အခန်း ၆၂၅-၆၂၇
Vol. 42 Ch. 625-627
အခန်း (၆၂၅)
ဝူမင်းသမီး ရောက်ရှိလာခြင်း
စိတ်ကို ပြန်ထိန်းပြီးနောက် ဆွမ်ဧကရာဇ်က ချက်ချင်းပင်
“အသုံးမကျတဲ့လူတွေ၊ အားလုံး အသုံးမကျတဲ့လူတွေချည်းပဲ။”
“အရိပ်အယောင် ကောင်းကင်လူသားအဆင့်နှစ်ယောက်က စာပေပညာရှင်တစ်ယောက်ကိုတောင် မနိုင်ဘူးဆိုတော့ ဘာအသုံးကျမှာလဲ။”
ဒေါသများကို ဖွင့်ထုတ်ပြီးနောက် ဆွမ်ဧကရာဇ် အလျင်အမြန်ပင် စိတ်ငြိမ်သက်သွားကာ
“သူတို့ ဘယ်လိုလုပ် ရှုံးခဲ့ရတာလဲ။”
အရိပ်က
“သူလျှိုတွေရဲ့ စာတွေအရ တာအိုရသေ့နဲ့ လေးမျက်နှာ ဂိုဏ်းချုပ်တို့က ကျူးကဲ့ကျုံကောင်းကို အပြင်ခေါ်ထုတ်ဖို့ ပရိယာယ်သုံး စီစဉ်ခဲ့ပေမဲ့ ဘယ်လိုဖြစ်သွားလဲမသိဘူး တာအိုရသေ့က သူ့ရဲ့ အတွင်းအား ချက္ကရကို ကိုယ်တိုင် ဖောက်ခွဲခဲ့တယ်။”
အရိပ်၏ အဖြေကို ကြားသောအခါ ဆွမ်ဧကရာဇ်၏ မျက်နှာ မှောင်မိုက်သွား၏။
ဘာအကြောင်းပြချက်မှမရှိပဲ့ သူ့ ချက္ကရကို ဘယ်လိုလုပ် ကိုယ်တိုင် ဖောက်ခွဲရမှာလဲ။
ဒါ ဘယ်လိုဟာသမျိုးလဲ။
ကြောက်မက်ဖွယ်ကောင်းသော ရန်သူနှင့် တာအိုရသေ့ မကြုံတွေ့ခဲ့ရပါက သူ့ ချက္ကရကို သူ ကိုယ်တိုင် ဘာလို့ ဖောက်ခွဲစရာ အကြောင်းမရှိပေ။
ဘာတွေဖြစ်ခဲ့တာလဲ။
ဆွမ်ဧကရာဇ်က
“လေးမျက်နှာ ဂိုဏ်းချုပ်ကရော။ သူ ဘယ်လိုလဲ။”
အရိပ်က
“မင်းကြီး။ လေးမျက်နှာ ဂိုဏ်းချုပ်က ရန်ခရိုင်ရဲ့ မြို့ဟောင်းကနေ ထွက်ပြေးပြီးနောက် သူလည်း သူ့ ချက္ကရကို ကိုယ်တိုင် ဖောက်ခွဲပြီး သေဆုံးသွားခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ သူလျှိုတွေက သူတို့ ကိုယ်တိုင်ဖောက်ခွဲမှုကြောင့် ဖြစ်ပေါ်လာတဲ့ သွေးတိမ်တွေကိုပဲ မြင်တွေ့ရပြီး သူတို့ ဘာတွေနဲ့ ကြုံတွေ့ခဲ့ရတယ်ဆိုတာ မသိခဲ့ကြပါဘူး။”
အရိပ်ကိုယ်ရံတော်များသည် တာအိုရသေ့နှင့် လေးမျက်နှာ ဂိုဏ်းချုပ်တို့ကို စောင့်ကြည့်နေခဲ့သော်လည်း သူတို့ သတိမထားမိစေရန် အနီးကပ် စောင့်ကြည့်ခြင်း မပြုလုပ်ခဲ့ပေ။
အရိပ်ကိုယ်ရံတော်များသည် ကျူးကဲ့ကျုံကောင်း မြို့ဟောင်းသို့ ရောက်လာသည်ကိုသာ မြင်တွေ့ခဲ့ရပြီး နောက်ဆုံးတွင် လေးမျက်နှာ ဂိုဏ်းချုပ် လွတ်မြောက်သွားသည်ကို မြင်ခဲ့ရသည်။ မြို့ပြင်ပတွင် ဘာတွေဖြစ်ခဲ့သည်ကိုမူ သူတို့ လုံးဝ မသိရှိခဲ့ကြချေ။
လေးမျက်နှာ ဂိုဏ်းချုပ်နှင့် တာအိုရသေ့တို့၏ သေဆုံးမှုသည်ပင် အရိပ်ကိုယ်ရံတော်၏ ကောက်ချက်မျှသာ ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ဖြစ်စဉ်ပြီးနောက် သူတို့ကို မတွေ့ရတော့သလို လေးမျက်နှာတောင်နှင့် လေငြိမ်တောင်မှ မြောက်ပိုင်းပြည်နယ်သို့ စေလွှတ်ခဲ့သော တပည့်အားလုံးနီးပါး သေဆုံးခဲ့ကြရာ သွေးတိမ်တောင်နှစ်ခုသည် တာအိုရသေ့နှင့် လေးမျက်နှာ ဂိုဏ်းချုပ်တို့ ကိုယ်တိုင် ဖောက်ခွဲခဲ့ခြင်းကြောင့် ဖြစ်ပေါ်လာခြင်းဟုအရိပ်ကိုယ်ရံတော်များ ခန့်မှန်းခဲ့ကြသည်။
အရိပ်၏ အဖြေကို ကြားပြီးနောက် ဆွမ်ဧကရာဇ်က
“အားလုံး အသုံးမကျတဲ့လူတွေပဲ”
ဟု ထပ်မံ ကျိန်ဆဲလိုက်သည်။
ထိုအခိုက်အတန့်တွင် အရိပ်သည် တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွားကာ ဆက်လက်၍
“သူလျှိုတွေရဲ့ စာထဲမှာ လေးမျက်နှာ ဂိုဏ်းချုပ်နဲ့ တာအိုရသေ့တို့ ရှိနေတဲ့ အရက်ဆိုင်ကို ရန်ခရိုင် စစ်သည်တွေ ဝိုင်းထားတုန်း မြောက်ပိုင်းနယ်စားမင်းသားလည်း မြို့ဟောင်းမှာ ပေါ်လာခဲ့တယ်လို့ ဖော်ပြထားပါတယ်။ မြောက်ပိုင်းနယ်စားမင်းသားကို မြင်တာနဲ့ လေးမျက်နှာ ဂိုဏ်းချုပ်က ချက်ချင်း မြို့ဟောင်းကနေ ထွက်ပြေးသွားခဲ့ပါတယ်။”
ထိုစကားကို ကြားသောအခါ ဆွမ်ဧကရာဇ် မျက်မှောင်ကြုတ်သွားသည်။
လုချန်းကို သတ်ဖို့ သူတို့ကို စေလွှတ်ခဲ့ခြင်း ဖြစ်သည်။ အဘယ်ကြောင့် လုချန်းကို မြင်သည်နှင့် လေးမျက်နှာ ဂိုဏ်းချုပ်က နန်းတွင်း သတ်ရန် မစဉ်းစားပဲ ထွက်ပြေးရန် ရွေးချယ်ခဲ့ရပါသနည်း။
သူ တစ်စုံတစ်ခုကို မြင်ခဲ့ရသည်မှာ သေချာသည်။
အရိပ်အယောင် ကောင်းကင်လူသားတစ်ဦး ဖြစ်သည့်အတွက် နန်းတွင်း ခြိမ်းခြောက်နိုင်သူမှာ အခြား အရိပ်အယောင် ကောင်းကင်လူသား သို့မဟုတ် ကောင်းကင်လူသား စွမ်းအားရှင် အဆင့်ရှိသူများသာ ဖြစ်လိမ့်မည်။
ဒါဆို ...
သူ လုံးဝ မမြင်ချင်သော ဖြစ်နိုင်ခြေတစ်ခုကို စဉ်းစားမိသောအခါ ဆွမ်ဧကရာဇ်၏ ရင်ထဲတွင် စိမ့်ခနဲ ဖြစ်သွားသည်။
မြောက်ပိုင်းပြည်နယ်မှာ ကောင်းကင်လူသား စွမ်းအားရှင် ရှိနေတာများလား။
မြောက်ပိုင်းပြည်နယ်မှာ ကောင်းကင်လူသား စွမ်းအားရှင် မရှိပါက လေးမျက်နှာ ဂိုဏ်းချုပ်နဲ့ တာအိုရသေ့တို့၏ စွမ်းအားဖြင့် ဘယ်လိုပဲဖြစ်ဖြစ် မြောက်ပိုင်းပြည်နယ်ကနေ ထွက်ပြေးလာနိုင်ခဲ့သင့်သည်။ သူတို့ ကိုယ်သူတို့ဖောက်ခွဲဖို့ ရွေးချယ်စရာ မလိုအပ်ပေ။
ဆွမ်ဧကရာဇ်၏ စိတ်ထဲတွင် မြောက်ပိုင်းပြည်နယ်မှ မကြာသေးမီက ရရှိခဲ့သော သတင်းစကားများ ချက်ချင်း ပေါ်လာပြီး ထိုသတင်းစကားများကို ဆက်စပ်ကြည့်လိုက်ရာ အချင်းချင်း ကိုက်ညီနေသည်ကို တွေ့ရ၏။
သူ၏ ပုန်ကန်သောသားက ကျူးကဲ့ ကောင်းကင်လူသား စွမ်းအားရှင်ဖြစ်ကြောင်း သတင်းမှားကို သုံးပြီး ရှနိုင်ငံတော်ကို ခြိမ်းခြောက်ခဲ့သည်။ ထိုသို့ လုပ်ခြင်းဖြင့် မြောက်ပိုင်းပြည်နယ်အပေါ် စစ်ရေးလှုပ်ရှားမှုများ မလုပ်ဆောင်နိုင်ရန် တားဆီးခဲ့သလို အခြားမင်းဆက်များကိုလည်း မြောက်ပိုင်းပြည်နယ်ကို ကြောက်ရွံ့လာစေခဲ့သည်။
ထိုသတင်းမှားသည် မကြာမီပင် ဖော်ထုတ်ခံရမည် ဖြစ်သော်လည်း မြောက်ပိုင်းပြည်နယ်က ကျူးကဲ့ ကောင်းကင်လူသား စွမ်းအားရှင် မဟုတ်ကြောင်း တက်တက်ကြွကြွ ရှင်းလင်းပြောပြရန် မလိုအပ်ပေ။
မြောက်ပိုင်းပြည်နယ်သည် ပဟေဠိဆန်စွာ ဆက်လက်တည်ရှိနေနိုင်ပြီး ကျူးကဲ့ကျုံကောင်း တကယ် ကောင်းကင်လူသား စွမ်းအားရှင် ဖြစ်သည် မဖြစ်သည်ကို ပြင်ပကမ္ဘာအား ထင်ကြေးပေးစေနိုင်သည်။ သို့သော် သူတို့ ထိုသို့ မလုပ်ခဲ့ကြချေ။
မြောက်ပိုင်းနယ်စားမင်းသားသည် မြောက်ပိုင်းပြည်နယ်တွင် ကောင်းကင်လူသား စွမ်းအားရှင် မရှိကြောင်း ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောခြင်းဖြင့် ဖြစ်ပေါ်လာမည့် ပြဿနာများကို မသိပဲ နေမည်တော့ မဟုတ်ပေ။ သူ မသိဘူးဆိုရင်တောင် ပညာရှိ ကျူးကဲ့ကျုံကောင်းက အကျိုးဆက်များကို သေချာပေါက် သိလိမ့်မည်။ ထိုအခါ မြောက်ပိုင်းနယ်စားမင်းသားကို ထိုသို့ရှင်းလင်းချက် မထုတ်ပြန်ရန် အကြံပေးမှာ သေချာသည်။ သို့သော် မြောက်ပိုင်းပြည်နယ်က ကျူးကဲ့ ကောင်းကင်လူသား စွမ်းအားရှင် မဟုတ်ကြောင်း တက်တက်ကြွကြွ ရှင်းလင်းပြောကြားဖို့ ရွေးချယ်ခဲ့သည်။
ဒါ ဘာကို ပြသနေတာလဲ...
ဒါက မြောက်ပိုင်းပြည်နယ်က ဘာမဆို ရင်ဆိုင်ဖို့ အသင့်ပြင်ဆင်ထားပြီးသား ဖြစ်နေပြီဆိုတာကို ပြသနေခြင်းဖြစ်သည်။
လုချန်းကို လုပ်ကြံဖို့ ကြိုးပမ်းမှုများလည်း အပါအဝင်ဖြစ်သည်။
ထို့ကြောင့် မြောက်ပိုင်းပြည်နယ်တွင် စွမ်းအားရှင်မရှိဟူသည့် သတင်းပျံ့နှံ့သွားခြင်းကို မကြောက်ရွံ့တော့ခြင်းဖြစ်သည်။
သို့မဟုတ် ဤအရာအားလုံးသည် မြောက်ပိုင်းပြည်နယ်၏ ထောင်ချောက်တစ်ခုဖြစ်နိုင်သည်။ မြောက်ပိုင်းပြည်နယ်က အခြားနိုင်ငံများကို သူတို့အား တိုက်ခိုက်လာစေလိုသည်။ သိုင်းပညာရှင်များကိုလည်း မြောက်ပိုင်းနယ်စားမင်းသားအား လုပ်ကြံရန် ကြိုးစားစေလိုသည်။ အမှန်တကယ်လည်း ဝူနိုင်ငံတော်နှင့် တာအိုရသေ့တို့သည် မြောက်ပိုင်းပြည်နယ်၏ ထောင်ချောက်ထဲသို့ အလွယ်တကူ ကျရောက်သွားခဲ့သည်။
ဤအချက်များအားလုံးကို ဆက်စပ်ကြည့်လျှင် မြောက်ပိုင်းပြည်နယ်တွင် စွမ်းအားရှင်တစ်ဦး ရှိနှင့်ပြီးဖြစ်နိုင်သည်။ မဟုတ်လျှင် မြောက်ပိုင်းနယ်စားမင်းသားက ကျူးကဲ့ကျုံကောင်း စွမ်းအားရှင်မဟုတ်ကြောင်း ထုတ်ဖော်ပြောဆိုရဲသည်အထိ ယုံကြည်မှုရှိမည် မဟုတ်ပေ။
အရာအားလုံးကို သဘောပေါက်သွားသောအခါ ဆွမ်ဧကရာဇ်၏ မျက်နှာ လုံးဝညိုမှိုင်းသွားခဲ့သည်။
သူ ရုတ်တရက် သတိရလိုက်သည်။ လျှို့ဝှက်လဝန်းနန်းတော်သည် အစောကြီး ကတည်းက မြောက်ပိုင်းပြည်နယ်နှင့် ဆက်သွယ်မှုရှိခဲ့ပြီး လျှို့ဝှက်လဝန်းနန်းတော်၏ နန်းတော်သခင် ချန်ဝမ်ရွန်သည်လည်း မြောက်ပိုင်းနယ်စားမင်းသား၏ စံအိမ်တွင် ကြာမြင့်စွာ နေထိုင်ခဲ့ဖူးသည်။
လျှို့ဝှက်လဝန်းနန်းတော်က ကောင်းကင်လူသား စွမ်းအားရှင် မြောက်ပိုင်းပြည်နယ်ကို ရောက်သွားတာများလား။
ဒါကြောင့်ပဲ ထိုကျေးဇူးမသိတတ်သောသားက အခုလောက် ယုံကြည်စိတ်ချမှု ရှိနေတာလား...
ဟုတ်လောက်သည်။ လျှို့ဝှက်လဝန်းနန်းတော်က ကောင်းကင်လူသား စွမ်းအားရှင်သည် ထိုကျေးဇူးမသိတတ်သောသားနဲ့ သဘောတူညီမှု တစ်ခုခု ရခဲ့တာ ဖြစ်ရမည်။
ထိုသို့တွေးမိပြီး ဆွမ်ဧကရာဇ် လက်သီးဆုပ်လိုက်ကာ လျှို့ဝှက်လဝန်းနန်းတော်အပေါ်ရှိ သူ့၏ မုန်းတီးမှုများ ထပ်မံတိုးပွားလာခဲ့သည်။
ဆွမ်ဧကရာဇ် နန်းတွင်းယ်သူ ငြိမ်သက်အောင် အတင်းအကျပ် ထိန်းချုပ်လိုက်သည်။ ထို့နောက် အခန်းထဲရှိ အရိပ်ကို
“လေးမျက်နှာ ဂိုဏ်းချုပ်နဲ့ တာအိုရသေ့တို့ တကယ်ပဲ သူတို့ ချက္ကရကို ဖောက်ခွဲပြီး သေဆုံးသွားတာလားဆိုတာ အတည်ပြုနိုင်ဖို့ နည်းလမ်းရှာပါ။”
“နောက်ပြီး လျှို့ဝှက်လဝန်းနန်းတော်က ကောင်းကင်လူသား စွမ်းအားရှင် နန်းတော်က ထွက်သွားပြီလားဆိုတာလည်း စုံစမ်းပါ။”
အရိပ်က တစ်ခုခု ပြောတော့မည့်ဆဲဆဲတွင် ဆွမ်ဧကရာဇ်က အော်ဟစ်လိုက်သည်။
“ဘာမှ မတွေ့ရင်တောင် ဆက်ရှာ။”
လျှို့ဝှက်လဝန်းနန်းတော်က ကောင်းကင်လူသား စွမ်းအားရှင် ဂူအောင်း၍ ကျင့်စဉ်ကျင့်နေရာမှ ထွက်လာပြီလားဆိုတာကို စုံစမ်းနိုင်ရန်က အရိပ်ကိုယ်ရံတော်များအတွက် အလွန်ခက်ခဲသော အလုပ်တစ်ခု ဖြစ်သည်။ လျှို့ဝှက်လဝန်းနန်းတော်ထဲကို ထိုးဖောက်ဝင်ရောက်နိုင်ပင်လျှင်ပင်၊ နန်းတော်ထဲမှ အဆက်အသွယ်များ ရရှိခဲ့လျှင်ပင် စုံစမ်း၍ ရနိုင်ဦးမည် မဟုတ်ပေ။ အဘယ့်ကြောင့်ဆိုသော် လျှို့ဝှက်လဝန်းနန်းတော်တွင်းမှ တပည့်များပင် ကောင်းကင်လူသား စွမ်းအားရှင် ကျင့်စဉ်မှ ထွက်လာပြီလားဆိုတာကို မသေချာ သောကြောင့်ဖြစ်သည်။
လျှို့ဝှက်လဝန်းနန်းတော်၏ ထိပ်တန်း အကြီးအကဲများကို စည်းရုံးနိုင်မှသာ ကောင်းကင်လူသား စွမ်းအားရှင် ကျင့်စဉ်မှ ထွက်လာပြီလားဆိုတာ သိရှိနိုင်ပေမည်။
ထိုအခိုက်အတန့်တွင် အရိပ်က
“ဟုတ်ကဲ့ပါ မင်းကြီး။ ချက်ချင်း စုံစမ်းပါ့မယ်။”
“ကျွန်တော့်ကို ခွင့်ပြုပါ။”
သူ့အသံ တဖြည်းဖြည်း မှေးမှိန်သွားသည်နှင့် အရိပ်သည် အခန်းထဲရှိ ပရိဘောဂများ၏ အရိပ်များထဲသို့ ပေါင်းစပ်သွားကာ ပျောက်ကွယ်သွားသည်။
ဆွမ်ဧကရာဇ် သူ့ဘာသူ ရေရွတ်လိုက်၏။
“ဘယ်သူမှ ငါ့လမ်းကို တားဆီးလို့ မရဘူး။ ငါ သေချာပေါက် ကောင်းကင်လူသား စွမ်းအားရှင် ဖြစ်ကို ဖြစ်ရမယ်။”
“မင်း သေသွားပေမယ့် ငါ့ကို ဆန့်ကျင်ဖို့ သားတစ်ယောက် ချန်ထားခဲ့တယ်။ ဒီနေ့ လို နေ့မျိုး ရောက်လာမယ်ဆိုတာ သိခဲ့ရင် သူ မွေးခါစကတည်းက ငါ ချက်ချင်း ရိုက်သတ်ပစ်ခဲ့သင့်တာ။”
.........
နှစ်ပတ်ခန့် ကြာပြီးနောက်။
ကြီးမားသော မြင်းရထားတန်းကြီးသည် ရန်ခရိုင်သို့ ခမ်းနားစွာ ဦးတည်နေ၏။ မြင်းရထားတန်းသည် အလွန်ရှည်လျားလှသဖြင့် အစမှအဆုံးအထိ တစ်ဆက်တည်းမြင်နိုင်ခြင်း မရှိပေ။
မြင်းရထားတန်း၏ အလယ်တွင် ရွှေ၊ ကျောက်မျက်ရတနာများဖြင့် အလှဆင်ထားသော မြင်းရှစ်ကောင်ဆွဲ ဇိမ်ခံရထားကြီး တစ်စီး ရှိနေသည်။
ထိုအခိုက်အတန့်တွင် ရထားတန်း ရုတ်တရက် ရပ်တန့်သွားသည်။
ကုန်သည်အဖွဲ့ ရပ်တန့်သွားသည်နှင့် ရထားအတွင်းမှ အေးစက်သောအသံ ထွက်ပေါ်လာ၏။
“ဘာဖြစ်တာလဲ။”
ကိုယ်ရံတော်က ချက်ချင်းပင်
“မင်းသမီး ကျန်းဝမ်။ ရှေ့မှာ အဘွားကြီးတစ်ယောက်က လမ်းပိတ်ထားပါတယ်။”
ထိုစကားကို ကြားသောအခါ ဝူကျန်းဝမ်သည် အနည်းငယ် တအံ့တဩ ဖြစ်သွား၏။
အဘွားအိုတစ်ယောက်လား။
ဒီအချိန်မှာ ဝူနိုင်ငံတော်ရဲ့ ရထားတန်းကို ဘယ်သူက တားဆီးနေတာလဲ။
ထိုစဉ် အဝေးမှ အဘွားအို၏ အသံကို ကြားလိုက်ရသည်။
“မင်းသမီး ကျန်းဝမ်။ ဧကရီက မင်းသမီးကို လမ်းခရီးတစ်လျှောက် ကာကွယ်ဖို့ ကျွန်မကိုစေလွှတ်လိုက်တာပါ။”
ထိုအသံကို ကြားသောအခါ ဝူကျန်းဝမ် မည်သူမှန်း ချက်ချင်း သိလိုက်ရသည်။
သူမက ချက်ချင်း
“အို ဒါဆို အဖွားဟူပဲ။ အဖွားဟူကို ဒုက္ခပေးရတော့မယ်။”
ပေဟုန် သူမကို သစ္စာဖောက်သွားခဲ့သော်လည်း ယွဲ့ဧကရာဇ်က သူမကို သစ္စာဖောက်မည် မဟုတ်ပေ။ ယွဲ့ဧကရာဇ်က အဆင့်လွန် ပညာရှင် ဟူရှုကို သူမကို ကာကွယ်ရန် စေလွှတ်ခြင်းက အကောင်းဆုံး သက်သေပင်။
ထိုအခိုက်အတန့်တွင် ဝူကျန်းဝမ်၏ နှုတ်ခမ်းများတွင် အနည်းငယ် ပြုံးရိပ်သမ်းသွားသည်။
“လူငယ်လေးရေ ငါရောက်လာပြီ။ မင်းရဲ့ ဆုံးဖြတ်ချက်တွေအတွက် နောက်ဆုံးတော့ ကြီးမားတဲ့ အဖိုးအခ ပေးဆပ်ရလိမ့်မယ်။
..............
အခန်း (၆၂၆)
ဧကရီနှင့် တွေ့ဆုံခြင်း
ရန်ခရိုင်သို့ ရောက်ရှိပြီးနောက် သူမအပေါ် မည်သည့်အရာများ ဖြစ်ပျက်လာမည်ကို ဝူကျန်းဝမ် အပြည့်အဝ နားမလည်သေးပေ။
သူမသည် မြောက်ပိုင်းနယ်စားမင်းသား၏ ဓားစာခံဖြစ်ရုံမျှသာဖြစ်သည်ဟု စိတ်ထဲက ယုံကြည်ထား၏။ မြောက်ပိုင်းနယ်စားမင်းသားက သူမ၏ခန္ဓာကိုယ်ကို အမှန်တကယ်တောင့်တ နေစေကာမူ မလျော်ကန်သော အပြုအမူမျိုး ပြုမည်မဟုတ်ဟု ထင်မှတ်ထားသည်။
မည်သို့ဆိုစေ သူမသည် ဝူနိုင်ငံတော်၏ ကျန်းဝမ်မင်းသမီးတစ်ပါးဖြစ်နေဆဲ ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ မြောက်ပိုင်းနယ်စားမင်းသားသည် အတိုင်းအတာတစ်ခုထက် ကျော်လွန်သည့်အရာကို ပြုလုပ်ရဲမည်မဟုတ်ချေ။ အများဆုံး စကားလုံးများဖြင့်သာ စော်ကားလိမ့်မည်ဖြစ်သည်။
တစ်ဖက်တွင် သူမသည် မြောက်ပိုင်းနယ်စားမင်းသားနှင့် ပိုမိုနီးစပ်ရန်ပင် စိတ်အားထက်သန်နေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သူ၏ယုံကြည်မှုကို ရရှိမှသာ မြောက်ပိုင်းပြည်နယ်၏ လျှို့ဝှက်ချက်များ ရရှိနိုင်မည်ဖြစ်သည်။
မြောက်ပိုင်းပြည်နယ်၏ လျှို့ဝှက်ချက်များကို ခိုးယူနိုင်ပါက သူမအတွက် အခြေအနေများကို ပြောင်းပြန်လှန်နိုင်မည့် အခွင့်အရေးတစ်ခု သေချာပေါက်ရှိလာမည်ဖြစ်၏။ သို့မှသာ တစ်နေ့တွင် သူမ ယွဲ့ဧကရီကဲ့သို့ ဖီးနစ်ဝတ်ရုံကို ဝတ်ဆင်နိုင်မည်ဖြစ်သည်။
ဝူကျန်းဝမ်သည် အပြင်ပမ်းတွင် အေးစက်နေပုံရသော်လည်း သူမ၏နှလုံးသားထဲတွင် ပြင်းထန်သောမီးတောက်များ စတင်လောင်ကျွမ်းနေခဲ့ပြီ ဖြစ်သည်။ သူမ အာဏာဆုံးရှုံးခဲ့သည့်နေ့မှစ၍ ယနေ့ကဲ့သို့ ပျော်ရွှင်မှုကို သူမ မခံစားရသည်မှာ ကြာပြီဖြစ်၏။
မကြာမီပင် ရထားတန်းသည် ရန်ခရိုင်ထဲသို့ ဝင်ရောက်လာပြီးနောက် ရန်ခရိုင်၏ အရာရှိများထံ ဝူနိုင်ငံတော်မှ လိုက်ပါလာသော အရာရှိများက ဓားစာခံ လွှဲပြောင်းပေးပြီးနောက် သူမအား မြောက်ပိုင်းပြည်နယ်မှ စီစဉ်ထားသည့် ကြီးမားသည့် အဆောင်တစ်ခုသို့ ခေါ်ဆောင်သွားသည်။
ဝူကျန်းဝမ် ရထားပေါ်မှ ဆင်းပြီး မြောက်ပိုင်းပြည်နယ်မှ စီစဉ်ပေးထားသည့် နေရာသို့ ဝင်ရောက်ရန် ပြင်ဆင်နေစဉ် ရန်ခရိုင် အုပ်ချုပ်ရေးမှူးက သူမအား
“ကျန်းဝမ်မင်းသမီး။ မင်းသမီးရဲ့ နေအိမ်က ဒီမှာမဟုတ်ပါဘူး။ ကျွန်တော်နဲ့ လိုက်ခဲ့ပေးပါ။”
ထိုစကားကိုကြားသောအခါ ဝူကျန်းဝမ်သည် ခဏမျှ ကြောင်သွားပြီးနောက်
“ကျွန်မရဲ့ အခြွေအရံတွေအားလုံးက ဒီမှာတည်းခိုတာဆိုတော့ ကျွန်မက ဘာလို့ ဒီမှာ မတည်းရတာလဲ။”
ဝူကျန်းဝမ်သည် ဓားစာခံဖြစ်နေသော်လည်း အာဏာရှိသည့် အမျိုးသမီးတစ်ဦး၏ စရိုက်လက္ခဏာကို ပိုင်ဆိုင်နေဆဲပင် ဖြစ်သည်။ ဓားစာခံဖြစ်သွားရုံမျှဖြင့် သူမနှိမ့်ချ နာခံနေမည်မဟုတ်ချေ။
ရန်ခရိုင် အုပ်ချုပ်ရေးမှူးက ပြုံးလျက်
“မင်းသားရဲ့ တောင်းဆိုချက်အရ ကျန်းဝမ်မင်းသမီးရဲ့ နေအိမ်က မြောက်ပိုင်းနယ်စားမင်းသားစံအိမ်မှာပါခင်ဗျာ။ ဒီအဆောင်က မင်းသမီးရဲ့ အဆောင်ဆိုပေမဲ့ မင်းသမီးကတော့ မြောက်ပိုင်းနယ်စားမင်းသားစံအိမ်မှာ နေရပါမယ်။”
ထိုစကားကို ကြားသောအခါ ဝူကျန်းဝမ်၏ မျက်ခုံးများ အနည်းငယ်တွန့်သွားသည်။
မြောက်ပိုင်းနယ်စားမင်းသားစံအိမ်တွင် နေရမှာလား။
ဒါဘယ်လို ဟာသလဲ။ သူမသည် မြောက်ပိုင်းနယ်စားမင်းသားစံအိမ်မှ ဇနီးမယားတစ် ယောက် မဟုတ်ပေ။ သူမ ဘယ်လိုလုပ် အဲဒီမှာ နေနိုင်မှာလဲ။
မြောက်ပိုင်းနယ်စားမင်းသားက ဘာလုပ်ဖို့ ကြိုးစားနေတာလဲ။
ဝူကျန်းဝမ်သည် သူမ၏ အခြွေအရံများကို တစ်ချက်ကြည့်လိုက်ပြီး တစ်စုံတစ်ခုကို နားလည်သွားပုံရသည်။
မြောက်ပိုင်းနယ်စားမင်းသားက သူမ မြောက်ပိုင်းပြည်နယ်တွင် ပြဿနာရှာမည်ကို ကြောက်ရွံ့၍ သူမ ခေါ်လာသော အခြွေအရံများနှင့် ခွဲထားလိုခြင်း ဖြစ်နိုင်လား။
သူမသာ မြောက်ပိုင်းနယ်စားမင်းသားစံအိမ်တွင် နေပါက မြောက်ပိုင်းနယ်စားမင်းသားက သူမအား အဆက်မပြတ် စောင့်ကြည့်နိုင်မည်ဖြစ်ပြီး သူမ၏ လှုပ်ရှားမှုများကို ကန့်သတ်ထားနိုင်မည်။ ထို့ပြင် သူမ၏ အခြွေအရံများနှင့်လည်း ကင်းကွာသွားမည်ဖြစ်ရာ သူမအနေနှင့် အမိန့်ပေး ခိုင်းစေရန် ပို၍ ခက်ခဲလာမည်ဖြစ်သည်။
ထိုအချက်ကို တွေးမိသောအခါ ဝူကျန်းဝမ် ညင်သာစွာ ရယ်မောလိုက်သည်။ မြောက်ပိုင်းနယ်စားမင်းသားက သူမကို ဤမျှကြောက်လိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့ပေ။
ဝူကျန်းဝမ် တစ်စုံတစ်ခု ပြောတော့မည့်ဆဲဆဲ သူမဘေးမှ ဟူရှုက
“ကျန်းဝမ်မင်းသမီး။ မင်းသမီး ဒီလို မလုပ်သင့်ပါဘူး။ မင်းသမီး မြောက်ပိုင်းနယ်စားမင်းသားစံအိမ်မှာ နေမယ်ဆိုရင် တစ်ခုခု ဖြစ်လာခဲ့ရင် ကျွန်မတို့က မင်းသမီးဆီ ချက်ချင်းရောက်လာနိုင်မှာ မဟုတ်ပါဘူး” ဟု ဝင်ပြောလိုက်သည်။
မြောက်ပိုင်းနယ်စားမင်းသားစံအိမ်သည် မြောက်ပိုင်းနယ်စားမင်းသား၏ နေအိမ်ဖြစ်ပြီး မြောက်ပိုင်းနယ်စားမင်းသား၏ ဇနီးမယားများနှင့် သားသမီးများအားလုံး ထိုနေရာတွင် နေထိုင်ကြသည်။ ထို့ကြောင့် မြောက်ပိုင်းနယ်စားမင်းသားစံအိမ်သည် အစောင့်အရှောက်ဖြစ်သူ ဟူရှုအား ဝင်ရောက်ခွင့်ပေးမည်မဟုတ်ပေ။ ဆိုလိုသည်မှာ ဟူရှုသည် ဝူကျန်းဝမ်၏ လုံခြုံရေးကို အမြဲတမ်း ကာကွယ်ပေးနိုင်မည် မဟုတ်ချေ။
ဝူကျန်းဝမ် တစ်စုံတစ်ခု ဖြစ်ခဲ့ပါက ယွဲ့ဧကရာဇ်ထံ ပြန်လည်အစီရင်ခံနိုင်မည်မဟုတ်ပေ။
ဟူရှု၏ စကားကို ကြားပြီးနောက် ရန်ခရိုင် အုပ်ချုပ်ရေးမှူးက
“ကျန်းဝမ်မင်းသမီး။ ဝူနိုင်ငံတော်နဲ့ မြောက်ပိုင်းပြည်နယ်ကြား ချုပ်ဆိုထားတဲ့ မဟာမိတ်စာချုပ်မှာ ဝူနိုင်ငံတော်က ဓားစာခံတွေ မြောက်ပိုင်းပြည်နယ်ကို ရောက်တာနဲ့ မြောက်ပိုင်းပြည်နယ်ရဲ့ စီစဉ်မှုတွေကို လိုက်နာရမယ်လို့ ရှင်းရှင်းလင်းလင်း ဖော်ပြထားပါတယ်။ မင်းသမီး ဒီစာချုပ်ကို ချိုးဖောက်ဖို့ ရည်ရွယ်နေတာလား။”
ဝူကျန်းဝမ်၏ မျက်နှာ အလွန်အေးစက်သွား၏။ သူမ ထိုစာချုပ်ကို မှတ်မိနေပြီး မြင်ကတည်းက တစ်စုံတစ်ခု မှားယွင်းနေသည်ဟု ခံစားခဲ့ရသည်။
ထို့နောက် ဝူကျန်းဝမ်က
“ကောင်းပြီ။ ရှင်တို့ ဆန္ဒအတိုင်း မြောက်ပိုင်းနယ်စားမင်းသားစံအိမ်ကို သွားပါမယ်။”
ဤသို့ပြောပြီးနောက် ဝူကျန်းဝမ်က ဟူရှုဘက်သို့ လှည့်ကာ
“အဖွားဟူ ခဏလောက် ဒီမှာနေပါ။ တစ်ခုခု ဖြစ်လာရင် ကျွန်မလူ လွှတ်ပြီး အသိပေးပါမယ်။”
သူတစ်ပါးအိမ်တွင် ခိုလှုံနေရသူ ဖြစ်သည့်အတွက် ခေါင်းငုံရမည်ပင်။ ဝူကျန်းဝမ်တွင် ရွေးချယ်စရာမရှိချေ။ အထူးသဖြင့် စာချုပ်တွင် ထိုကဲ့သို့သော ပြဋ္ဌာန်းချက်များပါရှိသောကြောင့် ဖြစ်သည်။ သူမက စာချုပ်ကို ချိုးဖောက်ပါက မြောက်ပိုင်းပြည်နယ် စစ်တပ်က တောင်ဘက်သို့ ဆက်လက်ချီတက်ရန် အကြောင်းပြချက်ရသွားနိုင်၏။
ထားလိုက်ပါတော့...
မြောက်ပိုင်းနယ်စားမင်းသားက အဆက်မပြတ် စောင့်ကြည့်နေရုံမျှသာဖြစ်သည်။
မည်သို့ပင်ဆိုစေ သူမလည်း မြောက်ပိုင်းနယ်စားမင်းသားနှင့် နီးစပ်ရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။ မြောက်ပိုင်းနယ်စားမင်းသားစံအိမ်တွင် နေနိုင်ပါက ထိုအချက်က သူမအတွက် အခွင့်အရေးတစ်ခု ဖြစ်လာလိမ့်မည်။
မြောက်ပိုင်းနယ်စားမင်းသားစံအိမ်တွင် နေထိုင်ခြင်းက လျှို့ဝှက်လှုပ်ရှားမှုများ ပြုလုပ်ရန် ခက်ခဲစေမည်ဖြစ်သော်လည်း သူမအနေနှင့် မည်သည့်သတင်းအချက်အလက်ကိုမျှ ပေးပို့ရန် မလိုအပ်ချေ။ သူမသည် စုဆောင်းထားသည့် ထောက်လှမ်းရေးသတင်းအချက်အလက်များကို သူမ၏ စိတ်ထဲတွင် သိမ်းဆည်းထားနိုင်ပြီး နောက်ပိုင်းတွင် မြောက်ပိုင်းပြည်နယ်မှ ထွက်ခွာရန် အခွင့်အရေးရသည့်အခါ ထိုလျှို့ဝှက်ချက်များကို ထုတ်ယူသွားနိုင်မည်ဖြစ်သည်။
ဝူကျန်းဝမ်က ထိုသို့ပြောသောအခါ ဟူရှုလည်း ထပ်ပြောရန် မသင့်တော်ဟု ခံစားရသည်။ သူမသည် ယွဲ့ဧကရာဇ်မှ ဝူကျန်းဝမ်အား စောင့်ရှောက်ရန် ခန့်အပ်ထားသည့် ကိုယ်ရံတေယ်တစ်ဦးဖြစ်ပြီး မြောက်ပိုင်းပြည်နယ်သို့ ရောက်ရှိပါက ဝူကျန်းဝမ်၏ အမိန့်များကို လိုက်နာရန် ယွဲ့ဧကရာဇ်က မှာကြားထားခဲ့သည်။
ဝူကျန်းဝမ်က ထိုသို့ဆုံးဖြတ်ထားပြီးဖြစ်ရာ သူမ၏စကားကို နားထောင်ရုံသာ ရှိတော့သည်။
ထို့နောက် ဟူရှုက
“ကျွန်မနားလည်ပါပြီ။”
ထို့နောက် ဝူကျန်းဝမ်လည်း ရထားပေါ်သို့ တက်ကာ အုပ်ချုပ်ရေးမှူးနှင့်အတူ မြောက်ပိုင်းနယ်စားမင်းသားစံအိမ်သို့ လိုက်ပါသွားသည်။
ဝူကျန်းဝမ်းသည် မြောက်ပိုင်းမင်းသားစံအိမ်သို့ရောက်ရှိသောအခါ တံခါးအထက်ရှိ ဆိုင်းဘုတ်ကိုကြည့်ကာ စိတ်လှုပ်ရှားမိသည်။ သူမသည် ဤနေရာသို့ ဘဝတစ်လျှောက်လုံး ပြန်လာနိုင်မည် မဟုတ်ဟု မူလက ထင်မှတ်ခဲ့သော်လည်း မကြာမီ သူမသည် ဤနေရာသို့ ပြန်ရောက်လာခဲ့သည်။
ထိုအခိုက်အတန့်တွင် အစေခံမိန်းကလေးအုပ်စုတစ်စု ဝူကျန်းဝမ်အနီးသို့ ချဉ်းကပ်လာပြီး ခါးညွတ်ကာ
“ဧကရီကို ဂါရဝပြုပါတယ်။”
ဟင်...
ထိုစကားကို ကြားသောအခါ အတွေးထဲနစ်မြောနေခဲ့သည့် ဝူကျန်းဝမ် ရုတ်တရက် တုန်လှုပ်သွားသည်။
ဧကရီ....
ဒါက ဘာကိုဆိုလိုတာလဲ။
သူမ နားကြားများလွဲ နေတာလား။
ဘာလို့ ဒီအစေခံမိန်းကလေးတွေက သူမကို ဧကရီလို့ ခေါ်နေကြတာလဲ။
ဝူကျန်းဝမ်သည် သူမ၏ နားများကိုပင် မယုံနိုင်ဖြစ်နေပြီးနောက် သူမရှေ့ရှိ ခေါင်းဆောင် အစေခံမိန်းကလေးအား
“ရှင်တို့ ခုနက ကျွန်မကို ဘာလို့ ခေါ်လိုက်တာလဲ။”
ခေါင်းဆောင်အစေခံမိန်းကလေးက ချက်ချင်းပင်
“ဧကရီလို့ ခေါ်လိုက်တာပါ။”
ဝူကျန်းဝမ် မျက်ခုံးများတွန့်သွားကာ ဇဝေဇဝါဖြင့်
“ကျွန်မက မင်းသမီးတစ်ပါးပဲ ရှိသေးတာကို ရှင်တို့ပါးစပ်ထဲမှာ ဘယ်လိုလုပ် ဧကရီ ဖြစ်သွားတာလဲ။”
သူမသည် ဝူနိုင်ငံတော်၏ ဧကရီဖြစ်ရန် တကယ်ပင် ဆန္ဒရှိသော်လည်း သူမ ထိုနေရာကို မရောက်သေးပေ။ ထိုရည်မှန်းချက်မှာ ဝေးကွာနေဆဲဖြစ်သည်။ ဤအချိန်တွင် သူမအား ဧကရီဟု မည်သူက ခေါ်မည်နည်း။ မင်းသားစံအိမ်မှ အစေခံမိန်းကလေးများ ဘာလုပ်နေကြတာလဲ။
ခေါင်းဆောင် အစေခံမိန်းကလေးက အလျင်အမြန်ပင်
“မင်းသားက ဒီလိုခေါ်ဖို့ အမိန့်ပေးထားတာပါ။”
ဒါက..
ဝူကျန်းဝမ်၏ မျက်လုံးများတွင် နားမလည်နိုင်ဖြစ်နေသည့် အရိပ်အယောင်များ ထင်ဟပ်နေ၏။ မြောက်ပိုင်းနယ်စားမင်းသား ဘာလုပ်နေတာလဲ။
ဝူကျန်းဝမ်က
“မြောက်ပိုင်းနယ်စားမင်းသားက ရှင်တို့ကို ဒီလိုခေါ်ခိုင်းတာ ဘာကြောင့်လဲ။”
ခေါင်းဆောင် အစေခံမိန်းကလေးက
“ကျွန်မ မသိပါဘူး။”
ဝူကျန်းဝမ်က
“ရှင်တို့ ကျွန်မကို ကျန်းဝမ်မင်းသမီး ဒါမှမဟုတ် မင်းသမီးလို့ပဲ ဆက်ခေါ်သင့်တယ်။”
အစေခံမိန်းကလေးက အလျင်အမြန်ပင်
“ခွင့်လွှတ်တော်မူပါ။ ဒါပေမဲ့ ဒါက မင်းသားရဲ့ အမိန့်ပါ။ မင်းသားရဲ့ အမိန့်မရှိပဲ ကျွန်မတို့ ခေါ်ဝေါ်ပုံကို ပြောင်းလဲဖို့ မရဲပါဘူး။”
ထိုစကားကို ကြားသောအခါ ဝူကျန်းဝမ်က စိတ်ပျက်လက်ပျက်ဖြင့်
“ကောင်းပြီ။ ရှင်တို့ သဘောအတိုင်းပဲ လုပ်ကြပါ။”
ထိုအခိုက်အတန့်တွင် ခေါင်းဆောင် အစေခံမိန်းကလေးက
“ဧကရီ ကျွန်မတို့နဲ့ လိုက်ခဲ့ပေးပါ။ ဧကရီ နေရမယ့် အဆောင်ကို ခေါ်သွားပေးပါမယ်။”
အစေခံမိန်းကလေးများ၏ ဦးဆောင်မှုအတိုင်း ဝူကျန်းဝမ်သည် ကျယ်ဝန်းသော အဆောင်ဝင်းတစ်ခုသို့ ရောက်ရှိလာသည်။ ထိုအဆောင်၏ အပြင်အဆင်က ရင်းနှီးနေသော်လည်း ထိုကဲ့သို့သော အဆောင်ကို သူမ မည်သည့်နေရာတွင် မြင်ဖူးသည်ကို မစဉ်းစားတတ် ဖြစ်နေသည်။
ထို့နောက် အစေခံမိန်းကလေးများက ဝူကျန်းဝမ်အား အတွင်းရှိ အခန်းများဘက်သို့ ဆက်လက်ခေါ်ဆောင်သွားသည်။
အခန်းထဲသို့ ဝင်ရောက်လိုက်သည်နှင့် တစ်ခုခု မှတ်မိနေသလို ခံစားချက်တစ်ခု ဝူကျန်းဝမ်စိတ်ထဲ ထပ်မံ၍ ထင်ရှားစွာ ပေါ်ပေါက်လာသည်။ အခန်းအတွင်းတွင် အတွင်းခန်းနှင့် အပြင်ခန်းကို ပိုင်းခြားထားသော အနီရောင်ကန့်လန့်ကာများရှိပြီး ထူးခြားသော မွှေးရနံ့တစ်မျိုး လေထဲတွင် ပျံ့နှံ့နေသည်။
ထိုအခိုက်အတန့်တွင် ဤမြင်ကွင်းကို မည်သည့်နေရာတွင် မြင်ဖူးသည်ကို ဝူကျန်းဝမ် သတိရသွားသည်။
ဒါ ယွဲ့ဧကရာဇ်ရဲ့ အိပ်ဆောင်မဟုတ်လား။
အခန်းအတွင်းရှိ အခင်းအကျင်းမှာ ယွဲ့ဧကရာဇ်၏အိပ်ခန်းနှင့် အတူတူပင်ဖြစ်သည်။
.............
အခန်း (၆၂၇)
မင်းသား ဘာကိုဆိုလိုတာလဲ
အခန်းတွင်း အပြင်အဆင်ကို မြင်လိုက်ရသောအခါ ဝူကျန်းဝမ် အနည်းငယ် ဇဝေဇဝါဖြစ်သွားသည်။ မြောက်ပိုင်းနယ်စားမင်းသား ဘာကို ရည်ရွယ်နေသည်ကို သူမ နားမလည်နိုင်ပေ။
ဝူကျန်းဝမ် အနီရောင်လိုက်ကာကို မတင်ကာ အတွင်းခန်းထဲသို့ ဝင်လိုက်သောအခါ သူမ တွေးထားသည့်အတိုင်း အခန်းတွင်း အပြင်အဆင်သည် ယွဲ့ဧကရာဇ်၏ အိပ်ဆောင်နှင့် အသေးစိတ် အပြင်အဆင်များအထိ တူညီနေသည်ကို တွေ့လိုက်ရ၏။
ဂွမ်းမွှေ့ယာနှင့် အိပ်ရာခင်းများပေါ်ရှိ ပုံစံများပင် တူညီနေသည်။
ဝူကျန်းဝမ်၏ မျက်နှာပေါ်တွင် ရှုပ်ထွေးသော အမူအရာများ ထင်ဟပ်နေသည်။
ထိုစဉ် အစေခံမိန်းကလေးတစ်ဦးက
“ရေနွေးစပ်ပြီးပါပြီ အရှင်မ။ ခရီးပန်းလာတာဆိုတော့ ရေနွေးနဲ့ ရေချိုးပြီး မောပန်းတာကို ဖြေဖျောက်လိုက်ပါလား။”
ဝူကျန်းဝမ်လည်း သတိပြန်ဝင်လာပြီး သိပ်မစဉ်းစားပဲ
“ကောင်းပြီ။”
ထို့နောက် ဝူကျန်းဝမ် ရေချိုးခန်းထဲသို့ သွားရောက်ခဲ့ရာ ဝင်ရောက်လိုက်သည်နှင့် ရေချိုးကန်၏ ပုံစံသည် ယွဲ့ဧကရာဇ်၏ ရေချိုးကန်နှင့် အံ့အားသင့်ဖွယ်ရာ တူညီနေသည်ကို တွေ့ရှိလိုက်ရသည်။ တစ်ခုတည်းသော ကွာခြားချက်မှာ ဤရေချိုးခန်းက ယွဲ့ဧကရာဇ်၏ ရေချိုးခန်းထက် များစွာသေးငယ်နေခြင်းဖြစ်သည်။ သို့သော် အပြင်အဆင်က လုံးဝနီးပါး ထပ်တူကျနေသေည်။
အခြွေအရံများ၏ အကူအညီဖြင့် ဝူကျန်းဝမ်သည် အဝတ်အစားများကို ဖယ်ရှားကာ ရေချိုးကန်ထဲသို့ ဖြည်းညှင်းစွာ ဝင်ရောက်လိုက်သည်။
ရေချိုးကန်အတွင်းမှ ရေနွေးငွေ့များ ထွက်ပေါ်နေသဖြင့် လုံးဝ အိပ်မက်ဆန်သည့် အခြေအနေကို ဖန်တီးနေ၏။ ရေချိုးကန်ထဲသို့ ဝင်ရောက်ပြီးနောက် ဝူကျန်းဝမ်၏ ရက်များစွာ ပင်ပန်းနွမ်းနယ်မှုများ ချက်ချင်းပျောက်ကွယ်သွားသည်ဟု ခံစားရ၏။ ဝေဝါးသော အခြေအနေတွင် လရောင်ကို မြင်လိုက်ရသကဲ့သို့ ထင်လိုက်သည်။
အချိန်မည်မျှ ကုန်လွန်သွားသည်ကို သူမ မသိလိုက်ချေ။ နောက်ဆုံးတွင်မှ သူမ သတိအပြည့်အဝ ပြန်လည်ရရှိလာသည်။ ထိုအခါမှ သူမသည် ရေချိုးကန်ထဲတွင် တစ်ယောက်တည်းရှိနေပြီး ယွဲ့ဧကရာဇ် မရှိသည်ကို သတိရသွားသည်။ အရာအားလုံးကအာရုံထင်ယောင်ထင်မှားဖြစ်ခြင်းသာ ဖြစ်သည်။
မြင်ကွင်းက အလွန်အမင်း ရင်းနှီးနေခြင်းနှင့် ရေနွေး၏ အိပ်ငိုက်စေသော အာနိသင်တို့ ပေါင်းစပ်ပြီး သူမ အာရုံများ ထင်ယောင်ထင်မှား ဖြစ်ခဲ့ရခြင်းဖြစ်သည်။
သတိပြန်ဝင်လာပြီးနောက် ဝူကျန်းဝမ် ရေချိုးကန်ထဲမှ ချက်ချင်း ထွက်လာရာ အစေခံမိန်းကလေးများက သူမအား သဘက်များ ယူဆောင်ကာ ပြုစုပေးကြသည်။ အချို့က သူမ၏ကိုယ်ကို ရေသုတ်ပေးနေပြီး အချို့က သူမအား ဝတ်စုံများ ယူလာပေးသည်။
အစေခံမိန်းကလေးများ ကိုင်ထားသော ဝတ်စုံများကို မြင်သောအခါ ဝူကျန်းဝမ်သည် ထပ်မံ၍ တအံ့တဩဖြစ်သွားပြန်သည်။ သူတို့လက်ထဲမှ ဝတ်စုံများသည် ယွဲ့ဧကရာဇ် ဝတ်ဆင်သော ဧကရီ၏ ဖီးနစ်ဝတ်ရုံနှင့် ဆင်တူဖြစ်နေပြန်သည်။
သူမသည် ဧကရီ၏ ဖီးနစ်ဝတ်ရုံကို ဝတ်ဆင်လိုသည်မှာ မှန်သော်လည်း ယခုလိုအခြေအနေမျိုးတွင် ဝတ်ဆင်ရလိမ့်မည်ဟု သူမ မည်သည့်အခါကမှ စိတ်ကူးမယဉ်ဖူးပေ။
အစေခံမိန်းကလေးတစ်ဦးက သူမအား ဖီးနစ်ဝတ်ရုံ ဝတ်ဆင်ပေးရန် ပြင်ဆင်နေစဉ် ဝူကျန်းဝမ် ချက်ချင်းပင် တားမြစ်လိုက်ပြီး
“ဖီးနစ်ဝတ်ရုံလား။ ဒါ ဘယ်ကရတာလဲ”
သူမကို ပြုစုပေးနေသော အစေခံမိန်းကလေးက
“မင်းသားက အထူးအမိန့်ပေးပြီး ချုပ်ခိုင်းထားတာပါ အရှင်မ။”
ဝူကျန်းဝမ်သည် စိတ်ထဲတွင် ပို၍ပင် နားမလည်နိုင် ဖြစ်နေသည်။ မြောက်ပိုင်းနယ်စားမင်းသားက အစေခံမိန်းကလေးများအား သူမကို ဧကရီဟု ခေါ်စေပြီး ဖီးနစ်ဝတ်ရုံ ဝတ်ဆင်စေခြင်းဖြင့် ဘာကိုဆိုလိုသည်ကို သူမ တွေးတောနေသည်။
သူမ နားမလည်နိုင် ဖြစ်နေသော်လည်း ဝူကျန်းဝမ်သည် နောက်ဆုံးတွင် သူမ၏ လက်များကို မြှောက်လိုက်ပြီး အစေခံမိန်းကလေးများအား ဖီးနစ်ဝတ်ရုံ ဝတ်ဆင်စေခဲ့သည်။
ထိုဝတ်ရုံတွင် ငြင်းဆန်၍မရနိုင်သော ဆွဲဆောင်မှုတစ်ခု ရှိနေပုံရသည်။
ဖီးနစ်ဝတ်ရုံ ဝတ်ဆင်ပြီးနောက် ဝူကျန်းဝမ် သူမ၏ အိပ်ခန်းသို့ ပြန်လာပြီး အလှပြင်စားပွဲသို့ ချဉ်းကပ်သွားသည်။
အလှပြင်စားပွဲရှေ့တွင်မှု ယွဲ့နန်းဆောင်ရှိ ဧကရီ၏ အခန်းနှင့် လုံးဝကွာခြားသော ကြီးမားသည့် ကိုယ်လုံးပေါ်မှန်တစ်ချပ်ရှိသည်။
မြောက်ပိုင်းပြည်နယ်မှ မှန်များသည် ပြဒါး မှန်များဖြစ်သောကြောင့် အလွန်ကြည်လင်သည်။ မြောက်ပိုင်းပြည်နယ်မှ မှန်များကို ဝူကျန်းဝမ် အစောကြီးကတည်းက ရင်းနှီးပြီးသားဖြစ်သည်။ အကြောင်းမှာ ၎င်းတို့သည် အလွန်ရေပန်းစားပြီး နိုင်ငံအသီးသီးမှ ချမ်းသာကြွယ်ဝသည့် မိန်းကလေးများ၏ နှစ်သက်မှုကို ခံရသောကြောင့်ပင်။
သို့သော် ဝူကျန်းဝမ် တွေ့ဖူးသည်က လက်ကိုင်မှန်များသာ ဖြစ်သည်။ ဤကဲ့သို့ မှန်မျိုးကို သူမ ပထမဆုံးအကြိမ် တွေ့မြင်ဖူးခြင်းဖြစ်သည်။
မှန်ထဲတွင် ဖီးနစ်ဝတ်ရုံ ဝတ်ဆင်ထားသော သူမ၏ ပုံရိပ်ကို ခဏကြာ ငေးမောကြည့်ရှုပြီးနောက် အလှပြင်စားပွဲခုံဘေးတွင် ထိုင်ချလိုက်၏။ ထို့နောက် အစေခံမိန်းကလေးများက သူမ၏ဆံပင်ကို စတင်ပြုပြင်ပေးကြသည်။
ခဏအကြာတွင် အစေခံမိန်းကလေးတစ်ဦးက ဝူကျန်းဝမ်အား ဖီးနစ်သရဖူတစ်ခု ယူလာပေးရာ ဝူကျန်းဝမ်၏ မျက်ခုံးများ အနည်းငယ် မြင့်တက်သွားပြန်သော်လည်း ယခုတစ်ကြိမ်တွင် သူမ ဘာမှမပြောတော့ပေ။
သူမသည် ဖီးနစ်ဝတ်ရုံကို ဝတ်ဆင်ပြီးသားဖြစ်သည့်အတွက် ဖီးနစ်သရဖူ ဝတ်ဆင်ခြင်းက ဘာမှမထူးခြားပေ။ မြောက်ပိုင်းနယ်စားမင်းသားက ဘာကြောင့် ဒီလိုလုပ်သည်ကို သူမ နားမလည်သော်လည်း ဤဝတ်စုံကို သူမ အတော်လေး သဘောကျခဲ့သည်။
သူမသည် ဤဝတ်စုံကို ဝတ်ဆင်ကြည့်လိုသည်မှာ ကြာပြီဖြစ်သော်လည်း အခွင့်အရေး မရခဲ့ပေ။ ကျူးနိုင်ငံတော်တွင် ရှိစဉ်က ယွဲ့ဧကရာဇ်က ဧကရီဖြစ်သောကြောင့် သူမသည် ထိုကဲ့သို့ ဝတ်စုံကို မဝတ်ဆင်နိုင်ခဲ့ပေ။ ဝူနိုင်ငံတော်သို့ ပြန်ရောက်သောအခါ သူမ၏ဖခင် ဧကရာဇ် အသက်ရှင်နေဆဲဖြစ်သောကြောင့် ဝတ်ဆင်ရန် ပို၍ပင် မသင့်တော်ပေ။
သူမ ထီးနန်းတက်မှသာ ဖီးနစ်ဝတ်ရုံကို ဝတ်ဆင်ရမည်ဟု ထင်ခဲ့သည်။ သို့သော် ဤဝတ်စုံများကို ဤမျှစောစောစီးစီး ဝတ်ဆင်ရလိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့ချေ။
နောက်ပိုင်းတွင် ဝူကျန်းဝမ်သည် ညနေခင်းတစ်ခုလုံး မှန်ရှေ့တွင် သူမဝတ်ဆင်ထားသည့် ဝတ်စုံကို ငေးမောကြည့်ရှုနေခဲ့သည်။
ဆည်းဆာချိန် ရောက်သောအခါ အစေခံမိန်းကလေးများက ဝူကျန်းဝမ်အတွက် အရသာရှိသော အစားအစာများ ပြည့်နေသည့် စားပွဲတစ်လုံးကို ပြင်ဆင်ပေးခဲ့ကြသော်လည်း သူမ သိပ်မစားခဲ့ချေ။ သူမက စားပွဲပေါ်ရှိ အစားအစာများကို ကြည့်ပြီးနောက် သူမဘေးရှိ အစေခံမိန်းကလေးအား
“ရှင်တို့မင်းသားက စံအိမ်မှာ မရှိဘူးလား။”
ဝူကျန်းဝမ် အနည်းငယ် နားမလည်နိုင် ဖြစ်နေ၏။ ရန်ခရိုင်သို့ ရောက်လာချိန်မှစ၍ သူမ လုချန်းကို တစ်ချက်မှ မတွေ့ရသေးပေ။
သူမသည် ဓားစာခံဖြစ်သော်လည်း မင်းသားအနေနှင့် သူမနှင့် တွေ့ဆုံသင့်သည်။ လုချန်းက သူမရှေ့တွင် ဝူနိုင်ငံတော်မှ သူမကို မြောက်ပိုင်းပြည်နယ်သို့ ပို့ဆောင်မည်ဟု ကြေညာခဲ့ဖူးသည် မဟုတ်ပါလား။
အခု ဝူနိုင်ငံတော်မှ လူများက သူမကို မြောက်ပိုင်းပြည်နယ်သို့ အမှန်တကယ် ပို့ဆောင်ခဲ့ပြီဖြစ်ရာ သူမကို လာရောက် အနိုင်ယူရန် အချိန်မကျသေးဘူးလား။
ဝူကျန်းဝမ်၏ မေးခွန်းကို ကြားသောအခါ အစေခံမိန်းကလေးက
“ မင်းသားက စံအိမ်ထဲမှာ ရှိပါတယ်။ ဒါပေမဲ့ အခုရက်ပိုင်း ပြည်နယ်ရေးရာတွေနဲ့ ရှုပ်နေလို့ သူ့စာကြည့်ခန်းထဲမှာပဲ အလုပ်များနေတာပါ။”
ဝူကျန်းဝမ် ထပ်မမေးတော့ပေ။ သူမ အနည်းငယ်စားပြီးနောက် အစားအစာအားလုံးကို စားပွဲပေါ်မှ ရှင်းလင်းခိုင်းလိုက်သည်။
ထို့နောက် ကိုယ်လုံးပေါ်မှန်ဆီသို့ ပြန်သွားပြီး သူမ၏ ပုံရိပ်ကို ငေးကြည့်ရင်း အတွေးထဲနစ်မြောသွားသည်။
စိတ်ငြိမ်သက်သွားသောအခါ သူမ လုချန်း၏ ရည်ရွယ်ချက်များကို စတင်တွေးတောတော့သည်။ သူက သူမကို ဖီးနစ်ဝတ်ရုံ ဝတ်ဆင်ခိုင်းခြင်းသည် အကြောင်းမဲ့ သက်သက် မဟုတ်ဟု သူမ ယုံကြည်နေသည်။
ထိုလူငယ်လေးတွင် ရည်ရွယ်ချက်တစ်ခု ရှိရမည်။
ဖြစ်နိုင်တာကတော့...
ဝူကျန်းဝမ် တစ်စုံတစ်ခုကို ရုတ်တရက် တွေးမိလိုက်စဉ် အစေခံမိန်းကလေး၏ အသံ တံခါးဝမှ ထွက်ပေါ်လာသည်။
“မင်းသားကို ဂါရဝပြုပါတယ်။”
ထို့နောက် ရင်းနှီးသောအသံတစ်သံ ဝူကျန်းဝမ်၏ နားထဲသို့ ရောက်လာသည်
“မင်းတို့အားလုံး ထွက်သွားလို့ရပြီ။”
“ဟုတ်ကဲ့ မင်းသား။”
ချက်ချင်းပင် လုချန်း ဝူကျန်းဝမ်၏ အိပ်ခန်းထဲသို့ ဝင်ရောက်လာသည်။ သူသည် အနီရောင် ကန့်လန့်ကာကို မကာ အတွင်းခန်းထဲသို့ တန်းဝင်လိုက်သည်။
လုချန်း ဝူကျန်းဝမ်ကို မြင်လိုက်သည့်အခိုက်အတန့်တွင် တအံ့တဩဖြစ်သွားသည်။
ဖီးနစ်ဝတ်ရုံသည် ဝူကျန်းဝမ်၏ ခန္ဓာကိုယ်နှင့် ကပ်နေပြီး သူမ၏ ခန္ဓာကိုယ်အလှကို ပေါ်လွင်စေသည်။ လုချန်း လုံးဝဆွဲဆောင်ခံလိုက်ရသည်။
လုချန်း ရဲရဲတင်းတင်း ဝင်ရောက်လာသည်ကို မြင်သောအခါ ဝူကျန်းဝမ်လည်း တအံ့တဩဖြစ်သွားသည်။ သူမသည် မြောက်ပိုင်းနယ်စားမင်းသားစံအိမ်တွင် တည်းခိုနေသော်လည်း သူမသည် ဝူနိုင်ငံတော်မှ ပို့ဆောင်ထားသော ဓားစာခံဖြစ်သည်။
မြောက်ပိုင်းနယ်စားမင်းသားက သူမ၏အိပ်ခန်းထဲသို့ ဤသို့ရုတ်တရက် ဝင်ရောက်လာသင့်လား။
သို့သော် ဝူကျန်းဝမ် လုချန်းကို ဘာမှမပြောတော့ပဲ တိုက်ရိုက်ပင်
“မင်းသား။ ဒါက ဘာကိုဆိုလိုတာလဲ။”
သတိပြန်ဝင်လာပြီးနောက် လုချန်းက ပြုံးကာ
“ ကျွန်တော် ပြင်ဆင်ပေးထားတဲ့ ဝတ်စုံကို ဘသဘောကျရဲ့လား ဧကရီ။”
ဟု ပြန်မေးလိုက်သည်။
လုချန်းက သူမအား ဧကရီဟု ခေါ်သည်ကို မြင်သောအခါ ဝူကျန်းဝမ် ခဏမျှ အံ့ဩသွားသော်လည်း ချက်ချင်းပင် သတိပြန်ဝင်လာပြီးနောက်
“မင်းသားက ကျွန်မကို ဝူနိုင်ငံတော်ရဲ့ ဧကရီဖြစ်အောင် လုပ်ပြီး ဝူနိုင်ငံတော်ရဲ့ ထီးနန်းဆက်ခံမှုမှာ ဝင်ရောက်စွက်ဖက်ဖို့၊ ပြီးတော့ ဝူနိုင်ငံတော်ကို ခွဲထုတ်ဖို့ စီစဉ်နေတာလား။”
“ဒါက မင်းသားရဲ့ အစီအစဉ်ဆိုရင်တော့ မင်းသားရဲ့ ကြံစည်မှုဟာ ကျရှုံးဖို့ များပါတယ်လို့ ကျွန်မ ပြောရပါမယ်။”
လုချန်းက သူမကို ဖီးနစ်ဝတ်ရုံ ဘာကြောင့် ဝတ်ဆင်ခိုင်းသည်ကို စဉ်းစားနေခဲ့ရာ ယခုမှ ဝူကျန်းဝမ် ရုတ်တရက် နားလည်သွားခြင်းဖြစ်သည်။
သမိုင်းတွင် ရှုံးနိမ့်သော နိုင်ငံများက ဓားစာခံများကို ရန်သူနိုင်ငံက ဧကရာဇ်အဖြစ် တင်မြှောက်ခဲ့သည့် ဖြစ်ရပ်များ မရှိခဲ့သည်တော့ မဟုတ်ပေ။ ထိုဓားစာခံအား နိုင်ငံကို ပိုင်းခြားရန်နှင့် ပြည်တွင်းရေးရာများတွင် ပေါ်ပေါ်တင်တင် ဝင်ရောက်စွက်ဖက်ရန် လက်နက်တစ်ခုအဖြစ် မကြာခဏ အသုံးပြုကြတတ်သည်။ တစ်ခါတစ်ရံ ဓားစာခံကို တရားဝင်အုပ်စိုးသူအဖြစ်ပင် ကြေညာကြသည်။
ထိုဓားစာခံများသည် များသောအားဖြင့် မင်းသားများ ဖြစ်နေသော်လည်း ဝူကျန်းဝမ်သည် ဝူနိုင်ငံတော်တွင် ရာထူးမြင့်မားသောကြောင့် သူမကိုလည်း ထီးနန်းဆက်ခံသူတစ်ဦးအဖြစ် မှတ်ယူနိုင်သည်။
ဟုတ်ပါသည်။ ဒါတွေအားလုံးက ဝူကျန်းဝမ်ရဲ့ အတွေးများ သက်သက်သာဖြစ်သည်။
............