အခန်း ၄၈၇-၄၈၉
Vol. 33 Ch. 487-489
အခန်း (၄၈၇)
အလုပ်များနေသော လုချန်း
အရာရှိများ ခန်းမကြီးထဲတွင် နေ့တစ်ဝက်မျှ အပြင်းအထန် ဆွေးနွေးနေကြသော်လည်း မည်သည့် ဆုံးဖြတ်ချက်မှ မချနိုင်သည်ကို မြင်သောအခါ မင်းသားလုရိက
ကျောင်းဝမ်ဟန်ကို တိုက်ရိုက်ကြည့်ပြီး
“ ခင်ဗျား ဘယ်လိုထင်လဲ ကျောင်းလူကြီးမင်း။”
မင်းသားလုရှုယွမ် တောင်ပိုင်းတွင် ပုန်ကန်မှု စတင်ခဲ့ပြီးနောက်ပိုင်း ကျောင်းဝမ်ဟန်သည် မင်းသားလုရိဘက်သို့ ဝင်ခဲ့သည်။
မင်းညီမင်းသားများအနက် အကြီးဆုံးသားတော်သာ ထီးနန်းဆက်ခံရမည်ဆိုသော စနစ်ရှိသော်လည်း ရှနိုင်ငံတော်တွင် ထီးနန်းအတွက် အာဏာလုပွဲများမှာ အစဉ်အဆက်ပြင်းထန်ခဲ့ပြီး အကြီးဆုံးသားတော်တစ်ပါး ဧကရာဇ် မဖြစ်သည်မှာ ကြာမြင့်ခဲ့သဖြင့် ကျောင်းဝမ်ဟန်သည် အစကတည်းက မင်းသားလုရိ၏ အလားအလာကို အကောင်းမြင်ခဲ့ခြင်း မရှိပေ။
သို့သော် ယခုအခါ တောင်ပိုင်းရှိ အာဏာရှိ မိသားစုများကို ဖယ်ရှားပြီးဖြစ်သဖြင့် မင်းသားလုရိ၏ အင်အားသာ အကြီးမားဆုံး အဖြစ်ကျန်ရစ်ခဲ့သည်။ ထို့ပြင် မင်းသားလုရိကို ထောက်ခံသူ အများစုသည် အာဏာရှိ မိသားစုဝင်များ မဟုတ်ပဲ ပညာရှင် အရာရှိလူတန်းစားများ ဖြစ်ကြသည်။ ဤလူတန်းစား၏ ထောက်ခံမှုဖြင့် မင်းသားလုရိ ယာယီအိမ်ရှေ့မင်းသား ဖြစ်လာခဲ့ပြီး နောက်ဆုံးတွင် ထီးနန်းဆက်ခံနိုင်ရန် မဖြစ်နိုင်ဟု မပြောနိုင်ပေ။
မင်းသားလုရိ ကျောင်းဝမ်ဟန်၏အမြင်ကို ဦးစွာမေးမြန်းခြင်းမှာ ကျောင်းဝမ်ဟန်သည် လက်ရှိတွင် သူ၏အဖွဲ့နှင့် ပူးပေါင်းထားသောကြောင့် ဖြစ်သည်။
ကျောင်းဝမ်ဟန်က
“ကျွန်တော့်အမြင်အရတော့ ယုံအန်းခရိုင်ကို မြောက်ပိုင်းပြည်နယ်ကို ရောင်းသည်ဖြစ်စေ၊ မရောင်းသည်ဖြစ်စေ ရှနိုင်ငံတော်အပေါ်မှာ သိပ်ပြီး သက်ရောက်မှု ရှိမှာ မဟုတ်ဘူး။”
ကျောင်းဝမ်ဟန်၏ စကားများကို ကြားသောအခါ ခန်းမကြီးတစ်ခုလုံး ချက်ချင်း တိတ်ဆိတ်သွားသည်။ အရာရှိအများစုက ကျောင်းဝမ်ဟန် ကန့်ကွက်လိမ့်မည်ဟု ထင်ခဲ့ကြသည်။ သို့သော် မမျှော်လင့်ဘဲ ကျောင်းဝမ်ဟန်က လုံးဝ ဂရုမစိုက်ပုံရသည်။
မင်းသားလုရိက
“ဘာလို့ပါလဲ။”
ဟု မေးလိုက်သည်။
ကျောင်းဝမ်ဟန်က ဆက်ပြီး
“ယုံအန်းခရိုင်ဂာ အနောက်မြောက်ဘက်မှာ တည်ရှိပါတယ်။ မြောက်ပိုင်းနယ်စားမင်းသားက တောင်ဘက်ကို စစ်ချီဖို့ ရည်ရွယ်ခဲ့ရင် အဝေးကြီး ပတ်သွားရလိမ့်မယ်။ ထောက်ပံ့ရေးလမ်းကြောင်းတွေ ပြတ်တောက်နိုင်ခြေ အမြဲရှိနေတယ်။”
“မြောက်ပိုင်းနယ်စားမင်းသားမှာ တကယ်ပဲ ပုန်ကန်လိုတဲ့ ရည်ရွယ်ချက်ရှိခဲ့ရင် ဒီလို ကွေ့ပတ်သွားမယ့်အစား ချီနိုင်ငံကို တိုက်ရိုက်တိုက်ခိုက်ပြီး သိမ်းပိုက်ပြီးမှ တောင်ဘက်ကို ဦးတည်တာက ပိုကောင်းပါလိမ့်မယ်။”
မင်းသားလုရိ ခဏမျှ စဉ်းစားပြီး ထိုအချက်က မှန်ကန်သည်ဟု ခံစားလိုက်ရသည်။
ထို့နောက် မင်းသားလုရိက လင်းကောင်းယွမ်ဘက်သို့ ကြည့်ပြီး
“လင်လူကြီးမင်းကရော မြောက်ပိုင်းပြည်နယ် ယုံအန်းခရိုင်ကို ဝယ်ရခြင်းရဲ့ ရည်ရွယ်ချက်က ဘာလို့ ထင်လဲ။”
ဟု မေးလိုက်သည်။
လင်ကောင်းယွမ်က
“မကြာသေးခင်က မြောက်ပိုင်းပြည်နယ်က ဝူနိုင်ငံတော်နဲ့ ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက် လက်မှတ်ထိုးခဲ့တယ်။ မြောက်ပိုင်းပြည်နယ်နဲ့ ဝူနိုင်ငံတော်ကြားမှာ တိုက်ရိုက် နယ်နိမိတ်ချင်း ထိစပ်မှု မရှိဘူး။ မြောက်ပိုင်းပြည်နယ်က ကုန်ပစ္စည်းတွေကို ဝူနိုင်ငံတော်ကို သယ်ယူဖို့ဆိုရင် ချီပြည်နယ် ဒါမှမဟုတ် ကျူးနိုင်ငံတော်ကို ဖြတ်သွားရလိမ့်မယ်။ ဒါက မြောက်ပိုင်းပြည်နယ်နဲ့ ဝူနိုင်ငံတော်ကြား ကုန်သွယ်ရေးကို အနှောင့်အယှက် ဖြစ်စေတယ်။”
“ဒါကြောင့် ကျွန်တော် ယုံကြည်တာက မြောက်ပိုင်းပြည်နယ်ရဲ့ ယုံအန်းခရိုင်ကို ဝယ်ယူခြင်းဟာ ကုန်သည်တွေ ပိုမို ချောမွေ့စွာ သွားလာနိုင်ဖို့အတွက် ရည်ရွယ်တာ ဖြစ်နိုင်ပါတယ်။”
မင်းသားလုရိက
“ဒါဆို ကျောင်းလူကြီးမင်းနဲ့ လင်လူကြီးမင်းတို့ရဲ့ အမြင်အရ ချီပြည်နယ်နဲ့ မြောက်ပိုင်းပြည်နယ်ကြား ဒီမြေနေရာ အရောင်းအဝယ်ကို နန်းတွင်းက ခွင့်ပြုသင့်သလား။”
ဟု မေးလိုက်သည်။
လင်ကောင်းယွမ်နှင့် ကျောင်းဝမ်ဟန်တို့ နှစ်ဦးစလုံးက တစ်ပြိုင်နက်တည်း
“ခွင့်ပြုသင့်ပါတယ်။”
ဟု ပြောလိုက်သည်။
နှစ်ဦးစလုံး မြေနေရာအရောင်းအဝယ်ကို သဘောတူသည်ကို မြင်သောအခါ မင်းသားလုရိ၏ အကြည့်သည် ကျောင်းဝမ်ဟန်ဆီသို့ ပြန်ရောက်သွားသည်။ ကျောင်းဝမ်ဟန်က ဆက်ပြီး
“ ဒီအချိန်မှာ တောင်ပိုင်းက နယ်စားမင်းသားတွေက မငြိမ်မသက် ဖြစ်နေပါပြီ မင်းသား။ ဘယ်လိုအခြေအနေမျိုးမှာမဆို မြောက်ပိုင်းနယ်စားမင်းသားကို စိတ်ဆိုးအောင်
မလုပ်သင့်ပါဘူး။ မြောက်ပိုင်းနယ်စားမင်းသား ပုန်ကန်မှု စတင်ခဲ့ရင် တောင်ပိုင်းက မင်းသားတွေလည်း လိုက်ပါပုန်ကန်ကြပါလိမ့်မယ်။”
“နန်းတွင်းတပ်တွေ မြောက်ပိုင်းမှာ မြောက်ပိုင်းပြည်နယ်နဲ့ တိုက်ပွဲဝင်နေချိန်မှာ တောင်ပိုင်းက နယ်စားတွေ အခြေအနေကို အခွင့်ကောင်းယူလာရင် နေပြည်တော် ကျဆုံးမယ့် အန္တရာယ်နဲ့ ရင်ဆိုင်ရပါလိမ့်မယ်။”
“ဒါကြောင့် အခု မြောက်ပိုင်းနယ်စားမင်းသားကို တည်ငြိမ်အောင် ထားတာ အကောင်းဆုံးလို့ ကျွန်တော် ထင်ပါတယ်။”
ကျောင်းဝမ်ဟန်ဟည် မြောက်ပိုင်းနယ်စားမင်းသားဘက်က ရပ်တည်နေခြင်း မဟုတ်ချေ။ မြောက်ပိုင်းပြည်နယ်နှင့် တိုက်ရိုက်ပဋိပက္ခကို ရှောင်ရှားသင့်သည်ဟု သူအမှန်တကယ် ယူဆသည်။ နန်းတွင်းက မြောက်ပိုင်းပြည်နယ်နဲ့ စစ်ဖြစ်ခဲ့မည် ဆိုပါက ကျောက်နယ်စား ဦးဆောင်သော နယ်စား မင်းသားများက သူတို့၏တပ်များကို သေချာပေါက် ချီတက်စေကြလိမ့်မည်။
ကျောင်းဝမ်ဟန်၏ အမြင်အရ မြောက်ပိုင်းနယ်စားမင်းသားကို တည်ငြိမ်အောင် ထားခြင်းက လက်ရှိအချိန်မှာ အရေးအကြီးဆုံး လုပ်ရပ်တစ်ခု ဖြစ်သည်။ ဆွမ်ဧကရာဇ် ကွယ်လွန်ပြီး မင်းသားလုရိ ထီးနန်းတက်ပြီးမှသာ အရင်က မသုံးနိုင်သည့် နည်းဗျူဟာများကို အသုံးပြုနိုင်မည်ဖြစ်သည်။
ကျောင်းဝမ်ဟန်၏ အမြင်ကို နားထောင်ပြီးနောက် မင်းသားလုရိ၏ အကြည့်က လင်ကောင်းယွမ်ဆီသို့ ပြောင်းသွားသည်။
လင်းကောင်းယွမ်က
“ကျောင်းလူကြီးမင်းရဲ့ ပြောကြားချက်ကို ကျွန်တော် သဘောတူပါတယ်။ ဒီအချိန်မှာ မြောက်ပိုင်းပြည်နယ်နဲ့ ပဋိပက္ခဖြစ်အောင် လုပ်တာ မသင့်တော်ပါဘူး။ မြောက်ပိုင်းပြည်နယ်ကို တည်ငြိမ်အောင် ထားဖို့က အရေးကြီးဆုံးပါပဲ။”
ထို့နောက် မင်းသားလုရိက
“ချီမင်းသားက သူရဲ့ အစီရင်ခံစာမှာ ဖော်ပြထားတာက မြောက်ပိုင်းနယ်စားမင်းသား ယုံအန်းခရိုင်ကို ဖြတ်ပြီး တောင်ဘက်ကို တပ်တွေ တိုက်ရိုက်စစ်တပ်စေလွှတ်တာကို ရှောင်ရှားဖို့အတွက် ချီပြည်နယ်က ခရိုင်ရဲ့ တစ်စိတ်တစ်ပိုင်းပဲ မြောက်ပိုင်းပြည်နယ်ကို ရောင်းဖို့ စီစဉ်ထားတယ်လို့ ပြောထားပါတယ်။ ဒီနည်းနဲ့ မြောက်ပိုင်းပြည်နယ်နဲ့ နန်းတွင်း ထိန်းချုပ်တဲ့ နယ်မြေတွေကြားမှာ နယ်နိမိတ်ချင်း ထိစပ်မှု ရှိနေမှာ မဟုတ်ပါဘူး။”
“ နောက်ပြီး ကျွန်တော်က ယုံအန်းခရိုင်ရဲ့ တောင်ဘက်ခြမ်းမှာ တပ်တွေ ချထားပြီး မြောက်ပိုင်းပြည်နယ်ရဲ့ လှုပ်ရှားမှုကို သတိထား စောင့်ကြည့်မှာပါ။”
မင်းသားလုရိ၏ စကားများကို ကြားပြီးနောက် ခန်းမကြီးထဲရှိ ဝန်ကြီးများ ဆွေးနွေးပြောဆိုခြင်းကို ရပ်တန့်လိုက်ကြသည်။ မြောက်ပိုင်းပြည်နယ်နဲ့ ပဋိပက္ခမဖြစ်အောင် ရှောင်ရှားတာက အကောင်းဆုံး ဗျူဟာ ဖြစ်သည်။
မင်းသားလုရိက ခန်းမကြီးထဲရှိ အရာရှိများကို ကြည့်လိုက်ပြီး
“ဒီကိစ္စနဲ့ ပတ်သက်ပြီး တခြားအမြင်တွေ ရှိတဲ့သူ ရှိလား။ လွပ်လွတ်လပ်လပ် ပြောကြပါ။”
“ကန့်ကွက်စရာ မရှိရင် ဒီမြေနေရာ အရောင်းအဝယ်ကို ကျွန်တော် ခွင့်ပြုမယ်။”
ထိုအချိန်တွင် ခန်းမကြီးသည် တိတ်ဆိတ်နေပြီး မည်သူမှ စကားမပြောပေ။ လက်ရှိအခြေအနေသည် ထိခိုက်လွယ်နေပြီး မြောက်ပိုင်းနယ်စားမင်းသားကို တည်ငြိမ်အောင် ထားခြင်းက ဗျူဟာကောင်း ဖြစ်ကြောင်း အရာရှိများ နားလည်ကြသည်။
မည်သူမှ ထင်မြင်ချက် မပေးသည်ကို မြင်သောအခါ မင်းသားလုရိက
“ဘယ်သူမှ ကန့်ကွက်တာ မရှိတဲ့အတွက် ဒီအတိုင်းပဲ ဆုံးဖြတ်မယ်။ အခု မင်းသားတွေရဲ့ စစ်အင်အား အလွန်အကျွံ တိုးချဲ့တဲ့ကိစ္စကို ဆွေးနွေးကြမယ်။”
ထိုစကားကို ကြားသောအခါ ခန်းမကြီး ပို၍ပင် တိတ်ဆိတ်သွားသည်။ နန်းတွင်း အရာရှိများအပါအဝင် အချို့သော မင်းသားများသည် နယ်စားများနှင့် ဆက်ဆံရေး ရှိကြသည်။ ထို့ကြောင့် ထိုခေါင်းစဉ်နှင့်ပတ်သက်၍ မည်သူမှ အများကြီး ဆွေးနွေးလိုခြင်း မရှိပေ။
ထို့ပြင် ဘယ်သူက အရင်ဆုံး စစ်အင်အား တိုးချဲ့ခဲ့သလဲဆိုတာကို မေးခွန်းထုတ်မည်ဆိုပါက မြောက်ပိုင်းပြည်နယ်မှ မြောက်ပိုင်းနယ်စားမင်းသားက အရင်ဆုံး တပ်အင်အား ချဲ့ထွင်ခဲ့ခြင်း ဖြစ်သည်ဟု အဖြေရသည်။ အစပိုင်းမှာ မြောက်ပိုင်းပြည်နယ်ကို စစ်သည် တစ်သိန်းခွဲသာ ထိန်းသိမ်းခွင့်ပြုခဲ့သော်လည်း စစ်ရေးပြပွဲတွင် စစ်သည် နှစ်သိန်း ပေါ်ထွက်လာခဲ့သည်။
ထိုအချိန်က ဆွမ်ဧကရာဇ်သည် မြောက်ပိုင်းနယ်စားမင်းသားအား အရေးယူခဲ့ခြင်း မရှိပဲ သူ၏ အကျိုးဆောင်မှုများကြောင့် လျှော့ပေါ့ပေးခဲ့သော်လည်း ထိုအချက်က မကောင်းသော နမူနာတစ်ရပ်ကို စတင်ခဲ့သည်။ မြောက်ပိုင်းနယ်စားမင်းသား အပြစ်မှ လွတ်မြောက်နိုင်ပါက အခြားမင်းသားများ၏ တပ်များချဲ့ထွင်မှုမှာလည်း ပြဿနာမဟုတ်တော့ပေ။
ယခုအခါတွင် တပ်များချဲ့ထွင်သည့် မင်းသားများအား မည်သို့ကိုင်တွယ်ရမည်ဆိုသည့် အကြောင်းအရာကို ဆွေးနွေးမည်ဆိုပါက ပထမဦးစွာ မြောက်ပိုင်းနယ်စားမင်းသားအား မည်သို့ကိုင်တွယ်ရမည်ကို စတင်ဆွေးနွေးရမည်ဖြစ်သည်။ မြောက်ပိုင်းနယ်စားမင်းသား အပြစ်မှ လွတ်မြောက်နေပါက အခြားမင်းသားများအား အပြစ်ပေးခြင်းက လက်ခံနိုင်စရာ ရှိမည်မဟုတ်ပေ။
နောက်ဆုံးတော့ ခွင့်ပြုချက်မရှိပဲ စစ်အင်အား တိုးချဲ့ထားသည့် နယ်စားများကို မည်သို့ ကိုင်တွယ်မည်ဆိုသော ကိစ္စလည်း ဘာမှ ရေရေရာရာ အဖြေမထုတ်နိုင်ခဲ့ပေ။
မကြာခင် နန်းတွင်းအမိန့် ချီပြည်နယ်သို့ ရောက်ရှိလာသည်။ နန်းတွင်းက မြေဝယ်ယူခွင့်ပြုလိုက်သည်နှင့် ချီမင်းသားက ချက်ချင်းပင် မြောက်ပိုင်းပြည်နယ် ကိုယ်စားလှယ် ကျောင်းတုံကောင်းကို ခေါ်ယူခဲ့သည်။
ယုံအန်းခရိုင်အတွက် စျေးနှုန်းညှိနှိုင်းမှုသည်လည်း မကြာခဲ့ပေ။ ချီမင်းသားတွင် ယခုအချိန်၌ အခွင့်အရေးယူရန် ရည်ရွယ်ချက် မရှိချေ။ ချီပြည်နယ် နယ်စပ်၌ မြောက်ပိုင်းပြည်နယ်၏ စစ်သား တစ်သိန်းရှိနေပြီး မြောက်ပိုင်းပြည်နယ်သည် လွင်ပြင်ဒေသသားများကို သုံးကြိမ်တိုင်တိုင် အနိုင်ယူခဲ့သည့် ပြည်နယ်ဖြစ်သည်။ ချီမင်းသားသည် မြောက်ပိုင်းပြည်နယ်ကို အဆမတန် မတောင်းဆိုရဲပေ။
နောက်ဆုံးတွင် ချီပြည်နယ်သည် ယုံအန်းခရိုင်၏ မြောက်ပိုင်းခြမ်းကို မြောက်ပိုင်းပြည်နယ်သို့ အလွန်နိမ့်သော စျေးနှုန်းဖြင့် ရောင်းချခဲ့သည်။
အရောင်းအဝယ် ပြီးစီးပြီးနောက် ကျောင်းတုံကောင်းလည်း မြောက်ပိုင်းပြည်နယ်သို့ အမြန် ပြန်လာပြီး အစီရင်ခံခဲ့သည်။
....
မြောက်ပိုင်းပြည်နယ်။
မြောက်ပိုင်းနယ်စားမင်းသားစံအိမ်။
လုချန်း၏ စာကြည့်ခန်းအတွင်း။
မြောက်ပိုင်းပြည်နယ်သို့ စေလွှတ်ခဲ့သော ကျောင်းတုံကောင်း၏ အစီရင်ခံမှုကို နားထောင်ပြီးနောက် လုချန်းက ပြုံးလျက်
“ခင်ဗျားကောင်းကောင်း လုပ်ခဲ့တယ်။ ချီပြည်နယ်မှာ အကြာကြီး နေခဲ့ရတာ ပင်ပန်းမှာပဲ။ ကျွန်တော် ခင်ဗျားကို ငါးရက် အနားယူခွင့်ပေးမယ်။ ခင်ဗျားမိသားစုနဲ့ ကောင်းကောင်း အချိန်ဖြုန်းလိုက်ပါ။”
ကျောင်းတုံကောင်းက ချက်ချင်းပင်
“ကျေးဇူးပါ မင်းသား။”
“မင်းသားမှာ အခြားကိစ္စမရှိရင် ကျွန်တော့်ကို ခွင့်ပြုပါ။”
လုချန်းက
“ကောင်းပါပြီ။”
ကျောင်းတုံကောင်း ဂါရဝပြုပြီးနောက် လုချန်း၏ စာကြည့်ခန်းမှ ထွက်သွားသည်။
ကျောင်းတုံကောင်း ထွက်သွားသည်နှင့် ဝူယွမ် စာကြည့်ခန်းထဲ ဝင်လာသည်။
“မင်းသားကို ဂါရဝပြုပါတယ်။”
လုချန်းက တိုက်ရိုက်ပင်
“လွင်ပြင်ဒေသမျိုးနွယ်စု သုံ့ပန်းတွေကို ရွှမ်ယွမ်အကြီးအကဲဆီ ခွဲဝေပေးပြီးပြီလား။” ဟု မေးလိုက်သည်။
ဝူယွမ်က
“ရွှမ်ယွမ်အကြီးအဲဆီ ခွဲဝေပေးပြီးပါပြီမင်းသား။”
လုချန်းသည် ထိုအကြောင်းအရာကို ဆက်လက်မမေးမြန်းတော့ပဲ တံခါးဝရှိ အစေခံအား
“ရှောင်ဟွမ်။ ဗိုလ်ချုပ်ဝမ်ရန်လီကို ခေါ်ခိုင်းပါ။”
“ဟုတ်ကဲ့ မင်းသား။”
ထိုသို့ပြောပြီးနောက် လုချန်းက ဝူယွမ်အား ကြည့်လိုက်ပြီး
“ ဝူခေါင်းဆောင်ကို တာဝန်တစ်ရပ် ပေးချင်တယ်”
ဝူယွမ် ချက်ချင်းပင်
“အမိန့်ရှိပါ မင်းသား။ မင်းသားရဲ့ တာဝန် မပြီးမြောက်မချင်း အကြိမ်တစ်ထောင် သေဆုံးရမယ် ဆိုရင်တောင် မတွန့်ဆုတ်ပါဘူး။”
လုချန်းက
“ဒီနေ့ကစပြီး ခင်ဗျားက ရထားလမ်း ဆောက်လုပ်ရေးမှာ ရွှမ်ယွမ်အကြီးအကဲနဲ့ အတူတူ လုပ်ရမယ်။ ရွှမ်ယွမ်အကြီးအကဲ တစ်စုံတစ်ရာ လိုအပ်တာနဲ့ ချက်ချင်း ကျွန်တော့်ကို အကြောင်းကြားရမယ်။”
ထိုစကားကို ကြားလိုက်ရသော ဝူယွမ် အံ့အားသင့်သွားသည်။ လုချန်းထံမှ ထိုကဲ့သို့သော တာဝန်ကို ရရှိမည်ဟု သူမမျှော်လင့်ခဲ့ပေ။
တာဝန်က အထူးတလည် ခက်ခဲခြင်း မရှိပေ။ တကယ်တော့ အရမ်းလွယ်ကူပြီး ဘာမှ လုပ်စရာမရှိသလောက်ပင်။ အထူးကိုယ်ရံတော်တစ်ဦးအနေနှင့် သူ၏တာဝန်မှာ သတင်းအချက်အလက်များ စုဆောင်းရန်ဖြစ်၏။ ယခုတော့ အခြေခံအဆောက်အဦးများ တည်ဆောက်ရေးတွင် ပါဝင်ရမည်ဖြစ်သဖြင့် မြောက်ပိုင်းနယ်စားမင်းသားကို မကျေနပ်စေသည့် အပြုအမူတစ်စုံတစ်ရာများ သူပြုမိခဲ့သလားဟု ဝူယွမ် သံသယဝင်မိသည်။
လုချန်းက ဝူယွမ်၏ စိတ်ထဲရှိ အတွေးများကို ဖတ်မိသကဲ့သို့ ဆက်လက်ပြောကြားလိုက်သည်။
“ရထားလမ်းက မြောက်ပိုင်းပြည်နယ်အတွက် အရေးကြီးဆုံးပဲ။ မကောင်းတဲ့ရည်ရွယ်ချက်ရှိသူတွေက ဆောက်လုပ်ရေးကို ဖျက်ဆီးမှာကို ကျွန်တော် စိုးရိမ်တယ်။ ရွှမ်ယွမ်အကြီးကို ရထားလမ်း ဆောက်လုပ်ရာမှာ ကူညီတာအပြင် ဖျက်ဆီးချင်သူတွေကိုလည်း စောင့်ကြည့်ရမယ်။ အထူးသဖြင့် တခြားနိုင်ငံက သူလျှိုတွေကို ခင်ဗျားတားဆီးရမယ်။”
အနည်းငယ်စဉ်းစားပြီးနောက် ဝူယွမ် နားလည်သဘောပေါက်သွားသည်။ အကယ်၍ ရထားလမ်းစတင် အလုပ်လုပ်ပါက ရန်ခရိုင်သည် မြောက်ပိုင်းပြည်နယ်တစ်ခုလုံးကို ပိုမိုကောင်းမွန်စွာ ထိန်းချုပ်လာနိုင်မည်ဖြစ်သည်။ စစ်သည်များလည်း နယ်စပ်သို့ ပိုမိုမြန်ဆန်စွာ ရောက်ရှိနိုင်မည်ဖြစ်သဖြင့် ရထားလမ်းသည် မြောက်ပိုင်းပြည်နယ်အတွက် အလွန်အရေးကြီးကြောင်း သဘောပေါက်သွားသည်။
သူ မြောက်ပိုင်းနယ်စားမင်းသားကို နားလည်မှု လွဲမိခဲ့သည်။ ထိုကဲ့သို့သော အရေးကြီးသည့် တာဝန်ကို ပေးအပ်ခြင်းဖြင့် မင်းသားသည် သူ့အား ယုံကြည်မှုရှိကြောင်း ထင်ရှားစွာ ပြသလိုက်ခြင်းဖြစ်သည်။
ဝူယွမ်က
“မင်းသား ပေးအပ်တဲ့ တာဝန်ကို အပြည့်အဝ အောင်မြင်ပြီးမြောက်အောင် ဆောင်ရွက်ပါမယ်။”
ထိုစဉ် လုချန်းက
“တခြား ဘာကိစ္စများ ရှိသေးလဲ။”
ဟု မေးလိုက်သည်။
ထိုစကားကို ကြားသောအခါ စာကြည့်ခန်းကို လာရခြင်း၏ ရည်ရွယ်ချက်ကို ဝူယွမ် ပြန်သတိရသွားသည်။ သူက သူ၏အင်္ကျီလက်ထဲမှ ထောက်လှမ်းရေး အချက်အလက်တစ်စောင်ကို လျင်မြန်စွာ ထုတ်ယူပြီး
“မင်းသား ဒါက အထူးကိုယ်ရံတော်အဖွဲ့က မင်းသားအသီးသီးနဲ့ နယ်စားတွေကြား ပူးပေါင်းကြံစည်မှုကို စုဆောင်းထားတဲ့ ထောက်လှမ်းရေး အချက်အလက်ပါ။”
ထိုအခါ လုချန်းက ဝူယွမ်၏ လက်ထဲမှ ထောက်လှမ်းရေး အချက်အလက်ကို ယူပြီး ကြည့်လိုက်သည်။
ထို့နောက် လုချန်း ရယ်မောမိလိုက်သည်။ မင်းသားလုရိမှလွဲ၍ နေပြည်တော်ရှိ ထီးနန်းဆက်ခံခွင့်ရှိသော မင်းသားအားလုံးသည် ပြင်ပနယ်စားများနှင့် လျှို့ဝှက် ပူးပေါင်းနေသည်ကို တွေ့ရသည်။ မင်းသားဝူမင်းသည် နယ်စားနှစ်ဦး၏ ထောက်ခံမှုကိုပင် ရယူထားခဲ့သည်။
ထိုနယ်စားများသည် သူတို့နေပြည်တော်ကို ဝင်ရောက်တိုက်ခိုက်ပါက အထွတ်အထိပ်ရာထူးကို ရရှိရန် အခွင့်အလမ်းမရှိကြောင်း နားလည်ထားကြသည်။ မင်းမျိုးမင်းနွယ်များ ရှိနေသေးသဖြင့် ထိုသူများအားလုံးကို သတ်ပစ်နိုင်ခြင်း သို့မဟုတ် သူတို့၏ အသိအမှတ်ပြုမှုကို ရရှိမှသာလျှင် နယ်စားတို့၏ အကြံအစည်များ အောင်မြင်နိုင်မည်ဖြစ်သည်။
ထိုရာထူးကို ရယူရန် မဖြစ်နိုင်သောကြောင့် ရုပ်သေးရုပ် ဧကရာဇ်တစ်ပါး ထီးနန်းတက်နိုင်ရန် ထောက်ပံ့ခြင်းက ပိုကောင်းသည်။ ရုပ်သေးဧကရာဇ်တစ်ပါးရှိခြင်းဖြင့် သူတို့သည် အရာရာကို ကြိုးကိုင်ခြယ်လှယ်နိုင်ပြီး နောင်တွင် ရုပ်သေးဧကရာဇ်ကို သူတို့အတွက် ထီးနန်းစွန့်ရန်ပင် ဖျောင်းဖျနိုင်လိမ့်မည်။
ထိုအချိန်တွင် ဝူယွမ်က
“မင်းသားမှာ တခြားကိစ္စ မရှိရင် ကျွန်တော့်ကို ခွင့်ပြုပါ။”
လုချန်းက လက်ထဲမှ ထောက်လှမ်းရေး အချက်အလက်ကို ကြည့်ရင်း ခေါင်းညိတ်ပြလိုက်ပြီး ဘာမှ မပြောတော့ပေ။
ထို့နောက် ဝူယွမ် စာကြည့်ခန်းမှ ထွက်သွားသည်။
နာရီဝက်ခန့်အကြာတွင် ဝမ်ရန်လီ စာကြည့်ခန်းသို့ ရောက်ရှိလာသည်။ သူ အနည်းငယ် နားမလည်နိုင် ဖြစ်နေသည်။ ယခင်က ဆွေးနွေးစရာ တစ်ခုခု ရှိခဲ့ပါက လုချန်းက သူနှင့် ရွှမ်ယွမ်ချန် နှစ်ဦးစလုံးကို အတူတူ လာခိုင်းသည်။ ဒီနေ့ ဘာလို့ သူ့ကို တစ်ယောက်တည်း ခေါ်ရတာလဲ။
လုချန်း သူ့ကို တစ်ယောက်တည်း တာဝန်တစ်ခု ပေးဖို့ ရှိနေတာလား။
ဝမ်ရန်လီ စဉ်းစားနေစဉ် လုချန်းက “ဗိုလ်ချုပ်ဝမ်ရန်။ မနက်ဖြန် ခင်ဗျား မြင်းသည်တော် သုံးသောင်းကို ခေါ်ပြီး
ယုံအန်းခရိုင်မှာ တပ်စွဲရမယ်။”
ထိုစကားကို ကြားသောအခါ ဝမ်ရန်လီ အံ့အားသင့်သွားပြီး
“ကျွန်တော် ယုံအန်းခရိုင်ကို ရောက်ရင် ဘာလုပ်ရမလဲမင်းသား။”
ဟု မေးလိုက်သည်။
လုချန်းက
“ရန်သူနိုင်ငံတွေက သူလျှိုတွေကို စောင့်ကြည့်ရုံပဲ။ တခြား ဘာမှ လုပ်စရာ မလိုဘူး။”
ဝမ်ရန်လီက
“ကျွန်တော် နားလည်ပါပြီ။”
ဟု ပြောလိုက်သည်။
လုချန်းက
“ပြင်ဆင်ပြီး မနက်ဖြန် မနက်စောစော ထွက်ခွာပါ။”
“ဟုတ်ကဲ့။ ကျွန်တော့်ကို ခွင့်ပြုပါ။”
ဗိုလ်ချုပ်ဝမ်ရန်လီ ထွက်သွားပြီးနောက် လုချန်းလည်း သစ်သားထိုင်ခုံပေါ် ပြန်မှီကာ မျက်လုံးမှိတ်လျက် သူ၏ နားထင်များကို နှိပ်နယ်နေသည်။
ရှနိုင်ငံတော် ပို၍ ပို၍ ရှုပ်ထွေးလာသည်နှင့်အမျှ သူ၏တာဝန်များလည်း ပို၍များလာသည်။ မြောက်ပိုင်းပြည်နယ်၏ ပြည်တွင်းရေးရာများကို ကျူးကဲ့ကျုံကောင်းအား လွှဲအပ်နိုင်သော်လည်း အခြားနိုင်ငံများနှင့်ပတ်သက်သည့် ကိစ္စရပ်များကို သူကိုယ်တိုင် ကိုင်တွယ်ရသည်။
ထိုအချိန်တွင် နီညိုရောင် ဆည်းဆာအလင်းရောင်သည် ပြတင်းပေါက်ဘောင်ပေါ်သို့ ကျရောက်လာကာ အခန်းတွင်းကို အဝါရောင် အလင်းရောင်ဖြင့် လင်းထိန်စေ၏။ ထိုစဉ်ရင်းနှီးသော အသံတစ်ခု အခန်းထဲသို့ ဝင်ရောက်လာသည်။
“ ညစာစားချိန် ရောက်ပြီ ချန်းလေး။”
ချူးယုချင်သည် တံခါးဝတွင် ရပ်နေကာ နေဝင်ဆည်းဆာရောင်ကို ကာဆီးထားသည်။
ချူးယုချင်၏ ဂုဏ်သိက္ခာရှိပြီး တင့်တယ်သော ပုံရိပ်ကို မြင်သောအခါ လုချန်း၏ နှုတ်ခမ်းထောင့်များ အနည်းငယ် မြင့်တက်သွားသည်။ သူ၏နေ့ရက်များတွင် အလုပ်များ ပိုများလာသော်လည်း စိတ်ကျေနပ်မှုများစွာကို သူခံစားရသည်။
ထို့နောက် လုချန်း သူ၏ထိုင်ခုံမှ ထကာ စာကြည့်ခန်းတံခါးဆီသို့ လျှောက်သွားသည်။ တံခါးဝသို့ ရောက်သောအခါ ချူးယုချင်၏ သေးသွယ်သော ခါးကို ဖက်လိုက်သည်။ သူမ၏ မျက်နှာနီရဲသွားပြီး
“တခြားလူတွေ ကြည့်နေတယ်။”
ထိုအခါ လုချန်းက သူတို့ဘေးမှ အစေခံမလေးကို ကြည့်လိုက်ရာ အစေခံ မလေးလည်း ချက်ချင်းပင် မျက်နှာလွှဲသွားလေသည်။
ရှက်ရွံ့သော အမူအရာဖြင့် ချူးယုချင်က
“ကောင်းပြီ။ ပင်မဆောင်ကို သွားသင့်ပြီ။
ကျိရွှမ်းက မင်းအတွက် အားရှိစေမယ့် ဟင်းပွဲတွေ အများကြီး ပြင်ဆင်ထားတယ်။”
လုချန်းက အနည်းငယ်ပြုံးလျက်
“ကောင်းပါပြီ။”
ထို့နောက် နှစ်ဦးစလုံးသည် နောက်ထပ်စကားမပြောတော့ပဲ ပင်မဆောင်သို့ တိုက်ရိုက်သွားကြသည်။
အခန်း (၄၈၈)
ဝန်ကြီးချုပ်ရာထူးကို စွန့်လွှတ်ရန် ဆန္ဒရှိပါသည် (၁)
ဝူနိုင်ငံတော်။
လိကျန်း နန်းတော်။
ဝူဧကရာဇ်သည် နဂါးပလ္လင်ပေါ်တွင် ထိုင်လျက် ခန်းမကြီးထဲရှိ ဝန်ကြီးများကို ကြည့်လိုက်သည်။
ထိုအချိန်တွင် ဝူဧကရာဇ်၏ ဘေးရှိ မိန်းမစိုးတစ်ဦးက
“တင်ပြစရာ ရှိသူများ ရှေ့ထွက်ပါ။ ကျန်သူများ နန်းတော်မှ ထွက်ခွာကြပါ။”
ဟု ပြောလိုက်သည်။
မိန်းမစိုး၏ အသံ တိတ်ဆိတ်သွားသည်နှင့် ဝန်ကြီးတစ်ဦး ရှေ့ထွက်လာပြီး
“အခု အရှေ့တောင်ဘက်က ငြိမ်းချမ်းသွားပါပြီ မင်းကြီး။ ရှနိုင်ငံတော်ရဲ့ နယ်စားအသီးသီးက သူတို့ရဲ့ စစ်အင်အားကို တိုးချဲ့နေကြပြီ။ ရှနိုင်ငံတော် ပြိုကွဲခါနီးပါပြီ။ ကျွန်တော်တို့ တပ်တွေကို အရှေ့ဘက်ကို ပြန်လည်ဖြန့်ကျက်သင့်တယ်လို့ ထင်ပါတယ်။ ရှနိုင်ငံတော် ပြည်တွင်းစစ် ဖြစ်တာနဲ့ ကျွန်တော်တို့ စတင်တိုက်ခိုက်သင့်ပါတယ်။”
ဤဝန်ကြီး စကားမဆုံးခင်မှာပင် အခြားတစ်ဦးက ဝင်ပြောလိုက်သည်။
“အခုက ရှနိုင်ငံတော်ကို အမြစ်ဖြတ်ဖို့ အကောင်းဆုံး အခွင့်အရေးပဲ။ ရှနိုင်ငံတော် ကျဆုံးတာနဲ့ ဝူနိုင်ငံတော်ဟာ မကြုံစဖူး အင်အားကြီးမားလာပါလိမ့်မယ်။ မင်းကြီးဟာ ဝူမင်းဆက်မှာ အထူးချွန်ဆုံး ဧကရာဇ် ဖြစ်လာပါလိမ့်မယ်။”
ထို့နောက် အခြားဝန်ကြီးများပါ ထရပ်ကြသည်။ သူတို့၏ အကြံဉာဏ်များမှာ အခြေခံအားဖြင့် အတူတူပင် ဖြစ်သည်။ ဝူနိုင်ငံတော်သည် စစ်ပွဲကြီးတစ်ခုကို စတင်ပြီး ရှနိုင်ငံတော်ကို တိုက်ရိုက် ချေမှုန်းသင့်သည်ဟူ၍ ဖြစ်သည်။
ဝန်ကြီးများ၏ အကြံဉာဏ်များကို ကြားသောအခါ ဝူဧကရာဇ် အထိန်းအချုပ်မရှိ ကျယ်လောင်စွာ ရယ်မောလိုက်သည်။ ခဏကြာ ရယ်မောပြီးနောက်
“ခင်ဗျားတို့အားလုံးက ကျုပ်ထက်တောင် ပိုပြီး စိတ်မရှည် ဖြစ်နေကြလိမ့်မယ်လို့ တကယ် မထင်ခဲ့ဘူး။”။
“ဒါပေမဲ့ ရှနိုင်ငံတော်ဟာ တကယ်ပဲ ပျောက်ကွယ်သွားသင့်တယ်။”
ဟု သက်ပြင်းချရင်း ထပ်ဖြည့်ပြောလိုက်သည်။
“အချိန်တွေ ဘယ်လောက် မြန်လိုက်လဲ။ လုရှင်းချူး ဝူနိုင်ငံတော်ကို ရောက်လာပြီး ကျုပ်ကို သူ့ရဲ့ ကြီးကျယ်ခမ်းနားတဲ့ ရည်မှန်းချက်တွေ အကြောင်း ပြောခဲ့တာကို ကျုပ်မှတ်မိနေသေးတယ်။ အခုတော့ ကျုပ်က အကောင်းဆုံး အချိန်မှာ ရှိနေတုန်း လုရှင်းချူးကတော့ ပျောက်ကွယ်လုနီးပါး ဖြစ်သွားမယ်ဆိုတာ မမျှော်လင့်ခဲ့ဘူး။”
“သူ အခု မစွမ်းဆောင်နိုင်တော့တဲ့အတွက် ကျုပ်လည်း ကောင်းမှုတစ်ခု လုပ်တဲ့အနေနဲ့ တစ်ချိန်တုန်းက သူ့ရဲ့ ကြီးကျယ်ခမ်းနားတဲ့ ရည်မှန်းချက်တွေကို အကောင်အထည်ဖော်ဖို့ ကူညီလိုက်တာ ကောင်းပါတယ်။ ဟားဟားဟား...”
ဝူဧကရာဇ် ရယ်မောနေစဉ် ရုတ်တရက် အရေးပေါ် စစ်ရေးထောက်လှမ်းရေး သတင်းပို့ရန် စစ်သားတစ်ဦး ခန်းမထဲသို့ ဝင်လာသည်။
“မင်းကြီး။ မြောက်ပိုင်းပြည်နယ်က ပုံမှန်မဟုတ်တဲ့ လှုပ်ရှားမှုတွေ လုပ်နေပါတယ်။”
ဝူဧကရာဇ်၏ ရယ်သံ ရုတ်တရက် ရပ်တန့်သွားသည်။
ထို့နောက် သူ၏မျက်နှာတွင် ရှုပ်ထွေးမှုများဖြင့် ပြည့်နှက်သွားသည်။ မြောက်ပိုင်းပြည်နယ်၏ လှုပ်ရှားမှုများက သူတို့နှင့် ဘာဆိုင်လို့လဲ။
မြောက်ပိုင်းပြည်နယ်သည် ဝူနိုင်ငံတော်နှင့် နယ်နိမိတ်ချင်း ထိစပ်နေခြင်း မရှိပေ။ သူတို့ ပုန်ကန်နေပြီး တောင်ဘက်သို့ စစ်ချီကာ ရှနိုင်ငံတော်ကို တိုက်ခိုက်ရန် ပြင်ဆင်နေခြင်းလား။
ထိုသို့ဖြစ်ပါက ဝမ်းသာစရာပင်ဖြစ်မည်။
ထိုအချိန်တွင် မိန်းမစိုးက စစ်သားဆီ လျင်မြန်စွာ သွားပြီး သူ၏လက်ထဲမှ ထောက်လှမ်းရေး အစီရင်ခံစာကိုယူကာ ဝူဧကရာဇ်အား ပေးအပ်လိုက်သည်။
ထောက်လှမ်းရေး အချက်အလက်ကို ဖတ်လိုက်သည်နှင့် ဝူဧကရာဇ်၏မျက်နှာ ချက်ချင်း မှောင်မိုက်သွားသည်။
မြောက်ပိုင်းပြည်နယ်သည် တောင်ဘက်သို့ စစ်ချီပြီး ရှနိုင်ငံတော်နန်းတွင်းကို တိုက်ခိုက်နေပြီဟု အစက သူထင်ခဲ့သည်။ သို့သော် မြောက်ပိုင်းပြည်နယ်သည် ချီပြည်နယ်မှ ယုံအန်းခရိုင်ကို ဝယ်ယူခဲ့ပြီး ဝူနိုင်ငံတော်နှင့် တိုက်ရိုက် နယ်နိမိတ်ချင်း ထိစပ်စေခဲ့သည်။
ထို့ပြင် ရိုးရိုးနယ်နိမိတ်ထိစပ်မှုသာမဟုတ်ပါ။ မြောက်ပိုင်းပြည်နယ်သည် ချက်ချင်းပင် ယုံအန်းခရိုင်တွင် သံချပ်ကာမြင်းတပ် သုံးသောင်းကို တပ်စွဲထားလိုက်သည်။
မြောက်ပိုင်းပြည်နယ် ဘာကိုရည်ရွယ်နေသနည်း။
ယုံအန်းခရိုင်ကဲ့သို့သော သေးငယ်သည့်နယ်မြေတွင် သံချပ်ကာမြင်းတပ် သုံးသောင်းကို တပ်စွဲထားခြင်းဖြစ်သည်။
ထိုသို့ပြုလုပ်ခြင်းမှာ ဝူနိုင်ငံတော်ကိုသာ ရည်ရွယ်နေကြောင်း ထင်ရှားနေသည်။
ဝူဧကရာဇ်၏ မျက်နှာအမူအရာကို မြင်သောအခါ ခန်းမအတွင်းရှိ ဝန်ကြီးများ အံ့အားသင့်သွားကြသည်။ မြောက်ပိုင်းပြည်နယ်က မည်သို့လုပ်ဆောင်ခဲ့၍ ဝူဧကရာဇ်ကို ဤမျှ စိတ်သောကရောက်စေပါသနည်း။
ထိုစဉ် ဝူဧကရာဇ်က
“မြောက်ပိုင်းပြည်နယ်က ယုံအန်းခရိုင်ကို ချီပြည်နယ်ဆီကနေ ဝယ်ပြီး သံချပ်ကာ မြင်းတပ် သုံးသောင်း ချထားလိုက်ပြီ။”
ထိုစကားကို ကြားသောအခါ ခန်းမတစ်ခုလုံး ဆွေးနွေးသံများဖြင့် ဆူညံသွားတော့သည်။
“မြောက်ပိုင်းပြည်နယ်က ယုံအန်းခရိုင်ကို
ချီပြည်နယ်ဆီကနေ ဝယ်ယူလိုက်တယ်ဆိုတော့ သူတို့က ဝူနိုင်ငံတော်နဲ့ နယ်နိမိတ်ချင်း ထိစပ်သွားပြီပေါ့။”
“သူတို့ရဲ့ ရည်ရွယ်ချက်က ဘာလဲ”
“သူတို့က ယုံအန်းခရိုင်ကို ရတာနဲ့ သံချပ်ကာ မြင်းတပ်အင်အား သုံးသောင်းကို ချက်ချင်း ချထားလိုက်တယ်။ သူတို့ ဝူနိုင်ငံတော်ကို ပစ်မှတ်ထားတာ သေချာတယ်။”
“မင်းသမီး ဝူကျန်းဝမ်က မြောက်ပိုင်းပြည်နယ်နဲ့ ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ်ကို အခုပဲ လက်မှတ်ရေးထိုးခဲ့တာ မဟုတ်ဘူးလား။ ဘာလို့ သူတို့ ဒီလိုလုပ်ရတာလဲ”
အရာရှိများ၏ ဆွေးနွေးသံများကို နားထောင်ရင်း ဝူဧကရာဇ်က
“မြောက်ပိုင်းနယ်စားမင်းသားရဲ့ လုပ်ရပ်နောက်ကွယ်က ရည်ရွယ်ချက်က ဘာလဲလို့ ခင်ဗျားတို့အားလုံး ထင်မြင်ကြလဲ။”
ထိုစကားကို ကြားသောအခါ ဝန်ကြီးတစ်ဦး ထွက်လာပြီး
“မင်းကြီး။ မြောက်ပိုင်းနယ်စားမင်းသားက ယုံအန်းခရိုင်ကနေ ချီပြည်နယ်ကို ကျော်ဖြတ်ပြီး ရှနိုင်ငံတော်ကို တိုက်ခိုက်ချင်တာ ဖြစ်နိုင်ပါတယ်။”
ဝန်ကြီး ထင်မြင်ချက်နောက်တွင် ဝူဧကရာဇ်က ဆက်၍
“ကျုပ်ခုနက အပြည့်အစုံ မရှင်းပြရသေးဘူး။ မြောက်ပိုင်းပြည်နယ်က ယုံအန်းခရိုင်ကို ဝယ်ယူခဲ့ပေမဲ့ တစ်ဝက်ပဲ ဝယ်ခဲ့တာဖြစ်ပြီး သူတို့ဝယ်ခဲ့တဲ့ တစ်ဝက်က ရှနိုင်ငံတော် ထိန်းချုပ်ထားတဲ့ နယ်မြေတွေနဲ့ နယ်နိမိတ်ချင်း မထိစပ်ဘူး။”
ဒါက...
ဝူဧကရာဇ်၏ စကားကို ကြားသောအခါ ဝန်ကြီးများ ခဏခန့် ဇဝေဇဝါ ဖြစ်သွားကြသည်။
မြောက်ပိုင်းပြည်နယ်က ယုံအန်းခရိုင်ကို ဝယ်ယူပြီး ရှနိုင်ငံတော် ထိန်းချုပ်ထားတဲ့ မြို့တွေကို ပစ်မှတ်ထားမည်ဟု အများစုက ယူဆခဲ့ကြသည်။ ယခုတွင်မူ မြောက်ပိုင်းပြည်နယ်က တစ်ဝက်သာဝယ်ယူပြီး ဝူနိုင်ငံတော်နှင့်သာ နယ်နိမိတ်ထိစပ်နေသည်ကို သိရှိရသောအခါ သူတို့၏ ရည်ရွယ်ချက်က ဝူနိုင်ငံတော်ကိုသာ ဦးတည်နေသည်မှာ ထင်ရှားလာသည်။
ဤသည်မှာ သံချပ်ကာမြင်းတပ် သုံးသောင်းဖြစ်ပြီး မြောက်ပိုင်းပြည်နယ်၏ သံချပ်ကာမြင်းတပ်ဖြစ်သည်။ မြောက်ပိုင်းပြည်နယ် တပ်မတော်၏ စွမ်းရည်ကို ကိုယ်တိုင်မျက်မြင်မတွေ့ဖူးသော်လည်း မြောက်ပိုင်းနယ်စားမင်းသား မြောက်ပိုင်းပြည်နယ်သို့ရောက်ရှိပြီးကတည်းက လွင်ပြင်ဒေသမျိုးနွယ်စုများသည် မြောက်ပိုင်းပြည်နယ်၏ တပ်များကို အနိုင်ယူနိုင်ခြင်းမရှိခဲ့ပေ။
မြောက်ပိုင်းပြည်နယ်၏ သံချပ်ကာမြင်းတပ် သုံးသောင်းသာ ဝူနိုင်ငံတော်အတွင်းသို့ဝင်ရောက်လာပါက ဝူနိုင်ငံတော်အနေနှင့် အနည်းဆုံး စစ်သည်အင်အား တစ်သိန်း ချထားရမည် ဖြစ်သည်။
ထိုစဉ် ဝူဧကရာဇ်၏ မျက်လုံးများ ချိုင်ကျိလျှံထံသို့ ရောက်ရှိသွားသည်။
“ဝန်ကြီးချုပ် ချိုင်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ခင်ဗျားရဲ့ အမြင်က ဘယ်လိုလဲ။”
ချိုင်ကျိလျှံ ခဏမျှ စဉ်းစားပြီးနောက်
“မင်းကြီး၊ မြောက်ပိုင်းပြည်နယ်က ယုံအန်းခရိုင်ကို ဝယ်ယူပြီး တပ်တွေ ချထားတာက အဓိကအားဖြင့် ဝူနိုင်ငံတော်ကို တားဆီးဖို့နဲ့ ရှနိုင်ငံတော်ရဲ့ ပြည်တွင်း မငြိမ်မသက် ဖြစ်နေချိန်မှာ ဝူနိုင်ငံတော်ရဲ့ တိုက်ခိုက်ခြင်းကို ကာကွယ်ဖို့လို့ ကျွန်တော် ထင်ပါတယ်။”
ဝူဧကရာဇ်က
“ဆွမ်ဧကရာဇ်က အသက်အန္တာရယ်ရှိ နေပြီ။ မြောက်ပိုင်းနယ်စားမင်းသားက ထီးနန်းကို သိမ်းပိုက်ဖို့ မစဉ်းစားပဲ ဘာလို့ သူက ဝူနိုင်ငံတော်ကို ခုခံနေရတာလဲ။”
ချိုင်ကျိလျှံက
“မြောက်ပိုင်းနယ်စားမင်းသားက အဲဒီရာထူးကို ချက်ချင်း မယှဉ်ပြိုင်ဖို့ စဉ်းစားထားတာ ဖြစ်နိုင်ပါတယ်။ မြောက်ပိုင်းပြည်နယ်မှာ ခိုင်မာတဲ့ စစ်အင်အား ရှိပေမဲ့ စီးပွားရေးအင်အား မရှိပါဘူး။ မြောက်ပိုင်းနယ်စားမင်းသား အဲဒီကို ရောက်တုန်းက မြောက်ပိုင်းပြည်နယ်မှာ ဘာမှ မရှိဘူး။ အခြေခံအဆောက်အအုံတောင် မရှိပါဘူး။
မြောက်ပိုင်းပြည်နယ် အခုလို တိုးတက်လာတာက မြောက်ပိုင်းနယ်စားမင်းသားက ကူးသန်းရောင်းဝယ်ရေးကို အလေးထားပြီး နိုင်ငံရဲ့ စားနပ်ရိက္ခာနဲ့ အဝတ်အထည် ပြတ်လပ်မှုကို ကုန်သွယ်မှုကနေတစ်ဆင့် ဖြေရှင်းခဲ့တာကြောင့်ပါ။”
............
အခန်း (၄၈၉)
ဝန်ကြီးချုပ်ရာထူးကို စွန့်လွှတ်ရန် ဆန္ဒရှိပါသည် (၂)
“မြောက်ပိုင်းပြည်နယ်ဟာ အခုအချိန်မှာ အလွန်အားနည်းနေဆဲဖြစ်ပြီး အကြီးစားစစ်ပွဲဖြစ်ပွားပါက မြောက်ပိုင်းရဲ့ သယံဇာတအရင်းအမြစ်တွေနဲ့ ရှနိုင်ငံတော်တစ်ခုလုံးကို သိမ်းပိုက်ဖို့ မြောက်ပိုင်းပြည်နယ်တပ်မတော်အတွက် အလွန်ခက်ခဲပါလိမ့်မယ်။”
“ဒါ့ကြောင့် မြောက်ပိုင်းနယ်စားမင်းသားအတွက် အကောင်းဆုံးရွေးချယ်မှုက အချိန် စောင့်ဆိုင်းပြီး မြောက်ပိုင်းပြည်နယ် ဖွံ့ဖြိုးတိုးတက်မှုကို တည်ငြိမ်အောင် လုပ်ဆောင်ကာ ရှနိုင်ငံတော်အတွင်းနယ်စားများ အချင်းချင်း စစ်ဖြစ်ပြီး အားနည်းသွားသည့်အခါမှ အကျိုးအမြတ်ရယူရန် ဖြစ်ပါတယ်။”
ချိုင်ကျိလျှံ၏ စကားများကို ကြားသောအခါ ဝူဧကရာဇ်က
“ဒါဆို ခင်ဗျားပြောချင်တာက မြောက်ပိုင်းနယ်စားမင်းသားရဲ့ အတွေးတွေက ကျုပ်နဲ့ တူနေတယ်လို့ ဆိုလိုတာလား။”
ချိုင်ကျိလျှံက
“ကျွန်တော် အဲ့ဒီလို ထင်မြင်မိပါတယ်”
ဝူဧကရာဇ်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး
“ အဲ့ဒီလိုဆိုရင်တော့ မြောက်ပိုင်းနယ်စားမင်းသားက ယုံအန်းခရိုင်ကို ရရချင်း သံချပ်ကာ မြင်းတပ်အင်အား သုံးသောင်းကို ချက်ချင်း စေလွှတ်လိုက်တာ အံ့သြစရာ မရှိပါဘူး။”
“ဒီလိုဆိုရင် ကျုပ်တို့က ရှနိုင်ငံတော်ကို စစ်တပ် စေလွှတ်ချင်ရင် မြောက်ပိုင်းပြည်နယ်ကို အရင်ကျော်ဖြတ်ရမယ်။”
ထိုအချိန်တွင် ဝူဧကရာဇ် နက်ရှိုင်းစွာ တွေးတောသွားပြီး ရှနိုင်ငံတော်သို့ စစ်ချီရန် တိုက်တွန်းနေသော ဝန်ကြီးများလည်း တိတ်ဆိတ်စွာ စဉ်းစားသွားကြသည်။
လက်ရှိအခြေအနေအရ ဝူနိုင်ငံတော်က ရှနိုင်ငံတော်သို့ စစ်ချီပါက မြောက်ပိုင်းပြည်နယ်က ဝူနိုင်ငံတော်ကို ပြန်တိုက်မည်မှာ သေချာသည်။ မြောက်ပိုင်း၏ စစ်အင်အားမှာ မနည်းလှသဖြင့် စစ်မျက်နှာ နှစ်ဖက် တစ်ပြိုင်နက်တည်း ဖွင့်ရန်မှာ ဝူနိုင်ငံတော်အတွက် အလွန်အဆင်မပြေပေ။
သူတို့ နည်းလမ်းတစ်ခုကို စဉ်းစားရမည်။ အကောင်းဆုံးက ကျူးနိုင်ငံတော်ကိုပါ စည်းရုံးမည့် နည်းလမ်းဖြစ်သည်။
အချိန်အတော်ကြာပြီးနောက် ဝူဧကရာဇ်က သူ့ဘေးနားရှိ မိန်းမစိုးတစ်ဦးကို လှည့်ကြည့်ပြီး
“မင်းသမီး ကျန်းဝမ်ကို စည်းဝေးပွဲ ပြီးတဲ့အခါ စာကြည့်ခန်းကို လာခဲ့ဖို့ အကြောင်းကြားလိုက်။ ကျုပ်သူ့နဲ့ ဆွေးနွေးစရာ ကိစ္စတွေ ရှိတယ်။”
“ဟုတ်ကဲ့ပါ မင်းကြီး။”
မိန်းမစိုး ထွက်သွားပြီးနောက် ဝူဧကရာဇ်က
“ရှနိုင်ငံတော်ကို ချေမှုန်းဖို့ ဝူနိုင်ငံတော် တစ်ခုတည်းအတွက် အနည်းငယ် ခက်ခဲတယ်။ ကျုပ်က ကျူးနိုင်ငံတော်နဲ့ မဟာမိတ်ဖွဲ့ပြီး ရှနိုင်ငံတော်ကို ပူးပေါင်းတိုက်ခိုက်ဖို့ စဉ်းစားထားတယ်။”
ဝူဧကရာဇ်၏ စကားကို ကြားသောအခါ ယဉ်ကျေးမှုဝန်ကြီးက ထရပ်လိုက်ပြီး
“မင်းကြီးရဲ့ အစီအစဉ်က တကယ်ကို ကောင်းမွန်လွန်းပါတယ်။ ကျူးနိုင်ငံတော်က မြောက်ပိုင်းပြည်နယ်ကို ဟန့်တားပေးမယ်ဆိုရင် ကျွန်တော်တို့ ဝူနိုင်ငံတော်က ရှနိုင်ငံတော်ကို အလွယ်တကူ တိုက်ခိုက်နိုင်မှာပါ။ ကျူးနိုင်ငံဟာ လွင်ပြင်ဒေသ မျိုးနွယ်စုတွေကို တွန်းလှန်နိုင်ခဲ့တာကြောင့် သူတို့က မြောက်ပိုင်းပြည်နယ်လို ပြည်နယ်လေးတစ်ခုကို ပြဿနာမရှိပဲ ကိုင်တွယ်နိုင်မှာ သေချာပါတယ်။”
ထိုစကားကို ကြားပြီးနောက် ဝူဧကရာဇ်က
“ ဒါပေမဲ့ မင်းသမီး ကျန်းဝမ် ကျူးနိုင်ငံတော်ကို စည်းရုံးနိုင် မနိုင်ဆိုတာတော့ မသေချာသေးဘူး။”
ထို့နောက် ဝူဧကရာဇ်က အခန်းထဲရှိ အရာရှိများကို ကြည့်ပြီး
“ကျုပ်ရဲ့ မှူးမတ်များအနေနဲ့ တခြား ပြောစရာ ကိစ္စများ ရှိကြသေးသလား။ မရှိတော့ရင် ဒီမနက် နန်းတွင်း စည်းဝေးပွဲကို နိဂုံးချုပ်ပြီ။”
ထိုအခါ အရာရှိတစ်ဦး ထွက်လာပြီး
“မင်းကြီး။ မင်းသမီး ဝူကျန်းဝမ်ဟာ ထိမ်းမြားဖို့ သင့်တော်တဲ့ အသက်အရွယ်ကို ရောက်ရှိနေပြီဖြစ်လို့ သူ့အတွက် မင်းသား ရွေးချယ်ပေးဖို့ အချိန်တန်ပါပြီ။”
စကားဆုံးသည်နှင့် ခန်းမတစ်ခုလုံး တိတ်ဆိတ်သွားပြီး အသက်ရှူသံများပင် ကြားနေရသည်။ မှူးမတ်အားလုံး၏ အကြည့်များက ဝူဧကရာဇ်အပေါ် ကျရောက်နေပြီး သူ၏ တုံ့ပြန်မှုကို စောင့်ဆိုင်းနေကြသည်။
မင်းသမီး ဝူကျန်းဝမ်၏ ထိမ်းမြားခြင်းသည် နန်းတွင်း မှူးမတ်များအကြား အမြဲတမ်း စိုးရိမ်စရာ ကိစ္စတစ်ခု ဖြစ်ခဲ့သည်။ ယခု မင်းသမီး ဝူကျန်းဝမ်သည် တစ်ကိုယ်တည်း ရှိနေဆဲ ဖြစ်ရာ ဝူဧကရာဇ်က သူမကို ထီးနန်းဆက်ခံသူအဖြစ် ရည်ရွယ်ထားပြီး နောက်မှ နန်းတော်ထဲသို့ သူ့မအတွက်ခင်ပွန်း တစ်ဦး ခေါ်ယူရန် စီစဉ်နေတာလားဟု အများအပြားက စိုးရိမ်ကြသည်။
မှူးမတ် အတော်များများက မင်းသမီးကို စောစော ထိမ်းမြားပေးနိုင်လျှင် သူမ၏ အိမ်ထောင်သည် ဘဝကို အကြောင်းပြု၍ သူမ၏ အာဏာကို တဖြည်းဖြည်း လျှော့ချနိုင်မည်ဟု စဉ်းစားနေကြသည်။
တော်ဝင်မိသားစု အတွက်မူ အသက်သုံးဆယ်ကျော်ပြီ ဖြစ်သည့် မင်းသမီးတစ်ပါး အိမ်ထောင် မပြုသေးသည်မှာ မူမမှန်ပေ။ သူမ တစ်ခုခု ကြံစည်နေသည်ဟု ဆိုလိုသည်။ သူမ အိမ်ထောင် မပြုသေးသရွေ့ သူတို့ စိတ်မချနိုင် ဖြစ်နေကြသည်။ သူမ ဝူနိုင်ငံတော်၏ အနာဂါတ် ဧကရာဇ် ဖြစ်လာမည်ကို အမြဲတမ်း စိုးရိမ်နေကြသည်။
ဝူကျန်းဝမ်၏ ထိမ်းမြားခြင်း ကိစ္စကို တစ်စုံတစ်ဦးက ထုတ်ဖော် ပြောဆိုလာသည်ကို မြင်သောအခါ ဝူဧကရာဇ်က ပြုံးလျက်
“ခင်ဗျားတို့အားလုံးက ကျန်းဝမ်ရဲ့ တစ်သက်တာ ပျော်ရွှင်မှုကို ကျုပ်ထက်တောင် ပိုပြီး ဂရုစိုက်ကြပုံပဲ။”
“ဒါပေမဲ့ သူ အိမ်ထောင်ပြုချင်တဲ့ အချိန်ကျမှပဲ သူ့အတွက် ခင်ပွန်း ရွေးချယ်ပေးမယ်လို့ ကျုပ် တစ်ချိန်က ကတိပေးခဲ့ဖူးတယ်။”
“ခု သူအိမ်ထောင်ပြုဖို့ စိတ်မပါသေးတာကြောင့် ဒီကိစ္စကို နောက်မှပြောကြစို့။”
ဤစကားကို ကြားသောအခါ တော်ဝင်မျိုးနွယ်ထဲမှ သက်ကြီးဝါကြီး တစ်ဦးက စိတ်မထိန်းနိုင်တော့ပဲ ချက်ချင်း ထရပ်ပြီး
“မင်းကြီး။ ရှေးခေတ်ကတည်းက ဝူနိုင်ငံတော်ရဲ့ အမျိုးသမီးတွေဟာ ဆယ့်ခြောက်နှစ်အရွယ်မှာ ထိမ်းမြားခဲ့ကြတာပါ။ အသက်သုံးဆယ်ကျော်သည်အထိ အိမ်ထောင် မပြုပဲ နေတာမျိုးကို မကြားဖူးပါဘူး။”
“မင်းသမီးက အိမ်ထောင်ပြုဖို့ ဆက်လက် ငြင်းဆန်နေမယ်ဆိုရင် တခြား အမျိုးသမီးတွေပါ သူ့နောက် လိုက်လာတာမျိုး မလွဲမသွေ ဖြစ်လာပါလိမ့်မယ်။ ဝူနိုင်ငံတော်ရဲ့ အမျိုးသမီးတွေ အိမ်ထောင် မပြုချင်ကြတော့ဘူးဆိုရင် ကျွန်တော်တို့ရဲ့ လူဦးရေ သိသိသာသာ လျော့နည်းသွားနိုင်ပြီး ဝူနိုင်ငံရဲ့ အခြေခံအုတ်မြစ်တွေကို ထိခိုက်စေပါလိမ့်မယ်။”
“တော်ဝင်မိသားစုဝင် မင်းသမီးအနေနဲ့ မင်းကြီးက သူ့ကို မင်းသမီးကြီး ဝူကျန်းဝမ်အဖြစ် ခန့်အပ်ထားပေမဲ့ သူ့မှာ အထူးအခွင့်အရေးတွေ မရှိသင့်ပါဘူး။ ကျေးဇူးပြုပြီး မင်းသမီးအတွက် အိမ်ထောက်ဖက်ကို
အမြန်ဆုံး အဆင်ပြေအောင် ရှာဖွေပေးပါ”
ထိုစကားများကို ကြားသောအခါ ဝူဧကရာဇ်၏ မျက်နှာ အမူအရာ မှောင်မိုက်သွားသည်။ ဒီလူတွေ ဘာတွေးနေကြသည်ဆိုတာကို ဧကရာဇ်တစ်ပါးအနေနှင့် မည်သို့ မသိပဲ ရှိမည်နည်း။
သူတို့က ဝူကျန်းဝမ်ကို ထီးနန်းလွှဲပြောင်းပေးမည်ကို ကြောက်ရွံ့နေကြခြင်းသာဖြစ်သည်။
သူ ဝူကျန်းဝမ်ကို လွန်ခဲ့သည့် နှစ်များစွာက မင်းသမီးကြီး ဝူကျန်းဝမ်အဖြစ် ခန့်အပ်ခဲ့သည့် အကြောင်းအရင်းမှာ အထူးအခြေအနေများကြောင့် ဖြစ်သည်။ သို့သော် ဒါက ရှေးရိုးစဉ်လာကို ဖီဆန်ကာ အမျိုးသမီးတစ်ဦးအား ထီးနန်းလွှဲပြောင်းပေးမည်ဟု မဆိုလိုပေ။
ထို့နောက် ဝူဧကရာဇ်က
“ဒီကိစ္စကို ကျန်းဝမ်နဲ့ နောက်မှ ဆွေးနွေးမယ်။ ကျုပ်ရဲ့ မှူးမတ်များဆီမှာ အခြားကိစ္စများ ရှိကြသေးသလား။ မရှိတော့ရင် နန်းတွင်း စည်းဝေး ရပ်နားပြီ။”
ဝူဧကရာဇ်က ရှင်းလင်းသော အဖြေ မပေးသည်ကို မြင်သောအခါ သူမကို ထိမ်းမြားပေးရန် ရည်ရွယ်ချက် မရှိသေးကြောင်း မူးမတ်များ နားလည်လိုက်ကြသည်။
ထိုစဉ် ချိုင်ကျိလျှံ ရုတ်တရက် ထရပ်လိုက်ပြီး ရဲရဲဝံ့ဝံ့ပင်
“ ကျွန်တော်ဟာ မင်းသမီး ဝူကျန်းဝမ်ကို ကြာမြင့်စွာကတည်းက ကြိုက်နှစ်သက်နေခဲ့ပါတယ် မင်းကြီး။ မင်းကြီးက ကျွန်တော့်ကို သူနဲ့ ထိမ်းမြားခွင့် ပြုဖို့ ရိုသေစွာ လျှောက်ထားပါတယ်။”
ထိုစကားများကို ကြားသောအခါ ခန်းမတစ်ခုလုံး သေဆုံးနေသကဲ့သို့ တိတ်ဆိတ်သွားသည်။
ချိုင်ကျိလျှံနှင့် မင်းသမီး ဝူကျန်းဝမ်တို့၏ ဆက်ဆံရေး သာမန် မဟုတ်သည်ကို လူအတော်များများက သိနှင့်ပြီး ဖြစ်သည်။ သို့သော် ချိုင်ကျိလျှံက ဝူဧကရာဇ်ထံမှ မင်းသမီး ဝူကျန်းဝမ်ကို တောင်းရဲလိမ့်မည်ဟု မည်သူမှ မထင်ခဲ့ပေ။
မူးမတ်များ၏ စိတ်ထဲတွင် အတွေးတစ်ခု ဖြတ်သန်းသွားသည်။ ချိုင်ကျိလျှံ ရူးသွားပြီလားဟူ၍ဖြစ်သည်။
သူက ဝန်ကြီးချုပ်ရာထူးကို ဆက်မလုပ်တော့ပဲ မင်းသမီး ဝူကျန်းဝမ်ကို လက်ထပ်ချင်နေသည်။
သမိုင်းတစ်လျှောက်လုံးတွင် ဝူနိုင်ငံတော် မင်းသမီးများ၏ ခင်ပွန်းများသည် အရေးကြီးသော တာဝန်များကို မည်သည့်အခါကမှ မရခဲ့ကြပေ။ တရားဝင် ရာထူးများ ရရှိထားသူများပင်လျှင် တော်ဝင်မိသားစုထဲသို့ လက်ထပ်ဝင်ရောက်ပြီးပါက အာဏာလုခြင်းမှ ကာကွယ်ရန် ရာထူးမှ ဖယ်ရှားခြင်း ခံရသည်။
............