← Chapters

အခန်း ၆၆၇-၆၆၉

Vol. 45 Ch. 667-669

အခန်း ၆၆၇-၆၆၉

Vol. 45 Ch. 667-669

အခန်း (၆၆၇)

အိမ်ရှေ့မင်းသား ပုန်ကန်ခြင်း (၁)

မြောက်ပိုင်းနယ်စားမင်းသားစံအိမ်။

စာကြည့်ခန်း။

လုချန်းသည် သူ၏ စာရေးစားပွဲရှေ့တွင် ထိုင်ကာ ရှနိုင်ငံတော်မှ သိုင်းပညာရှင်များ ပျောက်ဆုံးမှုနှင့် ပတ်သက်သည့် တစ်လအတွင်း ရရှိလာသော ထောက်လှမ်းရေး အချက်အလက်များကို အသေးစိတ် စုစည်းနေခဲ့သည်။

အထူးကိုယ်ရံတော်၏ စာရင်းဇယားများအရ ပျောက်ဆုံးသူဦးရေသည် နှစ်သောင်းကျော် ရှိနေပြီဖြစ်သည်။

၎င်းတို့အားလုံးသည် အဆင့်ငါးနှင့်အထက် သိုင်းပညာရှင်များ ဖြစ်ကြသည်။

ဤဖြစ်ရပ်သည် နိုင်ငံအသီးသီးကို တုန်လှုပ်စေခဲ့ပြီး ယခုအခါ ရှနိုင်ငံတော် နယ်မြေအတွင်းရှိ အင်အားစုအချို့သည် မြောက်ပိုင်းပြည်နယ် သို့မဟုတ် အခြား နိုင်ငံများသို့ ပြောင်းရွှေ့ရန် စဉ်းစားလာကြသည်။

နိုင်ငံတော်ကို အုပ်ချုပ်သူအဖြစ် တာဝန်ယူထားသည့် အိမ်ရှေ့မင်းသား လုရိသည်လည်း ဤကိစ္စကို စုံစမ်းရန် လူများစွာကို စေလွှတ်ခဲ့သော်လည်း မည်သည့်သဲလွန်စမှ မတွေ့ရှိခဲ့ပေ။ ပျောက်ဆုံးသူများသည် လေထဲတွင် ပျောက်ကွယ်သွားသကဲ့သို့ ဖြစ်နေသည်။

ဟုတ်ပါသည်။ လုရိက စုံစမ်းရန် စေလွှတ်ခဲ့သော ပုဂ္ဂိုလ်များသည် သူ၏ ကိုယ်ပိုင်အဖွဲ့အစည်းမှ မဟုတ်ချေ။ နေပြည်တော်၏ အခြေအနေသည် ပိုမို အန္တရာယ်များလာသည်နှင့်အမျှ သူသည် သူ၏လူများကို နေပြည်တော်အတွင်း သို့မဟုတ် အနီးအနားတွင် ထားရှိရန် လိုအပ်ခဲ့သည်။ သူ၏လူများကို အခြားတာဝန်များအတွက် စေလွှတ်ပါက တစ်စုံတစ်ရာ မှားယွင်းသွားနိုင်သည်။

နန်းတွင်းသည် ဤကိစ္စကို လျစ်လျူရှုထားခဲ့ပြီး ထိုဖြစ်ရပ်များ ကာကွယ်ရန် လုပ်ဆောင်ခြင်း မရှိပဲ လွှတ်‌ပေးထားခဲ့သည်။ ထို့နောက် လှုပ်ရှားမှုများ ပိုမိုရဲတင်းလာခဲ့ပြီး နေပြည်တော်အတွင်း၌ပင် သိုင်းပညာရှင်များ စတင် ပျောက်ဆုံးလာသည်အထိ ဖြစ်ခဲ့သည်။

......

လုချန်းသည် သူ၏ စားပွဲပေါ်တွင် ချထားသော အစီရင်ခံစာများကိုကြည့်ရင်း စဉ်းစားနေခဲ့သည်။ သူ၏ ဖခင် ဆွမ်ဧကရာဇ်သည် စွမ်းအားစုပ်ယူခြင်း ကျင့်စဉ်နှင့် ဆင်တူသော ကျင့်စဉ်တစ်ခုကို သင်ယူခဲ့ခြင်းကြောင့် သိုင်းပညာရှင် အများအပြားကို ဖမ်းဆီးကာ သူတို့၏ စွမ်းအားကို စုပ်ယူနေခြင်း ဖြစ်နိုင်သည်ဟု တွေးမိသည်။

သို့သော် ဆွမ်ဧကရာဇ်သည် စွမ်းအားစုပ်ယူခြင်း ကျင့်စဉ်ကို တကယ်ပင် သင်ယူခဲ့သည်ဆိုလျှင်ပင် ၎င်းကို အသုံးပြု၍ ကောင်းကင်လူသား စွမ်းအားရှင် ဖြစ်လာနိုင်မည် မဟုတ်ပေ။

ကောင်းကင်လူသား စွမ်းအားရှင် ဖြစ်လာရန် ဤကမ္ဘာ၏ စမ်းသပ်မှုများကို ကျော်ဖြတ်ရမည်။ ယင်းသည် မတူသော အခြေအနေတစ်ရပ်ဖြစ်ပြီး စနစ်၏အကူအညီရှိသော လုချန်းပင် ထိုအဆင့်ကို မကျော်နိုင်‌ပေ။ ဆွမ်ဧကရာဇ် ဤကမ္ဘာ၏ စမ်းသပ်မှုကို ရှောင်လွှဲနိုင်မည်ဟု လုချန်း မယုံကြည်ပေ။

ဟုတ်ပါသည်။ တစ်စုံတစ်ယောက်၏ စွမ်းအားကို ကောင်းကင်လူသားအဆင့်သို့ ယာယီ မြှင့်တင်ပေးခြင်းက‌တော့ ဖြစ်နိုင်သေးသည်။

လုချန်း တွေးလိုက်သည်။ သူ၏ ဖခင်သည် မြောက်ပိုင်းပြည်နယ်က တစ်နေ့နေ့တွင် တောင်ဘက်သို့ ချီတက်ကာ ထီးနန်းလုယူရန် ကြိုးပမ်းလာမည်ကို တွက်ဆမိကြောင့် မြောက်ပိုင်းပြည်နယ်မှ ကောင်းကင်လူသား စွမ်းအားရှင်ကို ကြိုတင် ခုခံနိုင်မည့် နည်းလမ်းကို ရှာဖွေနေခြင်း ဖြစ်နိုင်သည်။

ထိုအခိုက်တွင် လုချန်း၏ အကြည့်က ထောက်လှမ်းရေး အချက်အလက်တစ်ခုပေါ်သို့ ကျရောက်သွားသည်။ ယင်းသည် အဓိကအားဖြင့် တောင်ပိုင်းမှ သံချပ်ကာ မြင်းတပ်နှင့် ပတ်သက်သည်။

တောင်ပိုင်းသို့ သံချပ်ကာ မြင်းတပ် ရွှေ့ပြောင်းခြင်းသည် တစ်စုံတစ်ခုကို သယ်ယူပို့ဆောင်ရန် ဖြစ်ကြောင်း အထူးကိုယ်ရံတော် အဖွဲ့က အတည်ပြုနိုင်ခဲ့သည်။ သို့သော် စုံစမ်းစစ်ဆေးသူများအားလုံးသည် အဆင့်ငါးအောက် ဖြစ်သောကြောင့် သံချပ်ကာ မြင်းတပ်က မည်သည့်အရာကို အတိအကျ သယ်ယူပို့ဆောင်နေသည်ကို သိရှိရန် ခက်ခဲခဲ့သည်။

သို့သော် အထူးကိုယ်ရံတော်များကို အပြစ် ပြော၍ မရပေ။ နန်းတွင်းမှ လူများပင် သံချပ်ကာ မြင်းတပ်ကို တောင်ဘက်သို့ အဘယ်ကြောင့် စေလွှတ်ခဲ့သည်ကို မသိကြပေ။ အများဆုံး ဆွမ်ဧကရာဇ်၏ အမိန့်ဖြစ်သည်ဟုသာ သိကြသည်။ ထိုအမိန့်ကို အဘယ်ကြောင့် ထုတ်ပြန်ခဲ့သည်ကိုမူ ဆွမ်ဧကရာဇ် ကိုယ်တိုင်သာ သိနိုင်သည်။

သို့သော် မကြာသေးခင်က ရှနိုင်ငံတော်အတွင်း ကောလာဟလများစွာ ပျံ့နှံ့နေခဲ့သည်။ အချို့က ဆွမ်ဧကရာဇ်သည် ပင်လယ်ထဲတွင် ထာဝရတန်ခိုးရှင် နေထိုင်သည့် ကျွန်းတစ်ကျွန်းကို တွေ့ရှိခဲ့ပြီး သံချပ်ကာ မြင်းတပ်က ထာဝရတန်ခိုးရှင် ဆေးလုံးများကို သယ်ယူပို့ဆောင်နေခြင်း ဖြစ်သည်ဟု ဆိုကြသည်။

ဆွမ်ဧကရာဇ်သာ ထာဝရတန်ခိုးရှင် ဆေးလုံးကို စားသုံးရပါက သူ၏ ကျန်းမာရေး ပြန်လည်ကောင်းမွန်လာနိုင်ဖွယ် ရှိသည်။

ဤကောလာဟလသည် မင်းသားများကို ပို၍ပင် မတည်မငြိမ် ဖြစ်စေခဲ့သည်။ ဆွမ်ဧကရာဇ် ကျန်းမာရေး ပြန်လည်ကောင်းမွန်လာပါက သူတို့ ထီးနန်းကို သိမ်းပိုက်နိုင်မည့် အခွင့်အရေးများ ပို၍ပင် နည်းပါးသွားလိမ့်မည်။

သူတို့သည် ဆွမ်ဧကရာဇ်၏ ကွယ်လွန်ခြင်းကို စိတ်အားထက်သန်စွာ စောင့်ဆိုင်းနေခဲ့ကြခြင်းဖြစ်သည်။ ယခုတော့ သူ၏ကျန်းမာရေး ပြန်ကောင်းလာနိုင်သည်ဟု ကြားသိရသည့်အတွက် မည်သို့စိုးရိမ်ပူပန်မှု မရှိပဲ နေနိုင်မည်နည်း။

လက်ထဲရှိ ထောက်လှမ်းရေး အချက်အလက်များကို ချထားပြီးနောက် လုချန်း သူ၏ လက်များကို မြှောက်ကာ နားထင်များကို နှိပ်နယ်လိုက်သည်။

ရှနိုင်ငံတော်နယ်နိမိတ်အတွင်းရှိ အဆင့်ငါးနှင့် အထက် သိုင်းပညာရှင်များသည် ကြီးမားသော အန္တရာယ်တွင် ရှိနေပြီး ထိုအချက်က အထူးကိုယ်ရံတော်များ၏ လုပ်ဆောင်ချက်များကို ကန့်သတ်ထားသည်။ သူတို့၏ပျောက်ဆုံးမှုများ ဆွမ်ဧကရာဇ်နှင့် ဆက်စပ်မှုရှိမရှိကို စုံစမ်းရန်က လွယ်ကူသော အလုပ်မဟုတ်ပေ။

သို့သော် သိုင်းပညာရှင်များ အကြီးအကျယ် ပျောက်ဆုံးမှုသည် သံချပ်ကာ မြင်းတပ်က တောင်ပိုင်းမှ နေပြည်တော်သို့ သယ်ယူပို့ဆောင်နေသည့် အရာနှင့် ဆက်စပ်နေနိုင်သည်ဟု လုချန်း ဝိုးတဝါး ခံစားမိသည်။

ဤဖြစ်ရပ်နှစ်ခု တိုက်ဆိုင်နေခြင်းသည် သံသယဖြစ်စရာ ဖြစ်သော်လည်း ခိုင်မာသော အထောက်အထားမရှိပါက အရာအားလုံးသည် မှန်းဆချက် သက်သက်သာ ဖြစ်သည်။

လုချန်းသူဘာသူ ရေရွတ်လိုက်သည်။

“ထားလိုက်ပါတော့။ သူ ဘာပဲ လုပ်လုပ် ယောင်ယောင်နဲ့ နန်ရန်ရဲ့ ကလေး မွေးပြီးတာနဲ့ တပြိုင်နက် ချက်ချင်း တောင်ဘက်ကို စစ်ချီမယ်။”

ရဲလိနန်ရန်နှင့် ရှောင်ဝမ်ယောင်တို့၏ ကလေး မွေးဖွားပြီးသည်နှင့် စနစ်က သူ့ကို စစ်တပ်နှင့် အစွမ်းထက် စစ်သည်တော်များ ဆုချလိမ့်မည်ဟု လုချန်း ယူဆထားသည်။ စစ်သည်များနှင့် အင်အားကောင်းသော မဟာမိတ်များ ပိုမိုရှိလာပါက တောင်ပိုင်းသို့ ချီတက်ရန် သူ၏ယုံကြည်မှု ပို၍ကြီးမားလာမည်ဖြစ်သည်။

“မင်းသား။ တပ်မှူးလျှံ ဝင်ခွင့်တောင်းပါတယ်။”

အစေခံမလေး၏ အသံကို ကြားပြီး လုချန်း သတိပြန်ဝင်လာသည်။

“ဝင်ခွင့်ပြုလိုက်ပါ။”

လျှံဇွန်း ချက်ချင်း စာကြည့်ခန်းသို့ ဝင်လာပြီး ဂါရဝမပြုမီပင် လုချန်းက ဦးစွာမေးလိုက်သည်။

“နေပြည်တော်ကနေ သတင်းတစ်ခုခု ရပြီလား။”

လျှံဇွန်းက

“မင်းသားကို အစီရင်ခံပါတယ်။ ကျွန်တော်တို့လူတွေက သံချပ်ကာ မြင်းတပ်က ဘာကို အတိအကျ ကာကွယ်ပို့ဆောင်နေလဲဆိုတာ မသိရသေးပါဘူး။ ဒီနေ့တော့ တခြားသတင်းတစ်ခု ယူလာခဲ့ပါတယ်။”

လုချန်းက

“ဘာသတင်းလဲ။”

လျှံဇွန်းက စာရွက်ကို လုချန်း၏ စားပွဲပေါ် တင်လိုက်သည်။ စာရွက်တစ်ရွက်သာ ဖြစ်သဖြင့် ခိုစာဖြစ်ရမည်ဖြစ်ပြီး အလွန်အရေးကြီးသော ထောက်လှမ်းရေး အချက်အလက်များ ပါဝင်နိုင်သည်ကို လုချန်း သိလိုက်သည်။ သူ ချက်ချင်း စာရွက်ကို ကောက်ယူကာ အလျင်အမြန် ကြည့်လိုက်သည်။

အကြောင်းအရာကို ဖတ်ပြီးနောက် လုချန်း၏ မျက်ခုံးများ တွန့်သွားသည်။

လွန်ခဲ့သော နှစ်ညက ဆွမ်ဧကရာဇ်အား အဆိပ်ခတ် လုပ်ကြံရန် ကြံစည်မှုတစ်ခု ဖြစ်ပွားခဲ့ပြီး လုပ်ကြံမှု မအောင်မြင်ခဲ့ပေ။ စုံစမ်းစစ်ဆေးမှုများ အပြီးတွင် လူတစ်ရာကျော် တိုက်ရိုက်ပါဝင်ပတ်သက်နေကြောင်း တွေ့ရှိရပြီး အထောက်အထားအားလုံးက လင်မိသားစု ဤအမှုကို ကျူးလွန်ခဲ့သည်ဟု ညွှန်ပြနေသည်။

ယခုအခါတွင် လင်မိသားစုတစ်ခုလုံးကို နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းထားပြီး

လင်ကောင်းယွမ်နှင့် လင်ရှုမင်တို့ကို ဖမ်းဆီး၍ ကောင်းကင်အကျဉ်းထောင်သို့ ပို့ဆောင်ကာ စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ရန် စောင့်ဆိုင်းနေစေသည်။

ဖြစ်ရပ်မှာ လွန်ခဲ့သော နှစ်ညကမှ ဖြစ်ပွားခဲ့ခြင်း ဖြစ်သော်လည်း တစ်ရက်အတွင်း ပါဝင်ပတ်သက်သူအားလုံးကို ဖော်ထုတ်နိုင်ခဲ့သည်။ အလွန်မြန်ဆန်လွန်းသည်ဟု ထင်ရသည်။

ထို့ပြင် နောက်ကွယ်မှ ကြိုးကိုင်သူက လင်ကောင်းယွမ်ဟု ညွှန်ပြနေသည်။

ဒါက ရှင်းရှင်းလင်းလင်းကို အမှုဆင်ထားခြင်းဖြစ်သည်။

လင်ကောင်းယွမ်သည် မြောက်ပိုင်းပြည်နယ်ကို သစ္စာခံထားသည်မှာ ကြာပြီဖြစ်သည်။ အိမ်ရှေ့မင်းသား အာဏာရလာသည့်နောက်ပိုင်းတွင် နန်းတွင်း၌ အလွန်တိတ်ဆိတ်စွာ နေထိုင်ခဲ့သည်။

သူက ဒီလို ကိစ္စမျိုးမှာ ဘယ်လိုလုပ် ပါဝင်ပတ်သက်နိုင်မှာလဲ။

အခန်း (၆၆၈)

အိမ်ရှေ့မင်းသား ပုန်ကန်ခြင်း (၂)

တစ်စုံတစ်ဦးက လင်မိသားစုအား အနှောင့်အယှက်အဖြစ် မြင်ပြီး လင်မိသားစုတစ်ခုလုံးကို ရှင်းပစ်လိုသည်မှာ ထင်ရှားသည်။

လုချန်း ခဏမျှ ဆင်ခြင်သုံးသပ်မိသည်။ ဤဖြစ်ရပ်နောက်ကွယ်တွင် ဘယ်သူက အများဆုံး ဖြစ်နိုင်သနည်း။

အိမ်ရှေ့မင်းသားလား....

သို့မဟုတ် အခြားမင်းသားတစ်ပါးလား။

သို့သော် ဖြစ်နိုင်ခြေမှာ အိမ်ရှေ့မင်းသားပင် ဖြစ်သည်။

ယခုအချိန်အထိ လင်ကောင်းယွမ်သည် သူ၏ ရပ်တည်ချက်ကို ရှင်းလင်းစွာ မဖော်ပြသေးချေ။ အိမ်ရှေ့မင်းသားအတွက် လင်ကောင်းယွမ်သည် ဆွမ်ဧကရာဇ်၏ လူတစ်ဦးအဖြစ် ရှိနေသေးသည်။ ဆွမ်ဧကရာဇ် နာမကျန်းဖြစ်ချိန်မှစ၍ နိုင်ငံတော် ပညာရှိနှင့် ဆွမ်ဧကရာဇ်နှင့် အရင်းနှီးဆုံး ပုဂ္ဂိုလ်များမှလွဲ၍ ဝန်ကြီးချုပ်နှစ်ဦးဖြစ်သော လင်ကောင်းယွမ်နှင့် ကျောင်းဝမ်ဟန်တို့သာ ဆွမ်ဧကရာဇ်နှင့် တွေ့ဆုံခွင့် ရရှိခဲ့သည်။

ကျောင်းဝမ်ဟန်သည် အိမ်ရှေ့မင်းသားဘက်သို့ ပွင့်လင်းစွာ ရပ်တည်လိုက်ပြီး ဖြစ်သည်။ ထို့ကြောင့် အိမ်ရှေ့မင်းသားအတွက် လင်ကောင်းယွမ်သည် နန်းတွင်းတွင် အကြီးမားဆုံး ခြိမ်းခြောက်မှု ဖြစ်သည်။ ထို့ကြောင့် သူသည် ဤအခွင့်အရေးကိုယူကာ လင်ကောင်းယွမ်ကိုလည်း ဖယ်ရှားပစ်ခဲ့သည်။

ဤနည်းဖြင့် နိုင်ငံတော် ပညာရှိမှလွဲ၍ ကျောင်းဝမ်ဟန်တစ်ဦးတည်းသာ ဆွမ်ဧကရာဇ်နှင့် တွေ့ဆုံနိုင်မည်ဖြစ်ပြီး နောင်တွင် သူတို့လုပ်မည့် လုပ်ရပ်များအတွက် အခြေခံအုတ်မြစ် ချပေးလိုက်ခြင်းဖြစ်သည်။

ဥပမာအားဖြင့် နန်းတွင်းအမိန့်တော်အတုများ လုပ်ခြင်း၊ အမိန့်တော်များကို ပြုပြင်ခြင်း စသည်တို့ဖြစ်သည်။

ထိုအချိန်တွင် လျှံဇွန်းက

“မင်းသား။ လင်မိသားစုကို ကယ်တင်ဖို့ လိုသေးလား။”

လျှံဇွန်းသည် အထူးကိုယ်ရံတော်တပ်၏ တပ်မှူးဖြစ်သည်။ အဓိက ထောက်လှမ်းရေးသတင်းများ ရရှိသူတစ်ဦးအနေနှင့် လင်ကောင်းယွမ်သည် မင်းသား၏ လူဖြစ်ကြောင်း သူ ကောင်းစွာသိသည်။ ယခုအခါ လင်ကောင်းယွမ် အကျဉ်းချခံထားရပြီ ဖြစ်သဖြင့် အထူးကိုယ်ရံတော်များ ပါဝင်လှုပ်ရှားရတော့မည်ဖြစ်သည်။

လုချန်း ခဏမျှ စဉ်းစားပြီးနောက်

“လောလောဆယ်တော့ မလိုသေးဘူး။ ကျွန်တော့်ဖခင် ဧကရာဇ်က လင်ကောင်းယွမ် အဖမ်းခံရတာကို လက်ပိုက်ကြည့်နေမှာ မဟုတ်ဘူး။ ဒါပေမဲ့ သူတို့အသက်အန္တရာယ်ရှိလာပြီဆိုရင်တော့ အထူးကိုယ်ရံတော်တွေက လင်မိသားစု နေပြည်တော်ကနေ ထွက်ခွာနိုင်အောင် နည်းလမ်းရှာပေးရမယ်။”

ဆွမ်ဧကရာဇ်သည် လူမိုက်မဟုတ်ပေ။ လင်ကောင်းယွမ် မည်သည့်မင်းသားဘက်မှ မလိုက်သရွေ့ ဆွမ်ဧကရာဇ်၏ လူဖြစ်သည်။

ယခု အိမ်ရှေ့မင်းသားက သူ၏လူကို ဖယ်ရှားရန် ကြိုးစားနေပြီဖြစ်ရာ ဆွမ်ဧကရာဇ်က မည်သို့ သဘောတူနိုင်မည်နည်း။ လင်မိသားစုကို ကာကွယ်ရန် သူ ဝင်ရောက်စွက်ဖက်နိုင်‌ခြေရှိသည်။ မည်သို့ပင်ဖြစ်စေ ဧကရာဇ်သည် နာမကျန်းဟန်ဆောင်နေခြင်းသာဖြစ်ပြီး အမှန်တကယ် သေဆုံးသွားခြင်း မဟုတ်သေးပေ။

လျှံဇွန်းက

“နားလည်ပါပြီ။”

“တခြားကိစ္စ မရှိတော့ရင် ကျွန်တော့်ကို ခွင့်ပြုပါ “

“ကောင်းပါပြီ။ ခင်ဗျားတာဝန်တွေကို ဆက်လုပ်ပါ”

........

ရက်အနည်းငယ်ကြာပြီးနောက်။

ရှနိုင်ငံတော် နေပြည်တော်။

ကောင်းကင် အကျဉ်းထောင်တွင်။

လင်ကောင်းယွမ်နှင့် လင်ရှုမင်တို့သည် ကပ်လျက်အခန်းများတွင် အကျည်းချခံထားရသည်။ သူတို့ အကျဉ်းချခံထားရသော်လည်း ထောင်မှူးများက သူတို့ကို လေးလေးစားစား ဆက်ဆံကြပြီး မနှိပ်စက်ရဲကြချေ။

လင်ရှုမင်က မြေပြင်ပေါ်တွင် ခြေထောက်ချိတ်ထိုင်ရင်း

“ဖခင်။ အခု ဘာလုပ်ကြမလဲ။”

မျက်လုံးမှိတ်၍ အိပ်ရာပေါ်တွင် နားနေသော လင်ကောင်းယွမ်က

“ဆက်ပြီး စောင့်ကြစို့။”

ဟု အေးဆေးစွာ အဖြေပေးလိုက်သည်။

ဖခင်ဖြစ်သူ၏ တည်ငြိမ်သော အမူအရာကို မြင်သောအခါ လင်ရှုမင်က နားမလည်နိုင်စွာဖြင့်

“ဖခင်။ ဒီအခြေအနေမှာတောင် ဖခင်က ဘယ်လိုလုပ် ဒီလောက် မတုန်လှုပ်ပဲ နေနိုင်ရတာလဲ။ ဧကရာဇ်ကို လုပ်ကြံဖို့ ကြိုးစားတယ်ဆိုတဲ့ စွဲချက်က မိသားစုတစ်ခုလုံးကို သေဒဏ်ပေးနိုင်တဲ့ ရာဇဝတ်မှုပဲ။”

လင်ကောင်းယွမ်က ရယ်မောလိုက်ပြီး

“မင်း အခု ပူပန်နေလို့ ဘာထူးမှာလဲ။ ထောင်ကနေ ထွက်ပြေးဖို့ စဉ်းစားနေတာလား။ တကယ်လို့ ထွက်ပြေးခဲ့ရင် ငါတို့ လင်မိသားစုရဲ့ ပြစ်မှုက ပိုပြီး အတည်ပြုပြီးသား ဖြစ်သွားမှာပဲ။”

လင်ကောင်းယွမ်၏ စကားများကို ကြားသောအခါ လင်ရှုမင် ခဏမျှ တောင့်တင်းသွားပြီးနောက် စကားပြောရန် တုံ့ဆိုင်းနေခဲ့သည်။

ထိုအချိန်တွင် သူက လက်သီး ဆုပ်လိုက်ပြီး မြေပြင်ပေါ်သို့ ထိုးချလိုက်ရာ ချက်ချင်းပင် ချိုင့်ခွက်တစ်ခု ဖြစ်ပေါ်လာသည်။

လင်ရှုမင်၏ စိတ်ထဲတွင် အလွန်အမင်း မကျေမနပ် ဖြစ်နေခဲ့သည်။ လင်မိသားစုသည် ဘာမှ မလုပ်ခဲ့သော်လည်း ဧကရာဇ်ကို လုပ်ကြံရန် ကြိုးစားမှုဖြင့် စွပ်စွဲခံခဲ့ရသည်။

သူတို့သည် ကောင်းကင်ထောင်တွင် သေခြင်းကိုသာ စောင့်ဆိုင်းနေရတော့မည်လား။

သားဖြစ်သူ စိတ်ဆိုးဒေါသထွက်နေသည်ကို ကြည့်ရင်း လင်ကောင်းယွမ်က

“ရှုမင်။ အဲ့ဒီ အသေးအဖွဲ သက်သေအထောက်အထားတွေက ငါတို့ လင်မိသားစုကို ဖျက်ဆီးဖို့ လုံလောက်တယ်လို့ မင်း တကယ်ယုံကြည်လား။”

လင်ကောင်းယွမ်၏ စကားကို ကြားသောအခါ လင်ရှုမင် ခဏမျှ ရပ်တန့်သွားပြီးနောက်

“ဖခင်။ ဒါက ဧကရာဇ်ကို လုပ်ကြံတဲ့ ရာဇဝတ်မှုပါ။ ပြီးတော့ အဲ့ဒီသက်သေအထောက်အထားတွေ အကုန်လုံး ကျွန်တော်တို့ အိမ်မှာ တွေ့ခဲ့တာ။ အဲ့ဒါတွေက ကျွန်တော်တို့ကို ပြစ်ဒဏ်ချဖို့ လုံလောက်တဲ့ သက်သေတွေ မဟုတ်ဘူးလား။”

လင်ကောင်းယွမ်က နှာခေါင်းရှုံ့ပြီး

“သူတို့ရဲ့ လုပ်ကြံမှုတွေနဲ့ မမှန်ကန်တဲ့ စွပ်စွဲချက်တွေကို သူယုံမှာမဟုတ်ဘူး။”

လင်ရှုမင်က

“ဒါပေမဲ့ မင်းကြီးက အခု...”

လင်ရှုမင် စကားမဆုံးခဲ့။ သူ ပြောချင်သည်မှာ ဆွမ်ဧကရာဇ်သည် သေလုမြောပါး ဖြစ်နေပြီး လင်မိသားစုကို ဆက်လက် စောင့်ရှောက်နိုင်တော့မည် မဟုတ်ကြောင်း ဖြစ်သည်။ အိမ်ရှေ့မင်းသားက သူတို့ကို တရားစီရင်မည်ဖြစ်ပြီး လင်မိသားစုကို ချမ်းသာပေးရန် သူ စဉ်းစားထားပုံတော့ မရပေ။

လင်ကောင်းယွမ်က စကားဖြတ်ပြောသည်။

“ဖခင် မင်း ဘာပြောချင်လဲဆိုတာ သိတယ်။ ဒါပေမဲ့ ကိစ္စတွေက မင်းထင်သလောက် မရိုးရှင်းဘူး။ ရှနိုင်ငံတော်ရဲ့ သံချပ်ကာ မြင်းတပ်က တောင်ပိုင်းကို သွားတာ မင်း သတိမထားမိဘူးလား။”

“သံချပ်ကာ မြင်းတပ်ကို အခု ဘယ်သူက ထိန်းချုပ်ထားတယ်ဆိုတာ မင်း ဘာလို့ မစဉ်းစားတာလဲ။”

အစက ဆွမ်ဧကရာဇ် စိတ်အ‌ခြေအနေ မမှန်ဖြစ်နေသည်ဟု လင်ကောင်းယွမ် ထင်ခဲ့သော်လည်း ဧကရာဇ် ဤမျှမြန်မြန် သေဆုံးမည်ဟုတော့ သူ မယုံကြည်ခဲ့ပေ။

ဆွမ်ဧကရာဇ်က သံချပ်ကာ မြင်းတပ်ကို အမိန့်ပေးကြောင်း သူ သိရှိရသည်နှင့် သူ၏ ခန့်မှန်းချက်ကို ပိုမိုသေချာစေခဲ့သည်။ ဆွမ်ဧကရာဇ်သည် အကောင်းပကတိ ဖြစ်နိုင်ပြီး တစ်စုံတစ်ရာကို ကြံစည်နေပုံရသည်။

ထို့ကြောင့် လင်မိသားစု အဖမ်းခံရသော်လည်း လင်ကောင်းယွမ် လုံးဝ စိုးရိမ်ခြင်း မရှိခဲ့ချေ။ သူသည် မည်သူ့ဘက်ကိုမှ မလိုက်သေးသည့် ဝန်ကြီးအနည်းငယ်ထဲမှ တစ်ဦးဖြစ်သည်။ သူသည် မည်သည့်မင်းသား၏ အဖွဲ့နှင့်မှ မပတ်သက်သော ဆွမ်ဧကရာဇ်၏ လူဖြစ်သည်။ လင်မိသားစုကို အိမ်ရှေ့မင်းသား ဖယ်ရှားသည်ကို ဆွမ်ဧကရာဇ် လက်ပိုက်ကြည့်နေမည် မဟုတ်ပေ။

ဆန့်ကျင်ဘက်အားဖြင့် ပြဿနာ ရင်ဆိုင်ရတော့မည့်သူမှာ အိမ်ရှေ့မင်းသား၏ အုပ်စုဖြစ်သည်။ ဆွမ်ဧကရာဇ်ကို အဆိပ်ခတ်ခြင်း၊ အာဏာသိမ်းရန်နှင့် ရာဇပလ္လင်ကို လုယူရန် ကြံစည်ခြင်းတို့‌ကြောင့် လုရိ၏ အိမ်ရှေ့မင်းသားဘဝက ရက်အနည်းငယ်သာ ရှိတော့မည် ဖြစ်သည်။

ထိုစဉ် သံကြိုးမြည်သံများ မလှမ်းမကမ်းမှ ပဲ့တင်ထပ်လာခဲ့သည်။

နောက်ထပ် လူတစ်ဦး ရောက်ရှိလာတော့မည်ကို သိလိုက်ပြီး လင်ကောင်းယွမ် စကားပြောခြင်းကို ရပ်လိုက်သည်။

နောက်တစ်ခဏတွင် ကျောင်းဝမ်ဟန် အပါအဝင် ရင်းနှီးသော ပုံရိပ်များစွာ လင်ကောင်းယွမ်နှင့် သူ့သားရှေ့တွင် ပေါ်လာခဲ့သည်။

ကျောင်းဝမ်ဟန်သည် ထောင်ဝတ်စုံ ဝတ်ဆင်ထားပြီး ခြေထောက်နှင့် လက်ကောက်ဝတ်တွင် သံကြိုးများ ချည်နှောင်ခံထားရသည်။

ထိုမြင်ကွင်းကို မြင်သောအခါ လင်ကောင်းယွမ် ရယ်မောလိုက်ပြီး

“ကျောင်းလူကြီးမင်းက ကျုပ်ကို အဖော်ပြုဖို့ ရောက်လာတာလား။”

ထိုစကားကို ကြားသောအခါ ကျောင်းဝမ်ဟန်က လင်ကောင်းယွမ်ကို မနာလိုသော မျက်လုံးများဖြင့် စိုက်ကြည့်ကာ နှာခေါင်းရှုံ့ပြီး

“ကိုယ့်ကိုယ်ကိုယ် သိပ်မကျေနပ်နဲ့ လင်လူကြီးမင်း။ မြောက်ပိုင်းနယ်စားမင်းသားက အိမ်ရှေ့မင်းသားဘက်လိုက်သွားပြီ။ ခင်ဗျား အခု ထွက်သွားရင်တောင် အနှေးနဲ့အမြန် ဒီကို ပြန်ရောက်လာမှာပဲ။”

ထိုအချိန်တွင် ထောင်မှူးက လင်ကောင်းယွမ်ကို ချုပ်ထားသော အခန်းတံခါးသို့ ရောက်ရှိလာပြီး တံခါးကို ဖွင့်ကာ ဦးညွှတ်၍ လင်ကောင်းယွမ်အား

“ဝန်ကြီးချုပ် လင်။ အမှုကိစ္စကို စေ့စေ့စပ်စပ် စစ်ဆေးပြီးပြီ။ ခင်ဗျား လွတ်ပြီ။”

လင်ကောင်းယွမ်သည် အိပ်ရာမှ မဆိုင်းမတွ ထရပ်ကာ တန်းတန်းမတ်မတ် လျှောက်ထွက်သွားခဲ့သည်။ စင်္ကြံသို့ ရောက်သည်နှင့် ကျောင်းဝမ်ဟန်အား

“ကျောင်းလူကြီးမင်း။ နဂါးမှာ မထိသင့်တဲ့ အကြေးခွံတွေ ရှိတယ်။ ထိလိုက်ရင် သေတတ်တယ်။ ဧကရာဇ်ကဆီမှာ ဆယ်စုနှစ်များစွာ အမှုထမ်းပြီး ခင်ဗျား ဒီနိယာမကို ခုထိ နားမလည်သေးဘူးလား။”

“ဒီတစ်ခါ ခင်ဗျား ဒီထဲကထွက်ရင် ကွပ်မျက်ခံရဖို့ပဲ ဖြစ်နိုင်တယ်။”

ထိုစကားများ ပြောပြီးနောက် လင်ကောင်းယွမ်လည်း ကျောင်းဝမ်ဟန်၏ ကျိန်ဆဲသံများကို လျစ်လျူရှုကာ တန်းတန်းမတ်မတ် ထွက်ခွာသွားခဲ့သည်။

........

နောက်ရက်များတွင် လင်မိသားစု အပြစ်မှ လွတ်မြောက်ခဲ့ပြီး လင်ကောင်းယွမ် နန်းတွင်းသို့ ပြန်လည်ရောက်ရှိခဲ့သည်။ တစ်ချိန်တည်းတွင် အိမ်ရှေ့မင်းသား၏ အုပ်စုဝင်များ သေဆုံးခြင်း သို့မဟုတ် ဖမ်းဆီးခြင်းများ ခံခဲ့ရသည်။

လုရိ၏ အိမ်ရှေ့မင်းသား ရာထူးကို မရုပ်သိမ်းရသေးသဖြင့် သူသည် အုပ်ချုပ်သူအဖြစ် ဆက်လက်ရှိနေသော်လည်း ပြင်းထန်သော အန္တရာယ်ခံစားမှုတစ်ခုကို သူ ခံစားနေရသည်။

ကောလာဟလများအတိုင်း တကယ်ပင် ထာဝရတန်ခိုးရှင် ဆေးလုံး ရှိနေလျှင် သူ ဆက်လက် စောင့်ဆိုင်းနေပါက သူ့ဖခင် ဧကရာဇ် နန်းတွင်းသို့ ပြန်ရောက်လာမည်မှာ သေချာပြီး သူ၏ အိမ်ရှေ့မင်းသား ရာထူးကိုလည်း မလွဲမသွေ ရုပ်သိမ်းခံရမည်ဖြစ်သည်။

မဖြစ်ပါ။ သူ ဆက်ပြီး လက်ပိုက်ကြည့်နေလို့ မရတော့ပေ။

ဘယ်လိုပဲဖြစ်ဖြစ် သူ အဲ့ဒီ ရာထူးကို တက်လှမ်းရမည်။

နောက်တစ်လအတွင်း လုရိသည် စစ်တူစီကို စည်းရုံးရန် ကြိုးစားခဲ့ပြီး နန်းတွင်းမှ အဆင့်လွန် ပညာရှင်များနှင့် အလွန်ရင်းနှီးအောင် ကြိုးစားခဲ့ကာ စစ်သူကြီးအချို့ကိုလည်း စုဆောင်းခဲ့သည်။

မင်းသား လုရှုယွမ်ကဲ့သို့ ကံကြမ္မာမျိုး မကြုံရစေရန် လုရိသည် လုချန်းနှင့်လည်း စောစီးစွာ ဆက်သွယ်ခဲ့ပြီး မအောင်မြင်ပါက မြောက်ပိုင်းပြည်နယ်သို့ ထွက်ပြေးရန် စီစဉ်ခဲ့သည်။

နောက်ဆုံးတွင် အားလုံး အဆင်သင့်ဖြစ်ပြီဟု ခံစားရသောအခါ လုရိသည် ညတစ်ညတွင် သူ၏တပ်များကို ဦးဆောင်ကာ

နန်း‌တော်သို့ တန်းတန်းမတ်မတ် ချီတက်ခဲ့သည်။

.................

အခန်း (၆၆၉)

နောက်ပြန်ဆုတ်ရန် လမ်းမရှိပြီ (၁)

သန်းခေါင်ယံကာလ။

အရာရာတိတ်ဆိတ်နေချိန်။

ဝူကျန်းဝမ်၏ အခန်းမီးမှာ လင်းနေဆဲဖြစ်ပြီး အတွင်းမှအသံများ ခြံဝင်းထဲ လွှင့်ပျံနေသည်။ တံခါးဝရှိ အစေခံမိန်းကလေးများ သမ်းဝေနေကြ၏။

ဤရက်များတွင် သူတို့သည် တဖြည်းဖြည်း အကျင့်ဖြစ်နေပြီဖြစ်ရာ ယခင်ကကဲ့သို့ ရှက်ရွံ့ခြင်း မရှိတော့ချေ။ အခန်းထဲမှ အသံများ ကြားရသော်လည်း မျက်နှာနီမြန်းခြင်း ရင်ခုန်ခြင်းတို့ မရှိတော့ပေ။

ထိုစဉ် အစေခံမိန်းကလေးတစ်ဦး ခြံဝင်းထဲသို့ အလျင်အမြန်ပြေးဝင်လာပြီး တံခါးဝရှိ အစေခံမိန်းကလေးများကို အလောတကြီး လေသံဖြင့်

“တပ်မှူ လျှံက မင်းသားကို တွေ့ဖို့ တောင်းဆိုနေပါတယ်။ မင်းသားကို မြန်မြန် သွားလျှောက်တင်ပေးပါ။”

တံခါးဝရှိ အစေခံမိန်းကလေးက ချက်ချင်းပြန်ဖြေ၏။

“အခုချိန်မှာတော့ မဖြစ်နိုင်သေးဘူး ထင်ပါတယ်။မင်းသားက အားအပြည့်ရှိနေတုန်းပါပဲ။”

အစေခံမိန်းကလေးများအားလုံး လုချန်း၏ စွမ်းဆောင်ရည်များကို သိကြသည်။ လုချန်းစတင်သည်မှာ နှစ်နာရီခန့်သာ ရှိသေးသည်။ ဤမျှမြန်မြန်ဆန်ဆန် ပြီးဆုံးမည် မဟုတ်ပေ။

သို့သော် ထိုအချိန်တွင် လုချန်း၏ အသံက အခန်းထဲမှ ထွက်ပေါ်လာသည်။

“တပ်မှူး လျှံကို စာကြည့်ခန်းမှာ ခဏစောင့်ခိုင်းလိုက်။ ခဏနေရင် ငါလာခဲ့မယ်။”

အရိပ်အယောင် ကောင်းကင်လူသား တစ်ဦးအနေနှင့် လုချန်း၏ အာရုံခံနိုင်စွမ်းမှာ အလွန်အားကောင်းလှသည်။ လျှံဇွန်း သူ့ကို ရှာဖွေနေသည်ကို ချက်ချင်း သိလိုက်၏။

သို့သော်လည်း သူ၏ လက်ရှိကိစ္စကို အရင်ဆုံး အဆုံးသတ်ရန် စီစဉ်ထားသည်။

သတင်းပို့ရန် လာသော အစေခံမိန်းကလေး လုချန်း၏ အသံကို ကြားသောအခါ ချက်ချင်းပင်

“ဟုတ်ကဲ့ပါ မင်းသား။”

အစေခံမိန်းကလေး ထွက်သွားပြီးနောက် လုချန်းလည်း အလျင်အမြန်ပင် အရှိန်မြှင့်လိုက်သည်။

ကိစ္စများ ပြီးဆုံးသွားသောအခါ လုချန်း ထရပ်ပြီး အဝတ်အစားများ စတင်ဝတ်ဆင်လိုက်သည်။ ထို့နောက် အိပ်ရာပေါ်တွင် လဲလျောင်းနေသော ဝူကျန်းဝမ်ကို ကြည့်ကာ ပြုံးလျက်

“ရုတ်တရက် ကိစ္စပေါ်လာလို့ တောင်းပန်ပါတယ်။ ဒီည ဧကရီကို ဆက်ပြီး အလုပ်အကျွေး ပြုနိုင်တော့မှာ မဟုတ်ဘူး။”

ထိုစကားကို ကြားသောအခါ ဝူကျန်းဝမ် လုချန်းဘက်သို့ လှည့်ကြည့်သည်။ သူမ၏ မျက်လုံးများတွင် အာရုံမကြည်လင်သေးသည့် အကြည့်များ ရှိနေဆဲဖြစ်သည်။

“ ဟူး... မင်းသားက တကယ် အလုပ်များတဲ့သူပဲ။ ဒီလို ညဉ့်နက်တဲ့အချိန်ကြီးမှာတောင်... လုပ်စရာကိစ္စတွေ ရှိနေတုန်းပဲလား။”

“မတတ်နိုင်ဘူး။ ဒုက္ခများတဲ့ ဆောင်းဦးကာလပဲလေ။”

ဟု လုချန်းက ကူကယ်ရာမဲ့စွာ ပြောလိုက်သည်။

ဝူကျန်းဝမ်က အားအင်ချိနဲ့စွာဖြင့်

“မင်းသား ကိုယ့်အလုပ်ကို သွားလုပ်ပါ... ကျွန်မလည်း အိပ်တော့မယ်”

“ကောင်းပြီလေ ဒီည ကောင်းကောင်း အနားယူပါ။”

ထို့နောက် လုချန်း ထွက်ခွာသွားတော့သည်။

မကြာမီ လုချန်း စာကြည့်ခန်းသို့ ရောက်လာပြီး လျှံဇွန်းက တံခါးဝတွင် လုချန်းကို ချက်ချင်း လာရောက် နှုတ်ဆက်သည်။

“မင်းသားကို ဂါရဝပြုပါတယ်။”

“ဒီလို ညဉ့်နက်တဲ့အချိန်မှာ အနှောင့်အယှက်ပေးမိလို့ တောင်းပန်ပါတယ်။ ကျွန်တော့်အမှားပါ။”

လုချန်းက စာကြည့်ခန်းထဲသို့ တည့်တည့်လျှောက်ဝင်သွားပြီး

“ရပါတယ်။ ဝင်ခဲ့ပါ။”

သာမန်အခြေအနေမျိုးတွင် သာမန်ထောက်လှမ်းရေးသတင်းမျှသာဆိုပါက လျှံဇွန်း နောက်တစ်နေ့မှ စာကြည့်ခန်းသို့ လာရောက် ပေးပို့မည်ဖြစ်သည်။ နေပြည်တော်မှ အရေးပေါ်သတင်းများ ရောက်ရှိလာ၍သာ လုချန်းဆီ ချက်ချင်းလာရောက် အကြောင်းကြားခြင်း ဖြစ်နိုင်သည်။

မကြာသေးမီ လျှံဇွန်းအား နေပြည်တော်တွင် ကိစ္စကြီးကြီးမားမားတစ်ခုခု ဖြစ်ပါက အချိန်မရွေး ချက်ချင်း အကြောင်းကြားရန် သူ ညွှန်ကြားထားခဲ့သည်။

ထို့ကြောင့် ဒီည လျှံဇွန်း လာရောက်ခြင်းမှာ နေပြည်တော်တွင် တစ်စုံတစ်ခု ဖြစ်ပွားနေကြောင်း ဖော်ပြသည်။

စာကြည့်ခန်းထဲသို့ ရောက်သည်နှင့် လျှံဇွန်းက စာရွက်တစ်ရွက်ကို လုချန်းအား ချက်ချင်း ကမ်းပေးလိုက်ပြီးနောက်

“အိမ်ရှေ့မင်းသားရဲ့ ပုန်ကန်မှု မအောင်မြင်ပါဘူး။ ဒါပေမဲ့ သူက ပျောက်ဆုံးနေပါတယ်။”

လျှံဇွန်းထံမှ စာရွက်ကိုယူကာ လုချန်း တစ်ချက်ကြည့်လိုက်သည်။ လုရိသည် မကြာသေးမီက သူ့ကို အကြိမ်ကြိမ် အရိပ်အမြွက် ပြောနေသည်မှာ အံ့ဩစရာမရှိတော့ပေ။ လုရိသည် ပွင့်ပွင့်လင်းလင်း ပုန်ကန်ရန် ရည်ရွယ်ထားခြင်း ဖြစ်ကြောင်း သူတွေးမိလာသည်။

စာပါ အကြောင်းအရာများကို ဖတ်ပြီးနောက် လုချန်း တစ်ချက်ရယ်မောလိုက်သည်။ သူ့အစ်ကိုများမှာ တကယ်ပင် မိုက်မဲလှသည်။ သူတို့နောက်တွင် သိုင်းပညာရှင် အနည်းငယ်မျှနှင့် ရဲရဲတင်းတင်း ပုန်ကန်ရဲကြသည်။ ဤသည်မှာ သေခြင်းကို ရှာဖွေခြင်း မဟုတ်ပါလား။

ထို့နောက် လုချန်းက လျှံဇွန်းအား

“အထူးကိုယ်ရံတော်‌ အဖွဲ့က အိမ်ရှေ့မင်းသား မြောက်ဘက်ကို ထွက်ပြေးသွားသလားဆိုတာ စုံစမ်းပါ။”

လုရိသည် မကြာသေးမီက မြောက်ပိုင်းပြည်နယ်သို့ စာများစွာ ပေးပို့ခဲ့ပြီး အကျိုးအမြတ်များစွာ ပေးခဲ့သည်။ ပုန်ကန်မှု မအောင်မြင်ပါက သူ၏နောက်ဆုံးခိုလှုံရာနေရာအဖြစ် မြောက်ပိုင်းပြည်နယ်ကို စဉ်းစားထားနိုင်ခြေ အလွန်များသည်။

ထိုအချိန်တွင် လျှံဇွန်းက သတိထားမေးလိုက်သည်။

“အိမ်ရှေ့မင်းသား မြောက်ဘက်ကို ထွက်သွားတယ်လို့ အတည်ပြုနိုင်ရင်... ကျွန်တော်တို့ ဘာလုပ်သင့်လဲ။”

လျှံဇွန်းက ဆက်မပြောတော့သော်လည်း လျှံဇွန်း ဘာမေးချင်သည်ကို လုချန်း ချက်ချင်း နားလည်လိုက်သည်။

ယခုအခါ လုရိ၏ ပုန်ကန်မှု မအောင်မြင်တော့သဖြင့် သူသည် ရှနိုင်ငံတော်၏ အိမ်ရှေ့မင်းသား မဟုတ်တော့ပေ။ အိမ်ရှေ့မင်းသား၏ အာဏာလည်း မရှိတော့ချေ။ မြောက်ပိုင်းပြည်နယ်အတွက် သူ၏ အသုံးဝင်မှု မရှိတော့ပေ။

ဆန့်ကျင်ဘက်အားဖြင့် ပုန်ကန်ခဲ့သော အိမ်ရှေ့မင်းသားဟောင်း မြောက်ပိုင်းပြည်နယ်သို့ ရောက်လာပါက ပုန်ကန်သူကို ခိုလှုံခွင့်ပေးသည်ဟူသော အမဲစက်ပင် ထင်ကျန်စေနိုင်သည်။

စဉ်းစားပြီးနောက် လုချန်းက နောက်ဆုံးတွင်

“မလောပါနဲ့။ အိမ်ရှေ့မင်းသားကို တွေ့ရင် မြောက်ပိုင်းပြည်နယ်ကို လျှို့ဝှက်စွာ အရင်ပို့လိုက်ပါ။ သူက နေပြည်တော်ကို ဒီလောက်ကြာအောင် ကြီးကြပ်ခဲ့တာဆိုတော့ သူများ တွေ မသိတဲ့ ကိစ္စတချို့ကိုတော့ သေချာပေါက် သိမှာပဲ။”

လုချန်းအတွက်မူ လုရိသည် အိမ်ရှေ့မင်းသား မဟုတ်တော့သော်လည်း သူသိထားသော နေပြည်တော်နှင့်ပတ်သက်သည့် ထောက်လှမ်းရေးသတင်းများမှာ အလွန်တန်ဖိုးရှိနေဆဲပင် ဖြစ်သည်။

လုရိ၏ ပုန်ကန်မှု မည်သို့ အတိအကျ ကျဆုံးခဲ့သည်ကိုလည်း လုချန်းက သိလို၏။ ထိုဥပမာမှ သင်ခန်းစာယူရန်လည်း ဖြစ်သည်။

လျှံဇွန်းက

“နားလည်ပါပြီ။”

“အိမ်ရှေ့မင်းသားကို ခြေရာခံဖို့ ချက်ချင်း လူတွေ စေလွှတ်ပါမယ်။”

“အင်း။ ဆက်လုပ်ပါ”

ဟု လုချန်းက အတည်ပြုလိုက်သည်။

“ကျွန်တော့်ကို ပြန်ခွင့်ပြုပါဦး။”

ထို့နောက် လျှံဇွန်း စာကြည့်ခန်းမှ ထွက်ခွာသွားသည်။

လျှံဇွန်း ထွက်ခွာသွားပြီးနောက် လုချန်းလည်း လက်ထဲရှိ စာရွက်ကို ကောက်ယူကာ နောက်ထပ် အကြိမ်အနည်းငယ် ကြည့်ရှုလိုက်သည်။

အိမ်ရှေ့မင်းသား မရှိတော့သည့်အတွက် ဆွမ်ဧကရာဇ် နန်းတွင်းသို့ ပြန်လာရမည်ဟု သူယူဆလိုက်သည်။ နယ်စားများ၏ပုန်ကန်မှုများ ဆက်လက်ဖြစ်ပွားနေသော်လည်း ကျောက်မင်းသားသည် ယခုအခါတွင် သိသိသာသာ အားသာနေပြီဖြစ်သည်။ တစ်နှစ်အတွင်း တောင်ပိုင်းရှိ နယ်စားအားလုံးကို ကျောက်မင်းသားက နှိမ်နှင်းနိုင်မည်ဖြစ်သည်။

ထိုအချိန်သည် မြောက်ပိုင်းပြည်နယ်၏စစ်တပ်များ တောင်ဘက်သို့ချီတက်ကာ နန်းတော်ကို ထိန်းသိမ်းရန် သင့်တော်သောအချိန်ဖြစ်လာမည်။

လုချန်း ဆက်မတွေးတော့ပေ။ သူ၏ အတွင်းအားကို အသုံးပြု၍ လက်ထဲရှိ စာရွက်ကို အစအနများ ဖြစ်အောင် ချေမွပစ်လိုက်ပြီးနောက် ဝူကျန်းဝမ်၏ အခန်းသို့ ပြန်လာခဲ့သည်။

ယခုအခါ ဝူကျန်းဝမ်သည် ရေချိုးပြီးကာစဖြစ်ပြီး သူမ၏ အိပ်ရာသို့ ပြန်ရောက်နေပြီဖြစ်သည်။ ညဉ့်နက်သန်းခေါင်တွင် လာရောက်အကြောင်းကြားသည်အထိ အရေးကြီးသော ကိစ္စဖြင့် လုချန်းထွက်ခွာသွားခြင်း ဖြစ်သဖြင့် သူပြန်လာတော့မည် မဟုတ်ဟု သူမ ထင်ထားခဲ့၏။

သို့သော် ဝူကျန်းဝမ် အိပ်စက်ရန် လှဲလိုက်ချိန်၌ အခန်းထဲတွင် ပုံရိပ်တစ်ခု ရုတ်တရက် ပေါ်လာသည်ကို မြင်သောအခါ အလွန်အံ့အားသင့်သွားတော့သည်။ လုချန်း ရုတ်တရက် ပြန်လာသည်ကို မြင်သောအခါ ဝူကျန်းဝမ်က နားမလည်နိုင်စွာဖြင့်

“ဘာလို့ ပြန်လာတာလဲ။ အလုပ်ရှိတယ်ဆို”

.................

All Chapters