← Chapters

အခန်း ၅၈၀-၅၈၂

Vol. 39 Ch. 580-582

အခန်း ၅၈၀-၅၈၂

Vol. 39 Ch. 580-582

အခန်း (၅၈၀)

ဝူကျန်းဝမ် အာဏာဆုံးရှုံးခြင်း (၁)

အိမ်ထောင်စုဝန်ကြီး ကျောင်းယွမ်ပိုင်၏ စကားများကို ကြားလိုက်ရသောအခါ ခန်းမအတွင်းရှိ ဝန်ကြီးများအားလုံး အံ့အားသင့်သွားကြသည်။ ကျောင်းယွမ်ပိုင်သည် ယခုလို အချိန်တွင် မင်းသမီး ကျန်းဝမ်ကို စွပ်စွဲပြစ်တင်လိမ့်မည်ဟု မည်သူမှ မထင်မှတ်ထားခဲ့ကြပေ။

ကျောင်းယွမ်ပိုင်သည် ဝန်ကြီးတစ်ဦး ဖြစ်သော်လည်း ဝူနိုင်ငံတော်သည် စစ်ရေးရှုံးနိမ့်မှုနှင့် ကြုံတွေ့ခဲ့ရပြီး ဝူဧကရာဇ် အလွန်ဒေါသထွက်နေဆဲဖြစ်သည်။ ယခု ကျောင်းယွမ်ပိုင်၏ လုပ်ရပ်က ခေါင်းဖြတ်ခံရနိုင်ခြေရှိသည်။

ထိုအချိန်တွင် ဝန်ကြီးများ၏ မျက်လုံးများ ဝူဧကရာဇ်၏ မျက်နှာသို့ ရောက်ရှိသွားပြီး သူ ယခု ဘယ်လိုတုံ့ပြန်မလဲဆိုတာကို သိချင်နေကြသည်။

သို့သော် ဝူဧကရာဇ်သည် ဒေါသကို မပြခဲ့ပေ။ သူက အေးအေးဆေးဆေး မေးလိုက်သည်။

"ကျောင်းလူကြီးမင်း။ ခင်ဗျားပြောနေတာ ဘာလဲဆိုတာ ခင်ဗျားသိရဲ့လား။"

ကျောင်းယွမ်ပိုင်၏ နဖူးတွင် ချွေးစက်များ စတင်ကျဆင်းလာသည်။ သူ၏ စိတ်ခံစားချက်ကို ငြိမ်သက်အောင် ပြုလုပ်လိုက်ရင်း

"ကျွန်တော် ဘာပြောနေလဲဆိုတာ သိပါတယ်။"

"ဒီရှုံးနိမ့်မှုဟာ မြောက်ပိုင်းပြည်နယ်က ပိုင်ဆိုင်ထားတဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ လက်နက်ကို ကျွန်တော်တို့ နားမလည်တာကြောင့် ဖြစ်ရတာပါ။ ဝူနိုင်ငံတော်ရဲ့ ထောက်လှမ်းရေး ကွန်ယက်ကို ထိန်းချုပ်ထားတဲ့ မင်းသမီး ကျန်းဝမ်က မြောက်ပိုင်းပြည်နယ်ရဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ လက်နက်တွေအကြောင်း စုံစမ်းသိရှိဖို့ ပျက်ကွက်ခဲ့ပြီး သတင်းအချက်အလက်လည်း မပေးခဲ့ပါဘူး။"

"နောက်ပြီး မင်းသမီး ကျန်းဝမ်ရဲ့ လက်အောက်က သူလျှိုတချို့ မကြာသေးခင်က ကျွန်တော့်ဆီကို ရောက်လာပြီး သူရဲ့ အာဏာကို အလွဲသုံးစားလုပ်ပြီး မတူကွဲပြားသူတွေကို ဖယ်ရှားပစ်ပုံနဲ့ သူရဲ့ အကျင့်ပျက်ခြစားမှု အထောက်အထား အမြောက်အမြားကို တင်ပြခဲ့ပါတယ်။"

"မင်းသမီး ကျန်းဝမ်ဟာ ထောက်လှမ်းရေးဌာနကို စီမံခန့်ခွဲဖို့ မသင့်တော်တော့သလို သူရဲ့ ရာထူးကိုပါ ရုပ်သိမ်းသင့်တယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။"

ကျောင်းယွမ်ပိုင်၏ မိန့်ခွန်းကို ကြားပြီးနောက် မင်းသား ဝူမင်းဘက်မှ အရာရှိများက ချက်ချင်း အခွင့်အရေးကို အရယူလိုက်ကြပြီး ကျောင်းယွမ်ပိုင်ကို ထောက်ခံရန် ထရပ်လိုက်ကြသည်။

"ကျွန်တော်တို့လည်း မင်းသမီး ကျန်းဝမ်ကို စွပ်စွဲပြစ်တင်ပါတယ်။ မင်းသမီးက..."

...

မကြာမီ ခန်းမထဲတွင် စွပ်စွဲပြစ်တင်သံများ ပိုမိုထွက်ပေါ်လာ၏။ ကျောင်းယွမ်ပိုင် ကတော့ ဝူဧကရာဇ်၏ မျက်နှာအမူအရာကို စောင့်ကြည့်နေသည်။

ဝူဧကရာဇ် အေးဆေးတည်ငြိမ်နေသည်ကို မြင်သောအခါ ကျောင်းယွမ်ပိုင်က ဝူဧကရာဇ်တွင်လည်း ဝူကျန်းဝမ်အပေါ် မကျေနပ်ချက်များ ရှိနေရမည်ဟု ခန့်မှန်းလိုက်သည်။ ပုံမှန်အခြေအနေတွင် ဝူဧကရာဇ်သည် ယခုလို အချိန်တွင် လူများအား ဆက်မပြောရန် တားမြစ်လိမ့်မည်။ သို့သော် ယနေ့တွင် သူ ဘာမှမလုပ်ခဲ့ပေ။

ထိုအချိန်တွင် ချိုင်ကျိလျှံ ဆက်လက်ကြည့်ရှုနိုင်စွမ်းမရှိတော့ပဲ

"ကျောင်းလူကြီးမင်းက မင်းသမီး ကျန်းဝမ်ကို ပေါ့လျော့မှု၊ အသက်များကို အလေးမထားမှု၊ အာဏာအလွဲသုံးစားပြုမှုတို့နဲ့ စွပ်စွဲနေတယ်ဆိုတော့ သက်သေအထောက်အထားတွေ ပြနိုင်ပါလား။"

"သက်သေအထောက်အထားတွေက ကျောင်းလူကြီးမင်းရဲ့ စကားပဲလား။"

ထိုစကားကို ကြားသောအခါ ကျောင်းယွမ်ပိုင်က ပြုံးရယ်လိုက်ပြီး

"ကျွန်တော့်မှာ သက်သေအထောက်အထား မရှိရင် မင်းသမီးကို စွပ်စွဲပြစ်တင်ရဲမှာ မဟုတ်ပါဘူး။"

ထိုသို့ပြောပြီး ကျောင်းယွမ်ပိုင်က ဝူဧကရာဇ်ကို ဦးညွှတ်ကာ

"မင်းကြီး ကျွန်တော့်ကို သက်သေတွေ ခေါ်ခွင့်ပြုပါ"

ဟု တောင်းဆိုလိုက်သည်။

ထိုစကားကို ကြားသောအခါ ဝူဧကရာဇ်၏ မျက်နှာတွင် ပြောင်းလဲမှု အနည်းငယ် ပေါ်လာသည်။ သူ မျက်မှောင်ကြုတ်လိုက်ပြီး

"ခွင့်ပြုတယ်"

ဟု အမိန့်ပေးလိုက်သည်။

ဝူဧကရာဇ်က ကျောင်းယွမ်ပိုင်၏ တောင်းဆိုချက်ကို အမှန်တကယ် သဘောတူ လိုက်သည်ကို မြင်သောအခါ မင်းသမီး ကျန်းဝမ်ဘက်မှ ချိုင်ကျိလျှံကဲ့သို့သော အရာရှိများ၏ စိတ်နှလုံးများ အေးခဲသွားသည်။

ဝူဧကရာဇ် မင်းသမီး ကျန်းဝမ်ကို ယုံကြည်နေသေးပါက ကျန်းယွမ်ပိုင်အား သက်သေအထောက်အထားများ သို့မဟုတ် သက်သေများကို နန်းတွင်းသို့ ခေါ်ဆောင်လာခွင့် ပေးမည်မဟုတ်ပေ။ ယခု သူ၏ သဘောတူညီခြင်းက ဝူဧကရာဇ်သည်လည်း မင်းသမီး ကျန်းဝမ်၏ အာဏာကို ထိန်းချုပ်လိုကြောင်း သက်သေပြနေသည်။

ကျောင်းယွမ်ပိုင်သည် ချွန်ရှင်းချန်နှင့် အခြားသူများကို နန်းတော်သို့ ချက်ချင်း ခေါ်ဆောင်လာစေခဲ့သည်။

ချွမ်မိသားစုဝင်များ နန်းတော်တွင် ပေါ်လာသည်ကို မြင်သောအခါ ချိုင်ကျိလျှံနှင့် မင်းသမီး ကျန်းဝမ် အုပ်စုမှ အရာရှိများ၏ မျက်နှာများသည် ချက်ချင်းပင် အလွန်အရုပ်ဆိုး အကျည်းတန်သွားကြသည်။

ဝူကျန်းဝမ်က ချွမ်မိသားစုဝင်များကို အပြစ်ပုံချရန် ရည်ရွယ်ထားကြောင်း သူတို့ ကောင်းစွာ သိကြသည်။ သူတို့က ချွမ်မိသားစုဝင်များကို စတင်ဖမ်းဆီး နေပြီဖြစ်သည်။ ဤနေရာတွင် သူတို့မည်သို့ ပေါ်လာနိုင်မည်နည်း။

ချွမ်မိသားစုသည် ထောက်လှမ်းရေး အဖွဲ့၏အဓိက အစိတ်အပိုင်းလည်း ဖြစ်သည်။ ချွန်မိသားစု၏ ချွမ်ဟိုင် ကုန်သည်အုပ်စုသည် ထောက်လှမ်းရေးဌာနအတွက် ရန်ပုံငွေ အမြောက်အမြား ထောက်ပံ့ပေးပြီး သူလျှိုအများအပြားသည် မတူညီသော နိုင်ငံများထဲတွင် ချွမ်ဟိုင် ကုန်သည်အုပ်စု၏ ကုန်သည်များ အနေဖြင့် ထည့်သွင်းထားသည်။

ချွမ်မိသားစုဝင်များသည် မင်းသမီး ကျန်းဝမ်အတွက် အကျိုးမပြုသော သက်သေအထောက်အထားများစွာကို ကိုင်ဆောင်ထားကြသည်။

ဒါက ဒုက္ခ‌ရောက်မည့် ကိစ္စဖြစ်သည်။

ခန်းမအတွင်းသို့ ရောက်ရှိပြီးနောက် ချွမ်ရှင်းချန်က ချက်ချင်း ဒူးထောက်ကာ

"ကျွန်တော် ချွမ်ရှင်းချန် မင်းကြီးကို ဂါရဝပြု ပါသည်။ အသက်ရှည်ပါစေ အရှင်မင်းကြီး။"

ဝူဧကရာဇ်က အေးစက်စက် မေးလိုက်သည်။

"ခင်ဗျားတို့ ချွမ်မိသားစုက ထောက်လှမ်းရေး အဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်မှု တချို့ရှိခဲ့တယ်လို့ ကျုပ် မှတ်မိတယ်။"

ချွမ်ရှင်းချန်က

"မင်းကြီးပြောတာ မှန်ပါတယ်။ မင်းသမီး ကျန်းဝမ်က ထောက်လှမ်းရေးကွန်ရက်ကို တည်ဆောက်ဖို့အတွက် ကျွန်တော်တို့ကို စတင်ဆက်သွယ်ခဲ့တာပါ။"

ထိုအချိန်တွင် ဝူဧကရာဇ်၏ မျက်လုံးများတွင် လူသတ်လိုသော အရိပ်အယောင် များပေါ်လာသည်။

"ကိုယ့်ရဲ့ အရှင်သခင်ကို သစ္စာဖောက်တဲ့သူတွေ ဘယ်လိုအဖြစ်ဆိုးမျိုးနဲ့ ကြုံတွေ့ရလဲဆိုတာ ခင်ဗျား သိလား။"

ဤခေတ်၏ တင်းကျပ်သော လူတန်းစား ခွဲခြားမှု စနစ်အောက်တွင် သခင်ကို သစ္စာဖောက်သော ကျွန်များသည် ယေဘုယျအားဖြင့် ကြောက်မက်ဖွယ်ကောင်းသော အဖြစ်ဆိုးများနှင့် ကြုံတွေ့ရတတ်သည်။ ဝူနိုင်ငံတော်၏ ဥပဒေများတွင် သခင်ကို သစ္စာဖောက်သူများအား ခေါင်းဖြတ်အပြစ်ပေးရန် ရှင်းလင်းစွာ ဖော်ပြထားသည်။

သို့သော် ချွမ်ရှင်းချန်က ဝူဧကရာဇ်၏ စကားကို မကြောက်ရွံ့ပဲ

"ကျွန်တော်ရဲ့ သခင်က အရှင်မင်းကြီးပါ။ ကျွန်တော်ဟာ မင်းကြီးကို ဘယ်တော့မှ သစ္စာမဖောက်ခဲ့ပါဘူး။"

ထိုစကားကို ကြားသောအခါ ဝူဧကရာဇ် မပြုံးပဲ မနေနိုင်တော့ပေ။

ထို့နောက် ဝူဧကရာဇ်က

"ကျုပ်ကို ပြောပါဦး။ မင်းသမီး ကျန်းဝမ်က ခင်ဗျားကို ဘာတွေ လုပ်ခိုင်းခဲ့လဲ။"

ထိုအချိန်တွင် ချွမ်ရှင်းချန်က ကျောင်းယွမ်ပိုင်ကို လှမ်းကြည့်လိုက်၏။ ထို့စဉ် ကျန်းယွမ်ပိုင်က

"ချွမ်ရှင်ချန်။ ခင်ဗျား ဘာမှမကြောက်နဲ့။

လွတ်လွတ်လပ်လပ် ပြောပါ။ မင်းကြီးက ခင်ဗျားကို ကာကွယ်ပေးပါလိမ့်မယ်။"

ထို့နောက် ချွမ်ရှင်းချန်က ကြမ်းပြင်ပေါ် ဒူးထောက်လျက် ဝူကျန်းဝမ်၏ လုပ်ရပ်အားလုံးကို တစ်ခုပြီးတစ်ခု၊ တစ်ပိုင်းပြီးတစ်ပိုင်း ဖော်ထုတ်ပြောကြားခဲ့သည်။

ဝူကျန်းဝမ်သည် အာဏာကို မက်မောသော အမျိုးသမီးဖြစ်သောကြောင့် လျှို့ဝှက်လုပ်ရပ်များစွာကို လုပ်ဆောင်ခဲ့သည်။ အမှန်စင်စစ် အဖြစ်အပျက်အများစုကို အခြားသူများ သိရှိထားပြီးဖြစ်သော်လည်း ယခင်က ဖော်ထုတ်ခြင်း မရှိခဲ့ပေ။ အများအပြားကို ဝူဧကရာဇ်ကိုယ်တိုင်ပင် သိရှိထားသည်။

ချွမ်ရှင်းချန်က ဝူကျန်းဝမ်၏ လုပ်ရပ်အားလုံးကို ဖော်ထုတ်ပြောကြားပြီးနောက် ဝန်ကြီးတို့၏ မျက်လုံးများအားလုံး ဝူဧကရာဇ်ဘက်သို့ ရောက်ရှိသွားပြီး သူ၏ စကားကို စောင့်နေကြသည်။

သို့သော် ထိုအချိန်တွင် မင်းသား ဝူမင်းအဖွဲ့မှ အရာရှိတစ်ဦးက ရုတ်တရက် ဒူးထောက်လိုက်ပြီး

"ဝူကျန်းဝမ်မင်းသမီးဟာ မင်းကြီးခန့်အပ်ထားတဲ့ မင်းသမီးဖြစ်သော်လည်း တာဝန်များကို ပေါ့လျော့စွာ ထမ်းဆောင်ပြီး ကုန်သွယ်ရေးနှင့် စီးပွားရေးလုပ်ငန်းများတွင် အချိန်ဖြုန်းကာ အာဏာကို အလွဲသုံးစားပြုခဲ့ပါတယ်။ ထို့ကြောင့် ထောက်လှမ်းရေးမှာ မြောက်ပိုင်းပြည်နယ်နှင့်ပတ်သက်တဲ့ အချက်အလက်များ နည်းပါးခဲ့ပြီး ယခုမြောက်ပိုင်းစစ်ပွဲ ရှုံးနိမ့်ရခြင်း ဖြစ်ပါတယ်။

" မင်းသမီးရဲ့ ရာထူးကို ရုပ်သိမ်းပေးဖို့ လေးစားစွာ မင်းကြီးကို လေးစားစွာ တောင်းပန်ပါတယ်။"

..........

အခန်း (၅၈၁ )

ဝူကျန်းဝမ် အာဏာဆုံးရှုံးခြင်း (၂)

ယခုအခိုက်အတန့်သည် မင်းသမီးကျန်းဝမ်ကို ဖြုတ်ချရန် အကောင်းဆုံးအခွင့်အရေးပင်ဖြစ်သည်။ အခြားမင်းသားများဘက်တော်သား ဝန်ကြီးများလည်း အလိုလို တိတ်ဆိတ်စွာပင် သဘောတူညီမှု ရရှိလိုက်ကြ၏။

မည်သည့်မင်းသား၏ ဘက်တော်သားဖြစ်စေကာမူ ထိုအမျိုးသမီးကို အရင်ဆုံး ဖယ်ရှားပစ်ရန် သဘောတူညီခဲ့ကြသည်။ သူမသည် အလွန်အမင်း အာဏာပြတတ်သူဖြစ်ကာ သူမရှိနေသရွေ့ သူတို့ထောက်ခံသော မင်းသားများ ထင်ပေါ်ကျော်ကြားရန် အခွင့်အရေးမဲ့နေလိမ့်မည်။

သူမ၏ဘွဲ့ကို ရုပ်သိမ်းရန် တောင်းဆိုသံများ ထွက်ပေါ်လာပြီးနောက် အမတ်များစွာ ပိုမို၍ ရှေ့တိုးလာကြသည်။

“မင်းကြီး… မင်းသမီးကျန်းဝမ်ရဲ့ ဘွဲ့ကို ရုပ်သိမ်းပေးတော်မူပါ”

“မင်းကြီး… မင်းသမီးကျန်းဝမ်ရဲ့ ဘွဲ့ကို ရုပ်သိမ်းပေးတော်မူပါ…”

…

မကြာမီပင် ခန်းမဆောင်ကြီးအတွင်း လူအမြောက်အမြား တအိအိဖြင့် ဒူးထောက်လိုက်ကြသည်။

ဤမြင်ကွင်းကို မြင်သောအခါ ပြဿနာ၏ ပြင်းထန်မှုကို ချိုင်ကျိလျှံ သဘောပေါက်သွား၏။ သူတစ်ခုခု ထပ်မံပြောဆိုရန် ရည်ရွယ်လိုက်သော်လည်း ထိုအချိန်တွင် ဝူဧကရာဇ်က စတင်မိန့်ကြားလိုက်သည်။

“မင်းသမီးကျန်းဝမ်ဟာ အာဏာကို အလွဲသုံးစားလုပ်ပြီး မြောက်ပိုင်းစစ်ဆင်ရေးကို ကျရှုံးစေခဲ့တယ်။ ဒီနေ့ကစပြီး သူ့ရဲ့ မင်းသမီးကျန်းဝမ်ဘွဲ့ကို ရုပ်သိမ်းလိုက်ပြီ။ သူဟာ စိမ်းလန်း‌သောမိုးတိမ် နန်းဆောင်မှာ အကျဉ်းချခံရမှာဖြစ်ပြီး ကျုပ်ရဲ့အမိန့်မရှိပဲ အပြင်ထွက်ခွင့် မရှိစေရဘူး။”

ဝူနိုင်ငံတော်တွင် ‘မင်းသမီးကျန်းဝမ်’ ဆိုသည်မှာ ဧကရာဇ်တစ်ပါး၏ တရားဝင်အကြီးဆုံးသမီးကိုသာ ခေါ်ဆိုခြင်းဖြစ်ပြီး ပုံမှန်အားဖြင့် နိုင်ငံရေးတွင် ဝင်ရောက်စွက်ဖက်ပိုင်ခွင့် မရှိပေ။ သို့သော် ယခု ‘ကျန်းဝမ်’ ဘွဲ့သည် ဧကရာဇ်အမိန့်တော်ဖြင့် ပေးအပ်ခြင်းဖြစ်ပြီး ကြီးမားသော အာဏာကို ဖော်ညွှန်းသည်။ ဘွဲ့ရရှိပြီးသည်နှင့် နန်းတွင်းရေးရာများတွင် ဝင်ရောက်စွက်ဖက်နိုင်၏။

ဝူဧကရာဇ်၏ ဤစကားကို ကြားရသောအခါ နန်းတွင်းဝန်ကြီးများ၊ မင်းသားအသီးသီး၏ ဘက်တော်သားများနှင့် နိုင်ငံရေးတွင် အမျိုးသမီးများ ပါဝင်သည်ကို မနှစ်သက်သူများ၏ ရင်ထဲတွင် ဝမ်းသာကြည်နူးစိတ်များ လှိုက်လှဲစွာ ဖြစ်ပေါ်လာကြသည်။ ဤစစ်ရေးကျရှုံးမှုသည် သူတို့၏ခေါင်းပေါ်တွင် တိမ်မဲကြီးတစ်ခုလို အမြဲ ဖုံးလွှမ်းနေသော အရာကြီးကို ဖယ်ရှားပေးလိမ့်မည်ဟု မျှော်လင့်မထားခဲ့ပေ။

ဝူဧကရာဇ် မင်းသမီးကျန်းဝမ်အပေါ် ယုံကြည်မှု လုံးဝပျောက်ဆုံးသွားပြီ

ဖြစ်‌ကြောင်းကိုလည်း ဝန်ကြီးများ သဘောပေါက်သွားကြသည်။ သူမသည် ယခုအခါ ရိုးရိုး မင်းသမီးကျန်းဝမ်မျှသာ ဖြစ်တော့သည်။

နောင်တွင် ဤအမျိုးသမီး နန်းတွင်းရေးရာများတွင် ဝင်ရောက်စွက်ဖက်ရန် မလွယ်ကူတော့ပေ။

မကြာမီတွင် စိမ်းလန်း‌သောမိုးတိမ်ခန်းမဆောင်၌ ရှိနေသော ဝူကျန်းဝမ်လည်း နန်းတွင်းမှ သတင်းကို လက်ခံရရှိလိုက်သည်။

အစပိုင်းတွင် သူမ လုံးဝမယုံနိုင်ခဲ့သော်လည်း ဧကရာဇ်အမိန့်တော် ရောက်ရှိလာသောအခါ သူမ၏ဖခင်သည် သူမကို လုံးဝစွန့်ပစ်လိုက်ပြီကို သဘောပေါက်သွားသည်။

ဝူနိုင်ငံတော်၏ စစ်သည်အင်အား သုံးသိန်းမျှ အမြစ်ပြတ်ချေမှုန်းခံရပြီး ကျူးနိုင်ငံတော်ရှိ အဓိကတပ်များပင် ပိတ်ဆို့ခံရနိုင်ခြေကြုံတွေ့ရနိုင်သဖြင့် တစ်စုံတစ်ဦးကို အပြစ်တင်ရန် လိုအပ်နေသည်။

စစ်ပွဲကို သူမ၏ဖခင်က စတင်ခဲ့သော်လည်း ဧကရာဇ်ကို တာဝန်ယူခိုင်း၍ မရပေ။ ဧကရာဇ်သည် ဘယ်တော့မှ အမှားမလုပ်နိုင်သောကြောင့် အမှားသည် အခြားသူတစ်ဦးဦးနှင့် သက်ဆိုင်ရပေမည်။

ထို့ကြောင့် ဝူဧကရာဇ်က သူမအပေါ် အပြစ်ပုံချရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။

မိန်းမစိုးက ဧကရာဇ်၏ အမိန့်တော်ကို ဖတ်ပြီးသောအခါ ဝူကျန်းဝမ်သည် အားအင်မဲ့စွာဖြင့် ကုလားထိုင်ပေါ်သို့ ထိုင်ကျသွားကာ သူမ၏ မျက်လုံးများမှာလည်း အသက်မဲ့သွားသလို ဖြစ်သွားသည်။

ခဏအကြာတွင် ဝူကျန်းဝမ် သတိပြန်ဝင်လာပြီး

“ဝန်ကြီးချုပ်ချိုင်ကို အမြန်သွားခေါ်ချေ”

ဟု အလျင်အမြန် အမိန့်ပေးလိုက်သည်။

ဝူကျန်းဝမ် စကားမဆုံးမီ တံခါးဝရှိ အမျိုးသမီးကိုယ်ရံတော်က

“မင်းသမီး… မင်းကြီးက မင်းသမီးကို စိမ်းလန်း‌သောမိုးတိမ်အဆောင်မှာ အကျယ်ချုပ်ချထားဖို့ အမိန့်ပေးထားပါတယ်။ အပြင်ပလူတွေ ဝင်ခွင့်မရှိပါဘူး”

ထိုစကားကို ကြားသောအခါ ဝူကျန်းဝမ် အနည်းငယ် မှင်တက်သွား၏။ သူမသည် နေ အိမ်အကျယ်ချုပ် ကျခံနေရပြီဖြစ်သည်။

သူမအတွက် ယခုလိုနေ့မျိုး ရောက်လာလိမ့်မည်ဟု ဘယ်တုန်းကမှ မတွေးထားခဲ့ပေ။

အချိန်အနည်းငယ်ကြာပြီးနောက် ဝူကျန်းဝမ် သူမ၏ စိတ်များကို ပြန်လည်စုစည်းကာ ခန်းမဆောင်ကြီးအတွင်းရှိ အမျိုးသမီးကိုယ်ရံတော်များကို

“ပေအကြီးအကဲကို သွားခေါ်ပေးပါ။”

ပေဟုန်သည် သူမ၏ ကိုယ်ရံတော်ဖြစ်သည်။ အဆင့်လွန်ပညာရှင်တစ်ဦးဖြစ်သည့် သူ့လိုလူမျိုးက သူမဘက်မှ ပြောဆိုပေးလျှင် သူမ၏ဖခင်ကို ဖျောင်းဖြနိုင်လိမ့်မည်ဟု သူမ ယူဆခဲ့သည်။

သို့သော် ဝူကျန်းဝမ် ထိုသို့ တွေးနေစဉ် ရုတ်တရက် အမျိုးသမီးကိုယ်ရံတော်တစ်ဦး ခန်းမဆောင်အတွင်း ဝင်လာပြီး ကြမ်းပြင်ပေါ်တွင် တုန်ယင်စွာ ဒူးထောက်ကာ

“မင်းသမီး… ပေအကြီးအကဲက သတင်းတစ်ခု ပေးခိုင်းလိုက်ပါတယ်။ ဒီနေ့ကစပြီး သူဟာ မင်းသမီးရဲ့ ကိုယ်ရံ‌တော် မဟုတ်တော့ဘူးလို့ ပြောပါတယ်။ မင်းသမီးအနေနဲ့ စိမ်းလန်း‌သောမိုးတိမ် နန်းဆောင်မှာ စိတ်အေးချမ်းသာစွာ ကျင့်စဉ်လေ့ကျင့်ပြီး အဆင့်လွန်ပညာရှင်အဆင့်ကို အမြန်ဆုံး ရောက်ပါ‌စေလို့ မျှော်လင့်ပါတယ်တဲ့”

ဤစကားကို ကြားသောအခါ ဝူကျန်းဝမ် မိုးကြိုးပစ်ချခံရသကဲ့သို့ ဖြစ်သွား၏။ သူမ၏ ကိုယ်ရံတော် ပေဟုန်ပင်လျှင် သူမအား အဆက်အသွယ်ဖြတ်သွားလိမ့်မည်ဟု သူမ မျှော်လင့်မထားခဲ့ပေ။

တွေးကြည့်လျှင်လည်း အဓိပ္ပာယ်ရှိပေသည်။ ပေဟုန်ကို သူမ၏မိခင်က ငယ်စဉ်ကတည်းက သူမဘေးတွင် ထားရှိခဲ့ခြင်းဖြစ်ပြီး သူမ၏မိခင် ကွယ်လွန်ပြီး နှစ်ပေါင်းများစွာကြာသောအခါ ပေဟုန် သူမအပေါ် သစ္စာစောင့်သိမှု ကျဆင်းသွားဖွယ် ရှိနေသည်။ ထို့ပြင် သူမ အာဏာကျဆင်းသွားသောအခါ လူတိုင်းက သူမကို ဆန့်ကျင်ကြသည်ဖြစ်ရာ ပေဟုန်သည် သူမနောက် ဆက်လက်လိုက်ပါလျှင် အနာဂတ်မရှိတော့ဟု မြင်ပြီး အခြားမင်းသားတစ်ပါးထံသို့ သစ္စာပြောင်းခံရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်နိုင်သည်။

အာဏာချိန်ခွင်လျှာ ပျက်သွားသည်နှင့် အပြီးအပိုင် ပြိုလဲသွားရန် လွယ်ကူသည်။ ထိုစဉ်က ပေဟုန်သည် ဝူကျန်းဝမ်၏ မိခင်နှင့် ပူးပေါင်းခဲ့သဖြင့် သူမ၏ ကိုယ်ရံ‌တော် အဖြစ် ဝူကျန်းဝမ်ဘက်တွင် ရှိနေနိုင်ခြင်းသည်။

ဝူကျန်းဝမ်၏ မိခင် မိဖုးရားကြီးသည် နောက်လိုက်နောက်ပါ အများအပြား ရှိခဲ့ပြီး သူမကွယ်လွန်ပြီးနောက်တွင်လည်း ပေဟုန်က သူမကို ချက်ချင်း သစ္စာမဖောက်ခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် သူ၏ သူမမိခင်အပေါ် ထားရှိသော သစ္စာစောင့်သိမှု ကြီးမားသောကြောင့်ဖြစ်သည်။

ထို့ပြင် အဆင့်လွန်ပညာရှင်အဆင့်ရှိသူ ပေဟုန်သည် ဧကရာဇ်၏ သတိပြုမိခြင်းကိုလည်း ခံခဲ့ရသည်။ ဝူကျန်းဝမ်နောက်ကွယ်တွင် အဆင့်လွန်ပညာရှင်တစ်ဦး ရှိနေခြင်း ဧကရာဇ်ကလည်း သူ၏နန်းတွင်းအင်ဏာကို ခိုင်မာအောင် ပြုလုပ်ရန် လိုအပ်နေခြင်းတို့ကြောင့် ဧကရာဇ်က ဝူကျန်းဝမ်ကို မင်းသမီးကျန်းဝမ်အဖြစ် ခန့်အပ်ခဲ့သည်။

ဧကရာဇ်က ဝူကျန်းဝမ်ကို မင်းသမီးကျန်းဝမ် ဘွဲ့ပေးခဲ့သောကြောင့် ပေဟုန်သည် သူမဘေးတွင် ရှိနေခြင်းဖြင့် အခွင့်အရေးများ ပိုမိုရရှိလာ သူမအနားတွင် ဆက်လက်နေထိုင်ခဲ့ခြင်းလည်းဖြစ်သည်။

သူ့သမီး၏ အာဏာ အလွန်ကြီးမားလာပြီး အခြားမင်းသားများ၏ အရှိန်အဝါကို လုံးဝဖိနှိပ်ထားသည်ဟု အတော်ကြာကြာ ကတည်းက ဧကရာဇ် ခံစားနေရသည်။ သို့သော် သူ့ထံ၌ ဖြေရှင်းရန် နည်းလမ်းမရှိခဲ့ပေ။ ပေဟုန်၏ သစ္စာစောင့်သိမှု မည်မျှအတိုင်းအတာအထိ ရှိသည်ကို မသိရှိရသောကြောင့် သူမကို မင်းသမီးကျန်းဝမ်ဘွဲ့မှ အလျင်အမြန် မဖယ်ရှားရဲခဲ့ပေ။

သို့သော် ယခုတစ်ကြိမ်မှာမူ ကွဲပြားသည်။ ထောက်လှမ်းရေး အားနည်းမှုကြောင့် လူပေါင်း သောင်းချီ ဆုံးရှုံးခဲ့ရသော မြောက်ပိုင်းပြည်နယ်စစ်ဆင်ရေးသည် ဝူကျန်းဝမ်၏ ဘွဲ့ကို ယာယီရုပ်သိမ်းရန် တရားမျှတသော အကြောင်းပြချက် ပေးခဲ့၏။ မင်းသမီးကျန်းဝမ်ဘက်တော်သားများတွင်လည်း ပြောစရာစကား မရှိကြတော့ပေ။

ဝူကျန်းဝမ် အာဏာဆုံးရှုံးသွားသောအခါ အဆင့်လွန်ပညာရှင် ပေဟုန်သည် သူမဘေးတွင် ဆက်လက်ရှိနေရန် အကြောင်းမရှိတော့ပေ။ သူသည် မည်သူနှင့်မဆို မဟာမိတ်ဖွဲ့နိုင်သူဖြစ်သည်။ အဆင့်လွန်ပညာရှင်တစ်ဦးအား မည်သူမဆို ကြိုဆိုမည်သာ ဖြစ်သည်။

ဝူကျန်းဝမ် ရာထူးဆုံးရှုံးခြင်းသည် ဆက်စပ်အကျိုးသက်ရောက်မှုများစွာကို ဖြစ်ပေါ်စေခဲ့သည်။ ပေဟုန် ဝူကျန်းဝမ်ကို စွန့်ခွာသွားသောအခါ အဆင့်လွန်ပညာရှင် ပေဟုန်ကြောင့် ဝူကျန်းဝမ်အဖွဲ့နှင့် ပူးပေါင်းခဲ့သူများလည်း ဘက်ပြောင်းသွား ကြမည်ဖြစ်ပြီး ဝူကျန်းဝမ်ဘေးတွင် လူများ ကင်းမဲ့သွားတော့မည် ဖြစ်သည်။

...............

အခန်း (၅၈၂)

ဝူကျန်းဝမ် အာဏာ ဆုံးရှုံးခြင်း ( ၃)

ဝူကျန်းဝမ်သည် လူမိုက်မဟုတ်ပေ။ သူမ လက်ထဲမှ အာဏာများ ဆုံးရှုံးသွားသည်နှင့် မည်သို့ ဖြစ်ပျက်လာမည်ကို သူမ ကောင်းစွာ သိသည်။ မကြာမီတွင် နန်းတွင်း အာဏာချိန်ခွင်လျှာ လုံးဝ ပြောင်းလဲသွားမည် ဖြစ်ပြီး သူမလည်း ကစားပွဲမှ လုံးဝ ဖယ်ထုတ်ခံလိုက်ရပြီ ဖြစ်သည်။

ဝူကျန်းဝမ် နက်ရှိုင်းစွာ နောင်တရနေသည်။ သူမ၏ အစ်ကို‌မောင်များကို အထင်မသေးသင့်ခဲ့သင့်ဟု တွေးမိလိုက်သည်။

သူမ၏ အစ်ကိုမောင်များကို အလေးအနက်မထားခဲ့သောကြောင့် သူတို့၏ လှုပ်ရှားမှုများကို အချိန်မီ မသိခဲ့လိုက်ပေ။ ထို့ကြောင့် ယခုကဲ့သို့ အာဏာဆုံးရှုံးရခြင်း ဖြစ်သည်ဟု သူမ ထင်မိသည်။

ယခုအချိန်အထိပင် အရာရာကို နောက်ကွယ်မှ ကြိုးကိုင်နေသူ မည်သူဖြစ်သည်ကို ဝူကျန်းဝမ် မသိသေးပေ။

......

ညနေစောင်းအချိန်။

ချွမ်မိသားစုအိမ်တော်။

ချွမ်အိမ်တော်သို့ ပြန်ရောက်ပြီးနောက် ချွမ်ရှင်းချန်သည် ချက်ချင်းပင် နောက်ဖေးခြံသို့ သွားကာ ရေတွင်းထဲသို့ ခုန်ဆင်းသွားသည်။

ချွမ်မိသားစု၏ အစေခံများ မတုံ့ပြန်နိုင်မီမှာပင် မီးလုံးကြီးတစ်ခု တောက်လောင်လာပြီး အိမ်ခြံဝင်းတစ်ခုလုံးကို ဝါးမျိုသွားသည်။

ညနက်ပိုင်းအထိ ဝူဧကရာဇ်သည် နန်းတွင်းစာကြည့်ခန်းတွင် ရှိနေဆဲဖြစ်ပြီး အိပ်ရာမဝင်သေးချေ။ ထိုစဉ် စစ်သည်တစ်ဦး ဝင်ရောက်လာပြီး ချွမ်အိမ်တော်မှ အခြေအနေကို သတင်းပို့လိုက်သည်။

ချွမ်ရှင်းချန်က ဧကရာဇ်အား သစ္စာခံသည်ဟု ဆိုသော်လည်း ထိုကဲ့သို့သော လက်အောက်ငယ်သားကို ဝူဧကရာဇ် အသိအမှတ်မပြုပေ။ ချွမ်ရှင်းချန်ကဲ့သို့သော သစ္စာဖောက်များသည် သေရမည့်သူများသာ ဖြစ်သည်။

ထို့ပြင် ဝူဧကရာဇ် ကိုယ်တိုင် လုပ်ဆောင်ရန် မလိုပေ။ သဘာဝအတိုင်းပင် တစ်စုံတစ်ဦးက ချွမ်မိသားစုကို စီရင်ပေးလိမ့်မည်။

သို့သော် ဝူဧကရာဇ် မသိခဲ့သည်က ချွမ်မိသားစု အမှန်တကယ် မပျက်သုန်းသေးဟူသော အချက်ဖြစ်သည်။ နေဝင်ချိန်တွင် ကုန်သည်လှည်းတန်းတစ်ခု၏ အရိပ်များသည် နီညိုရောင် ဆည်းဆာအလင်း၏ အောက်တွင် ရှည်လျားစွာ ထိုးကျနေသည်။

တစ်ချိန်က ရေတွင်းထဲ ခုန်ဆင်းခဲ့သော ချွမ်ရှင်းချန်သည် လှည်းတစ်စီးပေါ်တွင် ရှိနေပြီး မြောက်ပိုင်းပြည်နယ်ဘက်သို့ ကြည့်ကာ အေးအေးလူလူ ရေရွတ်လိုက်သည်။

"တာဝန် ပြီးမြောက်သွားပြီ။ နောက်ဆုံးတော့ မြောက်ပိုင်းပြည်နယ်ကို သွားပြီး မင်းသားနဲ့ တွေ့နိုင်တော့မယ်။"

---

တစ်ချိန်တည်းမှာပင်

ရှနိုင်ငံတော်။

နေပြည်တော်။

နန်းတော်။

ဆွမ်ဧကရာဇ်သည် အိပ်ဆောင်ထဲ၌ အတွင်းအား ကျင့်ကြံနေစဉ် ရုတ်တရက် အခန်းထဲတွင် အရိပ်တစ်ခု ပေါ်လာသည်။

ဆွမ်ဧကရာဇ်က ချက်ချင်းပင် သူ၏မျက်လုံးများကို ဖွင့်လိုက်သည်။

"ဘာဖြစ်တာလဲ။"

အရိပ်က သတင်းပို့လိုက်သည်။

"ဝူနိုင်ငံတော်ရဲ့ စစ်သည်သုံးသိန်းတပ် ရှုံးနိမ့်သွားပါပြီ။ ရင်ဖေးယူက လင်ရန်မြို့မှာ အထိုင်ချပြီး ကာကွယ်ဖို့ ရည်ရွယ်ခဲ့ပေမဲ့ ညဘက်ရောက်တော့ မြို့ကို မြောက်ပိုင်းပြည်နယ်တပ်က ဝိုင်းရံပြီး သိမ်းပိုက်လိုက်ပါတယ်။ မြောက်ပိုင်းပြည်နယ်ဟာ ဝူနိုင်ငံတော်ရဲ့ စစ်သည်သုံးသိန်းကို တစ်ရက်အတွင်းမှာပဲ အမြစ်ပြတ်ချေမှုန်းလိုက်ပါတယ်။"

ထိုစကားကို ကြားလိုက်ရသောအခါ ဆွမ်ဧကရာဇ်တစ်ကိုယ်လုံး ထိတ်လန့်တကြား တောင့်တင်းသွားသည်။

တစ်ရက်အတွင်း.....

ဆွမ်ဧကရာဇ် ရင်ဖေးယူကို သိသည်။ ဝူနိုင်ငံတော်နှင့် ရှနိုင်ငံတော် တိုက်ပွဲဖြစ်ပွားခဲ့စဉ်က စစ်ဆင်ရေးကို ဦးဆောင်တိုက်ခိုက်ခဲ့သူမှာ ရင်ဖေးယူ ဖြစ်သည်။ ရှနိုင်ငံတော်၏ တပ်ဖွဲ့များ ဆက်တိုက် ဆုတ်ခွာခဲ့ရပြီး နောက်ဆုံး ခရိုင်နှစ်ခုပင် ဆုံးရှုံးခဲ့ရသည်။ နောက်ပိုင်းတွင် ဝူနိုင်ငံတော်၏ ပင်မတပ်ဖွဲ့နှင့် ရင်ဆိုင်ရတုန်းကလည်း အကြီးအကျယ် ရှုံးနိမ့်ခဲ့ရသည်။

ယခုမူ ထိုသို့သော အတွေ့အကြုံရှိ ဝါရင့်စစ်သူကြီးတစ်ဦးသည် မြောက်ပိုင်းပြည်နယ်၏ တပ်ဖွဲ့များ‌လက်အောက်တွင် တစ်ရက်အတွင်း လုံးဝ ရှုံးနိမ့်ခဲ့ရပြီလား။

မည်သို့ ဖြစ်နိုင်မည်နည်း။

မြောက်ပိုင်းပြည်နယ်၏ စစ်အင်အားက ဒီလောက်တောင် ကြောက်စရာကောင်းနေပြီလား။

နေပါဦး...

ဆွမ်ဧကရာဇ် ရုတ်တရက် တစ်ခုခုကို သတိရမိပြီးနောက် မေးလိုက်သည်။

"မြောက်ပိုင်းပြည်နယ်က အဆင့်လွန် ပညာရှင်ကို စေလွှတ်ခဲ့သလား။"

အတွေ့အကြုံရှိ တပ်မတော်တစ်ခုကို ထိုမျှ လျင်မြန်စွာ အနိုင်ယူနိုင်ခြင်းသည် အဆင့်လွန် ပညာရှင်တစ်ဦးကို စေလွှတ်ခဲ့ခြင်းကြောင့်သာ ဖြစ်နိုင်သည်။

သို့သော် အရိပ်က

"ကင်းထောက်တွေရဲ့ အဆိုအရ မြောက်ပိုင်းပြည်နယ်က ယုံအန်းခရိုင်ကို အဆင့်လွန် ပညာရှင် မစေလွှတ်ခဲ့ပါဘူး။"

"ဝူနိုင်ငံတော်ရဲ့ တပ်ဖွဲ့တွေ ဒီလောက် လျင်လျင်မြန်မြန် ရှုံးနိမ့်ရတာဟာ မြောက်ပိုင်းပြည်နယ်ဘက်က လျှို့ဝှက်ဆန်းကြယ်တဲ့ လက်နက်တစ်မျိုးကို အသုံးပြုခဲ့လို့ပါ။ အဲ့ဒီလက်နက်က သံလုံးနဲ့တူပြီး အဆင့်လွန် ပညာရှင်တစ်ဦး ကိုယ့်ကိုယ်ကို ဖောက်ခွဲသလိုမျိုး စွမ်းအားနဲ့ ပေါက်ကွဲနိုင်ပါတယ်။ ဝူနိုင်ငံတော်ရဲ့ နည်းဗျူဟာ ပုံစံတွေက ဒီနက်နဲဆန်းကြယ်တဲ့ လက်နက်ကို ၁၅ မိနစ်တောင် မခံနိုင်ခဲ့ဘူးလို့ ပြောကြပါတယ်။"

ထိုစကားများကို ကြားရသောအခါ ဆွမ်ဧကရာဇ် မျက်မှောင်ကြုတ်သွား၏။ သူ၏ မျက်နှာလည်း ချက်ချင်းပင် မှောင်မိုက်သွားသည်။

မည်သို့သော လက်နက်မျိုးက ထိုမျှ ကြောက်မက်ဖွယ်ကောင်းသနည်း။

သံလုံးတစ်လုံး၏ စွမ်းအားသည် အဆင့်လွန် ပညာရှင်တစ်ဦးပေါက်ကွဲခြင်းနှင့် ညီမျှသည်တဲ့လား။

ဆွမ်ဧကရာဇ်က

"ဒီနက်နဲဆန်းကြယ်တဲ့ လက်နက်တွေ မြောက်ပိုင်းပြည်နယ်မှာ ဘယ်လောက် ပမာဏရှိသလဲ။"

အရိပ်က

"ရှင်းရှင်းလင်းလင်း မသိရပါဘူး။ ယုံအန်းခရိုင် စစ်မြေပြင်မှာ မြောက်ပိုင်းပြည်နယ်က ဒီသံလုံးတွေကို အနည်းဆုံး ထောင်ဂဏန်း အသုံးပြုခဲ့တယ်လို့ ကောလာဟလ ထွက်နေပါတယ်။ လင်ရန်မြို့ရဲ့ မြို့ရိုးတွေတောင် သူတို့ကြောင့် ပြိုကွဲသွားခဲ့တာပါ။ အဆင့်လွန် ပညာရှင် အောက်အဆင့် သိုင်းပညာရှင်တွေ လုံးဝ ခံနိုင်ရည် မရှိပါဘူး။ ဒီအလုံးတွေနဲ့ တိုက်ရိုက်ထိမိရင် ခန္ဓာကိုယ်ကို အပိုင်းပိုင်း ပြတ်ထွက်စေပါတယ်။"

အရိပ် စကားပြောပြီးသောအခါ ဆွမ်ဧကရာဇ် ထပ်မံတိတ်ဆိတ်သွားသည်။

ဤသတင်းမှန်ပါက မြောက်ပိုင်းပြည်နယ်၏ စစ်အင်အားသည် အခြားသော အင်ပါယာ နိုင်ငံကြီးများထက် များစွာ သာလွန်နေနိုင်သည်။

မြောက်ပိုင်းပြည်နယ်သည် ဤမျှ ကြောက်မက်ဖွယ်ကောင်းသော လက်နက်ကို မည်သို့ ရရှိခဲ့သနည်း။

ဤလက်နက်မျိုး ပိုင်ဆိုင်ထားသော မြောက်ပိုင်းပြည်နယ်ကို အခြားနိုင်ငံများက မည်သို့ ရင်ဆိုင်နိုင်မည်နည်း။ သူလည်း မြောက်ပိုင်းပြည်နယ်၏ မငြိမ်မသက်မှုများကို မည်သို့ ကိုင်တွယ်ဖြေရှင်းမည်နည်း။

သတိပြန်ဝင်လာပြီးနောက် ဆွမ်ဧကရာဇ်က ချက်ချင်း အမိန့်ပေးလိုက်သည်။

"စုံစမ်းပါ။ ဒီနက်နဲဆန်းကြယ်တဲ့ လက်နက် ဘယ်ကလာတာလဲ။ မြောက်ပိုင်းပြည်နယ်က ဒါတွေကို ထပ်မံ ထုတ်လုပ်နိုင်သလားဆိုတာကို ရှာဖွေပါ။"

ဆွမ်ဧကရာဇ် အလွန်စိတ်ပူသွားသည်။ မြောက်ပိုင်းပြည်နယ်က ထိုလက်နက်များဖြင့် တောင်ဘက်သို့ ချီတက်ကာ ရှနိုင်ငံတော်ကို တိုက်ခိုက်လာပါက ရှတပ်များသည် ဝူတပ်များကဲ့သို့ တစ်ရက်တောင် ခံနိုင်ရည်ရှိပါ့မလား။

ထိုသို့ တွေးလိုက်မိသည်နှင့် ဆွမ်ဧကရာဇ် ကြောက်ရွံ့စိတ်များဖြင့် ပြည့်နှက်သွားသည်။

မရ‌တော့ပါ။ သူ ကောင်းကင်လူသားအဆင့်ကို အမြန်ဆုံး ရောက်မှသာဖြစ်မည်။

သို့သော် ထိုအဆင့် ရောက်ရန်အတွက် သူ၏ ဆိုးသွမ်းသော သား သေရမည်။

နောက်ဆုံးတွင် လုချန်းကို တိုက်ရိုက်လုပ်ကြံရန် တစ်စုံတစ်ဦးကို စေလွှတ်ဖို့ ဆွမ်ဧကရာဇ် စိတ်ကူးလိုက်သည်။ ယခင်က သူသည် လုချန်းကို သူ့ဘာသာသူ သူ့ကံကြမ္မာအတိုင်း လွှတ်ထားခဲ့ပြီး မကြာမီ သေဆုံးလိမ့်မည်ဟု တိတ်တဆိတ် မျှော်လင့်ခဲ့သော်လည်း လုချန်းကို သတ်ရန် တစ်စုံတစ်ဦးကို တိုက်ရိုက်စေလွှတ်ခြင်း မရှိခဲ့ပေ။

သို့သော် ယခုတော့ အခြေအနေများ ကွဲပြားသွားပြီဖြစ်သည်။ လုချန်း မြောက်ပိုင်းပြည်နယ်သို့ရောက်ရှိပြီးနောက် ဤမျှကြီးမားသော စစ်အင်အားကို ရုတ်တရက် ပိုင်ဆိုင်လာခြင်းသည် သူ၏အုပ်စိုးမှုအတွက် ကြီးမားသော ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာသည်။ ထို့ပြင် လုချန်းမသေပါက သူလည်း ကောင်းကင်လူသားအဆင့်သို့ ဘယ်သောအခါမှ မရောက်နိုင်ပေ။

ထိုအချက်ကို သဘောပေါက်သွားပြီး ဆွမ်ဧကရာဇ် အရိပ်ကို ခေါ်လိုက်သည်။

"တာအိုရသေ့နဲ့ ဂိုဏ်းချုပ်တို့ကို သွားခေါ်ချေ။"

"အမိန့်အတိုင်းပါ မင်းကြီး။"

.........

နောက်တစ်နေ့။

ကျူးနိုင်ငံတော်။

နန်းတွင်းခန်းမအတွင်းတွင် ဝန်ကြီးများသည် မြောက်ပိုင်းပြည်နယ်နှင့် ဝူနိုင်ငံတော်တို့ကြား စစ်ပွဲကို ဆွေးနွေးနေကြသည်။ ဝူနိုင်ငံတော်က မြောက်ပိုင်းပြည်နယ်၏ ခြိမ်းခြောက်မှုကို ဖယ်ရှားပေးလိမ့်မည်ဟု ဝန်ကြီးများ မျှော်လင့်ခဲ့ကြသော်လည်း သူတို့၏ ဧကရီက ထိုသို့ ခန့်မှန်းထားပုံမပေါ်ကြောင်းကို သူတို့အားလုံး ခံစားမိကြသည်။

ယွဲ့ဧကရာဇ်သည် အနီရောင်ဖီးနစ်ဝတ်ရုံကို ဝတ်ဆင်ထားပြီး ဖီးနစ်ပလ္လင်ပေါ်တွင် ထိုင်ကာ နန်းတွင်းဝန်ကြီးများကို ကြည့်ရှုပြီးနောက် ညင်သာစွာ ပြောလိုက်သည်။

"ဝူနိုင်ငံတော်က မြောက်ပိုင်းပြည်နယ်ကို အမြစ်ပြတ် ချေမှုန်းနိုင်မယ်လို့ ရှင်တို့တကယ် ယုံကြည်ကြတာလား။"

ယွဲ့ဧကရာဇ်၏ စကားကို ကြားရသောအခါ ဝန်ကြီးများ အံ့အားသင့်သွားကြသည်။ ထိုစဉ် စစ်သူကြီးတစ်ဦးက ထရပ်ကာ

" ဝူနိုင်ငံတော်မှာ အင်အားကြီးမားတဲ့ စစ်တပ်ရှိပါတယ် အရှင်မ။ မြောက်ပိုင်းပြည်နယ်ကို ချေမှုန်းမယ့် စစ်ဆင်ရေးအတွက် သူတို့က ထိပ်တန်းစစ်သည် ခြောက်သိန်းနဲ့ အဆင့်လွန် ပညာရှင်နှစ်ဦးပါ စေလွှတ်ခဲ့တာပါ..."

မြောက်ပိုင်းပြည်နယ်သည် ရည်မှန်းချက်ကြီးပြီး ခြိမ်းခြောက်မှုတစ်ခု ဖြစ်သော်လည်း နယ်စားပြည်နယ်တစ်ခုမျှသာ ဖြစ်ရာ ဝူနိုင်ငံတော်ကဲ့သို့သော အင်ပါယာကြီးတစ်ခုကို မည်သို့ ရင်ဆိုင်နိုင်မှာလဲဟု ဝန်ကြီးများ တွေးတောနေကြကြောင်း ယွဲ့ဧကရာဇ် နားလည်သည်။

" ကျွန်မရဲ့ဝန်ကြီးတွေက မြောက်ပိုင်းပြည်နယ်ကို နားမလည်ကြသေးဘူးပဲ။"

ယွဲ့ဧကရာဇ် ထိုစကားကို ပြောလိုက်စဉ် သံချပ်ကာဝတ် အမျိုးသမီးကိုယ်ရံတော်တစ်ဦး အပြင်ဘက်မှ ခန်းမအတွင်းသို့ ဝင်လာပြီး ဖီးနစ်ပလ္လင်နားသို့ လျှောက်လာကာ ယွဲ့ဧကရာဇ်ထံ အစီရင်ခံစာတစ်စောင် ပေးအပ်လိုက်သည်။

............

All Chapters