အခန်း ၅၈၃-၅၈၅
Vol. 39 Ch. 583-585
အခန်း (၅၈၃)
နဂါးနက်နိုင်ငံ၏ ဂယက်ရိုက်ခတ်မှုများ (၁)
ယွဲ့ဧကရာဇ်သည် အမျိုးသမီးကိုယ်ရံတော်လက်ထဲမှ ထောက်လှမ်းရေးအစီရင်ခံစာကို ယူ၍ ဖွင့်ဖတ်လိုက်ရင်း ခဏအကြာ၌ သူမ၏မျက်နှာအလွန်တင်းမာသွားသည်။
ယွဲ့ဧကရီ၏ ရုတ်တရက် ပြောင်းလဲသွားသော မျက်နှာထား မြင်သောအခါ ဝူနိုင်ငံတော်၏ စစ်တပ် မြောက်ပိုင်းပြည်နယ်ကို အမှန်တကယ် မယှဉ်နိုင်လောက်အောင် ဖြစ်နေပြီဟု ခန်းမဆောင်ထဲရှိ ဝန်ကြီးများ ကောက်ချက်ချ လိုက်ကြသည်။
ထိုအခိုက်အတန့်တွင် ယွဲ့ဧကရာဇ်က ထောက်လှမ်းရေးအစီရင်ခံစာကို သူမဘေးမှ အမျိုးသမီးကိုယ်ရံတော်ထံသို့ လွှဲပြောင်းပေးလိုက်ပြီးနောက် အေးစက်စက် လေသံဖြင့်
"ဖတ်ပြပါ။"
ယွဲ့ဧကရာဇ်ထံမှ ထောက်လှမ်းရေးသတင်းကို လက်ခံရရှိပြီးနောက် အမျိုးသမီးကိုယ်ရံတော်က ချက်ချင်း ဖတ်ပြလိုက်၏။
"ဆယ်လပိုင်း။ ကိုးရက်နေ့တွင် ဝူနိုင်ငံတော်မှ စစ်သည်သုံးသိန်းကို ယုံအန်းခရိုင်သို့ စေလွှတ်ခဲ့သော်လည်း မြောက်ပိုင်းပြည်နယ်၏ လျှို့ဝှက်ဆန်းကြယ်သော လက်နက်တစ်ခုကြောင့် ရှုံးနိမ့်ခဲ့ရပါသည်။
ထိုလက်နက်မှာ စက်လုံးပုံစံရှိပြီး ပေါက်ကွဲသောအခါ အဆင့်လွန် ပညာရှင်တစ်ဦး၏ အတွင်းအား ချက္ကရ ဖောက်ခွဲလိုက်သော စွမ်းအားနှင့် ညီမျှပါသည်။ မြောက်ပိုင်းပြည်နယ်သည် ထိုလက်နက်ထောင်ပေါင်းများစွာကို ဝူနိုင်ငံတော်တပ်များဆီသို့ ပစ်သွင်း၍ သူတို့၏ နည်းဗျူဟာ ဖွဲ့စည်းမှုကို ချက်ချင်းပင် ဖျက်ဆီးပစ်ခဲ့ပါသည်။ ရင်ဖေးယူသည် စစ်သည်များကို ခေါင်းဆောင်ကာ လင်ရန်မြို့သို့ ဆုတ်ခွာခဲ့သည်။
သို့သော် ညပိုင်းတွင် လင်ရန်မြို့ ကျဆုံးသွားပြီး မြင်းစီးစစ်သည် တစ်ရာဖြင့် ရင်ဖေးယူ ထွက်ပြေးလွတ်မြောက်သွားပါသည်။"
ကိုယ်ရံတော် ဖတ်ပြသော ထောက်လှမ်းရေးသတင်းကို ကြားရသောအခါ ဝန်ကြီးအားလုံးသည် ချက်ချင်းပင် အံ့ဩတုန်လှုပ်သွားကြသည်။
ဝူနိုင်ငံတော်သည် အမှန်တကယ်ပင် ရှုံးနိမ့်ခဲ့ရပြီလား။
ပြီးတော့ တစ်ရက်တည်းနဲ့.....
ထိုစစ်တပ်မှာ လူသုံးသိန်းရှိသည့် စစ်တပ်ဖြစ်သည်။
ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။
မြောက်ပိုင်းပြည်နယ်မှာ ဒီလို အင်အားကြီးမားတဲ့ တပ်မတော် ဘယ်လိုများ ရှိနေတာလဲ။
ပြီးတော့ အစီရင်ခံစာထဲမှာ ဖော်ပြထားတဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ လက်နက်ဆိုတာ ဘာလဲ။
ပေါက်ကွဲသွားအခါ အဆင့်လွန်ပညာရှင်တစ်ဦးရဲ့ အတွင်းအား ချက္ကရ ဖောက်ခွဲလိုက်သလို စွမ်းအားမျိုး ရှိတယ်ဆိုတာ ဘယ်လိုလဲ.....
ထိုအစီရင်ခံစာအတိုင်းသာ မှန်ကန်ပါ ဝူနိုင်ငံတော်စစ်တပ်သာမဟုတ် ထိပ်သီးပညာရှင်များ ပါဝင်သော စစ်တပ်တောင် ထိုလက်နက်၏ စွမ်းအားကို ခံနိုင်မည် မဟုတ်ပေ။
မြောက်ပိုင်းပြည်နယ်က ဒီလိုကြောက်မက်ဖွယ်ကောင်းတဲ့ လက်နက်တွေကို ဘယ်ကများ ရလာတာလဲ။
ဒီလိုမျိုး ဖျက်ဆီးနိုင်စွမ်းရှိတဲ့ လက်နက်မျိုးက ဒီလောကမှာ တစ်ခါမှ မပေါ်ခဲ့ဖူးဘူး မဟုတ်လား။
မြောက်ပိုင်းပြည်နယ်က ထိုလက်နက်များကို အစုလိုက်အပြုံလိုက် ထုတ်လုပ်နိုင်ပါက အနာဂတ်တွင် သိုင်းပညာရှင်များအတွက် နေရာရှိဦးပါ့မလား။
ယခင်က သိုင်းပညာရှင်များအပေါ် အခြေခံထားသော ခောတ်စနစ် လုံးဝပြောင်းလဲသွားမည်ဖြစ်ပြီး သိုင်းပညာရှင်ခေတ်လည်း ကုန်ဆုံးသွားလိမ့်မည် ဖြစ်သည်။
ခဏတာမျှ ကြာပြီးနောက် ခန်းမဆောင်အတွင်းရှိ ဝန်ကြီးများ အသိစိတ် ပြန်ဝင်လာကြသည်။ ထိုစဉ် ဝန်ကြီးတစ်ဦးက
"အရှင်မ။ အကယ်၍ ဒီအစီရင်ခံစာသာ မှန်ကန်တယ်ဆိုရင် လက်ရှိအခြေအနေအရ ဝူနိုင်ငံတော်ရဲ့ အဓိကတပ်တွေလည်း မြောက်ပိုင်းပြည်နယ်လက်ထဲမှာ ကျရှုံးသွားဖို့များပါတယ်။ ကျွန်တော်တို့ ပြင်ဆင်မှုတွေ လုပ်ထားသင့်ပါတယ်။ မြောက်ပိုင်းပြည်နယ်က ဝူနိုင်ငံတော်ရဲ့ တပ်ကြွင်းတပ်ကျန်တွေကို လိုက်လံနှိမ်နင်းတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ကျူးနိုင်ငံတော်နယ်မြေထဲကို ဝင်ရောက်လာနိုင်တာကို သတိပြုရပါလိမ့်မယ်။"
ထောက်လှမ်းရေးသတင်းအရ မြောက်ပိုင်းပြည်နယ်၏ စစ်သည်အများစုသည် ယုံအန်းခရိုင်တွင် ရှိနေသော်လည်း ထိုသို့ လျှို့ဝှက်ဆန်းကြယ်သော လက်နက်များ ရုတ်တရက် ပေါ်ထွက်လာခြင်းက မည်သူနိုင်မည် မည်သူရှုံးမည်ကို ခန့်မှန်းရခက်စေသည်။
ဝူနိုင်ငံတော်၏ အဓိကတပ်များတွင် အဆင့်လွန်ပညာရှင်နှစ်ဦး ပါဝင်သော်လည်း မြောက်ပိုင်းပြည်နယ်တွင်လည်း သူတို့၏ ကိုယ်ပိုင် အဆင့်လွန်ပညာရှင်များ ရှိသည်။ ထို့ပြင် ဤလျှို့ဝှက်ဆန်းကြယ်သော လက်နက်သည် အဆင့်လွန်ပညာရှင်တစ်ဦး၏ အတွင်းအား ချက္ကရ ပေါက်ကွဲခြင်းနှင့် ညီမျှသော စွမ်းအားကို ပိုင်ဆိုင်ထား၏။ ထိုသို့သော လက်နက်သည် အဆင့်လွန်ပညာရှင်များကိုပင် ထိခိုက်စေနိုင်သည်။
ဝူနိုင်ငံတော်၏ အဓိကတပ်များကို ရင်ဆိုင်ရာတွင် မြောက်ပိုင်းပြည်နယ်သည် ဝူနိုင်ငံတော်၏ တပ်များကို မရပ်မနား ဗုံးကြဲတိုက်ခိုက်ပြီး ခုခံနိုင်စွမ်း လုံးဝမရှိစေ အောင်လုပ်ဆောင်နိုင်သည်။
ယခုလို အချိန်မျိုးတွင် ကျူးနိုင်ငံတော်လည်း လှုပ်ရှားမှုများ ပြုလုပ်ရမည်ဖြစ်သည်။ နယ်စပ်သို့ တပ်များစေလွှတ်ကာ မြောက်ပိုင်းပြည်နယ်၏ စစ်သည်များ ကျူးနိုင်ငံတော်ထဲသို့ မဝင်ရောက်စေရန် တားဆီးရမည်ဖြစ်သည်။
ထိုစဉ် ခန်းမဆောင်ပြင်ဘက်မှ ရုတ်တရက် အသံတစ်သံ ထွက်ပေါ်လာ၏။
"အနောက်မြောက်ဘက်မှ အရေးပေါ်သတင်း"
ဝန်ကြီးတို့၏ ရင်ထဲတွင် တစ်ဖန် တုန်လှုပ်သွားပြန်သည်။
အနောက်မြောက်ဘက်မှ အရေးပေါ်သတင်းလား.....
ဒီလိုအချိန်မှာ အနောက်မြောက်ဘက်မှာ ဘာတွေများ ဖြစ်ပျက်သွားတာပါလိမ့်။
လွင်ပြင်ဒေသ မျိုးနွယ်စုတွေက စစ်တပ်တွေ ထပ်စုပြီး ကျူးနိုင်ငံတော်ကို တိုက်ခိုက်ဖို့ ပြင်ဆင်နေတာများလား။
သူတို့ ပြီးခဲ့တဲ့တစ်ခေါက်က သင်ခန်းစာ မရခဲ့ဘူးလား။
ဝန်ကြီးများ အနောက်မြောက်ဘက်တွင် ဖြစ်ပျက်နိုင်သည့်အရာများကို တွေးတောနေစဉ် စစ်သတင်းပို့သူတစ်ဦး ခန်းမဆောင်ကြီး၏ အလယ်သို့ ဝင်ရောက်လာကာ ဒူးထောက်လိုက်ပြီး လက်နှစ်ဖက်ဖြင့် သတင်းလိပ်တစ်ခုကို မြှောက်ကာ
"နဂါးနက်နိုင်ငံတော်က စစ်သည်တစ်သိန်းကို စေလွှတ်လိုက်ပါတယ်။ ကျူးနိုင်ငံတော်ဆီကို ချဉ်းကပ်လာနေပါတယ်။ ရည်ရွယ်ချက်မရှင်းလင်းပါ"
ဟု လျှောက်ထားလိုက်သည်။
ထိုစကားကို ကြားရသောအခါ ခန်းမဆောင်ကြီးအတွင်းရှိ ဝန်ကြီးများ ခဏတာမျှ မှင်တက်သွားကြသည်။
ဒီအချိန်မှာ နဂါးနက်နိုင်ငံတော်က ဘာကြောင့် ကြီးမားသော တပ်တစ်တပ်ကို စေလွှတ်လာသနည်း။
နဂါးနက်နိုင်ငံတော်ဆိုသည်က နိုင်ငံငယ်လေးတစ်ခုသာ ဖြစ်သည်။ တစ်နိုင်ငံလုံး၏ အင်အားကို ထည့်တွက်မယ်ဆိုရင်တောင် ကျူးနိုင်ငံတော်သည် နဂါးနက်နိုင်ငံကို နည်းနည်းလေးမှ ကြောက်ရွံ့ခြင်းမရှိပေ။ အဓိကအချက်ကတော့ နဂါးနက်နိုင်ငံ၏ ဘုရင်က အနည်းငယ် ထူးခြားနေခြင်းပင်။
လူများက နဂါးနက် နိုင်ငံတော်၏ ဘုရင်သည် ကောင်းကင်လူသားအဆင့် စွမ်းအားရှင်တစ်ဦး ဖြစ်နိုင်သည်ဟု ယူဆကြသော်လည်း သေချာသော အထောက်အထားများ မရှိပါ။ ယင်းမှာ မှန်းဆချက်သာဖြစ်သည်။
နဂါးနက်နိုင်ငံတော်သည် အနောက်မြောက်ဘက်ရှိ ကြမ်းတမ်းသော ဒေသတွင် နိုင်ငံတည်ထောင်နိုင်ပြီး လွင်ပြင်ဒေသ မျိုးနွယ်စုများ၏ တိုက်ခိုက်မှုများကို လုံးဝမကြောက်ရွံ့ခြင်းက ၎င်းသည် သာမန်နိုင်ငံငယ်လေးတစ်ခု မဟုတ်ကြောင်းကို သက်သေပြနေသည်။
သဘောတရားအရ ကျူးနိုင်ငံတော်နှင့် နဂါးနက် နိုင်ငံတော်အကြား ပဋိပက္ခတစ်စုံတစ်ရာ မရှိသင့်ပါ။ အဘယ်ကြောင့်ဆိုသော် နဂါးနက် နိုင်ငံတော်သည် တစ်ခါတစ်ရံမှသာ နယ်ပယ်ချဲ့ထွင်လေ့ရှိပြီး ပြဿနာများ ဖန်တီးလေ့မရှိပေ။ နဂါးနက် နိုင်ငံတော်၏ ဘုရင်သည် လက်ရှိ နဂါးနက်နိုင်ငံတော်နယ်မြေတွင် သူ၏အာဏာကို အတော်ကြာကြာကတည်းက တည်ထောင်ထားပြီးဖြစ်သည်။
ကျူးနိုင်ငံတော် မတည်ထောင်မီကပင် နဂါးနက်နိုင်ငံဖြစ်လာမည့် အင်အားစုသည် သြဇာလွှမ်းမိုးမှုများ ရှိနှင့်ပြီးသား ဖြစ်သည်။ သို့သော် ထိုအချိန်က သူတို့၏ ဘုရင်သည် ပြင်ပသို့ နယ်မြေချဲ့ထွင်ခြင်း မပြုခဲ့သလို လက်ရှိ ကျူးနိုင်ငံတော်ပိုင်ဆိုင်သည့် နယ်မြေကိုလည်း သိမ်းပိုက်ခြင်း မပြုခဲ့ပေ။ ထိုအချက်က နဂါးနက်နိုင်ငံ၏ ဘုရင်၌ ကြီးမားသော ရည်မှန်းချက်များ မရှိကြောင်း ဖော်ပြနေသည်။
ဒါပေမဲ့ အခု ဘာကြောင့် ရုတ်တရက် ကျူးနိုင်ငံတော်ရဲ့ နယ်စပ်ကို တပ်တွေ စေလွှတ်ဖို့ စဉ်းစားလာတာလဲ။ ဒါ ကျူးနိုင်ငံတော်ကို ပြဿနာရှာတာလား။
ထိုအချိန်တွင် ယွဲ့ဧကရီ၏ မျက်ခုံးများ အနည်းငယ် တွန့်သွားသည်။ ထို့နောက် ခန်းမအတွင်းရှိ စစ်ဘက်အရာရှိတစ်ဦးအား
" ဗိုလ်ချုပ်ချင်က အနောက်မြောက်နယ်စပ်ကို ချက်ချင်းသွားပြီး နဂါးနက်နိုင်ငံတော်က ဘာကြောင့် ကျူးနိုင်ငံတော်နားကို တပ်တွေစေလွှတ်ရတာလဲဆိုတာ စုံစမ်းရပါမယ်။"
ဟု မိန့်ကြားလိုက်သည်။
ယွဲ့ဧကရီ၏ အမိန့်ကို ကြားရသောအခါ အရပ်မြင့်ပြီး ခန္ဓာကိုယ်ထွားကြိုင်းသော အမျိုးသားတစ်ဦး ချက်ချင်း မတ်တပ်ရပ်ကာ
"အမိန့်တော်အတိုင်းပါ အရှင်မ။"
ထို့နောက် ထိုစစ်ဗိုလ်ချုပ် ခန်းမဆောင်မှ ချက်ချင်း ထွက်ခွာသွားသည်။ နဂါးနက်နိုင်ငံမှ စစ်တပ်များ ကျူးနိုင်ငံတော်ဘက်သို့ ရုတ်တရက် လှုပ်ရှားလာခြင်းက ယွဲ့ဧကရာဇ်အား တစ်ခုခုတော့ မှားယွင်းနေပြီဟု ခံစားရစေခဲ့သည်။ အခုတလော နဂါးနက်နိုင်ငံတော် အလွန်အမင်း တက်ကြွလှုပ်ရှားနေခဲ့၏။
မကြာသေးမီက နဂါးနက်နိုင်ငံတော်မှ ကုန်သည်လှည်းတန်း အများအပြားသည် ကျူးနေပြည်တော်သို့ ရောက်ရှိလာခဲ့ကြသည်။ ၎င်းတို့သည် ကုန်သွယ်မှု ပြုလုပ်ရန်သာဖြစ်ပြီး ကျူးနိုင်ငံတော်ကို ခြိမ်းခြောက်သည့် အခြားမည်သည့် အပြုအမူကိုမှ မပြုလုပ်ခဲ့ကြသော်လည်း ယွဲ့ဧကရာဇ်၏ စိတ်ထဲတွင် မသင်္ကာမှုများ ဖြစ်ပေါ်နေခဲ့သည်။
..............
(အခန်း ၅၈၄)
နဂါးနက်နိုင်ငံတော်၏ ဂယက်ရိုက်ခတ်မှုများ (၂)
သို့သော် ထိုသို့ဖြစ်လေလေ ယွဲ့ဧကရာဇ် နဂါးနက်နိုင်ငံတော်ကို ပို၍ မယုံသင်္ကာ ဖြစ်လေလေပင်။
နဂါးနက်နိုင်ငံတော်က ယခုအချိန်တွင် ကျူးနိုင်ငံတော်ကို တိုက်ခိုက်ရန် တပ်ဖြန့်မည်ဆိုပါက ကျူးနိုင်ငံတော်သည် အနောက်မြောက်နယ်စပ်သို့ တပ်များစေလွှတ်ရမည်။ ထိုအခါ ဝူနိုင်ငံတော်၏ တပ်ကြွင်းတပ်ကျန်များ ကျူးနိုင်ငံတော် နယ်မြေထဲသို့ ထွက်ပြေးဝင်ရောက်လာပြီး ကျူးနိုင်ငံတော်နှင့် မြောက်ပိုင်းပြည်နယ်တို့အကြား ပဋိပက္ခဖြစ်ပွားခဲ့ပါက ကျူးနိုင်ငံတော်အတွက် အလွန်ပင် အခြေအနေဆိုးသွားလိမ့်မည်။
သူမ၏ အစီအစဉ် အောင်မြင်ခဲ့ခြင်း ရှိ၊ မရှိကိုလာ်း ယွဲ့ဧကရာဇ် မသေချာသေးပေ။ အကယ်၍ မုယုံရွှီက မြောက်ပိုင်းနယ်စားမင်းသားကို ထိန်းချုပ်ထားနိုင်ခဲ့ပြီဆိုပါက မြောက်ပိုင်းနယ်စားမင်းသားသည် သူမအတွက် အလွန်ကောင်းမွန်သော နယ်ရုပ်တစ်ရုပ် ဖြစ်လာလိမ့်မည်။
မြောက်ပိုင်းနယ်စားမင်းသားကို မုယုံရွှီ ထိန်းချုပ်ထားနိုင်ခြင်း မရှိဘူးဆိုပါက မြောက်ပိုင်းပြည်နယ်က ယခုအချိန်တွင် ကျူးနိုင်ငံတော်ထဲ စစ်အင်အားဖြန့်ကျက်လာမည်ဆိုလျှင် ကျူးနိုင်ငံတော်၏ စစ်တပ်သည် မြောက်ပိုင်းပြည်နယ်၏ စစ်တပ်နှင့် ယှဉ်နိုင်ဖွယ်မရှိချေ။ ကျူးနိုင်ငံတော်သည် မြောက်ပိုင်းပြည်နယ်၏ ထိုလျှို့ဝှက်ဆန်းကြယ်သော လက်နက်များကို မည်သို့မှ ရင်ဆိုင်နိုင်မည် မဟုတ်ပေ။
ဆက်လက်ဖြစ်ပေါ်လာမည့် အခြေအနေသည် ဝူနိုင်ငံတော်၏ အဓိကတပ်များ ရန်ခရိုင်ကို တိုက်ခိုက်နိုင်ခြင်း ရှိမရှိနှင့် မုယုံရွှီ မြောက်ပိုင်းနယ်စားမင်းသားကို ထိန်းချုပ်နိုင်ခြင်း ရှိမရှိ ဆိုသည့်အပေါ်များတွင် မူတည်ပေလိမ့်မည်။
......
ထိုအတောအတွင်း။
ကျန်းဟုန်နှင့် ရွှီစင်ဝမ်တို့သည် ယုံအန်းခရိုင်တွင် ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များကို လုံးဝမသိရှိကြသေးပဲ ကျူးနိုင်ငံတော်ကို ဖြတ်ကျော်၍ မြောက်ပိုင်းပြည်နယ်အတွင်းသို့ ဝင်ရောက်လာပြီဖြစ်သည်။ သူတို့၏ တပ်များသည် ကျူးနိုင်ငံတော်အနီးရှိ ယင်ယန်ခရိုင်သို့ ရောက်ရှိလာခဲ့ကြသည်။
ယင်ယန်ခရိုင်တွင် မြို့များစွာ မရှိပေ။ အဓိကမြို့တစ်မြို့ဖြစ်သော တိမ်တောင်မြို့သာ ရှိသည်။ တိမ်တိုက်မြို့ ကျဆုံးသည်နှင့် ဝူနိုင်ငံတော်၏ အဓိကတပ်မတော်သည် မြောက်ပိုင်းပြည်နယ်၏ ပင်မနယ်မြေအတွင်းသို့ တိုက်ရိုက်ဝင်ရောက် တိုက်ခိုက်နိုင်ပေမည်။
မြောက်ပိုင်းပြည်နယ်အတွက် တိမ်တောင်မြို့ ကျဆုံးခြင်းသည် ရန်ခရိုင်ကို ဝူနိုင်ငံတော်၏ အဓိက စစ်တပ်ထံသို့ အလဟဿ ပေးလိုက်သကဲ့သို့ ဖြစ်ပေလိမ့်မည်။
တိမ်တောင်မြို့ပြင်သို့ ရောက်လာသည်အထိ ကျန်းဟုန်နှင့် ရွှီစင်ဝမ်တို့သည် ဖြစ်ပျက်လာတော့မည့် အရာများကို လုံးဝမသိရှိသေးပေ။ အခိုင်အမာ ပိတ်ထားသော တိမ်တောင်မြို့တံခါးများကို ကြည့်ရင်း ကျန်းဟုန်က ရယ်မောကာ ရွှီစင်ဝမ်ကို ကြည့်လိုက်ပြီး
"ဗိုလ်ချုပ်ရွှီ။ တိမ်တောင်မြို့ကို ကျွန်တော်တို့ ဘယ်လောက်မြန်မြန် သိမ်းပိုက်နိုင်မယ်လို့ ထင်လဲ"
ဟု မေးလိုက်သည်။
ရွှီစင်းဝမ်က တိမ်တောင်မြို့၏ ပြိုကျနေသော မြေသားမြို့ရိုးများကို ကြည့်လိုက်ပြီးနောက်
"သုံးရက်"
ဟု ပြန်ဖြေလိုက်သည်။
ကျန်းဟုန်က ရယ်မောကာ
"သုံးရက် ဟုတ်လား။ ခင်ဗျား မြောက်ပိုင်းပြည်နယ်က တပ်စခန်းကို အရမ်းအထင်ကြီးလွန်းနေပြီ။ ကျုပ်အမြင်အရတော့ တိမ်တောင်မြို့ကို တစ်ရက်တည်းနဲ့ သိမ်းပိုက်နိုင်မယ်။"
ဤသို့ပြောပြီးနောက် ကျန်းဟုန်က သူ၏နောက်မှ စစ်သည်များကို
"ချက်ချင်း တပ်စွဲကြ။ မနက်ဖြန် မိုးသောက်တာနဲ့ စတိုက်မယ်"
ဟု အမိန့်ပေးလိုက်သည်။
ကျန်းဟုန်၏ စကားများ ပြီးဆုံးသည်နှင့် ဝူစစ်သည်များ တပ်စွဲရန် စတင်ပြင်ဆင်ကြသည်။
ထိုအခိုက်အတန့်တွင် တိမ်တောင်မြို့၏ ကင်းထောက်မျှော်စင်ပေါ်၌ ဆွမ်ရွှီလင်နှင့် တုံမန်ဖေးယွဲ့တို့သည် အဝေးမှ ဝူစစ်တပ်ကို စိတ်လှုပ်ရှားမှု ကင်းမဲ့စွာ ကြည့်နေကြသည်။ သူတို့သည် ဝူနိုင်ငံတော်၏ စစ်တပ်အား ကြောက်ရွံ့မှု အနည်းငယ်မှ မရှိပေ။ သူတို့တွင် စစ်သည်နှစ်သိန်းသာ ရှိပြီး ဝူနိုင်ငံတော်ထက် နည်းသော်လည်း မြောက်ပိုင်းပြည်နယ်မှ ပြင်ဆင်ပေးထားသော အမြောက်များနှင့် လက်နက်ကြီးများ ရှိနေသည်။
ဝူနိုင်ငံတော်၏ စစ်တပ် တိမ်တောင်မြို့သို့ မရောက်မီကပင် တုံမန်ဖေးယွဲ့နှင့် ဆွမ်ရွှီလင်တို့သည် သူတို့စစ်သည်များအား ယမ်းလက်နက်များ အသုံးပြုပုံကို ကျွမ်းကျင်အောင် လေ့ကျင့်ပေးထားခဲ့ကြသည်။ သူတို့တွင် တိကျသော နည်းဗျူဟာများ မရှိသေးသော်လည်း အမြောက်ဆံများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းက ရန်သူ့တပ်များကို ပြိုကွဲစေမည်မှာ သေချာ၏။ ထူးထူးခြားခြား နည်းဗျူဟာများ မလိုအပ်တော့ပေ။
ထိုအချိန်တွင် တုန်းမန်ဖေးယွဲ့က
"ကျွန်တော်တို့ရဲ့ မင်းသားက ဒီလိုကြောက်မက်ဖွယ်ကောင်းတဲ့ လက်နက်တွေကို ဘယ်ကရခဲ့တာလဲ မသိဘူး။ ဒါတွေက ဒီလောကနဲ့ မသက်ဆိုင်သလိုပဲ။"
၎င်းတို့နှစ်ဦးစလုံးသည် ဝင်ရိုးစွန်း ဒေသများမှ လာကြသူများဖြစ်ပြီး ယမ်းလက်နက်များနှင့် အထူးတလည် ရင်းနှီးကျွမ်းဝင်ခြင်းမရှိပေ။ ယမ်းလက်နက်များ၏ ကြောက်မက်ဖွယ် စွမ်းအားကို မျက်မြင်ကိုယ်တွေ့ ကြုံပြီးနောက် သူတို့နှစ်ဦးစလုံးလည်း လက်နက်၏ အဖျက် စွမ်းအားကို အလွန်အံ့အားသင့်ခဲ့ကြသည်။
အဆင့်လွန် ပညာရှင်များအနေနှင့် သူတို့၏ အတွင်းစိတ်ထဲတွင် အနည်းငယ် မကျေနပ်မှုများ ရှိခဲ့ကြသည်။ အဘယ်ကြောင့်ဆိုသော် ထိုကဲ့သို့သော ယမ်းလက်နက်များ ပေါ်ထွက်လာခြင်းသည် သိုင်းပညာရှင်များ၏ အဆင့်အတန်းကို သိသိသာသာ ထိခိုက်စေ သောကြောင့် ဖြစ်သည်။
ထို့ကြောင့် နှစ်ဦးစလုံးသည် အမြောက်စမ်းသပ်မှုများတွင် ပစ်မှတ်အဖြစ် ရပ်တည်ကာ သူတို့၏စွမ်းဆောင်ရည်ကို စမ်းသပ်ကြည့်ခဲ့ကြသည်။ သူတို့၏စမ်းသပ်မှုများအပြီးတွင် အမြောက်များသည် အဆင့်လွန်ပညာရှင်တစ်ဦးကို တိုက်ရိုက်သတ်နိုင်ခြင်းမရှိသော်လည်း သူတို့၏တိုက်ခိုက်မှုများကို ဖိနှိပ်နိုင်ကြောင်း တွေ့ရှိခဲ့ကြသည်။
အမြောက်များရှေ့တွင် သူတို့သည် ပစ်ခတ်မှုများကို ခံနိုင်ရည်ရှိရန် ကာကွယ်ရေး စွမ်း အားလုံးကို အသုံးပြုရပြီး ပြန်လည်တိုက်ခိုက်ရန် ခက်ခဲကြောင်း တွေ့ရှိခဲ့ကြသည်။
သူတို့၏ စမ်းသပ်မှုများအပြီးတွင် အဖြစ်မှန်ကို လက်ခံခဲ့ကြရသည်။ ထို့ပြင် အမြောက်များသည် လက်ရှိတွင် မြောက်ပိုင်းပြည်နယ်တွင်သာ ရှိနေသည်ဟု ယူဆထားကြသည်။ သူတို့ကသာ အခြားသူများကို အမြောက်များဖြင့် ပစ်ခတ်ရမည်ဖြစ်ပြီး အခြားသူများက သူတို့ကို ပစ်ခတ်မည် မဟုတ်ပေ။ ထို့ကြောင့် သူတို့အနေနှင့် အလွန်အမင်း စိုးရိမ်ပူပန်ရန် မလိုအပ်ပေ။
ထို့ပြင် အမြောက်များကဲ့သို့သော လက်နက်များကို အသုံးပြုခြင်းဖြင့် သူတို့၏ အရှင်သခင်သည် ကမ္ဘာကြီးကို ပိုမိုမြန်ဆန်စွာ ပေါင်းစည်းနိုင်ပေမည်။ ထိုရှူထောင့်မှ ကြည့်လျှင်တော့ သူတို့အနေနှင့် အမြောက်များအပေါ် မကောင်းမြင်စိတ် မထားသင့်ပေ။
တုန်းမန်ဖေးယွဲ့၏ စကားကို ကြားရသောအခါ ဆွမ်ရွှီလင်က စိတ်မပါ့တပါဖြင့်
"ဘယ်သူ့ကို ဂရုစိုက်ရမှာလဲ။ အခုလောလောဆယ် မြောက်ပိုင်းပြည်နယ်မှာပဲ ဒီလိုလက်နက်တွေ ရှိတာ။ တခြားနိုင်ငံတွေ ဒါမှမဟုတ် အင်အားစုတွေ ဒီအမြောက်တွေကို ပိုင်ဆိုင်လာတဲ့ အချိန်ကျရင် ကျွန်တော်တို့ မင်းသားက တိုက်ကြီးတစ်ခုလုံးကို ပေါင်းစည်းပြီးသား ဖြစ်နေလောက်ပြီ။"
ထိုအခိုက်အတန့်တွင် တုန်းမန်ဖေးယွဲ့က သက်ပြင်းချကာ
"ဒီလို အစွမ်းထက်တဲ့ လက်နက်တွေနဲ့ဆို ကျွန်တော်တို့က နောင်ဆိုရင် မင်းသားအတွက် အရေးမပါတော့ဘူးထင်တယ်။"
ဤစကားကို ကြားရသောအခါ ဆွမ်ရွှီလင်က ရယ်မောပြီးနောက်
"ဗိုလ်ချုပ်တုန်းမန်။ ခင်ဗျား ဒီလိုကိစ္စတွေကို ဘာလို့ စိုးရိမ်နေတာလဲ။ လက်နက်ဆိုတာ လက်နက်ပဲ။ ဘယ်လောက်ပဲ အစွမ်းထက်ထက် လူတွေကပဲ ထိန်းချုပ်ပြီး သုံးရတာပဲ။ ကျွန်တော်တို့ရဲ့ မင်းသားက သူ့နယ်မြေတွေကို ချဲ့ထွင်ဖို့၊ တိုက်ကြီးတစ်ခုလုံးကို ပေါင်းစည်းဖို့အတွက် ကျွန်တော်တို့ကို လိုအပ်နေဦးမှာပဲ။ ဘာလို့များ ကျွန်တော်တို့က အရေးမပါတော့ဘူးလို့ ထင်ရတာလဲ။"
တုန်းမန်ဖေးယွဲ့က
"မှန်ပါတယ်"
ဆွမ်ရွီလင်၏ စိတ်သက်သာရာရစေသော စကားများအပြီးတွင် တုန်းမန်ဖေးယွဲ့ အနည်းငယ် ပို၍ စိတ်ချမ်းမြေ့လာခဲ့သည်။ ပြိီးခဲ့သော ရက်အနည်းငယ်က အမြောက်စမ်းသပ်မှုများအတွင်း အမြောက်များကြောင့် သူလုံးဝ ထိတ်လန့်သွားခဲ့ပြီး စိတ်ဓာတ်ကို အကြီးအကျယ် ကျဆင်းသွားခဲ့သည်။
အမြောက်များကို သာမန်လူများကပင် ထိန်းချုပ်နိုင်ကြ၏။ အဆင့်လွန်ပညာရှင်တစ်ဦး ဖြစ်သောသူသည် သာမန်လူများရှေ့တွင် မိမိကိုယ်ကို ခုခံကာကွယ်ရန်ပင် ရုန်းကန်နေရသည့် အဖြစ်ကို မြင်သောအခါ မြောက်ပိုင်းနယ်စားမင်းသားသည် အဆင့်လွန်ပညာရှင်များကို မလိုအပ်တော့ဘူးလားဟု အပျက်သဘောဆောင်သော အတွေးအချို့ ဝင်လာခဲ့သည်။
ဆွမ်ရွှီလင်သည် အဝေးမှ ဝူစစ်သည်များကို ကြည့်ရင်း
"သူတို့တွေက ဝူနိုင်ငံတော်ရဲ့ အဓိကတပ်တွေ ဖြစ်ရမယ်။ ဒီညပဲ ကြိုတင်တိုက်ခိုက်ပြီး ဒီတိုက်ပွဲကို အမြန်ဆုံး အဆုံးသတ်ဖို့ ကြိုးစားကြစို့။"
............
(အခန်း ၅၈၅)
နဂါးနက်နိုင်ငံ၏ ဂယက်ရိုက်ခတ်မှုများ (၃)
ဝူနိုင်ငံတော်၏ အဓိကတပ်များသည် ဝေးကွာသောအရပ်မှ ရောက်ရှိလာကြပြီး ပင်ပန်းနွမ်းနယ်နေကြပြီဖြစ်သည်။ ယခု တိမ်တောင်မြို့အတွင်း၌ စစ်သည်နှစ်သိန်းရှိပြီး အမြောက်များ၏ အကူအညီဖြင့် ညအချိန်တွင် ရုတ်တရက် တိုက်ခိုက်ခဲ့ပါက ဝူနိုင်ငံတော်၏ စစ်အင်အား သုံးသိန်း ရင်ဆိုင်နိုင်စွမ်း ရှိလိမ့်မည် မဟုတ်ပေ။
ဤသည်မှာ ဆွမ်ရွှီလင်နှင့် တုန်းမန်ဖေးယွဲ့တို့ ဝင်ရိုးစွန်းဒေသမှ မြောက်ပိုင်းပြည်နယ်သို့ ရောက်ရှိလာပြီးနောက် ပထမဆုံးတိုက်ပွဲဖြစ်သောကြောင့် သူတို့ ဤတိုက်ပွဲကို အထူး အလေးထားနေကြသည်။
ယခုအခါ မြောက်ပိုင်းပြည်နယ်တွင် အမြောက်လက်နက်ကဲ့သို့သော ကြောက်မက်ဖွယ်လက်နက်များ ပိုင်ဆိုင်ထားပြီဖြစ်ရာ အဆင့်လွန်ပညာရှင်များ၏ အရေးပါမှုမှာ ယခင်ကထက် လျော့နည်းသွားပြီဖြစ်သည်။ထို့ကြောင့် သူတို့အမြင်တွင် မင်းသား၏ အာရုံစိုက်မှုကို ရရှိလိုပါက စစ်ရေးဆိုင်ရာ အောင်မြင်မှုများ ပိုမိုရရှိရန် လိုအပ်သည်။
ဤတိုက်ပွဲတွင် သူတို့သည် အနိုင်ရရုံသာမက ပြီးပြည့်စုံသော အောင်ပွဲကိုလည်း ရရှိရန် လိုအပ်သည်။
.......
ညအချိန်ရောက်လာပြီဖြစ်သည်။
ဝူစစ်စခန်းတွင် မီးများထွန်းညှိထား၏။ ကျန်းဟုန်နှင့် ရွှီစင်ဝမ်တို့သည် တိမ်တောင်မြို့သို့ အခုမှ ရောက်ရှိလာခြင်း ဖြစ်သော်လည်း အနားယူခြင်းမရှိကြပေ။ သူတို့သည် မြောက်ပိုင်းဒေသ၏ မြေပုံကို ကြည့်ကာ နောက်ဘာလုပ်ရမည်ကို စဉ်းစားနေကြသည်။
ယခုရေးဆွဲနေသော အစီအစဉ်မှာ တိမ်တောင်မြို့ကို သိမ်းပိုက်ပြီးနောက် ဘာဆက်လုပ်ရမည်ကို စဉ်းစားနေခြင်းဖြစ်သည်။ သူတို့အမြင်တွင် တိမ်တောင်မြို့သည် သူတို့လက်ထဲ ရောက်ရှိနေပြီးသားဖြစ်ပြီး ပြိုပျက်နေသော မြို့ရိုးများသည် သူတို့အတွက် စိန်ခေါ်မှုတစ်ခုတော့ မဟုတ်ပေ။
ထိုအချိန်တွင် ရွှီစင်ဝမ်က
“ကျူးကဲ့ကျုံကောင်းက ပညာရှိတစ်ဦးအဖြစ် လူသိများပေမယ့် သူတကယ်တိုက်ခိုက်နေတာကို မြင်ဖူးသူ နည်းပါတယ်။ သူ့ရဲ့ တကယ့်စွမ်းအားက ကျုပ်တို့ ခန့်မှန်းထားတာထက် အများကြီး ပိုအားကောင်းနိုင်တယ်။”
ထိုစကားကို ကြားသောအခါ ကျန်းဟုန်က ရယ်မောကာ
“ဗိုလ်ချုပ်ရွှီ။ ခင်ဗျားက အားနည်းတဲ့ ပညာရှင်တစ်ယောက်ကို ကြောက်နေတာလား။ ခင်ဗျား အရင်ကနဲ့ မတူတော့ဘူးနော်။”
ရွှီစင်ဝမ်က ဆက်လက်၍
“ကျန်းဝမ်မင်းသမီး ရှနိုင်ငံတော်မှာ စုဆောင်းထားတဲ့ ထောက်လှမ်းရေးသတင်း တွေအရ အဆင့်လွန်ပညာရှင်အထက်မှာ အထွတ်အထိပ် အဆင့်လွန်ပညာရှင်အဆင့်ဆိုတာ ရှိပါသေးတယ်။ အဆင့်လွန်ပညာရှင်တစ်ယောက် အထွပ်အထိပ်အဆင့်ကို ရောက်တဲ့အခါ ထူးခြားတဲ့ဖြစ်စဉ်တစ်ခုကို ဖြစ်ပေါ်စေနိုင်ပြီး အဲ့ဒီပုဂ္ဂိုလ်ရဲ့ စွမ်းအားက အများကြီး တိုးလာနိုင်ပါတယ်။”
“မြောက်ပိုင်းပြည်နယ်မှာ အဲ့ဒီလိုဖြစ်ရပ်မျိုး တစ်ခါ တွေ့ဖူးတယ်လို့ ပြောကြတယ်။ အဲ့ဒါက ကျူးကဲ့ကျုံကောင်းလည်း အထွတ်အထိပ်အဆင့်ကို ရောက်နေပြီဆိုတာကို ညွှန်ပြနေတယ်။ ကျုပ်တို့ အထွတ်အထိပ်အဆင့်ရှိတဲ့ ရန်သူနဲ့ တစ်ခါမှ မတိုက်ဖူးသေးဘူး။”
“ဗိုလ်ချုပ်ကျန်း သတိထားတာ ကောင်းပါတယ်။”
ထိုစကားကို ကြားသော်လည်း ကျန်းဟုန်က ပြုံးရုံသာ ပြုံးပြီး ရွှီစင်ဝမ်၏ စကားကို အလေးမထားခဲ့ပေ။
“ကျူးကဲ့ကျုံကောင်း အထွတ်အထိပ်အဆင့်ပဲ ဖြစ်ဖြစ် ကောင်းကင်လူသား စွမ်းအားရှင် အစစ်ပဲဖြစ်ဖြစ် ကျုပ်ကတော့သူ့ကို မကြောက်ဘူး။”
“ဗိုလ်ချုပ်ရွှီ ခင်ဗျား ဘယ်တုန်းကများ...”
ကျန်းဟုန် စကားမဆုံးသေးခင်မှာပင် တဲအပြင်ဘက်မှ “ဝုန်း” ဟူသော အသံကျယ်ကြီး ထွက်ပေါ်လာပြီး အတွင်းရှိ ဗိုလ်ချုပ်များ နားအူသွားကြသည်။
ရွှီစင်ဝမ်လည်း တစ်ခုခု ဖြစ်ပျက်နေပြီဟု သိလိုက်ကာ ချက်ချင်း တဲဝသို့ သွားကာ အပြင်ဘက်ရှိ စစ်သည်များကို
“ဘာဖြစ်တာလဲ”
ဟု မေးလိုက်သည်။
ရွှီစင်ဝမ် စကားမဆုံးသေးခင်မှာပင် အနီးနားတွင် နောက်ထပ် ဝုန်းခနဲ အသံတစ်သံ ထွက်ပေါ်လာပြီး စစ်သားအချို့၏ ခန္ဓာကိုယ်များ လွင့်စင်သွားသည်ကို ရွှီစင်ဝမ် မျက်မြင်ကိုယ်တွေ့ မြင်လိုက်ရသည်။
နောက်တစ်ခဏတွင် စစ်သည်များ၏ အသံများ စခန်းအတွင်း ပွက်လောရိုက်သွားသည်။
“ရန်သူလာပြီ။”
ချက်ချင်းပင် ဝူစစ်စခန်းအတွင်း ခရာသံများ ညံသွားသည်။
စစ်သည်များသည် လက်နက်ကိုယ်စီဖြင့် တဲများမှ ပြုံဆင်းလာကာ တိုက်ပွဲဝင်ရန် အဆင်သင့် ဖြစ်နေကြသည်။
ကျန်းဟုန်သည် ဝူနိုင်ငံတော်၏ အကောင်းဆုံး စစ်သည်များကို ခေါ်ဆောင်လာခဲ့ခြင်းဖြစ်သဖြင့် ထိုစစ်သည်များ၏ တုံ့ပြန်မှုက အလွန်မြန်ဆန်သည်။ ခရာသံ စတင်ကြားရပြီး မကြာမီမှာပင် တိုက်ပွဲအတွက် အဆင်သင့် ဖြစ်နေကြသည်။
ထိုအချိန်တွင် ကျန်းဟုန်လည်း တဲထဲမှ ထွက်လာပြီး သူ့ရှေ့မှ မြင်ကွင်းကို မယုံနိုင်သလို ကြည့်နေသည်။
သူတို့သည် တိမ်တောင်မြို့သို့ ရောက်ခါစသာ ရှိသေးပြီး တိုက်ပွဲ မစတင်ရသေးချိန်၌ ရန်သူက သူတို့ကို ဦးစွာ အလစ်တိုက်ခိုက်လာခြင်းဖြစ်သည်။
မြောက်ပိုင်းပြည်နယ်မှ စစ်ဗိုလ်ချုပ်များက သူတို့ကို အထင်သေးလွန်းနေပုံရသည်။ ခရီးဝေးမှလာရ၍ ပင်ပန်းနွမ်းနယ်လာသောကြောင့် ရုတ်တရက် အလစ်တိုက်ခိုက်မှုကို ရင်ဆိုင်ရပါက သူတို့၏ တပ်များ ကစဉ့်ကလျား ဖြစ်သွားလိမ့်မည်ဟု ထင်နေကြပုံရသည်။
ဟာသပဲ....
ဤစစ်သည်သုံးသိန်းသည် ဝူနိုင်ငံတော်မှ အကောင်းဆုံး စစ်သည်များဖြစ်သည်။ ရုတ်တရက် အငိုက်ဖမ်း တိုက်ခိုက်ခံရလျှင်ပင် လျင်မြန်စွာ တုံ့ပြန်ပြီး တန်ပြန်တိုက်စစ် ဆင်နိုင်ကြသည်။
သူတို့သည် တိမ်တောင်မြို့ကို တစ်ညပို ချမ်းသာပေးရန် ရည်ရွယ်ထားသော်လည်း ရန်သူက မဆင်မခြင် လုပ်ချင်တိုင်း လုပ်လာသောကြောင့် နောက်ဆက်တွဲ ဖြစ်လာမည့်အရာအတွက် သူတို့ကို အပြစ်မတင်နိုင်တော့ပေ။
...........