← Chapters

အခန်း ၅၉၅-၅၉၇

Vol. 40 Ch. 595-597

အခန်း ၅၉၅-၅၉၇

Vol. 40 Ch. 595-597

အခန်း (၅၉၅)

ဝူနိုင်ငံတော်၏ ကျန်ရှိသော တပ်များ၏ လှုပ်ရှားမှုများ (၁)

ယွဲ့ဧကရာဇ် စွမ်းအားရှင်ဖြစ်သည်ဖြစ်စေ မဖြစ်သည်ဖြစ်စေ သူမ၏ စွမ်းအားသည် မယုံနိုင်လောက်အောင် အစွမ်းထက်လှသည်။ ယခုမှစ၍ ယွဲ့ဧကရာဇ်အား စွမ်းအားရှင်တစ်‌ ယောက်အဖြစ် သဘောထားရန် လုချန်းဆုံးဖြတ်လိုက်သည်။ လုံးဝ သေချာမှုမရှိပဲ သူ ကျူးနိုင်ငံတော်ကို တိုက်ခိုက်မည်မဟုတ်ပေ။

မုယုံရွှီ ပြောပြခဲ့သော အချက်အလက်များသည် အလွန်အရေးကြီးသည်။ လုချန်းက သူမ၏ ပါးပြင်ကို ပွတ်သပ်ပြီးနောက် သူမ၏ မျက်နှာပေါ်ရှိ ဆံပင်များကို ညင်သာစွာ ဆော့ကစားရင်း

“ဒီထောက်လှမ်းရေးသတင်းကို ပြောပြပေးလို့ ကျေးဇူးပါ။”

မုယုံရွှီ မျက်နှာလွှဲလိုက်ပြီး အေးစက်စွာဖြင့်

“ဒါတွေအားလုံးက အပေးအယူတစ်ခုပါပဲ။”

မုယုံရွှီ၏ အေးစက်သော အမူအရာကို မြင်သော်လည်း လုချန်း စိတ်ထဲတွင် ရယ်မောလိုက်သည်။ အမျိုးသမီးများသည် အလွန် လျင်မြန်စွာ မျက်နှာပြောင်းတတ်သည်ဟု သူ တွေးမိလိုက်သည်။ ဤအမျိုးသမီးသည် လွန်ခဲ့သည့် မိနစ်ပိုင်းလေးကမှ ညှို့ဓာတ်ပြင်းစွာ ဆွဲဆောင်နေခဲ့သော်လည်း အခုတော့ အေးစက်ပြီး ခံစားချက်မဲ့သော ရုပ်ထုတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။

မုယုံရွှီက ဆက်လက်၍

“ရှင့်ရဲ့ ကတိကို တည်ပြီး နောင်တစ်ချိန်ကျရင် ကျွန်မကို ထွက်သွားခွင့်ပြုမယ်လို့ မျှော်လင့်ပါတယ်။”

ထိုစကားကို ကြားသောအခါ လုချန်းက

“ကိုယ် ကတိတည်မှာပါ...”

သို့‌သော် ‘ဖြစ်နိုင်ပါ့မလား’ ဟု လုချန်း စိတ်ထဲတွင် ရေရွတ်လိုက်သည်။

ထိုစဉ် မုယုံရွှီက လုချန်း၏ ရင်ဘတ်ကို တွန်းလိုက်ပြီး

“ကျွန်မ အခု ပြန်သင့်ပြီ။ ဒီနေ့အတွက် ဒီလောက်ဆို လုံလောက်ပြီ။”

လုချန်း ချက်ချင်း လှည့်လိုက်ပြီး သူမအား နေရာဖယ်ပေးလိုက်သည်။ သူ မုယုံရွှီအား တစ်ညလုံး ခေါ်ထားရန် ရည်ရွယ်ချက်မရှိပေ။ ဝမ်ချင်းစီဆီသွားဖို့ ချိန်းထားပြီးသားလည်းဖြစ်သည်။

အိပ်ရာမှ ထပြီးနောက် မုယုံရွှီ အဝတ်အစား စဝတ်တော့သည်။ လုချန်းကတော့ အိပ်ရာထဲတွင် လဲလျောင်းနေဆဲဖြစ်ပြီး သူမ၏ လှပသော ခန္ဓာကိုယ်ကို ငေးမောနေသည်။

မုယုံရွှီ အဝတ်အစားဝတ်ပြီးနောက် အိပ်ရာထဲတွင် လဲလျောင်းနေဆဲဖြစ်သော လုချန်းကို လှည့်ကြည့်ကာ

“ကျွန်မ ပြန်တော့မယ်။”

ထို့နောက် လုချန်းက လက်ကို မြှောက်လိုက်ပြီး အတွင်းအားကို အသုံးပြု၍ သူမအား သူ့ဘက်သို့ ညင်သာစွာ ဆွဲယူလိုက်သည်။ နောက်တစ်ခဏတွင် မုယုံရွှီ၏ ကိုယ်ခန္ဓာလည်း မထိန်းချုပ်နိုင်ပဲ သူ့လက်ထဲသို့ လဲကျလာခဲ့သည်။

မုယုံရွှီက မရုန်းကန်ပဲ ပွေ့ဖက်ခွင့်ပြုလိုက်သည်။ ထို့နောက် သူက သူမ၏ နှုတ်ခမ်းများကို နမ်းရှုံ့လိုက်သည်။

ခဏတာ နမ်းရှုံ့ပြီးနောက် လုချန်း ဖြည်းဖြည်းချင်း မုယုံရွှီကို လွှတ်ပေးလိုက်သည်။ သူမ၏ မျက်နှာတွင် နီမြန်းမှု ပြန်ပေါ်လာသော်လည်း သူမ၏ အမူအရာမှာ အရင်ကလိုပင် အေးစက်နေဆဲပင်။

လုချန်းက ပြုံးလျှက်

“တစ်ယောက်ကို လိုက်ပို့ခိုင်းလိုက်မယ်။”

မုယုံရွှီက

“မလိုပါဘူး။ သံရုံးက မြင်းရထားက မင်းသားစံအိမ်အပြင်မှာ ကျွန်မကို စောင့်နေတယ်။”

နောက်ထပ် စကားမပြောတော့ပဲ မုယုံရွှီ လှည့်၍ စာကြည့်ခန်း တံခါးဆီသို့ လျှောက်သွားခဲ့သည်။ တံခါးပေါက်သို့ ရောက်ခါနီးတွင် လုချန်းက ရုတ်တရက် တစ်စုံတစ်ရာကို သတိရသွားပြီး

“နောက်တစ်ကြိမ် မင်းသားစံအိမ်ကို လာရင် ဒီမှာပဲ ညအိပ်တော့။ မင်းအတွက် စံအိမ်ထဲမှာ အဆောင်တစ်ခု ပြင်ထားပေးမယ်။”

ရပ်လိုက်ပြီး မုယုံရွှီက အိပ်ရာပေါ်ရှိ လုချန်းကို လှည့်ကြည့်ကာ

“ရှင်နဲ့ကျွန်မ ဆက်ဆံရေးက အပေးအယူ သဘောသက်သက်ပဲ မင်းသား။ ရှင် ဒီလိုလုပ်ဖို့ မလိုအပ်ပါဘူး။”

လုချန်းက ဂရုမစိုက်ဟန်ဖြင့်

“မင်း မင်းသားစံအိမ်မှာ မကြာခဏ ညအိပ်ရင် ကိုယ်မင်းရဲ့ အလှ ထောင်ချောက်ထဲ ကျရောက်သွားပြီလို့ ယွဲ့ဧကရာဇ် ကိုယုံကြည်လာစေလိမ့်မယ်။ ဒါက ကိုယ့်တို့အတွက်လည်း အကျိုးရှိတယ်။”

မုယုံရွှီက

“သဘောပေါက်ပြီ”

ဟု ပြောပြီး အခန်းထဲမှ ထွက်ခွာသွား တော့သည်။

မုယုံရွှီ ထွက်သွားပြီးနောက် လုချန်းလည်း အိပ်ရာမှ ထကာ အဝတ်အစားဝတ်ပြီး ညစာစားရန် လေပြင်းမိုးတိမ်ဆောင်သို့ တန်းတန်းမတ်မတ် သွားခဲ့သည်။

ညစာစားနေစဉ်တွင် လုချန်းက မုကျိရွှမ်းအား

“နှမတော်။ ကိုယ် မုယုံရွှီကို မင်းသားစံအိမ်မှာ နေခိုင်းဖို့ စီစဉ်ထားတယ်။ အစေခံတွေကို အဆောင်တစ်ခု ပြင်ဆင်ခိုင်းလိုက်ပါ။”

ထိုစကားကို ကြားသောအခါ မုကျိရွှမ်း အနည်းငယ် ပြုံးလိုက်သည်။ သူတို့သည် လုချန်းနှင့် မုယုံရွှီကြား ဖြစ်ပျက်နေသည်များကို အစောကတည်းက သိရှိနေခဲ့ကြသည်။

“အဆောင်တစ်ဆောင်ကို ကျွန်မ ပြင်ဆင်ထားပြီးပါပြီ။”

ထိုစကားကို ကြားသောအခါ လုချန်းက ပြုံးလျှက်

“မင်းက တကယ်ပဲ ကိုယ့်ကို နားလည်တာကိုး။”

ထို့နောက် ချူးယုချင်က

“ချန်းလေး။ မုယုံရွှီက ကျူးနိုင်ငံတော်က သံတမန်မဟုတ်လား။ သူ့ကို မြောက်ပိုင်းနယ်စားမင်းသားစံအိမ်မှာ ထားတာ မသင့်တော်ဘူး မဟုတ်လား။”

လုချန်းက ပေါ့ပေါ့ပါးပါးပင်

“မသင့်တော်စရာ ဘာမှမရှိပါဘူး။ သူမြောက်ပိုင်းပြည်နယ်ကို လာရတဲ့ အဓိကရည်ရွယ်ချက်က ယွဲ့ဧကရာဇ်‌ ပေးထားတဲ့ တာဝန်ကြောင့်ပါ။ သူ့ကို မြောက်ပိုင်းနယ်စားမင်းသားစံအိမ်မှာ ထားရင် ယွဲ့ဧကရာဇ်ကို ဇ‌ဝေဇဝါဖြစ်စေတဲ့အပြင် ကျွန်တော်တို့အတွက်လည်း အကျိုးရှိပါတယ်။”

ချူးယုချင် နားလည်သွားပုံရပြီး

“ကောင်းပြီ။ ဒါပေမဲ့ မင်း သူ့ကို သတိထားဦးနော်။ သူက ဘာပဲဖြစ်ဖြစ် ယွဲ့ဧကရာဇ်ရဲ့ လူတစ်ယောက်ပဲ။”

လုချန်းသည် အမျိုးသမီးများကို ကိုင်တွယ်ရာတွင် ကျွမ်းကျင်ပြီး သူ ထိတွေ့ဆက်ဆံခဲ့သော အမျိုးသမီးတိုင်းနီးပါး ဤလူဆိုးအား မစွဲလမ်းဘဲ မနေနိုင်ကြကြောင်း ချူးယုချင် သိရှိထားသော်လည်း ခြွင်းချက်များက အမြဲရှိတတ်သည်။ သူမကတော့ မုယုံရွှီအပေါ် စိုးရိမ်မှုများ ရှိနေဆဲပင်။

ချူးယုချင်၏ စကားများ ဆုံးသည်နှင့် တစ်ဖက်တွင် ထိုင်နေသော ဝမ်ချင်းစီက

“စိတ်မပူပါနဲ့ ဒေါ်လေးချူး။ မင်းသားရဲ့ ကျွမ်းကျင်မှုတွေကို ဒေါ်လေး မသိတာ မဟုတ်ဘူး။ မုယုံရွှီလည်း မင်းသားကို အတော်ကြာကြာကတည်းက ချစ်မိနေပြီလို့ ယုံကြည်ပါတယ်။ အခုဆိုရင် သူ့ကို ခွာလို့တောင် ရတော့မှာမဟုတ်ဘူး။”

ထိုစကားကို ကြားသောအခါ ချူးယုချင် နှာခေါင်းရှုံ့လိုက်ပြီး

“လူတိုင်းက မင်းလို မဟုတ်ဘူး”

ဟု ပြောသည်။

လုချန်းက ညင်သာစွာ ရယ်မောပြီး

“ ဒေါလေးချူး။ စိတ်ချပါ။ မုယုံရွှီ ကျွန်တော့်ကို သစ္စာခံပြီးပါပြီ။ အခု သူက ကျွန်တော့်လူတစ်ယောက် ဖြစ်နေပါပြီ”

ရုတ်တရက် လုချန်း အခြားတစ်စုံတစ်ရာကို သတိရသွားပြီး

“အခုက အရေးကြီးတဲ့အချိန် ရောက်နေပြီ။ လူတိုင်း အပြင်မထွက်ပဲနေဖို့ ကြိုးစားသင့်တယ်။ နေပြည်တော်ကနေ လုပ်ကြံမယ့်သူတွေ မကြာခင် ရောက်လာလိမ့်မယ်လို့ ယူဆရတယ်။”

ထိုစကားကြောင့် အမျိုးသမီးများ အံ့အားသင့်သွားကြသည်။ ချူးယုချင်က စဉ်းစားလိုက်ရင်း

“နေပြည်တော်က လာမှာလား။ ချန်းလေး။ မင်းက မင်းဖခင် ဧကရာဇ်ကို သံသယရှိနေ ‌‌တာလား...”

ချူးယုချင် သူမ၏ စကားကို ဆုံးအောင်မ‌ ပြောလိုက်ပေ။ ဖခင်နှင့်သားကြားတွင် ပါဝင်ပတ်သက်ရန် သူမ မလိုလားပေ။

လုချန်း ခေါင်းညိတ်လိုက်သည်။

“ဒီဖြစ်နိုင်ခြေကို မပယ်ချနိုင်ပါဘူး။ မြောက်ပိုင်းပြည်နယ်ရဲ့ အင်အားက လျင်မြန်စွာ တိုးတက်လာသလို ကျွန်တော့အပေါ် ခြိမ်းခြောက်မှုတွေလည်း တိုးလာတယ်။ ကျွန်တော့်ဖခင်ရဲ့ မျက်လုံးထဲမှာ ကျွန်တော်ဟာ သူ့သားတစ်ယောက် မဟုတ်ခဲ့ဘူး။ ကျွန်တော်တို့ကြားမှာ မိသားစုမေတ္တာဆိုတာ မရှိပါဘူး။ ကျွန်တော့်ကို ဖယ်ရှားချင်တာ သူအတွက် ပုံမှန်ပါပဲ။”

“ဟုတ်ပါတယ်။ ဒါက မှန်းဆချက်သက်သက်ပါ”

ဟု သူက ထပ်လောင်းပြောလိုက်သည်။

.............

အခန်း (၅၉၆)

ဝူနိုင်ငံတော်၏ ကျန်ရှိသော တပ်များ၏ လှုပ်ရှားမှုများ (၂)

ချူးယုချင်၏ မျက်နှာတွင် စိုးရိမ်မှုအရိပ်အယောင်များ ပေါ်လာခဲ့သည်။ လုချန်း၏ ထင်မြင်ချက်သည် မဖြစ်နိုင်သည်မဟုတ်ဟု သူမလည်း တွေးမိသည်။ ဆွမ်ဧကရာဇ်သည် အမြဲတမ်း နှလုံးသားကင်းမဲ့သူတစ်ဦးဖြစ်၏။ သူသည် သူ၏ မိန်းမကိုပင် သေသည်အထိ နာကျင်စေခဲ့သည်။ သူ၏ ကိုယ်ပိုင်ရည်ရွယ်ချက်များအတွက် နောက်ထပ် ကလေးတစ်ဦးကို သတ်ခြင်းက မည်မျှ အရေးပါမည်နည်း။

သို့သော် အခုတော့ လုချန်းနှင့် သူမတို့ နှစ်ဦးစလုံးသည် အဆင့်လွန် ပညာရှင်များ ဖြစ်နေကြပြီဖြစ်သည်။ ဆွမ်ဧကရာဇ်က လုပ်ကြံသတ်ဖြတ်သူများကို မြောက်ပိုင်းပြည်နယ်သို့ စေလွှတ်ခဲ့လျှင်ပင် အများဆုံး အဆင့်လွန် ပညာရှင်တစ်ဦးကိုသာ စေလွှတ်နိုင်သည်။ သူတို့နှစ်ဦးစလုံး အဆင့်လွန် ပညာရှင်များဖြစ်နေသည့်အပြင် ကျူးကဲ့ကျုံကောင်းပါ ရှိနေသဖြင့် မြောက်ပိုင်းနယ်စားမင်းသားစံအိမ်သည် အန္တရာယ်မှ ကင်းဝေးသင့်သည်။

ညစာစားပြီးနောက် လုချန်းသည် လေပြင်းမိုးတိမ်ဆောင်တွင် အရင်ရေချိုးပြီးမှ ဝမ်ချင်းစီ၏ အခန်းသို့ ဦးတည်သွားခဲ့သည်။

ထိုအချိန်တွင် ဝမ်ချင်းစီသည် ကလေးကို ချော့မြှူနေဆဲဖြစ်သည်။ လုချန်း အခန်းထဲသို့ ဝင်လာပြီးနောက် သူမ၏ လက်ထဲမှ ကလေးကို နို့ထိန်းထံ အပ်လိုက်သည်။

ဝမ်ချင်းစီက လုချန်းဆီသို့ ချဉ်းကပ်လာရင်း

“မင်းသား။ စွမ်းအားရှင်တစ်ပါးနဲ့ ဒီလိုမျိုးလုပ်တာ ကျွန်မအတွက် ပထမဆုံးအကြိမ်ပါပဲ။ ကျေးဇူးပြုပြီး ညင်သာပေးပါ။”

ဝမ်ချင်းစီက သူ့ကို မြူစွယ်နေသည်ကို မြင်သောအခါ လုချန်း ရယ်မောလိုက်သည်။ သူ ဒီကို မလာတာ ကြာပြီဖြစ်သဖြင့် ဒီမိန်းမပျက်က နာကျင်မှုများကို မေ့သွားပြီထင်သည်။

ထို့နောက် လုချန်းက

“ကိုယ် စွမ်းအားရှင် မဖြစ်သေးပါဘူး။”

အရိပ်အယောင် ကောင်းကင်လူသား စွမ်းအားရှင်သည် စွမ်းအားရှင်အစစ်နှင့် ကွာခြားလှသည်။ အများဆုံး အရိပ်အယောင် စွမ်းအားရှင်တစ်ဦးကို အဆင့်လွန် ပညာရှင်၏ အထွတ်အထိပ်အဆင့်အဖြစ်သာ သတ်မှတ်နိုင်သည်။ ကောင်းကင်စွမ်းအားရှင်ကို ‘ထာဝရတန်ခိုးရှင်’ ဟုပင် တင်စားခေါ်ဆိုကြ၏။ ဒါက အရိပ်အယောင် စွမ်းအားရှင်တစ်ဦးက တုပနိုင်သည့်အရာ မဟုတ်ပေ။

ဝမ်ချင်းစီက ဆွဲဆောင်သော အသံဖြင့် “ကျွန်မရဲ့ အမြင်မှာတော့ အရိပ်အယောင် စွမ်းအားရှင်ကလည်း စွမ်းအားရှင်တစ်ပါးပါပဲ။”

ပြောနေရင်း ဝမ်ချင်းစီက သူမ၏ နူးညံ့လှပသော လက်ကို မြှောက်ကာ လုချန်း၏ ရင်ဘတ်ကို ထိလိုက်သည်။ လုချန်းက သူမ၏ လက်ကောက်ဝတ်ကို တစ်ချက်တည်း ဖမ်းလိုက်ပြီးနောက် ရယ်မောရင်း

“ကိုယ်က စွမ်းအားရှင် မဟုတ်ပေမဲ့ ကိုယ်ရဲ့ ခွန်အားက မင်းလို မိန်းမဆိုးကို ကိုင်တွယ်ဖို့ လုံလောက်တာထက် ပိုပါတယ်။”

သူ၏ စကားများ ဆုံးသည်နှင့် လုချန်းက ဝမ်ချင်းစီကို ပွေ့လိုက်ပြီး အိပ်ရာပေါ် ပစ်တင်လိုက်သည်။

မိုးမလင်းမချင်း လုချန်း ဝမ်ချင်းစီကို မလွှတ်ပေးခဲ့ပေ။

ရက်ပေါင်းများစွာ ကြာပြီးနောက်။

ယိုပင်ခရိုင်။

ကျန်းဟုန်နှင့် ရွှီစင်ဝမ်တို့သည် ဝူတပ်များကို ဦးဆောင်၍ ယိုပင်ခရိုင်မှတစ်ဆင့် ဝူနိုင်ငံတော်သို့ ပြန်လည် ဆုတ်ခွာနေခဲ့ကြသည်။

တစ်စုံတစ်ရာ မှားယွင်းနေကြောင်း ကျန်းဟုန် အနည်းငယ် ခံစားမိနေခဲ့ပြီဖြစ်သည်။ သူက သူ၏ ဘေးတွင်ရှိသော ရွှီစင်ဝမ်အား

“ကျုပ်တို့ရဲ့ ရိက္ခာနဲ့ အစာတွေ ပြတ်တောက်‌ နေတာ ဒီလောက်ရက်ပေါင်းများစွာ ရှိနေပြီ။ ယိုပင်ခရိုင်မှာ တစ်ခုခု ဖြစ်သွားပြီလို့ ကျုပ်ထင်တယ်” ဟု ပြောသည်။

မြောက်ပိုင်းပြည်နယ်၏ လျှို့ဝှက်ဆန်းကြယ်သော လက်နက်များကို မြင်တွေ့ပြီးနောက် မြောက်ပိုင်းပြည်နယ်၏ အင်အားကို သူတို့ သဘောပေါက်ခဲ့ကြသည်။ ရင်ဖေးယူ ယုံအန်းခရိုင်ရှိ တပ်များကို စစ်သည်သုံးသိန်းဖြင့် အနိုင်ယူနိုင်လိမ့်မည်ဟု ကျန်းဟုန် မယုံကြည်ပေ။ အထူးသဖြင့် ထိုသံလုံးများ၏ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကို ထည့်သွင်းစဉ်းစားလျှင် ဖြစ်သည်။

ထိုအချိန်တွင် ရွှီစင်ဝမ်က သူ့ဘေးရှိ

တစ် ယောက်အား

“ဒုဗိုလ်ချုပ် ဝမ်။ ခင်ဗျားက မြင်းတပ်သား တစ်ထောင်ကို ချက်ချင်းခေါ်ပြီး ယိုပင်ခရိုင်ရဲ့ အခြေအနေကို ထောက်လှမ်းပါ။”

“ဟုတ်ကဲ့ပါ ဗိုလ်ချုပ်။”

ထို့နောက် ဒုတိယဗိုလ်ချုပ် ဝမ်လည်း ကင်းထောက်ရန်အတွက် မြင်းတပ်သား တစ်ထောင်ကို ဦးဆောင်၍ ယိုပင်ခရိုင်၏ အခြေအနေတစ်ခုလုံးကို စုံစမ်းရန် ထွက်ခွာသွားခဲ့သည်။ ကျန်းဟုန်နှင့် အခြားသူများမှာမူ သူတို့၏ တပ်များနှင့်အတူ ထိုနေရာတွင် နားနေကြသည်။

အချိန်မည်မျှ ကြာသည်မသိ ရွှီစင်ဝမ် စေလွှတ်ခဲ့သော လူတစ်ထောင်မှ တစ်ဦးပြီးတစ်ဦး ပြန်လည်ရောက်ရှိလာခဲ့သည်။ မကြာမီ ဒုဗိုလ်ချုပ် ဝမ်လည်း ပြန်ရောက်လာခဲ့၏။ ပြန်လာသော စစ်သည်များ၏ မျက်နှာများတွင်လည်း ထိတ်လန့်မှုများဖြင့် ပြည့်နှက်နေသည်။

ရွှီစင်ဝမ် ချက်ချင်းပင်

“ဒုဗိုလ်ချုပ် ဝမ်။ ယိုပင်ခရိုင်ရဲ့ အခြေအနေက ဘယ်လိုလဲ။”

ဒုတိယဗိုလ်ချုပ် ဝမ်က

“ ယိုပင်ခရိုင်ကို မြောက်ပိုင်းပြည်နယ်က သိမ်းပိုက်သွားပြီ ဗိုလ်ချုပ်။”

ထိုစကားကို ကြားသောအခါ လူတိုင်း၏ ရင်ထဲတွင် တုန်လှုပ်သွားခဲ့သည်။ သူတို့ မဖြစ်စေချင်ဆုံးအရာ အရာက အမှန်တကယ် ဖြစ်ပျက်သွားခဲ့သည်။ ရင်ဖေးယူ ရှုံးနိမ့်သွားခဲ့ပြီဖြစ်ပုံရသည်။

ဤအချိန်တွင် လူတိုင်း တိတ်ဆိတ်သွားကြပြီး ဗိုလ်ချုပ် ကျန်းနှင့် ဗိုလ်ချုပ် ရွှီ နှစ်ဦးစလုံး အချိန်အတော်ကြာအောင် စကားမပြောနိုင်ကြပေ။

ခဏအကြာတွင် အနောက်မှ စစ်သည်တစ်ဦး၏ အသံထွက်လာသည်။

“ဗိုလ်ချုပ်။ ကျူးနိုင်ငံတော်ရဲ့ သံတမန် ရောက်လာပါပြီ”။

ထိုစကားကို ကြားသောအခါ ကျန်းဟုန်နှင့် ရွှီစင်ဝမ်တို့လည်း အသံလာရာဘက်သို့ ချက်ချင်း လှည့်ကြည့်လိုက်ကြသည်။ ထိုစဉ် ကျူးနိုင်ငံတော်မှ လူတစ်ဦးသည် ကျန်းဟုန်နှင့် ရွှီစင်ဝမ်တို့ထံ ချဉ်းကပ်လာပြီး

“ဗိုလ်ချုပ်ကြီး နှစ်ဦးကို ဂါရဝပြုပါတယ်။ ဒါက ကျွန်တော်တို့ ဧကရာဇ်က ခင်ဗျားတို့ကို ပေးလိုက်တဲ့ ထောက်လှမ်းရေးသတင်းပါ။”

ရွှီစင်ဝမ်နှင့် ကျန်းဟုန်တို့ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီးနောက် ရွှီစင်ဝမ်က ကျူးနိုင်ငံတော်၏ သံတမန်ထံမှ ထောက်လှမ်းရေးသတင်းကို ယူလိုက်သည်။ သေချာကြည့်ပြီးနောက် သူ၏ မျက်ခုံးများ တွန့်သွားခဲ့သည်။ ယွဲ့ဧကရာဇ်သည် ဤအချိန်တွင်ပင် မြောက်ပိုင်းပြည်နယ်နှင့် ပတ်သက်သည့် ထောက်လှမ်းရေးသတင်းများကို အဘယ်ကြောင့် ဆက်လက်ပေးနေသည်ကို သူ ချက်ချင်း နားလည်လိုက်သည်။

ယွဲ့ဧကရာဇ်သည် ဝူနိုင်ငံတော်၏ စစ်တပ်ကို အသုံးပြု၍ မြောက်ပိုင်းပြည်နယ်စစ်တပ်၏ အင်အားကို ဆက်လက် စမ်းသပ်လိုခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သူတို့၏ ဆုတ်ခွာလမ်းကြောင်း ပြတ်တောက်နေပြီး ဝူနိုင်ငံတော်သို့ တိုက်ရိုက်အမြန် ပြန်လိုပါက ယိုပင်ခရိုင်မှတစ်ဆင့် ဖြတ်သန်းသွားရမည် ဖြစ်သည်။

ဟုတ်ပါသည်။ သူတို့ လမ်းကို ကွေ့ပတ်သွားနိုင်သော်လည်း လမ်းပတ်ခြင်းသည် ပြဿနာများစွာ ဖြစ်ပေါ်စေလိမ့်မည်။ သူတို့ အနောက်ဘက်သို့ ပတ်၍ ဝူနိုင်ငံတော်သို့ ပြန်သွားပါက အချိန်ပိုကုန်လိမ့်မည်ဖြစ်ပြီး မြောက်ပိုင်းပြည်နယ်က သိရှိပါက သူတို့ကို ကြားဖြတ်တိုက်ခိုက်ရန် စစ်တပ်စေလွှတ်နိုင်သည်။

ရွှီစင်ဝမ် မျက်မှောင်ကြုတ်နေသည်ကို မြင်သောအခါ ကျန်းဟုန်က

“ယွဲ့ဧကရာဇ်ရဲ့ စာထဲမှာ ဘာရေးထားတာလဲ”

ဟု မေးလိုက်သည်။

ရွှီစင်ဝမ်က စာကို ကျန်းဟုန်အား ပေးလိုက်သည်။

“ကျူးနိုင်ငံတော်ရဲ့ ထောက်လှမ်းရေးတပ်ဖွဲ့တွေ စုဆောင်းထားတဲ့ အချက်အလက်အရ ယိုပင်ခရိုင်မှာ ထိပ်သီးအဆင့် စစ်သူကြီးနှစ်ဦးပဲ တပ်စွဲထားပါတယ်။”

“ယွဲ့ဧကရာဇ်ရဲ့ ရည်ရွယ်ချက်ကတော့ အဲ့ဒီ စစ်သူကြီးနှစ်ဦးကို သတ်နိုင်ခဲ့ရင် မြောက်ပိုင်းပြည်နယ်စစ်တပ်ကို ကစဉ့်ကလျား ဖြစ်စေနိုင်ပြီး ဝူတပ်တွေက မြောက်ပိုင်းပြည်နယ် အသုံးပြုတဲ့ လက်နက်တွေကို သိမ်းယူဖို့ အခွင့်အရေး ရနိုင်မယ်ဆိုတဲ့ သဘောပါ။”

ကျန်းဟုန်က ရွှီရှင်းဝမ် ပေးသော ထောက်လှမ်းရေးသတင်းကို တစ်ချက်ကြည့်ပြီးနောက် နှာခေါင်းရှုံ့ကာ

“ဒီမိန်းမက လှည့်ကွက်တွေနဲ့ တကယ် ကစားတတ်တာပဲ။ သူက ကျုပ်တို့ကို အန္တရာယ်‌ တောထဲ ဝင်စစေချင်ပုံပဲ။”

ရွှီစင်ဝမ် ခဏခန့် တွေးပြီးနောက်

“ယိုပင်ခရိုင်မှာ ထိပ်သီးပညာရှင် စစ်သူကြီးနှစ်ဦးပဲ တကယ်ရှိတယ်ဆိုရင်တော့ ကျွန်တော်တို့ နှစ်ယောက်လုံး တိုက်ခိုက်ရင် သူတို့ကို သတ်ဖို့ အခွင့်အရေး ရှိပါတယ်။”

ရွှီစင်ဝမ်၏ စကားများကို ကြားသောအခါ ကျန်းဟုန်က

“ထိပ်သီး ပညာရှင်နှစ်ဦးကို ကိုင်တွယ်ဖို့ဆိုရင် ကျွန်တော်တစ်ယောက်တည်းလည်း လုံလောက်ပါတယ်။ ဒါပေမဲ့ သူတို့နှစ်ယောက် အနားကိုကပ်ဖို့က မလွယ်ပါဘူး။”

ထိုအချိန်တွင် အစောပိုင်းက သတင်းအချက်အလက် စုဆောင်းရန် သွားခဲ့သော ဒုတိယဗိုလ်ချုပ် ဝမ်က ရှေ့သို့ တက်လာပြီး

“ဗိုလ်ချုပ် ကျန်း။ ကျွန်တော် ခုလေးတင် စုဆောင်းခဲ့တဲ့ အချက်အလက်အရ ယိုပင်ခရိုင်မှာ စစ်ဥပဒေ ထုတ်ပြန်ထားခြင်း မရှိပါဘူး။ မြောက်ပိုင်းပြည်နယ်က ခရိုင်တစ်ခုလုံးကို သိမ်းပိုက်ဖို့ ရည်ရွယ်ပုံရပါတယ်။ ဒါကြောင့် သူတို့တပ်တွေက ယိုပင်ခရိုင်က သာမန်ပြည်သူတွေကို လုယက်သတ်ဖြတ်တာမျိုး မလုပ်ခဲ့ပါဘူး။”

“ဒီထက်ပိုတာက သူတို့က ယိုပင်ခရိုင်ထဲမှာ လူတွေကို လွတ်လွတ်လပ်လပ် သွားလာခွင့်တောင် ပေးထားတယ်။ လင်ရန်မြို့မှာ ကုန်သည်အုပ်စုတွေ ဆက်တိုက် ဝင်ထွက်နေဆဲပါပဲ။”

.............

အခန်း (၅၉၇)

ဝူနိုင်ငံတော်၏ ကျန်ရှိသော တပ်များ၏ လှုပ်ရှားမှုများ (၃)

ထိုစကားကို ကြားသောအခါ ကျန်းဟုန်နှင့် ရွှီစင်ဝမ်တို့ အလွန်ဝမ်းမြောက်သွားကြသည်။ ကျန်းဟုန်က

“ဒါဆိုရင်တော့ ကျုပ်တို့ အရင်ဆုံး မြောက်ပိုင်းပြည်နယ်က ထိပ်သီး ပညာရှင် စစ်သူကြီးနှစ်ဦး ဘယ်မှာရှိလဲဆိုတာ ရှာဖွေပြီးမှ ကုန်သည် အယောင်ဆောင်ပြီး သူတို့နဲ့ နားကို ချဉ်းကပ်နိုင်တာပဲ။”

“ဒီထိပ်သီ ပညာရှင်စစ်သူကြီးနှစ်ယောက်နား ကပ်နိုင်ရင် သူတို့ကို သတ်ဖို့ လွယ်ကူသွားလိမ့်မယ်။”

“ဒီ ထိပ်သီးပညာရှင် စစ်သူကြီးနှစ်ယောက် မရှိတော့ရင် ယိုပင်ခရိုင်မှာ တပ်စွဲထားတဲ့ မြောက်ပိုင်းပြည်နယ်စစ်သည်တွေဟာ ခေါင်းပြတ်နေတဲ့ ယင်ကောင်တွေလို ဖြစ်သွားလိမ့်မယ်။ ကျုပ်တို့တောင် ပြန်ပြီးတိုက်ခိုက်ဖို့ အခွင့်အရေး ရနိုင်သေးတယ်။”

ထိုသို့‌တွေးရုံဖြင့်ပင် ကျန်းဟုန်နဲ့ ရွှီစင်ဝမ်တို့ဟာ အလွန်စိတ်လှုပ်ရှားနေကြပြီဖြစ်သည်။

ထို့‌နောက် ကျန်းဟုန်က ဒုတိယဗိုလ်ချုပ်ဝမ်အား

“စစ်သည်တစ်စုကို ချက်ချင်း ကုန်သည်အုပ်စုအဖြစ် အယောင်ဆောင်ခိုင်းပြီး မြို့ထဲမှာ စုံစမ်းပါ။ မြောက်ပိုင်းပြည်နယ်က ထိပ်သီး ပညာရှင် စစ်သူကြီးနှစ်ယောက် ဘယ်မှာရှိလဲဆိုတာ သိတာနဲ့ အမြန်ဆုံးပြန်လာပြီး သတင်းပို့ပါ။”

ကျန်းဟုန်၏ စကားများ ဆုံးသည်နှင့် ဝူနိုင်ငံတော်မှ စစ်သည်အချို့ စတင်ပြင်ဆင်ကြသည်။ သူတို့၏ သံချပ်ကာများကို ချွတ်ကာ ကုန်သည်များအဖြစ် အယောင်ဆောင်ပြီး အချက်အလက်များ စုဆောင်းရန် ယိုပင်ခရိုင်ရှိ မြို့အသီးသီးသို့ လူစုခွဲ ထွက်ခွာသွားကြသည်။ ဝူနိုင်ငံတော်၏ စစ်သည် နှစ်သောင်းခန့်ပါသော တပ်သည် အခွင့်အရေးကို စောင့်ဆိုင်းရန် ယိုပင်ခရိုင်ရှိ သစ်တောတစ်ခုသို့ ရွေ့ပြောင်းသွားခဲ့သည်။

သို့သော် ကျန်းဟုန်နှင့် သူ၏ ရဲဘော်များ၏ သိမ်မွေ့သော လှုပ်ရှားမှုများကို မုချန်တိန်တို့ အဖွဲ့က လျင်မြန်စွာ သိရှိသွားခဲ့ကြသည်။

မြောက်ပိုင်းပြည်နယ်၏ စစ်တပ် ယိုပင်ခရိုင်သို့ ဝင်ရောက်လာချိန်တွင် အထူးကိုယ်ရံတော်တပ်ဖွဲ့သည် ခရိုင်တစ်ခုလုံးတွင် ပြန့်ကျဲနေပြီးသား ဖြစ်သည်။

မုချန်တိန်နှင့် သူ၏ အဖွဲ့သည် ယိုပင်ခရိုင်တွင် စစ်ဥပဒေ ထုတ်ပြန်ခြင်း မပြုခဲ့‌ပေ။ အမှန်တွင် မြောက်ပိုင်းပြည်နယ်၏ အုပ်ချုပ်မှုကို နှုတ်ဖြင့်သာ သစ္စာခံပြီး အတွင်းတွင် သစ္စာဖောက်နေသူများကို ရွေးထုတ်ရန် စီစဉ်ထားခြင်း ဖြစ်သည်။

.......

ရက်အနည်းငယ်ကြာပြီးနောက်။

လင်ရန်မြို့။

ခရိုင်အုပ်ချုပ်ရေးရုံး။

မုချန်တိန်နှင့် ဝမ်ရန်လီတို့သည် ဝူနိုင်ငံတော်၏ ကြွင်းကျန် တပ်များကို ကြားဖြတ်တိုက်ခိုက်ခြင်းအကြောင်းများ ဆွေးနွေးနေစဉ် အနက်ရောင်နှင့် အနီရောင်ဝတ်စုံဝတ်ထားသော အထူးကိုယ်ရံတော်တစ်ဦး ရုံးထဲသို့ ဝင်လာသည်။

မုချန်တိန်နှင့် ဝမ်ရန်လီ နှစ်ဦးစလုံးသည် စစ်ဘက်ကဖြစ်ပြီး အထူးကိုယ်ရံတော်တပ်ဖွဲ့သည် လုချန်းထံ တိုက်ရိုက် သတင်းပို့ရသောကြောင့် သူတို့နှစ်ဦးစလုံးတွင် အထူးကိုယ်ရံတော်တပ်ဖွဲ့ကို သူတို့၏ လုပ်ငန်းများအတွက် အသုံးပြုရန် အခွင့်အာဏာမရှိပေ။

သို့သော် လုချန်းက အထူးကိုယ်ရံတော်တပ်ဖွဲ့အား ယိုပင်ခရိုင်ရှိ မြောက်ပိုင်းပြည်နယ် တပ်ဖွဲ့များနှင့် ပူးပေါင်း၍ ဝူနိုင်ငံတော်၏ ကြွင်းကျန် တပ်များ၏ လှုပ်ရှားမှုများကို ရှာဖွေဖော်ထုတ်ရန် အမိန့် ထုတ်ပြန်ထားပြီးဖြစ်သည်။

အထူးကိုယ်ရံတော် ရုံးထဲသို့ ဝင်လာသည်နှင့် ချက်ချင်းပင် ဝမ်ရန်လီနှင့် မုချန်တိန်အား ဦးညွှတ်ကာ

“အထူးကိုယ်ရံတော်တပ်မှူး လျူဟွာမင်ပါ။ ဗိုလ်ချုပ်တို့ကို ဂါရဝပြုပါတယ်။”

အထူးကိုယ်ရံတော်တပ်မှူးတစ်ဦးဖြစ်သည်ကို မြင်သောအခါ မုချန်တိန်က ချက်ချင်းပင်

“တပ်မှူး လျူ။ ဝူကြွင်းကျန်တပ်တွေရဲ့၏ လှုပ်ရှားမှုတွေကို ထောက်လှမ်းလို့ရပြီလား။”

လျူဟွာမင်က

“ဟုတ်ကဲ့။ မကြာသေးမီက ယိုပင်ခရိုင်မှာ ကုန်သည်အုပ်စုအဖြစ် အယောင်ဆောင်ထားတဲ့ လူအချို့ ရောက်လာပါတယ်။”

အထူးကိုယ်ရံတော်ဆိုသည်မှာ အဘယ်နည်း။ သူတို့သည် ထောက်လှမ်းရေးပညာရှင်များဖြစ်ပြီး လူများကို ဖတ်နိုင်စွမ်းသည် သူတို့၏ ‌အကောင်းဆုံး ကျွမ်းကျင်မှုဖြစ်သည်။

ဝူနိုင်ငံ၏ စစ်သည်များသည် ကုန်သည်များအဖြစ် ဟန်ဆောင်နေသော်လည်း အထူးကိုယ်ရံတော်များကမူ သူတို့ကို ခွဲခြားသိမြင်နိုင်သည်။

လျူဟွာမင်က ဆက်လက်၍

“ဒီ အတုအယောင် ကုန်သည်တွေက ဗိုလ်ချုပ်တို့ နှစ်ဦးရဲ့ နေရာကို စုံစမ်းနေပုံရပါတယ်။ ကျွန်တော့်ရဲ့ မှန်းဆချက်အရ သူတို့ဟာ ဗိုလ်ချုပ်တို့ ဘယ်မှာရှိတယ်ဆိုတာ ရှာဖွေပြီး လုပ်ကြံသတ်ဖြတ်ဖို့ ရည်ရွယ်နေပုံပါပဲ။”

ထိုစကားကို ကြားသောအခါ မုချန်တိန်၏ မျက်ခုံးများ တွန့်သွားခဲ့သည်။

သို့သော် ခရိုင်အုပ်ချုပ်ရေးရုံးတွင် ကောင်းကင်လူသား စွမ်းအားရှင်တစ်ဦး ရှိနေသည်ကို သူသတိရလိုက်သည်။ ထို အဆင့်လွန် ပညာရှင် စစ်သူကြီးနှစ်ဦးကို သူတို့ ကြောက်စရာမလိုပေ။

မုချန်တိန် စကားပြောရန် ပြင်ဆင်နေစဉ် ဝမ်ရန်လီက လျူဟွာမင်အား

“တပ်မှူး လျူ။ ဗိုလ်ချုပ် မုနဲ့ ကျွန်တော် လင်ရန်မြို့မှာ ရှိနေကြောင်း သတင်းဖြန့်ခိုင်းလိုက်ပါ။”

“သူတို့က ကျွန်တော်တို့ရဲ့ တည်နေရာကို ရှာနေတာဆိုတော့ ကျွန်တော်တို့ကပဲ ကြိုတင် အကြောင်းကြားလိုက်ရအောင်။ ကျန်းဟုန်နဲ့ ရွှီစင်ဝမ်ကို ဒီကိုလာအောင် မြှားခေါ်နိုင်ရင် အကောင်းဆုံးပဲ။”

ထိုစကားကို ကြားသောအခါ လျူဟွာမင်က မုချန်တိန်ဘက်သို့ လှည့်ကြည့်လိုက်သည်။

မုချန်တိန်က

“ကျွန်တော့်အတွေးက ဗိုလ်ချုပ် ဝမ်ရန်လီနဲ့ ထပ်တူပါပဲ။”

ထို့နောက် လျူဟွာမင်က ဦးညွှတ်ပြီး

“ဒါဆိုရင် ဗိုလ်ချုပ်တို့ အဆင်သင့်ပြင်ထားပါ။ ကျွန်တော်တို့ လင်ရန်မြို့မှာ ဗိုလ်ချုပ်တို့ရဲ့ တည်ရှိကြောင်း သတင်းကို ချက်ချင်း ဖြန့်ပါ့မယ်။”

“တခြား ဘာမှမရှိရင် ကျွန်တော့်ကို ခွင့်ပြုပါဦး။”

သူ၏ စကားများ ဆုံးသည်နှင့် လျူဟွာမင် ခရိုင်အုပ်ချုပ်ရေးရုံးမှ ထွက်ခွာသွားခဲ့သည်။

..............

All Chapters