← Chapters

အခန်း ၅၇၇-၅၇၉

Vol. 39 Ch. 577-579

အခန်း ၅၇၇-၅၇၉

Vol. 39 Ch. 577-579

အခန်း (၅၇၇)

မင်းသမီးကျန်းဝမ်အပေါ် အပြစ်ပုံချခြင်း (၁)

နန်းတော်ဆောင်ပြင်ဘက်မှ အသံကို ကြားလိုက်ရသည်နှင့် အတွင်းရှိ ဝန်ကြီးများ ချက်ချင်းပင် စိတ်လှုပ်ရှားသွားကြသည်။

ယိုပင်ခရိုင်က အရေးပေါ်သတင်းလား။

ယိုပင်ခရိုင်သည် ယုံအန်းခရိုင်နှင့် နယ်နိမိတ်ချင်း ထိစပ်နေသည်။ ယိုပင်ခရိုင်မှ ဤတိုက်ပွဲသတင်း ရောက်လာခြင်းသည် ဝူနိုင်ငံတော်၏ တပ်များ ယုံအန်းခရိုင်ကို သိမ်းပိုက်ပြီးပြီဟု မဆိုလိုပေဘူးလား။

သို့သော် တစ်ဖန်ပြန်တွေးကြည့်လျှင် မြောက်ပိုင်းပြည်နယ်၏ စစ်တပ်က ဒီလောက်တောင် အသုံးမကျဘူးလား။

ထိုအချိန်တွင် ချိုင်ကျိလျှံကတော့ မျက်မှောင်ကြုတ်လျက် မျက်နှာပျက်နေကာ စိုးရိမ်ပူပန်သော အရိပ်အယောင်များ ပေါ်လွင်နေသည်။

ဝူနိုင်ငံတော်၏ စစ်သည်သုံးသိန်းသည် တိုက်ပွဲစတင်ပြီး မကြာမီ ယုံအန်းခရိုင်ကို သိမ်းပိုက်နိုင်လိမ့်မည်ဟု သူ မယုံကြည်ပေ။ ယုံအန်းခရိုင်ကို သံချပ်ကာ မြင်းတပ် ငါးသောင်းဖြင့် ကာကွယ်ထားပြီး မြောက်ပိုင်းပြည်နယ်က စစ်သည် ထောင်ပေါင်းများစွာကို ထိုနေရာတွင် တပ်စွဲထားသည်။

ထို့ပြင် ဝူနိုင်ငံတော်၏ တပ်များက ယုံအန်းခရိုင်ကို အမှန်တကယ် လျင်မြန်စွာ သိမ်းပိုက်နိုင်ခဲ့ပါကလည်း ထိုနေရာရှိ မြောက်ပိုင်းပြည်နယ်၏ တပ်ဖွဲ့များ အရေအတွက် မလုံလောက်ခဲ့ကြောင်း ဖော်ပြနေပေလိမ့်မည်။ ထို့ကြောင့် မြောက်ပိုင်းပြည်နယ်၏ တပ်များသည် အခြားနေရာများသို့ ရွှေ့ပြောင်းသွားနိုင်ချေ အလွန်မြင့်မားသည်။

ယုံအန်းခရိုင်ကို သိမ်းပိုက်ရသည်မှာ လွယ်ကူလေလေ မြောက်ပိုင်းပြည်နယ်၏ အဓိကတပ်များ အခြားနေရာများတွင် ပိုမိုပြင်းထန်စွာ ခုခံလေလေ ဖြစ်လိမ့်မည်။

ဘယ်လိုယူဆယူဆ ယိုပင်ခရိုင်မှ တိုက်ပွဲသတင်းသည် သတင်းကောင်း မဖြစ်နိုင်ပေ။

ချိုင်ကျိလျှံ ထိုသို့တွေးနေစဉ် သတင်းပို့ စစ်သည် ခန်းမဆောင်ထဲသို့ ဝင်လာသည်။ သူက ချက်ချင်းဒူးထောက်လိုက်ပြီး ဝန်ကြီးတို့၏ မျှော်လင့်တကြီး စောင့်စားနေသည့် အကြည့်များအောက်တွင် ကျယ်လောင်စွာ ကြေညာလိုက်သည်။

“ယိုပင်ခရိုင်က အရေးပေါ် ခိုစာရောက်ရှိလာပါတယ်။ ဗိုလ်ချုပ်ရင်ဖေးယူရဲ့ စစ်သည်သုံးသိန်းတပ်ဟာ မြောက်ပိုင်းပြည်နယ်ရဲ့ စစ်တပ်ကို ရှုံးနိမ့်သွားပါပြီ။ ဗိုလ်ချုပ်ရင်ဖေးယူဟာ လင်ရန်မြို့ကို ဆုတ်ခွာသွားပြီး လက်ရှိအခြေအနေကိုတော့ မသိရသေးပါ။”

ထိုစကားများကို ကြားလိုက်သည်နှင့် ခန်းမဆောင်တစ်ခုလုံး ဆူညံသွားသည်။

သူတို့အားလုံး မြောက်ပိုင်းပြည်နယ် ရှုံးနိမ့်သည်ဟု ထင်ခဲ့ကြသော်လည်း ဝူနိုင်ငံတော်ဘက်က ရှုံးနိမ့်ခဲ့ခြင်း ဖြစ်နေသည်။

ထိုသို့ မဖြစ်သင့်ပါ။

ရင်ဖေးယူသည် စစ်ပွဲပေါင်းများ တိုက်ခိုက်ဖူးသည့် ဝါရင့် စစ်ဗိုလ်ချုပ်တစ်ဦးဖြစ်သည်။ ဝူနိုင်ငံတော်၏ စစ်သည်များအားလုံးသည် ထိပ်တန်းစစ်သည်များဖြစ်ကြသည်။ အဘယ့်ကြောင့် ဤမျှတိုတောင်းသော အချိန်အတွင်း ရှုံးနိမ့်ရမည်နည်း။ ရက်အနည်းငယ်သာ ရှိသေးသည်။ ယုံအန်းခရိုင်တွင် ဘာတွေဖြစ်ပျက်ခဲ့သနည်း။

ယခုရောက်လာသည်က ခိုစာဖြစ်သည်။ ခိုစာများကို အရေးပေါ်သတင်းများအတွက် အများအားဖြင့် အသုံးပြုပြီး အသေးစိတ် ဖော်ပြလေ့မရှိပေ။ စစ်ပွဲအစီရင်ခံစာ နေပြည်တော်သို့ ရောက်ရှိမှသာ အခြေအနေအပြည့်အစုံကို သိကြရလိမ့်မည်။

သို့သော် မည်သည့်အကြောင်းကြောင့် ဖြစ်‌ စေ ရှုံးနိမ့်မှုက ရှုံးနိမ့်မှုပင်။

ရလဒ်က ယခု သေချာသလောက် ရှိနေပြီဖြစ်သည်။

ရင်ဖေးယူ၏ ရှုံးနိမ့်မှုက လင်ရန်မြို့ အန္တရာယ်ကျရောက်နေခြင်းကို ဆိုလိုသည်။ လင်ရန်မြို့ ကျဆုံးပါက ယိုပင်ခရိုင်ကို မြောက်ပိုင်းပြည်နယ်က အနှေးနှင့်အမြန် သိမ်းပိုက်တော့မည်ဖြစ်သည်။

ယိုပင်ခရိုင်သည် အဓိကတပ်ဖွဲ့များအတွက် အရေးပါသော ထောက်ပို့လမ်းကြောင်းဖြစ်သည်။ ယိုပင်ခရိုင် သိမ်းပိုက်ခံရပါက ဝူနိုင်ငံတော်၏ အဓိကတပ်ဖွဲ့များအတွက် ထောက်ပို့လမ်းကြောင်း လုံးဝပြတ်တောက်သွားလိမ့်မည်။ အကယ်၍ အဓိကတပ်ဖွဲ့များက မြောက်ပိုင်းပြည်နယ်ကို အချိန်မီ မတိုက်နိုင်ပဲ ထောက်ပံ့ပို့ဆောင်ရေး ပြတ်တောက်သွားပါက စစ်သည်များ စိတ်ဓာတ်ကျဆင်းလာမည်မှာ သေချာပါသည်။

ထိုအချိန်တွင် ခန်းမအတွင်း၌ တိတ်ဆိတ်ငြိမ်သက်နေ၏။ တုန်လှုပ်ခြောက်ခြားစရာ ကောင်းလောက်အောင် ငြိမ်သက်နေခြင်းဖြစ်သည်။ တစ်ယောက်မှ စကားမပြောပေ။ လူများစွာ၏ နဖူးများတွင် ချွေး‌စေးများ ထွက်လာကြသည်။

စစ်ပွဲစတင်သည်မှာ ရက်အနည်းငယ်သာ ရှိသေးသော်လည်း ဝူနိုင်ငံတော်၏ စစ်သည်သုံးသိန်းတပ် ရှုံးနိမ့်သွားချေပြီ။ ထိုတပ်သည် သိသာထင်ရှားသော အောင်ပွဲများ ရလိမ့်မည်ဟု မျှော်လင့်မထားကြသော်လည်း အနည်းဆုံး ယုံအန်းခရိုင်တွင် တပ်စွဲထားသည့် မြောက်ပိုင်းပြည်နယ်၏ တပ်ဖွဲ့များကို ထိန်းထားနိုင်သင့်သည်။ သို့သော် ရှုံးနိမ့်မှုက လျင်မြန်စွာ ရောက်ရှိလာခဲ့သည်။ မြောက်ပိုင်းပြည်နယ်က မကြာမီ စစ်ကူများ စေလွှတ်နိုင်တော့မည် မဟုတ်လား။

ယုံအန်းခရိုင်တွင် ခြေကုပ်ယူပြီး မြောက်ပိုင်းပြည်နယ်မှ စစ်ကူများစတင် ပေးပို့နိုင်ပါက ဝူနိုင်ငံတော်၏ အဓိကတပ်ဖွဲ့များ ရန်ခရိုင်ကို အောင်မြင်စွာ ထိုးဖောက်နိုင်‌ခြေ မရှိတော့ပေ။ ထိုသို့ဖြစ်လာပါက ဝူနိုင်ငံတော်၏ အစီအစဉ်များ ပျက်ပြားသွားပေလိမ့်မည်။

ဤအချိန်တွင် ဝန်ကြီးတစ်ဦးမှ ဝူဧကရာဇ်ကို စကားမပြောရဲပေ။ ဝူဧကရာဇ် ဒေါသထွက်မည်ကို စိုးရိမ်ကြသည်။ မည်မျှကြာအောင် တိတ်ဆိတ်နေခဲ့သည်မသိ ဝူဧကရာဇ် နောက်ဆုံးတွင် ဒေါသတကြီး အော်ဟစ်လိုက်သည်။

“အသုံးမကျကြဘူး။ ခင်ဗျားတို့အားလုံး အသုံးမကျဘူး။”

“ရင်ဖေးယူဆိုတဲ့ အလေအလွင့်က တစ်လတောင် မခံနိုင်ပဲ ရှုံးသွားတယ်။ သူအသုံးကျတာ ဘာရှိလဲ။ စစ်ပွဲ‌တွေအများကြီးတိုက်ဖူးလို့ ဝါရင့်ဗိုလ်ချုပ်တစ်ယောက်လို့ သူ့ကို ထင်ခဲ့တာ။”

ဝူဧကရာဇ်၏ ဒေါသထွက်နေသည်ကို မြင်ရသောအခါ ခန်းမဆောင်အတွင်းရှိ ဝန်ကြီးများမှာ ပို၍ပင် စကားမပြောရဲတော့ပေ။

ထိုစဉ် ချိုင်ကျိလျှံက ထရပ်လိုက်ကာ

“အရှင်မင်းကြီး။ အခုအချိန်က ဒေါသထွက်ရမယ့်အချိန် မဟုတ်ပါဘူး။ ဗိုလ်ချုပ်ရင်ဖေးယူရဲ့ တပ်တွေ ရှုံးနိမ့်သွားပါပြီ။ သူ့မှာ စစ်သည်ဘယ်လောက် ကျန်တယ်ဆိုတာ မသိရသေးပါဘူး။ အခြေအနေကို ရှင်းလင်းအောင် သိရဖို့နဲ့ စစ်ကူတွေ စေလွှတ်ဖို့ ယိုပင်ခရိုင်ကို တစ်ယောက်ယောက် ချက်ချင်း စေလွှတ်ရပါမယ်။”

“မြောက်ပိုင်းပြည်နယ်က ယိုပင်ခရိုင် တစ်ခုလုံးကို သိမ်းပိုက်လိုက်မယ်ဆိုရင် ဝူနိုင်ငံတော်ရဲ့ အဓိကတပ်ဖွဲ့တွေဟာ ထောက်ပံ့ပို့ဆောင်ရေး ပြတ်တောက်သွားပြီး ရှေ့တန်းက စစ်သည်တွေရဲ့ စိတ်ဓာတ်တွေပါ သေချာပေါက် ထိခိုက်သွားပါလိမ့်မယ်။”

ယခုလို အချိန်မျိုးတွင် ရဲရဲဝံ့ဝံ့ ပြောဆိုရဲ သော ချိုင်ကျိလျှံ ကို မြင်ရသောအခါ ခန်းမဆောင်အတွင်းရှိ ဝန်ကြီးများ သူ့ကို လေးစားမိကြသည်။

ယခုကဲ့သို့ အချိန်မျိုးတွင် ဝူဧကရာဇ်၏ ဒေါသကို ရဲရဲဝံ့ဝံ့ နှိုးဆွရဲတတ်သည်က ချိုင်ကျိလျှံ၏ အကျင့်ဖြစ်သည်။

ချိုင်ကျိလျှံ၏ စကားကို နားထောင်ပြီးနောက် ဝူဧကရာဇ်သည်လည်း စိတ်ငြိမ်သွားသည်။ သူ အလွန်စိတ်ဆိုးနေဆဲဖြစ်သော်လည်း အခြေအနေက ပို၍ အရေးကြီးသည်။ သူတို့သည် ယိုပင်ခရိုင်ကို မည်သည့်နည်းနှင့်မဆို ထိန်းထားရပေမည်။ မြောက်ပိုင်းပြည်နယ်၏ စစ်သည်များကို လုံးဝ ပြန်လည်တိုက်ခိုက်ခွင့် မပေးနိုင်ပါ။

မည်သည့်နည်းနှင့်မှ ယိုပင်ခရိုင် ကျလို့မရ‌ပါ။ ယိုပင်ရိုင် ကျသွားပါက အားလုံးပြိုလဲသွားမည် ဖြစ်သည်။

ထိုအတွေးဖြင့် ဝူဧကရာဇ် ချက်ချင်း အမိန့်ထုတ်လိုက်သည်။

“ထန်မင်းကို စစ်သည်နှစ်သိန်းနဲ့ ယိုပင်ခရိုင်ကို ချက်ချင်း စစ်ကူသွားဖို့ အမိန့်ပေးလိုက်ပါ။ ဘယ်နည်းနဲ့မဆို ယိုပင်ခရိုင်ကို ထိန်းထားရမယ်။ ပြီးတော့ ရင်ဖေးယူကို နေပြည်တော် ချက်ချင်းပြန်လာဖို့ အမိန့်ထုတ်လိုက်ပါ။ သူ ဘယ်လို ရှုံးနိမ့်ခဲ့လဲဆိုတာ ကျုပ် အတိအကျသိချင်တယ်။”

ဝူဧကရာဇ်သည် ရင်ဖေးယူ၏ ရှုံးနိမ့်မှုကို စိတ်ထဲက လက်မခံနိုင်သေးသော်လည်း သူသည် လူမိုက်တစ်ယောက် မဟုတ်ပေ။ ရင်ဖေးယူသည် စစ်ပွဲများစွာကို တိုက်ခိုက်ဖူးသည့် ဝါရင့်စစ်ဗိုလ်ချုပ်တစ်ဦးဖြစ်သည်။ သူသည် ပြည်ပစစ်ပွဲများစွာတွင် ပါဝင်ခဲ့ဖူးပြီး ရန်သူစစ်တပ်များစွာကို အနိုင်ယူခဲ့ဖူးသည်။ ရှနိုင်ငံတော်ကို တိုက်ခိုက်ခဲ့စဉ်ကလည်း သူဦး‌ဆောင်ကွပ်ကဲခဲ့သည်။

ဤတစ်ကြိမ်တွင် အဘယ့်ကြောင့် ဤမျှမြန်မြန် ရှုံးနိမ့်ရမည်နည်း။ သူတို့ မမျှော်လင့်ထားသည့် ပြဿနာများ ရှိနေရမည်။ တိုက်ပွဲအစီရင်ခံစာ နေပြည်တော်သို့ ရက်အနည်းငယ်အတွင်း ရောက်ရှိလာမည်ကို ဝူဧကရာဇ် သိသော်လည်း ရင်ဖေးယူကိုယ်တိုင် ပြောပြသည်ကို သူပို၍ နားထောင်လိုနေသည်။

ဤအချိန်တွင် ဝူဧကရာဇ် ထရပ်လိုက်ကာ အစည်းအဝေး ရပ်နားရန်ပင် မကြေညာတော့ပဲ ဘေးပေါက်မှ ထွက်ခွာသွားတော့သည်။

ဝူဧကရာဇ် ထွက်ခွာသွားသည်ကို မြင်ရသောအခါ ဝန်ကြီးများက ချက်ချင်းပင်

“မင်းကြီးကို ပို့ဆောင် ပါတယ်”

အခန်း (၅၇၈)

မင်းသမီးကျန်းဝမ်အပေါ် အပြစ်ပုံချခြင်း (၂)

ဝူဧကရာဇ် နန်းတော်မှ ထွက်ခွာသွားသည်နှင့်တစ်ပြိုင်နက် ခန်းမဆောင်တစ်ခုလုံး ချက်ချင်းပင် ဆူပွက်သွားသည်။ ယိုပင်ခရိုင်မှ စစ်ပွဲအကြောင်းကို အပြင်းအထန် ဆွေးနွေးနေကြပြီး ဖြစ်ပျက်ခဲ့သည်ကို မယုံနိုင်သေးကြပေ။

ရင်ဖေးယူ အဘယ့်ကြောင့် ဤမျှလျင်မြန်စွာ ရှုံးနိမ့်ရမည်နည်း။

စစ်သည်သုံးသိန်းရှိသော ထိပ်တန်းတပ်တစ်ခုဖြစ်ပါလျက် တစ်လပင် မပြည့်မီ အရှုံးပေးခဲ့ရသည်။

မြောက်ပိုင်းပြည်နယ် တပ်များ၏ တိုက်ခိုက်ရေးစွမ်းရည်မှာ အလွန် ကြောက်မက်ဖွယ်ကောင်းနေပြီလား။

မြောက်ပိုင်းပြည်နယ်၏ မြောက်ပိုင်းဒေသရှိ လွင်ပြင်ဒေသ မျိုးနွယ်စုများနှင့် ထျန်းချီဘုရင်၏ တပ်ကို အနိုင်ယူခြင်းသည် ကံကောင်းခြင်းကြောင့်သာ ဖြစ်မည်ဟု ထင်အစက ယူဆခဲ့ကြ၏။ ဝူနိုင်ငံတော်၏ တပ်များကိုသာ ရင်ဆိုင်ခဲ့ရပါက မြောက်ပိုင်းပြည်နယ်သည် အရှက်ရဖွယ် ရှုံးနိမ့်လိမ့်မည်ဟု တွေးထင်ခဲ့ကြသည်။ ယခုမူ မြောက်ပိုင်းပြည်နယ်၏ စစ်အင်အားကို သူတို့ အလွန် လျှော့တွက်ခဲ့ကြကြောင်း ထင်ရှားလာသည်။

.......

မကြာမီ။

စိမ်းလန်းသောမိုးတိမ် ခန်းမဆောင်အတွင်း လိမ်ခွေနေသော မီးခိုးငွေ့များနှင့် နီရဲသော ကန့်လန့်ကာများအကြား ဝူကျန်းဝမ်၏ မျက်နှာ အလွန်အရုပ်ဆိုး အကျည်းတန်နေခဲ့သည်။

ရှေ့တန်းမှ သတင်းများကို သူမချက်ချင်းလက်ခံရရှိခဲ့သည်။ မြောက်ပိုင်းပြည်နယ် အလွယ်တကူ ရှုံးနိမ့်မည်မဟုတ်ဟု ကြိုတင် ခံစားမိခဲ့သော်လည်း ဝူနိုင်ငံတော်၏ တပ်များ ဤမျှလျင်မြန်စွာ ပြိုလဲသွားလိမ့်မည်ဟု သူမ မမျှော်လင့်ခဲ့ပေ။

ထိုအချိန်တွင် ချိုင်ကျိလျှံ ခန်းမဆောင်ထဲသို့ ဝင်လာသည်။

“မင်းသမီးကျန်းဝမ်ကို ဂါရဝပြုပါတယ်။”

ဝူကျန်းဝမ်က မျက်နှာသေဖြင့် အေးစက်စက် မေးလိုက်သည်။

“ချိုင်လူကြီးမင်းလည်း ယိုပင်ခရိုင်မှာ ဖြစ်ပျက်ခဲ့တဲ့ ကိစ္စကို သိလောက်ပြီ ထင်တယ်။”

ချိုင်ကျိလျှံက

“ကျွန်တော် နန်းတွင်းအစည်းအဝေးမှာရှိတုန်းက သိလိုက်ရပါတယ်။”

ဝူကျန်းဝမ်က

“ချိုင်လူကြီးမင်း ဒီကိစ္စကို ဘယ်လိုမြင်လဲ။” ဟု မေးလိုက်သည်။

ချိုင်ကျိလျှံက

“ဝူနိုင်ငံတော်ရဲ့ တပ်တွေသာ ယိုပင်ခရိုင်ကို ထိန်းထားနိုင်ပြီး ယုံအန်းခရိုင်မှာရှိတဲ့ မြောက်ပိုင်းပြည်နယ်ရဲ့ စစ်သည်ထောင်ပေါင်းများစွာကို ဆက်ပြီး ခုခံထားနိုင်မယ်။ ဗိုလ်ချုပ်ကျန်းနဲ့တို့လည်း မြောက်ပိုင်းပြည်နယ်ထဲကို ထိုးဖောက်ဝင်ရောက်နိုင်မယ်ဆိုရင် အောင်ပွဲရဖို့ မျှော်လင့်ချက် ရှိပါလိမ့်မယ်။”

“ဒါပေမဲ့…”

ချိုင်ကျိလျှံ ဆက်မပြောတော့ပေ။

ဝူကျန်းဝမ်က ထိုအချိန်တွင်

“ချိုင်လူကြီးမင်း ဘာလို့ ရပ်လိုက်တာလဲ”

ချိုင်ကျိလျှံက ဆက်လက်၍

“ဒါပေမဲ့ ယိုပင်ခရိုင်က စစ်သည်သုံးသိန်းဒီလောက်မြန်မြန် ရှုံးနိမ့်သွာတာကို ကြည့်ရင် မြောက်ပိုင်းပြည်နယ် စစ်သည်တွေရဲ့ စစ်ရေးစွမ်းရည်က ကျွန်တော်တို့ ခန့်မှန်းထားတာထက် အများကြီး ကျော်လွန်နေပါတယ်။ မြောက်ပိုင်းပြည်နယ်မှာ ဘယ်လို ထူးခြားတဲ့ စွမ်းရည်တွေ ရှိနေသေးလဲဆိုတာ ဘယ်သူမှ မသိနိုင်ဘူး။”

“ဗိုလ်ချုပ်ကျန်းနဲ့ သူ့တပ်တွေ မြောက်ပိုင်းပြည်နယ်ရဲ့ အတွင်းပိုင်းနယ်မြေထဲအထိ ထိုးဖောက်ဝင်ရောက်ခဲ့ရင်တောင် ရန်ခရိုင်ကို ချောချောမွေ့မွေ့ သိမ်းပိုက်ပြီး မြောက်ပိုင်းပြည်နယ်ကို အပြီးသတ် ချေမှုန်းနိုင်မယ်လို့ မသေချာပါဘူး။”

ယုံအန်းခရိုင်နှင့် လင်ရန်မြို့ကြား တိုက်ပွဲသည် ချိုင်ကျိလျှံ၏ ယုံကြည်မှုကို လုံးဝ ချေဖျက်ခဲ့သည်။ ဤမျှ အင်အားကြီးမားသော ဝူတပ်သည် ရက်အနည်းငယ်အတွင်း ရှုံးနိမ့်ခဲ့ရသည်။ ချိုင်ကျိလျှံ အပါအဝင် နန်းတွင်းရှိ လူအများစုကတော့ ဝူနိုင်ငံတော်က စတင်ခဲ့သော ဤစစ်ပွဲအပေါ် ယုံကြည်ချက် နည်းသွားပြီဖြစ်သည်။

ချိုင်ကျိလျှံ၏ စကားများကို နားထောင်ရင်း ဝူကျန်းဝမ်သည် ခဏမျှ စဉ်းစားခန်းဝင်သွားပြီးနောက် တိုးတိုးလေး ရေရွတ်လိုက်သည်။

“ကျွန်မတော့ အခက်အခဲတွေ အတော်များများ ကြုံရတော့မယ် ထင်တယ်။”

မြောက်ပိုင်းပြည်နယ်၏ လျှို့ဝှက်ဆန်းကြယ်သော လက်နက်များကြောင့် ဝူနိုင်ငံတော်၏ တပ်များ ဤမျှလျင်မြန်စွာ ရှုံးနိမ့်ခဲ့ရခြင်း ဖြစ်မည်ဟု ဝူကျန်းဝမ် ထင်မှတ်လိုက်သည်။

သူမသည် ထိုလက်နက်များ အကြောင်းကို ကြိုတင်စုံစမ်းရန် ပျက်ကွက်ခဲ့သည်။ စစ်ပွဲ အခြေအနေ ဆိုးရွားလာသည်နှင့်အမျှ အချို့သူများက ဤအချက်ကို အခွင့်ကောင်းယူကာ ပြဿနာရှာပြီး သူမကို စွပ်စွဲပြစ်တင်ကြမည်မှာ မလွဲဧကန်ပင်။

ထိုအချက်ကို တွေးမိသည်နှင့် ဝူကျန်းဝမ် စိတ်မသက်မသာ ဖြစ်သွားကာ ဤအကျပ်အတည်းကို မည်သို့ရှောင်ရှားရမည်ကို သူမ၏ စိတ်ထဲက စတင်တွေးတောနေသည်။

တစ်စုံတစ်ယောက်က သူမကို ပစ်မှတ်ထားပါက ထောက်လှမ်းရေး အကြိီးအကဲတစ်ဦးဖြစ်သော သူမအနေနှင့် ပြောစရာသိပ်မရှိပေ။ မြောက်ပိုင်းပြည်နယ်၏ ကြောက်မက်ဖွယ်ကောင်းသော လက်နက်များအကြောင်း သတင်းအချက်အလက် လုံးဝမပေးခဲ့၍ ဝူနိုင်ငံတော် စစ်တပ် ဆိုးရွားစွာ ရှုံးနိမ့်ခဲ့ရသည်။ ဤရှုံးနိမ့်မှုကို သူမ လျစ်လျူရှု၍ မရနိုင်ပေ။

ခဏမျှ စဉ်းစားပြီးနောက် ဝူကျန်းဝမ် စိတ်ကူးတစ်ခု ရလိုက်သည်။ ယခုအချိန်တွင် ချွမ်မိသားစုကို အပြစ်ပုံချရုံမှလွဲ၍ အခြားနည်းလမ်းမရှိတော့ပေ။

ချွမ်မိသားစုက သူမကို သစ္စာဖောက်ခဲ့သည်ဟု အကြောင်းပြကာ မြောက်ပိုင်းပြည်နယ်၏ လက်နက်များအကြောင်း ထောက်လှမ်းရေးသတင်းပေး မရခဲ့သည့်ကိစ္စ ဖြေရှင်းရ‌တော့မည်။ သူမမှာ တာဝန်ရှိနေဆဲဖြစ်သော်လည်း အပြစ်အများစုကို လွှဲပြောင်းနိုင်ပြီး သူမ၏ လက်အောက်ငယ်သားများက လှည့်ဖြားခဲ့ခြင်းကြောင့်ဟု ပေါ်လွင်အောင် လုပ်ဆောင်နိုင်သည်။

ထိုအတွေးနှင့် ဝူကျန်းဝမ်က အနားရှိ အစေခံမိန်းကလေးတစ်ဦးကို ချက်ချင်းပင် ပြောလိုက်သည်။

“ရှောင်ယု။ ချွမ်ရှင်းချန်တို့ကို ချက်ချင်း ဖမ်းခိုင်းလိုက်။ ချွမ်မိသားစုကို ထွက်ပြေးခွင့် မပေးနဲ့ “

“ဟုတ်ကဲ့။”

အစေခံမိန်းကလေးလည်း ချက်ချင်းလှည့်ကာ ခန်းမဆောင်မှ ထွက်ခွာသွားပြီး “အဓိကတရားခံများ” ကို ဖမ်းဆီးရန် ထွက်သွားသည်။

ထိုအဖြစ်အပျက်ကို မြင်ရသောအခါ ဝူကျန်းဝမ် ဘာလုပ်နေသည်ကိုချိုင်ကျိလျှံ ချက်ချင်း သဘောပေါက်သွားသည်။ မင်းသမီးသည် အပြစ်ကို လွှဲပြောင်းရန် ပြင်ဆင်နေခြင်းဖြစ်သည်။

ထို့နောက် ဝူကျန်းဝမ်က ချိုင်ကျိလျှံအား

“ချိုင်လူကြီးမင်း။ လာမယ့်ရက်တွေမှာ ကျွန်မကို ဝန်ကြီးအများစုက စွပ်စွဲပြစ်တင်လာနိုင်တယ်။ ကျွန်မအတွက် အဲဒါကို ကိုင်တွယ်ဖြေရှင်းပေးဖို့ ရှင့်ကိုပဲ အားကိုးရပါလိမ့်မယ်။”

ချိုင်ကျိလျှံက ချက်ချင်းပင်

“မင်းသမီး စိတ်ချပါ။ ကျွန်တော် ဘယ်လူမိုက်ကိုမှ မင်းသမီးရဲ့ ဂုဏ်သတင်းကို ဖျက်ဆီးခွင့် မပြုပါဘူး။”

ဝူကျန်းဝမ် ရထူးချခံရနိုင်မည့် ‌အခြေအနေကို ချိုင်ကျိလျှံ လုံးဝခွင့်ပြုမည်မဟုတ်ပေ။ ဝူကျန်းဝမ် အမှန်တကယ် အကျပ်အတည်းသို့ ရောက်ရှိလာပါကလည်း သူ မင်းသမီးကျန်းဝမ်ဘက်မှ ခိုင်မာစွာ ရပ်တည်နေမည်သာဖြစ်သည်။ အမှန်စင်စစ် ဤအမျိုးသမီးသည် သူ၏ နိုင်ငံရေးအကျိုးစီးပွားကိုသာမက သူ၏ ချစ်ခြင်း‌မေတ္တာကိုပါ ကိုယ်စားပြုနေသူဖြစ်သည်။

ချိုင်ကျိလျှံ၏ ကတိကို ကြားရသောအခါ ဝူကျန်းဝမ် တစ်ချက် ပြုံးလိုက်ပြီးနောက်

“ဒါဆို ချိုင်လူကြီးမင်းကို ဒီကိစ္စနဲ့ပတ်သက်ပြီး ဒုက္ခပေးရတော့မယ်။”

ချိုင်ကျိလျှံက

“ဒါက ကျွန်တော်ရဲ့ တာဝန်ပါပဲ။”

...

ရက်အနည်းငယ်အကြာတွင် တိုက်ပွဲအစီရင်ခံစာ နေပြည်တော်သို့ ရောက်ရှိလာသည်။ ထိုအချိန်တွင် ဝူနိုင်ငံတော်၏ စစ်ကူ နှစ်သိန်း ယိုပင်ခရိုင်သို့ ထွက်ခွာသွားခဲ့ပြီးဖြစ်သည်။

နန်းတွင်းခန်းမ၌ တိတ်ဆိတ်ငြိမ်သက်နေပြီး ဝန်ကြီးတစ်ဦးတစ်ယောက်မှ စကားမပြောဝံ့‌ပေ။ ချိုင်ကျိလျှံပင် တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။

နောက်ဆုံးရ တိုက်ပွဲအစီရင်ခံစာများ နေပြည်တော်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း သူတို့အားလုံး သိကြသည်။ ယခုအထိ ဝူဧကရာဇ် တစ်ဦးတည်းသာ အစီရင်ခံစာများကို မြင်တွေ့ရသေးသည်။ သူတို့ကို နန်းတွင်းသို့ ခေါ်ယူခြင်းက အစီရင်ခံစာပါအကြောင်းကိစ္စများ ဆွေးနွေးရန် ဖြစ်မည်ဟု ထင်ရသည်။

ထိုအချိန်တွင် ဝူဧကရာဇ်က တိုက်ပွဲအစီရင်ခံစာတစ်စောင်ကို ဆွဲထုတ်ပြီး

“ဗိုလ်ချုပ်ရင်ဖေးယူ ကိုယ်တိုင်ရေးထားတဲ့ တိုက်ပွဲအစီရင်ခံစာ ကျုပ်တို့လက်ထဲကို ရောက်လာပါပြီ။”

“ရင်ဖေးယူရဲ့ ပြောကြားချက်အရ မြောက်ပိုင်းပြည်နယ်က လျှို့ဝှက်ဆန်းကြယ်တဲ့ လက်နက်တစ်မျိုးကို ထုတ်သုံးခဲ့ပါတယ်။ ဒီလက်နက်တွေဟာ သံလုံးတွေနဲ့တူပြီး ကျောက်မောင်းတွေသုံးပြီး ပစ်ပေါက်ခဲ့တာပါ။ သံလုံးတစ်လုံး စစ်သားတွေကြားထဲ ကျရောက်တာနဲ့ ချက်ချင်း ပေါက်ကွဲတယ်။ သံလုံးတစ်လုံးရဲ့ ပေါက်ကွဲအားက အဆင့်လွန် ပညာရှင်တစ်ယောက် တိုက်ခိုက်လိုက်သလိုပါပဲ။”

“မြောက်ပိုင်းပြည်နယ်မှာ အဲဒီလို လက်နက်တွေ အများကြီး ရှိပါတယ်။ ဒီသံလုံးတွေကို ရင်ဆိုင်ရတော့ ဝူနိုင်ငံတော်ရဲ့ နည်းဗျူဟာ ပုံစံတွေဟာ ဆယ့်ငါးမိနစ်တောင် မခံဘဲ ပြိုလဲသွားခဲ့ရတယ်။”

.............

အခန်း (၅၇၉)

မင်းသမီးကျန်းဝမ်အပေါ် အပြစ်ပုံချခြင်း (၃)

ထိုစကားများကို ကြားလိုက်သည်နှင့် ခန်းမတစ်ခုလုံး ရုတ်ခြည်း ဆူညံသွားသည်။

“အဆင့်လွန် ပညာရှင်တစ်ယောက် တိုက်ခိုက်လိုက်သလိုမျိုးလား။”

ဒါ ဘယ်လိုလက်နက်မျိုးလဲ။

လက်နက်ရဲ့ စွမ်းအားက ဘယ်လောက်ထိ ကြီးမားနေလို့လဲ။

လက်နက်ဆိုသည်က စွမ်းအားကြီးလေလေ အသုံးပြုရ ခက်ခဲလေလေ ရှားပါးလေလေ ဖြစ်သင့်သည်။ မြောက်ပိုင်းပြည်နယ်မှာ ဒီလို လျှို့ဝှက်ဆန်းကြယ်တဲ့ လက်နက်တွေ အမြောက်အမြား ဘယ်လိုရှိနိုင်ရတာလဲ။

ရင်ဖေးယူက သူရှုံးနိမ့်သွားလို့ အလျင်အမြန် အပြစ်လွှဲချဖို့ ကြိုးစားနေတာများလား။

မြောက်ပိုင်းပြည်နယ်မှာ ဒီလိုလက်နက်တွေ အမှန်တကယ် ရှိနေပါ ဝူနိုင်ငံတော်၏ မြောက်ပိုင်းပြည်နယ်ကို ချေမှုန်းရေး စစ်ပွဲသည် မလွဲဧကန် ရှုံးနိမ့်မည်သာဖြစ်သည်။သံလုံးတစ်လုံးသည် အဆင့်လွန်ပညာရှင်တစ်ဦး၏ တိုက်ခိုက်မှုကဲ့သို့ ပြင်းထန်ပါက မြောက်ပိုင်းပြည်နယ်တွင် ထိုသံလုံးပေါင်း ထောင်သောင်းချီရှိနေလျှင် ဝူနိုင်ငံတော်က ဘယ်လိုလုပ် မြောက်ပိုင်းပြည်နယ်ကို ရင်ဆိုင်နိုင်မည်နည်း။

မြောက်ပိုင်းပြည်နယ် ချေမှုန်းရေး စစ်ပွဲအတွက် ဝူနိုင်ငံတော်က အဆင့်လွန်ပညာရှင် နှစ်ဦးသာ စေလွှတ်ခဲ့သည်။

ခန်းမအတွင်းရှိ ဝန်ကြီးများ ဆွေးနွေးမှု ပြင်းထန်နေစဉ် ရုတ်တရက် နန်းတော်အပြင်ဘက်မှ သံတော်ဆင့် စစ်သည်တစ်ဦး၏ အသံကို ကြားလိုက်ရသည်။

“လင်းရန်မြို့မှ အရေးပေါ်သတင်း။”

ထိုအသံကို ကြားလိုက်သည်နှင့် ဝူဧကရာဇ်၏ မျက်နှာ ပို၍ပင် တင်းမာလာသည်။ ရင်ဖေးယူ၏ အစီရင်ခံစာတွင် ဖော်ပြထားသည့်အတိုင်းသာ မှန်ကန်ပါက လင်ရန်မြို့ ကျဆုံးသွားနိုင်ခြေ အလွန်များသည်။

ထိုအချိန်တွင် သံတော်ဆင့် စစ်သည် ခန်းမထဲသို့ ဝင်လာပြီး ခန်းမအလယ်တွင် ဒူးထောက်ကာ နောက်ဆုံးရ စာကို ခေါင်းပေါ်မြှောက်၍ တုန်တုန်ရီရီ ပြောလိုက်သည်။

“လင်ရန်မြို့ ကျဆုံးသွားပါပြီ။ ကျွန်တော်တို့ရဲ့ စစ်သည်သုံးသိန်းလုံး အသတ်ခံလိုက်ရပါပြီ။ ဗိုလ်ချုပ်ရင် အသက်ရှင်မရှင်ကို မသိရ သေးပါ။”

ထိုအသံဆုံးသည်နှင့် ခန်းမအတွင်းရှိ လူတိုင်း အံ့အားသင့်တုန်လှုပ်သွားကြသည်။ ဝူဧကရာဇ်ထံ အစီရင်ခံစာ ရောက်ရှိပြီး မကြာမီ ဒုတိယစာ ရောက်ရှိလာကာ လင်ရန်မြို့ ကျဆုံးကြောင်း သတင်းပါလာသည်။ ဤသည်က လင်ရန်မြို့သည် တစ်ရက်တည်းအတွင်း ကျသွားခဲ့ရကြောင်း သက်သေပြနေ၏။ ရင်ဖေးယူသည် တစ်ရက်ပင် မထိန်းထားနိုင်ခဲ့ပေ။

မြောက်ပိုင်းပြည်နယ်၏ စစ်စွမ်းရည်က ဤမျှ ကြောက်မက်ဖွယ်ကောင်းသော အဆင့်သို့ ရောက်ရှိနေပြီလား။

ခဏမျှ ကြက်သေသေနေပြီးနောက် ဝူဧကရာဇ်ဘေးမှ မိန်းမစိုးက သံတော်ဆင့် စစ်သားထံ အမြန်ချဉ်းကပ်ကာ စာကို ယူပြီး ဝူဧကရာဇ်ထံ ချက်ချင်း ပေးအပ်လိုက်သည်။

ဝူဧကရာဇ် စာကို ယူကာ အမြန်ဖတ်ရှုပြီး နှုတ်ဆိတ်နေသည်။ သူ၏မျက်နှာသည် မည်းမှောင်နေပြီး စိတ်ဆင်းရဲမှုကြီးစွာ ဖြစ်နေသည်ကို ထင်ရှားစွာမြင်နိုင်သည်။

သူ နန်းတက်ပြီးကတည်းက စစ်ပွဲများစွာ တိုက်ခိုက်ခဲ့ပြီး ရှုံးနိမ့်ခဲ့ရသည်မှာ မရှိသလောက်ပင်။ စစ်ပွဲတိုင်းက ဝူနိုင်ငံတော်၏ နယ်မြေကို ချဲ့ထွင်နိုင်ခဲ့ပြီး နယ်မြေဒေသများစွာ ရရှိခဲ့သည်။ သို့သော် ဤတစ်ကြိမ်တွင်မူ မြေယာတစ်စွန်းတစ်စမျှပင် မရရှိပဲ ဤမျှတိုတောင်းသော ကာလအတွင်း အရေးကြီးသော မြို့တစ်မြို့ကိုပါ ဆုံးရှုံးခဲ့ရသည်။

စာထဲတွင် ဖော်ပြထားသည့်အတိုင်းသာ မှန်ကန်ပါ ဖြစ်ပါက ယိုပင်ခရိုင်သည် တစ်လအတွင်း မြောက်ပိုင်းပြည်နယ်၏ လက်အောက်သို့ မလွဲမသွေ ကျရောက်ပေလိမ့်မည်။

“အဆင့်လွန် ပညာရှင်များ” အမြောက်အမြားပါဝင်သော တပ်တစ်တပ်ကို နိုင်ငံကမည်သို့ ရင်ဆိုင်နိုင်မည်နည်း။ သူတို့၏ မြို့ရိုးများ မည်မျှ ခိုင်ခံ့နေပါစေ အဆင့်လွန် ပညာရှင် ရာပေါင်းထောင်ပေါင်းများစွာ၏ ပူးပေါင်းတိုက်ခိုက်မှုကို ခံနိုင်ရည် ရှိနိုင်စရာ အကြောင်းမရှိပေ။

“အဆင့်လွန် ပညာရှင်” ဆိုသည်မှာ ခိုင်းနှိုင်းချက် တစ်ခုမျှသာ ဖြစ်သော်လည်း မြောက်ပိုင်းပြည်နယ်၏ လက်နက်များက တစ်ဖက်သတ် သတ်ဖြတ်မှုများကို ဖြစ်ပေါ်စေခဲ့သည်။

ယခု မြောက်ပိုင်းပြည်နယ်၏ အဓိကတပ်ဖွဲ့များသည် ယုံအန်းခရိုင်တွင် ရှိနေ၏။ ထို့ကြောင့် ဝူနိုင်ငံ၏ အဓိကတပ်ဖွဲ့များ မြောက်ပိုင်းပြည်နယ်၏ ပင်မနယ်မြေကို အောင်မြင်စွာ ကျူးကျော်ဝင်ရောက်ကာ မြောက်ပိုင်းနယ်စားမင်းသားကို ဖမ်းဆီးနိုင်မည်ဟုသာ မျှော်လင့်နိုင်တော့သည်။ မဟုတ်ပါက မြောက်ပိုင်းပြည်နယ်၏ စစ်အင်အားဖြင့် ဝူနိုင်ငံတော်သည် ဤတစ်ကြိမ်တွင် မြောက်ပိုင်းပြည်နယ်ကို မချေမှုန်းနိုင်ပါက မကြာမီ မြောက်ပိုင်းပြည်နယ်က သူတို့ကို ပြန်လည် ချေမှုန်းလိမ့်မည်။

ဝူဧကရာဇ်၏ မျက်နှာ အရောင်အမျိုးမျိုး ပြောင်းလဲနေပြီး ဤလောကတွင် ဤမျှထိတ်လန့်ဖွယ်ကောင်းသော လက်နက်များ ရှိနေသည်ကို နားမလည်နိုင်ဖြစ်နေသည်။

မြောက်ပိုင်းပြည်နယ်သည် မြောက်ပိုင်းဒေသ၏ လွင်ပြင်ဒေသ မျိုးနွယ်စုများကို ချေမှုန်းနိုင်ပြီး ထျန်းချီဘုရင်၏ တပ်ကိုလည်း အလွန်တိုတောင်းသော အချိန်အတွင်း အဘယ့်ကြောင့် အနိုင်ယူနိုင်ခဲ့သည်ကို သူ နောက်ဆုံးတွင် သဘောပေါက်သွားခဲ့သည်။

ဤမျှ အဖျက်စွမ်းအား ပြင်းထန်သော လက်နက်များဖြင့် မြောက်ပိုင်းပြည်နယ်သည် သူတို့နှစ်သက်ရာ မည်သူ့ကိုမဆို ချေမှုန်းနိုင်စွမ်း မရှိပေဘူးလား။

ဝူနိုင်ငံတော်၏ ထိပ်တန်းစစ်သည် သုံးသိန်းပင် တစ်ရက်အတွင်း ရှုံးနိမ့်ခဲ့ရသည်။ ထို လွင်ပြင်ဒေသ မျိုးနွယ်စုများက ဘာများ လုပ်နိုင်မှာလဲ။

ထိုအချိန်တွင် အစည်းအ‌ဝေး ခန်းမသည် အလွန်တိတ်ဆိတ်နေပြီး ဝန်ကြီးတစ်ဦးတစ်ယောက်မှ စကားမပြောကြပေ။ လူများ၏ အသက်ရှူသံများကိုပင် ကြားနိုင်၏။ ထိုအချိန်တွင် အိမ်ထောင်စု ဝန်ကြီး ကျန်းယွမ်ပိုင်က ရုတ်တရက် ထပြောလိုက်သည်။

“မင်းသမီး ကျန်းဝမ်ကို ပေါ့ဆမှု၊ လူ့အသက်ကို ဂရုမစိုက်မှု၊ အာဏာအလွဲသုံးစားမှုတို့နဲ့ ကျွန်တော်စွပ်စွဲအပြစ်တင်လိုပါတယ်။”

...........

All Chapters