းစားမိသည်။ မြောက်ပိုင်းပြည်နယ်မှ လူငယ်က သူမကို တကယ်လိုချင်နေတာများလား။ မဟုတ်ရင် ဘာကြောင့် ဒီလိုတန်ဖိုးရှိတဲ့ လက်ဆောင်မျိုး ပို့ပေးရမှာလဲ။
သို့သော် ဝမ်းနည်းစရာကောင်းသည်မှာ သူမထိုအရွယ်ငယ်သော မင်းသားနှင့် ဘယ်တော့မှ လက်ထပ်မည်မဟုတ်ပေ။ သူမသည် ဧကရာဇ်မ ဖြစ်မည့်လမ်းကို လျှောက်လှမ်းမည့်သူဖြစ်၏။ မြောက်ပိုင်းနယ်စားမင်းသားနှင့် မည်သို့လက်ထပ်နိုင်မည်နည်း။
မည်သည့်အခါတွင်မှ လက်မထပ်ရုံသာမက အနာဂတ်တွင် သူ၏ရန်သူပင် ဖြစ်လာမည်ဖြစ်သည်။
.............
အခန်း (၄၇၇)
ခင်ဗျား ဘာကို ဆိုလိုတာလဲ မြောက်ပိုင်းနယ်စားမင်းသား (၁)
ဆွမ်ဧကရာဇ် နာမကျန်းဖြစ်ပြီးနောက်ပိုင်း မင်းသားများကြား အာဏာလုပွဲများ ပိုမိုပြင်းထန်လာခဲ့သည်။ ဆွမ်ဧကရာဇ်သည်ယာယီအားဖြင့် နန်းတွင်းအစည်းအဝေးများ တက်ရောက်ခြင်း ရပ်နားခဲ့သော်လည်း အရာရှိများကတော့ ပုံမှန်နန်းတွင်းအစည်းအဝေးကို တက်ရောက်ရန် တာဝန်ရှိနေဆဲ ဖြစ်သည်။
နန်းတွင်းအစည်းအဝေးများကို များသောအားဖြင့် ကျောင်းဝမ်ဟန်နှင့် လင်ကောင်းယွမ်တို့က ဦးစီးကြသည်။ ဆွမ်ဧကရာဇ်၏ ကြီးကြပ်မှုမရှိသော အချိန်ဖြစ်သည့်အတွက် ထိုအစည်းအဝေးများသည် မင်းသားများ၏ ဂိုဏ်းအဖွဲ့များ အချင်းချင်း တိုက်ခိုက်ရာ စစ်မြေပြင်သဖွယ် ဖြစ်လာခဲ့သည်။
နန်းတွင်းအစည်းအဝေး ကျင်းပသည့်အခါတိုင်း နန်းတွင်းအရာရှိများသည် အစည်းအဝေးစတင်ချိန်မှ ပြီးဆုံးချိန်အထိ ငြင်းခုံနေကြသည်။
မင်းသားအုပ်စုများ မီးနှင့်ရေကဲ့သို့ သဟဇာတမဖြစ်သည့် အခြေအနေသို့ ရောက်ရှိနေသော်လည်း ဆွမ်ဧကရာဇ်သည် နန်းတွင်းအစည်းအဝေးသို့ ပေါ်မလာသေးပေ။ ယခုအခါ နိုင်ငံတော်ပညာရှိနှင့် ဆွမ်ဧကရာဇ်၏ ကိုယ်ရေး အမှုထမ်းသူများမှအပ ဘယ်လက်ရုံး နှင့် ညာလက်ရုံး ဝန်ကြီးချုပ်များသာ နန်းတွင်းအစည်းအဝေး အပြီးတွင် ဆွမ်ဧကရာဇ်ကို တွေ့ခွင့်ရသည်။
ဆွမ်ဧကရာဇ်၏ ကျန်းမာရေး အခြေအနေကို အတိအကျသိသူ နည်းပါးလှသည်။ လူများ သိရှိသည့် တစ်ခုတည်းသော အရာမှာ သူ၏ ရောဂါသည် ပိုမိုဆိုးရွားလာပြီး အသက်အန္တရာယ် နီးနေပြီဟူ၍ ဖြစ်သည်။
....
ချွန်ကျင်ခန်းမ။
ယနေ့မနက်ပိုင်း နန်းတွင်းအစည်းအဝေးသည် အခြားနေ့များကဲ့သို့ပင် ရှုပ်ထွေးနေခဲ့သည်။ ထိုစဉ် မင်းသား လုရိ၏ အုပ်စုမှ အရာရှိတစ်ဦး ရှေ့သို့ထွက်လာပြီး လင်ကောင်းယွမ်နှင့် ကျောင်းဝမ်ဟန်တို့အား
“ဝန်ကြီးချုပ် ကျောင်း၊ ဝန်ကြီးချုပ် လင် မင်းကြီးဟာ နာမကျန်းဖြစ်နေပြီး နိုင်ငံတော်ကိစ္စတွေ တောင်ပုံယာပုံ ဖြစ်နေပြီမို့ မင်းကြီးကို အိမ်ရှေ့မင်းသား ခန့်အပ်ဖို့ တိုက်တွန်းသင့်တဲ့အချိန်ရောက်ပါပြီ။”
ထိုစကားကို ကြားသည်နှင့် ခန်းမကြီးအတွင်း ယခင်က ဆူညံနေသော လူအုပ်ကြီး ချက်ချင်း တိတ်ဆိတ်သွားပြီး သူတို့၏ အကြည့်များက လင်ကောင်းယွမ်နှင့် ကျောင်းဝမ်ဟန်တို့ဆီသို့ တညီတညွတ်တည်း ဦးတည်သွားကြသည်။
ယခုအချိန်တွင် ဆွမ်ဧကရာဇ်ကို တွေ့ခွင့်ရသူများမှာ သူတို့နှစ်ဦးသာ ဖြစ်ပြီး ဆွမ်ဧကရာဇ်၏ အခြေအနေကိုလည်း ထိုနှစ်ဦးသာ သိရှိကြသည်။ မင်းသားများပင် သူတို့ဖခင်၏ ကျန်းမာရေး အခြေအနေကို မသိကြရပေ။ အကြောင်းမှာ ဆွမ်ဧကရာဇ်က မည်သည့်မင်းသားကိုမှ သူ့ကို လာရောက်တွေ့ဆုံခြင်း မပြုရန် အထူးတားမြစ်ထားခဲ့သောကြောင့်ဖြစ်သည်။
ယခုလို အချိန်တွင် အိမ်ရှေ့မင်းသား ခန့်အပ် ရေးအတွက် လင်ကောင်းယွမ်နှင့် ကျောင်းဝမ်ဟန်တို့မှတစ်ဆင့် ဆွမ်ဧကရာဇ်ကို တိုက်တွန်းခြင်းဖြင့်သာ လုပ်ဆောင်နိုင်မည် ဖြစ်သည်။
ထိုအချိန်တွင် တတိယမင်းသား၏ အုပ်စုမှ အရာရှိတစ်ဦးလည်း ထရပ်လိုက်ပြီး
“မှန်ပါတယ်။ နိုင်ငံတော် အရေးကိစ္စတွေကို ဦးဆောင်မယ့်သူ တစ်နေ့မှ မပျက်ရှိဖို့ လိုအပ်ပါတယ်။ လက်ရှိအခြေအနေအတိုင်း ဆက်ဖြစ်နေမယ်ဆိုရင် မငြိမ်မသက်မှုတွေ ဖြစ်လာနိုင်တယ်။ နိုင်ငံတစ်ဝှမ်းက နယ်စားတွေကလည်း ငြိမ်သက်မနေနိုင်တော့ပါဘူး။ အိမ်ရှေ့မင်းသားက ခန့်အပ်ခြင်းက နိုင်ငံတော်ရဲ့ အခြေခံအုတ်မြစ်ကို ခိုင်မာအောင် ကူညီပေးနိုင်ပါလိမ့်မယ်။”
ထိုသူ၏ စကားဆုံးသည်နှင့် အခြားအရာရှိများလည်း တစ်ဦးပြီးတစ်ဦး ထရပ်လိုက်ကြသည်။ မည်သည့်မင်းသား၏ ဂိုဏ်းအဖွဲ့မှဖြစ်စေ သူတို့အားလုံးသည် အိမ်ရှေ့မင်းသားကို အမြန်ဆုံးခန့်အပ်ရန် မျှော်လင့်နေကြသည်။
ဟုတ်ပါသည်။ သူတို့စိတ်ထဲတွင် မျှော်လင့်ထားသော အိမ်ရှေ့မင်းသားမှာ သူတို့ထောက်ခံသော မင်းသားဖြစ်ပြီး ထိုအခြေအနေက ထီးနန်းအာဏာဆက်ခံရေး တိုက်ပွဲ၏ အပြင်းထန်ဆုံးအဆင့်သို့ ရောက်ရှိလာခြင်းကို ဖော်ပြ နေသည်။
ဆွမ်ဧကရာဇ်၏ ရောဂါ ဆက်လက်ဆိုးရွားလာပြီး သူတို့ထောက်ခံသော မင်းသားအား အိမ်ရှေ့မင်းသားအဖြစ် မခန့်အပ်ပါက သူတို့အနေနှင့် အခြေအနေကို လှန်ပစ်လိုက်နိုင်သည်ဟု ဆိုလိုသည်။
ထိုအချိန်တွင် လင်ကောင်းယွမ်က ဆူညံနေသော လူအုပ်အား ပြောလိုက်သည်။
“မင်းကြီးမှာ သူ့ရဲ့ ကိုယ်ပိုင် အစီအစဉ်တွေ ရှိပါတယ်။ လူတိုင်း ဒီလောက် စိုးရိမ်ပူပန်နေဖို့ မလိုပါဘူး။”
ထို့နောက် ကျောင်းဝမ်ဟန်က
“ဝန်ကြီးချုပ် လင်နဲ့ ကျွန်တော် ဒီကိစ္စကို ဆွေးနွေးပြီးပါပြီ။ မကြာခင် မင်းကြီးကို အိမ်ရှေ့မင်းသား ခန့်အပ်ဖို့ ကိစ္စကို တင်ပြပါ့မယ်”
ဟု ထပ်ပြောလိုက်သည်။
ဒီအချိန်မှာ မင်းသား လုရိက
“ဝန်ကြီးချုပ် ကျောင်းနဲ့ ဝန်ကြီးချုပ် လင် ကျွန်တော့်ဖခင်ရဲ့ ကျန်းမာရေး အခြေအနေ ဘယ်လိုရှိလဲ သိပါရစေ။”
ကျောင်းဝမ်ဟန်က
“စိတ်ပူစရာ မလိုပါဘူး မင်းသား လုရိ။ မင်းကြီးဖြစ်နေတာက ရိုးရိုးဖျားနာခြင်းသာ ဖြစ်ပါတယ်။ ခဏနေရင် ပြန်သက်သာသွားမှာပါ။”
ကျောင်းဝမ်ဟန်၏ ထုတ်ပြန်ချက်ကို ကြားသော အခါတွင် မင်းသားများနှင့် နန်းတွင်းအရာရှိများ၏ ပထမဆုံး အတွေးမှာ သူတို့အားလုံး အလိမ်ခံနေရသည် ဟူ၍ဖြစ်သည်။ ဆွမ်ဧကရာဇ်၏ ရောဂါ ပိုမိုဆိုးရွားလာသည်ဟုသာ သူတို့သံသယရှိကြသည်။
သာမန်ဖျားနာခြင်းသာ ဖြစ်ပါက ဒီလောက်ကြာအောင် နန်းတွင်းကို ဘာလို့ မလာရတာလဲ။ အခုဆို ပြန်ကောင်းနေသင့်ပြီ မဟုတ်ပါလား။
ကျောင်းဝမ်ဟန်နှင့် လင်ကောင်းယွမ်တို့သည် ဆွမ်ဧကရာဇ်နှင့် တွေ့ဆုံခဲ့ပြီး ဝန်ကြီးချုပ်နှစ်ဦးအနေဖြင့် နန်းတွင်းအား တည်ငြိမ်စေရန် အားထုတ်ကြမည်မှာ သဘာဝကျသည်။ ထို့ကြောင့် ဆွမ်ဧကရာဇ် အမှန်တကယ် သေလုမြောပါး ဖြစ်နေလျှင်တောင် ဧကရာဇ်၏ ကျန်းမာရေး စိုးရိမ်စရာမရှိဟုသာ ပြောကြပေမည်။
ဆွမ်ဧကရာဇ်၏ ကျန်းမာရေး အခြေအနေက ပြဿနာမရှိကြောင်း သူတို့ ပိုမို အခိုင်အမာ ပြောလေလေ အခြေအနေ ပို၍ဆိုးရွားနေကြောင်း ဖော်ပြလေလေ ဖြစ်သည်။ ချက်ချင်းပင် နန်းတွင်းမှ လူများသည် သူတို့၏ နောက်ထပ် လုပ်ဆောင်ရမည့်အရာများကို စဉ်းစားလာကြသည်။ အထူးသဖြင့် မင်းသားများသည် သူတို့၏ စိတ်လှုပ်ရှားမှုများကို မထိန်းနိုင်ဖြစ်လာကြသည်။
ဆွမ်ဧကရာဇ်သည် ကျန်းမာပြီး အားအကောင်းဆုံးအရွယ်တွင် ရှိနေသည်ဟု ယခင်က သူတို့ထင်မှတ်ထားကြသည်။ ထို့ကြောင့် သူတို့ အာဏာရရန် ဆယ်စုနှစ်များစွာ စောင့်ရမည်ဟု ယူဆထားကြပြီး အိမ်ရှေ့မင်းသားရာထူးအတွက်သာ ကြိုးပမ်းနေကြခြင်း ဖြစ်သည်။
သို့သော် အိမ်ရှေ့မင်းသား ဖြစ်လာသည့်တိုင် သတိထားရမည်ဖြစ်သည်။ တစ်ချက်လွဲမှားမိပါက အခြားမင်းသားအုပ်စုများမှ အရာရှိများ၏ တိုက်ခိုက်မှုကို ခံရနိုင်သည်။ လုရှုယွမ်၏ ဖြစ်ရပ်က နမူနာကောင်းတစ်ခု ဖြစ်သည်။
သို့သော် ဆွမ်ဧကရာဇ် ဤလောကတွင် အချိန်အကြာကြီး မနေနိုင်တော့လျှင် အိမ်ရှေ့မင်းသား ဖြစ်လာသူသည် မကြာမီ ဧကရာဇ်အဖြစ် နန်းတက်နိုင်သည်။ အထွတ်အထိပ်အာဏာကို ရရှိပြီးသည်နှင့် တစ်ပြိုင်နက် ထိုအာဏာကို အသုံးပြု၍ အခြားမင်းသားများကို ရှင်းလင်းပစ်ကာ ရာထူးကို ခိုင်မာစေနိုင်မည် ဖြစ်သည်။
ထိုစဉ် လင်ကောင်းယွမ်က
“ဒီနေ့ တင်ပြစရာ ဘာမှ မရှိတော့ရင် အစည်းအဝေး ရပ်နားကြရအောင်။ ဝန်ကြီးချုပ် ကျောင်းနဲ့ ကျွန်တော် မင်းကြီးကို လတ်တလော ဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာတွေကို သွားရောက် အသိပေးရပါဦးမယ်။”
စကားဆုံးသည်နှင့် လင်ကောင်းယွမ်သည် ခန်းမကြီးထဲရှိ လူများတွေကို တစ်ချက် ဝေ့ကြည့်လိုက်သည်။ ဘယ်သူမှ ဆက်မပြောသည်ကို တွေ့တော့ လင်ကောင်းယွမ်က
“ဒီလောက်နဲ့ပဲ ရပ်နားကြပါစို့။”
ဟုကြေညာလိုက်သည်။
ထို့နောက် လင်ကောင်းယွမ်သည် ဘေးဘက်ရှိ ခန်းမဆောင်သို့ ဦးတည်သွားလိုက်ပြီး ကျောင်းဝမ်ဟန်လည်း နောက်မှလိုက်သွားသည်။
ဝန်ကြီးချုပ်နှစ်ဦးစလုံး ထွက်ခွာသွားသည်ကို တွေ့မြင်ရသောအခါ ခန်းမအတွင်းရှိ အရာရှိများလည်း တစ်ဦးကို တစ်ဦး ကြည့်လိုက်ကြပြီးနောက် တစ်ယောက်ပြီးတစ် ယောက် ထွက်ခွာသွားကြသည်။ သို့သော် အရာရှိများသူတို့၏ သက်ဆိုင်ရာ မင်းသားအုပ်စုအလိုက် မင်းသားများနောက်လိုက်ပြီး ထွက်ခွာကြခြင်းဖြစ်သည်။
ထိုအချိန်တွင် လင်ရှုမင်သည် အနည်းငယ် ကသိကအောက် ဖြစ်နေသည်။ သူ၏ ပတ်ပတ်လည်ကို ကြည့်လိုက်တော့ နန်းတွင်းအရာရှိအားလုံးနီးပါးသည် သူတို့ ထောက်ခံမည့် မင်းသားကို ရွေးချယ်ပြီးဖြစ်ကြောင်း တွေ့ရသည်။ စစ်သူကြီးများပင် အပါအဝင်ဖြစ်သည်။ သူ့တစ်ဦးတည်းသာ အသင်းအဖွဲ့ မဲ့နေခြင်းဖြစ်သည်။
ချီလင်တပ်မတော်၏ တပ်မှူးအနေနှင့် မင်းသားများက သူ့ကို သူတို့ဘက် ပါအောင် ဆွဲဆောင်ဖို့ ကြိုးစားခဲ့ကြသည်။
လင်ကောင်းယွမ်၏ သားဖြစ်သောကြောင့် သူ့ကို ဆွဲဆောင်နိုင်ခြင်းက လင်မိသားစု တစ်ခုလုံးကို ရယူနိုင်တာနှင့် အတူတူပင်ဖြစ်သည်။ ထို့ပြင် ဘယ်လက်ရုံး ဝန်ကြီးချုပ် လင်ကောင်းယွမ်၏ ထောက်ခံမှုကိုလည်း ရရှိမည် ဖြစ်သည်။
.........
အခန်း (၄၇၈)
ခင်ဗျား ဘာကို ဆိုလိုတာလဲ မြောက်ပိုင်းနယ်စားမင်းသား (၂)
လင်ရှုမင်က စဉ်းစားမိသည်။ စစ်ဗိုလ်ချုပ်ကြီးများပင် ဘက်ရွေးပြီဆိုလျှင် နေပြည်တော်တွင် အတွင်းရေးပဋိပက္ခများကျရောက်လုနီးပြီဟု ဆိုနိုင်သည်။
စစ်ဗိုလ်ချုပ်များသည် ယေဘုယျအားဖြင့် အလွယ်တကူ ဘက်မရွေးတတ်ကြပေ။ အကယ်၍ သူတို့က နိုင်ငံရေးရပ်တည်ချက်တစ်ခုကို ထုတ်ဖော်ပြပါက မင်းသားများသည် စစ်အာဏာကို ရရှိပြီဟု ဆိုလိုသည်။ မင်းသားတိုင်းက စစ်အင်အားကို ထိန်းချုပ်နိုင်ပါက နောက်ဆုံးတွင် အာဏာအတွက် သွေးထွက်သံယိုစစ်ပွဲများ မလွဲမသွေ ဖြစ်ပွားလိမ့်မည်။
ထိုအချိန်တွင် မင်းသားတစ်ဦး၏ ဂိုဏ်းဝင် အရာရှိတစ်ဦး လင်ရှုမင်ထံ ချဉ်းကပ်လာသည်။
“မင်းသားကြီးက နေ့ခင်းပိုင်းကျရင် နွေဦးလပြည့်စားသောက်ဆိုင်မှာ ဧည့်ခံပွဲကျင်းပမှာ ဖြစ်ပါတယ်။ ဗိုလ်ချုပ်လင်ကို တက်ရောက်ဖို့ မျှော်လင့်ထားပါတယ်။”
ထိုစကားကို ကြားသော လင်ရှုမင်က ပြုံးလိုက်သည်။ ယခုအခါတွင် လူဆွယ်ခြင်းသည် ပွင့်ပွင့်လင်းလင်းဖြစ်လာပြီ။ ယခင်က မင်းသားများသည် စစ်အင်အားထိန်းချုပ်ထားသော ဗိုလ်ချုပ်တစ်ဦးအား ဧည့်ခံပွဲ မဖိတ်ရဲကြပေ။ အကြောင်းမှာ ထိုသို့လုပ်လျှင် သူတို့တွင် ပုန်ကန်ရန် အတွေးများရှိသည်ဟု လူများ သံသယဝင်မည်ကို စိုးရိမ်သောကြောင့်ဖြစ်သည်။
လင်ရှုမင်က
“မင်းသားကြီးရဲ့ ဖိတ်ကြားမှုကို အထူးကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ဒီနေ့ ကျွန်တော်မှာ အခြားအစီအစဉ်တွေ ရှိနေလို့ ငြင်းပယ်ရပါမယ်။”
ထိုစကားကို ကြားသော် အရာရှိ အံ့အားသင့်ခြင်းမရှိပေ။ လင်ရှုမင်၏ အနေအထားသည် အထူးခြားဆုံးဖြစ်ပြီး သူ့ကို စည်းရုံးရန်မှာ အစကတည်းက လွယ်ကူသော အလုပ်မဟုတ်ပေ။
ထို့နောက် အရာရှိလည်း မင်းသားထံ ပြန်သွားပြီး
“ဗိုလ်ချုပ်လင်မှာ အခြားကိစ္စ ရှိနေလို့ မတက်ရောက်နိုင်ပါဘူး မင်းသားကြီး။”
မင်းသားက အေးဆေးစွာဖြင့် ပြောလိုက်သည်။
“ဒီအခြေအနေအထိ ရောက်နေပေမဲ့ လင်မိသားစုက ဘာရပ်တည်ချက်ကိုမှ မပြသေးဘူးပဲ။ ဝန်ကြီးချုပ်လင်က ရလဒ်တစ်ခုကို စောင့်ပြီးမှ ရွေးချယ်မယ်ထင်တယ်။”
ထိုစကားကို ပြောပြီးနောက် မင်းသားက ရယ်လိုက်သည်။
“တကယ့်ကို လိမ္မာပါးနပ်တဲ့ မြေခွေးအိုကြီးပါလား။ ဒါပေမဲ့ နှစ်ဖက်ခွထိုင်တတ်သူတွေဟာ နောက်ဆုံးမှာ အရေးကြီး တာဝန်တွေအတွက် အယုံကြည် မခံရတော့ဘူး။”
မင်းသားလည်း ထိုအကြောင်းကို ဆက်လက်မတွေးတော့ပေ။ လင်မိသားစုကို ခြံစည်းရိုး ခွထိုင်ချင်သူများအဖြစ် သူမှတ်ယူလိုက်၏။ သူတို့သည် ဘယ်မင်းသားကိုမှ ထောက်ခံမှုအပြည့်အဝ မပေးဟုလည်း ယူဆလိုက်သည်။
လင်ကောင်းယွမ် ဘက်မလိုက်ပဲနေခြင်းသည် သူ့အတွက် အနည်းငယ်အကျိုးရှိသည်။ ဆိုလိုသည်မှာ လင်ကောင်းယွမ်သည် သူ့ဘက်မှ မရပ်တည်သော်လည်း အခြားမင်းသားများကိုလည်း မထောက်ခံသဖြင့် လင်ကောင်းယွမ်၏ အကူအညီကြောင့် ဘယ်မင်းသားမှ အင်အားမကြီးထွားနိုင်ခြင်းဖြစ်သည်။
ဝန်ကြီးချုပ်အဖြစ် လင်ကောင်းယွမ်သည် နန်းတွင်းတွင် အတော်အတန် ဂုဏ်သတင်းရှိပြီး သူ၏ကိုယ်ပိုင်ဂိုဏ်းကိုလည်း ဦးဆောင်နေသည်။ အကယ်၍ သူက မင်းသားတစ်ပါးကို ရှင်းရှင်းလင်းလင်း ထောက်ခံပါက သူ၏ဂိုဏ်းဝင် အရာရှိများသည်လည်း ထိုမင်းသားကို ထောက်ခံကြမည်မှာ သေချာသည်။
ယခုအခါတွင် လင်ကောင်းယွမ်က မည်သူ့ကိုမှ ရှင်းရှင်းလင်းလင်း ထောက်ခံမှုမပြုသေးသဖြင့် မင်းသားများအနေဖြင့် လင်ကောင်းယွမ်၏ ဂိုဏ်းဝင် အရာရှိများကို ဆွဲဆောင်ရန် အခွင့်အလမ်းရှိနေသေးသည်။
ထိုအတောအတွင်း...
စိတ်နှလုံး ခန်းမ။
ဆွမ်ဧကရာဇ်သည် အိပ်ရာပေါ်တွင် လဲလျောင်းနေပြီး မျက်နှာဖြူဖတ်ဖြူလျော်ဖြင့် အသက်ထွက်လုနီးပါး အခြေအနေတွင် ရှိနေသည်။
လင်ကောင်းယွမ်နှင့် ကျောင်းဝမ်ဟန်တို့သည် နဂါးအိပ်ရာ၏ အပြင်ဘက်တွင် ရပ်နေပြီး နောက်ဆုံးရသတင်းများကို လျှောက်ထားနေကြသည်။
ထိုအချိန်တွင် ဆွမ်ဧကရာဇ်က
“မြောက်ပိုင်းက သတင်း ရှိလား”
ဟု မေးလိုက်သည်။
ထိုမေးခွန်းကို ကြားသောအခါ မြောက်ပိုင်းမင်းသား၏ လှုပ်ရှားမှုများကို ဆွမ်ဧကရာဇ် မေးနေခြင်းဖြစ်ကြောင်း ကျောင်းဝမ်ဟန်နှင့် လင်ကောင်းယွမ်တို့သည် နားလည်သွားကြသည်။ ကျောင်းဝမ်ဟန်က
“ဟုတ်ကဲ့ပါ မင်းကြီး။ မကြာသေးမီက မြောက်ပိုင်းပြည်နယ်ဟာ ဝူနိုင်ငံတော်နှင့် ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှုသဘောတူညီချက်တွေ ဆွေးနွေးနေကြောင်း အစီရင်ခံထားပါတယ်။”
ထိုစကားကို ကြားတော့ ဆွမ်ဧကရာဇ် ရုတ်တရက် ပြင်းထန်စွာ ချောင်းဆိုးလာ၏။ ထိုသတင်းကြောင့် သူအလွန်ဒေါသထွက်နေ ပုံရသည်။
ထိုမြင်ကွင်းကို မြင်ရသောအခါ ကျောင်းဝမ်ဟန်နှင့် လင်ကောင်းယွမ်တို့ တသံတည်း အော်ဟစ်လိုက်ကြသည်။
“ကျေးဇူးပြု၍ ကျန်းမာရေးကို ဂရုစိုက်ပါ မင်းကြီး။”
နှစ်ကြိမ်တိတိ ချောင်းဆိုးပြီးနောက် ဆွမ်ဧကရာဇ်က
“ကျုပ်အဆင်ပြေတယ်”
ဟုတုံ့ပြန်လိုက်သည်။
ထို့နောက် ဆွမ်ဧကရာဇ်က အေးစက်စွာ နှာခေါင်းလိုက်ရှုံ့ပြီး
“ကုန်သွယ်ရေးသဘောတူညီချက် လက်မှတ်ထိုးတာဟာ ဝူနိုင်ငံတော်နှင့် ကိုယ်ပိုင်ဆက်ဆံရေး တည်ဆောက်တာနဲ့ ဘာကွာလို့လဲ။ ဒီမိုက်မဲတဲ့သားက ကျုပ်ကို ပိုပြီးမထီမဲ့မြင်ပြုလာတယ်။”
ထို့နောက် ဆွမ်ဧကရာဇ်က ထပ်မေးသည်။
“တောင်ပိုင်းက တပ်တွေကို ချိီပြည်နယ်ထဲ ရွှေ့ပြောင်းပြီးပြီလား။”
ကျောင်းဝမ်ဟန်က
“ချီပြည်နယ် နယ်စပ်ကို ရောက်ရှိနေပါပြီ ရက်အနည်းငယ်အတွင်း ချီနယ်မြေအတွင်းသို့ ဝင်ရောက်ပါမယ်”
ဟု ဖြေကြားလိုက်သည်။
ဆွမ်ဧကရာဇ်က
“ကျူးကဲ့ကျုံကောင်း ကောင်းကင်လူသားအဆင့်ကို အမှန်တကယ် မရောက်သေးဘူးဆိုတဲ့ အသံတွေ မကြာမီသေးခင်က နေပြည်တော်မှာ ကြားလာရတယ်။ ခင်ဗျားတို့ရော ကြားကြလား”
ဟု မေးမြန်းလိုက်သည်။
ထိုစကားကို ကြားသောအခါ ကျောင်းဝမ်ဟန်နှင့် လင်ကောင်းယွမ်တို့ အချင်းချင်း ကြည့်လိုက်ကြသည်။ ဆွမ်ဧကရာဇ် အဘယ်ကြောင့် ယခုအချိန်တွင် ဤကိစ္စကို ထုတ်ဖော်ပြောဆိုနေမှန်း သူတို့ မသိကြပေ။ မြောက်ပိုင်းပြည်နယ်ကို အရေးယူဖို့ အစီအစဉ်ရှိနေလို့လား။
ဒီလိုအချိန်မှာ လှုပ်ရှားမလို့လား။
ဆွမ်ဧကရာဇ်ကိုယ်တိုင်ပင် အသက်အန္တရာယ် စိုးရိမ်ရသည့် အခြေအနေတွင် ရှိနေပါလျက် မြောက်ပိုင်းပြည်နယ်ကို ဖျက်ဆီးဖို့ စဉ်းစားနေသေးတာလား။
ကျောင်းဝမ်ဟန်က ချက်ချင်းပင်
“အဲ့ဒီ ကောလာဟလကို ကျွန်တော်တို့လည်း ကြားဖူးပါတယ်။ ဒါပေမဲ့ နန်းတွင်းကို သတိလျှော့စေဖို့ ရည်ရွယ်ချက်နဲ့ ဖြန့်ထားတဲ့ သတင်းလို့ ကျွန်တောိယုံကြည်ပါတယ်။”
ဆွမ်ဧကရာဇ်က အမိန့်ထုတ်လိုက်သည်။ “မှန်သည်ဖြစ်စေ မမှန်သည်ဖြစ်စေ ပုန်ကန်မှုကို နှိမ်နင်းဖို့ တပ်တွေ အဆင်သင့်ပြင်ထားပါ။”
ကျောင်းဝမ်ဟန်နှင့် လင်ကောင်းယွမ်တို့က တသံတည်း
“မင်းကြီးရဲ့ အမိန့်အတိုင်းပါ။”
ထိုအချိန်တွင် ကျောင်းဝမ်ဟန်က
“နန်းတွင်းမှာ အလွန်မငြိမ်မသက်ဖြစ်နေပြီး အရာရှိတွေက နန်းတွင်းကို တည်ငြိမ်စေဖို့အတွက် အိမ်ရှေ့မင်းသား အမြန်တင်မြှောက်ဖို့ အကြံပြုထားကြပါတယ် မင်းကြီး။”
ထိုစကားကို ကြားသောအခါ ဆွမ်ဧကရာဇ် ပြင်းထန်စွာ ချောင်းဆိုးပြန်သည်။ ကျောင်းဝမ်ဟန် တစ်ခုခု ပြောရန် ပြင်ဆင်နေစဉ် ဆွမ်ဧကရာဇ်က
“အိမ်ရှေ့မင်းသား ခန့်ပါ။အိမ်ရှေ့မင်းသား ခန့်ပါ.... အမြဲတမ်း အိမ်ရှေ့မင်းသား ခန့်ဖို့ပဲ။ ရှုယွမ် ပုန်ကန်တာ မကြာသေးဘူး အခု ကျုပ်ကို အိမ်ရှေ့မင်းသား ခန့်ဖို့ ခင်ဗျားတို့က တိုက်တွန်းနေကြတယ်။ ကျုပ်ကိုစောစော သေစေချင်နေကြတာလား။”
ကျောင်းဝမ်ဟန် အလျင်အမြန် ဒူးထောက်ကာ
“ကျွန်တော် ဒီလို ရည်ရွယ်တာ မဟုတ်ပါဘူးမင်းကြီး။ နန်းတွင်းမှာ ဆက်လက် ရှုပ်ထွေးနေရင် ပိုကြီးမားတဲ့ ဘေးအန္တရာယ်တွေ ဖြစ်လာမှာကိုပဲ ကျွန်တော် စိုးရိမ်မိပါတာပါ။”
ကျောင်းဝမ်ဟန်၏ စကားကို ကြားပြီးနောက် ဆွမ်ဧကရာဇ် နှာခေါင်းရှုံ့လိုက်သည်။
“ဘေးအန္တရာယ်... ဟုတ်လား။ ဘယ်လို ဘေးအန္တရာယ်လဲ။ တစ်ယောက်ယောက်က ထပ်ပုန်ကန်ဖို့ စီစဉ်နေတာလား။”
“ခင်ဗျားတို့ နှစ်ယောက်စလုံး ပြန်သွားပြီး အဲ့ဒီဝန်ကြီးတွေကို ပြောလိုက်။ ကျုပ် မသေသေးဘူး။ ကျုပ်က အိမ်ရှေ့မင်းသားကို ဒီလောက်စောစော ခန့်မှာ မဟုတ်ဘူး။ သူတို့ရဲ့ သေးသိမ်တဲ့ အတွေးတွေကို သူတို့စိတ်ထဲမှာပဲ သိမ်းထားဖို့ ပြောလိုက်။”
ကျောင်းဝမ်ဟန်နှင့် လင်ကောင်းယွမ်တို့က တစ်ညီတညွတ်တည်း
“အမိန့်တော်အတိုင်းပါ မင်းကြီး။”
ဆွမ်ဧကရာဇ်က လက်ကာပြလိုက်သည်။ “တခြား ဘာမှ မရှိရင် ခင်ဗျားတို့ သွားနိုင်ပြီ”
“ခွင့်ပြုပါ မင်းကြီး”
ထို့နောက် လင်ကောင်းယွမ်နှင့် ကျောင်းဝမ်ဟန်တို့ စိတ်နှလုံး ခန်းမမှ ထွက်ခွာသွားကြသည်။
သူတို့ ထွက်ခွာသွားသော ပုံရိပ်များကို ကြည့်ရင်း ဆွမ်ဧကရာဇ်က သူ့ဘာသူ ခပ်တိုးတိုးလေး ပြောလိုက်သည်။
“နောက်ဆုံးတော့ တချို့က ငြိမ်ငြိမ်မနေနိုင်တော့ဘူး။ ဒီအချိန်မှာ ဘယ်နှစ်ယောက် ပေါ်လာမလဲဆိုတာ သိချင်တယ်”
...
ရှနိုင်ငံတော်အတွင်းး။
ကျောက်ပြည်နယ်၏ မြို့တော်တွင်။
ခန်းမကြီးတစ်ခုအတွင်းရှိ ပလ္လင်ပေါ်တွင် အမျိုးသားတစ်ဦး ထိုင်နေပြီး ဒူးထောက်နေသော စစ်သားတစ်ဦး၏ အစီရင်ခံစာကို နားထောင်ပြီးနောက် ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။
.........