← Chapters

အခန်း ၆၀၇-၆၀၉

Vol. 41 Ch. 607-609

အခန်း ၆၀၇-၆၀၉

Vol. 41 Ch. 607-609

အခန်း (၆၀၇ )

တစ်နေ့သူမကိုယ်တိုင် ထိုရာထူးကိုရယူမယ်

မင်းသားအုပ်စုမှ ဝန်ကြီးများသည် ချိုင်ကျိလျှံ၏စကားကို ပြန်လည်ချေပလိုသော်လည်း မည်သည့်ဝန်ကြီးမျှ ဤအချိန်တွင် ရဲရဲတင်းတင်းမထွက်ဝံ့ကြပေ။

အားလုံးစောင့်ဆိုင်းနေကြသည်။

ဧကရာဇ်၏သဘောထားကို စောင့်မျှော်နေကြခြင်းဖြစ်သည်။

မည်သို့ပင်ဆိုစေ သူတို့၏ သဘောထားများကို တင်ပြခဲ့ကြပြီးပြီဖြစ်၏။ ဤကိစ္စနှင့်ပတ်သက်၍ ဝူဧကရာဇ်၏ ရပ်တည်ချက်ပေါ်တွင်သာ မူတည်တော့သည်။

အကယ်၍ ဝူဧကရာဇ်သည် မင်းသမီး ကျန်းဝမ်ကို လုံးဝ စွန့်လွှတ်ခဲ့ပြီဆိုပါက ချိုင်ကျိလျှံက သူအသေခံမည်ဟု ခြိမ်းခြောက်လျှင်တောင် အချည်းနှီး ဖြစ်လိမ့်မည်။ ဝူဧကရာဇ်၏ သဘောထားကို ပြောင်းလဲစေနိုင်လိမ့်မည် မဟုတ်ပေ။

ချိုင်ကျိလျှံ၏ စကားကို ကြားသောအခါ ဝူဧကရာဇ်က

“ချိုင်လူကြီးမင်းက မင်းသမီး ကျန်းဝမ်ကို ဓားစာခံအဖြစ် မသွားစေလိုဘူးဆိုရင် ခင်ဗျားရဲ့အမြင်အရ ဓားစာခံအဖြစ် အကောင်းဆုံး ကိုယ်စားလှယ်က ဘယ်သူဖြစ်မလဲ”

ဟု မေးလိုက်သည်။

ထိုမေးခွန်းနှင့် ကြုံတွေ့ရသောအခါ ချိုင်ကျိလျှံသည် ချက်ချင်း မဖြေဆိုပေ။ ဧကရာဇ်က ဝူကျန်းဝမ်ကို မြောက်ပိုင်းပြည်နယ်သို့ ဓားစာခံအဖြစ် စေလွှတ်ရန် သဘောတူလိုက်မည်ကို သူ့စိတ်ထဲတွင် အလွန်စိုးရိမ်ပူပန်နေသော်လည်း ထိုမေးခွန်းကို အလျင်အမြန် မဖြေရဲပေ။

သူက မင်းသားတစ်ပါးကို ဓားစာခံအဖြစ်စေလွှတ်ရန် အကြံပြုပါက ထိုမင်းသား၏အုပ်စုနှင့် ရန်ဖြစ်ရမည်ဖြစ်သည်။ လက်ရှိအခြေအနေတွင် ထိုဝန်ကြီးများကို ရန်စမည်ဆိုပါက ပိုပြီးဒုက္ခရောက်နိုင်စရာသာရှိသည်။

ခဏတာမျှ စဉ်းစားပြီးနောက် ချိုင်ကျိလျှံက နောက်ဆုံးတွင်

“အရှင်မင်းကြီး။ မင်းသမီး ကျန်းဝမ်ဖြစ်စေ အခြားမင်းသားတွေဖြစ်စေ အားလုံးဟာ အရှင်မင်းကြီးရဲ့ သားသမီးအရင်းများ ဖြစ်ကြပါတယ်။ ဒါကြောင့်မြောက်ပိုင်းပြည်နယ်ကို ပို့ဖို့ဓားစာခံတစ်ဦးကို ရွေးချယ်ရမယ်ဆိုရင် အဲ့ဒီ ဆုံးဖြတ်ချက်ကို မင်းကြီး ကိုယ်တိုင် ချမှတ်သင့်ပါတယ်။”

ထိုစကားကိုကြားသော ဝူဧကရာဇ် ရယ်မောလိုက်သည်။ ချိုင်ကျိလျှံသည် တကယ်ပင် ဆင်ဝှေ့ရန်ရှောင်ပြောတတ်သူဖြစ်သည်။

ထို့နောက် ဝူဧကရာဇ်က ဆက်လက်၍

“ကျုပ်ရဲ့ချစ်ခင်ရတဲ့ ဝန်ကြီးဖြစ်တဲ့ ချိုင်လူကြီးမင်းကိုယ်တိုင်လည်း သူတို့အားလုံးဟာ ကျုပ်ရဲ့ သားသမီးအရင်းတွေဆိုတာ သိနေပါလျက်နဲ့ ကျုပ်ရဲ့ ရင်သွေးထဲက တစ်ယောက်ကို မြောက်ပိုင်းပြည်နယ်ရဲ့ ကြမ်းတမ်းတဲ့ဒေသမှာ ဆင်းရဲဒုက္ခခံစေဖို့ ကျုပ်ကိုယ်တိုင်ကို ရွေးချယ်ခိုင်းတာ အရမ်း ရက်စက်ရာ ရောက်တယ်လို့ မထင်ဘူးလား။”

ချိုင်ကျိလျှံ ပြန်မဖြေပဲ ကြမ်းပြင်ပေါ်တွင်သာ ဒူးထောက်နေသည်။

ထိုစဉ် ဝူဧကရာဇ်က ဆက်လက်၍

“အကြီးဆုံးသမီးတော်အနေနဲ့ မင်းသမီး ကျန်းဝမ်က အကြီးဆုံးရဲ့ တာဝန်တွေကို သဘာဝအတိုင်း ထမ်းဆောင်သင့်တယ်။ မြောက်ပိုင်းပြည်နယ်က သူ့ကိုပဲ ဓားစာခံ ခေါ်မယ်လို့ အခိုင်အမာ ပြောလာရင် ကျုပ်လည်းရင်လေးလေးနဲ့ မင်းသမီး ကျန်းဝမ်ကို ဓားစာခံအဖြစ် မြောက်ပိုင်းပြည်နယ်ကို စေလွှတ်ရုံပဲ ရှိတော့တယ်။

ထိုစကားကိုကြားသော ခန်းမအတွင်းရှိ ဝန်ကြီးများအပါအဝင် ချိုင်ကျိလျှံပါ အံ့အားသင့်သွားတော့သည်။

အားလုံးသတိပြန်ရသောအခါ တညီတညွတ်တည်း

“မင်းကြီးပညာရှိတော်မူပါတယ်။”

ဝန်ကြီးများ၏အသံဆုံးသွားသောအခါ ချိုင်ကျိလျှံက

“မင်းကြီး။ ကျေးဇူးပြုပြီး နောက်တစ်ကြိမ်စဉ်းစားတော်မူပါ”

ဟု အသံကျယ်လောင်စွာဖြင့် လျှောက်တင်လိုက်သည်။

ဝူဧကရာဇ်က ချိုင်ကျိလျှံ၏ စကားကို ဂရုမစိုက်ပဲ ဆက်လက်၍

“နန်းတွင်းအစည်းအဝေး ပြီးရင် ဒီကိစ္စနဲ့ပတ်သက်ပြီး မင်းသမီး ကျန်းဝမ်နဲ့ ကျုပ်ကိုယ်တိုင် စကားပြောမယ်။ ကျုပ်ရဲ့ အခက်အခဲတွေကို သူ နားလည်လိမ့်မယ်လို့ ကျုပ်ယုံကြည်တယ်။”

ချိုင်ကျိလျှံသည် ဆက်လက်ပြောဆိုလိုသော်လည်း ဝူဧကရာဇ်က

“တော်ပြီ။ ဓားစာခံကိစ္စ ဖြတ်ပြီးပြီ။ နောက်ထပ် ဆွေးနွေးစရာ မလိုတော့ဘူး”

ဟု ဖြတ်ပြောလိုက်သည်။

နံနက်ပိုင်း နန်းတွင်းအစည်းအဝေးတွင် ကျန်ရှိသော အချိန်များတစ်လျှောက်လုံး ချိုင်ကျိလျှံ စိတ်ဓာတ်ကျနေပြီး ဝန်ကြီးများ နန်းတွင်း၌ ဆွေးနွေးသည့် အခြားကိစ္စများကို ဂရုမစိုက်တော့ပေ။ ဝူဧကရာဇ်သည် သူ၏အကြီးဆုံးသမီးတော်ကို မြောက်ပိုင်းပြည်နယ်သို့ ဓားစာခံအဖြစ် အမှန်တကယ် စေလွှတ်လိုလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။

ဝူကျန်းဝမ်သည် ထိပ်သီးပညာရှင်တစ်ဦး ဖြစ်ပြီး ထိုမင်းသားများမှာ အသုံးမကျသူများ ဖြစ်ကြသည်။ အသုံးမကျသူများကို ဓားစာခံအဖြစ် စေလွှတ်မည့်အစား အစွမ်းအထက်ဆုံးသူတစ်ဦးကို ရွေးချယ်ခဲ့သည်။

ဝူဧကရာဇ်က မင်းသမီး ကျန်းဝမ်ကို အမှန်တကယ် လုံးဝ စွန့်လွှတ်ခဲ့ပြီလား။

နံနက်ပိုင်း နန်းတွင်းအစည်းအဝေး ပြီးဆုံးပြီးနောက် ဝူဧကရာဇ်သည် စိမ်းလန်း‌သောမိုးတိမ်နန်းဆောင်သို့ လူလွှတ်ကာ ဝူကျန်းဝမ်ကို သူ၏စာကြည့်ခန်းသို့ ဆင့်ခေါ်ခဲ့သည်။ သူ၏သမီးနှင့် ထိုကိစ္စကို ကိုယ်တိုင် ဆွေးနွေးလို၍ ဖြစ်သည်။

ထိုအချိန်တွင် စိမ်းလန်း‌သောမိုးတိမ်နန်းဆောင် အတွင်း၌ ဝူကျန်းဝမ် အနားယူနေသည်။ သူမသည် ကုလားထိုင်ပေါ်တွင် စိတ်ပျက်အားငယ်စွာ လဲလျောင်းနေပြီး သူမ၏ မျက်လုံးများတွင် တစ်ချိန်ကရှိခဲ့သည့် အရောင်အဝါများ ကင်းမဲ့နေသည်။

ကြီးမားသော အာဏာရှိခဲ့ဖူးသူတစ်ဦးသည် ထိုအာဏာကို ဆုံးရှုံးရသောအခါ လျင်မြန်စွာ အိုမင်းသွားတတ်သည်ဟု ဆိုကြသည်။

ထိုစဉ် အမျိုးသမီးကိုယ်ရံတော်တစ်ဦး စိမ်းလန်း‌သောမိုးတိမ်နန်းဆောင်အတွင်းသို့ ဝင်ရောက်လာပြီး

“မင်းသမီး ကျန်းဝမ်။ မင်းကြီးက အခုချက်ချင်း နန်းတော်စာကြည့်ခန်းကို လာစေချင်ပါတယ်။”

ထိုစကားကြားရသောအခါ ဝူကျန်းဝမ် အစပိုင်းတွင် မှင်တက်သွားပြီးနောက် လျင်မြန်စွာ ထရပ်ကာ

“ဖခင်က နန်းတော်စာကြည့်ခန်းကို ဘာလို့‌ခါ်တာလဲ။”

အမျိုးသမီးကိုယ်ရံတော် ခဏခန့် တွန့်ဆုတ်နေပြီး နောက်ဆုံးတွင်

“မင်းကြီးက မြောက်ပိုင်းပြည်နယ်ကို ဓားစာခံအဖြစ် မင်းသမီးကို စေလွှတ်ဖို့ ရည်ရွယ်ထားတယ်လို့ ကြားသိရပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ဆွေးနွေးဖို့ မင်းသမီးကို နန်းတော်စာကြည့်ခန်းကို လာစေချင်တာ ဖြစ်နိုင်ပါတယ်”

ဝူကျန်းဝမ်သည် လုံးဝ မှင်တက်သွားသည်။

မြောက်ပိုင်းပြည်နယ်သို့ ဓားစာခံအဖြစ် သွားရမှလား။

ဒါ ဘယ်လိုဟာသမျိုးလဲ။

သူမ နေပြည်တော်မှ မြောက်ပိုင်းပြည်နယ်သို့ ထွက်ခွာသွားပါက ပြန်လည်တက်လှမ်းနိုင်မည့် အခွင့်အရေးအားလုံးကို လုံးဝ ဆုံးရှုံးရပေမည်။

သူမဖခင်က ဒီလောက်ရက်စက်လား။

ထိုသို့တွေးရင်း ဝူကျန်းဝမ် သူမ၏ လက်သီးများကို အလိုလို ဆုပ်မိလိုက်၏။ ထိုအခိုက်အတန့်တွင် လူငယ်တစ်ဦး၏ ပုံရိပ် သူမ၏ စိတ်ထဲသို့ လျင်မြန်စွာ ဖြတ်သန်းသွားကာ သူမ မြောက်ပိုင်းပြည်နယ်သို့ နောက်ဆုံးအကြိမ် ရောက်ရှိစဉ်က ထိုလူငယ် ပြောခဲ့သော စကားများ၊ အထူးသဖြင့် သူမ အလွန်ရှင်းလင်းစွာ မှတ်မိနေဆဲဖြစ်သော ဝါကျတစ်ကြောင်းက သူမ၏ နားထဲတွင် ပဲ့တင်ထပ်နေသည်။

“ဝူနိုင်ငံတော်တစ်ခုလုံးကို သိမ်းပိုက်ဖို့ လိုအပ်ချင်မှ လိုအပ်ပါလိမ့်မယ်။ မြောက်ပိုင်းပြည်နယ်ရဲ့ စွမ်းအားက အတိုင်းအတာတစ်ခုအထိ တိုးတက်လာတာနဲ့ ဝူနိုင်ငံတော်က တစ်ယောက်ယောက်က ချွမ်သခင်မကို မြောက်ပိုင်းပြည်နယ်ဆီ ပို့ပေးပါလိမ့်မယ်။”

မြောက်ပိုင်းနယ်စားမင်းသားသည် ထိုအချိန်က ချွမ်သခင်မဟု ရည်ညွှန်းခဲ့သော်လည်း သူက သူမကို ပြောနေခြင်း ဖြစ်သည်။

မြောက်ပိုင်းနယ်စားမင်းသား၏ စကားများကအနာဂတ်ဟောကိန်းတစ်ခုလို အမှန်တကယ်ဖြစ်လာမည်ဟု သူမလုံးဝမမျှော်လင့်ခဲ့ပေ။

စိတ်မပါသော်လည်း သူမဖခင် ဧကရာဇ်က သူမကို ဘာတွေပြောဆိုလိုသေးသည်ကို နားထောင်ရန်အတွက် နန်းတော်စာကြည့်ခန်းသို့ သွားရန် ဝူကျန်းဝမ် ဆုံးဖြတ်ခဲ့သည်။

မကြာမီ သူမက သူမ၏အစေခံများအား

“ငါ့ကို ဝတ်စုံအသစ်လဲပေးကြ”

ဟု အမိန့်ပေးလိုက်သည်။

ခဏအကြာတွင် ဝူကျန်းဝမ် ဝတ်စုံအသစ်လဲပြီး ဆံပင်ဖြီးလိုက်၏။ ယခင်ကထက် အားအင်ပြည့်ဝနေသော်လည်း သူမ၏ မျက်နှာတွင် အားငယ်သော အမူအရာများ ကျန်ရှိနေသေးသည်။

ထို့နောက် ဝူကျန်းဝမ် စာကြည့်ခန်းသို့ထွက်ခွာသွားသည်။

ဝူကျန်းဝမ် စာကြည့်ခန်းအတွင်းသို့ဝင်သောအခါ ဧကရာဇ်သည် အစီရင်ခံစာများကိုစစ်ဆေးနေသည်။ ဝူကျန်းဝမ် ဝင်လာသည်ကိုသတိပြုမိသော ဧကရာဇ်က ကလောင်ကိုချပြီး သူမဘက်သို့ကြည့်လိုက်သည်။

ဝူကျန်းဝမ်က ချက်ချင်းရိုသေစွာ ဦးညွှတ်လိုက်ကာ

“သမီးတော် ဖခင်မင်းကြီးကို ဦးညွှတ်ပါတယ်။”

ဧကရာဇ်က ခေါင်းညိတ်လိုက်ပြီး

“ထပါ။”

ဝူကျန်းဝမ်က တိုက်ရိုက်မေးလိုက်သည်။

“ဖခင်က သမီးတော်ကိုဘာကြောင့်ခေါ်တာလဲ။”

ဝူဧကရာဇ်က

“ကျန်းဝမ်။ မင်းရဲ့ဘွဲ့ကို ရုပ်သိမ်းလိုက်တဲ့အတွက် မင်း ဖခင်ကို အရမ်းစိတ်ဆိုးနေမှန်း ဖခင် သိတယ်။ ဒါပေမဲ့ မင်းနားလည်ရမယ်။ ဖခင်မှာ ဒီလိုလုပ်ရုံကလွဲပြီး ရွေးစရာမရှိဘူး။”

“ဝူနိုင်ငံတော် စစ်ရှုံးရတာက မင်းနဲ့ မကင်းဘူး။ မြောက်ပိုင်းပြည်နယ်မှာ အဲ့ဒီလောက် အစွမ်းထက်တဲ့ လက်နက်တွေ ရှိနေတယ်ဆိုတာ ထောက်လှမ်းရေး အားနည်းလို့ မသိရတာ။ သိခဲ့ရင် ဝူနိုင်ငံတော် ဒီလိုကြီးမားတဲ့ ရှုံးနိမ့်မှုကို ခံစားရမှာ မဟုတ်ဘူး။ ဒါကြောင့် မင်းကို ဖခင် အပြစ်ပေးရမယ်။”

ဝူကျန်းဝမ်က မျက်နှာထား မပျက်ဘဲ

“သမီးတော် နားလည်ပါတယ်။ ဖြစ်ပြီးခဲ့တဲ့ကိစ္စဖြစ်တဲ့အတွက် အပြစ်ပေးတာကို လက်ခံဖို့ ဆန္ဒရှိပါတယ်။”

ဝူဧကရာဇ်က

“ဖခင်ရဲ့ အခက်အခဲတွေကို မင်းနားလည်တာ ကောင်းတယ်။”

“အခုတော့ မြောက်ပိုင်းပြည်နယ်က တိုးတက်နေပြီ။ သူတို့ပိုင်ဆိုင်တဲ့ လက်နက်တွေက အရမ်းအစွမ်းထက်လွန်းလို့ ဝူနိုင်ငံတော်အတွက် အကြီးမားဆုံး ခြိမ်းခြောက်မှု ဖြစ်လာပြီ။”

“ဒီတစ်ခါ ငြိမ်းချမ်းရေးဆွေးနွေးပွဲ အောင်မြင်ခဲ့ရင်တောင် နှစ်အနည်းငယ်အတွင်း မြောက်ပိုင်းနယ်စားမင်းသားက တစ်နိုင်ငံလုံးကို ဝါးမျိုဖို့ ရည်ရွယ်ချက်နဲ့ ထိုးစစ်ဆင်လာနိုင်တယ်။”

ထိုစဉ် ဝူဧကရာဇ်သည် သူ၏ထိုင်ခုံမှ ထရပ်ကာ စာကြည့်ခန်းအလယ်သို့ လျှောက်လာပြီး ဝူကျန်းဝမ်ရှေ့သို့ ရောက်လာကာ သူမ၏ မျက်လုံးများကို ကြည့်ရင်း

“မင်းက ဖခင် အတန်ဖိုးအထားဆုံး သမီးပဲ။ ဒါကြောင့် မင်းကို တာဝန်တစ်ခု ပေးအပ်ချင်တယ်။ မင်း လက်ခံမလား။”

ထိုသို့ကြားရသောအခါ သူမဖခင် ဧကရာဇ်မနောက်ထပ် ဘာပြောမည်ကို ဝူကျန်းဝမ် ချက်ချင်းပင် ခန့်မှန်းမိလိုက်သည်။ သူမသည် တုံးအသူ မဟုတ်ပါ။ သူမဖခင် ဧကရာဇ်က သူမရှေ့တွင် မုန်လာဥနီ ချိတ်ဆွဲပြနေသည်ကို မသိနိုင်စရာ အကြောင်းမရှိပေ။ သူမသည် ယုန်တစ်ကောင် မဟုတ်ပေ။

“ဖခင် မိန့်တော်မူပါ။”

ထို့နောက် ဝူဧကရာဇ်က

“မင်း မြောက်ပိုင်းပြည်နယ်ကို ဓားစာခံအဖြစ် သွားပြီးတော့ သူတို့ရဲ့ လျှို့ဝှက်ချက်တွေ၊ အထူးသဖြင့် မြောက်ပိုင်းပြည်နယ်က လက်နက်တွေ ထုတ်လုပ်တဲ့ နည်းပညာတွေကို ရဖို့ နည်းလမ်းရှာပေးနိုင်မယ်လို့ ဖခင်မျှော်လင့်တယ်။”

“မြောက်ပိုင်းပြည်နယ်က လက်နက်တွေ ထုတ်လုပ်တဲ့ နည်းပညာတွေကို မင်း ရယူနိုင်ခဲ့ရင် မင်း ဓားစာခံသက်တမ်း ပြည့်လို့ ဝူနိုင်ငံတော်ကို ပြန်လာတာနဲ့ မင်းကို မင်းသမီး ကျန်းဝမ်အဖြစ် ပြန်လည်ခန့်အပ်မယ်။ အိမ်ရှေ့စံအဖြစ်တောင် ခန့်အပ်နိုင်တယ်။”

ထိုသို့ကြားရသောအခါ ဝူကျန်းဝမ်၏ ရင်ခုန်သံ တစ်ချက်မြန်သွားသည်။

သူမဖခင်က မုန်လာဥနီကို သေချာပေါက် ချိတ်ဆွဲပြလိမ့်မည်ဟု သူမ သိရှိထားသော်လည်း ဤမျှကြီးမားသော မုန်လာဥနီ ဖြစ်လိမ့်မည်ဟု သူမ မမျှော်လင့်ခဲ့ပေ။

အိမ်ရှေ့မင်းသမီးဆိုသည်မှာ အဘယ်နည်း။

အိမ်ရှေ့မင်းသမီးသည် အိမ်ရှေ့မင်းသားကဲ့သို့ပင် ဧကရာဇ်၏ အရိုက်အရာကို ဆက်ခံရမည့်သူဖြစ်သည်။

သူမကို အိမ်ရှေ့စံအဖြစ် ခန့်အပ်မည်ဟူသည်မှာ သူမဖခင်က သူမအား သူ၏ ရာဇပလ္လင်ကို လွှဲပြောင်းပေးရန် စီစဉ်နေခြင်းပင် ဖြစ်သည်။ တစ်နည်းအားဖြင့် သူမကို နောက်ထပ် ဝူဧကရာဇ် ဖြစ်စေလိုခြင်း ဖြစ်သည်။

အတိတ်တုန်းက သူမ မည်မျှပင် ကြိုးစားအားထုတ်ပါစေ၊ မည်မျှပင် ကောင်းမွန်စွာ ဆောင်ရွက်ခဲ့ပါစေ၊ သူမဖခင် ဧကရာဇ်က ထိုသို့သော စကားမျိုးကို ဘယ်တော့မှ ပြောဆိုခဲ့လိမ့်မည် မဟုတ်ပေ။ ဝူနိုင်ငံတော်သည် အတော်လေး ရှေးရိုးစွဲကြီးသော နိုင်ငံဖြစ်၏။ လူအများစုက အမျိုးသမီးတစ်ဦးကို ဧကရာဇ်ဖြစ်စေလိုမည် မဟုတ်ပေ။

ဝူကျန်းဝမ် အချိန်အတော်ကြာမှ လက်တွေ့ဘဝသို့ ပြန်ရောက်လာခဲ့သည်။ သူမ ပြန်ရောက်သည်နှင့်

“သမီးတော် နားလည်ပါတယ်။ ဖခင်‌ ပေးအပ်တဲ့ တာဝန်ကို သေချာပေါက် အောင်မြင်အောင် လုပ်ဆောင်ပါမယ်။”

ထိုသို့ကြားရသောအခါ ဝူဧကရာဇ် အနည်းငယ် ပြုံးလိုက်ပြီးနောက် ဆက်လက်၍

“မင်းအပေါ် အရာအားလုံးကို ဖခင် ယုံကြည်အပ်နှံပါတယ်။”

“ဒီလောက်ပါပဲ။ မင်း ပြန်လို့ရပြီ။ ကိုယ်စားလှယ်အဖွဲ့က မြောက်ပိုင်းပြည်နယ်နဲ့ ငြိမ်းချမ်းရေး စည်းကမ်းချက်တွေ သဘောတူညီမှု ရတာနဲ့ မင်း ချက်ချင်း သွားရမယ်။”

ထို့နောက် ဝူကျန်းဝမ်က ရိုသေစွာဖြင့်

“အမိန့်တော်အတိုင်းပါ ဖခင်။ သမီးတော် သွားပါတော့မယ်။”

ဝူကျန်းဝမ်သည် နန်းတော်စာကြည့်ခန်းမှ ထွက်သွားပြီး သူမ၏ ပုံရိပ် ပျောက်ကွယ်သွားသည်နှင့် ဝူဧကရာဇ်၏ မျက်နှာပေါ်ရှိ အပြုံး ချက်ချင်း ပျောက်ကွယ်သွားသည်။

အိမ်ရှေ့စံမင်းသမီးလား။

သူ၏ရာဇပလ္လင်ကို အမျိုးသမီးတစ်ဦးအား မည်သို့ အပ်နှံနိုင်မည်နည်း။

မိဖုရားကြီး၏ ဘက်တော်သားများကို သိမ်းသွင်းလိုခြင်း မရှိခဲ့ပါက ဝူကျန်းဝမ်ကို မင်းသမီးကျန်းဝမ်အဖြစ် ခန့်အပ်ခဲ့မည်မဟုတ်ပေ။ ယခုအခါ သူမပတ်ဝန်းကျင်မှ လူများသည် အခြားမင်းသားများကို ထောက်ခံခဲ့ကြခြင်း သို့မဟုတ် ဧကရာဇ်ကိုယ်တိုင်ကို တိုက်ရိုက်သစ္စာခံခဲ့ကြခြင်းတို့ကြောင့် ဝူကျန်းဝမ်ကို အာဏာပေးရန် ဖြစ်နိုင်ခြေက ပို၍ပင် နည်းပါးသွားသည်။

သူ့သမီးသည် ထူးချွန်သော်လည်း သူမ၏ ထူးချွန်မှု‌ကြောင့်တော့ ထီးနန်းကို ရယူပိုင်ခွင့် မပေးနိုင်ပေ။

သူ ခုနက ပြောခဲ့‌သော စကားများသည် ဝူကျန်းဝမ် မြောက်ပိုင်းပြည်နယ်သို့ စေလွှတ်ခံရပြီး စိတ်ဓာတ်ကျဆင်းကာ ဝူနိုင်ငံတော်ကို ဆက်လက် မထောက်ခံတော့ပဲ နေမည်ကို စိုးရိမ်သောကြောင့်သာ ပြောခဲ့ခြင်းဖြစ်သည်။

သူမကို မျှော်လင့်ချက် တစ်စွန်းတစ်စ ပေးခဲ့ပါက တစ်နေ့တွင် သူမ ဝူနိုင်ငံတော်၏ ဧကရီဖြစ်လာနိုင်သည်ဟု ဝူကျန်းဝမ် ယုံကြည်ကာ ဝူနိုင်ငံတော်အတွက် ယခင်ထက်ပင် ပိုမိုအားစိုက် လုပ်ဆောင်မည်ဖြစ်သည်။

ဝူဧကရာဇ်က သူ့ကိုယ်သူ တိုးတိုးလေး ပြောလိုက်သည်။

“ကျန်းဝမ်။ မင်း ဖခင်ကို စိတ်မပျက်စေနဲ့။”

စိမ်းလန်း‌သောမိုးတိမ် အ‌ဆောင်သို့ သူမပြန်လာပြီး‌နောက်ဝူကျန်းဝမ်၏ ရင်ထဲတွင် လှုပ်ရှားမှု မရှိ‌တော့ပေ။

သူမ ဖခင်ဧကရာဇ်၏ စကားများသည် ခဏတာမျှ သူမကို ရင်ခုန်စေခဲ့သော်လည်း မကြာမီပင် သတိပြန်ဝင်လာခဲ့သည်။ သူမ၏ ဖခင်ဧကရာဇ်သည် သူမကို အမှန်တကယ် အိမ်ရှေ့မင်းသမီးဖြစ်စေမည်ဟု သူမ မယုံကြည်ပေ။

အကယ်၍ သူမ၏ ဖခင်ဧကရာဇ်တွင် ထိုအတွေးမျိုး ရှိခဲ့ပါက သူမအား ယခုမှ မဟုတ်ပဲ အစောကြီးကတည်းက အိမ်ရှေ့မင်းသမီးအဖြစ် ခန့်အပ်ခဲ့မည်ဖြစ်သည်။

ယခုအခါ သူမ၏ ကွယ်လွန်သူမိခင်၏ နောက်လိုက်များပါ အုပ်စုပြောင်းသွားခဲ့ပြီဖြစ်သည်။ သိုင်းပညာရှင်ကြီး ပေဟုန်ပင် ဝူဧကရာဇ်ကို တိုက်ရိုက် သစ္စာခံသွားခဲ့သည်။ သူမတွင် အားကိုးစရာ မည်သူမှ မရှိတော့ပေ။ သူမ၏ ဖခင်ဧကရာဇ်အတွက် သူမ၏ တန်ဖိုးမှာ မြောက်ပိုင်းပြည်နယ်၏ လျှို့ဝှက်ချက်များကို ဝူနိုင်ငံတော်အတွက် ခိုးယူရန် အတွက် အသုံးချသော နယ်ရုပ်တစ်ရုပ်သာ ဖြစ်ကောင်းဖြစ်နိုင်သည်။

သူမ၏ ဖခင်ဧကရာဇ်သည် သူမအား နာခံစေရန်၊ သူမ စိတ်ဓာတ်ကျခြင်း သို့မဟုတ် ဝူနိုင်ငံတော်ကို သစ္စာဖောက်ခြင်းမှ တားဆီးရန် ကြိုးစားနေခြင်းဖြစ်သည်။ သူမကို မြောက်ပိုင်းပြည်နယ်တွင် နယ်ရုပ်တစ်ရုပ်အဖြစ် အသုံးချရန်လည်း ဖြစ်သည်။

ထိုအခိုက်အတန့်တွင် ဝူကျန်းဝမ်၏ မျက်နှာပေါ်၌ သိမ်မွေ့သော အပြုံးတစ်ခု ပေါ်လာသည်။

သူမ၏ ဖခင်ဧကရာဇ်သည် သူမကို အတုယောင် ကတိများဖြင့် ဆွဲဆောင်နေကြောင်း သူမ သိရှိသော်လည်း ထိုအချက်ကပင် သူမအား မျှော်လင့်ချက်မရှိဟု မတွေးမိစေတော့ပေ။ တစ်နေ့တွင် သူမ ထိုရာထူးကို ကိုယ်တိုင် ရယူမည်ဖြစ်သည်။

ထိုလူယုတ်မာလေး၏ ပုံရိပ်သည် သူမ၏ စိတ်ထဲတွင် ပြန်လည်ပေါ်ပေါက်လာသည်။

ထိုလူယုတ်မာလေးက သူမကို မြောက်ပိုင်းပြည်နယ်သို့ လာစေလိုသောကြောင့် သူမ သွားမည်ဖြစ်သည်။ အန္တရာယ်ရှိသော သူမလို အမျိုးသမီး တစ်ဦးအား မြောက်ပိုင်းပြည်နယ်တွင် အချိန်အကြာကြီး နေထိုင်စေခြင်းအတွက် ထိုလူယုတ်မာလေး တစ်နေ့တွင် နောင်တရလိမ့်မည်။

အခန်း (၆၀၈)

ဆွေးနွေးပွဲများ စတင်ခြင်း (၁)

မြောက်ပိုင်းပြည်နယ်သို့ ဝူနိုင်ငံတော်မှ ကိုယ်စားလှယ်အဖွဲ့ ရောက်ရှိလာပြီးနောက် လုချန်းက သူတို့ကို လဝက်ကျော်ကြာ တွေ့ခွင့်မပေးပဲ လစ်လျူရှုထားသည်။ ဝူနိုင်ငံတော် သံတမန်အဖွဲ့သည် လုံးဝအရေးမစိုက်ခံရသလို ဖြစ်နေခဲ့သည်။

သို့သော် ဝူမင်းကတော့ မစောင့်နိုင် ဖြစ်မနေခဲ့ပေ။ သူသည် ဝူနိုင်ငံတော် နန်းတွင်းမှ သတင်းနှင့် ဧကရာဇ်၏ အမိန့်ကို စောင့်ဆိုင်းနေခဲ့သည်။ ဤတစ်ကြိမ်တွင် မင်းသမီး ကျန်းဝမ်ကို မြောက်ပိုင်းပြည်နယ်သို့ ဓားစာခံအဖြစ် စေလွှတ်နိုင်ခဲ့ပါက မြောက်ပိုင်းပြည်နယ်တွင် အချိန်အနည်းငယ် ပိုနေရခြင်းမှာ တန်ဖိုးရှိမည်ဖြစ်သည်။

......

ထိုအချိန်တွင်...

မြောက်ပိုင်းနယ်စားမင်းသားစံအိမ်။

လုချန်းသည် သူ၏စားပွဲတွင် ထိုင်ကာ အစိုးရစာရွက်စာတမ်းများကို စစ်ဆေးနေရင်း ဝမ်ချင်းစီ၏ အစီရင်ခံမှုများကို နားထောင်နေသည်။

ဝမ်ချင်းစီသည် ယခုအခါ မိုးစက်ရဲတိုက်၏ လုပ်ငန်းများကို ပြန်လည်တာဝန်ယူထားပြီ ဖြစ်သည်။ မိုးစက်ရဲတိုက်၏ သရုပ်မှန် ပေါ်ပေါက်သွားပြီးနောက် ၎င်းသည်မြောက်ပိုင်းနယ်စားမင်းသားစံအိမ်၏ လွှမ်းမိုးမှုအောက်တွင် ရှိသည်ကို အဓိကနိုင်ငံကြီးများ သိရှိနေကြသော်လည်း ယခုတစ်ကြိမ်တွင် မြောက်ပိုင်းပြည်နယ်က ဝူနိုင်ငံတော်ကို အလွယ်တကူ အနိုင်ရခဲ့သောကြောင့် မိုးစက်ရဲတိုက်ကို မထိပါး ရဲကြပေ။

မိုးစက်ရဲတိုက်သည် ယခုအခါတွင် အဓိကနိုင်ငံများမှ အချက်အလက်များကို ပွင့်ပွင့်လင်းလင်း စုဆောင်းနေ၏။ ဝူနိုင်ငံတော်တွင်ပင် မိုးစက်ရဲတိုက် တည်ရှိနေသည်။ မိုးစက်ရဲတိုက်သည် ဝူနိုင်ငံတော်၏ နေပြည်တော်တွင် ဌာနခွဲများ ဖွင့်လှစ်ထားသော်လည်း ဝူနိုင်ငံတော်က မိုးစက်ရဲတိုက်ကို ဘာမှမလုပ်ရဲပေ။

မိုးစက်ရဲတိုက်မှ စုဆောင်းရရှိသော ထောက်လှမ်းရေးအချက်အလက်များသည် အထူးကိုယ်ရံတော်များမှ စုဆောင်းရရှိသော အချက်အလက်များကို ဖြည့်စွက်ပေးသည်။ ဟုတ်ပါသည်။ မိုးစက်ရဲတိုက်တွင် အထူးကိုယ်ရံတော်မှ သူလျှိုများလည်း ရှိသည်။ သို့သော် ၎င်းတို့သည် သီးခြားစနစ်နှစ်ခုအောက်တွင် လုပ်ကိုင်နေကြသည်။

အထူးကိုယ်ရံတော်များမှ စုဆောင်းသော သတင်းများကို အထူးကိုယ်ရံတော်များ၏ စနစ်အတိုင်း အစီရင်ခံပြီး မိုးစက်ရဲတိုက်မှ စုဆောင်းသော သတင်းများကို ၎င်း၏ကိုယ်ပိုင်လမ်းကြောင်းမှ အစီရင်ခံသည်။

ဝမ်ချင်းစီက ပြုံးရင်း

“ဝူနိုင်ငံတော်က အလှမယ်ကြီးက မကြာခင် မင်းသားရဲ့ အချစ်တော်ဖြစ်လာတော့မယ် ထင်ပါရဲ့။”

ထိုစကားကို ကြားသောအခါ လုချန်းလည်း စာရေးနေရာမှ ရပ်တန့်လိုက်ပြီး ဝမ်ချင်းစီကို ကြည့်ကာ

“ချင်းစီ။ မင်းကိုယ်အပြစ်ပေးတာ မခံရတာ ကြာပြီထင်တယ်။ ဒါကြောင့် တစ်ခါထပ် ခံချင်နေပြန်ပြီလား ”

ဟု လေသံအေးအေးဖြင့် ပြောလိုက်သည်။

ထိုစကားကြောင့် ဝမ်ချင်းစီက

“အင်း... မင်းသားကတော့ ပြောင်းလဲသွားပြီပဲ။ မုယုံရွှီရောက်လာတဲ့နောက်ပိုင်း မင်းသားက ကျွန်မကို စိတ်မဝင်စားတော့ဘူး”

ဟု သက်ပြင်းချရင်း ပြန်ပြောလိုက်သည်။

ပြောနေရင်း ဝမ်ချင်းစီက သူမ၏ လက်ကို မြှောက်ကာ မျက်လုံးထောင့်များမှ မရှိသော မျက်ရည်များကို သုတ်နေဟန်ပြုရင်း နူးညံ့သိမ်မွေ့သော အမျိုးသမီးတစ်ဦး၏ ပုံစံမျိုး လုပ်ပြလိုက်သည်။

လုချန်း ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။

ဒီမိန်းမကတော့....

နောက်တစ်ခဏတွင် လုချန်းက လက်ကိုမြှောက်ကာ သူ၏စွမ်းအားဖြင့် ဝမ်ချင်းစီကို သူ၏ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်သည်။

လုချန်းက ဝမ်ချင်းစီကို အခွင့်ကောင်းယူရန် ကြံစည်နေစဉ် အစေခံတစ်ဦး၏ အသံက အပြင်ဘက်မှ ရုတ်တရက် ထွက်ပေါ်လာသည်။

“မင်းသား။ တပ်မှူးလျှံက တွေ့ခွင့်တောင်းနေပါတယ်။”

ထိုအခါမှ လုချန်းက ဝမ်ချင်းစီကို လွှတ်ပေးလိုက်သည်။ လုချန်းက သူမကို လွှတ်ပေးလိုက်သည်ကို မြင်သောအခါ ဝမ်ချင်းစီ၏ စိတ်ထဲ အနည်းငယ် လစ်ဟာသွားသလို ခံစားလိုက်ရသည်။ လုချန်းက သူမကို အရေးယူတော့မည့်အချိန်တွင် တစ်စုံတစ်ယောက်က ဝင်ရောက်နှောင့်ယှက်လိုက်ခြင်းဖြစ်သည်။

စာကြည့်ခန်းထဲတွင် လုချန်းနှင့် နှစ်ကိုယ်ကြား ဆက်ဆံရေးမျိုး ထူထောင်ရန်မှာ ပိုမိုခက်ခဲလာခဲ့သည်။ သူမ မျှော်လင့်ထားသည့်အတိုင်း မြောက်ပိုင်းပြည်နယ်သည် ပိုမိုအားကောင်းလာပြီး အာဏာများ ကြီးထွားလာသည်နှင့်အမျှ လုချန်းလည်း အရေးကိစ္စများဖြင့် ပိုမိုအလုပ်များလာလိမ့်မည်။ သူ၏အမျိုးသမီးများနှင့် အချိန်ဖြုန်းနိုင်သည့် အခွင့်အရေး ပိုမိုရှားပါးလာလိမ့်မည်။

ယခုပင် လုချန်း စာကြည့်ခန်းတွင် အနားယူချိန် အနည်းငယ်သာ ရတော့သည်။ နောင်တွင် နိုင်ငံရေးကိစ္စများ ပိုမိုများပြားလာပါက လုချန်း၏ အိပ်ချိန်ပင် အလုပ်များဖြင့် အပြည့်ဖြစ်သွားမည်။ သူ၏ပတ်ဝန်းကျင်တွင် မိန်းမများစွာရှိသည့်အတွက် သူတို့ တစ်ဦးချင်းစီ အနေနှင့် လုချန်းနှင့် အချိန်ဖြုန်းနိုင်မည့် အခွင့်အလမ်းများ ပိုမိုနည်းပါးလာမည်ဖြစ်သည်။

ဤအရာကို ရှောင်လွှဲမရနိုင်ကြောင်းဝမ်ချင်းစီ သိနေသည်။ သူမတွင်လည်း ဖြေရှင်းနည်းမရှိပေ။ ဤလူနောက်ကို လိုက်ရန် သူမကိုယ်တိုင် ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

ထို့နောက် ဝမ်ချင်းစီ ဘေးနားတွင်ရပ်လိုက်ကာ လုချန်းကို ဆက်လက်ဖြားယောင်းခြင်း မပြုတော့ပေ။

နောက်တစ်ခဏတွင် လျှံဇွန်း အခန်းထဲသို့ ဝင်လာပြီး အထူးကိုယ်ရံတော်တပ်မှ စုဆောင်းထားသော အဓိက နိုင်ငံကြီးများ၏ အရေးကိစ္စများအားလုံးကို တင်ပြလိုက်သည်။

လျှံဇွန်း၏ တင်ပြချက်များထဲမှ ထောက်လှမ်းရေးအချက်အလက်များစွာသည် မိုးစက်ရဲတိုက်မှ စုဆောင်းထားသော အချက်အလက်များနှင့် ထပ်နေသည်။ သို့သော် မိုးစက်ရဲတိုက်က မဖော်ထုတ်နိုင်သေးသော အသေးစိတ်အချက်အလက်အချို့လည်း ရှိခဲ့သည်။ ဒါကို အရင်းအမြစ်ဖြုန်းတီးမှု တစ်ခုဟု လုချန်း မသတ်မှတ်ခဲ့ပေ။

ထောက်လှမ်းရေး အဖွဲ့အစည်း နှစ်ခုရှိခြင်းသည် လုချန်းအတွက် ကောင်းသော ကိစ္စဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် အချင်းချင်း တန်ပြန်ထိန်းညှိပြီး စောင့်ကြည့်နိုင်သောကြောင့် ဖြစ်သည်။ လုချန်းသည် ဧကရာဇ်တစ်ပါးကဲ့သို့ လူများကို အသုံးပြုသည့် အတတ်ပညာကို မကျွမ်းကျင်သေးသော်လည်း သူ၏ ကိုယ်ပိုင်နည်းလမ်းကို တဖြည်းဖြည်း တည်ဆောက်နေခဲ့သည်။

လျှံဇွန်း၏ အစီရင်ခံစာကို နားထောင်ပြီးနောက် ဝူနိုင်ငံတော် နန်းတွင်းမှ လမ်းကြောင်းများ ရှင်းလင်းပြီးဖြစ်ကြောင်း လုချန်း သိလိုက်ရသည်။ ယခု ညှိနှိုင်းဆွေးနွေးမှုများ စတင်ရန် အချိန်ကျပြီဖြစ်သော်လည်း ညှိနှိုင်းဆွေးနွေးမှုများ မစတင်မီ လုပ်ဆောင်ရမည့် အရာတစ်ခု ရှိနေသေးသည်။

ထို့နောက် လုချန်းက

“မုချန်တိန်ကို စစ်အမိန့်ပို့ပြီး စစ်သည်နှစ်သိန်းကို တောင်ဘက် ချီတက်ခိုင်းလိုက်ပါ။ ယိုပင်ခရိုင်နဲ့ လင်တူခရိုင်နယ်စပ်မှာ တပ်စွဲထားခိုင်းပါ။ ဘာမှမလုပ်စရာမရှိရင် အမြောက်တွေပစ်ပြီး လှုပ်ရှားမှုတွေ လုပ်ခိုင်းလိုက်ပါ။”

လုချန်း၏ ရည်ရွယ်ချက်ကို လျှံဇွန်း ချက်ချင်းနားလည်လိုက်သည်။ လုချန်းသည် ဝူနိုင်ငံတော်အပေါ် ဖိအားပေးရန် ကြိုးပမ်းနေခြင်းဖြစ်သည်။ ဝူနိုင်ငံတော်က တောင်းဆိုချက်များကို ဈေးမဆစ်ပဲ လိုက်လျောစေရန် ဖြစ်သည်။

လျှံဇွန်းက

“ ဟုတ်ကဲ့ပါ မင်းသား။”

.........

ထိုအချိန်တွင်...

ကျူးနိုင်ငံတော်။

ဖီးနစ်ဝတ်ရုံကို ဝတ်ဆင်ထားသော ယွဲ့ဧကရီသည် ဖီးနစ်ပလ္လင်ပေါ်တွင်ထိုင်၍ ကျင့်စဉ်ကျင့်နေစဉ် လေပြေတစ်ချက်ဖြတ်သန်းသွားသဖြင့် ကန့်လန့်ကာများ တဖြတ်ဖြတ် လှုပ်ခတ်နေသည်။

ထိုအခိုက်တွင် အမျိုးသမီးစစ်သည်တစ်ဦး စာအိတ်တစ်စောင်ကို ကိုင်လျက် ကန့်လန့်ကာ အနီများ၏ အပြင်ဘက်တွင် ပေါ်လာသည်။ သူမက ဒူးထောက်ကာ

“ ဝူမင်းသမီးက မြောက်ပိုင်းပြည်နယ်ကို ဓားစာခံအဖြစ် သွားဖို့ သဘောတူလိုက်ပါပြီ အရှင်မ။”

ထိုစကားကို ကြားသောအခါ မျက်လုံးမှိတ်ထားသော ယွဲ့ဧကရာဇ်လည်း ချက်ချင်း မျက်လုံးဖွင့်လိုက်သည်။ သူမ၏ လက်လှုပ်ရှားမှုနှင့်အတူ အမျိုးသမီးစစ်သည်၏ လက်ထဲရှိ ထောက်လှမ်းရေးအစီရင်ခံစာသည် ယွဲ့ဧကရာဇ်၏ လက်ထဲသို့ တည့်တည့်ပျံသန်းဝင်ရောက်လာသည်။

စာအိတ်ကို ဆွဲဖွင့်ကာ သူမ၏ လှပသော မျက်လုံးများက စာထဲရှိ အချက်အလက်များကို ဖတ်ရင်း အနည်းငယ် မယုံနိုင်စွာဖြင့်

“ထူးဆန်းလိုက်တာ။ ကျန်းဝမ်က သူ့ဖခင် ဧကရာဇ်ရဲ့ တောင်းဆိုချက်ကို ဘာလို့ သဘောတူလိုက်ရတာလဲ”

ဟု ရေရွတ်လိုက်သည်။

မင်းသမီး ကျန်းဝမ်သည် မာနကြီးသော အမျိုးသမီးတစ်ဦး ဖြစ်သည်။ သူမနှင့် နှစ်ပေါင်းများစွာ နေခဲ့ဖူးသည့်အတွက် ယွဲ့ဧကရာဇ် သူမ၏ စရိုက်ကို ကောင်းစွာသိသည်။ မင်းသမီး ကျန်းဝမ်၏ စရိုက်နှင့်ဆိုလျှင် ဓားစာခံအဖြစ် သွားရသည်ကို သေချာပေါက် သည်းခံနိုင်မည် မဟုတ်ပေ။

ဝူကျန်းဝမ်ကို ကျူးနိုင်ငံတော်သို့ တိုက်ရိုက်ခေါ်ဆောင်ရန် ယွဲ့ဧကရာဇ် ရည်ရွယ်ခဲ့သေးသည်။ သို့သော် မျှော်လင့်မထားပဲ ဝူကျန်းဝမ်ကိုယ်တိုင်က မြောက်ပိုင်းပြည်နယ်သို့ ဓားစာခံအဖြစ် သွားရန် သဘောတူခဲ့သည်။

.............

အခန်း (၆၀၉)

ဆွေးနွေးပွဲများ စတင်ခြင်း (၂)

ခဏအကြာတွင် ယွဲ့ဧကရာဇ်၏ နှုတ်ခမ်းများ အနည်းငယ် ကွေးညွတ်သွားပြီးနောက်

“ကျန်းဝမ်က လက်မလျှော့သေးဘူးထင်တယ်။”

ဝူကျန်းဝမ်၏ ရည်ရွယ်ချက်ကို ယွဲ့ဧကရာဇ် မှန်းဆနိုင်ခဲ့သည်။ သူမသည် မြောက်ပိုင်းပြည်နယ်၏ လျှို့ဝှက်လက်နက်များနှင့် အချက်အလက်များကို ရယူရန် ရည်ရွယ်နေခြင်းဖြစ်သည်။

အကယ်၍ ဝူကျန်းဝမ်သည် မြောက်ပိုင်းပြည်နယ်၏ လျှို့ဝှက်ချက်များကို ဖော်ထုတ်နိုင်ပြီး လက်နက်များ ထုတ်လုပ်သည့် နည်းပညာများ ရရှိခဲ့ပါက သူမ၏ ကံကြမ္မာကို ပြောင်းလဲရန် အခွင့်အရေးရှိနိုင်သေးသည်။

သို့သော်...

ဤအချိန်တွင် ယွဲ့ဧကရာဇ်၏ မျက်နှာတွင် စိုးရိမ်မှု အရိပ်အယောင်များ ပေါ်လာသည်။

မြောက်ပိုင်းနယ်စားမင်းသားသည် ကာမဂုဏ် လိုက်စားသူတစ်ဦးဖြစ်၏။ သူမ၏ ချစ်လှစွာသော သူငယ်ချင်းသည် နတ်သမီးတစ်ပါးကဲ့သို့ လှပသူဖြစ်သဖြင့် သူမကို မြောက်ပိုင်းပြည်နယ်သို့ ဓားစာခံအဖြစ် စေလွှတ်လိုက်ပါက မြောက်ပိုင်းနယ်စားမင်းသားက သူမကို စိတ်ဝင်စားသွားမည်ကို စိုးရိမ်မိသည်။

သူမ၏ ချစ်လှစွာသော သူငယ်ချင်း ထိုယုတ်မာသောလူကြောင့် ညစ်ညမ်းသွားသည်ကို ယွဲ့ဧကရာဇ် မြင်တွေ့လိုစိတ် မရှိပေ။

ထိုအတွေးဖြင့် ယွဲ့ဧကရာဇ်က ကန့်လန့်ကာမ အပြင်ဘက်တွင် ဒူးထောက်နေသော အမျိုးသမီးစစ်သည်အား

“ရွှီ ဒီရက်ပိုင်း ဘာတွေ လုပ်နေလဲ”

ဟု မေးလိုက်သည်။

စစ်သည်က ချက်ချင်းပင်

“ဒီရက်ပိုင်း မုယုံသခင်မက မြောက်ပိုင်းနယ်စားမင်းသားစံအိမ်ကို မကြာခဏ သွားရောက်တတ်ပြီး ညဘက်‌ကျမှ သံရုံးကို ပြန်လာပါတယ်။”

ထိုစကားကို ကြားသောအခါ ယွဲ့ဧကရာဇ်၏ မျက်နှာတွင် မကျေမနပ်မှု တစ်စွန်းတစ်စ ပေါ်လာသည်။

“ညဘက် ပြန်လာတယ် ဟုတ်လား။”

ယွဲ့ဧကရာဇ်၏ အမြင်တွင် မြောက်ပိုင်းနယ်စားမင်းသားကို ထိန်းချုပ်လိုပါက မုယုံရွှီသည် သူနှင့် ဆက်ဆံရေး တည်ဆောက်ရန် လိုအပ်သည်။ သို့သော် မုယုံရွှီ ညဘက်တွင် ပြန်လာခြင်းက မြောက်ပိုင်းနယ်စားမင်းသား၏ အိပ်ရာထဲ မဝင်ရသေးဟု ဆိုလိုသည်။ သူ့ကို မထိန်းချုပ်နိုင်သေးကြောင်း ဖော်ပြနေသည်။

ယောက်ျားမိန်းမ ဆက်ဆံရေးသည် ညဘက်တွင် ဖြစ်ပျက်သည်ဟု ယွဲ့ဧကရာဇ် အမြဲတမ်း ယူဆထားသောကြောင့် မုယုံရွှီနှင့် လုချန်းတို့ ရင်းနှီးမှုမရှိသေးဟု ယုံကြည်နေခဲ့သည်။ သို့သော် သူမ၏ အစီအစဉ်အောင်မြင်ရန် မုယုံရွှီ ကိုယ်ကိုယ်ကို စတေးရန် လိုအပ်နေသည်။

ထိုအချိန်တွင် ယွဲ့ဧကရာဇ်က

“ရွှီဆီကို ခိုစာတစ်စောင် ပို့ပြီး မြောက်ပိုင်းနယ်စားမင်းသားရဲ့ အိပ်ရာထဲကို ဝင်ဖို့ နည်းလမ်းရှာခိုင်းလိုက်။”

သူမ၏ ချစ်လှစွာသော သူငယ်ချင်းသည် မြောက်ပိုင်းပြည်နယ်သို့ မကြာမီထွက်ခွာတော့မည်ဖြစ်ရာ ဝူကျန်းဝမ် မထွက်ခွာမီ မြောက်ပိုင်းမင်းသားကို ထိန်းချုပ်ထားရန် လိုအပ်သည်။ ထိုသို့ပြုလုပ်ခြင်းဖြင့် မြောက်ပိုင်းမင်းသား သူမအပေါ် မည်သည့်အကြံအစည်မျှ မရှိစေရန် ကာကွယ်နိုင်မည်။

တစ်ညတာ အိပ်ရုံဖြင့် လုချန်းသည် မုယုံရွှီကို နက်နက်ရှိုင်းရှိုင်း ချစ်မိသွားမည်ဖြစ်ပြီး နောက်ပိုင်းတွင် အခြားအမျိုးသမီးများအပေါ် စိတ်ဝင်စားမှု လုံးဝကင်းမဲ့သွားပေလိမ့်မည်။ ထိုသို့ဖြင့် မုယုံရွှီ၏ အနေအထားကို ခိုင်မာစေမည့်အပြင် မြောက်ပိုင်းနယ်စားမင်းသားကို သူမအတွက် အသုံးချရန် လှည့်ဖြားနိုင်မည် ဖြစ်သည်။

ယွဲ့ဧကရာဇ်၏ အမိန့်ကို ကြားသောအခါ အိပ်ခန်းထဲတွင် ဒူးထောက်နေသော စစ်သည်က ချက်ချင်းပင်

“ဟုတ်ကဲ့ပါ အရှင်မ။ ကျွန်မ မုယုံ မိန်းကလေးဆီ ခိုစာချက်ချင်း ပို့လိုက်ပါ့မယ်။”

ယွဲ့ဧကရာ်က ခပ်အေးအေးဖြင့်

“ပြန်တော့”

ဟု ပြောလိုက်သည်။

“ကျွန်မကို ခွင့်ပြုပါ။”

ထို့နောက် အမျိုးသမီးစစ်သည် အိပ်ခန်းထဲမှ ထွက်ခွာသွားသည်။

ထိုနောက် “ငါ့ရဲ့ ကျိန်စာပုံစံ အလုပ်ဖြစ်မယ်လို့ မျှော်လင့်ရတာပဲ။ မြောက်ပိုင်းပြည်နယ်မှာ ကောင်းကင်လူသားအဆင့် စွမ်းအားရှင်တွေ မရှိသရွေ့တော့ ဘယ်သူမှ သတိမထားမိလောက်ဘူး” ဟု ယွဲ့ဧကရာဇ် သူမဘာသာ ရေရွတ်လိုက်သည်။

.....

ရက်အတော်ကြာပြီးနောက်...

မြောက်ပိုင်းပြည်နယ်။

နိုင်ငံရေးရာခန်းမ။

ဝူနိုင်ငံတော် သံတမန်အဖွဲ့သည် မြောက်ပိုင်းပြည်နယ်တွင် တစ်လနီးပါး စောင့်ဆိုင်းပြီးနောက် နောက်ဆုံးတွင် မြောက်ပိုင်းမင်းသားနှင့် တွေ့ဆုံခွင့် ရရှိခဲ့သည်။

ယခင်က ဝူနိုင်ငံတော် သံတမန်များ မြောက်ပိုင်းပြည်နယ်သို့ လာရောက်စဉ်ကဲ့သို့ ထိုင်ခုံများ မပြင်ဆင်ထားပေ။ သူတို့သည် ခန်းမ၏အလယ်တွင် မတ်တပ်ရပ်နေရသည်။ ဝူမင်းပင် အပါအဝင်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူတို့သည် စစ်ရှုံး နိုင်ငံ၏ ကိုယ်စားလှယ်များဖြစ်သောကြောင့်ဖြစ်သည်။

ဝူမင်းသည် ခန်းမကြီး၏ အလယ်တွင် ရပ်လျက် ပလ္လင်ပေါ်မှ လုချန်းကို မော့ကြည့်နေသည်။ သူ၏ စိတ်နှလုံးထဲတွင် မသက်မသာဖြစ်မှုများ ပြည့်နှက်နေပြီး သူ၏လက်သီးများကို အလိုလို ကျစ်ကျစ်ပါအောင် ဆုပ်ထားမိသည်။

မည်သို့ပင်ဆိုစေ သူသည်လည်း အင်ပါယာတစ်ခု၏ မင်းသားဖြစ်ပြီး အိမ်ရှေ့မင်းသားနေရာအတွက် ယှဉ်ပြိုင်နေသူတစ်ဦးလည်း ဖြစ်သည်။ သို့သော် ယခုအခါ နယ်စားပြည်နယ်တစ်ခု၏ မင်းသားတစ်ပါးရှေ့တွင် ရပ်နေရခြင်းသည် သူ တစ်ခါမျှ မကြုံဖူးသေးသော အရှက်ရစရာ ကိစ္စဖြစ်သည်။

မည်မျှပင် စိတ်မသက်မသာ ဖြစ်နေသော်လည်း ဝူမင်း အလျင်စလို ပြုမူခြင်းမရှိသလို ပေါ့ဆစွာ ပြောဆိုခြင်းလည်း မပြုခဲ့ပေ။

ဝူမင်း မသက်မသာဖြစ်နေသည်ကို လုချန်း သတိပြုမိပြီးပြုံးလျက်

“မင်းသား ဝူမင်းနဲ့ ဒီလောက်မြန်မြန် ပြန်တွေ့ရလိမ့်မယ်လို့ ကျွန်တော် မမျှော်လင့်ထားဘူး။ ခင်ဗျား မြောက်ပိုင်းပြည်နယ်ကနေ ပြန်သွားတာ မနေ့တစ်နေ့ကလိုပါပဲ။ ခင်ဗျားနဲ့ ထပ်ပြီး စကားပြောခွင့်ရဖို့ ကျွန်တော်မျှော်လင့်နေခဲ့တာပါ။”

ထိုစကားကို ကြားသောအခါ ဝူမင်း အေးစက်စွာ ရယ်မောလိုက်ပြီး သူ၏ စိတ်ခံစားမှုများကို ထိန်းချုပ်ရန် ကြိုးစားလိုက်ကာ

“မြောက်ပိုင်းနယ်စားမင်းသားက ဝူနိုင်ငံတော် ကိုယ်စားလှယ်အဖွဲ့ မြောက်ပိုင်းပြည်နယ်ကို ရောက်နေတာကို မသိဘူး ထင်ပါရဲ့။ သိခဲ့ရင်တော့ ကျွန်တော်တို့ကို အစောကြီးကတည်းက တွေ့ဆုံပြီးသား ဖြစ်မှာပါ။”

လုချန်းက လေသံအေးအေးဖြင့်

“အင်း။ ဒီရက်ပိုင်း အလုပ်တွေ အရမ်းများနေတာ။ ခင်ဗျားတို့ ဧကရာဇ်က မြောက်ပိုင်းပြည်နယ်ကို တိုက်ခိုက်ဖို့ စစ်သားတွေ စေလွှတ်ခဲ့တော့ အပျက်အစီး‌တွေ အများကြီးဖြစ်ခဲ့တယ်။ အခု ကျွန်‌တော်တို့လည်း နေရာတိုင်းမှာ ပြန်လည်တည်ဆောက်ရေး လုပ်ငန်းတွေနဲ့ အလုပ်များနေခဲ့တာ။”

လုချန်း၏ စကားများတွင် ပါဝင်သော အဓိပ္ပာယ်ကို ဝူမင်း ချက်ချင်းပင် နားလည်လိုက်ပြီး ဆွေးနွေးပွဲများ စတင်တော့မည်ကို သိလိုက်သည်။

မဆိုင်းမတွပင် ဝူမင်းက

“ တိုက်ရိုက်ပဲပြောရအောင် မြောက်ပိုင်းနယ်စားမင်းသား။ ဒီစစ်ပွဲကို အဆုံးသတ်ဖို့နဲ့ ဝူနိုင်ငံတော်ကို ပြန်လည်မတိုက်ခိုက်ဖို့ မြောက်ပိုင်းပြည်နယ်က ဘာတွေ လိုချင်လဲ။”

လုချန်း မဖြေမီ ခန်းမထဲမှ လိယုရီက “မင်းသား ဝူမင်းကတော့ တကယ့်ကို တည့်တိုးသမားပဲ။”

ထိုသို့သော ဆွေးနွေးပွဲမျိုးတွင် လုချန်း ကိုယ်တိုင် ပါဝင်စရာမလိုပေ။ ခန်းမထဲတွင် ရှိနေသော မြောက်ပိုင်းပြည်နယ်မှ အရာရှိများက စျေးဆစ်ခြင်းကို ကောင်းစွာကိုင်တွယ်နိုင်သည်။

လုချန်း ကိုယ်တိုင် စျေးဆစ်ခြင်းတွင် ပါဝင်ခဲ့ပါက သူ၏ ဂုဏ်သိက္ခာကို ထိခိုက်စေမည် ဖြစ်သည်။ ဆွေးနွေးပွဲရလဒ်များကို အတည်ပြုခြင်း သို့မဟုတ် ငြင်းပယ်ခြင်းသာ သူအတွက် လုံလောက်ပေသည်။

လိယုရီက ဆက်လက်၍

“ဝူနိုင်ငံတော်က မြောက်ပိုင်းပြည်နယ်ကို တိုက်ခိုက်ခဲ့တာကြောင့် စစ်သည်အမြောက်အမြား သေဆုံးခဲ့ရတယ်။ မြို့များစွာ ပျက်စီးခဲ့ရတယ်။ ဒါကြောင့် မြောက်ပိုင်းပြည်နယ်အတွက် ဆုံးရှုံးမှုတွေ အများကြီး ရှိခဲ့ရတယ်။ ပြည်သူတွေလည်း တိမ်းရှောင်ခဲ့ရတယ်။ ဝူနိုင်ငံတော်က ငြိမ်းချမ်းရေးကို တကယ်လိုလားတယ်ဆိုရင် စိတ်ရင်းစေတနာမှန်ကန်ကြောင်း ပြသရမယ်။”

မဆိုင်းမတွပင် ဝူမင်းက

“ဝူနိုင်ငံတော်က ငွေသား ဆယ်သန်း ပေးလျော်ဖို့ ဆန္ဒရှိပါတယ်။”

ဝူမင်း စကားအဆုံးတွင် ဘဏ္ဍာရေးဝန်ကြီးက ထရပ်ပြီး

“မင်းသား ဝူမင်းက ကျွန်တော်တို့ကို နောက်ပြောင်နေတာ များလား။ ငွေသား ဆယ်သန်းဆိုတာ ကျွန်တော်တို့ရဲ့ ကျဆုံးစစ်သည်တွေအတွက် ပင်စင်ပေးဖို့တောင် မလုံလောက်ဘူး။”

ထိုအခိုက်တွင် ဝူနိုင်ငံတော် ကိုယ်စားလှယ်အဖွဲ့မှ သံတမန်တစ်ဦးက ထရပ်ကာ

“မြောက်ပိုင်းပြည်နယ်ဘက်က လူအများကြီး မဆုံးရှုံးခဲ့ပါဘူး။ ပင်စင်အတွက် ဒီလောက်ကြီး အများကြီး မလိုပါဘူး။”

.............

All Chapters