အထက်ကမ္ဘာအင်မော်တယ်ဘုရင်နှင့်တိုက်ခိုက်ခြင်း
Vol. 23 Ch. 337
ထိုအခိုက်တွင် ချီမင်နှင့်မော့ဝူလင်းက ကောင်းကင်ပေါ်သို့ တစ်ချိန်တည်းနီးပါး ခုန်တက်သွားခဲ့သည်။ သူတို့ပုံရိပ်များက မှုန်ဝါးသွားသည်။ အရှိန်အဝါများက ထိပ်တိုက်တွေ့သွားပြီး လေထုက တင်းမာလာကာ ဗရမ်းဗတာဖြစ်လာသည်။
အနားမှနေရာလွတ်က အနည်းငယ်တုန်ခါသွားသည်။
ချီမင်၏အင်မော်တယ်သားရဲခြောက်ကောင်က မော့ဝူလင်း၏နဂါးတမန်တော်ငယ်ကိုးပါးကို တိုက်ခိုက်လိုက်သည်။ မြင့်မြတ်ကောင်းကင်(၁၅)ပါးကြားမှ ပြင်းထန်သည့် တိုက်ပွဲတစ်ခုဖြစ်ပွားလာသည်။ အံ့ဖွယ်စွမ်းအားများ၊သိုင်းနည်းစနစ်များမှာ ထိပ်တိုက်ရင်ဆိုင်နေသောကြောင့် မြင်ကွင်းက အရောင်အသွေးစုံလင်လှသည်။
ဥပဒေသများနှင့် အံ့ဖွယ်စွမ်းအားများသည် ထိပ်တိုက်ရင်ဆိုင်နေကြသည်။
အချိန်တိုလေးအတွင်းမှာ အနိုင်ရသူကို မဆုံးဖြတ်နိုင်သေးပေ။
"အင်မော်တယ်ကာကွယ်ခြင်းအစီအရင်ကို အသက်သွင်း"
လွှမ်းခြုံအိမ်ယာမြို့တော်၏မြို့အရှင်ပေါ်ပေါက်လာသည်။ သူ့အကြည့်က လေးနက်နေသည်။ သူက ညာဘက်လက်ကိုဝေ့ယမ်းလိုက်တော့ အဓိကအစီအရင်က ပျံထွက်လာပြီး ကောင်းကင်ကိုဖုံးအုပ်သွား၏။
"ဟုတ်ကဲ့”
"ဟုတ်ကဲ့!”
“…”
ချက်ချင်းပဲ လွှမ်းခြုံအိမ်ယာမြို့တော်ထဲတွင် ရွှေအင်မော်တယ်များ ပေါ်လာသည်။ မြို့အရှင်၏အမိန့်အောက်တွင် သူတို့ကလွှမ်းခြုံအိမ်ယာမြို့တော်၏မြို့ကာကွယ်ရေးအစီအရင်ကို အသက်သွင်းလိုက်၏။ ကြီးကျယ်သည့် မြင်ကွင်း ဖြစ်ပေါ်လာသည်။
မျက်စိတစ်မှိတ်အတွင်းမှာ ကြီးမားသည့်အစီအရင်ကြီးက လွှမ်းခြုံအိမ်ယာမြို့တော်တစ်ခုလုံးကို ဖုံးအုပ်သွားသောကြောင့် တိုက်ပွဲ၏နောက်ဆက်တွဲလှိုင်းလုံးများကို တားဆီးပေးလိုက်သည်။
လွှမ်းခြုံအိမ်ယာမြို့တော်၏မြို့အရှင်က သက်ပြင်းလေးကြီးချကာ ကြောက်ရွံ့မှုကို ခံစားမိလိုက်သည်။"ကံကောင်းလို့ ငါအချိန်မှီရောက်လာတာ။ မဟုတ်ရင် ဒီတိုက်ပွဲရဲ့ နောက်ဆက်တွဲလှိုင်းလေးတွေကတောင် လွှမ်းခြုံအိမ်ယာမြို့တော်တစ်ခုလုံးကို ဖျက်ဆီးပစ်နိုင်တယ်။ အခု အင်မော်တယ်ကာကွယ်ရေးအစီအရင်က အသက်ဝင်သွားပြီဆိုတော့ တိုက်ပွဲရဲ့နောက်ဆက်တွဲအရှိန်ကို တားဆီးနိုင်မှာပါ။"
လွှမ်းခြုံအိမ်ယာမြို့တော်ထဲတွင် အင်မော်တယ်များက အင်မော်တယ်ကာကွယ်ရေးအစီအရင်ကို တပ်ဆင်ပြီးသွားမှသာ ဟူးခနဲသက်ပြင်းချလိုက်နိုင်ကြသည်။ သူတို့အမူအရာများက သက်တောင့်သက်သာဖြစ်လာပြီး တိုက်ပွဲ၏နောက်ဆက်တွဲလှိုင်းများကို စိုးရိမ်စရာမလိုတော့ဘဲ အေးချမ်းစွာ ကြည့်နိုင်သွားပြီဖြစ်သည်။
အထက်ကမ္ဘာအင်မော်တယ်ဘုရင်အဆင့်က အင်မော်တယ်နယ်ပယ်၌ အသန်မာဆုံးအဆင့်ဖြစ်၏။ ထိုအဆင့်က အင်မော်တယ်နယ်ပယ်၏အကန့်အသတ်အဆင့်ဖြစ်သည်။ ထို့ကြောင့် အထက်ကမ္ဘာအင်မော်တယ်ဘုရင်များက အတော်လေးစွမ်းအားကြီးပြီး ဖျက်ဆီးနိုင်စွမ်းကလည်း ပိုပြီးတောင် ကြောက်မက်ဖွယ်ကောင်းသည်။
"တိုက်ခိုက်" မော့ဝူလင်းက အော်ဟစ်လိုက်သည်။ သူ့အသံက လေထုကိုဖြတ်သန်းလျက် အသံဗုံးတစ်ခုကို ထုတ်လွှတ်လိုက်သည်။ နေရာလွတ်က တုန်ခါသွားသည်။ သူက ချီမင်ကို ဦးစွာ တိုက်ခိုက်လိုက်သည်။ ဓမ္မစွမ်းအားများပျံ့နှံ့သွားပြီး ဓား၊တုတ်၊ပုဆိန်၊စစ်ပွဲပုဆိန်နှင့် လှံစသည့် လက်နက်များအဖြစ်အဖြစ်ပြောင်းလဲသွားသည်။ လက်နက်များက ကောင်းကင်နှင့်မြေကြီးကို ဖုံးအုပ်သွားသယောင်ပင်။ထို့နောက် ချီမင်ကို ဝိုင်းရံလာသည်။
"လေကို ပြောင်းပြန်လှန်ခြင်း"
ချီမင်က လက်မြှောက်လိုက်သည်။ သူ့လက်ဖဝါးထဲတွင် အံ့ဖွယ်စွမ်းအားထွက်ပေါ်လာသည်။ မမြင်နိုင်သည့် အတက်အကျ တစ်ခု ပျံ့နှံ့လာသည်။ ကောင်းကင်နှင့်မြေကြီးမဟာတာအို၏စွမ်းအားက ထွက်ပေါ်လာပြီး မော့ဝူလင်း၏သိုင်းနည်းစနစ်များကို ဖြေရှင်းပေးလိုက်သည်။ ဓား၊လှံလက်နက်တို့မှာ ပျောက်ကွယ်သွားပြီး ဓမ္မစွမ်းအားများအဖြစ် ပြောင်းလဲသွားတော့သည်။
"မင်း..."မော့ဝူလင်းက ထိတ်လန့်သွားသည်။
"ကြည်လင်ကောင်းကင်စစ်မှန်မီးလျှံ။"
မော့ဝူလင်းက စစ်မှန်မီးလျှံကို မှုတ်ထုတ်လိုက်သည်။ မီးတောက်က နေတစ်စင်းအသွင်ပြောင်းသွားပြီး ခြေသည်းသုံးခုရွှေကျီးတစ်ကောင် ဖြစ်သွားသည်။ စစ်မှန်မီးလျှံသည် ပျံ့နှံသွားပြီး အရာအားလုံးကို လောင်ကျွမ်းပစ်လိုက်သည်။
မော့ဝူလင်းသုံးသည့် ကြည်လင်ကောင်းကင်စစ်မှန်မီးလျှံက စွမ်းအားကြီးမားပေမဲ့ လေကိုပြောင်းပြန်လှန်ခြင်းကိုတော့ မလွန်ဆန်နိုင်ပေ။
"သေစမ်း"
ချီမင်က အသက်ပြင်းပြင်းရှုကာ ညာဘက်လက်ကို ယမ်းခါလိုက်ပြီး မဟာအံ့ဖွယ်စွမ်းအားကို သုံးလိုက်၏။"မဟာကပ်ဘေးဒုက္ခနည်းစနစ်။"
သူက မဟာကပ်ဘေးဒုက္ခနည်းစနစ်ကို သုံးကာ မော့ဝူလင်း၏ကြည်လင်ကောင်းကင်စစ်မှန်မီးလျှံကို ပိတ်ဆို့လိုက်သည်။ ကပ်ဘေးဒုက္ခတွင်းနက်ကြီးက ကြည်လင်ကောင်းကင်စစ်မှန်မီးလျှံကို ဝါးမြိုလိုက်တော့ ကောင်းကင်တခွင် ကြည်လင်လာသည်။
ချီမင်နှင့်မော့ဝူလင်းက အဆက်မပြတ်တိုက်ခိုက်လိုက်သည်။ အချိန်တိုလေးအတွင်းမှာ သူတို့ တိုက်ကွက်ပေါင်းတစ်ဒါဇင်လောက် တိုက်ခိုက်လိုက်ကြသည်။ နှစ်ဖက်ကြားမှတိုက်ခိုက်မှုများက တကယ်တော့ တစ်ဦးကိုတစ်ဦးအားအင်စမ်းသပ်နေခြင်းသာ။ နှစ်ဖက်က ဘက်ညီနေသည်ဟု ထင်ရသည်။
“ အရမ်းအားကောင်းတယ်။”
"အရှင် စိတ်ဝိညာဉ်မဲ့အင်မော်တယ်ဘုရင်က အထက်ကမ္ဘာအင်မော်တယ်ဘုရင်တစ်ပါးပဲ။ သူရဲ့ဓမ္မစွမ်းအားတွေက ပြင်းထန်ပြီး အင်မော်တယ်ဘုရင်နှလုံးသားကိုလည်း သိပ်သည်းထားနိုင်တယ်။ သူ့ကျင့်ကြံခြင်းအဆင့်က အင်မော်တယ်နယ်ပယ် အကန့်အသတ်အဆင့်ထိရောက်နေပြီ။ ငါ မထင်ထားတာက ကောင်းကင်ဉာဏ်အလင်းက အရှင်စိတ်ဝိညာဉ်မဲ့ရဲ့ တိုက်ခိုက်မှုတွေကို တားဆီးနိုင်တာပဲ။"
"မယုံနိုင်စရာကောင်းသွားပြီ။"
"ငါတို့ ကောင်းကင်ဉာဏ်အလင်းရဲ့ ကျင့်ကြံခြင်းအဆင့်ကို သိသိသာသာ အာရုံခံနိုင်တယ်။ ဆန်းကြယ်အင်မော်တယ်အစောပိုင်းအဆင့်ပဲဟာကို။ ဆန်းကြယ်အင်မော်တယ်အစောပိုင်းအဆင့်က အထက်ကမ္ဘာအင်မော်တယ်ဘုရင်ကို တကယ်ကြီး တိုက်ခိုက်နိုင်တယ်လား။ဒါက ငါ့နားလည်မှုကို ရိုက်ချိုးလိုက်တာပဲ။"
"ကြောက်ဖို့ကောင်းသွားပြီ။"
“…”
လွှမ်းခြုံအိမ်ယာမြို့တော်တွင်။
အင်မော်တယ်များက တိုက်ပွဲကို မော့ကြည့်နေကြပြီး စိတ်လှုပ်ရှားစွာဆွေးနွေးနေကြသည်။ သူတို့က ချီမင်၏နာမည်ရင်းကို မသိကြပေမဲ့ တာအိုနာမည် ကောင်းကင်ဉာဏ်အလင်းကိုတော့ သိပါသည်။
ချီမင်ပြသထားသည့် ကျင့်ကြံခြင်းအဆင့်က ဆန်းကြယ်အင်မော်တယ်အစောပိုင်းအဆင့်ဆို သော်လည်း သူက အထက်ကမ္ဘာအင်မော်တယ်ဘုရင်မော့ဝူလင်းနှင့် ညီတူညီမျှ ယှဉ်ပြိုင်တိုက်ခိုက်နိုင်သည်။
ထိုကဲ့သို့အရာမျိုးက တကယ့်ကို ထိတ်လန့်ဖွယ်ရာပင်။
အင်မော်တယ်များက မယုံချင်ကြပေ။
"ကောင်းကင်ဉာဏ်အလင်းရဲ့တကယ့် ကျင့်ကြံခြင်းအဆင့်က သေချာပေါက် ဆန်းကြယ်အင်မော်တယ် အစောပိုင်းအဆင့်မှာ တော့မဟုတ်ဘူး။ အနည်းဆုံးတော့ သူက မြင့်မြတ်ကောင်းကင်ရွှေအင်မော်တယ်နှောင်းပိုင်းအဆင့်ဖြစ်ရမယ်။ သူက စည်းမျဉ်းကျင့်ကြံသူ ပဲဖြစ်ရမယ်။ မဟုတ်ရင် သူက ဒီလိုခွန်အားမျိုးကိုပိုင်ဆိုင်နိုင်မှာ မဟုတ်ဘူး။”
"ဟုတ်တယ်။"
"ငါလည်း ကောင်းကင်ဉာဏ်အလင်းက ကျင့်ကြံခြင်းအဆင့်ဖုံးကွယ်ထားတယ်လို့ ထင်တယ်။"
"သူက အထက်ကမ္ဘာအင်မော်တယ်ဘုရင်အဆင့်တောင် ဖြစ်နိုင်တယ်။"
“…”
လွှမ်းခြုံအိမ်ယာမြို့တော်၏ရွှေအင်မော်တယ်များနှင့် ကာမဂိုဏ်း၏ရွှေအင်မော်တယ်များက ချီမင်၏ကျင့်ကြံခြင်းအဆင့်ကို ဆွေးနွေး ခန့်မှန်းနေကြသည်။
တကယ်တော့ ချီမင်က ဆန်းကြယ်အင်မော်တယ်အစောပိုင်းအဆင့်၌သာ ဖြစ်သည်။
သူက အထက်ကမ္ဘာအင်မော်တယ်ဘုရင်မော့ဝူလင်းကို ဆန်းကြယ်အင်မော်တယ်အစောပိုင်းအဆင့်ဖြင့်တောင် ညီတူညီမျှ တိုက်ခိုက်နိုင်သည်။
"လာပြီး တိုက်စမ်းပါ။" ချီမင်က အသံနက်ကြီးဖြင့် အော်ဟစ်ကာ နောက်ထပ်ခြေတစ်လှမ်း လှမ်းလိုက်သည်။ သူ့နှလုံးသားထဲတွင် ကြောက်ရွံစိတ်အနည်းငယ်တောင် မရှိပေ။ ပြင်းထန်သည့် တိုက်ခိုက်လိုစိတ်များဖြင့်သာ ပြည့်နှက်နေသည်။ သူက ခမ်းနားသည့်ဟန်ဖြင့် အော်ဟစ်လိုက်သည်။"ဖန်ကု စစ်မှန်ခန္ဓာ"
ချီမင်က အစွမ်းကုန်တိုက်ခိုက်ဖို့ ပြင်ဆင်လိုက်သည်။ သူက မော့ဝူလင်းကို သူ့လက်ရှိပိုင်ဆိုင်ထားသည့် အင်အားကိုစမ်းသပ်ဖို့ သုံးချင်သည်။သူက အထက်ကမ္ဘာအင်မော်တယ်ဘုရင်ကို အမှန်တကယ်တိုက်ခိုက်နိုင်လာဆိုတာ သိချင်သည်။
မော့ဝူလင်းက သာမန်ကျင့်ကြံသူသာဖြစ်သည်။ သူက အထွတ်အထိပ်ဓမ္မစွမ်းအားကိုသာ ကျင့်ကြံပြီး ကောင်းကင်နှင့်မြေကြီးကို နားလည်ဆင်ခြင်ခြင်း မပြုလုပ်ပေ။ သူက အထွတ်အထိပ်ဓမ္မစွမ်းအားများကို အကန့်အသတ်ထိကျင့်ကြံပြီး အထက်ကမ္ဘာအင်မော်တယ်ဘုရင်တစ်ပါးဖြစ်လာခြင်းဖြစ်သည်။
ချီမင်၏ခန္ဓာကိုယ်က လှုပ်ခါသွားသည်။ သူ့ခန္ဓာကိုယ်ပေါ်မှ အံ့ဖွယ်စွမ်းအားထူးခြားဖြစ်စဉ်မျိုးစုံဖြစ်ပေါ်လာပြီးတစ်ခုတည်းအဖြစ် ပေါင်းစပ်သွားတော့သည်။ ဖရိုဖရဲမြူခိုများပျံ့နှံ့လာပြီး သူကလည်း မဟာဖန်ကုနတ်ဘုရားဖြစ်သွားသည်။
"ဖရိုဖရဲမဟာပုဆိန်။"
ချီမင်က ဖန်ကုစစ်မှန်ခန္ဓာကိုသုံးပြီးတာနဲ့ ကြီးကြီးမားမား ပြောင်းလဲသွားတော့သည်။ သူက ညာဘက်လက်ကိုထပ်မံမြှောက်ပြီးတာနဲ့ ကိုယ်ပိုင်အင်မော်တယ်သုံးခုက ပျံသန်းလာသည်။"လာခဲ့။"
ဖရိုဖရဲမဟာတာအိုဓားကြာပွင့်၊ဖရိုဖရဲကမ္ဘာဖျက်ဓားနှင်ဖရိုဖရဲပုကျုံးတောင်တို့ထွက်လာသည်။
ကိုယ်ပိုင်အင်မော်တယ်ရတနာသုံးခုက တစ်ခုတည်းအဖြစ်ပေါင်းစည်းသွားပြီး ဖရိုဖရဲမဟာပုဆိန်အဖြစ်ပြောင်းလဲသွားသည်။ ချီမင်က ဖရိုဖရဲမဟာပုဆိန်ကို ကိုင်လျက် လေဟာနယ်ထဲတွင် ရပ်နေကာ မော့ဝူလင်းကို တည့်တည့်ကြည့်လိုက်၏။
"ခုတ်ပိုင်း"
ချီမင်က လက်မြှောက်ကာ ပုဆိန်ကိုခုတ်ချလိုက်သည်။ သူက မလိုအပ်သည့်လှုပ်ရှားမှုလည်းမလုပ်သလို မည်သည့်အံ့ဖွယ်စွမ်းအားမှလည်းမသုံးချေ။ ထိုအစား ဖရိုဖရဲပုဆိန်ဖြင့်သာ ခုတ်ချလိုက်သည်။
"အတင့်ရဲလှချည်လား။" မော့ဝူလင်းက အော်ဟစ်လိုက်သည်။ သူက အံ့ဖွယ်စွမ်းအားနည်းစနစ်ကိုသုံးကာ နေရာရွှေ့ပြောင်းလိုက်၏။သူက ချီမင်၏ခုတ်ချက်ကို ရှောင်ရှားလိုက်သည်။
ထို့နောက် မော့ဝူလင်းက ချီမင်၏ဘေးတွင် ပေါ်လာသည်။
"စိတ်ဝိညာဉ်ငါးပါး အံ့ဖွယ်မီးဖို။"
မော့ဝူလင်းက အဆင့်နိမ့်အထက်ကမ္ဘာအင်မော်တယ်ဘုရင်ပစ္စည်းတစ်ခုကို ထုတ်ယူလိုက်သည်။ ခရမ်းစိမ်းရောင်ရှိပြီး ကြီးမားသည့်ခြေသုံးချောင်းပါ မီးဖိုတစ်ခုပါပင်။ မီးဖိုထဲတွင် စိတ်ဝိညာဉ်ငါးပါးဓမ္မရုပ်တုများ ထွက်လာသည်။
မိုးပြာရောင်နဂါး၊ကျားဖြူ၊မီးငှက်၊အနက်ရောင်လိပ်နှင့် ချီလင်သားရဲတို့ဖြစ်ကြသည်။
ဝေါင်း! ဝေါင်း! ဝေါင်း!
နတ်ဘုရားသားရဲငါးကောင်က ဟိန်းဟောက်နေကြသည်။ သူတို့အရှိန်အဝါက အတော်လေးစွမ်းအားကြီးပြီး နေရာအနှံ့ကို ဖိနှိပ်ထားနိုင်သည်။ ပြင်းထန်ကြောက်မက်ဖွယ်ကောင်းသည့်စွမ်းအားအရှိန်အဝါကြောင့် နေရာလွတ်ကို အက်ကွဲလာစေ၏။
"ဖိနှိပ်။"
မော့ဝူလင်း၏ညာလက်က ကျရောက်လာပြီး စိတ်ဝိညာဉ်ငါးပါးအံ့ဖွယ်မီးဖိုမှာလည်း လေထုအလွှာပါးထဲသို့ ပျံသန်းလာကာ ချီမင်ကို ဖိနှိပ်လာခဲ့သည်။ နတ်ဘုရားသားရဲငါးကောင်၏ကြောက်မက်ဖွယ်ရာဟိန်းဟောက်သံများမှာ အတော်လေးအားကောင်းလေသည်။
"သန့်စင်ခြင်းသုံးပါးကိုယ်ပွားများ။"
အလွန်အမင်းသန့်စင်သည့် ချီစီးကြောင်းတစ်ခုမှာ သူ့ခေါင်းထက်မှ ထွက်ပေါ်လာသည်။ သန့်စင်ချီမှာ သုံးပိုင်းကွဲထွက်သွားကာ သန့်စင်ခြင်းသုံးပါးကိုယ်ပွားသုံးခု ဖြစ်သွားတော့သည်။
ကျောက်စိမ်းသန့်စင်၊အထွတ်အထိပ်သန့်စင်၊မဟာသန့်စင်တို့ထွက်လာသည်။
"မဟာတာအိုအင်ပါယာငါးပါး"
သန့်စင်ခြင်းသုံးပါးကိုယ်ပွားများထွက်ပေါ်လာသည်။ သူတို့က စိတ်ဝိညာဉ်ငါးပါးအံ့ဖွယ်မီးဖိုထံသို့ ပြေးဝင်သွားလိုက်သည်။ တစ်ချိန်တည်းမှာ သူတို့က မဟာအင်ပါယာငါးပါးအံ့ဖွယ်စွမ်းအားကို သုံးလိုက်သည်။အင်အားကုန်ထုတ်သုံးလိုက်ကြသည်။
ကိုယ်ပွားသုံးခုအနားတွင် အင်ပါယာငါးပါး၏ဓမ္မရုပ်တုများ ထွက်လာသည်။ မဟာတာအိုဓာတ်စင်ငါးပါး၏စွမ်းအားများလည်း ထွက်ပေါ်လာသည်။ သူတို့က ပူးပေါင်းလိုက်ကာ ဓာတ်စင်ငါးပါးကြိတ်စုံကျောက်တိုင်ကြီးသုံးခုအဖြစ် ပြောင်းလဲလိုက်သည်။ သူတို့စွမ်းအားက ကောင်းကင်နှင့်မြေကြီးကို လှုပ်ခတ်နိုင်သည်။
ပေါက်ကွဲသံတစ်ချက်ကြားလိုက်ရသည်။
မဟာတာအိုအံ့ဖွယ်စွမ်းအားငါးခုမှာ ဓာတ်စင်ငါးပါးကြိတ်စုံကျောက်ကြီးဖြစ်တည်သွားခဲ့သည်။ ၎င်းက စိတ်ဝိညာဉ်ငါးပါးအံ့ဖွယ်မီးဖိုနှင့် ထိပ်တိုက်တွေ့သွားသောကြောင့် ကြောက်မက်ဖွယ်ကောင်းသည့် ပေါက်ကွဲမှုကြီးဖြစ်ပေါ်လာသည်။
ခရက်! ခရက်!
နှစ်ဖက်ကတိုက်မိလိုက်သည့် အခိုက်မှာပဲ နေရာလွတ်က မခုခံနိုင်တော့ပေ။ အက်ကွဲရာမှာ ပင့်ကူအိမ်အလား ပျံ့နှံ့သွားသည်။
ပေါက်ကွဲမှု၏နောက်ဆက်တွဲက ပျံ့နှံသွားသည်။ မြေပြင်ကလည်း အက်ကွဲသွားကာ မြေငလျင်လှုပ်ခတ်သွားခဲ့သည့်အလားပင်။ မြစ်ချောင်းတောတောင်တို့မှာ ပြိုကျကုန်ပြီး ဖျက်ဆီးယိုယွင်းနေသည့် မြင်ကွင်းကို ဖော်ပြလာသည်။
လွှမ်းခြုံအိမ်ယာမြို့တော်၏မြို့အရှင်က အင်မော်တယ်ကာကွယ်ရေးအစီအရင်ကို တတ်နိုင်သမျှ တည်ငြိမ်အောင်လုပ်နေရ၏။ ရွှေအင်မော်တယ်များ၏အကူအညီဖြင့် သူက တိုက်ပွဲအရှိန်ကို တားဆီးနိုင်သေးသည်။
အင်မော်တယ်ကာကွယ်ရေးအစီအရင်တစ်ခုလုံးပေါ်တွင် လှိုင်းဂယက်များ ထသွားသည်။
မုန်တိုင်းက တည်ငြိမ်သွားပြီးနောက်ဆက်တွဲလှိုင်းများက ပျောက်ကွယ်သွားတော့၏။ အလင်းတောင် မှိန်ဖျော့သွားရသည်။
လွှမ်းခြုံအိမ်ယာမြို့တော်၏မြို့အရှင်မှာ သက်ပြင်းချနိုင်သွားသည်။ သူက ကောင်းကင်ကို လေးစားမှုရော ကြောက်ရွံ့မှုရောဖြင့် ကြည့်နေသည်။"ကြောက်ဖို့ကောင်းလိုက်တာ။ နောက်ဆက်တွဲလှိုင်းကတောင် အတော်လေး လန့်စရာပဲ။"
"အထက်ကမ္ဘာအင်မော်တယ်ဘုရင်ဆိုတဲ့အတိုင်းပဲ။ အင်မော်တယ်နယ်ပယ်ရဲ့ ထိပ်သီးဖြစ်တည်မှုပဲ။"
ထိုအခိုက်တွင် ချီမင်နှင့်မော့ဝူလင်းသည် အင်မော်တယ်များ၏အမြင်ထဲသို့ ပြန်ရောက်လာ၏။ နှစ်ဖက်လုံးက ဒဏ်ရာမရထားချေ။ စိတ်ဝိညာဉ်ငါးပါးမီးဖိုသည် မော့ဝူလင်း၏လက်ထဲသို့ ပြန်ရောက်သွားပြီး သူ့ဘယ်ဘက်လက်ဖဝါးပေါ်၌ မြောလွင့်နေခဲ့သည်။
သန့်စင်ခြင်းသုံးပါးကိုယ်ပွားများက ချီမင်၏ဘေးတွင် လာရပ်နေကြသည်။
"တိုက်ခိုက်" ချီမင်က အော်ဟစ်ကာ ဦးဆောင်တိုက်ခိုက်လာသည်။ သူက မော့ဝူလင်းကို တိုက်ခိုက်သည်။ သန့်စင်ခြင်းသုံးပါးကိုယ်ပွားများက သူ့အနီးမှ ကပ်လိုက်ကာ မော့ဝူလင်းကို အရပ်မျက်နှာအနှံ့မှ ဝိုင်းလိုက်သည်။
"ခေါင်းသုံးလုံး လက်ခြောက်ဖက်။"
မော့ဝူလင်း၏အကြည့်က အေးစက်နေသည်။ သူက ဖိအားကိုခံစားလိုက်ရပြီး ခေါင်းသုံးလုံးလက်ခြောက်ဖက်အံ့ဖွယ်စွမ်းအားကိုသုံးလိုက်သည်။ အတွေးတစ်ချက်ဖြင့် သူက စိတ်ဝိညာဉ်ငါးပါးမီးဖိုကို ထုတ်ယူလိုက်သည်။"ပြင်ပကိုယ်ပွားအံ့ဖွယ်စွမ်းအားနည်းစနစ်။"
စိတ်ဝိညာဉ်ငါးပါးမီးဖိုထဲသို့ များပြားသည့်အထွတ်အထိပ်ဓမ္မစွမ်းအားများ ထည့်သွင်းလိုက်၏။ အချိန်တိုလေးအတွင်းမှာ မူလခွန်အား၏(၉၉)ရာခိုင်နှုန်းရှိသည့် ကိုယ်ပွားတစ်ခုအဖြစ်ပြောင်းသွားတော့သည်။
"ခေါင်းသုံးလုံးလက်ခြောက်ဖက် အပြင်ပိုင်းကိုယ်ပွား။"
ချီမင်က စဉ်းစားလျက် မော့ဝူလင်းကို ကြည့်လိုက်သည်။"ငါ အရင်တုန်းက အဲ့ဒီအံ့ဖွယ်စွမ်းအားနှစ်ခုကို မြင်ဖူးတယ်။"
ချီမင်လျှို့ဝှက်ဆန်းကြယ်ကမ္ဘာ၌ ရှိစဉ်က သူနှင့် မူလအစအင်မော်တယ်ဘုရင်၏တိုက်ပွဲတွင် မူလအစအင်မော်တယ်ဘုရင်က ခေါင်းသုံးလုံးလက်ခြောက်ဖက်အံ့ဖွယ်စွမ်းအားနှင့် အပြင်ပိုင်းကိုယ်ပွားကို သုံးခဲ့သည်။
ယခု မော့ဝူလင်းကလည်း ချီမင်ကို တိုက်ခိုက်ရန် တူညီသည့်အံ့ဖွယ်စွမ်းအားကို သုံးလာသည်။
ထို့ကြောင့် ချီမင်က ထိုနည်းစနစ်များဖြင့် ရင်းနှီးနေရခြင်းဖြစ်၏။
ချီမင်က ဖရိုဖရဲမဟာပုဆိန်ကို ကိုင်ကာ မော့ဝူလင်းကို ခုတ်ချလိုက်သည်။ မော့ဝူလင်း၏ ခေါင်းသုံးလုံးလက်ခြောက်ဖက်က ထွက်လာပြီး မတူညီသည့် အထက်ကမ္ဘာအင်မော်တယ်ဘုရင်ပစ္စည်း ခြောက်မျိုးကို ထုတ်ယူလိုက်သည်။
ယင်းတို့က ငရဲကိုးလွှာကောင်းကင်သန့်စင်ပိုးသား၊ကောင်းကင်ကိုးလွှာ တိုက်ပွဲပုဆိန်၊ စိတ်ဝိညာဉ်ငါးပါးအံ့ဖွယ်ဒိုင်း၊ စကြဝဠာ အင်မော်တယ်ဘုရင်ပေတံ၊ ရွှေနဂါးညှပ် နှင့်ကောင်းကင်သတ်ဖြတ်ခြင်းဓားသွားတို့ဖြစ်သည်။