အခန်း ၆၇၃-၆၇၅
Vol. 45 Ch. 673-675
အခန်း (၆၇၃)
လုရိ၏ အကြံအစည် (၁)
လုချန်း၏ အကြည့်က ဘေးနားရှိ ရွှီလင်လုံအပေါ် စူးစိုက်နေသည်ကို မြင်သောအခါ လုရိ၏ မျက်ခုံးများ တွန့်သွားသည်။
သူ ယခင်က ကြားဖူးသော ကောလာဟလများကို ရုတ်တရက် သတိရလိုက်သည်။ သူ၏ နဝမညီငယ်သည် မြင်မြင်သမျှ လှပသော အမျိုးသမီးများကို ပိုင်ဆိုင်ရန် အစွမ်းကုန် ကြိုးစားတတ်သောသူ ဖြစ်သည်။
ချူးယုချင်ကိုပင် လုချန်းက အလွတ်မပေးခဲ့ပေ။
လုရိ အနည်းငယ် စိတ်မချမ်းမသာ ဖြစ်လာသည်။ သူသည် လက်ထပ်ပြီးကတည်းက ရွှီလင်လုံ၏ ခန္ဓာကိုယ်ချင်း မထိတွေ့ဖူးသော်လည်း သူမသည် နာမည်ခံအားဖြင့် သူ့၏ အိမ်ရှေ့မိဖုရား ဖြစ်နေပြီ မဟုတ်ပါလား။
လုချန်းက သူ၏ မိန်းမကို လိုချင်နေသည်။ ဒါက မည်သည့်ယောက်ျားမှ သည်းခံနိုင်သည့် ကိစ္စ မဟုတ်ပေ။
ထိုအချိန်တွင် လုချန်းက ရွှီလင်လုံဘက်သို့ လှည့်ကာ
“မရီးတော်ကို နောက်ဆုံးတွေ့ခဲ့တာ နှစ်တွေ ကြာပြီ။ အရင်ကထက်တောင် ပိုလှလာတယ်။”
ထိုစကားကို ကြားသောအခါ ရွှီလင်လုံ အနည်းငယ် တွေဝေသွားပြီး သူမ၏ ဘေးနားရှိ လုရိကို ကြောက်ရွံ့စွာ ကြည့်လိုက်၏။
“နဝမ မောင်ငယ်က နောက်နေတာ ဖြစ်ရမယ်။ ကျွန်မက အသက်ကြီးလာပြီဆိုတော့ ရုပ်ဆိုးလာသင့်တာပါ။ ပိုလှလာတာ မဟုတ်ပါဘူး။”
လုချန်းက ပြုံးလျက်
“အမျိုးသမီးတစ်ဦးဟာ ရင့်ကျက်လာလေလေ ပိုပြီးသိက္ခာရှိ လှပလာလေလေပါပဲ။ ကျွန်တော့်ရဲ့ မရီးတော်လို ကြော့ရှင်းလှပတဲ့ အမျိုးသမီးမျိုးက ဘယ်တော့မှ ရုပ်ဆိုးသွားမှာ မဟုတ်ပါဘူး။”
လုရိ ဆက်လက်နားထောင်နိုင်ခြင်း မရှိတော့ပဲ လုချန်းကို တိုက်ရိုက် ပြောလိုက်သည်။
“ ဒီတစ်ခါ အစ်ကိုတို့ကို ခိုလှုံခွင့်ပေးတာအတွက် နဝမ ညီတော်ကို အများကြီး ကျေးဇူးတင်ရမှာပါ။ မဟုတ်ရင် ငါတော့ သွားစရာနေရာမဲ့နေမှာပဲ။”
လုချန်းက
“အစ်ကိုနဲ့ ကျွန်တော်က သွေးသားတော်စပ်တယ်။ အစ်ကို ဒုက္ခရောက်နေချိန်မှာ ကျွန်တော် ကူညီသင့်တာ သဘာဝပါပဲ။”
“နောင်ဆို မြောက်ပိုင်းပြည်နယ်မှာ အစ်ကို ဘာလိုအပ်ချက်ရှိရှိ ပြောပါ။ အစ်ကိုရဲ့ တောင်းဆိုချက်ကို အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးပါ့မယ်။”
လုရိသိသော လျှို့ဝှက်ချက်များကို ယနေ့ မေးမြန်းရန် လုချန်း မရည်ရွယ်ပေ။ လုရိသည် ယနေ့မှ ရန်ခရိုင်သို့ ရောက်ရှိလာခြင်း မဟုတ်ပါလား။
ထို့နောက် လုရိက သက်ပြင်းချလိုက်ပြီး
“နဝမညီတော်။ ငါတို့ ညီအစ်ကိုတွေက မင်း နယ်စားနယ်မြေရပြီးတာနဲ့ ဘဝကို ပုံမှန်ပဲ ဖြတ်သန်းသွားလိမ့်မယ်လို့ အမြဲထင်ခဲ့ကြတာ။ ညီတော်က မြောက်ပိုင်းပြည်နယ်က သာမန်ပြည်သူတွေကို သာယာဝပြောတဲ့ ဘဝကို ရအောင် လုပ်ပေးနိုင်ရုံသာမကဘူး ဒီလို ထူးခြားပြောင်မြောက်တဲ့ စစ်အင်အားကိုပါ စုဆောင်းနိုင်လိမ့်မယ်လို့ မထင်ထားခဲ့ဘူး။ ငါတို့အားလုံး ညီတော့်ကို လုကြည့်မှားခဲ့တာပဲ။”
“နဝမညီတော်သာ နေပြည်တော်မှာ ကတည်းက အရည်အချင်းတွေကို ပြသခဲ့မယ်ဆိုရင် ဖခင်က မင်းကို အခုချိန်ဆို အိမ်ရှေ့မင်းသား ခန့်ထားပြီးလောက်ပြီ။ ပြီးတော့ ငါတို့ ညီအစ်ကိုတွေလည်း အပြည့်အဝ ယုံကြည်ကြမှာပါ။”
လုချန်းက ပြုံးလျက်
“အဲဒီရာထူးကို ကျွန်တော် သိပ်စိတ်မဝင်စားပါဘူး။ အစ်ကိုက အချိန်အတော်ကြာ နန်းတွင်းကို အုပ်ချုပ်ခဲ့ဖူးတယ် မဟုတ်လား။ နန်းတွင်းက လှည့်ဖြားမှုတွေကို အစ်ကို မြင်ခဲ့ပြီးသားဖြစ်မှာပဲ။”
“အဲဒီဝန်ကြီးတွေနဲ့ ဉာဏ်ပြိုင်နေမဲ့ အစား မြောက်ပိုင်းပြည်နယ်ကို လာပြီး ပေါ့ပေါ့ပါးပါး မင်းသားလုပ်ရတာက ပိုပျော်စရာ မကောင်းဘူးလား။ အစ်ကိုရော သဘောမကျ ဘူးလား”
လုရိက ပြုံးလျက်
“နဝမညီတော် ပြောတာ မှန်ပါတယ်။”
ထိုအချိန်တွင် လုချန်းက
“ကျွန်တော် လုပ်စရာရှိတာလေးတွေ ရှိသေးတယ် အစ်ကိုတော်။ ဒါကြောင့် ကျွန်တော် အရင်ပြန်လိုက်ပါဦးမယ်။”
ထိုသို့ပြောရင်း လုချန်း၏ အကြည့်က ရွှီလင်လုံအပေါ် တစ်ဖန် ဝဲပျံသွားသည်။
ခရမ်းဖျော့ရောင် ပိတ်ပါးဝတ်စုံကို ဝတ်ဆင်ထားသော သူမ၏ကိုယ်ခန္ဓာသည် သွယ်လျပြီး သိမ်မွေ့သည်။ သူမသည် ဂုဏ်သိက္ခာရှိရှိနေသော်လည်း သူမ၏အတွင်းတွင် ရိုင်းစိုင်းသော စိတ်တစ်ခု ရှိနေသည်ဟု လုချန်း အမြဲခံစားရသည်။
ဤအမျိုးသမီးသည် တကယ်လှသော်လည်း အနည်းငယ် ရက်စက်သည်ဟု လုချန်း တွေးမိ၏။
သူမက လုရိအား မိန်းမမယူနိုင်သော ကျင့်စဉ်ကို ကျင့်စေပြီး ယောက်ျားဘဝ ဆုံးရှုံးစေခဲ့သည်။
ချင်ယူဝေကို မြောက်ပိုင်းနယ်စားမင်းသားစံအိမ်သို့ ပို့ဆောင်ခဲ့စဉ်က သူမ နဂိုအတိုင်း ရှိနေခဲ့သည်မှာ မဆန်းတော့ပေ။ သူ့အစ်ကိုကြီးသည် သိုင်းပညာတွင် အလွန်နစ်မြုပ်နေသဖြင့် လှပသော အမျိုးသမီးများကို စိတ်မဝင်စားဟု သူ တကယ်ယုံကြည်ခဲ့သော်လည်း တကယ်တမ်းတွင် သူသည် ထိုသို့သော စိတ်ဝင်စားမှုမျိုး မရှိနိုင်သူ ဖြစ်နေခဲ့သည်။
လုရိက ပြုံးလျက်
“ကောင်းပါပြီ နဝမညီတော်။ လုပ်စရာရှိတာ ဆက်လုပ်ပါ။ ငါ မနှောင့်ယှက်တော့ပါဘူး။”
ထို့နောက် လုချန်း လုစံအိမ်မှ ထွက်ခွာသွား တော့သည်။
လုချန်း ထွက်သွားသည်နှင့် လုရိ၏ မျက်နှာမည်းမှောင်သွားပြီး ရွှီလင်လုံအား ဒေါသတကြီး ဆူငေါက်လိုက်သည်။
“လင်လုံ။ မင်းက ကိုယ်အိမ်ရှေ့မင်းသား မဟုတ်တော့ဘူး၊ အာဏာလည်း မရှိတော့ဘူးဆိုတော့ ကိုယ့်ကို စွန့်ပစ်ပြီး နဝမညီတော်နဲ့ ပေါင်းဖို့ ဆန္ဒရှိနေတာလား။ သူ့ကို မြှူဆွယ်ချင်တာလား။”
“မျက်နှာများတဲ့ မိန်းမ။”
လုရိသည် ရွှီလင်လုံကို စကားဖြင့် ပြစ်တင်ပြောဆိုသော်လည်း သူမကို လက်ဖြင့် မရိုက်နှက်ခဲ့ချေ။ သူမ၏ အနေအထားက အလွန်ထူးခြားသဖြင့် သူမကို သူ မရိုက်နှက်ရဲချေ။
ဤစကားကို ကြားသောအခါ ရွှီလင်လုံက ထိတ်လန့်တုန်လှုပ်သော အမူအရာကို ပြသလိုက်သည်။ သူမက အလျင်အမြန်ပင်
“မင်းသား။ မြောက်ပိုင်းနယ်စားမင်းသားက ကျွန်မကို ကြည့်နေတာပါ။ ကျွန်မ ဒီလို စိတ်ကူးဖို့တောင် မရဲပါဘူး။ အသက်ရှင်နေစဉ်မှာ ကျွန်မက မင်းသားရဲ့လူ၊ သေရင်လည်း မင်းသားရဲ့ ဝိညာဉ်ပါပဲ။”
လုရိက အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး
“လူတိုင်းက မြောက်ပိုင်းနယ်စားမင်းသားက ကာမေဂုဏ် လိုက်စားတဲ့သူ။ မြင်မြင်သမျှ လှပတဲ့ အမျိုးသမီးတိုင်းကို လက်လွှတ်မခံဘူးလို့ ပြောကြတယ်။ ဒီနေ့တော့ ကိုယ်တိုင် မြင်ရပြီ။ ကိုယ့်မရီးကိုတောင် လိုချင်နေတာပဲ။”
ရွှီလင်လုံက ညင်သာစွာ ပြောလိုက်သည်။
“နောင်ဆို ကျွန်မ ဒီစံအိမ်ထဲမှာပဲ ရိုးရိုးသားသား နေထိုင်ပြီး ဘယ်တော့မှ အပြင်မထွက်တော့ပါဘူး။ အဲဒီလိုဆို မြောက်ပိုင်းနယ်စားမင်းသားက ကျွန်မကို မြင်တော့မှာ မဟုတ်ပါဘူး။”
လုရိက တစ်ခုခု ပြောရန် ပြင်ဆင်နေစဉ် သူ၏စိတ်ထဲတွင် ရုတ်တရက် အကြံတစ်ခု ရလာသည်။
ခဏလေး...
မြောက်ပိုင်းနယ်စားမင်းသားက ရွှီလင်လုံ၏ ခန္ဓာကိုယ်ကို တကယ် လိုချင်နေတယ်ဆိုရင် ဒါကို အသုံးချနိုင်မလား။
ရွှီလင်လုံက မြောက်ပိုင်းနယ်စားမင်းသား၏ နှလုံးသားကို သိမ်းပိုက်နိုင်ခဲ့ရင် သူသည် နောက်ပိုင်းတွင် မြောက်ပိုင်းနယ်စားမင်းသားထံ အချို့သောအခြေအနေများကို ပိုမိုလွယ်ကူစွာ တောင်းဆိုနိုင်မည် မဟုတ်ပါလား။
ဤအတွေးနှင့်အတူ လုရိ၏ မျက်နှာအမူအရာသည် သိသိသာသာ ပျော့ပျောင်းသွားသည်။ သိူ့သော် သူ၏အိမ်ရှေ့မိဖုရားကို မခံစားရသေးပဲ အခြားယောက်ျားတစ်ဦးအား ဖြားယောင်းစေရမည်ကို တွေးမိသည်နှင့် သူ၏စိတ်ထဲတွင် အလွန်ဒေါသထွက်လာသည်။
သို့သော် သူ၏ ပိုကြီးမားသော ရည်မှန်းချက်အတွက် ဤသေးငယ်သော ပေးဆပ်မှုသည် တန်ဖိုးရှိလှသည်။ အထူးသဖြင့် သူသည် ရွှီလင်လုံကို မြောက်ပိုင်းနယ်စားမင်းသားအား တကယ်တမ်း ပေးအပ်ရန် ရည်ရွယ်ချက် မရှိသောကြောင့် ဖြစ်၏။
ရွှီမိသားစုနှင့် တိုင်ယင်နတ်ဘုရားဂိုဏ်းတို့သည် နီးနီးကပ်ကပ် ဆက်စပ်နေကြသည်။ သူ တကယ်တမ်း ရွှီလင်လုံကို မြောက်ပိုင်းနယ်စားမင်းသားအား ပေးလိုက်မည်ဆိုလျှင် သူ၏ ရည်ရွယ်ချက်များအတွက် တိုင်ယင်နတ်ဘုရားဂိုဏ်းကို အသုံးချခွင့် ဆုံးရှုံးသွားမည် ဖြစ်သည်။
ထိုအချိန်တွင် လုရိ၏ မျက်နှာ၌ ပြုံးရိပ်တစ်ခု ပေါ်လာသည်။ ထို့နောက် သူက ဘေးနားရှိ ရွှီလင်လုံအား
“လင်လုံ။ တကယ်တောင်းပန်ပါတယ်။ ခုနက မင်းကို မအော်ခဲ့သင့်ဘူး။”
...............
အခန်း (၆၇၄)
လုရိ၏ အကြံအစည် (၂)
“မင်း အိမ်ထဲမှာ အချိန်တိုင်း နေနေဖို့ မလိုပါဘူး။ အခု ကိုယ်တို့ မြောက်ပိုင်းနယ်စားမင်းသား နယ်မြေထဲမှာ ရောက်နေပြီဆိုတော့ မြောက်ပိုင်းနယ်စားမင်းသားစံအိမ်က လူတွေနဲ့ ဆက်ဆံရေးကောင်းတွေ တည်ဆောက်သင့်တာ သဘာဝပဲ။ မြောက်ပိုင်းနယ်စားမင်းသားစံအိမ်ကိုသွားဖို့ အခွင့်အရေးများများ ရှာပြီး မြောက်ပိုင်းနယ်စားမင်းသားရဲ့ မိဖုရားနဲ့ ဆက်ဆံပါ။”
ရွှီလင်လုံသည် လုရိ၏ လိမ္မာပါးနပ်သော အတွေးများကို ချက်ချင်း မြင်အောင် ကြည့်နိုင်ခဲ့သော်လည်း ထုတ်တော့မပြောခဲ့ချေ။ အဘယ်ကြောင့်ဆိုသော် သူမ၏ မူလရည်ရွယ်ချက်ကလည်း တစ်နည်းနည်းနှင့် မြောက်ပိုင်းနယ်စားမင်းသားနှင့် နီးစပ်ရန် ဖြစ်သောကြောင့် ဖြစ်၏။
ထို့နောက် ရွှီလင်လုံက
“ကျွန်မ နားလည်ပါပြီ”
......
ညအချိန်။
ညစာစားနေစဉ် လုချန်းက မုကျိရွှမ်းတို့အား
“မင်းသား လုရိ မိသားစု ရန်ခရိုင်ကို ရောက်လာပြီ။”
ဤစကားကို ကြားသောအခါ အမျိုးသမီးများ ခဏမျှ တွေဝေသွားကြသည်။
မင်းသား လုရိ ရောက်နေပြီလား။
မင်းသား လုရိက အာဏာသိမ်းပြီးနောက် ပျောက်ဆုံးသွားခဲ့သည် မဟုတ်ပါလား။ သူ့မိသားစုက ဘယ်လိုလုပ် မြောက်ပိုင်းပြည်နယ်ကို ရုတ်တရက် ရောက်လာရတာလဲ။ ပြီးတော့ ဘာလို့ ရန်ခရိုင်ကို ရောက်လာရတာလဲ။
သို့သော် လုချန်းကပင် သူတို့ကို ရန်ခရိုင်သို့ ခေါ်ဆောင်လာခြင်း ဖြစ်နိုင်သည်ဟု ချက်ချင်း နားလည်လိုက်ကြသည်။ သူတို့တွင် တန်ဖိုးရှိနေသေးသည်ဟု သူက ယူဆပြီး သူတို့ကို ကာကွယ်ရန် ဆုံးဖြတ်ခဲ့ပုံရသည်။
ဤသည်မှာ အမျိုးသားများ၏ ကိစ္စဖြစ်ပြီး မုကျိရွှမ်းတို့ အနေနှင့် နက်နက်နဲနဲ စူးစမ်းရန် ရည်ရွယ်ချက် မရှိကြချေ။
ထိုအချိန်တွင် လုချန်းက မုကျိရွှမ်းအား
“နှမတော်။ အခုကစပြီး မိဖုရား လင်လုံနဲ့ ပိုပြီး ဆက်ဆံဖို့ ကြိုးစားပါ။”
ထိုစကားကို ကြားသောအခါ မုကျိရွှမ်း ပထမတွင် တုန်လှုပ်သွားသော်လည်း လုချန်း၏ ရည်ရွယ်ချက်ကို ချက်ချင်း နားလည်လိုက်သည်။
“ကျွန်မ နားလည်ပါပြီ။”
လုချန်းက ဆက်လက်၍
“ဒီနေ့မှ မရီးတော်က သာမန်အမျိုးသမီးတစ်ယောက် မဟုတ်ဘူးဆိုတာ သိလိုက်ရတယ်။ သူက တကယ်တော့ အဆင့်လွန် ပညာရှင် တစ်ယောက်ပဲ။”
ဤအချက်ကို ထုတ်ဖော်ပြောလိုက်သောအခါ ချူးယုချင် လန့်သွားသည်။ သူမက လုချန်းဘက်သို့ လှည့်ကာ
“အဆင့်လွန် ပညာရှင်။ သူ တကယ်ပဲ အဆင့်လွန် ပညာရှင် ဖြစ်နိုင်လို့လား။ မိဖုရား လင်လုံက ဒီနှစ်မှ အသက်သုံးဆယ်ပဲ ရှိသေးတာ မဟုတ်ဘူးလား။”
ချူးယုချင် အတော်လေး အံ့ဩသွားသည်။ ရွှီလင်လုံသည် သူမနှင့် အသက်တူနီးပါးရှိပြီး ရွှီမိသားစု၏ ထက်မြက်သော သမီးဖြစ်ကာ စောင်း၊ စစ်တုရင်၊ စာပေနှင့် ပန်းချီပညာတို့တွင် ထူးချွန်သည်ဟု လူသိများသော်လည်း သူမ သိုင်းပညာ လေ့ကျင့်သည်ဟူသော သတင်း မရှိခဲ့ချေ။ ဤမျှ အသက်ငယ်ငယ်နှင့် အဆင့်လွန် ပညာရှင် အဆင့်သို့ ဘယ်လိုလုပ် ရောက်ရှိနိုင်မှာလဲ။
ချူးယုချင်သည် သူမကိုယ်တိုင် အဆင့်လွန် ပညာရှင် ဖြစ်နေသော်လည်း လုချန်း၏ ယင်ယန်ကျင့်စဉ်နှင့် သူ၏ ထာဝရတန်ခိုးရှင် ဆေးလုံး မရှိပါက သူမသည် တစ်သက်လုံး ထိပ်သီးအဆင့်တွင်သာ ပိတ်မိနေပြီး အဆင့်လွန် ပညာရှင် အဖြစ်သို့ တက်လှမ်းနိုင်မည် မဟုတ်ကြောင်း ကောင်းစွာ သိသည်။
ရွှီလင်လုံက လုချန်း၏ အကူအညီ မရရှိခဲ့ပဲ အဆင့်လွန် ပညာရှင် ဖြစ်နေသည်။
တစ်ခုခုမှားယွင်းနေသည်...
ခဏအတွင်းတွင် ရွှီလင်လုံသည် သူမ သိထားသည့်လူမဟုတ်ပဲ လုံးဝမတူသောလူတစ်ဦးဖြစ်နိုင်ကြောင်း ချူးယုချင် သိမြင်လိုက်သည်။
သူမက အလျင်အမြန် သတိပေးလိုက်သည်။ “ချန်းလေး။ ဒီမိဖုရား လင်လုံက ပြဿနာရှိတယ်။ သူ့မှာ တခြားရည်ရွယ်ချက်တွေ ရှိနေနိုင်တာ သတိထားပါ။”
လုချန်းက ပြုံးလျက်
“သူ တခြားရည်ရွယ်ချက်တွေ မရှိမှာကိုပဲ ကျွန်တော် ကြောက်တာပါ။”
ချူးယုချင်က လုချန်းကို သံသယဖြင့် ကြည့်လိုက်သည်။
ဒီကောင်စုတ်လေးသည် အချို့သောအရာများကို သတိပြုမိထားပြီး ရွှီလင်လုံတွင် အချို့သောအတွေးများရှိကြောင်း နားလည်ထားပြီးဖြစ်သော်လည်း မည်သည့်အကြောင်းကြောင့် မုကျိရွှမ်းကို သူမနှင့် ပို၍ဆက်ဆံခိုင်းနေသနည်း။
ချူးယုချင်သည် ထပ်မတွေးတော့ချေ။ သူမက မုကျိရွှမ်းဘက်သို့ လှည့်ကာ
“ကျိရွှမ်း။ မင်းနောက်ပိုင်း အဲဒီမိဖုရားနဲ့ တွေ့ရင် ဒေါ်လေးကိုပါ ခေါ်သွားပါ။”
တစ်ဖက်က အဆင့်လွန် ပညာရှင် ဖြစ်နေသောကြောင့် ရွှီလင်လုံက မုကျိရွှမ်း သို့မဟုတ် မြောက်ပိုင်းနယ်စားမင်းသားစံအိမ်မှ အခြားသူတစ်ဦးဦးကို ထိခိုက်အောင် လုပ်မည်ကို ချူးယုချင် စိုးရိမ်ခဲ့သည်။
မုကျိရွှမ်းက
“ကောင်းပါပြီ ဒေါ်လေးချူး။”
.......
ရက်အနည်းငယ်ကြာပြီးနောက်။
လုချန်း လုစံအိမ်သို့ နောက်တစ်ခေါက် သွားရောက်ခဲ့သည်။
လုစံအိမ်ထဲသို့ ဝင်ရောက်ပြီးနောက် အစေခံတစ်ဦးက သူ့ကို ဧည့်ခံခန်းမသို့ ခေါ်ဆောင်သွားသည်။
ထိုအချိန်တွင် လုရိက
“ညီတော် ဒီတစ်ခေါက် လာလည်တာ ဘာ အကြောင်းကိစ္စ များရှိလို့လဲ။”
လုချန်းက ပြုံးလျက်
“အစ်ကိုတော် ဒီမှာ အဆင်ပြေရဲ့လား၊ လိုအပ်ချက်တွေများရှိလားဆိုတာ သိချင်လို့ပါ။”
လုရိက ချက်ချင်းပြန်ဖြေသည်။
“အဆင်ပြေပါတယ်။ အရမ်းအဆင်ပြေပါတယ်။ လောလောဆယ် လိုအပ်တာ မရှိသေးပါဘူး။”
ပြောရင်းဆိုရင်း လုရိက ဆက်လက်ပြောသည်။
“ညီတော် ထိုင်ပါဦး။ တစ်ယောက်ယောက် လက်ဖက်ရည် ပြင်ပေးပါ။”
လုချန်းက သူ့ဘေးတွင် ထိုင်လိုက်ပြီး ယခုအခါ ဧည့်ခံခန်းအတွင်း သူတို့နှစ်ဦးသာရှိနေသည်။ လုချန်းက လုရိကို နေပြည်တော်ရှိ အခြေအနေများကို မေးမြန်းမည်ဆိုသည့်အချိန်တွင် ရွှီလင်လုံလည်း အပြင်မှ ဖြည်းဖြည်းချင်း ဝင်ရောက်လာသည်။ သူမသည် ခရမ်းရောင်ပိုးထည်ဝတ်စုံကို ဝတ်ဆင်ထားပြီး လှပသော အိမ်ထောင်သည်အမျိုးသမီးတစ်ဦး၏ ဆွဲဆောင်မှုများကို ပြပြည့်စုံစွာဖော်ပြနေသည်။
လုချန်း၏ အကြည့်က ရွှီလင်လုံအပေါ် တိုက်ရိုက်ကျရောက်သွား၏။ ထိုအရာကို မြင်သော်လည်း ဤတစ်ကြိမ်တွင် လုရိဒေါသမထွက်တော့ချေ။ ယင်းအစား သူ၏ နှုတ်ခမ်းထောင့်များ အနည်းငယ် မြင့်တက်သွားသည်။
သူ၏ ညီငယ်သည် ရွှီလင်လုံ၏ အလှကို တကယ်ပင် လိုချင်နေသည်ဟု သူ အခြေခံအားဖြင့် အတည်ပြုနိုင်ခဲ့သည်။
ထိုအချိန်တွင် ရွှီလင်လုံက
“မောင်ငယ် ရောက်လာပြီလား။”
ရွှီလင်လုံ ခြေလှမ်းတစ်လှမ်း လှမ်းလိုက်တိုင်း ဆွဲဆောင်မှုရှိသော အငွေ့အသက်များ ထုတ်လွှတ်နေသည်။
လုချန်းက ပြုံးလျက်
“မရီးတော်နဲ့ မတွေ့တာ ရက်နည်းနည်းပဲကြာသေးတယ်။ အခု ပိုတောင် လှလာသေးတယ်။”
ရွှီလင်လုံက ပြုံးလျက်
“မောင်ငယ်ရဲ့ စကားတွေက ဒီလောက်ချိုသာနေတာ မိန်းကလေးတွေ အများကြီးက မောင်ငယ်နဲ့ လက်ထပ်ချင်ကြတာ မဆန်းပါဘူး။”
လုရိက ထိုအချိန်တွင် လျစ်လျူရှုဟန်ဖြင့်
“လင်လုံ။ မင်းလည်း ထိုင်သင့်တယ်။”
“ဟုတ်ကဲ့ပါ မောင်တော်။”
ထို့နောက် ရွှီလင်လုံ သစ်သားကုလားထိုင်တွင် ထိုင်လိုက်သည်။
အစေခံက လက်ဖက်ရည် ချပေးပြီးနောက် လုချန်းက
“အစ်ကို။ ကျွန်တော် မေးစရာ မေးခွန်းတစ်ခု ရှိတယ်။ ဒါပေမဲ့ မေးသင့် မမေးသင့် မသေချာဘူး။”
လုရိက
“မေးပါ ညီတော်။”
လုချန်းက
“အစ်ကို့ကို အဲဒီရာထူးယူဖို့ ကျွန်တော် အမြဲထောက်ခံခဲ့တာ အစ်ကိုသိပါတယ်။ အစ်ကိုက ရင့်ကျက်တည်ငြိမ်တဲ့လူလို့ ကျွန်တော် အမြဲယူဆခဲ့တယ်။ နောက်ပြီး အစ်ကိုက အိမ်ရှေ့မင်းသား ဖြစ်နေပြီးသားဆိုတော့ အနှေးနဲ့အမြန်တော့ ရာဇပလ္လင်ပေါ် ထိုင်ရမှာပဲ။ ဒါပေမဲ့ ဒီတစ်ခေါက် ဘာလို့ ဒီလောက် အလျင်လိုနေတာလဲ။”
ဤမေးခွန်းကို ကြားသောအခါ လုရိက သက်ပြင်းချကာ
“အင်း။ ငါလည်း လုပ်ချင်တာ မဟုတ်ဘူး။ ဒါပေမဲ့ ငါသာ အဲ့ဒီလို မလုပ်ဘူးဆိုရင် အသက်တောင် ဆုံးရှုံးသွားနိုင်တယ်။”
“ဖခင်ကို အရင်က အာဏာရှိ မိသားစုတွေနဲ့ပေါင်းပြီး အဆိပ်ခတ်ဖို့ ကြံစည်တဲ့ လင်မိသားစုရဲ့ လျှို့ဝှက်ကြံစည်မှုကို မင်း ကြားဖူးမှာပေါ့။”
လုချန်းက
“ဟုတ်တယ်။ အဲ့ဒီကိစ္စ ကျွန်တော် သိပါတယ်။ ဒါပေမဲ့ လင်မိသားစုက ချောက်တွန်းခံရတာလို့ ကြားတယ်။”
လုရိက ထပ်မံ၍ သက်ပြင်းရှည်တစ်ချက် ချလိုက်ပြီး
“လူရော၊ ပစ္စည်းရော သက်သေရှိတာကို ချောက်တွန်းခံရတာ ဘယ်လိုဖြစ်နိုင်မှာလဲ။ လင်မိသားစုက ဒီလောက်လွယ်လွယ် အပြစ်လွတ်သွားတာက အဓိကအားဖြင့် ဖခင်အကြိုက်ဆုံး ယွီမိဖုရားက ဖခင်နား ကပ်ပြီး လင်မိသားစုကို တစ်ယောက်ယောက်က ချောက်တွန်းတာလို့ ယုံကြည်အောင် နားချခဲ့လို့ပါ။”
.............
အခန်း (၆၇၅)
လုရိ၏ အကြံအစည် (၃)
လုရိက ဆက်လက်၍
“လင်ကောင်းယွမ်ကို လွှတ်ပေးခဲ့ပေမဲ့ ဖခင်က အရာအားလုံးကို ဝန်ကြီးချုပ် ကျောင်းက လုပ်တယ်လို့ တကယ်ယုံသွားခဲ့တယ်။ သက်သေအထောက်အထား ဘာတစ်ခုမှမရှိပဲ ဝန်ကြီးချုပ် ကျောင်းနဲ့ ဝန်ကြီးအုပ်စုတစ်စုလုံးကို ဖမ်းလိုက်တော့ ငါ တစ်ယောက်တည်း ကျန်ခဲ့တယ်။”
“နောက်ပြီး ယွီမိဖုရားက ဖခင်ရှေ့မှာ ငါကပဲ အရာအားလုံးရဲ့ ကြံစည်သူဆိုပြီး အဆက်မပြတ် သွေးထိုးခဲ့လို့ ဖခင်က အိမ်ရှေ့မင်းသားအသစ် ခန့်ဖို့ စီစဉ်နေတဲ့အပြင် ငါ့ကို အဆိပ်တိုက်သတ်ဖို့ပါ ရည်ရွယ်ထားတယ်လို့ ကြားခဲ့ရတယ်။ ဒီလိုအခြေအနေမျိုးမှာ ငါ မပုန်ကန်ရင် အသက်ရှင်ဖို့ တခြားနည်းလမ်း ရှိပါဦးမလား။”
လုချန်းက
“အဲ့ဒါကြောင့်ကိုး။ အစ်ကိုဘာလို့ အဲ့လောက် အလျင်လိုနေရတာလဲလို့ ကျွန်တော် တွေးနေတာ။”
“ဒါဆို လင်မိသားစုက အဲ့ဒီနယ်စားနဲ့ ပူးပေါင်းနေတယ်လို့ အစ်ကိုက ထင်တာလား။”
လုရိက
“ကျောက်နယ်စား ဖြစ်နိုင်တယ်။ ကျောက်နယ်စားရဲ့ အင်အားက အခုဆို အတော်ကြီးထွားလာပြီး ပြည်နယ် အတော်များများကို ဖျက်ဆီးခဲ့ပြီးပြီ။ နှစ်နှစ်မပြည့်ခင်မှာ ကျောက်နယ်စားဟာ နေပြည်တော်အထိ မရောက်ရောက်အောင်လာမှာ သေချာပါတယ်။”
လုရိ ထပ်မံ သက်ပြင်းချကာ
“ဖခင်က သစ္စာဖောက်တွေရဲ့ စကားကို ယုံနေတယ်။ လင်မိသားစုက ဘယ်လိုနည်းနဲ့ရလာမှန်းမသိတဲ့ ‘ထာဝရတန်ခိုးရှင် ဆေးလုံး’ ဆိုတာကို ရခဲ့တယ်လို့ ကြားတယ်။ အဲ့ဒါက ဖခင်ကို စိတ်အားတက်စေခဲ့တယ်။ သူက အဲ့ဒါကို တကယ့် အသက်ကယ် ထာဝရတန်ခိုးရှင် ဆေးလုံးလို့ ယုံကြည်နေတော့ လင်မိသားစုကို ပိုပြီး အားထားနေတယ်။ တကယ်တော့ အဲ့ဒါက တကယ့် ထာဝရတန်ခိုးရှင် ဆေးလုံး ဖြစ်စရာအကြောင်း ဘယ်နည်းနဲ့မှ မရှိဘူးဆိုတာ သူ မသိရှာဘူး။”
“နန်းတွင်းဆေးဘက်ဆိုင်ရာ သမားတော်အဖွဲ့တွေနဲ့ တိုင်ပင်ကြည့်တော့ ဒီလိုဆေးလုံးက လူတစ်ယောက်ရဲ့ အသက်စွမ်းအင်ကို ခဏတာ စုပ်ယူပြီး ကျန်းမာရေး ပြန်ကောင်းလာသယောင် ဖြစ်စေနိုင်ပေမဲ့ တကယ်တမ်းကျတော့ ဒီလိုဆေးလုံးကို သောက်တဲ့သူတိုင်း ပိုပြီး အင်အားကုန်ခမ်းလာမှာပဲ။”
လုရိ၏ နာကျင်မှုပြည့်ဝသော မျက်နှာအမူအရာကို မြင်ရသော လုချန်း စိတ်ထဲတွင် မရယ်နိုင်ပဲ မနေခဲ့ပေ။ သူ၏အစ်ကိုကြီးသည် အမှန်တကယ်ပင် သရုပ်ဆောင်ရာတွင် ကျွမ်းကျင်သူဖြစ်သည်။ အမှန်တကယ် ဖြစ်ပျက်နေသည်များကို သူမသိပါခဲ့ပါက လုရိ၏ စကားများကို တကယ်ယုံကြည်သွားလောက်သည်။
ထိုအခိုက်အတန့်တွင် လုရိ ရုတ်တရက် တစ်ခုခုကို သတိရသွားပြီးနောက် လုချန်းကို
“ နဝမ ညီတော်။ ညီတော် မသိသေးတဲ့ ရှနိုင်ငံကို လှုပ်ခါနိုင်မယ့် ကိစ္စတစ်ခု ရှိတယ်။ ငါက မတော်တဆ တွေ့ခဲ့တာပါ။ ဖခင် ဒီလိုလုပ်လိမ့်မယ်လို့ ငါ ခုထိ မယုံနိုင်သေးဘူး။”
ထိုစကားကို ကြားသောအခါ လုချန်းက မသိချင်ယောင်ဆောင်ကာ
“ဘာများလဲ။ အဲ့လောက်တောင် ဆိုးရွားတာလား။”
လုရိသည် ခန်းမရှိ အစေခံများကို လှမ်းကြည့်ပြီးနောက် ထွက်သွားရန် လက်ဝှေ့ ယမ်းပြလိုက်သည်။
အစေခံများ ထွက်ခွာသွားပြီး တံခါးစောင့်က ခန်းမတံခါးကို ပိတ်လိုက်ပြီးနောက်တွင်မှ လုရိက
“ရှနိုင်ငံထဲမှာ သိုင်းပညာရှင် အများအပြား ထူးထူးဆန်းဆန်း ပျောက်ကွယ်သွားတယ်ဆိုတာ ညီတော် ကြားဖူးမှာပေါ့။”
ဟု တိုးတိုးလေး ပြောလိုက်သည်။
ထိုစကားကို ကြားသောအခါ လုချန်း မျက်မှောင်ကြုတ်သွားပြီး စိတ်ဝင်စားမှုများ တိုးပွားလာသည်။
သူသည် ယခင်က စိတ်ဝင်စား ဟန်ဆောင်ရုံသာ ရှိခဲ့သော်လည်း ယခုအခါတွင်မူ အမှန်တကယ် စိတ်ဝင်စားသွားခြင်း ဖြစ်သည်။
မည်သို့ပင်ဆိုစေ အထူးကိုယ်ရံတော်တပ်သည် ထိုကိစ္စနှင့်ပတ်သက်သည့် အချက်အလက်များကို များများစားစား ရှာမတွေ့သေးပေ။ လုရိ အမှန်တကယ် တစ်ခုခုကို သိခဲ့ပါက အားထုတ်စရာမလိုသော ကံကောင်းခြင်းတစ်ခု ဖြစ်လိမ့်မည်။
လုချန်းက
“ကျွန်တော်လည်း ကြားဖူးပါတယ်။ အစ်ကို ပြောနေတဲ့ ကိစ္စက ရှနိုင်ငံတော်မှာ သိုင်းပညာရှင်တွေ ပျောက်ကွယ်သွားတာနဲ့ ဆက်စပ်နေတာလား။”
လုရိက ထိတ်လန့်တကြား ပုံစံဖြင့်
“ဟုတ်တယ်။”
လုချန်းက မယုံကြည်နိုင်သည့် အမူအရာကို ပြသကာ
“ဒါဆို… ဖခင်က ဒီကိစ္စနဲ့ ဆက်စပ်နေတာလား။”
လုရိက
“မယုံနိုင်စရာပဲ မဟုတ်လား။ ငါ ဒီအကြောင်းကို ပထမဆုံး ကြားတုန်းက ဖခင်နဲ့ ပတ်သက်နေတယ်ဆိုတာ မယုံနိုင်ခဲ့ဘူး။”
လုချန်းက
“ဖခင်က သိုင်းပညာရှင် အများကြီးနဲ့ ဘာလုပ်ချင်တာလဲ။”
လုရိက
“ဖခင်က သိုင်းပညာရှင်တွေရဲ့ စွမ်းရည်နဲ့ အသက်ဓာတ်ကို စုပ်ယူနိုင်တဲ့ မကောင်းဆိုးဝါး ပစ္စည်းတစ်ခုကို ရခဲ့တယ်လို့ ကြားခဲ့ရတယ်။ အဲ့ဒီပစ္စည်းနဲ့ဆို ထာဝရရှင်သန်နိုင်မယ် ဒါမှမဟုတ် ကောင်းကင်လူသားအဆင့်ကို တက်လှမ်းနိုင်မယ်လို့ ကောလာဟလ ထွက်နေတယ်။ သိပ်မကြာသေးခင်က တောင်ဘက်ကို သံချပ်ကာ မြင်းတပ် စေလွှတ်ခဲ့တာကို မှတ်မိလား။ သူတို့က အဲ့ဒီပစ္စည်းကို သယ်ယူဖို့ တာဝန်ပေးခံထားရတာ။”
“ငါ ပုန်ကန်မှု စတုန်းက အဲ့ဒီပစ္စည်း သယ်ယူရာမှာ ပါဝင်တဲ့ သံချပ်ကာ မြင်းတပ်က ဗိုလ်မှူးတစ်ယောက်ကို စည်းရုံးနိုင်ခဲ့တယ်။ သူက အဲ့ဒီပစ္စည်းကို မသယ်ယူခင်မှာ သိုင်းပညာရှင် အများအပြားကို ယဇ်ပူဇော်ခဲ့တယ်လို့ ငါ့ကို ပြောပြတယ်။ နောက်ပြီး အဲ့ဒီသံချပ်ကာ မြင်းတပ်သားတွေ ပြန်လာပြီးကတည်းက တစ်ယောက်ပြီးတစ်ယောက် သေဆုံးနေကြတာကြောင့် အဲ့ဒီဗိုလ်မှူးက ငါ့ဘက်ကို ကူးပြောင်းဖို့ ဆုံးဖြတ်ခဲ့တာပဲ။”
“ပြီးတော့ ငါတို့ နန်းတွင်းကို ဝင်ရောက်စီးနင်းတုန်းက စစ်သားတွေရဲ့ သွေးတွေက တစ်ခုခုက စုပ်ယူတာခံရပြီး ချက်ချင်းဆိုသလို အရိုးခြောက်တွေ ဖြစ်သွားတာကို ငါကိုယ်တိုင် တွေ့ခဲ့ရတယ်။”
သူ ပြောနေရင်း လုရိ၏ မျက်နှာတွင် ထိတ်လန့်မှု အရိပ်အယောင်များ ပေါ်ပေါက်လာသည်။
လုရိထံမှ ထိုအကြောင်းအရာကို ကြားသောအခါ ဘေးနားရှိ ရွှီလင်လုံလည်း မျက်မှောင်အနည်းငယ် ကြုတ်မိသည်။ ဤကိစ္စသည် ဆွမ်ဧကရာဇ်နှင့် ဆက်စပ်နေကြောင်း သူမ သိရှိထားသော်လည်း လုရိလည်း သိရှိနေလိမ့်မည်ဟု သူမ မမျှော်လင့်ခဲ့ပေ။ ထို့ပြင် သူမထက်ပင် ပိုသိနေသေးသည်။ ထို့ပြင် လုရိသည် ယခင်က သူမအား တစ်ခါမျှ မပြောပြခဲ့ပဲ ယခုမှ မြောက်ပိုင်းနယ်စားမင်းသားရှေ့တွင် ထုတ်ဖော် ပြောပြခဲ့ခြင်း ဖြစ်သည်။
.........