အခန်း ၅၀၂-၅၀၄
Vol. 34 Ch. 502-504
အခန်း (၅၀၂)
ပြောင်းရွှေ့ခြင်း (၁)
မြောက်ပိုင်းမြို့တော် ပြောင်းရွှေ့ခြင်းသည် အရေးပါသော ဖြစ်ရပ်ကြီးတစ်ခုဖြစ်သည်။ မင်းသားစံအိမ်ဟောင်းမှ ပစ္စည်းအများစုကို ရက်အနည်းငယ်အတွင်း အသစ်တည်ဆောက်ထားသော စံအိမ်သို့ ပြောင်းရွှေ့ပြီးဖြစ်သော်လည်း လုချန်းနှင့် သူ၏မိသားစုကတော့ ချက်ချင်းမပြောင်းရွှေ့သေးပေ။ မြို့ဟောင်းတွင် ဆောင်ရွက်ရန် အလုပ်များ ကျန်ရှိနေသေးသည်။
ပြည်သူများသည် မြို့ပြောင်းရွှေ့ခြင်းကို အထူးကန့်ကွက်ခြင်း မရှိကြပေ။
မြို့သစ်၏ အခြေအနေကို သူတို့ကောင်းစွာ သိရှိထားကြသည်။ အများစုမှာ မြို့သစ်သို့ သွားရောက်လည်ပတ်ခဲ့ကြပြီးပြီ ဖြစ်သည်။ မြို့သစ်ရှိ အိမ်များသည် ပိုမိုကျယ်ဝန်း၏။ အထူးသဖြင့် လမ်းများမှာ ကျယ်ဝန်းကာ သန့်ရှင်းပြီး မြို့ဟောင်းနှင့် နှိုင်းယှဉ်၍မရအောင် ကောင်းမွန်သည်။
အဓိကအချက်မှာ မြို့သစ်ရှိ ထိုကဲ့သို့ ကောင်းမွန်လှသော အိမ်များသည် ငွေငါးရာသာ ကုန်ကျခြင်း ဖြစ်သည်။ အရင်က ငွေငါးရာ ရှာရသည်မှာ ခက်ခဲသော်လည်း အခုတော့ ရန်ခရိုင်၏ ကုန်သွယ်ရေးသည် အလွန် ဖွံ့ဖြိုးပြီး မြောက်ပိုင်းနယ်စားမင်းသားစံအိမ်ပိုင် လုပ်ငန်းများစွာ ရှိသောကြောင့် ငါးရာ ရှာရသည်မှာ ပြဿနာ မရှိပေ။ ထို့ပြင် မြောက်ပိုင်းနယ်စားမင်းသားစံအိမ်က ပြန်ဆပ်ရန် ဆယ်နှစ်အချိန်ပေးထားသည်။
ဆယ်နှစ်အတွင်း ငွေငါးရာ ရှာဖွေရန်မှာ အလွန်လွယ်ကူသည်။ လက်နှစ်ဖက်ရှိလျှင် ဖြစ်နိုင်သည်။
တစ်လကြာမြင့်သွားသည်။ မြို့ဟောင်းတွင် ပြည်သူအနည်းငယ်သာ ကျန်ရှိနေတော့သည်။ အများစုမှာ မြို့သစ်သို့ ပြောင်းရွှေ့ပြီးဖြစ်သည်။ လုချန်းလည်း သူတို့မိသားစု မင်းသားစံအိမ်အသစ်သို့ ပြောင်းရွှေ့ရန် အချိန်ကျပြီဟု ခံစားမိသဖြင့် သာယာသော နေ့တစ်နေ့ကို ရွေးချယ်ကာ တရားဝင်ပြောင်းရွှေ့ခဲ့သည်။
မြောက်ပိုင်းနယ်စားမင်းသားစံအိမ်အသစ်၏ ဝင်ပေါက်တွင် ရပ်ရင်း လုချန်းသည် မြင့်မားသော တံခါးများကို မော့ကြည့်လိုက်သည်။ ဧရိယာပိုမိုကျယ်ဝန်းရုံသာမက မင်းသားစံအိမ်အသစ်သည် ပိုမိုခမ်းနားလာသည်။ စက္ကူပြတင်းပေါက်များ ခေတ်ကုန်သွားပြီ ဖြစ်ပြီး အခုတော့ ပြတင်းပေါက်တိုင်းကို မှန်သားဖြင့် ပြုလုပ်ထားသည်။
သူ၏ ဇနီးမယားများနှင့်အတူ မင်းသားစံအိမ်ထဲသို့ ဝင်ရောက်ပြီးနောက် ကျယ်ဝန်းသော ခြံဝင်းကို မြင်တွေ့ရသည်နှင့် သူတို့၏ စိတ်များ လန်းဆန်းသွားသည်။
စံအိမ်ဟောင်းကို မြောက်ပိုင်းမြို့တော်မှ အရာရှိများက ရန်ပုံငွေ အခက်အခဲ ရှိချိန်တွင် တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ မင်းသားစံအိမ်၏ အခန်းများသည် သေးငယ်ရုံသာမက ခြံဝင်းသည်လည်း ကျဉ်းမြောင်းပြီး ထိုနေရာတွင် နေ့စဉ် နေထိုင်သူများကို အသက်ရှူကျပ်စေသည်အထိ ဖြစ်စေခဲ့သည်။
အခုတော့ မြောက်ပိုင်းနယ်စားမင်းသားစံအိမ်၏ ခြံဝင်းသည် စံအိမ်ဟောင်းနှင့် မနှိုင်းယှဉ်နိုင်အောင် ပိုမိုကျယ်ဝန်းလာခဲ့သည်။ ကလေးများ ကြီးပြင်းလာသည့်အခါ လွတ်လပ်စွာ ဆော့ကစားနိုင်ရန် လုံလောက်သောနေရာရှိသည်။
သာမန်ပြည်သူများ၏ အိမ်များနှင့်မတူဘဲ မင်းသားစံအိမ်ရှိ အဆောက်အအုံအများစုကို ဘိလပ်မြေန၊ အုတ်များဖြင့်သာ တည်ဆောက်ထားခြင်း မဟုတ်ပဲ သဘာဝ ကျောက်တုံးကြီးများဖြင့် တည်ဆောက်ထားသောကြောင့် အုတ်ဖြင့်သာ တည်ဆောက်ထားသော အဆောက်အဦးများထက် ပိုမိုကြာရှည်ခံမည်ဖြစ်သည်။
မင်းသားစံအိမ်၏ အလယ်ဗဟိုတွင် အထပ်ဆယ်ထပ်မြင့်သော မျှော်စင်တစ်ခု တည်ဆောက်ထားသည်။ ထိုမျှော်စင်ပေါ်မှနေ၍ မြို့သစ်၏ မြင်ကွင်းကျယ်ကို ကြည့်ရှုနိုင်သည်။ ဤမျှော်စင်သည် ရန်ခရိုင်၏ အမြင့်ဆုံးအဆောက်အဦးဖြစ်ပြီး ပြည်သူများနေထိုင်ရာ အဆောက်အဦးများမှာ အမြင့်ဆုံးခြောက်ထပ်သာ ရှိသည်။
ထို့အပြင် မင်းသားစံအိမ်ပတ်ဝန်းကျင်တွင် မြင့်မားသော အဆောက်အအုံများ မရှိပေ။ အနီးနားရှိ အိမ်များသည် အများဆုံး နှစ်ထပ် သို့မဟုတ် သုံးထပ်သာ မြင့်သည်။ မင်းသားစံအိမ်၏ အတွင်းပိုင်းကို ပိုမိုမြင့်မားသော အဆောက်အအုံများမှ စောင့်ကြည့်ခြင်းကို တားဆီးရန်အတွက် အဓိက ဖြစ်သည်။ ထိုအချက်သည် မင်းသားစံအိမ်၏ လုံခြုံရေးအတွက် အထူးအရေးပါသည်။
ထိုအချိန်တွင် လုချန်းက သူ၏ ဇနီးမယားများကို လှည့်ကြည့်ကာ
“အားလုံး ကိုယ့်အဆောင်တွေနဲ့ ရင်းနှီးအောင် သွားလုပ်ကြပါဦး။”
လုချန်း၏ စကားပြီးဆုံးသည်နှင့် ချူးယုချင်တို့လည်း သူတို့၏ အစေခံမလေးများ၏ ဦးဆောင်မှုဖြင့် သူတို့၏ အဆောင်များဆီသို့ ဦးတည်သွားကြသည်။
ထို့နောက် လုချန်းသည် အိမ်ထောင်ဦးစီး အမျိုးသား နေထိုင်မည့် အတွင်းဆောင်သို့ ဝင်ရောက်ခဲ့သည်။ ဝင်ပေါက်အပေါ်တွင် နာမည် ချိတ်ဆွဲထားခြင်း မရှိပေ။ ဤအဆောင်ကို နာမည် မပေးရသေးပေ။
သူ၏ ဘေးမှ မုကျိရွှမ်းက
“မင်းသား။ ဒီအဆောင်ကို နာမည်ပေးလိုက်ပါလား။”
ခဏမျှ စဉ်းစားပြီးနောက် လုချန်းက
“အခု လောလောဆယ် ကောင်းတဲ့ နာမည်တစ်ခု စဉ်းစားလို့မရဘူး။ ဒါဆို လေပြင်းမိုးတိမ်အဆောင်လို့ပဲ ခေါ်ကြရအောင်။”
ဒါက...
မုကျိရွှမ်းသည် စကားပြောရန် တုံ့ဆိုင်းနေသည်။ သို့သော် လုချန်းပေးသော နာမည် ဖြစ်သောကြောင့် သူမ အများကြီး ပြောရန် မသင့်ပေ။
သို့သော် လုချန်း ညဘက် အိပ်စက်မည့် အတွင်းဆောင်ဖြစ်သောကြောင့် နာမည်က အနည်းငယ် မသင့်တော်သလို ဖြစ်နေသည်။
“လေ” နှင့် “တိမ်” ဟူသော စကားလုံးများသည် ပြောင်းလဲခြင်းနှင့် မတည်ငြိမ်ခြင်းကို ဖော်ပြရန် မကြာခဏ အသုံးပြုကြသည်။ ထိုစကားလုံးများသည် အနားယူရာ နေရာတစ်ခုအတွက် မျှော်မှန်းထားသည့် တည်ငြိမ်မှုနှင့် သိပ်မကိုက်ညီပေ။
နာမည်ကို အတည်ပြုပြီးနောက် လုချန်း လေတိုက်မိုးတိမ်ဆောင်ထဲသို့ ဝင်လိုက်သည်။ ထိုနေရာတွင် အရှေ့တောင်ထောင့်၌ သစ်ပင်ပင်စည် တစ်ခု ရှိနေသည်။ ရက်အနည်းငယ်အကြာကမှ ပြောင်းရွှေ့စိုက်ပျိုးထားသော နဂါးဖီးနစ်ပင် ဖြစ်သည်။
လုချန်း သစ်ပင်ဆီသို့ အလျင်အမြန် ချဉ်းကပ်သွားပြီး သူ၏ အင်္ကျီလက်ထဲမှ ဓားသေးသေးလေးတစ်ချောင်းကို ထုတ်လိုက်သည်။ ထို့နောက် သူ၏ လက်ဖဝါးကို လှီးလိုက်ရာ သွေးများ စီးကျလာသည်။ စီးကျလာသော သွေးများကို နဂါးဖီးနစ်ပင်၏ ပင်စည်ပေါ်သို့ ချလိုက်သည်။ သွေးများ ပင်စည်ကို ထိသည်နှင့် လျင်မြန်စွာ စုပ်ယူခံရသည်။
ရုတ်တရက် သစ်ပင်မှ အစိမ်းရောင် အလင်းရောင် ထွက်ပေါ်လာပြီး နောက်တစ်ခဏတွင် အစိမ်းရောင် အညွန့်အဖူးငယ်လေးများ ပင်စည်မှ တိုက်ရိုက် ပေါက်လာသည်။
လုံလောက်ပြီဟု ယူဆလိုက်ပြီး သစ်ပင်ကို သူ၏ သွေးများ တိုက်ကျွေးခြင်းကို ရပ်လိုက်သည်။
ထို့နောက် သူ၏လက်ပေါ်ရှိ ဓားဒဏ်ရာကို ပြန်လည်သန်စွမ်းစေသောစွမ်းအားဖြင့် ကုသလိုက်သည်။
ထိုအချိန်တွင် အစေခံမလေးတစ်ဦး လေပြင်းမိုးတိမ်အဆောင်ထဲသို့ ဝင်လာပြီး လုချန်းထံသို့ ချဉ်းကပ်ကာ
“မင်းသား။ တုန်းဖန် သခင်မ ရောက်နေပါတယ်။”
ထိုစကားကို ကြားသောအခါ လုချန်း အံ့သြသွားသည်။ သူ ပြောင်းရွှေ့လာသည့် ပထမဆုံးနေ့တွင်ပင် တုန်းဖန်လုံယွဲ့ မြောက်ပိုင်းနယ်စားမင်းသားစံအိမ်သို့ ရောက်လာလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။
လုချန်း စကားပြောရန် ပြင်ဆင်နေစဉ် မုကျိရွှမ်းက ပြုံးလျှက် ရှေ့သို့ တိုးလာပြီး
“မင်းသား။ တုန်းဖန်ညီမလေးရဲ့ ကိစ္စတွေကို ကျွန်မပဲ စီစဉ်ပါရစေ။”
တုန်းဖန်လုံယွဲ့သည် မင်းသားစံအိမ်သို့ ပြောင်းရွှေ့နေထိုင်မည်ဖြစ်သဖြင့် သူမအတွက် နေထိုင်စရာနေရာ၊ သူမအတွက် အစေခံများ စသည်တို့ စီစဉ်ပေးရန်လိုအပ်သည်။ အစားအသောက်မှစ၍ နေရာထိုင်ခင်းအထိ အရာအားလုံးကို စီစဉ်ရမည် ဖြစ်သည်။
တုန်းဖန်လုံယွဲ့သည် လုချန်း၏ အမျိုးသမီးများထဲမှ တစ်ဦး ဖြစ်သောကြောင့် မိဖုရား ဖြစ်သည့် မုကျိရွှမ်းက ထိုကိစ္စများကို စီစဉ်ပေးခြင်းက သင့်တော်သည်။
လုချန်းက
“ကောင်းပါပြီ။ နှမတော်ပဲ စီစဉ်လိုက်ပါတော့။”
မုကျိရွှမ်းက
“ဘာမှ အခက်အခဲ မရှိပါဘူး။ ကျွန်မ တုန်းဖန်ညီမလေးဆီ အခုပဲ သွားလိုက်ပါ့မယ်”
လုချန်းက
“ဟုတ်ပါပြီ။ သွားလိုက်ပါ။”
ဟု သဘောတူလိုက်သည်။
ထို့နောက် မုကျိရွှမ်း လုချန်းဘေးမှ ထွက်ခွာသွားကာ တုန်းဖန်လုံယွဲ့ကို သွားတွေ့ပြီး သူမကို ဇီးပန်းပွင့်ခြံနှင့် နွေဦးအသံအဆောင်တို့နားမှ အဆောင်တစ်ခုတွင် နေထိုင်ရန် စီစဉ်ပေးခဲ့သည်။
အခန်း (၅၀၃)
ပြောင်းရွှေ့ခြင်း (၂)
တုန်းဖန်လုံယွဲ့ မြောက်ပိုင်းနယ်စားမင်းသားစံအိမ်အသစ်၏ အတွင်းဆောင်သို့ ဝင်ရောက်လာသည်။ သူမ၏ မျက်လုံးများက အတွင်းဆောင်တစ်ခုလုံးကို အဆက်မပြတ် စူးစမ်းကြည့်ရှုနေသည်။ မင်းသားစံအိမ်၏ အတွင်းဆောင်သို့ ဝင်ရောက်သည့်အခါ အလွန်အမင်း ဖိစီးမှုကို ခံစားရမည်ဟု အစပိုင်းတွင် တုန်းဖန်လုံယွဲ့ ထင်မှတ်ခဲ့သည်။
သို့သော် သူမ မမျှော်လင့်ထားသည်မှာ မင်းသားစံအိမ်ထဲသို့ ဝင်ရောက်ပြီးနောက် ထိုဖိစီးမှု ခံစားချက်ကို မခံစားရခြင်းပင် ဖြစ်သည်။
အသစ်တည်ဆောက်ထားသော မင်းသားစံအိမ်၏ နေထိုင်သူဦးရေသည် တုန်းဖန်မိသားစုထက် နည်းပါးသော်လည်း တုန်းဖန်မိသားစု၏ အိမ်တော်ထက် အတော်လေး ပိုမိုကျယ်ဝန်းသည်။ တုန်းဖန်မိသားစုသည် ဆူဖုန်းမြို့တွင် နေအိမ်များတည်ဆောက်ခဲ့ပြီး တုန်းဖန်မိသားစု၏ နေရာသည် အလွန်ခမ်းနားပြီး ဇိမ်ကျသည်ဟု တုန်းဖန်လုံယွဲ ယူဆခဲ့သည်။ သို့သော် ယခု မြောက်ပိုင်းနယ်စားမင်းသားစံအိမ်အသစ်နှင့် နှိုင်းယှဉ်ပါက သူတို့၏ အိမ်တော်သည် ဘာမှ မဟုတ်တော့ပေ။
မင်းသားစံအိမ်၏ အတွင်းဆောင်ပင် အလွန် ကျယ်ဝန်းသောကြောင့် မြင်းလှည်းကို အတွင်းထဲ မောင်းဝင်၍ပင် ပြဿနာ မရှိပေ။
ထိုအချိန်တွင် မုကျိရွှမ်းက တုန်းဖန်လုံယွဲ့ကို ပြုံးလျှက်
“တုန်းဖန်ညီမလေး အခုကစပြီး ဒီဆောင်မှာ နေရတော့မယ်နော်”
မုကျိရွှမ်း၏ စကား ပြီးဆုံးသည်နှင့် တုန်းဖန်လုံယွဲ့သည် အဆောင်၏ ဝင်ပေါက်တွင် ရပ်ကာ တစ်ချက် ဝေ့ကြည့်လိုက်သည်။ ထိုနေရာတွင် အဆောင်ငယ်လေးများ၊ မျှော်စင်များ၊ ရေစီးနေသော စမ်းချောင်းငယ်အပေါ်တွင် တည်ဆောက်ထားသော တံတားငယ်များနှင့် အေးချမ်းသာယာသော ပတ်ဝန်းကျင်တစ်ခုကို မြင်တွေ့ရသည်။ ယင်းသည် တုန်းဖန်မိသားစုတွင် သူမနေထိုင်ခဲ့သော ခြံဝင်းထက် ပိုမိုကျယ်ဝန်းပြီး ပတ်ဝန်းကျင်လည်း ပိုမိုကောင်းမွန်သည်။ ဆူဖုန်းမြို့ရှိ စံအိမ်သည်လည်း ဤခြံဝင်းနှင့် နှိုင်းယှဉ်၍မရပေ။
တကယ်တော့ သူမအား အံ့အားသင့်စေသည့် အရာမှာ ခြံဝင်း၏ ရှုခင်းများမဟုတ်ပါ။ ဒါက မြောက်ပိုင်းမင်းသားစံအိမ်ဖြစ်သည်။ ကံကြမ္မာ၏သားတော်၏ နေအိမ်ဖြစ်သည့်အတွက် အာဏာရှိမိသားစုတစ်ခု၏ နေထိုင်မှုအဆင့်အတန်းထက် ပိုမိုအဆင့်မြင့်သည်က သဘာဝကျပါသည်။
တုန်းဖန်လုံယွဲ့ကို တကယ်အံ့အားသင့်စေသည်က မိဖုရား မုကျိရွှမ်း၏ သဘောထားပင်ဖြစ်သည်။ မုကျိရွှမ်းသည် သူမရှေ့တွင် မိဖုရားကြီးဟူသော ဟိတ်ဟန်ဟန်မပြပဲ မင်းသားစံအိမ်သို့ သူမရောက်ရှိသည်နှင့် “ညီမ” ဟု ခေါ်ဝေါ်ခြင်းသည် တုန်းဖန်လုံယွဲ့ အား မျှော်လင့်မထားသော ဂုဏ်ယူမှုတစ်ခုကို ခံစားရစေသည်။
တုန်းဖန်လုံယွဲ့သည် တုံးအသူ မဟုတ်ပါ။ အာဏာရှိမိသားစုများ၏ အတွင်းဆောင်များတွင်ပင် အမျိုးသမီးများအကြား အကြံအစည်များ ရှိနေသည်ကို သူမ ကောင်းစွာသိထားသည်။
မုကျိရွှမ်းသည် မျက်နှာတစ်ဖက်နှင့် ပြုံးရယ်ပြီး နောက်ကွယ်တွင် အကြံအစည်များ ရှိနေမည်ဟုတောင် တုန်းဖန်လုံယွဲ့ သံသယရှိမိသည်။ မိဖုရားတစ်ပါး အနေနှင့် မင်းသားစံအိမ်တွင် သူမ၏ နေရာထိုင်ခင်းကို ကိုယ်တိုင်စီစဉ်ပေးခြင်း၊ “ညီမ” ဟု ခေါ်ဝေါ်ခြင်းများသည် အလွန်အမင်း ရင်းနှီးဖော်ရွေလွန်းသည်ဟု ထင်မြင်မိသည်။
မုကျိရွှမ်း၏ ရည်ရွယ်ချက်ကို သူ နားမလည်သော်လည်း တုန်းဖန်လုံယွဲ့က ယဉ်ကျေးစွာပင်
“ကျေးဇူးတင်ပါတယ် မိဖုရား”
ဟု တုန့်ပြန်လိုက်သည်။
မုကျိရွှမ်းက
“တုန်းဖန်ညီမလေး နောင်ဆိုရင် လိုအပ်တာရှိရင် အစ်မကို တိုက်ရိုက်ပြောလို့ရတယ်။ ဒါမှမဟုတ် အစေခံမလေးတွေကို ပြောလို့ရတယ် “
တုန်းဖန်လုံယွဲ့က
“ကျွန်မ နားလည်ပါပြီ”
တုန်းဖန်လုံယွဲ့၏ တင်းကျပ်နေသော အမူအရာကို သတိထားမိသွားသော မုကျိရွှမ်းကပြုံးရွှင်စွာဖြင့်
“တုန်းဖန်ညီမလေးက အခု မင်းသားစံအိမ်ရဲ့ အတွင်းဆောင်ထဲကို ရောက်လာပြီဆိုတော့ မင်းသားရဲ့ အမျိုးသမီး ဖြစ်သွားပြီ။”
ထိုစကားကို ကြားလိုက်ရသည်နှင့် တုန်းဖန်လုံယွဲ့ ရင်ခုန်လာသည်။ မိဖုရားက သူမ၏ တကယ့်ရည်ရွယ်ချက်ကို ဖော်ထုတ်နေတာလား။ အခုပဲ သူမကို စည်းကမ်းတွေ စတင်ချမှတ်တော့မှာလား။
တုန်းဖန်လုံယွဲ့ ထို့သို့ တွေးနေစဉ်တွင် မုကျိရွှမ်းက
“မြောက်ပိုင်းနယ်စားမင်းသားစံအိမ်ရဲ့ အတွင်းဆောင်က ပုံမှန် မင်းသားတွေရဲ့ နန်းတွင်းမိဖုရားဆောင်လို မဟုတ်ဘူး။ အာဏာရှိ မိသားစုတွေရဲ့ အတွင်းဆောင်လိုလည်း မဟုတ်ဘူး။”
“မြောက်ပိုင်းနယ်စားမင်းသားစံအိမ်ထဲကို ရောက်တာနဲ့ ကျွန်မတို့ တစ်ယောက်ကိုတစ်ယောက် ညီအစ်မတွေလို နေကြတယ်။ အားလုံးက သဟဇာတဖြစ်ဖြစ် ပေါင်းသင်းကြတယ်။ အခုကစပြီး တုန်းဖန်ညီမလေး ကျွန်မကို မိဖုရားလို့ ခေါ်စရာ မလိုတော့ဘူး။ အစ်မကျိရွှမ်းလို့ပဲ ခေါ်ပါ။”
တုန်းဖန်လုံယွဲ့ ထပ်မံ အံ့အားသင့်သွားသည်။ထို့နောက်
“ယဉ်ကျေးမှုကိုတော့ မစွန့်ပစ်သင့်ပါဘူး မိဖုရား။ ဒါက နည်းနည်း မသင့်လျော်ဘူး မဟုတ်လား။”
မုကျိရွှမ်းက
“တုန်းဖန်ညီမလေးက ဒီကို အခုမှ ရောက်ဖူးတာဆိုတော့ မြောက်ပိုင်းနယ်စားမင်းသားစံအိမ်ရဲ့ အတွင်းဆောင်အခြေအနေကို သေသေချာချာ မသိသေးဘူး ဖြစ်မယ်။ ခဏကြာရင်တော့ တို့ အတွင်းဆောင်က ဘယ်လောက် သဟဇာတ ဖြစ်လဲဆိုတာ နားလည်လာလိမ့်မယ်။”
မုကျိရွှမ်းက ထိုသို့ပြောသော်လည်း တုန်းဖန်လုံယွဲ့၏ စိတ်တွင် သံသယများ ကျန်ရှိနေဆဲဖြစ်သည်။
အဆုံးတွင် ဒါက မင်းသား၏ မောင်းမဆောင်ပင် မဟုတ်ပါလား။ အမျိုးသမီးများ အချင်းချင်း အာဃာတထားရှိရာ၊ မနာလိုဝန်တိုမှုများဖြင့် ယှဉ်ပြိုင်ကြသော နေရာ မဟုတ်လား။ မြောက်ပိုင်းနယ်စားမင်းသားစံအိမ်ရဲ့ အတွင်းဆောင်က တကယ်ပဲ သဟဇာတ ဖြစ်နိုင်ပါ့မလား။
ဒါမှမဟုတ် မိဖုရားက တခြားအမျိုးသမီးတစ်ယောက်ကို ရင်ဆိုင်ဖို့အတွက် သူမကို ဆွဲဆောင်ဖို့ ကြိုးစားနေတာလား။
ထိုကဲ့သို့သော အခြေအနေများသည် ကြီးကျယ်သော မိသားစုများတွင် အလွန်အဖြစ်များသည်။ အိမ်ရှင်မက မယားငယ်ကို မကြိုက်သော်လည်း အိမ်ထောင်ဦးစီးက သဘောကျနေပါက အိမ်ရှင်မသည် မယားငယ်ကို ဖယ်ရှားရန် အခြားအမျိုးသမီးများကို စည်းရုံးပြီး ပူးပေါင်း ရင်ဆိုင်တတ်သည်။
တုန်းဖန်လုံယွဲ့၏ အမြင်အရ မုကျိရွှမ်း ဤမျှ ကြင်နာစွာ ပြုမူနေခြင်းမှာ အကြောင်းတစ်စုံတစ်ရာ ရှိမည်သာ ဖြစ်သည်။
တုန်းဖန်လုံယွဲ့သည် ထိုကဲ့သို့သော ကိစ္စများတွင် ပါဝင်လိုခြင်း မရှိသော်လည်း ယခုမုကျိရွှမ်းကိုယ်တိုင်က သူ့မအား ကြင်နာစွာ ဆက်ဆံလာခြင်း ဖြစ်သည်။ သူမ သတိထားနေသော်လည်း မုကျိရွှမ်း၏ ကြင်နာမှုကို လက်ခံရုံသာ ရှိသည်။
တစ်ရက်ဆိုသောအချိန်က လျင်မြန်စွာ ကုန်ဆုံးသွားခဲ့သည်။ ယနေ့တွင် မင်းသားစံအိမ်ရှိ လူအားလုံးသည် ပတ်ဝန်းကျင်ကို ပြင်ဆင်ရန် အလုပ်များနေကြသည်။ လုချန်း၏ ဇနီးမယားများသည် အိမ်ဟောင်းကို အလွန်အမင်း လွမ်းဆွတ်နေကြသည်။ အသစ်တည်ထားသော မင်းသားစံအိမ်သို့ ပြောင်းရွှေ့လညသော်လည်း သူတို့၏ နေအိမ်အသစ်များကို အဟောင်းကဲ့သို့ပင် ခံစားရစေရန် ကြိုးစားနေကြသည်။
ညပိုင်းရောက်သော အခါတွင် လုချန်း၏ မိန်းမအားလုံး လေပြင်းမိုးတိမ်ဆောင်သို့ စုရုံးလာကြသည်။ ချူးယုချင်သည် အဆောင်ဝင်ပေါက်သို့ ရောက်ရှိသောအခါ
“လေပြင်းမိုးတိမ်ဆောင်” ဟူသော အမည်ကို မြင်လိုက်သည်နှင့် ရပ်တန့်သွားသည်။
သူမက အဆောင်ဝင်ပေါက်ရှိ အစေခံအား
“ဒီအဆောင်ကို ဘယ်သူနာမည်ပေးထားတာလဲ”
ဟု မေးမြန်းလိုက်သည်။
အစေခံက
“ဒေါ်လေးချူး။ မင်းသား ကိုယ်တိုင် အမည်ပေးထားတာပါ”
ဟု ဖြေကြားလိုက်သည်။
ထိုစကားကို ကြားလိုက်ရသည်နှင့် ချူးယုချင်သည် ခဏခန့် ငေးငိုင်သွားသည်။ ချူးချင်လီက ဘေးမှ
“အဲဒါ မကောင်းတဲ့ နာမည်ပဲ။ သူက မင်းသားတစ်ပါးဖြစ်ပြီး နေရာတစ်ခုကို နာမည်ပေးတာတောင် ‘လေပြင်းမိုးတိမ်ဆောင်’ တဲ့။”
ဟု မှတ်ချက်ပြုလိုက်သည်။
ချူးယုချင်လည်း ထိုအမည်ညံ့သည်ဟု ထင်သော်လည်း လုချန်းကိုယ်တိုင် အမည်ပေးထားသည်ကို သိရသဖြင့် နောက်ထပ် မပြောတော့ပဲ ပင်မခန်းမဆောင်ဘက်သို့ တိုက်ရိုက်သွားလိုက်သည်။
ခန်းမဆောင်ဝင်ပေါက်သို့ ရောက်သောအခါ အဆောင်အမည်ပြောင်းသွားသော်လည်း ခန်းမ၏အမည်မှာ “ပင်မခန်းမ” ဟူ၍ပင် ရှိနေဆဲဖြစ်ကြောင်း သတိထားမိသည်။
ချူးယုချင်လည်း ထိုအကြောင်းကို အလေးမထားတော့ပဲ့ ခန်းမအတွင်းသို့ ဝင်သွားလိုက်သည်။ ထိုအချိန်တွင် စားပွဲပေါ်၌ ဟင်းလျာများ ပြင်ဆင်ထားပြီး ဖြစ်သည်။
...........
အခန်း (၅၀၄)
ပြောင်းရွှေ့ခြင်း (၃)
ပင်မခန်းမဆောင်ထဲသို့ ရောက်သောအခါ ကလေးကို ပွေ့ချီကာ ချော့မော့နေသော လုချန်းကို ချူးယုချင် တွေ့လိုက်ရသည်။ ထိုစဉ် သူမက
“ချန်းလေး။ ဒီအဆောင်ကို ဘာလို့ လေပြင်းမိုးတိမ်ဆောင်လို့ နာမည်ပေးထားတာလဲ။ နာမည်က နည်းနည်း မသင့်တော်ဘူးလား။ ဘာပဲဖြစ်ဖြစ် ဒါက တို့နေတဲ့နေရာပဲလေ”
ဟု မေးလိုက်သည်။
ထိုစကားကို ကြားလိုက်ရသော အခြားမိန်းမများအားလုံးလည်း ချူးယုချင်၏ အမြင်ကို သဘောတူကြပြီး ဤအမည်မှာ မသင့်လျော်ကြောင်း ယူဆကြသည်။ လုချန်းက ကလေးကို ဆက်၍ချော့မော့ရင်း ပြုံးကာ
“ယာယီနာမည်ပေးထားတာပါ။ နောက်မှ ပြောင်းလို့ရပါတယ်။ ဒါပေမဲ့ စဉ်းစားကြည့်ရင် နာမည်က ဘာမှ မမှားပါဘူး။”
“ကျွန်တော် ဒီမှာနေတယ်။ ပြီးတော့ ညဘက်ဆိုရင် မုန်တိုင်းတွေ မွှေနှောက်နေတုန်းပဲ မဟုတ်လား။”
လုချန်း၏ အကြောင်းပြချက်ကို ကြားသည်နှင့် အမျိုးသမီးများ ချက်ချင်း နားလည်သွားကြပြီး ကျောင်းညီအစ်မတို့၏ မျက်နှာများသည် နီမြန်းသွားသည်။
‘လေနဲ့မိုးတိမ်’ ဟုသာ ဆိုလျှင် သူတို့ နားမလည်ပေ။ သို့သော် ‘မုန်တိုင်းမွှေနှောက်ခြင်း’ နှင့် ဆက်စပ်လိုက်သောအခါ သူ၏ အဓိပ္ပာယ်ကို ချက်ချင်း သိလိုက်သည်။
ဒါက ဤလူယုတ်မာ၏ နာမည် ရွေးချယ်ရခြင်း၏ အကြောင်းရင်း ဖြစ်သည်။
ချူးယုချင်၏ မျက်နှာမှာ အနည်းငယ် ပူနွေးလာပြီး ဆက်လက်မပြောတော့ဘဲ နေလိုက်သည်။ ထိုအချိန်တွင် မုကျိရွှမ်းက သူမ၏ အစေခံထံ လှည့်ကာ
“ရှောင်ရိုး။ ညစာ ပြင်ဆင်တော့မယ်။ တုန်းဖန် မိန်းကလေးကို သွားခေါ်လိုက်ပါ။”
တုန်းဖန်လုံယွဲ့သည် မိသားစုသို့ တရားဝင် လက်ထပ်ခြင်း မရှိသေးသော်လည်း သူမသည် လုချန်း၏ အမျိုးသမီး ဖြစ်လာရန် ဆုံးဖြတ်ပြီး ဖြစ်သည်။ လုချန်း၏ အမျိုးသမီးတစ်ဦးအနေနှင့် သူမသည် ညပိုင်းတွင် ပင်ခန်းမဆောင်သို့ လာရောက်ပြီး သူနှင့်အတူ ညစာစားသင့်သည်။ ဤအရာသည် မြောက်ပိုင်းနယ်စားမင်းသားစံအိမ်၏ ထုံးတမ်းစဉ်လာများထဲမှ တစ်ခု ဖြစ်သည်။
ခဏအကြာတွင် အစေခံရှောင်ရိုး တုန်းဖန်းလုံယွဲ့ နေထိုင်ရာ အဆောင်သို့ ရောက်ရှိလာသည်။ ထိုအချိန်တွင် တုန်းဖန်းလုံယွဲ့သည် အဆောင်ငယ် တစ်ခုထဲတွင် တစ်ကိုယ်တည်း ပန်းချီဆွဲနေပြီး အနည်းငယ် အထီးကျန်နေပုံ ပေါ်သည်။
တုန်းဖန်မိသားစုမှ အစေခံများကို မင်းသားစံအိမ်သို့ ခေါ်ဆောင်လာခြင်း မရှိပေ။ မြောက်ပိုင်းနယ်စားမင်းသားစံအိမ်တွင် အသစ်ဖြစ်နေသဖြင့် ထိုနေရာမှ လူများနှင့် မရင်းနှီးသောကြောင့် သူမ အတော်လေး စိတ်မသက်မသာ ဖြစ်နေသည်။
ထိုစဉ် ရှောင်ရိုးက ဆောင်အဝင်ဝမှနေ၍ တုန်းဖန်လုံယွဲ့အား
“တုန်းဖန် သခင်မ။ မိဖုရားက ညစာစားဖို့အတွက် ပင်မခန်းမဆောင်ကို ဖိတ်ခေါ်ပါတယ်။”
ထိုစကားကို ကြားသောအခါ တုန်းဖန်လုံယွဲ့သည် အံ့အားသင့်သွားသည်။
ညစာလား။
မိဖုရားသည် အသစ်ရောက်လာသူကို အနိုင်ယူရန်အတွက် အတူတူ ညစာစားဖို့ ဖိတ်ခေါ်ခြင်းလား။
ထို့ကြောင့် တုန်းဖန်လုံယွဲ့က
“မိဖုရားကို ကျေးဇူးတင်ကြောင်း ပြောပေးပါ။ ဒါပေမဲ့ ကျွန်မ ငြင်းဆိုပါရစေ။ ကျွန်မ ဗိုက်မဆာသေးပါဘူး”
ဟု ပြန်ဖြေလိုက်သည်။
ထိုစကားကို ကြားသောအခါ ရှောင်ရိုးက
“ မင်းသားစံအိမ်ရဲ့ အတွင်းဆောင်က တခြားသူတွေ အားလုံး သွားနေကြပါပြီ။ တုန်းဖန်သခင်မ မသွားရင် မင်းသားက မကျေမနပ် ဖြစ်နိုင်ပါတယ်။”
တုန်းဖန်လုံယွဲ့သည် ဇဝေဇဝါ ဖြစ်သွားကာ
“ဒါက မင်းသားနဲ့ ဘာဆိုင်လို့လဲ”
ဟု မေးလိုက်သည်။
တုန်းဖန်လုံယွဲ့ မြောက်ပိုင်းနယ်စားမင်းသားစံအိမ်၏ ဓလေ့များကို မသိကြောင်း ရှောင်ရိုး သဘောပေါက်သွားပြီး ရှင်းပြလိုက်သည်။
“မြောက်ပိုင်းနယ်စားမင်းသားစံအိမ်ရဲ့ အတွင်းဆောင်မှာ မင်းသားရဲ့ ဇနီးမယားတွေဟာ အရေးကြီးတဲ့ ကိစ္စတွေ မရှိဘူးဆိုရင် ညတိုင်း ပင်မခန်းမဆောင်မှာ မင်းသားနဲ့အတူ ညစာ စားရပါမယ် တုန်းဖန် သခင်မ။”
တုန်းဖန်လုံယွဲ့သည် အနည်းငယ် အံ့အားသင့်သွားပြီး သူမ နားလည်မှုလွဲခဲ့ကြောင်း သိသွားသည်။ ထို့နောက် သူမက
“သဘောပေါက်ပါပြီ။”
ချက်ချင်းပင် စုတ်တံကို ချလိုက်ပြီး ထရပ်ကာ အစေခံမလေးနှင့်အတူ ပင်မခန်းမဆောင်သို့ လိုက်ပါသွားသည်။
ပင်အခန်းမဆောင်သို့ ရောက်သောအခါ ရှောင်ရိုး ပြောသည့်အတိုင်းပင် လုချန်း၏ ဇနီးမယား အများစုသည် ရောက်ရှိနေကြသည်ကို တုန်းဖန်လုံယွဲ့ တွေ့လိုက်ရသည်။
တုန်းဖန်လုံယွဲ့ ရောက်လာသည်ကို မြင်လျှင် မုကျိရွှမ်းက သူမထံ ချက်ချင်း လျှောက်သွားပြီး လက်ကို ဆွဲကိုင်ကာ လူတိုင်းအား မိတ်ဆက်ပေးလိုက်သည်။
“ဒီနေ့မှ ကျွန်မတို့ မင်းသားစံအိမ်ကို ရောက်လာတဲ့ ညီမလေးပါ။”
ထိုစကားကို ကြားသောအခါ အမျိုးသမီးများအားလုံး တုန်းဖန်လုံယွဲ့ကို ကြည့်လိုက်ကြသည်။ လုချန်း၏ အမျိုးသမီးအများစုသည် တုန်းဖန်လုံယွဲ့နှင့် တွေ့ဆုံဖူးကြသော်လည်း သူမနှင့် သိပ်ရင်းနှီးမှု မရှိကြပေ။ သို့သော် ဤအမျိုးသမီးကို လုချန်းက နောက်ဆုံးတွင် မင်းသားစံအိမ်သို့ ဆွဲဆောင်နိုင်မည်ဟု အစောကတည်းက မျှော်လင့်ထားခဲ့ကြသည်။
တုန်းဖန်လုံယွဲ့ ထိတ်လန့်ဟန် မပြပေ။ ပြုံးလျက် သူမကိုယ်သူမ မိတ်ဆက်လိုက်သည်။
“ကျွန်မနာမည်က တုန်းဖန်လုံယွဲ့ပါ။ တုန်းဖန်မိသားစုက သာမန်အရပ်သူ တစ်ဦးပါ။ အစ်မတို့အားလုံးနဲ့ တွေ့ရတာ ဝမ်းသာပါတယ်။”
ထိုအခါ မုကျိရွှမ်းက ချက်ချင်း ပြင်ပေးလိုက်သည်။
“ညီမလေးတုန်းဖန်။ ဒီမနက်တုန်းက ညီမလေး မြောက်ပိုင်းနယ်စားမင်းသားစံအိမ်ရဲ့ အဖွဲ့ဝင် ဖြစ်သွားပြီလို့ ပြောခဲ့တယ်လေ။ ဒီလောက် ဓလေ့ထုံးတမ်းတွေ မလိုပါဘူး။ ကိုယ့်ကိုယ်ကို သာမန်အရပ်သူလို့ ရည်ညွှန်းဖို့လည်း မလိုပါဘူး။ ညီမလေးက အရပ်သူ သက်သက် မဟုတ်တော့ပါဘူး။”
မြောက်ပိုင်းနယ်စားမင်းသားစံအိမ်၏ အတွင်းဆောင်သို့ ရောက်သည်နှင့် သူမသည် မြောက်ပိုင်းနယ်စားမင်းသား၏ အမျိုးသမီးများထဲမှ တစ်ဦး ဖြစ်လာပြီး သာမန်အရပ်သူတစ်ဦးဟု မယူဆနိုင်တော့ပေ။
တုန်းဖန်လုံယွဲ့က ကျေးဇူးတင်စွာဖြင့်
“ သဘောပေါက်ပါပြီ မိဖုရား။”
ထိုအချိန်တွင် လုချန်းက ကလေးကို အနားရှိ နို့ထိန်းထံ ပေးလိုက်သည်။ ထို့နောက်
“အားလုံး ရောက်နေပြီဆိုတော့ ညစာ စစားကြစို့။”
ထို့နောက် အမျိုးသမီးများအားလုံး ခန်းမဆောင်ရှိ စားပွဲဝိုင်းတွင် ထိုင်လိုက်ကြသည်။ တုန်းဖန်လုံယွဲ့သည် အသစ်ဖြစ်နေသဖြင့် ထိုင်ခုံနေရာချထားမှု ရှိနိုင်သည်ဟု တွေးသည်။ ဥပမာ- မိဖုရားသည် လုချန်းဘေးတွင် ထိုင်ပြီး အဆင့်အတန်းမြင့်မားသော အခြားအမျိုးသမီးများသည် မင်းသားနှင့် ပိုနီးသောနေရာတွင် ထိုင်ကြမည်ဖြစ်သည်။
သို့သော် သူမ ထိုသို့ စဉ်းစားနေစဉ် ကျောင်းညီအစ်မနှင့် ရှောင်ဝမ်ယောင်တို့သည် လုချန်း၏ ဘေးနှစ်ဖက်တွင် ထိုင်နေသည်ကို သတိပြုမိသည်။ မိဖုရားဖြစ်သူ မုကျိရွှမ်းကက လုချန်းဘေးတွင် မထိုင်ပေ။ ဒါက သူမ၏ ယူဆချက်နှင့် ထပ်မံ ဆန့်ကျင်နေပြန်သည်။
ထိုစဉ် မုကျိရွှမ်းက တုန်းဖန်လုံယွဲ့၏ လက်ကို ကိုင်လျက် စားပွဲသို့ ခေါ်ဆောင်ကာ ထိုင်ခိုင်းသည်။ သူမ၏ နေရာသည် လုချန်းနှင့် အနည်းငယ် ကွာဝေးသော ထိုင်ခုံအချို့တွင် ဖြစ်ရာ မြောက်ပိုင်းနယ်စားမင်းသားစံအိမ်ကို မသိသူများအတွက် မိဖုရားသည် မင်းသားနှင့် သဘောထားကွဲလွဲနေသည် သို့မဟုတ် သူမသည် မင်းသားစံအိမ်တွင် အရေးမပါသောကြောင့် မင်းသားက ဂရုမစိုက်ဟု ယူဆနိုင်သည်။
ထို့နောက် လုချန်းက အသားတစ်ဖဲ့ယူကာ ပါးစပ်ထဲသို့ ထည့်လိုက်သည်။ ထို့နောက် စားပွဲဝိုင်းမှ တုန်းဖန်လုံယွဲ့ကို ကြည့်ကာ
“လုံယွဲ့က မင်းသားစံအိမ်ကို ပထမဆုံး ရောက်ဖူးတာဆိုတော့ ဒီက အရာအားလုံးနဲ့ ရင်းနှီးမှု မရှိသေးလို့ စိတ်မပူပါနဲ့။ မင်းတို့ရဲ့ အာဏာရှိ မိသားစုတွေလို စည်းကမ်းတွေ အများကြီး မရှိပါဘူး။ အရမ်း သတိထားနေစရာ မလိုပါဘူး။”
တုန်းဖန်လုံယွဲ့က
“ဟုတ်ကဲ့ မင်းသား။ သဘောပေါက်ပါပြီ”
ထိုစဉ် ရှောင်ဝမ်ယောင်သည် စားပွဲအောက်မှ ဝိုင်တစ်ပုလင်းကို ထုတ်ယူပြီး ဖန်ခွက်တစ်ခွက်ကို လုချန်းရှေ့သို့ တွန်းပို့လိုက်သည်။
“ဒီည ဝိုင်သောက်မလားမင်းသား”
ထိုစကားကို ကြားသောအခါ လုချန်းက အနည်းငယ်ပြုံးလိုက်ပြီး စားပွဲတစ်ဖက်ရှိ တုန်းဖန်လုံယွဲ့ကို လှမ်းကြည့်လိုက်သည်။ ထို့နောက်
“ဒီည လုပ်စရာတွေ ရှိတယ်ဆိုတော့ ဝိုင် မသောက်တော့ဘူး။”
ထိုစကားကြောင့် အမျိုးသမီးများအားလုံး၏ မျက်လုံးများ တုန်းဖန်လုံယွဲ့ထံသို့ အလိုလို ရောက်သွားကြပြီး လုချန်း၏ စကားနောက်ကွယ်မှ အဓိပ္ပာယ်ကို ချက်ချင်း နားလည်သွားကြသည်။
ရုတ်တရက် လုချန်း၏ ဇနီးမယားများ၏ အကြည့်ခံရသောအခါ တုန်းဖန်လုံယွဲ့သည် အလွန်အမင်း ရှက်ရွံ့သွားသည်။ သူမသည် မြောက်ပိုင်းနယ်စားမင်းသားစံအိမ်သို့ ယခုမှ ဝင်ရောက်ခဲ့သော်လည်း တုံးအသူ မဟုတ်ပေ။ လုချန်း၏ “ဒီည လုပ်စရာတွေ ရှိတယ်” ဟူသော စကား၏ အဓိပ္ပာယ်ကို သဘောပေါက်နိုင်သည်။
ထိုစဉ် ချူးယုချင်က ဝက်ဝံသားတစ်တုံး ကို လုချန်း၏ ပန်းကန်ထဲသို့ ထည့်ပေးလိုက်သည်။ မျက်နှာတွင် အပြုံးနှင့်အတူ
“ချန်းလေး။ ဒီည နောက်ကျတဲ့အထိ အလုပ်လုပ်ရမယ်ဆိုရင် အားရှိအောင် ဒါစားထားပါ။”
လုချန်း စကားမပြောနိုင် ဖြစ်သွားသည်။ သူ၏ ခန္ဓာကိုယ်အခြေအနေအရ ဤကဲ့သို့ အားဖြည့်စာများ မလိုအပ်ဟု တွေးမိလိုက်သည်။ သို့သော် ချူးယုချင်၏ ဂရုစိုက်မှုကို မငြင်းပယ်ခဲ့ပေ။
...........