အခန်း ၆၃၇-၆၃၉
Vol. 43 Ch. 637-639
အခန်း (၆၃၇)
မြောက်ပိုင်းပြည်နယ်ကို မကောင်းကြံမှာ မင်းသား မကြောက်ဘူးလား (၁)
ဝန်ကြီးများကြား၏ အငြင်းပွားသံများ ဆူညံနေသည့်အချိန်တွင် ညာလက်ရုံး ဝန်ကြီးချုပ် ကျောင်းဝမ်ဟန်က
“မင်းသား။ မြောက်ပိုင်းနယ်စားမင်းသားသာ တကယ်ပဲ နိုင်ငံတွေကို ပေါင်းစည်းချင်တဲ့ ရည်မှန်းချက် ရှိနေတယ်ဆိုရင်တောင် သူ့နဲ့ ခေတ္တပူးပေါင်း ဆောင်ရွက်နိုင်ပါသေးတယ်လို့ ကျွန်တော် ယူဆပါတယ်။”
သာမန်အားဖြင့် ကျောင်းဝမ်ဟန်လို ပုဂ္ဂိုလ်မျိုးသည် အိမ်ရှေ့စံ နန်းတော်တွင် ပေါ်လာလေ့ မရှိပေ။ သူသည် ဝန်ကြီးချုပ်ဖြစ်သောကြောင့် အိမ်ရှေ့မင်းသားဘက်ကို ပေါ်ပေါ်တင်တင် ရပ်တည်လိုက်ခြင်းသည် ဆွမ်ဧကရာဇ်ကို လုံးဝ ထိပါးရာရောက်သည်။
သို့သော်လည်း သူတို့၏အမြင်တွင် ဆွမ်ဧကရာဇ်၏ ကျန်းမာရေးသည် လေငြိမ်တောင်နှင့် လေးမျက်နှာတောင်မှ အကြီးအကဲများပင် မည်သို့မှ မတတ်နိုင်ပဲ သက်တမ်း ကုန်ဆုံးတော့မည့် အခြေအနေ ရောက်နေပြီ ဖြစ်သည်။ လုရိ နန်းတက်ခြင်းက အချိန်မရွေး ဖြစ်နိုင်သည့် ကိစ္စဖြစ်၍ ဆွမ်ဧကရာဇ်၏ အပြစ်ပေးခြင်းကို ကျောင်းဝမ်ဟန် မကြောက်ပေ။
ကျောင်းဝမ်ဟန်၏ စကားကို ကြားသောအခါ လုရိက သိချင်စိတ်ဖြင့်
“ကျောင်းလူကြီးမင်းရဲ့ ဆိုလိုရင်းက ဘာပါလဲ။”
ကျောင်းဝမ်ဟန်က
“မြောက်ပိုင်းပြည်နယ်ဟာ ဝူနိုင်ငံတော်ကြီးကို အလွယ်တကူ အနိုင်ယူနိုင်တဲ့အပြင် လုံးဝ ဖျက်ဆီးပစ်နိုင်တဲ့ စွမ်းအားလည်း ရှိနေတာတောင် ဘာကြောင့် ဝူနိုင်ငံတော်နဲ့ မဟာမိတ်ဖွဲ့လိုက်ရတာလဲဆိုတာကို မင်းသား စဉ်းစားဖူးပါသလား။”
“မြောက်ပိုင်းပြည်နယ်က အခြေအနေကို အခွင့်ကောင်းယူပြီး အောင်ပွဲကို ဆက်လက် ဖော်ဆောင်ကာ ဝူမင်းဆက်ကို လုံးဝ ချေမှုန်းပစ်နိုင်ခဲ့ပေမဲ့ သူတို့ မလုပ်ခဲ့ကြပါဘူး။”
ကျောင်းဝမ်ဟန်၏ စကားများကို ကြားသောအခါ ခန်းမတွင်းရှိ ဝန်ကြီးများအားလုံး အတွေးထဲ နစ်မြောသွားကြပြီး မကြာမီပင် သူတို့ထဲမှ တစ်ဦးက
“မြောက်ပိုင်းပြည်နယ်က အဆင်သင့် မဖြစ်သေးလို့များလား။”
ကျောင်းဝမ်ဟန်က ချက်ချင်းပင်
“ဟုတ်တယ်။ ခင်ဗျား ပြောတာ မှန်တယ်။ မြောက်ပိုင်းပြည်နယ်က တကယ်ပဲ အဆင်သင့် မဖြစ်သေးဘူး။”
“နယ်မြေတွေသိမ်းယူရတာလွယ်ပေမယ့် ထီးနန်းကို ထိန်းသိမ်းရတာ ခက်ခဲပါတယ်။ မြောက်ပိုင်းပြည်နယ်ရဲ့အင်အားနဲ့ သူတို့ရဲ့လျှို့ဝှက်လက်နက်တွေကိုထည့်သွင်းစဉ်းစားရင် ဝူနိုင်ငံတော်ကိုဖျက်ဆီးဖို့ သိပ်မခက်ခဲနိုင်ပါဘူး။”
“ဒါပေမယ့် ဝူမင်းဆက်ကို ချေမှုန်းပြီးနောက်ရော ဘယ်လိုလုပ်မလဲ။ မြောက်ပိုင်းနယ်စားမင်းသားက ဝူနိုင်ငံတော်တစ်ခုလုံးကို တကယ်ပဲ ထိထိရောက်ရောက် စီမံခန့်ခွဲနိုင်ပါ့မလား။ မဖြစ်နိုင်ပါဘူး။”
“ဒါ့အပြင် မြောက်ပိုင်းပြည်နယ်ရဲ့ လက်ရှိ အလုံးစုံ အင်အားကို ထည့်တွက်ကြည့်ရင် အဓိက နိုင်ငံကြီးအားလုံးကို ချေမှုန်းဖို့ဆိုတာ အလွန် ခက်ခဲပါလိမ့်မယ်။ ဝူဧကရာဇ်နဲ့ မြောက်ပိုင်းနယ်စားမင်းသားတို့ဟာ အလွန် ဆင်တူကြပြီး နှစ်ဦးစလုံးမှာ ကြီးမားတဲ့ ရည်မှန်းချက်တွေ ရှိကြပါတယ်။”
“ဝူဧကရာဇ် နန်းတက်ကတည်းက တောင်ဘက်ကနေ မြောက်ဘက်အထိ စစ်ပွဲတွေနဲ့ နယ်မြေချဲ့ထွင်ခဲ့တာကြောင့် ဝူနိုင်ငံတော်ရဲ့ နယ်မြေ အကျယ်အဝန်းက တိုးလာတယ်လို့ ထင်ရပေမဲ့ သူ့ရဲ့ ပြည်တွင်း ပဋိပက္ခတွေလည်း ကြီးထွားလာခဲ့တယ်။ အရှေ့တောင်ပိုင်း ဒေသတွေက ပုန်ကန်မှုတွေက အကောင်းဆုံး ဥပမာပါပဲ။”
“မြောက်ပိုင်းပြည်နယ်က သူ့ရဲ့ အုပ်ချုပ်မှု စွမ်းရည်တွေကို လျစ်လျူရှုမယ်ဆိုရင် ဝူနိုင်ငံတော်ကြီး တစ်ခုလုံးကို သိမ်းပိုက်နိုင်ခဲ့ရင်တောင် ဝူနိုင်ငံတော် အကြွင်းအကျန်တွေက မြောက်ပိုင်းပြည်နယ်အတွက် ပြဿနာတွေ ဖန်တီးဖို့ နည်းလမ်းတွေ ရှာကြပါလိမ့်မယ်။”
“အရေးအကြီးဆုံးအချက်က မြောက်ပိုင်းပြည်နယ်သာ ဝူနိုင်ငံတော်ကို သိမ်းပိုက်ခဲ့မယ်ဆိုရင် အရင်က ဝူနိုင်ငံတော် ထိန်းချုပ်ထားတဲ့ နယ်မြေတွေကနေ စစ်သားတွေ ထပ်မံ စုဆောင်းဖို့ လိုအပ်မလား ဆိုတာပါပဲ။”
“မြောက်ပိုင်းပြည်နယ်က ဝူနိုင်ငံတော် ထိန်းချုပ်ခဲ့တဲ့ နယ်မြေတွေကနေ စစ်သားစုဆောင်းမယ်ဆိုရင် သူတို့ရဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ လက်နက်တွေက ဝူနိုင်ငံတော် အကြွင်းအကျန်တွေရဲ့ လက်ထဲ ရောက်သွားဖို့ အခွင့်အလမ်းများပါလိမ့်မယ်။”
“မြောက်ပိုင်းပြည်နယ်ရဲ့ ပြည်တွင်း အုပ်ချုပ်ရေးမှာ ပြဿနာတွေ ကြုံလာတာနဲ့ ဝူနိုင်ငံတော် အကြွင်းအကျန်တွေက မြောက်ပိုင်းပြည်နယ်ရဲ့ ကိုယ်ပိုင်လက်နက်တွေကို ပြန်သုံးပြီး တိုက်ခိုက်လာမှာ ဖြစ်လို့ မြောက်ပိုင်းပြည်နယ် မလွဲမသွေ ပြိုလဲသွားလိမ့်မယ်။”
ကျောင်းဝမ်ဟန်၏ ခွဲခြမ်းစိတ်ဖြာချက်ကို နားထောင်ပြီးနောက် ခန်းမတွင်းရှိ ဝန်ကြီးများအားလုံး တိတ်ဆိတ်သွားကြပြီး လုရိလည်း ကျောင်းဝမ်ဟန်၏ စကားများကို စိတ်ထဲတွင် ဆင်ခြင်ရင်း တိတ်ဆိတ် နေခဲ့သည်။
ခဏအကြာတွင် လုရိက
“ဒါဆို ကျောင်းလူကြီးမင်းရဲ့ အမြင်အရ မြောက်ပိုင်းပြည်နယ်ရဲ့ နောက်ထပ် လှုပ်ရှားမှုက ဘာဖြစ်မယ်လို့ ထင်ပါသလဲ။”
ကျောင်းဝမ်ဟန်က
“နိုင်ငံတွေကို ပေါင်းစည်းဖို့ မြောက်ပိုင်းနယ်စားမင်းသား အလိုအပ်ဆုံးက အချိန်ပဲဖြစ်ပါတယ်။ ဒါက နိုင်ငံတစ်နိုင်ငံချင်းစီကို ဖျက်ဆီးဖို့ အချိန်မဟုတ်ပဲ တခြားနိုင်ငံတွေက ပြည်သူတွေကို မြောက်ပိုင်းပြည်နယ်ရဲ့ နိုင်ငံသားတွေအဖြစ် ပြောင်းလဲဖို့ အချိန်ဖြစ်တယ်။”
“အခု မြောက်ပိုင်းပြည်နယ်ဟာ ဝူနိုင်ငံတော်ရဲ့ ခရိုင်နှစ်ခုကို သိမ်းပိုက်ထားပြီးပြီ ဖြစ်လို့ ဒီခရိုင်နှစ်ခုကို အုပ်ချုပ်ရာမှာ အတော်လေး အချိန်ယူရမှာ ဖြစ်တယ်။ ဒါကြောင့် မြောက်ပိုင်းပြည်နယ်က လောလောဆယ် လှုပ်ရှားမှုတွေ အကြီးအကျယ် လုပ်လိမ့်မယ်လို့ ကျွန်တော် မထင်ဘူး။”
“ဒီအခွင့်အရေးကို ယူပြီး မြောက်ပိုင်းနယ်စားမင်းသားဆီ သံတမန်တွေ စေလွှတ်ပြီး ဆွေးနွေးနိုင်ပါတယ်။ တစ်ဖက်က ချီပြည်နယ်ရဲ့ မြောက်ဘက်က နယ်မြေတွေကို မြောက်ပိုင်းပြည်နယ်ကို ပေးလိုက်မယ်။ ဒါက သူတို့ အုပ်ချုပ်ဖို့ စီစဉ်ရမယ့် အချိန်ကို ပိုတိုးစေလိမ့်မယ်။ နောက်တစ်ချက်ကတော့ မြောက်ပိုင်းပြည်နယ်ကို ရှနိုင်ငံတော်က အနာဂတ်မှာ အပြည့်အဝ ထောက်ခံမယ်၊ မြောက်ပိုင်းပြည်နယ် လိုအပ်တာ မှန်သမျှ ရှနိုင်ငံတော်က ပေးမယ်လို့ ပြောရမယ်။”
ဒါက.....
ကျောင်းဝမ်ဟန်၏ စကားကို ကြားသောအခါ ဝန်ကြီများ အနည်းငယ် အံ့အားသင့်သွားကြသည်။ ရှနိုင်ငံတော်က မြောက်ပိုင်းပြည်နယ် လိုအပ်တာ မှန်သမျှကို ပေးမယ်ဆိုရင် ရှနိုင်ငံတော်က မြောက်ပိုင်းပြည်နယ်ရဲ့ လက်အောက်ခံ နိုင်ငံငယ် ဖြစ်သွားမှာ မဟုတ်ဘူးလား။
ဒါကို ဘယ်လိုလုပ် လက်ခံနိုင်မှာလဲ။
လုရိ တစ်ခုခု ပြောဖို့ အလုပ်တွင် ကျောင်းဝမ်ဟန်က ဆက်လက်၍
“ကျွန်တော့် အဆိုပြုချက်က မြောက်ပိုင်းနယ်စားမင်းသားကို တည်ငြိမ်အောင် ထိန်းဖို့အတွက် အဓိက ရည်ရွယ်ပါတယ်။ တောင်ဘက်ကို ရွှေ့ဖို့ သူ စဉ်းစားနေတဲ့ အတွေးတွေကို ဟန့်တားဖို့ပါ။”
“မင်းသား စဉ်းစားကြည့်ပါ။ မြောက်ပိုင်းနယ်စားမင်းသားသာ တောင်ဘက်ကို ရွှေ့မယ်ဆိုရင် အာဏာရှိ မိသားစုတွေ ၊မြေရှင်တွေနဲ့ မလွဲမသွေ ပဋိပက္ခဖြစ်မှာပါပဲ။ ပြီးတော့ ဖြစ်လာတဲ့ ရှုပ်ထွေးမှုတွေကို ရှင်းဖို့အတွက် အတော်လေး အချိန်ယူရလိမ့်မယ်။”
“မင်းသားက မြောက်ပိုင်းနယ်စားမင်းသားအတွက် ရုပ်သေးတစ်ရုပ်လို ဟန်ဆောင်ပြီး ရှနိုင်ငံတော် တစ်ခုလုံးကို စီမံခန့်ခွဲရာမှာ ကူညီပေးမယ်။ ပြီးတော့ မြောက်ပိုင်းပြည်နယ် ဖွံ့ဖြိုးတိုးတက်ဖို့ လိုအပ်တာတွေကို ပေးမယ်ဆိုရင် မြောက်ပိုင်းနယ်စားမင်းသားအနေနှင့် မြေပိုင်ရှင်တွေ၊အာဏာရှိ မိသားစုတွေနဲ့ တိုက်ရိုက် ပဋိပက္ခကို ခေတ္တ ရှောင်ရှားနိုင်လိမ့်မယ်။ ဒီလို အဆိုပြုချက်ကို သူ သဘောတူဖို့ အခွင့်အလမ်း များပါတယ်။”
“မင်းသားသာ မြောက်ပိုင်းပြည်နယ်ကို ထိပ်တိုက်မရင်ဆိုင်လိုတဲ့ သဘောထားကို ဆက်ပြနေမယ်ဆိုရင် မြောက်ပိုင်းနယ်စားမင်းသားရဲ့ အမြင်မှာ ရှနိုင်ငံတော်က ဘာအန္တရာယ်မှ မရှိတော့ဘူး။ ပြီးတော့ မင်းသားက သူ့အတွက် အရေးကိစ္စတွေကို စီမံခန့်ခွဲပေးနေမှာ ဖြစ်လို့ သူ့အနှေင့် မြေပိုင်ရှင်တွေနဲ့ အာဏာရှိ မိသားစုတွေကို တိုက်ရိုက် ကိုင်တွယ်ဖို့ လောလောဆယ် မလိုအပ်တော့ဘူး။”
ထိုစကားကို ကြားတော့ ကျောင်းဝမ်ဟန်၏ အကြံပြုချက်ထဲမှ အားနည်းချက်ကို လုရိ သတိထားမိသွား၏။ ထိုအချိန်တွင်လုရိက
“ကျောင်းလူကြီးမင်း။ မြောက်ပိုင်းနယ်စားမင်းသားသာ တကယ်ပဲ ကမ္ဘာကြီးတစ်ခုလုံးကို သိမ်းပိုက်ဖို့ ရည်မှန်းချက် ရှိနေမယ်ဆိုရင် သူ့အမြင်အရ ရှနိုင်ငံတော်ကလည်း သူ့လက်ထဲ ရောက်နေမှာပဲ။ ပြီးတော့ နောက်ဆုံးမှာ သူ စစ်တပ်တွေကို တောင်ဘက်ကို ရွှေ့လိမ့်မယ်။”
ကျောင်းဝမ်ဟန်က
“နားလည်ပါတယ်။ ကျွန်တော့် ရည်ရွယ်ချက်က မြောက်ပိုင်းနယ်စားမင်းသားရဲ့ ပစ်မှတ်တွေကို တတ်နိုင်သမျှ လမ်းကြောင်းပြောင်းဖို့ပါပဲ။ ရှနိုင်ငံတော်ဟာ မြောက်ပိုင်းပြည်နယ်အတွက် ဘာအန္တရာယ်မှ မရှိဘူး၊ အကျိုးကျေးဇူးတွေ ဆက်တိုက် ပေးနိုင်တယ်လို့ ထင်အောင် လုပ်ဖို့ပါပဲ။ စစ်တိုက်စရာ မလိုပဲ ရှနိုင်ငံတော် တစ်ခုလုံးကို သိမ်းပိုက်နိုင်တယ်လို့ မြောက်ပိုင်းနယ်စားမင်းသား ထင်မှတ်အောင် လှည့်စားဖို့ပါပဲ။”
“ရှနိုင်ငံတော်က မြောက်ပိုင်းပြည်နယ်ရဲ့ လက်အောက်ခံ လုံးဝ ဖြစ်သွားမယ်ဆိုရင်တောင် မြောက်ပိုင်းပြည်နယ် ဖွံ့ဖြိုးတိုးတက်ဖို့ လိုအပ်တဲ့ အရင်းအမြစ်တွေ ပေးနေသရွေ့၊ ပြီးတော့ ရှနိုင်ငံတော်က ဒီလောက် အားနည်းနေသရွေ့ တခြားနိုင်ငံတွေကို သိမ်းပိုက်ပြီးရင် ရှနိုင်ငံတော်က တိုက်ခိုက်စရာမလိုပဲ လက်နက်ချလိမ့်မယ်လို့ မြောက်ပိုင်းနယ်စားမင်းသား မစဉ်းစားမိနိုင်ဘူးလား။”
ဒီလိုဆိုရင် မြောက်ပိုင်းပြည်နယ်က ရှနိုင်ငံတော်မှာ စစ်တပ်တွေ ချထားဖို့ မလိုတော့ပါဘူး။”
အခန်း (၆၃၈)
မြောက်ပိုင်းပြည်နယ်ကို မကောင်းကြံမှာ မင်းသား မကြောက်ဘူးလား (၂)
လုရိ မျက်မှောင်ကြုတ်ကာ ခဏမျှ စဉ်းစားလိုက်သည်။ ထို့နောက် မျက်ခုံးများ ပြေလျော့သွားပြီး
“ကျောင်းလူကြီးမင်းရဲ့ ရည်ရွယ်ချက်ကို ကျွန်တော် နားလည်ပါပြီ။ ကျောင်းလူကြီးမင်းက ကျွန်တော့်ကို အချိန်စောင့်ပြီး တိတ်တိတ်လေး အင်အားစုဆောင်းစေချင်တာကိုး။”
ကျောင်းဝမ်ဟန်က ဆက်လက်၍
“အမှန်ပါပဲ။ အဲ့ဒီသဘောပါပဲ။ မြောက်ပိုင်းနယ်စားမင်းသားက မင်းသားကို ထောက်ခံဖို့ သဘောတူမယ်ဆိုရင် မြောက်ပိုင်းပြည်နယ်ဟာ ရှနိုင်ငံတော်ကြီးရဲ့ ပြည်နယ်တစ်ခု ဖြစ်တယ်ဆိုတဲ့ အချက်ကို ကျွန်တော်တို့ အခွင့်ကောင်းယူနိုင်ပါတယ်။ အဲ့ဒီလို အခြေအနေမျိုးမှာ မြောက်ပိုင်းပြည်နယ်ထဲကို လူတွေ အဆက်မပြတ် စေလွှတ်ပြီး မြောက်ပိုင်းပြည်နယ်ရဲ့ နက်နဲဆန်းကြယ်တဲ့ လက်နက်တွေရဲ့ နည်းပညာတွေကို ရှာဖွေနိုင်ပါလိမ့်မယ်။
“ရှနိုင်ငံတော်သာ အဲဒီလက်နက် နည်းပညာ ရခဲ့မယ်ဆိုရင် မြောက်ပိုင်းပြည်နယ်ထက် အားနည်းစရာ မရှိတော့ပါဘူး။”
ကျောင်းဝမ်ဟန်၏ စကားများက အလွန်ကျိုးကြောင်းဆီလျော်ကြောင်း လုရိ ချက်ချင်းခံစားလိုက်ရကာ ပြုံးယောင်သမ်းသွားပြီး
“ကျောင်းလူကြီးမင်း ကျွန်တော့်ဘေးမှာ ရှိနေရင် ကမ္ဘာကြီးတစ်ခုလုံးကို သိမ်းသွင်းနိုင်ပါပြီ။”
ကျောင်းဝမ်ဟန်က ချက်ချင်းပင် ဦးညွှတ်ကာ
“မင်းသားရဲ့ ချီးမွမ်းစကားအတွက် ကျေးဇူးတင်ပါတယ်။”
ထို့နောက် လုရိက
“ဒါဆိုရင် ကျွန်တော် မြောက်ပိုင်းပြည်နယ်ကို သံတမန်တစ်ဦး စေလွှတ်ပြီး မြောက်ပိုင်းနယ်စားမင်းသားရဲ့ အာရုံကို လမ်းကြောင်းလွှဲဖို့ ကြိုးစားပါ့မယ်။”
ဝန်ကြီးများအားလုံးက တစ်ညီတစ်ညွတ်တည်း
“မင်းသားက ဉာဏ်ပညာကြီးပါတယ်။”
ကျောင်းဝမ်ဟန် ရှနိုင်ငံတော်တွင် ဝန်ကြီးချုပ်ရာထူးကို ရရှိခဲ့ခြင်းသည် သူ၏ ဉာဏ်နီဉာဏ်နက်များနှင့် မြှောက်ပင့်တတ်သည့် အရည်အချင်းကြောင့်သာမက ဉာဏ်ပညာရှိခြင်းကြောင့်လည်း ဖြစ်၏။
အဓိကနိုင်ငံကြီးများကို ပေါင်းစည်းရန် မြောက်ပိုင်းနယ်စားမင်းသား၏ ပထမဆုံး လှုပ်ရှားမှုသည် တောင်ဘက်သို့ ချီတက်ပြီး ရာဇပလ္လင်လုခြင်းဖြစ်မည်ဟု ကျောင်းဝမ်ဟန် မြင်နိုင်ခဲ့သည်။ သို့သော် သူ၏ ဖြေရှင်းနည်းမှာ အလွန်ရိုးရှင်းလွန်းခဲ့၏။
မြောက်ပိုင်းနယ်စားမင်းသား တောင်ဘက်သို့ လာခြင်း၏ ရည်ရွယ်ချက်သည် ရှနိုင်ငံတော်ကြီး၏ အရင်းအမြစ်များအတွက် ဖြစ်နေသည့်အတွက် ရှနိုင်ငံတော်က ဒူးထောက်ပြီး မြောက်ပိုင်းပြည်နယ် လိုအပ်သမျှကို ကိုယ်တိုင်ပေးအပ်လိုက်လျှင် ကောင်းသည်ဟု သူမြင်သည်။ ထိုသို့ဆိုလျှင် မြောက်ပိုင်းနယ်စားမင်းသား လောလောဆယ် တောင်ဘက်သို့ လာစရာမလိုတော့ပေ။
........
ရက်အနည်းငယ်ကြာပြီးနောက်။
မြောက်ပိုင်းပြည်နယ်။
စီးဆင်းနေသော ချောင်းငယ်တစ်ခုပေါ်တွင် တံတားငယ်လေးတစ်ခု ကန့်လန့်ဖြတ် ဆောက်ထားထားပြီး ရေထဲ၌ ရွှေငါးကြင်းများ အသွားအပြန် ကူးခတ်နေကြသည်။
ဝူကျန်းဝမ်သည် အဆောင်ငယ် တစ်ခုထဲ၌ တစ်ယောက်တည်း ထိုင်နေပြီး အတော်လေး အထီးကျန်ဆန်နေပုံရသည်။
ယခု မြောက်ပိုင်းနယ်စားမင်းသားစံအိမ်တစ်ခုလုံးတွင် သူမဘက်မှ လူတစ်ယောက်မှ မရှိပေ။ အစေခံများပင် မြောက်ပိုင်းနယ်စားမင်းသားစံအိမ်မှ ဖြစ်နေသောကြောင့် စကားပြောဖော်ပင် ရှာမတွေ့ပေ။
ဝူကျန်းဝမ် သက်ပြင်းတစ်ချက် ညင်သာစွာ ချလိုက်သည်။
လုချန်း သူမနှင့် ရက်အနည်းငယ်ကြာ အတူရှိခဲ့ပြီးနောက် ထိုသူသည် သူမကို နောက်ထပ် လာမတွေ့တော့ပေ။ လုချန်း သူတို့ကြားက အလောင်းအစားကို မေ့သွားပြီလားဟုပင် သူမ သံသယဝင်လာခဲ့သည်။
ထိုအချိန်တွင် အစေခံတစ်ဦး ဝူကျန်းဝမ်ထံ ချဉ်းကပ်လာပြီး နဂါးဖီးနစ်လက်ဖက်ရည်နှပ်ပေးသည်။ ဝူကျန်းဝမ်က သိလိုစိတ်ဖြင့်
“မင်းသားက ဒီရက်ပိုင်း ဘာလုပ်နေလဲ။”
ဝူကျန်းဝမ်၏ မေးခွန်းကို ကြားသောအခါ အစေခံက ချက်ချင်းပင်
“ မင်းသားက ဒီရက်ပိုင်း စာကြည့်ခန်းမှာ နိုင်ငံတော်ရေးရာတွေနဲ့ အလုပ်ရှုပ်နေပါတယ် ဧကရီ။”
ဤအရာသည် လျှို့ဝှက်ထားစရာ မလိုချေ။ အဘယ်ကြောင့်ဆိုသော် လုချန်းသည် အမြဲတမ်း သူ၏ စာကြည့်ခန်းတွင်သာ ရှိပြီး မည်သည့်နေရာကိုမှ အထူးတလည် မသွားခဲ့ပေ။
လုချန်းသာ လက်နက်တိုက်သို့ သွားခဲ့ခြင်း အဝေးတစ်နေရာသို့ သွားခဲ့ခြင်းမျိုး ဖြစ်ပါကလျှို့ဝှက်ထားရန် လိုအပ်ကောင်း လိုအပ်မည် ဖြစ်၏။
အစေခံ၏ အဖြေကို ကြားရသောအခါ
မကြာသေးမီက မြောက်ပိုင်းပြည်နယ်တွင် အရေးကြီးသည့် ကိစ္စကြီးကြီးမားမား သို့မဟုတ် စစ်ဆင်ရေးတစ်ခုခု ရှိခဲ့၍ လုချန်း အလွန်အလုပ်များနေသဖြင့် သူမအခန်းကိုပင် လာရောက်ရန် အချိန်မရှိခဲ့တာလားဟု ဝူကျန်းဝမ် မစဉ်းစားပဲ မနေနိုင်ခဲ့ပေ။
ဝူကျန်းဝမ် စဉ်းစားနေစဉ် အဆောင်ဝင်းတံခါးဝမှ အစေခံတစ်ဦး၏ အသံကို ရုတ်တရက် ကြားလိုက်ရသည်။
“မင်းသားကို ဂါရဝပြုပါတယ်။”
နောက်တစ်ခဏတွင် ရင်းနှီးသောအသံတစ်သံသည် ဝူကျန်းဝမ်၏ နားထဲသို့ ရောက်လာသည်။
“သက်တောင့်သက်သာနေကြပါ။”
မကြာမီပင် ထိုလူငယ်၏ ပုံရိပ် အဆောင်ဝတွင် ပေါ်လာခဲ့သည်။ လုချန်း ဝင်လာသည်ကို မြင်သောအခါ သူမ၏ တွေးထင်ချက်များကို ဝူကျန်းဝမ် ချက်ချင်း ပယ်ဖျက်လိုက်သည်။
သူ့တွင် အမျိုးသမီးများစွာ ရှိနေသောကြောင့် ထိူလူ သူမအခန်းသို့ နေ့တိုင်းလာရန် မလိုအပ်ပေ။ သူ မလာသည်က ပုံမှန်ဖြစ်ပြီး သူမကသာ အလွန်အကျွံ စဉ်းစားနေခြင်း ဖြစ်၏။
ဆောင်ထဲသို့ ဝင်လာပြီးနောက် လုချန်းက အဆောင်ငယ်ထဲတွင် လက်ဖက်ရည်သောက်နေသော ဝူကျန်းဝမ်ကို ကြည့်လိုက်ပြီး
“မင်းသမီးကျန်းဝမ် ဒီမှာနေရတာ အသားကျလား”
ဟု ပြုံးလျက် မေးလိုက်သည်။
ထိုစကားကို ကြားသောအခါ ဝူကျန်းဝမ်က ခံစားချက်မဲ့စွာဖြင့်
“မင်းသားကြောင့် ကျွန်မတော်တော်လေး နေသားသားကျပါတယ်။”
ထို့နောက် လုချန်း အဆောင်ငယ်ထဲသို့ တိုက်ရိုက်ဝင်လာပြီး ကျောက်စားပွဲသို့ ရောက်သောအခါ ဝူကျန်းဝမ်ဘေးရှိ ကျောက်ခုံပေါ်တွင် ထိုင်လိုက်ပြီး သူ့ဘာသာသူ လက်ဖက်ရည်တစ်ခွက် ငှဲ့လိုက်သည်။
လက်ဖက်ရည်တစ်ငုံ သောက်ပြီးနောက် ဝူကျန်းဝမ်က
“မင်းသား ကျွန်မနဲ့ ပြောစရာ ကိစ္စရှိလို့လား”
လုချန်းသည် သူ၏ လက်ထဲရှိ လက်ဖက်ရည်ခွက်ကို ချလိုက်ပြီး ခေါင်းလှည့်ကာ ဝူကျန်းဝမ်၏ မျက်လုံးများကို စိုက်ကြည့်လျက်
“အရေးကြီးတာ မရှိရင် ကျွန်တော် ခင်ဗျားကို လာမတွေ့ရဘူးလား။”
ဝူကျန်းဝမ်က
“မင်းသားက အရမ်းအလုပ်များတဲ့လူပါ။
ဘာကိစ္စမှ မရှိရင် ဘာလို့ ကျွန်မကို လာတွေ့မှာလဲ။”
ထိုအချိန်တွင် လုချန်းသည် သူ၏ လက်ကို ဆန့်ထုတ်ကာ ဝူကျန်းဝမ်၏ သွယ်လျသော ခါးကို ဖက်လိုက်သည်။ အဆောင်ထဲတွင်ပင် ရှိနေသေးသောကြောင့် ဝူကျန်းဝမ် ရုန်းကန်ရန် ကြိုးစားလိုက်သည်။ ဤလူငယ်နှင့် ရင်းရင်းနှီးနှီး နေသည်ကို မည်သူမှ မမြင်စေလိုပေ။ မြောက်ပိုင်းနယ်စားမင်းသားစံအိမ်မှ အစေခံများ အပါအဝင်ဖြစ်သည်။
သို့သော်လည်း ဝူကျန်းဝမ် ရုန်းကန်ရန် ကြိုးစားသည်နှင့် သူမ၏ စွမ်းအား တစ်ဖန်ပိတ်ဆို့ခံလိုက်ရကြောင်း သဘောပေါက်သွားသည်။
ဒါက...
ဝူကျန်းဝမ် မယုံနိုင်လောက်အောင် ဖြစ်သွား၏။
နောက်ဆုံးအကြိမ် လုချန်းနှင့် ထိတွေ့ခဲ့စဉ်ကလည်း ထိုနည်းအတိုင်းပင် ဖြစ်၏။ သူမ၏ စွမ်းအား ချက်ချင်း ပိတ်ဆို့ခံခဲ့ရသည်။ အခန်းထဲမှ အရာတစ်ခုခု ဥပမာ သူမ ရေချိုးခဲ့ရာတွင် သုံးသောရနံ့က ပြဿနာရှိသည်ဟု အစက သူမထင်ခဲ့သည်။
သို့သော် ယခု သူမ အဆောင်ငယ်ထဲတွင် ရှိနေသည်။ ဤနေရာတွင် သူမ၏ ခန္ဓာကိုယ်ကို ထိခိုက်စေနိုင်သည့် မည်သည့်အရာမှ မရှိသည်မှာ သေချာသည်။
လက်ဖက်ရည်များလား။
ဤအချက်တွင် ဝူကျန်းဝမ်၏ မျက်လုံးများက ကျောက်စားပွဲပေါ်ရှိ လက်ဖက်ရည်ခွက်ပေါ်သို့ အလိုလို ရောက်ရှိသွားသည်။ သို့သော် သူမ ထိုလက်ဖက်ရည်ကို အမြဲတမ်း သောက်နေခဲ့သော်လည်း သူမခန္ဓာကိုယ်ကို မည်သည့်ဆိုးကျိုးမှ မဖြစ်စေခဲ့ကြောင်း တွေးလိုက်မိသည်။
ဆိုးကျိုးဖြစ်စေခြင်း မရှိရုံသာမက သူမ၏ ကျင့်စဉ်ကိုပင် အထောက်အကူပြုပြီး စိတ်ကို ကြည်လင်လန်းဆန်းစေသည့် အာနိသင်ပင် ရှိခဲ့သည်။ လက်ဖက်ရည်တွင် ပြဿနာ မည်သို့ ရှိနိုင်မည်နည်း။
အရေးအကြီးဆုံးမှာ သူမသည် ဤလက်ဖက်ရည်ကို ပထမဆုံးအကြိမ် သောက်ဖူးခြင်း မဟုတ်ပေ။ မြောက်ပိုင်းပြည်နယ်သို့ နောက်ဆုံး တစ်ကြိမ် လာပြီးကတည်းက ထိုလက်ဖက်ရည်ကို သောက်ခဲ့ဖူးခြင်းဖြစ်သည်။ လုချန်းက သူမကို လက်ဖက်ခြောက် အများကြီး လက်ဆောင်ပေးခဲ့သေးသည်။ ပြန်ရောက်ပြီးနောက် သူမသည် ထိုလက်ဖက်ရည်ကို မကြာခဏ သောက်ခဲ့ပြီး ထိုမျှကြာအောင် သောက်ခဲ့သော်လည်း သူမခန္ဓာကိုယ်တွင် မည်သည့်ပြဿနာမှ မတွေ့ခဲ့ရပေ။
ထို့ကြောင့် လက်ဖက်ရည်ကြောင့်တော့ မဟုတ်နိုင်ပေ...
.............
အခန်း (၆၃၉)
မြောက်ပိုင်းပြည်နယ်ကို မကောင်းကြံမှာ မင်းသား မကြောက်ဘူးလား (၃)
ဝူကျန်းဝမ်သည် လုချန်းနှင့် ထိတွေ့မိသည်နှင့် သူမ၏ စွမ်းအားများ အပိတ်ခံရသည့် အကြောင်းရင်းများကို စဉ်းစားနေစဉ် လုချန်းက ကလိသလို ပြောလာသည်။
“ဧကရီ စိတ်ဆိုးနေတာလား။ ကျွန်တော့်အပြစ်ပါ။ ဒီရက်ပိုင်း အရမ်း အလုပ်များနေလို့ နေ့တိုင်း ဧကရီကို လာမတွေ့နိုင်တော့ ဧကရီ တစ်ယောက်တည်း အထီးကျန် ဆန်နေမှာပဲ။”
လုချန်း၏ စကားများကို ကြားသောအခါ ဝူကျန်းဝမ် အေးစက်စွာ နှာခေါင်းရှုံ့ရုံမှလွဲ၍ ဘာမှ ထပ်မပြောပေ။
မြောက်ပိုင်းနယ်စားမင်းသားစံအိမ်တွင် နေထိုင်ခဲ့သည့် ရက်များအတွင်း သူမ တစ်ကယ်ပင် အထီးကျန်ခဲ့ရသည်။ သူမသိကျွမ်းသူ တစ်ယောက်မှ မရှိသည့်အပြင် အဆောင်အတွင်းတွင်လည်း မရင်းနှီးသည့် အစေခံများဖြင့် ပြည့်နှက်နေပြီး အပြင်ဘက်တွင်လည်း အမျိုးသမီးကိုယ်ရံတော်များ ရှိနေသည်။ ဤအခြေအနေက သူမကို အကျဉ်းချ ခံထားရသည်ဟု ခံစားရစေပြီး အလွန်မသက်မသာ ဖြစ်စေသည်။
လုချန်းက ဆက်ပြောလိုက်သည်။
“ဧကရီ အဆောင်ထဲမှာပဲ အချိန်တိုင်းနေရတာ ငြီးငွေ့နေတယ်ဆိုရင် အပြင်ထွက် လမ်းလျှောက်လို့လည်း ရပါတယ်။”
ထိုစကားကို ကြားသောအခါ ဝူကျန်းဝမ်က “ကျွန်မ မြောက်ပိုင်းပြည်နယ်ကို ထိခိုက်အောင် တစ်ခုခု လုပ်မှာ မင်းသား မကြောက်ဘူးလား။”
လုချန်းက ပြုံးလျှက်
“ပြဿနာ ရှာချင်တယ်ဆိုရင် ရှာပါ။”
ဝူကျန်းဝမ်က
“ကျွန်မက ရှင့်အတွက် ဘာမှ ခြိမ်းခြောက်မှု မရှိဘူး။ ဖုန်တောင် မထစေနိုင်ဘူးလို့ ထင်နေတာလား။”
လုချန်းက
“အဲဒီလို ယူဆလို့လည်း ရပါတယ်။”
လုချန်း၏ စကားကို ကြားသောအခါ ဝူကျန်းဝမ်၏ မျက်ခုံးများ အနည်းငယ် တွန့်သွားသည်။ ဤလူငယ်က သူမကို အလေးထားပုံ လုံးဝ မပေါ်ပေ။
“တစ်နေ့ကျရင် ရှင့်ရဲ့ ကိုယ့်ကိုယ်ကို အထင်ကြီးမှူ အတွက် နောင်တရလိမ့်မယ်။”
ဝူကျန်းဝမ် လုချန်းအား ဘာမှ ထပ်ပြောချင်စိတ် မရှိတော့ပေ။ ထိုလူငယ်က သူမအား အပြင်သို့ထွက်ခွင့်ပြုထားသည်ဖြစ်၍ လုချန်း စီစဉ်ပေးထားသော မင်းသမီးအိမ်တော်သို့သွားကာ သူမ၏ နောက်လိုက်များနှင့်အတူ အချိန်ကုန်ဆုံးပြီး ညနေကျမှတွင် ပြန်လာမည်ဖြစ်သည်။
သူမ မြောက်ပိုင်းပြည်နယ်တွင် ပြဿနာ ရှာမည်ကို သူ မကြောက်ပေ။ သို့သော် နောက်ဆုံးတော့ သူ နောင်တရရလိမ့်မည်။
မြောက်ပိုင်းနယ်စားမင်းသားစံအိမ်မှ ထွက်ခွာပြီးနောက် ဘာလုပ်ရမည်ကို ဝူကျန်းဝမ် စဉ်းစားနေစဉ် သူမ၏ ခန္ဓာကိုယ်ကို လုချန်းက ရုတ်တရက် ပွေ့ချီလိုက်သည်။ သူမ ရုန်းကန်ချိန် မရလိုက်ခင်မှာပင် လုချန်း၏ ပေါင်ပေါ်သို့ ရောက်သွားခဲ့သည်။
လုချန်းက သူမ၏ သွယ်လျသော ခါးကို နောက်မှ ဖက်ထားပြီး ပခုံးပေါ် ခေါင်းတင်ကာ သူမ၏ ဆံပင်ရနံ့ကို နှစ်သက်စွာ ရှူရှိုက်နေသည်။
ဝူကျန်းဝမ် ရုန်းကန်ရန် ရည်ရွယ်ခဲ့သော်လည်း သူမ၏ စွမ်းအားများ အပိတ်ခံထားရသည်ကို သတိရကာ လက်လျှော့လိုက်ပြီး ထိုကာမစိတ် ပြင်းထန်သူအား စိတ်ကြိုက် ရှူရှိုက်ခွင့် ပေးလိုက်သည်။
ခဏအကြာတွင် လုချန်းက
“အထီးကျန်နေတယ်ဆိုရင် ရက်အနည်းငယ်ကြာရင် ခင်ဗျားနဲ့အတူ နေဖို့ တစ်ယောက် စီစဉ်ပေးမယ်။ ခင်ဗျားတို့ နှစ်ယောက်မှာ တူညီတာတွေ အများကြီး ရှိလိမ့်မယ်လို့ ယုံတယ်။”
ဝူကျန်းဝမ်က
“ဘယ်သူလဲ”
လုချန်းက ပြုံးလျှက်
“ရက်အနည်းငယ်ကြာရင် သိလိမ့်မယ်။”
ဝူကျန်းဝမ်က ခံစားချက် မပါသော မျက်နှာဖြင့်
“မင်းသားက ကျွန်မ မြောက်ပိုင်းပြည်နယ်ကို ထိခိုက်အောင် လုပ်မှာကို စိတ်ပူနေတုန်းပဲ ထင်တယ်။ ဒါ့ကြောင့် ကျွန်မကို စောင့်ကြည့်ဖို့ တစ်ယောက် စီစဉ်နေတာပဲ။”
လုချန်းက အသေးစိတ် မပြောပဲ
“ခင်ဗျားအတွက် ကျွန်တော် စီစဉ်ပေးမယ့်သူက မြောက်ပိုင်းပြည်နယ်က မဟုတ်ပါဘူး။”
ဝူကျန်းဝမ် အံ့အားသင့်သွားသည်။
မြောက်ပိုင်းပြည်နယ်က မဟုတ်ဘူးလား။
သူမ အတွေးထဲ နစ်မြောသွားပြီး လုချန်း နောက်ထပ် ဘာစီစဉ်နေသည်ကို စဉ်းစားနေသည်။
ဝူကျန်းဝမ်၏ နူးညံ့သော ခန္ဓာကိုယ်ကို ရင်ခွင်ထဲ ထည့်ထားရင်း သန်စွမ်းသော လူငယ်တစ်ဦးဖြစ်သည့် လုချန်းလည်း အခြားအတွေးများ ဝင်လာသည်။ ထိုအတွေးများ မည်သို့ မဝင်ပဲ နေနိုင်ပါမည်နည်း။
ဝူကျန်းဝမ်လည်း လုချန်း၏ ပြောင်းလဲမှုကို မကြာမီ သတိထားမိပြီး ထရန် ကြိုးစားသော်လည်း လုချန်း၏ လက်များက သူမ၏ ခါးကို တင်းတင်းဖက်ထားသဖြင့် သူမ မည်မျှပင် ရုန်းကန်ပါစေ မထနိုင်ပေ။
ဝူကျန်းဝမ် ရုန်းကန်လေ လုချန်း ပိုစိတ်လှုပ်ရှားလေလေ ဖြစ်သည်။ သို့သော်လည်း သူ နောက်တစ်ဆင့် မတက်မီ အစေခံတစ်ဦးက အဆောင်ငယ်ထဲ ဝင်လာပြီး
“မင်းသား။ တပ်မှူးလျှံ ရှာနေပါတယ်။”
လုချန်း စိတ်ပျက်သွားသည်။ နေ့ခင်းဘက်တွင် အလုပ်များလွန်းပြီး အနားယူဖို့အချိန်ပင် မရှိပေ။
“စာကြည့်ခန်းမှာ စောင့်နေဖို့ ပြောလိုက်ပါ။”
ထို့နောက် လုချန်းက ဝူကျန်းဝမ်၏ နားနား ကပ်ကာ
“ဧကရီ ဒီည ကျွန်တော့်ကို စောင့်နေပါ။ ကျွန်တော် ကောင်းကောင်း ပြုစုပေးပါ့မယ်။”
ထို့နောက် လုချန်း ဝူကျန်းဝမ်ကို လွှတ်ပေးပြီး ထရပ်လိုက်သည်။
ထိုအခိုက်အတန့်တွင် ဝူကျန်းဝမ်၏ ပါးပြင်များ နီရဲလာသည်။ ထိုခဏလေးအတွင်း သူမ၏ နှလုံးသားကို ထိုလူငယ်က လှုပ်ရှားစေခဲ့ပြီး သူ့အပေါ် စိတ်ဝင်စားမှုများပင် ဖြစ်ပေါ်လာစေကာ သူမ၏ ခန္ဓာကိုယ် တစ်ခုလုံး မတည်မငြိမ် ဖြစ်လာခဲ့သည်။
ယောက်ျားများ၏ ဆွဲဆောင်မှုသည် အမှန်တစ်ကယ်ပင် အဆိပ်နှင့်တူသည်။
မြူခိုးမှော်ဂိုဏ်းမှ သူတို့၏ ဆရာမက ယောက်ျားများနှင့် အလွယ်တကူ ရောနှောခြင်းမပြုရန် သတိပေးခဲ့သည်မှာအံ့သြစရာ မရှိပေ။ မဟုတ်ပါက မိမိကိုယ်ကို ထိန်းချုပ်နိုင်မည် မဟုတ်ပေ။
ယခုအခါ သူမကိုယ်သူမ ထိန်းချုပ်မှု လွတ်နေပြီဟု ဝူကျန်းဝမ် ခံစားရသည်။ ထိုလူငယ်၏ မထင်မှတ်သော လှုံ့ဆော်မှုလေးတစ်ခုကပင် သူမကို မသက်မသာ ဖြစ်စေပြီး သူ့နှင့်အတူ ပျော်ရွှင်မှုများ ရယူချင်စိတ် ဖြစ်ပေါ်စေသည်။
မဖြစ်ပါ ။ သူမ ကိုယ့်ကိုယ်ကို ထိန်းချုပ်ရမည်။
.......
မြောက်ပိုင်းနယ်စားမင်းသားစံအိမ်ရှိ စာကြည့်ခန်း။
လုချန်း စာကြည့်ခန်းသို့ ရောက်သောအခါ လျှံဇွန်းက ထောက်လှမ်းရေး အစီရင်ခံစာ တစ်စောင်ကို သူ့အား ပေးလိုက်သည်။
“မင်းသား။ အိမ်ရှေ့မင်းသားက မြောက်ပိုင်းပြည်နယ်ကို သံတမန်တစ်ဦး လျှို့ဝှက် စေလွှတ်လိုက်ပါတယ်။”
ထိုစကားကို ကြားသောအခါ စာအိတ်ဖွင့်နေသည့် လုချန်း၏ လက်များ ရပ်တန့်သွားသည်။ လျှံဇွန်းကို ကြည့်ရင်း
“မြောက်ပိုင်းပြည်နယ်ကို ဘာအတွက် သံတမန် စေလွှတ်တာလဲ။”
မြောက်ပိုင်းပြည်နယ်သည် အမည်ခံအားဖြင့် ရှနိုင်ငံတော်၏ နယ်စားနယ်မြေ ဖြစ်သော်လည်း ယခုတော့ ထိုအချက်က အမည်ခံသက်သက်သာ ဖြစ်တော့သည်။ ယခု ရှ နန်းတွင်းက မြောက်ပိုင်းပြည်နယ်အပေါ် မည်သည့် ထိန်းချုပ်မှုမှ မရှိတော့ပေ။
လက်ရှိအချိန်တွင် နန်းတွင်းတပ်များကိုပင် လှုပ်ရှားနိုင်စွမ်း မရှိသေးပေ။ လုရိက ဤအချိန်တွင် မြောက်ပိုင်းပြည်နယ်သို့ သံတမန်များ စေလွှတ်ခြင်းဖြင့် မည်သည့်အကျိုးရှိမည်ကို လုချန်း နားမလည်ပေ။
လျှံဇွန်းက
“မင်းသားကို စည်းရုံးဖို့ ကြိုးစားတာလို့ ပြောပါတယ်။”
လုချန်း ခဏမျှ စဉ်းစားပြီး ဆက်မမေးတော့ပေ။ ထို့နောက် သူ၏ လက်ထဲရှိ စာကို ဖွင့်ကာ သေချာဖတ်ရှုလိုက်သည်။
အထူးကိုယ်ရံတော်၏ ထောက်လှမ်းရေး အစီရင်ခံစာကို ပြန်လည်စစ်ဆေးပြီးနောက် လုချန်း အခြေအနေကို ချက်ချင်း နားလည်သွားသည်။
လက်ရှိတွင် ရှနိုင်ငံတော်၏ ထီးနန်းအား ဆက်ခံရန် အခွင့်အရေးရှိသည့် မင်းသားအားလုံးတွင် နယ်စားများနှင့် အမျိုးမျိုးသော ဆက်ဆံရေးများ ရှိနေသည်။ သို့သော် လုရိ၏ အမာခံ ထောက်ခံသူများမှာ နန်းတွင်းရှိ ပညာတတ်အရာရှိများနှင့် ရှေးရိုးစွဲအရာရှိများသာဖြစ်သည်။ သူ၏ဖခင် ဧကရာဇ်က နောက်ကွယ်မှ အတားအဆီးဖြစ်နေသည့်အတွက် လုရိသည် နန်းတွင်းစစ်တပ်အား လှုပ်ရှားခိုင်းနိုင်ခြင်း မရှိသေးပေ။
အိမ်ရှေ့မင်းသား ရာထူး မတည်မငြိမ်ဖြစ်နေသည်ဟု လုရိ ခံစားရပြီး ပြင်ပမှ အထောက်အပံ့များ ရှာဖွေနေခြင်း ဖြစ်သည်။
ထောက်လှမ်းရေး အစီရင်ခံစာကို ဖတ်ပြီးနောက် လုချန်းက
“အိမ်ရှေ့မင်းသားရဲ့ သံတမန်က မြောက်ပိုင်းပြည်နယ်ကို ဘယ်တော့ ရောက်နိုင်မလဲ။”
လျှံဇွန်းက
“သုံးရက်အတွင်း ရန်ခရိုင်ကို ရောက်နိုင်ပါတယ်။ ကျွန်တော်တို့ရဲ့ သူလျှိုက အိမ်ရှေ့မင်းသားရဲ့ သံတမန်တွေနဲ့အတူ နေပြည်တော်ကနေ ထွက်လာတာပါ။ သူတို့ ခရီးသွားတာ မနှေးပါဘူး”
..............