အခန်း ၅၇၄-၅၇၆
Vol. 39 Ch. 574-576
အခန်း (၅၇၄)
စစ်ရှုံးရခြင်းက အဲ့ဒီမိန်းမကြောင့် (၂)
တိုက်ပွဲအတွေ့အကြုံရှိပြီးသော ဝူနိုင်ငံတော် စစ်သည်များပင် ထိုကြောက်မက်ဖွယ်ကောင်းသော အမြောက်ဆံများကြောင့် အလွန် ထိတ်လန့်တုန်လှုပ်သွားကြ၏။ ထိုအချိန်တွင် ဗုံသံများ မည်မျှပင် ကျယ်လောင်စွာ တီးခတ်နေနေ အချက်ပြစစ်သည်များ မည်မျှပင် ခုခံတားဆီးရန် အချက်ပြနေနေ သူတို့ထံ၌ တိုက်ခိုက်ရန် အနေအထား လုံးဝမရှိကြတော့ပေ။
စစ်သည်များ၏ ကြောက်ရွံ့မှုသည် အမြင့်ဆုံးအဆင့်သို့ ရောက်ရှိနေပြီဖြစ်၏။ ယခုအခါ စစ်စည်းကမ်းကပင် သူတို့၏ ထွက်ပြေးလိုစိတ်ကို ထိန်းချုပ်ထားနိုင်တော့မည် မဟုတ်ပေ။ စစ်သည်ငါးသောင်း ထိုမျှလျင်မြန်စွာ ပြိုကွဲသွားသည်ကို မြင်သောအခါ ရင်ဖေးယူ အလွန်ခံပြင်း ဒေါသထွက်သွားသော်လည်း ဒေါသထွက်ရုံမှလွဲ၍ သူလည်းဘာမှ မတတ်နိုင် ဖြစ်နေသည်။
မြောက်ပိုင်းပြည်နယ်၏ လက်နက်များမှာ အမှန်တကယ် ကြောက်မက်ဖွယ်ကောင်းသည်။ အမြောက်ဆံတစ်ခု၏ ပေါက်ကွဲအားသည် အဆင့်လွန်ပညာရှင်တစ်ဦး တိုက်ခိုက်သည့်နီးပါး ပြင်းထန်သည်။ အမြောက်ဆံတစ်ခုသည် အဆင့်လွန်ပညာရှင်တစ်ဦး၏ တိုက်ခိုက်မှုနှင့် ညီမျှပြီး၊ အမြောက်ဆံဆယ်ခုသည် အဆင့်လွန် ပညာရှင်၏ တိုက်ခိုက်မှုဆယ်ကြိမ်နှင့်တူကာ၊ အမြောက်ဆံတစ်ရာသည် အဆင့်လွန်ပညာရှင်က အကြိမ်တစ်ရာ တိုက်ခိုက်သည်နှင့်တူသည်။
မည်သူမှ အဆင့်လွန်ပညာရှင် တစ်ရာ၏ ထိုးနှက်တိုက်ခိုက်မှုကို ခံနိုင်ရည်ရှိမည် မဟုတ်ပေ။ ဝူနိုင်ငံတော်၏ အဓိကတပ်များ ဤနေရာတွင် ရှိနေလျှင်လည်း မြောက်ပိုင်းပြည်နယ်၏ ဗုံးကြဲတိုက်ခိုက်မှုကို ခံနိုင်ရည်ရှိမည် မဟုတ်ပေ။
ယခု လင်ရန်မြို့သို့ ထွက်ပြေးရန်သာ ရင်ဖေးယူ ဆန္ဒရှိ၏။ ထို့နောက် မြို့ရိုးများကို အသုံးပြု၍ မြောက်ပိုင်းပြည်နယ်၏ တန်ပြန်ထိုးစစ်ကို ခုခံကာကွယ်ရန် ကြိုးစားမည်ဖြစ်သည်။
ထိုစဉ် ရင်ဖေးယူ၏ ဒုဗိုလ်ချုပ်တစ်ဦးက ကြောက်ရွံ့တုန်လှုပ်စွာဖြင့်
“သံချပ်ကာ မြင်းတပ်။ မြောက်ပိုင်းပြည်နယ်ရဲ့ သံချပ်ကာ မြင်းတပ်တွေ လှုပ်ရှားနေပြီ”
ဟု အော်လိုက်သည်။
ထိုအသံကို ကြားသောအခါ ရင်ဖေးယူ သူ့နောက်ဘက်သို့ လျင်မြန်စွာ လှည့်ကြည့်လိုက်ရာ မြောက်ပိုင်းပြည်နယ်၏ သံချပ်ကာ မြင်းတပ် ထွက်ပေါ်လာသည်ကိ တွေ့လိုက်ရသည်။
ထိုအနက်ရောင် သံချပ်ကာဝတ်စုံများ၊ တရိပ်ရိပ်တက်လာသော သတ်ဖြတ်လိုသည့် အငွေ့အသက်များက ရင်ဖေးယူ ဟူသော စစ်မြေပြင်ဝါရင့် ဗိုလ်ချုပ်ကြီးတစ်ဦးကိုပင် ကြောက်ရွံ့တုန်လှုပ်စေခဲ့သည်။
သင့်လျော်သော နည်းဗျူဟာပုံစံဖြင့် ရှိနေပါက သံချပ်ကာ မြင်းတပ်၏ တိုက်ခိုက်မှုကို ရင်ဆိုင်ရန် ရင်ဖေးယူ လုံးဝ ကြောက်ရွံ့နေမည် မဟုတ်ပေ။
သာမန်စစ်နည်းဗျူဟာပုံစံများက သံချပ်ကာ မြင်းတပ်၏ တိုက်ခိုက်မှုကို အကယ်တမ်း မခံနိုင်သော်လည်း ဝူနိုင်ငံတော်၏ စစ်နည်းဗျူဟာပုံစံများသည် စစ်မှန်သော တိုက်ပွဲအတွေ့အကြုံများမှတစ်ဆင့် ပြောင်းလဲတိုးတက်လာခဲ့ခြင်းဖြစ်သဖြင့် သံချပ်ကာ မြင်းတပ်၏ တိုက်ခိုက်မှုကို ကောင်းစွာ တုံ့ပြန်နိုင်သည်။
သို့သော် ယခုအခါ သူတို့၏ နည်းဗျူဟာပုံစံများမှာ မြောက်ပိုင်းပြည်နယ်၏ အမြောက်ဆံများကြောင့် လုံးဝ ပြိုကွဲသွားခဲ့ပြီးဖြစ်သည်။ ယခုလို ရှုပ်ထွေးနေသည့် အခြေအနေတွင် သံချပ်ကာ မြင်းတပ်၏ သတ်ဖြတ်မှုကို မည်သို့မှ ခုခံနိုင်တော့မည် မဟုတ်ပေ။
အဓိကပြဿနာမှာ ဝူစစ်သည်အများစုသည် ခြေလျင်တပ်သားများ ဖြစ်ကြပြီး ဤခြေလျင်တပ်သားများ မည်မျှပင် အလျင်အမြန် ပြေးလွှားစေကာမူ မြင်းစီးထားသော အနက်ရောင် မြင်းတပ်လက်မှ လွတ်အောက်မပြေးနိုင်ခြင်း ဖြစ်သည်။
မြောက်ပိုင်းပြည်နယ်၏ အနက်ရောင် မြင်းတပ် ဝူစစ်သည်များ၏ အသက်များကို ရက်ရက်စက်စက် ချွေယူနေသည်ကို မြင်သောအခါ ရင်ဖေးယူ၏ မျက်နှာ အလွန်မှောင်မိုက်သွားသော်လည်း သူ့တွင် ဖြေရှင်းရန် နည်းလမ်း လုံးဝမရှိပေ။
သူ၏စစ်သည်များ အားလုံး ကြောက်ရွံ့တုန်လှုပ်နေကြသည်။ ယခု အနက်ရောင် မြင်းတပ်၏ ထိုးနှက်တိုက်ခိုက်မှုကို ခုခံရန်အတွက် ဗျူဟာပုံစံပြန်လည်ဖွဲ့စည်းရန် အခွင့်အရေးမရှိတော့ချေ။ ထို့ပြင် မြောက်ပိုင်းပြည်နယ်၏ ကြောက်မက်ဖွယ်ကောင်းသော အမြောက်ဆံများကိုလည်း မေ့ထား၍ မရပေ။ ဗျူဟာပုံစံ ဖွဲ့စည်းခဲ့လျှင်ပင် ပေါက်ကွဲမှုများကြောင့် ချက်ချင်း ပြိုကွဲသွားမည်ပင် ဖြစ်သည်။
ထိုအချိန်တွင် ရင်ဖေးယူက အေးစက်စွာ ပြောလိုက်သည်။
“အရှိန်မြှင့်ကြ။”
နောက်ကျကျန်ခဲ့သော စစ်သည်များအားလုံးကို စွန့်ပစ်လိုက်ရန် ရင်ဖေးယူ စဉ်းစားလိုက်သည်။ မြောက်ပိုင်းပြည်နယ်၏ သံချပ်ကာ မြင်းတပ်က နောက်ကျနေသူများအပေါ် အာရုံစိုက်စေလိုပြီး ကျန်သူများ ထွက်ပြေးရန် အချိန်ပိုရစေလိုသည်။
နှစ်နာရီခန့်ကြာပြီးနောက် ယုံအန်းခရိုင်ပြင်ပတွင် အလောင်းများ ပြန့်ကျဲသွားတော့သည်။ ဝူစစ်သည်များ၏ အလောင်းများ နေရာအနှံ့အပြားတွင် လဲကျနေသည်။
ထိုအချိန်တွင် ရင်ဖေးယူသည် ကျန်ရှိနေသော တပ်ဖွဲ့များနှင့်အတူ လင်ရန်မြို့သို့ ဦးဆောင်ရောက်ရှိလာခဲ့သည်။ မြို့တံခါးသည် ဟင်းလင်းပွင့်လျက်ရှိပြီး သာမန်ပြည်သူများ ဝင်ထွက်သွားလာနေကြတုန်းဖြစ်သည်။ ဘာတွေဖြစ်ပျက်ခဲ့သည်ကို သူတို့လုံးဝ မသိကြပေ။
ရုတ်တရက် အဝေးမှ စစ်သည်အများအပြား ပေါ်လာသည်ကို မြင်သောအခါ လင်ရန် မြို့သူ မြို့သားများ အံ့အားသင့်ကုန်ကြပြီး အချို့က မြည်တမ်းညည်းညူးလိုက်ကြသည်။
“နောက်ထပ် စစ်ပွဲတစ်ခု ရောက်လာပြန်ပြီ။ အမြဲတမ်း ငါတို့ပဲ ဒုက္ခရောက်ရတာ။”
“အာဏာရှိ မိသားစုတွေက ဆန်တစ်စေ့တောင် မကူညီဘူး။ အမြဲတမ်း ငါတို့ ဆင်းရဲတဲ့ မိသားစုတွေဆီကပဲ စစ်သားတွက ရိက္ခာယူနေတာ။”
“အသက်ရှင်ရတာ မလွယ်တော့ဘူး။ မြောက်ပိုင်းပြည်နယ်ကို ပြောင်းနေတာ ပိုကောင်းမယ်လို့ ငါပြောရဲတယ်။”
“မြောက်ပိုင်းပြည်နယ်ရဲ့ ပြည်နယ်သားတစ် ယောက်ဖြစ်တာနဲ့ ချက်ချင်း မြေတစ်ကွက် ရတယ်လို့ ကြားတယ်။ အဲ့ဒါထက် ပိုအံ့သြစရာကောင်းတာက စိုက်ပျိုးရေးအခွန်ကို ထာဝရ ကင်းလွတ်ခွင့် ရတာတဲ့။”
“မင်းတို့အားလုံး ရူးနေပြီလား။ ဒီလိုကိစ္စတွေ ပြောနေတာကို စစ်ခေါင်းဆောင်တွေ ကြားမှာ မကြောက်ကြဘူးလား။”
လူများ ဆူညံစွာ ပြောဆိုနေကြစဉ် ရင်ဖေးယူ၏ ဆုတ်ခွာလာသော စစ်သည်များ မြို့တံခါးဆီသို့ တိုက်ရိုက် ပြေးဝင်လာကြသည်။ သာမန်ပြည်သူများ ရှောင်တိမ်းရန် အချိန်မရပဲ မြင်းများဖြင့် တိုက်မိပြီး ချက်ချင်း လဲကျကုန်ကြ၏။ နောက်မှလိုက်ပါလာသော မြင်းများက လဲကျနေသူများကို တက်နင်းသွားကြသည်။ ချက်ချင်းဆိုသလို မြို့အဝင်ဝသည် အလွန်ရှုပ်ထွေးသွားပြီး သာမန်ပြည်သူ အများအပြား သေဆုံးကုန်ကြသည်။
မြင်းများကို ရှောင်ရှားနိုင်ခဲ့သူများ သတိပြန်မဝင်နိုင်မီတွင် ရင်ဖေးယူ၏ အသံ ရုတ်တရက် ထွက်ပေါ်လာသည်။
“တံခါးတွေ ပိတ်ကြ။”
မြို့တံခါးဝရှိ သာမန်ပြည်သူများသည် မြို့တံခါးများ ပိတ်ရန် ရုတ်တရက် အမိန့်ကြောင့် ဇဝေဇဝါ ဖြစ်ကုန်ကြသည်။ ထိုစဉ် အဝေးမှ ဖုန်လုံးများ ထပ်မံ ထွက်ပေါ်လာသည်။
ထိုအချိန်တွင် မြောက်ပိုင်းပြည်နယ်သို့ သွားရောက်လည်ပတ်ခဲ့ဖူးသော သာမန်ပြည်သူတစ်ဦးက မြောက်ပိုင်းပြည်နယ်၏ အနက်ရောင် မြင်းတပ်ဖြစ်ကြောင်း ချက်ချင်း မှတ်မိလိုက်ပြီး
“မြောက်ပိုင်းပြည်နယ်ရဲ့ သံချပ်ကာ မြင်းတပ်ပဲ”
ဟု အလန့်တကြား အော်ဟစ်လိုက်သည်။
ကျောက်ခဲတစ်ခု ရေထဲကျရာမှ အစပြု၍ လှိုင်းတံပိုးကြီးများ ဖြစ်စေနိုင်သည်။ လင်ရန်မြို့သားများ ချက်ချင်း ထိတ်လန့်တုန်လှုပ်သွားကြသည်။ သူတို့၏ အမြင်တွင် မည်သည့်နိုင်ငံမှ စစ်သည်များဖြစ်စေ အားလုံးအတူတူပင်ဖြစ်၏။ သူတို့အားလုံးသည် သတ်ဖြတ်ခြင်းနှင့် လုယက်ခြင်းတို့ကို လုပ်တတ်ကြသည်။
“မြောက်ပိုင်းပြည်နယ် တပ်ဖွဲ့တွေ ရောက်လာပြီ”
“ပြေးကြတော့ဟေ့။”
“ကျွန်တော့်ကို မသတ်ကြပါနဲ့ဗျ။”
မြို့တံခါးဝရှိ ရှုပ်ထွေးနေသော မြင်ကွင်းကို ကြည့်ရင်း ဝမ်ရန်လီက သူ၏လက်ကို မြှောက်လိုက်ရာ သူ၏နောက်မှ စစ်သည်များ ချက်ချင်း ရပ်တန့်လိုက်ကြသည်။
ယခု အနက်ရောင် မြင်းတပ်ရပ်တန့်နေပြီဖြစ်ရာ မြို့တံခါးဝရှိ ဝူနိုင်ငံတော် သာမန်ပြည်သူများလည်း ဆက်လက်ပြေးလွှားခြင်း မပြုတော့ပေ။ တစ်ချို့ပြည်သူများသည် အနက်ရောင် မြင်းတပ်နှင့် မြို့ရိုးကြားတွင် ပိတ်မိနေပြီး ထွက်ပြေးရန် နေရာမရှိတော့ပဲ ဖြစ်နေကာ အနက်ရောင် မြင်းတပ်၏ နောက်ထပ်လှုပ်ရှားမှုကို တိတ်ဆိတ်စွာဖြင့် စိုးရိမ်တကြီး စောင့်ဆိုင်းနေရုံသာ တတ်နိုင်တော့သည်။
ထိုစဉ် ဝမ်ရန်လီက လင်ရန်မြို့ကို လှမ်းကြည့်လိုက်ပြီး သူ၏ အတွင်းအားကို အသုံးပြု၍ မြို့တံခါးဝရှိ ဝူနိုင်ငံသား သာမန်ပြည်သူများကို ကျယ်လောင်စွာ အော်ပြောလိုက်သည်။
“ဝူဧကရာဇ်ဟာ ဝူနိုင်ငံသားများရဲ့ အသက်ကို ဂရုစိုက်ခြင်း မရှိပဲ အခွန်များကို ရက်စက်စွာ ကောက်ခံကာ မြောက်ပိုင်းပြည်နယ်ကို ချေမှုန်းရန် ရူးသွပ်သော အတွေးဖြင့် တပ်များ စေလွှတ်ခဲ့တယ်။”
“ယခု ဝူဧကရာဇ်ရဲ့ စီမံကိန်းများ ပျက်သုဉ်းသွားပြီး ဝူနိုင်ငံတော်ရဲ့ စစ်သည် သုံးသိန်းတပ်မတော်ကို မြောက်ပိုင်းပြည်နယ်က ဖျက်ဆီးခဲ့ပြီဖြစ်တယ်။”
..........
အခန်း (၅၇၅)
စစ်ရှုံးရခြင်းက အဲ့ဒီမိန်းမကြောင့် (၃)
ဝမ်ရန်လီက ဆက်လက်၍
“မြောက်ပိုင်းနယ်စားမင်းသားဟာ သနားကြင်နာတတ်သူဖြစ်တယ်။ မြောက်ပိုင်းပြည်နယ်သို့ ဆန္ဒအလျောက် သစ္စာခံလာသော ဝူနိုင်ငံတော် သာမန်ပြည်သူများကို ထိခိုက်စေမည် မဟုတ်ကြောင်း၊ မြောက်ပိုင်းပြည်နယ် စစ်သည်များက သာမန်ပြည်သူများကို မည်သည့် ဒုက္ခပေးမှ ပေးမည် မဟုတ်ကြောင်း၊ ဆင်းရဲသားများထံမှ အပ်တိုတစ်ချောင်း၊ ကြိုးတစ်ပင်မျှပင် ယူမည်မဟုတ်ကြောင်း၊ မြေပိုင်ရှင်များနှင့် အာဏာရှိ မိသားစုများ၏ ပစ္စည်းဥစ္စာများကိုသာ သိမ်းယူမည်ဖြစ်ကြောင်း မြောက်ပိုင်းနယ်စားမင်းသားက ကတိပြုထားတယ်။”
ထိုစကားကို ကြားသောအခါ လင်ရန်မြို့တံခါးဝရှိ ဝူနိုင်ငံတော်မှ ပြည်သူများလည်း မယုံသင်္ကာဖြင့် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြ၏။ ဝမ်ရန်လီ၏ စကားများကို သူတို့ မယုံဝံ့ကြပေ။
မည်သည့် စစ်တပ်မျိုးက လုယက်ခြင်း၊ ဖျက်ဆီးခြင်း မလုပ်ပဲ ရှိမည်နည်း။
ထိုစဉ် ပြည်သူတစ်ဦးက
“ကျွန်တော် မြောက်ပိုင်းပြည်နယ်ကို သွားဖူးတယ်။ အခု မြောက်ပိုင်းပြည်နယ်က အရမ်းချမ်းသာကြွယ်ဝတယ်။ သူတို့က ကျွန်တော်တို့ ဆင်းရဲသားတွေရဲ့ ပိုက်ဆံနည်းနည်းကို စိတ်ဝင်စားပုံ မရဘူး။ သူတို့ လုယက်မယ်ဆိုရင်တောင် မြေပိုင်ရှင်တွေနဲ့ အာဏာရှိ မိသားစုတွေရဲ့ ပစ္စည်းဥစ္စာတွေကိုပဲ ဖြစ်လိမ့်မယ်။”
ထိုစဉ် နောက်တစ်ဦးကလည်း ဝင်ပြောလိုက်သည်။
“ကျွန်တော်လည်း အဲ့ဒီလိုပဲ ထင်တယ်။ အခု ဒီဗိုလ်ချုပ်ကလည်း ကျွန်တော်တို့ကို ဒုက္ခမပေးဘူးလို့ ပြောနေတာပဲ။”
ဤအချိန်တွင် လူအုပ်ထဲမှ အခြားအသံများ ထွက်ပေါ်လာသည်။
“သူပြောတာကို မင်းတို့ တကယ်ယုံလား။ စစ်ကို စတာ ငါတို့ ဧကရာဇ်ပဲ။ အခု ဝူနိုင်ငံတော် ရှုံးနိမ့်ပြီဆိုတော့ မြောက်ပိုင်းပြည်နယ် စစ်သည်တွေ ဝင်လာရင် ဘာမှမလုပ်ပဲနေမှာ မဖြစ်နိုင်ဘူး။”
“ပြီးပြီ။ ငါတို့အားလုံး ဒီနေရာမှာ သေကြရတော့မယ်။”
မြို့တံခါးဝရှိ ပြည်သူများ စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်နေစဉ် ဝမ်ရန်လီက သူ၏မြင်းကိုလှည့်၍ အနက်ရောင် မြင်းတပ်ကို ခေါ် ဆောင်ကာ ဆုတ်ခွာသွားတော့သည်။
မြို့တံခါးဝရှိ ရင်ဖေးယူလည်း ထိုမြင်ကွင်းကို မြင်သောအခါမှ သက်ပြင်းချလိုက်ပြီး နေပြည်တော်သို့ စစ်ကူတောင်းရန်အတွက် ခိုစာပို့ရန် အလျင်အမြန် အမိန့်ပေးလိုက်သည်။
တစ်ချိန်တည်းမှာပင် ဝူနိုင်ငံတော်မှ သာမန်ပြည်သူများသည် မြောက်ပိုင်းပြည်နယ်၏ အနက်ရောင် မြင်းတပ် ရုတ်တရက် ထွက်ခွာသွားသည်ကို မြင်သောအခါ မယုံနိုင်ပဲ ဖြစ်နေကြသည်။ သူတို့ထဲမှ အများအပြားသည် ကုန်သည်လှည်းများနှင့် ကုန်သည်များဖြစ်ကြသော်လည်း မြောက်ပိုင်းပြည်နယ်၏ သံချပ်ကာ မြင်းတပ်မှ စစ်သည်တစ်ဦးကမှ သူတို့၏ ကုန်ပစ္စည်းများကို လုယက်ခြင်း မပြုခဲ့ပေ။
မြောက်ပိုင်းပြည်နယ်မှ ဗိုလ်ချုပ်ပြောခဲ့သလိုပင် သူတို့သည် ပြည်သူများကို ဒုက္ခပေးရန် ရည်ရွယ်ချက် လုံးဝမရှိတာ ဖြစ်နိုင်လား။
အချို့လူများ ဝမ်ရန်လီ၏ စကားများကို ယုံကြည်လာခဲ့ကြသော်လည်း အနက်ရောင် မြင်းတပ်ထွက်ခွာသွားသည်နှင့်တစ်ပြိုင်နက် မိသားစုနှင့်အတူ ယိုပင်ခရိုင်မှ ထွက်ပြေးဖို့ ပြင်ဆင်ရန် အိမ်သို့ လျင်မြန်စွာ ပြန်သွားကြသည့် သာမန်ပြည်သူများစွာ ရှိနေသေးသည်။
ဝမ်ရန်လီ ဆုတ်ခွာသွားပြီး မကြာမီပင် ယိုပင်ခရိုင်သို့ တပ်များ ဦးဆောင်ဝင်ရောက်လာသော မုချန်တိန်နှင့် တွေ့ဆုံခဲ့သည်။
ဝမ်ရန်လီ၏ အဓိကတာဝန်မှာ ထွက်ပြေးသည့် ရန်သူများကို လိုက်လံချေမှုန်းရန် ဖြစ်သည်။ မြို့သိမ်းတိုက်ပွဲကိုမူ မုချန်တိန် ဦးဆောင်သော တပ်များက အဓိကဆင်နွှဲရမည် ဖြစ်သည်။
မုချန်တိန်တွင် အမြောက်တပ်များရှိနေသဖြင့် လင်ရန်မြို့၏ ခိုင်ခံ့မှုအားနည်းသော မြိုတံခါးများ မခံနိုင်သည်မှာ သေချာသည်။
ထိုစဉ် ခရိုင်ဝန်ရုံးတွင် အနားယူနေသော ရင်ဖေးယူသည် အပြင်ဘက်မှ မြည်ဟိန်းသံများ ရုတ်တရက် ကြားလိုက်ရသည်။
မကြာမီပင် စစ်သည်တစ်ဦးသည် ရုံးထဲသို့ ပြေးဝင်လာပြီး
“ဗိုလ်ချုပ်။ ဗိုလ်ချုပ်။ မကောင်းတော့ဘူး။ မြောက်ပိုင်းပြည်နယ် တပ်တွေ ရောက်လာပြီ”
ဟု အော်ဟစ်လိုက်သည်။
ရင်ဖေးယူသည် သူ၏လက်ထဲမှ လက်ဖက်ရည်ခွက်ကို ကြမ်းပြင်ပေါ်သို့ ပေါက်ခွဲချလိုက်ပြီး ဒေါသ အလွန်ထွက်နေသော မျက်နှာဖြင့်
“ တောက်”
“မင်းသမီးရဲ့ ထောက်လှမ်းရေး အဖွဲ့အစည်းတွေ ဘာလုပ်နေလဲ။ အားလုံး အသုံးမကျဘူး။”
“မြောက်ပိုင်းပြည်နယ်မှာ ဒီလောက် ကြောက်စရာကောင်းတဲ့ လက်နက်တွေ ရှိတာကို မင်းသမီး ဘာမှ မသိခဲ့ဘူး။”
“ဒီစစ်ပွဲရှုံးရတာတွေ အားလုံး အဲ့ဒီမိန်းမ အသုံးမကျလို့ပဲ။”
ရင်ဖေးယူ အလွန် ဒေါသထွက်လာပြီး နောက်ဆုံးတွင် မင်းသမီးကို ရာထူးဖြင့် မခေါ်ဘဲ “အဲ့ဒီမိန်းမ” ဟုသာ ရည်ညွှန်းပြောဆိုခဲ့သည်။
လူများသည် ကြောက်ရွံ့လာသောအခါ ဒေါသထွက်တတ်ကြ၏။ ရင်ဖေးယူသည် ယခု ဒေါသအထွတ်အထိပ်သို့ ရောက်ရှိနေပြီဖြစ်ရာ အပြစ်အားလုံးကို ဝူကျန်းဝမ်အပေါ် ပုံချလိုသည်။
ဝူကျန်းဝမ်သည် ထောက်လှမ်းရေး အဖွဲ့အစည်းများကို တာဝန်ယူထားသော်လည်း မြောက်ပိုင်းပြည်နယ်တွင် လက်နက်ဆန်းများ ပိုင်ဆိုင်ကြောင်း ထောက်လှမ်းရန် ပျက်ကွက်ခဲ့သဖြင့် သူတို့၏ စစ်သည် သုံးသိန်းတပ်မတော် ရှုံးနိမ့်ခဲ့ရသည်ဟု ရင်ဖေးယူ မြင်သည်။
ထိုစဉ် ဒုဗိုလ်ချုပ်တစ်ဦး ရင်ဖေးယူထံ ချဉ်းကပ်လာပြီး
“ဗိုလ်ချုပ်။ နောက်ဘက်တံခါးကနေ ဆုတ်ခွာကြရအောင်”
ဟု အကြံပြုလိုက်သည်။
ထိုမျှ အစွမ်းထက်သော လက်နက်များကို လင်ရန်မြို့တံခါးများ ခံနိုင်မည်မဟုတ်ပေ။ မြောက်ပိုင်းပြည်နယ် တပ်များက မြို့တစ်မြို့လုံးကို ဝိုင်းရံသွားပါက နောက်ပိုင်းတွင် ဆုတ်ခွာနိုင်တော့မည် မဟုတ်ချေ။
ထိုစကားကို ကြားသောအခါ ရင်ဖေးယူ သတိပြန်ဝင်လာပြီး သူ၏စိတ်များကို စုစည်းလိုက်သည်။
သို့သော် ယိုပင်ခရိုင်သည် ကျူးနိုင်ငံတော်နှင့် ဝူနိုင်ငံတော်ကြားတွင် တည်ရှိနေပြီး သူသာ လင်ရန်မြို့ကို စွန့်ပစ်၍ တိုက်ရိုက်ထွက်ပြေးပါက ကျူးနိုင်ငံတော်သို့ ဝင်ရောက်လာသော အဓိကတပ်များ၏ ထောက်ပို့လမ်းကြောင်းများ ပြတ်တောက်သွားနိုင်သည်။ သူ နေပြည်တော်သို့ ထွက်ပြေးလွတ်မြောက်ခဲ့လျှင်ပင် စစ်ဥပဒေဖြင့် ရင်ဆိုင်ရမည် ဖြစ်သည်။
ထိုအချက်ကို စဉ်းစားမိသောအခါ ရင်ဖေးယူ လက်သီး ဆုပ်လိုက်ပြီး
“မဆုတ်ခွာနိုင်ဘူး!။ အခု ဆုတ်ခွာရင် ယိုပင်ခရိုင်ကို လက်လွှတ်ရမယ်။ ယိုပင်ခရိုင် အသိမ်းခံရရင် ကျုပ်ပြန်သွားနိုင်ရင်တောင် ခေါင်းပြတ်လိမ့်မယ်။”
“မြောက်ပိုင်းပြည်နယ် တပ်တွေကို မဖျက်ဆီးနိုင်ဘူးလို့ ကျုပ်မယုံဘူး။”
ထို့သို့ပြောပြီး ရင်ဖေးယူ သူ၏ဓားကို ဆွဲကိုင်ကာ လင်ရန်မြို့တံခါးများဆီသို့ ဦးတည်သွားသည်။
မြို့သိမ်းတိုက်ပွဲ စတင်နေပြီ ဖြစ်သည်။
မြို့ရိုးပေါ်သို့ အမြောက်ဆံများစွာ ကျရောက်ခဲ့ပြီး နေရာအနှံ့အပြားတွင် မြေကျင်းများ ဖြစ်ပေါ်စေခဲ့သည်။
ဝူနိုင်ငံတော် စစ်သည်များသည် အမြောက်များကြောင့် ကြောက်လန့်တုန်လှုပ်နေကြသော်လည်း ကျောင်မောင်းလက်နက်များ၊ လေးမြားများဖြင့် ပြန်လည်တိုက်ခိုက်နေကြသေးသည်။ သို့သော် သူတို့၏ တိုက်ခိုက်မှုသည် မုချန်တိန်၏ တပ်ဖွဲ့များအပေါ်အကျိုးသက်ရောက်မှု အနည်းငယ်သာ ရှိသည်။
မြောက်ပိုင်းပြည်နယ် အမြောက်များ၏ ပစ်ခတ်နိုင်သည့် အကွာအဝေးသည် ပုံမှန် လေးသမားများ ပစ်ခတ်ထိမှန်နိုင်သော အကွာအဝေးကို အခြေခံအားဖြင့် ကျော်လွန်နေ၏။ အဆင့်ကိုး သိုင်းပညာရှင် သို့မဟုတ် ထို့ထက်မြင့်သူများ မဟုတ်ပါက အဝေးမှ မြောက်ပိုင်းပြည်နယ် စစ်သည်များကို ထိမှန်ရန် အလွန်ခက်ခဲ ပေလိမ့်မည်။
မြို့ရိုးပေါ်သို့ ရောက်ရှိပြီးနောက် နေရာအနှံ့အပြားတွင် ပျက်စီးနေသော အပျက်အစီးများကို မြင်သောအခါ ရင်ဖေးယူ၏မျက်နှာ ဖြူဖတ်ဖြူရော် ဖြစ်သွားသည်။
သို့သော် မကြာမီပင် သူ တစ်စုံတစ်ခုကို သတိပြုမိလိုက်သည်။
မြောက်ပိုင်းပြည်နယ်၏ လက်နက်များသည် အလွန်အစွမ်းထက်သော်လည်း ပစ်အားနည်းလာပုံရသည်။ မကြာမီပင် အမြောက်ဆံကျရောက်မှု ကျဲလာပြီး စစ်သည်များလည်း ကျရောက်မည့်နေရာများကို ကြိုတင်မှန်းဆ၍ ရှောင်ရှားလာနိုင်သည်။
အမြောက်ဆံ အရေအတွက် ရုတ်တရက် ကျဆင်းသွားသည်ကို သဘောပေါက်လိုက်သောအခါ ရင်ဖေးယူ ရယ်မောလိုက်ပြီး
“လက်နက်ဆိုတာက အစွမ်းထက်လေ တန်ဖိုးက ကြီးလေပဲ။ ဒီသံလုံးတွေက ဒီလောက် အစွမ်းထက်ပေမဲ့ ထုတ်လုပ်ဖို့ ခက်ခဲမှာပဲ။ သူတို့ရဲ့ အရေအတွက်က အကန့်အသတ် ရှိမှာ သေချာတယ်။”
“မြောက်ပိုင်းပြည်နယ်ရဲ့ တိုက်ခိုက်မှု ဒီလို အားပျော့သွားတာက လက်နက်တွေ မကြာခင် ကုန်တော့မယ်ဆိုတာကို သက်သေပြနေတာပဲ။ နန်းတွင်းက စစ်ကူတွေ မရောက်မချင်း ငါတို့ ခုခံထားနိုင်ရင် တန်ပြန်တိုက်ခိုက်ဖို့ အခွင့်အရေး ရလိမ့်မယ်။”
ရင်ဖေးယူ၏ စကားများကြောင့် သူ၏ ဗိုလ်ချုပ်များနှင့် စစ်သည်များ အားလုံး အားတက်သွားကြသည်။
ထိုမျှ အစွမ်းထက်သော လက်နက်မျိုးသည် ထုတ်လုပ်နိုင်ရန် မယုံနိုင်လောက်အောင် ခက်ခဲပြီး အများအပြားလည်း ထုတ်လုပ်မည် မဟုတ်ပေ။
မြောက်ပိုင်းပြည်နယ်၏ တပ်ဖွဲ့များက ထိုလက်နက် အမြောက်အမြားကို အသုံးပြုပြီးဖြစ်၍ ကုန်ခါနီးလောက်ပြီဖြစ်သည်။ ထိုသံလုံးများကို အသုံးပြု၍ မြို့တံခါးများကို ဖောက်ခွဲနိုင်ခဲ့လျှင်ပင် ဝူစစ်သည်များက ကျိုးပေါက်သွားသည့်နေရာကို ကာကွယ်နိုင်သရွေ့ မြောက်ပိုင်းပြည်နယ် စစ်သည်များ ဝင်ရောက်လာနိုင်မည် မဟုတ်ပေ။
.........
အခန်း (၅၇၆)
မြောက်ပိုင်းပြည်နယ်ကို ဘယ်သူ အုပ်ချုပ်သင့်လဲ
ရင်ဖေးယူ၏ အကြံမှာ ကောင်းမွန်သော်လည်း လက်တွေ့ဘဝက ရက်စက်သည်။
မြောက်ပိုင်းပြည်နယ်၏ တိုက်စစ်အား နည်းလာခြင်းနှင့် အမြောက်သံများ လျော့ကျလာခြင်း၏ အဓိကအကြောင်းအရင်းမှာ မုချန်တိန် ဦးဆောင်သော ရှေ့တန်းတပ်ဖွဲ့များ အလွန် လျင်မြန်စွာ ချီတက်လာခဲ့မှုကြောင့်ဖြစ်၏။ အမြောက်တပ်ဖွဲ့များက သူတို့ကို လိုက်မမီသေးပေ။
အမြောက်တပ်ဖွဲ့တွင် အများစုမှာ သာမန်စစ်သည်မျာ ဖြစ်သဖြင့် လေးလံသော အမြောက်ကြီးများကို သယ်ယူပို့ဆောင်ရန်က စိန်ခေါ်မှုတစ်ရပ်ဖြစ်သည်။
မုချန်တိန် ဦးဆောင်သော ရှေ့တန်းတပ်ဖွဲ့တွင် အမြောက်ကြီး အနည်းငယ်သာ ပါဝင်ပြီး အမြောက်ဆံလည်း အကန့်အသတ်ရှိ၏။ ကျန်သည်မှာ မြို့ကို တိုက်ခိုက်ရာတွင် အားသာချက်သိပ်မရှိသည့် စိန်ပြောင်းငယ်များသာ ဖြစ်သည်။
ထို့ကြောင့် ညဘက်တွင် အမြောက်တပ်ဖွဲ့ ရောက်ရှိလာသည်နှင့်တစ်ပြိုင်နက် ဆက်လက်တိုက်ခိုက်ရန် မုချန်တိန် စောင့်ဆိုင်းနေခြင်းဖြစ်သည်။
ယနေ့ လင်ရန်မြို့ကို အပြီးသတ် သိမ်းပိုက်ပြီး ကျူးနိုင်ငံတော်ထဲသို့ ဝင်ရောက်လာသော ဝူနိုင်ငံတော်၏ အဓိကတပ်ဖွဲ့များအတွက် ထောက်ပို့လမ်းကြောင်းကို ဖြတ်တောက်ပြီး ဝူတပ်မတော် အထောက်အပံ့မဲ့သွားစေရန် မုချန်တိန် ကြံစည်ထားသည်။
နေ့လယ်ဘက်တွင် မြောက်ပိုင်းပြည်နယ်တပ်မတော်၏ တိုက်စစ် ရပ်တန့်သွားခဲ့သည်။ မြောက်ပိုင်းတပ်ဖွဲ့များသည် လင်ရန်မြို့နှင့် အကွာအဝေးတစ်ခုတွင် စခန်းချခဲ့ကြပြီး ဝိုင်းရံတိုက်ခိုက်ရန် ပြင်ဆင်နေပုံရသည်။
ထိုအချိန်တွင် ရင်ဖေးယူသည် မြို့ရိုးပေါ်တွင် ရပ်လျက် အဝေးမှ မြောက်ပိုင်းပြည်နယ်စစ်စခန်းကို ကြည့်နေ၏။ ထိုလက်နက်ဆန်းများ နည်းပါးသွားသဖြင့် တိုက်ခိုက်မှုကို ရပ်ဆိုင်းလိုက်ခြင်းဖြစ်သည် ဟူသော သူ၏ အယူအဆလည်း ပိုမိုခိုင်မာလာခဲ့သည်။
ထို့ကြောင့် နန်းတွင်းမှ စစ်ကူများ ရောက်ရှိလာသည်အထိ ခုခံကာကွယ်ထားနိုင်မည်ဟု သူ ယုံကြည်လိုက်သည်။ လင်ရန်မြို့တွင် လုံလောက်သော စားနပ်ရိက္ခာများ ရှိသဖြင့် လအနည်းငယ်ကြာအောင် အခက်အခဲမရှိ ခုခံနိုင်မည်ဖြစ်သည်။
.......
နေဝင်ရီတရောအချိန်တွင် မီးလျှံကဲ့သို့ နီမြန်းသော နေလုံးသည် အနောက်ဘက်သို့ တဖြည်းဖြည်း ကျဆင်းနေပြီး နီမြန်းသော နေရောင်ခြည်သည် လူများကို ကြေးနီရောင်သို့ ပြောင်းလဲစေခဲ့သည်။
မြောက်ပိုင်းပြည်နယ်၏ အမြောက်တပ်ဖွဲ့များ နေရာယူပြီးပြီဖြစ်၏။ မုချန်တိန်၏ တိုက်ခိုက်ရန် အမိန့်ကိုသာ စောင့်ဆိုင်းနေခြင်းဖြစ်သည်။ မုချန်တိန်သည်လည်း အချိန်ဖြုန်းရန် ရည်ရွယ်ချက်မရှိသဖြင့် တိုက်ခိုက်ရန် အချက်ပေးခရာကို ချက်ချင်း မှုတ်ခိုင်းလိုက်သည်။
ထိုအချိန်အထိ ရင်ဖေးယူတစ်ယောက် အခြေအနေ၏ ပြင်းထန်မှုကို လုံးဝမသိသေးပေ။ ခရိုင်ဝန်က သူ့အတွက် ပြင်ဆင်ထားသည့် စံအိမ်သို့ ပြန်ရောက်နေပြီဖြစ်ကာ အနားယူရန် ပြင်ဆင်နေသည်။
ထိုစဉ် ပေါက်ကွဲသံကြီးတစ်ခုက ရင်ဖေးယူ၏ ယုံကြည်ချက်များကို ဖျက်ဆီးလိုက်၏။
“ဗိုလ်ချုပ်။ အခြေအနေမကောင်းတော့ဘူး။ မြောက်ပိုင်းပြည်နယ် စစ်သားတွေ နောက်ထပ် ထပ်တိုက်နေကြပြီ”
ဟု စစ်သားတစ်ဦးက အော်ဟစ်ကာ စံအိမ်အတွင်းသို့ ပြေးဝင်လာခဲ့သည်။
ရင်ဖေးယူ မျက်မှောင်ကြုတ်လိုက်မိသည်။ ဘာဖြစ်နေတာလဲ။ မြောက်ပိုင်းတပ်တွေ မှာ အဲဒီ ကြောက်စရာကောင်းတဲ့ လက်နက်တွေ ရှိနေသေးတာလား။
သူတို့ အများကြီး သုံးထားပြီးပြီမဟုတ်လား။ ဘယ်လိုလုပ် ရှိနေနိုင်သေးတာလဲ။
ရင်ဖေးယူ များများစားစား စဉ်းစားမနေတော့ပဲ သူ၏ ဓားကို ချက်ချင်း ပြန်ကောက်ကိုင်ကာ မြို့ရိုးဆီသို့ အလျင်အမြန် မြင်းစီး၍ ထွက်သွားလိုက်သည်။
ရင်ဖေးယူ မြို့ရိုးပေါ်သို့ ရောက်သည်နှင့်တစ်ပြိုင်နက် မြို့ရိုးအနှံ့အပြားတွင် အပျက်အစီးများဖြင့် ပြည့်နေသည်ကို တွေ့လိုက်ရ၏။ အချို့နေရာများက သိသိသာသာ ပြိုကျနေပြီဖြစ်သည်။ အမြောက်ဆံမျာ ဆက်လက်ကျရောက်နေပါက မြို့တံခါးများ မကျိုးပျက်မီပင် မြို့ရိုးများ ကြီးကြီးမားမား ပြိုပျက်သွားနိုင်မည်။
ရင်ဖေးယူ၏ မျက်နှာ အလွန်မှောင်မိုက်သွားသည်။
မြို့ရိုးဆီသို့ အဆက်မပြတ် ပျံသန်းလာသော အမြောက်ဆံများကို မြင်သောအခါ မြောက်ပိုင်းပြည်နယ်သည် ဤလျှို့ဝှက်ဆန်းကြယ်သော လက်နက်များ လုံးဝမရှားပါးကြောင်း ရင်ဖေးယူ သဘောပေါက်လိုက်သည်။ သူတို့ ခုနက အပစ်ရပ်သွားခြင်းက ကိစ္စတစ်ခုခု သို့မဟုတ် အစီအစဉ်တစ်ခုကြောင့် ဖြစ်လိမ့်မည်။
ဒီလို ဆက်သွား၍ မရတော့ပါ။
ထိုစဉ် ဒုဗိုလ်ချုပ်တစ်ဦးက ရင်ဖေးယူအား
“ဗိုလ်ချုပ်။ ကြည့်ပါဦး။ အဲဒီ အမြောက်ကျည်ဆန်တွေ အကုန်လုံး အဲဒီပြွန်တွေကနေ ထွက်လာတာပဲ။”
ထိုစကားကို ကြားသောအခါ ရင်ဖေးယူ ဒုဗိုလ်ချုပ် ညွှန်ပြရာဘက်သို့ ချက်ချင်း လိုက်ကြည့်၏။ ထိုစဉ် သံလုံးကြီးတစ်လုံး ပြွန်တစ်ခုမှ ပျံထွက်လာသည်ကို အမှန်တကယ် မြင်လိုက်ရသည်။
ထိုပြွန်များကို ဖျက်ဆီးနိုင်လျှင် သံလုံးများကို ပစ်လွှတ်ခြင်းမှ တားဆီးနိုင်မည်လားဟု ရင်ဖေးယူ တွေးလိုက်မိသည်။
ထိုအတွေးဖြင့် ရင်ဖေးယူက သူ့ဘေးရှိ ဒုဗိုလ်ချုပ်ကို ချက်ချင်း အမိန့်ထုတ်လိုက်သည်။
“ဒုဗိုလ်ချုပ် ရွယ်။ ခင်ဗျားက ဒီမှာ မြောက်ပိုင်းပြည်နယ်တပ် တိုက်ခိုက်မှုကို ဆက်ပြီး တားဆီးထားပါ။ ကျုပ်က မြင်းတပ်နဲ့ အဲဒီပြွန်တွေကို သွားဖျက်ဆီးမယ်”
“ဟုတ်ကဲ့ ဗိုလ်ချုပ်။”
ထို့နောက် ရင်ဖေးယူ မြို့ရိုးပေါ်မှ ဆင်းလာပြီး မြင်းတပ်သား ငါးထောင်ကို ချက်ချင်း ဦးဆောင်ကာ ဘေးတောင်ပံမှ မြောက်ပိုင်းပြည်နယ်၏ အမြောက်တပ်စခန်းဘက်သို့ အမြန်ဆုံးနှုန်းဖြင့် ချီတက်ကာ “သံလုံးပစ်ပြွန်များ” ဟု သူတို့ယူဆထားသည်များ အားလုံးကိုဖျက်ဆီးရန် စီစဉ်လိုက်သည်။
ရင်ဖေးယူ ဤသို့ အသည်းအသန် လုပ်ဆောင်ရခြင်းမှာ လင်ရန်မြို့ကို ဘယ်လိုအခြေအနေမျိုးတွင်မှ မဆုံးရှုံးရရန်ဖြစ်သည်။ အကယ်၍ လင်ရန်မြို့ ကျဆုံးသွားပါက သူ ကံကောင်းနိုင်မည် မဟုတ်ချေ။ နန်းတွင်းစစ်ကူများ ရောက်ရှိလာသည်အထိ မြို့ကို ထိန်းသိမ်းထားနိုင်ရန် တတ်နိုင်သမျှ လုပ်ဆောင်ရမည်ဖြစ်သည်။
ယိုပင်ခရိုင် ကျဆုံးပြီး ဝူနိုင်ငံတော်၏ အဓိကတပ်ဖွဲ့များအတွက် ထောက်ပို့လမ်းကြောင်း ဖြတ်တောက်ခံရပါက မြောက်ပိုင်းပြည်နယ်ကို ချေမှုန်းမည့် စစ်ဆင်ရေး ကျရှုံးပြီဟု အခြေခံအားဖြင့် ယူဆနိုင်ပြီဖြစ်သည်။ ပိုဆိုးသည်က ဝူနိုင်ငံတော်၏ အဓိကတပ်ဖွဲ့များကို မြောက်ပိုင်းပြည်နယ်က အမြစ်ဖြတ် ချေမှုန်းနိုင်သည်အထိ ဖြစ်သွားနိုင်ခြေပင်။
ဝူနိုင်ငံတော်၏ အဓိကတပ်ဖွဲ့များ ပြန်လည်ဆုတ်ခွာပါက ယိုပင်ခရိုင်ကို သိမ်းပိုက်ထားသော မြောက်ပိုင်းပြည်နယ် စစ်သားများနှင့် တိုက်ခိုက်ရလိမ့်မည်။ ထိုကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော လက်နက်များကို ပိုင်ဆိုင်ထားသော မြောက်ပိုင်းပြည်နယ်တပ်များကို ဝူနိုင်ငံတော်၏ အဓိကတပ်ဖွဲ့များပင် အောင်ပွဲရရန် ခက်ခဲပေလိမ့်မည်။
မုချန်တိန်သည် မြောက်ပိုင်းပြည်နယ် စစ်သည်များကို ဝိုင်းရံတိုက်ခိုက်ရန် အမိန့်ပေးနေစဉ် ရုတ်တရက် မြင်းတပ်ဖွဲ့ငယ်တစ်ခု ဘေးဘက်မှ ထွက်ပေါ်လာကာ အမြောက်တပ်စခန်းဆီသို့ တိုက်ရိုက် ဦးတည်သွားသည်ကို မြင်လိုက်ရသည်။ မုချန်တိန်၏ နှုတ်ခမ်းထက်တွင် အပြုံးတစ်ခု ပေါ်လာ၏။ သူသည် ရင်ဖေးယူနှင့် သူ၏ လူများ ထွက်ပေါ်လာရန် စောင့်ဆိုင်းနေခဲ့ခြင်းဖြစ်ပြီး သူ၏တွက်ဆချက် မှန်ကန်နေ၏။
သို့သော် မြောက်ပိုင်းပြည်နယ်၏ အမြောက်တပ်စခန်းကို ဖျက်ဆီးရန် မလွယ်ကူပေ။
မုချန်တိန် ချက်ချင်းအမိန့်ထုတ်လိုက်သည်။
“အမြောက်တပ်ရင်း နှစ်။ မြင်းတပ်သားတွေကို ပစ်မှတ်ထားပြီး မသက်မညှာ ဖျက်ဆီးပစ်။”
အမိန့်ပေးလိုက်သည်နှင့် ဗုံသံများ ရုတ်တရက် ထွက်ပေါ်လာပြီး အမြောက်တပ်ရင်း နှစ် မှ စစ်သားများလည်း သူတို့၏ အမြောက်ပြောင်းများကို ချက်ချင်း လှည့်ကာ ရင်ဖေးယူ၏ မြင်းတပ်ကို ပစ်မှတ်ထားလိုက်ကြသည်။ နောက်တစ်ခဏတွင် အမြောက်ဆံမိုးများ မြင်းတပ်ကြားတွင် ရွာကျလာတော့သည်။
ချက်ချင်းဆိုသလိုပင် မြင်းရောလူပါ အပိုင်းပိုင်း ပြတ်ထွက်သွားပြီး သူတို့၏ ခြေလက်များ လေထဲတွင် လွင့်စင်သွားကြသည်။
သို့သော် ရင်ဖေးယူ မဆုတ်ခွာခဲ့ချေ။ အဘယ်ကြောင့်ဆိုသော် ဒါက သူ၏ နောက်ဆုံးအခွင့်အရေးဖြစ်ကြောင်း သူသိနေသောကြောင့်ဖြစ်သည်။ ယခု ဆုတ်ခွာပါကလည်း ထိုသံလုံးများဖြင့် ဆက်လက်ဗုံးကြဲခံရဦးမည်ဖြစ်၏။ ထိုသံလုံးများကို ပစ်လွှတ်သည့် ကိရိယာများကို ရအောင်ဖျက်ဆီးပစ်ရမည် ဖြစ်သည်။
ရင်ဖေးယူနှင့် သူ၏လူများသည် ကောင်းကင်မှ မိုးရွာသလို ရွာကျလာသော သံလုံးများကို ရှောင်တိမ်းရင်း အမြောက်တပ်စခန်းဆီသို့ ဆက်လက်ဦးတည်လာကြသည်။ အမြောက်တပ်၏ ပစ်ခတ်နိုင်သည့် အကွာအဝေးက ကျယ်ပြန့်သော်လည်း ရင်ဖေးယူနှင့် သူ၏တပ်ဖွဲ့များသည် အမြောက်တပ် တပ်စွဲထားသည့် နေရာအနီးသို့ ရအောင်ချဉ်းကပ်နိုင်ခဲ့သည်။
သို့သော် နောက်တစ်ခဏတွင် ရုတ်တရက် ခြေလျင်တပ်သားအချို့သည် ချဉ်းကပ်လာသော မြင်းတပ်ကို အကွာအဝေးတစ်ခုမှ သူတို့၏ သံတုတ်ကဲ့သို့ လက်နက်များဖြင့် စတင်တိုက်ခိုက်လာကြသည်။ ရင်ဖေးယူနှင့် သူ၏လူများ တုံ့ပြန်နိုင်ခြင်း မရှိသေးမီပင် ကျည်ဆန်များ သူတို့ဆီသို့ တရစပ် ပျံသန်းလာတော့သည်။
အမြောက်ဆံ ပစ်ခတ်မှုနှင့် ကျည်ဆန်များကြောင့် မြောက်ပိုင်းပြည်နယ်၏ အမြောက်တပ်စခန်းသည် မီးတံတိုင်းတစ်ခုသဖွယ် ဖြစ်ပေါ်နေသဖြင့် ရင်ဖေးယူ၏ မြင်းတပ်သည် မည်သို့ ကြိးစားစေကာမူ ထိုးဖောက်ဝင်ရောက်ရန် မဖြစ်နိုင်တော့ချေ။
သူ့ဘေးတွင် စစ်သားများ ကျဆုံးနေသည်ကို မြင်သောအခါ အခြေအနေ ဘယ်လိုမှ မကောင်းနိုင်တော့ကြောင်း ရင်ဖေးယူ သဘောပေါက်လိုက်သည်။ သူက မြင်းကို ချက်ချင်းလှည့်ကာ
“ဆုတ်ခွာကြ”
ဟု အော်ဟစ်လိုက်သည်။
ထို့နောက် ရင်ဖေးယူလည်း အမြောက်ကျည်ဆန်များကို ရှောင်တိမ်းရင်း စစ်မြေပြင်မှ အလျင်အမြန် ဆုတ်ခွာခဲ့တော့သည်။ ထိုအချိန်တွင် မြို့ကိုဝိုင်းရံတိုက်ခိုက်မှု မပြီးသေးသဖြင့် ဝမ်ရန်လီနှင့် သူ၏တပ်ဖွဲ့များက ရင်ဖေးယူ၏ မြင်းတပ်ကို လိုက်မတိုက်ခဲ့ကြချေ။
ရှေ့တန်းတပ်ဖွဲ့များ၏ အဓိကတာဝန်မှာ လင်ရန်မြို့ကို သိမ်းပိုက်ပြီးနောက် ယိုပင်ခရိုင် တစ်ခုလုံးကို ထိန်းချုပ်ရန်ဖြစ်သည်။ ရင်ဖေးယူ၏ အောင်ပွဲမရခဲ့သည့် စစ်သည်များ ထွက်ပြေးသွားလျှင်လည်း အရေးမကြီးချေ။
ရင်ဖေးယူနှင့် မကျဆုံးပဲ ကျန်နေသော မြင်းတပ်သား ရာဂဏန်းတို့သည် မြို့ထဲသို့ ချက်ချင်းပြန်ဝင်ကာ မြို့ကိုကာကွယ် နေသော စစ်သည်များဖြင့် ပူးပေါင်းခြင်းပင် မပြုတော့ပဲ ယိုပင်ခရိုင်၏ အနောက်မှမြို့သို့ တိုက်ရိုက် ဆုတ်ခွာပြေးခဲ့ကြသည်။
မြောက်ပိုင်းပြည်နယ်၏ ကြောက်မက်ဖွယ်ကောင်းသော အင်အားကို ရင်ဖေးယူ သဘောပေါက်လာခဲ့ပြီဖြစ်သည်။ သူတို့၏ စစ်သည်များသည် မြောက်ပိုင်းပြည်နယ်၏ တပ်များကို လုံးဝယှဉ်နိုင်ခြင်းမရှိချေ။ မြောက်ပိုင်းပြည်နယ်၏ လက်နက်များသည် အလွန် ခေတ်မီလွန်းလှ၏။ သူတို့၏ အဆင့် ကိုး သိုင်းပညာရှင်များကိုပင် သာမန်လူများကဲ့သို့ ဖြစ်သွားစေခဲ့သည်။ ဤတိုက်ပွဲသည် သူတို့အတွက် အနိုင်ရဖို့ မဖြစ်နိုင်သော တိုက်ပွဲဖြစ်သည်။
ရင်ဖေးယူ၏ စိတ်ထဲတွင် အပြစ်ကို မည်သို့ပြောင်းရွှေ့ရမည်ကိုသာ စဉ်းစားနေခဲ့သည်။ စစ်ပွဲသည် မလွဲမသွေ ရှုံးနိမ့်တော့မည်ဖြစ်သဖြင့် မြောက်ပိုင်းပြည်နယ်၏ လက်နက်များ အကြောင်းကို အရေးပေါ် ကိစ္စတစ်ခုအဖြစ် နန်းတွင်းသို့ သတင်းပို့ပြီး ဤတိုက်ပွဲ ရှုံးနိမ့်ရခြင်းမှာ သူ၏ အပြစ်မဟုတ်ပဲ မင်းသမီး ဝူကျန်းဝမ်၏ အပြစ်ဖြစ်ကြောင်း သူတို့ကို နားလည်အောင် လုပ်ရမည်။
ထိုအမျိုးသမီးက မြောက်ပိုင်းပြည်နယ်၏ ကြောက်မက်ဖွယ်ကောင်းသော လက်နက်များအကြောင်းကို အချိန်မီ မသိရှိစေခဲ့သည့်အတွက် စစ်ရှုံးကာ လင်ရန်မြို့ ကျဆုံးခြင်းသို့ ဦးတည်သွားခဲ့ခြင်းဖြစ်သည်။
လင်ရန်မြို့၏ ဒုဗိုလ်ချုပ်သည် ရင်ဖေးယူ ပြန်လာ၍ မြို့ကို ကာကွယ်နေမှုကို လာရောက်ကွပ်ကဲရန် စောင့်ဆိုင်းနေခဲ့သော်လည်း သူ ဘယ်တော့မှ ပေါ်မလာခဲ့ချေ။ ထိုအချိန်တွင်ပင် မြို့တံခါးများ ကျိုးပျက်သွားတော့သည်။
လင်ရန်မြို့ကို ကာကွယ်နေသော စစ်သားများသည် မြောက်ပိုင်းပြည်နယ် စစ်သားများ အနားမကပ်နိုင်စေရန် တံခါးများဆီသို့ ချက်ချင်း သွားရောက် ခုခံကာကွယ်ခဲ့ကြသည်။ သို့သော် မြောက်ပိုင်းပြည်နယ် တပ်ဖွဲ့များသည် တံခါးများအနားသို့ပင် မကပ်ခဲ့ကြချေ။
ထိုအစား မြို့တံခါးကို ကာကွယ်ရန် ရှေ့သို့ထိုးထွက်လာသော ဝူစစ်သည်များပေါ်သို့ အမြောက်ဆံများ စုပြုံကျရောက်လာသည်။ မြို့တံခါးများကို ကာကွယ်နေသော စစ်သည်များလည်း တစ်စစီ ဖြစ်သွားတော့သည်။
မြို့တံခါးတစ်ဝိုက် ရှင်းလင်းသွားသည်နှင့်တစ်ပြိုင်နက် သေနတ်ကိုင်စစ်သားများနှင့် အနက်ရောင် မြင်းတပ်သားများ မြို့တွင်းသို့ ဝင်ရောက်လာပြီး ဝူစစ်သည်များကို လျင်မြန်စွာ ရှင်းလင်းလိုက်ကြသည်။
အခြေအနေ မျှော်လင့်ချက်မဲ့နေသည်ကို မြင်သောအခါ ဒုဗိုလ်ချုပ်လည်း နောက်ဆုံးတွင် လက်နက်ချရန် ရွေးချယ်ခဲ့သည်။
ထိုသို့ဖြင့် လင်ရန်မြို့သိမ်း တိုက်ပွဲ အဆုံးသတ်ခဲ့၏။ ရလာဒ်အားဖြင့် ဝူစစ်သည် နှစ်သိန်းနီးပါး သေဆုံးပြီး တစ်သိန်းနီးပါးကို ဖမ်းဆီးခံခဲ့ရသည်။ မုချန်တိန်တို့သည် ယိုပင်ခရိုင်ရှိ အရေးကြီးသော မြို့တစ်မြို့ကို အောင်မြင်စွာ ထိန်းချုပ်နိုင်ခဲ့သည်။
ယခု လင်ရန်မြို့ကို စစ်စခန်းအဖြစ် အသုံးပြု၍ ယိုပင်ခရိုင်ရှိ ကျန်မြို့များကို လျင်မြန်စွာ သိမ်းပိုက်ပြီးနောက် ကျူးနိုင်ငံတော်ထဲသို့ ဝင်ရောက်လာသော ဝူနိုင်ငံတော်၏ အဓိကတပ်ဖွဲ့များအတွက် ထောက်ပို့လမ်းကြောင်းကို ဖြတ်တောက်ရန်သာ လိုတော့သည်။
ဤတိုက်ပွဲ၏ ရလဒ်သည် ဝူ နန်းတွင်းနှင့် အခြားသော နိုင်ငံများစွာသို့ လျင်မြန်စွာ ပျံ့နှံ့သွားခဲ့ပြီး အာဏာရှိ အဖွဲ့အစည်းများအားလုံးနီးပါးလည်း မြောက်ပိုင်းပြည်နယ်၏ စစ်ရေးစွမ်းရည်ကို ထိတ်လန့်သွားကြသည်။
........
ဝူနိုင်ငံတော်။
လိကျန်းနန်းတော်။
ထိုအချိန်တွင် နန်းတွင်းရှိ ဝန်ကြီးများသည် လင်ရန်မြို့မှ ဖြစ်ရပ်များကို မသိသေးပဲ ရယ်မောပြောဆိုနေကြသည်။
နဂါးပလ္လင်ပေါ်တွင် ထိုင်နေသော ဝူဧကရာဇ်သည်လည်း ဖြစ်နေသည်များကို မသိသေးပဲ
“မြောက်ပိုင်းပြည်နယ်ကို သိမ်းပိုက်ပြီးရင် အဲ့ဒီပြည်နယ်ကို အုပ်ချုပ်ဖို့ ဘယ်သူက အသင့်တော်ဆုံးလို့ ကျုပ်ရဲ့ ဝန်ကြီးတွေ ယူဆကြလဲ။”
ထိုအခါ ဝန်ကြီးတစ်ဦးက
“မင်းကြီး။ ကျွန်တော် မြင်တာကတော့ ဒီတာဝန်ကို မင်းသား ဝူမင်းကို ပေးအပ်တာ အသင့်တော်ဆုံးလို့ ယူဆပါတယ်။ သူရဲ့ ကြိုးစားမှု၊ ဇွဲလုံ့လနဲ့ ထူးချွန်တဲ့ အရည်အချင်းတွေက မြောက်ပိုင်းပြည်နယ်က သာမန်ပြည်သူတွေကို ဝူနိုင်ငံတော်အပေါ် အမြန်ဆုံး သစ္စာခံလာအောင် လုပ်နိုင်မယ်လို့ အာမခံနိုင်ပါတယ်။”
တစ်ဦးက ပြောဆိုလိုက်သည်နှင့်တစ်ပြိုင်နက် မင်းသား ဝူမင်းအဖွဲ့မှ ဝန်ကြီးများကလည်း
“ကျွန်တော်တို့လည်း မင်းသားဝူမင်းက အသင့်တော်ဆုံးလို့ ထင်ပါတယ်...”
ဟု သဘောတူညီစွာ ထောက်ခံလိုက်ကြသည်။
မြောက်ပိုင်းပြည်နယ်ကို ထိန်းချုပ်ခွင့်ရခြင်း မြောက်ပိုင်းနယ်စားမင်းသား ရှာဖွေရရှိခဲ့သော မြောက်ပိုင်းပြည်နယ်မှ အဖိုးတန်ပစ္စည်းများကို ပိုင်ဆိုင်သွားခြင်းဖြစ်ကြောင်း လူတိုင်း ရှင်းလင်းစွာ နားလည်ထား၏။ ထိုအရာကို မည်သည့်မင်းသားမှ ငြင်းဆန်နိုင်မည် မဟုတ်ပေ။
ထိုပစ္စည်းများသည် အနာဂတ်တွင် အဖိုးမဖြတ်နိုင်သော အကျိုးကျေးဇူးများကို ဆောင်ယူလာနိုင်သော အဖိုးတန်ပစ္စည်းများ ဖြစ်သဖြင့် မင်းသားတိုင်းက လိုချင်ကြသည်။
မကြာမီပင် အခြားမင်းသားအဖွဲ့များမှ ဝန်ကြီးများကလည်း သူတို့၏ မင်းသားများအတွက် ထောက်ခံပြောဆိုလာကြသည်။
ဝန်ကြီးများ ခဏကြာ စကားများပြီးနောက် ဝူဧကရာဇ်က ချိုင်ကျိလျှံဘက်သို့လှည့်ကာ ပြုံးလျက်
“ချိုင် လူကြီးမင်းကရော မြောက်ပိုင်းပြည်နယ်ကို အုပ်ချုပ်ဖို့ ဘယ်သူ့ကို ပေးအပ်သင့်တယ်လို့ ထင်လဲ။”
ချိုင်ကျိလျှံက
“မင်းကြီး စစ်ပွဲက မပြီးသေးပါဘူး။ အခုချိန်မှာ ဒီကိစ္စကို ဆွေးနွေးဖို့က စောလွန်းပါတယ်”
ဟုတည့်တိုးပြောလိုက်သည်။
ထိုစကားကို ကြားသောအခါ ဝူဧကရာဇ်၏ မျက်နှာ ချက်ချင်း မည်းမှောင်သွားပြီး
“ဘာကို ဆိုလိုတာလဲ။ ကျုပ်ရဲ့ စစ်သည် ခြောက်သိန်းက ဒီလို နယ်စားပြည်နယ်လေးတစ်ခုကို မဖျက်ဆီးနိုင်ဘူးလို့ ချိုင်လူကြီးမင်းက သံသယရှိနေတာလား”
ချိုင်ကျိလျှံ ပြန်ဖြေတော့မည့်ဆဲဆဲတွင် ခန်းမအပြင်ဘက်မှ အသံတစ်ခု ရုတ်တရက် ပဲ့တင်ထပ်လာခဲ့သည်။ ထိုအသံမှာ သတင့်းပို့စစ်သည်တစ်ဦးထံမှ ဖြစ်သည်။
“ယိုပင်ခရိုင်က အရေးပေါ်သတင်းပါ။”
............