အခန်း ၅၉၈-၆၀၀
Vol. 40 Ch. 598-600
အခန်း (၅၉၈)
စစ်ပွဲ၏ ပထမအဆင့် ပြီးဆုံးခြင်း (၁)
အထူးကိုယ်ရံတော်တပ်ဖွဲ့သည် မုချန်တိန်နှင့် ဝမ်ရန်လီတို့ လင်ရန်မြို့တွင် ရှိနေကြောင်း သတင်းကို လျင်မြန်စွာ ဖြန့်ဝေခဲ့သည်။ ရွှီစင်ဝမ်နှင့် ကျန်းဟုန်တို့အား သံသယမဝင်စေရန် လင်ရန်မြို့အနီးတွင် ပုံမှန်ထက် စစ်သားအင်အား ပိုမိုများပြားစွာ တပ်စွဲထားခဲ့သည်။
ထိုအချိန်အထိ ကျန်းဟုန်နှင့် ရွှီစင်ဝမ်တို့သည် လင်ရန်မြို့က သူတို့အတွက် ထောင်ချောက်တစ်ခုဖြစ်ကြောင်း မသိကြသေးပေ။ မုချန်တိန်နှင့် ဝမ်ရန်လီတို့ ထိုနေရာတွင် ရှိနေကြောင်း သိရှိရသောအခါ သူတို့ အလွန်ဝမ်းသာခဲ့ကြသည်။ အဘယ်ကြောင့်ဆိုသော် သူတို့ လင်ရန်မြို့တော်မှတစ်ဆင့် ဖြတ်သန်းရန် ပြင်ဆင်နေချိန်နှင့် တိုက်ဆိုင်သောကြောင့် ဖြစ်သည်။
ကျန်းဟုန်နှင့် ရွှီရှင်းဝမ်တို့ ချက်ချင်း ပြင်ဆင်မှုများ စတင်ခဲ့သည်။ သူတို့၏ အထူးချွန်ဆုံး စစ်သည်အချို့ကို ရွေးချယ်ပြီးနောက် ကုန်သည်များအဖြစ် အယောင်ဆောင်ကာ လင်ရန်မြို့သို့ ဦးတည်သွားခဲ့ကြသည်။
ကုန်သည်များနှင့် ပိုတူအောင် အယောင်ဆောင်နိုင်ရန် သူတို့သည် ကုန်သည်အုပ်စုတစ်ခုကို ဓားပြတိုက်ခဲ့ပြီး ကုန်သည်အုပ်စုမှ လူအားလုံးကိုပင် သတ်ပစ်ခဲ့သည်။
သူတို့၏ ကုန်သည်အုပ်စုတွင် ကုန်ပစ္စည်းများ အမှန်ပင် ရှိနေသောကြောင့်လားမသိ လင်ရန်မြို့ တံခါးမှ ဖြတ်သန်းသွားသောအခါ အစောင့်စစ်သည်များက ခဏတာမျှသာ စစ်ဆေးပြီးနောက် ဖြတ်သန်းခွင့်ပြုခဲ့သည်။
လင်ရန်မြို့သို့ ဤမျှလွယ်ကူစွာ ဝင်ရောက်နိုင်ခဲ့သည်ကို မြင်သောအခါ အနည်းငယ် ထူးဆန်းနေသည်ဟု ကျန်းဟုန်နှင့် ရွှီစင်ဝမ်တို့ ခံစားလိုက်ရသည်။ ယခုကာလသည် စစ်ပွဲကာလဖြစ်သည်။
တင်းကျပ်သော စစ်ဆေးမှုများ ရှိသင့်သည်မဟုတ်ပါလား။
အဘယ်ကြောင့် သူတို့ကို ဤမျှလွယ်ကူစွာ ဖြတ်သန်းခွင့်ပြုခဲ့သနည်း။
သူတို့ ဇဝေဇဝါဖြစ်နေစဉ် မြို့တံခါးရှိ မြောက်ပိုင်းပြည်နယ်စစ်သည်များ၏ စကားပြောဆိုသံများကို သူတို့ ကြားခဲ့ရသည်။
“အခုရက်ပိုင်း လင်ရန်မြို့ကို ကုန်သည်အုပ်စုတွေ ပိုပိုပြီး ရောက်လာကြတယ်။”
“ဟုတ်တယ်။ လင်ရန်မြို့မှာ ကုန်ပစ္စည်း ပြတ်လပ်နေတဲ့ ပြဿနာ မကြာခင် ဖြေရှင်းနိုင်တော့မယ်။”
“ဒီကုန်သည်တွေက တကယ်ပဲမနာလိုစရာကောင်းတယ်။ စစ်ဖြစ်တဲ့နေရာတိုင်းမှာ သူတို့ကြီးပွားနေတာ။”
“ဒီလို မပြောနဲ့။ အခု ယိုပင်ခရိုင်က ငါတို့ မြောက်ပိုင်းပြည်နယ်ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေပြီဆိုတော့ မင်းသားက သူတို့ကို စျေးတွေ စိတ်ကြိုက်တင်ခွင့်ပြုမှာ မဟုတ်ဘူး။”
မြောက်ပိုင်းပြည်နယ်စစ်သားများ၏ ဆွေးနွေးမှုများကို ကြားသောအခါ စစ်သည်များ သူတို့ကို အဘယ်ကြောင့် ဤမျှလွယ်ကူစွာ ဝင်ရောက်ခွင့်ပြုခဲ့သည်ကို ကျန်းဟုန်နှင့် ရွှီစင်ဝမ်တို့ သဘောပေါက်သွားခဲ့သည်။ လင်ရန်မြို့သည် မကြာသေးမီက ကုန်ပစ္စည်း ပြတ်လပ်မှုနှင့် ရင်ဆိုင်နေရသောကြောင့်ဖြစ်သည်။
ဒါက အဓိပ္ပာယ်ရှိသည်။ အဘယ်ကြောင့်ဆိုသော် စစ်ပွဲဖြစ်ပွားပြီးနောက် ကုန်သည်များနှင့် အာဏာရှိ မိသားစုများသည် သူတို့၏ ပိုင်ဆိုင်မှုများနှင့်အတူ ထွက်ပြေးခဲ့ကြမည်ဖြစ်သည်။ ယခင်က ကုန်သည်များနှင့် အာဏာရှိ မိသားစုများသည် ကုန်ပစ္စည်းဖြန့်ဖြူးရာတွင် အခန်းကဏ္ဍတစ်ခုမှ ပါဝင်ခဲ့ပြီး သူတို့ ထွက်ခွာသွားခြင်းသည် မြို့တွင်း ကုန်ပစ္စည်း ပြတ်လပ်မှုကို မလွဲမသွေ ဖြစ်ပေါ်စေမည်ဖြစ်သည်။
မြောက်ပိုင်းပြည်နယ်က ယိုပင်ခရိုင်ကို သိမ်းပိုက်ပြီးနောက် သူတို့၏ အုပ်ချုပ်မှုအပေါ် သာမန်ပြည်သူများ၏ ဒေါသ မထွက်စေရန်အတွက် ကုန်ပစ္စည်း စျေးနှုန်းများကို ယခင်အတိုင်း ပြန်ဖြစ်စေရန် နည်းလမ်းများ ရှာဖွေခဲ့သည်။ ကုန်စျေးနှုန်း ပြန်လည်လျှော့ချရန်အတွက် အခြားနေရာများမှ အစားအစာစသည့် ရိက္ခာပစ္စည်းများကို သယ်ယူပို့ဆောင်ရန် ကုန်သည်များ လိုအပ်သည်မှာ သဘာဝကျသည်။
မြောက်ပိုင်းပြည်နယ်စစ်သည်များ စစ်ဆေးမှု ဤမျှ ပေါ့လျော့ရခြင်း အကြောင်းရင်းမှာ ကုန်သည်အုပ်စုများ မြို့ထဲသို့ ဝင်ရောက်ခြင်းကို အားပေးရန်နှင့် မြို့တွင်း ကုန်စျေးနှုန်းများကို ထိန်းချုပ်ရန် ဖြစ်နိုင်သည်။
ထိုသို့တွေးရင်း ကျန်းဟုန်နှင့် ရွှီရှင်းဝမ်တို့ ထပ်မံ သံသယမဝင်တော့ပဲ လင်ရန်မြို့ထဲသို့ အခြားသူများနှင့် ရောနှောဝင်ရောက်သွားကာ တည်းခိုခန်း တစ်ခုတွင် တည်းခိုခဲ့ကြသည်။
ကျန်းဟုန်နှင့် ရွှီစင်ဝမ်တို့သည် သူတို့၏ စွမ်းအားကို ယုံကြည်မှု ရှိကြသော်လည်း သတိတော့ မလျှော့ကြပေ။ ထို့ကြောင့် ညဘက်တွင် စတင်လှုပ်ရှားရန် စီစဉ်ခဲ့ကြသည်။ လွဲချော်မှုတစ်ခုခု ဖြစ်ပွားခဲ့လျှင်ပင် အဆင့်လွန် ပညာရှင်နှစ်ဦး အနေနှင့် လင်ရန်မြို့မှ အလွယ်တကူ ထွက်ပြေးနိုင်မည် ဖြစ်သည်။
သူတို့၏သတိထားနေသည့် အဓိကအကြောင်းက မြောက်ပိုင်းပြည်နယ်တွင် အမြောက်ထက်ပိုမို အစွမ်းထက်သော လက်နက်များ ရှိနိုင်သည်ကို စိုးရိမ်သောကြောင့်ဖြစ်သည်။
.......
ညနေခင်း။
ခရိုင်အုပ်ချုပ်ရေးရုံးအတွင်း။
ဝမ်ရန်လီနှင့် မုချန်တိန်တို့သည် အဆောင်ငယ် တစ်ခုထဲတွင် ထိုင်နေကြပြီး ရွှမ်ယွမ်ချောင်ကဲက သူတို့ဘေးတွင် အတူထိုင်ကာ အကြောင်းကိစ္စများ ဆွေးနွေးနေခဲ့ကြသည်။
ထိုအချိန်တွင် အထူးကိုယ်ရံတော်တပ်မှူး လျူဟွာမင်သည် အဆောင်ထဲသို့ ဝင်လာပြီး
“ရွှမ်ယွမ်သခင်ကြီးနဲ့ ဗိုလ်ချုပ်တို့ ငါးတွေ ပိုက်ကွန်ထဲ ရောက်လာပါပြီ။”
ထိုစကားကို ကြားသောအခါ သုံးဦးစလုံး၏ မျက်နှာများတွင် အပြုံးအရိပ်များ ပေါ်လာသည်။ ရွှီစင်ဝမ်နှင့် ကျန်းဟုန်တို့ကဲ့သော အဆင့်လွန် ပညာရှင် စစ်သူကြီးနှစ်ဦးကို ဖယ်ရှားခြင်းသည် ဝူနိုင်ငံတော်အတွက် အလွန်ကြီးမားသော ထိုးနှက်ချက်တစ်ခု ဖြစ်လိမ့်မည်။
ကျန်းဟုန်နှင့် ရွှီစင်ဝမ်တို့ ဦးဆောင်လာသော လက်ကျန်တပ်များသည်လည်း ဦးဆောင်မှု ကင်းမဲ့သောကြောင့် လျင်မြန်စွာ ပြန့်ကျဲသွားလိမ့်မည်။
ထို့နောက် ရွှမ်ယွမ်ချောင်ကဲက
“ကျွန်တော် ရန်ခရိုင်ကို အမြန်ပြန်ရဦးမှာမို့ အချိန်မဖြုန်းပဲ အခုပဲ စတင်လှုပ်ရှားကြရအောင်။”
ထိုစကားကို ကြားသောအခါ ဝမ်ရန်လီက
“ ဆရာအခု လှုပ်ရှားလိုက်ရင် ဆရာ့ရဲ့ စွမ်းအားရှင် စွမ်းအင်တွေ ပေါ်သွားလိမ့်မယ်လို့ ထင်ပါတယ်။”
ရွှမ်ယွမ်ချောင်ကဲက ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်သည်။
“ စွမ်းအားရှင်ကို မြင်ဖူးတဲ့လူ မများပါဘူး။ ဒါ့အပြင် ဒီလူတွေက ကုန်သည်အဖြစ် ရုပ်ဖျက်ပြီး လင်ရန်မြို့ထဲကို ဝင်လာတာ။ သူတို့ထဲမှာ အဆင့်လွန်ပညာရှင်တွေပါတယ်ဆိုတာ ဘယ်သူမှမသိဘူး။”
ရွှမ်ယွမ်ချောင်ကဲ တွေးလိုက်သည်။ သူ ထိုနှစ်ဦးကို လျင်မြန်စွာ ကိုင်တွယ်နိုင်ပါက အသတ်ခံရသော ကျန်းဟုန်နှင့် ရွှီရှင်းဝမ်တို့သည် အဆင့်လွန် ပညာရှင်များ ဖြစ်ကြောင်း ဘယ်သူမှ သိလိမ့်မည်မဟုတ်ပေ။ လူတွေက သူတို့ အဆင့်လွန် ပညာရှင်များဖြစ်ကြောင်း မသိဘူးဆိုပါက သူတို့ အား ကိုယ်တွယ်ခဲ့သူသည် ကောင်းကင်လူသား စွမ်းအားရှင်တစ်ယောက်ဖြစ်ကြောင်း မည်သို့ မှန်းဆနိုင်မည်နည်း။
မုချန်တိန်က
“ရွှမ်ယွမ် သခင်ကြီးပြောတာ မှန်ပါတယ်။ ဒါဆို ကျွန်တော်တို့က သခင်ကြီး လက်ထဲမှာပါပဲ။”
စကား ဆုံးသည်နှင့် မုချန်တိန်နှင့် ဝမ်ရန်လီတို့သည် ချက်ချင်း သူတို့၏ တပ်များကို ဦးဆောင်၍ ရွှီစင်ဝမ်နှင့် ကျန်းဟုန်တို့ တည်းခိုနေသော တည်းခိုခန်းသို့ သွားခဲ့ကြပြီး သူလျှိုများ ထိုးဖောက်ဝင်ရောက်လာပြီဟူသော အကြောင်းပြချက်ဖြင့် ဝန်းရံဖမ်းဆီးရန် စီစဉ်လိုက်သည်။
လင်ရန်မြို့တော်မှ သာမန်ပြည်သူများကတော့ စစ်သည်များ သွားလာနေသည်ကို မြင်သော်လည်း စိတ်မဝင်စားကြပေ။ အကြောင်းမှာ မြောက်ပိုင်းပြည်နယ်စစ်သည်များ ပြုမူတတ်ပုံကို မကြာသေးမီက သူတို့ သိထားပြီး ဖြစ်သောကြောင့်ဖြစ်သည်။
အာဏာရှိ မိသားစုအချို့ကို ပစ်မှတ်ထားခြင်းမှလွဲ၍ မြောက်ပိုင်းပြည်နယ်စစ်သည်များသည် ကုန်သည်ငယ်များနှင့် ဈေးသည်များ၏ ဘဝခက်ခဲစေရန် မလုပ်ခဲ့သလို သာမန်ပြည်သူများအားလည်း အနှောင့်အယှက်မပေးခဲ့ပေ။ ထိုအချက်ကက မြောက်ပိုင်းနယ်စားမင်းသား ကြင်နာတတ်သည်ဟု ဝမ်ရန်လီ ပြောကြားခဲ့သည်များ မှန်ကန်ကြောင်း လင်ရန်မြို့မှ ပြည်သူများအား ယုံကြည်စေခဲ့သည်။
ထိုအချိန်တွင် ရွှီစင်ဝမ်နှင့် ကျန်းဟုန်တို့ တည်းခိုခန်း၏ ဒုတိယထပ်တွင် ယခုည ဆက်လက်လုပ်ဆောင်မည့် အစီအစဉ်များကို ဆွေးနွေးနေစဉ် ရုတ်တရက် အပြင်ဘက်မှ သံချပ်ကာဝတ်စုံသံများကို ကြားလိုက်ရသည်။
ထို့နောက် ပြတင်းပေါက်နားမှ စစ်သည်တစ်ဦးက ချက်ချင်းပင်
“မကောင်းတော့ဘူး။ လင်ရန်မြို့က စစ်သည်တွေ တည်းခိုခန်းကို ဝိုင်းထားပြီ။”
ထိုစကားကို ကြားသောအခါ ကျန်းဟုန်နှင့် ရွှီစင်ဝမ်တို့ အံ့အားသင့်သွားကြသည်။ သူတို့ လင်ရန်မြို့ထဲသို့ အခုမှ ဝင်ရောက်လာခြင်းဖြစ်၏။ သူတို့ တည်းနေသော တည်းခိုခန်းကို ဤမျှ လျင်မြန်စွာ ဝိုင်းရံထားလာလိမ့်မည်ဟု သူတို့ မမျှော်လင့်ခဲ့ပေ။
...............
အခန်း (၅၉၉)
စစ်ပွဲ၏ ပထမအဆင့် ပြီးဆုံးခြင်း (၂)
သူတို့ကို သိသွားပြီလား.....
ရွှီစင်ဝမ်က
“အလျင်စလို မလုပ်ကြပါနဲ့ဦး။ အခြေအနေကို အရင်ကြည့်ရအောင်။ သူတို့က ကျုပ်တို့ကို ရှာနေတာလို့ မပြောနိုင်သေးဘူး”
ရွီစင်ဝမ်၏ စကားမဆုံးမီ မြောက်ပိုင်းပြည်နယ်စစ်သည်များ၏ အော်ဟစ်သံများ အပြင်မှ ကြားလာသည်။
“အတွင်းက သူလျှိုတွေ။ မင်းတို့ဝိုင်းထားခံရပြီ။ ချက်ချင်း ထွက်လာပြီး လက်နက်ချပါ၊ မဟုတ်ရင် အသေဆိုးနဲ့ သေရလိမ့်မယ်။”
ထိုအသံများကြောင့် ကျန်ရှိနေသေးသော ဧည့်သည်အားလုံး ပြေးထွက်သွားကြသည်။ ထိုအချိန်တွင် ဆိုင်ပိုင်ရှင်က ဝမ်ရန်လီ၏ဘေးသို့ အလျင်အမြန် ရောက်လာပြီး
“သခင်လေး။ ဘာဖြစ်လို့ပါလဲ”
မုချန်တိန်က ဂရုမစိုက်ဟန်ဖြင့်
“သူလျှိုအချို့ ဝင်လာတာကို ကျုပ်တို့သတင်းအတိအကျ ရထားပြီ။ အားလုံးကို အမြန်ဆုံး အပြင်ထွက်ခိုင်းလိုက်ပါ။ တိုက်ပွဲစပြီဆိုရင် မဆိုင်တဲ့လူတွေ ကြားညပ်သွားလိမ့်မယ်။”
“တည်းခိုခန်း ပျက်စီးဆုံးရှုံးမှု ရှိရင် မြောက်ပိုင်းနယ်စားမင်းသားစံအိမ်က အပြည့်အဝ လျော်ကြေးပေးမှာပါ။”
တည်းခိုခန်း ပိုင်ရှင် အနည်းငယ် မှင်တက်သွားသည်။ သူလျှိုများ သူ့တည်းခိုခန်းသို့ ရောကနေမည်ဟု သူ မထင်ထားခဲ့ပေ။ မြောက်ပိုင်းနယ်စားမင်းသားစံအိမ်က အမှန်တကယ် လျော်ကြေးပေးမည်လား မသေချာသော်လည်း ဤအခြေအနေအောက်တွင် သူ့အနေနှင့် ပူးပေါင်းဆောင်ရွက်ပြီး တည်းခိုခန်းရှိလူအားလုံးကို ထွက်ခိုင်းရုံသာ တတ်နိုင်တော့သည်။
ထိုအချိန်အထိ ကျန်းဟုန်နှင့် ရွှီစင်ဝမ်တို့ လှုပ်ရှားခြင်း မရှိသေးပေ။ အပြင်ဘက်ရှိ စစ်သားများ သူတို့ကို ရှာဖွေနေခြင်း မဟုတ်ဟု ထင်နေဆဲဖြစ်သည်။
ထိုစဉ် ရွှီစင်ဝမ်နှင့် ကျန်းဟုန်တို့သည် သူတို့၏ ခန္ဓာကိုယ်များအတွင်း ထူးဆန်းသော စွမ်းအားတစ်ခု ဖြတ်သန်းသွားသည်ကို ရုတ်တရက် ခံစားလိုက်ရသည်။ ထိုစွမ်းအားက အလွန်လျင်မြန်စွာ ပျောက်ကွယ်သွားသော်လည်း ကြီးမားသော မသက်မသာဖြစ်မှုကို ဖြစ်စေခဲ့သည်။
ထို့နောက် ရွှမ်ယွမ်ချောင်ကဲက
“သူတို့ ဒုတိယထပ်မှာ။ ဝင်တိုက်။”
သူ ပြောပြီးသည်နှင့် လမ်းပေါ်ရှိ စစ်သားများသည် ဗုံးများနှင့် မီးဖောက်သေနတ်များကို ကိုင်ဆောင်ကာ တည်းခိုခန်း၏ ဒုတိယထပ်ကို စတင်ပစ်ခတ်ကြသည်။
သူတို့အခန်းထဲတွင် သံလုံးအများအပြား ပေါက်ကွဲပြီးနောက် ရွှီစင်ဝမ်နှင့် ကျန်းဟုန်တို့လည်း သူတို့ အမှန်တကယ် အဝိုင်းခံရပြီဖြစ်ကြောင်း သဘောပေါက်သွားသည်။
ရန်သူက သိသွားပြီဖြစ်သောကြောင့် ပုန်းနေခြင်းက အဓိပ္ပာယ်မရှိတော့ပေ။
သူတို့ နှစ်ဦးစလုံး ဒုတိယထပ်မှ တိုက်ရိုက် ခုန်ချလိုက်ကြသည်။ အောက်ရှိ မြောက်ပိုင်းပြည်နယ် စစ်သည်များက မီးဖောက်သေနတ်များဖြင့် ချက်ချင်း တိုက်ခိုက်ခဲ့ကြသော်လည်း ကျည်ဆံများသည် သူတို့၏ ကာကွယ်ရေး စွမ်းအားကိုသာ ထိမှန်ပြီး အကျိုးသက်ရောက်မှု မရှိခဲ့ပေ။
ထိုအချိန်တွင် ကျန်းဟုန်၏ အကြည့်က ဝမ်ရန်လီနှင့် မုချန်တိန်တို့အပေါ် ချက်ချင်း ကျရောက်သွားသည်။ ထိုလူနှစ်ဦးမှာ အဆင့်မြင့် ပညာရှင်အဆင့်ရှိပြီး သာမန်စစ်သည်များနှင့်မတူသော သံချပ်ကာ ဝတ်စုံများ ဝတ်ဆင်ထားသဖြင့် စစ်ဗိုလ်ချုပ်များဖြစ်ကြောင်း သတိထားမိသည်။ ထို့ကြောင့် ဤလူနှစ်ဦးမှာ မြောက်ပိုင်းပြည်နယ်တပ်မတော်၏ ဗိုလ်ချုပ်များဖြစ်ပြီး သူတို့၏ပစ်မှတ်များဖြစ်ကြောင်း ကောက်ချက်ချလိုက်သည်။
ကျန်းဟုန်က ရွှီစင်ဝမ်ကို ချက်ချင်း
“ ရောင်းရင်းရွှီရေ ကျုပ်တို့ ကံကောင်းတယ်။ ကျုပ်တို့ရဲ့ ပစ်မှတ်တွေက သူတို့ဘာသာ သူတို့ ရောက်လာပြီ။”
ရွှီစင်ဝမ်လည်း ဝမ်ရန်လီနဲ့ မုချန်တိန်တို့၏ အဆင့်ကို သတိထားမိပြီး ချက်ချင်းပင်
“သူတို့ကို မြန်မြန်ရှင်းပစ်ရအောင်။”
ရွှီစင်ဝမ် စကားဆုံးသည်နှင့် သူတို့နှစ်ဦးသည် ဝမ်ရန်လီနှင့် မုချန်တိန်တို့ဘက်သို့ ဦးတည် လိုက်ကြသည်။ မုချန်တိန်နှင့် ဝမ်ရန်လီတို့ဘေးရှိ သက်ကြီးရွယ်အိုတစ်ဦးကို သူတို့ လုံးဝ သတိမထားမိခဲ့ပေ။
စွမ်းအားရှင်များသည် သူတို့၏ အငွေ့အသက်များကို အလွယ်တကူ ဖုံးကွယ်ထားနိုင်ပြီး အခြားသူများအားလုံးအတွက် ရွှမ်ယွမ်ချောင်ကဲသည် သာမန်လူတစ်ဦးနှင့် မခြားနားပေ။ ထို့ကြောင့် သူတို့၏ ပစ်မှတ်များဘေးရှိ အိုမင်းရင့်ရော်သော အဘိုးကြီးသည် ကောင်းကင်လူသားအဆင့် တစ်ဦးဖြစ်ကြောင်း သူတို့ လုံးဝ မသိခဲ့ကြပေ။
မျက်တောင်တစ်ခတ်အတွင်း ရွှီစင်ဝမ်နှင့် ကျန်းဟုန်တို့သည် ဝမ်ရန်လီနှင့် မုချန်တိန်တို့ဘေးသို့ ရောက်ရှိလာကြသည်။
သူတို့၏ နှုတ်ခမ်းများ အနည်းငယ် ကွေးညွတ်သွားသည်။ သူတို့၏ ရည်ရွယ်ချက် ပြီးမြောက် အောင်မြင်သွားပြီဟု ထင်ရသည်။ ဤနှစ်ဦး သေဆုံးသွားသည်နှင့် လင်ရန်မြို့သည် သေချာပေါက် ကမောက်ကမ ဖြစ်သွားလိမ့်မည်။
သို့သော် သူတို့ လှုပ်ရှားတော့မည့်အချိန်တွင် ကြီးမားသော ဖိအားတစ်ခု ရုတ်တရက် ကျဆင်းလာသည်။ ကျန်းဟုန်နှင့် ရွှီစင်ဝမ်တို့သည် သူတို့အပေါ် တောင်တစ်လုံး ဖိထားသကဲ့သို့ ခံစားလိုက်ရပြီး သူတို့ ရုန်းကန်သော်လည်း လုံးဝ လှုပ်ရှားမရ ဖြစ်နေသည်ကို တွေ့ရှိခဲ့ကြသည်။
ထိုအချိန်တွင် သူတို့၏ ကာကွယ်ရေး စွမ်းအားသည် “ကွဲအက်” သံနှင့်အတူ မှန်တစ်ချက်ကဲ့သို့ ကြေမွသွားသည်။ သူတို့ ဘာဖြစ်နေမှန်းပင် မသိခင်မှာပင် မုချန်တိန်နှင့် ဝမ်ရန်လီတို့က တိုက်ခိုက်လိုက်ကြသည်။
မုချန်တိန်က သူ့ဓားကို ဆွဲထုတ်ပြီး ရွှီစင်ဝမ်၏ ခေါင်းကို တစ်ချက်တည်းဖြင့် ဖြတ်တောက်လိုက်သည်။ ဝမ်ရန်လီက သူ့တူကို မြှောက်ကာ ကျန်းဟုန်၏ ခေါင်းကို ရိုက်ချလိုက်သဖြင့် ဦးနှောက်များ ချက်ချင်း ပျံ့ကြဲသွားသည်။
အဆင့်လွန် ပညာရှင်နှစ်ဦးကို ထိပ်သီးပညာရှင်အဆင့် စစ်ဗိုလ်ချုပ်နှစ်ဦးက အလွယ်တကူ ရှင်းလင်းလိုက်ခြင်းဖြစ်သည်။
ဟုတ်ပါသည်။ ဒါက သူတို့၏ ကြိုးစားအားထုတ်မှုသက်သက်ကြောင့်တော့ မဟုတ်ခဲ့ပါ။ မုချန်တိန်နှင့် ဝမ်ရန်လီတို့ ကျန်းဟုန်နှင့် ရွှီစင်ဝမ်တို့ကို အလွယ်တကူ ရှင်းလင်းပစ်နိုင်ခဲ့ခြင်းသည် ရွှမ်ယွမ်ချောင်ကဲ ကြောင့်သာ ဖြစ်သည်။ သူက ကျန်းဟုန်နှင့် ရွှီစင်ဝမ်တို့၏ အင်အားကို ဖိနှိပ်ခဲ့ပြီး သူတို့၏ ကာကွယ်ရေး အတွင်းအားကို ဖျက်ဆီးခဲ့ကာ သူတို့၏ ခန္ဓာကိုယ်များကို ခဏမျှ ခုခံကာကွယ်မှုကင်းမဲ့စေခဲ့သည်။
မုချန်တိန်နှင့် ဝမ်ရန်လီတို့သည် အကူအညီမပါပဲ အဆင့်လွန် ပညာရှင်များကို ယှဉ်နိုင်မည် မဟုတ်ပေ။
ကျန်းဟုန်နှင့် ရွှီစင်ဝမ်တို့သည် လင်ရန်မြို့တွင် ကောင်းကင်လူသားအဆင့် တစ်ဦးရှိလိမ့်မည်ဟု မထင်ခဲ့ကြပေ။ သူတို့သိရှိခဲ့ပါက ပိုမို သတိထားမိကြမည်ဖြစ်ပြီး ယခုလောက် အလွယ်တကူ သေဆုံးသွားမည် မဟုတ်ပေ။
ကောင်းကင်လူသား စွမ်းအားရှင်အဆင့်များသည် အစွမ်းထက်သော်လည်း မည်သူမှ မချေဖျက်နိုင်သည်တော့ မဟုတ်ပေ။ အဆင့်လွန် ပညာရှင်နှစ်ဦးကို အနည်းငယ်မျှ ဖိနှိပ်ထားခြင်းသည်ပင် ရွှမ်ယွမ်ချောင်ကဲ၏ စိတ်ဝိညာဉ်စွမ်းအား အများအပြားကို ကုန်ခမ်းစေခဲ့သည်။ အဖြစ်အပျက်များ ရုတ်တရက် မပြောင်းလဲခဲ့ပါက ရွှီစင်ဝမ်နှင့် ကျန်းဟုန်တို့သည် ရွှမ်ယွမ်ချောင်ကဲ၏ ထိန်းချုပ်မှုမှ လွတ်မြောက်နိုင်ရန် အချိန်မီ တုံ့ပြန်နိုင်ခဲ့ပေမည်။
သို့သော် ပညရှင်များ၏ လောကတွင် အနိုင်အရှုံး အဆုံးဖြတ်သည် မျက်စိတစ်မှိတ်အတွင်း ဖြစ်ပေါ်နိုင်သည်။ ကျန်းဟုန်နှင့် ရွှီစင်ဝမ်တို့ အသက်ဆုံးရှုံးခဲ့သည်မှာ အလွန်တိုတောင်းသော အချိန် အနည်းငယ်အတွင်းပင် ဖြစ်သည်။
ဤအဆင့်လွန် ပညာရှင်နှစ်ဦး သေဆုံးသွားသည်နှင့် မြောက်ပိုင်းပြည်နယ် စစ်သည်များက ကျန်ရှိနေသော ဝူစစ်သည်များကို အလျင်အမြန် ရှင်းလင်းပစ်လိုက်ကြသည်။ တည်းခိုခန်း အတွင်းရှိ ဝူစစ်သည်များသည် အများဆုံး ထိပ်သီးအဆင့်တစ်ဝက်သာ ရှိပြီး မီးဖောက်သေနတ်များကို မခုခံနိုင်ခဲ့ကြပေ။
အဆင့်လွန် ပညာရှင်နှစ်ဦးဖြစ်သော ကျန်းဟုန်နှင့် ရွှီစင်ဝမ် ၏ ရုပ်အလောင်းများကို ကြည့်ရင်း မုချန်တိန် အနည်းငယ် စိတ်လှုပ်ရှားသွားသည်။
သူတို့က အဆင့်လွန် ပညာရှင်တွေလေ...
တစ်ချိန်က နိုင်ငံအသီးသီးက “မဟာဗျူဟာမြောက် လက်နက်များ” အဖြစ် သတ်မှတ်ခံရပြီး နိုင်ငံတော်၏ အခြေခံအုတ်မြစ်ဖြစ်သော အဆင့်လွန် ပညာရှင်များသည် စွမ်းအားရှင်တစ်ဦး၏ ဖိအားကြောင့် ထိပ်သီးအဆင့်နှစ်ဦး၏ လက်ချက်ဖြင့် အလွယ်တကူ သေဆုံးသွားကြသည်။
ကောင်ကင်လူသား၏ အစွမ်းသည် အမှန်တကယ်ပင် ကြောက်မက်ဖွယ်ကောင်းလှသည်။
............
အခန်း (၆၀၀ )
စစ်ပွဲ၏ ပထမအဆင့် ပြီးဆုံး (၃)
မုချန်တိန်၏ စိတ်ထဲတွေးလိုက်သည်။
“ဒီကမ္ဘာကြီးက တကယ်ပဲ ပြောင်းလဲတော့မယ်။”
“နောင်အနာဂတ်မှာ ကောင်းကင်လူသား စွမ်းအားရှင် မရှိတဲ့ နိုင်ငံတိုင်း ပျက်စီးခြင်းနဲ့ ရင်ဆိုင်ရလိမ့်မယ်။ အဆင့်လွန် ပညာရှင်တွေဟာ နိုင်ငံရဲ့ အခြေခံအုတ်မြစ် မဟုတ်တော့ပဲ ကောင်းကင်လူသားအဆင့်တွေကပဲ နိုင်ငံတွေရဲ့ အုတ်မြစ်အသစ် ဖြစ်လာလိမ့်မယ်။”
“မြောက်ပိုင်းပြည်နယ်မှာ ကောင်းကင်လူသား စွမ်းအားရှင်တစ်ဦး ပိုင်ဆိုင်ထားတာ ကံကောင်းတာပဲ။”
မုချန်တိန်သည် မြောက်ပိုင်းပြည်နယ်သို့ ရောက်ရှိခဲ့သည်ကို အတိုင်းမသိကျေးဇူးတင်မိသည်။မြောက်ပိုင်းပြည်နယ်၏ ကောင်းကင်လူသား စွမ်းအားရှင်နှင့်အတူ ကမ္ဘာကို ပေါင်းစည်းမည့်အချိန် မကြာမီ ရောက်ရှိလာတော့မည်ဖြစ်ပြီး မြောက်ပိုင်းနယ်စားသည် အားလုံး၏ အရှင်သခင် ဖြစ်လာလိမ့်မည်ဟု ထင်ရသည်။
သူ၏စိတ်ခံစားမှုများ အလွန်အမင်းမြင့်တက်နေစဉ် မုချန်တိန်၏အတွင်းတွင် စွမ်းအားများ အလျှင်အမြန်တိုးပွားလာသည်ကို ခံစားမိသည်။ သို့သော် ဘေးနားရှိ ဝမ်ရန်လီအား တစ်ခုခုပြောမည့်အချိန်တွင် ဝမ်ရန်လီ၏ခန္ဓာကိုယ်မှ စွမ်းအားလှိုင်းတစ်ခု ရုတ်တရက်ထွက်ပေါ်လာကာ ပတ်ဝန်းကျင်ရှိလူအားလုံးကို လွှမ်းခြုံသွားခဲ့သည်။
ထို့နောက် မုချန်တိန်သတိထားမိသည်မှာ ဝမ်ရန်လီမှ ထွက်ပေါ်လာသော သိုင်းပညာ အငွေ့အသက်သည် သူ၏စွမ်းအားထက် အဆများစွာ ပိုမိုအားကောင်းနေခြင်းပင်ဖြစ်သည်။
သို့သော် ဝမ်ရန်လီ၏ မျက်နှာတွင် မည်သည့် ပြောင်းလဲမှုမျှ မရှိပေ။ ဖြစ်ရပ်တစ်ခုလုံးက စိတ်လှုပ်ရှားစရာ မကောင်းသလိုပင် ဖြစ်သည်။ မုချန်တိန် မနေနိုင်တော့ပဲ စမေးလိုက်သည်။
“ဗိုလ်ချုပ် ဝမ်ရန်။ ခင်ဗျား ခုနကပဲ အဆင့်လွန်ပညာရှင် နယ်ပယ်ကို တက်ရောက်သွားတာလား”
ဝမ်ရန်လီက ပြုံး၍
“အင်း။ ကျွန်တော်အဆင့် တက်သွားပါပြီ”
ဒါက.....
ဝမ်ရန်လီ၏ မျက်နှာက ဤမျှ တည်ငြိမ်နေသည်ကို မြင်သောအခါ မုချန်တိန် သူ့ကို အံ့သြချီးကျူးမိသည်။ သူသာ အဆင့်လွန်ပညာရှင် နယ်ပယ်သို့ တက်ရောက်ခဲ့လျှင် သူ၏ ပျော်ရွှင်မှုကို ဘယ်လို ထိန်းသိမ်းရမည်ကို မသိနိုင်ဟု သူ တွေးလိုက်သည်။
နောက်ဆုံးတော့ ယခုလက်ရှိ သေနတ်များကို ခံနိုင်ရည်ရှိသော တစ်ခုတည်းသော နယ်ပယ်က အဆင့်လွန်ပညာရှင် နယ်ပယ်သာဖြစ်သည်။ လာမည့် သေနတ်ခေတ်တွင် အဆင့်လွန်ပညာရှင်တွေသာ သာမန်လူများနှင့် သိုင်းပညာရှင်များကြားက စစ်မှန်သော ခြားနားချက် ဖြစ်လာလိမ့်မည်။
အဆင့်လွန်ပညာရှင်အောက် အဆင့်ရှိသူ မည်သူမဆို သာမန်လူအဖြစ် သတ်မှတ်ခံရပြီး အဆင့်လွန်ပညာရှင် အဆင့်သို့ ရောက်ရှိပါက သေနတ်ကိုင်ဆောင်ထားသည့် သာမန်လူတစ်ဦး နှင့် ရင်ဆိုင်ရလျှင် အသက်သေဆုံးမည်မဟုတ်ပေ။
ထိုအချိန်တွင် ရွှမ်ယွမ်ချောင်ကဲက ဝမ်ရန်လီကို ပြုံး၍ကြည့်ပြီး
“ဗိုလ်ချုပ် ဝမ်ရန်လည်း နောက်ဆုံးတော့ အဆင့်တက်သွားခဲ့ပြီ။ ကျုပ်ပြန်ရောက်တာနဲ့ မင်းရဲ့ အောင်မြင်မှုကို မင်းသားဆီ တင်ပြပါ့မယ်။ မင်းသား တကယ် ဝမ်းမြောက်လိမ့်မယ်။”
မုချန်တိန်က ဘေးမှနေ၍
“ရွှမ်ယွမ်သခင်ကြီးက ပြန်ဖို့ စီစဉ်နေတာလား။”
ရွှမ်ယွမ်ချောင်ကဲက
“ဟုတ်ပါတယ်။ အခု ကျန်းဟုန်နဲ့ ရွှီစင်ဝမ် သေသွားပြီဆိုတော့ ကျုပ်တာဝန် ပြီးဆုံးသွားပြီ။ နောက်ပြီး ဗိုလ်ချုပ် ဝမ်ရန်က အဆင့်လွန်ပညာရှင် ဖြစ်လာပြီဆိုတော့ ယိုပင်ခရိုင်မှာ အဆင့်လွန်ပညာရှင်တစ်ဦး အခြေစိုက်ထားရင် ဝူနိုင်ငံတော်ရဲ့ အကြွင်းအကျန်တပ်တွေကို ရှင်းလင်းရာမှာ ပြဿနာ မရှိသင့်တော့ဘူး။”
“အခုလို မငြိမ်မသက်တဲ့ ကာလမှာ ကျုပ် အမြန်ပြန်ပြီး ရန်ခရိုင်နဲ့ မြောက်ပိုင်းနယ်စားမင်းသားစံအိမ်ကို ကာကွယ်ဖို့က အရေးအကြီးဆုံးပဲ။”
မုချန်တိန်က
“သခင်ကြီး ပြောတာ မှန်ပါတယ်။”
ထို့နောက် ရွှမ်ယွမ်ချောင်ကဲ
“ကောင်းပြီ။ အချိန်မဆွဲတော့ဘူး။ ခင်ဗျားတို့ နှစ်ယောက်လက်ထဲ အားလုံးလွှဲခဲ့ပြီ။ ကျုပ်အခု ထွက်ခွာတော့မယ်။”
သူ၏ အသံဆုံးသည်နှင့် ရွှမ်ယွမ်ချောင်ကဲသည် ထိုနေရာမှ ချက်ချင်း ပျောက်ကွယ်သွားသည်။
မုချန်တိန်နှင့် ဝမ်ရန်လီတို့ သတိပြန်ဝင်လာပြီး ရှိနေသော စစ်သည်များကို အခင်းဖြစ်ပွားရာနေရာအား ရှင်းလင်းရန် ညွှန်ကြားလိုက်ကြသည်။
နောက်ရက်များတွင် ဝမ်ရန်လီနှင့် မုချန်တိန်တို့သည် သူတို့၏ တပ်များကို ဦးဆောင်ကာ ယိုပင်ခရိုင်အတွင်းရှိ ဝူစစ်သည်များကို ရှင်းလင်းရေး စတင်ခဲ့ကြသည်။
ဝူစစ်သည် နှစ်သိန်းတို့သည် သူတို့၏ ဗိုလ်ချုပ်များ လုပ်ကြံမှု မအောင်မြင်ကြောင်း သတင်းကို မကြာမီ သိခဲ့ကြရသည်။
သူတို့၏ ဗိုလ်ချုပ်များ ရှုံးနိမ့်ကြောင်း ပထမဆုံး ကြားသိရသောအခါ သူတို့ မယုံနိုင်ခဲ့ကြပေ။ ကျန်းဟုန်နှင့် ရွှီစင်ဝမ်တို့သည် အဆင့်လွန်ပညာရှင် စစ်ဗိုလ်ချုပ်များ ဖြစ်သည်။ အဆင့်လွန်ပညာရှင်များသည် အလွယ်တကူ မသေဆုံးနိုင်ပေ။ အထူးသဖြင့် သူတို့၏ ပစ်မှတ်များက ထိပ်သီးအဆင့်မျှသာ ဖြစ်လျှင်ဖြစ်သည်။
သို့သော် အချိန်ကုန်လွန်လာသည်နှင့်အမျှ မြောက်ပိုင်းပြည်နယ်၏စစ်တပ်သည် ဝူ စစ်သည်နှစ်သိန်း၏ လှုပ်ရှားမှုများကို အတားအဆီးမရှိ ဆက်လက်ခြေရာခံနေခဲ့သည့်ပြင် သူတို့၏ဗိုလ်ချုပ်များလည်း ပြန်မလာသောကြောင့် ကျန်ဟုန်းနှင့် ရွှီစင်ဝမ်တို့၏ ရှုံးနိမ့်မှုကို အတည်ပြုနိုင်ခဲ့ကြသည်။
သို့သော် ကျန်းဟုန်နှင့် ရွှမ်ရှင်ဝမ်တို့ မပြန်လာမီတွင် သူတို့ မည်သည့် လှုပ်ရှားမှုမျှ မလုပ်ဝံ့ခဲ့ပေ။ အင်းအားနှစ်သိန်း ခန့်ရှိသော ဝူစစ်တပ်သည် တောထဲတွင် တစ်လခန့် ပုန်းအောင်းနေခဲ့ရသည်။
နောက်ပိုင်းတွင် စားနပ်ရိက္ခာ ပြတ်လပ်မှုကြောင့် စစ်သည်အချို့ မခံမရပ်နိုင်တော့ဘဲ ထွက်ပြေးခဲ့ကြသည်။ ထွက်ပြေးသူများကို မြောက်ပိုင်းပြည်နယ် စစ်သည်များက ဖမ်းမိသောအခါ အင်အားနှစ်သိန်းတပ်၏ တည်နေရာကို လျင်မြန်စွာ သိရှိခဲ့ရသည်။
မြောက်ပိုင်းပြည်နယ် စစ်သားများက အင်းအားနှစ်သိန်း ခန့်ရှိသော ဝူတပ်များကို ဝိုင်းရံလိုက်သောအချိန်တွင် ဝူစစ်သည်များတိုက်ခိုက်လိုစိတ် လုံးဝ ပျောက်ဆုံးနေပြီ ဖြစ်သည်။ သူတို့သည် ထိပ်တန်းစစ်သည်များ ဖြစ်သော်လည်း အမြောက်များဖြင့် ပစ်ခတ်ခံရခြင်း၊ ထောက်ပံ့ရေး ပစ္စည်းများ ပြတ်လပ်ခြင်းနှင့် သူတို့၏ ဗိုလ်ချုပ်များ ပျောက်ဆုံးသွားခြင်းတို့ကြောင့် သူတို့၏ တိုက်ခိုက်လိုစိတ် လုံးဝ ကျဆင်းသွားခဲ့သည်။
နောက်ဆုံးတွင် ထိပ်သီးအဆင့် ဒုတိယဗိုလ်ချုပ်တစ်ဦး ထွက်လာပြီး အင်အားနှစ်သိန်းခန့်ရှိသော ဝူတပ်ကြီး လက်နက်ချခဲ့သည်။
ဤသို့ဖြင့် ဝူနိုင်ငံတော်နှင့် မြောက်ပိုင်းပြည်နယ်တို့၏ စစ်မြေပြင် ထိပ်တိုက်ရင်ဆိုင်မှု၏ ပထမအဆင့် ပြီးဆုံးသွားပြီဖြစ်သည်။ ယခု မြောက်ပိုင်းပြည်နယ်၏ အလှည့် ဖြစ်လာခဲ့သည်။
.............