အခန်း ၅၉၂-၅၉၄
Vol. 40 Ch. 592-594
အခန်း( ၅၉၂ )
ဒါက ထင်ယောင်ထင်မှားမှုတစ်ခုပဲ (၂)
မုယုံရွှီ၏ မျက်လုံးများ ဝေဝါးနေပြီး သူမ အနည်းငယ် ဇဝေဇဝါ ဖြစ်နေပုံရသည်။ သူမ စိတ်အခြေအနေတစ်ရပ်သို့ ရောက်ရှိနေခဲ့ခြင်းဖြစ်သည်။ ထိုအချိန်တွင် လုချန်းက သူမကို တွန်းထုတ်ပစ်လိမ့်မည်ဟု သူမ မမျှော်လင့်ခဲ့ပေ။
လုချန်းက သူမ၏ မျက်လုံးများကို စိုက်ကြည့်ရင်း ပြုံးကာ
“ဆရာက တပည့်ကို တံခါးဝအထိပဲ ပို့ဆောင်ပေးနိုင်တယ်။ ဆက်လုပ်ရမှာ ကတော့ တစ်ဦးချင်းစီအပေါ် မူတည်တယ်။ အခုကစပြီး မင်းပဲ ဦးဆောင်ရမယ်။ မင်း လုပ်သင့်တယ်လို့ ထင်တဲ့အတိုင်းသာ လုပ်ပါ။”
မုယုံရွှီ အနည်းငယ် အံ့သြသွား၏။ ထို့နောက်သူမ စတင်လှုပ်ရှားလိုက်သည်။ ဤတစ်ကြိမ်တွင်မူ သူမ ပိုမို လျင်မြန်စွာ လုပ်ဆောင်နေပုံရသည်။
ဤတစ်ကြိမ်တွင် လုချန်းက သူမကို မတားဆီးခဲ့ပေ။ မုယုံရွှီ၏ တွန့်ဆုတ်နေသော ကြိုးစားမှုများအောက်တွင် သူမသည် သူ့ကို ပြစုရမည့် တာဝန်ကို အခြေခံအားဖြင့် ပြီးမြောက်အောင် လုပ်ဆောင်နိုင်ခဲ့သည်။
လုချန်း မူလက စာရေးရန် စီစဉ်ထားသော်လည်း မုယုံရွှီက အခွင့်အရေးမပေးခဲ့ပေ။ သူမကို တစ်စုံတစ်ရာ ပူးကပ်နေသကဲ့သို့ ဖြစ်နေသည်။
….....
ထိုအတောအတွင်း။
ယိုပင်ခရိုင်တွင် မုချန်တိန်သည် လင်ရန်မြို့ ကာကွယ်ရေး ကိစ္စများကို စီစဉ်နေသည်။ ဝူနိုင်ငံတော်၏ အဓိကတပ်များ ရှုံးနိမ့်သွားကြောင်း သတင်းကြားပြီးဖြစ်ပြီး မြောက်ပိုင်းမင်းသားကလည်း နောက်ဆုံးစစ်မိန့်တွင် ဝူနိုင်ငံ၏ ဆုတ်ခွာနေသောတပ်များကို ကြားဖြတ်တိုက်ခိုက်ရန် ကြိုးစားရမည်ဟု ညွှန်ကြားထားသည်။
ဤအချိန်တွင် မုချန်တိန်တစ်ယောက် ကြီးမားသော ဖိအားကို ခံစားနေရသည်။ ထောက်လှမ်းရေး အစီရင်ခံစာများအရ ဝူနိုင်ငံတော်၏ အဓိကတပ်များတွင် အဆင့်လွန် ပညာရှင်နှစ်ဦး ပါဝင်ပုံရသည်။ ဤနေရာတွင် သူတို့ဆီ၌ အဆင့်လွန် ပညာရှင် လုံးဝရှိပဲ ဝမ်ရန်လီတစ်ဦးသာ အနည်းငယ် ပိုအစွမ်းထက်သည်။ သူတို့တွင် ယမ်းလက်နက်များ ရှိသော်လည်း အဆင့်လွန် ပညာရှင်ကို သတ်ခြင်းသည် ယမ်းလက်နက်များ အသုံးပြုရုံဖြင့် ပြီးသွားမည့် ကိစ္စ မဟုတ်ပေ။
မြို့ရိုးပေါ်တွင် ရပ်လျက် မုချန်တိန်သည် အဝေးရှိ တောအုပ်ကို ငေးကြည့်နေသည်။ သူ၏ စိတ်နှလုံးတွင် ပူပန်မှုများဖြင့် ပြည့်နှက်နေသည်။
ထိုစဉ် ဝမ်ရန်လီလည်း မြို့ရိုးပေါ်သို့ ရောက်လာသည်။ မုချန်တိန်က
“ဗိုလ်ချုပ် ဝမ်ရန်။ ခင်ဗျားရော အဆင့်လွန် ပညာရှင်တစ်ဦးကို ရင်ဆိုင်ဖို့ ယုံကြည်မှု ရှိလား။”
ဝမ်ရန်လီက ပြုံး၍
“ရှိပါတယ်။”
ဝမ်ရန်လီ၏ တည်ငြိမ်သော လေသံကို ကြားသောအခါ မုချန်တိန်၏ စိတ်ထဲတွင် ပြုံးလိုက်မိရုံသာ တတ်နိုင်တော့သည်။ မြောက်ပိုင်းမှ လာသော စစ်သားများအားလုံး ဝမ်ရန်လီနှင့် များစွာ တူညီကြသည်။ အချိန်တိုင်း အလွန်အမင်း ယုံကြည်မှုရှိကြသည်။ သူတို့၏ ယုံကြည်မှုများက ဘယ်ကရလာသည်ကို သူ အံ့သြမိသည်။
ဝမ်ရန်လီက မုချန်တိန် စိုးရိမ်နေသည်ကို သိသွားပုံရသည်။ ထို့ကြောင့် သူက တိုက်ရိုက် မေးလိုက်သည်။
“ဗိုလ်ချုပ် မုက ကျွန်တော်တို့က အဲဒီ အဆင့်လွန် ပညာရှင် စစ်ဗိုလ်ချုပ်နှစ်ဦးနဲ့ မယှဉ်နိုင်မှာကို စိုးရိမ်နေတာလား။”
မုချန်တိန်က ရှင်းရှင်းလင်းလင်း ပြန်ဖြေလိုက်သည်။
“ဟုတ်ပါတယ်။ အမြောက်တွေနဲ့တောင် အဆင့်လွန် ပညာရှင်ရဲ့ ကာကွယ်ရေး စွမ်းအားကို ဖောက်ထွင်းဖို့ အရမ်းခက်ပါတယ်။”
“ကျွန်တော်တို့ နှစ်ယောက်စလုံးက ထိပ်သီးအဆင့်မှာပဲ ရှိသေးတယ်။ အဆင့်လွန် ပညာရှင်ကို သတ်ဖို့ကတော့ အရမ်းခက်ခဲပါလိမ့်မယ်။”
ဝမ်ရန်လီက စိုးရိမ်ဟန်မပြပဲ
“ဗိုလ်ချုပ် မု စိတ်ပူစရာ မလိုပါဘူး။ မင်းသားက ဒီနေရာကို ထိန်းသိမ်းပြီး ဝူနိုင်ငံတော်ရဲ့ စစ်ရှုံးလာတဲ့ တပ်တွေ ဆုတ်ခွာမသွားနိုင်အောင် တားဆီးဖို့ ကျွန်တော်တို့ကို တာဝန်ပေးထားတယ်ဆိုတော့ သူက အစွမ်းထက်တဲ့ သူရဲကောင်းတစ်ဦးကို သေချာပေါက် စေလွှတ်ဖို့ စီစဉ်ပြီးသားဖြစ်မှာပါ။”
ဝမ်ရန်လီ ပြောသည်ကို ကြားသောအခါ မုချန်တိန် ခဏမျှ အံ့သြသွားသည်။
မှန်ပါသည်။ မြောက်ပိုင်းနယ်စားသည် ထျန်းချီဘုရင်နှင့် တိုက်ပွဲတွင် ပါဝင်ခဲ့ဖူးသည်။ အဆင့်လွန် ပညာရှင်က အမြောက်ဆံများကို ခံနိုင်ရည်ရှိသည်ကို သူ မသိပဲ နေမည်မဟုတ်ပေ။ ထိပ်သီးအဆင့်များ အဆင့်လွန် ပညာရှင်နှင့် မယှဉ်နိုင်သည်ကိုလည်း သူ ကောင်းစွာ သိပေလိမ့်မည်။ ထို့ကြောင့် သူ တစ်စုံတစ်ဦးကို စေလွှတ်ရမည်မှာ သေချာသည်။
ဒါပေမဲ့ သူ ဘယ်သူ့ကို စေလွှတ်ခဲ့တာလဲ။
မုချန်တိန် စဉ်းစားလိုက်သည်။ မြောက်ပိုင်းပြည်နယ်တွင် ကျူးကဲ့ကျုံကောင်းအပြင် အဆင့်လွန် ပညာရှင်များ များများစားစား မရှိပေ။ သူ သိသည့် အခြား အဆင့်လွန် ပညာရှင်မှာ မြောက်ပိုင်းနယ်စားကိုယ်တိုင်သာ ဖြစ်သည်။ သို့သော် မင်းသားသည် နယ်စားဖြစ်ပြီး စစ်မြေပြင်သို့ အလွယ်တကူ မဆင်းတော့ပေ။
ဒီတစ်ကြိမ် မြောက်ပိုင်းနယ်စားက ကျူးကဲ့ကျုံကောင်းကို စေလွှတ်ခဲ့တာလား။
အဆင့်လွန် ပညာရှင်တစ်ဦးတည်းဆိုလျှင် ကျန်းဟုန်နဲ့ ရွှီစင်ဝမ်တို့ကို ယှဉ်နိုင်မလားဆိုတာ မသေချာသေးပေ။
မုချန်တိန် ထိုသို့ တွေးတောနေစဉ် ရုတ်တရက် လေပြေတစ်ချက် တိုက်ခတ်သွားသည်ကို ခံစားလိုက်ရသည်။ နောက်တစ်ခဏတွင် သူတို့ဘေးတွင် တစ်စုံတစ်ဦး ပေါ်လာသည်ကို အနည်းငယ် ခံစားလိုက်ရသည်။
မုချန်တိန် လျင်မြန်စွာ လှည့်ကြည့်လိုက်ပြီး သတိထားကာ
“ဘယ်သူလဲ”
ဟု ပြောလိုက်သည်။
သူ စကားမဆုံးခင်မှာပင် ဝမ်ရန်လီက ရုတ်တရက်ပေါ်လာသော အဖိုးအိုကို
“ဆရာ ရောက်လာပါပြီလား”
ဟု နှုတ်ဆက်နေသည်ကို သူ မြင်လိုက်ရသည်။
ထိုမြင်ကွင်းကြောင့် မုချန်တိန် အံ့အားသင့်သွားသည်။ သူက သူ့ရှေ့မှ အဖိုးအိုကို ကြည့်လိုက်သည်။ ထိုပုဂ္ဂိုလ်ကို မြောက်ပိုင်းနယ်စားမင်းသားစံအိမ်တွင် မြင်ဖူးသော်လည်း သူသည် စစ်တပ်စခန်းတွင် အချိန်အများစု ကုန်ဆုံးသောကြောင့် ထိုလူအကြောင်း များများစားစား မသိပေ။ မြောက်ပိုင်းနယ်စားမင်းသားစံအိမ်မှ ပုဂ္ဂိုလ်တစ်ဦးသာ ဖြစ်ကြောင်း သိသည်။
မုချန်တိန် ဇဝေဇဝါ ဖြစ်နေသည်။ အဖိုးအိုထံမှ သိုင်းပညာရှင် အငွေ့အသက်ကို သူ မခံစားရပေ။ သာမန်လူတစ်ဦးနှင့်တူနေသည်။ သို့သော် ဝမ်ရန်လီက အဖိုးအိုကို “ဆရာ” ဟု ခေါ်ဆိုခြင်းကို ကြည့်ခြင်းဖြင့် ထိုအဖိုးအို၏ အစွမ်းသည် ဝမ်ရန်လီထက် သာလွန်နိုင်သည်ဟု ဖော်ပြနေသည်။
မုချန်တိန်သည် အံ့အားသင့်နေသည်။ အဆင့်လွန်ပညာရှင်တစ်ဦးက သူ၏အငွေ့အသက်ကို ဖုံးကွယ်ထားနိုင်သော်လည်း အနည်းဆုံး သိုင်းပညာရှင် အငွေ့အသက်ကိုတော့ သူခံစားမိသင့်သည်။ ထို့ပြင် အဖိုးအိုသည် မြို့ရိုးပေါ်တွင် ရုတ်တရက် ပေါ်လာခဲ့ခြင်းဖြစ်သည်။ သူမည်သို့တက်လာသည်ကိုပင် မမြင်မိပေ။
သူတို့ရှေ့သို့ ရုတ်တရက် ပေါ်လာနိုင်သည့် ထိုပုဂ္ဂိုလ်တွင် မည်သည့်အစွမ်းမျိုး ပိုင်ဆိုင်သနည်း။
ထို့နောက် ဝမ်ရန်လီက မုချန်တိန်ကို ကြည့်ပြီး
“ဗိုလ်ချုပ် မုက ဆရာ ရွှမ်ယွမ်နဲ့ မိတ်မဖွဲ့ရသေးဘူး ထင်ပါတယ်။ မိတ်ဆက်ပေးပါရစေ။ ဆရာ ရွှမ်ယွမ်က အစက ယူမြို့တော်ရဲ့ မြို့စားဖြစ်ပါတယ်။ နောက်ပိုင်းမှာ မင်းသားက ဆရာ ရွှမ်ယွမ်ကို ရန်ခရိုင်လာစေပြီး မြောက်ပိုင်းပြည်နယ်ရဲ့ ရထားလမ်းဆောက်လုပ်ရေးကို ကြီးကြပ်ဖို့ တာဝန်ပေးခဲ့ပါတယ်။”
ထိုစကားကို ကြားသောအခါ မုချန်တိန် မှင်တက်သွားသည်။ ဒါဆို ဒီလူက ယူမြို့တော်ရဲ့ မြို့စားလား။
ဒါဆို ဝမ်ရန်လီက သူ့ကို ဆရာလို့ ခေါ်တာ အံ့သြစရာ မရှိတော့ဘူးပေါ့။
ဝမ်ရန်လီသည် ယူမြို့တော်မှ လူဖြစ်ပြီး သူ၏ ယခင် အကြီးအကဲကို ဆရာဟု ခေါ်ဝေါ်ခြင်းက သဘာဝကျသည်။
ထို့နောက် မုချန်တိန်က ရွှမ်ယွမ်ချောင်ကဲကို ကြည့်ပြီး
“ဆရာ ရွှမ်ယွမ်။ ကျွန်တော့်ကို ရဲရဲတင်းတင်း မေးခွင့်ပြုပါ။ ဆရာက အဆင့်လွန် ပညာရှင်တစ်ဦးလား”
ဟု မေးလိုက်သည်။
ရွှမ်ယွမ်ချောင်ကဲက တိုက်ရိုက် ပြန်မဖြေဘဲ တည်ငြိမ်စွာဖြင့်
“ဗိုလ်ချုပ် မု စိတ်ချပါ။ မင်းသားက ကျွန်တော့်ကို ဒီကို စေလွှတ်လိုက်တာ အကြောင်းပြချက် ကောင်းကောင်းရှိပါတယ်။”
ရွှမ်ယွမ်ချောင်ကဲက တိုက်ရိုက်မဖြေသော်လည်း သူ၏ လေသံထဲတွင် ထိုအဆင့်လွန်ပညာရှင် စစ်ဗိုလ်ချုပ်နှစ်ဦးကို ခြိမ်းခြောက်မှုအဖြစ် မမြင်ကြောင်း မုချန်တိန် သိလိုက်ရသည်။ ဤအဖိုးအိုသည် သူမျှော်လင့်ထားသည်ထက် ပိုမိုအားကောင်းမည်ဟု သူယုံကြည်လာသည်။
အခန်း (၅၉၃)
ဒါက ထင်ယောင်ထင်မှားမှုတစ်ခုပဲ (၃)
သူက... ကောင်းကင်လူသား စွမ်းအားရှင်များလား။
ထိုဖြစ်နိုင်ခြေကို တွေးမိသည်နှင့် မုချန်တိန်၏ ရင်ထဲတွင် ဖော်မပြနိုင်သော စိတ်လှုပ်ရှားမှုများ ပြည့်နှက်သွားခဲ့သည်။ အကယ်၍ ဒီအဖိုးအိုသာ ကောင်းကင်လူသား စွမ်းအားရှင်တစ်ယောက် ဖြစ်ခဲ့ပါလျှင် ဝူနိုင်ငံတော်၏ အဆင့်လွန် ပညာရှင် စစ်သူကြီးနှစ်ဦးသည် မည်သို့မှ ခြိမ်းခြောက်နိုင်မည် မဟုတ်ပေ။
စွမ်းအားရှင်တစ်ဦး၏ စွမ်းအားသည် အဆင့်လွန် ပညာရှင်များနှင့် နှိုင်းယှဉ်လျှင် ကောင်းကင်နှင့်မြေကြီးပမာ ကွာခြားလှသည်။ အဆင့်လွန် ပညာရှင်ဆယ်ဦး ပေါင်းလျှင်ပင် စွမ်းအားရှင်တစ်ဦးကို မယှဉ်နိုင်ပေ။
သို့သော် မြောက်ပိုင်းပြည်နယ်တွင် စွမ်းအားရှင်တစ်ပါး ရှိခဲ့ပါက မြောက်ပိုင်းနယ်စားမင်းသားသည် အဘယ်ကြောင့် လူအများသိအောင် မလုပ်ခဲ့သနည်း။ မူလက မြောက်ပိုင်းနယ်စားမင်းသားသည် ကျူးကဲ့ကျုံကောင်းကို ကောင်းကင်လူသား စွမ်းအားရှင်အဖြစ် ဟန်ဆောင်ခိုင်းခဲ့ခြင်းမှာ နိုင်ငံကြီး အသီးသီးကို ခြိမ်းခြောက်ရန် မဟုတ်ပါလား။
မြောက်ပိုင်းပြည်နယ်တွင် စွမ်းအားရှင်တစ်ပါး ရှိခဲ့ပါလျှင် ကျူးကဲ့ကျုံကောင်း အယောင်ဆောင်နေရန် လိုအပ်ဦးမည်လား။
ဒါက...
ဒီအဘိုးအိုဟာ နောက်ပိုင်းမှ ကောင်းကင်လုသား စွမ်းအားရှင်အဆင့်ကို ရောက်ရှိလာခဲ့တာလား။
ကျူးကဲ့ကျုံကောင်းသည် စွမ်းအားရှင်မဟုတ်ကြောင်း မကြာသေးမီက လုချန်း ထုတ်ဖော်ပြောကြားခဲ့သည်ကို မုချန်တိန် ပြန်လည်စဉ်းစားမိသည်။
မြောက်ပိုင်းနယ်စားမင်းသား၏ ဤကြေညာချက်ကြောင့်ပင် ဝူနိုင်ငံတော်က မြောက်ပိုင်းပြည်နယ်ကို စစ်ချီရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။ မြောက်ပိုင်းပြည်နယ်တွင် ကောင်းကင်လူသား စွမ်းအားရှင်တစ်ပါးသာ ရှိခဲ့လျှင် ဝူနိုင်ငံတော်သည် သူတို့ကို တိုက်ခိုက်ရန် လုံးဝ သတ္တိရှိမည်မဟုတ်ပေ။
မုချန်တိန် ချက်ချင်း နားလည်သွားခဲ့သည်။ မြောက်ပိုင်းနယ်စားမင်းသားစံအိမ်က ကျူးကဲ့ကျုံကောင်း စွမ်းအားရှင်မဟုတ်ကြောင်း ရှင်းလင်းပြောကြားခဲ့ခြင်းမှာ တစ်ဖက်တွင် အခြားနိုင်ငံများကို မြောက်ပိုင်းပြည်နယ်သို့ စစ်တပ်စေလွှတ်ရန် ဆွဲဆောင်ခြင်းဖြစ်ပြီး၊ အခြားတစ်ဖက်တွင်မူ မြောက်ပိုင်းပြည်နယ်၌ တကယ့် ကောင်းကင်လူသားတစ်ပါး ရှိနှင့်ပြီးဖြစ်သောကြောင့် ကျူးကဲ့ကျုံကောင်း ဆက်လက်အယောင်ဆောင်ရန် မလိုအပ်တော့ခြင်းပင် ဖြစ်သည်။
ထိုသို့သာ ဖြစ်ရမည်ဟု မုချန်တိန် မတွေးပဲ မနေနိုင်ခဲ့ပေ။ ယခင်က မြောက်ပိုင်းနယ်စားမင်းသားစံအိမ်က ကျူးကဲ့ကျုံကောင်း၏ အခြေအနေကို ရှင်းလင်းခဲ့သည်မှာ မြောက်ပိုင်းပြည်နယ်၏ အင်အား ကြီးထွားလာသောကြောင့် ဖြစ်သည်ဟု မုချန်တိန် ထင်မှတ်ခဲ့သည်။ မြောက်ပိုင်းနယ်စားမင်းသား၏ ယုံကြည်ချက် အစစ်က ဤအဖိုးအိုထံတွင် ရှိနေမည်ဟု သူ မမျှော်လင့်ခဲ့ပေ။
မုချန်တိန် လုချန်းကို နောက်တစ်ကြိမ် ထပ်မံ ချီးကျူးမိသည်။
သူ နေပြည်တော်တွင် ရှိစဉ်က မြောက်ပိုင်းနယ်စားမင်းသားကို အရည်အချင်းနည်းသော မင်းသားလေးတစ်ပါးဟုသာ ထင်မှတ်ခဲ့သည်။ မြောက်ပိုင်းနယ်စားမင်းသားသည် ကောင်းကင်လူသား စွမ်းအားရှင်တစ်ဦးကိုပင် လက်အောက်ခံအဖြစ် ထားနိုင်သည်အထိ ထက်မြက်နေမည်ဟု သူတစ်ခါမှ မမျှော်လင့်ခဲ့ပေ။
တစ်ချိန်တည်းမှာပင် သူ အနည်းငယ် ကံကောင်းသည်ဟု မုချန်တိန် ခံစားရသည်။ ကောင်းကင်ဘုံသည် သူတို့ မုမိသားစုကို ပြန်လည်တောက်ပစေလိုသည်ဟု ထင်ရသည်။
......
ထိုအချိန်တွင်။
မုယုံရွှီက လုချန်းကို သူမ၏ ကိုယ်ပိုင်နည်းလမ်းဖြင့် ဆက်လက် ပြုစုပေးနေခဲ့သည်။ ပြုစုပေးသည်ဟု ဆိုသော်လည်း လုချန်း သဘောပေါက်လိုက်သည်မှာ မုယုံရွှီသည် သူမ၏ ဆန္ဒများကိုသာ ဖြည့်ဆည်းနေခြင်းပင် ဖြစ်သည်။
စိတ်ထဲမှ သဘောကျစွာ ပြုံးလိုက်ပြီး လုချန်းက လက်နှစ်ဖက်ကို မြှောက်ကာ မုယုံရွှီအား မြဲမြံစွာ ဆုပ်ကိုင်လိုက်ပြီး သူမ၏ လှုပ်ရှားမှုကို တားဆီးလိုက်သည်။
မုယုံရွှီ၏ ကိုယ်ခန္ဓာကို လုချန်းက ထိန်းချုပ်ထားလိုက်သောအခါ သူမ ခဏတာမျှ ငြိမ်သက်သွားခဲ့သည်။ လုချန်း၏ လက်မှ ရုန်းထွက်ရန် ကြိုးစားခဲ့သော်လည်း လုချန်းသည် အရိပ်အယောင် ကောင်းကင်လူသား တစ်ဦးဖြစ်ရာ မုယုံရွှီက သူ့အား မည်သို့မျှ ယှဉ်နိုင်မည်မဟုတ်ပေ။
မလှုပ်ရှားနိုင်ဖြစ်သွားသဖြင့် မုယုံရွှီ အလွန်အမင်း မသက်မသာ ခံစားရသည်။ ထိုအချိန်တွင် သူမက လုချန်းကို အပေါ်မှ ငုံ့ကြည့်လိုက်သည်။
သူမ၏ မျက်လုံးများ ဝေဝါးပြီး သူမ၏ မျက်နှာတွင် ဆွဲဆောင်မှုရှိသော ညှို့ဓာတ်များ ပြည့်နှက်နေသည်။
“ဘာ... ဘာလုပ်နေတာလဲ။”
လုချန်းက ပြုံးလျှက် ပြန်ဖြေသည်။
“မင်းကို ဒီကို စာရေးကျင့်ဖို့ ခေါ်ထားတာလေ။ မင်းဒီလို လုပ်နေရင် ကိုယ်ဘယ်လို စာရေးလို့ရမှာလဲ။”
ထိုစကားများကို ကြားသောအခါ မုယုံရွှီသည် သူမ၏ ကိုယ်ခန္ဓာကို လိမ်ဖယ်ကာ လုချန်း၏ လက်မှ ရုန်းထွက်ရန် နောက်တစ်ကြိမ် ကြိုးစားပြန်သည်။
မုယုံရွှီက
“စာရေးကျင့်တာ... နောက်မှ လုပ်ရအောင်။”
ဒီအချိန်က စာရေးကျင့်ရမည့်အချိန်မဟုတ်ဟု မုယုံရွှီ စိတ်ထဲတွေးမိသည်။
လုချန်းက ညင်သာစွာ ပြုံးလိုက်ပြီးနောက်
“ချစ်သူ’ လို့ ခေါ်လိုက်ရင် လွှတ်ပေးမယ်”
လုချန်းလည်း သူ၏ ကတိကိုတည်၍ မုယုံရွှီကို လွှတ်ပေးလိုက်ပြီး သူမ လုပ်ချင်ရာ လုပ်ခွင့်ပြုလိုက်သည်။
......
ညနေစောင်း အချိန်။
မုယုံရွှီသည် အိပ်ရာပေါ်တွင် မျက်နှာသေဖြင့် လဲလျောင်းနေသည်။
လုချန်းက မုယုံရွှီဘေးတွင် လဲလျောင်းနေရင်း သူမဘက်သို့ စောင်းလိုက်ပြီးနောက် သူ့လက်ကို မြှောက်ကာ သူမ၏ ပါးပြင်ကို ညင်သာစွာ ပွတ်သပ်ရင်း ပြုံးလျှက် မေးလိုက်သည်။
“ဘာဖြစ်တာလဲ။”
“ဒီနေ့ မင်းကို ကိုယ်ဘာမှ မလုပ်ခဲ့ဘူးလေ။ ဒါဆို ဘာလို့ နည်းနည်း မပျော်သလို ဖြစ်နေတာလဲ။”
လုချန်း၏ စကားများကို ကြားသောအခါ မုယုံရွှီ မြေကြီးထဲ ဝင်သွားချင်သည်အထိ ရှက်စိတ်ပြင်းပြသွားခဲ့သည်။ လုချန်း ဘာမှ မလုပ်ခဲ့သည်မှာ တစ်နေကုန် သူမကသာ အရာအားလုံးကို ထိန်းချုပ်ထားခဲ့သောကြောင့်ပင် ဖြစ်သည်။
သူမ ထိုကဲ့သို့ ဖြစ်လာလိမ့်မည်ဟု လုံးဝ စိတ်မကူးမိခဲ့ပေ။
ထိုအချိန်တွင် မုယုံရွှီ သူမ၏ ငွေသွားများကို ကိုက်ကာ စိတ်ထဲမှ ကိုယ့်ကိုယ်ကိုယ် ကျိန်ဆဲမိသည်။
သူမသည် အမှန်ပင် အရှက်မရှိသော မိန်းမတစ်ဦးပါလား။
ယခင်က မင်းသားစံအိမ်သို့ ရောက်လာလျှင် အရှက်ရစရာများ လုပ်ရခြင်းက ဤလူ၏ အတင်းအကျပ်စေခိုင်းမှုကြောင့်ဟု အကြောင်းပြခဲ့သည်။ ဖိနှိပ်ခံရသူဖြစ်သည့် သူမ ဘာမှမတတ်နိုင်ခဲ့ပေ။
သို့သော် ယနေ့က မတူညီပေ။ အရာအားလုံးက သူမ၏ ကိုယ်ပိုင် ဆန္ဒဖြင့်သာ ဖြစ်ခဲ့သည်။
သူမ ကိုယ်သူမ နားမလည်နိုင်တော့ပေ။ သူမ အဘယ်ကြောင့် ထိုကဲ့သို့ ဖြစ်လာရသနည်း။ သူမသည် အရှက်ကင်းမဲ့သော မိန်းမ တစ်ယောက်လား။
အတန် ကြာပြီးနောက် မုယုံရွှီက နောက်ဆုံးတွင် အေးစက်သော အသံဖြင့်
“ဒီနေ့ မင်းသားရဲ့ အချိန်တွေကို ယူလိုက်ရတဲ့အတွက် တောင်းပန်ပါတယ်။ နောက်တစ်ခါ စာရေးကျင့်ချင်တယ်ဆိုရင် လူလွှတ်ပြီး ခေါ်လိုက်လို့ ရပါတယ်။ ကျွန်မ ဒီနေ့ ပြန်တော့မယ်။”
ထို့သို့ပြောပြီးနောက် မုယုံရွှီလည်း မြောက်ပိုင်းနယ်စားမင်းသားစံအိမ်မှ ထွက်ခွာရန် ပြင်ဆင်လိုက်သည်။ သူမ၏ အရှက်သိက္ခာ အားလုံး ဆုံးရှုံးသွားပြီဟု မုယုံရွှီ ခံစားနေရသည်။
မြောက်ပိုင်းနယ်စားမင်းသား၏ စိတ်ထဲတွင် သူမသည် ပြည့်တန်ဆာ ဂေဟာမှ အမျိုးသမီးများနှင့် မခြားနားဟု ထင်သွားမည်ကို သူမ စိုးရိမ်နေခဲ့သည်။
သို့သော် မုယုံရွှီ ထရန်ပြင်ဆင်နေချိန်တွင် လုချန်းက တားဆီးလိုက်သည်။သူက သူမ၏ ဦးခေါင်းဘေးနှစ်ဖက်တွင် လက်များကို ထောက်လိုက်ပြီး သူမ၏ ထိတ်လန့်နေသော မျက်လုံးများကို စိုက်ကြည့်လိုက်သည်။
“ရွှီ။ ဒီနေ့ ကိုယ် ပြဿနာတစ်ခု ရှာတွေ့ခဲ့တယ်။ မင်း သတိထားမိလား။ မင်းက ကိုယ့်ထက်တောင် ပိုပြီး စိတ်အားထက်သန် သလိုပဲနော်။”
ဤစကားများကြောင့် မုယုံရွှီ၏ ပါးပြင်များသည် ပို၍နီရဲလာပြီး မီးခိုးများပင် ထွက်တော့မလို ပူနွေးလာခဲ့သည်။
ထို့နောက် မိမိကိုယ်ကို ဆင်ခြေပေးရန် ကြိုးစားရင်း မုယုံရွှီက
“ဒါက ရှင့်ထင်ယောင်ထင်မှားဖြစ်နေတာပါ။”
လုချန်း၏ နှုတ်ခမ်းများ အနည်းငယ် ကွေးညွှတ်သွားခဲ့ပြီး မုယုံရွှီ၏ မေးစေ့ကို လက်လှမ်းလိုက်ကာ သူမ၏ လှပသော မျက်လုံးများကို တည့်တည့်စိုက်ကြည့်လိုက်သည်။ လုချန်း၏ နက်ရှိုင်းသော မျက်လုံးများဖြင့် ထိုမျှ ပြင်းပြင်းထန်ထန် စိုက်ကြည့်ခံရသောအခါ မုယုံရွှီ၏ ရင်ထဲတွင် ပို၍ပင် လှုပ်ရှားသွားခဲ့သည်။
ဒီလူ သူမကို ယနေ့ အဘယ်ကြောင့် ပြုစုခိုင်းခဲ့သည်ကို သူမ သဘောပေါက်လိုက်ပြီ ဖြစ်သည်။ အကြောင်းပြချက်က ရိုးရှင်းသည်။ သူက သူမကို အရှက်ခွဲလိုခြင်း၊ သူမ မည်သို့သော မိန်းမမျိုးဖြစ်သည်ကို ရှင်းရှင်းလင်းလင်း မြင်စေလိုခြင်း တို့ကြောင့်ဖြစ်သည်။
လုချန်း လုံးဝ အောင်မြင်ခဲ့သည်။ သူမသည် တဏှာစိတ်ဖြင့် မောင်းနှင်ခံရသူကဲ့သို့ ခံစားရသည်။ တိရစ္ဆာန်နှင့် မခြားနားပဲ
သူမ၏ အတွင်းစိတ်ဆန္ဒကို လုံးဝ ထိန်းချုပ်နိုင်စွမ်း မရှိခဲ့ပေ။။
လုချန်းက ပြုံးလျှက်
“ထင်ယောင်ထင်မှားဖြစ်တာ ဟုတ်လား။”
ထိုသို့ပြောပြီးနောက် လုချန်း ဆက်မပြောတော့ပဲ မုယုံရွှီ၏ မျက်လုံးများကိုသာ ဆက်လက်စိုက်ကြည့်နေခဲ့သည်။
လုချန်းက သူမကို ထိုသို့ စိုက်ကြည့်နေသဖြင့် မုယုံရွှီ၏ မျက်လုံးများ လွှဲသွားခဲ့သည်။
ခဏမျှ ကြာပြီးနောက် လုချန်းက ဆက်လက် ကျီစယ်လိုက်သည်။
“ကျူးနိုင်ငံတော်ရဲ့ အကျော်ကြားဆုံး ပါရမီရှင် မိန်းကလေး။ နန်းတွင်း ဝန်ကြီးချုပ်က ကိုယ်အိပ်ရာပေါ်မှာ ဒီလိုလူမျိုး ဖြစ်လာလိမ့်မယ်လို့ ဘယ်တုန်းကမှ မတွေးခဲ့ဖူးဘူး။”
.............
အခန်း (၅၉၄)
ယွဲ့ဧကရာဇ်က စွမ်းအားရှင်လား
လုချန်း၏ စကားများကြောင့် မုယုံရွှီ အရှက်ရပြီး အလွန်အမင်း စိတ်ထိခိုက်သွားခဲ့သည်။
ဤရွံရှာဖွယ်ကောင်းသော လူက သူမကို စော်ကားနေသော်လည်း သူမ ဘာမှပြန်မပြောနိုင်ခဲ့ပေ။ အဘယ့်ကြောင့်ဆိုသော် လုချန်းသည် ဒီနေ့ ဘာမှမလုပ်ပဲ တစ်ချိန်လုံး လဲလျောင်းနေခဲ့ရုံသာ ဖြစ်သောကြောင့်ပင်။
အတန်ကြာပြီးနောက် ရှက်ရွံ့သည့်ဒဏ် မခံနိုင်တော့သဖြင့် မုယုံရွှီ သူမ၏ ဂုဏ်သိက္ခာကို လုံးဝ စွန့်ပစ်ရန် ရွေးချယ်လိုက်သည်။ အေးစက်စွာ ရယ်မောရင်း သူမက
“ဘာဖြစ်လဲ။ မင်းသားကို စိတ်ပျက်စေမိပြီလား။”
“ကျွန်မက ဒီလိုမိန်းမမျိုးပါ။ မင်းသားသာ ကျွန်မလို အရှက်မရှိသူကို မကြိုက်ဘူးဆိုရင် စာရေးကျင့်ဖို့ ကျွန်မကိုခေါ်တာ ရပ်လိုက်ရုံပါပဲ။”
အရှက်ရမှုကြောင့် မုယုံရွှီ ဒေါသထွက်လာခဲ့သည်။
လုချန်းက ညင်သာစွာ ပြုံးလိုက်ပြီး
“ရှက်ပြီး စိတ်ဆိုးနေတာလား။ မင်းကို စာရေးကျင့်ဖို့ မခေါ်ရဘူးဆိုရင် နောင်မှာ မင်း မြောက်ပိုင်းနယ်စားမင်းသားစံအိမ်ကနေ အချက်အလက်တွေ မရနိုင်တော့ဘူးဆိုတာ မစဉ်းစားမိဘူးလား။”
ထိုသို့ပြောပြီးနောက် မုယုံရွှီ၏ ရင်ထဲတွင် တဒိတ်ဒိတ်ခုန်သွားခဲ့သည်။
လုချန်းက သူမကို ငြီးငွေ့ပြီး စာရေးလေ့မကျင့်တော့ပါက သူမကို ယွဲ့ဧကရာဇ်က စွန့်ပစ်သွားနိုင်၏။ ထို့နောက် သူမတွင် နေစရာ ဘယ်မှာမှ ရှိတော့မည်မဟုတ်ပေ။
မုန်းစရာကောင်းသော လူပါတကား။
သူမ ဤလူ၏ ထိန်းချုပ်မှုအောက်တွင် လုံးဝ ရောက်ရှိနေသည်ဟု မုယုံရွှီ ခံစားရသည်။
မကြာမီတွင် မုယုံရွှီက အေးစက်စွာဖြင့်
“ရှင် ဘာလိုချင်တာလဲ။”
မုယုံရွှီ၏ မျက်လုံးများကို ကြည့်ရင်း လုချန်းက
“ကိုယ်ဘာလိုချင်တာလဲဆိုတာထက် မင်းဘာလိုချင်တာလဲဆိုတာက အရေးကြီးတယ်ဆိုတာ ထက်မြက်တဲ့ မင်းလိုမိန်းကလေးက သိသင့်တယ်။ မင်းရဲ့ နှလုံးသားကို မေးကြည့်ပါဦး။ အနာဂတ်မှာ ကိုယ်မရှိပဲ မင်းရှင်သန်နိုင်မှာလား။”
ထိုသို့ပြောပြီးနောက် လုချန်းက ရှေ့သို့ ငုံ့လိုက်ပြီး မုယုံရွှီ၏ နီမြန်းသော နှုတ်ခမ်းများကို သိမ်းပိုက်လိုက်၏။ ဤတစ်ကြိမ်တွင် သူက ဦးဆောင်ခဲ့သည်။
ထိုအချိန်တွင် မုယုံရွှီ၏ စိတ်ထဲတွင် လုံးဝ ကစဉ့်ကလျား ဖြစ်နေသည်။ သူမသည် အနာဂတ်အတွက် မည်သည့်လမ်းကို ရွေးချယ်ရမည်ကို မသေချာပဲ တွေဝေနေဆဲပင်။
သူမ လုချန်းမရှိပဲ ရှင်သန်နိုင်မည်မဟုတ်ကြောင်းကိုလည်း သဘောပေါက်ခဲ့သော်လည်း သူ့ကို မယုံကြည်ခဲ့ပေ။ သူမ၏ အမြင်တွင် လုချန်း သူမနှင့် အတူအိပ်ခြင်းမှာ တစ်စိတ်တစ်ပိုင်းအားဖြင့် သူမ၏ အလှကြောင့်ဖြစ်ပြီး၊ တစ်စိတ်တစ်ပိုင်းအားဖြင့် သူမ၏ အဆင့်အတန်းကြောင့် ဖြစ်သည်။ သူက သူမကို ရည်ရွယ်ချက်အချို့ အောင်မြင်ရန် အသုံးပြုလိုခြင်းဖြစ်သည်။ သူမသည် လုချန်းအတွက် နယ်ရုပ်တစ်ခုမျှသာ ဖြစ်သည်။
နယ်ရုပ်တစ်ခုဖြစ်သည့်အတွက် တစ်နေ့တွင် စွန့်ပစ်ခံရမည်မှာ သေချာသည်။ သူမနှင့် ယွဲ့ဧကရာဇ်ကြားတွင် ဖြစ်ခဲ့ဖူးသည့်အတိုင်းပင်။
သူမ လုချန်းကို မထိန်းချုပ်နိုင်ခဲ့ကြောင်း ယွဲ့ဧကရာဇ် သိပါက သူမကို သေချာပေါက် စွန့်ပစ်လိမ့်မည်။
ယွဲ့ဧကရာဇ်နှင့် မြောက်ပိုင်းနယ်စားမင်းသားကြားတွင် ပိတ်မိနေသော မုယုံရွှီသည် သူမအတွက် အနာဂတ်ကို မမြင်နိုင်တော့ပေ။
သူမ အကြောက်ဆုံးအရာမှာ မြောက်ပိုင်းနယ်စားမင်းသားဆိုသော လူဆိုးကို သူမအမှန်တကယ် စွဲလမ်းသွားမည်ကို ဖြစ်သည်။
သူမ ယခင်က လုပ်ခဲ့သမျှ အရာအားလုံးက သူမ မြောက်ပိုင်းနယ်စားမင်းသားကို လေးလေးနက်နက် စွဲလမ်းနေကြောင်း ရှင်းရှင်းလင်းလင်း ပြသနေသည်။
အချိန်မည်မျှ ကုန်လွန်သွားသည် မသိလိုက်ပေ။ ကောင်းကင်ယံရှိ ညနေအလင်းရောင်သည် တဖြည်းဖြည်း မှေးမှိန်သွားခဲ့ပြီး ကမ္ဘာတစ်ခုလုံးသည် ည၏ မှောင်မိုက်မှုထဲသို့ နစ်မြုပ်သွားခဲ့သည်။
လုချန်း ဖြည်းညှင်းစွာ ထရပ်လိုက်ပြီး မုယုံရွှီ၏ ဆွဲဆောင်မှုရှိသော ပါးပြင်များကို ကြည့်နေသည်။ သူ စကားပြောရန် ပြင်ဆင်နေစဉ် မုယုံရွှီက သူ့ကို ကြားဖြတ်လိုက်သည်။
“ကျွန်မက ရှင့်ရဲ့ နယ်ရုပ်တစ်ရုပ် လောက်ပဲ မဟုတ်လား။”
ထိုစကားကို ကြားသောအခါ လုချန်း ရယ်မောလိုက်သည်။
“မင်းအပေါ်မှာ ကိုယ့်ရဲ့အရေးကြီးတဲ့ ရည်ရွယ်ချက်တစ်ခုတော့ ရှိတာ အမှန်ပဲ။ ဒါပေမဲ့ ကိုယ် မင်းကို နယ်ရုပ်အဖြစ် ဘယ်တုန်းကမှ မသတ်မှတ်ခဲ့ပါဘူး။”
“မင်းကို နယ်ရုပ်တစ်ရုပ်လို ဆက်ဆံတာထက် မင်းကို ကိုယ်ပိုင်ဆိုင်ချင်တယ်။”
မုယုံရွှီက အားအင်မရှိသော အသံဖြင့်
“အပြင်က ကောလာဟလတွေက တကယ်မှန်နေတာပဲ။ ရှင်က ကာမဂုဏ်လိုက်စားတဲ့ လူဆိုးတစ်ယောက်ပဲ။”
လုချန်းက ပြုံးလျှက်
“မင်း မသိခဲ့ဘူးလား။”
မုယုံရွှီ တိတ်ဆိတ်သွားသည်။ လုချန်းက ဆက်ပြောသည်။
“ဘယ်လိုလဲ။ ကိုယ်နဲ့ လက်ထပ်ပြီး ကိုယ်ရဲ့ မိန်းမ ဖြစ်လာချင်လား။”
“ဘယ်လိုပဲဖြစ်ဖြစ် မင်း နောက်ပြန်လှည့်လို့ မရတော့ဘူး။”
မုယုံရွှီက
“ယွဲ့ဧကရာဇ်က ကျွန်မကို စွန့်ပစ်ပြီးသား ဖြစ်နေရင်တောင် ကျွန်မ ရှင့်ကို ဘယ်တော့မှ လက်ထပ်လို့ မရဘူး။”
လုချန်းက
“ဘာလို့လဲ”
မုယုံရွှီက မျက်နှာသေဖြင့်
“ရှင့်မှာ မိန်းမတွေ အရမ်းများတယ်။ ရှင်တစ်နေ့ကျရင် ကျွန်မကို ငြီးငွေ့လာလိမ့်မယ်။”
လုချန်းက ပြုံးလျှက်
“မင်းသားစံအိမ်ထဲက မိန်းမအားလုံးလည်း ဒီလိုကြောက်ရွံ့မှုမျိုး ရှိခဲ့ကြတာပဲ။ ဒါပေမဲ့ ခဏကြာတော့ သူတို့ အဲ့ကိစ္စ မပူပန်တော့ဘူး။”
မုယုံရွှီက
“ရှင့်ရဲ့ ရည်မှန်းချက်က အရမ်းကြီးတယ်။ တစ်နေ့ကျရင် ရှင်က တိုက်ကြီးရဲ့ အရှင်သခင်ဖြစ်လာလိမ့်မယ်။ အဲဒီအခါကျရင် ရှင့်ရဲ့ မိန်းမတွေဟာ နန်းတော်ထဲမှာပဲ တစ်သက်လုံး နေသွားရလိမ့်မယ်။”
မုယုံရွှီသည် မိုက်မဲသူမဟုတ်ပေ။ မြောက်ပိုင်းပြည်နယ်တွင် ဤမျှကြာအောင် နေထိုင်ခဲ့ရပြီးနောက် မြောက်ပိုင်းပြည်နယ်၏ လျင်မြန်သော ဖွံ့ဖြိုးတိုးတက်မှုနှင့် အင်အားကို သူမခံစားမိခဲ့သည်။
တကယ်တော့ အုပ်စိုးသူတစ်ဦးအနေနှင့် မြောက်ပိုင်းနယ်စားမင်းသားတွင် သိသာထင်ရှားသော ချို့ယွင်းချက်များ ရှိသည်။ သူ၏ ကာမဂုဏ်လိုက်စားတတ်သော သဘောသဘာဝဖြစ်သည်။ သို့သော် ထိုအချက်က သူကမ္ဘာကို လွှမ်းမိုးနိုင်သော အချုပ်အခြာအာဏာပိုင် ဖြစ်လာခြင်းကို မတားဆီးနိုင်ပေ။
ဝူနိုင်ငံတော်နှင့် မြောက်ပိုင်းပြည်နယ်တို့ကြား စစ်ပွဲက မြောက်ပိုင်းပြည်နယ်၏ အင်အားကို ပြသခဲ့ပြီး မြောက်ပိုင်းနယ်စားမင်းသား၏ ရည်မှန်းချက်ကို ဖော်ထုတ်ခဲ့ပြီးဖြစ်သည်။
မြောက်ပိုင်းနယ်စားမင်းသားသည် နောက်ဆုံးတွင် နိုင်ငံကြီးများကို ပေါင်းစည်းလိမ့်မည်ဟု နိမိတ်ပြနေခြင်းဖြစ်သည်။ အနာဂတ်တွင် မရေရာမှုများစွာ ရှိနေသော်လည်း ထိုအလားအလာကို သူမခိုင်မာစွာ ယုံကြည်ထားသည်။
လုချန်းက
“ကိုယ့်မိန်းမတွေကို မင်းသားစံအိမ်ကနေ ထွက်ခွာခွင့် ကန့်သတ်ထားတာ မရှိပါဘူး။”
မုယုံရွှီက
“အခုက အခု၊ နောက်ပိုင်းက နောက်ပိုင်း။”
ထိုစဉ် မုယုံရွှီက သူ့မျက်လုံးများကို ကြည့်ရင်း
“ရှင်ဘာပဲထင်ထင် ကျွန်မအတွက် အရေးမကြီးပါဘူး။ ကျွန်မ ရှင်နဲ့ အပေးအယူတစ်ခု လုပ်ချင်တယ်”
လုချန်းက
“ဘာအပေးအယူလဲ”
မုယုံရွှီက
“ကျွန်မ ယွဲ့ဧကရာဇ်ကို သစ္စာဖောက်ပြီး ကျူးနိုင်ငံတော်ရဲ့ အချက်အလက်တွေ စုဆောင်းဖို့ ရှင့်ကို ကူညီနိုင်တယ်။ ဒါပေမဲ့ တစ်နေ့ ရှင် ကျူးနိုင်ငံတော်ကို သိမ်းပိုက်ပြီးရင် ကျွန်မကို လွတ်လပ်ခွင့်ပေးပြီး ထွက်သွားခွင့်ပေးရမယ်။”
မုယုံရွှီသည် ဤလူနှင့် ခွဲခွာ၍ မနေနိုင်တော့ကြောင်း နားလည်ခဲ့သော်လည်း လုချန်းက သူမကို တကယ် ချစ်လိမ့်မည်ဟု သူမ မယုံကြည်ခဲ့ပေ။ ထို့ကြောင့် အရာအားလုံးကို အပေးအယူတစ်ခုအဖြစ်သာ သူမ သတ်မှတ်ခဲ့သည်။
မုယုံရွှီ ထိုသို့ပြောသည်ကို ကြားသောအခါ လုချန်း ပြုံးလိုက်သည်။ မုယုံရွှီ၏ သူ့အပေါ် နှစ်သက်မှုသည် အတော်ကြာကတည်းက အမှတ်တစ်ရာ ရောက်ရှိနေခဲ့ပြီဖြစ်သည်။
ကံမကောင်းစွာဖြင့် နှစ်သက်မှုဆိုသည်မှာ ထိုမျှသာဖြစ်သည်။ မုယုံရွှီသည် သူ့ကို မယုံကြည်ခဲ့သလို သူ့အပေါ် ခံစားချက်များ ဖြစ်ပေါ်လာနိုင်သည်ဟုလည်း မယုံကြည်ခဲ့ပေ။ သူကလည်း မုယုံရွှီကို လုံခြုံမှုတစ်စုံတစ်ရာ မပေးနိုင်ခဲ့ပေ။
သို့သော်လည်း အခု လုံခြုံမှုမရှိခြင်းသည် နောင်တွင် လုံခြုံမှုမရှိတော့ဟု မဆိုလိုပေ။ မုယုံရွှီ သူ့ဘေးတွင် အချိန်အကြာကြာ ရှိနေနိုင်ပါက သူမ နောက်ဆုံးတွင် သူ့ကို ယုံကြည်လာလိမ့်မည်ဟု လုချန်းယူဆသည်။
ထိုသို့တွေးရင်း လုချန်း ပြုံးလိုက်ပြီး မုယုံရွှီအား
“ကောင်းပြီ။ ကိုယ် သဘောတူတယ်။”
လုချန်း သဘောတူသည်ကို မြင်သောအခါ မုယုံရွှီ၏ စိတ်ထဲမှ အကျပ်အတည်းများ နောက်ဆုံးတွင် ပြေလည်သွားခဲ့သည်။ သူမသည် မကြာသေးမီက ဘာလုပ်ရမှန်းမသိပဲ ရုန်းကန်နေခဲ့ရသော်လည်း အခုတော့ သူမ၏ စိတ်ထဲရှိရာကို ဖွင့်ဟပြောဆိုလိုက်သောအခါ မယုံနိုင်လောက်အောင် စိတ်သက်သာရာ ရသွားခဲ့သည်။
ယွဲ့ဧကရာဇ်ကို သစ္စာဖောက်ခြင်းနှင့် ပတ်သက်၍တော့ သူမတွင် ရွေးချယ်စရာမရှိခဲ့ပေ။ ယွဲ့ဧကရာဇ်က သူမကို နှစ်ပေါင်းများစွာ ကာကွယ်ပေးခဲ့သော်လည်း သူမသည် သူ့အတွက် နယ်ရုက်တစ်ရုပ် မျှသာ ဖြစ်ပြီး နောက်ဆုံးတွင် ယွဲ့ဧကရာဇ်က သူမကို စွန့်ပစ်လိမ့်မည်။ သူမသည် နယ်ရုပ်တစ်ရုပ် အဖြစ်မဟုတ်ပဲ သူမ၏ ကိုယ်ပိုင်ဘဝကို လိုလားခဲ့သည်။
လုချန်း သူတို့ကြားထားထားသော သဘောတူညီချက်ကို လေးစားလိုက်နာမည်လားဆိုသည်ကတော့ စောင့်ကြည့်ရဦးမည်ဖြစ်သည်။ သူမ သူ့အပေါ် မျှော်လင့်ချက်များစွာ မထားပေ။
မုယုံရွှီက ဆက်လက်၍
“ယွဲ့ဧကရာဇ်က ကောင်းကင်လူသား စွမ်းအားရှင်တစ်ယောက်ပါ။ ရှင် အနာဂတ်မှာ ကျူးနိုင်ငံတော်ကို သိမ်းပိုက်ချင်တယ်ဆိုရင် ရှင့်ရဲ့ မြောက်ပိုင်းပြည်နယ်မှာလည်း စွမ်းအားရှင်အင်အားစု ရှိဖို့ လိုအပ်လိမ့်မယ်။”
ထိုစကားကို ကြားသောအခါ လုချန်း ခဏတာမျှ မှင်တက်သွားခဲ့သည်။ ဤသတင်းက သူ့အတွက် အလွန်အံ့အားသင့်စရာကောင်းသည်။ သူမှတ်မိသလောက်ဆိုလျှင် ယွဲ့ဧကရာဇ်သည် အသက်သုံးဆယ်အတွင်းသာ ရှိသေးသည်။ အဘယ်ကြောင့် စွမ်းအားရှင်ဖြစ်နိုင်မည်နည်း။
စိတ်ကို ပြန်လည်ထိန်းချုပ်လိုက်ပြီး လုချန်းက
“မင်း ကိုယ့်ကို လှည့်စားနေ မဟုတ်လား။ သူ အသက်သုံးဆယ်ကျော်ပဲ ရှိသေးတယ်။ ဒီအသက်အရွယ်မှာ ကောင်းကင်လူသား စွမ်းအားရှင် တကယ် ဖြစ်နိုင်လား။”
မုယုံရွှီက
“ရှင်တောင် အသက်နှစ်ဆယ် မပြည့်သေးပဲ အဆင့်လွန် ပညာရှင် အထွတ်အထိပ်အဆင့်ကို ရောက်နေပြီ။ ယွဲ့ဧကရာဇ်နဲ့ နှိုင်းယှဉ်ရင် ရှင့်ရဲ့ သိုင်းပညာပါရမီက ပိုပြီး ကြောက်စရာကောင်းတယ်။”
“ရှင်နဲ့ ယွဲ့ဧကရာဇ် နှစ်ဦးစလုံးမှာ ကြီးမားတဲ့ ရည်မှန်းချက်တွေ ရှိတယ်။ ရှင့်ရဲ့ အဆင့်က လက်ရှိ ယွဲ့ဧကရာဇ်ထက် နိမ့်နေပေမယ့် အချိန်အလုံအလောက်ရရင် ရှင်သူ့ကို သေချာပေါက် ကျော်ဖြတ်သွားလိမ့်မယ်။ ရှင့်ရဲ့ လက်ရှိ တိုးတက်မှုနှုန်းအရဆိုရင် ရှင်အသက်သုံးဆယ်မတိုင်ခင် စွမ်းအားရှင်အဆင့်ကို ရောက်ဖို့က မဖြစ်နိုင်တာ မဟုတ်ဘူး။”
လုချန်းက ပြုံးလျှက်
“ဒါဆို မင်းက ကိုယ့်ကို အထင်ကြီးတာပေါ့။”
မျက်နှာသေဖြင့် မုယုံရွှီက ဆက်လက်၍
“မြောက်ပိုင်းပြည်နယ်မှာ စွမ်းအားရှင် ရှိမရှိ ကျွန်မ မသိဘူး။ မရှိဘူးဆိုရင်တော့ ရှင်ကျွန်မရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိသလို ဟန်ဆောင်ပြီး ယာယီအားဖြင့် ယွဲ့ဧကရာဇ်ရဲ့ နယ်ရုပ်အဖြစ် ဆောင်ရွက်တာ ပိုကောင်းလိမ့်မယ်။”
မုယုံရွှီ၏ ဆိုလိုရင်းကို လုချန်း ချက်ချင်း နားလည်လိုက်သည်။ မြောက်ပိုင်းပြည်နယ်၌ စွမ်းအားရှင် မရှိသည့် အနေအထားတွင် မုယုံရွှီ သူ့ကို မထိန်းချုပ်နိုင်ပါက ယွဲ့ဧကရာဇ်က သူ့ကို ကြီးမားသော ခြိမ်းခြောက်မှုတစ်ခုအဖြစ် မြင်ပြီး ကိုယ်တိုင် ဖယ်ရှားရန် လှုပ်ရှားလာနိုင်ပေသည်။
ထို့ကြောင့် မြောက်ပိုင်းပြည်နယ်တွင် စွမ်းအားရှင် မရှိပဲ သူကိုယ်တိုင်လည်း စွမ်းအားရှင်အဆင့်သို့ မရောက်သေးပါက မုယုံရွှီ၏ ထိန်းချုပ်မှုအောက်တွင် ရှိသလို ဟန်ဆောင်ခြင်းက ယွဲ့ဧကရာဇ် သူ့အပေါ် ကိုယ်တိုင်လှုပ်ရှားလာခြင်းကို ရှောင်ရှားရန် နည်းလမ်းတစ်ခု ဖြစ်သည်။
သို့သော်...
လုချန်း ညင်သာစွာ ပြုံးလိုက်ပြီး
“ကိုယ်က တခြားသူတွေရဲ့ နယ်ရုပ်လုပ်တတ်တဲ့ အကျင့်မရှိဘူး။”
လုချန်း၏ စကားများကို ကြားရပြီး သူ့မျက်နှာပေါ်မှ လျစ်လျူရှုသော အပြုံးကို မြင်သောအခါ မုယုံရွှီ ချက်ချင်းပင် တစ်စုံတစ်ခုကို မှန်းဆမိလိုက်သည်။
“ရှင့်ရဲ့ မြောက်ပိုင်းပြည်နယ်မှာ စွမ်းအားရှင်တစ်ယောက် ရှိနေပုံရတယ်။”
ယွဲ့ဧကရာဇ် ကောင်းကင်လူသား စွမ်းအားရှင်တစ်ယောက်ဖြစ်ကြောင်း လုချန်းအား ဖော်ထုတ်ပြောကြားခဲ့သော်လည်း လုချန်း လုံးဝ မကြောက်ရွံ့ခဲ့ပေ။ ဆိုလိုသည်မှာ မြောက်ပိုင်းပြည်နယ်တွင် စွမ်းအားရှင်တစ်ယောက် ရှိရမည်ဖြစ်သည်။ ထို့ကြောင့် လုချန်း ယွဲ့ဧကရာဇ်ကို အလေးမထားပဲ နေရဲခြင်းပင်။
ထိုအချိန်တွင် လုချန်းက
“မင်း ကိုယ့်ကို လှည့်စားဖို့ ထောက်လှမ်းရေးသတင်း အတုတွေ ပေးပြီး လှည့်ဖြားနေတာ မဟုတ်ဘူးလား။”
“ယွဲ့ဧကရာဇ်က တကယ်ပဲ စွမ်းအားရှင်တစ် ယောက်လား။”
တကယ်တော့ လုချန်း မုယုံရွှီ၏ စကားများကို မယုံသင်္ကာ မဖြစ်ခဲ့ပေ။ မုယုံရွှီ သူ့ဘက်သို့ လုံးဝ ပါသွားပြီဖြစ်ကြောင်း သူ ပြောနိုင်သည်။ သို့သော် သူ့တွင် သံသယအချို့ ကျန်ရှိနေဆဲပင်။
ယွဲ့ဧကရာဇ်သည် အမှန်ပင် စွမ်းအားရှင်တစ် ယောက် ဖြစ်ခဲ့ပါက သူမ ကိုယ်တိုင် မြောက်ပိုင်းပြည်နယ်သို့ လာရောက်ပြီး သူ့ကို အလွယ်တကူ ထိန်းချုပ်နိုင်သည်။ အဘယ်ကြောင့် မုယုံရွှီ၏ အလှနှင့် သူ့ကို ကျိန်စာအဆိပ်သင့်စေဖို့ လုပ်ဆောင်ရန် လိုအပ်မည်နည်း။
မုယုံရွှီက ခပ်အေးအေးပင်
“ယွဲ့ဧကရာဇ်ရဲ့ စွမ်းအားအကြောင်း ကျွန်မ ပြောပြပြီးပါပြီ။ ရှင်ယုံသည်ဖြစ်စေ၊ မယုံသည်ဖြစ်စေ ရှင့်အပေါ်မှာပဲ မူတည်ပါတယ်။”
မုယုံရွှီ အနည်းငယ် စိတ်မကောင်းဖြစ်သွားသည်။ သူမ လုချန်းဘက်တွင် ရပ်တည်ရန် စိတ်ဆုံးဖြတ်ထားခဲ့ပြီးဖြစ်သော်လည်း ဤလူက သူမ၏ စကားများကို သံသယဝင်နေခဲ့သည်။
သူ မယုံကြည်လျှင်လည်း မတတ်နိုင်ပေ။
လုချန်းလည်း မုယုံရွှီ၏ အတွေးကို ရိပ်မိသွားပြီး ပြုံးလိုက်သည်။ ထို့နောက်
“ကိုယ့်အမှားပါ။ မင်းကို သံသယ မဝင်သင့်ပါဘူး။”
လုချန်း တွေးမိလိုက်သည်။ မုယုံရွှီက ယွဲ့ဧကရာဇ်ကို ကောင်းကင်လူသာ စွမ်းအားရှင်တစ်ပါးဟု သတ်မှတ်ခဲ့သော်လည်း တကယ်တမ်းတွင် ယွဲ့ဧကရာဇ်သည် ကောင်းကင်လူသား စွမ်းအားရှင် အစစ် မဟုတ်တာလည်း ဖြစ်နိုင်သည်။ သို့မဟုတ် သူ့လိုပင် အရိပ်အယောင် ကောင်းကင်လူသား စွမ်းအားရှင်လည်း ဖြစ်နေနိုင်သည်။
မည်သို့ပင် ဆိုစေ ဤကမ္ဘာတွင် အသက်သုံးဆယ်ကျော်အရွယ်၌ စွမ်းအားရှင်တစ်ယောက် ဖြစ်သည်ဆိုခြင်းက အလွန်အမင်း ချဲ့ကားပြောဆိုနေခြင်းပင် ဖြစ်သည်။
ထိုသို့မှန်ခဲ့ပါက ယွဲ့ဧကရာဇ်သည်လည်း သူလာသောနေရာမှ လာခဲ့သူလားဟုပင် လုချန်း ယူဆရမည်။
ဟုတ်ပါသည်။ ယွဲ့ဧကရာဇ်သည် အမှန်ပင် စွမ်းအားရှင်တစ်ယောက် ဖြစ်နေပါကလည်း မြောက်ပိုင်းပြည်နယ်၏ ခြိမ်းခြောက်မှုကို မဖယ်ရှားပဲ မုယုံရွှီအား သူ့ကို ထိန်းချုပ်ခိုင်းခြင်းက အဓိပ္ပာယ်ရှိနေသေးသည်။
ထိုအချက်က ယွဲ့ဧကရာဇ်၏ ရည်မှန်းချက် အလွန်ကြီးနေသည်ကို ပြသနေသည်။ သူမ၏ ရည်မှန်းချက်က သာမန်မဟုတ်ပါ။ ထို့ပြင် ထိုအချက်က လုချန်းနှင့် ယွဲ့ဧကရာဇ်နှစ်ဦးစလုံးတွင် ကြီးမားသော ရည်မှန်းချက်များ ရှိကြောင်း မုယုံရွှီ ယခင်က ပြောခဲ့သည်နှင့်လည်း ကိုက်ညီသည်။
..............