အခန်း ၄၉၀-၄၉၂
Vol. 33 Ch. 490-492
အခန်း (၄၉၀)
ဝန်ကြီးချုပ်ရာထူးကို စွန့်လွှတ်ရန် ဆန္ဒရှိပါသည် (၃)
မင်းသမီးများ၏ ခင်ပွန်းများကို ယေဘုယျအားဖြင့် အလွန်အကျွံ အားကိုး၍ မရနိုင်ပါ။ အထူးသဖြင့် မင်းသမီးကြီးရာထူးရှိသူများ၏ ခင်ပွန်းမျိုးဖြစ်သည်။
မင်းသမီးကြီး၏ ရာထူးနှင့် အနေအထားအရ မည်သူမဆို သူမကို လက်ထပ်ခဲ့လျှင် ထိုသူ၏အရာရှိဘဝ ပြီးဆုံးသွားကြောင်း လက်မှတ်ထိုးလိုက်ခြင်းပင် ဖြစ်သည်။
သို့သော် ချိုင်ကျိလျှံသည် ဝန်ကြီးချုပ်ဖြစ်ပြီး သူသာ မင်းသမီး ကျန်းဝမ်ကို လက်ထပ်ပြီး ရာထူး မဆုံးရှုံးခဲ့ပါက နန်းတွင်း၌ မင်းသမီး ကျန်းဝမ်၏အင်အား အလွန်ကြီးမားသွားပေလိမ့်မည်။ ထို့ကြောင့် ချိုင်ကျိလျှံက မင်းသမီးကို တကယ် လက်ထပ်ခဲ့ပါက သူ၏ဝန်ကြီးချုပ်ရာထူးမှ နုတ်ထွက်ရမည် ဖြစ်သည်။
အချို့က ဇဝေဇဝါ ဖြစ်နေကြပြီး ချိုင်ကျိလျှံ ဘာဖြစ်သွားမှန်း နားမလည်ခဲ့ကြပေ။
သို့သော် ထိုအချိန်တွင် ဝူဧကရာဇ်က အနည်းငယ်ပြုံးပြလိုက်ပြီး
“ချိုင်။ ခင်ဗျားက ကျုပ်ရဲ့ အလေးထားရဆုံး ဝန်ကြီးပဲ။ သေချာ စဉ်းစားပါ။ ခင်ဗျားက အခု ဝန်ကြီးချုပ်ပဲ။ ခင်ဗျား ကျန်းဝမ်ကို တကယ် လက်ထပ်ခဲ့ရင် လိကျန်းနန်းတော် တံခါးဝကို နေ့တိုင်း ဝင်နိုင်တော့မှာ မဟုတ်ဘူး။”
ချိုင်ကျိလျှံက
“ကျွန်တော် သေချာ စဉ်းစားပြီးပါပြီ မင်းကြီး။ မင်းသမီးအတွက် ဝန်ကြီးချုပ်ရာထူးကို စွန့်လွှတ်ဖို့ ဆန္ဒရှိပါတယ်။”
ချိုင်ကျိလျှံ၏ ဦးနှောက်ထဲ ဘာများဖြစ်နေမှန်း နားမလည်နိုင်ကြပေ။
ချိုင်ကျိလျှံ၏ စကားများကို ကြားသောအခါ ခန်းမဆောင်ထဲရှိ မှူးမတ်များက ဤလူသည် ဦးနှောက်မကောင်းပဲ အမျိုးသမီးတစ်ဦးအတွက် အရာရှိဘဝကို စွန့်လွှတ်နေသည်ဟု တွေးမိကြသည်။
ဝန်ကြီးချုပ်ရာထူးသည် ဝူနိုင်ငံတော်တွင် အန္တရာယ်များသော အလုပ်အကိုင် ဖြစ်ပြီး ဆယ်ဦးလျှင် ကိုးဦးမှာ မကောင်းသော အဆုံးသတ်နှင့် ကြုံတွေ့ရသော်လည်း ဝန်ကြီးချုပ်သည် ဝန်ကြီးချုပ်ပင် ဖြစ်သည်။ ကြီးမားသော အာဏာကို ကိုင်စွဲထားသည်။ သို့သော် ဤလူက ထိုရာထူးကို စွန့်လွှတ်ရန် ပေါ့ပေါ့ပါးပါး ပြောဆိုနေသည်။
ထိုစဉ် ဝန်ကြီးတစ်ဦးက ရှေ့ထွက်ပြီး
“မင်းကြီး။ ချိုင်လူကြီးမင်းဟာ ထူးချွန်ထက်မြက်သူဖြစ်ပြီး ဝူနိုင်ငံတော်အတွက် သူ့ကိုယ်သူ အနစ်နာခံပြီး အမှုထမ်းခဲ့ပါတယ်။ သူက မင်းသမီးနဲ့ ထိုက်တန်ပါတယ်။ ချိုင်လူကြီးမင်းက မင်းသမီး အတွက် ဝန်ကြီးချုပ်ရာထူးကို စွန့်လွှတ်ဖို့ ဆန္ဒရှိတာကြောင့် မင်းကြီးက သူ့ကို ထိမ်းမြားခွင့် ပြုတော်မူပါရန် ရဲရဲဝံ့ဝံ့ လျှောက်ထားပါတယ်။”
ယခုတစ်ကြိမ်တွင် ဝူဧကရာဇ် ဒေါသ မထွက်တော့ပေ။ ထို့နောက်
“ချိုင်။ ခင်ဗျားရဲ့ ဆန္ဒကို ကျုပ်သိပြီ။ ဒါပေမဲ့ ကျန်းဝမ်ရဲ့ ထိမ်းမြားခြင်းက သူ့ကိုပဲ ဆုံးဖြတ်ခွင့် ပေးမယ်လို့လည်း ကျုပ် ပြောခဲ့ဖူးတယ်။ ဒီလိုလုပ်လိုက်ကြစို့။ ကျုပ် အခွင့်အရေးရှာပြီး သူ့ဆန္ဒကို မေးကြည့်မယ်။”
“ကောင်းပြီ။ ဒီကိစ္စကို ဒီမှာပဲ ရပ်လိုက်ကြပါစို့။ ကျုပ်ရဲ့ မှူးမတ်များ တခြား ကိစ္စများ ရှိသေးသလား။ တခြား ဘာမှ မရှိတော့ရင် နန်းတွင်းကနေ ထွက်ခွာနိုင်ပြီ။”
ဝူဧကရာဇ်၏ ဤစကားများကိုကြားသော အချို့ဝန်ကြီးများ ချက်ချင်းနားလည်သွားကြသည်။
သူတို့ လှည့်စားခံလိုက်ရပြီဖြစ်သည်။
ချိုင်ကျိလျှံသည် မင်းသမီး ကျန်းဝမ်ကို နှစ်သက်သည်မှာ အမှန်ဖြစ်ပြီး သူတို့နှစ်ဦး၏ ဆက်ဆံရေးသည်လည်း အမြဲကောင်းမွန်နေခဲ့သည်။ ချိုင်ကျိလျှံသည် မင်းသမီး၏ ဂိုဏ်းဝင်ဖြစ်ကြောင်း လူတိုင်းသိကြသည်။ ထို့ကြောင့် သူသည် သူမအတွက် နန်းတွင်းတွင် ဆက်လက်နေထိုင်မည်ဖြစ်ပြီး မင်းသမီးနှင့် လက်ထပ်ရန် အဆိုပြုမည်မှာ မဖြစ်နိုင်ပေ။
ထိုကိစ္စကို အခု သူထုတ်ပြောခြင်းက
ချိုင်ကျိလျှံသည် မင်းသမီးကြီးကို မျှော်မှန်းထားပြီး အခြားသူများ ဘေးဖယ်ပေးသင့်သည်ဟု အချက်ပြလိုက်ခြင်းဖြစ်သည်။
ချိုင်ကျိလျှံသည် သူ၏ယုံကြည်ရဆုံးဝန်ကြီးဖြစ်သည့်အတွက် ဝူဧကရာဇ်က မင်းသမီးကို ချိုင်ကျိလျှံနှင့် လက်ထပ်ခွင့်ပြုမည် မဟုတ်ပေ။ နောက်ဆုံးရလဒ်မှာ မင်းသမီး၏ အိမ်ထောင်ရေးကိစ္စဆွေးနွေးမှု ရပ်တန့်သွားခြင်းဖြစ်သည်။
ချိုင်ကျိလျှံ၏ အဆိုပြုချက်ကို နားလည်သွားသောအခါ မူးမတ်အရာရှိများ၏စိတ်ထဲတွင် ပြင်းထန်သော အမုန်းတရားများ ဖြစ်ပေါ်လာကြသည်။
ထိုဖြစ်ရပ်သည် မကြာမီ ပြည်သူလူထု၏ နားထဲသို့ မြန်မြန်ဆန်ဆန် ရောက်ရှိသွားမည်။ ချိုင်ကျိလျှံ မင်းသမီးကို နှစ်သက်ကြောင်း လူတိုင်းသိသွားကြမည်။ တစ်ဦးက ဧကရာဇ်၏ အရေးပါဆုံးဝန်ကြီး၊ အခြားတစ်ဦးက ဧကရာဇ်၏ ရင်နှစ်သည်းချာဖြစ်သဖြင့် သူတို့နှစ်ဦးသည် အလွန်လိုက်ဖက်ပြီး မည်သူမှ ဝင်ရောက်စွက်ဖက်ဝံ့မည် မဟုတ်ပေ။
အကယ်၍ ဝူဧကရာဇ်က အိမ်ထောင်ပြုခွင့်မပြုပါကလည်း သူတို့၏ဆက်ဆံရေးသည် မရေရာစွာ ရှိနေဦးမည်ဖြစ်ပြီး မင်းသမီးကြီးလည်း တစ်ကိုယ်တည်း ဆက်လက်နေထိုင်မည်။ ချိုင်ကျိလျှံလည်း ဝန်ကြီးချုပ်အဖြစ် ဆက်လက်ရှိနေမည်ဖြစ်သည်။
......
ထိုအတောအတွင်း။
လိကျန်းနန်းတော်မှ ထွက်ခွာပြီးနောက် ဝူဧကရာဇ် စာကြည့်ခန်းသို့သွားရောက်ခဲ့၏။ ထိုအချိန်တွင် ဝူကျန်းဝမ်က သူ့အား စောင့်မျှော်နေပြီဖြစ်သည်။
ဝူဧကရာဇ် ဝင်ရောက်လာသည်ကို မြင်သောအခါ ဝူကျန်းဝမ်က ချက်ချင်းပင်
“ဖခင်ဧကရာဇ်ကို ဂါရဝပြုပါတယ်”
ဝူဧကရာဇ်က တိုက်ရိုက်ပင်
“ကျန်းဝမ်။ မင်းအတွက် တာဝန်တစ်ခု ရှိတယ်။”
ဝူဧကရာဇ်တွင် ဝူကျန်းဝမ်အား အောင်မြင်မှုများစွာ ဆက်လက် စုဆောင်းခွင့် ပြုချင်စိတ် မရှိသော်လည်း ရှနိုင်ငံတော်ကို တိုက်ခိုက်ဖို့ ယွဲ့ဧကရာဇ်ကို မဟာမိတ်ဖွဲ့ စည်းရုံးရန်အတွက် သံတမန်အဖြစ် ဝူကျန်းဝမ်သာ လုပ်ဆောင်နိုင်သည်။
ဝူကျန်းဝမ်နှင့် ယွဲ့ဧကရာဇ်တို့၏ ဆက်ဆံရေးမှာ အလွန်ကောင်းမွန်ခဲ့ပြီး သူမသာလျှင် ယွဲ့ဧကရာဇ်ကို စည်းရုံးနိုင်မည့် အခွင့်အရေး ရှိနိုင်သည်။ တခြားတစ်ယောက်ကို ကျူးနိုင်ငံတော်သို့ စေလွှတ်ခြင်းက မအောင်မြင်ဖို့ ပိုများနိုင်သည်။
................
အခန်း (၄၉၁)
ရှင့်ရဲ့လျှို့ဝှက်ရည်ရွယ်ချက်တွေကို ထိန်းချုပ်ထားဖို့ အကြံပြုချင်တယ် (၁)
ဝူဧကရာဇ်၏ စကားများကို ကြားသောအခါ ဝူကျန်းဝမ်က
“ဖခင်ဧကရာဇ်က သမီးတော်ကို ကျူးနိုင်ငံတော်ကို သံတမန်အဖြစ် စေလွှတ်ဖို့ ရည်ရွယ်နေတာလား”
ဟု မေးလိုက်သည်။
ဝူနိုင်ငံတော်၏ အကြီးဆုံး ထောက်လှမ်းရေးအဖွဲ့ကို ချုပ်ကိုင်ထားသည့် ဝူကျန်းဝမ်သည် မြောက်ပိုင်းပြည်နယ်၏ ယုံအန်းခရိုင်တွင် မြေဝယ်ယူခြင်းနှင့် သံချပ်ကာ မြင်းတပ်အင်အား သုံးသောင်း ချထားခြင်းကို အစောကတည်းက သိရှိထားပြီးဖြစ်သည်။
ထို့ကြောင့် ဝူဧကရာဇ် နောက်ထပ်လှမ်းမည့် ခြေလှမ်းများကိုလည်း သူမ အကြမ်းဖျင်း ခန့်မှန်းမိပြီးဖြစ်သည်။ မြောက်ပိုင်းပြည်နယ်သည် ဝူနိုင်ငံတော်နှင့် နယ်နိမိတ်ချင်းထိစပ်လာပြီး နယ်စပ်တွင် သံချပ်ကာမြင်းတပ် သုံးသောင်း စခန်းချထားသည့်အတွက် ဝူနိုင်ငံတော်က ရှနိုင်ငံတော်ကို စစ်ချီပါက မြောက်ပိုင်းပြည်နယ်က ဝူနိုင်ငံတော်ကို ချက်ချင်း တိုက်ခိုက်မည်မှာ သေချာသည်။
လက်ရှိ နန်းတွင်း အစည်းအဝေးပွဲများ၏ ဦးတည်ချက်မှာ ရှနိုင်ငံတော်ကို တိုက်ခိုက်ရန် စစ်တပ် စေလွှတ်ခြင်းကိစ္စကို အဓိကထားသည်။ သူမ၏ ဖခင်ဧကရာဇ်ကို အလွန်နားလည်သော ဝူကျန်းဝမ်လည်း ဝူဧကရာဇ် ရှနိုင်ငံတော်ကို စစ်ရေးအရ အလွယ်တကူ လွှတ်ပေးမည် မဟုတ်ကြောင်း သိသည်။ ထို့ကြောင့် သူမ၏ ဖခင်ဧကရာဇ်၏ နောက်တဆင့် လုပ်ဆောင်ချက်မှာ ရှနိုင်ငံတော်ကို ပူးတွဲ တိုက်ခိုက်ရန် ကျူးနိုင်ငံတော်နှင့် မဟာမိတ်ဖွဲ့ရန် ဖြစ်နိုင်ချေ အလွန်မြင့်မားသည်။
ဝူကျန်းဝမ် သူ၏အကြံအစည်ကို မှန်းဆမိသည်ကို မြင်သောအခါ ဝူဧကရာဇ်က
“မင်း သိနှင့်ပြီးသား ဖြစ်ပုံရတယ်။”
“ခု မြောက်ပိုင်းပြည်နယ်က ယုံအန်းခရိုင်မှာ သံချပ်ကာ မြင်းတပ်အင်အား သုံးသောင်း ချထားပြီးပြီ။ ဝူနိုင်ငံတော်က ရှနိုင်ငံတော်ကို စစ်တပ် စေလွှတ်ခဲ့ရင် မြောက်ပိုင်းပြည်နယ်က ဝူနိုင်ငံတော်ကို တိုက်ခိုက်နိုင်ခြေ အလွန်များတယ်။ ဒါက ဖခင်ကို အလွန် စိုးရိမ်စေတယ်။”
“လက်ရှိအစီအမံက ကျူးနိုင်ငံတော်ကို ဝူနိုင်ငံတော်ဘက်ပါအောင် ဆွယ်ပြီး မြောက်ပိုင်းပြည်နယ်ကို ဟန့်တားစေဖို့ပါ။ ဒီလိုလုပ်မှသာ ဝူနိုင်ငံတော်က ရှနိုင်ငံတော်ကို ချေမှုန်းဖို့ အခွင့်အရေး ရလိမ့်မယ်။”
ဝူကျန်းဝမ်က
“ သမီးတော် ဖခင်ဧကရာဇ်ရဲ့ ရည်ရွယ်ချက်တွေကို နားလည်ပါတယ်။ မနက်ဖြန် ကျူးနိုင်ငံတော်ကို သွားပါမယ်။”
ထိုစကားကို ကြားသောအခါ ဝူဧကရာဇ်က ဝူကျန်းဝမ်ကို ပြုံးလျက် ကြည့်ပြီး
“ဒါဆို မင်းကို ဒုက္ခပေးရတော့မယ်”
ထိုစဉ် ဝူဧကရာဇ် သက်ပြင်းချလိုက်ပြီး ဆက်လက်၍
“ဖခင်ရဲ့ ဝန်ထုပ်ဝန်ပိုးတွေကို လျှော့ချပေးနိုင်တာ ကျန်းဝမ်ပဲ ရှိတယ်။ မင်းရဲ့ မောင်နှမတွေက တစ်ယောက်နဲ့ တစ်ယောက် အသုံးမကျတာ ပြိုင်နေတယ်။ မင်းသာ ယောက်ျားလေး ဖြစ်ခဲ့ရင် ဘယ်လောက် ကောင်းလိုက်မလဲလို့ ဖခင် မကြာခဏ တွေးမိတယ်။”
ဝူဧကရာဇ်၏ စကားလုံးများတွင် ပုန်းကွယ်နေသော အဓိပ္ပါယ်ကို ဝူကျန်းဝမ် ချက်ချင်းသိမြင်လိုက်သည်။ သူမသည် အမျိုးသမီးဖြစ်ပြီး ယောက်ျားမဟုတ်ကြောင်း၊ မဖြစ်နိုင်သော အတွေးများကို မတွေးသင့်ကြောင်း သတိပေးနေခြင်းဖြစ်သည်။
ဝူဧကရာဇ်၏ စကားမှ ဖုံးကွယ်နေသော အဓိပ္ပါယ်ကို သိမြင်သော်လည်း ဝူကျန်းဝမ် စိတ်ထဲ အလေးထားခြင်း မရှိပေ။ သူမသည် ဖခင်၏ သဘောထားကို သိရှိထားတာ ကြာပြီ ဖြစ်သည်။
သူမ၏ဖခင်က သူမအား မင်းသမီးကျန်းဝမ်ဘွဲ့ကို ပေးအပ်ခဲ့သော်လည်း နန်းတွင်းအာဏာမျှတရေးအတွက် သူမ၏အစ်ကို မောင်များကို အားတက်သရော အားပေးနေဆဲဖြစ်သည်။ ဝူမင်းကို မြောက်ပိုင်းပြည်နယ်သို့ သူမနှင့်အတူ စေလွှတ်ခဲ့ခြင်းမှာ သူမအား ထီးနန်းလွှဲပြောင်းပေးရန် ရည်ရွယ်ချက်မရှိကြောင်း ဖော်ပြနေသည်။
ထိုစဉ် ဝူကျန်းဝမ်က
“ဖခင်ဧကရာဇ်။ သမီး ဖခင်ဧကရာဇ်ရဲ့ အဓိပ္ပာယ်ကို နားလည်ပါတယ်။ ဒါတွေအားလုံးဟာ ကျွန်မရဲ့ တာဝန်ပါ။ ဝူနိုင်ငံတော်ရဲ့ မင်းသမီးတစ်ပါးအနေနဲ့ ဒီတာဝန်တွေကို ထမ်းဆောင်သင့်ပါတယ်။”
ဝူကျန်းဝမ်၏ စကားများကို ကြားသောအခါ ဝူဧကရာဇ် ပြုံးလိုက်ပြီး
“ဖခင်ရဲ့ ဒုက္ခတွေကို နားလည်နိုင်တာ ဖခင်ကို အလွန် ပျော်ရွှင်စေပါတယ်။ ကောင်းပြီ။ တခြား ဘာမှ မရှိတော့ရင် သွားပြီး ပြင်ဆင်မှုတွေ လုပ်နိုင်ပြီ။”
ထို့နောက် ဝူကျန်းဝမ်က
“ သမီးတော်ကို သွားခွင့်ပြုပါ။”
ဟု ပြောကာ ဦးညွတ်လိုက်ပြီး နန်းတွင်းစာကြည့်ခန်းမှ ထွက်ခွာသွားခဲ့သည်။
ဝူကျန်းဝမ် စိမ်းလန်းသောမိုးတိမ် ခန်းမဆောင်သို့ ပြန်ရောက်သည့်အချိန်တွင် အစေခံမလေးတစ်ဦး စိတ်လှုပ်ရှားစွာ ဝင်လာပြီး
“ သတင်းကောင်း ရှိပါတယ် မင်းသမီး”
ထိုစကားကို ကြားသောအခါ ဝူကျန်းဝမ်က ဇဝေဇဝါဖြင့်
“ဘာ သတင်းကောင်းလဲ”
ဟု မေးသည်။
အစေခံမလေးက
“ဒီမနက် နန်းတွင်း စည်းဝေးပွဲမှာ တစ်ယောက်က မင်းကြီးကို မင်းသမီးအတွက် ခင်ပွန်းတစ်ဦး ရွေးချယ်ပေးဖို့ အဆိုပြုခဲ့ပါတယ်။ အဲ့ဒီအချိန် ချိုင်လူကြီးမင်းက ချက်ချင်း ရှေ့ထွက်ပြီး မင်းကြီးကို မင်းသမီးနဲ့ လက်ထပ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။”
ထိုစကားကို ကြားသောအခါ ဝူကျန်းဝမ်၏ မျက်နှာ ချက်ချင်း မှောင်မိုက်သွားပြီး အေးစက်စွာဖြင့်
“ဒါကို နင်က သတင်းကောင်းလို့ ခေါ်တာလား။”
ဝူကျန်းဝမ်၏ လေသံတွင် မကျေနပ်မှုကို ပါ နေသောအခါ အစေခံမလေးလည်း ချက်ချင်း ဒူးထောက်၍ ဦးညွှတ်ခါ
“ ကျွန်မ မှားသွားပါတယ်။ မင်းသမီးရဲ့ အတွေးတွေကို ကျွန်မ မခန့်မှန်းသင့်ပါဘူး။ ကျွန်မ သေဒဏ် ထိုက်ပါတယ်။ ကျေးဇူးပြုပြီး မင်းသမီး ကျွန်မကို အပြစ်ပေးပါ။”
ချိုင်ကျိလျှံသည် ဝူကျန်းဝမ် နေထိုင်ရာသို့ မကြာခဏ လာရောက်လည်ပတ်လေ့ရှိပြီး စိမ်းလန်းသောမိုးတိမ် ခန်းမဆောင်ရှိ အစေခံမလေးများနှင့် နန်းတွင်းအစေခံများအားလုံးနီးပါးက ချိုင်ကျိလျှံနှင့် ဝူကျန်းဝမ်တို့တွင် အလွန်ကောင်းမွန်သော ဆက်ဆံရေးရှိပြီး တစ်ယောက်နှင့်တစ်ယောက် ချစ်ခင်ကြသည်ဟု ယုံကြည်ခဲ့ကြသည်။
ချိုင်ကျိလျှံသည် အသက်အရွယ် ရနေပြီ ဖြစ်သော်လည်း အိမ်ထောင် မပြုသေးပဲ မောင်းမပင် မထားသေးသည်ကို ကြည့်ခြင်းဖြင့် သူသည် မင်းသမီး ကျန်းဝမ်ကို စိတ်ဝင်စားနေကြောင်း မည်သူမဆို မြင်နိုင်သည်။
အစေခံမလေးများနှင့် နန်းတွင်းအစေခံများက မင်းသမီးသည် အသက်သုံးဆယ်ကျော်ပြီ ဖြစ်သော်လည်း အိမ်ထောင် မပြုသေးသည်မှာ ချိုင်ကျိလျှံကြောင့် ဖြစ်ရမည်ဟု တွေးမိကြသည်။
ယခု ချိုင်ကျိလျှံက ဧကရာဇ်အား မင်းသမီး ကျန်းဝမ်ကို သူနှင့် လက်ထပ်ပေးရန် အလွန် တက်ကြွစွာ ရှေ့ထွက် တောင်းဆိုခဲ့သည်။ ထို့ကြောင့် မင်းသမီး ကျန်းဝမ်နှင့် ဝန်ကြီးချုပ်ချိုင်တို့ နောက်ဆုံးတွင် လက်ထပ်ပေါင်းသင်းနိုင်တော့မည်ဟု ယုံကြည်ခဲ့သည့် အစေခံမလေးအတွက် သတင်းကောင်း ဖြစ်သည်။
သူတို့ မသိသည်မှာ ဝူကျန်းဝမ်၏ မျက်လုံးထဲတွင် ချိုင်ကျိလျှံသည် နိုင်ငံရေး မိတ်ဖက်မျှသာ ဖြစ်သည်။ သူမ ချိုင်ကျိလျှံအပေါ် အနည်းငယ်ပင် စိတ်ဝင်စားမှု မရှိပေ။
ဝူကျန်းဝမ်သည် အရူးမ မဟုတ်ပေ။ သူမ လျှောက်လှမ်းနေသည့် လမ်းကြောင်းကို သူမ ကောင်းစွာ သိသည်။ သူမ ရွေးချယ်ခဲ့သည့် လမ်းကြောင်းသည် အချစ်ရေး ဆက်နွှယ်မှုများကို တင်းကြပ်စွာ တားမြစ်ထား၏။ ထို့ကြောင့် သူမ၏ နှလုံးသားကို ပိတ်ဆို့ထားခဲ့သည်မှာ ကြမြင့်ပြီဖြစ်ရာ အမျိုးသားများအပေါ် ခံစားချက် ကင်းမဲ့နေသည်။
ဝူကျန်းဝမ်က ဒူးထောက်နေသော အစေခံမလေးကို အေးစက်စွာ တစ်ချက်ကြည့်ပြီး
“နောက်တစ်ခါ ဒီလိုဖြစ်ရင် နင့် အခန်းထဲ ပြန်သွားပြီး ကိုယ့်ကိုယ်ကိုယ် ဆွဲကြိုးချနိုင်ပြီ။”
ထိုစကားကို ကြားသောအခါ အစေခံမလေးက ချက်ချင်းပင်
“မင်းသမီး ကရုဏာ ထားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ အခုကစပြီး ကျွန်မ ပါးစပ်ပိတ်ထားပါ့မယ်။”
ထိုစဉ် လူတစ်ဦး၏ အသံ ထွက်ပေါ်လာပြီး
“မင်းသမီး ဒီနေ့ စိတ်မပျော်ဘူး ထင်တယ်”
ချိုင်ကျိလျှံ ရောက်လာသည်ကို မြင်သောအခါ ဝူကျန်းဝမ်က တိုက်ရိုက်ပင်
“ဒီနေ့ နန်းတွင်းမှာ ဖခင်ဧကရာဇ်ကို စေ့စပ်ပေးဖို့ ရှင် တောင်းဆိုခဲ့တယ်လို့ ကျွန်မကြားတယ်။”
ဝူကျန်းဝမ်၏ လေသံကို ကြားသောအခါ သူမ စိတ်ဆိုးနေကြောင်း ချိုင်ကျိလျှံ သိလိုက်ပြီး ချက်ချင်းပင်
“မင်းသမီး ကျန်းဝမ်။ ကျွန်တော်က မင်းသမီးအတွက် အချိန်ဆွဲဖို့ လုပ်ခဲ့တာပါ။”
“မင်းကြီးက မင်းသမီးကို ကျွန်တော့်လို မှူးမတ်တစ်ဦးနဲ့ ဘယ်တော့မှ လက်ထပ်ပေးမှာ မဟုတ်ဘူးဆိုတာ မင်းသမီး နားလည်သင့်တယ်။ ဒီလိုလုပ်မှ တခြားသူတွေက ကျွန်တော် မင်းသမီးကို နှစ်သက်ကြောင်း သိသွားပြီး မင်းကြီးကို နန်းတွင်းမှာ မင်းသမီးအတွက် သင့်တော်သူ ရှာပေးဖို့ တိုက်တွန်းတာ ရပ်သွားပါလိမ့်မယ်။”
ဝူကျန်းဝမ်က အေးစက်စွာ နှာခေါင်းရှုံ့ပြီး
“ရှင့်ရဲ့လျှို့ဝှက်ရည်ရွယ်ချက်တွေကို ထိန်းသိမ်းထားဖို့ ကျွန်မ အကြံပြုချင်တယ် ချိုင်လူကြီးမင်း “
ထို့နောက် ဝူကျန်းဝမ် လှည့်ပြီး ထွက်သွားသည်။
ဝူကျန်းဝမ်သည် မစဉ်းစားတတ်သူ မဟုတ်ပေ။ ချိုင်ကျိလျှံ၏ လုပ်ရပ်က သူမကို အမှန်ပင် အချိန်အနည်းငယ် ရစေခဲ့ပြီး နီးစပ်ရာအနာဂတ်တွင် မည်သည့် မှူးမတ်မှ သူမ၏ ထိမ်းမြားခြင်းကို ထုတ်ပြောတော့မည် မဟုတ်ပေ။
သို့သော် ထိုလုပ်ရပ်သည် သူမအား ချိုင်ကျိလျှံနှင့် ချည်နှောင်လိုက်ခြင်းလည်း ဖြစ်သည်။ သူတို့၏ ဇာတ်လမ်း လူအများကြား ပျံ့နှံ့သွားသည်နှင့် အရည်အချင်းရှိသော ယောက်ျားတစ်ဦးနှင့် လှပသော အမျိုးသမီးတစ်ဦး၏ အချစ်ဇာတ်လမ်းအဖြစ် ဂုဏ်ပြုခံရမည်မှာ သေချာသည်။ အကယ်၍ ဝူကျန်းဝမ် အနာဂတ်တွင် အမြင့်ဆုံး ရာထူးသို့ တက်လှမ်းခဲ့ပါက သူမအနေနှင့် ချိုင်ကျိလျှံကို မည်သို့ ဆက်ဆံရမည်နည်း။
သူတို့၏ အချစ်ရေးက လူအများကြား ပျံ့နှံ့နေနှင့်ပြီး ဖြစ်ရာ သူမ ချိုင်ကျိလျှံကို ရာထူးတစ်ခု ပေးသင့်သလား။
သူမက ချိုင်ကျိလျှံကို ရာထူးတစ်ခု မပေးခဲ့ပါက သာမန်ပြည်သူများက မည်သို့ပြောကြမည်နည်း။ အများစုက သူမကို ခံစားချက်ကင်းမဲ့သူ၊ သစ္စာမရှိသူ၊ ဧကရာဇ်တို့၏ အေးစက်သောနှလုံးသားရှိသူဟု အပြစ်တင်ကြမည်မှာ သေချာသည်။
ချိုင်ကျိလျှံနှင့် နှစ်ပေါင်းများစွာ ဆက်ဆံခဲ့ခြင်းကြောင့် သူဘယ်လိုလူစားမျိုး ဖြစ်သည်ကို ဝူကျန်းဝမ် ကောင်းစွာ သိသည်။ သူသည် အမြဲတမ်း ရေရှည်အမြင်ဖြင့် ကြည့်တတ်သူဖြစ်ပြီး လက်ငင်းအကျိုးကျေးဇူးများကိုသာ အာရုံစိုက်တတ်သူ မဟုတ်ပေ။
ယခုအချိန်တွင် ဝူကျန်းဝမ် အလွန်စိတ်ဆိုးနေသည်။ ချိုင်ကျိလျှံသည် သူမကိုပင် ပရိယာယ်ဆင်ခဲ့သည်။
ဝူကျန်းဝမ် ထွက်ခွာသွားသည်ကို ကြည့်ရင်း ချိုင်ကျိလျှံ သူ့ဘာသာသူ ရေရွတ်လိုက်သည်။
“ဒီတစ်ခါတော့ ငါ နည်းနည်း လွန်သွားပြီ ထင်တယ်။”
.......
လဝက်ခန့် ကြာပြီးနောက်။
မြောက်ပိုင်းပြည်နယ်။
နိုင်ငံရေးရာ ခန်းမ။
လုချန်း ပလ္လင်ပေါ်တွင် စိတ်ဓာတ်တက်ကြွစွာဖြင့် ထိုင်နေသည်။ သူက ပြုံးလျက်
“ဒါက ဒီနိုင်ငံရေးရာ ခန်းမဆောင်မှာ အရေးကြီး ကိစ္စတွေကို ဆွေးနွေးကြမယ့် နောက်ဆုံးအကြိမ်ပဲ။ ခင်ဗျားတို့ ဆွေးနွေးစရာ ရှိရင် မြန်မြန် ပြောကြပါ။”
“မရှိဘူးဆိုရင်တော့ မြို့တော်ပြောင်းရွှေ့တဲ့ကိစ္စကို ဆွေးနွေးကြရအောင်”
မြောက်ပိုင်းပြည်နယ် ပြည်သူလူထုနှင့် လွင်ပြင်ဒေသ မျိုးနွယ်စုဝင် သုံ့ပန်းများ၏ ကြိုးပမ်းအားထုတ်မှုကြောင့် မြောက်ပိုင်းပြည်နယ်၏ မြို့သစ်ကို တည်ဆောက်ပြီးစီးခဲ့သည်။ မြို့ကို သံမဏိ၊ ကွန်ကရစ်တို့ဖြင့် အဓိကထား တည်ဆောက်ထားပြီး လမ်းများ မှာအလွန်ကျယ်ဝန်းသည်။ မြို့သစ်တွင် မင်းသားစံအိမ်လည်း ပါဝင်ပြီး ဧရိယာ အလွန်ကြီးမားသည်။ ထိုနေရာသို့ ပြောင်းရွှေ့ရန် လုချန်း စိတ်အားထက်သန်နေပြီဖြစ်သည်။
လက်ရှိ မင်းသားစံအိမ်သည် သူ့အတွက် အနည်းငယ် ကျဉ်းမြောင်းနေပြီး ကျဉ်းကြပ်သည်ဟု ခံစားရသည်။ မြို့သစ်သို့ ပြောင်းရွှေ့ပြီးသည်နှင့် သူနှင့် သူ၏ ဇနီးမယားများ စိတ်ကြိုက်လွပ်လွပ်လပ်လပ် နေထိုင်နိုင်လိမ့်မည်။
လုချန်း၏ စကားများကို ကြားပြီးနောက် လိယုရီ ရှေ့ထွက်ရပ်လိုက်ပြီး
“မင်းသား။ မြို့သစ်ကို တည်ဆောက်ပြီးစီးပြီ ဖြစ်ပေမဲ့ အိမ်တွေက ဈေးကြီးပြီး သာမန်ပြည်သူတွေက မတတ်နိုင်ကြပါဘူး။ ရန်ခရိုင်က လူနည်းနည်းပဲ မြို့သစ်ကို ပြောင်းရွှေ့နိုင်မှာ စိုးရိမ်ရပါတယ်။”
မြို့သစ်ကို သံမဏိ၊ ကွန်ကရစ်၊ အုတ်များဖြင့် တည်ဆောက်ထားပြီး ထိုပစ္စည်းများ အားလုံးနီးပါးကို မြောက်ပိုင်းနယ်စားမင်းသားစံအိမ်မှသာ ထုတ်လုပ်၏။ သို့သော် ထိုပစ္စည်းများသည် အသစ်အဆန်းဖြစ်နေပြီး ဈေးကြီးသော ပစ္စည်းများအဖြစ် သတ်မှတ်ကြသည်။ ထို့ကြောင့် ထိုဆောက်လုပ်ရေး ပစ္စည်းများဖြင့် ဆောက်ထားသည့် အိမ်များ၏ ဈေးနှုန်းများမှာ အတော်လေး မြင့်မားသည်။
လုချန်း မြောက်ပိုင်းပြည်နယ်သို့ ရောက်ရှိလာပြီးနောက် ရန်ခရိုင်တွင် ကူးသန်းရောင်းဝယ်ရေး ဖွံ့ဖြိုးတိုးတက်လာခဲ့ပြီး ဒေသခံများလည်း ကုန်သွယ်မှုမှတစ်ဆင့် ငွေအချို့ ရှာဖွေနိုင်ခဲ့သော်လည်း ချမ်းသာသူများမှာ ရန်ခရိုင် လူဦးရေ၏ တစ်ရာခိုင်နှုန်းပင် မပြည့်နိုင်ပေ။
မြောက်ပိုင်းနယ်စားမင်းသားစံအိမ်သာ မြို့သစ်သို့ ပြောင်းရွှေ့ပြီး မြို့ဟောင်းတွင် အရပ်သားများ ကျန်နေခဲ့ပါက မြို့သစ်၏ အကျိုးကျေးဇူးမှာ အဘယ်နည်း။
လုချန်းက ပြုံးလျက်
“ဒီကိစ္စကို ကျွန်တော် အစောကြီးကတည်းက မျှော်မှန်းထားခဲ့ပြီးသားပါ။ ဒါကြောင့် အထူးကိုယ်ရံတော်တွေကို ရန်ခရိုင်ရဲ့ လူဦးရေ စာရင်းကို မှတ်ပုံတင်ခိုင်းခဲ့တာ။ လက်ရှိမှာ မူရင်းနေထိုင်သူ တစ်သိန်း ရှိပြီး အိမ်ထောင်စု တစ်ခုစီက မြို့သစ်မှာ အိမ်ပိုင်ဆိုင်ဖို့ ငွေ ငါးရာပဲ ပေးဖို့ လိုတယ်။”
“တကယ် မတတ်နိုင်သူတွေက ယာယီအကြွေးယူနိုင်ပြီး ဆယ်နှစ်အတွင်း ပြန်လည်ပေးဆပ်ဖို့ လိုတယ်။”
ထိုစကားကို ကြားသောအခါ အရာရှိများ စဉ်းစားလိုက်ကြသည်။ ငွေ ငါးရာသာ ဆိုလျှင် ရန်ခရိုင် ဒေသခံ အများစု တတ်နိုင်ကြမည်။
အဓိကအချက်မှာ မြောက်ပိုင်းနယ်စားမင်းသားက ဆယ်နှစ် အရစ်ကျပေးချေမှုကာလကို ပေးထားခြင်း ဖြစ်သည်။ မြောက်ပိုင်းပြည်နယ်ရှိ ပြည်သူများသည် ယခင်က အလွန်ဆင်းရဲသော်လည်း မြောက်ပိုင်းနယ်စားမင်းသား ရောက်ရှိလာပြီးနောက် မြောက်ပိုင်းနယ်စားမင်းသားစံအိမ်မှ လုပ်ငန်းများစွာကို ထူထောင်ခဲ့သည်။
ထိုလုပ်ငန်းများတွင် အလုပ်သမားအင်အား အများအပြားလိုအပ်ပြီး အချို့သော ရိုးရှင်းသည့် လက်မှုလုပ်ငန်းများအတွက် မြောက်ပိုင်းနယ်စားမင်းသားစံအိမ်မှ အလုပ်ခန့်ထားသည့်စနစ်ကို အသုံးပြုထားသဖြင့် ရန်ခရိုင်ရှိ ပြည်သူများသည် မြောက်ပိုင်းနယ်စားမင်းသားစံအိမ်၏ လုပ်ငန်းများတွင် အလုပ်လုပ်ကာ ငွေငါးရာကို ရှာဖွေနိုင်ကြသည်။
မြောက်ပိုင်းနယ်စားမင်းသားစံအိမ်မှ ထူထောင်ထားသော လုပ်ငန်းများတွင် အလုပ်မလုပ်လိုပါက ယခုအခါ ရန်ခရိုင်တွင် ကုန်သွယ်ရေးဖွံ့ဖြိုးလာသည်နှင့်အမျှ အခြားအလုပ်များဖြင့် ဝင်ငွေရှာဖွေရန် မခက်ခဲတော့ပေ။
ခြေလှမ်း တစ်သောင်း ပြန်ဆုတ်ပြီး စဉ်းစားလျှင်တောင် ရန်ခရိုင် ဒေသခံများ အနေနှင့် တခြား ဘယ်သူ့အတွက်မှ အလုပ်မလုပ်ပဲ မြေအချို့ကို ငှားရမ်းပြီး စိုက်ပျိုးလျှင်ပင် ဆယ်နှစ်အတွင်း ငွေ ငါးရာ ပြန်ဆပ်ရသည်က ဘာပြဿနာမှ မရှိနိုင်ပေ။
ထို့ကြောင့် လုချန်း သတ်မှတ်ထားသော စျေးနှုန်းမှာ တော်တော်လေး သင့်တင့်မျှတသည်ဟု ဆိုနိုင်သည်။
လုချန်းက ဆက်လက်၍
“ဟုတ်ပါတယ်။ ဒီဈေးနှုန်းက ရန်ခရိုင် ဒေသခံတွေအတွက်ပဲ။ ပြင်ပက လူတွေ ရန်ခရိုင်မှာ အိမ် ဝယ်ချင်ရင်တော့ ဈေးနှုန်းက မတူတော့ဘူး။”
ထိုစဉ် အရာရှိတစ်ဦးက
“မင်းသား။ ရန်ခရိုင် ဒေသခံတွေက သူတို့ အိမ်တွေကို တခြားသူတွေကို ဈေးတင်ပြီး ရောင်းရင် ဘယ်လိုလုပ်မလဲ။”
လုချန်းက အေးဆေးစွာဖြင့်
“ရန်ခရိုင် ဒေသခံတွေ ပိုင်ဆိုင်တဲ့ ပထမဆုံး အိမ်ကို လက်လွှဲပြောင်းခွင့် မပြုဘူး။”
ထိုစကားကို ကြားသောအခါ လိယုရီက သူ့နေရာသို့ ပြန်သွားပြီး
“ကျွန်တော့်မှာ မေးစရာ မရှိတော့ပါဘူး။”
လုချန်းက
“ခင်ဗျားတို့ထဲက တခြား မေးစရာ ရှိတဲ့သူ ရှိသေးလား။ မြို့ပြ ပြောင်းရွှေ့ရေးနဲ့ ပတ်သက်တဲ့ ကိစ္စတွေကိုလည်း ခုပဲ ထုတ်ပြောနိုင်တယ်။”
မည်သူမှ မပြောသည်ကို မြင်သောအခါ လုချန်းက
“ခင်ဗျားတို့အားလုံး မေးစရာ မရှိတော့တာကြောင့် မြို့ပြ ပြောင်းရွှေ့ရေး အစီအစဉ်တွေကို ကျွန်တော်တို့ ပြန်သုံးသပ်ကြရအောင်။”
သူ၏အသံဆုံးသည်နှင့် လုချန်းဘေးမှ အထူးကိုယ်ရံတော်တစ်ဦးသည် စာအုပ်ငယ်တစ်အုပ်ကို ယူဆောင်လာပြီး ခန်းမ၏အလယ်သို့ ရောက်ရှိလာကာ စာအုပ်ထဲမှ အကြောင်းအရာများကို ဖတ်ကြားလိုက်သည်။
စာအုပ်ငယ်တွင် မြို့ပြ ပြောင်းရွှေ့ရေးအတွက် စီစဉ်မှုများနှင့် မြို့သစ်ကို မည်သို့ စီမံခန့်ခွဲသင့်ကြောင်း ဖော်ပြထားသည်။
နှစ်နာရီကြာပြီးနောက် မြို့ပြ ပြောင်းရွှေ့ရေးဆိုင်ရာ ဆွေးနွေးပွဲ ပြီးဆုံးသောအခါ လုချန်းလည်း သူ့စာကြည့်ခန်းသို့ ပြန်လာသည်။
စာကြည့်ခန်းထဲရှိ ကုလားထိုင်ပေါ်တွင် ထိုင်ရင်း အခန်းတစ်ခုလုံးကို ကြည့်လိုက်ရာနှမြောစိတ် အနည်းငယ် ပေါ်လာသည်။
ဤစာကြည့်ခန်းတွင် သူ့အတွက် အလှပဆုံးသော အမှတ်တရများစွာ ရှိခဲ့သည်။ ဤအခန်းထဲတွင် သူ ချူးယုချင်နှင့် နမ်းခဲ့ဖူးသည်၊ ဝမ်ချင်းစီနှင့် ကျီစယ်ခဲ့ဖူးသည်၊ ချူးချင်လီနှင့် သဘောတူညီမှုများ ပြုလုပ်ခဲ့ဖူးသည်၊ လင်ဝမ်ရွန်နှင့် လျှို့ဝှက်စွာ ပျော်ရွှင်ခဲ့ဖူးသည်။ ဤနေရာမှ ထွက်ခွာရမည်ဟု သူ တစ်ခါမှ မတွေးဖူးခဲ့ပေ။
လုချန်း အတိတ်အမှတ်တရများထဲ နစ်မြောနေစဉ် ရင်းနှီးသော အသံတစ်ခုက
“စာကြည့်ခန်းထဲမှာ မင်းသား ဒီလိုအတွေးထဲ နစ်နေတာ ပထမဆုံးအကြိမ်ပဲ။”
လုချန်း သတိပြန်ဝင်လာပြီး စာကြည့်ခန်း တံခါးဝသို့ ကြည့်လိုက်ရာ ဝမ်ချင်းစီ၏ လှပသော ခန္ဓာကိုယ်ပုံစံကို မြင်လိုက်ရသည်။
...........
အခန်း (၄၉၂)
မင်းသား ပြောတဲ့ လှပတဲ့ အမှတ်တရတွေက ဘာတွေလဲ (၁)
ဝမ်ချင်းစီသည် ယနေ့တွင် အနီရောင် ပိုးသားဝတ်စုံကို ဝတ်ဆင်ထားပြီး နူးညံ့ဖြူဖွေးသော အသားအရေကို ပွင့်လင်းစွာ ဖော်ပြနေသည်။
အောက်ပိုင်းဝတ်စုံတွင် ခွဲကြောင်းပါရှိရာ သူမ၏ ရှည်လျားဖြူဖွေးသော ခြေထောက်များကို ပေါ်လွင်စေသည်။ တံခါးဝတွင် ရပ်နေသော သူမ၏ သွယ်လျသော ကိုယ်ခန္ဓာပုံစံသည် အပြင်ဘက်မှ အလင်းရောင်ကြောင့် ပို၍ပင် ဆွဲဆောင်မှု ရှိနေသည်။
စာကြည့်ခန်း တံခါးဝတွင် ဝမ်ချင်းစီ ပေါ်လာသည်ကို မြင်သောအခါ လုချန်း၏ နှုတ်ခမ်းများ ကွေးညွှတ်သွားသည်။ သူ မှတ်မိတာ မမှားဘူးဆိုပါက သူတို့ အများဆုံး မကောင်းမှု လုပ်ခဲ့တာက ဒီစာကြည့်ခန်းထဲမှာ ဖြစ်သည်။ ဝမ်ချင်းစီ ရောက်လာပြီဆိုတော့ သူမနဲ့ အဆုံးသတ်တာက အကောင်းဆုံး ဖြစ်လိမ့်မည်။
လုချန်းက ပြုံးလျက်
“ဝမ်မိန်းကလေး ဒီနေ့ အရေးကြီးတာ ဘာများ တင်ပြစရာ ရှိလို့လဲ။”
ဝမ်ချင်းစီ စာကြည့်ခန်းထဲ ဝင်လာပြီး တံခါးကို သေချာ ပိတ်လိုက်သည်။ ထို့နောက် စားပွဲဘေးသို့ ယိမ်းထိုးသွားကာ စာတစ်စောင်ကို တင်လိုက်သည်။
“ဝူနိုင်ငံတော်က ဝူကျန်းဝမ်ကို ကျူးနိုင်ငံ သံတမန်အဖြစ် စေလွှတ်လိုက်ပြီ။ ရှနိုင်ငံတော်ကို တိုက်ခိုက်ဖို့အတွက် ကျူးနိုင်ငံတော်နဲ့ မဟာမိတ်ဖွဲ့ဖို့ ပြင်ဆင်နေကြပြီး ရှနိုင်ငံတော်ကို အပြီးသတ် ချေမှုန်းရေး စစ်ပွဲ စတင်ဖို့ ရည်ရွယ်ထားပုံ ရတယ်”
ထိုစကားကို ကြားသောအခါ လုချန်း အနည်းငယ်အံ့အားသင့်သွားပြီး စားပွဲပေါ်ရှိ ထောက်လှမ်းရေးသတင်းကို ကောက်ယူကာ ဖတ်ရှုလိုက်သည်။
အကြောင်းအရာများကို ဖတ်ပြီးနောက် လုချန်း အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။ ဝူနိုင်ငံတော် တကယ် ကျူးနိုင်ငံတော်နှင့် မဟာမိတ်ဖွဲ့ခဲ့ပါက ကျူးနိုင်ငံတော်က မြောက်ပိုင်းပြည်နယ်ကို ချည်နှောင်ထားနိုင်မည် ဖြစ်သည်။ ထိုအခါ မြောက်ပိုင်းပြည်နယ်က ဝူနိုင်ငံတော်မှ ရှနိုင်ငံတော်အား တိုက်ခိုက်ရန် စစ်တပ် စေလွှတ်ခြင်းကို တားဆီးနိုင်မည် မဟုတ်ပေ။
ဒါက တကယ့်စိန်ခေါ်မှုတစ်ရပ်ဖြစ်သည်။
လုချန်း တိတ်ဆိတ်စွာ ထောက်လှမ်းရေးသတင်းကို ပြန်လည်သုံးသပ်နေသည်ကို မြင်သောအခါ ဝမ်ချင်းစီက
“ဝူကျန်းဝမ်နဲ့ ကျူးဧကရာဇ်မတို့က အလွန် ရင်းနှီးကြပြီး တစ်ယောက်နဲ့တစ်ယောက် ညီအစ်မလို သဘောထားကြတယ်။ ဝူကျန်းဝမ် ကျူးနိုင်ငံတော်ကို သွားရင် သူတို့ မဟာမိတ်ဖွဲ့နိုင်ခြေက အလွန် မြင့်မားတယ်။”
ထိုစကားကိုကြားလိုက်ရသည်နှင့် လုချန်း သတိပြန်ဝင်လာခဲ့ပြီး ထိုနိုင်ငံကြီးနှစ်ခုကြား မဟာမိတ်ဖွဲ့ခြင်းကို တားဆီးနိုင်ဖို့ အလွန်ခက်ခဲလိမ့်မည်ဟု တွေးလိုက်သည်။
ရှနိုင်ငံတော် ပျက်သုဉ်းပြီးနောက် ကျူးနိုင်ငံတော်သည် ကျယ်ပြန့်သောမြေဧရိယာနှင့် လူဦးရေကို ရရှိမည်ဖြစ်ပြီး ပို၍အင်အားကြီးမားလာမည်ဖြစ်သည်။ ယွဲ့ဧကရာဇ် ဤအချက်ကို စိတ်ဝင်စားနိုင်သည်။
မြောက်ပိုင်းပြည်နယ်အတွက် ခက်ခဲသောကာလများ ရှိလာတော့မည်။
သူတို့ ပို၍မြန်မြန်အားကောင်းလာရန် လိုအပ်သည်။
ထိုအတွေးဖြင့် လုချန်းက ဘေးနားရှိ ဝမ်ချင်းစီကို လှမ်းကြည့်ကာ
“အခုတော့ နိုင်ငံအသီးသီးက မိုးစက်ရဲတိုက်နဲ့ မြောက်ပိုင်းနယ်စားစံအိမ်ကြားက ဆက်ဆံရေးကို သိနေကြပြီဆိုတော့ မိုးစက်ရဲတိုက်ကို ဆက်လက် ဖုံးကွယ်ထားဖို့ မလိုအပ်တော့ဘူး။”
ထိုစကားကို ကြားသောအခါ ဝမ်ချင်းစီ ခဏခန့် ရပ်တန့်သွားသည်။
ဝူကျန်းဝမ် မြောက်ပိုင်းပြည်နယ်သို့ သံတမန်အဖြစ်လာရောက်ပြီးနောက် မိုးစက်ရဲတိုက် မြောက်ပိုင်းနယ်စားမင်းသားနှင့် ဆက်နွယ်နေကြောင်း သတင်းသည် နိုင်ငံအသီးသီးသို့ ပျံ့နှံ့သွားခဲ့ပြီး ယခုအခါ မိုးစက်ရဲတိုက်၏ ထောက်လှမ်းရေးလုပ်ငန်းသည် ယခင်ကလောက် မလွယ်ကူတော့ပေ။
မိုးစက်ရဲတိုက်နှင့် မြောက်ပိုင်းနယ်စားစံအိမ်ကြား ဆက်ဆံရေး ပေါက်ကြားသွားခြင်းက ဝူကျန်းဝမ်၏ လက်ချက်ဖြစ်သည်။ သူမသည် မြောက်ပိုင်းပြည်နယ်အား အေးအေးဆေးဆေး ဖွံ့ဖြိုးတိုးတက်စေလိုခြင်း မရှိပဲ မြောက်ပိုင်းပြည်နယ်၏ အခြားနိုင်ငံများမှ ထောက်လှမ်းရေးသတင်းရယူနိုင်မှုကို ဟန့်တားလိုခြင်းဖြစ်သည်။
လုချန်း၏ စကားများကို ကြားပြီးနောက်
မိုးစက်ရဲတိုက်ကို ဖျက်သိမ်းတော့မည်ဟု ဝမ်ချင်းစီ ထင်သွားကာ အနည်းငယ် စိတ်ပျက်သွားသည်။
မိုးစက်ရဲတိုက်ကို ဝမ်ချင်းစီ ကိုယ်တိုင် အစကနေ တည်ထောင်ခဲ့ခြင်းဖြစ်ပြီး နိုင်ငံအသီးသီးမှ ထောက်လှမ်းရေး အချက်အလက် အတော်များများကို စုဆောင်းနိုင်ခဲ့သည်။ မိုးစက်ရဲတိုက်မှတစ်ဆင့်သာ သူမသည် လုချန်းအနားတွင် တန်ဖိုးတစ်ခု ရှိနေခြင်းဖြစ်သည်။
မိုးစက်ရဲတိုက် မရှိတော့လျှင် အနာဂတ်တွင် သူမ ဘာလုပ်နိုင်မည်နည်း။
လုချန်းက သူမကို မင်းသားစံအိမ်သို့ ပြန်လာခိုင်းပြီး သူ့ကို ပြုစုစောင့်ရှောက်ရန် တောင်းဆိုမည်ကို ဝမ်ချင်းစီ ကြောက်ရွံ့နေသည်။
လုချန်းကို ပြုစုစောင့်ရှောက်ရခြင်းက သူမအတွက် ပြဿနာ မဟုတ်ပေ။ သူမသည် သူတို့အတူရှိသည့် အချိန်များကို နှစ်သက်သော်လည်း သူမတွင် သူမ၏ ခံယူချက်များ ရှိသည်။ လုချန်းက သူမကို အချို့သော ဆန္ဒများကို ဖြည့်ဆည်းပေးရန်အတွက်သက်သက်ဖြစ်ဖြစ် မမြင်စေလိုပေ။
ထိုစဉ် ဝမ်ချင်းစီက
“မင်းသားက မိုးစက်ရဲတိုက်ကို ဖျက်သိမ်းဖို့ ရည်ရွယ်တာလား။”
လုချန်းက
“ဘာလို့ အဲ့လို ထင်တာလဲ။ မိုးစက်ရဲတိုက်ကို ဖျက်သိမ်းဖို့ ကျွန်တော့်မှာ ဘာ အကြောင်းပြချက်မှ မရှိပါဘူး”
ဒါက...
ဝမ်ချင်းစီ ခေတ္တရပ်တန့်သွားပြီးမှ
“မင်းသားက မိုးစက်ရဲတိုက် ပေါက်ကြားသွားပြီလို့ မပြောခဲ့ဘူးလား...”
ဟုပြန်မေးလိုက်သည်။
ထို့နောက် ဝမ်ချင်းစီ ချီတုံ့ချီတုံ့ ဖြစ်နေပြီး ဆက်မပြောတော့ပေ။
မိုးစက်ရဲတိုက်သည် လျှို့ဝှက်ထောက်လှမ်းရေး အဖွဲ့အစည်း တစ်ခုဖြစ်ပြီး သဘာဝအားဖြင့် ပေါက်ကြားသွားသည်နှင့် ဖျက်သိမ်းခံရလေ့ ရှိသည်။
ယင်း၏ ဆက်စပ်မှုကို ထုတ်ဖော်ခံရပြီးနောက် သတိထား စောင့်ကြည့်ခံရမည်ဖြစ်ပြီး လျှို့ဝှက်သတင်းအချက်အလက်များ စုဆောင်းရန် ပို၍ခက်ခဲလာမည်ဖြစ်သည်။
လုချန်းက ပြုံးလျက်
“မိုးစက်ရဲတိုက်နဲ့ မြောက်ပိုင်းနယ်စားစံအိမ်ကြား ဆက်ဆံရေး ပေါ်သွားပေမဲ့လည်း သူ့ရဲ့လုပ်ငန်းကို ဆက်ပြီး ဆောင်ရွက်နိုင်သေးတယ်။”
“အခု မိုးစက်ရဲတိုက်ရဲ့ လုပ်ငန်းက နိုင်ငံကြီးအားလုံးကို ရောက်နေပြီ။ မိုးစက်ရဲတိုက်အကူအညီ မပါရင် မြောက်ပိုင်းနယ်စားစံအိမ်ရဲ့ ကုန်သွယ်ရေး အတိုင်းအတာက ဒီနေ့လို ဖြစ်လာမှာ မဟုတ်ဘူး။”
ဝမ်ချင်းစီ လုချန်း၏ ရည်ရွယ်ချက်ကို ချက်ချင်း နားလည်သွားသည်။ သူသည်
မိုးစက်ရဲတိုက်ကို ကုန်သွယ်ရေး အခန်းကဏ္ဍတွင် ဆက်လက် လုပ်ဆောင်စေလိုပြီး မြောက်ပိုင်းနယ်စားစံအိမ်မှ ကုန်ပစ္စည်း အမျိုးမျိုး ရောင်းချရာတွင် ကူညီပေးစေလိုခြင်း ဖြစ်သည်။
ဝမ်ချင်းစီ၏ အနည်းငယ် စိတ်လှုပ်ရှားသွားသည်။ မိုးစက်ရဲတိုက်သည် ယခင်ကလို ထောက်လှမ်းရေး အချက်အလက်များ စုဆောင်းနိုင်တော့မည် မဟုတ်သော်လည်း မိုးစက်ရဲတိုက် ဆက်လက် ရှိနေသရွေ့ သူမ၏ တန်ဖိုးကို ဆက်လက် ပြသနိုင်သည်။
ထို့နောက် လုချန်းက ဆက်လက်၍
“မိုးစက်ရဲတိုက် ပေါက်ကြားသွားရင်တောင် သတင်းအချက်အလက်တွေ ပွင့်ပွင့်လင်းလင်း စုဆောင်းနိုင်ပါသေးတယ်။”
“အခု နိုင်ငံ အသီးသီးက မိုးစက်ရဲတိုက်က မြောက်ပိုင်းနယ်စားစံအိမ်ရဲ့ လက်အောက်ခံဆိုတာ သိနေကြပြီဆိုတော့ မြောက်ပိုင်းနယ်စားစံအိမ်နဲ့ ပြဿနာ မဖြစ်သေးသရွေ့
မိုးစက်ရဲတိုက်ကို တိုက်ရိုက်တိုက်ခိုက်ကြဦးမှာ မဟုတ်ပါဘူး။”
“နောက်ပြီး ကျွန်တော်တို့က ကျူးနိုင်ငံတော်နဲ့ ဝူနိုင်ငံတော် နှစ်ခုလုံးနဲ့ ကုန်သွယ်ရေး သဘောတူစာချုပ်တွေ လက်မှတ်ရေးထိုးပြီးသားပါ။ မိုးစက်ရဲတိုက်က ကျူးနိုင်ငံတော်နဲ့ ဝူနိုင်ငံတော်မှာ လုပ်ငန်းတွေ လုပ်ဆောင်တဲ့အခါ ကုန်သွယ်ရေး သဘောတူစာချုပ်တွေကို လိုက်နာနေတာမို့ ဘယ်သူကမှ ကန့်ကွက်စရာ မရှိဘူး။”
လုချန်း၏ စိတ်ကူးက ရိုးရှင်းသည်။
မိုးစက်ရဲတိုက်၏ နောက်ခံ အင်အားကို ထုတ်ဖော်ခံရပြီးပြီ ဖြစ်သောကြောင့် ယင်းသည် မြောက်ပိုင်းနယ်စားစံအိမ်၏ နောက်ထပ် ကုန်သည်အုပ်စု တစ်ခုအဖြစ် ပွင့်ပွင့်လင်းလင်း ဖြစ်လာသင့်သည်။
ယခင်က မိုးစက်ရဲတိုက်သည် ထောက်လှမ်းရေး အချက်အလက်များကို လျှို့ဝှက်စွာ စုဆောင်းခဲ့သည်။ ယခု တရားဝင် ဖြစ်လာသောကြောင့် ထောက်လှမ်းရေး အချက်အလက်များ ပွင့်လင်းစွာ စုဆောင်းမည်ဖြစ်သည်။ မြောက်ပိုင်းမင်းသားစံအိမ်ဟူသောနောက်ခံအင်အားကြောင့် မိုးစက်ရဲတိုက်သည် စစ်မဖြစ်သော အချိန်များတွင် ပေါ်ပေါ်ထင်ထင် ပစ်မှတ်ထား ခံရနိုင်ခြေ မရှိပဲ အနည်းငယ်သော လျှို့ဝှက်နည်းလမ်းများကိုသာ ရင်ဆိုင်ရမည်ဖြစ်သည်။
..............