အခန်း ၅၅၉-၅၆၁
Vol. 38 Ch. 559-561
အခန်း (၅၅၉ )
တပည့် ဆရာ့ကို ကျေးဇူး တင်ပါတယ် (၂)
“ရည်ရွယ်ပြီး စိုက်တဲ့ ပန်းကမပွင့်ဘူး။ မတော်တဆ စိုက်မိတဲ့ မိုးမခပင်က အရိပ်ရလာတယ်” ဆိုတဲ့ စကားပုံကဲ့သို့ဖြစ်သည်။
ထိုအချိန်တွင် ဆွမ်ဧကရာဇ်သည် သူ၏ စိတ်ခံစားချက်များကို ငြိမ်သက်စေလိုက်သည်။ ဝူနိုင်ငံတော်က မြောက်ပိုင်းပြည်နယ်ကို စစ်ရေးအရ တိုက်ခိုက်ရန် ဆုံးဖြတ်ပြီးဖြစ်သောကြောင့် သူ၏ အစီအစဉ်များကို အရှိန်မြှင့်ရမည်ဖြစ်၏။ သူ နောက်ထပ် မဆိုင်းငံ့နိုင်တော့ပေ။
ဝူဧကရာဇ်က သူ့အားမြောက်ပိုင်းပြည်နယ်ကို အနိုင်ရရှိအောင် ကူညီပေးပြီးနောက် ဝူဧကရာဇ်ကို အကြီးအကျယ် အံ့အားသင့်စေမည့် အစီအစဉ်တစ်ခုကို ဆွမ်ဧကရာဇ် ပြင်ဆင်ထားခဲ့သည်။
ဝူနိုင်ငံတော်၏ ကြောက်မက်ဖွယ်ကောင်းသော စစ်ရေးစွမ်းအားကို မြောက်ပိုင်းပြည်နယ် အချိန်ကြာကြာ တောင့်ခံနိုင်မည် မဟုတ်ဟု ဆွမ်ဧကရာဇ် ယုံကြည်ထားသည်။ ထို့ပြင် မြောက်ပိုင်းပြည်နယ်ကို တိုက်ခိုက်ခြင်းက ဝူနိုင်ငံတော်၏ စစ်အင်အားကို ကုန်ခမ်းစေရုံသာမက ဝူနိုင်ငံအတွင်းရှိ ပြည်တွင်းပဋိပက္ခများကိုလည်း ပိုမိုဆိုးရွားစေမည်ဖြစ်သည်။ ရှနိုင်ငံတော်အား မြောက်ပိုင်းပြည်နယ်နှင့် ပတ်သက်သည့် ပြဿနာမှလည်း ကင်းဝေးစေမည်ဖြစ်သည်။
ဝူနိုင်ငံတော်က မြောက်ပိုင်းပြည်နယ်၏ အနှောင့်အယှက်ကို ဖယ်ရှားပြီးသည်နှင့် ရှနိုင်ငံတော်၏ ပြည်တွင်းပြဿနာအားလုံးနီးပါး ဖြေရှင်းပြီးသလောက် ဖြစ်သွားလိမ့်မည်။ ထိုအချိန်တွင် သူ ကောင်းကင်လူသားအဆင့်သို့ ရောက်ရှိနိုင်လိမ့်မည်ဟုလည်း ဆွမ်ဧကရာဇ်က ယုံကြည်ထားသည်။
သူ့သာ ကောင်းကင်လူသားအဆင့် ရောက်ရှိသွားပါက ဝူနိုင်ငံတော်ဘာ လုပ်နိုင်မည်နည်း။
ဆွမ်ဧကရာဇ် စဉ်းစားနေစဉ် အိပ်ဆောင်အပြင်ဘက်မှ စစ်သည်တစ်ဦး၏ အသံ ထွက်ပေါ်လာခဲ့သည်။
“မင်းကြီး။ လေးမျက်နှာတောင်နဲ့ လေငြိမ်တောင်က အကြီးအကဲနှစ်ဦး ရောက်ရှိနေပါပြီ။ နန်းတော်တံခါးအပြင်ဘက်မှာ စောင့်ဆိုင်းနေပါတယ်။”
ထိုအသံကို ကြားသောအခါ ဆွမ်ဧကရာဇ် နဂါးသလွန်ပေါ်မှ ချက်ချင်း ထလိုက်ပြီး
“သူတို့ကို ခေါ်သွင်းလိုက်။ နိုင်ငံတော် ပညာရှိကြီးကိုလည်း အခေါ်လွှတ်လိုက်”
“အမိန့်တော်အတိုင်းပါ မင်းကြီး။”
မကြာမီပင် လေးမျက်နှာတောင်၏ ဂိုဏ်းချုပ်နှင့် လေငြိမ်တောင်မှ တာအိုရသေ့တို့ ဆွမ်ဧကရာဇ်၏ အိပ်ဆောင်အတွင်းသို့ ရောက်ရှိလာကြသည်။
သူတို့ ဆွမ်ဧကရာဇ်၏ အိပ်ဆောင်အတွင်းသို့ ဝင်ရောက်လာသောအခါ ဆွမ်ဧကရာဇ် အလွန် စိတ်ဓာတ်တက်ကြွနေသည်ကို တွေ့လိုက်ရ၏။ အပြင်လောကက ကောလာဟလဖြန့်ထားသည့် သေလုဆဲဆဲလူတစ်ဦးနှင့် လုံးဝ မတူချေ။
ဆွမ်ဧကရာဇ် ဤမျှ တက်ကြွလန်းဆန်း နေသည်ကို မြင်ရသောအခါ နှစ်ဦးစလုံး အံ့အားသင့်သွားကြသည်။
သူတို့ ချက်ချင်းသတိပြုမိလိုက်သည်က ဆွမ်ဧကရာဇ်ထံ၌ သူတို့နှင့် တူညီသော အငွေ့အသက်ကို ပိုင်ဆိုင်ထားခြင်းဖြစ်သည်။ ဆွမ်ဧကရာဇ်သည်လည်း ကောင်းကင်နှင့် ညီညွတ်ခြင်း အဆင့်သို့ရောက်နေသော အရိပ်အယောင် ကောင်းကင်လူသားတစ်ဦး ဖြစ်နေနိုင်သလား။
ဒါက...
တာအိုရသေ့နှင့် ဂိုဏ်းချုပ်တို့သည် ရာစုနှစ်တစ်ခုကျော် နေထိုင်ခဲ့ကြသည့် လိမ္မာပါးနပ်သော ပုဂ္ဂိုလ်များဖြစ်ကြရာ ဖြစ်ပျက်နေသည်များကို ကောင်းစွာနားလည်သွားကြသည်။
နိုင်ငံတော် ပညာရှိ၏ ဖိတ်ကြားချက်ဆိုသည်မှာ ပြင်ပလူများကို လှည့်စားရန်အတွက် လှည့်ကွက်တစ်ခုမျှသာ ဖြစ်သည်။ သူတို့ကို ဖိတ်ကြားခဲ့သူမှာ ဆွမ်ဧကရာဇ်ကိုယ်တိုင်ဖြစ်ပြီး ထိုသူသည် ကောင်းကင်နှင့် ညီညွတ်ခြင်း အဆင့်သို့ တက်ရောက်ခဲ့သော တော်ဝင်မိသားစုဝင်လည်း ဖြစ်သည်။
ထို့နောက် လေးမျက်နှာတောင် ဂိုဏ်းချုပ်က ရယ်မောလိုက်ပြီး
“မင်းကြီးက မင်းကြီးရဲ့ စွမ်းအားအမှန်ကို နက်နက်ရှိုင်းရှိုင်း ဖုံးကွယ်ထားတာပဲ။ အပြင်က လူတိုင်း မင်းကြီးရဲ့ လှည့်စားခြင်းကို ခံလိုက်ရတာပဲ။”
လေးမျက်နှာတောင်နှင့် လေငြိမ်တောင်တို့သည် အင်အားကြီးမားသော အဖွဲ့အစည်းများ ဖြစ်နေပြီဖြစ်သောကြောင့် ဂိုဏ်းချုပ်နှင့် တာအိုရသေ့တို့သည် ဆွမ်ဧကရာဇ်ကို အလွန်အကျွံ အရိုအသေ မပြုခဲ့ကြပေ။
ဆွမ်ဧကရာဇ်က တည်ငြိမ်စွာဖြင့် “တကယ်လို့ လူတချို့က ကျုပ် ကောင်းကင်လူသား ဖြစ်တော့မယ်ဆိုတာ သိသွားရင် ကျုပ် အန္တရာယ်တောကြီးထဲ ရောက်သွားမှာ မဟုတ်ဘူးလား။ ဒီလို လုပ်ရတာက ကျုပ်မှာ ရွေးချယ်စရာ မရှိလို့ပါ။”
တာအို ရသေ့က
“မင်းကြီး။ မင်းကြီးက ကျွန်တော်တို့ နှစ်ဦးစလုံးကို ဆင့်ခေါ်ပြီးပြီဆိုတော့ ပုံမှန်ထုံးတမ်းအစဉ်လာတွေကို ကျော်လိုက်ရအောင်။ မင်းကြီး ကောင်းကင်လူသား အဆင့်ကို ရောက်ရှိအောင် ဘယ်လို ကူညီရမလဲဆိုတာ တိုက်ရိုက်ပြောပါ။”
ဆွမ်ဧကရာဇ်က
“ကျုပ်ကောင်းကင်လူသား အဆင့်ကို ရောက်ရှိဖို့အတွက် အခြေအနေက ရိုးရှင်းပါတယ်။ ရှနိုင်ငံတော်ရဲ့ နယ်စားအားလုံးကို သတ်ပစ်ဖို့ပါ။ သူတို့အားလုံး သေဆုံးသွားတာနဲ့ ကျုပ် ကောင်းကင်လူသား ဖြစ်လာနိုင်လိမ့်မယ်။”
ထိုအရာကို ကြားသောအခါ ဂိုဏ်းချုပ်နှင့် တာအိုဘုန်းတော်ကြီးတို့ အံ့အားသင့်သွားခဲ့ကြသည်။
ဆွမ်ဧကရာဇ် ကောင်းကင်လူသား ဖြစ်လာရန်အတွက် အခြေအနေမှာ ဤမျှ ရိုးရှင်းလိမ့်မည်ဟု သူတို့ မမျှော်လင့်ထားခဲ့ကြပေ။ သူတို့ ကောင်းကင်လူသား ဖြစ်လာရန် လိုအပ်သည့် အခြေအနေများနှင့် နှိုင်းယှဉ်ပါက ဆွမ်ဧကရာဇ်၏ လိုအပ်ချက်မှာ သေးငယ်လွန်းလှသည်။
ရှနိုင်ငံတော်တစ်ခုလုံးတွင် နယ်စားမင်းသား ကိုးဦးသာ ရှိပုံရသည်။ လေးမျက်နှာတောင်နှင့် လေငြိမ်တောင်တို့၏ စွမ်းအားကို ထည့်သွင်းတွက်ချက်ပါက စိန်ခေါ်မှုတစ်ရပ်ဖြစ်နေသော မြောက်ပိုင်းပြည်နယ်၏ နယ်စားမှလွဲ၍ ကျန်သူများကို အလွယ်တကူ ကိုင်တွယ်ဖြေရှင်းနိုင်ပေသည်။
တစ်ချိန်တည်းမှာပင် နှစ်ဦးစလုံးထံ၌ မကောင်းသော ခံစားချက်တစ်ခု ပေါ်ပေါက်လာခဲ့သည်။ သူတို့က ထိုနယ်စားများကို ဖယ်ရှားရန် ဆွမ်ဧကရာဇ်အား အလွယ်တကူ ကူညီပေးခဲ့ပါက ဆွမ်ဧကရာဇ် ကောင်းကင်လူသား အဆင့်သို့ ရောက်ရှိပြီးနောက် လေးမျက်နှာတောင်နှင့် လေငြိမ်တောင်တို့ကို အာရုံစိုက်လာမှာလား။
နောက်ပြီး ဆွမ်ဧကရာဇ်ကရော သူတို့ကောင်းကင်လူသား အဆင့်သို့ ရောက်ရှိအောင် ကူညီပေးမှာလား။ သူတို့ ကောင်းကင်လူသားအဆင့် ရောက်ရှိနိုင်မည့် အခြေအနေသည် ဆွမ်ဧကရာဇ်လောက် မလွယ်ကူပေ။
နှစ်ဦးစလုံး ခဏမျှ တိတ်ဆိတ်သွားခဲ့ကြသည်။
ဆွမ်ဧကရာဇ်က ဆက်လက်၍
“ခင်ဗျားတို့ နှစ်ယောက် ဘာကို စိုးရိမ်နေလဲဆိုတာ ကျုပ်သိတယ်။ ကျုပ် ခင်ဗျားတို့ကို အာမခံနိုင်တာက ကျုပ် ကောင်းကင်လူသားအဆင့်ကို ရောက်ရင် လေးမျက်နှာတောင်နဲ့ လေငြိမ်တောင်ကို လုံးဝ ထိပါးမှာ မဟုတ်ဘူး။ ပြီးတော့ ကျုပ်တို့မှာ ဘုံရန်သူတစ်ယောက်လည်း ရှိနေတယ်။”
တာအိုရသေ့ကြီးက ရယ်မောရင်း
“မင်းကြီးရဲ့ အာမခံချက်တွေကို ကျုပ်တို့ မယုံရဲပါဘူး။ ကျုပ်တို့မှာ ဘုံရန်သူရှိပေမဲ့ မင်းကြီး ကောင်းကင်လူသား ဖြစ်လာရင် ကျုပ်တို့က လျှို့ဝှက်လဝန်းနန်းတော်ကို အနိုင်ယူနိုင်မယ်လို့ ဘယ်လို သေချာနိုင်မှာလဲ။”
“လျှို့ဝှက်လဝန်းနန်းတော်မှာ ကောင်းကင်လူသားတစ်ဦး ရှိနေပြီးပါပြီ။ သူက အဲဒီအဆင့်မှာ နှစ်ပေါင်းများစွာ ရှိနေပြီဆိုတော့ မင်းကြီးက သူ့ကို ယှဉ်နိုင်ဖို့ မသေချာပါဘူး။”
ဆွမ်ဧကရာဇ်က တည်ငြိမ်စွာဖြင့်
“လျှို့ဝှက်လဝန်းနန်းတော်မှာ ကောင်းကင်လူသားတစ်ဦး ရှိပေမဲ့ အဲ့ဒီကောင်းကင်လူသားက ဒဏ်ရာရထားတာ ဒါမှမဟုတ် အခက်အခဲတစ်ချို့ ကြုံတွေ့နေရတာ ဖြစ်နိုင်တယ်။”
ဆွမ်ဧကရာဇ်၏ ခန့်မှန်းချက်ကို ကြားသောအခါ တာအိုရသေ့နှင့် ဂိုဏ်းချုပ်တို့ လန့်သွားကြပြီး တာအိုရသေ့က ချက်ချင်း မေးခွန်း ထုတ်လိုက်သည်။
“ဘာလို့ မင်းကြီးက အဲဒီလို ယုံကြည်ရတာလဲ။”
ဆွမ်ဧကရာဇ်က
“တော်ဝင်မိသားစုက လျှို့ဝှက်လဝန်းနန်းတော်ရဲ့ မြင့်မြတ်တဲ့ ပစ္စည်းကို ရရှိထားတယ်ဆိုတဲ့ ကောလာဟလ ကြားဖူးတယ် မဟုတ်လား။”
ဟု ပြန်မေးလိုက်သည်။
ဂိုဏ်းချုပ်က
“ဒါက ကောလာဟလသက်သက် မဟုတ်ဘူးလား။”
ဆွမ်ဧကရာဇ်က
“ကောလာဟလသက်သက် မဟုတ်ပါဘူး။ ကျုပ်တကယ် လျှို့ဝှက်လဝန်းနန်းတော်ရဲ့ မြင့်မြတ်တဲ့ ရတနာပစ္စည်းကို ရထားပါတယ်။ ဒါပေမဲ့ လျှို့ဝှက်လဝန်းနန်းတော်က အဲဒီပစ္စည်းကို ပြန်သိမ်းယူဖို့ ဘယ်သူ့ကိုမှ မစေလွှတ်ခဲ့ဘူး။ ဒါက သူတို့ရဲ့ စွမ်းအားကို သူတို့ မယုံကြည်ကြောင်း ညွှန်ပြနေတယ်။ ဒါက သူတို့ဆီက ကောင်းကင်လူသားရဲ့ အခြေအနေက သိပ်မတည်ငြိမ်ဘူးဆိုတာကိုလည်း သက်သေပြနေပါတယ်။”
“အနာဂတ်မှာ ခင်ဗျားတို့ နှစ်ဦးစလုံး ကောင်းကင်လူသားအဆင့်ကို တက်ရောက်ပြီး ခင်ဗျားတို့ အဖွဲ့အစည်းတွေရဲ့ တန်ဖိုးရှိတဲ့အရာကို တစ်ယောက်ယောက်က သိမ်းယူသွားရင် ခင်ဗျားတို့ အချိန်အကန့်အသတ်မရှိ လျစ်လျူရှုထားမှာလား။”
ဆွမ်ဧကရာဇ်၏ စကားများကို ကြားသောအခါ ဂိုဏ်းချုပ်နှင့် တာအိုရသေ့တို့ တိတ်ဆိတ်သွားခဲ့ကြသည်။ သူတို့၏ တန်ဖိုးရှိသော ရတနာများကို ယူဆောင်သွားပါက ကောင်းကင်လူသား အဆင့်ရောက်သည်နှင့် ပြန်လည်ရယူရန် အားထုတ်မည်မှာ သေချာသည်။
ကောင်းကင်လူသား အဆင့်ဆိုသည်မှာ စွမ်းအားရှင်အဆင့် ဖြစ်သည်။ သာမန် သိုင်းပညာရှင်များကို အဘယ့်ကြောင့် ကြောက်ရွံ့ရမည်နည်း။
..........
အခန်း (၅၆၀)
တပည့် ဆရာ့ကို ကျေးဇူး တင်ပါတယ် (၃)
ဆွမ်ဧကရာဇ်၏ စကားများ မှန်ကန်ပါက လျှို့ဝှက်လဝန်းနန်းတော်၏ ရတနာပစ္စည်းသည် ရှနိုင်ငံတော် နန်းတော်၌ ရှိနေမည်ဖြစ်သည်။ ထို့ကြောင့် လျှို့ဝှက်လဝန်းနန်းတော်၏ စွမ်းအားရှင်သည် ကျင့်စဉ် လေ့ကျင့်ရင်း အပြင်းအထန် ထိခိုက်ဒဏ်ရာများ ရရှိသွားခြင်းကဲ့သို့သော ကိစ္စတစ်စုံတစ်ခု ဖြစ်ပွားခဲ့ခြင်း ဖြစ်နိုင်သည်။
လျှို့ဝှက်လဝန်းနန်းတော်၏ စွမ်းအားရှင် အမှန်တကယ် ဒုက္ခတွေ့နေသည်ဆိုပါက လေငြိမ်တောင်နှင့် လေးမျက်နှာတောင်တို့အတွက် အခွင့်အရေး ရောက်ရှိလာပြီဖြစ်သည်။ မယုံနိုင်စရာ အခွင့်အလမ်းတစ်ရပ်ပင် ဖြစ်သွားနိုင်သည်။
လျှို့ဝှက်လဝန်းနန်းတော် ပျက်စီးသွားလျှင် သူတို့လည်း တောင်များထဲတွင် ပုန်းအောင်းနေရန် မလိုအပ်တော့ပေ။
သို့သော်လည်း ဆွမ်ဧကရာဇ်အား အပြည့်အဝ ယုံကြည်၍ မရနိုင်ပေ။ ဆွမ်ဧကရာဇ်က သူ ကောင်းကင်လူသား ဖြစ်လာနိုင်မည့် အခြေအနေများကို သူတို့အား ထုတ်ဖော်ပြောပြပြီးပြီ ဖြစ်သောကြောင့် သူ့ကို ထိန်းချုပ်ရန် အလွန်လွယ်ကူပေလိမ့်မည်။
အချို့သော နယ်စားများကို လျှို့ဝှက်စွာ ကာကွယ်ပေးထားပြီး ဆွမ်ဧကရာဇ်၏ အခြေအနေကို စောင့်ကြည့်နိုင်သည်။ ဆွမ်ဧကရာဇ် သူတို့ကို အန္တရာယ်ပြုရန် ရည်ရွယ်ချက်မရှိကြောင်း အတည်ပြုပြီးမှသာ ထိုနယ်စားကို တိတ်တဆိတ် သတ်ဖြတ်ကာ ဆွမ်ဧကရာဇ်အား ကောင်းကင်လူသားအဆင့် တက်လှမ်းနိုင်ရန် ကူညီပေးနိုင်ပေသည်။
ထိုအချိန်တွင် တာအိုရသေ့နှင့် ဂိုဏ်းချုပ်ဆရာတို့သည် ဆွမ်ဧကရာဇ်က သူတို့အား အမှန်တရားအားလုံးကို မပြောခဲ့ကြောင်း မသိခဲ့ကြပေ။ ကောင်းကင်လူသား ဖြစ်လာရန်အတွက် ဆွမ်ဧကရာဇ်သည် နယ်စားအချို့ကို သတ်ရန် လိုအပ်သော်လည်း အားလုံးကိုတော့ မဟုတ်ပေ။
ထို့နောက် ဆွမ်ဧကရာဇ်သည် ဂိုဏ်းချုပ်နှင့် တာအိုရသေ့တို့ကို သူ၏ အစီအစဉ်များ ဆွေးနွေးပြောပြခဲ့သည်။ မြောက်ပိုင်းပြည်နယ်ကို ဝူနိုင်ငံတော်က တိုက်ခိုက်သည့်အခါ သူ၏ အစီအစဉ်ကို အကောင်အထည်ဖော်ရန် ကြံရွယ်ထားသည်။ ဤနည်းဖြင့် မြောက်ပိုင်းပြည်နယ်ရော ဝူနိုင်ငံတော်ပါ သူ၏ အစီအစဉ်များအပေါ် ခြိမ်းခြောက်မှု ဖြစ်လာနိုင်မည် မဟုတ်ပေ။
........
ထိုအချိန်တွင်။
လျှို့ဝှက်လဝန်းနန်းတော်။
ယွမ်ရှန်ရှန်သည် သူမ၏ ခွန်အားအချို့ကို ပြန်လည်ရရှိပြီးနောက် လျှို့ဝှက်လဝန်းနန်းတော်သို့ တိုက်ရိုက်ပြန်သန်းလာခဲ့၏။ နန်းတော်ရှိ လူများသည် သူမ ထွက်သွားသည်ကိုပင် မသိလိုက်ကြပေ။
သူမ၏ ဝါးအိမ်ငယ်ဆီသို့ ပြန်ရောက်သည်နှင့် ချန်ဝမ်ရွန်အား ချက်ချင်း ခေါ်ခိုင်းခဲ့သည်။
ယွမ်ရှန်ရှန်က တောင်အောက်ဆင်းမည့်ကိစ္စနှင့် ပတ်သက်၍ ပြောဆိုရန် ခေါ်သည်ဟု ချန်ဝမ်ရွန် ထင်မှတ်သွားပြီး ဝါးအိမ်ငယ်သို့ လျင်မြန်စွာ ရောက်ရှိလာခဲ့သည်။
ချန်ဝမ်ရွန် ဝါးအိမ်၏ ဝင်ပေါက်သို့ ရောက်ရှိသောအခါ ခါးညွှတ်ကာ ရိုသေစွာဖြင့်
“တပည့် ဆရာမကို ဂါရဝပြုပါတယ်။”
ယွမ်ရှန်ရှန်က အေးစက်စွာဖြင့်
“ဝင်လာခဲ့”
ယွမ်ရှန်ရှန်၏ အသံဆုံးသည်နှင့် ချန်ဝမ်ရွန်ဝါးအိမ်၏ တံခါးကို တွန်းဖွင့်ကာ အတွင်းသို့ ဝင်ရောက်သွားခဲ့သည်။
အိမ်ထဲတွင် ယွမ်ရှန်ရှန်သည် ခြေချိတ်ထိုင် နေကာ လက်ဖက်ရည်ခွက်ကို ကိုင်ရင်း လက်ဖက်ရည်ကို ဖြည်းညှင်းစွာ အရသာခံ သောက်သုံးနေသည်။
ထိုအခိုက်အတန့်တွင် ချန်ဝမ်ရွန်က
“ဆရာမ တပည့်ကို ဘာကြောင့် ခေါ်လိုက်တာလဲ သိပါရစေ။”
ယွမ်ရှန်ရှန်က အရေးမကြီးဟန်ဖြင့်
“လွန်ခဲ့တဲ့ ရက်အနည်းငယ်က ငါမြောက်ပိုင်းနယ်စားမင်းသားနဲ့ တွေ့ခဲ့တယ်။”
ထိုအကြောင်းကို ကြားလိုက်ရသောအခါ ချန်ဝမ်ရွန်၏ ရင်ထဲတွင် တင်းကျပ်သွားခဲ့သည်။ ယွမ်ရှန်ရှန် တောင်ပေါ်မှ တိတ်တဆိတ် ဆင်းသွားခဲ့သည်ကို သူမ လုံးဝ မသိလိုက်ပေ။
အားလုံး လွဲချော်ကုန်ပြီ ထင်ရသည်။ သူမ လုချန်းကို သတိမပေးခဲ့လိုက်ရပေ။ လုချန်း၏ စရိုက်အရ သူ နေ့စဉ် ပျော်ပါးနေမည်မှာ သေချာကာ ညတိုင်း မိန်းမများနှင့် ရှုပ်နေပေလိမ့်မည်။
လုချန်းနှင့် သူ၏ဇနီးများ နေ့စဉ် မကောင်းမှုများ ပြုလုပ်နေသည်ကို သူမ၏ဆရာမ တွေ့မြင်ခဲ့ရလိမ့်မည်။
ယခု သူမ၏ဆရာမသည် သူမအား လုချန်းနှင့် ပေါင်းသင်းရန် သဘောတူလိမ့်မည် မဟုတ်ပေ။
ချန်ဝမ်ရွန် ထိုသို့ တွေးနေစဉ်တွင် ယွမ်ရှန်ရှန်က ပေါ့ပေါ့ပါးပါးပင်
“မြောက်ပိုင်းနယ်စားမင်းသားကို ဘယ်လိုလူမျိုးလဲဆိုတာ ငါစစ်ဆေးခဲ့တယ်။ နင်ပြောသလို သူက ကာမဂုဏ် နည်းနည်းလိုက်စားပေမဲ့ အမှန်တကယ်တော့ နက်နဲတဲ့ စိတ်ခံစားမှုနဲ့ သစ္စာရှိတဲ့လူ ဖြစ်တယ်။ သူက သူ့မိန်းမတွေကို ကောင်းကောင်း ဆက်ဆံတယ်။”
“ငါ့ရဲ့ ခြိမ်းခြောက်မှုနဲ့ ရင်ဆိုင်ရရင်တောင် သူက သူ့မိန်းမတွေကို အလွယ်တကူ စွန့်လွှတ်မှာ မဟုတ်ဘူး။”
ယွမ်ရှန်ရှန်၏ စကားများကြောင့် ချန်ဝမ်ရွန် အနည်းငယ် တွေဝေသွားခဲ့သည်။
သူမ၏ ဆရာမက လုချန်းကို ချီးမွမ်းနေသလို ဘာကြောင့် ဖြစ်နေရသနည်း။
လုချန်း သူမ ဆရာမ၏ စစ်ဆေးမှုကို အောင်မြင်သွားတာလား.....
ယွမ်ရှန်ရှန်က ဆက်လက်၍
“ငါ လုချန်းကို တပည့်အဖြစ် လက်ခံလိုက်ပြီ။ အခုကစပြီး သူက လျှို့ဝှက်လဝန်းနန်းတော်ရဲ့ အဖွဲ့ဝင်တစ်ဦး ဖြစ်လာပြီ။ သူ့ရဲ့ နတ်သား ရာထူးကလည်း ဆက်လက် တည်မြဲနေသေးတယ်။”
ထိုစကားကို ကြားလိုက်ရသောအခါ ချန်ဝမ်ရွန် ထပ်မံ မှင်တက်သွားခဲ့သည်။
သူမသည် အလွန်အမင်း စိုးရိမ်ခဲ့ရသော်လည်း မမျှော်လင့်ပဲ လုချန်းက သူမဘက်မှ မည်သည့်သတိပေးချက်မှ မရှိပဲ သူမဆရာမ၏ စစ်ဆေးမှုကို အောင်မြင်ခဲ့သည်။ သူ မည်သို့ လုပ်ခဲ့သည်ကို သူမ အံ့ဩမိသည်။
ချန်ဝမ်ရွန် ဆက်လက် စဉ်းစားမနေတော့ပဲ
“ဆရာမကို ကျေးဇူးတင်ပါတယ်။”
လုချန်း ဆရာမ၏ စစ်ဆေးမှုကို မည်သို့ အောင်မြင်ခဲ့သည်ကို မသိသော်လည်း သူ တကယ် အောင်မြင်ခဲ့ခြင်းပင် ဖြစ်သည်။
သူ အောင်မြင်ခဲ့ပြီ ဖြစ်သောကြောင့် ထိုကိစ္စနှင့် ပတ်သက်၍ သူမ ဆက်လက် စုံစမ်းရန် မလိုအပ်တော့ပေ။
ယွမ်ရှန်ရှန်က ဆက်လက်၍
“နင်တို့ အတူနေဖို့ ငါ ခွင့်ပြုလိုက်ပြီဆိုပေမယ့် နင်က လျှို့ဝှက်လဝန်းနန်းတော်ရဲ့ နန်းတော်သခင်အဖြစ် ဆက်ရှိနေသေးတယ်ဆိုတာကို သတိပေးချင်တယ်။ အရေးကြီးတဲ့ ကိစ္စမရှိရင် တောင်ပေါ်ကနေ နင်စိတ်တိုင်းကျ မဆင်းသင့်ဘူး။ လျှို့ဝှက်လဝန်းနန်းတော်ရဲ့ ကိစ္စအားလုံးကို နင်ပဲ ဆက်လက် ဦးဆောင်ရလိမ့်မယ်။”
ဒါက...
ချန်ဝမ်ရွန် ရပ်တန့်သွားခဲ့သည်။ မြောက်ပိုင်းနယ်စားမင်းသားနှင့် သူမ အတူနေရန် သဘောတူပြီးလျှင် သူမ လျှို့ဝှက်လဝန်းနန်းတော်မှ ထွက်ခွာခွင့်ရမည်ဟု ချန်ဝမ်ရွန် ယူဆထားခဲ့ပြီး အခြားနန်းတော်သခင်တစ်ဦးကို ရွေးချယ်မည်ဟု ထင်ခဲ့သည်။ နန်းတော်တွင် သူမထက် ပိုမို အစွမ်းထက်သူများစွာ ရှိနေသောကြောင့် နန်းတော်သခင်အသစ် ရွေးချယ်ခြင်းသည် ပြဿနာ မရှိသင့်ပေ။ သို့သော်လည်း သူမ၏ ဆရာမက သူမအား ထွက်ခွာခွင့်ပေးဦးမည် မဟုတ်ပေ။
ယွန်ရှန်ရှန်က ဆက်လက်၍
“နှစ်စဉ်နှစ်တိုင်း နင့်ကို တောင်ပေါ်က ဆင်းဖို့ အခွင့်အရေး တစ်ကြိမ် နှစ်ကြိမ်လောက် ပေးမယ်။ မြောက်ပိုင်းနယ်စားမင်းသား တောင်ပေါ်ကို လာရင်လည်း နင်တို့ အတူရှိတဲ့အချိန်ကို ငါ တားမြစ်မှာ မဟုတ်ဘူး”
သူမ ချစ်ခြင်းမေတ္တာ၏ ပျော်ရွှင်မှုများထဲတွင် ယစ်မူးသွားပြီး ကျင့်စဉ် လေ့ကျင့်ခြင်းကို မေ့လျော့သွားမည်ကို စိုးရိမ်သောကြောင့် ထိုသို့ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်မည်ဟု ချန်ဝမ်ရွန် တွေးလိုက်သည်။
တစ်နှစ်ကို တစ်ကြိမ် နှစ်ကြိမ်လား။
ဒါဆို လက်ခံနိုင်စရာ ကောင်းသည်။
ချန်ဝမ်ရွန်က
“တပည့် နားလည်ပါပြီ။”
ချန်ဝမ်ရွန်နှင့် လုချန်းအကြောင်း ဆွေးနွေးပြီးနောက် ယွမ်ရှန်ရှန် လက်ဖက်ရည်ကို နောက်တစ်ကြိမ် မြည်းစမ်းကြည့်လိုက်သည်။ ထို့နောက် သူမက
“ဒါနဲ့ ဒီဆေးဖက်ဝင် လက်ဖက်ရည်ကို လုချန်းက နင့်ဆီ ပို့ပေးခဲ့တာ မဟုတ်လား။”
ချန်ဝမ်ရွန်က
“ဟုတ်ပါတယ် ဆရာမ။”
ယခုကာလများအတွင်း လုချန်းသည် နဂါးဖီးနစ်လက်ဖက်ခြောက် အမြောက်အမြားကို လျှို့ဝှက်လဝန်းနန်းတော်၏ တပည့်များမှတစ်ဆင့် ချန်ဝမ်ရွန်ထံသို့ ပို့ပေးခဲ့သည်။
နဂါးဖီးနစ်လက်ဖက်ရည်သည် လုချန်း၏ အမျိုးသမီးများ၏ ကျင့်စဉ်များကို ကူညီပေးနိုင်သည်။ ထို့ပြင် နဂါးဖီးနစ်ပင်ကို ခုတ်ဖြတ်ပြီးနောက် မင်းသားစံအိမ်၌ နဂါးဖီးနစ်ရွက် အမြောက်အမြားကို အခြောက်ခံထားခဲ့သဖြင့် ချန်ဝမ်ရွန်ထံ အတော်များများ ပို့ပေးထားသည်။
ချန်ဝမ်ရွန်လည်း နဂါးဖီးနစ်လက်ဖက်ရည်ကို တစ်ယောက်တည်း အကုန်မသောက်နိုင်သောကြောင့် သူမ၏ ဆရာမကိုပါ တိုက်ခဲ့သည်။ သူမ ဆရာမ၏ စွမ်းအားများ ပြန်လည်ရရှိရန် ကူညီနိုင်မည်ဟု ယူဆသောကြောင့်ဖြစ်သည်။
မင်းသားစံအိမ်မှ ပို့လိုက်သော လက်ဖက်ရွက်ဖြင့် ပြုလုပ်ထားသည့် လက်ဖက်ရည်ကို သောက်ပြီးနောက် ယွမ်ရှန်ရှန်လည်း ထိုလက်ဖက်ရည်ကို စွဲလမ်းသွားခဲ့သည်။
ယွမ်ရှန်ရှန်က သူမဘာသာ ရေရွတ်လိုက်သည်။
“မြောက်ပိုင်းပြည်နယ်ကို သွားတုန်းက
ဒီဆေးဖက်ဝင် လက်ဖက်ရည်ရဲ့ ဇစ်မြစ်အကြောင်းကို လုချန်းကို မေးဖို့ မေ့သွားခဲ့တယ်။ ဒီဆေးလက်ဖက်ရည်ရဲ့ အစွမ်းက ဒီလောက် ကောင်းနေ မယ်လို့ မမျှော်လင့်ခဲ့ဘူး။ နောက်တစ်ကြိမ် မြောက်ပိုင်းပြည်နယ်ကို သွားရင် ဒီလက်ဖက်ရည်ရဲ့ ဇစ်မြစ်အကြောင်းကို မေးကြည့်ရမယ်။”
............
အခန်း( ၅၆၁ )
ဝမ်ယန်။ နင် ယောက်ျားတစ်ယောက်ကို တောင့်တနေတာလား (၁)
ဝူနိုင်ငံတော်။
လိကျန်းနန်းတော်။
ယနေ့ နန်းတွင်း၌ ပုံမှန်အားဖြင့် မတွေ့ရသော ပုဂ္ဂိုလ်အချို့ ရှိနေခဲ့သည်။
ဆံပင်နှင့် မုတ်ဆိတ်များ ဖြူဖွေးနေပြီ ဖြစ်သည့် သံချပ်ကာဝတ်စုံဝတ်ဆင်ထားသော အသက်ကြီးပိုင်း အမျိုးသားနှစ်ဦးသည် လက်နက်များ ကိုင်ဆောင်လျက် ခန်းမကြီး၏ အလယ်တွင် ရပ်နေကြသည်။
သူတို့သည် အသက်အရွယ်အားဖြင့် အိုမင်းနေပြီ ဖြစ်သော်ငြားလည်း သူတို့၏ ခန္ဓာကိုယ်များသည် အလွန်သန်စွမ်းနေကြဆဲဖြစ်ပြီး နှစ်မီတာနီးပါး အရပ်မြင့်မားကြ၏။ သူတို့၏ ကြွက်သားများသည် သူတို့၏ သံချပ်ကာဝတ်စုံကို ပြည့်နေအောင် ဖြည့်ထားပြီး အစွမ်းကြီးမားသည့်အငွေ့အသက်များ ထုတ်လွှတ်နေသည်။
ပုံမှန်အားဖြင့် ဝန်ကြီးများ နန်းတွင်းသို့ ဝင်ရောက်သောအခါ သံချပ်ကာဝတ်စုံ ဝတ်ဆင်ခွင့် သို့မဟုတ် လက်နက် ကိုင်ဆောင်ခွင့် မရှိပေ။ စစ်ဘက်အရာရှိများ အပါအဝင်ဖြစ်သည်။ သို့သော် ထိုသူနှစ်ဦးသည် သူတို့၏ အထူးအဆင့်အတန်းများကြောင့် သံချပ်ကာဝတ်စုံများ ဝတ်ဆင်၍ လက်နက်များ ကိုင်ဆောင်လျက် နန်းတွင်းသို့ လာခွင့်ရှိသည်။
ဤအချိန်တွင် ပလ္လင်ပေါ်မှ ဝူဧကရာဇ်က
“မြောက်ပိုင်းပြည်နယ်ကို တိုက်ခိုက်ဖို့အတွက် ရွှီနဲ့ ကျန်း လူကြီးမင်း နှစ်ဦးစလုံးကို တပ်တွေ ဦးဆောင်စေဖို့ စီစဉ်ထားတယ်။”
ထိုအသံ ဆုံးသည်နှင့်တစ်ပြိုင်နက် ခန်းမကြီးထဲတွင် တီးတိုးသံ စကားသံများ ပျံ့နှံ့သွားခဲ့သည်။
ဝန်ကြီးအချို့က မယုံနိုင်ဖြစ်နေသည်။ အခြားနိုင်ငံတော်၏ လက်အောက်ခံပြည်နယ်တစ်ခုကို တိုက်ခိုက်ရန်အတွက် အဆင့်လွန်ပညာရှင်နှစ်ဦးကို စေလွှတ်မည်ဆိုသည်က များလွန်းနေသည်။
အတိတ်ကာလကတုန်းက စစ်ပွဲတစ်ပွဲ မည်မျှပင် ပြင်းထန်ပါစေ နိုင်ငံတစ်နိုင်ငံသည် အခြားနိုင်ငံတစ်နိုင်ငံ၏ နေပြည်တော်သို့ မရောက်သေးပါက အဆင့်လွန်ပညာရှင်များကို ထုတ်သုံးလေ့ မရှိပေ။
အဆင့်လွန်ပညာရှင်သည် လျှို့ဝှက်ဖဲချပ်များ ဖြစ်ပြီး မည်သည့် နိုင်ငံမှ စစ်ပွဲအစ တွင်အသုံးချမည် မဟုတ်ပေ။
ထို့ပြင် အဆင့်လွန်ပညာရှင်များကို အသုံးမပြုခြင်းသည် နိုင်ငံကြီးများအကြား တရားဝင် မဟုတ်ပဲ အလိုလို နားလည်ထားသည့် သဘောတူညီမှုတစ်ခု ဖြစ်သည်။ နိုင်ငံတစ်နိုင်ငံက ထိုအလေ့အထကို ချိုးဖောက်ပါက အနာဂတ် စစ်မြေပြင်ပေါ်တွင် အဆင့်လွန်ပညာရှင်များ ပိုမိုပေါ်ထွက်လာမည်ဖြစ်ပြီး စစ်ပွဲများမှာ ပိုမိုရက်စက်လာကာ စစ်သားများ ပိုမိုသေကြေပျက်စီးမည်ဖြစ်သည်။
ဤသည်မှာ အားလုံးအတွက် အတူတူပင် ဖြစ်သည်။
အဆင့်လွန်ပညာရှင်တစ်ဦး စစ်ပွဲတွင် ပါဝင်သည်နှင့် ပုံမှန်တပ်များအတွက် အခွင့်အရေး လုံးဝမရှိသလောက် ဖြစ်လာမည် ဖြစ်သောကြောင့် ယခင်က မည်သည့်နိုင်ငံတော်ကမှ အဆင့်လွန်ပညာရှင်များကို ပြည်ပစစ်ပွဲများတွင် မစေလွှတ်ခဲ့ချေ။
ရှနိုင်ငံတော် ပြည်တွင်းစစ်အတွင်း၌သာ တော်ဝင်မိသားစုက တောင်ပိုင်းမှ အာဏာရှိမိသားစုများ၏ လက်ကျန်တပ်များကို ရှင်းလင်းရန် အဆင့်လွန်ပညာရှင်များကို တပ်ဖြန့်ခဲ့သည်။ ထိုအခါမှလွဲ၍ အဆင့်လွန်ပညာရှင်များ စစ်မြေပြင်တွင် ပါဝင်သည်ကို ရှားရှားပါးပါးသာ တွေ့ခဲ့ရသည်။
ထိုအချိန်တွင် ဝန်ကြီးတစ်ဦးက ထရပ်၍
“မင်းကြီး။ မြောက်ပိုင်းပြည်နယ်က နယ်စားပြည်ငယ်လေးတစ်ခုပါ။ ဗိုလ်ချုပ်ရွှီနဲ့ ဗိုလ်ချုပ်ကျန်းကို ဘာလို့ စေလွှတ်ရတာလဲ။ အဆင့်လွန်ပညာရှင်တွေကို စစ်မြေပြင်မှာ တပ်ဖြန့်ရင် တခြားနိုင်ငံတွေလည်း သူတို့ရဲ့ ပြည်ပပဋိပက္ခတွေမှာ ဒီအတိုင်း လိုက်လုပ်လာမှာ စိုးရပါတယ်။”
အလေ့အထတစ်ခုကို တစ်စုံတစ်ယောက်က ချိုးဖောက်ပြီးသည်နှင့် အခြားသူများလည်း ထိုစည်းကမ်းကို လျစ်လျူရှုလာကြမည် ဖြစ်သည်။ အဆင့်လွန်ပညာရှင်များဖြင့် တပ်ဖြန့်ခြင်း ပုံမှန်ဖြစ်လာပါက ဝူနိုင်ငံတော်သည် နောင်တွင် အခြားနိုင်ငံတော်များ၏ အဆင့်လွန်ပညာရှင်များနှင့် ရင်ဆိုင်ရမည်ဖြစ်ပြီး အသက်ဆုံးရှုံးမှုများ ပိုမိုများပြား ဘာလိမ့်မည်။ ထိုအရာက ကောင်းသောအရာ မဟုတ်ပေ။
ထိုစကားကို ကြားသောအခါ ကျန်းဟုန်က မကျေနပ်သော လေသံဖြင့်
“ဘယ်လောက်တောင် စာအုပ်ကြီးဆန်တဲ့ လူလဲ။ မြောက်ပိုင်းပြည်နယ် ပျက်စီးသွားတာနဲ့ နောက်ထပ် ပစ်မှတ်က ရှနိုင်ငံတော် တစ်ခုလုံး ဖြစ်လာလိမ့်မယ်။ မင်းကြီးက ရှနိုင်ငံတော်ကို အပြီးသတ်တိုက်ပွဲ ဆင်နွှဲတဲ့အခါ သူတို့က အဆင့်လွန်ပညာရှင်တွေကို စစ်မြေပြင်ကို မပို့ဘူးလို့ တကယ် ထင်နေတာလား။”
ကျန်းဟုန်သည် အဆင့်လွန်ပညာရှင်ဖြစ်လာပြီးနောက် စစ်အာဏာအားလုံးကို လွှဲအပ်ခဲ့ပြီး စစ်ရုံး၌သာ အလုပ်မရှိဘဲ ထိုင်နေခဲ့ရသည်။ ယခု ဝူဧကရာဇ်က သူ့ကို နောက်ဆုံးတွင် ပြန်လည် ထုတ်သုံးလိုက်ပြီး အဆင့်လွန်ပညာရှင်များ၏ကဏ္ဍကို မြင့်တင်လိုက်သည်။ ထိုအခွင့်အရေးကို မည်သူ့ကြောင့်မှ သူမပျက်စီးစေချင်ပေ။
တကယ်တော့ သူ၏ စကားများကလည်း မမှားပေ။ မြောက်ပိုင်းပြည်နယ်၏ အင်အားကို ထည့်မတွက်သေးလျှင်တောင် အနာဂတ်တွင် ရှနိုင်ငံတော်ကို သိမ်းပိုက်ရမည့် အချိန်ရောက်သည့်အခါတွင် ဝူနိုင်ငံတော်က အဆင့်လွန်ပညာရှင်များကို တပ်ဖြန့်ရမည် ဖြစ်သည်။ အနှေးနှင့်အမြန် လုပ်ရမည့် ကိစ္စတစ်ခုတွင် အဘယ့်ကြောင့် အတိတ်က အလေ့အထတစ်ခုကို ဆက်လက်လိုက်နာနေမည်နည်း။
အဆင့်လွန်ပညာရှင်များ စစ်မြေပြင်သို့ မဝင်ရဟူသော စည်းမျဉ်းကို ပယ်ဖျက်ရမည့်အချိန် ရောက်ရှိနေပြီ ဖြစ်သည်။
ထို့ပြင် အခြား အချက်တစ်ချက် ရှိသေးသည်။ မြောက်ပိုင်းပြည်နယ်သည် လွင်ပြင်ဒေသ မျိုးနွယ်စု စစ်တပ်တစ်ခုကို အဆင့်လွန်ပညာရှင်များဖြင့် ချေမှုန်းခဲ့ဖူး၏။ ထို့ကြောင့်မြောက်ပိုင်းပြည်နယ်တွင်လည်း အဆင့်လွန် ပညာရှင်များစွာ ရှိနေနိုင်သည်။ တစ်ဦးထက်မက သေချာပေါက် ရှိသည်။ ဝူနိုင်ငံတော်သည် အဆင့်လွန်ပညာရှင်များကို မတပ်ဖြန့်ပဲ မြောက်ပိုင်းပြည်နယ်ကို မည်သို့ အောင်နိုင်မည်နည်း။
ကျန်းဟုန် ပြောပြီးနောက် ရွှီစင်ဝမ်က ဝင်ထောက်လိုက်သည်။
“မြောက်ပိုင်းပြည်နယ်မှာ အဆင့်လွန်ပညာရှင်တွေ ရှိပြီးသားပါ။ သူတို့ကို အနိုင်ယူဖို့အတွက် ကျွန်တော်တို့ကိုယ်တိုင် မသွားရင် ခင်ဗျားတို့ အရပ်ဘက်အရာရှိတွေက မြောက်ပိုင်းပြည်နယ်ရဲ့ အဆင့်လွန်ပညာရှင်တွေကို သွားရင်ဆိုင်ကြမှာလား။”
ရွှီစင်ဝမ်၏ ဤစကားကြောင့် ခန်းမကြီးထဲမှ အရပ်ဘက်အရာရှိများ ချက်ချင်း တိတ်ဆိတ်သွားကြသည်။ မည်သူမှ အဆင့်လွန်ပညာရှင်များ တပ်ဖြန့်ခြင်းနှင့် ပတ်သက်၍ ဆက်လက် ဆွေးနွေးခြင်း မပြုတော့ပေ။
ဟုတ်ပါသည်။ မြောက်ပိုင်းပြည်နယ်ကို အပြီးသတ် ချေမှုန်းရန် ရည်ရွယ်ချက်ဖြင့် သူတို့ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း မေ့နေခဲ့သည်။ မြောက်ပိုင်းပြည်နယ်သည် သူတို့ရှင်သန်ရေးအတွက် ဝူနိုင်ငံတော်ကို အသက်စွန့် တိုက်ခိုက်မည်ဖြစ်ပြီး အဆင့်လွန်ပညာရှင်များ အပါအဝင် သူတို့၏ စွမ်းအားအားလုံးကို အသုံးပြုမည် ဖြစ်သည်။ အဆင့်လွန်ပညာရှင်များကို မစေလွှတ်ပါက မြောက်ပိုင်းပြည်နယ်ကို မည်သို့ အောင်နိုင်မည်နည်း။
အရပ်ဘက်အရာရှိများ ပြောစရာ မရှိတော့သည်ကို မြင်သောအခါ ဝူဧကရာဇ်က
“မြောက်ပိုင်းပြည်နယ်ကို အောင်နိုင်ဖို့ဆိုရင် အဆင့်လွန်ပညာရှင်တွေကို တပ်ဖြန့်ရမှာက သေချာတယ်။ ဒါပေမဲ့ ကျုပ် စိုးရိမ်တာ တစ်ခုရှိနေသေးတယ်။”
ထိုသို့ ပြောရင်း ဝူဧကရာဇ်၏ မျက်လုံးများသည် ကျန်းဟုန်နှင့် ရွှီစင်ဝမ်တို့အပေါ် ကျရောက်လာခဲ့သည်။
“ကျန်း နဲ့ ရွှီ လူကြီးမင်းတို့။ ခင်ဗျားတို့ ကျူးကဲ့ကျုံကောင်းကို အနိုင်ယူနိုင်မယ်လို့ ယုံကြည်မှု ရှိရဲ့လား။”
ထိုစကားကို ကြားသောအခါ ကျန်းဟုန်က ခပ်ကျယ်ကျယ် ရယ်မောလိုက်ပြီး
“ကျူးကဲ့ကျုံကောင်းက ပညာရေးက တဆင့် သဘာဝတရားတစ်ခုကို သိမြင်လာတဲ့လူပါ။ စာပေပညာရှင်တစ်ယောက်သက်သက်ပဲ။ သူအဆင့်လွန်ပညာရှင် ဖြစ်လာရင်တောင် တကယ့် အဆင့်လွန်ပညာရှင်ရဲ့ အင်အား အစစ်အမှန် ရှိနိုင်မှာ မဟုတ်ဘူး။ မင်းကြီး စိတ်ချပါ။ ကျူးကဲ့ကျုံကောင်းက ကျွန်တော်တို့နဲ့ ယှဉ်နိုင်မှာ မဟုတ်ဘူး။”
“ဗျူဟာပိုင်းမှာတော့ ဗိုလ်ချုပ်ရွှီနဲ့ ကျွန်တော်က ကျူးကဲ့ကျုံကောင်းကို မယှဉ်နိုင်ဘူးဆိုတာ သေချာပါတယ်။ ဒါပေမဲ့ တိုက်ခိုက်ရေးစွမ်းရည်မှာတော့ ကျွန်တော်တစ်ယောက်တည်းနဲ့တောင် ကျူးကဲ့ကျုံကောင်းကို အနိုင်ယူဖို့ လုံလောက်ပါတယ်။”
“ကြီးမားတဲ့ အင်အားရှေ့မှာ ဗျူဟာတွေ အားလုံးက အဓိပ္ပာယ်မရှိပါဘူး။ ကျွန်တော် မြောက်ပိုင်းပြည်နယ်ကို လေးလအတွင်း ချေမှုန်းပြီး မြောက်ပိုင်းနယ်စားမင်းသားရဲ့ ဦးခေါင်းကို မင်းကြီးထံ ဆက်သပါမယ်။”
ကျန်းဟုန်၏ ယုံကြည်မှု ပြည့်ဝသော စကားများကို ကြားရသောအခါ ဝူဧကရာဇ်၏ မျက်နှာတွင် အပြုံးတစ်ချက် ပေါ်လာခဲ့သည်။
“ဗိုလ်ချုပ်ကျန်း ဒီလောက် ယုံကြည်မှုရှိတာ မြင်ရတော့ ကျုပ် စိတ်ချလက်ချ ရှိသွားပြီ။”
ထိုစဉ် ချိုင်ကျိလျှံက ထရပ်လိုက်ပြီး
“မင်းကြီးဟာ စစ်ဝန်ကြီးဌာနကို ကျော်ပြီး မြောက်ဘက်ကို စစ်သည်သိန်း တိုက်ရိုက်စေလွှတ်ခဲ့ပါတယ်။ ရိက္ခာတောင် မပြင်ဆင်ခဲ့ဘူးလို့ ကြားရပါတယ်။”
ထိုစကားကို ကြားသောအခါ ဝူဧကရာဇ်က အရေးမစိုက်ဟန်ဖြင့်
“ဝူနိုင်ငံတော်က သူတို့ကို တိုက်ခိုက်ဖို့ ရည်ရွယ်နေတယ်ဆိုတာ သိရင် မြောက်ပိုင်းပြည်နယ်ဘက်က အရင်ဆုံး တပ်တွေ စေလွှတ်လာမှာကို တာဆီးဖို့ပါ။ ဒါကြောင့် ကြိုတင်ကာကွယ်မှုအနေနဲ့ စစ်သည်သုံးသိန်းကို မြောက်ဘက်ကို စေလွှတ်လိုက်တာ။ ဘာလဲ။ ချိုင်လူကြီးမင်းက မသင့်တော်ဘူးလို့ ယူဆလို့လား။”
...........