← Chapters

အခန်း ၆၁၃-၆၁၅

Vol. 41 Ch. 613-615

အခန်း ၆၁၃-၆၁၅

Vol. 41 Ch. 613-615

အခန်း (၆၁၃ )

လိုအပ်တာ ယူလိုက်ရုံသာ

ရှနိုင်ငံတော်။

နေပြည်တော်။

ဆွမ်ဧကရာဇ်၏ အိပ်ဆောင်။

ဆွမ်ဧကရာဇ်သည် အိပ်ရာပေါ်တွင် မျက်လုံးမှိတ်လျက် ကျင့်စဉ်ကျင့်နေသည်။

ဧကရာဇ်ရှေ့တွင် အစိမ်းရောင်အလင်းတန်းများ ထွက်နေသော ပုတီးစေ့တစ်လုံးရှိသည်။

အကယ်၍ လုချန်းသာ ထိုနေရာတွင် ရှိနေမည်ဆိုပါက ဆွမ်ဧကရာဇ်၏အိပ်ခန်းတွင်းရှိ စွမ်းအင်သည်ပြင်ပထက် ရာနှင့်ချီ၍ ပိုမိုသိပ်သည်းနေသည်ကို တွေ့ရလိမ့်မည်။

ဤကမ္ဘာတွင် စွမ်းအင်သည် အလွန်ပါးလွှာသောကြောင့် သဘောတရားအရ ဤမျှသိပ်သည်းသော စွမ်းအင်ရှိသည့်နေရာ မရှိသင့်ပေ။

ဆွမ်ဧကရာဇ်၏အိပ်ခန်းတွင် ဤမျှပြင်းထန်သိပ်သည်းသော စွမ်းအင်ရှိရခြင်းမှာ သူ့ရှေ့တွင်ရှိသော ပုတီးလုံးက ကမ္ဘာ့စွမ်းအင်ကို အလွန်အကျွံ စုပ်ယူနေသောကြောင့်ဖြစ်သည်။

အချိန်မည်မျှကြာသွားသည်မသိ ဆွမ်ဧကရာဇ်သည် ရုတ်တရက် မျက်လုံးဖွင့်လိုက်ပြီး နောက်တစ်ခဏတွင် အရိပ်တစ်ခု အိပ်ဆောင်ထဲသို့ ဝင်ရောက်လာသည်။

“မင်းကြီး။ ဂိုဏ်းချုပ်နဲ့ တာအိုရသေ့တို့ မြောက်ပိုင်းပြည်နယ်ကို ရောက်နေပါပြီ။ သူတို့က သတိကြီးကြီးထားနေပါတယ်။ မြောက်ပိုင်းနယ်စားမင်းသားကို တိုက်ရိုက် မလှုပ်ရှားသေးပါဘူး။ မြို့သစ်ကို လုံးဝ ရှောင်သွားပြီး မြို့ဟောင်းမှာပဲ နေထိုင်နေပါတယ်။”

ရန်ခရိုင်တွင် မြို့သစ် တည်ဆောက်ထားပြီး ဖြစ်သော်လည်း မြို့ဟောင်းကို မဖျက်ဆီးရသေးသောကြောင့် မြို့ဟောင်းတွင် သာမန်ပြည်သူများစွာ နေထိုင်နေကြဆဲဖြစ်ပြီး မြို့သစ်ကဲ့သို့ပင် စည်ကားနေဆဲဖြစ်သည်။

မြောက်ပိုင်းပြည်နယ်သို့ ရောက်ရှိပြီးနောက် တာအိုရသေ့နှင့် ဂိုဏ်းချုပ်တို့သည် မြို့ဟောင်းသို့ တိုက်ရိုက်သွားကြပြီး မြို့သစ်သို့ ဦးတည်ခဲ့ခြင်း မရှိပေ။ သူတို့နှစ်ဦးသည် မြောက်ပိုင်းနယ်စားမင်းသားစံအိမ်၏ အင်အားအမှန်ကို သေချာ မသိရသေးမီ စွန့်စားလုပ်ဆောင်ရဲခြင်း မရှိကြပေ။

အထူးသဖြင့် မြောက်ပိုင်းပြည်နယ်တွင် ဝူနိုင်ငံတော်ကို အနိုင်ယူခဲ့သော လျှို့ဝှက်လက်နက်များ ရှိသည်ဟု ကြားပြီးနောက် သူတို့ ပို၍ပင် သတိကြီးလာကြသည်။ မြောက်ပိုင်းပြည်နယ်တွင် ပိုမိုအားကောင်းသော လက်နက်များ ရှိနေမည်လားဆိုသည်ကို မည်သူမှ မသိကြပေ။

အရိပ်၏ စကားကို ကြားသောအခါ ဆွမ်ဧကရာဇ် အေးစက်စွာ ရယ်မောလိုက်ပြီး

“အဲ့ဒီနှစ်ယောက်က ကျူးကဲ့ကျုံကောင်းကို ကြောက်နေတာ ဖြစ်နိုင်မလား။”

ထိုအခိုက်တွင် အရိပ်က

“မြောက်ပိုင်းပြည်နယ်မှာ ပေါ်ပေါက်လာတဲ့ လျှို့ဝှက်လက်နက်တွေက သူတို့ကို မြောက်ပိုင်းနယ်စားမင်းသားအပေါ် နည်းနည်းပို သတိထားလာ‌စေပါတယ်။ မြောက်ပိုင်းနယ်စားမင်းသားမှာ ပိုပြီး အစွမ်းထက်တဲ့ လက်နက်တွေ ရှိနေနိုင်တယ်လို့ သူတို့ စိုးရိမ် နေကြတယ်။”

ဆွမ်ဧကရာဇ်သည် တိတ်ဆိတ်သွား၏။ ထိုလူအိုနှစ်ယောက်သာမက သူ့ကိုယ်တိုင်ပင်လျှင် မြောက်ပိုင်းပြည်နယ်က လျှို့ဝှက်လက်နက်များဖြင့် ဝူနိုင်ငံတော်ကို အလွယ်တကူ အနိုင်ယူခဲ့ကြောင်း၊ ဝူနိုင်ငံတော်က ငြိမ်းချမ်းရေးရယူရန် မြောက်ပိုင်းပြည်နယ်သို့ ကိုယ်စားလှယ် စေလွှတ်ခဲ့ကြောင်း ကြားသိရသောအခါ အလွန်အံ့အားသင့်ခဲ့ရပြီး မြောက်ပိုင်းပြည်နယ်အပေါ် ကြောက်ရွံ့မှုအချို့ကို ခံစားခဲ့ရသည်။

မြောက်ပိုင်းပြည်နယ်က ထိုလျှို့ဝှက်လက်နက်များကို မည်သည့်နေရာမှ ရရှိခဲ့သည်ကို ယခုအချိန်အထိ သူ နားမလည်နိုင်သေးပေ။

ကြာရှည်စွာ တိတ်ဆိတ်နေပြီးနောက် ဆွမ်ဧကရာဇ်က

“လျှို့ဝှက်လဝန်းနန်းတော်ထဲကို လူတစ်ယောက် သူလျှိုဝင်စေပြီး သူတို့ အခုနောက်ပိုင်း ဘာလုပ်နေလဲဆိုတာ စုံစမ်းဖို့ နည်းလမ်းရှာပါ။”

ထိုစကားကို ကြားသောအခါ အရိပ်က

“မင်းကြီး။ ဒါက ခက်ခဲလိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်။ ကျွန်တော်တို့ အရင်က လျှို့ဝှက်လဝန်းနန်းတော်ကို စေလွှတ်ခဲ့တဲ့ သူလျှိုတွေဟာ ဝင်ရောက်ပြီး မကြာခင်မှာပဲ အမြဲလိုလို အမိခံရပါတယ်။”

ဆွမ်ဧကရာဇ်က ဂရုမစိုက်ဟန်ဖြင့်

“လူတွေ ပို့ရတာ မလွယ်ဘူးဆိုရင် လျှို့ဝှက်လဝန်းနန်းတော်က တပည့်တွေကို ငွေနဲ့ လာဘ်ထိုးဖို့ နည်းလမ်းရှာပါ။ လူတိုင်းမှာ လိုအင်ဆန္ဒတွေ ရှိကြတယ်။ လျှို့ဝှက်လဝန်းနန်းတော်ကို ဝင်တဲ့သူတွေအားလုံးက တကယ်ကို တရားထူးရပြီး တန်ခိုးရှင်တွေ ဖြစ်လာဖို့အတွက် ရည်ရွယ်ချက်ရှိတယ်လို့ ကျုပ် မယုံဘူး။”

ဆွမ်ဧကရာဇ်၏ စကားကို ကြားသည်နှင့် အရိပ်က ချက်ချင်း

“ ဟုတ်ကဲ့ မင်းကြီး။ ကျွန်တော် ချက်ချင်း ဆောင်ရွက်ပါ့မယ်။”

ထို့နောက် ဆွမ်ဧကရာဇ်က လက်ဝှေ့ယမ်းလိုက်ရာ အရိပ်က

“ကျွန်တော့်ကို ခွင့်ပြုပါ မင်းကြီး။”

မကြာမီပင် အရိပ် အခန်းအပြင်သို့ တဖြည်းဖြည်း ရွေ့သွား၏။ အရိပ် ထွက်သွားသည်နှင့် ဆွမ်ဧကရာဇ် သူ၏ နဂါးကုတင်မှ ထရပ်လိုက်သည်။

ထို့နောက် လေသာပြတင်းပေါက်သို့ လျှောက်သွားပြီး အပြင်ရှုခင်းကို ကြည့်ကာ

“မြောက်ပိုင်းပြည်နယ်ရဲ့ လက်နက်တွေက လျှို့ဝှက်လဝန်းနန်းတော်က လာတာလား။ အကယ်၍ ဒါတွေက တကယ် လျှို့ဝှက်လဝန်းနန်းတော်က လာတာဆိုရင် နောင်မှာ လျှို့ဝှက်လဝန်းနန်းတော်ကို ချေမှုန်းဖို့ မလွယ်တော့ဘူး...”

ဟု ရေရွတ်လိုက်သည်။

ပြီးခဲ့သည့်နှစ်က လျှို့ဝှက်လဝန်းနန်းတော်၏ နန်းတော်သခင်သည် တောင်ပေါ်မှ ဆင်းလာပြီး ရန်ခရိုင်၌ အချိန်အတော်ကြာ နေထိုင်ခဲ့သည်ကို ဆွမ်ဧကရာဇ် သတိရလိုက်သည်။ နန်းတော်သခင်တစ်ပါးက မိမိ၏ ဂိုဏ်းကို စွန့်ပယ်ပြီး မြောက်ပိုင်းပြည်နယ်၌ ထိုမျှ ကြာကြာနေထိုင်ခြင်းက သံသယဖြစ်ဖွယ် ကောင်းလှသည်။

ယခုအခါ အဓိက သံသယရှိသူမှာ လျှို့ဝှက်လဝန်းနန်းတော် ဖြစ်သည်။ အကယ်၍ မြောက်ပိုင်းပြည်နယ် ပိုင်ဆိုင်သည့် အရာအားလုံးသည် လျှို့ဝှက်လဝန်းနန်းတော်မှ လာသည်ဆိုပါက လျှို့ဝှက်လဝန်းနန်းတော်၌ ပိုမိုအားကောင်းသော လက်နက်များ ရှိနေနိုင်ပေသည်။

ထိုသို့ တွေးလိုက်သည်နှင့် ဆွမ်ဧကရာဇ် သူ၏ လက်သီးကို ဆုပ်လိုက်ပြီး သူ၏ မျက်လုံးတွင်လည်း အေးစက်သော အလင်းရောင်များ ဖြတ်သန်းသွားကာ

“မြောက်ပိုင်းပြည်နယ်ရဲ့ လက်နက်တွေက လျှို့ဝှက်လဝန်းနန်းတော်က လာသည်ဖြစ်စေ မလာသည်ဖြစ်စေ တစ်နေ့ကျရင် ရှနိုင်ငံတော် နယ်နိမိတ်အတွင်းက ဂိုဏ်းတွေ အားလုံးကို ငါ ချေမှုန်းပစ်မယ်။ ရှနိုင်ငံတော်က ငါ့ရဲ့ ရှနိုင်ငံတော်ပဲ။”

လေးမျက်နှာ ဂိုဏ်းချုပ်နှင့် တာအိုရသေ့တို့ မြောက်ပိုင်းပြည်နယ်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း လုချန်း မသိခဲ့ပေ။ အထူးကိုယ်ရံတော်အဖွဲ့ကို သူတို့အား စောင့်ကြည့်ရန် အစောကြီးကတည်းက အမိန့်ပေးထားသော်လည်း သူတို့နှစ်ဦးသည် အဆင့်လွန် ပညာရှင်များ ဖြစ်ကြသဖြင့် အထူးကိုယ်ရံတော်များ၏ စောင့်ကြည့်မှုနှင့် ခြေရာခံမှုကို အလွန်လွယ်ကူစွာ ရှောင်ရှားနိုင်ခဲ့သည်။

ယခုအချိန်အထိ သူတို့နှစ်ဦး နေပြည်တော်မှ ထွက်ခွာသွားသည်ဟူသော သတင်းအချက်အလက်ကို အထူးကိုယ်ရံတော်များ မရရှိသေးပေ။ သူတို့နှစ်ဦး နေပြည်တော်၌ ရှိနေဆဲဟုသာ ထင်နေကြတုန်းဖြစ်သည်။

မည်သို့ပင်ဖြစ်စေ ထိုကိစ္စက အရေးမကြီးပေ။ တာအိုရသေ့နှင့် ဂိုဏ်းချုပ်တို့၏ တွေဝေမှုက သူတို့ လှုပ်ရှားရန် အကောင်းဆုံး အခွင့်အရေးကို လွဲချော်သွားစေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ရွှမ်ယွမ်ချောင်ကဲသည် ယိုပင်ခရိုင်မှ ရန်ခရိုင်သို့ ပြန်ရောက်နေပြီ ဖြစ်သောကြောင့်ပင်။

ထိုအဆင့်လွန် ပညာရှင်နှစ်ဦးသည် မြို့သစ်သို့ ဝင်ရောက်သည်နှင့် ရွှမ်ယွမ်ချောင်ကဲက သူတို့၏ တည်ရှိမှုကို မလွဲမသွေ ခံစားမိလိမ့်မည် ဖြစ်သည်။

......

ထိုအချိန်တွင် လုချန်းသည် အိပ်ရာပေါ်တွင် မုယုံရွှီကို စိုက်ကြည့်နေသည်။

မုယုံရွှီဘက်မှ တက်ကြွစွာ ဆောင်ရွက်ခဲ့ပြီးနောက် သူမ မကြာမီပင် ပင်ပန်းနွမ်းနယ်သွားခဲ့သည်။ ရုတ်တရက် သူမသည် လုချန်း၏ရင်ဘတ်ပေါ်သို့ လဲလျောင်းသွားပြီး သူမ၏မြန်ဆန်သောအသက်ရှုသံများသည် လုချန်း၏နားထဲတွင် မပြတ်မြည်နေသည်။

လုချန်းက လက်ကို မြှောက်၍ မုယုံရွှီ၏ ကျောပြင်ကို ညင်သာစွာ ပွတ်သပ်ရင်း

“မုယုံမိန်းကလေးက ကိုယ့်ရဲ့ အိမ်မွေးမျောက်ဝံလေး ဖြစ်သွားပြီလို့ ဘာလို့ ခံစား နေရတာလဲ။”

အသက်ကို ပြင်းပြင်းရှူသွင်းပြီးနောက် မုယုံရွှီက အေးစက်စွာဖြင့်

“ကျွန်မတို့က အပြန်အလှန် အကျိုးရှိရှိ ဆက်ဆံကြတာပါ။”

လုချန်း ညင်သာစွာ ရယ်မောလိုက်သည်။ မုယုံရွှီသည် သူမ၏ စိတ်ပိုင်းဆိုင်ရာ အတားအဆီးများကို လုံးဝဖယ်ရှားပစ်လိုက်သည်ဟု ထင်ရသည်။

ထိုစဉ် လုချန်းက ရုတ်တရက် သူမခါးကို ပွေ့ဖက်လိုက်ပြီး လှိမ့်ချလိုက်ကာ သူမကို သူမကို အပေါ်စီးမှ ငုံ့ကြည့်လိုက်သည်။

မုယုံရွှီ၏ မျက်နှာ နီရဲနေပြီး သူမ၏ မျက်လုံးများက ဝေဝါးနေသည်။ သူမ၏ ခန္ဓာကိုယ်မှ ဆွဲဆောင်မှုရှိသော ရနံ့များ ထွက်ပေါ်နေ၏။ မုယုံရွှီ မည်သည့် ခုခံမှုမျှ မပြုလုပ်ပေ။

လုချန်းက

“မုယုံမိန်းကလေးရဲ့ ကိစ္စတွေ ပြေလည်သွားပြီဆိုတော့ အခု ကိုယ့်ကို စာရေးကျင့်တာ ကူညီဖို့ အချိန်ရောက်ပြီ။”

သူ စကားပြောနေစဉ် စာကြည့်ခန်းရှိ စုတ်တံနှင့် မှင်အိုးသည် လုချန်း၏ ဘေးသို့ တည့်တည့် ပျံသန်းလာ၏။ မုယုံရွှီက ခေါင်းလှည့်၍ လိုလိုချင်ချင်ဖြစ်နေသော အနေအထားကို ဖော်ပြလိုက်သည်။

လုချန်းက စုတ်တံကို ကောက်ယူ၍ မှင်ဖြင့် တို့ကာ သူမ၏ ကိုယ်ပေါ်တွင် စတင်ရေးသားတော့သည်။ ထိုအခိုက်တွင် မုယုံရွှီ တစ်စုံတစ်ခုကို တွေးမိပြီး

“ဝူကျန်းဝမ် မြောက်ပိုင်းပြည်နယ်ကို ရောက်လာရင် မင်းသားက သူ့ကို ဘယ်လို ကိုင်တွယ်မလဲ။”

ရေးသားနေစဉ် လုချန်းက

“သူ့ကို ကိုင်တွယ်ရမှာလား။ ဘာလို့ ကိုင်တွယ်ရမှာလဲ”

မုယုံရွှီက ဆက်လက်၍

“ဝူကျန်းဝမ်က လှပပြီး ဂုဏ်သိက္ခာရှိတယ်။ သူရဲ့ ကျက်သရေရှိတဲ့ဟန်က ဆွဲဆောင်မှုရှိတယ်။ သူ မြောက်ပိုင်းပြည်နယ်ကို ဓားစာခံအဖြစ် ရောက်လာရင် မင်းသားက သူ့ကို လျစ်လျူရှုထားမှာ မဟုတ်ဘူး မဟုတ်လား။”

လုချန်း၏ နှုတ်ခမ်းထောင့်စွန်းများ အနည်းငယ် ကွေးညွတ်သွားသည်။

“ရွှီက သဝန်တိုနေတာလား”

ရုတ်တရက် မုယုံရွှီက “အင်း” ဟု အသံ ပြုလုပ်လိုက်ပြီး

“ကျွန်မက ဒီအတိုင်းပဲ မေးကြည့်တာပါ။”

ထို့နောက် လုချန်းက

“ဟုတ်ပါတယ် ကိုယ် သူ့ကို လွှတ်မထားပါဘူး။ သူ့ကို ကိုယ်ရဲ့ မိဖုရားဆောင် အဖွဲ့ဝင် ဖြစ်အောင် လုပ်ပြီး ကိုယ့်ကလေးတွေကို မွေးဖွားပေးခိုင်းမယ်။”

ထိုစကားကို ကြားသောအခါ မုယုံရွှီက

“သူက ရည်မှန်းချက်ကြီးတဲ့ အမျိုးသမီးတစ်ယောက်။ ပြီးတော့ ဝူဧကရာဇ်ဆီကနေ မြောက်ပိုင်းပြည်နယ်ကို ဓားစာခံအဖြစ် လာဖို့ တက်ကြွစွာ သဘောတူခဲ့တာ။ သူ မင်းသားရဲ့ မိဖုရားဆောင်ထဲကို ဝင်လာရင် မြောက်ပိုင်းနယ်စားမင်းသားစံအိမ်ကို ဖျက်ဆီးပစ်မှာကို မင်းသား မကြောက်ဘူးလား။”

ထိုအခိုက်တွင် လုချန်းက မုယုံရွှီ၏ ခြေထောက်ကို မြှောက်၍ ၎င်းပေါ်တွင် “ဖြောင့်မတ်” ဟူသော စကားလုံးကို ရေးသားလိုက်ပြီး

“ယွဲ့ဧကရာဇ်က စေလွှတ်လိုက်တဲ့ သူလျှိုတစ်ယောက်ကိုတောင် မင်းသားစံအိမ်ထဲမှာ ရဲရဲတင်းတင်း ထည့်ထားတယ်။ မြောက်ပိုင်းပြည်နယ်ကို ထိခိုက်စေမယ့် အရာတစ်ခုခု သူလုပ်မှာကို ကိုယ်က စိုးရိမ်ရမှာလား”

ဟု ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်သည်။

မုယုံရွှီက

“ဝူကျန်းဝမ်က ကျွန်မ မဟုတ်ဘူး။ ကျွန်မနဲ့လည်း မတူဘူး။ သူ့လောက်လည်း ကျွန်မမှာ ရည်မှန်းချက် မရှိဘူး။”

“ကျွန်မ မင်းသားကို သတိပေးပြီးပြီ။ မင်းသားသာ မိန်းမတစ်ယောက်ကြောင့် ပြဿနာတက်ရင် တခြားသူတွေကို အပြစ်မတင်နဲ့။”

လုချန်းက မုယုံရွှီ၏ အေးစက်လှပသော မျက်နှာကို ကြည့်ကာ ပြုံးလျက်

“ရွှီက ကိုယ့်အတွက် စိတ်ပူပေးလာမယ်လို့ မမျှော်လင့်ထားဘူး။ ဘယ်လောက်တောင် ဝမ်းသာစရာ ကောင်းလိုက်လဲ။”

မုယုံရွှီ နှာခေါင်းရှုံ့လိုက်ပြီး စကားဆက်မပြောတော့ပေ။

ထို့နောက် လုချန်းက မုယုံရွှီ၏ ကျောပြင်ပေါ်တွင် ဆက်လက်ရေးသားတော့သည်။

ခဏအကြာတွင် လုချန်း ရုတ်တရက် တစ်စုံတစ်ရာကို သတိရလိုက်ပြီး

“ဟုတ်သားပဲ။ တစ်ရက်နှစ်ရက် ကြာရင် မင်းသားစံအိမ်ကို လာပြီး ယွဲ့ဧကရာဇ် အမြဲဝတ်တဲ့ ဖီးနစ်ဝတ်ရုံမျိုး ချုပ်ဖို့ အပ်ချုပ်သမား ကူညီပေးပါဦး။”

မုယုံရွှီက စူးစမ်းစွာ မေးလိုက်သည်။

“ဖီးနစ်ဝတ်ရုံလား။ ဘာလို့ ဖီးနစ်ဝတ်ရုံ လိုချင်တာလဲ။”

လုချန်းက ပြုံးလျက်

“ဝူကျန်းဝမ်က ဧကရီဖြစ်ဖို့ မျှော်မှန်းထားတာ မဟုတ်ဘူးလား။ ကိုယ်သူ့အိပ်မက်တွေကို အကောင်အထည် ဖော်ပေးမယ်။”

...........

အခန်း (၆၁၄)

ပြန်သွားပြီး ကောင်းကောင်း ဆွေးနွေးကြပါ

အတန်ကြာစောင့်ဆိုင်းပြီးနောက် နောက်ဆုံးတွင် ဝူမင်းသည် ဝူနန်းတွင်းမှ သတင်းစကားအပြင် သူ၏ဖခင် ဧကရာဇ်၏ အမိန့်တော်ကိုလည်း လက်ခံရရှိခဲ့သည်။

သို့သော် ဝူမင်း ထင်မထားသည်မှာ ဝူနန်းတွင်းသည် လျော်ကြေးမည်မျှ ပေးသင့်သည်ဟူသော ကိစ္စကို သတ်မှတ်ထားခြင်း မရှိပေ။ မသတ်မှတ်ခြင်းက လျော်ကြေးငွေပမာဏသည် ဝူနိုင်ငံတော် ကိုယ်စားလှယ်အဖွဲ့နှင့် မြောက်ပိုင်းပြည်နယ်တို့ သဘောတူညီသည့် စာချုပ်အပေါ် လုံးဝမူတည်နေသည်ဟု ဆိုလိုသည်။

ဝူနိုင်ငံတော် ကိုယ်စားလှယ်အဖွဲ့အား လွတ်လပ်စွာ ဆုံးဖြတ်ခွင့်ပေးထားသည်ဟု ထင်ရသော်လည်း တစ်ဖက်တွင် လျော်ကြေးငွေများလွန်းပါက ဝူမင်း ဝူနိုင်ငံတော်သို့ ပြန်ရောက်သည့်အခါ တာဝန်အားလုံးက သူ့အပေါ် ကျရောက်လာမည်ဖြစ်သည်။

ဝူနိုင်ငံတော်မှ ပို့လိုက်သော အမိန့်တော်တွင် လျော်ကြေးပမာဏအကြောင်း အနည်းငယ်မျှ ဖော်ပြထားခြင်း မရှိသည်ကို မြင်သောအခါ ဝူမင်း အတော် ဒေါသထွက်နေခဲ့သည်။ သူ၏ဖခင် ဧကရာဇ်သည် ဖိအားအားလုံးကို သူ့အပေါ်သို့ ရွှေ့ပြောင်းပေးလိုက်ခြင်းဖြစ်သည်။

အနည်းဆုံးတော့ လျော်ကြေးအတွက် အများဆုံး ပမာဏကို ဖော်ပြပေးသင့်သည်။ အခုတော့ ဘာမှ မပြောပဲ ဆွေးနွေးညှိနှိုင်းရမည့် ကိစ္စကို သူ့အပေါ်လုံးဝ တင်ထားခဲ့သည်။ ဆွေးနွေးပွဲမှ အဖြေထွက်လာသော လျော်ကြေးက ဝူဧကရာဇ်၏ မျှော်လင့်ချက်အောက် လျော့နည်းနေပါက တစ်မျိုးဖြစ်သည်။ မျှော်လင့်ချက်ထက် များစွာကျော်လွန်သွားပါက အိမ်ရှေ့မင်းသားရာထူးကို ဆုံးရှုံးသွားနိုင်သည်။

စိတ်လှုပ်ရှားနေသော်လည်း ဝူမင်း ဆွေးနွေးပွဲများကို ပြန်လည်စတင်ခဲ့သည်။ မြောက်ပိုင်းပြည်နယ် စစ်တပ်သည် တောင်ဘက်သို့ ဆက်လက်တိုးဝင်ရန် အလားအလာများ ပြသနေပြီဖြစ်သည်။ စစ်ပွဲကို တတ်နိုင်သမျှ အမြန်ဆုံး အဆုံးသတ်ရန်မှာ သူ့ဖခင် ဧကရာဇ်၏ အမိန့်ပါ ရည်ရွယ်ချက်လည်း ဖြစ်သည်။

အစက ဆက်လက်အချိန်ဆွဲရန် စီစဉ်ထားသော်လည်း ယခု သူ၏ဖခင် ဧကရာဇ်၏ အမိန့်တော် ရောက်ရှိလာပြီဖြစ်ရာ သူ အချိန်ဆွဲနေရန် မဖြစ်နိုင်တော့ပေ။

........

မြောက်ပိုင်းပြည်နယ်။

နိုင်ငံရေးရာခန်းမ။

ယနေ့ ဆွေးနွေးပွဲများ စတင်သည်နှင့် ဝူနိုင်ငံတော် ကိုယ်စားလှယ်အဖွဲ့ဝင်များသည် လျော်ကြေးကို လျှော့ချရန် အဆိုပြုခဲ့ကြသည်။ သူတို့၏ အဆိုကို ကြားလိုက်ရသည်နှင့် မြောက်ပိုင်းပြည်နယ် အရာရှိများက ချက်ချင်းပင် ပယ်ချလိုက်ကြသည်။ ဝူနိုင်ငံတော်သည် မြောက်ပိုင်းပြည်နယ် စခန်းကို ညအချိန်၌ ဝင်ရောက်တိုက်ခိုက်ခဲ့သည့်အတွက် လျော်ကြေးငွေကို လျှော့ချ၍မရပဲ တိုးသာတိုးမြှင့်ရမည်ဟု ယူဆကြသည်။

နိုင်ငံရေးရာခန်းမတစ်ခုလုံး စျေးတန်းကြီးကဲ့သို့ ဆူညံသွားပြီးနောက် နောက်ဆုံးတွင် လုချန်းက

“ငွေသား သန်းသုံးဆယ်နဲ့ ရွှေသား ငါးသန်းထပ် လျှော့လို့မရဘူး။ ဝူနိုင်ငံတော်က ဒီပမာဏကို မပေးချင်ဘူးဆိုရင် မြောက်ပိုင်းပြည်နယ် စစ်တပ်က ဝူနိုင်ငံတော်ထဲကို သွားယူလိမ့်မယ်။”

ထိုစကားကို ကြားသည်နှင့် ခန်းမကြီးတစ်ခုလုံး ချက်ချင်း တိတ်ဆိတ်သွားပြီး ဝူနိုင်ငံတော် ကိုယ်စားလှယ်အဖွဲ့ဝင်များလည်း ချက်ချင်း စိတ်ဓာတ်ကျသွားသည်။ မြောက်ပိုင်းပြည်နယ် စစ်တပ်က တောင်ဘက်သို့ ဆက်ချီရန် ရည်ရွယ်ထားပြီးဖြစ်ရာ မြောက်ပိုင်းနယ်စားမင်းသားကို စိတ်ဆိုးအောင်လုပ်မိပါက သူတကယ်ပင် စစ်တပ်စေလွှတ်နိုင်ပြီး ဝူနိုင်ငံတော်အတွက် ပိုမိုကြီးမားသော ဆုံးရှုံးမှုများ ဖြစ်ပေါ်စေနိုင်သည်။

မျက်နှာညိုမည်းစွာဖြင့် ဝူမင်းက

“ကောင်းပါပြီ။ မြောက်ပိုင်းနယ်စားမင်းသားရဲ့ တောင်းဆိုချက်တွေကို ကျွန်တော်တို့ လိုက်နာပါ့မယ်။ ဝူနိုင်ငံတော်က မြောက်ပိုင်းပြည်နယ်ကို ငွေသား သန်းသုံးဆယ်နဲ့ ရွှေသား ငါးသန်း ပေးလျော်ပါ့မယ်။ ဒါပေမဲ့ ဒီငွေကို တစ်ကြိမ်တည်းနဲ့ မပေးချေနိုင်ပါဘူး။”

ဝူနိုင်ငံတော်က အရစ်ကျပေးချေရန် အဆိုပြုလိမ့်မည်ဟု လုချန်း ကြိုတင်ခန့်မှန်းထားပြီးဖြစ်သည်။ ထို့ကြောင့်

“ပထမအရစ်က ငွေသား သန်းနှစ်ဆယ်နဲ့ ရွှေသား သုံးသန်း ဖြစ်မယ်။ ကျန်တာကို ဝူနိုင်ငံတော်က နှစ်နှစ်အတွင်း ပေးချေရမယ်။ မဟုတ်ရင် မြောက်ပိုင်းပြည်နယ် စစ်တပ်က ဝူဧကရာဇ်ဆီကို ငွေတောင်းဖို့ တောင်ဘက်ကို သွားရောက်လိမ့်မယ်။”

ဝူမင်း လက်သီးဆုပ်လိုက်ပြီး

“ကျေးဇူးတင်ပါတယ် မြောက်ပိုင်းနယ်စားမင်းသား”

လုချန်းက ဆက်လက်၍

“ငွေကိစ္စ ပြေလည်ပြီဆိုတော့ မြေကိစ္စ ဆွေးနွေးကြစို့။”

“ဝူနိုင်ငံတော်က မြောက်ပိုင်းပြည်နယ်ကို ထပ်မတိုက်ခိုက်နိုင်အောင် ကာကွယ်ဖို့ ယိုပင်ခရိုင်နဲ့ လင်တူခရိုင်ကို မြောက်ပိုင်းပြည်နယ် နယ်မြေထဲမှာ ထည့်သွင်းဖို့ ဆုံးဖြတ်ထားတယ်။”

ထိုစကားကို ကြားသောအခါ ဝူမင်း ချက်ချင်းပင် ကန့်ကွက်လိုက်သည်။

“မြောက်ပိုင်းနယ်စားမင်းသား။ မြောက်ပိုင်းပြည်နယ်က ယိုပင်ခရိုင်ကို သိမ်းပိုက်ပြီးသားပဲ။ လင်တူခရိုင်ကိုပါ ဘာလို့ သိမ်းချင်တာလဲ။ မင်းသားရဲ့ လောဘက နည်းနည်း ကြီးလွန်းတယ်လို့ မထင်ဘူးလား။”

လုချန်းက လေသံအေးအေးဖြင့်

“အစကတော့ ကျွန်တော် လင်တူခရိုင်ကို ယူမယ်လို့ စိတ်မကူးခဲ့ပါဘူး။ ဒါပေမဲ့ ဝူစစ်သည်တွေက ညကို အခွင့်ကောင်းယူပြီး မြောက်ပိုင်းပြည်နယ် စခန်းကို အလစ်တိုက်ခိုက်ခဲ့တာကြောင့် ကျွန်တော်တို့ရဲ့ စစ်သည်တွေ အများကြီးသေဆုံးခဲ့ရပြီး မြောက်ပိုင်းပြည်နယ်အတွက် ကြီးမားတဲ့ ဆုံးရှုံးမှုတွေ ဖြစ်ခဲ့ရတယ်။ ဒီအတွက် လျော်ကြေးထပ်မတောင်းတာက ကျွန်တော်ရဲ့ သဘောထားကြီးမှုပဲ။”

ထိုစကားကို ကြားသောအခါ ဝူနိုင်ငံတော်၏ သံချပ်ကာမြင်းတပ်ကို ဝူမင်းစိတ်ထဲ တစ်ဖန် ဆဲဆိုလိုက်သည်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ကာလအတွင်း မြောက်ပိုင်းပြည်နယ် စခန်းကို အလစ်တိုက်ခိုက်ခဲ့သည့် ရလာဒ်က ခရိုင်တစ်ခုထပ် ဆုံးရှုံးသွားရခြင်းဖြစ်သည်။

လင်တူခရိုင်၏ အရေးကြီးသော မြို့များအားလုံးကို မြောက်ပိုင်းပြည်နယ် စစ်သည်များက သိမ်းပိုက်ပြီးသားဖြစ်ပြီး လင်တူခရိုင်ကို ပေးအပ်ရန် သဘောမတူလျှင်ပင် မြောက်ပိုင်းပြည်နယ်က ခရိုင်တစ်ခုလုံးကို အနှေးနှင့် အမြန်ဆိုသလို သိမ်းပိုက်မည်သာ ဖြစ်သည်။ ထိုသို့ဖြစ်ရန် သူတို့၏ သဘောတူညီချက်ကို လုံးဝမလိုအပ်ပေ။

ဆွေးနွေးပွဲကို တတ်နိုင်သမျှ အမြန်ဆုံး အဆုံးသတ်ရန်အတွက် ဝူမင်းက

“ကောင်းပါပြီ။ ဝူနိုင်ငံတော်က ယိုပင်ခရိုင်နဲ့ လင်တူခရိုင်ကို ပေးအပ်ဖို့ သဘောတူပါတယ်”

ဟု လက်ခံလိုက်သည်။

ဝူမင်း ဤတစ်ကြိမ်တွင် အလွယ်တကူ သဘောတူသည်ကို မြင်သောအခါ လုချန်းက ညင်သာစွာ ပြုံးလိုက်ပြီး

“မင်းသား ဝူမင်းက ဒီလောက် အလွယ်တကူ သဘောတူလိုက်တာလား။ ဝူဧကရာဇ်နဲ့ တိုင်ပင်စရာ မလိုဘူးလား။”

ဝူမင်းက

“ကျွန်တော့်ဖခင် ဧကရာဇ်က ဆွေးနွေးပွဲတစ်ခုလုံးကို ကျွန်တော့်ကို လွှဲအပ်ထားတာပါ။ ကျွန်တော့်မှာ ဆုံးဖြတ်ပိုင်ခွင့်ရှိပါတယ်။”

လုချန်းက

“မင်းသား ဝူမင်းမှာ ဆုံးဖြတ်ပိုင်ခွင့်ရှိတယ်ဆိုတော့ ကျွန်တော် အချိန်ဆွဲမနေတော့ဘူး။”

ချက်ချင်းပင် လုချန်းက ဘေးနားရှိ အထူးကိုယ်ရံတော်အား

“ကုန်သွယ်ရေးဆိုင်ရာ သတ်မှတ်ချက်တွေကို မင်းသား ဝူမင်းကို ပြလိုက်ပါ။”

ကုန်သွယ်ရေးဆိုင်ရာ သတ်မှတ်ချက်များက များပြားသောကြောင့် လုချန်းက အစကတည်းက စာရွက်ပေါ်တွင် ရေးသားထားခြင်းဖြစ်သည်။

ကုန်သွယ်ရေးဆိုင်ရာ သတ်မှတ်ချက်များ ဝူမင်း၏လက်သို့ ရောက်သောအခါ သူက အလေးအနက် ဖတ်ရှုလိုက်သည်။ သတ်မှတ်ချက်များကို မြင်သောအခါ သူ၏အမူအရာသည် အလွန်အမင်း တင်းမာသွားသည်။

ရိုးရိုးသားသားပြောရလျှင် ဤစာချုပ်ပါ အချက်များကြောင့် မည်သည့်အကျိုးဆက်များ ဖြစ်ပေါ်လာနိုင်သည်ကို သူရှင်းရှင်းလင်းလင်း မသိပါ။ ဥပမာ မြောက်ပိုင်းပြည်နယ်၏ ငွေကြေးဖြင့် ကုန်သွယ်ခြင်း၊ ငွေ‌ကြေးအလဲအလှယ်များ ပြုလုပ်ခြင်း တို့ဖြစ်သည်။ မြောက်ပိုင်းပြည်နယ် ကုန်သည်အဖွဲ့များကို ဝူနိုင်ငံတော်အတွင်း ဝင်ရောက်ခွင့်ပြုခြင်းကြောင့် မြောက်ပိုင်းပြည်နယ်သည် ဝူနိုင်ငံတော်အတွင်းသို့ သူလျှိုများ စေလွှတ်နိုင်သည်ဟု သူမှန်းဆနိုင်သော်လည်း ပိုမိုနက်ရှိုင်းသော ရည်ရွယ်ချက်များကို သူနားမလည်နိုင်ပေ။

ဤစာချုပ်ပါ အချက်များကြောင့် မည်သည့်အကျိုးဆက်များ ဖြစ်ပေါ်လာနိုင်သည်ကို နားမလည်သော်လည်း ဝူမင်းသည် လူအ တော့ မဟုတ်ပေ။ သူက ချက်ချင်းပင် သူ၏လက်ထဲရှိ ကုန်သွယ်ရေး သတ်မှတ်ချက်များကို အတူလိုက်ပါလာသော အဖွဲ့ဝင်များထံ ပေးကာ ပြန်လည်သုံးသပ်စေခဲ့သည်။

သူ၏အဖွဲ့ဝင်များအားလုံးသည် ဝူနိုင်ငံတော် နန်းတွင်းမှ ရာထူးကြီးဝန်ကြီးများဖြစ်ကြပြီး ဤစည်းကမ်းချက်များက မည်သည့်အကျိုးဆက်များကို ဖြစ်ပေါ်စေနိုင်သည်ကို သေချာပေါက် သိရှိကြပေလိမ့်မည်။

ဝူနိုင်ငံတော် အဖွဲ့ဝင်များ ကုန်သွယ်ရေး သတ်မှတ်ချက်များကို ဖတ်ပြီးသောအခါ သူတို့၏ မျက်နှာများ တင်းမာလာသည်။ ထိုအခိုက်တွင် အဖွဲ့ဝင်တစ်ဦးက ဝူမင်း၏ နားနား ကပ်၍ တစ်စုံတစ်ခု ပြောလိုက်သည်။

ထို့နောက် ဝူမင်းက လုချန်းအား “ကုန်သွယ်ရေး သတ်မှတ်ချက်‌တွေရဲ့ အကျိုးသက်ရောက်မှု အရမ်းကြီးမားလွန်းလို့ ကျွန်တော် ဖခင် ဧကရာဇ်နဲ့ တိုင်ပင်ရပါလိမ့်မယ်။”

ဝူနိုင်ငံတော် ကိုယ်စားလှယ်အဖွဲ့ထဲတွင် အမှန်တကယ် ဉာဏ်ကောင်းသူများ ရှိနေသည်ဟု လုချန်းတွေးမိလိုက်သည်။ သူတို့သည် မြောက်ပိုင်းပြည်နယ်က ဝူနိုင်ငံတော်ကို စီးပွားရေးအရ ထိန်းချုပ်ရန် ရည်ရွယ်နေကြောင်း ထင်ရှားစွာ သိမြင်နှင့်ပြီး ဖြစ်လိမ့်မည်။

ထို့နောက် လုချန်းက

“ကောင်းပြီ။ ဒီအပိုင်းကို ခဏကျော်လိုက်မယ်။ ဓားစာခံ ကိစ္စကို ဆွေးနွေးကြပါစို့။”

“မြောက်ပိုင်းပြည်နယ်ကို ဓားစာခံတစ်ဦး စေလွှတ်စေချင်တယ်ဆိုတာ မင်းသား ဝူမင်းက ကြားပြီးသား ဖြစ်လိမ့်မယ်လို့ ကျွန်တော်ယုံကြည်တယ်။”

ဝူမင်းက မသိဟန်ပြုကာ

“မြောက်ပိုင်းနယ်စားမင်းသားက ဘယ်မင်းသားကို ဓားစာခံအဖြစ် ခေါ်ဖို့ ရည်ရွယ်တာလဲ မသိဘူး။”

လုချန်းက ပြုံးလျက်

“မင်းသား ဝူမင်းက ပန်းလမင်း ဂေဟာကို မကြာခဏ သွားလေ့ရှိပြီး မြောက်ပိုင်းပြည်နယ်က မိန်းကလေးတွေကို သဘောကျတယ်လို့ ကျွန်တော် ကြားတယ်။ မင်းသား ဝူမင်းက မြောက်ပိုင်းပြည်နယ်က မိန်းကလေးတွေကို အဲ့ဒီလောက် ကြိုက်တာဆိုတော့ ဘာလို့ မြောက်ပိုင်းပြည်နယ်မှာ ဓားစာခံအဖြစ် နေဖို့ မစဉ်းစားတာလဲ။”

ထိုစကားကို ကြားသောအခါ ဝူမင်း၏ မျက်နှာ ချက်ချင်း ဖြူဆုတ်သွားသည်။

သူ မြောက်ပိုင်းပြည်နယ်တွင် ဓားစာခံ မဖြစ်လိုပေ။ သူ မြောက်ပိုင်းပြည်နယ်တွင် ဓားစာခံအဖြစ် နေထိုင်ပါက အိမ်ရှေ့မင်းသားဖြစ်ရန် အခွင့်အရေးကို သူထာဝရ ဆုံးရှုံးရပေလိမ့်မည်။

ဝူမင်းက ချက်ချင်းပင်

“မြောက်ပိုင်းနယ်စားမင်းသား။ ဝူနိုင်ငံတော်မှာ ကျွန်တော့်ရဲ့ အဆင့်အတန်းက မမြင့်ပါဘူး။ မင်းသားက ကျွန်တော့်ကို မြောက်ပိုင်းပြည်နယ်မှာ ဓားစာခံလုပ်ခိုင်းမယ်ဆိုရင် ဓားစာခံရဲ့ ရည်ရွယ်ချက်ကို အထောက်အကူပြုမှာ မဟုတ်ဘူးလို့ ကျွန်တော် စိုးရိမ်တယ်။ မြောက်ပိုင်းနယ်စားမင်းသား ပြန်စဉ်းစားသင့်တယ်။”

ဝူမင်း၏ သိသာထင်ရှားသော ထိတ်လန့်မှုကို မြင်သောအခါ လုချန်း၏ နှုတ်ခမ်းထောင့်များ အနည်းငယ် ကွေးညွတ်သွားသည်။

ဝူမင်း စိတ်ရှုပ်ထွေးပြီး ပရိယာယ် မပါပဲ ပြောဆိုနေသည်ကို မြင်သောအခါ ဝူနိုင်ငံတော် အဖွဲ့ဝင်တစ်ဦးက အလျင်အမြန် ရှေ့သို့ တက်လာပြီး

“မြောက်ပိုင်းနယ်စားမင်းသား။ ဒီနေ့ ဆွေးနွေးပွဲ ဒီမှာပဲ အဆုံးသတ်ပြီး ဓားစာခံ ကိစ္စကို ဝူဧကရာဇ်ကို ပြန်ကြားတင်ပြဖို့ နိုင်ငံခြားရေးဝန်ကြီးက ခွင့်တောင်းပါတယ်။”

လုချန်းက ရယ်မောလျက်

“ခုနကတုန်းက ဒီညှိနှိုင်းဆွေးနွေးမှုကို သူ့ဘာသာသူ ဆုံးဖြတ်ပိုင်ခွင့်ရှိတယ်လို့ မင်းသားဝူမင်းက ပြောခဲ့တယ်။ အခုတော့ မင်းသား ဝူမင်းက ကိုယ်တိုင် ဆုံးဖြတ်ချက် မချနိုင်တော့ဘူး ထင်တယ်။”

ထိုစကားကို ကြားသောအခါ ဝူမင်းက

“မြောက်ပိုင်းနယ်စားမင်းသားက အဆိုပြုတဲ့ ကုန်သွယ်ရေး သတ်မှတ်ချက်က အရမ်း ရှုပ်ထွေးတယ်။ ဆုံးဖြတ်ချက်မချခင် ဆွေးနွေးဖို့ လိုပါတယ်။”

လုချန်းက လေသံအေးအေးဖြင့်

“ကောင်းပါပြီ။ ဒါဆို ပြန်ပြီး ကောင်းကောင်း ဆွေးနွေးကြပါ”

“ဒီနေ့ကစပြီး နှစ်ရက်အတွင်း တိကျတဲ့ အဖြေကို ကျွန်တော် မျှော်လင့်တယ်။ ကျွန်တော်တို့ရဲ့ ကျဆုံးစစ်သားတွေရဲ့ မိသားစုတွေက ဝူနိုင်ငံတော်ဆီက လျော်ကြေးကို စောင့်နေကြတုန်းပဲ။”

ထို့နောက် ဝူမင်းနှင့် ဝူနိုင်ငံတော် ကိုယ်စားလှယ်အဖွဲ့ဝင်များ နိုင်ငံရေးရာခန်းမမှ ထွက်ခွာသွားကြသည်။ သူတို့၏ ထွက်ခွာသွားသည့် ပုံရိပ်များကို ကြည့်ရင်း လုချန်း ညင်သာစွာ ပြုံးလိုက်သည်။

ဝူမင်းသည် မကြာခင် သူ့ထံ ချဉ်းကပ်လာပြီး သီးသန့်သဘောတူညီမှုတစ်ခု ရယူလိမ့်မည်ဟု သူ ယုံကြည်သည်။

.............

အခန်း (၆၁၅)

ကုန်သွယ်ရေး သတ်မှတ်ချက်များ

ဆွေးနွေးပွဲများ ခေတ္တရပ်နားပြီးနောက် လုချန်းသည် မြောက်ပိုင်းပြည်နယ် အရာရှိများနှင့် မြောက်ပိုင်းပြည်နယ်၏ လတ်တလော အရေးကိစ္စအချို့ကို အကျဉ်းချုပ် ဆွေးနွေးပြီးနောက် ပြည်နယ်နန်းတွင်းအစည်းအဝေးကို အဆုံးသတ်လိုက်သည်။

လုချန်း မျှော်လင့်ထားသည့်အတိုင်းပင် သူ မြောက်ပိုင်းနယ်စားမင်းသားစံအိမ်သို့ ပြန်ရောက်သည်နှင့် တစ်ပြိုင်နက် မင်းသား ဝူမင်းက သီးသန့်တွေ့ဆုံခွင့် တောင်းဆိုထားကြောင်း အစောင့်တစ်ဦးက သတင်းပို့လာသည်။

ဝူမင်း သူ့ကို တွေ့ဆုံလိုသည့် အကြောင်းရင်းကို လုချန်း သိရှိထားသောကြောင့် ဝူမင်းကို သူ၏စာကြည့်ခန်းသို့ ခေါ်ဆောင်လာရန် တစ်စုံတစ်ဦးအား ညွှန်ကြားခဲ့သည်။

ဝူမင်း စာကြည့်ခန်းထဲသို့ ရောက်သည်နှင့် လုချန်းက ပြုံးလျက်

“မင်းသား ဝူမင်း ထိုင်ပါဦး။”

ထို့နောက် လုချန်းက စာကြည့်ခန်း၏ အနားယူရန်နှင့် လက်ဖက်ရည်သောက်ရန် သီးသန့်ထားရှိသော နေရာသို့ ရွေ့သွား၏။ ဝူမင်လည်း လက်ဖက်ရည်စားပွဲဝိုင်းတွင် ချက်ချင်း ထိုင်လိုက်သည်။

ဤအချိန်တွင် လုချန်းသည် စာကြည့်ခန်းတံခါးမှ အစေခံအား

“ရှောင်ချင်။ လက်ဖက်ရည် နှပ်ပါ။”

ထိုသို့ပြောပြီးနောက် လုချန်း၏ အကြည့်က ဝူမင်းအပေါ်သို့ ကျရောက်သွားပြီး ပြုံးလျက်

စကားစလိုက်သည်။

“မင်းသား ဝူမင်းမှာ ကျွန်တော့်ကို သီးသန့်တွေ့ဆုံဖို့ ဘာကိစ္စများရှိလဲ မသိဘူး။”

ဝူမင်းက တိုက်ရိုက်ပင်

“မြောက်ပိုင်းနယ်စားမင်းသားကို မေးချင်တာက ကျွန်တော့်ကို မြောက်ပိုင်းပြည်နယ်မှာ ဓားစာခံအဖြစ် ခေါ်ထားဖို့ တကယ် ထားဖို့ ရည်ရွယ်တာလား။”

အစောပိုင်းက နိုင်ငံရေးရာခန်းမတွင် ဝူမင်းသည် သူ့ကိုယ်သူ “မင်းသား” ဟု ရည်ညွှန်းခဲ့သော်လည်း ယခုမူ လုချန်းရှေ့တွင် သူက “ကျွန်တော်” ဟုသာ သုံးနှုန်းကာ သူ၏ အနေအထားကို သိသိသာသာ လျှော့ချခဲ့သည်။

ဝူမင်း၏ လေသံကို ကြားသောအခါ လုချန်းက ညင်သာစွာ ရယ်မောလိုက်ပြီး

“မင်းသား ဝူမင်းက ဝူနိုင်ငံတော်မှာ သြဇာအာဏာရှိပြီး အိမ်ရှေ့မင်းသားနေရာကို ယှဉ်ပြိုင်နေသူတွေထဲက တစ်ယောက်ပါ။ ဓားစာခံ ရွေးတဲ့အခါ ဝူနိုင်ငံတော်အတွက် အရေးပါတဲ့ တစ်ယောက်ကိုပဲ ရွေးရမှာ သဘာဝပါပဲ။”

“ကျွန်တော့်အမြင်အရတော့ ခင်ဗျားက အသင့်တော်ဆုံးပဲ။”

ထိုစကားကို ကြားသောအခါ ဝူမင်းက ချက်ချင်းပင်

“မြောက်ပိုင်းနယ်စားမင်းသားက ကျွန်တော့်ကို မြှောက်လွန်းနေပါပြီ။ ဝူနိုင်ငံတော် နန်းတွင်းမှာ ကျွန်တော့်ကို ထောက်ခံတဲ့ ဝန်ကြီးတချို့ ရှိပေမဲ့ မင်းသား လုရီနဲ့ ယှဉ်ရင် ကျွန်တော်က တကယ်ကို အရေးမပါပါဘူး။”

“ကျွန်တော့် ဖခင်ဧကရာဇ်က ကျွန်တော့်ကို ဒီ မြောက်ပိုင်းပြည်နယ်ကို စေလွှတ်တာဟာ မင်းသား လုရီရဲ့ ဂုဏ်သတင်းကို မထိခိုက်စေချင်လို့ဆိုတာ ရှင်းပါတယ်။ သူက ကျွန်တော့် ဖခင်ဧကရာဇ်ရဲ့ စိတ်ထဲမှာ အရေးအပါဆုံးဆိုတာ သက်သေပြနေတာပဲ။”

“မြောက်ပိုင်းနယ်စားမင်းသားက မင်းသားတစ်ယောက်ကို ဓားစာခံအဖြစ် ရွေးချယ်ချင်တယ်ဆိုရင် မင်းသား လုရီပဲ ဖြစ်သင့်တယ်။ ကျွန်တော့်ကို ရွေးချယ်ရင် ဓားစာခံရဲ့ ရည်ရွယ်ချက်ကို ထိရောက်စွာ အထောက်အကူပြုမှာ မဟုတ်ဘူးလို့ ကျွန်တော် စိုးရိမ်တယ်”

ဟု လျင်မြန်စွာ တုံ့ပြန်လိုက်သည်။

လုချန်း ခဏမျှ စဉ်းစားပြီးနောက်

“ဪ။ဒီလိုလား။”

“ဒါပေမဲ့ တဖန်ပြန်စဉ်းစားကြည့်တော့ ကျွန်တော်သာ မင်းသား လုရီကို ဓားစာခံအဖြစ် ရွေးချယ်မယ်ဆိုရင် ဝူဧကရာဇ်က သဘောတူမှာ မဟုတ်လောက်ဘူး မဟုတ်လား။”

“ဘယ်လိုပဲဖြစ်ဖြစ် ခင်ဗျား ပြောတဲ့အတိုင်းဆို သူက ဝူဧကရာဇ်ရဲ့ စိတ်ထဲမှာ အရေးအပါဆုံးပဲ။”

လုချန်း၏ တုံ့ပြန်မှုကို ကြားသောအခါ

ဝူမင်း တအံ့တဩ ဖြစ်သွားသည်။

သူ၏ အတွေးများကို စုစည်းပြီးနောက် ဝူမင်းက

“မြောက်ပိုင်းပြည်နယ် စစ်တပ်က ကျွန်တော်တို့ နယ်စပ်မှာ ရှိနေတာကို ထောက်ထားပြီး မြောက်ပိုင်းနယ်စားမင်းသား တင်ပြတဲ့ ဘယ်အခြေအနေကိုမဆို ကျွန်တော့်ဖခင် ဧကရာဇ်က သဘောတူလိမ့်မယ်လို့ ကျွန်တော် ယုံကြည်တယ်။”

ထို့နောက် လုချန်းက

“ဒါဆို ဝူဧကရာဇ်က ကုန်သွယ်ရေး သတ်မှတ်ချက်တွေကိုလည်း သဘောတူလိမ့်မယ်လို့ ဆိုလိုတာလား။”

ဝူမင်း ခဏခန့် ရှုပ်ထွေးသွားသည်။ ဤအရာက ကုန်သွယ်ရေး သဘောတူညီချက်နှင့် ဘာဆိုင်သနည်း။ ဓားစာခံကိစ္စကို ဆွေးနွေးနေတာ မဟုတ်ဘူးလား။

ဝူမင် စိတ်ရှုပ်ထွေးနေစဉ် ဆက်စပ်မှုကိုသူ ရုတ်တရက် သဘောပေါက်သွားသည်။

ထို့နောက် ဝူမင်းက

“မြောက်ပိုင်းနယ်စားမင်းသားက တခြားမင်းသားတစ်ပါးကို ဓားစာခံအဖြစ် ရွေးချယ်မယ်ဆိုရင် ကျွန်တော့်ဖခင် ဧကရာဇ်က မြောက်ပိုင်းပြည်နယ်က တင်ပြတဲ့ ကုန်သွယ်ရေး သတ်မှတ်ချက်ကို သေချာပေါက် သဘောတူလိမ့်မယ်လို့ ကျွန်တော် ယုံကြည်တယ်။”

ကုန်သွယ်ရေး သတ်မှတ်ချက်က ဝူနိုင်ငံတော်အပေါ် မည်သည့်သက်ရောက်မှုများ ရှိနိုင်သည်ကို ဝူမင်း သေချာမသိပေ။

ဝူနိုင်ငံတော် ကိုယ်စားလှယ်အဖွဲ့မှ ကိုယ်စားလှယ်များက သူ့ကို သတိပေးခဲ့သည်မှာ မြောက်ပိုင်းပြည်နယ်က အဆိုပြုသော ကုန်သွယ်ရေး သတ်မှတ်ချက်သည် နယ်မြေဆုံးရှုံးခြင်း သို့မဟုတ် လျော်ကြေးပေးခြင်းထက် အပြင်ပန်းအားဖြင့် အန္တရာယ်နည်းဟု ထင်ရသော်လည်း အမှန်တကယ်တွင် ပိုမိုဆိုးရွားသော အန္တရာယ်များ ရှိနေပြီး ဝူဧကရာဇ်က သဘောတူမည် မဟုတ်ဟု ဆိုသည်။

အံ့ဩစရာ‌တော့ မရှိပါ။ သူတို့ မြောက်ပိုင်းပြည်နယ်သို့ ရောက်ခါစက သတင်းစာများက မင်းသမီး ကျန်းဝမ် ဓားစာခံ ဖြစ်လိမ့်မည်ဟု ကြေညာခဲ့သော်လည်း ရုတ်တရက် မင်းသား ဝူမင်းဘက်သို့ ပြောင်းလဲသွားခဲ့သည်။ မြောက်ပိုင်းနယ်စားမင်းသားသည် သူ၏ အာဏာကို အသုံးချ၍ သူ၏ ဖခင်ဧကရာဇ်အား ကုန်သွယ်ရေး သတ်မှတ်ချက်ကို သဘောတူစေရန် ရည်ရွယ်ခဲ့ခြင်းဖြစ်ကြောင်း ထင်ရှားသည်။

၎င်းသည် အခြေခံအားဖြင့် ကုန်သွယ်ရေး သတ်မှတ်ချက်များသာ ဖြစ်သည်။ အကယ်၍ ကုန်သွယ်ရေး သတ်မှတ်ချက်များကို သဘောမတူပါက သူဓားစာခံ ဖြစ်လာနိုင်ဖွယ်ရှိသည်။ အကယ်၍ ကုန်သွယ်ရေး သတ်မှတ်ချက်ကို အတည်ပြုပါက အခြားတစ်ဦးက ဓားစာခံအဖြစ် ဆောင်ရွက်ပေလိမ့်မည်။

ဝူမင်း၏ အဖြေကို ကြားပြီးနောက် လုချန်းက သူ၏လက်ဖက်ရည်ခွက်ကို ကောက်ယူကာ ညင်သာစွာ တစ်ငုံသောက်ပြီးနောက်

“မင်းသား ဝူမင်းက ဝူဧကရာဇ်ကို ကုန်သွယ်ရေး ကိစ္စ သဘောတူအောင် ဆွဲဆောင်နိုင်ရင် မင်းသမီး ကျန်းဝမ်ကို ဓားစာခံအဖြစ် ရွေးချယ်ပါ့မယ်။ ဒါပေမဲ့ မင်းသား မအောင်မြင်ရင်တော့ မြောက်ပိုင်းပြည်နယ်မှာ ဆက်နေပါ။”

ဝူမင်းက ချက်ချင်းပင်

“မြောက်ပိုင်းနယ်စားမင်းသား စိတ်ချပါ။ ကျွန်တော် ဝူနိုင်ငံတော် နန်းတွင်းတစ်ခုလုံးနဲ့ ဖခင် ဧကရာဇ်ကို သေချာပေါက် စည်းရုံးပါ့မယ်။”

လုချန်းက ပြုံးလျက်

“ဒါဆို မင်းသား ဝူမင်းဆီက သတင်းကောင်းကို စောင့်နေပါ့မယ်။ မင်းသား ဝူမင်းမြန်မြန်ဆန်ဆန် ဆောင်ရွက်နိုင်ပါစေလို့ မျှော်လင့်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် မြောက်ပိုင်းပြည်နယ် စစ်သည်တွေရဲ့ မိသားစုတွေက သူတို့ရဲ့ ပင်စင်ကို စောင့်နေကြတုန်းပါပဲ။”

ထို့နောက် ဝူမင်းက

“မြောက်ပိုင်းနယ်စားမင်းသား ကျွန်တော့်ကို နောက်ထပ် တစ်လ အချိန်ပေးပါ။ တစ်လကြာရင် ကျေနပ်စရာကောင်းတဲ့ အဖြေကို သေချာပေါက် ပေးပါ့မယ်။”

လုချန်းက ပြုံးလျက်

“ကောင်းပါပြီ။ မင်းသား ဝူမင်ကို နောက်ထပ် တစ်လ အချိန်ပေးပါမယ်။ မင်းသား ဝူမင်းက ကျွန်တော့်ကို တစ်လလုံး အလကား စောင့်ဆိုင်းစေမှာ မဟုတ်ဘူးလို့ မျှော်လင့်ပါတယ်။”

ဝူမင်းက ပြုံးလျက်

“ဟုတ်ပါတယ်။”

“မြောက်ပိုင်းနယ်စားမင်းသားမှာ တခြားကိစ္စ မရှိတော့ရင် ဒီနေ့ ကျွန်တော် ပြန်ပါဦးမယ်။”

ထိုသို့ပြောပြီးနောက် ဝူမင်း ထလိုက်ပြီး လုချန်းလည်း ချက်ချင်း ထရပ်ကာ

“ကောင်းပါပြီ။ မင်းသား ဝူမင်း ဖြည်းဖြည်းသွားပါ။ ကျွန်တော် လိုက်မပို့တော့ဘူး။”

နောက်ထပ် ဘာမှ မပြောပဲ ဝူမင်း ထရပ်ကာ ထွက်ခွာသွားသည်။

........

ရက်အနည်းငယ်ကြာပြီးနောက်။

ဝူနိုင်ငံတော် နန်းတွင်း။

မြောက်ပိုင်းပြည်နယ်က အဆိုပြုသော ကုန်သွယ်ရေး သတ်မှတ်ချက် ဝူနိုင်ငံတော်သို့ ပြန်လည်ရောက်ရှိလာသောအခါ ဝူနိုင်ငံတော် နန်းတွင်းတစ်ခုလုံး ချက်ချင်း လှုပ်ခတ်သွားစေခဲ့သည်။

ဝူနိုင်ငံတော် နန်းတွင်းမှ ဝန်ကြီးအများစုသည် ပုံမှန်အားဖြင့် ပျင်းရိငြီးငွေ့နေတတ်ကြသော်လည်း သူတို့သည် လူအ များ မဟုတ်ကြပေ။

နိုင်ငံရေးလောကတွင် အတွေ့အကြုံရှိသော ဝန်ကြီးများသည် မြောက်ပိုင်းပြည်နယ်၏ ရည်ရွယ်ချက်ကို ချက်ချင်း သိမြင်သွားကြသည်။ မြောက်ပိုင်းပြည်နယ်က ဝူနိုင်ငံတော်အား စျေးကွက်အားလုံးကို အပြည့်အဝ ဖွင့်လှစ်စေရန်သာမက မြောက်ပိုင်းပြည်နယ်၏ ငွေကြေးဖြင့် ကုန်သွယ်မှုများ ပြုလုပ်ရန်ပင်တောင်းဆိုနေသည်။

အလွန် ရယ်စရာကောင်းသော အချက်တစ်ခုပင်။

မြောက်ပိုင်းပြည်နယ်၏ ငွေကြေးကို အသုံးပြုရန် ဆိုသည်မှာ အဘယ်နည်း။

မြောက်ပိုင်းပြည်နယ်မှ ကုန်ပစ္စည်းများ အများအပြား ဝင်ရောက်လာပါက ကုန်သည်များသည် မြောက်ပိုင်းပြည်နယ် ကုန်ပစ္စည်းများကို ဝယ်ယူရန် မြောက်ပိုင်းပြည်နယ်၏ ငွေကြေးကို အသုံးပြုရမည်ဖြစ်သည်။ ကုန်ပစ္စည်းများ ပိုမိုများပြားလာပါက လူများသည် ဝူနိုင်ငံတော်၏ ငွေကြေးကို စွန့်ပစ်ကာ မြောက်ပိုင်းပြည်နယ်၏ ငွေကြေးကို ပိုမိုနှစ်သက်လာကြမည်။

ထိုအချိန်တွင် ချိုင်ကျိလျှံ ထရပ်ကာ

“မင်းကြီး။ ဝူနိုင်ငံတော်က ဒီအခြေအနေကို သဘောတူလို့ မရပါဘူး။ မြောက်ပိုင်းပြည်နယ်က သူတို့ရဲ့ ကိုယ်ပိုင်ငွေကြေးကို မထုတ်ရသေးပေမဲ့ ဒီအချက်ကို အဆိုပြုတာက သူတို့ မကြာခင် ငွေကြေးအသစ် ထုတ်ဝေလိမ့်မယ်ဆိုတာ သက်သေပြနေပါတယ်။”

“မြောက်ပိုင်းပြည်နယ်ရဲ့ ကုန်ပစ္စည်းတွေနဲ့ ငွေကြေးတွေ ဝူနိုင်ငံတော်ထဲကို ဝင်ရောက်လာတာနဲ့ ဝူနိုင်ငံတော်က ထုတ်ဝေတဲ့ ငွေကြေးကို လူတွေ သုံးတာ နည်းပါးသွားပါလိမ့်မယ်။”

ချိုင်ကျိလျှံသည် ယခုအခါ သူ၏ ရာထူးဟောင်းကို ပြန်လည်ခန့်အပ်ခံရပြီး ဝူနိုင်ငံတော်၏ ဝန်ကြီးချုပ် ပြန်ဖြစ်လာခဲ့သည်။ ဝူဧကရာဇ်က သူ့ကို ပြန်လည်ခန့်အပ်ခဲ့ရသည့် အဓိကအကြောင်းရင်းမှာ ဝူကျန်းဝမ်ကို တည်ငြိမ်စေရန်ဖြစ်သည်။

ဝူဧကရာဇ်သည် ဝူကျန်းဝမ်ကို မြောက်ပိုင်းပြည်နယ်သို့ ထိုးဖောက်ဝင်ရောက်ရန် လိုအပ်ပြီး သူမ၏ စိတ်ဓာတ်ကို မြှင့်တင်ရန်အတွက် သူမအား မျှော်လင့်ချက်တစ်စွန်းတစ်စ ပြသရမည်ဖြစ်သည်။

သူ၏သမီးဖြစ်သူက ဉာဏ်ကောင်းသူဖြစ်ကြောင်း ဝူဧကရာဇ် သိရှိသည်။ သူမ၏ ဘက်တော်သား ဝန်ကြီးများကို ဖယ်ရှားပြီး နန်းတွင်းတွင် သူမ၏ အသံ ပျောက်ဆုံးသွားပါက သူမအား လိမ်ညာကတိများပေး၍ အသုံးချနေသည်ဟု သံသယဖြစ်နိုင်သည်။

ထို့ကြောင့် သူက ဝူကျန်းဝမ်၏ ဘက်တော်သား အရေးပါသော ပုဂ္ဂိုလ် ချိုင်ကျိလျှံကို သူ၏ ရာထူးဟောင်းသို့ ချက်ချင်း ပြန်လည်ခန့်အပ်ခဲ့သည်။

ချိုင်ကျိလျှံ၏ စကားဆုံးသောအခါ အခြားဝန်ကြီးတစ်ဦးက ထရပ်ကာ

“ဟုတ်ပါတယ် မင်းကြီး။ မြောက်ပိုင်းနယ်စားမင်းသားမှာ မရိုးသားတဲ့ ရည်ရွယ်ချက်တွေ ရှိတယ်။ ဒီအချက်တွေက ဝူနိုင်ငံတော်ရဲ့ ရေရှည်အကျိုးစီးပွားကို ထိခိုက်စေပါတယ်။ ”

ထို့နောက် မြောက်ပိုင်းပြည်နယ်က အဆိုပြုသော ကုန်သွယ်ရေး သတ်မှတ်ချက်ကို ကန့်ကွက်ရန် ဝန်ကြီးများ ဆက်တိုက် ထရပ်ခဲ့ကြသည်။

ကန့်ကွက်သော ဝန်ကြီးများ၏ အသံများ အနည်းငယ် ငြိမ်သက်သွားပြီးနောက် ဝူဧကရာဇ်က ခန်းမကြီးရှိ ဝန်ကြီးများကို ‌ဝေ့ကြည့်လိုက်ကာ

“တခြားဝန်ကြီးတစ်ပါးပါးမှာကွဲလွဲတဲ့ အမြင် ရှိသေးလား။”

ဝူဧကရာဇ်၏ စကား ဆုံးသွားသည်နှင့် မင်းသား ဝူမင်း၏ ဘက်တော်သား ဝန်ကြီးတစ်ပါး ထရပ်ကာ

“မင်းကြီး။ ချိုင်လူကြီးမင်းရဲ့ ပြောဆိုချက်က လုံးဝ အခြေအမြစ်မရှိဘူးလို့ ယုံကြည်ပါတယ်။ ကျွန်တော့်အမြင်အရတော့ ဒီကုန်သွယ်ရေးစာချုပ်က ဝူနိုင်ငံတော်ကို ထိခိုက်စေမှာ မဟုတ်ပဲ အကျိုးတောင်ရှိပါတယ်။”

“ဒီမှာရှိတဲ့ လူတိုင်း မြောက်ပိုင်းပြည်နယ်က ထုတ်ကုန်တချို့ကို သုံးဖူးကြလိမ့်မယ်လို့ ကျွန်တော် ယုံကြည်တယ်။ ဥပမာအနေနဲ့ စက္ကူဖြူကို ကြည့်ပါ။ စက္ကူဖြူသုံးမယ်ဆိုရင် ဝူနိုင်ငံတော်က ဝါးတွေနဲ့ တိရစ္ဆာန်အရေခွံတွေကို သုံးစရာ မလိုတော့ပါဘူး။”

ဝန်ကြီး စကားဆုံးသောအခါ မင်းသား ဝူမင်း၏ ဘက်တော်သား ဝန်ကြီးများလည်း ထရပ်ကာ ကုန်သွယ်ရေး သဘောတူညီချက်ကို ထောက်ခံကြောင်း ဖော်ပြခဲ့ကြပြီး မြောက်ပိုင်းပြည်နယ်၏ ငွေကြေးသည် ဝူနိုင်ငံတော်ကို မည်သည့် ထိခိုက်မှုမှ မဖြစ်စေနိုင်ကြောင်း ပြောဆိုခဲ့ကြသည်။

............

All Chapters