အခန်း ၆၀၁-၆၀၃
Vol. 41 Ch. 601-603
အခန်း (၆၀၁)
မင်းသားက ဓားစာခံဖြစ်မယ့် တစ်ယောက်ယောက်ကို စိတ်ထဲမှာ ရှိနေပြီလား (၁)
ည၏ မှောင်မိုက်မှုအောက်တွင် သံချပ်ကာဝတ် စစ်သည်တော်များပါဝင်သည့် တပ်ဖွဲ့တစ်ခုသည် မြောက်ဘက်သို့ အရှိန်အဟုန်ဖြင့် ချီတက်လျက်ရှိသည်။ သစ်တောတစ်တောကို ဖြတ်သန်းလာစဉ် ရုတ်တရက် မြင်းစီးစစ်သည်တစ်ဦး အဝေးမှ တရကြမ်း စီးနင်းလာသည်ကို တွေ့မြင်ရ၏။
ထိုစစ်သည်သည် သံချပ်ကာ မြင်းတပ်နှင့် ထိတိုက်မိကာ မြင်းပေါ်မှ လွင့်စင်ကျသွားပြီး သေလုမျောပါး ဖြစ်နေပုံပေါ်သည်။
သံချပ်ကာ မြင်းတပ်ခေါင်းဆောင်သည် လက်ကို ချက်ချင်း မြှောက်၍ စစ်သည်များကို ရှေ့သို့ ဆက်မတက်ရန် တားမြစ်လိုက်ပြီး မြင်းပေါ်မှ အလျင်အမြန် ဆင်း၍ လဲကျနေသော စစ်သည်အနားသို့ ချဉ်းကပ်သွားသည်။
“ကျုပ်က အပြာရောင်နဂါးတပ်မှူး ဟုန်ရန်ပဲ။ ယိုပင်ခရိုင်မှာ ဘာတွေဖြစ်ခဲ့လဲ ပြောပြပါ။”
ထိုစကားကို ကြားသောအခါ မြေပြင်ပေါ်ရှိ စစ်သည်က ရင်ဘတ်ထဲမှ ထောက်လှမ်းရေး အစီရင်ခံစာကို အလျင်အမြန် ထုတ်ယူကာ
“စစ်သူကြီး ကျန်းနဲ့ စစ်သူကြီး ရွှီတို့ အန္တရာယ်တွေ့ခဲ့ရပါပြီ။”
ပြောပြီးသည်နှင့် စစ်သည် သတိလစ်သွားသည်။ သူသည် အစီရင်ခံစာ ပို့ရန် မရပ်မနား ခရီးနှင်လာခဲ့ပြီး အနားယူမှု လုံးဝမရှိခဲ့သည်မှာ ထင်ရှား၏။
စစ်သည်၏ စကားများကို နားထောင်ပြီးနောက် ဟုန်ရန်၏ မျက်နှာသည် ချက်ချင်း မည်းမှောင်သွားသည်။ သူက အနီးရှိ စစ်သည်တစ်ဦးကို ချက်ချင်းပင်
“သူ့ကို အနားပေးလိုက်။ ဒီနေရာမှာပဲ တပ်စွဲကြမယ်”
ပြောပြီးသည်နှင့် ဟုန်ရန်သည် သံတော်ဆင့် စစ်သည် ပေးလိုက်သော အစီရင်ခံစာကို ဖွင့်ဖတ်လိုက်သည်။ ဟုန်ရန် တစ်စုံတစ်ရာကို စူးစိုက်ကြည့်ရှုနေသည်ကို မြင်သောအခါ စစ်သည်များက မီးတုတ်များကို ချက်ချင်း ယူလာကြပြီး ပိုမိုရှင်းလင်းစွာ မြင်နိုင်ရန် အလင်းပေးလိုက်ကြသည်။
အစီရင်ခံစာ၏ အကြောင်းအရာကို ဖတ်ပြီးနောက် ဟုန်ရန် ချက်ချင်း တုန်လှုပ်သွားသည်။ သူတို့၏ သံချပ်ကာ မြင်းတပ်သည် ဝူနိုင်ငံတော်၏ အဓိက တပ်ဖွဲ့များ ဆုတ်ခွာမှုကို ကာကွယ်ရန်အတွက် မြောက်ဘက်သို့ ဦးတည်နေခြင်း ဖြစ်သည်။
မမျှော်လင့်ပဲ အဆင့်လွန် ပညာရှင်များဖြစ်ကြသည့် စစ်သူကြီး ကျန်းဟုန်နှင့် စစ်သူကြီး ရွှီစင်ဝမ်တို့ နှစ်ဦးစလုံး ပျောက်ဆုံးနေပြီး ဝူနိုင်ငံတော်၏ စစ်သည် နှစ်သိန်းမှာလည်း လက်နက်ချခဲ့ကြသည်။ ဤသတင်းသာ နေပြည်တော်သို့ ရောက်ရှိသွားပါက ဝူဧကရာဇ် အမျက်ဒေါသ ပြင်းစွာ ထွက်ပေလိမ့်မည်။
အစီရင်ခံစာတွင် စစ်သူကြီး ကျန်းနှင့် ရွှီတို့ ပျောက်ဆုံးနေသည်ဟုသာ ဖော်ပြထားသော်လည်း သူတို့ ဘေးဆိုးတစ်ခုနှင့် ကြုံတွေ့ခဲ့ရပြီဟု ဟုန်ရန် ချက်ချင်း ခန့်မှန်းလိုက်သည်။
အစီရင်ခံစာတွင် သူတို့လင်ရန်မြို့သို့ သွားခဲ့သည်မှာ မြောက်ပိုင်းပြည်နယ်၏ ထိပ်သီးအဆင့် စစ်ဗိုလ်ချုပ်နှစ်ဦးကို သုတ်သင်ရန် ဖြစ်ကြောင်း ဖော်ပြထားသည်။ သူတို့ မြို့ထဲသို့ ဝင်ရောက်သွားသော်လည်း ပြန်မထွက်လာသောကြောင့် ကံဆိုးမှုနှင့် ကြုံတွေ့ရသည်ဟုသာ ဆိုလိုပေသည်။
ဝူနိုင်ငံတော်အပေါ် အလွန်သစ္စာရှိသော စစ်သူကြီး ကျန်းနှင့် ရွှီတို့သည် မြောက်ပိုင်းပြည်နယ်ထံ သစ္စာခံလိမ့်မည်ဟု ဟုန်ရန် မယုံကြည်နိုင်ပေ။
သို့သော် အဆင့်လွန် ပညာရှင်နှစ်ဦးကို သတ်ရန်အတွက် လင်ရန်မြို့၌ အဆင့်လွန် ပညာရှင် အနည်းဆုံး နှစ်ဦး ရှိရမည်။ သို့မဟုတ် မြောက်ပိုင်းပြည်နယ်တွင် အဆင့်လွန် ပညာရှင်များကို သတ်နိုင်သော လက်နက်များ ရှိနေပြီးဖြစ်ပေမည်။ ထိုသို့ဆိုပါက မြောက်ပိုင်းပြည်နယ်၏ စစ်အင်အား သည် သူတို့ ခန့်မှန်းထားသည်ထက်ပင် ပိုမို ကြောက်မက်ဖွယ် ကောင်းနိုင်ခြေရှိသည်။
ဤအတွေးဖြင့် ဟုန်ရန်သည် သူ့နောက်ရှိ သံချပ်ကာ မြင်းတပ်ကို လှည့်ကြည့်လိုက်သည်။
သူ ဦးဆောင်လာသော သံချပ်ကာ မြင်းတပ် နှစ်သောင်းသည် ရှေ့တန်းသို့ ရောက်ရှိသွားလျှင်ပင် မြောက်ပိုင်းပြည်နယ် တပ်ဖွဲ့များ၏ ချေမှုန်းခံရ နိုင်ဖွယ်ရှိသည်။
ဤသတင်းကို နန်းတွင်းသို့ ချက်ချင်း အစီရင်ခံရမည်။ ထိုသို့ တွေးမိသောအခါ ဟုန်ရန်သည် အစီရင်ခံစာတစ်စောင်ကို လျင်မြန်စွာ ရေးသားပြီး ခုနကစာနှင့်အတူ စစ်သည်အချို့ကို ပေးကာ စစ်သူကြီး ကျန်းနှင့် ရွှီတို့ ဘေးတွေ့ခဲ့ရသည့် သတင်းကို နေပြည်တော်သို့ ချက်ချင်း ပြန်ပို့ရန် ညွှန်ကြားလိုက်သည်။
........
ရက်အနည်းငယ်ကြာပြီးနောက်။
ဝူနိုင်ငံတော် နန်းတွင်း။
ယနေ့ ဝူနိုင်ငံတော် နန်းတွင်းခန်းမသည် ထူးထူးခြားခြား တိတ်ဆိတ်နေသည်။ ဝူဧကရာဇ်သည် နဂါးပလ္လင်ပေါ်တွင် မှုန်မှိုင်းသော မျက်နှာဖြင့် ထိုင်နေပြီး ဝန်ကြီးများ တိတ်ဆိတ်နေသည်ကို မြင်သောအခါ သူ၏ စိတ်အခြေအနေ ပို၍ဆိုးလာသည်။
“ပုံမှန်ဆိုရင် ခင်ဗျားတို့တတွေ အစည်းအဝေးမှာ ရန်ဖြစ်ရတာကို ကြိုက်ကြတယ်။ ဘာလို့ ဒီလို အရေးကြီးတဲ့ အချိန်ကျမှ ဘာစကားမှ မပြောနိုင်ပဲ ဆွံ့အကုန်ရတာလဲ။”
ယနေ့ နံနက် နန်းတွင်းအစည်းအဝေး၌ အရေးကြီးဆုံး ဆွေးနွေးရမည့် ကိစ္စမှာ မြောက်ပိုင်းပြည်နယ်နှင့် စစ်ပွဲ ဆက်လက်ဆင်နွှဲမည်လား သို့မဟုတ် ငြိမ်းချမ်းရေးကို ရှာဖွေမည်လားဟူ၍ ဖြစ်သည်။
နန်းတွင်းရှိ ဝန်ကြီးအများစုကတော့ မြောက်ပိုင်းပြည်နယ်၏ လျှို့ဝှက်လက်နက်များ၏ ကြောက်မက်ဖွယ်ရာ သဘောသဘာဝကို ထောက်ရှု၍ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများကို နှစ်သက်ကြသည်။ စစ်ပွဲ ဆက်လက်ဖြစ်ပွားပါက ဝူနိုင်ငံတော်ဘက်က အထိအခိုက်များစွာကို ခံစားရမည်ဖြစ်ပြီး အောင်ပွဲရရှိရန် အာမခံချက်လည်း မရှိပေ။
အောင်ပွဲ မသေချာပါက အမြန်ဆုံး ငြိမ်းချမ်းရေး ရှာဖွေပြီး မြောက်ပိုင်းပြည်နယ်မှ ထိုလက်နက်များ ထုတ်လုပ်သည့် လျှို့ဝှက်ချက်များကို ခိုးယူရန် နည်းလမ်း ရှာဖွေခြင်းက ပိုမိုကောင်းမွန်သည်ဟု သူတို့ ယူဆကြသည်။
ဝူနိုင်ငံတော်လည်း မြောက်ပိုင်းပြည်နယ်ကဲ့သို့ လက်နက်ပိုင်ဆိုင်ပြီးသည်နှင့် သူတို့အား ပြန်လည်ထိုးစစ်ဆင်နိုင်မည်ဟု ဝန်ကြီးအများစုက တွေးကြသည်။
ဝန်ကြီးများ ထိုသို့ တွေးနေကြသော်လည်း မည်သူမှ တိုက်ရိုက်ပြောဆိုရဲခြင်း မရှိပေ။ ဝူဧကရာဇ်သည် ရန်သူအား ဘယ်တော့မှ အလျှော့မပေးလိုသော တင်းမာသည့် သဘောထားရှိသည့် ပုဂ္ဂိုလ်ဖြစ်ကြောင်း သူတို့ ကောင်းစွာ သိကြသည်။ ဤအချိန်တွင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ စတင်ရန် အကြံပြုပါက ဝူဧကရာဇ်ကို ဒေါသထွက်စေမည်သာဖြစ်သည်။
ထို့ကြောင့် မည်သူမှ မပြောဝံ့ပဲ တိတ်ဆိတ်စွာ နေခဲ့ကြသည်။
ထိုအချိန်တွင် ဝူဧကရာဇ်၏ အကြည့်က ချိုင်ကျိလျှံထံသို့ ရောက်ရှိသွားသည်။ မင်းသမီး ကျန်းဝမ်၏ အာဏာကို ရုပ်သိမ်းပြီးနောက်ပိုင်း ချိုင်ကျိလျှံသည် ယခင်ကကဲ့သို့ အစီရင်ခံစာများ တက်တက်ကြွကြွ တင်ပြခြင်း မရှိတော့ပေ။
ယခုအခါ မင်းသမီး ကျန်းဝမ်၏ ဘက်တော်သား အရာရှိ အများစုသည် အခြားမင်းသားများထံသို့ ကူးပြောင်းသွားကြပြီး ချိုင်ကျိလျှံဘက်တွင် အင်အား သိသိသာသာ လျော့နည်းသွားသည်။ တကယ်တော့ ချိုင်ကျိလျှံ၏ အရာရှိများသည် အမှန်တကယ် အလုပ်လုပ်ကြသူများ ဖြစ်ကြပြီး ဝူကျန်းဝမ်၏ အာဏာဆုံးရှုံးပြီးနောက် တက်ကြွစွာ အလုပ်လုပ်သူ အရေအတွက် သိသိသာသာ လျော့နည်းသွားခဲ့သည်။
ထို့နောက် ဝူဧကရာဇ်က မေးခွန်းထုတ်လိုက်သည်။
“ချိုင်လူကြီးမင်းရဲ့ အမြင်အရ စစ်ပွဲကို ဆက်သင့်တယ်လို့ ထင်သလား။ ဒါမှမဟုတ် မြောက်ပိုင်းပြည်နယ်နဲ့ ငြိမ်းချမ်းရေး ရှာဖွေသင့်သလား”
ထိုမေးခွန်းကို ကြားသောအခါ ချိုင်ကျိလျှံ ခန်းမအလယ်သို့ တက်လှမ်းလာပြီး လက်နှစ်ဖက်ကို ယှက်၍ ခါးညွှတ်ကာ
“မင်းကြီး။ လက်ရှိအခြေအနေအရ ကျွန် တော်တို့ရဲ့ တစ်ခုတည်းသော ရွေးချယ်စရာက ငြိမ်းချမ်းရေး ရှာဖွေဖို့ပဲ ရှိပါတယ်။”
ထိုစကားကို ကြားသောအခါ ဝူဧကရာဇ်၏ မျက်နှာ ပို၍ပင် မည်းမှောင်လာသည်။
ချိုင်ကျိလျှံက ဆက်လက်၍
“မင်းကြီး။ ကျွန်တော်ဟာ မင်းကြီးရဲ့ ရည်မှန်းချက်တွေကို အလေးအမြတ် ထားပါတယ်။ ဒါပေမဲ့ မြောက်ပိုင်းပြည်နယ်ရဲ့ လက်နက် စွမ်းအားဟာ ဝူနိုင်ငံတော်ရဲ့ စွမ်းအားထက် များစွာ သာလွန်နေပါတယ်။ စစ်ပွဲကို ဆက်လက်ဆင်နွှဲမယ်ဆိုရင် ကျွန်တာ်တို့ဘက်က ထိခိုက်မှုတွေပဲ ပိုမိုများပြားပါလိမ့်မယ်။”
ဝူဧကရာဇ်က လှောင်ပြောင်သလို ရယ်မောလိုက်ပြီးနောက်
“ငြိမ်းချမ်းရေး ရှာဖွေမယ် ဟုတ်လား။ ဝူနိုင်ငံတော်က ငြိမ်းချမ်းရေး ဆွေးနွေးဖို့ စတင်လိုက်ရင် မြောက်ပိုင်းပြည်နယ်က ချက်ချင်း စစ်ပွဲ ရပ်တန့်မယ်လို့ ခင်ဗျားတို့ ဝန်ကြီးတွေ အားလုံးက တကယ် ထင်နေကြတာလား “
ထိုအချိန်တွင် ချိုင်ကျိလျှံက
“မင်းကြီး။ ယိုပင်ခရိုင်ကို သိမ်းပိုက်ပြီးနောက်ပိုင်း မြောက်ပိုင်းပြည်နယ်ရဲ့ တပ်ဖွဲ့တွေက တောင်ဘက်ကို ဆက်မတက်လာသေးပါဘူး။ သူတို့ တကယ်ပဲ ဝူနိုင်ငံတော်ကို တိုက်ခိုက်ဖို့ ရည်ရွယ်ခဲ့မယ်ဆိုရင် လွန်ခဲ့တဲ့ ရက်အနည်းငယ်ကတည်းက တပ်တွေ တောင်ဘက်ကို စေလွှတ်ခဲ့မှာပါ။ မြောက်ပိုင်းပြည်နယ်ရဲ့ လက်ရှိ စစ်အင်အားနဲ့ဆိုရင် နောက်ထပ် ခရိုင်အချို့ကို သိမ်းပိုက်နိုင်ဖို့ မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး။”
ထိုစဉ် ဝန်ကြီးတစ်ဦး ထရပ်ပြီး ဒေါသတကြီးဖြင့်
“ချိုင်လူကြီးမင်း။ ခင်ဗျားက ဝူနိုင်ငံတော်ရဲ့ လက်အောက်ခံလား ဒါမှမဟုတ် မြောက်ပိုင်းပြည်နယ်ရဲ့ လက်အောက်ခံလား။ မြောက်ပိုင်းပြည်နယ်ရဲ့ အင်အားကို မြှောက်တင်ပြီး ဝူနိုင်ငံတော်ရဲ့ ဂုဏ်ကို နင်းချတဲ့အထိ ခင်ဗျား ဘယ်လိုလုပ်ရဲနေတာလဲ။”
................
အခန်း (၆၀၂)
မင်းသားက ဓားစာခံဖြစ်မယ့် တစ်ယောက်ယောက်ကို စိတ်ထဲမှာ ရှိနေပြီလား (၂)
ထိုအချိန်တွင် ဝူဧကရာဇ်က တင်းမာသော မျက်နှာထားဖြင့် ချိုင်ကျိလျှံကို စိုက်ကြည့်ကာ
“ဒါဆို ချိုင်လူကြီးမင်းရဲ့အမြင်အရ မြောက်ပိုင်းပြည်နယ်က ဘာလို့တောင်ဘက်ကို ဆက်မတက်လာတာလဲ။”
ချိုင်ကျိလျှံက ခပ်အေးအေးပင် ပြန်ဖြေလိုက်သည်။
“မြောက်ပိုင်းပြည်နယ်တပ်တွေ တောင်ဘက်ကို ဆက်မတက်လာရတဲ့ အကြောင်းရင်းကတော့ ဝူနိုင်ငံတစ်ခုလုံးကို ဖျက်ဆီးပစ်နိုင်လောက်တဲ့ အင်အား သူတို့မှာ မရှိသေးလို့ပါပဲ။ မြောက်ပိုင်းပြည်နယ် တပ်တွေသာ တောင်ဘက်ကို ဆက်ချီတက်မယ်ဆိုရင် တခြား နိုင်ငံတွေကို ပိုပြီး စိုးရိမ်ပူပန်စေမှာ သေချာပါတယ်။ နောက်ဆုံးမှာတော့ အင်ပာကြီးတွေ ပူးပေါင်းပြီး မြောက်ပိုင်းပြည်နယ်ကို ရင်ဆိုင်လာနိုင်ပါတယ်။
“ ဒါကြောင့် ကျွန်တော်ထင်တာက မြောက်ပိုင်းနယ်စားမင်းသားက ဝူနိုင်ငံတော်ကို သိမ်းပိုက်ချင်စိတ် အမှန်တကယ်ရှိခဲ့ရင်တောင် ဒီအချိန်မှာ ဝူနိုင်ငံတော်ကို တကယ်တိုက်ခိုက်မှာ မဟုတ်ပါဘူး။”
“မြောက်ပိုင်းနယ်စားမင်းသား ယိုပင်ခရိုင်ကို သိမ်းပိုက်တာဟာ အဓိကအားဖြင့် အင်ပါယာကြီးတွေကို ခြိမ်းခြောက်ဖို့နဲ့ မြောက်ပိုင်းပြည်နယ်မှာ လွှမ်းမိုးနိုင်တဲ့ အင်းအားရှိနေပြီဆိုတာ ပြသဖို့ပါပဲ။”
“ကျွန်တော့်အမြင်မှာ မြောက်ပိုင်းနယ်စားမင်းသားသာ ကမ္ဘာကို လွှမ်းမိုးချင်တယ်ဆိုရင် ရှနိုင်ငံတော်ရဲ့ ထီးနန်းကို အရင်ဆုံး သိမ်းပိုက်ရမှာဖြစ်ပါတယ်။”
ထိုစကားကို ကြားသောအခါ ဝူဧကရာဇ်၏ မျက်ခုံးများ အနည်းငယ်ပင့်တက်သွားပြီး အတွေးထဲ နစ်မြောသွား၏။
ထိုအချိန်တွင် ခန်းမဆောင် အပြင်ဘက်မှ စစ်သည်တစ်ဦး၏ အသံပေါ်ထွက်လာသည်။
“ယိုပင်ခရိုင်မှ အရေးပေါ်သတင်း။”
ခန်းမဆောင်အတွင်း ချက်ချင်းပင် ပိုမိုတိတ်ဆိတ်သွားပြီး ဝန်ကြီးများ၏ မျက်နှာများတွင်လည်း စိုးရိမ်သောကများ ဖုံးလွှမ်းသွားကြ၏။ မြောက်ပိုင်းပြည်နယ်တပ်များ တောင်ဘက်သို့ ရောက်လာပြီလားဟု သူတို့ တွေးတောမိနေကြပြီဖြစ်သည်။
မကြာမီပင် သံတော်ဆင့်စစ်သည်တစ်ဦး ခန်းမဆောင်ထဲသို့ ဝင်ရောက်လာပြီး ဒူးထောက်ကာ စာအိတ်တစ်အိတ်ကို လက်နှစ်ဖက်ဖြင့် မြှောက်ကိုင်၍
“မင်းကြီး။ စစ်သူကြီးကျန်းနဲ့ စစ်သူကြီးရွှီတို့ ပျောက်ဆုံးနေပါတယ်။ ဝူနိုင်ငံတော်ရဲ့ စစ်သည်နှစ်သိန်းဟာ မြောက်ပိုင်းပြည်နယ်ကို လက်နက်ချလိုက်ပါပြီ”
ဟု လျှောက်တင်လိုက်သည်။
ထိုစကားကို ကြားသည်နှင့် တစ်ပြိုင်နက် ခန်းမဆောင်တစ်ခုလုံး ဆူညံပွက်လောရိုက်သွားသည်။
ပျောက်ဆုံးနေတယ်တဲ့လား....
ကျန်းဟုန်နဲ့ ရွှီစင်ဝမ်တို့ ဘယ်လိုလုပ် ရုတ်တရက် ပျောက်ကွယ်သွားနိုင်ရတာလဲ။
သူတို့နှစ်ဦးသည် ဝူနိုင်ငံတော်၏ အားကိုးရာ ထောက်တိုင်နှစ်တိုင်ဖြစ်ကြသည်။ သူတို့ပျောက်ဆုံးမှုသည် နိုင်ငံအတွက် ကြီးမားသော ထိုးနှက်ချက်ကြီးတစ်ခု ဖြစ်သည်။
သတိပြန်ဝင်လာပြီးနောက် နဂါးပလ္လင်အောက်ရှိ မိန်းမစိုးက စာအိတ်ကို သံတော်ဆင့် စစ်သည်၏ လက်ထဲမှ အလျင်အမြန်ယူကာ ဝူဧကရာဇ်ထံ ဆက်သလိုက်သည်။
ဝူဧကရာဇ်လည်း မိန်းမစိုး၏ လက်ထဲမှ စာအိတ်ကို ဆွဲယူကာ ဖွင့်၍ဖတ်ရှုလိုက်သည်။ စာပါအကြောင်းအရာများကို မြင်တွေ့ပြီးနောက် ဝူဧကရာဇ် တစ်ဖန်ပြန်၍ တိတ်ဆိတ်သွား၏။
ဤအချိန်တွင် ခန်းမဆောင်အတွင်းရှိ စိတ်ခံစားမှုလေထုမှာ အသက်ရှူရခက်ခဲလောက်အောင် ဖိစီးမှုများစွာဖြင့် ပြည့်နှက်နေသည်။
အချိန်အတော်ကြာပြီးနောက် ဝူဧကရာဇ်က နောက်ဆုံးတွင်
“ယိုပင်ခရိုင် ကျဆုံးပြီးနောက်ပိုင်း ကျန်းနဲ့ ရွှီ လူကြီးမင်းတို့ဟာ မြောက်ပိုင်းပြည်နယ်က ထိပ်သီးအဆင့် စစ်သူကြီးနှစ်ဦးကို လုပ်ကြံဖို့ လင်ရန်မြို့ထဲ ဝင်သွားကြပြီး ရုတ်တရက် ပျောက်ကွယ်သွားခဲ့ကြတယ်။ သူတို့ရဲ့ ခေါင်းဆောင်မှု မရှိတော့တာကြောင့် စစ်သည်နှစ်သိန်းဟာ နောက်ဆုံးမှာ မြောက်ပိုင်းပြည်နယ်ကို လက်နက်ချလိုက်ရတာဖြစ်တယ်...”
ဝူဧကရာဇ် ထိုသို့ပြောဆိုရင်း နဂါးပလ္လင်ပေါ်သို့ လက်ဖြင့် ရိုက်ချလိုက်ရာ ပလ္လင်၏ တစ်ဖက်ခြမ်းမှာ ချက်ချင်းပင် ကြေမွသွားပြီး သူ၏ ခန္ဓာကိုယ်မှ အတွင်းအားလှိုင်းများ ထွက်ပေါ်လာကာ ခန်းမအတွင်းရှိ သိုင်းပညာမတတ်သော အရပ်ဖက်အရာရှိများကို မြေပေါ်လဲကျစေခဲ့သည်။
ဝန်ကြီးများမှာ ခေါင်းငုံ့ကာ တုန်ရီနေကြပြီး အသက်ပင်ကျယ်ကျယ် မရှူဝံ့ကြချေ။
အချိန်အတော်ကြာပြီးနောက် ဝူဧကရာဇ်၏ စိတ်ထဲမှ ဒေါသများ အနည်းငယ် ငြိမ်သက်သွားသည်။ ထို့နောက် သူ၏ အတွင်းအားများကို ပြန်လည်စုစည်းကာ
“ဝန်ကြီးတို့။ ကျန်းဟုန်နဲ့ ရွှီစင်ဝမ်တို့ဟာ မြောက်ပိုင်းပြည်နယ်ဘက်ကို ကူးပြောင်းသွားတာလား။ ဒါမှမဟုတ် အသတ်ခံရတာလားဆိုတာ ခင်ဗျားတို့ပြောကြပါ။”
ဝူဧကရာဇ်၏ စကားမဆုံးသေးခင်မှာပင် မင်းသားအုပ်စုတစ်စုမှ အရာရှိတစ်ဦး ထရပ်ကာ
“မင်းကြီး။ ဂုဏ်သရေရှိ စစ်သူကြီးနှစ်ဦးဟာ သူတို့ရဲ့နိုင်ငံအပေါ် သစ္စာစောင့်သိမှုနဲ့ ချစ်ခြင်းမေတ္တာကို အသက်နဲ့ရင်းပြီး ပြသခဲ့ကြပါတယ်။ ဝူနိုင်ငံတော်အတွက် နယ်မြေများစွာကို သိမ်းပိုက်ပေးခဲ့ပြီး မင်းအဆက်ဆက်ကို အမှုထမ်းခဲ့ကြတာပါ။ နောက်ပြီး သူတို့ရဲ့ မိသားစုဝင်တွေအားလုံး ဝူနိုင်ငံတော်မှာ ရှိနေသေးတာဖြစ်လို့ သူတို့ သစ္စာဖောက်သွားဖို့ဆိုတာ လုံးဝမဖြစ်နိုင်ပါဘူး။”
ရွှီစင်ဝမ်နှင့် ကျန်းဟုန်တို့နှစ်ဦးစလုံးသည် မင်းသား ဝူမင်း၏ အုပ်စုကို ကျေးဇူးပြုခဲ့သူများဖြစ်၏။ အကယ်၍ သူတို့သာ ဝူနိုင်ငံတော်ကို သစ္စာဖောက်ခဲ့ပါက ကျန်းနှင့် ရွှီမိသားစုနှင့် ဆက်စပ်သူများစွာ ပါဝင်ပတ်သက်သွားမည်ဖြစ်သည်။
သူတို့သာ ဝူနိုင်ငံတော်ကို အမှန်တကယ် သစ္စာဖောက်ခဲ့လျှင်တောင် မင်းသားဝူမင်း၏ အုပ်စုက ဘယ်တော့မှ ဝန်ခံမည်မဟုတ်ချေ။ ထို့ကြောင့် ကျန်းဟုန်နှင့် ရွှီစင်ဝမ်တို့သည် နိုင်ငံအတွက် အသက်စွန့်ခဲ့ကြခြင်းသာ ဖြစ်ရမည်။ ပြီးတော့ သူတို့ အမှန်တကယ်လည်း သေဆုံးသွားခဲ့ပြီဖြစ်သည်။
ထိုအချိန်တွင် စစ်ရေးဝန်ကြီးဌာန၏ အတွင်းရေးမှူးလည်း ထရပ်ကာ
“ဂုဏ်သရေရှိ စစ်သူကြီးနှစ်ဦးဟာ မြောက်ပိုင်းပြည်နယ်ရဲ့ ထောင်ချောက်ထဲကို ကျရောက်ပြီး နိုင်ငံအတွက် အသက်စွန့်ခဲ့ကြရတာ ဖြစ်နိုင်ပါတယ်။”
ထို့နောက် အခြားဝန်ကြီးများစွာ ထရပ်ကာ ပြောဆိုကြပြီး ရွှီစင်ဝမ်နှင့် ကျန်းဟုန်တို့ ဝူနိုင်ငံတော်ကို သစ္စာမဖောက်ခဲ့ကြောင်း ငြင်းဆန်ခဲ့ကြ၏။
နာရီဝက်ခန့် ကြာပြီးနောက် ဝူဧကရာဇ်၏ အကြည့်က ချိုင်ကျိလျှံထံ တစ်ဖန်ပြန်လည် ရောက်ရှိလာသည်။
“ချိုင်လူကြီးမင်း။ စစ်သူကြီးနှစ်ဦးဟာ နိုင်ငံအတွက် အသက်စွန့်ခဲ့ကြတာလို့ ခင်ဗျားလည်း ထင်တာလား။”
ချိုင်ကျိလျှံက ရှေ့သို့တိုးကာ
“ဟုတ်ပါတယ်”
ဝူဧကရာဇ်က
“သူတို့နှစ်ဦးစလုံးက အဆင့်လွန်ပညာရှင်တွေပဲ။ သူတို့သာ ထွက်ပြေးချင်ရင် ဘယ်သူက သူတို့ကို တားနိုင်မှာလဲ”
ဟု မေးခွန်းထုတ်သည်။
အဆင့်လွန်ပညာရှင်တစ်ဦးကို သတ်ဖြတ်ရန် မလွယ်ကူသလို အဆင့်လွန်ပညာရှင်တစ်ဦးသာ ထွက်ပြေးရန် စိတ်ပိုင်းဖြတ်ထားပါက အခြားအဆင့်လွန်ပညာရှင်တစ်ဦးက ဖမ်းမိနိုင်မည် မဟုတ်ချေ။
သို့သော် ကျန်းဟုန်နှင့် ရွှီရှင်းဝမ်တို့သည် လင်ရန်မြို့ထဲသို့ ရောက်သည်နှင့် တစ်ပြိုင်နက် သဲလွန်စမကျန် ပျောက်ကွယ်သွားခဲ့ကြ၏။ လေထဲတွင် ပျောက်သွားသကဲ့သို့ပင် ဖြစ်နေ၏။ ထိုအချက်က ဝူဧကရာဇ်ကို သူတို့ သစ္စာဖောက်သွားပြီလားဟု သံသယဝင်စေခဲ့သည်။
ထို့နောက် ချိုင်ကျိလျှံက
“မင်းကြီး။ ဝူနိုင်ငံတော်မှာ အဆင့်လွန်ပညာရှင်တွေ ရှိသလို မြောက်ပိုင်းပြည်နယ်မှာလည်း ရှိပါတယ်။ မြောက်ပိုင်းပြည်နယ်ဟာ လျှို့ဝှက်ဆန်းကြယ်တဲ့ လက်နက်တွေ အများကြီး ပိုင်ဆိုင်ထားပြီး ကျွန်တော်တို့ မသိသေးတဲ့ တခြားနည်းလမ်းတွေလည်း ရှိနိုင်တာကြောင့် ဂုဏ်သရေရှိ စစ်သူကြီးနှစ်ဦးဟာ မြောက်ပိုင်းပြည်နယ်ရဲ့ ထောင်ချောက်တစ်ခုထဲကို ကျရောက်ပြီး နိုင်ငံအတွက် အသက်စွန့်ခဲ့ကြတာ ဖြစ်နိုင်ခြေအများဆုံးပါပဲ။”
“ဒီဂုဏ်သရေရှိ စစ်သူကြီးနှစ်ဦးဟာ ဝူနိုင်ငံတော်နဲ့ မင်းကြီးကို လုံးဝသစ္စာဖောက်မှာ မဟုတ်ဘူးလို့ ကျွန်တော်ယုံကြည်ပါတယ်။”
ရွှီစင်ဝမ်နှင့် ကျန်းဟုန်တို့၏ မိသားစုဝင် ထောင်ပေါင်းများစွာ ဝူနိုင်ငံတော်၌ ရှိနေသေးသည့်အတွက် သူတို့သည် ဆွေမျိုးများကို စွန့်ပစ်ပြီး မြောက်ပိုင်းပြည်နယ်သို့ တိုက်ရိုက်သစ္စာဖောက်ရန် မဖြစ်နိုင်ချေ။ သူတို့သာ သစ္စာဖောက်ခဲ့ပါက ဝူဧကရာဇ်၏ စိတ်နေသဘောထားအရ ရွှီနှင့် ကျန်းမိသားစုအိမ်တော်များတွင် သွေးချောင်းစီးရမည်မှာ ရှောင်လွဲ၍ မရပေ။ ထို့ကြောင့် တစ်ခုတည်းသော ဖြစ်နိုင်ခြေမှာ သူတို့ သေဆုံးသွားခြင်းပင် ဖြစ်သည်။
ဝူဧကရာဇ် တစ်ဖန်ပြန်၍ တိတ်ဆိတ်သွား၏။
စက္ကန့်နှင့် မိနစ်များစွာ ကုန်လွန်သွား၏။ ဝူဧကရာဇ်၏ တိတ်ဆိတ်နေမှုသည်လည်း ဆယ့်ငါးမိနစ်ခန့် ကြာမြင့်ခဲ့ပြီဖြစ်သည်။ ထိုအချိန်အတွင်း ခန်းမဆောင်အတွင်းရှိ ဝန်ကြီးတစ်ဦးတစ်ယောက်မှ စကားတစ်ခွန်း မဆိုကြချေ။
နောက်ဆုံးတွင် ဝူဧကရာဇ်လည်း တစ်စုံတစ်ခုကို သဘောပေါက်သွားဟန်ဖြင့် သူ၏ နဂါးပလ္လင်မှ ထရပ်ကာ
“နန်းတွင်း အစည်းအဝေး ရပ်နားပြီ”
ဟု ကြေညာလိုက်သည်။
ထို့နောက် သူ၏ ဝတ်ရုံလက်စကို ဝှေ့ယမ်းကာ ခန်းမဆောင်မှ ထွက်ခွာသွားသည်။
နောက်ထပ် လဝက်ခန့်အကြာတွင် ဝူဧကရာဇ်သည် နန်းတွင်းအစည်းအဝေးများ မကျင်းပတော့ပဲ ပြင်းထန်စွာ နာမကျန်းဖြစ်နေသည်ဟူသော ကောလာဟလများ ပျံ့နှံ့လာခဲ့သည်။
.............
အခန်း (၆၀၃)
မင်းသားက ဓားစာခံဖြစ်မယ့် တစ်ယောက်ယောက်ကို စိတ်ထဲမှာ ရှိနေပြီလား (၃)
ဝူဧကရာဇ် နာမကျန်းဖြစ်သည့်အချိန်တွင် အကြံပေးပုဂ္ဂိုလ်များလည်း အလွဲလွဲအမှားမှား ဖြစ်ကုန်ကြ၏။ မြောက်ပိုင်းပြည်နယ်၏ တပ်များသည် ယိုပင်ခရိုင်တွင် တပ်စွဲထားပြီး မည်သည့်အချိန်မဆို တောင်ဘက်သို့ ချီတက်ရန် အသင့်အနေအထားဖြစ်နေပြီဖြစ်သည်။ ထိုအချိန်တွင် နိုင်ငံ၏ အချုပ်အခြာအာဏာပိုင်ဖြစ်သည့် ဧကရာဇ်မင်းက “ကွယ်ပျောက်နေသော နယ်စား” တစ်ပါး ဖြစ်နေ၏။
ကံကောင်းထောက်မစွာပင် ဝူဧကရာဇ်သည် နောက်ဆုံးတွင် မင်းသားဝူမင်းကို မြောက်ပိုင်းပြည်နယ်သို့ ငြိမ်းချမ်းရေး ဆွေးနွေးရန် သံအဖွဲ့ကို ဦးဆောင်ခိုင်းသည့် အမိန့်တော်တစ်ရပ် ထုတ်ပြန်ခဲ့သည်။
အမိန့်တော်ကို ကြေညာလိုက်သည့်အခါ အခြားမင်းသား အုပ်စုမှ အရာရှိများ ကျေနပ်နေကြ၏။ ငြိမ်းချမ်းရေးဆွေးနွေးခြင်းသည် မည်သူမှ မလိုချင်သော တာဝန်တစ်ခုဖြစ်သည်။
တစ်ဖက်တွင် ဝူဧကရာဇ်သည် တင်းမာသော သဘောထားကြောင့် နာမည်ကြီးသူဖြစ်သည်။ သူသည် သူ၏ဘဝတစ်လျှောက်လုံး စစ်ပွဲများစွာ ဆင်နွှဲခဲ့ပြီး မည်သည့်အင်အားစုကိုမှ ငြိမ်းချမ်းရေး တောင်းဆိုခဲ့ဖူးခြင်းမရှိပေ။ ဤသည်မှာ သူ၏ ပထမဆုံးအကြိမ်ဖြစ်သဖြင့် ဝူဧကရာဇ်အတွက်မူ ဤအရာသည် ဂုဏ်သိက္ခာကျဆင်းစေပြီး နာမည်ပျက်စေသည့် ကိစ္စကြီးတစ်ခုဖြစ်နေ၏။
နောင်တွင် ဝူဧကရာဇ်သည် မင်းသားဝူမင်းကို မြင်တိုင်း သူ၏ အရှက်ရမှုများကို ပြန်သတိရကာ ထိုမင်းသားအပေါ် မနှစ်မြို့သော ခံစားချက်များ ရှိလာနိုင်ပေသည်။
ထိုအချက်အပြင် နောက်တစ်ချက်မှာ ဝူနိုင်ငံတော်သည် မြောက်ပိုင်းပြည်နယ်အား စစ်ရေးအရ ရှုံးနိမ့်ခဲ့ခြင်းဖြစ်ရာ မြောက်ပိုင်းပြည်နယ်က ကြီးမားသော တောင်းဆိုမှုများကို ပြုလုပ်မည်မှာ သေချာသည်။ နယ်မြေများ ဆုံးရှုံးရခြင်းနှင့် နစ်နာကြေးပေးဆောင်ရခြင်းတို့အပြင် မင်းသားဝူမင်းသာ ဆွေးနွေးပွဲများကို ကောင်းစွာမကိုင်တွယ်နိုင်ပဲ ဝူနိုင်ငံတော်၏ ဆုံးရှုံးမှုများကို ပိုမိုများပြားစေခဲ့ပါက အိမ်ရှေ့မင်းသားဖြစ်မည့် အခွင့်အရေးကို လက်ပြနှုတ်ဆက်ရုံသာ ရှိတော့မည်။
ဝူဧကရာဇ်က မြောက်ပိုင်းပြည်နယ်သို့ သံအဖွဲ့စေလွှတ်ရန် ရည်ရွယ်ကြောင်း ကြားသိရပြီးနောက် သူမကို ထိုတာဝန်အတွက် ရွေးချယ်ရန် ဝူကျန်းဝမ် နည်းမျိုးစုံဖြင့် ဧကရာဇ်အား ကြိုးစားစည်းရုံးခဲ့သည်။ သူမ မည်မျှပင် ကြိုးစားသော်လည်း ဝူဧကရာဇ်သည် သူမကို လုံးဝ လျစ်လျူရှုခဲ့သည်။ ချိုင်ကျိလျှံက အကြိမ်များစွာ တောင်းဆိုပေးခဲ့သော်လည်း ဧကရာဇ်က သဘောမတူရုံသာမက ချိုင်ကျိလျှံကိုပင် ရာထူးချခဲ့သည်။
ဝူဧကရာဇ်၏ တုံ့ပြန်မှုက ဝူကျန်းဝမ်ကို လုံးဝစိတ်ပျက်အားငယ်စေခဲ့သည်။ သူမ၏ဖခင်သည် သူမအပေါ် မျှော်လင့်ချက် ကုန်ဆုံးသွားပုံရ၏။ သူမသည် နိုင်ငံရေးတွင် ထပ်မံပါဝင်ခွင့်ရတော့မည် မဟုတ်ပေ။
.......
မြောက်ပိုင်းပြည်နယ်။
ယနေ့တွင် ရာသီဥတု သာယာပြီး လေညှင်းများက အေးမြနေသည်။ လုချန်းသည် ရှားရှားပါးပါး အခွင့်အရေးကို ယူ၍ သူ၏ ဇနီးမယားများနှင့်အတူ လေပြင်းမိုးတိမ်ဆောင်ထဲ၌ လက်ဖက်ရည် သောက်သုံးနေခဲ့သည်။
စစ်ပွဲ၏ ပထမအဆင့် ပြီးဆုံးသွားပြီဖြစ်ရာ ယခုအခါ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ပြုလုပ်ရန် အချိန်ရောက်ပြီဖြစ်သည်။
လုချန်းသည် ကျောက်ခုံတန်းပေါ် ထိုင်နေပြီး နဂါးဖီးနစ်လက်ဖက်ရည်ကို တစ်ငုံသောက်ကာ ချူးယုချင်၏ လက်ထဲမှ ကလေးကို ကျီစယ်နေသည်။
ထိုအချိန်တွင် အဖြူရောင် ဝတ်စုံ သပ်သပ်ရပ်ရပ် ဝတ်ဆင်ထားသော တုန်းဖန်လုံယွဲ့ အဆောင်ထဲသို့ ဝင်ရောက်လာသည်။သူမသည် ယနေ့အစောပိုင်းက သတင်းစာတိုက်တွင် အလုပ်လုပ်နေခဲ့သည်။ စာရေးနေရင်း ဝူနိုင်ငံတော်နှင့် မြောက်ပိုင်းပြည်နယ်တို့၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို ရုတ်တရက် သတိရမိပြီး လုချန်းကို ရှာရန် မင်းသားစံအိမ်သို့ အလျင်အမြန် ပြန်လာခဲ့၏။ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများအတွင်း မြောက်ပိုင်းပြည်နယ်က မည်သည့်အရာများကို တောင်းဆိုမည်ကို သူမသိထားလို၍ ဖြစ်သည်။
နိုင်ငံများကြား ညှိုနိုင်ဆွေးနွေးမှုများ၏ သဘောသဘာဝမှာ အမြဲတမ်း ထိုကဲ့သို့ဖြစ်သည်။ နိုင်ငံတစ်နိုင်ငံမှ သံတမန်များသည် အခြားနိုင်ငံသို့ သွားရောက်သောအခါ နှစ်နိုင်ငံစလုံးသည် ညှိနှိုင်းမှူတွင် အသာစီးရရန် ကြိုးစားတတ်ကြသည်။
ဝူနိုင်ငံတော်၏ သံတမန်များ မြောက်ပိုင်းပြည်နယ်သို့ လာရောက်တော့မည်ဖြစ်ရာ မြောက်ပိုင်းပြည်နယ်အနေနှင့် ပြည်သူ့ထင်မြင်ချက်ကို ပုံဖော်ရန်နှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများအတွက် အချို့သော အခြေအနေများကို ထုတ်ပြန်ကာ ဝူနိုင်ငံတော်ကို စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်မှုများ ပြုလုပ်စေရန် အချိန်ရောက်ပြီဖြစ်သည်။
တုန်းဖန်လုံယွဲ့သည် ဘယ်ဘက်လက်တွင် မှတ်စုစာအုပ်တစ်အုပ်ကို ကိုင်ထားပြီး ညာဘက်လက်တွင် ဘောပင်တစ်ချောင်းကို ကိုင်ထားကာ လုချန်းနားသို့ ချဉ်းကပ်လာပြီး
“မင်းသား။ ဝူနိုင်ငံတော်က မကြာခင် မြောက်ပိုင်းပြည်နယ်နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးတော့မှာဆိုတော့ မြောက်ပိုင်းပြည်နယ်က ဘယ်လို အခြေအနေတွေကို တင်ပြဖို့ စီစဉ်ထားသလဲ သိခွင့်ရမလား။”
လုချန်းက
“အဲဒါကတော့ နိုင်ငံရေးရာ ခန်းမမှာ အရာရှိတွေနဲ့ ဆွေးနွေးတိုင်ပင်ဖို့ လိုပါသေးတယ်။ ဒါကြောင့် ဘာမှ မဆုံးဖြတ်ရသေးပါဘူး။”
လုချန်းသည် မင်းသားဖြစ်သော်လည်း နိုင်ငံတော်ကိစ္စရပ်များတွင် ဆုံးဖြတ်ချက်များ မချမီ မြောက်ပိုင်းပြည်နယ်နန်းတွင်းနှင့် ဆွေးနွေးတိုင်ပင်ရန် လိုအပ်ဆဲဖြစ်သည်။
လုချန်း၏ အဖြေကို ကြားရသောအခါ တုန်းဖန်လုံယွဲ့သည် သူမ၏ မှတ်စုစာအုပ်တွင် တစ်စုံတစ်ရာကို အလျင်အမြန် မှတ်စုယူလိုက်ပြီး ဆက်လက်မေးမြန်းပြန်သည်။
“မင်းသားရဲ့ အမြင်မှာ ဒီကိစ္စနဲ့ပတ်သက်ပြီး ဘယ်လိုထင်လဲ။ ဝူနိုင်ငံတော်က မြောက်ပိုင်းပြည်နယ်ကို ဘယ်လို နစ်နာကြေးတွေ ပေးသင့်တယ်လို့ ထင်လဲ။”
လုချန်းက ခဏမျှ စဉ်းစားပြီးနောက်
“နစ်နာကြေးကိစ္စနဲ့ ပတ်သက်ရင်တော့ ရွှေက ပထမ။ ပြီးရင် မြေယာပေါ့။”
“ဒီနှစ်ခုကတော့ အခြေခံပဲပေါ့။ ဒါ့အပြင် ဝူနိုင်ငံတော်က ကုန်သွယ်ရေးမြို့တွေကို ပိုပြီး ဖွင့်လှစ်ပေးဖို့။ အခုကစပြီး ဝူနိုင်ငံတော်နဲ့ မြောက်ပိုင်းပြည်နယ်ကြား ကုန်သွယ်မှုအားလုံးကို မြောက်ပိုင်းပြည်နယ်က မကြာခင် ထုတ်လုပ်တော့မယ့် ငွေကြေးနဲ့ပဲ ဆောင်ရွက်ဖို့ တောင်းဆိုမယ်လို့ စီစဉ်ထားတယ်။”
တုန်းဖန်လုံယွဲ့သည် မှတ်စုများကို အလျင်အမြန် မှတ်သားနေပြီး လုချန်း စကားပြောရပ်သွားသည်ကို သတိပြုမိသဖြင့် ဆက်မေးလိုက်သည်။
“တခြား အခြေအနေတွေ ရှိသေးလား။”
လုချန်းက
“နောင်မှာ ဝူနိုင်ငံတော်က မြောက်ပိုင်းပြည်နယ်ကို လက်စားချေတာမျိုး မလုပ်နိုင်အောင် ဝူနိုင်ငံတော်က ဓားစာခံတွေကို မြောက်ပိုင်းပြည်နယ်ကို ပို့ရမယ်။”
ထိုစကားကို ကြားသောအခါ တုန်းဖန်လုံယွဲ့ရော အဆောင်ထဲရှိ အမျိုးသမီးများပါ အံ့အားသင့်သွားကြသည်။ သူတို့ထဲတွင် တုံးအသူ တစ်ယောက်မှ မပါပေ။ လုချန်းက ဓားစာခံဟူသော စကားကို ပြောသည်နှင့် တစ်ပြိုင်နက် လူတစ်ယောက်ကို သူတို့ စဉ်းစားမိသွားကြသည်။
တုန်းဖန်လုံယွဲ့က တိုက်ရိုက်ပင်
“ဓားစာခံကို မင်းသားက ဆုံးဖြတ်မှာလား။ ဒါမှမဟုတ် ဝူနိုင်ငံတော်က ပြောခွင့်ရှိမှာလား”
ဟု မေးလိုက်သည်။
လုချန်းက
“ဒီလူက ဓားစာခံအဖြစ် အမှုထမ်းရမှာဖြစ်တဲ့အတွက် ဓားစာခံရဲ့ အခန်းကဏ္ဍကို ဖြည့်ဆည်းပေးရမှာဖြစ်ပါတယ်။ ဝူနိုင်ငံတော်ကို ဆုံးဖြတ်ခွင့်ပေးလိုက်ရင် အရေးမပါတဲ့သူတစ်ယောက်ကို မြောက်ပိုင်းပြည်နယ်ကို ပို့လိုက်နိုင်ပြီး ဓားစာခံဆိုတဲ့ အယူအဆက အဓိပ္ပာယ်မဲ့သွားပါလိမ့်မယ်။ ဒါကြောင့် ဓားစာခံကို မြောက်ပိုင်းပြည်နယ်က ရွေးချယ်ရမှာဖြစ်ပါတယ်။”
လုချန်း၏ အဖြေကို ကြားရသောအခါ အဆောင်ထဲရှိ အမျိုးသမီးများ၏ သံသယများ ပိုမိုခိုင်မာလာခဲ့သည်။
တုန်းဖန်လုံယွဲ့က ဆက်လက်ဖိအားပေး၍
“မင်းသားက ဓားစာခံဖြစ်မယ့် တစ်ယောက်ယောက်ကို စိတ်ထဲမှာ ရှိနေပြီလား။”
.............