← Chapters

အခန်း ၆၇၀-၆၇၂

Vol. 45 Ch. 670-672

အခန်း ၆၇၀-၆၇၂

Vol. 45 Ch. 670-672

အခန်း (၆၇၀)

နောက်ပြန်ဆုတ်ရန် လမ်းမရှိပြီ (၂)

လုချန်းက ပြုံးလျက်

“အရေးကြီးကိစ္စ မဟုတ်ပါဘူး။”

ပြောရင်းဆိုရင်း လုချန်းက ကုတင်ပေါ်သို့ တက်လိုက်ရာ ဝူကျန်းဝမ်က ဘေးသို့ ကမန်းကတန်း ရွှေ့လိုက်သည်။ သို့သော် သူမ ရွေ့လိုက်သည်နှင့် လုချန်းက သူမကို လှည့်ကာ ဖိချလိုက်လေသည်။

ဝူကျန်းဝမ်က လုချန်းကို စူးစိုက်ကြည့်ပြီးနောက်

“ဒီလောက်ညဉ့်နက်နေပြီ။ ရှင်က ဒီတိုင်းပဲ ဆက်ပြီး....”

လုချန်းက တစ်ခွန်းမှ မပြောဘဲ ဝူကျန်းဝမ်၏ နှုတ်ခမ်းကို ငုံ့နမ်းလိုက်ရာ မကြာမီပင် သူတို့နှစ်ဦး ယခင်အနေအထားသို့ ပြန်ရောက်သွားကြသည်။

သို့သော် ထိုအချိန်တွင် လုချန်း ရပ်တန့်လိုက်ပြီး ဆက်မလုပ်တော့ချေ။ ထို့နောက် ဝူကျန်းဝမ်ကို လှည့်ကာ သူမ၏ ခါးကို ဖက်လျက်

“ထီးနန်းက ဘာများ ကောင်းလို့ လူတွေက လုနေကြတာလဲ။”

“ကြက်တွေထက် စောစောထပြီး ခွေးတွေထက် နောက်ကျမှ အိပ်ရတယ်။ ပြီးတော့ ပြဿနာတွေ အများကြီးကို ကိုင်တွယ်ရတယ်။”

ထိုစကားကို ကြားသောအခါ ဝူကျန်းဝမ်က အေးစက်စက် နှာခေါင်းရှုံ့လိုက်သည်။

“ကိုယ်တိုင်က အာဏာရှိသူဖြစ်နေပြီး ထီးနန်းဘာကောင်းတာရှိလဲလို့ မေးနေတာ ရယ်စရာပဲ။”

လုချန်းက ညင်သာစွာ ပြုံးပြီးနောက်

“ရိုးရိုးသားသားပြောရရင် ဧကရာဇ်ဖြစ်ရတာ သက်သောင့်သက်သာရှိတယ်လို့ တကယ်မထင်ဘူး။ အထူးသဖြင့် အခုလို အဓိက နိုင်ငံကြီးတွေရဲ့ ဧကရာဇ်တွေက အာဏာရှိ မိသားစု ဒါမှမဟုတ် မင်းမျိုးမင်းနွယ်တွေရဲ့ ချုပ်ချယ်မှုအောက်မှာ ရှိနေရတာက တကယ်ကို မွန်းကြပ်စရာပဲ။”

လုချန်း၏ စကားကို ကြားသောအခါ ဝူကျန်းဝမ်က

“ အုပ်ချုပ်ရတာ အရမ်းဒုက္ခများတယ်လို့ ထင်ရင် မင်းသားရဲ့ နယ်စားပိုင်နက်ကို ကျွန်မဆီ လွှဲပေးလိုက်ပါလား။ မြောက်ပိုင်းပြည်နယ်တစ်ခုလုံးကို ကျွန်မ ကူညီစီမံပေးပါရစေ။”

လုချန်းက ရယ်မောလိုက်ပြီးနောက် သူမ၏ နားနား ကပ်၍

“ဘာလဲ။ အခုပဲ အာဏာသိမ်းဖို့ ကြံနေတာလား။”

“ကိုယ် အခွင့်အရေး ပေးနိုင်တယ်။ အခုပဲ ကိုယ့်ကို အနိုင်ယူလိုက်။ ပြီးရင် မင်းသားရာထူးကို မင်းဆီ လွှဲပေးလိုက်မယ်။”

ဝူကျန်းဝမ်က အေးစက်စက် နှာခေါင်းရှုံ့လိုက်သည်။

ထို့နောက် သူတို့နှစ်ဦးသည် ထိုအနေအထားအတိုင်း ဆက်နေကာ တိတ်ဆိတ်နေကြသည်။

ဤအ‌နေအထားက လုချန်းအား ဝူကျန်းဝမ်ကို အမြဲတစေ ပိုင်ဆိုင်ထားရသည့် ခံစားချက်ကို ပေးသောကြောင့် သူမကို ဤသို့ ပွေ့ဖက်ထားရခြင်းကို လုချန်း အတော်လေး နှစ်သက်နေခဲ့သည်။

အတူနေထိုင်ခဲ့သည့် အချိန်အတန်ကြာပြီးနောက် ဝူကျန်းဝမ်လည်း ဤအရာကို ကျင့်သားရလာပြီဖြစ်သည်။ ညတိုင်း သူတို့ ဤနည်းဖြင့် အိပ်ပျော်လေ့ရှိသည်။

ခဏအကြာတွင် ဝူကျန်းဝမ်က

“ရှနိုင်ငံတော် နေပြည်တော်မှာ တစ်ခုခု ဖြစ်ခဲ့တာ မဟုတ်လား”

“ဘယ်လိုသိတာလဲ။”

ဝူကျန်းဝမ်က

“ဒီလောက်ညဉ့်နက်နေတာတောင် ရှင်ထွက်သွားတာဆိုတော့ အရေးကြီးတဲ့ ကိစ္စတစ်ခုခု ဖြစ်မှာပေါ့။ ရှနိုင်ငံတော် နေပြည်တော်က မငြိမ်မသက်ဖြစ်နေတာ ကြာပြီ။ သိုင်းပညာရှင်တွေလည်း အများကြီးပျောက်နေတယ်။ မုန်တိုင်းကြီးတစ်ခု ဖြစ်တော့မယ့်ပုံပဲ။ ခုနကလည်း ရှင်က ကျွန်မကို ထီးနန်းအကြောင်း ပြောနေတယ်။ နေပြည်တော်မှာ မင်းသားတစ်ယောက်ယောက် ပုန်ကန်တာဖြစ်မယ်။”

ဟု အေးအေးဆေးဆေး ဖြေလိုက်သည်။

လုချန်းက

“မှန်ပါတယ်။ မင်းသားတစ်ပါး ပုန်ကန်ခဲ့တာပါ။ ဒါပေမဲ့ သာမန်မင်းသား မဟုတ်ဘူး။ အိမ်ရှေ့မင်းသား။”

ထိုစကားကို ကြားသောအခါ ဝူကျန်းဝမ် ရယ်မောလိုက်သည်။

“ရှင့်အဖေ ဆွမ်ဧကရာဇ်က တော်တော်ဆိုးတာပဲ။ မကြာသေးခင်ကမှ လုရှုယွမ်ကို ပုန်ကန်အောင် တွန်းပို့ခဲ့သေးတယ်။ အခုတော့ သူ့သားအကြီးဆုံးကိုပါ ဒီလိုပဲ လုပ်ခိုင်းပြန်ပြီ။ မင်းသားတွေ အားလုံးကို ရှင်းပစ်ပြီး အထီးကျန်ချင်နေတာလား။”

လုချန်းက

“အထီးမကျန်တဲ့ ဧကရာဇ်ဆိုတာ ရှိခဲ့ဖူးလို့လား။”

ဝူကျန်းဝမ်က ဆက်လက်စူးစမ်းလိုက်သည်။

“ရလဒ်က ဘယ်လိုလဲ။ အိမ်ရှေ့မင်းသား ကျရှုံးခဲ့လား။”

လုချန်းက အတည်ပြုလိုက်သည်။

“သူတကယ်ပဲ ကျရှုံးခဲ့ပါတယ်။”

ဝူကျန်းဝမ်က

“ဒါဆို ဆွမ်ဧကရာဇ်က နာမကျန်းဘူးဆိုတာ ဟန်ဆောင်နေတာလား။”

“တကယ်နာမကျန်းဖြစ်ရင် စစ်တပ်နဲ့ နန်းတွင်းအဆင့်မြင့်သိုင်းပညာရှင်တွေကို ဒီလိုထိန်းချုပ်နိုင်မှာ မဟုတ်ဘူး။ သူသေတော့မယ်ဆိုရင် နန်းတွင်းအဆင့်မြင့်သိုင်းပညာရှင်တွေက လုရိဘက်ကို ကူးသွားမှာပဲ။ လုရိလည်း ဒီလောက်မြန်မြန်ရှုံးမှာ မဟုတ်ဘူး။”

လုချန်းက

“ကိုယ်လည်း သူဟန်ဆောင်နေပြီး တစ်ခုခုလုပ်ဖို့ အစီအစဉ်ဆွဲနေတယ်လို့ သံသယရှိတယ်။”

ဝူကျန်းဝမ်က

“ရှနိုင်ငံတော်ထဲက နယ်စားတွေ အမျိုးမျိုး အပြင်းအထန် တိုက်ခိုက်နေကြတာတောင် မင်းသားက မြောက်ပိုင်းပြည်နယ်မှာ ဘာမှ မလှုပ်ရှားပဲ ငြိမ်နေခဲ့တာ အံ့ဩစရာ မဟုတ်တော့ဘူး။ ရှင့်ဖခင် အဆင်ပြေတယ်ဆိုတာ အရင်ကတည်းက ရှင်မှန်းဆမိနေခဲ့တာကိုး။”

လုချန်းက ပြုံးလျက်

“ကိုယ်ခုထိဘာမှမလုပ်သေးတာ အဲဒါကြောင့်မဟုတ်ဘူး။ အဓိကက ကိုယ့်ကလေးနှစ်ယောက် မွေးဖွားပြီးမှ စလုပ်ဖို့ စောင့်နေတာ။”

လုချန်း၏ အဖြေကို ကြားသောအခါ ဝူကျန်းဝမ်က တစ်စက္ကန့်မျှပင် မယုံကြည်ပေ။

ကလေးတွေ မွေးတဲ့အထိ စောင့်မယ်တဲ့လား။

ဘယ်လိုအကြောင်းပြချက်မျိုးလဲ။

သူ့ကလေးတွေ မွေးဖွားခြင်းက သူ့အတွက် ကံကောင်းခြင်းတွေ ဆောင်ကြဉ်းပေးနိုင်မှာတဲ့လား။

ထိုအချိန်တွင် လုချန်းက အနည်းငယ် ရွှေ့လိုက်ပြီးနောက်

“မင်းလည်း ကိုယ့်ကို တစ်ယောက်ပေးပါလား။”

နူးညံ့သောအသံတစ်ခု ထွက်ပေါ်လာပြီးနောက် ဝူကျန်းဝမ်က

“ရှင်စိတ်ကူး ယဉ်နေတာပဲ။”

“ကျွန်မကိုကလေးမွေးခိုင်းချင်ရင် ရှင့်မှာအစွမ်းအစ ရှိမှဖြစ်မယ်။”

လုချန်းက ပြုံးရယ်ကာ

“မင်းက ကိုယ့်မှာ အစွမ်းအစ မရှိဘူးလို့ သံသယရှိသေးလား။ ကိုယ့်မှာ အစွမ်းအစ တင်မကဘူး။ အထူးကျွမ်းကျင်မှုတွေလည်း ရှိတယ်။”

ဝူကျန်းဝမ်က လုချန်း၏ စကားကို ဂရုမစိုက်ပဲ ဆက်လက် တိတ်ဆိတ်နေခဲ့သည်။

ခဏအကြာတွင် ဝူကျန်းဝမ်က

“ကျူးနိုင်ငံတော်ကို ဘယ်တော့ တိုက်ဖို့ စီစဉ်ထားလဲ။”

လုချန်း ခဏရပ်သွားသည်။

“ဘာလို့ ဒီမေးခွန်းကို မေးတာလဲ။”

ဝူကျန်းဝမ်က ပွင့်ပွင့်လင်းလင်းပင်

“ကျွန်မရဲ့ သူငယ်ချင်း ကြိုတင်ပြင်ဆင်နိုင်ဖို့ အသိပေးထားဖို့ လိုတယ်။”

လုချန်းက သူမ၏ ပခုံးပေါ် ခေါင်းတင်ရင်း

“မင်းက အခု ကိုယ့်မိန်းမပဲ။ မြောက်ပိုင်းပြည်နယ်ဘက်က မဟုတ်သင့်ဘူးလား။ ဘာလို့ ယွဲ့ဧကရာဇ်ကို အသိပေးဖို့ စဉ်းစားနေသေးတာလဲ။”

ဝူကျန်းဝမ်က လေးလေးနက်နက် ဟန်ဖြင့်

“ကျူးနိုင်ငံတော်က တစ်နေ့ ရှင့်လက်ထဲ ကျသွားရင် ချင်ရို့ ကျွန်မလို အခြေအနေမျိုး ရောက်သွားမှာကို ကျွန်မ ကြောက်တယ်။”

လုချန်းက

“ဒါဆို ပိုကောင်းတာ မဟုတ်ဘူးလား။ အဲဒီလိုဆို မင်းတို့ သူငယ်ချင်း နှစ်ယောက် ပြန်ဆုံစည်းနိုင်ပြီး အဲဒီကအချိန်ကစပြီး ဘဝကို အတူတူ ကုန်ဆုံးနိုင်တာပေါ့။ နိုင်ငံတွေကွဲပြီး နှစ်အနည်းငယ်ကြာမှ တစ်ခါ တွေ့ရတာမျိုး မဖြစ်တော့ဘူးပေါ့။”

ဝူကျန်းဝမ်က အေးစက်စက်ဖြင့်

“ရှင့်မှာ ဒီစိတ်ကူးရှိနေတာ ကျွန်မသိပါတယ်။”

“ဒါပေမဲ့ ရှင် ကျူးနိုင်ငံတော်ကို တကယ် အနိုင်ယူနိုင်ခဲ့ရင်တောင် သူက ရှင့်ရဲ့ မိန်းမ ဖြစ်လာမှာ မဟုတ်ဘူး။”

လုချန်းက

“ဘာလို့ မဖြစ်နိုင်တာလဲ။”

ဝူကျန်းဝမ်က

“သူက ကျွန်မနဲ့မတူဘူး။ သူက သံယောဇဉ်မဲ့ တာအိုကျင့်စဉ်ကို လိုက်နာတယ်။ ယောက်ျားတွေအပေါ် ခံစားချက် မဖြစ်နိုင်ဘူး။”

................

အခန်း (၆၇၁)

နောက်ပြန်ဆုတ်ရန် လမ်းမရှိပြီ (၃)

“သူ ရှင့်ရဲ့ လက်အောက်ကို ကျရောက်သွားခဲ့ရင်တောင် သူ့ကိုယ်သူ သတ်သေသွားနိုင်တယ်။ သူ့ရဲ့ခန္ဓာကိုယ်ကို ပိုင်ဆိုင်ဖို့ ရှင်စိတ်ကူးမထားနဲ့။”

လုချန်းက ပေါ့ပေါ့ပါးပါး ရယ်မောလိုက်သည်။

“မကြိုးစားပဲ ဘယ်လိုသိနိုင်မလဲ။”

“ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် အခုချိန်မှာ သူ့အကြောင်းပြောနေဖို့ မလိုသေးပါဘူး။ မြောက်ပိုင်းပြည်နယ်နဲ့ ကျူးနိုင်ငံတော်ကြား စစ်ပွဲက ဒီလောက် မြန်မြန် မလာသေးဘူး။ ကိုယ်တို့အကြောင်းပဲ ပြောကြရအောင်။”

ဝူကျန်းဝမ်က အေးစက်စက်ဖြင့်

“ကျွန်မက ရှင့်ရဲ့ အိမ်မွေးတိရစ္ဆာန် ဖြစ်နေပါပြီ။ ကျွန်မတို့ကြားမှာ ဘာတွေ ထပ်ဆွေးနွေးစရာ ရှိသေးလို့လဲ။”

သူမသည် ယခုအခါ လုချန်းအတွက် ကစားစရာ အရုပ်တစ်ခုမျှသာ ဖြစ်နေသည်ဟု ဝူကျန်းဝမ် ခံစားရသော်လည်း သူမ၏ အတိတ်က စွဲလမ်းမှုများကို စွန့်လွှတ်လိုက်ပြီးနောက် ဤဘဝသည် သူမအတွက် သိပ်မဆိုးလှဟု တစ်မျိုးတစ်ဖုံ ခံစားလာရသည်။

သူမ၏စိတ်ထဲတွင် ဤလူငယ်လေးကို သူမ၏ချစ်သူအဖြစ် သဘောထားပါက သည်းခံရန် သိပ်မခက်ခဲနိုင်တော့ပေ။

........

လဝက်ဟူသော အချိန်သည် မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားခဲ့သည်။

ထိုကာလအတွင်း လုချန်းသည် ချန်ဝမ်ရွန် ရောက်လာမည့်အချိန်ကို စောင့်နေခဲ့သည်။ သို့သော် သူမ တောင်ပေါ်မှ မဆင်းလာသေးသဖြင့် ချန်ဝမ်ရွန်၏ဆရာမက သူမအား သူနှင့် မနီးစပ်နိုင်ရန် တားမြစ်ထားသည်ဟု လုချန်းသံသယရှိလာသည်။

ဤနှစ်ပတ်အတွင်း အထူးကိုယ်ရံတော်များ အလွန်အလုပ်များနေခဲ့သည်။ အဆင့်မြင့်အဖွဲ့ဝင်များ လုပ်ဆောင်နိုင်ခြင်းမရှိသောကြောင့် အလုပ်ဝန်ပမာဏ တိုးလာခြင်းလည်းပါသည်။ တောင်ပိုင်းမှ သံချပ်ကာ မြင်းတပ်ဖြင့် သယ်ယူလာသော ပစ္စည်းနှင့် အိမ်ရှေ့မင်းသားကို ခြေရာခံရခြင်းတို့ကြောင့် အဆင့်နိမ့်အထူးကိုယ်ရံတော်များကို စိတ်ဖိစီးမှုများ ဖြစ်စေခဲ့သည်။

.......

အန်းပင်မြို့။

မြို့တံခါးဝရှိ စစ်သားများသည် ဖြတ်သန်းနေသော ကုန်သည်လှည်းတန်းများကို စစ်ဆေးနေသည်။ ထိုအတောအတွင်း ကုန်သည်လှည်းတန်းတစ်တန်းသည် အန်းပင်မြို့တံခါးဝသို့ ဖြေးညှင်းစွာ ချဉ်းကပ်လာသည်။ လှည်းတစ်စီးအတွင်း၌ အမျိုးသားတစ်ဦးသည် စိုးရိမ်သောအမူအရာဖြင့် ရှိနေသည်။

ထိုလူ၏ဘေးတွင် ခရမ်းရောင် ပိတ်ချောဖြင့်မျက်နှာဖုံးထားသော အလွန်လှပသည့် အမျိုးသမီးတစ်ဦး ထိုင်နေပြီး သူမ၏မျက်နှာတွင်လည်း စိုးရိမ်မှုများ ပြသလျက်ရှိသည်။

“မြောက်ပိုင်းနယ်စားမင်းသားက ကျွန်မတို့ကို တကယ် လက်ခံပါ့မလား မောင်တော်။”

အမျိုးသားက မျက်မှောင်ကြုတ်လျက်

“သူသိချင်တဲ့ အချက်အလက်တချို့ ကိုယ့်မှာ ရှိနေတုန်းပဲ။ သူ ကိုယ်တို့ကို လက်ခံဖို့ ဆန္ဒရှိရင် ကိုယ်အကုန်ပြောပြမယ်။”

အမျိုးသမီးက

“ဘာပဲဖြစ်ဖြစ် ရှင်က သူ့အစ်ကိုပဲလေ။ သူကလည်း ထီးနန်းကို လိုချင်နေတယ်ဆိုရင် ရှင့်ကို အရှင်ထားမှာ မဟုတ်တာ သေချာတယ်။”

ရှနိုင်ငံတော်သည် သားဦး နန်းမွေဆက်ခံသည့် စနစ်ကို စွန့်ပယ်ခဲ့သည်မှာ ကြာပြီဖြစ်သော်လည်း ယင်းစနစ်ကို တောင့်တနေသော ရှေးရိုးစွဲအုပ်စုတစ်စု ရှိနေဆဲ ဖြစ်သည်။

မင်းသား လုရိ မသေပါက သူ့ပတ်ဝန်းကျင်တွင် လျှို့ဝှက်ရည်ရွယ်ချက်ရှိသူများ စုဝေးလာပြီး သူ့ကို လှုံ့ဆော်ရန် ကြိုးစားကြမည် ဖြစ်သည်။

ထို့ကြောင့် မြောက်ပိုင်းနယ်စားမင်းသားက သူတို့ကို ခိုလှုံခွင့်ပေးမည်လားဆိုတာကို ထိုအမျိုးသမီးစိတ်ထဲ မသေချာနိုင်ပေ။

သူမ၏ စကားကို ကြားသောအခါ အမျိုးသား၏ မျက်နှာအမူအရာ မည်းမှောင်သွားပြီး အလွန်ဆိုးရွားသွားသည်။

“အခု နောက်ဆုတ်ဖို့ လမ်းမရှိတော့ဘူး။”

မကြာမီ ကုန်သည်ယာဉ်တန်းသည် မြို့တံခါးရှိ စစ်ဆေးရေးဂိတ်သို့ ရောက်ရှိလာသည်။

မင်းသား လုရိ၏ ကိုယ်ရံတော်သည် စစ်ဆေးရေးဂိတ်သို့ အလျင်အမြန် ချဉ်းကပ်လာပြီး စစ်ဆေးနေသော စစ်သားများကို ငွေဖြင့် လာဘ်ထိုးရန် မျှော်လင့်ခဲ့သော်လည်း စစ်သားများက သူ၏ လာဘ်ငွေကို မယူကြချေ။

ဤအရာကို ကန့်လန့်ကာများကြားမှ မြင်သောအခါ မင်းသား လုရိ စိုးရိမ်လာသည်။

ထိုအချိန်တွင် သူ၏ ကိုယ်ရံတော်က မြို့တော်မှ သယ်ဆောင်လာသော ကောက်ပဲသီးနှံ ကုန်သည်ယာဉ်တန်းဖြစ်ကြောင်း ပြောလိုက်သည်။

စစ်သားက ထိုစကားကို ကြားသောအခါ လှည်းထဲမှ လူများကို စစ်ဆေးရန် အတင်းအကျပ် တောင်းဆိုသည်။

ကိုယ်ရံတော်များ တွန့်ဆုတ်နေစဉ် လှည်းအတွင်းမှ မင်းသား လုရိက ချောင်းဟန့်လိုက်ပြီး

“စစ်ဆေးခိုင်းလိုက်။”

သူတို့ အန်းပင်မြို့သို့ ထွက်ပြေးလွတ်မြောက်လာနိုင်ခြင်း၏ အဓိကအကြောင်းရင်းမှာ သူတို့၏ ရုပ်ဖျက်နိုင်မှုကြောင့် ဖြစ်သည်။ အိမ်ရှေ့မိဖုရား၏ ရုပ်ဖျက်စွမ်းရည်မှာ ထူးခြားလှသည်။

ဤအခြေအနေတွင် သူတို့ကို မည်သူမှ အလွယ်တကူ မှတ်မိနိုင်မည် မဟုတ်ပေ။

ထို့နောက် စစ်သားများက စနစ်တကျ စစ်ဆေးမှုများ စတင်ပြုလုပ်ကြပြီး မကြာမီ တစ်ဦးက လှည်းကန့်လန့်ကာကို ဖွင့်ကာ အတွင်းရှိလူများကို ခေတ္တ စစ်ဆေးလိုက်သည်။

ဘာမှ မမှားယွင်းသည်ကို မြင်သောအခါ စစ်သားက ပြဿနာမရှာပဲ ဖြတ်သန်းခွင့်ပေးလိုက်သည်။

အန်းပင်မြို့သို့ အောင်မြင်စွာ ဝင်ရောက်ပြီးနောက် မင်းသား လုရိ နောက်ဆုံးတွင် သက်ပြင်းချလိုက်သည်။

အန်းပင်မြို့သို့ ဝင်ရောက်ခြင်းသည် မြောက်ပိုင်းပြည်နယ် နယ်မြေသို့ ရောက်ရှိခြင်းဟု ဆိုလိုသောကြောင့် အရိပ်ကိုယ်ရံတော်များသည် မြောက်ပိုင်းပြည်နယ်အတွင်း ပြဿနာရှာဝံ့မည် မဟုတ်ဟု သူ မျှော်လင့်ထားသည်။

လှည်းယာဉ်တန်း မြောက်ပိုင်းပြည်နယ်ထဲသို့ ဖြည်းညှင်းစွာ ရွေ့လျားသွားစဉ် စစ်ဆေးရေးတာဝန်ခံ စစ်သားက သူ့ဘေးရှိ အနက်ရောင်နှင့် အနီရောင်ဝတ်စုံဝတ်ထားသော စစ်သားအား ချက်ချင်း ပြောလိုက်သည်။

“မင်းသားကို ချက်ချင်း အကြောင်းကြားလိုက်။ ပစ်မှတ်က မြောက်ပိုင်းပြည်နယ်ကို ဘေးကင်းစွာ ရောက်လာပြီ။”

.............

အခန်း (၆၇၂)

ရွှီလင်လုံ

သူတို့ ရုပ်ဖျက်ထားသဖြင့် ဘယ်သူမှ သူတို့ကို မှတ်မိနိုင်မည် မဟုတ်ဟု လုရိ ထင်ခဲ့သည်။ တကယ်တော့ အထူးကိုယ်ရံတော်များ၏ စွမ်းရည်များကို သူတို့ အထင်သေးထားခဲ့ကြခြင်း ဖြစ်၏။

အထူးကိုယ်ရံတော်များသာ် လုရိ၏ အဝတ်အစား၊ မြင်းလှည်းနှင့် သူ့နှင့်အတူပါလာသော ကိုယ်ရံတော်များကို ကြည့်ကာ လုရိသည် ပျောက်ဆုံးနေသော အိမ်ရှေ့မင်းသားဖြစ်ကြောင်း အလွယ်တကူ ကောက်ချက်ချနိုင်ခဲ့သည်။

လုရိ အန်းပင်မြို့သို့ ရောက်ရှိလာကြောင်း သတင်းသည် မကြာမီ လုချန်း၏ နားသို့ ရောက်ရှိလာသည်။ လုရိ အန်းပင်မြို့သို့ ရောက်ရှိလာကြောင်း ကြားသိရသောအခါ လုချန်းက လျှံဇွန်းအား အန်းပင်မြို့သို့ ချက်ချင်း စေလွှတ်ကာ လုရိအား ရန်ခရိုင်သို့ ကိုယ်တိုင်လိုက်ပါ ပို့ဆောင်စေခဲ့သည်။

အန်းပင်မြို့သို့ ရောက်ရှိပြီးနောက် လုရိနှင့် အရှေ့နန်းဆောင်မှ အဖွဲ့သည် လုချန်းကို အလောတကြီး မတွေ့ဆုံကြချေ။ အဘယ်ကြောင့်ဆိုသော် လုချန်းက သူ့အပေါ် မည်သို့ သဘောထားသည်ကို လုရိ မသေချာသေးသောကြောင့် ဖြစ်၏။

လုချန်းသည် သူတို့၏ဖခင် ဧကရာဇ်နှင့် တိုက်ရိုက်ပဋိပက္ခဖြစ်လိုခြင်း မရှိပါက သူ့ကို ဖမ်းဆီးပြီး မြို့တော်သို့ ပြန်ပို့နိုင်သည်။

လုချန်း သိလိုသည့် အချက်အလက်အချို့ကို သူ့မှာရှိ‌နေသော်လည်း စိုးရိမ်ပူပန်နေဆဲ ဖြစ်သည်။

လုရိသည် ဤနေ့ရက်များအတွင်း အချိန်အများစုကို တည်းခိုခန်း အတွင်း၌သာ ကုန်ဆုံးခဲ့ပြီး တစ်ခါတစ်ရံသာ အပြင်ထွက်လေ့ရှိသည်။

ရန်ခရိုင်သို့ သွားရောက်သော ရှနိုင်ငံတော်၏ ကုန်သည်တန်းများအတွက် အဓိကလမ်းကြောင်းဖြစ်သော အန်းပင်မြို့သည် ယခုအခါ အလွန်စည်ကားလာပြီဖြစ်ကာ နေပြည်တော်တွင်ပင် ရှားရှားပါးပါး တွေ့ရသော အသစ်အဆန်းများစွာ ရှိနေသည်။

ဤရက်ပိုင်းအတွင်း လုရိ အာရုံစိုက်ဆုံးမှာ အန်းပင်မြို့တွင် ထုတ်ဝေသော သတင်းစာများ ဖြစ်သည်။ ထို့ကြောင့် နေ့စဉ် သတင်းစာများကို ဝယ်ယူစေပြီး အကြောင်းအရာများအားလုံးကို သေသေချာချာ ဖတ်ရှုလေ့လာခဲ့သည်။

.......

ညအချိန်။

မိုးစက်တည်းခိုခန်း အတွင်း၌။

လုရိသည် အိမ်ရှေ့မိဖုရား ရွှီလင်လုံ၏ အခန်းတွင် ရှိနေသည်။ လုရိ သတင်းစာကို မျက်မှောင်ကြုတ်လျက် ကြည့်နေသည်ကို မြင်သောအခါ ရွှီလင်လုံက

“မောင်တော်။ အခုဆို လဝက်လောက် ရှိနေပြီ။ ကျွန်မတို့ ရန်ခရိုင်ကို သွားဦးမှာလား။”

လုရိက သတင်းစာကို ချလိုက်ပြီး

“ဟုတ်တယ်။ အခုချိန်မှာ ကိုယ်တို့အတွက် တစ်ခုတည်းသော ရွေးချယ်စရာက မြောက်ပိုင်းနယ်စားမင်းသားဆီ ခိုလှုံဖို့ပဲ။”

ရွှီလင်လုံ၏ မျက်လုံးများတွင် စိုးရိမ်ပူပန်သော အရိပ်အယောင်တစ်ခု ပေါ်လာသည်။

“ကျွန်မတို့ နာမည်တွေ ပြောင်းပြီး အခုကစပြီး ငြိမ်းချမ်းတဲ့ဘဝလေး နေထိုင်ကြရအောင်လား။ လွန်ခဲ့တဲ့ ရက်အနည်းငယ်က ရှနိုင်ငံတော်ရဲ့ တခြားဒေသက ကုန်သည်အတော်များများ မြောက်ပိုင်းပြည်နယ်မှာ မှတ်ပုံတင်အသစ်တွေ လျှောက်ထားနေတာ ကျွန်မ သတိထားမိတယ်။ ကျွန်မတို့လည်း မှတ်ပုံတင်အသစ် လျှောက်ထားလိုက်တာ ကောင်းမယ် ထင်တယ်။”

ထိုစကားကို ကြားသောအခါ လုရိ၏ မျက်နှာ မည်းမှောင်သွားပြီး မကျေနပ်သော အမူအရာဖြင့်

“ဒီလိုနည်းနဲ့ အရှုံးပေးဖို့ စိတ်ကူးမရှိဘူး။”

“ပြီးတော့ ကိုယ်တို့ တကယ် နာမည်တွေ ပြောင်းလိုက်ရင်တောင် တစ်နေ့တော့ ဖော်ထုတ် ခံရမှာပဲ။”

ရွှီလင်လုံက ထပ်ပြောရန် ပြင်လိုက်စဉ် လုရိက ကြားဖြတ်ကာ

“ဆက်မပြောနဲ့တော့။ ကိုယ်ဆုံးဖြတ်ပြီးပြီ။”

လုရိသည် ဤနည်းဖြင့် အရှုံးပေးရန် မလိုလားပေ။ သူ့တွင် ပြန်လည်ထူထောင်ရန် အခွင့်အလမ်းရှိသေးသည်ဟု ယုံကြည်သည်။ လုချန်းကို သဘောတူစေနိုင်ပြီး သူ့ထံမှ တပ်များငှားရမ်းနိုင်ပါက နယ်စားတစ်ဦး၏ နယ်မြေကို သိမ်းပိုက်ကာ တဖြည်းဖြည်း တစ်ဆင့်ပြီးတစ်ဆင့် တက်လှမ်းနိုင်မည် ဖြစ်၏။

နေပြည်တော်သို့ ပြန်သွားရန် ကိစ္စကတော့ သူ၏ဖခင် ဧကရာဇ် နဂိုအတိုင်း ပြန်ကောင်းလာပြီဖြစ်သည်ကို ထောက်ရှုလျှင် ရေတိုအတွင်း ဖြစ်နိုင်ခြေ နည်းပါးသည်ဟု သူ မြင်သည်။

လောလောဆယ်တွင်တော့ အချိန်ကောင်းကို စောင့်မျှော်ကာ တဖြည်းဖြည်း လုပ်ဆောင်ရန်သာ ရှိသည်။

လုရိ၏ ဆုံးဖြတ်ချက်ကို မြင်သောအခါ ရွှီလင်လုံက ညင်သာစွာ သက်ပြင်းချလိုက်သည်။

“ကျွန်မ နားလည်ပါပြီ။”

ထိုအချိန်တွင် လုရိသည် ထိုင်ရာမှ ထရပ်လိုက်ပြီး သတင်းစာကို စားပွဲပေါ်တင်ကာ တံခါးဆီသို့ တည့်တည့်လျှောက်သွားသည်။

“ဒီည စောစောအိပ်ရအောင်။ ကိုယ်တို့ဆက်ပြီး ကျင့်စဉ်ကျင့်ရအုံးမယ်။”

ရွှီလင်လုံက လုရိကို ဆွဲထားရန် ရည်ရွယ်ချက်ဖြင့် လက်ကို မြှောက်လိုက်သော်လည်း သူက တံခါးကို ဖွင့်ကာ အခန်းထဲမှ ထွက်သွားသည်။ ထို့နောက် တံခါး “ဒုန်း” ခနဲ ကျယ်လောင်စွာ ပိတ်သွားသည်။

ရွှီလင်လုံသည် အနည်းငယ် တွေဝေသွားပြီး နောက်တစ်ခဏတွင် သူမ၏ စိတ်ပျက်အားငယ်ဟန် မျက်နှာအမူအရာများ အေးစက်သွားသည်ကို တွေ့ရ၏။ သူမ ခုနက ပြသခဲ့သော စိတ်ခံစားမှုများမှာ အတုအယောင်များသာ ဖြစ်ဟန်တူသည်။

ခဏအကြာတွင် ပြတင်းပေါက်မှတစ်ဆင့် အရိပ်တစ်ခု အခန်းထဲသို့ ဝင်လာသည်။ ထိုသူမှာ ယူထျန်းလု ဖြစ်ပြီး လုရိ၏ လက်ရှိ စွမ်းအားအကောင်းဆုံး အဆင့်လွန် ပညာရှင် ကိုယ်ရံတော်တစ်ဦး ဖြစ်သော်လည်း လုရိရှေ့တွင် သူ၏ အဆင့်လွန် ပညာရှင် စွမ်းအားကို မည်သည့်အခါကမှ ထုတ်ဖော်ပြသခဲ့ဖူးခြင်း မရှိပေ။

“သူတော်စင်မ ကျွန်တို့ တကယ်ပဲ လုရိနောက်ကို လိုက်ပြီး ရန်ခရိုင်ကို သွားမှာလား။”

“ရန်ခရိုင်မှာ ကောင်းကင်လူသား စွမ်းအားရှင်တွေ ရှိနိုင်တယ်။ ကောင်းကင်လူသား စွမ်းအားရှင်တွေက ကျွန်တော်တို့က တိုင်ယင်နတ်ဘုရားဂိုဏ်းကမှန်း သိသွားရင်.....”

အေးစက်စက် အမူအရာဖြင့် ရွှီလင်လုံက

“ယင်ယန်မှန် ရှိနေရင် ကောင်းကင်လူသား စွမ်းအားရှင်တွေတောင် ကျွန်မရဲ့ တကယ့် သရုပ်မှန်ကို သိနိုင်မှာ မဟုတ်ပါဘူး။”

“မြောက်ပိုင်းနယ်စားမင်းသားက ဒီလိုတိုတောင်းတဲ့ ကာလအတွင်းမှာ ဒီလို အစွမ်းထက်တဲ့ အင်အားတွေကို ရရှိခဲ့တာက ကျွန်မတို့ ရှာဖွေနေတဲ့ ကံကြမ္မာပါတဲ့သူ ဖြစ်နိုင်တယ်ဆိုတာ ပြသနေတာပဲ။ ကျွန်မတို့ သူ့ကို ယဇ်ပူဇော်နိုင်ရင် ကျွန်မတို့ ဂိုဏ်းခေါင်းဆောင် ပြန်လည်ရှင်သန်လာမှာ သေချာတယ်။ ဂိုဏ်းခေါင်းဆောင် ပြန်လည်ရှင်သန်လာတာနဲ့ တိုင်ယင်နတ်ဘုရားဂိုဏ်းက ကျွန်မတို့အားလုံး ထာဝရတန်ခိုးရှင် ဘုံကို တက်လှမ်းနိုင်လိမ့်မယ်။”

ယူထျန်းလုက

“နားလည်ပါပြီ။”

ရွှီလင်လုံက

“အဲဒီကိစ္စနဲ့ ပတ်သက်ပြီး အဖြေထွက်ပြီလား။”

ယုထျန်းလုက

“ထွက်ပါပြီ။ ဆွမ်ဧကရာဇ်ရဲ့ အရိပ်ကိုယ်ရံတော်တွေရဲ့ လက်ချက်ဖြစ်တယ်ဆိုတာ သေချာသလောက်ပါပဲ။”

နှာခေါင်းရှုံ့လျက် ရွှီလင်လုံက

“အင်ပါယာကြီးတွေက ကျွန်မတို့ကို မကောင်းဆိုးဝါးအဖွဲ့လို့ အလွယ်တကူ တံဆိပ်ကပ်ကြတယ်။ ဒါပေမဲ့ သူတို့ရဲ့လုပ်ရပ်တွေက ကျွန်မတို့နဲ့ သိပ်မကွာပါဘူး။”

ဆက်လက်၍ ရွှီလင်လုံက

“ဆွမ်ဧကရာဇ် ဘာလို့ သိုင်းပညာရှင် အများကြီး ဖမ်းဆီးနေတာလဲဆိုတာ ရှာတွေ့ပြီလား။”

ယုထျန်းလုက

“အဲဒါကတော့ လောလောဆယ် မရှင်းလင်းသေးပါဘူး။”

ရွှီလင်လုံက ညွှန်ကြားလိုက်သည်။

“ဆက်ပြီး စုံစမ်းဖို့ ပြောလိုက်ပါ။ အကြောင်းအရင်းကို တွေ့တာနဲ့ ရှနိုင်ငံတော်ရဲ့ တော်ဝင်မိသားစု လုပ်နေတဲ့အရာတွေကို လူသိရှင်ကြား ဖော်ထုတ်လိုက်။ နိုင်ငံတစ်နိုင်ငံရဲ့ အုပ်စိုးသူ ဆွမ်ဧကရာဇ်က ဘယ်လို ညစ်ညမ်းတဲ့ လုပ်ရပ်တွေ လုပ်ခဲ့တယ်ဆိုတာကို ကမ္ဘာက မြင်ပါစေ။”

“နားလည်ပါပြီ။”

“တခြားကိစ္စ မရှိရင် ကျွန်တော့်ကို ခွင့်ပြုပါဦး။”

အေးစက်စက်ဖြင့် ရွှီလင်လုံက

“ပြန်နိုင်ပါပြီ”

ထိုသို့ဆိုလိုက်သည်နှင့် ယုထျန်းလု အခန်းထဲမှ ထွက်ခွာသွားတော့သည်။

ယုထျန်းလု ထွက်သွားသည်နှင့် လုရိနှင့် သူ၏အဖွဲ့ တည်းခိုရာ မိုးစက်တည်းခိုခန်းကို အထူးကိုယ်ရံတော်များက ဝိုင်းရံထားကြသည်။ အပြင်ဘက်မှ ဆူညံသံကို ခံစားမိသောအခါ ရွှီလင်လုံ၏ မျက်ခုံးများ အနည်းငယ် တွန့်သွားသည်။

ထို့နောက် သူမ၏ သွယ်လျသော လက်များကို လည်ပင်းသို့ မြှောက်ကာ ပွတ်သပ်လိုက်ပြီး တံခါးကို တွန်းဖွင့်လိုက်ကာ လုရိ၏ အခန်းသို့ အပြေးအလွှားသွားပြီး

“မကောင်းတော့ဘူး မောင်တော်။ အပြင်မှာ စစ်သားတွေ အများကြီး ဝိုင်းထားပြီ။”

မကောင်းဆိုးဝါး ကျင့်စဉ်တစ်ခုကို လေ့ကျင့်နေသော လုရိလည်း အပြင်ဘက်မှ ဆူညံသံကို ကြားသောအခါ ပြတင်းပေါက်ကို အလျင်အမြန်ဖွင့်ကာ အောက်ဘက်သို့ ကြည့်လိုက်သည်။

စစ်သားများက တည်းခိုခန်းကို အပြည့်အဝ ဝိုင်းရံထားသည်ကို မြင်သောအခါ လုရိ၏ မျက်နှာ အလွန်တင်းမာသွားသည်။ စစ်သားများသည် သူတို့အတွက် လာရောက်ခြင်း ဖြစ်နိုင်ခြေများပြီး သူတို့၏ သရုပ်မှန်များ ဖော်ထုတ်ခံရပြီး ဖြစ်နိုင်သည်။

ရွှီလင်လုံ၏ ထူးချွန်သော ရုပ်ဖျက်စွမ်းရည်ကိုပင် ဖောက်ထွင်းမြင်နိုင်လိမ့်မည်ဟု လုရိ မမျှော်လင့်ထားခဲ့ချေ။

ထိုစဉ် လျှံဇွန်းက မိုးစက် တည်းခိုခန်းရှိ လူအုပ်အား

“ကျွန်‌တော်က မြောက်ပိုင်းပြည်နယ် အထူးကိုယ်ရံတော်တပ်မှုး လျှံဇွန်းပါ။ မင်းသားရဲ့ အမိန့်အရ အတွင်းမှ ဧည့်သည်ကို ရန်ခရိုင် ပို့ဆောင်ဖို့ ရောက်လာခြင်း ဖြစ်ပါတယ်”

ဟု သူ့ကိုယ်သူ မိတ်ဆက်လိုက်သည်။

ဤစကားကို ကြားသောအခါ တည်းခိုခန်းရှိ အခြားဧည့်သည်များ ဇဝေဇဝါဖြစ်သွားကြသည်။ လျှံဇွန်းက မည်သူ့ကို ရည်ညွှန်း နေကြောင်း သူတို့ မသေချာပေ။ သူက တိတိကျကျ မပြောသလို မည်သည့်နာမည်မျှလည်း ထုတ်ဖော်မပြောသဖြင့် သူတို့ မည်သူ့ကို ရှာဖွေနေကြောင်း မသိနိုင်ပေ။

ဤလူများက သူ့ကို ရှာဖွေနေတာ ဟုတ်ပါ့မလားဟုပင် လုရိ တွေးမိသည်။

လုရိ ထိုသို့ တွေးနေစဉ် လျှံဇွန်းက ထပ်ပြောလိုက်သည်။

“တည်းခိုခန်းထဲက ‘လု’ မျိုးနွယ် ဧည့်သည်ကို မြောက်ပိုင်းနယ်စားမင်းသားရဲ့ အမိန့်အရ အရှင်မနဲ့အတူ ရန်ခရိုင်ကို ကျွန်တော်တို့ရဲ့ ဧည့်သည်အဖြစ် ကြွရောက်ပေးဖို့ တောင်းဆိုပါတယ်။”

လျှံဇွန်းက ဤမျှ ပွင့်ပွင့်လင်းလင်း ပြောဆိုလိုက်သည်ကို မြင်သောအခါ တကယ်ပင် သူ့အတွက် ရောက်လာခြင်းဖြစ်ကြောင်း လုရိ သေချာသလောက် ဖြစ်သွားသည်။

သူတို့ ဖော်ထုတ်ခံရပြီးဖြစ်သဖြင့် ဆက်လက် ပုန်းကွယ်နေရန် မလိုတော့ချေ။ မည်သို့ပင်ဖြစ်စေ သူသည် မြောက်ပိုင်းနယ်စားမင်းသားထံမှ စစ်သားအကူအညီ ရယူရန် ရန်ခရိုင်သွားဖို့ စဉ်းစားထားခဲ့ပြီး ဖြစ်သည်။

ချက်ချင်းဆိုသလိုပင် လုရိသည် တံခါးကိုဖွင့်ကာ စင်္ကြံလမ်းပေါ်သို့ ထွက်လာသည်။ လုရိ ထွက်လာသည်ကို မြင်သောအခါ ရွှီလင်လုံက ကြောက်ရွံ့သော အမူအရာဖြင့်

“မောင်တော်။ ကျွန်မတို့ ဘာလုပ်ကြမလဲ။”

လုရိက

“ကိုယ်တို့ ဒီမှာရှိတာ သူတို့ သိနေပြီဆိုတော့ ဆက်ပုန်းစရာ မလိုတော့ဘူး။ အောက်ကို ဆင်းရအောင်။”

သူ၏ အသံဆုံးသည်နှင့် လုရိသည် အောက်ထပ်သို့ ဦးတည်သွားတော့သည်။

ရွှီလင်လုံလည်း သူ့နောက်သို့ အလျင်အမြန် လိုက်ပါသွားသည်။

မကြာမီ လုရိသည် မိုးစက်တည်းခိုခန်း၏ အဓိကဝင်ပေါက်မှ ထွက်လာပြီး လျှံဇွန်းထံသို့ တည့်တည့်သွားကာ

“ကျွန်တော်က လုမျိုးနွယ်ပါ။”

လျှံဇွန်းက လုရိအား လေးစားစွာ အရိုအသေပြုပြီးနောက်

“သယ်ယူပို့ဆောင်ရေးအတွက် လှည်းစီစဉ်ထားပါပြီ။ ကြွပါခင်ဗျာ။”

ချက်ချင်းဆိုသလိုပင် လုရိနှင့် အရှေ့နန်းဆောင်မှ လူများလည်း လျှံဇွန်းနှင့် လိုက်ပါ၍ ရန်ခရိုင်သို့ ထွက်ခွာသွားကြသည်။

........

ရက်အနည်းငယ်ကြာပြီးနောက်။

ရန်ခရိုင်သို့ ရောက်ရှိသောအခါ လုချန်းက လုရိကို ကိုယ်တိုင်လာရောက် ကြိုဆိုခြင်း မရှိချေ။ ယင်းအစား မြို့နယ်အုပ်ချုပ်ရေးမှူးက လုရိနှင့် သူ၏အဖွဲ့အတွက် ပြင်ဆင်ထားသော စံအိမ်သို့ တိုက်ရိုက်ခေါ်သွားခဲ့သည်။

လှည်းပေါ်မှ ဆင်းပြီးနောက် သူ့ရှေ့မှ စံအိမ်ကို လုရိ တစ်ချက်ကြည့်လိုက်သည်။ မြောက်ပိုင်းနယ်စားမင်းသားစံအိမ် မဟုတ်သည်ကို မြင်သောအခါ လုရိက

“ကျွန်တော့် နဝမ ညီတော်နဲ့ ဘယ်တော့ တွေ့လို့ရမလဲ။”

ယခု သူတို့နှစ်ဦးတည်းသာ ရှိနေသဖြင့် ဟန်ဆောင်ခြင်းကို လုရိ ရပ်တန့်လိုက်ပြီး တိုက်ရိုက် မေးလိုက်ခြင်းဖြစ်သည်။

လျှံဇွန်းက ပြုံးလျက်

“ခဏစောင့်ပါ အိမ်ရှေ့မင်းသား ခင်ဗျာ။ မင်းသား မကြာခင် ရောက်လာပါလိမ့်မယ်။”

“ဒါက ခင်ဗျားအတွက် မင်းသားက ပြင်ဆင်ပေးထားတဲ့ စံအိမ်ပါ။ အခုကစပြီး ခင်ဗျား ဒီမှာပဲ နေရမှာပါ။ ဘာလိုအပ်ချက်ရှိရှိ အထူးကိုယ်ရံတော်ကို အချိန်မရွေး အကြောင်းကြားနိုင်ပါတယ်။”

သိပ်မစဉ်းစားတော့ဘဲ လုရိလည်း သူ၏ အခြွေအရံများ၊ ကိုယ်ရံတော်များနှင့်အတူ စံအိမ်ထဲသို့ တည့်တည့်ဝင်သွားသည်။

အတွင်းသို့ ရောက်သည်နှင့် အစေခံများနှင့် ကိုယ်ရံတော်များက ပစ္စည်းများကို နေရာချရန် စတင်စီစဉ်ကြသည်။ ထိုအတောအတွင်း ခြံဝင်းထဲတွင် ထိုင်နေသော လုရိကတော့ စိုးရိမ်ပူပန်နေပုံရသည်။

လုချန်း၏ သူ့အပေါ် သဘောထားကို သူမသေချာသေးပေ။ ယခု အချိန်တွင် သူ အလွန်အမင်း စိတ်စောနေပြီး လုချန်းနှင့်တွေ့ဆုံကာ သူ၏အတွေးများကို သိရှိလိုနေသည်။

အချိန်အတော် ကြာပြီးနောက် အစေခံတစ်ဦး ခြံဝင်းထဲသို့ ဝင်လာပြီး

“မင်းသား။ မြောက်ပိုင်းနယ်စားမင်းသား ရောက်လာပါပြီ။”

ဤစကားကို ကြားသောအခါ လုရိလည်း ရွှီလင်လုံနှင့်အတူ လုချန်းကို ကိုယ်တိုင် ကြိုဆိုရန် စံအိမ်အဝင်ဝသို့ အလျင်အမြန် ဦးတည်သွားလိုက်သည်။

လုချန်း လှည်းပေါ်မှ ဆင်းပြီးနောက် လုရိနှင့် ရွှီလင်လုံတို့ကို အမြန်ကြည့်လိုက်သည်။

လုချန်းက ပြုံးလျက်

“ မြောက်ပိုင်းပြည်နယ်မှာ ကျွန်တော့်ရဲ့ ဧည့်သည်တွေ ဖြစ်လာကြတာကို ကြိုဆိုပါတယ် အစ်ကိုနဲ့ မရီးတို့။”

ထိုအချိန်တွင် လုချန်း၏ မျက်လုံးများက ရွှီလင်လုံအပေါ် ရောက်သွားသည်။ အကြောင်းတစ်ခုခုကြောင့် သူ၏ မရီးသည် ယခင်ကနှင့် အတော်လေး ကွာခြားနေသည်ဟု သူ ခံစားရ၏။

နေပြည်တော်တွင် ရွှီလင်လုံကို မကြာခဏ မတွေ့ရသော်လည်း သူ သူမကို အကြိမ်အနည်းငယ် တွေ့ဖူးသည်။ ထိုအချိန်က သူမတွင် ယခုလို ဆွဲဆောင်မှုမျိုး မရှိခဲ့သည်မှာ သေချာသည်။

အမျိုးသမီး အများအပြားနှင့် ဆက်ဆံဖူးသဖြင့် လုချန်းတွင် အမျိုးသမီးများ၏ သဘောသဘာဝနှင့် ပတ်သက်၍ အမြင်အချို့ ရှိသည်။

ဤအချိန်တွင် လုချန်းက သူ၏စနစ်ကို အသုံးပြု၍ ရွှီလင်လုံ၏ အချက်အလက်ကို စစ်ဆေးလိုက်သည်။

[အမည်: ရွှီလင်လုံ]

[အချက်အလက် :တိုင်ယင်နတ်ဘုရားဂိုဏ်း၏ သူတော်စင်မ၊ ရှနိုင်ငံတော်၏ အိမ်ရှေ့မိဖုရား၊ မြောက်ပိုင်းနယ်စားမင်းသား၏ မရီး၊ အသက်သုံးဆယ်အရွယ် အဆင့်လွန် ပညာရှင်။ မူလက လုရိကို ထီးနန်းသိမ်းပိုက်ဖို့ ကူညီပြီး ရှနိုင်ငံတော် တစ်ခုလုံးကို ထိန်းချုပ်ရန် ရည်ရွယ်ချက်ဖြင့် လုရိအား ချဉ်းကပ်ခဲ့သူ။

လုရိ၏ အာဏာသိမ်းမှု ကျရှုံးပြီးနောက် မြောက်ပိုင်းနယ်စားမင်းသားကို လုရိမှတစ်ဆင့် ချဉ်းကပ်ရန် ရည်ရွယ်ချက်ဖြင့် မြောက်ဘက်သို့ လိုက်ပါလာခဲ့သည်။ ထို့နောက် မြောက်ပိုင်းနယ်စားမင်းသား၏ အသွေးအသားကို ယဇ်ပူဇော်၍ တိုင်ယင်နတ်ဘုရားဂိုဏ်း၏ ဂိုဏ်းခေါင်းဆောင်ကို ပြန်လည်ရှင်သန်စေရန် ကြံစည်ထားသည်။ သူမသည် လုရိနှင့် လက်ထပ်သောအခါ မကောင်းဆိုးဝါးကျင့်စဉ်ကျမ်း တစ်အုပ်ကို လုရိအား လက်ဆောင်ပေးခဲ့သည်။

မကောင်းသော ကျင့်စဉ်ကို မကြာခဏ လေ့ကျင့်မှုကြောင့် လုရိသည် တစ်သက်တာလုံး ပန်းသေပန်းညှိုးဖြစ်နေပြီး အမွေဆက်ခံမည့်သူ မရှိနိုင်တော့ပေ။ ရွှီလင်လုံလည်း အပြည့်အဝ မပျက်စီးသေးပါ။]

[အဆင့်သတ်မှတ်ချက် : ၉၈]

[နှစ်သက်မှု: ၃၀]

သူ့ရှေ့မှ အချက်အလက်များကို မြင်သောအခါ လုချန်း အံ့အားသင့်သွားသည်။

ဒါဆို သူ၏ မရီးက နတ်ဆိုးဂိုဏ်း အဖွဲ့ဝင်ဖြစ်နေပါလား...

လုရိ နေပြည်တော်တွင် အာဏာသိမ်း ရဲရခြင်းက နောက်ကွယ်မှ မကောင်းဆိုးဝါးအဖွဲ့၏ ထောက်ခံမှု ရှိနေလို့လား။

.................

All Chapters