← Chapters

အခန်း ၆၃၄-၆၃၆

Vol. 43 Ch. 634-636

အခန်း ၆၃၄-၆၃၆

Vol. 43 Ch. 634-636

အခန်း (၆၃၄)

စိတ်စောနေမိလို့ မင်းသမီးရဲ့ အကြံအစည်တွေကို မေ့နေမိခဲ့ပါတယ်

လုချန်းတို့ အလောင်းအစား လုပ်ပြီး နှစ်နာရီပင် မပြည့်သေးမီပင် လုချန်းနှင့် လောင်းကြေးထပ်ခဲ့သည်ကို ဝူကျန်းဝမ်နောင်တရလာသည်။ အမြောက်နည်းပညာများကို လုချန်း အဘယ်ကြောင့် လောင်းကြေးထပ်ရဲသည်ကိုလည်း မကြာမီ နားလည်လာခဲ့သည်။

လုချန်းသည် အလွန်အစွမ်းထက်လှသည်။ သူမသည် သူ့ကို လုံးဝခုခံနိုင်ခြင်း မရှိချေ။ အကြိမ်များစွာတွင် သူမ သူ့ကို “ချစ်သူ” ဟု ခေါ်လုနီးပါး ဖြစ်ခဲ့ရသည်။ တစ်ကြိမ်သာ ထိုသို့ခေါ်မိပါက သူမ ရှုံးနိမ့်သွားပြီဟု ဆိုလိုပေမည်။

ဝူကျန်းဝမ် နားမလည်နိုင်သည်မှာ ဤကမ္ဘာပေါ်တွင် ထိုမျှ ကြောက်မက်ဖွယ်ကောင်းသော ယောက်ျားတစ်ဦး ရှိနေခြင်းပင် ဖြစ်သည်။

စိုးရိမ်ပူပန်မှုနှင့် ပျော်ရွှင်မှု ရောထွေးနေရင်း ဝူကျန်းဝမ် တဖြည်းဖြည်းချင်း မိမိကိုယ်ကို မေ့လျော့နေခဲ့၏။

ကံကောင်းစွာဖြင့် နောက်ဆုံးတွင် သူမ၏ အခြေခံစည်းကို ထိန်းထားနိုင်ခဲ့သည်။ သူမလုချန်းကို “ချစ်သူ” ဟုလည်း မခေါ်ခဲ့သလို “ချစ်တယ်” ဟူသော စကားမျိုးကိုလည်း မပြောခဲ့ချေ။

.....

နောက်တစ်နေ့ မနက်ခင်း ရောက်လာပြန်သည်။

ဝူကျန်းဝမ်သည် အိပ်ခန်းအပြင်ဘက်မှ အလင်းရောင်ကို ကြည့်ရင်း အတွေးထဲနစ်မြောနေခဲ့သည်။ အဆင့်လွန်ပညာရှင်တစ်ဦး ဖြစ်သော်လညမး သူမ လုချန်းကို ယှဉ်နိုင်စွမ်း မရှိချေ။

ထိုအချိန်တွင် ထိုအရိုင်းအစိုင်းက သူမကို ဆက်လက်ပွေ့ဖက်ထားဆဲ ဖြစ်သည်။ ယခုအချိန်တွင် ဝူကျန်းဝမ် ဒေါသထွက်ရန်ပင် စိတ်မပါတော့ချေ။သူမသည် ဘေးတစောင်းအနေအထားဖြင့်လှဲနေပြီး အပြင်ဘက်ရှိအနီရောင်ကုလားကာကိုကြည့်နေသည်။

အချိန်အတော်ကြာပြီး လုချန်းနိုးလာသည်ကို သတိပြုမိပြီးနောက်

“မနေ့က ကျွန်မရဲ့ အခြွေအရံတွေကို ဒီနေ့ ကျွန်မ လာတွေ့ဖို့ ပြောထားတယ်လေ။ ရှင်ကျွန်မကို မလွှတ်ပေးရင် သူတို့က ကျွန်မကို ဖမ်းထားတယ်လို့ သံသယဝင်ကြလိမ့်မယ်။”

ဝူကျန်းဝမ်သည် သူမနောက်က ယောက်ျားကြောင့် လုံးဝစိတ်ပျက်အားငယ်နေခဲ့ပြီး သူမကို ခဏတာမျှ ချမ်းသာပေးရန်နှင့် သူမ၏အခြွေအရံများနှင့် တွေ့ဆုံခွင့်ပြုရန် မျှော်လင့်ချက်ဖြင့် ညင်သာပျော့ပျောင်းစွာ ပြောလိုက်ရသည်။

ဝူကျန်းဝမ်၏ စကားများကို ကြားသောအခါ လုချန်းလည်း လိုက်လျောစွာပင် အိပ်ရာမှ ထလိုက်သည်။

ထိုအခါ ဝူကျန်းဝမ် ခဏမျှ ကြောင်အသွားခဲ့သည်။ ထိုယောက်ျားသည် သူမကို အလွယ်တကူ လွှတ်ပေးလိမ့်မည် မဟုတ်ဟု သူမ ထင်မှတ်ခဲ့သည်။ သို့သော် အခု သူက လိုက်လိုက်လျော‌လျော လွှတ်ပေးခဲ့သည်။

သူ အားကုန်သွားပြီလား။

ဝူကျန်းဝမ် ထိုသို့ တွေးနေစဉ် လုချန်းက

“ဒီရက်ပိုင်း ကျွန်တာ်တို့ ချွေးတွေ အများကြီး ထွက်ထားတယ်။ ရေနွေးနဲ့ ကောင်းကောင်း ချိုးကြရအောင်။”

ဝူကျန်းဝမ် တစ်စုံတစ်ရာ ပြောရန် ကြံရွယ်စဉ် လုချန်းက နီရဲသော လိုက်ကာအပြင်ဘက်ရှိ အစေခံများကို

“ရေနွေးအဆင်သင့် ဖြစ်ပြီလား။”

အပြင်ဘက်တွင် စောင့်ဆိုင်းနေသော အစေခံက

“မင်းသား။ ရေချိုးကန်ထဲက ရေနွေး အဆင်သင့်ပါပြီ။”

အစေခံ၏ အဖြေကို ကြားသောအခါ လုချန်းက ဝူကျန်းဝမ်ကို ပွေ့ချီပြီး ရေချိုးကန်ဆီသို့ တန်းတန်းမတ်မတ် သွားလိုက်သည်။

ဝူကျန်းဝမ် အစတွင်အနည်းငယ်ခုခံရန်ရည်ရွယ်ခဲ့သော်လည်း နောက်ဆုံးတွင်လက်လျှော့လိုက်သည်။ သူမသည်လက်ရှိအချိန်တွင်လုံးဝအားနည်းနေပြီး ဤယောက်ျားအား ခုခံခြင်းကလည်း အကျိုးမရှိပါ။ နောက်ပိုင်းတွင် သူ၏ အရိုင်းဆန်သောစိတ်အား နှိုးဆွမိမည်ကို သူမ ပိုစိုးရိမ်နေခဲ့သည်။

သူ၏ ရင်ခွင်ထဲတွင် ငြိမ်သက်စွာ နေခြင်းက ပိုကောင်းသည်။ ပြုတ်မကျစေရန် ဝူကျန်းဝမ်၏ နူးညံ့သော လက်များက လုချန်း၏ လည်ပင်းကို ဖွက်တွယ်လိုက်ရသည်။

မကြာမီပင် နှစ်ဦးသား အတွင်းဆောင်ရှိ ရေချိုးကန်ထဲသို့ ဝင်ရောက်သွားကြသည်။ ပန်းခြင်းများ ကိုင်ဆောင်ထားသော အစေခံများသည် ရေနွေးငွေ့ ထွက်နေသော ရေထဲသို့ ပန်းပွင့်များကို ဆက်တိုက် ပစ်ထည့်နေကြသဖြင့် ရေချိုးကန်တစ်ခုလုံး ပန်းရနံ့သင်းပျံ့နေခဲ့သည်။

ထိုအခိုက်တွင် လုချန်းသည် ဝူကျန်းဝမ်ကို ပြုံးပြရင်း

“ဧကရီ ရေချိုးရာမှာ ကောင်းကောင်းမွန်မွန် အလုပ်အကျွေးပြုခွင့် ပေးပါဦး။”

ထိုစကားကို ကြားသောအခါ ဝူကျန်းဝမ် တုန်ယင်သွားကာ

“မလိုပါဘူး”

ဟု အမြန်ပြောလိုက်သည်။

လုချန်း ရယ်မောလိုက်ပြီး

“အဲဒါက မဖြစ်ဘူး။ ဧကရီတစ်ပါးအနေနဲ့ ဘယ်လိုလုပ် တစ်ယောက်တည်း ရေချိုးလို့ရမလဲ။ အလုပ်အကျွေးပြုရမှာပေါ့။”

ဝူကျန်းဝမ် တစ်စုံတစ်ရာ မပြောနိုင်မီ လုချန်းက သူမကို ရေချိုးကန်ဘေးတွင် ထိုင်စေပြီး ဖြစ်၏။

ထို့နောက် ရေချိုးကန်ထဲတွင် နှစ်ဦးသား ရေချိုးခဲ့ကြသည်။

အဝတ်အစားများ ဝတ်ဆင်ပြီး ပြန်ထွက်လာချိန်တွင် နေမွန်းတည့်ခါနီးပြီ ဖြစ်သည်။

အဆင့်လွန်ပညာရှင်ဖြစ်သော်လည်း ဝူကျန်းဝမ်သည် ပင်ပန်းမှုဒဏ်ကို မခံနိုင်တော့ချေ။ သူမ ကိုယ်ခန္ဓာတွင်‌တော့ နာကျင်မှု မခံစားရပါ။ သို့သော် ပင်ပန်းနွမ်းနယ်မှုကို ခံစားနေ ‌ရသည်။ ခန္ဓာကိုယ် ပင်ပန်းခြင်း မဟုတ်ပဲ စိတ်နှလုံးပင်ပန်းခြင်းသာ ဖြစ်၏။

ထိုအတောအတွင်း အပြင်ဆောင်ရှိ ရေကန်တစ်ခု‌ အလယ်မှ ‌အဆောင်ငယ်လေးတစ်ခုတွင် ဟူရှုနှင့် ဝူကျန်းဝမ်၏ အခြွေအရံအချို့ စိုးရိမ်တကြီး စောင့်ဆိုင်းနေခဲ့ကြသည်။ မြောက်ပိုင်းနယ်စားမင်းသားစံအိမ်မှ လူများက ဝူကျန်းဝမ်နှင့် ယနေ့တွေ့ဆုံခွင့်ပေးမည်ဟု ပြောခဲ့သော်လည်း နေမွန်းတည့်ခါနီးပြီဖြစ်သော်လည်း သူမ ပေါ်မလာသေးချေ။

မြောက်ပိုင်းနယ်စားမင်းသားစံအိမ်က သူတို့ကို ဝင်ခွင့်ပြုခဲ့သော်လည်း အပြင်ဆောင် အထိသာ ဖြစ်သည်။ သူတို့ ရောက်ရှိပြီးနောက် ရေကန်အလယ်ရှိ အဆောင်ငယ်လေးတွင်သာ ကန့်သတ်ထားပြီး အခြားမည်သည့်နေရာကိုမှ သွားခွင့်မပြုချေ။

မြောက်ပိုင်းနယ်စားမင်းသားစံအိမ်၏ အစောင့်အရှောက်များကလည်း သူတို့ကို အဆက်မပြတ် စောင့်ကြည့်နေခဲ့ကြသည်။ အစောင့်များ အားလုံးမှာ အဆင့်ကိုး အနည်းဆုံး ရှိပြီး အချို့မှာ ထိပ်သီးပညာရှင်များ ဖြစ်သည်ကို ဟူရှု သတိပြုမိခဲ့သည်။

သူမသည် အဆင့်လွန်ပညာရှင်တစ်ဦး ဖြစ်သဖြင့် ထိုသူများကို ကြောက်စရာ မလိုသော်လည်း ဤအစောင့်များ၏ ပျမ်းမျှ အဆင့်ကို ကြည့်ခြင်းဖြင့် မြောက်ပိုင်းပြည်နယ်တွင် အဆင့်မြင့်သိုင်းပညာရှင် ပေါများကြောင်း သက်သေပြနေသည်။

မြောက်ပိုင်းပြည်နယ်၏ လျှို့ဝှက်လက်နက်များကို မဆိုထားနှင့် သိုင်းပညာရှင်များ၏ အဆင့်အတန်းကိုကြည့်ရုံဖြင့် မြောက်ပိုင်းပြည်နယ်သည် ကိုယ်ပိုင်နိုင်ငံ တည်ထောင်ရန် အရည်အချင်းပြည့်မီပြီဖြစ်ကြောင်း ထင်ရှားနေသည်။

ထိုအခိုက်တွင် ဝူကျန်းဝမ်၏ အခြွေအရံများထဲမှ တစ်ဦးက စိုးရိမ်ပူပန်စွာဖြင့်

“မင်းသမီးကို နေအိမ်အကျယ်ချုပ်များ ထားထားတာလား”

ဟု တိုးတိုးလေး ပြောလိုက်သည်။

နောက်ထပ် အခြွေအရံတစ်ဦးက

“မင်းသမီးကျန်းဝမ်က ဝူနိုင်ငံတော်ရဲ့ ဓားစာခံပဲ။ မြောက်ပိုင်းပြည်နယ်နဲ့ သဘောတူ စာချုပ်ကလည်း အခုမှ လက်မှတ်ထိုးထားတာဆိုတော့ မြောက်ပိုင်းနယ်စားမင်းသားက ဒီလိုလုပ်ရဲမှာ မဟုတ်ပါဘူး။”

“ဒါဆို ဘာလို့ မင်းသမီးက တို့ကို လာမတွေ့သေးတာလဲ”

“ဖြစ်ကောင်းဖြစ်နိုင်တာက မင်းသမီးက...”

ဝူကျန်းဝမ်၏ အခြွေအရံများ ဆွေးနွေးမှုထဲ နစ်မြောနေစဉ် ဂုဏ်သိက္ခာရှိပြီး တင့်တယ်လှပသော အမျိုးသမီးတစ်ဦး အဆောင်ထဲသို့ ဝင်လာခဲ့သည်။

ဝူကျန်းဝမ် ပေါ်လာသည်ကို မြင်သောအခါ လူတိုင်း ချက်ချင်း တိတ်ဆိတ်သွားကြပြီး သူမကို နှုတ်ဆက်ရန် အလိုအလျောက် လျှောက်သွားကြသည်။

“မင်းသမီးကျန်းဝမ်ကို ဂါရဝပြုပါတယ်။”

ဟူရှုက

“မင်းသမီး နေကောင်းရဲ့လား။”

ဟူရှု စကားဆုံးသည်နှင့် ဝူကျန်းဝမ်၏ အငွေ့အသက် မူမမှန်သည်ကို ချက်ချင်း သတိပြုမိလိုက်သည်။ မကြာမီ သူမ၏ အခြွေအရံများလည်း သတိပြုမိသွားကြသည်။ သူတို့သည် သိုင်းပညာရှင်များ ဖြစ်သဖြင့် ဝူကျန်းဝမ်၏ အငွေ့အသက် ပြောင်းလဲမှုများကို ကောင်းစွာ အာရုံခံနိုင်သူများ ဖြစ်ကြသည်။

သူတို့ ဝူကျန်းဝမ်ကို အံ့သြတကြီး ကြည့်နေကြပြီး မျက်နှာများတွင် မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေသည်။

ဝူကျန်းဝမ်က

“အဖွားဟူကို စောင့်ခိုင်းစေမိတဲ့အတွက် တောင်းပန်ပါတယ်။”

ဟူရှုက အနည်းငယ် မယုံနိုင်စွာဖြင့်

“မင်းသမီး... မင်းသမီးက အဆင့်လွန်ပညာရှင် အဆင့်ကို ရောက်သွားတာလား။”

ထိုစကားများ ပြောဆိုလိုက်သည်နှင့် ဝူကျန်းဝမ်၏ အခြွေအရံများကလည်း သူမဆီသို့ စူးစိုက်ကြည့်လာကြသည်။ ဝူကျန်းဝမ်ထံမှ ထွက်ပေါ်လာသော အငွေ့အသက်သည် အလွန်ပင် ပြင်းထန်လွန်းသဖြင့် သူတို့တွင် သံသယများ ရှိခဲ့သော်လည်း ဝူကျန်းဝမ် အဆင့်လွန်ပညာရှင်အဆင့်သို့ အမှန်တကယ် ရောက်ရှိသွားပြီဟု သူတို့ မသေချာကြချေ။

လူတိုင်းက ဝူကျန်းဝမ်ကို မျှော်လင့်တကြီး စောင့်ကြည့်နေစဉ် သူမက

“ဟုတ်ပါတယ်။ ကျွန်မ အဆင့်လွန်ပညာရှင်အဆင့်ကို တကယ်ပဲ ရောက်သွားပါပြီ။”

ထိုအဖြေကို ကြားသောအခါ ဝူကျန်းဝမ်၏ အခြွေအရံများ အလွန်စိတ်လှုပ်ရှားသွားကြသည်။

ထိုသူများသည် ဝူကျန်းဝမ် နောက်တစ်ကြိမ် ပြန်လည် နာမည်ရလာနိုင်သည်ဟု ယုံကြည်ထားကြသည့် ဝူကျန်းဝမ်၏ အမာခံ နောက်လိုက်များ ဖြစ်ကြသည်။ သူတို့၏ မိသားစုများ သို့မဟုတ် သူတို့နောက်ကွယ်ရှိ အင်အားစုများသည်လည်း ဝူကျန်းဝမ်၏ အုပ်စုကို ထောက်ခံသူများ ဖြစ်ကြသည်။

ဝူကျန်းဝမ်၏ ဘွဲ့ ရုပ်သိမ်းခံရပြီးကတည်းက သူတို့သည် အခြားအုပ်စုများ၏ ဖိနှိပ်မှုကို ခံခဲ့ကြရသည်။ မြောက်ပိုင်းပြည်နယ်သို့ သူတို့ လာရောက်ခြင်းသည်လည်း ကျန်းဝမ်မင်းသမီးနှင့်အတူ ပြန်လည်ထူထောင်ရန် အခွင့်အလမ်းရှာဖွေခြင်းဖြစ်သည်။

မမျှော်လင့်ပဲ ဝူကျန်းဝမ်သည် မြောက်ပိုင်းပြည်နယ်သို့ ရောက်ရှိပြီး မကြာမီတွင်ပင် အဆင့်လွန်ပညာရှင်အဆင့်သို့ ရောက်ရှိသွားခဲ့သည်။

ထိုအခိုက်တွင် စိတ်လှုပ်ရှားနေသော လက်အောက်ငယ်သားတစ်ဦးက

“မင်းသမီး။ အခု မင်းသမီးက အဆင့်လွန်ပညာရှင်အဆင့်ကို ရောက်သွားပြီဆိုတော့ နန်းတွင်းကို ဓားစာခံလဲဖို့ တောင်းဆိုလို့ ရပြီလား။”

ဝူနိုင်ငံတော်သည် မကြာသေးမီက အဆင့်လွန်ပညာရှင်နှစ်ဦးကို ဆုံးရှုံးခဲ့ရသည်။ အဆင့်လွန်ပညာရှင်များသည် မည်သည့် နိုင်ငံတွင်မဆို အစွမ်းထက်သော အင်အားစုများအဖြစ် ရှိနေဆဲဖြစ်သည်။ အထူးသဖြင့် ဝူဧကရာဇ်၏ နန်းတွင်းသည် အဆင့်လွန်ပညာရှင်နှစ်ဦးကို ဆုံးရှုံးခဲ့ရသောကြောင့် ၎င်းတို့သည် ပို၍ပင် အဖိုးတန်လာသည်။

ဝူကျန်းဝမ်၏ နောက်လိုက်များ အမြင်တွင် ဝူကျန်းဝမ် အဆင့်လွန်ပညာရှင် ဖြစ်လာကြောင်း သတင်းသာ ဝူနိုင်ငံတော်သို့ ရောက်ရှိသွားပါက ဝူဧကရာဇ်သည် မြောက်ပိုင်းပြည်နယ်နှင့် ဓားစာခံလဲလှယ်ရန် သေချာပေါက် ဆွေးနွေးမည်ဖြစ်ပြီး အဆင့်လွန်ပညာရှင်ဖြစ်လာသည့် ဝူကျန်းဝမ်ကို ပြန်ခေါ်လိမ့်မည်ဟု ထင်မြင်ကြသည်။

သို့သော် ထိုအခိုက်တွင် ဝူကျန်းဝမ်က

“မြောက်ပိုင်းနယ်စားမင်းသားကိုယ်တိုင်က မြောက်ပိုင်းပြည်နယ်ရဲ့ ဓားစာခံအနေနဲ့ ကျွန်မကို သတ်မှတ်ထားတာပါ။ သူက ကျွန်မကို မြောက်ပိုင်းပြည်နယ်ကနေ အလွယ်တကူ ထွက်ခွာခွင့် ပေးမှာ မဟုတ်ဘူး။ နောက်ပြီး မြောက်ပိုင်းပြည်နယ်မှာ ကျွန်မတို့ လုပ်ဆောင်ရမယ့် တာဝန်တွေ ရှိနေသေးတာမို့လို့ ဒီကိစ္စကို နောက်တစ်နှစ်ကြာမှ ဆွေးနွေးကြတာပေါ့။”

ဝူကျန်းဝမ်၏ အဖြေကို ကြားသောအခါ လူတိုင်း သူမ၏ ရည်ရွယ်ချက်များကို ချက်ချင်း နားလည်သွားကြသည်။ သူမ အလိုချင်ဆုံးမှာ မြောက်ပိုင်းပြည်နယ်၏ လျှို့ဝှက်ချက်များ ဖြစ်ကြောင်း သူတို့ သိကြ၏။ ယခု သူမ မြောက်ပိုင်းနယ်စားမင်းသားစံအိမ်ထဲသို့ ထိုးဖောက်ဝင်ရောက်နိုင်ခဲ့ပြီ ဖြစ်သောကြောင့် ခဏနှင့် ပြန်ထွက်မသွားလိုသည်မှာ သဘာဝကျသည်။

ဓားစာခံလဲလှယ်ရန် အကြံပြုခဲ့သော လက်အောက်ငယ်သားက

“ကျွန်တော် မှားသွားကြောင်း ဝန်ခံပါတယ်။ ကျွန်တော် အရမ်းစိတ်စောနေမိလို့ မင်းသမီးရဲ့ အကြံအစည်တွေကို မေ့နေမိခဲ့ပါတယ်။”

ဝူကျန်းဝမ်က တည်ငြိမ်စွာဖြင့်

“ကိစ္စမရှိပါဘူး။”

ဟူရှုက

“မင်းသမီးကို မြောက်ပိုင်းနယ်စားမင်းသားက နေအိမ်အကျယ်ချုပ် ချထားတာ မဟုတ်ဘူးလား။”

ဝူကျန်းဝမ်က

“မဟုတ်ပါဘူး။ မနေ့က ကျွန်မနဲ့ မတွေ့ရတာက ကျွန်မ အဆင့်တက်ဖို့ အလွန်နီးကပ်နေလို့ပါ။”

.............

အခန်း (၆၃၅)

မင်းသား ပေးတဲ့ဆေးလုံးအတွက် ကျေးဇူးတင်ပါတယ်

ဝူကျန်းဝမ်၏ စကားကို ကြားရသောအခါ လူတိုင်း သက်ပြင်းချနိုင်ခဲ့ကြသည်။ မနေ့ကပင် သူတို့သည် မင်းသမီး ဝူကျန်းဝမ် အကျဉ်းချခံထားရပြီးနောက်ပိုင်း ပြန်လည်တွေ့ဆုံရန် အလွန်ခက်ခဲလိမ့်မည်ဟု ထင်မှတ်ခဲ့ကြသည်။

နောင်တွင် မင်းသမီး ဝူကျန်းဝမ်နှင့် တွေ့ဆုံရန် အခွင့်အရေး နည်းပါးသွားပြီး သတင်းအချက်အလက်များ မျှဝေရန် အဆက်အသွယ် ပြုလုပ်နိုင်ခြင်း မရှိပါက သူမ၏ အစီအစဉ်များနှင့် မည်သို့ ပူးပေါင်းဆောင်ရွက်ရမည်ကို မသိနိုင်တော့ပေ။

ထိုအချိန်တွင် နောက်လိုက်တစ်ဦးက

“မင်းသမီး။ ကျွန်တော်တို့ကို တွေ့ခွင့်ပြုတာအပြင် မြောက်ပိုင်းနယ်စားမင်းသားက မင်းသမီးကို မင်းသားစံအိမ်ကနေ ထွက်ခွာခွင့်ပါ ခွင့်ပြုပါသလား။”

ထိုလက်အောက်ခံ၏ စကားဆုံးသည်နှင့် လူတိုင်း၏ အကြည့်များ ဝူကျန်းဝမ်ထံသို့ တစ်ဖန် ပြန်လည်ရောက်ရှိလာပြန်သည်။

ယခု မင်းသမီး ဝူကျန်းဝမ်အား တွေ့ဆုံနိုင်ပြီ ဖြစ်သော်လည်း သူတို့သည် မင်းသားစံအိမ်ထဲတွင် ရှိနေကြခြင်း ဖြစ်သောကြောင့် သူမ၏ အစီအစဉ်များအကြောင်းကို လွတ်လပ်စွာ ဆွေးနွေး၍ မရသေးပေ။

မင်းသမီး ဝူကျန်းဝမ် မင်းသားစံအိမ်မှ ထွက်ခွာနိုင်မှသာ အချို့သော ကိစ္စရပ်များကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးရဲကြမည် ဖြစ်သည်။

ဝူကျန်းဝမ်က

“မြောက်ပိုင်းနယ်စားမင်းသားက ကျွန်မကို မင်းသားစံအိမ်ကနေ ထွက်ခွာခွင့် တားမြစ်ထားတာတော့ မရှိပါဘူး။ ရန်ခရိုင်ထဲမှာပဲ လှုပ်ရှားခွင့် ကန့်သတ်ထားပြီး ရန်ခရိုင်ပြင်ပကိုတော့ သွားခွင့်မရှိပါဘူး။”

ဝူကျန်းဝမ်၏ အဖြေကို ကြားရသောအခါ လူတိုင်း ထပ်မံ သက်ပြင်းချလိုက်ကြပြန်သည်။ သူမ မင်းသားစံအိမ်မှ ထွက်ခွာနိုင်လျှင် အဆင်ပြေသည်။ သူတို့ စကားပြောဆိုရန် အခန်းတစ်ခန်းကို အလွယ်တကူ ရှာဖွေနိုင်ပြီး မင်းသားစံအိမ်အတွင်း၌ ပြောဆိုရခြင်းထက် ပိုမို အဆင်ပြေပေမည်။

ထိုခဏတွင် ဟူရှု၏ အကြည့်များက မင်းသမီး ဝူကျန်းဝမ်၏ အလွန်လှပသော မျက်နှာပေါ်တွင် ရပ်တန့်နေခဲ့သည်။

ဘာ့ကြောင့်မှန်းမသိ မင်းသမီးကျန်းဝမ်တွင်ကြီးမားသောပြောင်းလဲမှုများရှိသည်ဟု ဟူရှူခံစားနေရသည်။

မင်းသမီး ဝူကျန်းဝမ်၏ အသားအရေမှာ ပိုမို တောက်ပလာပြီး ယခင်ကထက်ပင် ပိုမို လှပဆွဲဆောင်မှုရှိကာ ရင့်ကျက်သော အမျိုးသမီးတစ်ဦး၏ ညို့အားများဖြင့် ပြည့်နှက်နေသည်ဟု ထင်ရသည်။

ဟူရှုသည် သိပ်မစဉ်းစားတော့ပေ။ မင်းသမီး ဝူကျန်းဝမ် အဆင့်လွန် ပညာရှင်အဆင့်သို့ တက်လှမ်းနိုင်ခဲ့ခြင်းကြောင့် ဖြစ်ရမည်ဟု တွေးလိုက်သည်။

အဆင့်လွန် ပညာရှင်အဆင့်သို့ ရောက်ရှိပြီးနောက် ဝူကျန်းဝမ်သည် သူမ၏ ခန္ဓာကိုယ်မှ အညစ်အကြေးအချို့ကို ဖယ်ရှားနိုင်ခဲ့သောကြောင့် သူမ၏ အသားအရေ ပိုမို ကြည်လင်လာခြင်း ဖြစ်မည်ဟု ယူဆခဲ့သည်။

ထိုအခါမှ ဟူရှုလည်း ယွဲ့ဧကရာဇ် ပေးအပ်ထားသော တာဝန်ကို ရုတ်တရက် သတိရကာ ဝူကျန်းဝမ်အား တိုက်ရိုက် မေးမြန်းလိုက်သည်။

“မင်းသမီး။ ကျွန်မ မြောက်ပိုင်းပြည်နယ်ကို မလာခင်က ဧကရီက ကိစ္စတစ်ခု စုံစမ်းခိုင်းထားတာ ရှိပါတယ်။ မင်းသမီးကို ကူညီပေးဖို့ တောင်းဆိုချင်ပါတယ်။ ရနိုင်ပါလား။”

ဟူရှု၏ စကားကို ကြားသောအခါ ဝူကျန်းဝမ်က သိချင်စိတ်ဖြင့်

“ဘာကိစ္စပါလဲ။”

သူမ စကားဆုံးသည်နှင့် ဖီးနစ်ဝတ်ရုံနှင့် အိပ်ဆောင်ကိစ္စကို ချက်ချင်း သတိရကာ ဟူရှု၏ စိုးရိမ်ပူပန်မှုသည် ထိုအမျိုးသမီးနှင့် သက်ဆိုင်နိုင်သည်ဟု ဝူကျန်းဝမ် ချက်ချင်း ခန့်မှန်းလိုက်သည်။

ထို့နောက် ဟူရှုက ဝူကျန်းဝမ်၏ နားနား ကပ်ကာ

“ဧကရီက မုယုံရွှီဆိုတဲ့ အမျိုးသမီးတစ်ယောက်ကို မြောက်ပိုင်းနယ်စားမင်းသားနဲ့ ရင်းနှီးအောင် ပို့ထားပါတယ်။ အဲ့ဒီအမျိုးသမီး မြောက်ပိုင်းနယ်စားမင်းသားနဲ့ အတူ အိပ်ဖူးလားဆိုတာ မင်းသမီး ကူညီ စုံစမ်းပေးစေချင်ပါတယ်။”

ယွဲ့ဧကရာဇ်သည် မုယုံရွှီက လုချန်းအား ထိန်းချုပ်နိုင်ခြင်း ရှိ မရှိ သိရှိလိုသဖြင့် သူမအား ကာကွယ်ရန်အပြင် မြောက်ပိုင်းပြည်နယ်နှင့် ပတ်သက်သော ထောက်လှမ်းရေး အချက်အလက်များ ပိုမို စုဆောင်းရန်အတွက် ဟူရှုကို ဝူကျန်းဝမ်ထံ စေလွှတ်ခဲ့ခြင်း ဖြစ်သည်။

ဟူရှု၏ တောင်းဆိုမှုကို ကြားသောအခါ ထိုအမျိုးသမီးနှင့် တကယ်ပင် သက်ဆိုင်နေသည်ဟု ဝူကျန်းဝမ် တွေးလိုက်၏။

ထို့နောက် ဝူကျန်းဝမ်က

“ကျွန်မ လုပ်ပေးနိုင်ပါတယ်။ အခွင့်အရေးရရင် စုံစမ်းကြည့်ပါ့မယ်။”

ဟူရှုက ချက်ချင်းပင် ကျေးဇူးတင်စကား ပြောလိုက်သည်။

“ဒါဆိုရင် မင်းသမီးကို ဒုက္ခပေးမိပြီ။”

ဝူကျန်းဝမ်က

“ အားနာစရာမလိုပါဘူး အဖွားဟူ”

ထိုစဉ် အမျိုးသမီး ကိုယ်ရံတော် တစ်ဦးက

“မင်းသမီး။ အခု မင်းသမီးက မြောက်ပိုင်းနယ်စားမင်းသားစံအိမ်မှာ တစ်ယောက်တည်းဆိုတော့ ဘယ်သူမှ ဂရုစိုက်ပေးမယ့်သူ မရှိဘူး။ မြောက်ပိုင်းနယ်စားမင်းသားကို ပြောပြီး အမျိုးသမီး ကိုယ်ရံတော်နည်းနည်း ချန်ထားခဲ့ဖို့ ဘာလို့ မတောင်းဆိုတာလဲ။”

မည်သို့ပင်ဆိုစေ ဝူကျန်းဝမ်သည် ဝူနိုင်ငံတော်၏ အဖိုးတန် မင်းသမီး ဖြစ်ပြီး ဓားစာခံအဖြစ် မြောက်ပိုင်းပြည်နယ်သို့ ပို့ခံထားရခြင်း ဖြစ်သည်။ သူမ၏ ဘေးတွင် သူမ၏ လူများ မရှိပဲ မည်သို့ နေနိုင်မည်နည်း။ သူမ၏ လူများ ဘေးတွင် မရှိပါက သတင်းပို့ရန်ပင် အလွန်ခက်ခဲပေမည်။

ဝူကျန်းဝမ်က

“မလိုပါဘူး။ မြောက်ပိုင်းနယ်စားမင်းသားက ကျွန်မလူတွေကို မြောက်ပိုင်းနယ်စားမင်းသားစံအိမ်မှာ နေခွင့် ပေးမှာ မဟုတ်ပါဘူး။”

သူမ တစ်ဦးတည်းကိုသာ စောင့်ကြည့်ခြင်း ဖြစ်ပါက ပြဿနာမရှိသော်လည်း ဝူကျန်းဝမ်၏ ဘေးတွင် ဝူနိုင်ငံတော်မှ အခြားသူများ ရှိနေပါက မြောက်ပိုင်းနယ်စားမင်းသားစံအိမ်၏ လုံခြုံရေး လုပ်ငန်းများ သိသိသာသာ များလာမည် ဖြစ်သည်။ မြောက်ပိုင်းနယ်စားမင်းသားက သူမ၏ လူများကို နေခွင့်ပြုမည်ဟု ဝူကျန်းဝမ် မယုံကြည်ပေ။

ဝူကျန်းဝမ်က ဆက်လက်၍

“ဒီနေ့တော့ အားလုံး ပြန်ကြပါ။ နောင် ကိစ္စတစ်ခုခု ရှိရင် မြောက်ပိုင်းနယ်စားမင်းသားစံအိမ်က အစေခံတွေကို ကြိုတင် အကြောင်းကြားခိုင်းပါ့မယ်။”

“နောက်ပိုင်းကျရင် မင်းသားစံအိမ်ကို လာစရာမလိုတော့ပါဘူး။ ဆွေးနွေးစရာရှိရင် မြောက်ပိုင်းနယ်စားမင်းသားက ကျွန်မအတွက် စီစဉ်ပေးထားတဲ့ စံအိမ်ကို တိုက်ရိုက် လာခဲ့ပါ့မယ်။”

ဤနေရာသည် မင်းသားစံအိမ် ဖြစ်သောကြောင့် ဆွေးနွေးမှုများ ပြုလုပ်၍ မရနိုင်သဖြင့် သူမ၏ နောက်လိုက်များကို မင်းသားစံအိမ်သို့ ထပ်မလာစေလိုတော့ပေ။

ဟူရှုနှင့် အခြားသူများလည်း ဝူကျန်းဝမ်၏ ရည်ရွယ်ချက်ကို ချက်ချင်း နားလည်သွားကြပြီး

“ဟုတ်ကဲ့ပါ မင်းသမီး”

ဟု သံပြိုင် ပြောလိုက်ကြသည်။

ဟူရှုက

“ဒါဆိုရင် ဂရုစိုက်ပါ မင်းသမီးကျန်းဝမ်။ ကျွန်မတို့ကို စံအိမ်ကို ပြန်သွားခွင့်ပြုပါ။”

ဝူကျန်းဝမ်က ခေါင်းအနည်းငယ် ညိတ်ကာ

“ဟုတ်ကဲ့။သွားလိုက်ပါ”

ထို့နောက်တွင် ဟူရှုသည် ဝူကျန်းဝမ်၏ နောက်လိုက်များကို ခေါ်ဆောင်ကာ မြောက်ပိုင်းနယ်စားမင်းသားစံအိမ်မှ ထွက်ခွာသွားသည်။

သူတို့ ထွက်ခွာသွားသော ပုံရိပ်များကို ကြည့်ရင်း ဝူကျန်းဝမ် သက်ပြင်းညင်သာစွာ ချလိုက်သည်။ လုချန်း၏ လက်ထဲမှ အမြောက် နည်းပညာများကို ရရှိရန် တစ်လတာ ဖိအားကို ခံနိုင်ရည်ရှိပါ့မလားဟု သူမ တွေးလိုက်မိ၏။

ထိုလက်နက် နည်းပညာများ ရရှိခဲ့လျှင် နောက်ထပ် ခြောက်လလောက် လုချန်းနှင့် အတူအိပ်ရမည်ဆိုလျှင်တောင် တန်နေပြီဖြစ်သည်။

......

ထိုအတောအတွင်း။

မြောက်ပိုင်းနယ်စားမင်းသားစံအိမ်။

စာကြည့်ခန်း။

လုချန်းသည် ကုလားထိုင်ပေါ်တွင် ထိုင်လျက် စနစ်မှ အကြောင်းကြားစာများကို ကြည့်ရှုနေသည်။

[ဂုဏ်ယူပါတယ်။ အမျိုးသမီးတစ်ဦး ထပ်မံ ရရှိပါပြီ။ ဆုလာဘ်: ဂတ်တလင်း အမြောက် ပုံစံဒီဇိုင်းများ ရရှိပါသည်]

[သခင်သည် ဇနီးနှင့် တစ်ကြိမ် ထိတွေ့ဆက်ဆံလိုက်သဖြင့် အတွင်းအားမန္တန်ကျင့်စဉ် အတွေ့အကြုံမှတ်..... ]

[ဇနီးနှင့် စိတ်ဝိညာဉ်ချင်းဆက်နွယ်မှု အကြိမ် ၂၀။ ဆုလာဘ်: အဆင့်‌ ကျော်လွှားဆေးလုံး နှစ်လုံး ရရှိပါသည်]

[သခင်နှင့်ဇနီး စိတ်ဝိညာဉ်ချင်းဆက်နွယ်မှု၁၀ ကြိမ် ။ ဆုလာဘ် :အလှထိန်းဆေးလုံး အလုံး ၂၀ ရရှိပါသည်]

မျက်မှောက်ရှိ စနစ်၏မျက်နှာပြင်ကို ကြည့်ရင်း လုချန်း အတွေးထဲ နစ်မြောနေခဲ့သည်။

အဆင့်‌ကျော်ဆေးလုံး နှစ်လုံးကို မည်သူ့အား ပေးသင့်သနည်း။

သူ၏အမျိုးသမီးများကို ပေးရမလား။

သို့မဟုတ် သူ့စစ်သူကြီးများကို ပေးရမလား။

စစ်သူကြီးများကို ပေခြင်းက ပိုကောင်းလိမ့်မည်။ မင်းသားစံအိမ်၏ အတွင်းဆောင်တွင် အဆင့်လွန် ပညာရှင်နှစ်ဦး ရှိနှင့်ပြီးသား ဖြစ်၍ အရေအတွက် ထပ်တိုးစရာ မလိုတော့ပါ။ တစ်နှစ်အတွင်း သူတောင်ပိုင်းသို့ သွားရတော့မည် ဖြစ်ပြီး ထိုအချိန်ကျလျှင် အဆင့်လွန် ပညာရှင် စစ်သူကြီးများ အတော်လေး လိုအပ်လာလိမ့်မည်။

ဝမ်ရန်လီကတော့ အဆင့်လွန် ပညာရှင်အဆင့်ကို ရောက်ရှိပြီးသားဖြစ်၍ အဆင့်‌ ကျော်ဆေးလုံး မလိုအပ်ပေ။

ရွှမ်ယွမ်ချန်းကို တစ်လုံး၊ ဝေစုယွမ်ကို တစ်လုံး ပေးသင့်သည်။

သူတို့နှစ်ဦးစလုံးသည် စနစ်က ခေါ်ယူထားသူများ ဖြစ်ပြီး သူ့အပေါ်တွင် လုံးဝ သစ္စာရှိကြသဖြင့် ဆေးလုံး ပေးရခြင်းက ပြဿနာ မရှိနိုင်ပေ။

ထို့ပြင် ဝေစုယွမ်၏ ရေတပ်မှာလည်း အခြေခံအားဖြင့် ဖွဲ့စည်းပြီးပြီ ဖြစ်သည်။ သစ်သား ရေနွေးငွေ့ စစ်သင်္ဘောများဖြင့် ဖွဲ့စည်းထားသော်လည်း လိုအပ်လျှင် ကောင်းကောင်း အသုံးပြုနိုင်သည်။ နောင်တွင် တောင်ပိုင်းသို့ သွားသည့်အခါ ရေတပ်သည် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်လာနိုင်သည်။

ထိုအတွေးနှင့်အတူ လုချန်းက တံခါးဝရှိ အစေခံကို ချက်ချင်း ပြောလိုက်သည်။

“ဗိုလ်ချုပ် ရွှမ်ယွမ်ကို မင်းသားစံအိမ်ခေါ်လိုက်ပါ။ ပြီးတော့ ဝေစုယွမ်ကို ရန်ခရိုင်တစ်ခေါက် ပြန်လာဖို့ အထူးကိုယ်ရံတော်ကိုအကြောင်းကြားခိုင်းပါ။”

“ဟုတ်ကဲ့ပါ မင်းသား။”

မကြာမီပင် ရွှမ်ယွမ်ချန်း မင်းသားစံအိမ်သို့ ရောက်ရှိလာခဲ့သည်။ ထိုစဉ်က ဝူကျန်းဝမ်သည် အပြင်ဆောင်တွင် ရှိနေဆဲ ဖြစ်သည်။ သံချပ်ကာဝတ်စုံနှင့် ထိပ်သီးပညာရှင်တစ်ဦး လုချန်း၏ စာကြည့်ခန်းဘက်သို့ ဦးတည်သွားသည်ကို မြင်သောအခါ သူမ၏ သိချင်စိတ်များ ပြင်းပြလာခဲ့သည်။ ထိုစစ်သူကြီး မြောက်ပိုင်းနယ်စားမင်းသားစံအိမ်တွင် အဘယ်ကြောင့် ရှိနေသည်ကို သူမ သိချင်လာသည်။

သို့သော် သူမ၏အခြေအနေသည် အလွန်အထိမခံဖြစ်နေသောကြောင့် ဝူကျန်းဝမ် တိုက်ရိုက်တော့ လိုက်မသွားခဲ့ပေ။ အပြင်ဆောင်ရှိ အဆောင်ငယ်တစ်ခုတွင် ထိုင်ကာ လက်ဖက်ရည် သောက်ဟန်ပြု၍ မြောက်ပိုင်းနယ်စားမင်းသားစံအိမ်၏ အခြေအနေကို လေ့လာနေခဲ့သည်။

.....

ထိုအချိန်တွင်။

စာကြည့်ခန်းထဲတွင်။

လုချန်း၏ စာကြည့်ခန်းသို့ ရောက်ရှိလာပြီးနောက် ရွှမ်ယွမ်ချန်းက အရိုအသေပြုကာ

“မင်းသားကို ဂါရဝ ပြုပါတယ်။”

လုချန်းက ခေါင်းအနည်းငယ် ညိတ်ကာ

“ နေသာသလို နေပါ”

ရွှမ်ယွမ်ချန်းက

“မင်းသား ဘာကြောင့် ကျွန်တော့်ကို ခေါ်တာပါလဲ။”

လုချန်းက အဆင့်ကျော်ဆေးလုံး တစ်လုံးကို ထုတ်ယူကာ

“ဒါက အဆင့်ကျော်ဆေးလုံးပဲ။ ဒါကို သောက်ပြီးရင် ခင်ဗျားရဲ့ အစွမ်းက အဆင့်လွန် ပညာရှင်အဆင့်ကို တက်သွားလိမ့်မယ်။”

ထိုစကားကို ကြားသောအခါ ရွှမ်ယွမ်ချန်း အံ့အားသင့်သွားသည်။

နောက်တစ်ခဏတွင် သူ၏ မျက်လုံးများ စိတ်အားထက်သန်စွာ တောက်ပလာခဲ့သည်။ သူသည် ထိပိသီးပညာရှင်အဆင့်တွင် အတော်ကြာအောင် ရပ်တန့်နေခဲ့ခြင်း ဖြစ်သည်။

မြောက်ပိုင်းနယ်စားမင်းသား၏ အာရုံစိုက်မှုကို ထပ်မံ ရယူလိုပါက မြောက်ပိုင်းနယ်စားမင်းသား တောင်ဘက်သို့ သွားသည့်အခါ သူ၏ တန်ဖိုးကို သက်သေပြရမည်ကို ရွှမ်ယွမ်ချန်း ကောင်းစွာ သတိပြုမိသည်။ သူတို့သည် ရှနိုင်ငံတော်မှ အဆင့်လွန် ပညာရှင်များနှင့် ရင်ဆိုင်ရမည် ဖြစ်ပြီး မီးဖောက်သေနတ်များ ရှိနေသော်လည်း သေနတ် တစ်မျိုးတည်းနှင့် အဆင့်လွန် ပညာရှင်ကို သတ်နိုင်မည် မဟုတ်ပေ။

ထို့ကြောင့် သူ့အနေနှင့် အသုံးဝင်မှု ရှိလိုလျှင် အဆင့်လွန် ပညာရှင်အဆင့်သို့ တက်လှမ်းရမည် ဖြစ်သည်။

သို့သော် အဆင့်လွန် ပညာရှင်အဆင့်သို့ တက်လှမ်းနိုင်မှု မရှိသေးခြင်းကြောင့် ရွှမ်ယွမ်ချန်း စိုးရိမ်ပူပန်နေခဲ့ပြီး ဝမ်ရန်လီ တက်လှမ်းသွားပြီဖြစ်ကြောင်း သိပြီးနောက်ပိုင်း ပို၍ပင် စိုးရိမ်ခဲ့သည်။ ဝမ်ရန်လီနှင့် သူသည် ယူမြို့တော်မှ အတူတူ လာခဲ့ကြသော်လည်း ယခုအခါ ဝမ်ရန်လီက အဆင့်လွန် ပညာရှင် အဆင့်သို့ ရောက်သွားပြီး သူကတော့ ကျန်ရစ်နေခဲ့သည်။

ရွှမ်ယွမ်ချန်းက မယုံနိုင်ဟန်ဖြင့်

“မင်းသား။ ဒီအဆင့်ကျော်ဆေးလုံးက ကျွန်တော့်အတွက်လား။”

လုချန်းက ပြုံး၍ အဖြေမပေးပဲ အဆင့်‌ ကျော်ဆေးလုံးကို ရွှမ်ယွမ်ချန်းထံသို့ တိုက်ရိုက် ပစ်ပေးလိုက်ရာ သူက အလျင်အမြန် ဖမ်းယူလိုက်သည်။

“ဆေးလုံး ပေးသနားတဲ့အတွက် မင်းသားကို ကျေးဇူးတင်ပါတယ်။”

လုချန်းက

“ကျွန်တော် ပေါင်းစပ်တပ်ရင်း တစ်ခု ထပ်ဖွဲ့စည်းဖို့ စီစဉ်ထားတယ်။ ခြေလျင်တပ်၊ မြင်းတပ်အပြင် အမြောက်တပ်ဖွဲ့တွေပါ ပါဝင်ပါလိမ့်မယ်။ အခုကစပြီး အဲ့ဒီတပ်ဖွဲ့ကို ခင်ဗျားက ဦးစီးရပါလိမ့်မယ်။”

“ရန်ခရိုင်ရဲ့ ကာကွယ်ရေးအပိုင်းကိုတော့ ခင်ဗျားရဲ့ ညီမကို ယာယီ အပ်နှင်းထားဖို့ စဉ်းစားထားပါတယ်။”

“ဗိုလ်ချုပ် ရွှမ်ယွမ် ဘယ်လို ထင်လဲ”

...............

အခန်း (၆၃၆)

ဒီလူငယ်လေးမှာ ဘယ်လို လျှို့ဝှက်ချက်တွေ ရှိနေတာပါလိမ့်

လုချန်း၏ စကားကို ကြားသောအခါ ရွှမ်ယွမ်ချန်း အနည်းငယ် အံ့အားသင့်သွားသည်။

လုချန်းက သူ့အား ပေါင်းစပ်တပ်ရင်း တစ်ခုလုံးကို ဦးစီးခွင့် ပြုမည် ဖြစ်သောကြောင့် သူ အလွန် ဝမ်းသာခဲ့သည်။ ပေါင်းစပ်တပ်ရင်း သည် မြောက်ပိုင်းပြည်နယ်၏ အဓိကတပ်ဖွဲ့ ဖြစ်ပြီး စစ်ပွဲဖြစ်ပါက ချက်ချင်း ရှေ့တန်းသို့ ချီတက်ရမည် ဖြစ်သည်။

မြောက်ပိုင်းပြည်နယ်၏ ပေါင်းစပ်တပ်ဟူသည် ခေတ်သစ် အဓိပ္ပာယ်အရ တပ်ရင်းတစ်ခု မဟုတ်ပဲ ထိုအချိန်ကာလတွင်

စစ်တပ်အတွက် အသုံးပြုသော အသုံးအနှုန်းဖြစ်သည်။

မြောက်ပိုင်းပြည်နယ်ရှိ ပေါင်းစပ်တပ်ဖွဲ့စခန်းတစ်ခုတွင် စစ်သည်အနည်းဆုံး ရာပေါင်းများစွာ ရှိသည်။ ပေါင်းစပ်တပ်ရင်းကို ဦးဆောင်ခြင်းဆိုသည်မှာ ရွှမ်ယွမ်ချန်းသည် နောင်တွင် အဓိကတပ်တစ်ခု၏ အရေးပါသော တပ်ရင်းမှူး ဖြစ်လာမည်ဟုဆိုလိုသည်။

သူသည်ယခင်ကအနက်ရောင်မြင်းတပ်ကိုဦးဆောင်ခဲ့ဖူးသော်လည်း အနက်ရောင်မြင်းတပ်သည်အဓိကတပ်ဖွဲ့နှင့်ပူးပေါင်းဆောင်ရွက်ရန်အတွက်သာဖြစ်ပြီး သူ့တွင်ကွပ်ကဲမှုအာဏာမရှိပေ။

ယခုအချိန်တွင် မြောက်ပိုင်းပြည်နယ်၌ မြောက်ပိုင်းနယ်စားမင်းသားမှလွဲ၍ ဝင်ရိုးစွန်း ဒေသမှအဆင့်လွန်ပညာရှင်နှစ်ဦးနှင့်မုချန်တိန်းတို့သာ ကွပ်ကဲမှုအာဏာရှိသည်။

ဝမ်းသာနေသော်လည်း ရွှမ်ယွမ်ချန်းက သူ၏စိုးရိမ်မှုကို ထုတ်ဖော်ပြောဆိုလိုက်သည်။

“ယွမ်ချီက ထိပ်သီးပညာရှင်အဆင့်ပဲ ရှိပါသေးတယ်။ ရန်ခရိုင်ကို ကာကွယ်ဖို့ အရည်အချင်းမပြည့်မီနိုင်ပါဘူး။”

ရွှမ်ယွမ်ယွမ်ချီသည် သူ၏နှမဖြစ်သော်လည်း မြောက်ပိုင်းနယ်စားမင်းသား၏လက်အောက်ငယ်သားတစ်ဦးအနေနှင့် သူသည်မြောက်ပိုင်းနယ်စားမင်းသား၏ရှုထောင့်မှအရာရာကိုစဉ်းစားရန်လိုအပ်သည်။ သူ၏နှမဖြစ်သူ ရန်ခရိုင်ကိုကောင်းစွာကာကွယ်နိုင်မည်ဟုရွှမ်ယွမ်ချန်းမယုံကြည်ပေ။

ရွှမ်ယွမ်ချန်း၏ စကားကို ကြားသောအခါ လုချန်းက ညင်သာစွာ ပြုံးလိုက်သည်။ “ဗိုလ်ချုပ် ရွှမ်ယွမ်က ကိုယ့်ညီမကို အရမ်း အထင်သေးနေပုံပဲ။”

“သူက စစ်မြေပြင်မှာ ရဲစွမ်းသတ္တိရှိပြီး ထူးချွန်တဲ့ စွမ်းရည်တွေ ပိုင်ဆိုင်တယ်လို့ ကျွန်တော် ကြားထားပါတယ်။”

မုချန်တိန်သည် စစ်ရေးကိစ္စရပ်များကို အစီရင်ခံရန်အပြင် ရွှမ်ယွမ်ယွမ်ချီ၏ စွမ်းဆောင်ရည်များကို အကြောင်းကြားရန်အတွက် လုချန်းထံသို့ မကြာခဏ စာရေးလေ့ရှိသည်။

မုချန်တိန်သည် လိမ္မာပါးနပ်သူ ဖြစ်သည်။ သူသည် ရွှမ်ယွမ်ယွမ်ချီနှင့် လုချန်းကြား ဆက်ဆံရေးကို နားလည်ထားသောကြောင့် သူမ၏ စွမ်းဆောင်ရည်များကို သူ့စာများတွင် အသေးစိတ် ဖော်ပြထားသည်။

လုချန်းက ရွှမ်ယွမ်ယွမ်ချီကို ရန်ခရိုင် ကာကွယ်ရေး တာဝန်ယူခိုင်းခြင်း၏ အဓိက အကြောင်းရင်းမှာ သူမ၏ တပ်များ ဦးဆောင်နိုင်သည့် စွမ်းရည်ကို လေ့ကျင့်ပေးရန် ဖြစ်သည်။

ပြည်ပတွင် စစ်ဆင်နွှဲရမည့် ပေါင်းစပ်တပ်ဖွဲ့ နှိုင်းယှဉ်ပါက ရန်ခရိုင် ကာကွယ်ရေးတပ်များသည် ပိုမို ဘေးကင်းပြီး စစ်သည်အရေအတွက်လည်း များပြားသဖြင့် ရွှမ်ယွမ်ယွမ်ချီ၏ ခေါင်းဆောင်မှု စွမ်းရည်များကို လေ့ကျင့်ရန် အကောင်းဆုံး ပတ်ဝန်းကျင် တစ်ခု ဖြစ်သည်။

ရွှမ်ယွမ်ယွမ်ချီကို နောင်တွင် စစ်မြေပြင်သို့ စေလွှတ်မည်လားဆိုသည်ကတော့ သူမ အဆင့်လွန်ပညာရှင်အဆင့်သို့ ရောက်ရှိပြီးမှသာ ဆုံးဖြတ်ရမည် ဖြစ်သည်။

ဤအချိန်တွင် ရွှမ်ယွမ်ချန်း စဉ်းစားမိသည်။ သူ၏ ဖခင်လည်း ရန်ခရိုင်တွင် ရှိနေသဖြင့် သူ၏ ညီမမှာ ထိုနေရာတွင် အတော်အတန် ဘေးကင်းလိမ့်မည်။ သူမကို ပြန်‌ခေါ်ထားခြင်းက ပိုကောင်းပေမည်။

ချက်ချင်းပင် ရွှမ်ယွမ်ချန်းက

“မင်းသားရဲ့ စီစဉ်မှုအတိုင်း ကျွန်တော်လိုက်နာပါမယ်။”

လုချန်းက

“ကောင်းပြီ။ ဒါဆိုရင် ဒီအတိုင်းပဲ လုပ်ကြတာပေါ့။ ဗိုလ်ချုပ် ရွှမ်ယွမ် အဆင့်‌ကျော် ဆေးလုံးကို မြန်မြန် သောက်လိုက်ပါ။”

“ဟုတ်ကဲ့ပါ မင်းသား။”

သူ၏စကားဆုံးသည်နှင့် အဆင့်ကျော်ဆေးလုံးကို ပါးစပ်ထဲ ထည့်ကာ မျိုချလိုက်သည်။

ခဏအကြာတွင် သူ၏ ကျင့်စဉ်အစွမ်းများ မြင့်တက်လာသည်ကို ရွှမ်ယွမ်ချန်း ခံစားလိုက်ရပြီးနောက် သူ၏ ခန္ဓာကိုယ်မှ အတွင်းအားလှိုင်းတစ်ခု ပေါက်ကွဲထွက်လာကာ စာကြည့်ခန်းတစ်ခုလုံးကို လွှမ်းခြုံသွားသည်။

သူ တကယ်ပင် အဆင့်တက်သွားပြီ ဖြစ်ကြောင်း ခံစားလိုက်ရသောအခါ ရွှမ်ယွမ်ချန်း ပို၍ပင် စိတ်လှုပ်ရှားလာခဲ့သည်။ သို့သော် သူ၏ လက်ရှိ အခြေအနေကိုလည်း သတိပြုမိသွားသည်။ အဆင့်လွန်ပညာရှင်အဆင့်သို့ ရောက်ရှိပြီးနောက် သူ၏ခန္ဓာကိုယ်မှ အညစ်အကြေးများစွာ ထွက်ပေါ်လာပြီး တကိုယ်လုံး ဖုံးလွှမ်းသွားသည်။

ရွှမ်ယွမ်ချန်း စကားပြောရန် ပြင်ဆင်နေစဉ် လုချန်းက

“ဗိုလ်ချုပ် ရွှမ်ယွမ် အရင်ဆုံး ပြန်သွားပြီး ကိုယ်လက် သန့်ရှင်းရေး လုပ်လိုက်ပါဦး။ ပေါင်းစပ်တပ်ဖွဲ့ကိစ္စ စီစဉ်ပြီးတာနဲ့ ခင်ဗျားကို ခေါ်လိုက်ပါ့မယ်။”

“ဟုတ်ကဲ့ပါ မင်းသား။”

“ကျွန်တော်ကို ခွင့်ပြုပါ။”

သူ့ကိုယ်မှ အနံ့အသက်က လုချန်းအား စိတ်အနှောင့်အယှက် ဖြစ်စေမည်ကို စိုးရိမ်သဖြင့် စာကြည့်ခန်းမှ ရွှမ်ယွမ်ချန်း အလျင်အမြန် ထွက်ခွာသွားသည်။

ရွှမ်ယွမ်ချန်း အပြင်ဆောင်သို့ ရောက်သောအခါ အဆောင်ငယ်တစ်ခုထဲတွင် ထိုင်နေသော ဝူကျန်းဝမ် သူ့ကို ထပ်မြင်လိုက်ရသည်။

ဝူကျန်းဝမ်၏မျက်နှာတွင် ရှုပ်ထွေးမှုများ ချက်ချင်းပေါ်လာသည်။

အဆင့်လွန် ပညာရှင်လား။

ဘာတွေ ဖြစ်နေတာပါလိမ့်။

ဒီလူ ခုနက အထဲဝင်သွားတုန်းက ထိပ်သီးပညာရှင်အဆင့် မဟုတ်ဘူးလား။ ဘယ်လိုလုပ် အပြင်ရောက်တာနဲ့ အဆင့်လွန် ပညာရှင် ဖြစ်သွားတာလဲ။

မြောက်ပိုင်းနယ်စားမင်းသား ဘယ်လို လုပ်လိုက်တာလဲ။

ဝူကျန်းဝမ် ကိုယ်တိုင် တစ်ညတည်း အဆင့်လွန် ပညာရှင်အဆင့်သို့ ရောက်ရှိခဲ့သော်လည်း သူမသည် ထိုလုပ်ငန်းစဉ်ကို မြောက်ပိုင်းနယ်စားမင်းသားနှင့် အိပ်ရာထဲတွင် အတူတကွ ပြီးမြောက်ခဲ့ခြင်း ဖြစ်သည်။ ဤစစ်ဗိုလ်ချုပ်က မြောက်ပိုင်းနယ်စားမင်းသားနှင့် အတူတူ ထိုသို့ ပြုလုပ်ခဲ့သည်ဟု သူမ မယုံကြည်ပေ။

ဝူကျန်းဝမ်၏ မျက်ဝန်းလှလှများ အနည်းငယ် ပင့်တက်သွားပြီး သူမ၏ မျက်ခုံးများလည်း တွန့်သွားသည်။ မြောက်ပိုင်းနယ်စားမင်းသားတွင် အစွမ်းတိုးမြှင့်နိုင်သည့် အခြားနည်းလမ်းများ ရှိနေရမည်ဟု စိတ်ထဲက တွေးလိုက်သည်။

ဒီလူငယ်လေးမှာ ဘယ်လို လျှို့ဝှက်ချက်တွေ ရှိနေတာပါလိမ့်။

ထိုမျှ ကြောက်မက်ဖွယ်ကောင်းသော လက်နက်များကို ပိုင်ဆိုင်ထားရုံသာမက ယခုထိပ်သီးအဆင့်တစ်ဦးကို အဆင့်လွန် ပညာရှင်အဆင့်သို့ တိုက်ရိုက် မြှင့်တင်ပေးနိုင်သေးသည်။

မြောက်ပိုင်းပြည်နယ်တွင် ထိပ်သီးပညာရှင်အဆင့်များ လုံလောက်စွာ ရှိနေပါက အဆင့်လွန် ပညာရှင်များ ပိုမို များပြားလာနိုင်သည်။ ထိုသို့ဆိုလျှင် ထိုလျှို့ဝှက်ဆန်းကြယ်သော လက်နက်များ မရှိလျှင်တောင် အခြား နိုင်ငံများ မြောက်ပိုင်းပြည်နယ်နှင့် ယှဉ်ပြိုင်နိုင်တော့မည် မဟုတ်ပေ။

ဝူနိုင်ငံတော်၏ အနာဂတ်အလားအလာများအပေါ် ဝူကျန်းဝမ် ပို၍စိတ်ပျက်အားငယ်လာခဲ့ပြီး တစ်နေ့တွင် ဤလူငယ်လေးသည် ကမ္ဘာကြီးတစ်ခုလုံးကို တကယ် စုစည်းနိုင်လိမ့်မည်ဟု ရုတ်တရက် ခံစားလိုက်မိသည်။

ထိုနေ့ တကယ် ရောက်လာခဲ့လျှင် သူမ ဘာလုပ်သင့်သနည်း။

ဝူကျန်းဝမ် အတွေးထဲ နစ်မြောသွားသည်။

...

ရှနိုင်ငံတော်။

အရှေ့ဘက်နန်းဆောင်။

မင်းသား လုရိနှင့် နန်းတွင်းအရာရှိ အများအပြားသည် ခန်းမဆောင်ထဲ၌ အကြောင်းအရာ တစ်ခုကို ဆွေးနွေးနေကြသည်။

ထိုအချိန်တွင် မင်းသား လုရိက

“ဖခင်က ကျွန်တော့်ကို အိမ်ရှေ့မင်းသားအဖြစ် ခန့်အပ်ထားပေမဲ့ ကျွန်တော့်ရဲ့ သြဇာအာဏာက နန်းတွင်းထဲမှာပဲ ရှိနေပြီး ပြင်ပနယ်စားမင်းသားတွေရဲ့ လုပ်ဆောင်မှုတွေကို အခြေခံအားဖြင့် မလွှမ်းမိုးနိုင်ဘူး။”

“အခု ကျောက်မင်းသားက နယ်စားသုံးယောက်ရဲ့ နယ်မြေတွေကို သိမ်းပိုက်လိုက်ပြီ။ မြောက်ပိုင်းနယ်စားမင်းသားကလွဲရင် သူ့အင်အားက အကြီးဆုံးပဲ။ ဒါပေမဲ့ သူက ယွမ်နယ်စားနဲ့ ပိုရင်းနှီးတယ်။ ဒီအတိုင်း ဆက်ပြီးသွားနေရင် ကျွန်တော့်ရဲ့ ရာထူးက မတည်ငြိမ်နိုင်တော့ဘူး။”

အိမ်ရှေ့မင်းသားဖြစ်လာပြီးနောက် လုရိသည် အုပ်ချုပ်ရေးကိစ္စများကို ဆောင်ရွက်နေသော်လည်း သူ၏အမိန့်များသည် နေပြည်တော်ပြင်ပသို့ ရောက်ရှိခဲသည်။ နယ်စားမင်းသားများက သူ့စကားကို နားမထောင်ကြပေ။

ဤကာလအတွင်း လုရိ အလွန် စိုးရိမ်ပူပန်နေခဲ့သည်။ ယခင်က သူ အိမ်ရှေ့မင်းသား ဖြစ်ရန် အိပ်မက်မက်ခဲ့ဖူးသော်လည်း ယခု ဖြစ်လာသောအခါ ဤရာထူးတွင် ထိုင်ရသည်မှာ ဆူးပုံပေါ် ထိုင်နေရသကဲ့သို့ ဖြစ်နေသည်ကို သဘောပေါက်ခဲ့သည်။

သူ့ကို ထောက်ခံသော အင်အားစုများက မနည်းပါ။ မည်သို့ပင်ဆိုစေ သူသည် မင်းသား လုရိ ဖြစ်ပြီး ရှနိုင်ငံတော်သည် သားဦးအမွေခံစနစ်ကို ရှေးယခင်ကတည်းက လိုက်နာခဲ့သောကြောင့် ရှေးရိုးစွဲအုပ်စုများက သူ့ကို အများအားဖြင့် ထောက်ခံကြသည်။

သို့သော် ရှေးရိုးစွဲများ၏ ထောက်ခံမှုက ဘာအသုံးဝင်မည်နည်း။ ယခု သူ အလိုအပ်ဆုံးမှာ စစ်အင်အား ဖြစ်သည်။ ရှနိုင်ငံတော်သည် အခြေခံအားဖြင့် ကွဲပြားနေပြီဖြစ်သည်။ အခွင့်အာဏာအရ သူသည် တပ်များကို အနည်းငယ်ရွှေ့ပြောင်းနိုင်သော်လည်း စစ်ခေါင်းဆောင်များက သူ့စကားကို နားမထောင်ကြပေ။

မင်းသား လုရိကို အများဆုံး စိတ်ဆိုးစေသည်မှာ ထိုဗိုလ်ချုပ်များကို အပြစ်ပေးရန် နည်းလမ်းမရှိခြင်း ဖြစ်သည်။ ယခုသည် အချိန် အလွန်အရေးကြီးသော အချိန် ဖြစ်ပြီး မည်သူ့ကိုမဆို ရုတ်တရက် အပြစ်ပေးပါက သူတို့ကို ပုန်ကန်ရန် လှုံ့ဆော်သလို ဖြစ်သွားနိုင်သည်။ နန်းတွင်းတပ်များအားလုံး နယ်စားမင်းသားများဘက်သို့ ကူးပြောင်းသွားပါက အိမ်ရှေ့မင်းသားအဖြစ် သူ၏ အခြေအနေမှာ ပိုမို ခက်ခဲလာမည် ဖြစ်သည်။

ဤအရာများကို တွေးရင်း မင်းသား လုရိ သက်ပြင်းရှည်တစ်ချက် ချလိုက်သည်။

ထိုစဉ် ဝန်ကြီးတစ်ဦးက

“အိမ်ရှေ့မင်းသား။ မြောက်ပိုင်းနယ်စားမင်းသားကို စည်းရုံးကြည့်ပါလား။”

“မြောက်ပိုင်းပြည်နယ်ရဲ့ အင်အားက ကြောက်မက်ဖွယ်ကောင်းလောက်အောင် အစွမ်းထက်ပါတယ်။ ဝူနိုင်ငံတော်ကြီးတောင် မြောက်ပိုင်းပြည်နယ်ကြောင့် ရှုံးနိမ့်ခဲ့ရတယ်။ ကျွန်တော်တို့သာ မြောက်ပိုင်းပြည်နယ်ရဲ့ ထောက်ခံမှုကို ရယူနိုင်ခဲ့ရင် နယ်စားမင်းတွေက ဒီနေ့လို မောက်မာရဲတော့မှာ မဟုတ်ဘူး။”

ထိုစကားကို ကြားသောအခါ လုရိက ရယ်မောလိုက်သည်။

“သူကိုယ်တိုင် အဲ့ဒီရာထူးကို လိုချင်နေတာ ဖြစ်လိမ့်မယ်။ သူ တကယ် ကျွန်တော့်ကို ထောက်ခံမယ်လို့ ထင်လို့လား။”

အခြားဝန်ကြီးတစ်ဦးက

“အိမ်ရှေ့မင်းသား။ ချီပြည်နယ်နဲ့ မြောက်ဘက်နယ်မြေတွေကို မြောက်ပိုင်းနယ်စားမင်းသားကို ပေးလိုက်ပြီး သူ့ကို သီးခြားမင်းဆက် ထူထောင်ဖို့ ထောက်ခံရင် ဘယ်လိုလဲ။ လုံလောက်တဲ့ အကျိုးအမြတ်ပေးရင် မြောက်ပိုင်းနယ်စားမင်းသားက ကျွန်တော်တို့ဘက်မှာ ရပ်တည်ပေးလိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။”

ချီမင်းသားက အခြားမင်းသားတစ်ဦးကို ထောက်ခံခဲ့သောကြောင့် လုရိအတွက် ချီပြည်နယ်သည် အသုံးမဝင်တော့ပေ။ နယ်မြေအနည်းငယ်ပေးပြီး မြောက်ပိုင်းနယ်စားမင်းသား၏ထောက်ခံမှုကို ရရှိပါက သူ့အတွက် အကျိုးရှိမည်ဖြစ်သည်။

သို့သော် အဓိကပြဿနာမှာ မြောက်ပိုင်းနယ်စားမင်းသားသည် ဆွမ်ဧကရာဇ် ရာထူးကို စိတ်ဝင်စားခြင်း ရှိ မရှိဆိုသည့်အချက် ဖြစ်သည်။ မြောက်ပိုင်းနယ်စားမင်းသားက မြောက်ပိုင်းဒေသကို အလွန်ဆင်းရဲသည်ဟု သဘောထားပြီး ရှနိုင်ငံတော်၏ ကြွယ်ဝမှုကို ပိုနှစ်သက်ပါက သူသည် တောင်ဘက်သို့ ဆင်း၍ ထီးနန်းကို သိမ်းပိုက်နိုင်ဖွယ် ရှိသည်။

ဤအချိန်တွင် ခန်းမဆောင်မှ အခြားဝန်ကြီးတစ်ဦးက

“မင်းသား။ ကျွန်တော်လည်း ဝန်ကြီးယူနဲ့ အမြင်တူပါတယ်။ လုံလောက်တဲ့ အကျိုးအမြတ်နဲ့ဆိုရင် မြောက်ပိုင်းနယ်စားမင်းသားက အဲ့ဒီရာထူးကို စွန့်လွှတ်နိုင်ပါလိမ့်မယ်။ မြောက်ပိုင်းနယ်စားမင်းသား မြောက်ပိုင်းဒေသမှာ အကောင်အထည်ဖော်ခဲ့တဲ့ မူဝါဒတွေကို ကြည့်ရင် မြေရှင်တွေနဲ့ အာဏာရှိ မိသားစုတွေကို သူ အလွန် မုန်းတီးပုံရပါတယ်။”

ရှနိုင်ငံတော်ရှိ အာဏာရှိ မိသားစုအများအပြားကို ဆွမ်ဧကရာဇ်က ကိုင်တွယ်ဖြေရှင်းပြီးဖြစ်သော်လည်း အာဏာရှိ မိသားစု များစွာ ကျန်ရှိနေသေးသည်။ မြောက်ပိုင်းနယ်စားမင်းသားအတွက် ရှနိုင်ငံတော်တစ်ခုလုံးကို အုပ်ချုပ်ရန် လွယ်ကူမည် မဟုတ်ပေ။ မြောက်ပိုင်းနယ်စားမင်းသား ထီးနန်းတက်ခဲ့လျှင် ရှနိုင်ငံတော်တစ်ဝန်းရှိ မြေရှင်များနှင့် အာဏာရှိ မိသားစုများ သေချာပေါက် ပုန်ကန်ကြလိမ့်မည်။

“မြောက်ပိုင်းနယ်စားမင်းသား ဒီအကြောင်းကို နားလည်ပါလိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ သူ အကောင်အထည်ဖော်ခဲ့တဲ့ မူဝါဒတွေက လူမှုအလွှာပေါင်းစုံရဲ့ အကျိုးစီးပွားကို ဆိုးဆိုးရွားရွား ထိခိုက်စေခဲ့ပြီး ရှနိုင်ငံတော်ရဲ့ သာမန်ပြည်သူတွေက သူ ဧကရာဇ် ဖြစ်လာဖို့ သဘောတူကြမှာ မဟုတ်ပါဘူး။”

“မြောက်ပိုင်းနယ်စားမင်းသားအတွက် ရှနိုင်ငံတော်ရဲ့ လက်ရှိအခြေအနေက ရှုပ်ထွေးနေပါတယ်။ ဒီရှုပ်ထွေးမှုကို ကိုင်တွယ်ဖြေရှင်းမယ့်အစား သူက မင်းဆက်အသစ်တစ်ခုကို ထူထောင်ချင်နေတာ ဖြစ်နိုင်ပါတယ်။”

ထိုဝန်ကြီး၏ စကားမဆုံးမီ အခြားဝန်ကြီးတစ်ဦးက ဆက်လက်၍

“မြောက်ပိုင်းနယ်စားမင်းသားရဲ့ ရည်မှန်းချက်က ကြီးမားပြီး ရှနိုင်ငံတော်တစ်ခုတည်းကို မဟုတ်ပဲ တခြားနိုင်ငံတွေကိုပါ ရည်မှန်းနေပုံရပါတယ်။ ချီပြည်နယ်ကို ပေးရုံနဲ့ မြောက်ပိုင်းနယ်စားမင်းသား ကျေနပ်နိုင်မှာ မဟုတ်ပါဘူး။”

“ကျွန်တော့်အမြင်အရတော့ အခု မြောက်ပိုင်းနယ်စားမင်းသားရဲ့ ထောက်ခံမှုကို ရခဲ့ရင်တောင် တစ်နေ့မှာ သူက တောင်ဘက်ကို ဆင်းလာပါလိမ့်မယ်။”

ဝန်ကြီးများ၏ ဆွေးနွေးမှုများကို နားထောင်ရင်း မင်းသား လုရိ၏ မျက်ခုံးများ တွန့်လာပြီး တိတ်ဆိတ်စွာ အတွေးထဲ နစ်မြောသွားသည်။

................

All Chapters