အခန်း ၅၁၄-၅၁၆
Vol. 35 Ch. 514-517
အခန်း (၅၁၄ )
ဝင်ရိုးစွန်းဒေသများ
အခန်းထဲမှ ကလေးငယ်၏ ငိုသံကို ကြားသောအခါ ချူးယုချင် ခဏတာ အံ့အားသင့်သွားသည်။ သူမသည် မုကျိရွှမ်းနှင့် ကျောင်းညီအစ်မတို့ကို မနေ့က ကလေးမွေးဖွားခြင်း အကြောင်း မေးမြန်းခဲ့သည်။ သူတို့က လုချန်းရှိနေရင် ဘာမှ မခံစားရပဲ ကလေးက ဗိုက်ထဲကနေ ရိုးရိုးလေး ထွက်လာလိမ့်မည်ဟု ပြောခဲ့ကြသည်။
အစတုန်းက ချူးယုချင် သံသယအနည်းငယ်ရှိခဲ့သော်လည်း မုကျိရွှမ်းတို့ပြောသည့်အတိုင်း ဘာမှမခံစားရပဲ ဝမ်းဗိုက်ကျုံ့သွားပြီး ကလေးထွက်လာသည်ကို တွေ့ရသည်။
ထိုအချိန်တွင် သူမ၏ ခန္ဓာကိုယ်အတွင်းသို့ နွေးထွေးသောစွမ်းအင်များ အဆက်မပြတ်စီးဝင်နေသည်ကို ချူးယုချင် ခံစားရသည်။ လုချန်း၏ အတွင်းအား သူမ၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာသည်နှင့်အမျှ ကိုယ်ဝန်ဆောင်စဉ်က ဖြစ်ပေါ်ခဲ့သော အကြောပြတ်ရာများ တဖြည်းဖြည်း မှေးမှိန်သွားပြီး သူမ၏ ခန္ဓာကိုယ်၏ အခြားနေရာများလည်း ပြန်လည်ကောင်းမွန်လာကာ မကြာမီ ကိုယ်ဝန်မဆောင်မီကအတိုင်း ပြန်ဖြစ်သွားသည်။
ထို့နောက် ဝမ်းဆွဲသည်က ကလေးကို လုချန်းထံသို့ ခေါ်လာပြီး
“ဂုဏ်ယူပါတယ် မင်းသား။ သားလေးပါ”
လုချန်းက ခပ်ဖွဖွ ပြုံးလိုက်ပြီး ကလေးကို ယူကာ ကုတင်ပေါ် တင်လိုက်ပြီး ကလေးငယ်၏ ခုခံနိုင်စွမ်း ပိုမိုခိုင်မာစေရန် အတွင်းအားအချို့ ထည့်သွင်းပေးလိုက်သည်။
အားပြန်ပြည့်လာပြီဖြစ်သော ချူးယုချင်လည်း လှဲနေရာမှ ဖြည်းဖြည်းချင်းထိုင်လာကာ အိပ်ရာပေါ်ရှိ ကလေးကို ကြည့်ရင်း နူးညံ့စွာ ပြုံးလိုက်သည်။
ချူးယုချင်၏ နူးညံ့သော လက်များက လုချန်းဝမ်၏ ပါးပြင်များကို ပွတ်သပ်ရင်း ပြုံးလျက်
“ဝမ်လေး မင်းအဖေက တော်တော် ဆိုးတဲ့သူနော်။ မင်းကြီးလာရင် သူ့လိုမဖြစ်စေနဲ့နော်။”
ထိုစကားကို ကြားလိုက်ရသည်နှင့် လုချန်းက ရယ်မောကာ
“ယုချင်။ ကိုယ်က ဘာမကောင်းတာလဲ။ ပြီးတော့ ဝမ်လေး ကလေးငယ်လေးပဲ။ မင်းပြောတာကို နားမလည်သေးဘူး။”
ထို့နောက် ချူးယုချင်က လုချန်းကို ကြည့်ပြီး
“ချန်းလေး။ မင်းဒီနေ့တွေ အလုပ်များနေတာ ဒေါ်လေး သိတယ်။ အခု အရေးကြီးကိစ္စမရှိတော့ဘူးဆိုရင် မင်းအလုပ်တွေကို သွားလုပ်ပါ။”
လုချန်းက ပြုံးရယ်ကာ
“အခု ကလေးရှိလာပြီ။ ကိုယ့်ကို ချန်းလေးလို့ ခေါ်နေသေးလား။”
ထိုစကားကို ကြားလိုက်ရသည်နှင့် ချူးယုချင်၏ ပါးပြင်များ နီမြန်းသွားသည်။ ဤမျှကြာပြီဖြစ်သော်လည်း သူ့ကို အခြားနည်းဖြင့် ခေါ်ဆိုရန် ကျင့်သားမရသေးပေ။
ထို့နောက် အသံတိုးတိုးဖြင့်
“ချစ်သူရေ။ မင်းအလုပ်တွေကို သွားလုပ်လိုက်ပါ။ တို့အားလုံးပြန်ကောင်းသွားပြီ။”
မိမိရှေ့တွင် မျက်နှာနီမြန်းနေသော မိန်မလှကို ကြည့်ရင်းလုချန်းက ကိုင်းညွှတ်ကာ ချူးယုချင်၏ နားနားကပ်၍
“ချစ်သူရေ။ ကောင်းကောင်းအနားယူပါ။ ကိုယ် အလုပ်နည်းသွားတဲ့အခါ ညတိုင်း မင်းအခန်းမှာပဲ နေပြီး မင်းနဲ့ ကလေးကို ပြုစုပေးမယ်”
ဟု တိုးတိုးလေးပြောလိုက်သည်။
ထိုစကားကို ကြားလိုက်ရသည်နှင့် ချူးယုချင်၏ မျက်နှာပူလာကာ စကားနောက်ကွယ်မှ အဓိပ္ပာယ်ကို ချက်ချင်း သဘောပေါက်လိုက်သည်။
လုချန်းလည်း ချူးယုချင်ကို ဆက်လက်မနှောင့်ယှက်တော့ပဲ စကားပြောပြီးနောက် ထသွားကာ မီးဖွားခန်းမှ ထွက်ခွာသွားပြီး စာကြည့်ခန်းသို့ သွားလေသည်။
စနစ်က သူ့ကို ယခုတစ်ကြိမ် ဘာတွေ ဆုချထားသလဲဆိုတာ ကြည့်လိုသည်။
စာကြည့်ခန်းသို့ ဝင်ရောက်ပြီးနောက် လုချန်းသူ၏ ထိုင်ခုံတွင် ထိုင်လိုက်ပြီး စနစ်မျက်နှာပြင်ကို ဖွင့်ကာ စစ်ဆေးလိုက်သည်။
[ ကလေးရရှိသည့်အတွက် ဂုဏ်ယူပါတယ်။ စစ်သည် နှစ်သိန်း၊ အဆင့်မြင့် သိုင်းပညာရှင် စစ်ဗိုလ်ချုပ်ကြီး နှစ်ဦးနှင့် လူဦးရေ ဆယ်သိန်းတို့အား ဆုချပါသည်။]
[လူဦးရေ အချက်အလက်- ယင်နိုင်ငံတော် အကြွင်းအကျန်များသည် လက်ရှိ ဝင်ရိုးစွန်းဒေသများတွင် တည်ရှိသည်။]
[သခင်သည် သူတို့အား အမိန့်တစ်ခု ထုတ်ပြန်နိုင်သည်။ သူတို့အား မည်သည့် ညွှန်ကြားချက် ပေးလိုသနည်း။]
လုချန်း ခဏစဉ်းစားပြီးနောက်
“မြောက်ပိုင်းပြည်နယ်ကို လာရောက်ပြီး ဝင်ရိုးစွန်းဒေသ၏ အခြေအနေကို အစီရင်ခံစာပါစေ။”
[ဝင်ရိုးစွန်းဒေသရှိ လူများသည် သခင့်အမိန့်ကို လက်ခံရရှိပါသည်။ သူတို့သည် သုံးလအတွင်း ရန်ခရိုင်သို့ ရောက်ရှိမည် ဖြစ်သည်။]
စနစ်သတိပေးချက်ကို ကြားရသောအခါ လုချန်း အံ့အားသင့်သွားသည်။
သုံးလတောင်လား။
ဒီလောက်ကြာလား....
ဝင်ရိုးစွန်းဒေသက မြောက်ဘက် ဘယ်လောက် အထိ ဝေးတာလဲ။
ယူမြို့တော်မှ ရန်ခရိုင်သို့ သွားရန် တစ်လခန့်ကြာမြင့်သည်။ သို့သော် ဝင်ရိုးစွန်းဒေသမှ ရန်ခရိုင်သို့ ရောက်ရှိရန် သုံးလကြာမည်ဆိုပါက ခရီးသွားချိန် အပိုနှစ်လ ပိုမိုကြာမြင့်မည် ဖြစ်သည်။
ရန်ခရိုင်ပင် အလွန်အေးပြီဖြစ်ရာ ဝင်ရိုးစွန်းဒေသ၏ အအေးဓာတ်မှာ မည်မျှပြင်းထန်မည်နည်း။ ထိုဒေသတွင် နေထိုင်ကြသော သာမန်လူများ အသက်ရှင်နိုင်ပါ့မလား။
လုချန်း အတွေးနယ်ချဲ့နေစဉ် စာကြည့်ခန်းအပြင်ဘက်မှ အစေခံမိန်းမ၏ အသံထွက်ပေါ်လာသည်
“မင်းသား ဝူခေါင်းဆောင် တွေ့ခွင့်တောင်းပါတယ်။”
ထိုအသံကို ကြားသောအခါ လုချန်း သတိပြန်ဝင်လာပြီး
“ဝင်လာပါ”
ဟု ပြောလိုက်သည်။
နောက်တစ်ခဏတွင် ဝူယွမ်သည် တံခါးကို တွန်းဖွင့်ကာ စာကြည့်ခန်းထဲသို့ ဝင်လာခဲ့သည်။ လုချန်းသည် ဝူယွမ်ကို ရထားလမ်း တည်ဆောက်ရေးကို ကြီးကြပ်ရန် တာဝန်ပေးခဲ့သည်မှာ လပေါင်းများစွာ ကြာပြီဖြစ်၏။ လုချန်းက
“ရထားလမ်း တည်ဆောက်ရေးက ပြီးလုနီးပါး ဖြစ်နေပြီလား။”
ယူမြို့တော်မှ ရန်ခရိုင်သို့ မီးရထားလမ်းကို နှစ်ဖက်လုံးမှ တစ်ပြိုင်နက်တည်း စတင် တည်ဆောက်ခဲ့ခြင်း ဖြစ်သောကြောင့် ဆောက်လုပ်ရေး တိုးတက်မှု အခြေအနေကို လုချန်း သိပ်မသိပေ။ ရထားလမ်းကို အလွန်လျင်မြန်စွာ တည်ဆောက်နေကြောင်းကိုသာ သူ သိသည်။
ဝူယွမ်က
“သံလမ်းတွေ ဆက်သွယ်ပြီးပါပြီ။ ရက်အနည်းငယ်အတွင်း စမ်းသပ်ပြေးဆွဲနိုင်ပါပြီ။”
ထိုအခါ လုချန်းက ညင်သာစွာ ပြုံးလိုက်ပြီး
“ခင်ဗျား ကောင်းကောင်း လုပ်နိုင်ခဲ့တယ်။ ဒီကာလအတွင်း ခင်ဗျားလည်း အတော် ပင်ပန်းခဲ့ရမှာပဲ။”
ဝူယွမ်က
“ဒါက ရွှမ်ယွမ်သခင်ကြီးရဲ့ စွမ်းဆောင်မှုပါ။ ကျွန်တော် ဘာမှ များများစားစား မလုပ်ခဲ့ပါဘူး။”
ထိုအချိန်တွင် လုချန်းက တစ်စုံတစ်ခုကို တွေးမိသွားကာ ဆက်၍
“ခင်ဗျား ပြန်သွားတဲ့အခါ ရွှမ်ယွမ်သခင်ကြီးကို ယူမြို့တော်ရဲ့ မြောက်ဘက်က မြေမျက်နှာသွင်ပြင်ကို ဆက်လက် စစ်ဆေးခိုင်းလိုက်ပါ။ ကျွန်တော် မကြာခင်မှာ ဝင်ရိုးစွန်းဒေသတွေအထိ နောက်ထပ် ရထားလမ်းတစ်ခု ဆောက်ဖို့ စီစဉ်နေတယ်။”
ဝူယွမ် အံ့အားသင့်သွားသည်။
ဝင်ရိုးစွန်းဒေသ....
ဝင်ရိုးစွန်းဒေသတွေအထိ ရထားလမ်း ဖောက်လုပ်ဖို့ ဘာကြောင့် လိုအပ်မှာလဲ။
ဝင်ရိုးစွန်းဒေသများသည် အလွန်အေးပြီး လူသူမရှိပေ။
ဝူယွမ် ထိုသို့ တွေးတောနေစဉ် လုချန်းက
“ဝင်ရိုးစွန်းဒေသတွေမှာ ကျွန်တော့်လူတွေ ရှိတယ်။ ကျွန်တော် သူတို့နဲ့ ဆက်သွယ်မှုကို ခိုင်မာအောင် လုပ်ဖို့ လိုတယ်။”
လုချန်း ထိုသို့ ပြောလိုက်သည်နှင့် ဝူယွမ် ချက်ချင်း နားလည်သွားသည်။ မင်းသားက မြောက်ဘက်ကို ထပ်မံ တိုးချဲ့လိုခြင်းသည် အံ့သြစရာ မဟုတ်တော့ပေ။ မြောက်ဘက်တွင် မြောက်ပိုင်းနယ်စားမင်းသား၏ အင်အား ရှိနေသေးသည်ကို သူယခုမှ သိလိုက်ရခြင်း ဖြစ်သည်။
ထို့နောက် ဝူယွမ်က
“ကျွန်တော် နားလည်ပါပြီ။ ခဏကြာရင် ရွှမ်ယွမ်သခင်ကြီးနဲ့ ပြောပါ့မယ်။”
ဝူယွမ် စကားဆုံးသည်နှင့် အစေခံမလေး၏ အသံက တံခါးဝမှ ထပ်မံ ထွက်ပေါ်လာသည်။
“မင်းသား။ တပ်မှုးချင် တွေ့ခွင့်တောင်းပါတယ်။”
လုချန်းက
“သူ့ကို ဝင်ခွင့်ပေးလိုက်။”
ထို့နောက် ချင်ယူရှန် စာကြည့်ခန်းထဲသို့ ဝင်လာခဲ့သည်။ ချင်ယူရှန်ကို မြင်ပြီးနောက် ဝူယွမ်က
“မင်းသား။ တခြားကိစ္စ မရှိတော့ရင် ကျွန်တော် ခွင့်ပြုပါ။”
ဝူယွမ်သည် ရထားလမ်း ဆက်သွယ်မှု ပြီးစီးကြောင်း လုချန်းကို အသိပေးရန်သာ လာခဲ့ခြင်းဖြစ်ပြီး ဆွေးနွေးရန် အခြားကိစ္စ မရှိပေ။
လုချန်းက
“အင်း။ ကောင်းပါပြီ။”
ထို့နောက် ဝူယွမ် လှည့်ထွက်သွားခဲ့သည်။
ဝူယွမ် ထွက်သွားပြီးနောက် ချင်ယူရှန်က
“မင်းသားကို ဂါရဝပါတယ်။”
“ သတင်းကောင်းပါ မင်းသား။ တုန်းဖန်မိသားစုရဲ့ ကုန်တင်သင်္ဘောတွေကို ပြပြင်ပြောင်းလဲပြီးပါပြီ။ ပြီးတော့ မနေ့ညက အောင်မြင်စွာ စမ်းသပ်မောင်းနှင်နိုင်ခဲ့ပါတယ်။”
ထိုအခါ လုချန်းသည် ခဏခန့် အံ့သြသွားသည်။ သူတို့ အားလုံး ပြီးသွားပြီလား...
ဒီလောက်တောင် မြန်လား....
ထို့နောက် လုချန်းက
“ရေနွေးငွေ့အင်ဂျင် အလုပ်လုပ်လား”
ဟု မေးလိုက်သည်။
ချင်ယူရှန်က
“လုပ်ပါတယ်။ ပြုပြင်ပြောင်းလဲထားတဲ့ စစ်သင်္ဘောတွေဟာ လူအား၊လေအား မလိုတော့ပါဘူး။ ကျောက်မီးသွေးကို လောင်ကျွမ်းပြီး ရေနွေးငွေ့ထုတ်လုပ်ရုံနဲ့ ကြီးမားတဲ့ သင်္ဘောတွေကို မောင်းနှင်နိုင်ပါပြီ။”
“ဒါပေမဲ့ သစ်သားနဲ့ လုပ်ထားတဲ့ ရေနွေးငွေ့သင်္ဘောတွေက ကြာရှည် လည်ပတ်နိုင်မှာ မဟုတ်ပါဘူး။ တုန်းဖန်မိသားစုက သင်္ဘောတွေမှာ ရွက်တွေ မဖြုတ်ပဲ ထားထားပါတယ်။”
လုချန်း စဉ်းစားသွားသည်။ သစ်သားသင်္ဘောက သစ်သားသင်္ဘောသာ ဖြစ်သည်။ ဘွိုင်လာ၏ အပူဒဏ်ကို ကောင်းစွာ ကာကွယ်ထားသော်လည်း သစ်သားကိုယ်ထည်ကို ထိခိုက်စေနိုင်သေးသည်။
ဟုတ်ပါသည်။ ဒါက သစ်သားသင်္ဘောများ ကို ရေနွေးငွေ့သင်္ဘောများအဖြစ် ပထမဆုံးအကြိမ် ပြုပြင်ပြောင်းလဲခြင်းဖြစ်သည်။ ဘာပဲဖြစ်ဖြစ် အလုပ်လုပ်နိုင်ရုံမျှဖြင့် လုံလောက်ပါသည်။
အတွေ့အကြုံ ပိုရလာသာ်နှင့်အမျှ အပူဒဏ်ကာကွယ်ရန်နည်းလမ်းများ ပိုကောင်းလာပြီး ရေနွေးငွေ့အင်ဂျင်၏ သစ်သားကိုယ်ထည်အပေါ် သက်ရောက်မှု လျော့နည်းသွားနိုင်သည်။
ထို့နောက် လုချန်းက
“ဝေစုယွမ်ရဲ့ အန်းပင်မြို့က စစ်တပ်ကြီးကို အရှေ့ဘက်ကို ချက်ချင်း ရွှေ့ခိုင်းပြီး တုန်းဖန်မိသားစုရဲ့ ပြုပြင်ပြောင်းလဲထားတဲ့ စစ်သင်္ဘောတွေနဲ့အတူ လေ့ကျင့်ခိုင်းလိုက်ပါ။”
စစ်သင်္ဘောများ တည်ဆောက်ပြီးပြီ ဖြစ်သောကြောင့် ဝေစုယွမ်၏ ရေတပ်သားများသည် ကုန်းပေါ်တွင် ဆက်လက်နေထိုင်ရန် အကြောင်းမရှိတော့ပေ။
သူတို့သည် ယခုအချိန်တွင် ပြုပြင်ပြောင်းလဲထားသော သစ်သားရေနွေးငွေ့သင်္ဘောများနှင့် လေ့ကျင့်မည်ဖြစ်ပြီး သံမဏိရေနွေးငွေ့သင်္ဘောများ အဆင်သင့်ဖြစ်သည့်အခါ မြောက်ပိုင်းပြည်နယ်၏ ခောတ်မှီရေတပ်လည်း အသင့်ဖြစ်နေမည်။
............
အခန်း( ၅၁၅ )
ဝူကျန်းဝမ် နဂါးဖီးနစ်လက်ဖက်ရည် တောင့်တခြင်း
ချီပြည်နယ် နယ်စပ်တွင် တပ်စွဲထားသော စစ်သည်များကို ပြန်လည်ရုပ်သိမ်းလိုက်သည်နှင့် ရှနန်းတွင်းသို့ ချက်ချင်းသတင်းရောက်သွားသည်။
ထို့ကြောင့် ရှနိုင်ငံတော် နန်းတွင်းဝန်ကြီးများ အနည်းငယ် ရှုပ်ထွေးသွားကြသည်။ မြောက်ပိုင်းပြည်နယ်သည် တောင်ဘက်သို့ ချီတက်ရန် ရည်မှန်းထားသည် မဟုတ်ပါလား။ သို့သော် ယခု ဆွမ်ဧကရာဇ် နာမကျန်းဖြစ်နေစဉ်တွင် သူတို့သည် ချီပြည်နယ်နယ်စပ်မှ စစ်သည်များကို ရုပ်သိမ်းလိုက်သည်။
မြောက်ပိုင်းတွင် မမျှော်လင့်ထားသော ကိစ္စ တစ်စုံတစ်ရာများ ဖြစ်ပွားနေတာလား။ ဥပမာ လွင်ပြင်ဒေသ မျိုးနွယ်စုများက မြောက်ပိုင်းပြည်နယ်ကို ထပ်မံတိုက်ခိုက် နေခြင်းလား။
မြောက်ပိုင်းပြည်နယ်၏ ခြိမ်းခြောက်မှု မရှိပါက ဆွမ်ဧကရာဇ် နတ်ရွာစံပြီးနောက် မင်းသားများ ပို၍နောက်ကျောလုံစွာဖြင့် အာဏာလုနိုင်ကြမည် မဟုတ်ပါလား။
မြောက်ပိုင်းပြည်နယ် စစ်တပ်များ အန်းပင်မြို့မှ ထွက်ခွာသွားသည်နှင့် တောင်ဘက်ရှိ နယ်စားနှစ်ဦး အပြင်းအထန် ပြိုင်ဆိုင်လာကြသည်။ ရှနိုင်ငံတော် နန်းတွင်းတွင်လည်း စကားစစ်ထိုးပွဲများ ပိုမိုပြင်းထန်လာသည်။
ယခင်က မင်းသားများအကြားရှိ တိတ်တဆိတ် ပြိုင်ဆိုင်မှုများသည် တဖြည်းဖြည်း ပွင့်လင်းသော ထိပ်တိုက်ရင်ဆိုင်မှုများ ဖြစ်လာသည်။
ထိုအချိန်တွင်။
ဝူနိုင်ငံတော်။
စိမ်းလန်းသော မိုးတိမ်ခန်းမဆောင်။
စိမ်းလန်းသော မိုးတိမ်ခန်းမဆောင်အတွင်းတွင် မီးခိုးများ ဝေဝေဆာဆာ ထွက်နေစဉ် ဝူကျန်းဝမ်သည် ထိုင်ခုံပေါ်တွင် လျောင်းနေပြီး လက်ဖက်ရည်ခွက်ကို ကိုင်ကာ ဖြည်းဖြည်းချင်း သောက်နေသည်။
ထိုအချိန်တွင် ဝူကျန်းဝမ် သူမကိုယ်သူမ ပြောလိုက်သည်။
“မြောက်ပိုင်းနယ်စားမင်းသားရဲ့ လက်ဖက်ရည်မှာ ဒီလောက် အာနိသင်တွေ ရှိလိမ့်မယ်လို့ ဘယ်တုန်းကမှ မမျှော်လင့်ခဲ့ဘူး။ မကြာခင် ကုန်တော့မယ်ဆိုတော့ ဝမ်းနည်းမိတယ်။ ဒီလက်ဖက်ခြောက်တွေ ဘယ်ကလာမှန်းလည်း မသိဘူး။ ဝယ်လို့ရရင် ကောင်းမယ်။”
မြောက်ပိုင်းပြည်နယ်သို့ တာဝန်အရသွားရောက်ခဲ့ပြီးနောက်ပိုင်း နဂါးဖီးနစ်လက်ဖက်ရည်ကို ဝူကျန်းဝမ် မကြာခဏ သောက်သုံးခဲ့သည်။ သို့သော် လုချန်းပေးခဲ့သော ပမာဏမှာ အကန့်အသတ်ရှိပြီး သူမ အစွမ်းကုန် ချွေတာသော်လည်း နောက်ဆုံးတွင် ကုန်ခန်းသွားမည်သာ ဖြစ်သည်။
ဝူကျန်းဝမ် နဂါးဖီးနစ်လက်ဖက်ရည်၏ အရသာကို နှစ်သက်သည်။ ယင်းသည် သူမ၏ စိတ်ကို ကြည်လင်စေပြီး သူမ၏ အတွင်းအားများကို ခန္ဓာကိုယ်အနှံ့ ချောမွေ့စွာ လည်ပတ်စေသည်။
ယခင်က သူမ အတွင်းအား လေ့ကျင့်သောအခါ အတွင်းအား ချက္ကရ နေရာတွင် နာကျင်မှုကို ခံစားရလေ့ရှိသည်။ သို့သော် ယခုအခါ ထိုခံစားချက်များအားလုံး ပျောက်ကွယ်သွားပြီ ဖြစ်သည်။ ဤလက်ဖက်ရည်၏ ကျေးဇူးကြောင့်ပင် ဖြစ်သည်။
ဝူကျန်းဝမ်က သူမဘာသာသူမ တွေးမိသည်။
“ ဒီလောက်ကောင်းတဲ့ လက်ဖက်ရည်က မြောက်ပိုင်းနယ်စားမင်းသား စံအိမ်မှာလည်း အရမ်းတန်ဖိုးကြီးမှာပဲ။ ငါဘယ်လိုများ ရနိုင်မလဲ”
ဝူကျန်းဝမ် မြောက်ပိုင်းနယ်စားမင်းသားစံအိမ်မှ နဂါးဖီးနစ်လက်ဖက်ရည်ကို မည်သို့ရယူရမည်ကို စဉ်းစားနေစဉ် အမျိုးသမီးကိုယ်ရံတော်တစ်ဦး ဝင်ရောက်လာပြီး
“မင်းသမီး။ မြောက်ပိုင်းပြည်နယ်က သတင်းရပါတယ်။”
ဝူကျန်းဝမ်က အရေးမကြီးဟန်ဖြင့်
“ယူခဲ့ပါ”
ထို့နောက် အမျိုးသမီးကိုယ်ရံတော်သည် အနီရောင်လိုက်ကာများကို ဖြတ်ကျော်၍
စိမ်းလန်းသော မိုးတိမ်ခန်းမဆောင်ထဲသို့ ဝင်ရောက်လာပြီး သူမ၏လက်ထဲမှ သတင်းကို ဝူကျန်းဝမ်အား ပေးအပ်လိုက်သည်။ ဝူကျန်းဝမ်က ထိုသတင်းကို ကိုယ်ရံတော်ထံမှ ယူကာ အပေါ်ယံမျှ ဖတ်ရှုလိုက်သည်။
သို့သော် နောက်တစ်ခဏတွင် သူမ၏ မျက်ခုံးများ အနည်းငယ် တွန့်သွားခဲ့သည်။ ထို့နောက် သူမက
“မြောက်ပိုင်းပြည်နယ်က စစ်သည်တွေကို ဘယ်ကို စေလွှတ်လိုက်လဲဆိုတာ ရှာတွေ့ပြီးပြီလား”
ဟု မေးလိုက်သည်။
အမျိုးသမီးကိုယ်ရံတော်က
“ကျွန်မတို့ အတည်မပြုနိုင်သေးပါဘူး။ ဒါပေမဲ့ ကျွန်မတို့ရဲ့ သတင်းရင်းမြစ်တွေကနေရတဲ့ သတင်းအရတော့ ချီပြည်နယ်နယ်စပ်မှာရှိတဲ့ မြောက်ပိုင်းပြည်နယ် စစ်သည်တွေကို မြောက်ပိုင်းပြည်နယ်ရဲ့ အရှေ့ဘက်ခြမ်းကို ပြောင်းရွှေ့လိုက်တာ ဖြစ်နိုင်ခြေ အများဆုံးပါ။”
ဝူကျန်းဝမ် အတွေးထဲနစ်မြောသွားသည်။
မြောက်ပိုင်းပြည်နယ်၏ အရှေ့ဘက်ခြမ်းလား။
မြောက်ပိုင်းပြည်နယ်၏ အရှေ့ဘက်သို့ စစ်တပ်များ ပြောင်းရွှေ့ခြင်းဖြင့် သူတို့ ဘာလုပ်ကြမည်နည်း။
မြောက်ပိုင်းပြည်နယ်၏ အရှေ့ဘက်ခြမ်းသည် သမုဒ္ဒရာ မဟုတ်လား။
ပင်လယ်ပြင်တွင် ရန်သူများရှိနေ၍ မြောက်ပိုင်းပြည်နယ်သည် ထိုစစ်သည်များကို ပင်လယ်ရေကြောင်းရန်သူများမှ ကာကွယ်ရန် အရှေ့ဘက်သို့ ပြောင်းရွှေ့ခဲ့ခြင်း ဖြစ်နိုင်လား။
သို့မဟုတ် မြောက်ပိုင်းပြည်နယ်က လှည့်စားနေခြင်းလား။ အရှေ့ဘက်သို့ စစ်တပ်များ ပြောင်းရွှေ့သည်ဟု အယောင်ပြကာ ရှနိုင်ငံတော် နန်းတွင်း၏ အာရုံစိုက်မှုကို လျော့ကျစေလိုလို့လား။
အပြည့်အစုံမရှိသေးသော ထောက်လှမ်းရေးသတင်းဖြင့် မြောက်ပိုင်းပြည်နယ်၏ အကြံအစည် အစစ်အမှန်ကို ဝူကျန်းဝမ် မှန်းဆ၍ မရနိုင်ပေ။
အကြောင်းပြချက် ရှာမတွေ့သောကြောင့် ဝူကျန်းဝမ် ဆက်လက်မခန့်မှန်းတော့ပဲ သူမ၏ရှေ့တွင် ရပ်နေသော ကိုယ်ရံတော်ကို ကြည့်ကာ မေးလိုက်သည်။
“မြောက်ပိုင်းပြည်နယ်ရဲ့ လျှို့ဝှက်လက်နက်နဲ့ပတ်သက်ပြီး ဘယ်လောက်အထိ သတင်းရပြီးပြီလဲ။”
အမျိုးသမီးကိုယ်ရံတော်က
“မင်းသမီး။ ကျွန်မတို့ လူတွေ မြောက်ပိုင်းပြည်နယ်ရဲ့ လျှို့ဝှက်လက်နက်နဲ့ပတ်သက်ပြီး ဘာသတင်းမှ မရသေးပါဘူး။ ရရှိထားတဲ့ သတင်းတွေက မြောက်ပိုင်းပြည်နယ်က သာမန်ပြည်သူတွေကြားက ကောလာဟလတွေပဲ အများဆုံးပါ။”
ထိုစကားကို ကြားသောအခါ ဝူကျန်းဝမ် အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။
“အားလုံး အသုံးမကျဘူး။”
ဝူကျန်းဝမ် ကျူးနိုင်ငံမှ ပြန်လာပြီးနောက်ပိုင်း သူမ၏ ထောက်လှမ်းရေးအဖွဲ့အစည်းများကို ပြန်လည်ဖွဲ့စည်းခဲ့သည်။ ချွမ်ဟိုင် ကုန်သည်အုပ်စု သူမကို သစ္စာဖောက်လိမ့်မည်ဟု သူမ မထင်သော်လည်း သူတို့၏ စွမ်းဆောင်ရည်မှာ တဖြည်းဖြည်း မလုံလောက်တော့ဟု သူမ ခံစားမိသည်။
ချွမ်ဟိုင်ကုန်သည်အုပ်စုအပေါ် သူမ၏ မှီခိုမှုကြောင့်ပင် ယင်း၏ အဖွဲ့ဝင်များသည် အလုပ် ကြိုးစားလုပ်ဆောင်ရန် စိတ်အားထက်သန်မှုမရှိတော့ပဲ ပြည်သူ့ဘဏ္ဍာဖြင့် စားသောက်ပျော်ပါးရန် သာသိလာသည်ဟု သူမ သံသယရှိလာခဲ့သည်။
ထို့ကြောင့် ဝူကျန်းဝမ်သည် နောက်ထပ် ထောက်လှမ်းရေးအဖွဲ့အစည်းတစ်ခုကို ထူထောင်ပြန်သည်။ ယခုတစ်ကြိမ်တွင် ချွမ်မိသားစု၏ သားအကြီးဆုံးအား တာဝန်ပေးအပ်ခဲ့ပြီး ချွမ်ဟိုင် ကုန်သည်အုပ်စုထက် ပိုမိုကောင်းမွန်စွာ လုပ်ဆောင်နိုင်ပါက နောင်တွင် စတုတ္ထတန်း အရာရှိရာထူးပေးမည်ဟုပင် ကတိပြုခဲ့သည်။
ထိုမျှ အကျိုးခံစားခွင့်များကို ကတိပြုထားသော်လည်း ထိုသူသည်လည်း အသုံးမကျသူဖြစ်နေဆဲဖြစ်သည်။ လပေါင်းများစွာ ကုန်လွန်ခဲ့ပြီး ထိုဒုတိယမြောက် ထောက်လှမ်းရေးအဖွဲ့အစည်းသည်လည်း အသုံးဝင်သည့် သတင်းအချက်အလက် တစ်စုံတစ်ရာကို ရရှိခဲ့ခြင်း မရှိခဲ့ပေ။
ဝူကျန်းဝမ် သူမဘာသာ ရေရွတ်လိုက်သည်။
“ငါချွမ်မိသားစုကို အရမ်းယုံကြည်မိသွားပြီထင်ပါရဲ့။ တကယ်ကို အသုံးမကျတဲ့လူတွေပဲ။”
ထို့ကြောင့် နောက်ထပ် ထောက်လှမ်းရေးအဖွဲ့အစည်းတစ်ခုကို တည်ထောင်ရန် ဝူကျန်းဝမ် ဆုံးဖြတ်လိုက်သည်။ ယခုတစ်ကြိမ်တွင် ချွမ်မိသားစုမှ မည်သူတစ်ဦးတစ်ယောက်ကိုမှ မပါဝင်စေခဲ့ပေ။
ထိုအချိန်တွင် ဝူကျန်းဝမ်၏ စိတ်ထဲ၌ အခြားအတွေးတစ်ခု ပေါ်လာပြီး သူမ၏ အမျိုးသမီး ကိုယ်ရံတော်အား
“ချွမ်တဟိုင်ဆီ စာတစ်စောင်ရေးပါ။ မြောက်ပိုင်းနယ်စားမင်းသားဆီက အထူးရှားပါးတဲ့ လက်ဖက်ခြောက်တစ်မျိုးကို ရနိုင်မရနိုင် ရှာခိုင်းလိုက်ပါ။”
ထို့နောက် သူမ၏ ဘေးနားရှိ အစေခံမိန်းကလေးတစ်ဦးကို ပြောလိုက်သည်။
“ငါ့အကြိုက်ဆုံး လက်ဖက်ခြောက်အချို့ကို ယူခဲ့။ ယင်ယွဲ့ကို မြောက်ပိုင်းပြည်နယ် ယူသွားခိုင်းဖို့။”
အစေခံမိန်းကလေးက ချက်ချင်းပင်
“ဟုတ်ကဲ့ မင်းသမီး။”
မကြာမီပင် အစေခံမိန်းကလေးသည် ဝူကျန်းဝမ် သောက်သုံးသော နဂါးဖီးနစ်လက်ဖက်ခြောက်အချို့ကို စက္ကူဖြင့် ထုပ်ပိုးကာ ကိုယ်ရံတော်အမျိုးသမီးအား ပေးလိုက်သည်။
ကိုယ်ရံတော်က နဂါးဖီးနစ် လက်ဖက်ရည်ကို ယူပြီး ထွက်ခွာတော့မည့် အချိန်တွင် ဝူကျန်းဝမ်က
“ချွမ်တဟိုင်ကို ပြောလိုက်ပါ။ ဒီလက်ဖက်ခြောက်ရဲ့ မူရင်းဇာစ်မြစ်ကို သူ မဖြစ်မနေ ရှာဖွေရမယ်”
ဟု သတိပေးလိုက်သည်။
“ဟုတ်ကဲ့၊ မင်းသမီး။”
ဝူကျန်းဝမ်က လက်ဝါးကာပြလိုက်ပြီး
“တခြားအရေးကြီးတာ မရှိရင် သွားလို့ရပြီ။”
“ကျွန်မကို ခွင့်ပြုပါ။”
အမျိုးသမီး ကိုယ်ရံတော် ထွက်ခွာသွားပြီးနောက် ဝူကျန်းဝမ်သည် စားပွဲပေါ်မှ လက်ဖက်ရည်ခွက်ကို ပြန်ယူကာ နောက်တစ်ငုံ သောက်လိုက်ရင်း
“မြောက်ပိုင်းနယ်စားမင်းသား ဒီလိုလက်ဖက်ခြောက်မျိုးကို မကြာခဏ သောက်လို့ သူ့ရဲ့အဆင့်က မြန်မြန်တိုးတက်လာတာလားဆိုတာ ဘယ်သူသိနိုင်မှာလဲ။”
ထိုသို့ တွေးလိုက်သည့်အခါ လုချန်း၏ ခန့်ညားသော မျက်နှာသည် ဝူကျန်းဝမ်၏ စိတ်ထဲတွင် ပေါ်လာသည်။
လုချန်းကို တွေးမိရင်း ဝူကျန်းဝမ် သက်ပြင်းအသာချလိုက်၏။ ထိုမျှ ခန့်ညားပြီး ထူးချွန်သော လူငယ်တစ်ဦးသည် ဝူနိုင်ငံတော်သား မဖြစ်ပဲ ဝူနိုင်ငံတော်၏ ရန်သူဖြစ်နေခြင်းကို သူမ နှမြောမိသည်။
တစ်နေ့နေ့တွင် ဝူနိုင်ငံတော်သည် မြောက်ပိုင်းပြည်နယ်ကို ချေမှုန်းနိုင်ခဲ့ပါက မြောက်ပိုင်းနယ်စားမင်းသားကို ဖမ်းဆီးချုပ်နှောင်ပြီး သူမ၏ ကြင်ယာတော်အဖြစ် ထားရှိမည်ဟု စဉ်းစားမိသည်။
ထိုသို့ တွေးလိုက်ရင်း ဝူကျန်းဝမ်က
“ အနာဂါတ်မှာ ဝူနိုင်ငံတော်က မြောက်ပိုင်းပြည်နယ်ကို တိုက်ခိုက်နိုင်ပါ့မလားဆိုတာ မသေချာသေးဘူး” ဟု တီးတိုးရေရွတ်လိုက်သည်။
မြောက်ပိုင်းပြည်နယ်တွင် ကောင်းကင်လူသားအဆင့်တစ်ဦး ရှိနှင့်ပြီးဖြစ်ကာ နက်နဲဆန်းကြယ်ပြီး ကြောက်မက်ဖွယ်ကောင်းသော လက်နက်အချို့လည်း ရှိနေသည်။ ဝူနိုင်ငံတော်သည် မြောက်ပိုင်းပြည်နယ်ကို တိုက်ရိုက်ရင်ဆိုင်ဖူးခြင်း မရှိသေးသော်လည်း ဝူကျန်းဝမ်သိထားသလောက် မြောက်ပိုင်းပြည်နယ်၏ စစ်အင်အားသည် အခြေခံအားဖြင့် ရှနိုင်ငံတော် နှင့် အတူတူနီးပါး ရှိနေပြီဖြစ်သည်။
မြောက်ပိုင်းပြည်နယ်နှင့် ရှနိုင်ငံတော်အကြား အလုံးစုံ စစ်ပွဲကြီး ဖြစ်ပွားပါက ဝူနိုင်ငံတော် အနိုင်ရမည်လားဆိုတာ သေချာသေးပေ။
ကံကောင်းထောက်မစွာပင် မြောက်ပိုင်းပြည်နယ်သည် လက်ရှိအချိန်တွင် အားနည်းနေဆဲဖြစ်သည်။ မြောက်ပိုင်းပြည်နယ်သည် ကုန်သွယ်ရေးကို ဦးစားပေးသောကြောင့် ပြည်နယ်၏လိုအပ်ချက်အများစုမှာ အခြားနိုင်ငံများမှ ရရှိသည်။ ကုန်သွယ်ရေးကို ဖြတ်တောက်လိုက်ပါက မြောက်ပိုင်းပြည်နယ်သည် ယခင်က အစားအသောက်နှင့် အဝတ်အထည် မလုံလောက်သော အခြေအနေသို့ ပြန်ရောက်သွားနိုင်သည်။
ထိုသို့သော အခြေအနေမျိုးတွင် ရှနိုင်ငံတော်ကိုခြေကုပ်ယူပြီး မြောက်ပိုင်းပြည်နယ်ကို အဆက်မပြတ် ထိန်းသိမ်းထားနိုင်ပါက မြောက်ပိုင်းပြည်နယ်၏ အတွင်းပိုင်းသည် အဆုံးတွင် ပြိုလဲသွားမည်ဖြစ်သည်။
ကောင်းကင်လူသားအဆင့် စွမ်းအာရှင်လား..
ဝူနိုင်ငံတော်သည်လည်း ကောင်းကင်လူသားအဆင့် စွမ်းအားရှင်တစ်ဦးကို မကြာမီ မွေးထုတ်နိုင်ပေလိမ့်မည်။ ထိုအချိန်ရောက်လျှင် မြောက်ပိုင်းပြည်နယ်၏ တစ်ခုတည်းသော အားသာချက်မှာ ထိုနက်နဲဆန်းကြယ်သော လက်နက်များသာ ဖြစ်ပေလိမ့်မည်။
ထိုသို့ တွေးလိုက်သည့်အခါ ဝူကျန်းဝမ်၏ နှုတ်ခမ်းများသည် အနည်းငယ် ကော့ညွှတ်သွား၏။ မြောက်ပိုင်းပြည်နယ်မှ မထွက်ခွာမီက ထိုလူငယ်လေးက တစ်နေ့ သူမကို သူ၏မိန်းမ ဖြစ်စေမည်ဟု ကြွားဝါခဲ့ဖူးသည်။ နောက်ဆုံးတွင် သူမက သူ၏မိန်းမ ဖြစ်လာမည်မဟုတ်ပဲ မြောက်ပိုင်းနယ်စားမင်းသားကသာ သူမ၏ ကြင်ယာတော် ဖြစ်လာပေလိမ့်မည်။
တစ်နေ့တွင် သူမအား ကစားခဲ့သော ထိုလူငယ်လေးကို ဖမ်းဆီးချုပ်နှောင်ပြီး အကန့်အသတ်မရှိ ဆော့ကစားမည်ဟု ဝူကျန်းဝမ် တွေးလိုက်သည်။
.............
အခန်း (၅၁၆ )
ရထား စမ်းသပ်မောင်းနှင်မှု အောင်မြင်ခြင်း
မြောက်ပိုင်းပြည်နယ်။
ရန်ခရိုင်သစ်။
ဘူတာရုံ ဝင်ပေါက်။
ထိုအချိန်တွင် ရထားဘူတာအဝင်ဝသည် လူအများဖြင့် ပြည့်ကျပ်နေပြီဖြစ်သည်။ မြောက်ပိုင်းပြည်နယ်၏ သတင်းစာများတွင် ရထားတီထွင်မှုအား မနေ့ကပင် ဖော်ပြခဲ့ပြီးဖြစ်သည်။
သာမန်လူများသည် ရထားဟူသည် အဘယ်အရာဖြစ်သည်ကို နားမလည်ကြပေ။ သူတို့အတွက် ပထမဆုံးအကြိမ် ကြားဖူးခြင်း ဖြစ်သည်။ သို့သော် သတင်းစာများတွင် ရထား အကြောင်းကိုဖတ်ပြီးနောက် လူတိုင်း ရထားအပေါ် အလွန်စိတ်ဝင်စားလာခဲ့သည်။
ထိုအချိန်တွင် ရှေ့တန်းရှိ ပြည်သူများသည် ယနေ့ကထုတ် ရန်ခရိုင်သတင်းစာပါ အကြောင်းအရာများကို စိတ်အားထက်သန်စွာ ဆွေးနွေးနေကြသည်။
“မြင်းမပါဘဲ သွားနိုင်တဲ့ ရထားတွဲဆိုတာ တကယ်ဟုတ်ရဲ့လား”
“မြောက်ပိုင်းနယ်စားမင်းသားစံအိမ်က တီထွင်တာဆိုတော့ တကယ်ဖြစ်နိုင်ပါတယ်။ ကြည့်ပါဦး။ မင်းသားရောက်နေပြီ။ အကယ်၍ ဒါက အတုဆိုရင် မင်းသားအတွက် ရှက်စရာကောင်းမှာပေါ့။”
“သတင်းစာထဲမှာတော့ ဒီရထားက တစ်နေ့ကို ကီလိုမီတာ နှစ်ရာ ခရီးသွားနိုင်ပြီး နားဖို့ မလိုဘူးလို့ ရေးထားတယ်။”
“တစ်နေ့ ကီလိုမီတာ နှစ်ရာကို မြင်းမပါပဲလား။ နည်းနည်းတော့ ချဲ့ကားလွန်းနေပြီ ထင်တယ်။”
“ဟုတ်လား မဟုတ်လားဆိုတာ မကြာခင် သိရတော့မှာပါ။”
လူများ ဆွေးနွေးနေစဉ်တွင် ရေနွေးငွေ့ရထား၏ ဥဩသံ အဝေးမှ ထွက်ပေါ်လာသည်။
“ဝူ.....”
ရထားဥသြဆွဲသံကို တစ်ခါမှ မကြားဖူးသော လူများလည်း ချက်ချင်း အုတ်အုတ်ကျက်ကျက် ဖြစ်သွားကြသည်။
သို့သော် မြောက်ပိုင်းနယ်စားမင်းသား ဘူတာရုံ စင်္ကြံပေါ်တွင် တည်ငြိမ်စွာ ရပ်နေသည်ကို မြင်သောအခါ သူတို့ ချက်ချင်း ငြိမ်သက်သွားကြသည်။
မင်းသား မတုန်မလှုပ် ရှိနေသေးလျှင် ဘာမှ စိုးရိမ်စရာ မရှိဟု ယူဆကြသည်။
ထိုအချိန်တွင် လူအုပ်ကြီး ရုတ်တရက် ထပ်မံ ဆူညံလာပြန်သည်။
“ဟိုဘက်ကို ကြည့်ကြ”
“လာပြီ၊ လာပြီ၊ တကယ်ပဲ မြင်းမပါတဲ့ ယာဉ်ပဲ”
“အမလေး။ ဒီယာဉ်က အရမ်းကြီးပြီး ရှည်လျားလိုက်တာ။ တစ်ခါတည်း ဘယ်လောက်များ သယ်နိုင်မလဲ။”
“ မြောက်ပိုင်းပြည်နယ်တစ်ခုလုံးကို ဒီလိုယာဉ်တွေနဲ့ ချိတ်ဆက်နိုင်ရင် တခြားမြို့တွေကို အလွယ်တကူ သွားလာနိုင်တော့မှာပေါ့”
“ဘာယာဉ်လဲ။ မနေ့ကသတင်းစာ မဖတ်ဘူးလား။ ဒါကို ရထားလို့ ခေါ်တယ်”
ထိုအချိန်တွင် လူအုပ်ထဲရှိ ကုန်သည်အသင်းအဖွဲ့ကြီးများ၏ အဖွဲ့ဝင်များ၏ စိတ်ထဲတွင် အမျိုးမျိုး တွေးနေကြသည်။
သူတို့သည် နေရာဒေသကွာခြားမှုများ သို့မဟုတ် အချိန်ကွာခြားမှုများမှတစ်ဆင့် အဓိက ငွေရှာခဲ့ကြသည်။ ယခုအခါ မြောက်ပိုင်းပြည်နယ်တွင် ဤကဲ့သို့သော အဆင်ပြေလွယ်ကူသည့် သယ်ယူပို့ဆောင်ရေး ယာဉ်ရှိလာပြီဆိုလျှင် သူတို့၏ မြင်းလှည်းများ ရှေးဟောင်းပစ္စည်းများ ဖြစ်သွားမည်မှာ သေချာသည်။
အကယ်၍ မြောက်ပိုင်းပြည်နယ်၏ မီးရထားလမ်းများကို နိုင်ငံကြီးများအထိ ဆက်လက်တည်ဆောက်နိုင်ပြီး မြောက်ပိုင်းနယ်စားမင်းသားစံအိမ်နှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်နိုင်ပါက သူတို့၏ ကုန်ပစ္စည်းများကို လပေါင်းများစွာ ကြာမည့်အစား ရက်ပိုင်းအတွင်း ပို့ဆောင်နိုင်မည် ဖြစ်သည်။
“ရထား” ဟု အမည်တပ်ထားသော ဤသယ်ယူပို့ဆောင်ရေးယဉ်သည် ကမ္ဘာကြီး၏ ခောတ်ပြောင်းတော်လှန်ရေးဆီသို့ ဦးဆောင်နိုင်မည်မှာ သေချာပေသည်။
သို့သော်…
မြောက်ပိုင်းနယ်စားမင်းသားစံအိမ်က သူတို့နှင့် ပူးပေါင်းရန် အမှန်တကယ် သဘောတူမည်လား။
မည်သို့ပင်ဆိုစေ ဤရထားသည် နက်နဲဆန်းကြယ်လှပြီး ယင်း၏ သယ်ယူပို့ဆောင်နိုင်စွမ်းသည် ကြောက်မက်ဖွယ်ကောင်းလှသည်။ ထို့ကြောင့် ထိုယဉ်သည် စစ်ရေးအတွက် ရည်ရွယ်ထားသည်မှာ ထင်ရှားသည်။ ဤကဲ့သို့သော ရထားများဖြင့် မြောက်ပိုင်းပြည်နယ်သည် အနာဂတ်တွင် မည်သည့်နေရာသို့မဆို တပ်များကို အမြန်ဆုံး ပို့ဆောင်နိုင်မည် ဖြစ်သည်။
မြောက်ပိုင်းပြည်နယ် နယ်စပ်တွင် မည်သို့ပင် ဖြစ်ပျက်ပါစေ ရထားလမ်းများ ရှိနေသရွေ့ မြောက်ပိုင်းပြည်နယ်၏ တပ်မတော်သည် အချိန်တိုအတွင်း ထိုနေရာသို့ ရောက်ရှိနိုင်သည်။
မည်သည့်စစ်ပွဲတွင်မဆို စစ်ချီသည့် အမြန်နှုန်းသည် အရေးကြီးဆုံးသော အချက်ဖြစ်သည်။
မြောက်ပိုင်းနယ်စားမင်းသားသည် ရထားကို အရပ်ဘက် သယ်ယူပို့ဆောင်ရေးအတွက် အသုံးပြုမည်ဟုတ် မဟုတ် မသေချာသေးသော်လည်း ကုန်သည်အသင်းအဖွဲ့ကြီးများမှ လူများသည် မြောက်ပိုင်းနယ်စားမင်းသားစံအိမ်နှင့် တွေ့ဆုံဆွေးနွေးရန် ကြိုးစားကြမည်သာ ဖြစ်သည်။
ထိုအချိန်တွင်။
လူအုပ်ထဲ၌ အေးစက်သောပုံစံရှိပြီး အဖြူရောင်တွင် အနက်ရောင်အနားသပ်များပါသော ဝတ်စုံကို ဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ဦးသည် မနီးမဝေးရှိ အနက်ရောင်ရထားကို တိတ်ဆိတ်စွာ စောင့်ကြည့်နေသည်။ သူမ၏ မျက်ဝန်းသူငယ်အိမ်များ အနည်းငယ် ကျဉ်းမြောင်းသွား၏။ မြောက်ပိုင်းပြည်နယ်၏ ရထားကြောင့် သူမ သိသိသာသာ အံ့အားသင့်နေပုံရသည်။
မုယုံရွှီကက
“မြောက်ပိုင်းနယ်စားမင်းသားက ဘယ်လိုလူလဲ။ ဒီလိုအရာမျိုးကို ဘယ်လိုများ ဖန်တီးနိုင်တာလဲ”
ဟု သူမဘာသာ ရေရွတ်လိုက်သည်။
ရထားသည် ဤကမ္ဘာမှ မဟုတ်သည်မှာ ထင်ရှားသည်။ သို့မဟုတ် ဤကမ္ဘာတွင် ထိုကဲ့သို့သော အရာများ မရှိသင့်ပေ။ ထို့ပြင် ထောက်လှမ်းရေးအချက်အလက်များအရ မြောက်ပိုင်းပြည်နယ်တွင် လျို့ဝှက်ဆန်းကြယ်သော လက်နက်များ ရှိနေသည်။ မြောက်ပိုင်းပြည်နယ်တွင် ဤကမ္ဘာမှ လူများ တစ်ခါမှ မမြင်ဖူးသေးသော အရာများစွာ ရှိနေသည်မှာ ထင်ရှားသည်။
မြောက်ပိုင်းနယ်စားမင်းသားသည် ထာဝရတန်ခိုးရှင်၏ တပည့်ဖြစ်သည်ဟူသော ကောလာဟလများမှာ မှန်ကန်နိုင်သည်ဟု ယခုအခါ မုယုံရွှီ ယုံကြည်မိသည်။ မဟုတ်ပါက မြောက်ပိုင်းမင်းသားစံအိမ်က ဖန်တီးထားသော အရာများသည် ဤကမ္ဘာတွင် မည်သို့ပေါ်ပေါက်လာနိုင်မည်နည်း။
အင်ပါယာကြီးများသည် နှစ်ပေါင်းထောင်ချီ၊ သောင်းချီကြာ ဖွံ့ဖြိုးတိုးတက်ခဲ့သော်လည်း မြောက်ပိုင်းမင်းသားစံအိမ်က ဖန်တီးထားသော အရာများနှင့် တူသည့်အရာကို မတွေ့ဖူးကြပေ။ သို့သော် မြောက်ပိုင်းနယ်စားမင်းသား မြောက်ပိုင်းပြည်နယ်သို့ ရောက်ရှိသည်မှာ မကြာသေးသော်လည်း မြောက်ပိုင်းနယ်စားမင်းသားစံအိမ်သည် ဤကမ္ဘာတွင် ယခင်က မရှိဖူးသော အရာများစွာကို ဖန်တီးနိုင်ခဲ့သည်။
ကျူးဧကရီ ပေးအပ်ထားသော တာဝန်ကို ပြီးမြောက်နိုင်ပါ့မလားဟု မုယုံရွှီ သံသယဝင်လာမိသည်။ သူမ မြောက်ပိုင်းပြည်နယ် ရောက်ရှိနေသည်မှာ တစ်နှစ်နီးပါးခန့် ရှိနေပြီဖြစ်သော်လည်း မြောက်ပိုင်းနယ်စားမင်းသားနှင့် နီးစပ်နိုင်ခြင်း မရှိသေးပေ။
မြောက်ပိုင်းပြည်နယ်၏ လက်ရှိဖွံ့ဖြိုးတိုးတက်မှုနှုန်းအရ မကြာမီပင် မြောက်ပိုင်းပြည်နယ်၏ အဘက်ဘက်မှ အင်အားသည် ကျူးနိုင်ငံတော်ကို လုံးဝ ကျော်လွန်သွားဖွယ်ရှိသည်။ မြောက်ပိုင်းပြည်နယ်သည် ကျူးနိုင်ငံတော်မှ အစားအစာ အမြောက်အများကို ဆက်လက်တင်သွင်းနေရဆဲဖြစ်သော်လည်း မြောက်ပိုင်းပြည်နယ်တွင် အထွက်နှုန်းမြင့် သီးနှံများစွာကို တီထွင်ခဲ့ကြောင်း မုယုံရွှီ ကြားသိခဲ့ရသည်။
အဝေးမှ ဖြည်းဖြည်းချင်း ချဉ်းကပ်လာသော သံမဏိဘီလူးကြီးကို ကြည့်ရင်း လုချန်းနှင့် နီးစပ်ဖို့ အချိန်ယူ လုပ်ဆောင်ရန် မုယုံရွှီ ဆုံးဖြတ်လိုက်သည်။ သူမသည် လုချန်း၏ လျှို့ဝှက်ချက်များအားလုံးကို မဖြစ်မနေ ဖော်ထုတ်ရပေမည်။ နောင်တွင် သူသည် ကျူးဧကရီ၏ အကြီးမားဆုံးရန်သူ ဖြစ်လာပေလိမ့်မည်။ မြောက်ပိုင်းပြည်နယ်၏ လျှို့ဝှက်ချက်များကို ဖော်ထုတ်ပြီး ကိုင်တွယ်ဖြေရှင်းနည်းကို ရှာဖွေရမည်။
လုချန်းသည် စင်္ကြံလမ်းပေါ်တွင် ရပ်လျက် နီးကပ်လာသော ရထားကို ကြည့်နေသည်။ ထို့နောက် သူ့ဘေးနားရှိ ဇနီးများအား ပြုံးပြကာ
“ကိုယ်ရထားကို ဘယ်လိုထင်လဲ”
ဟု မေးလိုက်သည်။
ထိုအချိန်တွင် လုချန်း၏ အမျိုးသမီးများ မှင်တက်နေကြဆဲ ဖြစ်သည်။ မြင်းမပါသော ရထားအမျိုးအစားအကြောင်းကို အစောကတည်းက ကြားဖူးကြသော်လည်း ယင်းကို ကိုယ်တိုင် မြင်တွေ့လိုက်ရသောအခါ အလွန်အမင်း အံ့အားသင့်သွားကြသည်။
ထိုအခါမှ မုကျိရွှမ်း သတိပြန်ဝင်လာပြီး လုချန်းကို ကြည့်ကာ
“မင်းသား။ နောင်မှာ မြို့တိုင်းကနေ ရန်ခရိုင်ကို တိုက်ရိုက်ရထားပြေးဆွဲမှာလား”
ဟု မေးလိုက်သည်။
လုချန်းက
“ဟုတ်တယ်။ နောင်မှာ မြောက်ပိုင်းပြည်နယ်က ဘယ်မြို့ကိုပဲ သွားသွား ရထားနဲ့ဆိုရင် နာရီအနည်းငယ်ပဲ ကြာမယ်။ အများဆုံး တစ်ရက် နှစ်ရက်ပါပဲ။”
“ဟုတ်ပါတယ်။ ရထားလမ်းကို မြောက်ပိုင်းပြည်နယ်မှာပဲ ခင်းမှာ မဟုတ်ပါဘူး။ တစ်နေ့နေ့မှာတော့ ရထားလမ်းတွေက ရှနိုင်ငံတော်ရဲ့ အရေးကြီးတဲ့မြို့တွေကို လွှမ်းခြုံပြီး အဓိကနိုင်ငံကြီးတွေအထိ ရောက်သွားပါလိမ့်မယ်။”
ထိုစကားများကို ကြားရသောအခါ အမျိုးသမီးများ၏ နှလုံးသားထဲ တုန်လှုပ်သွားကြသည်။ သူတို့သည် ပထမဆုံးအကြိမ်အဖြစ် လုချန်း၏ ရည်မှန်းချက်များကို အမှန်တကယ် သတိပြုမိကြပုံရသည်။
လုချန်းသည် ရည်မှန်းချက်ကြီးပြီး နောင်တွင် ကြီးမား အောင်မြင်မှုများကို ရရှိမည်ဖြစ်ကြောင်း သူတို့ အစောကတည်းက သိထားကြသော်လည်း သူက ဇနီးများရှေ့တွင် ထိုသို့သော အကြံအစည်များကို ပြသလေ့မရှိပေ။ လုချန်း သူတို့ရှေ့တွင် ပုံဖော်ထားသည့် ပုံရိပ်မှာ အပျော်အပါးလိုက်စားသူ တစ်ဦးသာ ဖြစ်သည်။
ယခု လုချန်းက ရထားလမ်းကို အဓိက နိုင်ငံကြီးများအထိ တိုးချဲ့မည်ဟု ပြောလိုက်ခြင်းက တစ်နေ့တွင် နိုင်ငံအားလုံးကို ပေါင်းစည်းရန် ရည်ရွယ်သည်ဟု ဆိုလိုနေခြင်း မဟုတ်ပါလား။
တကယ်တော့ လုချန်းတွေးထားသည်က ဤကမ္ဘာရှိလူများသည် ရထား၏အသုံးဝင်ပုံများကို သိလာပါက မြောက်ပိုင်းပြည်နယ်နှင့် ပူးပေါင်းဆောင်ရွက်ရန် လိုလားလာမည်ဖြစ်ပြီး အင်ပါယာကြီးများတွင်လည်း ရထားလမ်းများ ဖောက်လုပ်လာကြမည်ဟုသာ ဖြစ်သည်။ ရထားလမ်းများ တိုးချဲ့မည်ဟူသော စကားသည် သူနိုင်ငံများကို စုစည်းရန် ရည်မှန်းထားသည်ဟု ပြောနေခြင်းမဟုတ်ပေ။ သူ၏မိန်းမများသာ အလွန်အမင်းတွေးတောနေကြခြင်းဖြစ်သည်။
ရထားသည် ဘူတာရုံသို့ တဖြည်းဖြည်း ရောက်ရှိလာသည်နှင့်အမျှ ယူမြို့တော်မှ လက်မှုပညာရှင်အချို့ ဆင်းလာကြ၏။ ပထမဆုံး ဆင်းသက်လာသူမှာ မိုးရှင်း ဖြစ်သည်။
မိုးရှင်းသည် လုချန်းကို မြင်သည်နှင့် စိတ်လှုပ်ရှားစွာဖြင့် သူ့အနီးသို့ ချဉ်းကပ်လာကာ
“မင်းသားကို ဂါရဝပြုပါတယ်”
လုချန်းက
“ထပါ”
ဟု ပြောလိုက်သည်။
“မိုးရှင်း။ ခင်ဗျား တကယ့်ကို ကြီးမားတဲ့ စွမ်းဆောင်မှု ပြုခဲ့ပြီ။ ခင်ဗျားနာမည်က သမိုင်းမှာ မှတ်တမ်းတင်ခံရလိမ့်မယ်။”
ထိုစကားကို ကြားရသောအခါ မိုးရှင်းက
“ကျွန်တော် မခံယူဝံ့ပါဘူး။ ဒါတွေအားလုံးဟာ မင်းသားရဲ့ အောင်မြင်မှုပါ။ မင်းသားရဲ့ ပုံစံဒီဇိုင်းတွေ မရှိရင် ဒီခေတ်ကို ကျော်လွန်တဲ့ ယာဉ်ကို ကျွန်တော် တည်ဆောက်နိုင်မှာ မဟုတ်ပါဘူး။”
လုချန်းက
“ကျွန်တော်က သယ်ယူပို့ဆောင်ရေးဦးစီးဌာန တစ်ခု ထူထောင်ဖို့ စီစဉ်ထားတယ်။ ခင်ဗျားက အခုကစပြီး အဲဒီဌာနရဲ့ ညွှန်ကြားရေးမှူး ဖြစ်လာလိမ့်မယ်။ မြောက်ပိုင်းပြည်နယ်ရဲ့ ရထားလမ်းတည်ဆောက်ရေးနဲ့ ရထားအဆင့်မြှင့်တင်ရေးအားလုံးကို ခင်ဗျားက တာဝန်ယူရလိမ့်မယ်။”
ထိုစကားကို ကြားရသောအခါ မိုးရှင်း ခဏမျှ မှင်တက်သွား၏။ ထို့နောက် အဓိပ္ပာယ်ကို သဘောပေါက်သွားပြီး တစ်ဖန် ဒူးထောက်ကာ
“မင်းသားကို ကျွန်တော် စိတ်မပျက် စေရပါဘူး။”
........