← Chapters

အခန်း ၆၁၉-၆၂၁

Vol. 42 Ch. 619-621

အခန်း ၆၁၉-၆၂၁

Vol. 42 Ch. 619-621

အခန်း (၆၁၉)

သူက မြောက်ပိုင်းနယ်စားမင်းသားလား

အပြင်ဘက်မှ ဆူညံသံကို ကြားလျှင် လေးမျက်နှာ ဂိုဏ်းချုပ်သည် ချက်ချင်း ထရပ်လိုက်၏။ သူ၏လက်ကို မြှောက်လိုက်သည်နှင့် စားပွဲဘေးမှ ဓားကြီးတစ်ချောင်းသည် သူ့လက်ထဲသို့ ပျံသန်းရောက်ရှိလာကာ

“ကောင်းပြီ။ ငါးကို ချိတ်မိပြီဆိုတော့ ကျုပ်တို့လည်း လှုပ်ရှားရအောင်။ မြောက်ပိုင်းနယ်စားမင်းသား သေရင် ဆွမ်ဧကရာဇ် ကောင်းကင်လူသားအဆင့် ရောက်ဖို့ ဘာအတားအဆီးမှ မရှိတော့ဘူး။”

တာအိုရသေ့က

“ကျုပ် လူတွေခေါ်ပြီး မြို့သစ်ကို ချက်ချင်း သွားလိုက်ပါ့မယ်။ ဒီနေရာကို ခင်ဗျားပဲ တာဝန်ယူလိုက်ပါ ဂိုဏ်းချုပ်။”

လေးမျက်နှာ ဂိုဏ်းချုပ်က

“စိတ်မပူပါနဲ့။ မြောက်ပိုင်းနယ်စားမင်းသားကိုသာ မြန်မြန် သတ်လိုက်ပါ။”

တာအိုရသေ့လည်း စကားထပ်မပြောတော့ပဲ အရက်ဆိုင်မှ ထွက်ကာ တပည့်များကို ခေါ်ပြီး မြောက်ပိုင်းမြို့တော် တံခါးမှ ထွက်၍ မြို့သစ်ဘက်သို့ ဦးတည်သွားလေသည်။

မကြာမီ လေးမျက်နှာ ဂိုဏ်းချုပ်ရှိရာ အရက်ဆိုင်ကို မြောက်ပိုင်းပြည်နယ် စစ်သည်များက ဝိုင်းရံလိုက်ကြ၏။ သို့သော် ထိုအချိန်တွင် တာအိုရသေ့သည် တပည့်အချို့ကို ခေါ်ကာ မြို့သစ်ဘက်သို့ ထွက်ခွာသွားခဲ့ပြီး ဖြစ်သည်။

အရက်ဆိုင်ကို ဝိုင်းရံပြီးသည်နှင့် ကျူးကဲ့ကျုံကောင်းက လက်ဝှေ့ယမ်းကာ ချက်ချင်း အမိန့်ပေးလိုက်သည်။

“တိုက်ခိုက်ဖို့ ပြင်ဆင်ကြ။”

သူ့စကားဆုံးသည်နှင့် စစ်သည်များ၏ အမြောက်များနှင့် မော်တာများသည် အရက်ဆိုင်ကို ဦးတည်ထားပြီး ဖြစ်သည်။

ထိုစဉ် အရက်ဆိုင်အတွင်းမှ လေးမျက်နှာ ဂိုဏ်းချုပ်၏ အသံ ထွက်ပေါ်လာ၏။ သူက ကျယ်လောင်စွာ ရယ်မောရင်း

“လောကဓံဆိုတာ တကယ်ကို ခန့်မှန်းရခက်တယ်။ စာပေပညာရှင်ကြီးက မြောက်ပိုင်းနယ်စားမင်းသားရဲ့ ခွေး ဖြစ်သွားရတယ်။”

ထိုစကားကို ကြားသော် ကျူးကဲ့ကျုံကောင်းက ဒေါသထွက်ခြင်းမရှိပဲ သူ၏မုတ်ဆိတ်ကို သပ်ကာ ပြုံးလျက်

“ဧည့်သည်က ဧည့်သည်ပါပဲ။ အထဲက နှစ်ယောက် ဘာလို့ ထွက်မတွေ့တာလဲ။”

အခြားတစ်ယောက်က မြောက်ပိုင်းနယ်စားမင်းသားကို လုပ်ကြံရန် မြို့ဟောင်းမှ မြို့သစ်သို့ ထွက်ခွာသွားပြီ ဖြစ်ကြောင်း ကျူးကဲ့ကျုံကောင်း ခန့်မှန်းပြီးသား ဖြစ်သည်။ သို့သော် ဒါကိုသူ အနည်းငယ်မျှ စိုးရိမ်ခြင်းမရှိပေ။

လေးမျက်နှာ ဂိုဏ်းချုပ် အချိန်ဆွဲလိုကြောင်းကိုလည်း သူ နားလည်ထားပြီး သူ့အားအချိန်ဆွဲခွင့် ပြုထားသည်။ အတွင်းမှလူကို နည်းနည်းပိုကြာအောင် အချိန်ဆွဲလျှင် ပိုကောင်းမည်ဟုပင် ကျူးကဲ့ကျုံကောင်း မြင်သည်။

ကျူးကဲ့ကျုံကောင်းသည် စာပေပညာရှင်တစ်ဦး ဖြစ်သည်။ သူသည် စာပေမှတစ်ဆင့် တာအိုလမ်းစဉ်သို့ ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။ သူ၏စွမ်းအားသည် သိုင်းပညာရှင်များနှင့် နှိုင်းယှဉ်လျှင် နိမ့်ကျနေနိုင်ပြီး အတွင်းမှ အရိပ်အ‌ယောင် ကောင်းကင်လူသားကို အနိုင်ယူနိုင်မလားဆိုတာ သူ မသေချာပေ။

လုချန်း၏ ကိစ္စ ပြီးဆုံးသွားသည်အထိ စောင့်ဆိုင်းပြီးမှ ကောင်းကင်လူသား ရွှမ်ယွမ်ချောင်ကဲကို လာရောက်သည်အထိ အချိန်ဆွဲထားခြင်းက အကောင်းဆုံးဖြစ်သည်။

ကျူးကဲ့ကျုံကောင်း၏ စကားကို ကြားပြီးနောက် လေးမျက်နှာ ဂိုဏ်းချုပ်က ပို၍ပင် ကျယ်လောင်စွာ ရယ်မောရင်း

“စာပေပညာရှင်ကြီးက တကယ်ပဲ

ကျွန်ုတော်တို့ကို ဧည့်သည်လို့ သတ်မှတ်တယ်ဆိုရင် ဘာလို့ ဒီလောက်များတဲ့ စစ်သည်တွေနဲ့ ကျွန်တော်တို့ အရက်ဆိုင်ကို ဝိုင်းထားရတာလဲ။”

ကျူးကဲ့ကျုံကောင်းက

“အထဲက နှစ်ယောက်။ ခင်ဗျားတို့ မြောက်ပိုင်းပြည်နယ်ကို ရောက်နေတာကို မြောက်ပိုင်းနယ်စားမင်းသား သိထားလို့ မြောက်ပိုင်းနယ်စားမင်းသားစံအိမ်ကို ဖိတ်ခေါ်ဖို့ ကျွန်တော့်ကို အထူးတောင်းဆိုခဲ့တာပါ။ ခင်ဗျားတို့ နှစ်ယောက်က မြောက်ပိုင်းနယ်စားမင်းသားကို ဒီယဉ်ကျေးမှု‌လေးတောင် မပြနိုင်ဘူးလား။”

လေးမျက်နှာ ဂိုဏ်းချုပ်က

“သူက ကလေးတစ်ယောက်ပဲ ရှိသေးတာ။ သူ့မှာ ကျွန်တော်တို့ ‌ဂါရဝပြုစရာ ဘာအရည်အချင်းမှ မရှိဘူး”

ဟု မလေးမစား ပြောလိုက်သည်။

ကျူးကဲ့ကျုံကောင်းနှင့် လေးမျက်နှာ ဂိုဏ်းချုပ်တို့ စကားဖြင့် တိုက်ခိုက်နေကြသည်ကို မြင်သောအခါ ကျူးကဲ့ကျုံ‌ကောင်း ဘေးမှ လျှံဇွန်းက

“ပညာရှိကြီး။ ကျွန်တော်တို့ မလှုပ်ရှားတော့ဘူးလား”

ဟု မနေနိုင်ပဲ ပြောလိုက်သည်။

လေးမျက်နှာတောင်နှင့် လေငြိမ်တောင်မှ လုပ်ကြံသူများကို နှိမ်နင်းရန်အတွက် အမြောက်ကဲ့သို့သော လေးလံသည့် လက်နက်များကိုပင် သယ်‌ဆောင်လာခဲ့ရပြီး အမြောက်ဆံများလည်း ထည့်ထားပြီး ဖြစ်သည်။ သို့သော် ကျူးကဲ့ကျုံကောင်းကမူ ရန်သူနှင့် စကားစစ်ထိုးနေသည်။

အတွင်းမှ လူများနှင့် စကားပြောခြင်းက အချိန်ဖြုန်းခြင်းသက်သက်သာ ဖြစ်သည်ဟု လျှံဇွန်း ခံစားရ၏။

ကျူးကဲ့ကျုံကောင်းက အေးအေးဆေးဆေးပင်

“အလျင်လိုစရာ မလိုပါဘူး။ ကျွန်တော်တို့ ရွှမ်ယွမ်သခင်ကြီး ရောက်လာတာကို စောင့်ကြရအောင်။”

ကျူးကဲ့ကျုံကောင်း၏ စကားကို ကြားလျှင် လျှံဇွန်း ခဏမျှ အံ့အားသင့်သွားပြီး ကျူးကဲ့ ကျုံ‌ကောင်း၏ ရည်ရွယ်ချက်ကို ချက်ချင်း နားလည်သွားသည်။ ထို့နောက် ကျူးကဲ့ကျုံကောင်းသည် အရက်ဆိုင်အတွင်းမှ လေးမျက်နှာ ဂိုဏ်းချုပ်နှင့် စကားစစ်ပွဲ ဆက်လက်ဆင်နွှဲနေခဲ့သည်။

........

ထိုအချိန်တွင်...

တာအိုရသေ့သည် လေငြိမ်တောင်မှ တပည့်များကို ဦးဆောင်ကာ မြို့သစ်သို့ မကြာမီ ရောက်ရှိလာခဲ့သည်။ သို့သော် မြို့တံခါးအပြင်ဘက်မှ တောအုပ်တစ်ခုသို့ ရောက်သည်နှင့် မြင်းခွာသံများကို ကြားလိုက်ရ၏။

တစ်ခုခု မှားယွင်းနေကြောင်း တာအိုရသေ့ ချက်ချင်း သိလိုက်သော်လည်း နောက်ကျသွားခဲ့ပြီ ဖြစ်သည်။ မကြာမီတွင် မီးတုတ်များ ကိုင်ဆောင်ထားသော စစ်သည်အမြောက်အမြားက သူတို့ကို ဝိုင်းရံလိုက်ကြ၏။

ထိုမြင်ကွင်းကို မြင်သောအခါ တာအိုရသေ့၏ မျက်ခုံးများ တွန့်သွားပြီး အခြေအနေကို ချက်ချင်း နားလည်သွားသည်။

မြောက်ပိုင်းနယ်စားမင်းသားက သူတို့ အာရုံပြောင်းသည့် အကြံအစည်ကို ကြိုတင်သိရှိထားခဲ့ပြီး ဖြစ်ပုံရ၏။

သို့သော်…

အရေးကြီးပါသလား။

မဟုတ်ပါ။ အရေးမကြီးပေ...

မြောက်ပိုင်းပြည်နယ်တွင် အရိပ်အယောင် ကောင်းကင်လူသား တစ်ဦးတည်းသာ ရှိသည်။ ထိုသူမှာ ကျူးကဲ့ကျုံကောင်း ဖြစ်သည်။

ကျူးကဲ့ကျုံကောင်းသည် နေရာတစ်ခုတည်းကိုသာ ကိုင်တွယ်နိုင်၏။ ကျူးကဲ့ကျုံကောင်းသာ ဤနေရာတွင် ရှိနေပါက မြို့ဟောင်းတွင် တိုက်ပွဲမဖြစ်ဟု ဆိုလိုသည်။ ထို့အခါ လေးမျက်နှာ ဂိုဏ်းချုပ်သည် လေးမျက်နှာတောင်မှ တပည့်များနှင့် သူတို့ကို လာရောက် ကူညီလိမ့်မည်။

ကျူးကဲ့ကျုံကောင်းသာ မြို့ဟောင်းသို့ သွားပါက မြို့သစ်တွင် အရိပ်အယောင် ကောင်းကင်လူသား တစ်ဦးမှ ရှိတော့မည် မဟုတ်ပေ။ ဤစစ်သည်များက သူတို့ကို တားဆီးနိုင်လိမ့်မည် မဟုတ်ပေ။

ထိုအတွေးဖြင့် တာအိုရသေ့သည် ချက်ချင်း သူ၏လက်ကို မြှောက်ကာ လက်နှစ်ချောင်းကို ပူး၍ စွမ်းအားထုတ်သည့် ဟန်ပြုလိုက်၏။ နောက်တစ်ခဏတွင် တောအုပ်အတွင်းရှိ လွင့်ပျံနေသော သစ်ရွက်အမြောက်အမြား စုစည်းသွားကြသည်။

သို့သော် ထိုအချိန်တွင်ပင် မြောက်ပိုင်းပြည်နယ်၏ စစ်သည်များရှေ့တွင် နဂါးဝတ်စုံ ဝတ်ဆင်ထားသော လူငယ်တစ်ဦး ပေါ်လာသည်။

ထိုမြင်ကွင်းကို မြင်ပြီး တာအိုရသေ့ ခဏမျှ တုံ့ဆိုင်းသွားသည်။

အဘယ်ကြောင့်ဆိုသော် လူငယ်၏ စွမ်းအားသည် သူ၏စွမ်းအားနှင့် တူနေသည်ကို သူ သိရှိလိုက်ရသောကြောင့်ဖြစ်သည်။ လူငယ်၏ အငွေ့အသက်သည် သူ၏အငွေ့အသက်ထက်ပင် အနည်းငယ် သာလွန်နေပုံရသည်။

တာအိုရသေ့၏ မျက်နှာ ချက်ချင်း မှောင်မိုက်သွား၏။

အရိပ်အယောင် ကောင်းကင်လူသားလား။

မြောက်ပိုင်းပြည်နယ်တွင် အရိပ်အယောင် ကောင်းကင်လူသားတစ်ဦးထက်မက ရှိနေတာလား။

ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။

သူတို့သည် မြောက်ပိုင်းပြည်နယ်ဆိုင်ရာ ထောက်လှမ်းရေး အချက်အလက်များကို အတိအကျ စုဆောင်းရန်အတွက် မြို့ဟောင်းတွင် အကြာကြီး နေခဲ့ကြပြီး ဤကာလအတွင်း စုံစမ်းစစ်ဆေးမှုများအရ ကျူးကဲ့ကျုံကောင်းသာ တစ်ဦးတည်းသော

အရိပ်အယောင် ကောင်းကင်လူသားဖြစ်ကြောင်း အတည်ပြုခဲ့ကြ၏။ အခု ဘယ်လိုလုပ် နောက်ထပ်တစ်ယောက် ပေါ်လာရတာလဲ။

ပြီးတော့ ဒီအရိပ်အယောင် ကောင်းကင်လူသားက အလွန်ငယ်ရွယ်သေးသည်။ တစ်ချက်ကြည့်ရုံဖြင့် သူ့ရှေ့မှ လူသည် အသက်သုံးဆယ်ပင် မကျော်သေးကြောင်း တာအိုရသေ့ ခန့်မှန်းလိုက်မိသည်။

အသက်သုံးဆယ်မကျော်သေးသည့်

အရိပ်အယောင် ကောင်းကင်လူသားဆိုတာ ရှိလို့လား။

ဒီလို ကြောက်မက်ဖွယ်ကောင်းတဲ့ သိုင်းပညာ ပါရမီရှိတဲ့ သိုင်းပညာရှင် တကယ်ပဲ ရှိလို့လား။

သူတို့လို အဖိုးကြီးများသည် ဆယ်စုနှစ်များစွာ သိုင်းပညာကို လေ့ကျင့်ခဲ့ကြပြီး အရိပ်အယောင် ကောင်းကင်လူသား အဆင့်သို့ ရောက်ရှိရန် အလွန်ခက်ခဲ ခဲ့ကြသည်။ သို့သော် အသက် ၃၀ မပြည့်သေးသူတစ်ဦးက ထိုအဆင့်သို့ ရောက်ရှိသွားပြီလား။

ကောင်းကင်ဘုံက တကယ်ပဲ မတရားလွန်းတာပဲ။

ဤအချိန်တွင် တာအိုရသေ့၏ စိတ်ထဲတွင် ကောင်းကင်ဘုံ၏ မတရားမှုကို ကျိန်ဆဲနေလေသည်။

ထိုစဉ် တာအိုရသေ့က သတိထားပြီး

“ခင်ဗျား ဘယ်သူလဲ။ ဒီလောကမှာ အသက်သုံးဆယ်မတိုင်ခင် ကောင်းကင်နဲ့ ညွီညွတ်ခြင်းနယ်ပယ်ကို ဝင်နိုင်တဲ့ သိုင်းပညာရှင်အကြောင်းကို ကျုပ်လိုအဖိုးကြီး တစ်ခါမှ မကြားဖူးပါဘူး။”

ထိုစကားကို ကြားလျှင် လုချန်း၏ မျက်နှာတွင် ပြုံးရိပ်သန်းသွားပြီး

“ခင်ဗျားက ကျွန်တော့်ကို သတ်ဖို့လာပြီး ကျွန်တော့်ကိုတောင် မသိဘူးဆိုတော့ ကျွန်တော့်အဖေ ဆွမ်ဧကရာဇ်က ဘယ်လိုလူစားမျိုးကို လွှတ်လိုက်တာလဲဆိုတာ အံ့သြမိတယ်။”

ထိုစကားကို ကြားလျှင် တာအိုရသေ့နှင့် လေငြိမ်တောင်မှ တပည့်များသည် ကြီးမားသော ရန်သူကို ရင်ဆိုင်နေရသကဲ့သို့ ချက်ချင်း သတိကြီးစွာ ထားလိုက်ကြ၏။

မြောက်ပိုင်းနယ်စားမင်းသား။

ဤသူသည် မြောက်ပိုင်းနယ်စားမင်းသားပင်။

မြောက်ပိုင်းနယ်စားမင်းသားသည် ဤမျှ မြင့်မားသော သိုင်းပညာ စွမ်းအားကို မည်သို့ ရရှိခဲ့သနည်း။

သူ၏အသက်ကို တွက်ကြည့်ပါက မြောက်ပိုင်းနယ်စားမင်းသားသည် အသက်နှစ်ဆယ်ပင် မပြည့်သေးပုံရသည်။

သူသည် ကောင်းကင်နှင့် ညီညွတ်ခြင်းနယ်ပယ်ကို ဝင်ရောက်ခဲ့ပြီး အရိပ်အယောင် ကောင်းကင်လူသားဖြစ်နေပြီ ဖြစ်သည်။

တာအိုရသေ့ ခဏမျှ မှင်တက်သွား၏။ သူ ရင်ဆိုင်နေရသည့် လူငယ်သည် သူတို့၏ ပစ်မှတ် ဖြစ်နေလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။

ခဏအကြာတွင် တာအိုရသေ့ သတိပြန်ဝင်လာပြီး သူ၏စိတ်ထဲတွင် တွေးလိုက်မိသည်။

မြောက်ပိုင်းနယ်စားမင်းသားသည် ဤမျှ မြင့်မားသော သိုင်းပညာ အရည်အချင်း ရှိသော်လည်း သူ၏အဆင့်သည် အလွန်လျင်မြန်စွာ မြင့်တက်လာခြင်း ဖြစ်သည်။ ထိုအရာက သူ၏အခြေခံ မတည်ငြိမ်နိုင်ဟု ဆိုလို၏။ အရိပ်အယောင် ကောင်းကင်လူသား၏ စွမ်းအားကို အပြည့်အဝ ထုတ်သုံးနိုင်မည် မဟုတ်ပေ။ ထိုသို့ဆိုလျှင် ဤလူငယ် သူနှင့် မယှဉ်နိုင်ပေ။

ထိုအတွေးနှင့်အတူ တာအိုရသေ့ သက်ပြင်းချလိုက်၏။ သူသည် မြောက်ပိုင်းနယ်စားမင်းသားကို ကြောက်လန့်မိသလို ဖြစ်သွားခဲ့သည်။

ထို့နောက် တာအိုရသေ့က

“မင်းသားမှာ ဒီလို မြင့်မားတဲ့ သိုင်းပညာ အဆင့်အတန်းကို ပိုင်ဆိုင်ထားမယ်လို့ မထင်မှတ်ထားမိဘူး။ ဒါပေမဲ့ ကံမကောင်းစွာနဲ့ပါပဲ ပါရမီရှင်တစ်ယောက်ဟာ ပါရမီရှင်လို့ အခေါ်ခံရဖို့ဆိုရင် အသက်ရှင်နေဖို့ လိုတယ်။”

လုချန်းက ခံစားချက်မဲ့သော လေသံဖြင့်

“အဲဒါဆို တာအိုရသေ့ကြီးက ကျွန်တော် ဒီည သေကိုသေရမယ်လို့ ယုံကြည်နေတယ်လို့ ဆိုလိုတာလား။”

လုချန်းက သူ့နာမည်ကို တိုက်ရိုက်ပြောလိုက်သည်ကို ကြားတော့ တာအိုရသေ့ ထပ်မံ အံ့အားသင့်သွား၏။ မြောက်ပိုင်းပြည်နယ်တွင် အထူးကိုယ်ရံတော် အမည်ရှိ ထောက်လှမ်းရေး အဖွဲ့ရှိကြောင်း သူ သိထားသော်လည်း သူ၏နာမည်ကိုပင် သိရှိပြီး ဖြစ်သည်အထိ ထိုအဖွဲ့က စွမ်းဆောင်နိုင်လိမ့်မည်ဟု သူ မထင်ခဲ့ပေ။

တကယ်တော့ ဒါက အထူးကိုယ်ရံတော်များနှင့် ဘာမှ မဆိုင်ပေ။ လုချန်းက တာအိုရသေ့ကို မြင်သည်နှင့် သူ၏စနစ်အကူအညီဖြင့် ချက်ချင်း ဖော်ထုတ်နိုင်ခဲ့ခြင်း ဖြစ်သည်။

ယခု တာအိုရသေ့သည် စကားထပ်မပြောတော့ပေ။ သူ့ပတ်ဝန်းကျင်ရှိ အရွက်များသည် ဆက်လက် စုစည်းနေပြီးနောက် သူက

“မင်းသားရဲ့ စွမ်းအား ဘယ်လောက်ရှိလဲဆိုတာ ဒီအဘိုးကြီး စမ်းကြည့်ပါရစေ။”

သူပြောနေရင်းပင် သစ်ရွက်အမြောက်အမြားလုချန်းဆီသို့ ပျံသန်းဝင်ရောက်လာတော့သည်။

...............

အခန်း (၆၂၀)

ဆယ်ရာခိုင်နှုန်းအောက်သာ အသုံးပြုခဲ့သည်

ထိုပျံဝဲနေသော အရွက်များကို ကြည့်ပြီး လုချန်းသည် မည်သို့မှ မတုံ့ပြန်ခဲ့ပေ။

အရွက်များ လုချန်း၏ကိုယ်ကို ထိတော့မည့် ဆဲဆဲတွင် ပတ်ဝန်းကျင်ရှိ အရာအားလုံး ရုတ်တရက် ရပ်တန့်သွားကာ အရွက်များအားလုံး လေထဲတွင် ငြိမ်သက်စွာ ရပ်တန့်နေခဲ့သည်။

ခဏအကြာတွင် အရွက်များ ညှိုးနွမ်းသွားပြီး လေထဲမှတဆင့် မြေပြင်ပေါ်သို့ ဖြည်းညှင်းစွာ ကြွေကျလာသည်။

ထိုမြင်ကွင်းကို မြင်သောအခါ တာအိုရသေ့၏ မျက်နှာ မှောင်မိုက်သွားခဲ့၏။

လုချန်းက သူ၏တိုက်ခိုက်မှုကို အလွယ်တကူ ဟန့်တားလိမ့်မည်ဟု သူ မထင်ခဲ့ပေ။ လုချန်း မည်သို့ လှုပ်ရှားလိုက်သည်ကိုပင် သူ မမြင်လိုက်ရချေ။

မဟုတ်ပါ။ ပို၍တိတိကျကျပြောရလျှင် လုချန်း လုံးဝ မလှုပ်ရှားခဲ့ခြင်းဖြစ်သည်။

ဘာတွေဖြစ်နေတာလဲ။

ပြင်းထန်သော အန္တရာယ်ခံစားမှုတစ်ခုကို တာအိုရသေ့ ရုတ်တရက် ခံစားလိုက်ရသည်။

ထိုအချိန်တွင် သစ်တောသည် ရုတ်တရက် ထူးဆန်းစွာ တိတ်ဆိတ်သွား၏။ ကိုယ့်နှလုံးခုန်သံကိုပင် ကိုယ်ပြန်ကြားနိုင်လောက်အောင် တိတ်ဆိတ်နေသည်ဟု ထင်ရသည်။

ထိုအခိုက်အတန့်တွင် တာအိုရသေ့ ရုတ်တရက် ထပ်မံ လှုပ်ရှားလိုက်သည်။ မရေမတွက်နိုင်သော ပျံဝဲနေသည့် အရွက်များ တစ်စုတစ်စည်း ပေါင်းစပ်သွားပြီး သူ၏ကိုယ်ပတ်လည်တွင် ထင်ရှားသောလေစီးကြောင်းများ ဖြစ်ပေါ်လာပြီး သစ်ရွက်များကို လေဆင်နှာမောင်းဆယ်ခုကျော်အထိ ဖြစ်စေခဲ့သည်။

သစ်ရွက်များသည် လေဆင်နှာမောင်းများအတွင်း တည်ငြိမ်စွာလည်ပတ်နေစဉ် မကြာမီဓားရောင်ခြည်များ ပေါ်ထွက်လာခဲ့သည်။

ဤတစ်ကြိမ်တွင် လုချန်း သူ၏တိုက်ခိုက်မှုကို ဟန့်တားနိုင်မည်ဟု တာအိုရသေ့ မယုံကြည်ခဲ့ပေ။ တာအိုရသေ့၏ ထိုလှုပ်ရှားမှုကို မြင်သောအခါ လေငြိမ်တောင်မှ တပည့်များသည် တစ်ယောက်ပြီးတစ်ယောက် ဟစ်အော်ကြေညာလိုက်ကြ၏။

“လေဝဲ’

“ဒါက ဆရာကြီးရဲ့ နာမည်ကျော် သိုင်းပညာပဲ။”

“မြောက်ပိုင်းနယ်စားမင်းသား ဒီတစ်ခါတော့ ခုခံနိုင်လိမ့်မယ်လို့ ငါ မယုံဘူး။”

“ဒီလောက် ကြောက်စရာကောင်းတဲ့ စွမ်းအား... တစ်သက်မှာ တစ်ခါမှ ဆရာကြီး လေဝဲကို သုံးတာ မမြင်ဖူးဘူး”

လေဆင်နှာမောင်းများ လုချန်းဆီသို့ပျံသန်းသွားပြီးနောက် အတွင်းရှိဓားရောင်ခြည်များကလည်း မရပ်မနားတုန်ခါနေသည်။ လေဆင်နှာမောင်းများ၏ စွမ်းအားသည် ကြောက်မက်ဖွယ်ကောင်းလှ၏။ လေဆင်နှာမောင်းသွားသော နေရာတိုင်းတွင် အပင်များကို မှုန့်မှုန့်ညက်ညက်ဖြစ်အောင် ကြိတ်ချေပစ်ခဲ့သည်။

ထိုလှုပ်ရှားမှုတွင် ကြီးမားသော စွမ်းအားရှိသည်မှာ မှန်သော်လည်း လုချန်းကတော့ မလှုပ်မယှက် ရပ်မြဲရပ်နေဆဲပင် ဖြစ်သည်။

လုချန်း မလှုပ်ရှားသည်ကို မြင်သောအခါ တာအိုရသေ့ ဇဝေဇဝါဖြစ်သွားသည်။

ဤတိုက်ကွက်ကို မည်သူမှ အလွယ်တကူ တုံ့ပြန်နိုင်မည်ဟု သူ မယုံကြည်နိုင်ပေ။ ပြိုင်ဘက်က အရိပ်အယောင် ကောင်းကင်လူသား ဖြစ်နေလျှင်ပင်၊ ဥပမာ လျှို့ဝှက်လဝန်းနန်းတော် သခင်ပင် ဤတိုက်ကွက်ကို တိုက်ရိုက် ရင်ဆိုင်ရဲမည် မဟုတ်ပေ။ သို့သော် မြောက်ပိုင်းနယ်စားမင်းသားကတော့ နေရာတွင် မလှုပ်မယှက် ရပ်တန့်နေခဲ့သည်။

မြောက်ပိုင်းနယ်စားမင်းသားသည် ဤတိုက်ကွက်ကို အလွန်အမင်း ထိတ်လန့်သွားပြီး ရှောင်တိမ်းရန် မေ့သွားခဲ့တာလား။

တာအိုရသေ့ ဇဝေဇဝါဖြစ်နေစဉ် ရုတ်တရက် အဖိုးအိုတစ်ဦး လုချန်းဘေးသို့ လျှောက်လာခဲ့သည်။

ထိုအခါမှ လုချန်းဘေးတွင် ရိုးရိုးသာမန်လူကဲ့သို့ ထင်ရသော အဖိုးအိုတစ်ဦး ရှိနေသည်ကို သူတို့သတိပြုမိကြ၏။

ဒီအသက်ကြီးအမျိုးသား ဒီနေရာမှာ ဘာလုပ်နေတာလဲ။

တာအိုရသေ့နှင့် လေငြိမ်တောင်မှ တပည့်များ ဇဝေဇဝါဖြစ်နေစဉ် အဖိုးအိုက သူ၏လက်ကို ဖြည်းညှင်းစွာ မြှောက်လိုက်သည်ကို သူတို့ မြင်တွေ့လိုက်ရ၏။ နောက်တခဏတွင် အဖိုးအို၏ ခန္ဓာကိုယ်မှ ကြီးမားသော ဖိအားတစ်ခု ထွက်ပေါ်လာခဲ့သည်။

ချက်ချင်းပင် ထိတွေ့ခံစားနိုင်သော အတွင်းအားစွမ်းအင်သည် ဧရာမ လက်ဝါးပုံစံတစ်ခုအဖြစ် ပြောင်းလဲသွားပြီး

ထိုလေဆင်နှာမောင်းများဆီသို့ တိုးဝင်သွားသည်။

တာအိုရသေ့၏ မျက်နှာ သိသိသာသာ ပြောင်းလဲသွားခဲ့သည်။

မကောင်းတော့ပါ။

လေငြိမ်တောင်မှ လူများကို အကာအကွယ်ယူရန် သတိမပေးနိုင်မီပင် လက်ဝါးပုံစံက လေဝဲကို ငြိမ်သက်သွားစေခဲ့သည်။ သို့သော် ဒါကအဆုံးသတ် မဟုတ်သေးပေ။ လက်ဖဝါးပုံစံက ပျောက်ကွယ်မသွားခဲ့ချေ။

တစ်ခဏအတွင်း တာအိုရသေ့ အလွန်အမင်း မျှော်လင့်ချက်ကင်းမဲ့မှုကို ခံစားလိုက်ရသည်။သူသည် အရူးတစ်ယောက် မဟုတ်ပေ။ သူ၏ လေဝဲကို အလွယ်တကူ ဟန့်တားနိုင်ပြီး ထိုသို့သော ကြောက်မက်ဖွယ်ကောင်းသော ဖိအားကို ထုတ်လွှတ်နိုင်သူက သာမန်လူတစ်ယောက် မဟုတ်သည်မှာ သေချာသည်။ သူတို့ကဲ့သို့သော အရိပ်အယောင် စွမ်းအားရှင်လည်း မဟုတ်ပေ။ ဤအဖိုးအို၏ စွမ်းအားက အရိပ်အယောင် ကောင်းကင်လူသားအထက်မှာရှိနေသည်က သံသယဖြစ်ဖွယ် မရှိပေ။

အရိပ်အယောင် ကောင်းကင်လူသားအထက်အဆင့်ဆိုသည်မှာ မည်သည့်အဆင့်နည်း။ ထိုသူသည် ကောင်းကင်လူသား စွမ်းအားရှင်သာ ဖြစ်ရမည်။

မြောက်ပိုင်းပြည်နယ်မှာ စွမ်းအားရှင် ရှိနေပြီလား။

ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။

ကျူးကဲ့ကျုံကောင်းနှင့် ပတ်သက်သည့် ဖြစ်စဉ်ပြီးနောက် မြောက်ပိုင်းပြည်နယ်သည် “စွမ်းအားရှင်” ရှိသည်ဟု ဟန်ဆောင်နေခြင်းသာ ဖြစ်၏။ ထို့နောက် မြောက်ပိုင်းပြည်နယ်၌ ကောင်းကင်လူသားအစစ် ရှိမည်မဟုတ်ဟု လူများက ယူဆခဲ့ကြသည်။ ထို့ကြောင့်ပင် သူတို့က ကျူးကဲ့ကျုံကောင်းကို စွမ်းအားရှင်အဖြစ် အသွင်ယူစေခဲ့ခြင်း ဖြစ်သည်။

သို့သော် စွမ်းအားရှင်တစ်ဦး သူတို့ရှေ့တွင် ပေါ်လာခဲ့လေပြီ။

မြောက်ပိုင်းပြည်နယ်၌ စွမ်းအားရှင် ရှိနေသည်ကို သူတို့ သိရှိခဲ့ပါက မြောက်ပိုင်းပြည်နယ်သို့ လုံးဝ လာရောက်မည် မဟုတ်သလို ဆွမ်ဧကရာဇ်နှင့်လည်း ပူးပေါင်းမည်လည်း မဟုတ်ပေ။ အစကတည်းက သူတို့၏ တောင်များကိုပင် စွန့်ခွာခဲ့မည် မဟုတ်ချေ။

တစ်ခဏအတွင်း တာအိုရသေ့၏ စိတ်နှလုံးထဲ နောင်တများဖြင့် ပြည့်နှက်သွားသည်။ သူတို့သည် မြောက်ပိုင်းပြည်နယ်သို့ မလာရောက်ခဲ့သင့်ပေ။

တာအိုရသေ့ အံကြိတ်လိုက်ပြီး သူ၏စွမ်းအား အားလုံးကို ခန္ဓာကိုယ်တစ်လျှောက် ချက်ချင်း လည်ပတ်စေခဲ့သည်။

စွမ်းအားရှင် ဖြစ်နေတော့ ဘာဖြစ်လဲ။

သူသည်လည်း အရိပ်အယောင် စွမ်းအားရှင် တစ်ဦး ဖြစ်သည်။

အရိပ်အယောင် စွမ်းအားရှင်သည် စွမ်းအားရှင် အစစ်၏ ရှေ့မှောက်တွင် တန်ပြန်တိုက်ခိုက်ဖို့ အခွင့်အရေး မရှိဟု သူ မယုံကြည်ပေ။

ထိုအတွေးဖြင့် တာအိုရသေ့သည် သူ၏စွမ်းအားအားလုံးကို မီးဟုန်းဟုန်းတောက်နေသော နဂါးတစ်ကောင်အဖြစ် ပေါင်းစည်းစေခဲ့သည်။

မီးနဂါးသည် ရွှမ်ယွမ်ချောင်ကဲ၏ လက်ဝါးပုံစံဆီသို့ တည့်တည့် တိုးဝင်သွားသည်။

လက်ဝါးပုံစံနှင့် မီးနဂါးနှင့် ထိတွေ့သည်နှင့် တပြိုင်နက် ချက်ချင်း ပေါက်ကွဲသွားပြီး ပေါက်ကွဲမှုမှ နောက်ဆက်တွဲ ထွက်ပေါ်လာသော လှိုင်းလုံးများသည် အဆင့်နိမ့် သိုင်းသမားများကို လွင့်စင်သွားစေခဲ့သည်။

ပေါက်ကွဲမှု၏ နောက်ဆက်တွဲများ လှိုင်းလုံးများ ငြိမ်သက်သွားသောအခါ တာအိုရသေ့၏ အခြေအနေကို လူများ မြင်တွေ့လိုက်ရသည်။ သူ၏တစ်ကိုယ်လုံး သွေးများဖြင့် ဖုံးလွှမ်းနေပြီး အဝတ်အစားများလည်း စုတ်ပြဲနေခဲ့သည်။

သို့သော် သူလဲမကျသွားခဲ့ပေ။ သူ၏နေရာတွင် ဆက်လက်ရပ်နေဆဲဖြစ်ပြီး ရယ်မောလျက်

“ဟားဟားဟား။ ကျုပ်ကောင်းကင်လူသားရဲ့ တိုက်ခိုက်မှုကို ဟန့်တားနိုင်ခဲ့ပြီ။”

“ကောင်းကင်လူသား စွမ်းအားရှင်ဆိုလည်း ဘာဖြစ်လဲ။ ကျုပ်က စွမ်းအားရှင် မဟုတ်ရင်တောင် သူ ကျုပ်ရဲ့ အသက်ကို မယူနိုင်ဘူး။”

ထိုစကားကို ကြားသောအခါ လုချန်းက သူ၏ဘေးတွင် ရပ်နေသော ရွှမ်ယွမ်ချောင်ကဲအား

“စွမ်းအား ဘယ်လောက်သုံးလိုက်လဲ ရွှမ်ယွမ် သခင်ကြီး။”

ရွှမ်ယွမ်ချောင်ကဲက

“သူ့ရဲ့ ခန္ဓာကိုယ်ရော ဝိညာဉ်ကိုပါ မတော်တဆ ဖျက်ဆီးမိမှာ စိုးလို့ ဆယ်ရာခိုင်နှုန်းအောက်ပဲ သုံးလိုက်ပါတယ်။”

ရွှမ်ယွမ်ချောင်ကဲ၏ ပြန်ကြားချက်ကို ကြားသော် လုချန်း ခဏတာမျှ မှင်တက်သွား၏။

ဆယ်ရာခိုင်နှုန်း.....

ကောင်းကင်လူသား စွမ်းအားရှင်များ၏ စွမ်းအားသည် အမှန်တကယ် ကြောက်မက်ဖွယ် ကောင်းလှသည်။

ကောင်းကင်လူသားနှင့် အရိပ်အယောင် ကောင်းကင်လူသား အကြားတွင် စကားလုံးတစ်လုံးသာ ကွာခြားသော်လည်း စွမ်းအား ကွာခြားမှုသည် ကောင်းကင်နှင့်မြေကြီးကဲ့သို့ ကျယ်ပြန့်သည်ဟု ထင်ရသည်။

ထိုအခိုက်အတန့်တွင် လုချန်းက

“သခင်ကြီး နောက်ထပ်လုပ်ဖို့ မလိုအပ်တော့ပါဘူး။ ကျန်တာကို ကျွန်တော့်အတွက် ထားလိုက်ပါ။”

ထိုစကားကို ကြားသော် ရွှမ်ယွမ်ချောင်ကဲ ခဏမျှ တုံ့ဆိုင်းသွားပြီးနောက်

“သတိထားပါ မင်းသား။ သူက ဒဏ်ရာအပြင်းအထန် ရထားပေမဲ့ ချောင်ပိတ်မိနေတဲ့ ခွေးက နံရံကို ခုန်ကျော်တတ်ပါတယ်။ သူ့ အတွင်းအား ချက္ကရကို ဖျက်ဆီးပစ်ဖို့ ကြံစည်ရင် မင်းသား ရှောင်ဖို့ ခက်ပါလိမ့်မယ် “

လုချန်းက ခပ်အေးအေး လေသံဖြင့်

“အရေးမကြီးပါဘူး။ ကျွန်တော့်ရှေ့မှာ သူ့ရဲ့ အတွင်းအား ချက္ကရကို ဖျက်ဆီးပစ်ဖို့ဆိုတာ သိပ်မလွယ်ပါဘူး။”

စကားပြောနေစဉ်လုချန်းက ခြေတစ်ချက် ဆောင့်ကာ တာအိုရသေ့ဆီသို့ ခုန်ဝင်သွားသည်။

လုချန်း လှုပ်ရှားသည်ကို မြင်သောအခါ လေငြိမ်တောင်မှ တပည့်များသည် ချက်ချင်း ထိတ်လန့်သွားပြီး လေငြိမ်တောင်မှ အဖိုးအိုတစ်ဦးက တာအိုရသေ့ကို ကာကွယ်ရန် လျင်မြန်စွာ လှုပ်ရှားသွားသည်။

သူသည် အဆင့်လွန် ပညာရှင် အဆင့်တွင် ရှိနေပြီး ပြိုင်ဘက်က အရိပ်အယောင် စွမ်းအားရှင် တစ်ဦးသာ ဖြစ်သောကြောင့် သူ ကာကွယ်နိုင်မည်ဟု ထင်ခဲ့၏။

သို့သော် သူတို့နားရောက်ခါနီးတွင် လုချန်းက ရုတ်တရက် ဓားရှည်တစ်ချောင်းကို ဆွဲထုတ်လိုက်သည်။ လုချန်းသည် သူကိုယ်တိုင်လှုပ်ရှားသည့်အခါများနည်းပါးသော်လည်း သူ၏လှုပ်ရှားမှုများသည် အလွန်သပ်ရပ်လှသည်။

ထို့နောက် လုချန်းက သူ၏ဓားကို လွှဲကာ မရေမတွက်နိုင်သော ဓားလှိုင်းလုံးများအား အဆင့်လွန် ပညာရှင် အဖိုးအိုဆီသို့ ပစ်လွှတ်လိုက်သည်။ အဖိုးအိုက သူ၏စွမ်းအားဖြင့် အလျင်အမြန် ခုခံကာကွယ်ရန် ကြိုးစားလိုက်သည်။

သို့သော် နောက်တစ်ခဏတွင် သူ လွင့်စင်သွားခဲ့၏။ သို့သော်လည်း ဓားလှိုင်းက တာအိုရသေ့ကို ထိခိုက်မှု မရှိခဲ့ပေ။ သူ၏ရှေ့တွင် ထိတွေ့ခံစားနိုင်သော အကာအကွယ် တစ်ခု ပေါ်လာခဲ့သောကြောင့် ဖြစ်သည်။

ထိုမြင်ကွင်းကို မြင်သောအခါ လုချန်းက ပြုံးလျက်

“ခင်ဗျားမှာ စွမ်းအားတွေ ကျန်နေသေးမယ်လို့ မမျှော်လင့်ထားဘူး။”

တာအိုရသေ့က အေးစက်စွာဖြင့်

“မင်းက ကျုပ်လိုအဖိုးကြီးကို သတ်နိုင်မယ်လို့ ထင်နေတာလား။ စိတ်ကူးမယဉ်နဲ့။”

စကားပြောနေရင်း တာအိုရသေ့က ကျောက်တုံးတစ်တုံးကို ရုတ်တရက် ထုတ်ယူလိုက်သည်။ ထိုမြင်ကွင်းကို မြင်သောအခါ ရွှမ်ယွမ်ချောင်ကဲ၏ မျက်နှာ သိသိသာသာ ပြောင်းလဲသွားသည်။ သူ လုချန်းကို သတိပေးတော့မည့် ဆဲဆဲတွင် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားတစ်ခု ချက်ချင်း ပေါက်ကွဲထွက်ပေါ်လာသည်။

လုချန်း လျင်မြန်စွာ တုံ့ပြန်ခဲ့သည်။ လျင်မြန်စွာ ဆုတ်ခွာပြီးနောက် သူ၏ ကာကွယ်ရေး အတွင်းအားကို အသုံးပြုကာ ပေါက်ကွဲမှုကို တွန်းလှန်ခဲ့သည်။

ပေါက်ကွဲမှု ပြီးဆုံးသွားသောအခါ တာအိုရသေ့ကို အစအနပင် မတွေ့ရတော့ပေ။ ထိုသူသည် သူ မနိုင်တော့သည်ကို မြင်သောကြောင့် ထွက်ပြေးသွားခြင်းဖြစ်‌ကြောင်း လုချန်း ချက်ချင်း သဘောပေါက်သွားခဲ့သည်။

လုချန်းက ရွှမ်ယွမ်ချောင်ကဲအား ချက်ချင်းပင်

“သခင်ကြီး ရွှမ်ယွမ်။ နန်းတွင်း ပြန်ခေါ်ခဲ့ပါ။”

လုချန်း၏ စကား မဆုံးသေးမီ ရွှမ်ယွမ်ချောင်ကဲ၏ ခန္ဓာကိုယ် ထိုနေရာမှ ပျောက်ကွယ်သွားခဲ့သည်။ ထိုအချိန်တွင် လုချန်း လေငြိမ်တောင်မှ လူများကို လှမ်းကြည့်လိုက်၏။ ၎င်းတို့၏သစ္စာစောင့်သိမှုသည် အများအားဖြင့် အနုတ်လက္ခဏာဆောင်နေသည်ကို သတိပြုမိသည်။ သူတို့ကို စည်းရုံး၍မရနိုင်ကြောင်းသိသောကြောင့် သူ့နောက်မှစစ်သည်များအား တိုက်ရိုက်အမိန့်ပေးလိုက်သည်။

“အားလုံးကို ရှင်းပစ်လိုက်။”

နောက်တစ်ခဏတွင် သစ်တောတစ်ခွင်၌ အမြောက်သံနှင့် သေနတ်သံများ ပဲ့တင်ထပ်သွားပြီး မကြာမီ အလောင်းများ နေရာအနှံ့ ပြန့်ကျဲသွားခဲ့သည်။

.............

အခန်း (၆၂၁)

တာအိုရသေ့ ကိုယ့်ကိုယ်ကို ဖျက်ဆီးခြင်း

တာအိုရသေ့၏ ပုံရိပ်သည် သစ်တောကို ဖြတ်၍ အဆက်မပြတ် ရွေ့လျားနေ၏။ သူ ထွက်ပြေးစဉ် ဆွမ်ဧကရာဇ်ကို စိတ်ထဲမှ ကျိန်ဆဲနေသည်။ ဆွမ်ဧကရာဇ်ကြောင့်သာ မဟုတ်ပါက သူ ယခုလို အခြေအနေမျိုး ရောက်လာမည် မဟုတ်ပေ။

ကံကောင်းစွာဖြင့် သူ့၌ ပေါက်ကွဲစေတတ်သည့် ဝိညာဉ်ဆေးလုံးတစ်လုံး ရှိနေသေးသည်။ ၎င်းကြောင့် ဖြစ်ပေါ်လာသည့် ပေါက်ကွဲမှုသည် အလွန်အားပြင်း၏။ စွမ်းအားရှင်ကို ထိခိုက်မှု မရှိခဲ့လျှင်ပင် အနည်းဆုံး ခဏတာမျှတော့ ရပ်တန့်စေနိုင်မည် ဖြစ်သည်။

သူ အောင်မြင်စွာ ထွက်ပြေးလွတ်မြောက်နိုင်မည်ဟု တာအိုရသေ့စိတ်ထဲမှ ယုံကြည်နေခဲ့သည်။ သူသည် နှစ်ပေါင်းတစ်ရာကျော်ကြာ အသက်ရှင်ခဲ့ပြီးဖြစ်သည်။ အန္တရာယ်များစွာကို ရင်ဆိုင်ခဲ့ရသော်လည်း အမြဲတမ်း ကံကောင်းခြင်းသို့ ပြောင်းလဲနိုင်ခဲ့သည်။ ဤအကြိမ်တွင်လည်း ထိုနည်းအတိုင်းပင် ဖြစ်လိမ့်မည်ဟု သူသည် ယုံကြည်နေသည်။

တာအိုရသေ့ မိမိကိုယ်ကို နှစ်သိမ့်နေစဉ် ရုတ်တရက် ကြောက်မက်ဖွယ်ကောင်းသော ဖိအားတစ်ရပ် ကောင်းကင်မှ ကျရောက်လာကာ သူ၏ခန္ဓာကိုယ်ကို ချက်ချင်းလှုပ်ရှား၍မရအောင် ဖြစ်သွားစေသည်။

တာအိုရသေ့၏ မျက်နှာသည် သိသိသာသာ ပြောင်းလဲသွား၏။ ရန်သူက အလွန်လျင်မြန်စွာ လိုက်မီလာမည်ဟု သူ မမျှော်လင့်ခဲ့ပေ။

ကံကောင်းစွာဖြင့် မလှုပ်ရှားနိုင်သည့် အခြေအနေက ခဏလေးအတွင်း ပြေပျောက်သွားသည်။ လှုပ်ရှားနိုင်သည်နှင့် တာအိုရသေ့ စတင်တိုက်ခိုက်ခဲ့သည်။ သူ၏တစ်ဖက်တစ်ချက်မှ လေဆင်နှာမောင်း ဆယ်ခုကျော် ပေါ်ထွက်လာပြီး ဆက်လက်ကြီးထွားလာသည်။

လေဝဲကို ထပ်မံ အသုံးပြုရဖြင့် တာအိုရသေ့၏ စိတ်ဝိညာဉ်စွမ်းအားများ ကုန်လုနီးပါး ဖြစ်သွားခဲ့သည်။ ဒီအတိုင်း ဆက်သွားပါက သူ ဤနေရာတွင် သေဆုံးရမည်ကို သိသောကြောင့် သူ ချက်ချင်း ဆေးလုံးတစ်လုံးကို သောက်သုံးလိုက်သည်။

နောက်တစ်ခဏတွင် သူ၏ အရေပြားများ နီရဲလာပြီး သူ၏မျက်လုံးများလည်း သွေးရောင်သန်းလာခဲ့သည်။

ထိုမြင်ကွင်းကို မြင်သောအခါ ရွှမ်ယွမ်ချောင်ကဲက ပြုံးလိုက်ပြီး

“ဒါဆို အသေခံ တိုက်ဖို့ ပြင်ဆင်ထားတာပေါ့။”

တာအိုရသေ့ မည်သည့်ဆေးကို သောက်သုံးခဲ့သည်ကို ရွှမ်ယွမ်ချောင်ကဲ မသိသော်လည်း စွမ်းအားကို တိုးမြှင့်ပေးသည့် ဆေးလုံးဖြစ်ကြောင်း ပြောနိုင်ခဲ့သည်။

ထိုကဲ့သို့သော ဆေးဝါးများသည် အချိန်တိုအတွင်း စွမ်းအားမြှင့်တင်ပေးသော်လည်း ခန္ဓာကိုယ်ကို ကြီးမားသော ထိခိုက်မှုများ ဖြစ်စေနိုင်သည်။ အချို့သော ထိခိုက်မှုများမှာ ပြန်လည်ကုစား၍မရနိုင်ပေ။

ထိုဆေးဝါးများကို များသောအားဖြင့် အသက်ဘေးကြုံရသည့် အခြေအနေတွင်သာ အသုံးပြုကြသည်။

ထိုအခိုက်အတန့်တွင် တာအိုရသေ့က

“စွမ်းအားရှင် ဖြစ်နေတော့ ဘာဖြစ်လဲ။ ဒီနေ့ ကျုပ်အဆင့်ထက် ကျော်လွန်တဲ့ စွမ်းအားရှင်ကို သတ်ပစ်မယ်”

ဟု ကြုံးဝါးလိုက်သည်။

သူ စကားပြောနေစဉ် ပတ်ဝန်းကျင်ရှိ သစ်ရွက်များအားလုံး တာအိုရသေ့ထံသို့ စုစည်းလာခဲ့သည်။ မကြာမီ သူ၏ခန္ဓာကိုယ် တစ်ခုလုံးကို သစ်ရွက်များဖြင့် ဝန်းရံလိုက်သည်။

နောက်တစ်ခဏတွင် သစ်ရွက်များဖြင့် ဖွဲ့စည်းထားသော ဧရာမ နဂါးကြီးတစ်ကောင်သည် ရွှမ်ယွမ်ချောင်ကဲဆီသို့ တည့်တည့်မတ်မတ် ဝင်လာသည်။

ဝင်လာနေသည့် လေဆင်နှာမောင်းမုန်တိုင်းများနှင့် ဧရာမ သစ်ရွက်နဂါးကြီးကို ကြည့်နေသော်လည်း ရွှမ်ယွမ်ချောင်ကဲတွင် ထိတ်လန့်သည့် အရိပ်အယောင် စိုးစဉ်းမျှ မရှိပေ။ သူက ဖြည်းညှင်းစွာဖြင့် သူ၏ညာလက်ကို မြှောက်လိုက်သည်။

တစ်ခဏအတွင်း ကမ္ဘာကြီး ရပ်တန့်သွားသကဲ့သို့ ဖြစ်သွားကာ အေးစက်သော အလင်းတန်းများ ရွှမ်ယွမ်ချောင်ကဲ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသည်။ ခဏငယ်အတွင်း လေဆင်နှာမောင်း မုန်တိုင်းများနှင့် ဧရာမနဂါးတို့သည် အေးစက်သော အလင်းတန်းများကြောင့် ပျက်စီးသွားတော့ ‌‌သည်။

ထိုအချင်းအရာကို မြင်သောအခါ တာအိုရသေ့ လုံးဝ မျှော်လင့်ချက် မဲ့သွားခဲ့သည်။

“ဘယ်...ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ...”

တာအိုရသေ့ မြေပြင်ပေါ်သို့ ပုံလဲကျသွားပြီး မလှုပ်ရှားနိုင်တော့ပေ။ ထိုတိုက်ကွက်သည် သူ၏နောက်ဆုံး အသက်စွန့် တိုက်ခိုက်မှုဖြစ်သော်လည်း ပြိုင်ဘက်က ချက်ချင်း ကြားဖြတ် ဖျက်ဆီးခဲ့သည်။

ဒါက ကောင်းကင်လူသားရဲ့ အစွမ်းလား။

ကောင်းကင်လူသားရဲ့ စွမ်းအားက တကယ်ပဲ ဒီလောက် ကြီးမားတာလား။

တကယ်တော့ သူသည်လည်း အရိပ်အယောင် ကောင်းကင်လူသား တစ်ဦးပင်။

စကားလုံးတစ်လုံးသာ ကွာခြားသော်လည်း ဘာကြောင့် ဒီလောက် ကွာခြားမှု ကြီးမားရတာလဲ။

သူ လက်မခံနိုင်ပေ။

ခက်ခက်ခဲခဲဖြင့် သူသည် အရိပ်အယောင်စွမ်းအားရှင် ဖြစ်လာခဲ့ပြီး စွမ်းအားရှင် ဖြစ်ရန် ခြေတစ်လှမ်းသာ လိုတော့ချိန်ရောက်မှ ဤနေရာ၌ သေရတော့မည်။

ထိုအခိုက်အတန့်တွင် တာအိုရသေ့၏ သွေးရောင်သန်းနေသော မျက်လုံးများသည် ရွှမ်ယွမ်ချောင်ကဲကို ရုတ်တရက် စူးစိုက်ကြည့်လိုက်သည်။ သူရုန်းကန်၍ ထလိုက်ပြီးနောက် ခြေထောက်များကို တွန်းကန်ကာ ရွှမ်ယွမ်ချောင်ကဲဆီသို့ အလျင်အမြန် ခုန်ဝင်သွားသည်။

ရွှမ်ယွမ်ချောင်ကဲ ခဏခန့် အံ့အားသင့်သွားသော်လည်း ချက်ချင်း နားလည်သွားခဲ့သည်။ တာအိုရသေ့၏ ရည်ရွယ်ချက်ကို သူမြင်တွေ့လိုက်ရပြီဖြစ်သည်။ တာအိုရသေ့သည် သူ၏ အတွင်းအား ချက္ကရကို ဖျက်ဆီးပြီး သူနှင့်အတူ အသက်သေဆုံးရန် ကြံစည်နေခြင်းဖြစ်သည်။

ချက်ချင်းပင် ရွှမ်ယွမ်ချောင်ကဲက လက်ဝါးပုံစံတစ်ခုကို တာအိုရသေ့ဆီသို့ တည့်တည့် ပစ်လွှတ်လိုက်သည်။

လက်ဝါးက တာအိုရသေ့ကို ထိသည်နှင့် ချက်ချင်း သူ၏ခန္ဓာကိုယ် ပေါက်ကွဲသွားသည်။

အရိပ်အယောင် စွမ်းအားရှင်၏ ချက္ကရဖျက်ဆီးမှုသည် မြောက်ပိုင်းပြည်နယ်၏ အမြောက်များထက်ပင် ပိုမို ပေါက်ကွဲအား ပြင်းထန်သည်။ တစ်ခဏအတွင်း သစ်တောအလယ်ရှိ သစ်ပင်များ ပျက်စီးသွားသည်။ မြေကြီး တုန်ခါသွားပြီး နောက်ဆက်တွဲ လှိုင်းလုံးများ ပြန့်နှံ့သွားကာ လုချန်းပတ်ဝန်းကျင်ရှိ စစ်သည်များကိုပါ လွင့်စင်သွားစေသည်။

သစ်တောအလယ်မှ ထွက်ပေါ်လာသော လှုပ်ရှားမှုကို ခံစားမိသောအခါ လုချန်း မျက်မှောင်ကြုတ်လိုက်သည်။

ဘာတွေဖြစ်နေသည်ကို သူ အခြေခံအားဖြင့် ခန့်မှန်းမိသည်။ ပေါက်ကွဲမှု၏ ပြင်းအားက တာအိုရသေ့ သူ၏ အတွင်းအား ချက္ကရကို ဖျက်ဆီးခဲ့ဖွယ် ရှိသည်ဟု ညွှန်ပြနေသည်။

မူလက တာအိုရသေ့၏ စွမ်းအားကို စုပ်ယူရန် သူကြံစည်ခဲ့သော်လည်း အကြံမ‌အောင်နိုင်‌တော့ပေ။

သို့သော် ဒါက အရေးမကြီးပါ။ တာအိုရသေ့ သေဆုံးသွားသော်လည်း သူ မြို့ဟောင်းသို့ အလျင်အမြန် သွားနိုင်ပါက လေးမျက်နှာဂိုဏ်းချုပ်၏ စွမ်းအားကို ဆက်လက် စုပ်ယူနိုင်ဦးမည်။

ယခုအခါ အခြားသူများ၏စွမ်းအားကို စုပ်ယူခြင်းသည် သူ၏အဆင့်ကို မြှင့်တင်ပေးမည်မဟုတ်သော်လည်း စုပ်ယူထားသောစွမ်းအားများက နန်းတွင်း ပိုမိုအားကောင်းစေပြီး အပိုစွမ်းအားများကို အခြားသူများထံ လွှဲပြောင်းပေးနိုင်သည်။

မုကျိရွှမ်းနှင့် ကျောင်းညီအစ်မတို့သည် ယခုအခါ သိုင်းပညာရှင်များ စတင်ဖြစ်လာခဲ့ပြီ။ သူတို့သည် ယခုအခါ ပိုမိုများပြားသော စွမ်းအားများကို လက်ခံနိုင်ပြီး စွမ်းအားပိုမိုရရှိပါက သူတို့၏အဆင့်တိုးတက်မှုနှုန်းလည်း သိသိသာသာ မြန်ဆန်လာမည်ဖြစ်သည်။

ထို့ကြောင့် အခြားသူများ၏ စွမ်းအားများက သူ၏အဆင့်ကို မြှင့်တင်နိုင်သည်ဖြစ်စေ မမြှင့်တင်နိုင်သည်ဖြစ်စေ လုချန်းသည် ၎င်းတို့ကို ဖြုန်းတီးရန် မရည်ရွယ်ပေ။

အချိန်အနည်းငယ်ကြာပြီးနောက် ရွှမ်ယွမ်ချောင်ကဲ လုချန်းထံ ပြန်ရောက်လာခဲ့သည်။ အရိပ်အယောင် စွမ်းအားရှင်၏ ချက္ကရပေါက်အားသည် အတော်အသင့် ကြီးမားသော်လည်း ထိုသို့သော လုပ်ရပ်ဖြင့် ကောင်းကင်လူသား စွမ်းအားရှင်အစစ်ကို သတ်ရန်ကတော့ လုံးဝ မဖြစ်နိုင်ပေ။

သို့သော် ရွှမ်ယွမ်ချောင်ကဲ လုချန်းထံ ပြန်ရောက်လာချိန်တွင် သူ၏အဝတ်အစားများ အနည်းငယ် စုတ်ပြဲနေခဲ့သည်။ သူ၏ခန္ဓာကိုယ်က ပေါက်ကွဲမှုကို ခံနိုင်ရည်ရှိသော်လည်း သူ၏အဝတ်အစားများက မခံနိုင်ခဲ့ပေ။

ရွှမ်ယွမ်ချောင်ကဲ၏ ပုံပန်းသဏ္ဌာန် ဖရိုဖရဲ ဖြစ်နေသည်ကို မြင်သောအခါ လုချန်းက ချက်ချင်းပင်

“အဆင်ပြေရဲ့လား ရွမ်ယွမ်သခင်ကြီး။”

ရွှမ်ယွမ်ချောင်ကဲက ချက်ချင်းပင်

“ကျွန်တော် မစွမ်းဆောင်နိုင်ခဲ့ပါဘူး။ အဲ့ဒီလူကို အရှင်မခေါ်ဆောင်လာနိုင်ခဲ့ပါဘူး။”

လုချန်းက

“အရေးမကြီးပါဘူး။ သူ သေသွားရင် ရပါပြီ။”

“ခင်ဗျားကော ဘယ်လိုလဲ။”

ရွှမ်ယွမ်ချောင်ကဲက

“ကျွန်တော် ဒဏ်ရာမရပါဘူး။ သူ့ အတွင်းအား ချက္ကရ ပေါက်ကွဲမှုက ပြင်းထန်ပေမဲ့ ကျွန်တော့်ရဲ့ ကာကွယ်ရေး စွမ်းအားကို မဖောက်ထွင်းနိုင်ခဲ့ပါဘူး။”

ထိုစကားကို ကြားသောအခါ လုချန်း အတော်အသင့် အံ့အားသင့်သွား၏။ ထိုသို့သော ကြီးမားသော ပေါက်ကွဲမှုသည်ပင် စွမ်းအားရှင်၏ ကာကွယ်‌ရေး စွမ်းအားကို မဖောက်ထွင်းနိုင်သေးပေ။

ကောင်းကင်လူသားများ၏ စွမ်းအားက ထိုသို့သော အဆင့်သို့ ရောက်ရှိနေပြီလား။

ထိုသို့ဆိုလျှင် သေနတ်များသည် စွမ်းအားရှင်တစ်ဦးကို လုံးဝအကျိုးသက်ရောက်မှုမရှိနိုင်တော့ဘူးလား။

နျူကလီးယားလက်နက်များပင် အလုပ်ဖြစ်ပါ့မလားဟု သူ တွေးနေခဲ့သည်။

လုချန်း အတွေးထဲ နစ်မြောနေစဉ် ရွှမ်ယွမ်ချောင်ကဲက သတိပေးလိုက်သည်။

“မင်းသား။ ကျွန်တော်တို့ မြို့ဟောင်းကို အမြန်သွားသင့်ပါပြီ။ ခုနက ပေါက်ကွဲသံက အရမ်းကျယ်တော့ ဟိုဘက်က သတိထားမိသွားပြီလို့ ထင်ပါတယ်။ ကျွန်တော်တို့ နောက်ကျရင် လုပ်ကြံသူတွေ ထွက်ပြေးသွားနိုင်ပါတယ်။”

သတိပြန်ဝင်လာပြီး လုချန်းက ချက်ချင်းပင်

“သွားမယ်။ မြို့ဟောင်းကို ချက်ချင်း သွားမယ်”

ထို့နောက် လုချန်းသည် သူ၏စစ်သည်များနှင့်အတူ မြို့ဟောင်းဆီသို့ ထွက်ခွာသွားသည်။

.......

ရန်ခရိုင် မြို့ဟောင်း။

ကျူးကဲ့ကျုံကောင်းနှင့် လေးမျက်နှာ ဂိုဏ်းချုပ်တို့ တစ်ဦးကိုတစ်ဦး စတင်လှုပ်ရှားခြင်း မရှိသေးပေ။ နှစ်ဦးစလုံးသည် နှုတ်ဖြင့်သာ ဆက်လက် ထိပ်တိုက်ရင်ဆိုင်နေကြဆဲ ဖြစ်သည်။

ထိုအခိုက်အတန့်တွင် ကျူးကဲ့ကျုံကောင်းက

“ကံကြမ္မာရဲ့သားတော်ဖြစ်တဲ့ မြောက်ပိုင်းနယ်စားမင်းသားဟာ တစ်ကမ္ဘာလုံးကို မလွဲမသွေ စုစည်းပြီး တစ်ခုတည်းသော ရှင်ဘုရင်အောက်မှာ ထားပါလိမ့်မယ်။ နောင်အခါမှာ ဘယ်စွမ်းအားရှင်ပဲ ဖြစ်ဖြစ် မြောက်ပိုင်းနယ်စားမင်းသားကို ဦးညွှတ်ရလိမ့်မယ်။ အခုပဲ သစ္စာခံပြီး ကြီးမားတဲ့ အောင်မြင်မှုတွေရအောင် လုပ်ပါလား ဂိုဏ်းချုပ်။

“မြောက်ပိုင်းပြည်နယ်ရဲ့ မြင်းတပ်တွေက ခင်ဗျားတို့ရဲ့ ခံတပ်တွေကို ဖြိုခွင်းပြီးမှ ဦးညွှတ်လာကြမှာလား။”

ကျူးကဲ့ကျုံကောင်း၏ စကားများကို ကြားသောအခါ လေးမျက်နှာဂိုဏ်းချုပ် ရယ်မောလိုက်ပြီးနောက် ပြန်လည် ပြန်လည်တုံ့ပြန်လိုက်သည်။

“ရယ်စရာပဲ ကျူးကဲ့ သူခိုးအိုကြီး။ ခွေးဖြစ်တာက ခင်ဗျားရဲ့ ဘဝအကြောင်းပဲ။ ကျုပ်တို့ကိုလည်း ခင်ဗျားနဲ့အတူ အရှက်မရှိပဲ ခွေးဖြစ်စေချင်နေတာလား။”

ထိုအခိုက်အတန့်တွင် ကြီးမားသော တိမ်တောင်တစ်ခု အဝေးမှ ပေါ်လာပြီးနောက် မြေကြီးတုန်ခါကာ တောင်တန်းများတုန်ယင်သွားသည်။

ထို့နောက် အားပျော့ပျက်ပြယ်နေသော အားလှိုင်းတစ်ခု လူတိုင်း၏ ခန္ဓာကိုယ်ကို ဖြတ်သန်းသွားသည်။ အားပျော့သည်ဟု ဆိုသော်သော်လည်း သာမန်လူများကို မြေပြင်ပေါ်သို့ လဲကျလုနီးပါး ဖြစ်စေခဲ့သည်။

ထိုအတွင်းအားလှိုင်း၏ ပြင်းအားကို ခံစားမိသောအခါ ဂိုဏ်းချုပ်၏ မျက်နှာအမူအရာ သိသိသာသာ ပြောင်းလဲသွားသည်။ ပြတင်းပေါက်မှနေ၍ မြို့သစ်ဘက်မှ အနီရောင်အလင်းတန်းများ ထွက်ပေါ်နေသော တိမ်တောင်ကို စူးစိုက်ကြည့်နေသည့် သူ၏မျက်လုံးများတွင် ထိတ်လန့်မှုများ ပြည့်နှက်နေသည်။

ထို့နောက် လေးမျက်နှာ ဂိုဏ်းချုပ် တိုးတိုးလေး ရေရွတ်သည်။

“ဒီလို ကြီးမားတဲ့ ပေါက်ကွဲမှုက... အရိပ်အယောင် စွမ်းအားရှင်တစ်ဦး နန်းတွင်းယ်သူ ဖျက်ဆီးလိုက်လို့များ ဖြစ်နေမလား။”

“ဟန်ယုဆိုတဲ့ အဘိုးကြီး ဒုက္ခများ ရောက်သွားပြီလား။”

.............

All Chapters