← Chapters

အခန်း ၅၈၆-၅၈၈

Vol. 40 Ch. 586-588

အခန်း ၅၈၆-၅၈၈

Vol. 40 Ch. 586-588

အခန်း (၅၈၆)

ခေတ်၏တွန်းအားသက်‌ရောက်ခံရသော လုချန်း (၁)

တိမ်တောင်မြို့ကို ကာကွယ်သူများ အခြေအနေမှန်ကို နားမလည်ဟု ကျန်းဟုန် စိတ်ထဲမှ ပြက်ရယ်ပြုလိုက်သည်။ သို့သော် အခြေအနေ အမှန်ကို နားမလည်သူက သူကိုယ်တိုင် ဖြစ်ကြောင်း မကြာမီ သိရှိခဲ့ရသည်။

ထိုအခိုက်အတန့်တွင် သူသည် အချက်ပြစစ်သည်တစ်ဦးအား ညွှန်ကြားချက်များ ပေးတော့မည့် ဆဲဆဲတွင် ရုတ်တရက် သံလုံးကြီးတစ်လုံး ကောင်းကင်မှ ပျံသန်းကျ ရောက်လာ၏။ ကျန်းဟုန်က မတုန်မလှုပ်ပဲ ဓားဆွဲထုတ်၍ ဓါးလှိုင်းတစ်လှိုင်းကို လေထဲပျံဝဲနေသော သံလုံးဆီသို့ ဦးတည်ပို့လွှတ်လိုက်သည်။

သို့သော် ဓားလှိုင်းသည် သံလုံးနှင့် ထိမိလုနီးပါးအချိန်တွင် သံလုံး ပေါက်ကွဲသွားခဲ့သည်။

ကျန်းဟုန်နှင့် ရွှီစင်ဝမ်တို့လည်း တစ်စုံတစ်ခု မှားယွင်းနေပြီဖြစ်ကြောင်း ချက်ချင်းပင် သိလိုက်ကြသည်။

ရွှီစင်းဝမ်က ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

“သတိထားကြ”

ထိုအခိုက်အတန့်တွင် အဆင့်လွန်ပညာရှင်နှစ်ဦးစလုံးသည် ကာကွယ်ရေး စွမ်းအားများကို တစ်ပြိုင်နက်တည်း အသုံးပြုလိုက်ကြသည်။

သံလုံးကြီး ပေါက်ကွဲပြီးနောက် သံစများစွာ လွင့်စဉ်ထွက်လာပြီး ရွှီစင်းဝမ်နှင့် ကျန်းဟုန်တို့မှလွဲ၍ သူတို့ပတ်ဝန်းကျင်ရှိ စစ်သည်အားလုံးနီးပါး ထိခိုက်ဒဏ်ရာရခြင်း သို့မဟုတ် ပေါက်ကွဲမှုကြောင့် ပွဲချင်းပြီး သေဆုံးခြင်းများ ဖြစ်သွားသည်။

ဤသွေးစွန်းသော မြင်ကွင်းကို မြင်သောအခါ ကျန်းဟုန်သည် လုံးဝ မှင်တက်သွား၏။

ဒါ ဘယ်လိုလက်နက်မျိုးလဲ။

ဘာလို့ ဒီလောက်တောင် အစွမ်းထက်ရတာလဲ။

သူ့ဘေးတွင် အဆင့်ကိုး သိုင်းပညာရှင်အချို့ ရှိနေခဲ့ကြပြီး သူတို့အားလုံး ပေါက်ကွဲမှုကြောင့် သေဆုံးခဲ့ကြရသည်။ ခုနကသာ သူတို့၏ ကာကွယ်မှု စွမ်းအားများကို အသုံးမပြုခဲ့ပါက သူတို့လည်း ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြပေလိမ့်မည်။

အဆင့်လွန်ပညာရှင်တစ်ဦးဖြစ်‌သော ကျန်းဟုန်ပင် ပေါက်ကွဲမှု မြင်ကွင်းကြောင့် တုန်လှုပ်သွားခဲ့သည်။

စိတ်တည်ငြိမ်လာပြီးနောက် သူ၏မျက်နှာ မည်းမှောင်လာပြီး မျက်ခုံးများ တွန့်သွားသည်။

အဲ့ဒီသံလုံးကြီးက ဘာလဲ.....

ဘာလို့ အဖျက်စွမ်းအား ဒီလောက်ကြီးမားရတာလဲ.....

သူတို့ ဒီလိုလက်နက်မျိုးကို တစ်ခါမှ မမြင်ဖူးပေ။

ထိုအခိုက်အတန့်တွင် ရွှီစင်ဝမ်က ကျန်းဟုန်အား

“ဗိုလ်ချုပ်ကျန်း။ တစ်ခုခုတော့ မှားနေပြီထင်တယ်”

ရွှီစင်ဝမ် စကားမဆုံးသေးခင်မှာပင် နောက်ထပ် အမြောက်ဆံများ ကောင်းကင်မှ ကျလာ၏။ ကျန်းဟုန်သည် ဓားကို လျင်မြန်စွာ ဝှေ့ယမ်းကာ အမြောက်ဆံများကို ခုတ်ချရန် ကြိုးစားခဲ့သော်လည်း သူ၏ ဓားလှိုင်းကအ‌မြောက်ဆံများနှင့် ထိမိသည်နှင့် ချက်ချင်း ပေါက်ကွဲသွားခဲ့သည်။

ဤအကြိမ်တွင် အမြောက်ဆံများ စခန်းနှင့် အတော်လေး ဝေးကွာသောနေရာတွင် ပေါက်ကွဲမှုခဲ့သော်လည်း ယင်းမှထွက်လာသည့် သံစများသည် မြေပြင်ပေါ်ရှိ စစ်သည်များစွာကို သေဆုံးဒဏ်ရာရစေခဲ့သည်။

ထိုမြင်ကွင်းကို မြင်သောအခါ ကျန်းဟုန်နှင့် ရွှီစင်ဝမ်တို့၏ မျက်နှာထားများ ပို၍ပင် ဆိုးဆိုးရွားရွား ဖြစ်သွားကြသည်။ သူတို့ လှမ်း၍ ကာလိုက်တာတောင် ထိုသံလုံးများမှ ထိုမျှ ကြောက်မက်ဖွယ်ကောင်းသော ‌ပေါက်ကွဲမှုများ ဖြစ်ပေါ်နိုင်မည်ဟု မမျှော်လင့်ခဲ့ကြပေ။

မဖြစ်ပါ။ ဤနေရာတွင် ထိုင်နေပြီး သေမင်းကို စောင့်မျှော်နေလို့မရပါ။ မြောက်ပိုင်းပြည်နယ်တွင် ဤသံလုံးများ အများအပြားရှိပါက သူတို့ပြန်လည်တိုက်ခိုက်ရန် အခွင့်အရေးမရမီပင် စစ်သည်သုံးသိန်းလုံးနီးပါး ပေါက်ကွဲမှုများကြောင့် ပျက်စီးသွားနိုင်သည်။

ချက်ချင်းပင် ကျန်းဟုန်နှင့် ရွှီစင်ဝမ်တို့သည် ဗုံးကြဲခံရမည့် အန္တရာယ်ကြားမှ စစ်သည်များကို စုစည်းကာ နောက်ဆုတ်စေခဲ့သည်။

မြောက်ပိုင်းပြည်နယ်တွင် ထိုမျှ ကြောက်မက်ဖွယ်လက်နက်များ ရှိနေပါက ယခုအချိန်တွင် သူတို့ကို တိုက်ရိုက်ရင်ဆိုင်ရန် လုံးဝမဖြစ်နိုင်ပါ။

အမြောက်တပ်၏ ဗုံးကြဲမှုအောက်တွင် ဝူနိုင်ငံတော်၏ စစ်သည်များသည် လျင်မြန်စွာ စုစည်းကာ အုပ်စုများစွာခွဲ၍ ဆုတ်ခွာခဲ့ကြသည်။ အမြောက်ကြီးများတွင် ပစ်ခတ်နိုင်သည့် အကွာအဝေး ကန့်သတ်ချက်ရှိသောကြောင့် ဝူစစ်သည်များ ပြန်လည် စုစည်းပြီး ဆုတ်ခွာနိုင်ခဲ့ကြသည်။ ဆွမ်ရွှီလင်နှင့် သူတပ်များ မတိုက်ခိုက်နိုင်ခင်မှာပင် ဝူနိုင်ငံတော်၏ စစ်သည်များသည် ခပ်ဝေးဝေး အရပ်သို့ ထွက်ပြေးခဲ့ကြသည်။

တုန်းမန်ဖေးယွဲ့သည် ချက်ချင်းပင် သူ၏စစ်သည်များကို ဦးဆောင်ကာ တိုက်ခိုက်ရန် ရှေ့သို့တက်ခဲ့သော်လည်း ကျန်းဟုန်က စစ်သည်သောင်းဂဏန်းခန့်ကို တန်ပြန်ချုံခိုတိုက်ခိုက်ရန် ချန်ထားခဲ့၏။ ကံကောင်းထောက်မစွာဖြင့် တုန်းမန်ဖေးယွဲ့၏ တပ်များတွင် အမြောက်ငယ်များ ပါလာသောကြောင့် ကျန်းဟုန် ချန်ထားခဲ့သော စစ်သည်များကို လျင်မြန်စွာ ခြေမှုန်းနိုင်ခဲ့သည်။ သို့သော် ထိုစစ်သည်‌သောင်းဂဏန်းသည် ဝူနိုင်ငံတော်၏ အဓိကတပ်များ ဆုတ်ခွာရန် အချိန်အတော်များများ ရရှိစေခဲ့သည်။

ည၏ မှောင်မိုက်မှုထဲတွင် အနီးအနားရှိ ပြန့်ကျဲနေသော မီစမီးလျှံများကို ကြည့်ရင်း ဆွမ်ရွှီလင်က တုန်းမန်ဖေးယွဲ့ထံ ချဉ်းကပ်လာကာ

“ဝူနိုင်ငံတော်ရဲ့ အဓိကတပ်‌တွေ နာမည်ကျော်တာ အံ့ဩစရာ မဟုတ်ဘူး။ ဒီလို လျင်မြန်တဲ့ တုံ့ပြန်မျိုး လုပ်နိုင်ဖို့က မလွယ်ဘူး။ သူတို့ရဲ့ စစ်သည်တွေ ဒီလောက်မြန်မြန် ဆုတ်ခွာနိုင်လိမ့်မယ်လို့ မထင်ထားဘူး။”

တုန်းမန်ဖေးယွဲ့က မျက်မှောင်ကြုတ်ကာ

“ကျွန်‌တော်တို့ လိုက်ဖမ်းမလား”

ဟု မေးလိုက်သည်။

ဆွမ်ရွှီလင်က

“လိုက်ဖမ်းဖို့ မလိုပါဘူး။ အမြောက်ကြီးတွေကို သယ်ပြီး အမှီလိုက်နိုင်မှာ မဟုတ်ဘူး။ ဝူနိုင်ငံတော်ရဲ့ စစ်သည်သုံးသိန်းက ထိပ်တန်းစစ်သည်တွေ။ လိုက်ဖမ်းမိရင်တောင် ကျွန်တော်တို့ဘက်က အထိနာလိမ့်မယ်။ မင်းသားက သူတို့ကို ဟန့်တားဖို့ပဲ ပြောထားတာ။ လိုက်ပြီးတိုက်ခိုက်ဖို့ မဟုတ်ဘူး”

သူတို့သည် ဝူနိုင်ငံတော်၏ အဓိကတပ်ကို ခြေမှုန်းပြီး စစ်ရေး ဂုဏ်ထူးဆောင်မှုများ ရယူလိုကြသော်လည်း သူတို့၏ အဓိက တာဝန်မှာ တန်ပြန်တိုက်ခိုက်ရန် မဟုတ်ပေ။ ထို့ပြင် သူတို့၏ စစ်သည်နှစ်သိန်းတပ်သည် ဝင်ရိုးစွန်းဒေသမှ အသစ်ရောက်ရှိလာသူများဖြစ်သည်။ ဤတိုက်ပွဲတွင် အကျအဆုံး များခဲ့ပါက မြောက်ပိုင်းနယ်စားမင်းသားကို စိတ်ပျက်‌စေလိမ့်မည်။

ဆွမ်ရွှီလင်၏ စကားကို ကြားပြီးနောက် တုန်းမန်ဖေးယွဲ့လည်း သူ၏စစ်သည်များကို ဆက်လက်လိုက်ဖမ်းရန် အမိန့်မပေးတော့ပေ။ ချက်ချင်းပင် သူ၏တပ်များကို ဆုတ်ခွာစေကာ ပြန့်ကျဲနေသော ဝူနိုင်ငံတော်၏ စစ်သည်များကို ရှင်းလင်းရန် စတင်ခဲ့သည်။

မိုးမလင်းတလင်း အချိန်အထိ မြောက်ပိုင်းပြည်နယ် စစ်သည်များသည် ပြီးခဲ့သည့်ညက စွန့်ခွာသွားသော ဝူစစ်စခန်းရှိ စစ်ရေးပစ္စည်းများနှင့် အလောင်းများကို ဆက်လက် ရှင်းလင်းသိမ်းဆည်းနေကြဆဲ ဖြစ်သည်။

စစ်ရေးပစ္စည်းဟု ခေါ်ဆိုသည်များမှာ ဝူနိုင်ငံတော်၏ စားနပ်ရိက္ခာများနှင့် လက်နက်များ ဖြစ်သည်။ လွန်ခဲ့သော တစ်နှစ် သို့မဟုတ် နှစ်နှစ်ခန့်ကသာ ဆိုလျှင် ဤပစ္စည်းများသည် မြောက်ပိုင်းပြည်နယ်အတွက် အသုံးဝင်မည်ဖြစ်သော်လည်း ယခု မြောက်ပိုင်းပြည်နယ်သည် ယမ်းလက်နက်များ ရရှိထားပြီးဖြစ်ရာ ဝူနိုင်ငံတော်၏ လက်နက်များသည် သူတို့အတွက် အခြေခံအားဖြင့် အသုံးမဝင်တော့ပေ။

ထိုအချိန်တွင် စစ်သည်တစ်ဦး တုန်းမန်ဖေးယွဲ့နှင့် ဆွမ်ရွှီလင်တို့ထံ ချဉ်းကပ်လာကာ

“ဗိုလ်ချုပ်ဆွမ်၊ ဗိုလ်ချုပ်တုန်းမန်။ ကျွန်တော်တို့ ရန်သူ့ ရှစ်သောင်းလောက်ကို ခြေမှုန်းခဲ့ပြီး သုံ့ပန်း နှစ်သောင်းကျော် ဖမ်းမိပါတယ်။”

ဟု သတင်းပို့လိုက်သည်။

ထိုစကားကို ကြားသောအခါ တုန်းမန်ဖေးယွဲ့၏ မျက်နှာမဲသွားပြီး မျက်မှောင်ကြုတ်ကာ

“မထင်မှတ်ပဲ ယမ်းလက်နက်တွေရဲ့ အကူအညီနဲ့တောင် ဝူနိုင်ငံတော်က စစ်သည် နှစ်သိန်းနီးပါးကို လွတ်မြောက်ခွင့်ပေးလိုက်မိပြီ။ ဒီကိစ္စ မင်းသားကို ရှင်းပြရတာ လွယ်မှာ မဟုတ်ဘူး ထင်တယ်။”

မည်သို့ပင်ဆိုစေ ဤတိုက်ပွဲသည် သူတို့ မြောက်ပိုင်းပြည်နယ်သို့ ရောက်ရှိပြီးနောက် ပထမဆုံးတိုက်ပွဲဖြစ်၏။ ယခု ဤပထမ‌ဆုံး တိုက်ပွဲမှာပင် ရန်သူကို လွတ်မြောက်ခွင့်ပေးလိုက်ရခြင်းဖြစ်သည်။ ထိုအချက်က တုန်းမန်ဖေးယွဲ့အား အနည်းငယ် မလုံမလဲ ဖြစ်စေခဲ့ပြီး မင်းသားက သူတို့အား အရည်အချင်းမရှိဟု ထင်သွားမည်ကို စိုးရိမ် နေသည်။

ထိုစဉ် အ‌ဝေးမှ မြင်းစီးကာ ကျောတွင် အလံငယ်လေးတစ်ခု ချိတ်ထားသော စစ်သည်တစ်ဦး သူတို့ထံသို့ လျင်မြန်စွာ ဦးတည်လာ၏။ သူတို့ရှေ့သို့ ရောက်ရှိသောအခါ စစ်သည်က မြင်းပေါ်မှ ဆင်းကာ သတင်းထည့်ထားသည့် ဝါးပြွန်တစ်ခုကို ဆွမ်ရွှီလင်အား လှမ်းပေးလိုက်သည်။

“မင်းသားရဲ့ စစ်အမိန့်ပါ။”

ထိုစကားကို ကြားသောအခါ ဆွမ်ရွှီလင်လည်း အနီရောင်ဖဲကြိုးတပ် စစ်သည်ထံမှ ဝါးပြွန်ကို လျင်မြန်စွာ ယူကာ ဖွင့်လိုက်ပြီး စစ်မိန့်ကို အမြန် ကြည့်ရှုလိုက်သည်။

စိတ်မရှည်နိုင်ဖြစ်နေသော တုန်းမန်ဖေးယွဲ့က “စစ်အမိန့်က ဘာလဲ။ ကျွန်တော်တို့ တန်ပြန်ထိုးစစ်ဆင် ရမှာလား”

ဟု မေးလိုက်သည်။

.............

အခန်း (၅၈၇)

ခေတ်၏တွန်းအားသက်‌ရောက်ခံရသော လုချန်း (၂)

ပြီးခဲ့သည့်ညက ဝူနိုင်ငံတော်၏ စစ်သည်သုံးသိန်းကို ခြေမှုန်းရန် ပျက်ကွက်ခဲ့သောကြောင့် တုန်းမန်ဖေးယွဲ့သည် စိတ်မသက်မသာ ဖြစ်နေခဲ့သည်။ မင်းသားက တန်ပြန်တိုက်ခိုက်ရန် ခွင့်ပြုပါက ဝူနိုင်ငံတော်၏ စစ်သည်များကို တိုက်ရိုက်လိုက်လံတိုက်ခိုက်ရန် အခွင့်အရေးရ လိမ့်မည်ဟု သူထင်ခဲ့သည်။

သူ၏လက်ထဲရှိ စစ်အမိန့်ကို ကြည့်ပြီးနောက် ဆွမ်ရွှီလင်က တုန်းမန်ဖေးယွဲ့အား လှမ်းပေးလိုက်ပြီး

“ မင်းသားက လောလောဆယ် ကျူးနိုင်ငံတော်ကို ရန်စဖို့ ရည်ရွယ်ချက်မရှိပါဘူး။ ကျူးနိုင်ငံတော်ရဲ့ နယ်မြေထဲကို မဝင်ဖို့ ကျွန်တော်တို့ကို ညွှန်ကြားထားတယ်။ ဝူနိုင်ငံတော်ရဲ့ စစ်သည်တွေ ကျူးနိုင်ငံတော်ထဲကို ထွက်ပြေးဝင်ရောက်သွားရင် သူတို့ကို လွတ်မြောက်ခွင့်ပေးလိုက်ပါလို့ မှာထားတယ်။”

ဆွမ်ရွှီလင်၏ လက်ထဲမှ စစ်မိန့်ကို လက်ခံရရှိပြီး ကြည့်ရှုပြီးနောက် တုန်းမန်ဖေးယွဲ့သည် အလွန်စိတ်ပျက်သွားသည်။

တုန်းမန်ဖေးယွဲ့ မျက်မှောင်ကြုတ်ကာ မပျော်မရွှင် ဖြစ်နေသည်ကို မြင်သောအခါ ဆွမ်ရွှီလင်က

“စိတ်မပူပါနဲ့ ဗိုလ်ချုပ် တုန်းမန်။ မင်းသားမှာ ဒီလိုစီစဉ်ရတဲ့ အကြောင်းပြချက်တွေ ရှိမှာပါ။ နောင်မှာ ကျွန်တော်တို့ ထူးချွန်ထက်မြက်ကြောင်း ပြသနိုင်တဲ့ အခွင့်အရေးတွေ ရှိလာမှာပါ။”

တုန်းမန်ဖေးယွဲ့ သက်ပြင်းချကာ ဘာမှ ထပ်မပြောတော့ပေ။

တကယ်လည်း ဆွမ်ရွှီလင် ပြောသည့်အတိုင်း ဝူတပ်များကို ကျူးနိုင်ငံတော်ထဲအထိ လိုက်လံမတိုက်ခိုက်ရန် လုချန်းဆုံးဖြတ်ခြင်းသည် သူ၏ကိုယ်ပိုင်စဉ်းစားဆင်ခြင်မှုများနှင့် အကြောင်းအရင်းအချို့အပေါ် အခြေခံထားခြင်းဖြစ်သည်။

.......

ရက်အနည်းငယ်ကြာပြီးနောက်။

ရန်ခရိုင်။

လုချန်းသည် သူ၏ စာကြည့်ခန်းထဲတွင် ကျူးကဲ့ကျုံကောင်းနှင့် တိုက်ပွဲများအကြောင်း ဆွေးနွေးနေသည်။ တိမ်တောင်မြို့တွင် ဖြစ်ပျက်ခဲ့သည့်အရာများကို သူသိရှိပြီးဖြစ်သည်။ တုန်းမန်ဖေးယွဲ့နှင့် သူ၏လူများသည် ဝူနိုင်ငံတော်၏ စစ်သည်သုံးသိန်းကို ခြေမှုန်းနိုင်ခဲ့ခြင်း မရှိပေ။ လုချန်းအတွက်မူ ထိုအရာက မျှော်လင့်ထားပြီးသား ဖြစ်သည်။ ထိုစစ်သည်သုံးသိန်းသည် ဝူနိုင်ငံတော်၏ ထိပ်တန်းတပ်များဖြစ်ပြီး အလွယ်တကူ အနိုင်ယူနိုင်မည် မဟုတ်ပေ။

စာကြည့်ခန်းနံရံတွင် ချိတ်ထားသော မြေပုံကို ငေးကြည့်ရင်း ကျူးကဲ့ကျုံကောင်းက

“မင်းသား။ ဝူနိုင်ငံတော်ရဲ့ စစ်သည်နှစ်သိန်းဟာ ကျူးနိုင်ငံတော်ထဲ ဆုတ်ခွာသွားပါပြီ။ နောက်ထပ် ထိုးစစ်ဆင်ဖို့ မဖြစ်နိုင်တော့တဲ့အတွက် သူတို့ ဝူနိုင်ငံတော်ကို ပြန်ဆုတ်ခွာသွားလိမ့်မယ်။ ဒါပေမဲ့ သူတို့ ဆုတ်ခွာမယ်ဆိုရင် ယိုပင်ခရိုင်ကို မလွဲမသွေ ဖြတ်သန်းရ

လိမ့်မယ်။ အဲ့ဒါဆိုရင် ကျွန်တော်တို့ရဲ့ စစ်သည်တွေနဲ့ ပဋိပက္ခ ဖြစ်နိုင်ပါတယ်။

ကျွန်တော်တို့မှာ ယမ်းလက်နက်တွေ ရှိပေမဲ့ အဲ့ဒီစစ်တပ်ကို အဆင့်လွန်ပညာရှင်နှစ်ဦးက ဦးဆောင်နေတာပါ။ ယိုပင်ခရိုင်ကို အဆင့်လွန်ပညာရှင်တစ်ဦး ချက်ချင်းစေလွှတ်တာ အကောင်းဆုံးပါ။”

ယမ်းလက်နက်များသည် အဆင့်လွန်ပညာရှင်တစ်ဦးကို ဖိနှိပ်နိုင်ပြီး ထိုသူ၏စွမ်းအားကို ဆက်တိုက် လျော့ပါးကုန်ခမ်းစေနိုင်သော်လည်း အဆင့်လွန်ပညာရှင်တစ်ဦးကို သတ်ဖို့ကတော့ မလွယ်ကူပေ။

ဝူစစ်သည်နှစ်သိန်းတပ်သည် ယိုပင်ခရိုင်သို့ ရောက်ရှိသွားပြီး အဆင့်လွန်ပညာရှင်နှစ်ဦးဖြစ်သော ကျန်းဟုန်နှင့် ရွှီစင်ဝမ်တို့က မုချန်တိန်နှင့် ဝမ်ရန်လီတို့ကို တိုက်ရိုက်တိုက်ခိုက်ရန် ဆုံးဖြတ်ပါက မုချန်တိန်တို့ မယှဉ်နိုင်မှာကို ကျူးကဲ့ကျုံကောင်း စိုးရိမ်နေခြင်းဖြစ်သည်။ မုချန်တိန်နှင့် ဝမ်ရန်လီ သေဆုံးသွားပါက ထိုနေရာရှိ မြောက်ပိုင်းပြည်၏ စစ်တပ် ခေါင်းဆောင်မဲ့ သွားနိုင်သည်။

ထိုသို့သော အခြေအနေမျိုးတွင် ယမ်းလက်နက်များ ရှိနေသော်လည်း မြောက်ပိုင်းပြည်နယ်၏ စစ်တပ် ရှုံးနိမ့်နိုင်ခြေ ရှိသည်။

အကယ်၍ ကျန်းဟုန်နှင့် သူ၏လူများက မြောက်ပိုင်းပြည်နယ်၏ ယမ်းလက်နက်များကို သိမ်းယူပြီး နောင်တွင် မြောက်ပိုင်းပြည်နယ်ကို တိုက်ခိုက်ရန် အသုံးပြုပါက ကောင်းသောအရာတစ်ခု မဟုတ်ပေ။

သူတို့ ဝူနိုင်ငံတော်၏ စစ်တပ်ကြီးကို အပြတ်အသတ် အနိုင်ရရှိခဲ့ခြင်း၏ အဓိကအကြောင်းရင်းမှာ ဝူနိုင်ငံတော် ယမ်းလက်နက်များ အကြောင်းကို လုံးဝမသိ သောကြောင့် ဖြစ်သည်။ အမြောက်များ၏ ကြောက်မက်ဖွယ်ကောင်းသော အသံသည် ဝူနိုင်ငံတော်၏ စစ်သည်များကို ကြောက်လန့်စေခဲ့သည်။

အကယ်၍ ဝူနိုင်ငံတော်၏ စစ်သည်များသည် မြောက်ပိုင်းပြည်နယ်၏ ယမ်းလက်နက်များကို ရရှိပြီး ဖြုတ်တပ်လေ့လာနိုင်ပါက ထိုလက်နက်များကို သူတို့ အတိုင်းအတာတစ်ခုအထိ နားလည်လာမည်ဖြစ်ပြီး နောင်လာမည့် စစ်ပွဲများတွင် အလားတူ အံ့အားသင့်မှုမျိုးကို ထပ်မံဖန်တီးရန် ခက်ခဲသွားပေလိမ့်မည်။

ထို့ကြောင့် ဝူနိုင်ငံတော်ကို ယမ်းလက်နက်များ ရရှိခွင့်သွားခွင့် မပြုနိုင်‌ပေ။

ကျူးကဲ့ကျုံကောင်း၏ စကားများကို ကြားသောအခါ လုချန်းက အနည်းငယ် ပြုံးကာ

“တိမ်တောင်မြို့က တိုက်ပွဲအစီရင်ခံစာကို ရရှိပြီးတာနဲ့ ကျွန်တော် ချက်ချင်း ယိုပင်ခရိုင်ကို လူလွှတ်လိုက်တယ်။ ဝူနိုင်ငံတော်ရဲ့ စစ်သည်တွေ အဲဒီကို ဆုတ်ခွာလာခဲ့ရင် သူတို့ သေချာပေါက် ချေမှုန်းခံရလိမ့်မယ်။ ပညာရှိကြီး စိတ်မပူပါနဲ့။”

လုချန်း၏ ယုံကြည်မှုကို မြင်သောအခါ ကျူးကဲ့ကျုံကောင်း လူတစ်ဦးကို ချက်ချင်း စဉ်းစားမိသွားသည်။

အဆင့်လွန်ပညာရှင်များကို ကိုင်တွယ်ဖြေရှင်းရာတွင် သဘာဝကျသော ရွေးချယ်မှုမှာ စွမ်းအားရှင်တစ်ဦးကို စေလွှတ်ရန် ဖြစ်သည်။ ရွှမ်ယွမ်ချောင်ကဲ ရန်ခရိုင်မှ ထွက်ခွာသွားပြီထင်သည်။

လုချန်းက ယိုပင်ခရိုင်အတွက် ကြိုတင်စီစဉ်မှုများ ပြုလုပ်ထားပြီးဖြစ်သောကြောင့် ကျူးကဲ့ကျုံကောင်း ထပ်မပြောတော့ပေ။

ထိုအခိုက်အတန့်တွင် လုချန်းသည် မြေပုံရှေ့တွင် ရပ်နေပြီး သူ၏အကြည့်သည် မြေပုံပေါ်တွင် ရွှေ့လျားနေသည်။ အချိန်အတော်ကြာပြီးနောက် သူက ကျူးကဲ့ကျုံကောင်းအား အရေးကြီးသော မေးခွန်းတစ်ခု မေးလိုက်သည်။

“ပညာရှိကြီး။ မြောက်ပိုင်းပြည်နယ်ဟာ နောင်မှာ ငြိမ်းချမ်းစွာ ဆက်လက်တည်ရှိနိုင်မယ်လို့ ထင်ပါလား။”

ထိုမေးခွန်းကို ကြားသောအခါ ကျူးကဲ့ကျုံကောင်းလည်း လုချန်း ဘာကို ဆိုလိုနေသည်ကို နားလည်သွားပုံရပြီး

“မဖြစ်နိုင်‌တော့ပါဘူး။ ယမ်းလက်နက်တွေ စတင်မိတ်ဆက်လိုက်တဲ့အချိန်ကစပြီး မင်းသားဟာ နိုင်ငံအားလုံးကို ဖယ်ရှားပြီး တိုက်ကြီးတစ်ခုလုံးကို မပေါင်းစည်းနိုင်သရွေ့ မြောက်ပိုင်းပြည်နယ်အနေနဲ့ ရေရှည်ငြိမ်းချမ်းမှုကို ထိန်းသိမ်းဖို့ မဖြစ်နိုင်တော့ပါဘူး။”

ယမ်းလက်နက်များ၏ စွမ်းအားသည် ကြီးမားလွန်းသည်။ ယမ်းလက်နက်များ ပေါ်ပေါက်လာခြင်းနှင့်အတူ လုချန်းသည် အခြေခံအားဖြင့် သိုင်းပညာရှင်အားလုံးနှင့် ရန်သူဖြစ်သွားခဲ့ပြီး နိုင်ငံကြီးအားလုံးကို ခြိမ်းခြောက်လာခဲ့သည်။

မြောက်ပိုင်းဒေသနှင့် ဝူနိုင်ငံတော်တို့အကြား စစ်ပွဲသည် ရေတိုအားဖြင့်သာ နိုင်ငံကြီးများကို ခြိမ်းခြောက် ဟန့်တားနိုင်သည်။ ရေရှည်တွင်တော့ အင်ပါယာကြီးများသည် မြောက်ပိုင်းပြည်နယ်ကို ပူးပေါင်းရင်ဆိုင်ရန် မလွဲမသွေ မဟာမိတ်ဖွဲ့ကြလိမ့်မည်။

ထို့ပြင် အင်ပါယာကြီးတိုင်းသည် ယမ်းလက်နက်များကို ထုတ်လုပ်ရန် နည်းလမ်းများ အပူတပြင်း ရှာဖွေကြလိမ့်မည်။ အင်ပါယာကြီးအားလုံးတွင် ယမ်းလက်နက်များ ရှိလာပါက မြောက်ပိုင်းပြည်နယ်အတွက် မကောင်းနိုင်တော့ပေ။

လုချန်း ထိုအချက်ကို ကောင်းစွာနားလည်ထားသည်။

မကြာသေးမီက အဆုံးမရှိသော စစ်ပွဲများကို ရှောင်ရှားရန် သူစဉ်းစားနေခဲ့သည်။ ယခင်က သူသည် စစ်ဘီလူး တစ်ယောက်မဟုတ်သလို ယခုလည်း မဟုတ်ပါ။ နောင်တွင်လည်း ဖြစ်လာမည်မဟုတ်ပေ။

သို့သော် သူက စစ်ပွဲများကို မစချင်သော်လည်း အခုတော့ မရပ်တန့်နိုင်တော့ပေ။ ယမ်းလက်နက်များကို ထုတ်ဖော်ပြသထားပြီးဖြစ်သဖြင့် နောင်တွင် လူအများအပြားက သူ့အသက်ကို လိုချင်ကြလိမ့်မည်။ ထို့ပြင် သူ၏ ပေါ်ထွက်လာမှုသည် ကမ္ဘာ့ နိုင်ငံကြီးများအတွက် ကြီးမားသော ခြိမ်းခြောက်မှုတစ်ခု ဖြစ်စေခဲ့သည်။ ထို့ကြောင့် သူက ဘာမှ မလုပ်လျှင်တောင် ထိုနိုင်ငံကြီးများက သူ့ကို ခြိမ်းခြောက်မှု တစ်ခုအဖြစ် သတ်မှတ်ပြီး ဖယ်ရှားရန် နည်းလမ်းမျိုးစုံဖြင့် ကြိုးစားကြလိမ့်မည်။

ထို့ကြောင့် သူသည် ခေတ်ကြီးက တွန်းပို့နေခြင်းကို ခံနေရသည်။ သူ ငြိမ်းချမ်းစွာ နေထိုင်လိုပါက အခြားနိုင်ငံကြီးများကို ချေမှုန်းရန် လိုအပ်၏။ ထိုအခါမှသာ ရေရှည်ငြိမ်းချမ်းမှုကို ထိန်းသိမ်းနိုင်မည်ဖြစ်သည်။

ထိုအခိုက်တွင် လုချန်းသည် နံရံပေါ်ရှိ မြေပုံကို စိုက်ကြည့်ကာ အတွေးထဲနစ်မြောနေခဲ့သည်။ အချိန်အနည်းငယ်ကြာပြီးနောက် လုချန်းက ထပ်မေးလိုက်သည်။

“စုစည်းမှုကို ရရှိဖို့ဆိုရင် ဘယ်နိုင်ငံက စတင်သင့်ပါသလဲ။”

မြောက်ပိုင်းပြည်နယ်၏ လူဦးရေနည်းပါးမှုကြောင့် နိုင်ငံကြီးအားလုံးကို တစ်ပြိုင်နက်တည်း ချေမှုန်းရန် မဖြစ်နိုင်ပေ။ စတင်ရန် နေရာတစ်ခု ရှိရမည်။ တစ်နည်းအားဖြင့် ပထမဆုံး ဖြုတ်ချရမည့်သူ ရှိရမည်။

ကျူးကဲ့ကျုံကောင်းက

“ရှနိုင်ငံတော်က စတင်သင့်တယ်လို့ ထင်ပါတယ်။”

လုချန်းက အကြောင်းအရင်းကို မေးခွန်းမထုတ်ခင်မှာပင် ကျူးကဲ့ကျုံကောင်းက

“မင်းသားဟာ ရှဧကရာဇ်ရဲ့ သားဖြစ်ပြီး ရှနိုင်ငံတော် ထီးနန်းကို ဆက်ခံဖို့ မွေးရာပါ အခွင့်အရေးရှိပါတယ်။ မင်းသား ထီးနန်းကို ဆက်ခံနိုင်ရင် ရှနိုင်ငံတော်ကို အခြေခံအဖြစ် အသုံးပြုပြီး အင်အားကို ဆက်လက်တိုးမြှင့်နိုင်ပါတယ်။ နောက်ပိုင်း အချိန်ကျလာရင် ကျန်တဲ့ နိုင်ငံကြီးတွေကို ချေမှုန်းနိုင်ပါတယ်။”

“မင်းသားဟာ မင်းသားတစ်ပါးပါ။ မင်းသား ရှနိုင်ငံတော်တစ်ခုလုံးကို ထိန်းချုပ်ရင်တောင် ရှနိုင်ငံသားတွေဆီက ခုခံမှု သိပ်များများစားစား ဖြစ်လာမှာ မဟုတ်ပါဘူး။”

“ကျွန်တော်တို့က ရှနိုင်ငံတော်ကို အရင်မသိမ်းပဲ အခြားနိုင်ငံ‌တွေ သိမ်းပိုက်ရင် မင်းသားအနေနဲ့ အုပ်ချုပ်ရေးဆိုင်ရာ ဖိအားတွေ အများကြီး ရင်ဆိုင်ရပါလိမ့်မယ်။ တခြား နိုင်ငံသား‌တွေက မင်းသားရဲ့ အုပ်ချုပ်မှုကို လက်ခံချင်ကြပါဘူး။ မြောက်ပိုင်းပြည်နယ်ရဲ့ လူဦးရေက နည်းလွန်းနေသေးတဲ့အတွက် အဲဒီနိုင်ငံတွေမှာ ဆူပူအုံကြွမှုတွေ ဖြစ်လာရင် မြောက်ပိုင်းပြည်နယ် အနေနဲ့ ထိန်းချုပ်ဖို့ ခက်ခဲပါလိမ့်မယ်။”

ကျူးကဲ့ကျုံကောင်း၏ ဆိုလိုချင်သည့် အချက်ကို လုချန်း ချက်ချင်း နားလည်သွားသည်။ ရှနိုင်ငံတော်ကို အခြေခံအဖြစ် အသုံးပြုကာ ရှနိုင်ငံသားများ၏ ထောက်ခံမှုကို ဦးစွာ ရယူပြီးရန်၊ ထို့နောက်မှ ရှနိုင်ငံတော်၏ အရင်းအမြစ်များကို အသုံးချကာ ပိုမိုအားကြီးအောင်လုပ်ရန်၊ အခြားနိုင်ငံများကို ချေမှုန်းရန် လုံလောက်သော အင်အားရှိလာသောအခါ ရှနိုင်ငံသားများကို အသုံးပြု၍ သိမ်းပိုက်ထားသော နယ်မြေများကို အုပ်ချုပ်ရန် ဖြစ်သည်။

မြောက်ပိုင်းဒေသ၏ လက်ရှိလူဦးရေဖြင့် အင်ပါယာကြီးအားလုံးကို သိမ်းပိုက်နိုင်လျှင်ပင် ထိုနေရာများကို ကောင်းစွာ အုပ်ချုပ်နိုင်မည် မဟုတ်ဘဲ ကြီးမားသော ရှုပ်ထွေးမှုများ ဖြစ်ပေါ်စေလိမ့်မည်။

ဤသည်မှာ တကယ်တော့ လွယ်ကူသောအရာမှစ၍ ခက်ခဲသောအရာများကို အစဉ်လိုက်လုပ်ဆောင်ခြင်းဖြစ်၏။ ရှနိုင်ငံတော်သည် ထိန်းချုပ်ရန် အလွယ်ကူဆုံးဖြစ်သည်။ ထို့ကြောင့် ရှနိုင်ငံတော်မှ စတင်သင့်သည်။

လုချန်း ခဏတာမျှ တိတ်ဆိတ်သွားပြီးနောက် ဆက်မေးလိုက်သည်။

“ပညာရှိကြီးရဲ့ အမြင်အရဆိုရင် တောင်ဘက်ကို ဘယ်အချိန်မှာ ရွှေ့ပြောင်းတာ အကောင်းဆုံးလဲ။”

လုချန်း ဆိုလိုသည့် တောင်ဘက်သို့ရွှေ့ပြောင်းခြင်းဆိုသည်မှာ အမှန်တော့ အာဏာနှင့် ထီးနန်းကို သိမ်းပိုက်ခြင်းပင်ဖြစ်သည်။

ကျူးကဲ့ကျုံကောင်းက

“ကျွန်တော်ရဲ့ အမြင်အရဆိုရင် အချိန်တန် နေပါပြီ။”

“ရှနိုင်ငံတော်ဟာ ပြည်တွင်းစစ်တွေနဲ့ အမြဲတမ်း ရင်ဆိုင်နေရပြီး လူတွေက ရှနိုင်ငံတော်ရဲ့ ပြည်တွင်းစစ်ကို အမြန်ဆုံး အဆုံးသတ်နိုင်မယ့်သူ ပေါ်လာဖို့ မျှော်လင့်နေကြပါတယ်။”

“ နောက်ပြီး သာမန်လူတွေကြားထဲမှာ ဆွမ်ဧကရာဇ်ရဲ့ သက်တမ်း မကျန်တော့ဘူးဆိုတဲ့ ကောလာဟလတစ်ခု ပျံ့နှံ့နေပြီး နန်းတွင်းဝန်ကြီးတွေနဲ့ မင်းသားတွေကလည်း ဆွမ်ဧကရာဇ် မနေရတော့ဘူးလို့ ယုံကြည်နေကြတယ်။ ကျွန်တော်တို့က ဆွမ်ဧကရာဇ် ဘာတွေ ကြံစည်နေတယ်ဆိုတာ သိပေမဲ့ သူကတော့ သူ သေလုမြောပါး ဖြစ်နေပြီလို့ တကယ်ယုံကြည်နေသလိုမျိုး ကျွန်တော်တို့ ဟန်ဆောင်နိုင်ပါတယ်။”

လုချန်းက ခဏမျှ စဉ်းစားလိုက်သည်။ ဆွမ်ဧကရာဇ် သေလုမြောပါး ဖြစ်နေပြီဆိုသော ကောလာဟလများ အသုံးပြုကာ တောင်ဘက်သို့ ရွှေ့ပြောင်းရန် အကြောင်းပြချက် ပေးနိုင်သည်ဟု ကျူးကဲ့ကျုံကောင်း ဆိုလိုခြင်းဖြစ်သည်။

ဆွမ်ဧကရာဇ်သည် တကယ် နေမကောင်းဖြစ်နေခြင်း ဟုတ်မဟုတ်က အရေးမကြီးပါ။ ဆွမ်ဧကရာဇ်သည် နေကောင်းနေလျှင်ပင် စစ်တပ် တောင်ဘက်သို့ ရောက်သည်နှင့် ဆွမ်ဧကရာဇ်သည် သေချာပေါက် နေမကောင်း ဖြစ်လာလိမ့်မည်။ နေမကောင်းရုံသာမက သေဆုံးသွားနိုင်‌ခြေပင် ရှိသေးသည်။

လုချန်း မျက်မှောင်ကြုတ်နေသည်ကို မြင်သောအခါ ကျူးကဲ့ကျုံကောင်း သူစကားမှားပြောမိသည်ကို သတိရလိုက်မိပြီး ချက်ချင်းပင်

“မင်းသား ကျွန်တော် စကားမှားပြောမိတာကို ခွင့်လွှတ်ပါ။”

မည်သို့ပင်ဆိုစေ လုချန်းသည် ဆွမ်ဧကရာဇ်၏ သားဖြစ်ပြီး ကျူးကဲ့ကျုံကောင်းသည် လက်အောက်ခံ တစ်ဦးသာ ဖြစ်သည်။ လက်အောက်ခံ တစ်ဦးက လုချန်းရှေ့တွင်

“ဆွမ်ဧကရာဇ် သက်တမ်းမကျန်တော့” ဟု ပြောခြင်းသည် သစ္စာဖောက်သောစကား ပြောသလို ဖြစ်နေသည်။

လုချန်းလည်း အတွေးများမှ ရုတ်တရက် လွတ်မြောက်လာပြီး အရေးမကြီးသည့်ဟန်ဖြင့်

“ကိစ္စမရှိပါဘူး။ ကျွန်တော် ဒီလိုကိစ္စတွေကို ဂရုမစိုက်ဘူး”

“ကျွန်တော် စဉ်းစားကြည့်ပြီးပါပြီ။ ပညာရှိကြီးရဲ့ စကားတွေဟာ တကယ်ကို အကျိုးအကြောင်း ဆီ‌လျော်ပါတယ်။ ဝူနိုင်ငံတော်နဲ့ မြောက်ပိုင်းပြည်နယ်တို့ရဲ့ ပဋိပက္ခ ပြီးဆုံးတာနဲ့ ကျွန်တော် တောင်ဘက်ကို ပြောင်းရွှေ့ဖို့ ပြင်ဆင်ပါမယ်။”

............

အခန်း (၅၈၈)

လုချန်း၏ စွမ်းအားရှင်ဖြစ်ရန် လမ်းကြောင်း (၁)

လုချန်း စာကြည့်ခန်းအတွင်း၌ ကျူးကဲ့ကျုံကောင်းနှင့် အတော်ကြာ စကားပြောခဲ့၏။ ကျူးကဲ့ကျုံကောင်း၏ စကားများက အရာများစွာသည် သူဆန္ဒရှိသည့်အတိုင်း ရိုးရိုးရှင်းရှင်း မဖြစ်နိုင်ကြောင်း လုချန်းအား သဘောပေါက်စေခဲ့သည်။

သူဤကမ္ဘာတွင် ပေါ်ထွန်းလာချိန်တွင် သူသည် သမိုင်းဖြစ်စဉ်၏ အစိတ်အပိုင်းတစ်ခုဖြစ်လာပြီး သမိုင်းစက်ဝန်း၏ တွန်းအားဖြင့် ရှေ့သို့ဆက်လက်တွန်းပို့ခံရမည်ဖြစ်သည်။

ယမ်းလက်နက်များနှင့် ခေတ်မီစက်မှုထုတ်ကုန် အမျိုးမျိုးကို စတင်ထုတ်လုပ်သည့် အခိုက်အတန့်ကတည်းက စစ်ပွဲကို မစချင်လျှင်ပင် ရင်ဆိုင်ရ‌တော့မည်ဖြစ်သည်။

ဤကမ္ဘာသည် သူ့အား ရွေးချယ်မှုများ ပြုလုပ်ရန် ဖိအားပေးလိမ့်မည်။

လုချန်းသည် သဘောပေါက်လာခဲ့သည်။ မည်သို့ပင်ဆိုစေ သူ၌ စနစ်ရှိသည်။

သူသည် ဤကမ္ဘာသို့ ရောက်ရှိလာပြီး စနစ်ကို ရရှိခဲ့သည့်အတွက် သာမန်ဘဝကို မပိုင်ဆိုင်နိုင်တော့ပေ။ သူသည် ကြီးမားသောလုပ်ငန်းတစ်ခုကို စတင်ရန် ကံကြမ္မာဖြင့်သတ်မှတ်ခံထားရသူဖြစ်သည်။

ငြိမ်းချမ်းသောဘဝကို ပိုင်ဆိုင်လိုပါက ရန်သူအားလုံးကို ဖယ်ရှားပြီး ကောင်းကင်လူသားအဆင့်သို့ ရောက်ရှိရန်လိုသည်။ ထို့နောက်မှ သူ၏သားအား ထီးနန်းလွှဲပြောင်းပေးကာ ငြိမ်းချမ်းစွာနေထိုင်နိုင်မည်ဖြစ်သည်။

လုချန်း ဆက်လက်တွေးတောခြင်းမပြုတော့ဘဲ စားပွဲနားတွင် ပြန်လည်ထိုင်ကာ စစ်ရေးကိစ္စများကို ဆက်လက်ကိုင်တွယ်လိုက်သည်။

ဤတစ်ကြိမ်တွင် တိုက်ပွဲဝင်ရန် သူရှေ့တန်းသို့ မသွားခဲ့ပေ။ သူ အနည်းငယ် စိတ်ပူနေသေးသော်လည်း မင်းသားတစ်ပါး အနေနှင့် ယခင်ကကဲ့သို့ အရာအားလုံးကို ကိုယ်တိုင်ပါဝင် မလုပ်ဆောင်နိုင်တော့ပေ။ ဤတစ်ကြိမ်တွင်သာမက နောင်လာမည့် စစ်ပွဲများတွင်လည်း သူကိုယ်တိုင် ပါဝင်တိုက်ခိုက်ခြင်း ရှိမည်မဟုတ်ဟု သူယူဆထားသည်။

ထိုစဉ် သူ၏ခန္ဓာကိုယ်မှ ရွှေရောင်အလင်းများ ထွက်နေသည်ကို လုချန်း ရုတ်တရက် သတိထားမိလိုက်သည်။ သူ မတုံ့ပြန်နိုင်ခင်မှာပင် ရွှေရောင်အလင်းတန်းတစ်ခုသည် သူ၏ခန္ဓာကိုယ်မှ ထွက်လာကာ ကောင်းကင်သို့ ထိုးဖောက်ဝင်ရောက်သွားသည်။

နောက်တစ်ခဏတွင် ရန်ခရိုင်အထက် ကောင်းကင်တွင် တိမ်မဲများ စုဝေးလာ၏။ သာမန်လူများ ဤမြင်ကွင်းကို မြင်သောအခါ မြို့ဟောင်းတွင် တွေ့မြင်ခဲ့ရသော နိမိတ်ကို ချက်ချင်း သတိရသွားကြသည်။

အရင်တုန်းကတော့ ကျူးကဲ့ကျုံကောင်း ကောင်းကင်လူသားအဆင့်သို့ ရောက်ရှိသွားသောကြောင့် ထိုနိမိတ်ဖြစ်သည်ဟု ထင်ခဲ့ကြသည်။ သို့သော် ဤအရာသည် ကောင်းကင်လူသားအဆင့်သို့ ရောက်ရှိခြင်း၏ လက္ခဏာမဟုတ်ကြောင်း ယခုသိရှိကြပြီး ဖြစ်သော်လည်း မည်သို့ပင်ဖြစ်စေ ဤအရာသည် မြောက်ပိုင်းပြည်နယ်တွင် အဆင့်လွန်ပညာရှင်ထက် ပိုမိုအစွမ်းထက်သူတစ်ဦး ထပ်မံရရှိကြောင်း ညွှန်ပြနေသည်။

ထိုအချိန်တွင် မင်းသားစံအိမ်၏ အတွင်းဆောင်ရှိ အမျိုးသမီးများလည်း ရွှေရောင်အလင်းတန်းတစ်ခု စာကြည့်ခန်းမှ ထွက်လာကြောင်း မြ‌င်‌တွေ့ရပြီး မည်သူအဆင့်တက်သွားသည်ကို ကြည့်ရှုလိုသောကြောင့် ထိုနေရာသို့ သွားရောက်ခဲ့ကြသည်။

ထိုအခိုက်အတန့်တွင် လုချန်းသည် လျှို့ဝှက်ဆန်းကြယ်သော အခြေအနေတစ်ခုသို့ ရောက်ရှိသွားပြီး ကမ္ဘာတစ်ခုလုံးနှင့် ပေါင်းစည်းသွားသကဲ့သို့ ခံစားနေရသည်။

ခဏအကြာတွင် နိုင်ငံကြီးများကို စုစည်းပြီးသည်နှင့် သူ ကောင်းကင်လူသား စွမ်းအားရှင်တစ်ဦး ဖြစ်လာလိမ့်မည်ဟု သူ့အား ပြောနေသည့် အသံတစ်ခုကို ကြားလိုက်ရသည်။

လုချန်း၏ စိတ်ထဲသို့ အတွေးတစ်ခု ဝင်ရောက်လာခဲ့သည်။ ဤအရာသည် ကျူးကဲ့ကျုံကောင်း ပြောခဲ့သော ဉာဏ်အလင်းပွင့်ခြင်းလား။

ဆိုလိုသည်မှာ သူ စွမ်းအားရှင်တစ်ဦး ဖြစ်လာရန်အတွက် စမ်းသပ်မှုသည် နိုင်ငံကြီးများကို ပေါင်းစည်းခြင်းလား။

လုချန်း အချိန်အတော်ကြာ စဉ်းစားပြီးနောက် စနစ်အား

“စနစ်။ ကျွန်ုပ်က ကျင့်စဉ်လမ်း‌ကြောင်းသက်သက်နဲ့ စွမ်းအားရှင်တစ်ဦး မဖြစ်နိုင်ဘူးလား”

ဟု မေးလိုက်သည်။

[မဖြစ်နိုင်ပါ။ အင်ပါယာကြီးများကို စုစည်းခြင်းကလည်း စနစ်၏ လုပ်ငန်းတာဝန်တစ်ခုဖြစ်သည်။ သခင်၏ ကျင့်စဉ် အဆင့်ကို ဆက်လက်တိုးမြှင့်နိုင်ဖို့ ဒီလုပ်ငန်းတာဝန်ကို ပြီးမြောက်ရပါမည်။]

လုချန်း ခဏမျှ စဉ်းစားလိုက်ပြီး

“ဒါဆို ကျွန်ုပ်၏အဆင့်ရပ်တန့်နေမှုက ယာယီသာဖြစ်ပြီး ဤအဆင့်ကို ကျော်လွှားပြီးပါက မူလလမ်းကြောင်းအတိုင်း ကျင့်စဉ်များ ပြန်လည်လုပ်ဆောင်နိုင်မည်လား။”

[ဟုတ်ပါတယ်။]

လုချန်း စိတ်ထဲတွင် သူသည် ဤကမ္ဘာကြီး၏ တွန်းပို့နေခြင်းကို တကယ်ခံနေရသည်ဟု တွေးလိုက်သည်။ သူစစ်ပွဲများကို မလိုလားသော်လည်း ယခုတော့ အခြားရွေးချယ်စရာ မရှိတော့ပေ။

မကြာမီအချိန်တွင် လုချန်း၏ ခန္ဓာကိုယ်မှ ရွှေရောင်အလင်းတန်း ပျောက်ကွယ်သွားပြီး ရန်ခရိုင်အထက် ကောင်းကင်ရှိ နိမိတ်လည်း လျင်မြန်စွာ ပျောက်ကွယ်သွားသည်။

ထိုစဉ် တံခါးအပြင်ဘက်မှ အစေခံမလေးတစ်ဦး၏ အသံ ထွက်ပေါ်လာသည်။

“မင်းသား။ တပ်မှူးချင် တွေ့ခွင့်တောင်းပါတယ်”

လုချန်းက အေးဆေးစွာဖြင့်

“ဝင်လာပါ”

ချက်ချင်းပင် ချင်ယူရှန် တံခါးကို ဖွင့်ကာ စာကြည့်ခန်းထဲသို့ ဝင်လာပြီး

“မင်းသားကို ဂါရဝပြုပါတယ်။”

ဂါရဝ ပြုလုပ်ပြီးနောက် ချင်ယူရှန်က လုချန်းကို အကဲခတ်ကြည့်လိုက်၏။ သူကိုယ်တိုင် လည်း ရွှေရောင်အလင်းတန်းကို မြင်ခဲ့သည်။ စိုးရိမ်တကြီးဖြင့် ချင်ယူရှန်က

“မင်းသား သက်သာရဲ့လား”

ဟု မေးလိုက်သည်။

လုချန်းက ပြုံး၍

“သက်သာပါတယ်။ ကျွန်တော် အခုလေးတင် ဉာဏ်အလင်းပွင့်သွားပြီး အဆင့် တစ်ခု ရရှိခဲ့ပါတယ်။”

ထိုသို့ပြောပြီး လုချန်းက ချင်ယူရှန်ကို ကြည့်ကာ မေးလိုက်သည်။

“ နေပြည်တော်မှာ မကြာသေးခင်က လှုပ်ရှားမှုတွေ ရှိသေးလား။”

ချင်ယူရှန်သည် လက်ရှိတွင် ရှနိုင်ငံတော်အတွင်း ထောက်လှမ်းရေး အချက်အလက်မျာ စုဆောင်းခြင်းကို တာဝန်ယူထားသည်။ သူ လုချန်းထံလာခြင်းမှာ ရှနိုင်ငံတော်အတွင်း အသစ်ဖြစ်ပျက်နေသော အရာတစ်ခုခု ရှိသောကြောင့်ဖြစ်သည်။

ချင်ယူရှန်က အစီရင်ခံစာ တစ်စောင်ကို လုချန်းအား ချက်ချင်း ပေးလိုက်ပြီး

“မကြာသေးခင်က ရှနိုင်ငံတော်က နယ်စားတွေ အတော်များများ လုပ်ကြံခံခဲ့ရပါတယ်။ နယ်စားတွေ သေဆုံးတာနဲ့ ကျောက်မင်းသားက ခုခံမှု မရှိသလောက် ဖြစ်နေတဲ့ သူတို့ရဲ့ နယ်မြေတွေကို ချက်ချင်း တပ်တွေ စေလွှတ် သိမ်းပိုက်ခဲ့ပါတယ် “

ထိုစကားကို ကြားသောအခါ လုချန်း အနည်းငယ် ပြုံးလိုက်ပြီး

“ပညာရှိကြီး ခန့်မှန်းခဲ့တာ အတော်မှန်ပုံရတယ်။ ကျောက်မင်းသားက တကယ်ပဲကျွန်တော့် ဖခင်ရဲ့ လက်ကိုင်တုတ်ပဲကိုး။”

ထိုသို့ပြောပြီး လုချန်းလည်း သူကိုင်ထားသော ထောက်လှမ်းရေးသတင်းကို သေချာကြည့်ရှု စစ်ဆေးလိုက်သည်။

အစီရင်ခံစာတွင် လေးမျက်နှာတောင်နှင့် လေငြိမ်တောင်တို့၏ အကြီးအကဲများသည် နန်းတော်သို့ အကြိမ်ပေါင်းများစွာ ဝင်ရောက်ခဲ့ကြောင်း ဖော်ပြထားသည်ကို မြင်သောအခါ လုပ်ကြံခံရသော နယ်စားများကို ဤအင်အားစုနှစ်ခုက သတ်ခဲ့ခြင်း ဖြစ်နိုင်သည်ဟု လုချန်း တွေးလိုက်သည်။

ထိုအင်အားစုနှစ်ခု နန်းတွင်းနှင့် ပူးပေါင်းဆောင်ရွက်စေရန် သူ၏ဖခင်က မည်သည့်အကျိုးအမြတ်များ ပေးခဲ့သည်ကို လုချန်း မသိနိုင်ပေ။ ထိုအင်အားစု ခေါင်းဆောင်များက မိုက်မဲရမ်းကားနေကြသည်။ နောက်ပိုင်းတွင် သူတို့၏ အသုံးဝင်မှု ကုန်ဆုံးသောအခါ ဆွမ်ဧကရာဇ်က သူတို့ကို ဖယ်ရှားမည်ကို မကြောက်ရွံ့ကြပေ။

ထို့နောက် လုချန်းက ချင်ယူရှန်အား

“ ဒီကိစ္စကိုဆက်ပြီး စောင့်ကြည့်နေပါ။”

ဤထောက်လှမ်းရေးသတင်းသည် လုချန်းအတွက် တန်ဖိုးအရမ်း မရှိပေ။ သူသည် ကျူးကဲ့ကျုံကောင်း၏ ခွဲခြမ်းစိတ်ဖြာမှုများမှတစ်ဆင့် သူ၏ဖခင် ဘာလုပ်ရန် ရည်ရွယ်ထားသည်ကို အကြမ်းဖျင်း ခန့်မှန်းပြီးဖြစ်သည်။ ရည်ရွယ်ချက်မှာ ရှနိုင်ငံတော်ရှိ နယ်စားအားလုံးကို ဖယ်ရှားပြီးနောက် အလုံးစုံ ပေါင်းစည်းမှုကို ရရှိရန်ဖြစ်သည်။

ရှနိုင်ငံတော် စည်းလုံးညီညွတ်ပြီးနောက် သူ၏ ဖခင် ကောင်းကင်လူသား စွမ်းအားရှင် အဆင့်သို့ ရောက်ရှိနိုင်မည်လားဆိုသည်ကတော့ အနာဂတ်မှသာ ဖြေကြားနိုင်မည့် မေးခွန်းတစ်ရပ်ဖြစ်သည်။

လုချန်း ထိုသတင်းကို အလေးအနက်မထား သည်ကို မြင်သော ချင်ယူရှန်က

“ကျွန်တော့်ကို ခွင့်ပြုပါဦး။”

ထိုသို့ပြောပြီး ချင်ယူရှန် စာကြည့်ခန်းမှ ထွက်ခွာရန် လှည့်လိုက်စဉ် လုချန်း ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားသည်။

“အဓိကကတော့ လေးမျက်နှာတောင်နဲ့ လေငြိမ်တောင် အကြီးအကဲနှစ်ဦးရဲ့ လှုပ်ရှားမှုတွေကို အနီးကပ် စောင့်ကြည့်ပါ။ သူတို့ ဘယ်ကိုသွားခဲ့လဲ။ ဘယ်ကိုသွားဖို့ စီစဉ်နေလဲဆိုတာကို သိနိုင်ရင် အကောင်းဆုံးပဲ။”

.............

All Chapters