အခန်း ၅၆၂-၅၆၄
Vol. 38 Ch. 562-564
အခန်း (၅၆၂ )
ဝမ်ယန်။ နင် ယောက်ျားတစ်ယောက်ကို တောင့်တနေတာလား (၂)
ချိုင်ကျိလျှံက ချက်ချင်းပင်
“မင်းကြီး။ စစ်သည်သုံးသိန်းကို မြောက်ဘက်ကို အမြန်စေလွှတ်လိုက်တယ်ဆိုပေမဲ့ ထောက်ပံ့ပို့ဆောင်ရေးက လိုက်မမီရင် ဒီတပ်တွေ ဘာစားကြပါမလဲ။”
ဝူဧကရာဇ်က
“မြောက်ဘက်က ခရိုင်အတော်များများကို စစ်သည်သုံးသိန်းအတွက် ရိက္ခာစုဆောင်းဖို့ အမိန့်ပေးထားပြီးသားပါ။ ချိုင်လူကြီးမင်း စိတ်ပူစရာ မလိုပါဘူး။”
“ကျုပ်က အသိဉာဏ်မရှိတဲ့သူ မဟုတ်ဘူး။ ကျုပ်ရဲ့စစ်သည်တွေကို အငတ်ထားမှာ မဟုတ်ဘူး။”
ထိုအခါ ချိုင်ကျိလျှံ မျက်မှောင်ကြုတ်သွားခဲ့သည်။
ချိုင်ကျိလျှံက ဆက်လက်၍
“မင်းကြီး။ မြောက်ပိုင်းမှာ ဒီနှစ်နှစ်အတွင်း မိုးခေါင်ရေရှားမှု အကြီးအကျယ် ခံစားခဲ့ရပြီး လူတွေကလည်း ဒုက္ခပင်လယ်ဝေနေကြပါပြီ။ စိုက်ပျိုးရေးအခွန်တွေ ဆောင်ပြီးတာနဲ့ သူတို့မှာ ဆန်နည်းနည်းလေးပဲ ကျန်တော့တယ်။ ဒီအချိန်မှာ မြောက်ပိုင်းကနေ ရိက္ခာ ဆက်စုဆောင်းမယ်ဆိုရင် အဲဒီမြောက်ပိုင်းခရိုင်တွေက ပြည်သူတွေကြားမှာ မကျေမနပ်မှုတွေ ဖြစ်လာနိုင်တယ်လို့ စိုးရိမ်မိပါတယ်။”
မြောက်ပိုင်းတွင် ရိက္ခာစုဆောင်းခြင်းသည် ဘယ်လိုကြည့်ကြည့် လူများထံမှ ဆန်ယူခြင်းနှင့် သေချာပေါက် သက်ဆိုင်မည်ဖြစ်၏။ မြောက်ပိုင်းရှိ အာဏာရှိမိသားစုများသည် သူတို့၏ စပါးများကို စေတနာအလျောက် လှူဒါန်းမည် မဟုတ်ပေ။
ထိုအာဏာရှိ မိသားစုများသည် ဒေသခံအရာရှိများနှင့် ပူးပေါင်းထားကြသည်။ သူတို့က အရာရှိများကို အကျိုးအမြတ်အချို့ ပေးလိုက်ရုံနှင့် သူတို့၏ ဆန်စပါးများ ပေးစရာ မလိုတော့ပေ။ စစ်တပ်အတွက် လိုအပ်သော ရိက္ခာများ စုဆောင်းရန် ခရိုင်များမှ အရာရှိများသည်ပြည်သူများထံမှ သေချာပေါက် တောင်းဆိုကြမည်ဖြစ်ပြီး ပြည်သူများ၏ နန်းတွင်းအပေါ် မကျေနပ်မှုများ မလွဲမသွေ တိုးလာစေပေလိမ့်မည်။
မကြာသေးမီက ချိုင်ကျိလျှံသည် မြောက်ပိုင်းပြည်နယ် စစ်ဆင်ရေးအတွက် ရိက္ခာများ စုဆောင်းရန် ညနှောင်းပိုင်းအထိ အလုပ်များစွာ လုပ်ခဲ့သည်။ သူ၏ အကြီးမားဆုံး စိုးရိမ်မှုမှာ ဝူဧကရာဇ်က စစ်တပ်အတွက် မြောက်ပိုင်းခရိုင်များအား ရိက္ခာစုတောင်းရန် အမိန့်ပေးနိုင်ခြေဖြစ်သည်။ ယခု သူ ရိက္ခာပစ္စည်းများ စုဆောင်း၍ မပြီးသေးချိန်တွင် ဝူဧကရာဇ်က စစ်သည်သုံးသိန်းကို မြောက်ဘက်သို့ တိုက်ရိုက် စေလွှတ်ခဲ့သည်။
ချိုင်ကျိလျှံ၏ စကားများကို နားထောင်ပြီးနောက် ဝူဧကရာဇ် အနည်းငယ် မကျေမနပ်ဖြစ်သွားသော်လည်း စိတ်အေးအေးထားကာ
“စစ်ပွဲဆိုတာက လျင်မြန်မှုနဲ့ အောင်နိုင်ရတာ။ မြောက်ပိုင်းပြည်နယ်ကို အောင်နိုင်ဖို့အတွက်တော့ တန်ဖိုးတစ်ခုတော့ ပေးဆပ်ရမှာပဲ။”
ထိုအချိန်တွင် ကျန်းဟုန်က ချိုင်ကျိလျှံအား
“ဝန်ကြီးချုပ် ချိုင် စိတ်ချပါ။ ခင်ဗျား ဘာကို စိုးရိမ်နေလဲဆိုတာ ကျွန်တော် သိပါတယ်။ စစ်တပ်က ဒေသခံ ပြည်သူတွေရဲ့ ရိက္ခာတွေကို သိမ်းယူတာကို မြင်ရင် မင်းကြီးအပေါ် မကျေမနပ် ဖြစ်လာကြမှာကို စိုးရိမ်နေတာ မဟုတ်လား။”
ချိုင်ကျိလျှံ မတုံ့ပြန်ခဲ့ပေ။
ဒါက စိုးရိမ်စရာတစ်ခုဆိုတာ ပြောစရာပင် မလိုပေ။
ချိုင်ကျိလျှံ တိတ်ဆိတ်နေသည်ကို မြင်သောအခါ ကျန်းဟုန်က ဆက်လက်၍
“မြောက်ဘက်ကို စေလွှတ်ခဲ့တဲ့ စစ်သည်သုံးသိန်းက တစ်ချိန်က ကျွန်တော့်ရဲ့ လက်အောက်ခံတွေပါ။ မြောက်ဘက်ကို ရောက်တာနဲ့ ကျွန်တော့်နာမည်နဲ့ ရိက္ခာတွေကို သိမ်းယူလိမ့်မယ်။ စိတ်ချပါ။ ပြည်သူတွေက မင်းကြီးကို အပြစ်တင်မှာ မဟုတ်ဘူး။”
“မင်းကြီး မှန်ပါတယ်။ စစ်ပွဲမှာ လျင်မြန်မှုက မရှိမဖြစ်လိုအပ်တယ်။ ခင်ဗျား ရိက္ခာတွေ ဖြည်းဖြည်းချင်း စုဆောင်းတာကို ဘယ်လိုလုပ် စောင့်နေနိုင်မှာလဲ။ အဲဒီအချိန်ကျရင် မြောက်ပိုင်းပြည်နယ်က တုံ့ပြန်ပြီးသား ဖြစ်သွားလိမ့်မယ်။”
“မြောက်ပိုင်းခရိုင်တွေက ပြည်သူတွေက မင်းကြီးရဲ့ လက်အောက်ခံတွေပါ။ ဝူနိုင်ငံတော်ကို ဆန်စပါးလှူဒါန်းဖို့က သူတို့ရဲ့ တာဝန်ပဲ။ ဝန်ကြီးချုပ် ချိုင် အရမ်းကြီး စိုးရိမ်စရာ မလိုပါဘူး။ ပြည်သူတွေ ဒုက္ခ နည်းနည်း ခံစားရတယ်ဆိုရင်လည်း အဲ့ဒီအပြစ်ကို ကျွန်တော် ခံယူပါမယ်။”
ကျန်းဟုန် ထိုသို့ ပြောသည်ကို မြင်သောအခါ ချိုင်ကျိလျှံ ဆက်မပြောတော့ပေ။ အခု သူဘာပြောပြော အရေးမပါတော့ပေ။
စစ်သည်သုံးသိန်းသည် မြောက်ဘက်သို့ ဦးတည်နေပြီ ဖြစ်သောကြောင့် ယခု ပြန်လည် ခေါ်ယူရန် မဖြစ်နိုင်တော့ပေ။ တစ်ခုတည်းသောရွေးချယ်စရာမှာ နောက်ဆက်တွဲထောက်ပံ့ရေးလိုအပ်ချက်များကို ဖြည့်ဆည်းရန် နည်းလမ်းများ အမြန်ဆုံး ရှာဖွေပြီး စစ်သည်သုံးသိန်း မြောက်ပိုင်းတစ်ခွင်လုံးတွင် ရိက္ခာသိမ်းယူခြင်းကို ကာကွယ်ရန်သာ ဖြစ်သည်။
ထိုအချိန်တွင် ဝူဧကရာဇ်က
“ချစ်ခင်ရသော ဝန်ကြီးများ။ ဒီနေ့အတွက် တခြား ကိစ္စများ ရှိပါသေးသလား။ မရှိရင်တော့ ဒီနေ့ နန်းတွင်းအစည်းအဝေးကို နိဂုံးချုပ်ကြစို့။”
ခန်းမကြီးထဲတွင် မည်သူမှ ထပ်မံ မပြောဆိုသည်ကို မြင်သောအခါ ဝူဧကရာဇ် ထရပ်လိုက်ပြီး
“နန်းတွင်းအစည်းအဝေး သိမ်းပြီ”
“ဂါရဝပြုပါတယ် မင်းကြီး။”
........
ကျူးနိုင်ငံတော်။
ဝူကျန်းဝမ်သည် ရေချိုးရင်း ကျူးဧကရီ၏ ခန္ဓာကိုယ်ကို ပွတ်တိုက်ပေးနေခဲ့သည်။
ရေချိုးကန်ထဲတွင် ရေနွေးငွေ့များ ထွက်နေပြီး ဖြူဖွေးသော ကိုယ်ခန္ဓာ နှစ်ခု၏ အရိပ်များကိုသာ မှိန်ပြပြ မြင်တွေ့နိုင်သည်။
ဝူကျန်းဝမ်က ကျူးဧကရီ၏ ကျောဘက်ကို ပွတ်တိုက်ပေးရင်း
“ချင်ရို့။ ဝူနိုင်ငံတော်နဲ့ မဟာမိတ်ဖွဲ့ဖို့ တကယ် မစဉ်းစားဘူးလား”
ကျူးဧကရိီက
“ကျန်းဝမ်။ ငါက မလုပ်ချင်လို့ မဟုတ်ပါဘူး။ နန်းတွင်းဝန်ကြီးတွေက ခွင့်မပြုလို့ပါ။”
“ငါလည်း နင့်ကို ကူညီချင်ပါတယ်။ ဘာပဲဖြစ်ဖြစ် မြောက်ပိုင်းပြည်နယ်က ကျူးနိုင်ငံတော်အတွက် ဆူးငြောင့်တစ်ခုပဲ။ ငါလည်း မြောက်ပိုင်းပြည်နယ်ကို ဖယ်ရှားချင်ပါတယ်။ ကံမကောင်းစွာနဲ့ ကျူးနိုင်ငံတော်က ပြည်သူတွေဟာ သူတို့ရဲ့ လက်ရှိ လူနေမှုအဆင့်အတန်းကို ရရှိခဲ့ပြီးနောက်ပိုင်း စစ်ဒဏ်ကို ထပ်ပြီး မခံစားချင်ကြတော့ဘူး။”
ကျူးနိုင်ငံတော်သည် မကြာသေးမီကမှ တည်ထောင်ခဲ့ခြင်းဖြစ်၏။ ယခင်က ကျူးဒေသသည် ရှုပ်ထွေးမှုများဖြင့် ပြည့်နှက်နေခဲ့သည်။ ထိုဒေသတွင် နေထိုင်သူများသည် နေ့စဉ်အသက်ဆုံးရှုံးမည်ကို စိုးရိမ်နေခဲ့ရသည်။ ယွဲ့ဧကရာဇ်၏ ဖခင်ရောက်ရှိလာပြီးနောက်မှသာ ထိုဒေသတွင် အေးချမ်းမှုအနည်းငယ်ရရှိခဲ့သည်။
ထို့ကြောင့် ကျူးနိုင်ငံတော်၏ ပြည်သူများသည် စစ်ကို အမှန်တကယ် မလိုလားပေ။ သို့သော် ကျူးနိုင်ငံတော်၏ ဝန်ကြီးများကတော့ မြောက်ပိုင်းပြည်နယ်၏ ကြီးမားလာနိုင်သော ခြိမ်းခြောက်မှုကို ကောင်းစွာ သတိပြုမိကြ၏။ ဝန်ကြီးအများအပြားသည် မြောက်ပိုင်းပြည်နယ်ကို တပ်များစေလွှတ်ရန် ဆုံးဖြတ်ချက်ကို အစကတည်းကတွင် သဘောတူခဲ့ကြသည်။
ဝူကျန်းဝမ်သည် တုံးအသူ မဟုတ်ပေ။ ကျူးဧကရီသည် မြောက်ပိုင်းပြည်နယ်အား သတိအလွန်ထားနေပြီး ဝူနိုင်ငံတော်အား မြောက်ပိုင်းပြည်နယ်၏ အင်အားများကို ဦးစွာ စမ်းသပ်စေပြီးမှ ဆုံးဖြတ်ရန် ဆန္ဒရှိသည်ဟု ဝူကျန်းဝမ် မှန်းဆထားပြီးဖြစ်သည်။
ဝူကျန်းဝမ် အနည်းငယ် သက်ပြင်းချလိုက်သည်။ သူမနှင့် ကျူးဧကရီသည် မိတ်ဆွေ ကောင်းများ ဖြစ်ပြီး ညီအစ်မများကဲ့သို့ ရင်းနှီးကြသော်လည်း သူတို့သည် မတူညီသော နိုင်ငံများတွင် မွေးဖွားခဲ့ကြသူများ ဖြစ်သည်။
ကျူးဧကရီသည် သူမ နိုင်ငံ၏ အကျိုးစီးပွားများကို ထည့်သွင်းစဉ်းစားရန် လိုအပ်ပြီး ပုဂ္ဂိုလ်ရေး ခံစားချက်များအပေါ် အခြေခံ၍ ဆုံးဖြတ်ချက်များ ချမှတ်ရန် မတတ်နိုင်တော့ပေ။ ဝူကျန်းဝမ်လည်း ထိုအချက်ကို နားလည်သည်။
သူမ ဝူနိုင်ငံတော်၏ ဧကရီ ဖြစ်လာပြီးနောက်ပိုင်း ကျူးနိုင်ငံတော် ဒုက္ခနှင့် ကြုံတွေ့ရပါက သူမ အလွယ်တကူ ကူညီမည် မဟုတ်ပေ။ အများဆုံးအားဖြင့် ကျူးဧကရီ အသက်အန္တရာယ် ရှိမှသာ သူမ ဝင်ရောက်စွက်ဖက်ပေလိမ့်မည်။
ထိုအခိုက်အတန့်တွင် ကျူးဧကရီ လှည့်လိုက်ပြီး ဝူကျန်းဝမ်၏ ကိုယ်ခန္ဓာကို လက်တစ်ဖက်ဖြင့် သိုင်းဖက်ကာ အခြားလက်တစ်ဖက်ဖြင့် သူမ၏ မေးစေ့ကို ပင့်တင်ပြီး သူမ၏ မျက်လုံးများကို စိုက်ကြည့်ကာ
“ကျူးနိုင်ငံတော်က အခု ဝူနိုင်ငံတော်နဲ့ မဟာမိတ်ဖွဲ့လို့ မရရင်တောင် ဝူနိုင်ငံတော်တပ်တွေ ကျူးနိုင်ငံတော်ကို ဖြတ်ပြီး မြောက်ပိုင်းပြည်နယ်ကို တိုက်ရိုက်ဝင်တိုက်ခွင့်ပြုဖို့ ငါဝန်ကြီးတွေကို စည်းရုံးပေးနိုင်ပါတယ်။”
........
အခန်း (၅၆၃)
ဝမ်ယန်။ နင် ယောက်ျားတစ်ယောက်ကို တောင့်တနေတာလား (၃)
သူမ ဝူနိုင်ငံတော်မှ စတင်ထွက်ခွာချိန်မှစ၍ ယခုလို ရလဒ် ဖြစ်ပေါ်လာမည်ဟု ဝူကျန်းဝမ် မှန်းဆခဲ့ပြီးဖြစ်သည်။ သူမ၏ မျှော်လင့်ထားသည့်အတိုင်း ကျူးဧကရီက ကျူးနယ်မြေအပေါ် ဝူစစ်တပ် ဖြတ်သန်းခွင့်ကိုသာ သဘောတူခဲ့သည်။
ဝူကျန်းဝမ်က တစ်စုံတစ်ခု ပြောရန် ပြင်နေစဉ်တွင် ကျူးဧကရီက ဆက်လက်၍
"နောက်ပြီး ဝူနိုင်ငံတော်ရဲ့ စစ်တပ် ပြဿနာတစ်စုံတစ်ရာနှင့် ကြုံတွေ့ခဲရင် ကျူးနိုင်ငံတော်ဘက်က မြောက်ပိုင်းပြည်နယ်ကို ခြိမ်းခြောက်ပေးဖို့နဲ့ သူတို့ရဲ တပ်တွေ ဝူနိုင်ငံတော်ထဲ ဝင်ရောက်တာကို တားဆီးပေးဖို့ ကျူးတပ်တွေကို အရှေ့ဘက် ချက်ချင်း စေလွှတ်ပေးမယ်။"
ထိုစကားများကို ကြားရသောအခါ ဝူကျန်းဝမ် ရင်တဒိတ်ဒိတ် ခုန်သွားခဲ့သည်။
ထိုစကားအရ သူ၏သူငယ်ချင်းသည် ဝူနိုင်ငံတော်၏ တပ်များအပေါ် ယုံကြည်မှု အနည်းငယ်သာ ရှိနေတာလား။
ကျူးဧကရီက ဝူကျန်းဝမ်၏ အတွေးကို ရိပ်မိသွားပုံရပြီး
"ကျန်းဝမ်။ အရမ်းကြီး မတွေးပါနဲ့။ ငါပြောတာက ဖြစ်ခဲ့ရင် ဆိုတဲ့ အခြေအနေတွက် သက်သက်ပါ"
ဟု ပြောဆိုကာ အနည်းငယ် ပြုံးလိုက်သည်။
ထိုသို့ပြောလိုက်သော်လည်း သူမ၏ သူငယ်ချင်း ဝူနိုင်ငံတော်အပေါ် ယုံကြည်မှု အနည်းငယ်သာ ရှိသည်ကို ဝူကျန်းဝမ် ခံစားသိရှိနိုင်ခဲ့သည်။ မဟာမိတ် မဖွဲ့ပဲ ဝူနိုင်ငံတော်အား မြောက်ပိုင်းပြည်နယ်၏ စစ်စွမ်းရည်ကို စမ်းကြည့်စေရန် သူမ ရွေးချယ်ထားသည်မှာ အံ့ဩစရာ မရှိပေ။
ထိုအခိုက်အတန့်တွင် ဝူကျန်းဝမ် တစ်စုံတစ်ခု တွေးမိပြီး
"ချင်ရို့။ ငါနဲ့ အရမ်းတူတဲ့ အစေခံမလေး မြောက်ပိုင်းပြည်နယ်က ပြန်ရောက်လာပြီလား။"
ယွဲ့ဧကရာဇ်က
"သူတစ်ခါပြန်ရောက်လာပေမဲ့ သတင်းအချက်အလက်တွေ ပိုစုဆောင်းဖို့ မြောက်ပိုင်းပြည်နယ်ကို ပြန်ပို့လိုက်တယ်။"
ယွဲ့ဧကရာဇ်၏ စကားများသည် ဝူကျန်းဝမ်၏ မှန်းဆချက်ကို အတည်ပြုသလောက် ဖြစ်ခဲ့သည်။ ယွဲ့ဧကရာဇ်သည် ဝူနိုင်ငံတော်၏ စစ်တပ်အပေါ် ယုံကြည်မှု အနည်းငယ်သာ ရှိသည်။ မြောက်ပိုင်းပြည်နယ်၏ အင်အားကို နိုင်ငံကြီးတစ်ခု၏ အင်အားနှင့် အတူတူနီးပါးဟု သူမ တွက်ဆနေပုံရသည်။
ယွဲဧကရာဇ်က ဘာမှ ထပ်မပြောတော့ဘဲ သူမ၏ နူးညံ့သော လက်များက ဝူကျန်းဝမ်၏ ခန္ဓာကိုယ်ကို ညင်သာစွာ ပွတ်သပ်နေခဲ့သည်။
ခဏအကြာတွင် ယွဲ့ဧကရာဇ်က ပြုံးကာ
"ကျန်းဝမ်။ နင့်ရဲ့ ခန္ဓာကိုယ်က အချိန်ကြာလာတာနဲ့အမျှ ပိုပြီး စွဲမက်ဖွယ်ကောင်းလာတယ်။ ဘယ်သူက နင့်ရဲ့ အယုအယကို ခံစားခွင့်ရမလဲလို့ ငါ တွေးမိတယ်။"
ထိုစကားကို ကြားသောအခါ ဝူကျန်းဝမ်က ရယ်မောလိုက်ပြီး
"ငါက အိမ်ထောင်မပြုတော့ဘူးလို့ အစောကြီးကတည်းက ဆုံးဖြတ်ထားပြီးသား။ ဘယ်ယောက်ျားမှ ငါ့ခန္ဓာကိုယ်ကို ထိတွေ့ခွင့်ရမှာ မဟုတ်ဘူး။"
လိီချင်ရို့က ဝူကျန်းဝမ်ကို ဆွဲဖက်ကာ သူမ၏ နားရွက်နားသို့ တိုးတိုးလေး ကပ်ပြောလိုက်သည်။
"အိမ်ထောင်မပြုဘူးလို့ ဆုံးဖြတ်တာက နင် ယောက်ျားနဲ့ အတူမနေနိုင်ဘူးလို့ မဆိုလိုပါဘူး။"
"နင့်မှာ ယောက်ျားမရှိရင် ကလေးက ဘယ်ကလာမလဲ။ ကလေးမရှိရင် နင် ဝူနိုင်ငံတော်တစ်ခုလုံးကို ဘယ်လို ထိန်းချုပ်နိုင်မှာလဲ။"
လိီချင်ရို့သည် ဝူကျန်းဝမ်၏ စိတ်ကို အလွန်နားလည်သည်။ သူမ၏ ရင်းနှီးသော သူငယ်ချင်း ဝူကျန်းဝမ်သည် သူမကဲ့သို့ နိုင်ငံတစ်ခု၏ ဧကရီ ဖြစ်လာရန် စိတ်အားထက်သန်နေသည်ကို သူမ အတော်ကြာကြာကတည်းက သတိပြုမိခဲ့သည်။
ဝူနိုင်ငံတော်၏ အခြေအနေ ရှုပ်ထွေးနေခြင်းနှင့် ဝူကျန်းဝမ် သူမလောက် အစွမ်းမထက်ခြင်းဟူသော အချက်နှစ်ချက်ကြောင့် ဝူကျန်းဝမ်အတွက် ဝူနိုင်ငံတော်တွင် ထိုအမြင့်ဆုံး ရာထူးသို့ တက်ရောက်ရန် ခက်ခဲစေသည်။
အထူးသဖြင့် ဝူကျန်းဝမ်သည် အမျိုးသမီးတစ်ဦး ဖြစ်နေခြင်းကြောင့် ထီးနန်းဆက်ခံခွင့် ရရှိရန် ခက်ခဲသည်။
လိီချင်ရို့၏ စကားများကြောင့် ဝူကျန်းဝမ် အံ့အားသင့်သွားသည်။ လိီချင်ရို အကြံပြုသည့်အတိုင်း အမှန်တကယ်ပင် သူမ စဉ်းစားခဲ့ဖူးသည်။ တစ်နေ့တွင် သူမ ဝူနိုင်ငံတော်၏ ဧကရီ ဖြစ်လာပါက သူမတွင် ကလေးမရှိလျှင် ထီးနန်းကို မည်သူ့အား ပေးအပ်မည်နည်း။
သို့သော် ဒါတွေက နောက်ပိုင်းမှသာ စိုးရိမ်ပူပန်ရမည့် ကိစ္စများ ဖြစ်သည်။ သူမ၏ ဖခင် ဧကရာဇ်သည် သူ၏ အကောင်းဆုံး အချိန်သို့ ရောက်ရှိနေပြီး သူမ၏ ရည်မှန်းချက်များ ပြည့်ဝရန် ဆယ်စုနှစ်ပေါင်းများစွာ လိုသေးသည်။
ထိုအတွေးက ဝူကျန်းဝမ်အား သက်ပြင်းရှည်တစ်ချက် ချမိလိုက်စေသည်။
"ချင်ရို့။ ငါ့အကြောင်း မပြောပဲ နေရအောင်။ ငါ အဲဒီရာထူးကို ရနိုင်ပါ့မလားဆိုတာ မသေချာသေးဘူး"
"နင်ကတော့ မတူဘူး။ နင်က အခု ကျူးနိုင်ငံတော်ရဲ့ ဧကရီ ဖြစ်နေပြီ။ နင့်မိသားစုရဲ့ မျိုးဆက်ကလည်း မရှိတော့ ကလေးမွေးဖို့ အမျိုးသားတစ်ယောက်ကို အမြန် မရှာရင် နင့်ရဲ့ ထီးနန်းကို ဘယ်သူ့ကို ပေးမှာလဲ။"
ဧကရီက ခပ်ရေးရေး ပြုံးလိုက်ပြီး
"ငါက သိုင်းပညာမှာ ပိုမြင့်တဲ့အဆင့်ကို ရောက်ဖို့ ကြိုးစားနေတုန်းပဲ။ ဒီအချိန်မှာ ကလေးယူဖို့ အိပ်မက်တောင် မမက်ရဲဘူး။ ငါ့ရဲ့ သက်တမ်းအရ ကျူးနိုင်ငံတော်ကို နှစ်တစ်ထောင်အုပ်ချုပ်တာက ပြဿနာ မဟုတ်ဘူး။ ဒါကြောင့် အမွေခံ ကိစ္စအတွက် အလောတကြီး စိုးရိမ်စရာ မလိုသေးဘူး။"
"နောက်ပြီး ငါ့မျက်စိကို ဖမ်းစားနိုင်တဲ့ ယောက်ျားအရေအတွက်က အင်မတန် နည်းပါးလိမ့်မယ်။"
ထိုအချိန်တွင် ဧကရီ၏ ဦးခေါင်းသည် ဝူကျန်းဝမ်၏ မွှေးကြိုင်သော လည်ပင်းပေါ်တွင် မှီထားကာ အသက်ကို ပြင်းပြင်းရှူရှိုက်ရင်း
"ဘယ်အမျိုးသားမှ ငါ့ရဲ့ ဝမ်ယန်လောက် မမွှေးဘူး။ နင်သာ ယောက်ျားလေး ဖြစ်ခဲ့ရင် ကောင်းမှာပဲ။"
ထိုစကားကို ကြားသောအခါ ဝူကျန်းဝမ် ပြုံးရုံသာ ပြုံးခဲ့သည်။ အကြောင်းတစ်ခုခုကြောင့် သူတို့ ယောက်ျားများအကြောင်း ဆွေးနွေးနေစဉ် မြောက်ပိုင်းနယ်စားမင်းသား၏ ပုံရိပ်က သူမ၏ စိတ်ထဲတွင် ရုတ်တရက် ပေါ်လာခဲ့သည်။
မြောက်ပိုင်းနယ်စားမင်းသားကို တွေးမိခြင်းက ဝူကျန်းဝမ်၏ ခန္ဓာကိုယ်ကို အငြိမ်မသက်ဖြစ်စေပြီး နွေးထွေးမှုတစ်ခု သူမတစ်ကိုယ်လုံး ပျံ့နှံ့သွားစေခဲ့သည်။
သူမ မြောက်ပိုင်းပြည်နယ်မှ ထွက်ခွာချိန်တွင် မြောက်ပိုင်းနယ်စားမင်းသားက သူမအား ပြောခဲ့သော စကားများကို မှတ်မိနေသေးသည်။ တစ်နေ့တွင် သူမ သူ၏ အမျိုးသမီး ဖြစ်လာစေရမည်ဖြစ်ပြီး ဝူနိုင်ငံတော်က သူမအား မြောက်ပိုင်းပြည်နယ်သို့ စေလွှတ်လိမ့်မည်ဟုလည်း ထပ်လောင်း ပြောဆိုခဲ့သည်။
ထိုအတွေးကြောင့် ဝူကျန်းဝမ် မရယ်ပဲ မနေနိုင်ခဲ့ပေ။ ရိုးရိုးသားသား ပြောရလျှင် သူမသည် မြောက်ပိုင်းနယ်စားမင်းသား၏ ပုံပန်းသဏ္ဌာန်ကို အတော်လေး သဘောကျခဲ့သည်။ ကံမကောင်းစွာဖြင့် သူတို့သည် ရန်သူများ ဖြစ်နေကြသည်။
ထိုအချိန်တွင် ဝူကျန်းဝမ်၏ စိတ်ထဲတွင် ရဲရင့်သော စိတ်ကူးတစ်ခု ပေါ်လာခဲ့သည်။ ဤတစ်ကြိမ်တွင် ဝူနိုင်ငံတော်က မြောက်ပိုင်းပြည်နယ်ကို အောင်နိုင်ခဲ့လျှင် မြောက်ပိုင်းနယ်စားမင်းသားကို သူမလက်ထဲ ထည့်ပေးရန် သူမ၏ ဖခင်ကို ဆွဲဆောင်နိုင်မလား။ သူ့ကို သူမအတွက် အသုံးပြုရန် ဖမ်းဆီးထားနိုင်မလား။
မြောက်ပိုင်းနယ်စားမင်းသားသည် အလွန်အစွမ်းထက်သည်။ သူနှင့်ရသော မျိုးဆက်သည် အစွမ်းထက်မည်မှာ သေချာသည်။ သူမ မြောက်ပိုင်းနယ်စားမင်းသားနှင့် ကလေးရနိုင်ပြီး ကလေးကို လျှို့ဝှက်စွာ ပြုစုပျိုးထောင်နိုင်ပါက ထီးနန်းအမွေခံပြဿနာကို ဖြေရှင်းနိုင်လိမ့်မည်။
ထိုအချက်ကို တွေးမိပြီး မြောက်ပိုင်းပြည်နယ်ကို သူတို့ အောင်နိုင်ပါက မြောက်ပိုင်းနယ်စားမင်းသားကို ထိန်းသိမ်းရန် နည်းလမ်းရှာဖွေမည်ဟု ဝူကျန်းဝမ် ဆုံးဖြတ်လိုက်သည်။ သူမ၏ ဖခင်က သူ့ကို လွှဲပြောင်းပေးရန် ငြင်းဆန်ပါက မြောက်ပိုင်းနယ်စားမင်းသားကို တစ်နေရာသို့ လျှို့ဝှက် ခေါ်ဆောင်သွားပြီး သူ့ကို ချုပ်နှောင်ထားမည်ဖြစ်သည်။
ဝူကျန်းဝမ် ပိုတွေးလေ သူမ၏ ခန္ဓာကိုယ် ပိုပူလာလေလေ ဖြစ်နေသည်။ သူမနှင့် ကပ်နေသော ကျူးဧကရီလည်း ဝူကျန်းဝမ်ထံမှ ထွက်ပေါ်လာသော ထူးဆန်းသော နွေးထွေးမှုကို စတင် သတိပြုမိလာခဲ့သည်။
ထိုအခိုက်အတန့်တွင် ကျူးဧကရီက ရယ်မောကာ
"ဝမ်ယန်။ နင် ယောက်ျားတစ်ယောက်အကြောင်း တွေးနေတာလား။ နင့်ရဲ့ ခန္ဓာကိုယ်က အရမ်းနွေးနေတာပဲ။ ပြောပါဦး။ နင် ဘယ်သူ့အကြောင်း တွေးနေတာလဲ။"
ကျူးဧကရီ၏ စကားများကြောင့် ထိတ်လန့်သွားသော ဝူကျန်းဝမ်လည်း သူမ၏ စိတ်ကို ပြန်လည် ထိန်းချုပ်ကာ
"ချင်ရို့။ နင်ဘာတွေ လျှောက်ပြောနေတာလဲ။ ရေက ပူနေတာ။ ခဏစိမ်လိုက်တော့ ခန္ဓာကိုယ်က နွေးလာတာ သဘာဝပဲ။"
"ငါလည်း သိုင်းပညာမှာ ပိုမြင့်တဲ့အဆင့်ကို ရောက်ဖို့ ကြိုးစားနေတာ ဘယ်လိုလုပ် ယောက်ျားတွေအကြောင်း တွေးနေနိုင်မှာလဲ"
ကျူးဧကရီက ရယ်မောကာ
"ဝမ်ယန်။ အနာဂတ်မှာ နင်ကြိုက်တဲ့ ယောက်ျားတစ်ယောက်ကို တကယ် တွေ့ရင် သူ့အကြောင်း ငါ့ကို ပြောပြရမယ်။ ပြီးရင် ငါက နင့်အတွက် သူ့ကို စစ်ဆေးပေးမယ်။"
အပြစ်ရှိသလို ခံစားနေရသော ဝူကျန်းဝမ်က "အင်း" ဟု အသံပြုလိုက်ပြီးနောက် တိတ်ဆိတ်နေခဲ့သည်။
ထို့နောက် သူမ၏ စိတ်ခံစားချက်များကို တည်ငြိမ်စေပြီး ထိုလူငယ်အကြောင်းကို နောက်ထပ် မတွေးတောရန် ကြိုးစားခဲ့သည်။ ထိုအတွေးများ ဆက်လက် ရှိနေပါက သူမ၏ ခန္ဓာကိုယ်သည် ပို၍ပင် ထူးဆန်းသော နည်းလမ်းများဖြင့် တုံ့ပြန်နိုင်ပြီး သူမ၏သူငယ်ချင်းလည်း ပို၍သတိပြုမိသွားနိုင်သည်။
...........
အခန်း (၅၆၄)
တန်ဖိုးတစ်ခုပေးဆပ်ရလိမ့်မယ် (၁)
မြောက်ပိုင်းပြည်နယ်သည် အခြေခံအားဖြင့် စစ်ပွဲကာလသို့ ရောက်ရှိနေပြီ ဖြစ်ပြီး ယခုအခါ မြောက်ပိုင်းပြည်နယ်သို့ဝင်သော ကုန်သည်လှည်းများ ပိုမိုနည်းပါးလာခဲ့သည်။ အကြောင်းမှာ ထိုကုန်သည်များသည် ဝူနိုင်ငံတော်က မြောက်ပိုင်းပြည်နယ်ကို တိုက်ခိုက်တော့မည်ကို ရိပ်မိနေကြသောကြောင့် ဖြစ်သည်။
စစ်ဖြစ်လျှင် ကုန်သည်များသည် အမြဲတမ်း အထိခိုက်ဆုံး ဖြစ်ကြ၏။ အချို့က မြောက်ပိုင်းပြည်နယ်၏ စစ်ပွဲမှ အကျိုးအမြတ် ရယူရန် စဉ်းစားခဲ့ကြသော်လည်း ဝူနိုင်ငံတော်၏ စစ်ရေးစွမ်းအားကို ထည့်သွင်းစဉ်းစားပါက မြောက်ပိုင်းပြည်နယ် အနေနှင့် ဝူစစ်တပ်ကို ယှဉ်နိုင်မည် မဟုတ်ဟု ကုန်သည်အများစုက ယုံကြည်ကြ၏။ ထို့ကြောင့် နိုင်ငံနှစ်ခု စစ်ဖြစ်ပါက ပဋိပက္ခကြားထဲတွင် မပါဝင်ခြင်းက အကောင်းဆုံးဟု မှတ်ယူကာ မြောက်ပိုင်းပြည်နယ်မှ အလျင်အမြန် ထွက်ခွာခဲ့ကြသည်။
ရန်ခရိုင်သည် ယခင်ကလောက် စည်ကားခြင်း မရှိတော့ပေ။ လမ်းမကြီးပေါ်တွင် မြင်းလှည်းများ အတော်အတန် ရှိနေဆဲ ဖြစ်သော်လည်း ကုန်သည်လှည်း အရေအတွက်သည် ယခင်ကထက် အနည်းဆုံး သုံးပုံနှစ်ပုံ ခန့် လျော့ကျသွားခဲ့သည်။
မြောက်ပိုင်းပြည်နယ်သို့ လာရောက်ရန် ဆန္ဒရှိနေသေးသော ကုန်သည်လှည်းအုပ်စုများသည် ရှနိုင်ငံတော် နယ်နိမိတ်အတွင်းမှ အများစုဖြစ်ပြီး မြောက်ပိုင်းပြည်နယ်ခံ ကုန်သည်များလည်း ပါဝင်သည်။
မြောက်ပိုင်းပြည်နယ်ဘက်မှ လိုအပ်သော တပ်ဖြန့်မှုများကို အခြေခံအားဖြင့် ပြီးစီးခဲ့ပြီ ဖြစ်ပြီး ယုံအန်းခရိုင်ပြင်ပတွင် သံချပ်ကာ မြင်းတပ် ငါးသောင်းကို တပ်စွဲထားပြီး မုချန်တိန် ဦးဆောင်သော စစ်သည် နှစ်သိန်းကိုလည်း ယုံအန်းခရိုင်သို့ စေလွှတ်ခဲ့သည်။
ဟုတ်ပါသည်။ ဝူနိုင်ငံတော်၏ တပ်များသည် ယုံအန်းခရိုင်တွင် မြောက်ပိုင်းပြည်နယ်တပ်နှင့် အဆုံးအဖြတ် တိုက်ပွဲဆင်နွှဲရမည်ဟု လုချန်း မယူဆပါ။ ထို့ကြောင့် ဝူနိုင်ငံတော်နှင့် မြောက်ပိုင်းပြည်နယ်တို့ ဆက်စပ်နေသော နယ်စပ်ဒေသကို ကာကွယ်ရန် ဝင်ရိုးစွန်း ဒေသမှ စစ်သည်နှစ်သိန်းကိုသာ ချထားခဲ့သည်။
ဝင်ရိုးစွန်းဒေသမှ စစ်သည်နှစ်သိန်းသည်လက်နက်ခဲယမ်းမီးကျောက်များ အသုံးပြုပုံကို မကျွမ်းကျင်သေးသောကြောင့် မြောက်ပိုင်းပြည်နယ်၏ ဇာတိမြေကို ခုခံကာကွယ်ရန်သာ သင့်လျော်သည်။
မုချန်တိန်ဦးဆောင်သော စစ်သည်နှစ်သိန်းကမူ အချိန်ကောင်းရောက်လျှင် ဝူနိုင်ငံတော်ကို ပြန်လည်တိုက်ခိုက်ရန် အလိုအလျောက်လှုပ်ရှားလာမည်ဖြစ်သည်။
စစ်သည်များကို ရက်ထောင်ပေါင်းများစွာ ကျွေးမွေးထားခြင်းသည် တစ်ခဏတာအတွက် အသုံးပြုရန် ဖြစ်သည်။ လက်နက်ခဲယမ်းမီးကျောက်များ တပ်ဆင်ပြီးနောက် မြောက်ပိုင်းပြည်နယ်တပ်များသည် နေ့တိုင်းနီးပါး လေ့ကျင့်ခဲ့ကြပြီး သူတို့၏ ထိရောက်မှုကို ပြသရန် အချိန်ရောက်ရှိနေပြီ ဖြစ်သည်။
မွန်းလွဲပိုင်းတွင် လုချန်းသည် သူ၏ စာကြည့်ခန်း၌ အထူးကိုယ်ရံတော်တပ်က ပို့ပေးသော ဝူနိုင်ငံတော်နှင့် ပတ်သက်သည့် နောက်ဆုံးရထောက်လှမ်းရေး အစီရင်ခံစာများကို ပြန်လည်စစ်ဆေးနေစဉ် ရုတ်တရက် တံခါးဝရှိ အထူးကိုယ်ရံတော်တစ်ဦးက
“မင်းသား။ နဂါးနက်နိုင်ငံက ကုန်သည်အုပ်တစ်စုက တွေ့ခွင့် တောင်းပါတယ်။”
ထိုစကားကို ကြားသောအခါ လုချန်း ခဏမျှ ရပ်တန့်သွားခဲ့သည်။ သူတို့ ဒီလောက် မြန်မြန် ရောက်လာပြီလား။
သူက ချက်ချင်းပင်
“သူတို့ရဲ့ ခေါင်းဆောင်ကို စာကြည့်ခန်းထဲ တိုက်ရိုက် ခေါ်ခဲ့ပါ။”
“ဟုတ်ကဲ့ပါ မင်းသား။”
ကျူးနိုင်ငံတော်သည် ဝူနိုင်ငံတော်နှင့် မြောက်ပိုင်းပြည်နယ်အကြား ပဋိပက္ခတွင် ပါဝင်နိုင်ဖွယ် မရှိပေ။ သို့သော် မြောက်ပိုင်းပြည်နယ်က ဝူနိုင်ငံတော်တပ်ကို အနိုင်ယူပါက ကျူးနိုင်ငံတော်က မြောက်ပိုင်းပြည်နယ်၏ တန်ပြန်ထိုးစစ်ကို တားဆီးရန် ဝင်ရောက်စွက်ဖက်နိုင်ခြေ ရှိသည်။ ထို့ကြောင့် ကျူးနိုင်ငံတော်ကို တားဆီးရန် နဂါးနက်နိုင်ငံ၏ အကူအညီ လိုအပ်သည်။
ထိုအချိန်တွင် နဂါးနက်နိုင်ငံဘက်က ဘာမှ အများကြီး လုပ်စရာ မလိုပဲ သူတို့၏ တပ်များကို ကျူးနိုင်ငံတော်နှင့် နယ်နိမိတ်ချင်း ထိစပ်နေသော နယ်စပ်ဒေသသို့ရွှေ့ပြောင်းထာရုံသာ ဖြစ်သည်။ နဂါးနက်နိုင်ငံတော် ပါဝင်လာပါက ကျူးနိုင်ငံတော် အနေနှင့် မြောက်ပိုင်းပြည်နယ်၏ ဝူနိုင်ငံတော်အပေါ် တန်ပြန်ထိုးစစ်ကို သူတို့၏ တပ်များ စေလွှတ်၍ ဟန့်တားနိုင်ရန် မလွယ်ကူပေ။
မကြာမီပင် အထူးကိုယ်ရံတော်က နဂါးနက်နိုင်ငံမှ စေလွှတ်သော သံတမန်ကို စာကြည့်ခန်းသို့ ခေါ်ဆောင်လာခဲ့သည်။
ဧည့်သည်သည် အစိမ်းရောင် ရင်ဖုံးအင်္ကျီရှည် ဝတ်ထားပြီး အရပ်ရှည်သွယ်ကာ အတော်လေး အားနည်းပုံရသည်။
လုချန်းက ထိုပုဂ္ဂိုလ်နှင့် ပတ်သက်သော အချက်အလက်များကို လျင်မြန်စွာ ကြည့်လိုက်သည်။
[အမည်- လျှူယူ]
[အဆင့်အတန်း - အနက်ရောင်နဂါးနိုင်ငံအုပ်ချုပ်သူ လျူကျန်းချူ၏သား၊ မြောက်ပိုင်းနယ်စားမင်းသား၏ သစ္စာခံ]
[စွမ်းအား - အဆင့်ကိုး သိုင်းပညာရှင်]
[သစ္စာရှိမှု - ၁၀၀]
လုချန်းကို မြင်သည်နှင့် လျှူယူက ချက်ချင်းပင် ဂါရဝပြုကာ
“ကျွန်တော် လျှူယူ မင်းသားကို ဂါရဝပြုပါတယ်။ မင်းသား နှစ်ပေါင်းသောင်းချီ အသက် ရှည်ပါစေ”
လုချန်းက ပြုံးကာ
“ထပါ။ နောက်ပြီး ကျွန်တော်က ရှနိုင်ငံတော်ရဲ့ နယ်စားမင်းသားတစ်ပါးပါ။ နောက်ပိုင်း တခြားသူတွေရှေ့မှာ ‘နှစ်တစ်သောင်း’ ဆိုတဲ့ စကားလုံးကို မသုံးပါနဲ့။”
လုချန်း၏ စကားများကို ကြားသောအခါ လျှူယူ ချက်ချင်းပင် သဘောပေါက်သွားပြီး
“မင်းသား အပြစ်ပေးပါ။”
လုချန်းက အေးဆေးစွာဖြင့်
“ဒါက ခင်ဗျား မြောက်ပိုင်းပြည်နယ်ကို ပထမဆုံး လာရောက်တဲ့ အကြိမ်ပါ။ ဒီအမှားက အရေးမကြီးပါဘူး။”
“ ပြောပါဦး။ နဂါးနက်နိုင်ငံရဲ့ လက်ရှိ အခြေအနေက ဘယ်လိုလဲ။”
လျှူယူက
“ကျေးဇူးတင်ပါတယ် မင်းသား။”
ထို့နောက် လျှူယူ ထရပ်ကာ လုချန်း၏ စာကြည့်စားပွဲပေါ်တွင် သူ ကြိုတင်ပြင်ဆင်ထားသော မြေပုံတစ်ချပ်ကို ချပြခဲ့သည်။
“မင်းသား။ ဒါက နဂါးနက်နိုင်ငံတော်က လက်ရှိ ထိန်းချုပ်ထားတဲ့ နယ်မြေပါ။”
မြေပုံကို ရရှိသည်နှင့် လုချန်းလည်း မြေပုံကို ဂရုတစိုက် ကြည့်ရှုလိုက်၏။ ထိုစဉ် လျှူယူက နဂါးနက်နိုင်ငံ၏ လက်ရှိ အခြေအနေကို ဆက်လက် တင်ပြလိုက်သည်။
နဂါးနက်နိုင်ငံ၏ အခြေအနေကို နားလည်ပြီးနောက် လျှူကျန်းချူထံသို့ ပေးပို့ရန် စာတစ်စောင်ကို လုချန်း လျင်မြန်စွာ ရေးသားလိုက်သည်။
လျှူယူလည်း မြောက်ပိုင်းနယ်စားမင်းသားစံအိမ်မှ ထွက်ခွာပြီးသည်နှင့် သူတို့နှင့်အတူ ယူဆောင်လာသော ခိုကို ချက်ချင်း လွှတ်လိုက်ပြီး သူ၏ ဖခင်အား အရှေ့ဘက်သို့ ချီတက်ဖို့ တပ်များ ပြင်ဆင်ထားရန် ညွှန်ကြားခဲ့သည်။
ထို့နောက် နဂါးနက်နိုင်ငံသည် မြောက်ပိုင်းပြည်နယ်တွင် ရုံးစိုက်ရာနေရာတစ်ခုကို တည်ထောင်ခဲ့သည်။ သို့သော် ထိုနေရာကို အများပြည်သူသိအောင် ပြုလုပ်မည် မဟုတ်ပေ။
နဂါးနက်နိုင်ငံသည် လုချန်းနှင့် သက်ဆိုင်ပြီး မြောက်ပိုင်းပြည်နယ်၏ နယ်မြေအစိတ်အပိုင်း ဖြစ်လာရန်မှာ အချိန်တစ်ခုသာ လိုတော့သည်။ ထို့ကြောင့် နဂါးနက်နိုင်ငံအတွက် ရုံးစိုက်ဖို့ မလိုအပ်ပေ။ ယခု ရုံးစိုက်နေရာတည်ထောင်ရခြင်းမှာ စောင့်ကြည့်နေသူများကို လှည့်ဖြားရန်သာ ဖြစ်သည်။
လျှူယူ ထွက်ခွာသွားသည်နှင့် လုချန်း၏ ထိုနေ့အတွက် ရုံးလုပ်ငန်းတာဝန်များ အားလုံး နီးပါး ပြီးစီးခဲ့သည်။
ယခု အားလုံး အဆင်သင့် ဖြစ်နေပြီ ဖြစ်သောကြောင့် ဝူနိုင်ငံတော်က သူတို့၏ တပ်များကို စေလွှတ်ရန်သာ ကျန်ရှိတော့သည်။
ထိုအခိုက်အတန့်တွင် လုချန်းသည် သူ၏ ထိုင်ခုံမှ ထရပ်ကာ ပျင်းရိစွာ ခြေလက်ဆန့်တန်းလိုက်၏။
အဆင့်လွန်ပညာရှင် ဖြစ်သည့်တိုင် ကြာမြင့်စွာ ထိုင်နေခြင်းက စိတ်ပင်ပန်းနွမ်းနယ်မှုကို ဖြစ်စေဆဲ ဖြစ်သည်။ မြောက်ပိုင်းပြည်နယ်၏ လက်ရှိ အစိုးရရေးရာ ကိစ္စများကို စဉ်းစားရင်း နောင်တွင် ဘာအလုပ်တွေ ရှိနေသေးနိုင်သည်ကို လုချန်း စိတ်ကူး၍ပင် မရနိုင်ပေ။
လုချန်း အတွင်းဆောင်သို့ ပြန်ရန် ပြင်ဆင်နေစဉ် တံခါးဝမှ အစေခံတစ်ဦး၏ အသံ ထွက်ပေါ်လာသည်။
“မင်းသား။ ဗိုလ်ချုပ်ရွှမ်ယွမ်က တွေ့ခွင့် တောင်းပါတယ်”
လုချန်းက
“သူ့ကို ဝင်ခွင့်ပြုလိုက်ပါ”
စကားပြောပြီးသည်နှင့် ရွှမ်ယွမ်ချန်း စာကြည့်ခန်းသို့ ဝင်ရောက်လာပြီး ခါးညွှတ်ကာ
“ဂါရဝပြုပါတယ် မင်းသား။”
လုချန်းက ခေါင်းညိတ်ကာ
“အင်း။ ဘာကိစ္စများလဲ ဗိုလ်ချုပ်။”
ရွှမ်ယွမ်ချန်းသည် သူ့ကို အခုတလော လာတွေ့ခဲ၏။ သူသည် ရန်ခရိုင်တွင် တပ်စွဲထားသော သံချပ်ကာ မြင်းတပ် ငါးသောင်းကို ဦးဆောင်နေရခြင်းသာ ဖြစ်သဖြင့် အရေးကြီးကိစ္စ မရှိတတ်ပေ။
လုချန်း၏ မေးခွန်းကို ကြားပြီးနောက် ရွှမ်ယွမ်ချန်း ခဏမျှ တွန့်ဆုတ်နေခဲ့ပြီး ပြောရခက်နေပုံလည်း ရသည်။
လုချန်းက ဇဝေဇဝါဖြင့်
“ဘာများလဲ ဗိုလ်ချုပ်”
ဟုထပ်မေးလိုက်သည်။
ရွှမ်ယွမ်ချန်းလည်း တွန့်ဆုတ်နေခြင်း မရှိ တော့ပဲ။
“မင်းသား... ကျွန်တော်က ရှေ့တန်းကို သွားရမှာ မဟုတ်ဘူးလား။”
သူဘာကို ဆိုလိုချင်သည်ကို လုချန်း သဘောပေါက်သွား၏။ မြောက်ပိုင်းပြည်နယ်၏ ဗိုလ်ချုပ်တိုင်းတွင် တစ်ခုမဟုတ် တစ်ခု တာဝန် ရှိနေပြီး ရွှမ်ယွမ်ချန်းတစ်ဦးတည်းကသာ သံချပ်ကာ မြင်းတပ်ကို ဦးဆောင်၍ ရန်ခရိုင်တွင် ကျန်ရှိနေသောကြောင့် သူ မနေတတ် ဖြစ်နေသည်ကို လုချန်း နားလည်သည်။
...............