← Chapters

အခန်း ၆၅၈-၆၆၀

Vol. 44 Ch. 658-660

အခန်း ၆၅၈-၆၆၀

Vol. 44 Ch. 658-660

အခန်း (၆၅၈)

ဝူကျန်းဝမ်၏ စိုးရိမ်ပူပန်မှု

လုချန်း လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး စမ်းသပ်စခန်းသို့ ထွက်ခွာသွားပြီးနောက် ဝူကျန်းဝမ် အဆောင်ဝင်းထဲတွင် ထိုင်လိုက်သည်။ မုယုံရွှီ၏ အခန်းကို လှမ်းကြည့်လိုက်ရာ တံခါးပိတ်ထားသည်ကို သတိပြုမိပြီးနောက် ဘေးနားရှိ အစေခံမိန်းကလေးအား

“မုယုံ မိန်းကလေး မထသေးဘူးလား။”

အစေခံမိန်းကလေးက

“ မုယုံသခင်မက မနက်စောစောကတည်းက မင်းသားစံအိမ်ကနေ ထွက်သွားပါတယ် မင်းသမီး။”

ညလုံးပေါက် အလုပ်များခဲ့ကြသည့်အတွက် ဝူကျန်းဝမ်နှင့် လုချန်းတို့သည် ယနေ့ နေမြင့်မှ နိုးလာခဲ့ကြသည်။ ထို့ပြင် ရေချိုးကန်ထဲတွင် ခဏတာမျှ စိမ်ခဲ့ကြသဖြင့် ထွက်လာသောအခါ ပို၍ပင် နောက်ကျသွားကာ မုယုံရွှီလည်း သံရုံးသို့ ထွက်ခွာသွားပြီ ဖြစ်သည်။

ထိုအချိန်တွင် ဝူကျန်းဝမ်က သိချင်စိတ်ဖြင့်

“မင်းတို့ ဘာလို့ ဒီနေ့ ငါ့ကို မင်းသမီးလို့ ခေါ်တာလဲ။”

အစေခံမိန်းကလေးက အလျင်အမြန်ပင်

“မင်းသမီး။ ဒါက မင်းသားရဲ့ အမိန့်ပါ။”

ဝူကျန်းဝမ် ခပ်ဖွဖွ နှာခေါင်းရှုံ့လိုက်သည်။ ထိုလူက ဒီလို အမည်နာမ ကစားပွဲကို တစ်သက်လုံး ကစားချင်နေလိမ့်မည်ဟု သူမ ထင်ခဲ့သည်။ သူ ဒီလောက်မြန်မြန် ရပ်တန့်လိုက်မည်ဟု မမျှော်လင့်ခဲ့ချေ။

အခြားသူများက သူမကို ဧကရီဟု ခေါ်ဝေါ်ကြသည်ကို အတော်ကြာကြာ ကတည်းက သူမငြီးငွေ့နေပြီ ဖြစ်သည်။

ဝူကျန်းဝမ် အတွေးထဲနစ်မြောနေစဉ် မုယုံရွှီ၏ အသံက အဆောင်ဝင်ပေါက်မှ ထွက်ပေါ်လာသည်။

“မင်းသမီး ဘာလို့ ဒီလောက် စောစောထတာလဲ။”

ဝူကျန်းဝမ် မော့ကြည့်လိုက်ရာ မုယုံရွှီ ပြန်ရောက်နေသည်ကို မြင်လိုက်သည်။ အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး

“စောတယ်ဟုတ်လား။ နေတောင် ခေါင်းပေါ်ရောက်နေပြီ။”

ဝူကျန်းဝမ်၏ လေသံ နည်းနည်းပြောင်းနေပြီး မကျေမနပ် ဖြစ်နေပုံရသည်ကို မြင်သောအခါ မြောက်ပိုင်းနယ်စားမင်းသားက သူမကို တစ်ခုခု ပြောခဲ့ပုံရသည်ဟု မုယုံရွှီ စိတ်ထဲမှ တွေးလိုက်သည်။

ဝူကျန်းဝမ်က ဆက်ပြောလိုက်သည်။

“မုယုံရွှီ။ ကျွန်မ ရှင့်ကို သူငယ်ချင်းလို သဘောထားခဲ့တာ။ ဒါပေမဲ့ ရှင်က ကျွန်မကို ကျောခိုင်းပြီး ရောင်းစားလိုက်တယ်။”

ထိုစကားများကို ကြားသောအခါ မုယုံရွှီ အနည်းငယ်မျှ မပူပန်ချေ။ ထိုအစား ပြုံးပြလိုက်ပြီးမှ

“မင်းသမီး။ ကျွန်မက မင်းသားရဲ့ ကိရိယာသက်သက်ပဲဆိုတာ ရှင် နားလည်သင့်တယ်။ မင်းသားရဲ့ ကိရိယာအနေနဲ့ ကျွန်မ သူ့ဘက်မှာ ရပ်တည်မှာက သဘာဝပါပဲ။”

မုယုံရွှီသည် ကျူးနိုင်ငံတော်တွင် နန်းတွင်းအစေခံတစ်ဦးမျှသာဖြစ်ပြီး ဝူကျန်းဝမ်သည် သူမထက် ရာထူးပိုမြင့်သော်လည်း သူတို့သည် ကျူးနိုင်ငံတော် သို့မဟုတ် ဝူနိုင်ငံတော်တွင် မဟုတ်တော့ပဲ မြောက်ပိုင်းပြည်နယ်တွင် ရောက်ရှိနေကြသည်။ ပို၍တိတိကျကျဆိုရလျှင် မြောက်ပိုင်းနယ်စားမင်းသားစံအိမ်တွင် ရှိနေကြသည်။

ယခုအခါ သူတို့နှစ်ဦးစလုံးသည် လုချန်း၏ အမျိုးသမီးများ ဖြစ်နေကြပြီး အဆင့်အတန်းဆိုင်ရာ ကိစ္စများ မရှိတော့ချေ။ ထို့ကြောင့် မုယုံရွှီ ဝူကျန်းဝမ်ကို မကြောက်ချေ။

မုယုံရွှီ ဆက်ပြောလိုက်သည်။

“ကျွန်မက မင်းသမီးကို စောင့်ကြည့်မှာ ကြောက်ရင် မင်းသားနဲ့ ပြောပြီး ကျွန်မကို ဒီအဆောင်ကနေ ထွက်သွားခိုင်းလို့ရပါတယ်။”

ဝူကျန်းဝမ်က မျက်နှာသေဖြင့်

“ထားလိုက်ပါတော့။ ရှင်က သနားစရာလူပါ။ ရှင့်ကို ကျွန်မ ထပ်မနှောင့်ယှက်တော့ဘူး။”

မုယုံရွှီက

“မင်းသားက ရှင့်အခန်းကို လဝက်ဆက်တိုက် သွားခဲ့တယ်။ မင်းသမီးရဲ့ စိတ်ထဲက အတွေးတွေ ပြောင်းသွားပြီလား မသိဘူး။”

ထိုစကားကို ကြားသောအခါ ဝူကျန်းဝမ်၏ မျက်ခုံးများ ကွေးသွားသည်။ ထိုအကြောင်းကို တွေးလိုက်သည်နှင့် သူမစိတ်တိုလာသည်။ ထို့နောက် မုယုံရွှီကို အေးစက်စက် စိုက်ကြည့်ပြီး

“ရှင်လည်း ဒီလိုနည်းနဲ့ပဲ ထိန်းချုပ်ခံလိုက်ရတယ် ထင်ပါရဲ့။”

“တကယ်ကောင်းတဲ့ နည်းဗျူဟာပဲ။”

မုယုံရွှီ ဘာမှ ထပ်မပြောတော့ချေ။ ဝူကျန်းဝမ်၏ မျက်နှာမှ အရောင်များ ပျောက်ကွယ်သွားသည်ကို မြင်သောအခါ ဝူကျန်းဝမ် လုံးဝ လက်နက်ချလိုက်ပြီဖြစ်ပြီး ယခင်က သူမတွေးခဲ့သည့် စိတ်ကူးများကို ဆက်လက်တွေးဝံ့တော့မည် မဟုတ်ကြောင်း မုယုံရွှီ သိလိုက်သည်။

ဝူကျန်းဝမ်က ဆက်လက်၍

“ချင်ရို့က ရှင့်ကို မြောက်ပိုင်းနယ်စားမင်းသားစံအိမ်ကို ပို့လိုက်တာက အဲ့ဒီလူအတွက် တော်တော် အကျိုးရှိသွားတာပဲ။”

ဝူကျန်းဝမ်က ယွဲ့ဧကရာဇ်ကို ထည့်သွင်း ပြောဆိုလိုက်သည်ကို ကြားသောအခါ မုယုံရွှီက သိချင်စိတ်ဖြင့်

“မင်းသမီး။ အခု မင်းသမီးရဲ့ စိတ်ထဲမှာ ဆုံးဖြတ်ချက်တစ်ခု ရှိပြီလား”

ဟု မေးလိုက်သည်။

ဝူကျန်းဝမ်က

“ဘာဆုံးဖြတ်ချက်လဲ။”

မုယုံရွှီက

“တစ်နေ့ကျရင် မင်းသားက ကျူးနိုင်ငံတော်ကို စစ်ကြေညာရင် မင်းသမီး ဘယ်ဘက်က ရပ်တည်မလဲ။”

ဒါက....

ဝူကျန်းဝမ် ရင်ထဲတွင် တုန်လှုပ်သွားသည်။

ဤမေးခွန်းကို သူမ တစ်ခါမှ မစဉ်းစားဖူး ပေ။

ယွဲ့ဧကရာဇ်သည် သူမ၏ ညီအစ်မကောင်းတစ်ဦး၊ သူမ၏ ရင်းနှီးသော သူငယ်ချင်းဖြစ်သည်။ လုချန်းသည် သူမ၏ အမျိုးသားဖြစ်ပြီး သူမရှိပဲ သူမ အသက်မရှင်နိုင်ပေ။ သူမ မည်သို့ ရွေးချယ်ရမည်နည်း။

ယွဲ့ဧကရာဇ်ဖြစ်စေ လုချန်းဖြစ်စေ သူတို့နှစ်ဦးထဲမှ တစ်ဦးဦး ထိခိုက်ခဲ့ပါက သူမအတွက် ကြီးမားသော ထိုးနှက်မှုတစ်ခု ဖြစ်ပေလိမ့်မည်။

တစ်ခဏတာမျှ ဝူကျန်းဝမ်၏ စိတ်နှလုံးသည် မဆုံးဖြတ်နိုင်ပဲ နှစ်ခြမ်းကွဲနေခဲ့သည်။

မုယုံရွှီက

“မင်းသမီး ရွေးချယ်ရခက်နေရင် ကျွန်မမှာ အကြံကောင်းတစ်ခု ရှိနိုင်ပါတယ်။”

ဝူကျန်းဝမ်က မုယုံရွှီ၏ အကြံဉာဏ်ကို တိုက်ရိုက်မေးမြန်းခြင်း မပြုပဲ သံသယဖြင့်

“အဲ့ဒီလူက ရှင့်ကိုသုံးပြီး ကျွန်မဆီကို သတင်းစကား ပို့ချင်ပုံရတယ်။”

မုယုံရွှီက ဤမေးခွန်းကို သူမဘာသာသူမ ထုတ်ဖော်ပြောဆိုသည်ဟု ဝူကျန်းဝမ် မယုံကြည်ချေ။ လုချန်းက သူမ မည်သို့ ရွေးချယ်မည်ကို သိလို၍ မုယုံရွှီအား စုံစမ်းခိုင်းခဲ့သည်ဟု သံသယရှိသည်။

မိမိကိုယ်ကို ကာကွယ်ခြင်းမပြုပဲ မုယုံရွှီက

“မင်းသမီး ဘယ်သူ့ကို ရွေးရမှန်း တကယ်မသိဘူးဆိုရင် ဘယ်သူ့ကိုမှ မရွေးပါနဲ့။ သူတို့ တိုက်ပွဲပြီးဆုံးတဲ့အထိ စောင့်ပါ။”

ဝူကျန်းဝမ် ခဏမျှ ရပ်တန့်သွားပြီးမှ

“သူတို့ အသက်အသေခံပြီး တိုက်ခိုက်နေတာကို ကျွန်မကို ကြည့်နေစေချင်တာလား။”

မုယုံရွှီက

“ဒါက မင်းသမီးအတွက် အကောင်းဆုံးရွေးချယ်မှုပါပဲ။ မင်းသား ရှုံးနိမ့်သွားရင် ဧကရီက သူ့ရဲ့ သိုင်းပညာကို ပိတ်ဆို့ပြီး ရှင့်မျက်နှာကို ထောက်ထားပြီး ရှင့်ဆီ ပို့ပေးနိုင်ပါတယ် း။”

“ဧကရီ ရှုံးနိမ့်သွားရင်တော့ မင်းသမီး စိုးရိမ်စရာ လုံးဝ မလိုပါဘူး။”

ဝူကျန်းဝမ်က

“ဘာလို့လဲ။”

မုယုံရွှီက

“မင်းသားကို ကျွန်မသိသလောက် ဧကရီလည်း မင်းသမီးလိုပဲ သူ့ရဲ့ အမျိုးသမီး ဖြစ်လာနိုင်ပါတယ်။”

ထိုစကားကို ကြားသောအခါ ဝူကျန်းဝမ်၏ မျက်နှာ ချက်ချင်း မှောင်မိုက်သွားသည်။

မုယုံရွှီ အဓိပ္ပာယ်မရှိသော စကားများ ပြောနေသည်ဟု သူမ မခံစားရချေ။ မုယုံရွှီ၏ စကားများသည် လက်တွေ့ဖြစ်လာနိုင်သည်ဟု သူမ ခံစားရသည်။

သူမသည် မြောက်ပိုင်းပြည်နယ်သို့ အခုမှ ရောက်ရှိခဲ့ပြီး လုချန်းက သူမကို ဧကရီအဖြစ် ဟန်ဆောင်ခိုင်းခဲ့သည်။ ယွဲ့ဧကရာဇ်၏ ပုံစံအတိုင်း ဖီးနစ်ဝတ်ရုံကိုပင် ဝတ်ဆင်စေခဲ့ပြီး သူမအခန်းရှိ အပြင်အဆင်များကလည်း ယွဲ့ဧကရာဇ်၏ အိပ်ခန်းနှင့် အတူတူပင် ဖြစ်သည်။

ဤလူသည် သူမ၏ သူငယ်ချင်းကောင်းအပေါ် စိတ်ကူးများ ရှိနေရမည်။ ထို့ကြောင့်လည်း သူမကို ဧကရီအဖြစ် ဟန်ဆောင်ခိုင်းခြင်း ဖြစ်သည်။

ဤသို့ဖြင့် ကျူးနိုင်ငံတော် ရှုံးနိမ့်သွားသည့်အခါ မြောက်ပိုင်းနယ်စားမင်းသား ပထမဆုံး လုပ်မည့်အရာမှာ သူ၏ သူငယ်ချင်းကောင်းကို မြောက်ပိုင်းနယ်စားမင်းသားစံအိမ်သို့ ခေါ်ဆောင်လာပြီးနောက် သူမကို သူပြုမူခဲ့သည့်အတိုင်း ပြုမူမည်မှာ သေချာသည်။

ထိုအချိန်တွင် သူတို့နှစ်ဦးစလုံးသည် ထိုယုတ်မာသူကို အတူတကွ ပြစုရလိမ့်မည်။

ထိုမြင်ကွင်းကို တွေးလိုက်သည်နှင့် ဝူကျန်းဝမ်၏ မျက်နှာ တော်တော်လေး တောင့်တင်းသွားသည်။

သူမ ယွဲ့ဧကရာဇ်ကို သိသလောက် ထိုနေ့ရောက်လာခဲ့ပါက ယွဲ့ဧကရာဇ်သည် သူမ၏ သန့်ရှင်းစင်ကြယ်မှုကို ထိန်းသိမ်းရန် အတွင်းအား ချက္ကရကို ဖျက်ဆီးပစ်မလားဟု တွေးမိသည်။

ယွဲ့ဧကရာဇ်သည် မာနကြီးသူတစ်ဦးဖြစ်သည်။ သူမ၏ သန့်ရှင်းစင်ကြယ်မှုကို သိပ်ဂရုစိုက်မည် မဟုတ်သော်လည်း လူငယ်လူတစ်ဦးက သူမကို အနိုင်ယူပြီးနောက် နည်းမျိုးစုံဖြင့် အရှက်ခွဲခြင်းကို လုံးဝ သည်းခံမည် မဟုတ်ပေ။

ဝူကျန်းဝမ် တိတ်ဆိတ်သွားသည်ကို မြင်သောအခါ မုယုံရွှီက ထပ်မပြောတော့ပဲ

“ကျွန်မမှာ အရေးကြီးကိစ္စတွေ ရှိပါသေးတယ်။ ကျွန်မ အခန်းကို အရင်ပြန်တော့မယ်။”

ဝူကျန်းဝမ်လည်း ဆက်ထိုင်နေပြီး အနာဂတ်တွင် လုချန်းနှင့် ယွဲ့ဧကရာဇ်တို့ကြား ဆက်ဆံရေးအား မည်သို့ကိုင်တွယ်ရမည်ကို တွေးတောနေသည်။

ရိုးရိုးသားသားပြောရလျှင် လုချန်း ယွဲ့ဧကရာဇ်နှင့် မယှဉ်နိုင်ဟု အစပိုင်းတွင် သူမ တကယ်ထင်ခဲ့သည်။ သို့သော် ယခုတော့ သူမ အနည်းငယ် မသေချာတော့ချေ။ လုချန်းသည် နတ်ဆေးလုံးဖြစ်သည့် အလှထိန်း ဆေးလုံးကိုပင် ပိုင်ဆိုင်ထားသူဖြစ်သည်။ လုချန်းနောက်ကွယ်တွင် အစွမ်းထက်သော ပုဂ္ဂိုလ်တစ်ဦး ရှိနေကြောင်း သက်သေပြနေသည်။

မြောက်ပိုင်းပြည်နယ်က ကျူးနိုင်ငံတော်ကို စစ်ကြေညာခဲ့ပါက ကျူးနိုင်ငံတော် အမှန်တကယ် အခက်တွေ့နိုင်သည်။

ထို့သို့ တွေးမိသည်နှင့် ဝူကျန်းဝမ် သက်ပြင်းချမိပြီး တစ်ဆင့်ချင်းစီ လုပ်ဆောင်ရန် ဆုံးဖြတ်လိုက်သည်။

ဝူကျန်းဝမ်၏ မျက်နှာ၌ စိုးရိမ်ပူပန်မှုများ ပြည့်နှက်နေစဉ် အစေခံမိန်းကလေးတစ်ဦး ဆောင်ထဲသို့ ဝင်လာပြီး

“မင်းသမီး။ မင်းသားစံအိမ်အပြင်မှာ တစ်ယောက်ယောက်က မင်းသမီးကို တွေ့ခွင့်တောင်းနေပါတယ်။ သူက မင်းသမီးရဲ့ ကိုယ်ရံတော်လို့ ပြောပါတယ်။”

ထိုစကားကို ကြားသောအခါ ဝူကျန်းဝမ်ချက်ချင်း ထရပ်လိုက်ပြီး အဆောင်ပြင်သို့ လျှောက်သွားရင်း

“အပြင်ဆောင်က ပန်းပေါင်းစုံ ဥယျာဉ်ကို သွားခိုင်းလိုက်။”

အစေခံမိန်းကလေးက ချက်ချင်းပင်

“ဟုတ်ကဲ့ပါ မင်းသမီး။”

မကြာမီ ဟူရှူ ပန်းပေါင်းစုံဥယျာဉ်သို့ ရောက်ရှိလာပြီး ဝူကျန်းဝမ်က အစေခံများကို ချက်ချင်း ထွက်သွားရန် ပြောလိုက်သည်။

အစေခံများ ထွက်သွားပြီးနောက် ဟူရှူက ဝူကျန်းဝမ်အား ချက်ချင်း ဦးညွှတ်အရိုအသေပြုလိုက်သည်။

“မင်းသမီးကျန်းဝမ်ကို ဂါရဝပြုပါတယ်။”

ဝူကျန်းဝမ်က တိုက်ရိုက်မေးလိုက်သည်။

“ ကျွန်မနဲ့ ပြောစရာ ကိစ္စရှိလို့လား အဖွားဟူ။”

ဟူရှူက ရင်ဘတ်ထဲမှ စာတစ်စောင်ကို ချက်ချင်း ထုတ်ယူကာ ဝူကျန်းဝမ်အား ပေးလိုက်သည်။

“ဒါက ဧကရီရဲ့ စာပါ။”

ဝူကျန်းဝမ် ခဏခန့် တုန်လှုပ်သွားပြီးနောက် ဟူရှူ၏ လက်မှ စာကိုယူကာ ဂရုတစိုက်နှင့် စိတ်အားထက်သန်စွာ ဖတ်ရှုလိုက်သည်။

ယွဲ့ဧကရာဇ်က စာထဲတွင် သူမ၏ ကျန်းမာရေးကို မေးမြန်းထားပြီး သူမ ထိခိုက်နစ်နာမှု ရှိမရှိ၊ အကူအညီ လိုအပ်မှု ရှိမရှိ မေးထားကာ မြောက်ပိုင်းပြည်နယ်မှ ထွက်ခွာလိုပါက မည်သည့်အချိန်မဆို ပြောပြနိုင်ကြောင်းနှင့် ယွဲ့ဧကရာဇ်က ချက်ချင်း လူစေလွှတ်ကာ ကျူးနိုင်ငံတော်သို့ ပြန်လည်ခေါ်ဆောင်ပေးမည်ဟု ပြောဆိုထားသည်။

ယွဲ့ဧကရာဇ်၏ စာကို ဖတ်နေရင်း ဝူကျန်းဝမ်၏ စိုးရိမ်ပူပန်မှုများ ပို၍ပင် ပြင်းထန်လာသည်။

သူမ၏ သူငယ်ချင်ကောင်းနှင့် ထိုလူဆိုးတို့ ပဋိပက္ခဖြစ်သည်ကို သူမ အမှန်တကယ် မမြင်လိုချေ။

ထိုအချိန်တွင် ဟူရှူက

“မင်းသမီး။ မြောက်ပိုင်းနယ်စားမင်းသားက မုယုံရွှီကိုလည်း မြောက်ပိုင်းနယ်စားမင်းသားစံအိမ်မှာ နေခွင့်ပြုခဲ့တယ်လို့ ကြားသိရပါတယ်။ သူတို့ အခန်းအတူ မျှဝေနေဖူးပြီလားဆိုတာ သိပါလား။”

ဟူရှူ၏ မေးခွန်းကို ကြားသောအခါ ဝူကျန်းဝမ် သတိပြန်ဝင်လာပြီး

“မြောက်ပိုင်းနယ်စားမင်းသားက မုယုံရွှီကို မြောက်ပိုင်းနယ်စားမင်းသားစံအိမ်ထဲကို ပြောင်းရွှေ့ခိုင်းခဲ့တာ မှန်ပါတယ်။ ဒါပေမဲ့ သူ့ကို သီးခြားအဆောင် မပေးခဲ့ပါဘူး။ အဲ့ဒီအစား ကျွန်မနဲ့ အဆောင်မှာပဲနေပြီး ကျွန်မကို အလုပ်အကျွေးပြုနေပါတယ်။”

ဒါက...

ဟူရှူ တုန်လှုပ်သွားသည်။ မြောက်ပိုင်းနယ်စားမင်းသား ဘာလုပ်နေသည်ကို သူမ နားမလည်နိုင်ချေ။ အဘယ်ကြောင့် ဝူကျန်းဝမ်နှင့် မုယုံရွှီကို အတူနေခိုင်းရသနည်း။

ဝူကျန်းဝမ် ဆက်လက်၍

“မြောက်ပိုင်းနယ်စားမင်းသားက အလှအပကို နှစ်သက်တာ မှန်ပေမယ့် မုယုံရွှီကို လက်ဖျားနဲ့တောင် ထိခဲ့ပုံ မရပါဘူး။ ဒါက သူ့ဆီမှာ အမျိုးသမီးတွေ များလွန်းလို့လည်း ဖြစ်နိုင်ပါတယ်။ မုယုံရွှီက လှပေမယ့် မြောက်ပိုင်းနယ်စားမင်းသားကို ဆွဲဆောင်ဖို့ မလုံလောက်ဘူး။”

ဝူကျန်းဝမ်၏ စကားကို ကြားသောအခါ ဟူရှူ အတွေးထဲ နစ်မြောသွားသည်။ ဝူကျန်းဝမ်၏ စကားကို သူမ မယုံကြည်ခြင်း မဖြစ်ပေ။ မြောက်ပိုင်းနယ်စားမင်းသားက မုယုံရွှီကို စိတ်ဝင်စားမှုမပြပဲ တစ်ခါမှ မထိဖူးခဲ့လျှင် ဧကရီ၏ အစီအစဉ် ပျက်သွားနိုင်မလားဟု သူမ တွေးမိသည်။

ဝူကျန်းဝမ်က

“ အဖွားဟူ ကြည့်ရတာ မုယုံရွှီကို မယုံကြည်ဘူး ထင်တယ်နော်။”

ဟူရှူ တုန်လှုပ်သွားပြီး သတိပြန်ဝင်လာကာ

“မင်းသမီး ဘာလို့ ဒီလိုမေးတာလဲ။”

ဝူကျန်းဝမ်က

“မုယုံရွှီကို ယုံကြည်တယ်ဆိုရင် ချင်ရို့ရဲ့ စာကို သူ့ဆီ တိုက်ရိုက်ပေးပြီး ကျွန်မဆီကို ပို့ခိုင်းမှာပေါ့။ နောက်ပြီး မုယုံရွှီကို တစ်ခုခု လျှို့ဝှက်ထားချင်ပုံရတယ်လို့ ကျွန်မ ခံစားရတယ်။”

ဟူရှူက ချက်ချင်းပင်

“မင်းသမီး။ ဒါက ကျွန်မရဲ့ အကြံမဟုတ်ပါဘူး။ ဧကရီရဲ့ ဆန္ဒမို့လို့သာ ကျွန်မ ဒီလိုလုပ်ခဲ့တာပါ။”

ဝူကျန်းဝမ်က

“ဒါဆို ချင်ရို့ရဲ့ ရည်ရွယ်ချက်ပဲ။”

“တခြားဘာမှမရှိတော့ရင် အဖွားဟူ သွားလို့ရပါပြီ။ ကျွန်မ သတင်းအချက်အလက် တစ်ခုခုတွေ့ရင် ရှင့်ကို အသိပေးမှာပါ။”

ဟူရှူက

“ကောင်းပါပြီ။ ကျွန်မကို အခု သွားခွင့်ပြုပါဦး မင်းသမီး။ ဂရုစိုက်ပါ။”

ထို့နောက် ဟူရှူ လှည့်ထွက်ကာ မြောက်ပိုင်းနယ်စားမင်းသားစံအိမ်မှ ထွက်ခွာသွားသည်။

ဟူရှူ ထွက်ခွာသွားသောပုံရိပ်ကို ကြည့်ရင်း ဝူကျန်းဝမ်လည်း သူမ၏ လက်ထဲရှိ စာကို တစ်ဖန် ပြန်ကြည့်လိုက်ရင်း သံသယများ ပြည့်နှက်နေသည်။ သူတို့ မုယုံရွှီကို မယုံကြည်ပါက သူမ၏ သူငယ်ချင်းက အဘယ်ကြောင့် မုယုံရွှီကို မြောက်ပိုင်းနယ်စားမင်းသားနှင့် ရင်းနှီးစေရန် စေလွှတ်ခဲ့ရသနည်း။

မုယုံရွှီကို မြောက်ပိုင်းနယ်စားမင်းသားစံအိမ်သို့ စေလွှတ်ခြင်းသည် ထိုလူ၏ အိမ်တံခါးဝသို့ အစာပို့ပေးနေခြင်းသာ ဖြစ်သည်။

...............

အခန်း (၆၅၉)

သူ ဘယ်လိုလုပ်လိုက်တာလဲ...

ဝူကျန်းဝမ်ကို နာခံစေပြီးနောက်ပိုင်း လုချန်းလည်း သူမ၏အခန်းကို ညတိုင်း မလာဖြစ်တော့ပေ။ ပြီးခဲ့သည့် ရက်အနည်းငယ်က လုချန်းသည် ရှောင်ဝမ်ယောင်နှင့် ရဲလိနန်ရန်တို့နှင့်အတူ မြက်ခင်းပြင်၌ မြင်းစီးကစားခြင်းများဖြင့် အလုပ်ရှုပ်နေခဲ့သည်။

ရိုးရိုးသားသားပြောရလျှင် လုချန်းသည် ရဲလိနန်ရန် သို့မဟုတ် ရှောင်ဝမ်ယောင်တို့မှ သူ့ရင်သွေးကို မွေးဖွားပေးစေရန် စိတ်ကူးကို လက်လျှော့ရန် တစ်စိတ်တစ်ပိုင်း စဉ်းစားစပြုနေခဲ့သည်။ အချိန်ကြာမြင့်စွာ ကြိုးပမ်းခဲ့သော်လည်း သူတို့၏ ဝမ်းဗိုက်များမှ အနည်းငယ်မျှပင် တုံ့ပြန်မှု မရှိခဲ့ပေ။

အရိပ်အယောင် ကောင်းကင်လူသားအဆင့်သို့ ရောက်ရှိသွားခြင်းက ကိုယ်ဝန်ရခြင်းကို တစ်နည်းတစ်ဖုံ ခက်ခဲစေလားဟုပင် လုချန်းတွေးတောမိသည်။ ချူးယုချင်က ပထမအကြိမ် ကြိုးစားခြင်းမှုတွင် အောင်မြင်ခဲ့သည်။ သို့သော် အခြားအမျိုးသမီးများက အဘယ်ကြောင့် မအောင်မြင်နိုင်ပါသနည်း။ ကိုယ်ဝန်မဆောင်လိုသည့် ခေါင်းမာသူ ဝမ်ချင်းစီပင်လျှင် ကိုယ်ဝန်ဆောင်နိုင်ခဲ့ပါလျက် ပူးပေါင်းဆောင်ရွက်မှု အရှိဆုံးဖြစ်သည့် ရဲလိနန်ရန်နှင့် ရှောင်ဝမ်ယောင်တို့ကမူ မအောင်မြင်နိုင်ခဲ့ပေ။

မုကျိရွှမ်းနှင့် ကျောင်းညီအစ်မနှစ်ဦး တို့ကိုပါ ထပ်မံကြိုးစားခိုင်းရန် လုချန်း စီစဉ်ခဲ့သည်။ မုကျိရွှမ်း၊ ကျောင်းယိုယိုနှင့် ကျောင်းရှောင်ရှောင်တို့သည် သိုင်းပညာရှင်များ ဖြစ်လာကြသော်လည်း သူတို့၏ အဆင့်များမှာ အတော်လေး နိမ့်နေသေးသဖြင့် ကိုယ်ဝန်ရနိုင်ခြေ ပိုများသည်။ သူတို့သုံးဦးလုံး ကိုယ်ဝန်မရခဲ့ပါက သူတွင် ပြဿနာရှိနေခြင်း ဖြစ်နိုင်သည်။

သူတို့သုံးဦးလုံး ကိုယ်ဝန်မရှိခဲ့ပါက အရိပ်အယောင် ကောင်းကင်လူသားအဆင့်သို့ ရောက်ရှိခြင်းက သူကလေးရရန် များစွာ ခက်ခဲစေသည်ဟု သက်သေပြမည်ဖြစ်ပြီး နောင်တွင် ကလေးရရန် များစွာပိုမို ကြိုးပမ်းအားထုတ်ရန် လိုအပ်မည်ဖြစ်သည်။

အချိန်အတိုင်းအတာတစ်ခုကြာ စမ်းသပ်စစ်ဆေးပြီးနောက် မုကျိရွှမ်းရောကျောင်း ညီအစ်မနှစ်ဦးပါ ကိုယ်ဝန်မရခဲ့ကြပေ။ ထို့ကြောင့် လုချန်း အကြောင်းရင်းကို အခြေခံအားဖြင့် အတည်ပြုနိုင်ခဲ့သည်။ ရဲလိနန်ရန်နှင့် ရှောင်ဝမ်ယောင်တို့တွင် ပြဿနာရှိသည် မဟုတ်ပဲ သူသည် အရိပ်အယောင် ကောင်းကင်လူသားအဆင့်သို့ ရောက်ရှိခဲ့သောကြောင့် ကိုယ်ဝန်ရရန် ပိုမိုခက်ခဲလာခြင်း ဖြစ်သည်။

အဆင့်မြင့်လာသည်နှင့်အမျှ မျိုးဆက်ပွားနိုင်မှုအပေါ် ကန့်သတ်ချက်များ ဖြစ်လာခြင်းနှင့်ပတ်သက်၍ လုချန်းတွင် အဖြေကောင်းမရှိသဖြင့် နောက်ဆုံးတွင် စနစ်ကို မေးမြန်းရန် ဆုံးဖြတ်လိုက်သည်။ စနစ်တွင် ဖြေရှင်းနည်း တစ်စုံတစ်ရာ ရှိမရှိ သိရှိလိုသည်။

ညနေပိုင်း။

မြောက်ပိုင်းနယ်စားမင်းသားစံအိမ်။

ယနေ့တွင် မြောက်ပိုင်းနယ်စားမင်းသားစံအိမ်ရှိ လူတိုင်း အလုပ်များနေကြသည်။ လုချန်းသည် လေပြင်းမိုးတိမ်ဆောင်ထဲတွင် ရပ်နေကာ အစေခံများ ပျားပန်းခပ်မျှ အလုပ်များနေသည်ကို ကြည့်ရှုနေခဲ့သည်။

ယခုအချိန်၌ ဝူကျန်းဝမ်နှင့် မုယုံရွှီတို့မှလွဲ၍ လုချန်း၏ အတွင်းဆောင်ရှိ ဇနီးမယားများနှင့် ကိုယ်လုပ်တော်များအားလုံးနီးပါး လေပြင်းမိုးတိမ်ဆောင်တွင် စုဝေးနေကြသည်။

ယနေ့သည် အထူးနေ့တစ်နေ့ ဖြစ်သည်။ လျှပ်စစ်မီး ရရှိမည့်နေ့ဖြစ်သည်။

သူတို့သည် မီးသီးများကို တီထွင်ပြီးဖြစ်သည့်အပြင် လျှပ်စစ်ပတ်လမ်းကိုလည်း တပ်ဆင်ပြီးစီးခဲ့ပြီဖြစ်သည်။ မင်းသားစံအိမ်တွင် လွန်ခဲ့သောရက်အနည်းငယ်အတွင်း လှုပ်ရှားမှုများ တိုးလာခဲ့သည်။ လက်မှုပညာသည်များ လျှပ်စစ်ကြိုးများ တပ်ရန် အလုပ်များနေကြသောကြောင့်ဖြစ်သည်။

လျှပ်စစ်ကြိုးများ တပ်ဆင်ခြင်းသည် ကြီးမားသော စီမံကိန်းတစ်ခုဖြစ်သည်။ ဤခေတ်တွင် ရာဘာ သို့မဟုတ် ပလတ်စတစ်များ မရှိပေ။ ဓာတ်ဆီချက်လုပ်နည်းပညာကို ရရှိထားသော်လည်း မြောက်ပိုင်းပြည်နယ်သည် ရေနံလုပ်ငန်းကို ဖွံ့ဖြိုးတိုးတက်စေရန် အဆင်သင့်မဖြစ်သေးပေ။

လုချန်းသည် ရေနံနှင့် ကျောက်မီးသွေးကဲ့သို့သော သယံဇာတများကို နေရာတိုင်း ရှာဖွေရန် သယံဇာတ ရှာဖွေရေးဌာနကို ဖွဲ့စည်းခဲ့သည်။

သို့သော် ယင်းဌာနသည် ယခုအထိ ကျောက်မီးသွေးတွင်းများ၊သံနှင့် ကြေးနီတွင်းများကိုသာ အဓိက ရှာတွေ့ထားခဲ့သည်။ ရေနံရှာဖွေခြင်းကမူ အတော်လေး စိန်ခေါ်မှု ရှိနေဆဲဖြစ်သည်။

ရေနံကို ရှာဖွေရန် တွင်းတူးရန် လိုအပ်ပြီ တွင်းတူးခြင်းက ခက်ခဲသည်။ မှန်ကန်သော အခြေအနေများ မရှိခြင်းကြောင့် ဖြစ်သည်။

ရော်ဘာ သို့မဟုတ် ပလတ်စတစ် မရှိသောကြောင့် လျှပ်ကာပစ္စည်းများအတွက် အခြားရွေးချယ်စရာများကို ရှာဖွေရသည်။ လက်ရှိအခြေအနေတွင် အကောင်းဆုံး လျှပ်ကာပစ္စည်းများမှာ ဖန်နှင့် ကြွေထည်များ ဖြစ်သည်။

အလှအပအတွက် လုချန်းသည် နောက်ဆုံးတွင် ကြွေပြွန်များကို ရွေးချယ်ခဲ့သည်။ မြောက်ပိုင်းနယ်စားမင်းသားစံအိမ်၏ ကြွေထည်လုပ်ငန်းများသည် မကြာသေးမီကပင် စံအိမ်အတွက် လျှပ်စစ်ပတ်လမ်းများ တပ်ဆင်ရန်အတွက် ကြွေပြွန်များကို နေ့တိုင်းနီးပါး ထုတ်လုပ်နေခဲ့သည်။

မူလက ကြွေပြွန်များ တပ်ဆင်ရန် နောက်ထပ် တစ်ရက်ခွဲခန့် အချိန်ယူရမည် ဖြစ်သော်လည်း အလုပ်များစွာ မကျန်တော့သည်ကို မြင်သောအခါ လုချန်းလည်း ယနေ့ညတွင်ပင် လက်မှုပညာရှင်များအား အချိန်ပိုလုပ်စေ၍ အပြီးသတ်ရန် ဆုံးဖြတ်ခဲ့သည်။ မြောက်ပိုင်းနယ်စားမင်းသားစံအိမ် လျှပ်စစ်ခေတ်သို့ ရောက်ရှိလာသည်ကို မြင်တွေ့ရန် သူမစောင့်နိုင်တော့ပေ။

ညတိုင်း ဖယောင်းတိုင်များကို အသုံးပြုခြင်းသည် မှိန်ဖျော့သော အလင်းရောင်ကိုသာ ပေးရုံသာမက အနံ့အသက်လည်း အနည်းငယ်ရှိသည်။

အခြားခောတ်ကမ္ဘာမှ လာရောက်နေထိုင်သူတစ်ဦးအနေနှင့် လုချန်းသည် ဖယောင်းတိုင်အလင်းဖြင့် နေထိုင်ရသည့်ဘဝကို စိတ်ပျက်နေပြီဖြစ်သည်။

လုချန်းသည် အဆောင်ထဲတွင် ရပ်ကာ ကြည့်ရှုနေခဲ့ပြီး သူ၏ ဇနီးမယားများကမူ လက်မှုပညာရှင်များ လျှပ်စစ်ပတ်လမ်းကို စစ်ဆေးပြီး မီးသီးများ တပ်ဆင်နေသည်ကို စူးစမ်းစွာ စုရုံးကြည့်ရှုနေကြသည်။

သူတို့သည် လုချန်းထံမှ လျှပ်စစ်ဓာတ်အားပေးစက်များနှင့် လျှပ်စစ်မီးများအကြောင်းကို ထမင်းစားနေစဉ်ကပင် ကြားသိခဲ့ပြီး မယုံကြည်နိုင်လောက်အောင် ဖြစ်နေကြသည်။ လျှပ်စစ်ကို အသုံးပြုနိုင်သည်ဟု ပထမဆုံးအကြိမ် ကြားဖူးကြခြင်း ဖြစ်သည်။

အလုပ်များနေသော လူအုပ်ကို လှည့်ပတ်ကြည့်ရှုပြီးနောက် လုချန်းက သူ၏စိတ်ထဲတွင် စနစ်ကို ပြောလိုက်သည်။

“စနစ် ကျွန်ုပ်ရဲ့ အဆင့် မြင့်တက်လာတာနဲ့အမျှ ကလေးရနိုင်ခြေ ကျဆင်းသွားမယ်ဆိုရင် ခင်ဗျားက စနစ်တစ်ခုအနေနဲ့ ကျွန်ုပ် ကောင်းကင်လူသားအဆင့် သို့မဟုတ် အဲဒီထက် မြင့်တဲ့အဆင့်ကို ရောက်တဲ့အခါ အသုံးမဝင်တော့ဘူး မဟုတ်လား။”

[သခင် စိုးရိမ်ပူပန်ရန် မလိုအပ်ပါ။ သခင်ကောင်းကင်လူသားအဆင့်သို့ ရောက်ရှိသည် ဖြစ်စေ၊ တန်ခိုးရှင် ဖြစ်လာသည်ဖြစ်စေ၊ ဇနီးမယားများကို ကိုယ်ဝန်ရအောင် လုပ်ဆောင်နိုင်ပါသေးသည်။ ၎င်းသည် ဖြစ်နိုင်ခြေအပေါ်တွင်သာ မူတည်ပါသည်။ သို့သော် ဤကမ္ဘာသည် စစ်မှန်သော ထာဝရတန်ခိုးရှင်ကို လက်ခံနိုင်စွမ်း မရှိပါ။]

စနစ်၏ တုံ့ပြန်မှုကို ကြားသောအခါ လုချန်း နဖူးတွန့်သွားသည်။ စနစ်က ထိုသို့ ပြောသော်လည်း သူ၏အဆင့်တက်ခြင်းက ကလေးရရန် မည်မျှ ခက်ခဲနေသည်ကို သက်သေပြနေခဲ့သည်။

အရိပ်အယောင် ကောင်းကင်လူသားအဆင့်တွင်ပင် ဤမျှ ခက်ခဲနေလျှင် ကောင်းကင်လူသားအဆင့်သို့ ရောက်ရှိသွားသောအခါ အခက်အခဲက အဆမတန် မြင့်တက်လာမည် မဟုတ်ပါလား။

မဖြစ်ပါ။ သူ အဆင့်နိမ့်နေစဉ်တွင် ဖြစ်နိုင်သမျှ ကလေးများများရရှိရန် ကြိုးစားရမည်။ ထိုအတွေးဖြင့် လုချန်း၏မျက်လုံးများသည် သူ၏ဇနီးများနှင့် မယားများ၏ ကိုယ်ခန္ဓာများပေါ်သို့ ရွေ့လျားသွားသည်။

သူ ကောင်းကင်လူသား ဖြစ်မလာခင် ပိုမို ကြိုးစားရတော့မည် ထင်သည်။

လုချန်း အတွေးနယ်ချဲ့နေစဉ် မိုးရှင်း သူ့ထံ ချဉ်းကပ်လာပြီး

“မင်းသား။ လျှပ်စစ်ပတ်လမ်း စမ်းသပ်မှုအားလုံး ပြီးပါပြီ။ လျှပ်စစ်ဓာတ်အား ပေးဖို့အဆင်သင့် ဖြစ်ပါပြီ။”

ထိုစကားကို ကြားသောအခါ လုချန်း သတိပြန်ဝင်လာပြီး ချက်ချင်းပင်

“ကောင်းပြီ။ လျှပ်စစ်ဓာတ်အား ပေးဖို့ ပြင်ဆင်ကြစို့။”

ထိုအချိန်၌ မုကျိရွှမ်းနှင့် အခြားသူများလည်း လုချန်းဘေးသို့ ပြန်ရောက်လာကြပြီ ဖြစ်သည်။ ချူးယုချင်သည် တံခါးဝရှိ ဖန်လုံးကဲ့သို့သော ပစ္စည်းများကို စူးစမ်းစွာ ကြည့်ပြီး

“ချန်းလေး။ ဒီပစ္စည်းတွေ တကယ်ပဲ လင်းလာမှာလား။”

လုချန်း ပြုံးပြီး

“ခဏစောင့်ကြည့်ပါ။ မကြာခင် လင်းလာတော့မှာပါ။”

ထို့နောက် လုချန်းက မိုးရှင်းအား

“သုံးကြိမ်တိုင်တိုင် လျှပ်စစ်ဓာတ်အား စမ်းသပ်မှု စတင်ပါ။ ခလုတ်ကို သုံးခါ ပိတ်လိုက် ဖွင့်လိုက် လုပ်ပါ။”

လျှပ်စစ်ဓာတ်အား ပမာဏက နည်းပါး‌သဖြင့် အဆင့်မြင့် သိုင်းပညာရှင်ကိုထိခိုက်စေနိုင်ခြင်း မရှိသော်လည်း သာမန်လူများအတွက်မူ သေစေနိုင်သော အန္တရာယ် ဖြစ်စေနိုင်သည်။

လုချန်း၏ အမိန့်ကို ကြားသောအခါ မိုးရှင်းက စိတ်လှုပ်ရှားစွာဖြင့်

“ဟုတ်ကဲ့ပါ မင်းသား။”

သူတို့သည်လည်း သမိုင်းဝင်အခိုက်အတန့်ကို မျက်ဝါးထင်ထင် မြင်တွေ့ရတော့မည် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် မြောက်ပိုင်းနယ်စားမင်းသားစံအိမ်သည် လျှပ်စစ်ဓာတ်အားကို ပထမဆုံး အသုံးပြုသည့် အိမ်ထောင်စု ဖြစ်လာတော့မည် ဖြစ်သောကြောင့်ပင်။

လျှပ်စစ်ဓာတ်အား စမ်းသပ်မှု စတင်သည်နှင့်တစ်ပြိုင်နက် မြောက်ပိုင်းနယ်စားမင်းသားစံအိမ်ရှိ မီးလုံးများအားလုံး လင်းထိန်လာခဲ့သည်။

ဤမြင်ကွင်းကို မြင်တွေ့ရသောအခါ အမျိုးသမီးများ ချက်ချင်းပင် အံ့ဩတုန်လှုပ်စွာ အော်ဟစ်လိုက်ကြသည်။ သူတို့တင်မက မင်းသားစံအိမ်ရှိ အစေခံများနှင့် ကိုယ်ရံတော်များပါ ရုတ်တရက် လင်းထိန်လာမှုကြောင့် တုန်လှုပ်သွားကြသည်။

တစ်ခဏအတွင်း မြောက်ပိုင်းနယ်စားမင်းသားစံအိမ်တစ်ခုလုံး နေ့ခင်းဘက်ကဲ့သို့ လင်းထိန်သွားခဲ့သည်။

စံအိမ်ရှိလူတိုင်းအား ညဘက်တွင် မီးသီးများ တောက်ပစွာ လင်းလာမည်ဖြစ်သဖြင့် အလွန်အမင်း အံ့အားသင့်ခြင်း မရှိစေရန် လုချန်းက သတိပေးခိုင်းထားသော်လည်း ကြားသိရခြင်းနှင့် ကိုယ်တိုင် မြင်တွေ့ရခြင်းမှာ လုံးဝ ကွဲပြားသော အတွေ့အကြုံများ ဖြစ်ကြသည်။

ဤ “ရောင်စုံဖန်မီးအိမ်များ” သည် မီးအိမ်များကဲ့သို့ အလင်းထွက်မည်ဟုသာ ထင်ခဲ့ကြသည်။ မည်သူမှ ဤမျှလင်းထိန်မည်ဟု မမျှော်လင့်ခဲ့ကြပေ။ မြောက်ပိုင်းနယ်စားမင်းသားစံအိမ်သည် နေ့ခင်းကဲ့သို့ လင်းထိန်နေသည်။

သို့သော် အလင်းရောင် လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့၏။ ပျောက်ကွယ်သွားသောအခါ လူတိုင်း နားမလည်နိုင်စွာဖြင့် ပတ်ဝန်းကျင်ကို ကြည့်ရှုနေခဲ့ကြသည်။

ရှောင်ဝမ်ယောင်က လုချန်းအား စူးစမ်းစွာ မေးလိုက်သည်။

“မင်းသား။ ရောင်စုံဖန်မီးအိမ်တွေ ဘာလို့ မလင်းတော့တာလဲ။ ပြဿနာတစ်ခုခု ရှိလို့လား။”

လုချန်း ပြုံးပြီး

“ပြဿနာမရှိပါဘူး။ တမင်တကာ လျှပ်စစ်ဓာတ်အား ဖြတ်ခိုင်းတာပါ။ ဒီအိမ်တွင်းသုံး လျှပ်စစ်ဓာတ်အားက အဆင့်မြင့် သိုင်းပညာရှင်‌တွေကို သိပ်မထိခိုက်စေနိုင်ပေမဲ့ သာမန်လူတစ်ယောက်ကိုတော့ သေစေနိုင်တယ်။ လျှပ်စစ်ဓာတ်အား စတင်အသုံးပြုတဲ့အခါ သုံးကြိမ် ဖွင့်လိုက် ပိတ်လိုက် လုပ်ပြီး ဝါယာကြိုးတွေကို တိုက်ရိုက်ထိမိလို့ လျှပ်စစ် အန္တရာယ်ဖြစ်မှာကို ကာကွယ်တာပါ။”

လုချန်း၏ စကားကို ကြားသောအခါ လုချန်း မည်မျှ စဉ်းစားတွေးခေါ်မှု ရှိကြောင်း အမျိုးသမီးများ ချက်ချင်း သဘောပေါက်သွားကြသည်။

လုချန်း ရှင်းပြပြီး မကြာမီတွင်ပင် စံအိမ်ရှိ မီးလုံးများ ပြန်လည်လင်းလာပြီး ခဏအကြာတွင် ပြန်ငြိမ်းသွားခဲ့သည်။ ဤသို့ နှစ်ကြိမ် ထပ်ဖြစ်ပြီးနောက် စံအိမ်အတွင်းရှိ မီးရောင်များ ပြန်လည်မငြိမ်းတော့ပဲ ဆက်လက်လင်းနေခဲ့သည်။

ရောင်စုံဖန်မီးအိမ်များဖြင့် နေ့ခင်းဘက်ကဲ့သို့ လင်းထိန်နေသော အဆောင်ကို မြင်တွေ့ရသောအခါ ချူးယုချင်က

“ဒီဘဝမှာ ဒီလို အံ့ဩဖွယ် မြင်ကွင်းမျိုးကို မြင်ရလိမ့်မယ်လို့ ဘယ်တုန်းကမှ မထင်ခဲ့မိဘူး။”

ဟု မနေနိုင်ပဲ ထုတ်ပြောလိုက်သည်။

ဤအချိန်တွင် မုကျိရွှမ်းက လုချန်းဘေးမှနေ၍

“မင်းသား။ နောင်တစ်ချိန်မှာ မြောက်ပိုင်းပြည်နယ်က သာမန်လူတွေ လျှပ်စစ်ဓာတ်အားကို သုံးနိုင်ကြမှာလား။”

လုချန်းက

“ဟုတ်ပါတယ်။ ဒါပေမဲ့ လျှပ်စစ်ထုတ်လုပ်တဲ့ စက်ပစ္စည်းတွေ ထုတ်လုပ်ဖို့နဲ့ လျှပ်စစ်ထုတ်လုပ်ဖို့ လိုအပ်တဲ့ အခြေအနေတွေ ဖန်တီးယူဖို့ကတော့ အချိန်အများကြီး ယူရလိမ့်မယ်။”

“ဒါပေမဲ့ မြောက်ပိုင်းပြည်နယ်တစ်ခုလုံး‌ တောင်မဟုတ်ဘူး ဒီကမ္ဘာတစ်ခုလုံးတောင် ရာစုနှစ်တစ်ခုအတွင်း လျှပ်စစ်ဓာတ်အား ရရှိဖို့ ဖြစ်နိုင်ခြေ ရှိပါတယ်။”

လုချန်း၏ အဖြေကို ကြားသောအခါ အမျိုးသမီးများ တိတ်ဆိတ်သွားကြပြီး နောင်တစ်ချိန်တွင် လျှပ်စစ်ဓာတ်အားက ကမ္ဘာကြီးကို မည်သို့ လှပစေမည်၊ ညဘဝကို မည်သို့ လင်းထိန်စေမည်ကို စဉ်းစားတွေးတောနေကြသည်။

လုချန်းက

“ကောင်းပြီ။ အားလုံး ပြန်နားကြတော့။ အခုဆို ညဥ့်နက်နေပြီ။”

လုချန်း၏ စကားကို ကြားပြီးနောက် အမျိုးသမီးများလည်း လေပြင်းမိုးတိမ်ဆောင်မှ တဖြည်းဖြည်း ထွက်ခွာကာ သူတို့၏ အိပ်ဆောင်များသို့ ပြန်သွားကြသည်။

သို့သော် သူတို့သည် အိပ်မပျော်သော ညတစ်ညကို ဖြတ်သန်းရမည်ဟု ကံကြမ္မာက ဖန်တီးထားပြီး ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ရောင်စုံဖန်မီးအိမ်များ၏ အံ့အားသင့်စေမှုက အလွန်ကြီးမားခဲ့သောကြောင့်ပင်။

အမျိုးသမီးများအားလုံး ထွက်ခွာသွားပြီးနောက် လုချန်းသည် မလှမ်းမကမ်းရှိ မိုးရှင်းကို ကြည့်ကာ

“ဒီလျှပ်စစ်မီးသီးတွေရဲ့ သက်တမ်းက ဘယ်လောက်လဲ။”

လျှပ်စစ်မီးသီးများ ပြုလုပ်သည့် ပစ္စည်းများ ပြောင်းလဲသွားသော်လည်း သက်တမ်းသည် ပြဿနာတစ်ရပ်အဖြစ် ရှိနေသေးပြီး မီးသီးများကို လေလုံအောင် ပိတ်ထားနိုင်ခြင်း မရှိသောကြောင့် ၎င်းတို့၏ သက်တမ်းမှာ အလွန်ကြာရှည်ခြင်း မရှိသေးပေ။

မိုရှင်းက

“မင်းသား ဒီလျှပ်စစ်မီးသီးတွေရဲ့ သက်တမ်းက ခုနစ်ရက်လောက်ပဲ ရှိပါသေးတယ်။ ဒါပေမဲ့ အတွင်းထဲက လေကို ထုတ်ပစ်နိုင်ရင် သူတို့ရဲ့ သက်တမ်းက လပေါင်းများစွာအထိ ရှည်ကြာနိုင်ပါတယ်။ ကျွန်တော်တို့ စမ်းသပ်လုပ်ထားတဲ့ လေထုတ်ထားတဲ့ မီးလုံးတွေက အခုထိ လင်းနေတုန်းပဲ။ မီးလောင်ကျွမ်းတဲ့ လက္ခဏာ မရှိသေးပါဘူး။ အခက်အခဲကတော့ အဲဒီလို မီးလုံးမျိုး ထုတ်လုပ်ဖို့ပါပဲ။”

ထိုခေတ်တွင် လျှပ်စစ်မီးသီးများ ထုတ်လုပ်ရာတွင် လက်ဖြင့်ပြုလုပ်ရသည့် နည်းလမ်းကိုသာ အသုံးပြုနေရသည်။ ဖန်လုံးအတွင်းမှ လေအားလုံးကို ဖယ်ရှားရန်အတွက် လက်မှုပညာရှင်၏ စွမ်းအားမှာအနည်းဆုံး ထိပ်သီးအဆင့် တစ်ဝက်ရှိရမည်ဖြစ်ပြီး အတွင်းအားကို အပြင်သို့ ထုတ်လွှတ်နိုင်မှသာ ထိုကဲ့သို့သော မီးလုံးများ ထုတ်လုပ်နိုင်မည် ဖြစ်သည်။

သို့သော် ယခုအချိန်တွင် အတွေ့အကြုံနှင့် နည်းပညာ မပြည့်စုံသေးသော‌ကြောင့်ဖြစ်သည်။ နည်းပညာ ပြည့်စုံလာပြီး လိုအပ်သော အတွေ့အကြုံများ ရရှိပါက သာမန်လူများလည်း လေဟာနယ် မီးလုံးများ ထုတ်လုပ်နိုင်မည် ဖြစ်သည်။

လုချန်းခဏမျှ စဉ်းစားပြီးနောက်

“ခုနစ်ရက်က ကိစ္စမရှိပါဘူး။ အချိန်မီ လဲလှယ်လိုက်ပါ။”

စမ်းသပ်ကာလသာ ဖြစ်သောကြောင့် မီးသီးများ မည်မျှကြာရှည်ခံမည်ကို အလွန်အမင်း စိုးရိမ်ရန် မလိုအပ်ပေ။

ထို့နောက် လုချန်းက မိုရှင်းနှင့် အခြားလက်မှုပညာရှင်များအား

“ခင်ဗျား တို့အားလုံး ပင်ပန်းခဲ့ကြပြီ။ ဒီည ကောင်းကောင်း ပြန်နားကြတော့။”

မိုရှင်းနှင့် လက်မှုပညာရှင်များက တစ်ညီတစ်ညွတ်တည်း

“ကျေးဇူးပါ မင်းသား။”

စကားပြောပြီးသည်နှင့် လုချန်းသည် မင်းသားစံအိမ်အပြင်ဘက်တွင် စောင့်ဆိုင်းနေသော ကိုယ်ရံတော်အဖွဲ့ကို လက်မှုပညာရှင်များအား အိမ်သို့ လိုက်ပို့ရန် စေခိုင်းခဲ့သည်။

........

တစ်ချိန်တည်းမှာပင်။

ဝူကျန်းဝမ်နှင့် မုယုံရွှီတို့သည် အဆောင်ငယ်ထဲတွင် ထိုင်နေကြပြီး ရောင်စုံဖန်မီးအိမ်များ၏ အလင်းရောင်အောက်တွင် နေ့ခင်းဘက်ကဲ့သို့ လင်းထိန်နေသော အဆောင်ကို အံ့ဩတုန်လှုပ်စွာ ကြည့်နေခဲ့ကြသည်။

ယနေ့ညတွင် ဖန်မီးအိမ်များ လင်းလာမည်ကို သူတို့လည်း ကြားထားခဲ့ကြသည်။ အဘယ်ကြောင့်ဆိုသော် ယခုရက်ပိုင်းအတွင်း လက်မှုပညာရှင်များ အဆောင်ထဲတွင် လျှပ်စစ်ကြိုးများ တပ်ဆင်နေသည်ကို တွေ့နေခဲ့သောကြောင့်ဖြစ်သည်။ သို့သော် မီးအလင်းရောင် ဤမျှလောက် တောက်ပလိမ့်မည်ဟု မထင်မှတ်ခဲ့သလို ဤမီးအိမ်များသည် မီးစာ သို့မဟုတ် ဖယောင်းတိုင်များကို အသုံးပြုရန် မလိုအပ်သည်ကို သူတို့လုံးဝ အံ့အားသင့်နေခဲ့ကြသည်။

ဝူကျန်းဝမ် အံ့အားသင့်စွာ ရေရွတ်လိုက်သည်။

“သူ ဒါကို ဘယ်လိုလုပ်လိုက်တာလဲ...”

................

အခန်း (၆၆၀)

ရှောင်ဝမ်ယောင်နှင့် ရဲလိနန်ရန် ကိုယ်ဝန်ရှိခြင်း (၁)

ဤသို့ ထူးခြားသော မီးထွန်းပစ္စည်းကို ဝူကျန်းဝမ် ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။ ထိုအဝါရောင်အလင်း ထုတ်လွှတ်သော ထိုမီးအိမ်များကို ရောင်စုံဖန်မီးအိမ်ဟု ခေါ်ကြောင်း၊ မီးဖြင့် ထွန်းရန် မလိုကြောင်း၊ မကွဲသရွေ့ အစဉ်အမြဲ လင်းနိုင်ကြောင်းကိုလည်း သူမ၏ အစေခံများထံမှ ကြားသိခဲ့ရသည်။

ဟုတ်ပါသည်။ ဒါတွေက မင်းသားက ထိုအစေခံများကို ပြောပြခဲ့သလောက်သာ ဖြစ်သည်။ အမှန်စင်စစ် အစေခံများလည်းထိုဖန်မီးအိမ်များကို နားမလည်ကြချေ။

ခြံဝင်းသည် နေ့ခင်းဘက်ကဲ့သို့ လင်းထိန်နေသည်ကို မြင်သောအခါ ဝူကျန်းဝမ်လည်း စိတ်လှုပ်ရှားမှု အမျိုးမျိုး ခံစားနေရသည်။ ထိုလူငယ်လေးတွင် သူမ မသိသေးသည့် မည်သည့် စွမ်းရည်များ ရှိနေသေးသနည်း။

ထိုသို့သော အရာများကို အမှန်တကယ် ပြုလုပ်နိုင်သည်ဟု သူမ မယုံနိုင်ခဲ့ချေ။

ထိုအချိန်တွင် ဝူကျန်းဝမ်က သူမရှေ့တွင် ရပ်နေသော မုယုံရွှီကို

“ရွှီ။ ဒီဖန်မီးအိမ်တွေ ဘယ်လိုလင်းလာတယ်လို့ ထင်လဲ။”

မုယုံရွှီလည်း အနည်းငယ် နားမလည်နိုင် ဖြစ် ‌‌ပုံရပြီး တုံ့ဆိုင်းစွာဖြင့်

“ပြီးခဲ့တဲ့ ရက်အနည်းငယ်တုန်းက မင်းသား ပြောတာ ကြားဖူးတယ်။ လျှပ်စစ်နဲ့ ဆိုင်တယ် ထင်တယ်။ လွန်ခဲ့တဲ့ရက်ပိုင်းက လက်မှုပညာရှင်တွေ ကြေးနီကြိုးတွေ သွယ်နေတာ တွေ့တာပဲ။ ဒါပေမဲ့ ဘယ်လိုတိတိကျကျ လင်းလဲဆိုတာတော့ ကျွန်မလည်း တကယ်ကို နားမလည်ဘူး။”

မုယုံရွှီ၏ အဖြေကို ကြားသောအခါ ဝူကျန်းဝမ်လည်း စူးစမ်းစိတ်ကြောင့် ချက်ချင်း ထရပ်ကာ အဆောင်အတွင်းရှိ ကြွေပြွန်တစ်ခုဆီသို့ ချဉ်းကပ်သွားခဲ့သည်။

သူမ၏ လက်ကို ညင်သာစွာ ဝှေ့ယမ်းလိုက်သည်နှင့် ကြွေပြွန်က ကွဲသွားကာ အတွင်းရှိ လျှပ်စစ်‌ ကြေးနန်းကြိုးများ ပေါ်လာသည်။

နောက်တစ်ခဏတွင် ဝူကျန်းဝမ်၏ လက်ချောင်းများက ထိုဝိုင်ယာကြိုးများကို ထိကြည့်ရန် နိီးကပ်လာခဲ့သည်။

ဤမြင်ကွင်းကို မြင်သောအခါ အနီးရှိ အစေခံမလေးတစ်ဦးက

“မင်းသမီး။ မင်းသားက ဝိုင်ယာကြိုးတွေက အရမ်းအန္တရာယ်များလို့ မထိရဘူးလို့ ပြောထားပါတယ်”

ဟု လျင်မြန်စွာ သတိပေးလိုက်သည်။

ဝူကျန်းဝမ်က အစေခံမလေး၏ စကားကို ဂရုမစိုက်ပဲ မကြာမီ သူမ၏ လက်ချောင်းထိပ်က ဝိုင်ယာကြိုးကို ထိမိသွားသည်။ နောက်တစ်ခဏတွင် စူးခနဲသော ခံစားမှုတစ်ခုက သူမ၏ ခန္ဓာကိုယ်အနှံ့ ချက်ချင်း ပျံ့နှံ့သွားပြီး သူမ၏ လက်ချောင်းလည်း ကြေးနီဝိုင်ယာကြိုးပေါ်မှ လွင့်စင်သွားခဲ့သည်။

သို့သော် လျှပ်စစ်ဓာတ်က အဆင့်လွန်ပညာရှင်ဖြစ်သော ဝူကျန်းဝမ်ကို မည်သည့် ထိခိုက်မှုမှ မဖြစ်စေခဲ့ချေ။ သူမသည် အဆင့်လွန်ပညာရှင် တစ်ဦးဖြစ်နေပြီ ဖြစ်သည်။ မိုးကြိုးပင် သူမကို သတ်နိုင်မည် မဟုတ်သဖြင့် ဤသေးငယ်သော လျှပ်စီးကြောင်းက သူမအတွက် ဘာမျှ မဟုတ်ပေ။

ဝူကျန်းဝမ်သည် အံ့အားသင့်သွားခဲ့သည်။ အမှန်တကယ်ပင် လျှပ်စစ်ဓာတ် ဖြစ်မည်ဟု မမျှော်လင့်ခဲ့ချေ။

သူမသည် အဆောင်အလယ်ရှိ ဖန်မီးအိမ်ကို မော့ကြည့်ကာ အတွင်းအားကို ထုတ်လွှတ်၍ လျှပ်စီးကြောင်းများ၏ ရွေ့လျားမှုကို ခံစားကြည့်သည်။

စူးစမ်းစစ်ဆေးမှုများအပြီးတွင် သူမ တစ်စုံတစ်ရာကို နားလည်သွားပုံရသည်။ လျှပ်စီးကြောင်းသည် ဖန်မီးအိမ်အတွင်းရှိ သတ္တုကို ဖြတ်သန်းသွားသောအခါ ထိုသတ္တုအပိုင်းအစသည် လင်းလာပြီး ပူလာမည် ဖြစ်သည်။

လျှပ်စစ်ဆိုသည်မှာ အဘယ်အရာဖြစ်သည်ကို သူမ နားမလည်ခဲ့သော်လည်း ဖန်မီးအိမ်များမှ ထုတ်လွှတ်သော အလင်းရောင်နှင့် ဆင်တူသည့် သဘာဝဖြစ်စဉ်တစ်ခုကို သူမ တွေ့ရှိခဲ့သည်။ ၎င်းမှာ မိုးကြိုးပစ်လျှင် ဖြစ်‌ ပေါ်သော လျှပ်စီးများပင် ဖြစ်သည်။

ထို့ကြောင့် ဖန်မီးအိမ်များ၏ အလင်းရောင်ကို အားနည်းသော မိုးကြိုးအလင်းနှင့် တူညီသည်ဟု ဝူကျန်းဝမ် ယူဆလိုက်သည်။

ဖန်မီးအိမ်ကို ကြည့်ရင်း ဝူကျန်းဝမ်က သူမကိုယ်သူမ ပြောလိုက်သည်။

“ဒါ တကယ်ကို အံ့ဩစရာပဲ။ ဒီလူက ငါ့အတွက် ပိုပိုပြီး နားမလည်နိုင်စရာ ဖြစ်လာနေပြီ။”

သူမသည် ဆယ်စုနှစ်များစွာ နေထိုင်ခဲ့ပြီးဖြစ်သည်။ သို့သော် လျှပ်စီးကို ထိန်းချုပ်ပြီး အသုံးပြုနိုင်သူတစ်ဦးအကြောင်း ပထမဆုံးအကြိမ် ကြားဖူးခြင်း ဖြစ်သည်။ မြောက်ပိုင်းနယ်စားမင်းသား၏ စိတ်ကူးများသည် အလွန်ရဲရင့်ပြီး ထူးခြားသည်ဟု သူမထင်မိသည်။

ဝူကျန်းဝမ်သည် မနေနိုင်ပဲ ထပ်တွေးမိသည်။ ယခုညကောင်းကင်ယံသည် ကြည်လင်နေပြီး မိုးလည်းမရွာ‌ပေ။

မင်းသားစံအိမ်ရှိ လျှပ်စစ်ဓာတ်က ဘယ်ကလာသနည်း။

ထို့နောက် သူမက အစေခံမလေးဘက်သို့ လှည့်ကာ

“ချင်းလေး။ ဒီကြေးနီကြိုးတွေထဲက လျှပ်စစ်ဓာတ် ဘယ်ကလာတာလဲ။”

အစေခံမလေးက

“ဘယ်လိုဖြစ်လာလဲဆိုတာတော့ ကျွန်မ သေချာမသိပါဘူး။ ဒါပေမဲ့ မင်းသားစံအိမ်က အစေခံတွေဆီက ကြားတာက မင်းသားက လျှပ်စစ်ထုတ်ပေးနိုင်တဲ့ စက်တစ်ခု ဖန်တီးခဲ့ပုံရတယ်။”

ဝူကျန်းဝမ်နှင့် မုယုံရွှီတို့ ထပ်မံ အံ့ဩတုန်လှုပ်သွားကြသည်။ လျှပ်စစ်ဓာတ် ထုတ်နိုင်သော စက်တစ်ခုလား။

လျှပ်စီးကို လူတို့၏ ကြိုးစားအားထုတ်မှုဖြင့် အမှန်တကယ် ဖန်တီးနိုင်သလား။

ဒါက...

ဒါက ထာဝရတန်ခိုးရှင် တွေသာ လုပ်နိုင်တဲ့ အရာ မဟုတ်ဘူးလား။

လျှို့ဝှက်ဆန်းကြယ်သော ဒေသများသို့ သွားရောက်ခဲ့ဖူးသဖြင့် ဝူကျန်းဝမ်သည် အတော်လေး အသိပညာ ကြွယ်ဝသူ ဖြစ်သည်။ သူမ သိထားသလောက် အလွန်အစွမ်းထက်သော တန်ခိုးရှင် များသာ လျှပ်စီးကို အသုံးပြုနိုင်ပြီး ထိန်းချုပ်နိုင်ကြသည်။ လုချန်းသည် လျှပ်စီးကို ထိန်းချုပ်နိုင်အောင် မည်သို့ လုပ်ဆောင်နိုင်ခဲ့သနည်း။

ထိုအချက်က ဤလူငယ်လေးတွင် အလွန်တရာ အင်အားကြီးမားသော အဖွဲ့အစည်းတစ်ခု၏ အထောက်အပံ့ ရှိနေသည်ဟု ဆိုလိုသည်။

ဤမျှများပြားသော အင်အားစုများက သူ့ကို သစ္စာခံရန် လာရောက်ခြင်းနှင့် လျှို့ဝှက်လဝန်းနန်းတော်၏ နန်းတော်သခင်ပင် မြောက်ပိုင်းနယ်စားမင်းသားစံအိမ်သို့ ကိုယ်တိုင် လာရောက်ကာ အတော်လေးကြာကြာ နေထိုင်သွားခြင်းမှာ အံ့ဩစရာ မဟုတ်ပေ။

အတွေးထဲ နစ်မြောနေရင်း သူမ၏ သူငယ်ချင်း လုချန်းကို ယှဉ်နိုင်မည် မဟုတ်ဟု ဝူကျန်းဝမ် ပိုမို ခံစားလာရသည်။ ဤလူသည် အလွန် လျှို့ဝှက်ဆန်းကြယ်ပြီး သူ ထုတ်ဖော်ပြသသည့် ပစ္စည်းတိုင်းသည် တစ်ခုထက်တစ်ခု ပို၍ ထူးဆန်းပြီး ဆန်းပြား နေသည်။

ကျူးနိုင်ငံတော်နှင့် မြောက်ပိုင်းပြည်နယ်တို့အကြား အလုံးစုံ စစ်ပွဲတစ်ခု ဖြစ်ပွားခဲ့ပါက သူတို့ နှစ်လပင် ခံနိုင်မည်မဟုတ်ပေ။

ဤအရာများကို စဉ်းစားရင်း ဝူကျန်းဝမ် မသက်မသာ သက်ပြင်းချမိသည်။ ထို့နောက် မုယုံရွှီကို

“ပြန်နားကြရအောင်”

သူမ၏ စကားဆုံးသည်နှင့် ဝူကျန်းဝမ် သူမ၏ အိပ်ခန်းသို့ တန်းပြန်သွားခဲ့သည်။

.....

ထိုအတောအတွင်း။

ရှောင်ဝမ်ယောင် ရဲလိနန်ရန်၏ အိပ်ရာပေါ်တွင် လှဲနေစဉ် ရဲလိနန်ရန်က ရေချိုးခန်းထဲ၌ ရေချိုးနေသည်။

ရှောင်ဝမ်ယောင်က အသံကျယ်ကျယ်ဖြင့် “အစ်မနန်ရန်။ ဒီဖန်မီးအိမ်တွေက အရမ်းလင်းတာပဲ။ အခုဆို ညတောင် နေ့ခင်းဘက်လိုပဲ။”

နောက်တစ်ခဏတွင် ရေချိုးထဲခန်းမှ ရဲလိနန်ရန်၏ အသံက

“ဟုတ်တယ်။ တကယ်ကို အရမ်းလင်းတယ်။”

ရှောင်ဝမ်ယောင်က ရဲလိနန်ရန်၏ အိပ်ရာပေါ်တွင် လူးလှိမ့်ကာ

“ဒီလိုဘဝမျိုး ထာဝရ တည်တံ့နေစေ ချင်တယ်။”

ဆာလောင်ခြင်း၊ အေးခဲခြင်းများကို စိုးရိမ်ရန် မလိုပဲ ဖန်မီးအိမ်များကဲ့သို့ အံ့ဩဖွယ်ရာ အရာများကိုပင် အသုံးပြုနိုင်သည့် ဘဝမျိုးကို တစ်နေ့ရောက်ရှိမည်ဟု ရှောင်ဝမ်ယောင် ဘယ်တုန်းကမှ မတွေးခဲ့ဖူးပေ။

ရှောင်ဝမ်ယောင်၏ အသံကို ကြားသောအခါ ရဲလိနန်ရန်က

“ဒါဆို မင်းသားအတွက် ကလေးအမြန်ယူလိုက်တော့။ ကလေးရရင် နောင်မှာ မင်းသားက မင်းကို မောင်းထုတ်မှာကို စိတ်ပူစရာ မလိုတော့ဘူး”

ဟုရယ်မောပြောဆိုလိုက်သည်။

ရဲလိနန်ရန်၏ စကားကို ကြားသောအခါ ရှောင်ဝမ်ယောင်က မျက်နှာမဲ့ကာ

“အစေခံမလေးတွေကို ကျွန်မ မေးထားတယ်။ သိုင်းပညာရှင်တွေ ပိုအဆင့်မြင့် လေလေ ကိုယ်ဝန်ရဖို့ အခွင့်အရေး နည်းလေလေပဲတဲ့။ မင်းသားရဲ့ အကူအညီနဲ့ ကျွန်မက အဆင့်လွန်ပညာရှင် တစ်ဝက် အဆင့်ကိုတောင် ရောက်နေပြီ။ မင်းသားကိုယ်တိုင်ကလည်း အဆင့်လွန်ပညာရှင်ထက် ပိုပြီး အစွမ်းထက်လာနေပြီ။ သူ့ကလေးကို ရဖို့က သိပ်မလွယ်တော့ဘူး။”

............

All Chapters