အခန်း ၅၃၈-၅၄၀
Vol. 36 Ch. 537-540
အခန်း( ၅၃၈ )
မုယုံရွှီပြန်လည်ထွက်ခွာခြင်း
မနက်စောစော။
နေရောင်ခြည်မျှင်တစ်ခု အိပ်ခန်းထဲသို့ဝင်လာကာ အိပ်ရာပေါ်တွင် ဖြာကျနေပြီး သန့်ရှင်းသော အလင်းရောင်နှင့် နွေးထွေးမှုကို ပေးနေသည်။
မုယုံရွှီ သတိရလိုက် မရလိုက်ဖြစ်နေရင်း သူမလုချန်း၏ ဇနီးအဖြစ်သို့ လုံးလုံးလျားလျား ပြောင်းလဲသွားသလို ခံစားနေရပြီး သူ့ကို “ချစ်သူ” ဟု သူမ၏ မသိစိတ်က ခေါ်မိနေခဲ့သည်။
ထိုအချိန်တွင် မုယုံရွှီ ရုတ်တရက် လန့်နိုးလာသည်။
နောက်တစ်ခဏတွင် သူမ အသက်ရှူရ ခက်ခဲနေသည်ကို တွေ့လိုက်ရသည်။
ထိုလူဆိုး ၏ ဖိအားကို ခံစားရင်း မုယုံရွှီ၏ စိတ်ခံစားချက်များ ရှုပ်ထွေးသွားသည်။
သူမ၏ ရည်ရွယ်ချက်ကို ဖော်ထုတ်ခံခဲ့ရပြီဖြစ်သည်။ သူမ အမှန်အတိုင်း ပြန်အစီရင်ခံခဲ့လျှင် မြောက်ပိုင်းနယ်စားမင်းသားကို ဘယ်တော့မှ ပြန်မတွေ့ရမည် မဟုတ်ပေ။ မနေ့ညက ဖြစ်ရပ်များကို သတိရမိသောအခါ သူမ၏စိတ်ထဲတွင် မလိုလားအပ်သော စိတ်ကူးများ ပေါ်ပေါက်လာသည်။
ထိုသူသည် သူမ၏ပထမဆုံးသော ယောက်ျားဖြစ်သည်။ သူမ၏တာဝန်အတွက်သာ သူ့ကိုပေးအပ်ခဲ့ရခြင်း ဖြစ်သော်လည်း သူမ၏နှလုံးသားထဲတွင် သူ့အပေါ် ထူးဆန်းသော ခံစားချက်များ ဖြစ်ပေါ်လာခဲ့သည်။
မုယုံရွှီ၏ စိတ်များ ခဏခန့် ဗလာဖြစ်သွားသည်။
သူမဘာတွေ အိပ်မက်မက်နေသနည်း။ ဤယောက်ျား၏အနားတွင် တစ်သက်လုံးနေရန်ပင် စိတ်ကူးယဉ်နေမိသည်။
ဘယ်လိုလုပ် ဒီလို အတွေးမျိုးတွေ တွေးမိရတာလဲ။
ထိုအတွေးဖြင့် မုယုံရွှီ လုချန်း၏ဦးခေါင်းကို ကြည့်လိုက်သည်။
ထိုအချိန်တွင် လုချန်းသည် သူမ၏ မွှေးပျံ့သော ပခုံးပေါ်တွင် ခေါင်းတင်လျက် အိပ်စက်နေသည်။
မုယုံရွှီ သူမ၏လက်ကို မထိန်းနိုင်ဘဲ မြှောက်လိုက်မိသည်။ ထို ‘လူဆိုး’ ၏ ခေါင်းကို ရိုက်နှက်ပြီး သူ့ကို ဖယ်ရှားပစ် လိုက်ချင်စိတ် ဖြစ်ပေါ်ခဲ့သည်။
ထိုသို့ တွေးမိသော်လည်း သူမ၏လက် ပြန်ကျလာချိန်တွင် လုချန်း၏ နက်မှောင်သော ဆံပင်များကိုသာ ပွတ်သပ်လိုက်မိသည်။
မုယုံရွှီ စိတ်ထဲမှ သက်ပြင်းချရင်း “နှုတ်ဆက်ပါတယ်...” ဟု တိုးတိုးလေး ရေရွတ်လိုက်သည်။
သူမ ဆုံးဖြတ်ချက်ချလိုက်ပြီဖြစ်သည်။ ပြန်ရောက်ပါက မြောက်ပိုင်းပြည်နယ်တွင် ဖြစ်ပျက်ခဲ့သမျှကို ယွဲ့ဧကရာဇ်အား အမှန်အတိုင်း ပြောပြမည်ဖြစ်ပြီး နောက်တစ်ခါ မြောက်ပိုင်းပြည်နယ်သို့ မည်သည့်အခါမှ ပြန်မလာတော့ဟု ဆုံးဖြတ်လိုက်သည်။
သူမ အမှန်တကယ် စိုးရိမ်နေမိသည်။ အကယ်၍ သူမ မြောက်ပိုင်းပြည်နယ်သို့ နောက်တစ်ကြိမ်ပြန်လာပါက ဤလူဆိုး၏ လက်ထဲတွင် အပြည့်အဝသိမ်းပိုက်ခံရမည်ကို စိုးရိမ်နေခြင်းဖြစ်သည်။
မြောက်ပိုင်းနယ်စားမင်းသားသည် ကြိုက်နှစ်သက်သော စံနှုန်းအားလုံးနှင့် ကိုက်ညီသည်။ အရေးအကြီးဆုံးမှာ မြောက်ပိုင်းနယ်စားမင်းသားသည် အမျိုးသမီးများကို ကိုင်တွယ်ရာတွင် အလွန်ကျွမ်းကျင်သည်။ သူမအတွက် ထိန်းချုပ်ရန် အလွန်ခက်ခဲသည်။ တစ်နေ့တွင် သူမ၏နှလုံးသား ပျော့ညံ့သွားပါက ဧကရီကို သစ္စာဖောက်ကာ မြောက်ပိုင်းနယ်စားမင်းသား၏ ဇနီး အမှန်တကယ်ဖြစ်လာနိုင်သည်ကို ကြောက်ရွံ့နေသည်။
လုချန်းသည် အိပ်ပျော်နေရင်း မုယုံရွှီ၏အသံကို ကြားရသည်ဟု ထင်ရပြီး ခေါင်းကို အနည်းငယ်လှုပ်လိုက်သည်။
လုချန်း၏လှုပ်ရှားမှုကို မြင်သောအခါ မုယုံရွှီသည် သူမ၏လက်ကို သူ့ခေါင်းမှ အလျင်အမြန် ဖယ်ရှားလိုက်ပြီး ဘာမှမဖြစ်ခဲ့သလို ဟန်ဆောင်နေလိုက်သည်။
ထိုစဉ် လုချန်း ဖြည်းဖြည်းချင်း ကြွလိုက်ပြီး မှေးစင်းနေသော မျက်လုံးများ လျက် မုယုံရွှီကို ကြည့်လိုက်သည်။
မုယုံရွှီက လုချန်းကို ပြန်၍ကြည့်လိုက်ရာ လုချန်းက ပြုံးပြီး
“ရွှီ။ မင်း ဘာဆုံးဖြတ်လဲ။ ကိုယ်နဲ့ ပူးပေါင်းမလား”
ဟု မေးလိုက်သည်။
မုယုံရွှီက စိတ်ခံစားမှုမရှိပဲ
“ရှင်နဲ့ ပူးပေါင်းနိုင်ပါတယ်။”
သူမသည် ဧကရီအား အမှန်အတိုင်း အစီရင်ခံရန် ဆုံးဖြတ်ပြီးသားဖြစ်သော်လည်း သူမသည် ယခုရန်ခရိုင်၊ မြောက်ပိုင်းပြည်နယ်၌ ရှိနေဆဲဖြစ်သည်။ မြောက်ပိုင်းနယ်စားမင်းသားကို ချက်ချင်း ငြင်းပယ်၍ မဖြစ်ပေ။ ယခုအချိန်တွင် သဘောတူဟန်ဆောင်ထားပြီး ကျုးနိုင်ငံတော်သို့ ပြန်ရောက်မှသာ ထပ်မံဆွေးနွေးရန် ဖြစ်သည်။ မြောက်ပိုင်းနယ်စားမင်းသားက သူမကို အတင်းအဓမ္မ ဖမ်းဆီးထိန်းသိမ်းမည်ကို ရှောင်ရှားရန်ဖြစ်သည်။
မြောက်ပိုင်းပြည်နယ်၏ အခြေအနေ တစ်ခုခု လွဲမှားနေသည်ဟု ခံစားရသည်။ မြောက်ပိုင်းပြည်နယ် နောက်ထပ် ဘာတွေ စီစဉ်နေသည်ကို မုယုံရွှီ ကောင်းစွာ မသိနိုင်သေးပေ။ မြောက်ပိုင်းနယ်စားမင်းသား ရူးသွပ်သော အတွေးတစ်ခုကို ရရှိပြီး ကျူးနိုင်ငံတော်နှင့် ရန်သူအဖြစ်ခံကာ သူမကဲ့သို့ အရေးပါသော အဆင့်မြင့် သံတမန်တစ်ဦးကို ဖမ်းဆီးထိန်းသိမ်းထားနိုင်သည်ဟု ယူဆသည်။
မြောက်ပိုင်းနယ်စားမင်းသားကို အရင်တည်ငြိမ်အောင်ထားခြင်းသည် အမှားမရှိသော ချဉ်းကပ်နည်းဖြစ်သည်။
မုယုံရွှီ၏ သဘောတူညီမှုကို မြင်သောအခါ လုချန်း အနည်းငယ် ပြုံးလိုက်ပြီး
“ဒါဆိုရင် မင်းပြန်လာမှာကို ကိုယ် ဒီမြောက်ပိုင်းပြည်နယ်မှာပဲ စောင့်နေမယ်။ ကိုယ်တို့ မကြာခင် ပြန်တွေ့ကြမယ်လို့ ယုံကြည်ပါတယ်။”
လုချန်း၏ အပြုံးကို ကြည့်ရင်း မုယုံရွှီ၏ စိတ်ထဲတွင် “ဘယ်တော့မှ မတွေ့တော့ဘူး” ဟု တွေးလိုက်သည်။
မုယုံရွှီက လက်မြှောက်ကာ လုချန်းကို တွန်းလိုက်ရင်း
“မင်းသား။ ထဖို့ အချိန်တန်ပြီ။”
လုချန်းက ပြုံးလျက်
“မင်း မြောက်ပိုင်းပြည်နယ်က ထွက်သွားတော့မယ် ကိစ္စကိုယ်လက်ခံရ ခက်ခဲနေတယ်။ မင်း ကိုယ်နဲ့ နောက်ထပ်တစ်ရက်လောက် နေပါဦးလား။”
ထိုစကားကို ကြားသောအခါ မုယုံရွှီ၏ မျက်နှာသွေးရောင်မရှိပဲ ချက်ချင်း ဖြူဖျော့သွားသည်။ သူမ ဘာမှ မသက်မသာ မခံစားရသော်လည်း သူမ၏ခန္ဓာကိုယ်သည် အခြားသူတစ်ဦး၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသည်ကို စက်ဆုပ်ရွံရှာမိသည်။
ထို့အပြင် သူမသာ ဒီလို ဆက်နေခဲ့လျှင် တကယ်ပင် ဂုဏ်သိက္ခာကျဆင်းသွားနိုင်သည်။ သူမ၏ စိတ်ဓာတ် အားအင်များ ယိမ်းယိုင်နေသည်ကို သူမ ရှင်းရှင်းလင်းလင်း ခံစားမိသည်။
မုယုံရွှီ အလျင်အမြန်ပင်
“မင်းသား။ ကိုယ့်ကိုယ်ကိုယ် ထိန်းသိမ်းပါဦး။”
လုချန်းကတော့ မုယုံရွှီ၏ စကားကို ဂရုမစိုက်ပေ။ သူမ၏ လက်ကောက်ဝတ်များကို ဖမ်းဆုပ်ကာ သူမ၏ နှုတ်ခမ်းများကို တစ်ဖန် သိမ်းပိုက်ရန် ငုံ့လိုက်သည်။
မုယုံရွှီ စိတ်ထဲတွင် ကျိန်ဆဲလိုက်၏။ သူကို သူခိုး၊ သားရဲဟု ခေါ်ဆိုလိုက်သည်။
......
အချိန်များစွာ ကြာမြင့်ပြီးနောက်ဆုံးတွင် မုယုံရွှီကို မြောက်ပိုင်းနယ်စားမင်းသားစံအိမ်မှ လုချန်း ထွက်ခွာခွင့်ပြုလိုက်သည်။
မုယုံရွှီ ပြန်လာသောအခါ သူမ၏ ခြေလှမ်းများ ပေါ့ပါးနေသော်လည်း သူမ၏ စိတ်များကတော့ မကြည်လင်သေးပေ။
မြောက်ပိုင်းနယ်စားမင်းသားစံအိမ်မှ ထွက်လာပြီးနောက် စံအိမ်၏ ဆိုင်းဘုတ်ကို နောက်ထပ်တစ်ချက် သူမ လှည့်ကြည့်လိုက်သည်။ စိတ်ထဲတွင် အတွေးများစွာ ပြည့်နှက်နေပြီး သူမကို စောင့်ကြိုနေသည့် မြင်းလှည်းပေါ်သို့ မတက်နိုင်ခဲ့ပေ။
ခဏအကြာတွင် မြင်းလှည်းဆရာက
“တခြားဘာကိစ္စများရှိသေးလို့လဲ မုယုံသခင်မ။ “
ဟု မေးလိုက်သည်။
ထိုအခါမှ မုယုံရွှီ သတိပြန်ဝင်လာပြီး လှည့်ကာ မြင်းလှည်းပေါ်တက်ရင်း
“ဘာမှမရှိဘူး။ သွားမယ်။”
စံအိမ်သို့ ပြန်လာရာ လမ်းတစ်လျှောက်တွင် ဖြစ်ပျက်ခဲ့သည့် ကိစ္စရပ်များ သူမ၏ စိတ်ထဲတွင် အဆက်မပြတ် ပြန်လည်ပေါ်ပေါက်နေပြီး သူမ၏ နှလုံးသားထဲတွင် ဟာလာဟင်းလင်း ခံစားမှုတစ်ခု ကျန်ရစ်ခဲ့သည်။ သူမ ထိုခံစားမှုကို တိတိကျကျ မပြောပြနိုင်သော်လည်း သူမကို လည်ချောင်းကို ဆို့နင့်နေစေပြီး အသက်ရှူရ ခက်ခဲစေခဲ့သည်။
မသိစိတ်ဖြင့် သူမ၏ လက်တစ်ဖက်ကသူမ၏ ဝမ်းဗိုက်အောက်ပိုင်းသို့ ရွေ့သွားကာ ညင်သာစွာ ပွတ်သပ်မိသည်။
သူမ တိုးတိုးလေး ရေရွတ်လိုက်မိသည်။ “မြောက်ပိုင်းနယ်စားမင်းသား။ ကျွန်မ အမြဲသတိရနေမယ်။ ရှင်က လူဆိုး...”
...
ရက်အနည်းငယ်ကြာပြီးနောက် မုယုံရွှီ ရန်ခရိုင်မှ ထွက်ခွာကာ ကျူးနိုင်ငံတော်သို့ ပြန်လည်ခရီးနှင်ခဲ့သည်။
မုယုံရွှီသည် သူမ၏ တာဝန်များကို အစီရင်ခံရန် ကျူးနိုင်ငံတော်သို့ ပြန်သွားခြင်းသာ ဖြစ်သော်လည်း အချို့သူများအတွက်မူ ဤသည်မှာ ကျူးနိုင်ငံတော်က အထူးလှုပ်ရှားမှုအချို့ကို စီစဉ်နေနိုင်သည်ဟု အချက်ပြလိုက်ခြင်းဖြစ်သည်။ ထို့ကြောင့် ကျူးနိုင်ငံတော်သည် မြောက်ပိုင်းပြည်နယ်တွင် တာဝန်ထမ်းဆောင်နေသော သံတမန်ကို ပြန်ခေါ်လိုက်ခြင်းဖြစ်သည်။
မုယုံရွှီ ထွက်ခွာပြီး မကြာမီပင် ကျူးကဲ့ကျုံကောင်းသည် မြောက်ပိုင်းပြည်နယ်ရှိ အသစ်ဆောက်လုပ်ထားသော တက္ကသိုလ်၌ ပေါ်ထွက်လာခဲ့ပြီး ဖွင့်ပွဲအခမ်းအနားကို ဦးဆောင်ခဲ့သည်။ သူ၏ ပေါ်ထွက်လာမှုသည် အဓိကအင်အားစုအားလုံးမှ သူလျှိုများ၏ အာရုံစိုက်မှုကို ချက်ချင်း ဆွဲဆောင်နိုင်ခဲ့သည်။
ကျူးကဲ့ကျုံကောင်း၏ အငွေ့အသက်သည် အမှန်ပင် အစွမ်းထက်သော်လည်း ကောင်းကင်လူသားတစ်ဦးနှင့် မယှဉ်နိုင်ကြောင်း သူလျှိုများ လျင်မြန်စွာ သဘောပေါက်ခဲ့ကြသည်။
သူလျှိုအများစုသည် ကောင်းကင်လူသားကို တစ်ခါမှ မမြင်ဖူးကြသော်လည်း ထိုကဲ့သို့သော ပုဂ္ဂိုလ်တစ်ပါးသည် နားမလည်နိုင်သော အဖျက်စွမ်းအားများ ပိုင်ဆိုင်ထားမည်ဖြစ်သောကြောင့် သူ၏အငွေ့အသက်သည် ကျူးကဲ့ကျုံကောင်းထက်ပို၍ ထူးခြားလိမ့်မည်ဟု သိကြသည်။
ကျူးကဲ့ကျုံကောင်းထံမှ ထွက်ပေါ်လာသော အငွေ့အသက်သည် အရှေ့ပိုင်းသတင်းများတွင် ဖော်ပြထားသည့်အတိုင်း အဆင့်လွန်ပညာရှင်၏ အထွတ်အထိပ်အဆင့်နှင့် ပိုမိုကိုက်ညီနေသည်။
ဤအချက်က ကျူးကဲ့ကျုံကောင်း တကယ်ပင် ကောင်းကင်လူသားအဆင့် မဟုတ်ကြောင်းနှင့် မြောက်ပိုင်းပြည်နယ်တွင် ကောင်းကင်လူသားအဆင့် စွမ်းအားရှင် မရှိကြောင်းကို အဓိကအင်အားစုများအနေနှင့် အတော်အတန် အတည်ပြုနိုင်စေခဲ့သည်။
မကြာမီ ထိုသတင်းသည် နိုင်ငံများနှင့် အဖွဲ့အစည်းတိုင်းသို့ ပျံ့နှံ့သွားသည်။
သတင်းပျံ့နှံ့သွားသည်နှင့် တစ်ပြိုင်နက် အချို့အင်အားစုများ စတင်လှုပ်ရှားလာကြသည်။ မြောက်ပိုင်းပြည်နယ်၏ ခြိမ်းခြောက်မှုသည် အလွန်ကြီးမားနေသည်။ ဖယ်ရှားမပစ်နိုင်ခဲ့လျှင် မြောက်ပိုင်းပြည်နယ်သည် တစ်နေ့နေ့တွင် သူတို့အတွက် ခြိမ်းခြောက်မှုဖြစ်လာနိုင်သည်ဟု ခန့်မှန်းထားကြပြီးဖြစ်သည်။
ရက်များကုန်လွန်လာသည်နှင့်အမျှလုချန်းသည် နိုင်ငံအသီးသီးရှိ ဖြစ်ရပ်များကို အနီးကပ် စောင့်ကြည့်နေသည်။
တစ်နေ့တွင် လုချန်းသည် သူ၏စာကြည့်ခန်းထဲ၌ ချင်ယူရှန်ထံမှ အစီရင်ခံစာများကို လက်ခံနေစဉ် စစ်သည်တစ်ဦးက တံခါးဝတွင် ရုတ်တရက် ပေါ်လာပြီး
“မင်းသား ယင်နိုင်ငံက တပ်ဖွဲ့တွေ စစ်သည် နှစ်သိန်းနဲ့ မြို့ဟောင်းကို ရောက်ရှိနေပါပြီ။”
ထိုစကားကို ကြားသောအခါ လုချန်းက ထောက်လှမ်းရေးအစီရင်ခံစာကို ချက်ချင်းဘေးဖယ်ထားလိုက်ပြီး သူ၏မျက်နှာတွင် အပြုံးတစ်ပွင့် ပေါ်လာကာ
“နောက်ဆုံးတော့ ရောက်လာပြီပဲ”
ထို့နောက် ချင်ယူရှန်ဘက်သို့ လှည့်ကာ
“ဒီနေ့တော့ ဒါလောက်ပဲ။ အထူးကိုယ်ရံတော်အဖွဲ့က နေပြည်တော်ကို ဆက်ပြီး အနီးကပ်စောင့်ကြည့်နေရမယ်”
ဟု ဆက်ပြောလိုက်သည်။
ချင်ယူရှန်က
“ဟုတ်ကဲ့ မင်းသား။ ကျွန်တော် ပြန်ပါတော့မယ်”
ချင်ယူရှန် ထွက်ခွာသွားပြီးနောက် လုချန်းလည်း မြို့ဟောင်းသို့ လျင်မြန်စွာ ဦးတည်သွားကာ ဝင်ရိုးစွန်းဒေသမှ စစ်သည် နှစ်သိန်းကို သွားရောက်ကြည့်ရှုတော့သည်။
..............
အခန်း (၅၃၉ )
အဋ္ဌမမြောက် ကလေး မွေးဖွားခြင်း
လုချန်း မြို့ဟောင်းသို့ ရောက်ရှိလာပြီး သူတွေ့မြင်လိုစိတ် ပြင်းပြနေခဲ့သော ထိပ်သီးအဆင့် ပညာရှင်နှစ်ဦးနှင့် တွေ့ဆုံခဲ့သည်။
ထိုထိပ်သီး ပညာရှင်နှစ်ဦးသည် အဖြူရောင် သားမွေးဝတ်ရုံများ ဝတ်ဆင်ထားပြီး သူတို့၏ အဝတ်အောက်မှ ကြွက်သားများ ဖောင်းကြွနေကာ စွမ်းအားကြီးမားသော အငွေ့အသက်များ ထုတ်လွှတ်နေသည်။
လုချန်း လာသည်ကို မြင်သောအခါ ထိုသူနှစ်ဦးသည် ချက်ချင်းပင် လုချန်းထံသို့ ဦးတည်လာကာ လုချန်းရှေ့တွင် ချက်ချင်းဒူးထောက်လိုက်ပြီး
“ကျွန်တော် တုန်းမန် ဖေးယွဲ့၊ ကျွန်တော် ဆွမ်ရွှီလင် မင်းသားကို ဂါရဝပြုပါတယ်။ မင်းသား သက်ကျော်ရာကျော် ရှည်ပါစေ။ ထာဝရရှည်ပါစေ”
ထိုစကားကို ကြားသောအခါ လုချန်း ခဏမျှ အံ့အားသင့်သွားပြီးနောက် သူက
“ကျွန်တော်က လက်ရှိ ရှနိုင်ငံတော်ထဲက မှူးမတ်တစ်ဦးပဲ ရှိသေးတယ်။ ‘သက်ကျော်ရာကျော်’ လို့သာ ဆိုခွင့်ရှိတယ်။ တခြားသူတွေရှေ့မှာ ‘ထာဝရရှည်ပါစေ’ လို့ မပြောကြပါနဲ့။ စိတ်ဝမ်းကွဲအောင် လုပ်ချင်တဲ့သူတွေ ကြားသွားလိမ့်မယ်။”
ဆွမ်ရွှီလင်နှင့် တုန်းမန် ဖေးယွဲ့တို့လည်း ချက်ချင်းပင် သူတို့၏ အမှားကို သဘောပေါက်သွားပြီး ဆွမ်ရွှီလင်က ချက်ချင်းပင်
“ဒါ ကျွန်တော်တို့ရဲ့ အမှားပါ။ အပြစ်ဒဏ်ကို ခံယူဖို့ ဆန္ဒရှိပါတယ်။”
လုချန်းက ထိုလူနှစ်ဦးထံ လျှောက်သွားကာ ဆွမ်ရွှီလင်၏ ပခုံးတစ်ဖက်နှင့် တုန်းမန် ဖေးယွဲ့၏ ပခုံးတစ်ဖက်ကို ကိုင်ကာ
“ဗိုလ်ချုပ်တို့ ထကြပါ။ ခင်ဗျားတို့က အခုမှ ဝင်ရိုးစွန်း ဒေသကနေ ရောက်လာတာဖြစ်လို့ ရှနိုင်ငံတော်ရဲ့ အခြေအနေကို မရင်းနှီးတာ နားလည်ပါတယ်။ ဒါပေမဲ့ နောက်တစ်ခါ သတိမထားပဲ မပြောမိဖို့ ဂရုစိုက်ကြပါ။”
တုန်းမန် ဖေးယွဲ့နှင့် ဆွမ်ရွှီလင်တို့က တစ်ပြိုင်နက်တည်း
“ဟုတ်ကဲ့ မင်းသား။”
ထို့နောက် စွမ်းအားကြီးသော အမျိုးသားနှစ်ဦး ထရပ်လိုက်ကြ၏။ ထိုအချိန်တွင် လုချန်းက ဆွမ်ရွှီလင်နှင့် တုန်းမန် ဖေးယွဲ့တို့၏ နောက်တွင် ရပ်နေသော စစ်သည်နှစ်သိန်းကို လှမ်းကြည့်လိုက်သည်။
မြောက်ပိုင်းပြည်နယ်အတွင်း စုဆောင်းထားသော စစ်သည်များနှင့် နှိုင်းယှဉ်ပါက ထိုစစ်သည်များသည် ပိုမိုအင်အားကြီးပြီး ယူမြို့တော်မှ စစ်သည်များထက်ပင် သာလွန်သည်။
လုချန်း အနည်းငယ် ပြုံးလိုက်သည်။ ဤစစ်သည်နှစ်သိန်းဖြင့် မြောက်ပိုင်းပြည်နယ်၏ စစ်အင်အားသည် အဆင့်တစ်ဆင့်ထပ်မံ မြင့်တက်လာမည်ဖြစ်သည်။
သို့သော် ဤစစ်သည်နှစ်သိန်းထက် ဝင်ရိုးစွန်းဒေသမှ လူဦးရေတစ်သန်းကို
လုချန်း ပို၍စိတ်ဝင်စားနေသည်။
ဝင်ရိုးစွန်းဒေသက လူဦးရေ တစ်သန်းကို မည်သို့ ထောက်ပံ့နိုင်ကြောင်း လုချန်း အတော်လေး သိလိုစိတ် ပြင်းပြနေသည်။ အဘယ်ကြောင့်ဆိုသော် ထိုဒေသများတွင် တစ်နှစ်ပတ်လုံး အေးခဲနေပြီး နေရောင်ခြည် တိုက်ရိုက်ရရှိမှုမှာလည်း လအနည်းငယ်သာ ရှိ၏။ သီးနှံများ စိုက်ပျိုး၍လည်း မရနိုင်သလောက် ဖြစ်သည်။
ထိုအတွေးဖြင့် လုချန်းက သူ၏အကြည့်ကို ဆွမ်ရွှီလင်နှင့် တုန်းဖန် ဖေးယွဲ့တို့ထံ ပြန်လှည့်လိုက်သည်။
“ဝင်ရိုးစွန်းဒေသရဲ့ ရာသီဥတုက အေးပြီး ပတ်ဝန်းကျင်က ကြမ်းတမ်းတယ်။ ဝင်ရိုးစွန်းဒေသမှာ လူဦးရေ တစ်သန်း ဘယ်လို ရှင်သန်နေထိုင်နိုင်လဲဆိုတာ ကျွန်တော် အတော်စိတ်ဝင်စားမိတယ်။”
ထိုမေးခွန်းကို ကြားသောအခါ ဆွမ်ရွှီလင်က ချက်ချင်းပင်
“မင်းသား။ ဝင်ရိုးစွန်းဒေသဟာ ပင်လယ်နားမှာရှိပြီး ငါးဖမ်းလုပ်ငန်းက အဲဒီမှာ အရမ်းဖွံ့ဖြိုးပါတယ်။ ငါးလုပ်ငန်းအတွက် အရင်းအမြစ်တွေ ကုန်ခန်းသွာတာမျိုး မရှိပါဘူး။”
လုချန်းက
“သဘောပေါက်ပါပြီ”
လူဦးရေတစ်သန်းကို ထောက်ပံ့နိုင်ရခြင်းမှာ ပင်လယ်ကို အခြေခံသော အသက်မွေးမှုကြောင့်ဖြစ်သည်ဟု လုချန်းနားလည်လိုက်သည်။
လုချန်းက ဆက်လက်၍
“မြောက်ပိုင်းပြည်နယ်ဟာ လက်ရှိ ဖွံ့ဖြိုးတိုးတက်နေတဲ့ ကာလမှာ လူဦးရေ အများအပြား လိုအပ်နေပါတယ်။ ဝင်ရိုးစွန်း ဒေသက သာမန်ပြည်သူတွေ တောင်ဘက်ကို ပြောင်းရွှေ့ဖို့ ဆန္ဒရှိ၊ မရှိ သိချင်ပါတယ်။”
ဆွမ်ရွှီလင်က
“ဝင်ရိုးစွန်းဒေသက သာမန်ပြည်သူ အများစုက တောင်ဘက်ကို ပြောင်းရွှေ့ဖို့ ဆန္ဒရှိပါတယ် မင်းသား။ မြောက်ဘက်စွန်းမှာ အစာရေစာ မပူရပေမဲ့ အလွန်အေးပါတယ်။ ဝင်ရိုးစွန်းဒေသက လူတွေဟာ တောင်ဘက်ကို ပြောင်းရွှေ့ဖို့ ဆန္ဒရှိခဲ့ကြတာ ကြာပြီဆိုပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် အခုထိ မပြောင်းရွှေ့ဖြစ်ကြပါဘူး”
ထိုစကားကို ကြားသောအခါ လုချန်း စိတ်အေးသွားသည်။ ယူမြို့တော်နှင့် ဝင်ရိုးစွန်း ဒေသကြား မီးရထားလမ်း ပြီးစီးသွားသည်နှင့် ဝင်ရိုးစွန်းဒေသမှ လူများ တောင်ဘက်သို့ ပြောင်းရွှေ့ရန် ပိုမိုလွယ်ကူလာမည်ဖြစ်ပြီး သူတို့မျိုးဆက်ပေါင်းများစွာ နေထိုင်ခဲ့သော ဒေသကို ဆုံးရှုံးရမည်ကိုလည်း စိုးရိမ်စရာ မလိုတော့ပေ။
ထိုအတွေးနှင့် လုချန်းက ဆွမ်ရွှီလင်နှင့် တုန်းမန် ဖေးယွဲ့တို့ကို တစ်ဖန် ပြန်လည်ကြည့်ရှုလိုက်ပြီးနောက်
“ဗိုလ်ချုပ်တို့။ ခင်ဗျားတို့ ရန်ခရိုင်ကို ခက်ခက်ခဲခဲ ခရီးရှည်ကြီးကို နှင်ခဲ့ကြတယ်။ ခင်ဗျားတို့နဲ့ ခင်ဗျားတို့နောက်က စစ်သည်နှစ်သိန်းအတွက် စစ်စခန်းကို ကျွန်တော် စီစဉ်ပြီးပါပြီ။ ပတ်ဝန်းကျင်အသစ်နဲ့ ရင်းနှီးအောင် သွားလုပ်ကြပါဦ။”
ထိုအခါ နှစ်ဦးစလုံးက ဂါရဝပြုလိုက်ပြီး တစ်ပြိုင်နက်တည်း
“ဟုတ်ကဲ့ မင်းသား။”
ထို့နောက် မြောက်ပိုင်းပြည်နယ်မှ စစ်သည်များ၏ ဦးဆောင်မှုဖြင့် တုန်းမန် ဖေးယွဲ့နှင့် ဆွမ်ရွှီလင်တို့သည် ဝင်ရိုးစွန်းဒေသမှ စစ်သည်နှစ်သိန်းနှင့်အတူ စစ်စခန်းသို့ သွားကြသည်။
ထိုအချိန်တွင် မင်းသားစံအိမ်မှ အစောင့်တစ်ဦး မြင်းစီးလျက် လုချန်းရှေ့သို့ ရောက်လာပြီး
“မင်းသား။ ဝမ်မိန်းကလေး မွေးပါတော့မယ်။”
ထိုစကားကို ကြားသောအခါ လုချန်း မြင်းလှည်းထဲသို့ ချက်ချင်းဝင်ရောက်ကာ မင်းသားစံအိမ်မှ မြင်းလှည်းမောင်းသမားအား
“မင်းသားစံအိမ်ကို ပြန်တော့”
ဟု အမိန့်ပေးလိုက်သည်။
လုချန်းအတွက် သူ၏ကလေးသည် ပိုအရေးကြီးသည်။ ထိုကလေးက သူ့အား ဘယ်လို အံ့အားသင့်စရာတွေ ဆောင်ကျဉ်းပေးလာမလဲဆိုတာ သူအလွန်သိချင်နေခဲ့သည်။
မကြာခင်မှာပင် လုချန်း မြောက်ပိုင်းနယ်စားမင်းသားစံအိမ်သို့ ပြန်ရောက်လာသည်။ သူဝင်ရောက်လိုက်သည်နှင့် တံခါးဝတွင် စောင့်နေသည့် အစေခံတစ်ဦးကို တွေ့လိုက်ရသည်။ လုချန်း ရောက်လာသည်ကို မြင်သောအခါ အစေခံက အလျင်အမြန်ပင်
“မင်းသား။ ဝမ်မိန်းကလေး အခြေအနေ မကောင်းဘူး”
ထိုစကားကို ကြားသောအခါ လုချန်း တစ်ခွန်းမှ မပြောတော့ပဲ ကိုယ်ဖော့ပညာဖြင့် ချက်ချင်း ခုန်တက်လိုက်ပြီး ဝမ်ချင်းစီ၏ အဆောင်ဝင်းသို့ လျင်မြန်စွာ ခုန်ဝင်သွားသည်။ ထိုအချိန်တွင် ထိုနေရာ၌ လူများ ပြည့်ကျပ်နေပြီဖြစ်သည်။
လုချန်း ရောက်လာသည်ကို မြင်သောအခါ လုများက များများစားစား မပြောတော့ပဲ သူဝင်နိုင်ရန် လမ်းအလျင်အမြန် ဖယ်ပေးလိုက်သည်။
လုချန်း အခန်းထဲသို့ ဝင်ရောက်သောအခါ ချူးယုချင်သည် ဝမ်ချင်းစီ၏ နာကျင်မှုကို သက်သာစေရန် သူမ၏ အတွင်းအားကို လွှဲပြောင်းပေးနေသည်။ လုချန်းကို မြင်သောအခါ ချူးယုချင်က ချက်ချင်းပင်
“ချန်းလေး။ ဒီကိုလာကြည့်ပါဦး။ ဘာဖြစ်မှန်း မသိဘူး။ သူ့အတွင်းအားစီးဆင်းမှုက ရုတ်တရက် အတားအဆီးနဲ့ တွေ့နေတယ်။ ဒီအတိုင်းသာ ဆက်သွားရင် ကလေးရော လူကြီးပါ အန္တရာယ်ရှိနိုင်တယ်”
ဟု လျင်မြန်စွာ ပြောလိုက်သည်။
ချူးယုချင်သည် ပုံမှန်အားဖြင့် ဝမ်ချင်းစီကို မကြိုက်ပေ။ လုချန်းကို တွယ်ကပ်ပြီး အချောင်နှိုက်တတ်သည့် မိန်းမတစ်ယောက်အဖြစ်သာ သူမကို မြင်သည်။ သို့သော်လည်း ဝမ်ချင်းစီသည် လုချန်း၏ ဇနီးဖြစ်သည့်အပြင် လုချန်း၏ ကလေးကိုလည်း လွယ်ထားသည်။
ယခုအချိန်တွင် မကျေနပ်မှုများအားလုံးကို ချူးယုချင် ဘေးဖယ်ထားလိုက်သည်။
လုချန်းလည်း အလျင်အမြန် ကုတင်ဘေးသို့ သွားကာ မျက်လုံးမှိတ်ထားသည့် ဝမ်ချင်းစီကို လှမ်းကြည့်လိုက်သည်။ သူမ၏ နဖူးမှ ချွေးများ စီးကျနေပြီး အလွန်အမင်း နာကျင်နေပုံရသည်။
သူမ မျက်လုံးမှိတ်ထားပြီး လုချန်း ပြန်လာသည်ကို ဝိုးတဝါး သိနေသော်လည်း မျက်လုံးဖွင့်၍ မရသေးပေ။
တစ်ခွန်းမှ မပြောတော့ပဲ လုချန်းက ဝမ်ချင်းစီ၏ ကျောက်စိမ်းကဲ့သို့ ချောမွေ့သော လက်ကို ချက်ချင်း ဆုပ်ကိုင်လိုက်ပြီး သူ၏
စိတ်ဝိညာဉ်စွမ်းအင်ကို သူမ၏ ခန္ဓာကိုယ်ထဲသို့ ထည့်သွင်းကာ ပြန်လည်သန်စွမ်းစေသောစွမ်းအားဖြင့် သူမ၏ အခြေအနေကို စစ်ဆေးလိုက်သည်။
စိတ်ဝိညာဉ်စွမ်းအင် ဝမ်ချင်းစီ၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသည်နှင့် သူမ ချက်ချင်းပင် သက်သာရာ ရသွား၏။ ထိုအချိန်တွင် ချူးယုချင်က နေရာဖယ်ပေးလိုက်သည်။
လုချန်းလည်း ချူးယုချင် ထိုင်နေခဲ့သော နေရာတွင် ဝင်ထိုင်ကာ ဝမ်ချင်းစီကို ကုသရင်း သူမ၏ အခြေအနေကို စစ်ဆေးလိုက်သည်။
မကြာခင်မှာပင် ဝမ်ချင်းစီ အဘယ်ကြောင့် ဤမျှ မသက်မသာ ဖြစ်နေရသည်ကို တွေ့ရှိခဲ့သည်။ သူမ၏ ခန္ဓာကိုယ်အတွင်းရှိ စွမ်းအားများကို သန္ဓေသားက စုပ်ယူနေခြင်းကြောင့် ဖြစ်သည်။ သို့သော် ကလေးသည် ထိုစွမ်းအားများကို ပြောင်းလဲ၍မရသောကြောင့် သူမ၏ဝမ်းဗိုက်အတွင်းတွင် စုပုံလာပြီး စီးဆင်းမှုမရှိသဖြင့် မိခင်နှင့်ကလေးနှစ်ဦးလုံးကို ထိခိုက်စေခြင်းဖြစ်သည်။
ဝမ်ချင်းစီ၏ အခြေအနေကို သဘောပေါက်လိုက်သောအခါ လုချန်းက ရယ်မောလိုက်ပြီး သူမ၏ ဝမ်းဗိုက်ကိုကြည့်၍
“မင်းက မွေးတောင် မမွေးသေးဘူး။ သိုင်းပညာရှင်ကြီး ဖြစ်ချင်နေပြီလား။ ကိုယ့်အမေရဲ့ စွမ်းအားကိုတောင် စုပ်ယူနေတယ်ပေါ့။”
ပြောနေရင်း ပြန်လည်သန်စွမ်းစေသောစွမ်းအားကို အသုံးပြု၍ ဝမ်ချင်းစီ၏ သွေးကြောပိတ်ဆို့မှုများကို ဖြေလျော့ပေးလိုက်ရာ မကြာမီ သူမ၏ အတွင်းအား စီးဆင်းမှု ပြန်လည် ချောမွေ့သွားခဲ့သည်။
ဝမ်ချင်းစီ၏ မျက်နှာ ပြေလျော့သွားသည်ကို မြင်သောအခါ ချူးယုချင်က သိလိုစိတ်ဖြင့်
“ချန်းလေး။ သူခုနက ဘာဖြစ်တာလဲ”
ဟု မေးလိုက်သည်။
လုချန်းက
“အတွင်းက ကလေးက သူ့စွမ်းအားကို စုပ်ယူနေလို့ သူ့ကို နတ်ဆိုးဝင်ပူးနေသလို ဖြစ်စေခဲ့တာ”
ဟု ရှင်းပြလိုက်သည်။
ချူးယုချင် အနည်းငယ် အံ့အားသင့်သွားသည်။ ကလေးက မမွေးရသေးဘူး။ မိခင်ရဲ့ စွမ်းအားကို စုပ်ယူနေပြီတဲ့လား။ ဒီကလေးက နောင်ကြီးလာရင် သိုင်းပညာပါရမီရှင် ဖြစ်လာမှာလား။
ထိုအချိန်တွင် နာကျင်လွန်း၍ မျက်လုံးမဖွင့်နိုင်ခဲ့သော ဝမ်ချင်းစီ နောက်ဆုံးတွင် မျက်လုံးဖွင့်လာနိုင်သည်။ ချွေးများကြောင့် စိုစွတ်နေသော ဆံပင်များက သူမ၏ ပါးပြင်ကို ကပ်ညိနေ၏။ လုချန်းက အခြားလက်တစ်ဖက်ဖြင့် သူမ၏ ဆံပင်များကို ဘေးသို့ ဖယ်ရှားပေးလိုက်သည်။
ဝမ်ချင်းစီက ပြုံးလျက်
“ကျေးဇူးပါ မင်းသား။ မင်းသား အချိန်မီ မရောက်လာခဲ့ရင် ကျွန်မ အသက်ဆုံးရှုံးသွားလောက်ပြီ။”
ဝမ်ချင်းစီသည် အလွန်အားနည်းနေပုံ ပေါ်သော်လည်း သူမ၏ အပြုံးက အလွန် ဆွဲဆောင်မှုရှိနေဆဲဖြစ်သည်။
လုချန်းလည်း ပြုံးပြလိုက်ပြီး
“ကောင်းပါပြီ။ အခု စကားမပြောနဲ့တော့။ ကိုယ့်ကိုယ်ကိုယ် ပြင်ဆင်ထား။ ကလေး မွေးတော့မယ်။”
ဝမ်ချင်းစီ ထပ်မံ မပြောတော့ပေ။ မကြာမီ အခန်းထဲတွင် ကလေး၏ ငိုသံကို ကြားလိုက်ရသည်။
ဝမ်းဆွဲဆရာမများ ကလေးကို သန့်ရှင်းရေးလုပ်နေစဉ် လုချန်းက ဝမ်ချင်းစီကို ပြန်လည်နလံထူနိုင်စေရန် ဆက်လက်ကုသပေးနေသည်။
ချူးယုချင်က
“ချန်းလေး။ ကလေးအတွက် နာမည်စဉ်းစားပြီးပြီလား”
ဟု သတိပေးလိုက်သည်။
လုချန်းက
“အင်း။ ကြာပြီ စဉ်းစားထားတာ။ လုဟုန်ကျိလို့ ခေါ်မယ်။”
လုချန်း၏ အဖြေကို ကြားသောအခါ ဝမ်ချင်းစီက
“ဟုန်ကျိ...ဟုန်ကျိ..... သားလေးဖြစ်နေတာ နည်းနည်းတော့ စိတ်မကောင်းဘူး.”
ဟု ခပ်တိုးတိုး ရေရွတ်လိုက်သည်။
..........
အခန်း (၅၄၀)
နဂါးနက်နိုင်ငံတော်
လုချန်းသည် ဝမ်ချင်းစီအား သူ၏သားသမီးအားလုံးကို တန်းတူဆက်ဆံမည်ဟု ယခင်က ကတိပေးခဲ့ဖူးသည်။ မိဖုရား၏ သားသမီးဖြစ်စေ၊ မယားငယ်၏ သားသမီးဖြစ်စေ အရင်းအမြစ်များကို ညီတူညီမျှခံစားရမည်ဖြစ်ပြီး အိမ်ရှေ့စံအခွင့်အရေးမှအပ ကျန်အခွင့်အရေးများတွင် ကွာခြားမှုမရှိကြောင်း ပြောခဲ့ဖူးသည်။
သို့သော် ဝမ်ချင်းစီ၏ အမြင်တွင်တော့ မိန်းကလေးတစ်ဦး မွေးဖွားခြင်းက ပိုကောင်းသည်။ မင်းမျိုးမင်းနွယ်ဖြစ်သည့်အတွက် ရှောင်လွှဲမရနိုင်သော ကိစ္စများစွာရှိပြီး သူမ၏ကလေးကို ထိုတိုက်ပွဲအချို့ထဲသို့ ဆွဲသွင်းခြင်း ခံရသည်ကို သူမ မလိုလားပေ။
သို့သော် လုချန်းက သူတို့၏သားကို
လုဟုန်ကျိ ဟု အမည်ပေးလိုက်ခြင်းကြောင့် ဝမ်ချင်းစီစိတ်ထဲတွင် မသက်မသာဖြစ်နေသည်။
အကယ်၍ သားငယ်ကြီးပြင်းလာသောအခါ ဖခင်ပေးထားသောဤအမည်ကြောင့် မသင့်လျော်သော အတွေးများဝင်လာပါက မည်သို့လုပ်ရမည်နည်း။
ဤအတွေးနှင့်အတူ ဝမ်ချင်းစီ၏စိတ်ထဲတွင် စိုးရိမ်မှုများ တိုးပွားလာခဲ့သည်။
ဝမ်ချင်းစီ စဉ်းစားနေစဉ်တွင် လုချန်းက ဆက်ပြောလိုက်သည်။
“ချင်းစီက ဒီနာမည်ကို မကြိုက်ဘူးထင်တယ်နော်။ မကြိုက်ရင် ပြောပါ။ ကိုယ် တခြားနာမည်တစ်ခု စဉ်းစားပေးမယ်။”
ဝမ်ချင်းစီက အလျင်အမြန်ပင်
“မလိုပါဘူး မင်းသား။ နာမည်က တော်တော်ကောင်းပါတယ်”
လုချန်းက မင်းသားတစ်ပါးဖြစ်၏။ နှုတ်ထွက်စကားတစ်ခွန်း ပြောပြီးပြီဆိုမှတော့ ဘယ်လိုလုပ် ပြန်ရုပ်သိမ်းနိုင်မှာလဲ။
ထိုအချိန်တွင် ဝမ်းဆွဲသည် ရောက်လာပြီး ကလေးကို ပွေ့ချီကာ လုချန်းအား ပေးလိုက်သည်။
လုချန်းက ကလေးကို ပွေ့ချီပြီးနောက် သူ၏ စိတ်ဝိညာဉ်စွမ်းအင်ကို အသုံးပြုကာ ကလေး၏ ခုခံအားကို မြှင့်တင်ပေးလိုက်သည်။ ထို့နောက် စိတ်ဝိညာဉ်စွမ်းအင်ဖြင့် ကလေးကို ကာရံလိုက်ပြီးနောက် ကုတင်ပေါ် တင်လိုက်သည်။
ထိုအချိန်တွင် ဝမ်ချင်းစီလည်း အတော်လေး ပြန်လည်သက်သာလာပြီဖြစ်သည်။ သူမ ထထိုင်ကာ ကုတင်ပေါ်ရှိ ကလေးကို တစ်ချက်ကြည့်လိုက်သည်။
ဝမ်ချင်းစီ သက်ပြင်းတစ်ချက် ခပ်ဖွဖွချလိုက်သည်။ အမှန်ပြောရလျှင် သူမ မိခင်တစ်ယောက်ဖြစ်ဖို့ အဆင်သင့် မဖြစ်သေးပါ။ ဒါတွေအားလုံးက ကလေးယူဖို့ အတင်းအကျပ် လုပ်ခဲ့တဲ့ မြောက်ပိုင်းနယ်စားမင်းသား ဆိုတဲ့ လူဆိုးကြောင့်ဖြစ်သည်။
သို့သော်...
ကလေးမွေးဖွားပြီးသွားပြီဖြစ်သဖြင့် ယခုအခါမှ နောင်တရဖို့ အချိန်မရှိတော့ပေ။
ဝမ်ချင်းစီက လက်လှမ်းကာ လုဟုန်ကျိ၏ မျက်နှာလေးကို ညင်သာစွာ ထိလိုက်ပြီး
“ကျိလေး။ မင်းက အမေ့ကို တကယ် ဒုက္ခပေးတာပဲ”
သူမ ထိုသို့ပြောခဲ့သော်လည်း ဝမ်ချင်းစီ၏ မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာပြီး ထိုအပြုံးသည် မိခင်မေတ္တာ၏ အရိပ်အယောင်များဖြင့် လွှမ်းခြုံနေသည်။ သူမ ကိုယ်ဝန်စရှိကတည်းက သူမ၏ စိတ်နေစိတ်ထား အများကြီး ပြောင်းလဲသွားခဲ့သည်။ ယခင်ကကဲ့သို့ စိတ်မြန်လက်မြန် မဟုတ်တော့ပေ။
ထိုအချိန်တွင် ဝမ်ချင်းစီက လုဟုန်ကျိကို ပွေ့ချီကာ လုချန်အား
“မင်းသား။ ကျွန်မ အခု အဆင်ပြေပါပြီ။ မင်းသား အလုပ်သွားလုပ်ပါတော့”
မြောက်ပိုင်းပြည်နယ်၏ ရှုပ်ထွေးနေသောအခြေအနေကို ဝမ်ချင်းစီ ကောင်းစွာသိ၏။ လုချန်းသည် ခေါင်းဆောင်ဖြစ်သည့်အတွက် အလုပ်များစွာ ရှိနေသည်ကို နားလည်သောကြောင့် သူ့ကို အချိန်ကြာကြာ ဆွဲထားလိုခြင်း မရှိပေ။
လုချန်းက
“ကောင်းပါပြီ။ ဒီနေ့ကောင်းကောင်း အနားယူပါ။”
“ဒီည မင်းကို ကိုယ်ထပ်လာကြည့်မယ်။”
ထိုစကားများနှင့်အတူ လုချန်း ထရပ်ပြီး မွေးခန်းမှ ထွက်ခွာသွားသည်။
လုချန်း ထွက်သွားသည်နှင့် ဝမ်ချင်းစီ၏ အကြည့်က ချူးယုချင်ထံသို့ ကျရောက်သွားပြီး သူမက ပြုံးလျက်
“ဒေါ်လေးချူး။ ဒီနေ့ ကျွန်မရဲ့ အသက်ကို ကယ်တင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။”
ထိုစကားကို ကြားသောအခါ ချူးယုချင်က
နှာခေါင်းရှုံ့ရင်း
“ချန်းလေးရဲ့ ကလေး မင်းဝမ်းထဲမှာ မရှိခဲ့ရင် တို့မင်းကို ကယ်ဖို့ စိတ်တောင် မဝင်စားဘူး။”
“အခု မင်းလည်း ကလေးရပြီဆိုတော့ ပြန်ကောင်းလာရင် ကလေးကို ဂရုတစိုက် ပြုစုပါ။ ချန်းလေးကို အရမ်းဒုက္ခမပေးပါနဲ့။”
ထိုစကားနှင့်အတူ ချူးယုချင် လှည့်ထွက်သွား၏။ ချူးယုချင် ထွက်ခွာသွားပြီးနောက် လုချန်း၏ အခြားဇနီးမယားများ ရောက်လာကာ ဝမ်ချင်းစီကို နွေးထွေးစွာ စကားပြောကြသည်။
......
ထိုအတောအတွင်း။
လုချန်း စာကြည့်ခန်းသို့ ဦးတည်သွားလိုက်သည်။
သူ စာကြည့်ခန်းထဲဝင်သည်နှင့် ပထမဆုံး လုပ်သည်မှာ စနစ်ကို ဖွင့်ပြီး သူ့အားပေးထားသော ဆုလာဘ်များကို စစ်ဆေးခြင်း ဖြစ်သည်။
စနစ်၏ သဘောသဘာဝအရ ကလေးရရှိခြင်းအတွက် လူဦးရေနှင့် စစ်တပ်အင်အားကို ဆုချလေ့ရှိသောကြောင့် ဤတစ်ကြိမ်တွင်လည်း လူဦးရေနှင့် စစ်တပ်အင်အားကို ရရှိမည်ဟု လုချန်း ခန့်မှန်းထားခဲ့သည်။
လုချန်း ထိုအကြောင်းကို တွေးနေစဉ် ရုတ်တရက် သတိပေးသံ မြည်လာသည်။
[ကလေးရရှိခြင်းအတွက် ဂုဏ်ယူပါတယ်။ ကောင်းကင်လူသားအဆင့် စွမ်းအားရှင် တစ်ဦး။ နဂါးနက်ကိုယ်ရံတော် တစ်သိန်း၊ လူဦးရေ နှစ်သန်း ထပ်မံရရှိပါပြီ။]
[နဂါးနက်ကိုယ်ရံတော်များသည် လက်ရှိ ကျူးနိုင်ငံတော်၏ အနောက်ဘက် နဂါးနက်နိုင်ငံတော်တွင် တည်ရှိသည်။ သခင်သည် နဂါးနက်နိုင်ငံတော်ကို အမိန့်တစ်ခု ထုတ်ပြန်နိုင်သည်]
“ကောင်းကင်... ကောင်းကင်လူသားအဆင့်...”
ဤကမ္ဘာကြီးနှင့် ပတ်သက်၍ သူ၏နားလည်မှု နက်ရှိုင်းလာသည်နှင့်အမျှ ပိုမိုအစွမ်းထက်သည့် ပုဂ္ဂိုလ်များနှင့် ထိတွေ့လာရမည်ဖြစ်ပြီး အဆင့်မြင့် သိုင်းပညာရှင်များ၏ တန်ဖိုးပင် လျှော့နည်းလာမည်ဟု သူသိရှိထားသော်လည်း လုချန်း အနည်းငယ် မယုံကြည်နိုင်ဖြစ်မိသည်။
အစွမ်းထက်သူများစွာသည် နက်ရှိုင်းသော တောတောင်များထဲတွင် ပုန်းအောင်းနေထိုင်တတ်ကြသောကြောင့် သူတို့၏ တည်ရှိနေမှုကို သူ မသိနိုင်ပေ။
သို့သော် ဆုလာဘ်အနေနှင့် ကောင်းကင်လူသားအဆင့် စွမ်းအားရှင်တစ်ဦးကို ရရှိနိုင်မည်ဟုတော့ လုချန်း မျှော်လင့်မထားခဲ့ပေ။
သူသိထားသလောက် ကောင်းကင်လူသားအဆင့်သည် သိုင်းပညာ၏ အဆုံးစွန်သော အဆင့်ဖြစ်၏။ ထိုအဆင့်ရှိ ပုဂ္ဂိုလ်များကို ဤမျှမြန်ဆန်စွာ ရရှိလာမည်ကို မျှော်လင့်မထားခဲ့ပေ။
လုချန်း နဂါးနက်နိုင်ငံတော်သို့ ချက်ချင်း အမိန့်မထုတ်ပြန်သေးပေ။ စနစ် မြေပုံမှ နဂါးနက်နိုင်ငံတော်၏ တည်နေရာကို အရင်စစ်ဆေးလိုက်သည်။
နဂါးနက်နိုင်ငံသည် ကျူးနိုင်ငံတော်၏ အနောက်ဘက်တွင် တည်ရှိပြီး လွင်ပြင်ဒေသမျိုးနွယ်စုများ၏ နယ်မြေနှင့် နီးကပ်နေသည်။
လုချန်းက စဉ်းစားကြည့်လိုက်သည်။
နဂါးနက်နိုင်ငံတော်၏ တပ်များကို ကျူးနိုင်ငံကို ဖြတ်ကျော်ပြီး မြောက်ပိုင်းပြည်နယ်သို့ ချက်ချင်းခေါ်ယူရန် မဖြစ်နိုင်သေးပါ။ နဂါးနက်နိုင်ငံ၏ တပ်များ ကျူးနိုင်ငံအတွင်းသို့ ဝင်ရောက်ပါက စစ်ကြေညာခြင်းနှင့် အတူတူပင်ဖြစ်မည်။
သို့သော်...
နဂါးနက်နိုင်ငံ၏ နဂါးနက်ကိုယ်ရံတော် တစ်သိန်းရှိပါက ကျူးနိုင်ငံတော် မြောက်ပိုင်းပြည်နယ်ကို တိုက်ခိုက်လာလျှင် နဂါးနက်နိုင်ငံတော်က သူတို့၏ နောက်ကျောကို
ဓားဖြင့် ထိုးနိုင်ပေလိမ့်မည်။
ထိုအတွေးဖြင့် လုချန်းက စနစ်အား
“နဂါးနက်နိုင်ငံတော်ကို အလျင်စလို မလုပ်ဆောင်သေးဖို့ ပြောပါ။ ကျွန်ုပ်နှင့် ဆက်သွယ်ရေး လမ်းကြောင်းတစ်ခု ထူထောင်ဖို့ တစ်စုံတစ်ဦးကို စေလွှတ်ခိုင်းပါ။”
လုချန်း၏ အသံဆုံးသွားသည်နှင့် စနစ်၏အသံ မြည်လာသည်။
[နဂါးနက်နိုင်ငံတော်သည် သခင်၏ အမိန့်ကို လက်ခံရရှိပါပြီ။ နဂါးနက်နိုင်ငံတော်၏ အာဏာပိုင်သည် မြောက်ပိုင်းပြည်နယ်သို့ တစ်စုံတစ်ဦးကို စေလွှတ်နေပါပြီ။]
စနစ်၏ အချက်ပြမှုကို မြင်ပြီးနောက်
လုချန်း စာကြည့်စားပွဲနား ထိုင်လိုက်ပြီး အထူးကိုယ်ရံတော်အဖွဲ့မှ ရေးဆွဲထားသော ကမ္ဘာ့မြေပုံကို ဖွင့်ကာ ထပ်မံ အာရုံစိုက် ကြည့်ရှုလိုက်သည်။
.........
မုယုံရွှီသည် ကျူးနိုင်ငံတော်သို့ ပြန်ရောက်လာပြီး ချက်ချင်း ယွဲ့ဧကရာဇ်ကို သွားတွေ့လိုက်သည်။
ထိုအချိန်တွင် ဧကရီ၏ အိပ်ဆောင်အတွင်းမှ မုယုံရွှီ၏ အေးစက်စက် အသံကိုသာ ကြားနေရသည်။
အနီရောင် ကန့်လန့်ကာများ၏ အပြင်ဘက်တွင် မုယုံရွှီသည် သူမ မြောက်ပိုင်းပြည်နယ်မှ စုဆောင်းခဲ့သော ထောက်လှမ်းရေး အချက်အလက်များကို အစီရင်ခံနေသည်။
ခဏအကြာတွင် အတွင်းဘက်မှ လေပြင်းတစ်ချက် တိုက်ခတ်လာရာ အနီရောင် ကန့်လန့်ကာများ အဆက်မပြတ် လှုပ်ယမ်းနေသည်။
ယွဲ့ဧကရာဇ်က
“ဒါဆို ကျူးကဲ့ကျုံကောင်းက ကောင်းကင်လူသားအဆင့်ကို တကယ်ပဲ မတက်လှမ်းနိုင်သေးဘူးလား”
ဟု မေးလိုက်သည်။
မုယုံရွှီက
“မှန်ပါတယ်”
ဟု ပြန်ဖြေလိုက်သည်။
ယွဲ့ဧကရာဇ်က ခပ်ဖွဖွ ရယ်မောလိုက်ပြီး “မြောက်ပိုင်းနယ်စားမင်းသားက တော်တော် လိမ်ညာတတ်တာပဲ။ ဒါပေမဲ့ ငါ သိချင်တာက သူတို့က ဒီကိစ္စကို ဒီလောက်ကြာအောင် ဖုံးကွယ်ထားခဲ့တာပြီး အခုမှ ဘာကြောင့် ဖော်ထုတ်ရတာလဲ။ တခြားအင်အားစုတွေကို ထင်ကြေးပေးခိုင်းထားတာက ပိုမကောင်းဘူးလား။”
မုယုံရွှီက
“မြောက်ပိုင်းနယ်စားမင်းသား ဘာကြောင့် ဒီကိစ္စကို ရုတ်တရက် ထုတ်ဖော်ဖို့ ဆုံးဖြတ်ရတယ်ဆိုတဲ့ တိကျတဲ့အကြောင်းရင်းကို ကျွန်မ မဖော်ထုတ်နိုင်သေးပါဘူး။”
ထိုစဉ် မုယုံရွှီ ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားပြီး ချက်ချင်းပင်
“ကျွန်မမှာ နောက်ထပ်အစီရင်ခံစရာ ကိစ္စတစ်ခု ရှိပါသေးတယ်”
ဟု ထပ်ပြောလိုက်သည်။
ယွဲ့ဧကရာဇ်က စိတ်ခံစားမှု ကင်းမဲ့သော အသံဖြင့် ချက်ချင်းပင်
“ပြောပါ။”
မြောက်ပိုင်းပြည်နယ်တွင် သူမ၏ ရည်ရွယ်ချက်ကို မြောက်ပိုင်းနယ်စားမင်းသား သိရှိသွားကြောင်း ယွဲ့ဧကရာဇ်အား မုယုံရွှီ ထုတ်ဖော်ပြောပြတော့မည့် ဆဲဆဲတွင် သူမကိုယ်တိုင်ပင် မည်သို့မှ ပြောမထွက်နိုင် ဖြစ်နေခဲ့သည်။
စကားလုံးများက သူမ၏ လျှာဖျားတွင် ရှိနေသော်လည်း ထွက်ကျမလာခဲ့ပေ။
မုယုံရွှီ ဆက်မပြောသည်ကို မြင်သောအခါ ယွဲ့ဧကရာဇ်၏ မကျေနပ်သော အသံ ထွက်ပေါ်လာပြီး
“ဘာဖြစ်တာလဲ။ ပြောမထွက်နိုင်တဲ့ အခက်အခဲ ရှိနေလို့လား။”
ခဏတာ တုံ့ဆိုင်းပြီးနောက် မုယုံရွှီက အံကြိတ်ကာ
“မြောက်ပိုင်းနယ်စားမင်းသားက ကျွန်မကို သတိထားမိနေပါပြီ။ ကျွန်မ သူ့ကို ချဉ်းကပ်ရတဲ့ ရည်ရွယ်ချက်ကို ခန်မှန်းပြီးလောက်ပြီလို့ သံသယရှိပါတယ်။”
မုယုံရွှီ နောက်ဆုံးတွင် ထိုစကားကို ပြောမထွက်နိုင်ခဲ့ပေ။
ယွဲ့ဧကရာဇ်က
“အဲ့ဒါကိုပဲ သူ့ကို သိစေရမှာ။ နင့်ရဲ့ ရည်ရွယ်ချက်ကို သူသိအောင် လုပ်ရုံတင်မကဘူး ငါက နင့်ကို အယုံအကြည် မရှိတော့ဘူးဆိုတာပါ သူ့ကို သိစေရမယ်”
ဟု အေးစက်စွာ ပြောလိုက်သည်။
............