အခန်း ၆၇၆-၆၇၈
Vol. 46 Ch. 676-678
အခန်း (၆၇၆)
လုရိ အကူအညီတောင်းခံခြင်း
လုရိ၏ စကားများကို ကြားသောအခါ လုချန်း၏ မျက်ခုံးများသည် ‘မြစ်’ ဟူသော စာလုံးသဏ္ဍာန် ဖြစ်ပေါ်သည်အထိ တွန့်သွားသည်။
ဤကိစ္စ ဆွမ်ဧကရာဇ်နှင့် သက်ဆိုင်နေမည်ဟု အတော်ကြာကတည်းက သူ သံသယဝင်ခဲ့ပြီး ဖြစ်၏။ ဆွမ်ဧကရာဇ်သည် စုပ်ယူခြင်းကျင့်စဉ်ကဲ့သို့သော ကျင့်စဉ်တစ်ခုကို ကျင့်ကြံနေနိုင်သည်ဟုလည်း သူခန့်မှန်းထားသည်။ သို့သော် သူ၏ဖခင်သည် ထိုသိုင်းပညာရှင်များကို ၎င်းတို့၏ စွမ်းရည်အတွက်သာမက အသက်ဓာတ် အတွက်ပါ ဖမ်းဆီးနေခြင်းဟုတော့ သူမထင်မိခဲ့ချေ။
လူများကို အရိုးခြောက်များအဖြစ်သို့ ပြောင်းလဲသည်အထိ အသက်ဓာတ်စွမ်းအင်များကို စုပ်ယူသည်မှာ နတ်ဆိုးဂိုဏ်းများ၏ လုပ်ရပ်မဟုတ်ပါက အခြားမည်သည့်အရာ ဖြစ်နိုင်ပါဦးမည်နည်း။
ခဏမျှ တိတ်ဆိတ်ပြီးနောက် လုချန်းက လုရိကို ကြည့်ကာ
“အစ်ကို။ ရှနိုင်ငံတော်ကနေ ပျောက်ကွယ်သွားတဲ့ သိုင်းပညာရှင်တွေကို ဆွမ်ဧကရာဇ်ရဲ့ အမိန့်နဲ့ ခေါ်ဆောင်သွားတယ်ဆိုတဲ့ ခိုင်မာတဲ့ အထောက်အထားများ ရှိပါသလား။”
လုရိက
“မရှိပါဘူး”
“ဒါပေမဲ့ ညီတော် စဉ်းစားကြည့်ပါ။ ဆွမ်ဧကရာဇ်ရဲ့ အရိပ်ကိုယ်ရံတော်တွေကလွဲလို့ ဘယ်အဖွဲ့အစည်း ဒါမှမဟုတ် အင်အားစုကမှ ဘယ်သူမှ သတိမထားမိပဲ ဒီလိုကိစ္စကို လုပ်နိုင်မှာလဲ။”
“နောက်ပြီး ဆွမ်ဧကရာဇ်က ဒီလို မကောင်းဆိုးဝါးပစ္စည်းမျိုးကို အခုမှ ရတာ။ သူသာမဟုတ်ရင် ဘယ်သူဖြစ်နိုင်မှာလဲ။ အရေးကြီးဆုံးအချက်ကတော့ စစ်သည်တော်တွေ အရိုးခြောက်ဖြစ်သွားတဲ့ မြင်ကွင်းကို ငါ ကိုယ်တိုင် မြင်တွေ့ခဲ့ရတာပါ။ ဒါကြောင့် ဆွမ်ဧကရာဇ်ဟာ ရှနိုင်ငံတော်က သိုင်းပညာရှင်တွေ ပျောက်ကွယ်သွားမှုရဲ့ အဓိက တရားခံဖြစ်နိုင်ခြေ အများကြီးရှိတယ်။”
လုရိ၏ စကားများကို နားထောင်ပြီးနောက် လုချန်း ခဏမျှ စဉ်းစားသွားခဲ့သည်။ လုရိ၌ တိုက်ရိုက် သက်သေအထောက်အထားမရှိသော်လည်း သူ၏ ခန့်မှန်းချက်များက မမှန်ကန်သည်တော့ မဟုတ်ချေ။ အကယ်၍ ဆွမ်ဧကရာဇ်သည် ထိုသို့သော မကောင်းဆိုးဝါးပစ္စည်းတစ်ခုကို အမှန်တကယ် ပိုင်ဆိုင်ပါက အသုံးမပြုပဲ နေမည်မဟုတ်ပေ။
ဆွမ်ဧကရာဇ်သည် ထိုပစ္စည်းကို အသုံးပြုရန် ရည်ရွယ်ပါက ပွင့်ပွင့်လင်းလင်းပြုလုပ်နိုင်မည်မဟုတ်သလို ယဇ်ပူဇော်ရန်အတွက် သိုင်းပညာရှင်များကို လူအများရှေ့တွင် သတ်ဖြတ်နိုင်မည်မဟုတ်ပေ။ တစ်ခုတည်းသော ဖြစ်နိုင်ခြေမှာ အခြားအင်အားစုများမှ သိုင်းပညာရှင်အချို့ကို တိတ်တဆိတ်ဖမ်းဆီးကာ ယဇ်ပူဇော်ခြင်း ဖြစ်လိမ့်မည်။
မည်သို့ပင်ဆိုစေကာမူ ကြားရုံသက်သက်ဖြင့်ပင် နတ်ဆိုးဂိုဏ်းများ၏ လုပ်ရပ်နှင့်တူနေသည်။ အကယ်၍ ဆွမ်ဧကရာဇ် နတ်ဆိုးဂိုဏ်းနှင့် ဆက်နွှယ်နေသည်ကို ကမ္ဘာကသိရှိပါက အဓိက သိုင်းဂိုဏ်းများ စည်းလုံးကာ နေပြည်တော်သို့လာရောက်ပြီး ဆွမ်ဧကရာဇ်အား ဒုက္ခပေးရန်က မကြာမီဖြစ်လာနိုင်သည့် ကိစ္စတစ်ခုဖြစ်သည်။
လုချန်း တိတ်ဆိတ်နေသည်ကို မြင်သောအခါ လုရိက
“ဒီသိုင်းပညာရှင်တွေ ပျောက်ကွယ်သွားတာ ဖခင်နဲ့ မပတ်သက်ဘူးလို့ ညီတော် ထင်လား။”
လုချန်း သတိပြန်ဝင်လာကာ
“မဟုတ်ပါဘူး။ ဒါပေမဲ့ ဒီမကောင်းဆိုးဝါးပစ္စည်းကို ဖခင် ဘယ်သူ့ဆီက ရတာလဲဆိုတာကို ကျွန်တော် စဉ်းစားနေတာပါ။”
လုရိက
“ တစ်ချိန်က ပင်လယ်ပြင်မှာ တစ်ခုခုကို ရှာဖို့ ဖခင်က လူတွေစေလွှတ်ခဲ့တယ်လို့ ငါ ကြားတယ်။ အဲ့ဒီမကောင်းဆိုးဝါးပစ္စည်းက သမုဒ္ဒရာကနေ ရောက်လာတာ ဖြစ်နိုင်တယ်။”
ထိုစကားကို ကြားသောအခါ လုချန်း အံ့ဩ သွားသည်။
သမုဒ္ဒရာကနေလား။
ဖုန်းယင်ကျွန်းနဲ့များ သက်ဆိုင်နေမလား။
ဖုန်းယင်ကျွန်းတွင် မျှော်လင့်ထားသည်ထက် ပိုမိုရှုပ်ထွေးမှုများရှိ နေဟန်တူသည်။ ရှနိုင်ငံတော်ကို ထိန်းချုပ်ပြီးသည်နှင့် ဖုန်းယင်ကျွန်းအား စုံစမ်းစစ်ဆေးရန် လူများစေလွှတ်ရမည်ဖြစ်သည်။
ထိုအခိုက်အတန့်တွင် လုရိက လုချန်း၏ တုံ့ပြန်မှုကို လှမ်းကြည့်ကာ စမ်းသပ်ကြည့်ရန် အကြံဖြင့်
“အခု ဖခင်မှာ ဒီလို မကောင်းဆိုးဝါးပစ္စည်းတစ်မျိုးကို ရနေပြီဆိုတော့ သူသာ အဲ့ဒါကို အသက်သွင်းနိုင်ခဲ့ရင် နိုင်ငံတော်ပညာရှိကြီးက ကောင်းကင်လူသား စွမ်းအားရှင် ဖြစ်လာနိုင်တယ်။”
လုချန်းက ပြုံးလျှက်
“နိုင်ငံတော်ပညာရှိ ကောင်းကင်လူသား စွမ်းအားရှင် ဖြစ်လာတာ ကောင်းတဲ့ ကိစ္စမဟုတ်ဘူးလား။ ရှနိုင်ငံတော်ရဲ့ ပြည်တွင်း ပဋိပက္ခတွေ မကြာခင် ပြီးဆုံးသွားနိုင်တာပေါ့။”
ဤစကားကို ကြားသောအခါ လုရိက ချက်ချင်းပင်
“ညီတော်။ အစ်ကို့ရှေ့မှာ ဒီလိုစကားတွေ ပြောဖို့ မလိုအပ်ပါဘူး။ နိုင်ငံတော်ပညာရှိ ကောင်းကင်လူသား စွမ်းအားရှင် ဖြစ်လာတာနဲ့ ဆွမ်ဧကရာဇ်ဟာ မြောက်ပိုင်းပြည်နယ်အပေါ် မကောင်းတဲ့ ရည်ရွယ်ချက်တွေ ထားလာနိုင်တယ်ဆိုတာ ငါတို့ နှစ်ယောက်လုံး ရှင်းရှင်းလင်းလင်း နားလည်ထားတဲ့အရာ မဟုတ်လား။”
“လျှို့ဝှက်လဝန်းနန်းတော်က ကောင်းကင်လူသား စွမ်းအားရှင် တစ်ပါး မြောက်ပိုင်းပြည်နယ်ကို ရောက်ဖူးတယ်လို့ ငါကြားခဲ့ရတယ်။ ညီတော်လည်း ကောင်းကင်လူသား စွမ်းအားရှင်ရဲ့ အစွမ်းကို ကောင်းကောင်းသိပါလိမ့်မယ်။”
လုရိသည် တာအိုရသေ့နှင့် လေးမျက်နှာဂိုဏ်းချုပ်တို့ ပါဝင်ပတ်သက်ခဲ့သော ဖြစ်ရပ်များကို သိရှိထား၏။ ထိုဖြစ်ရပ်က အလွန်ထင်ရှားခဲ့သောကြောင့် ကောလာဟလအချို့ ထွက်ပေါ်လာခြင်းကို တားဆီး၍ မရချေ။ ဆွမ်ဧကရာဇ်ကဲ့သို့ပင် လုရိလည်း ဂိုဏ်းချုပ်နှင့် တာအိုရသေ့တို့ကို လျှို့ဝှက်လဝန်းနန်းတော်မှ ကောင်းကင်လူသား စွမ်းအားရှင်က သတ်ဖြတ်ခဲ့သည်ဟု ယုံကြည်ထားသည်။
ထို့ကြောင့် သူ၏ အမြင်တွင် လျှို့ဝှက်လဝန်းနန်းတော်မှ ကောင်းကင်လူသား စွမ်းအားရှင်သည် သူ၏ ညီတော်နှင့် အဆက်အသွယ်ရှိရမည်။
လုချန်း ခဏမျှ စဉ်းစားပြီးနောက်
“ဒါဆို အစ်ကိုရဲ့ အမြင်အရ အခု ကျွန်တော် ဘာလုပ်တာက အကောင်းဆုံး ဖြစ်မလဲ။”
လုရိက
“သိုင်းပညာရှင်တွေ ပျောက်ကွယ်မှုက လအနည်းငယ်ကတည်းက စတင်ခဲ့ပြီး အခုဆိုရင် အဆင့်ငါ့းနဲ့ အထက် သိုင်းပညာရှင် ထောင်ပေါင်းများစွာ ပျောက်ဆုံးနေပြီလို့ ထင်တယ်။ ဖခင်ရဲ့ ပစ္စည်းဟာ လုံလောက်တဲ့ အသက်ဓာတ်နဲ့ သွေးတွေကို စုပ်ယူထားပြီးသား ဖြစ်မယ်လို့ ငါထင်တယ်။ နိုင်ငံတော်ပညာရှိ ဒါမှမဟုတ် တခြားတစ်ယောက် ကောင်းကင်လူသား စွမ်းအားရှင် ဖြစ်သွားပြီးတာလည်း ဖြစ်နိုင်တယ်။”
“နန်းတွင်းမှာ ကောင်းကင်လူသား စွမ်းအားရှင် ရှိနေလောက်ပြီ။”
ဤစကားကို ကြားသောအခါ လုရိ တစ်ခုခုအတွက် လမ်းခင်းနေသည်ဟု လုချန်း တွေးမိသော်လည်း လုရိ နောက်ထပ် ဘာပြောလိုသည်ကို မသိသေးပေ။
လုချန်းက ပြုံးလျှက်
“အစ်ကိုတော် ပြောချင်တာသာ ပြောပါ။”
လုချန်းက ထိုသို့ပြောလိုက်သည်ကို မြင်သောအခါ လုရိက တိုက်ရိုက်ပင်
“ညီတော် အစ်ကို့ကို တပ်အချို့ အကူအညီပေးပါ။ ငါချီပြည်နယ်ရဲ့ အနောက်ဘက်ခြမ်း နယ်မြေကို သိမ်းပိုက်ပါရစေ။ ပြီးရင် အင်အားစုတွေ စုစည်းပြီး နေပြည်တော်က တပ်တွေ ဘယ် လောက်ကာကွယ်နိုင်မလဲ ဆိုတာကို ညီတော့်အတွက် စမ်းသပ်ပေးပါ့မယ်။”
ထိုစကားကို ကြားသောအခါ လုချန်း တိတ်တိတ်ကလေး ရယ်မိသည်။ ဒါက သူ့အစ်ကိုကြီး၏ အစီအစဉ်ပါတကား။ အာဏာသိမ်းမှု မအောင်မြင်ပြီးနောက် လုရိ အဘယ်ကြောင့် မြောက်ဘက်သို့ ပြေးလာတာလဲဟု သူ အံ့ဩနေမိခဲ့ခြင်း ဖြစ်သည်။
လုချန်း၏ မျက်နှာတွင် မည်သည့်ပြောင်းလဲမှုမှ မရှိသည်ကို မြင်သောအခါ လုရိက ဆက်ပြောလိုက်သည်။
“ညီတော် မသိတာလည်း ဖြစ်နိုင်ပါတယ်။ ကျောက်နယ်စားက ဟိုင်ပြည်နယ်ကို ဖျက်ဆီးပြီး ဟိုင်နယ်စားမင်းသားရဲ့ ကျန်ရှိတဲ့ စစ်သည်တော်တွေက ယုံအန်းခရိုင်အောက်က ဟယ်ယန်ခရိုင်ကို သိမ်းပိုက်ခဲ့ကြပါတယ်။ အခု ဟယ်ယန်ခရိုင်ဟာ နန်းတွင်းရဲ့ ထိန်းချုပ်မှုအောက်ကနေ လွတ်မြောက်နေပါပြီ။”
လုချန်း ပြုံးလိုက်သည်။ ဒီလိုကိစ္စကို သူ ဘယ်လိုလုပ် မသိပဲ ရှိမည်နည်း။
ထို့နောက် လုချန်းက
“အစ်ကို ဟယ်ယန်ခရိုင်ကို သိမ်းချင်တာက ကျွန်တော့်အတွက် နေပြည်တော် အခြေအနေကို စမ်းသပ်ဖို့ သက်သက်တော့ မဟုတ်ဘူး မဟုတ်လား။”
လုရိက
“အခုဆိုရင် သစ္စာဖောက် ဝန်ကြီးတွေက အာဏာရနေပြီး နန်းတွင်းကို ထိန်းချုပ်နေတယ်။ ဖခင်တောင် လှည့်စားခံနေရတယ်။ အစ်ကိုက ရှနိုင်ငံတော်ကြီး မဆိုင်သူတွေ လက်ထဲ ကျရောက်သွားတာကို ဘယ်လိုများ ကြည့်နေနိုင်ပါ့မလဲ။”
“ညီတော်လည်း တောင်ဘက်ကို ဆင်းပြီး ဧကရာဇ်ကို ထောက်ခံဖို့ စဉ်းစားထားတယ်ဆိုတာ ငါ သိပါတယ်။ ဒါပေမဲ့ ဒီလိုအချိန်မှာ အဲ့ဒီလိုလုပ်ရင် သစ္စာဖောက်အဖြစ် တံဆိပ်ကပ်ခံရမှာ သေချာတယ်။ နောက်ပြီး ညီတော် မြောက်ပိုင်းပြည်နယ်မှာ အကောင်အထည်ဖော်ခဲ့တဲ့ မူဝါဒတွေကြောင့် ရှနိုင်ငံအတွင်းက အာဏာရှိ မိသားစုအားလုံး ညီတော့်ကို ကြောက်ရွံ့နေကြတာ။”
“ညီတော် တောင်ဘက်ကို ဆင်းပြီး ဧကရာဇ်ကို ထောက်ခံဖို့ လာမှာကို တားဆီးဖို့ သူတို့ သေချာပေါက် ပူးပေါင်းကြလိမ့်မယ်။ အဲ့ဒီအချိန်မှာ ညီတော့်ကို လူကြိုက်နည်းသွားပါလိမ့်မယ်။”
“နောက်ပြီး နေပြည်တော်မှာ အခု ကောင်းကင်လူသား စွမ်းအားရှင် ရှိမရှိ ညီတော် မသေချာနိုင်ဘူး။ နေပြည်တော်မှာ ကောင်းကင်လူသား စွမ်းအားရှင် ရှိနေပြီဆိုရင် ညီတော် တပ်တွေခေါ်သွားရင်တောင် ကောင်းကင်လူသား စွမ်းအားရှင်ရဲ့ ကာကွယ်မှုကြောင့် သစ္စာဖောက် ဝန်ကြီးတွေကို ချေမှုန်းနိုင်မှာ မဟုတ်ပါဘူး။ အဲ့ဒီအခါကျရင် ညီတော့်အတွက် မြောက်ပိုင်းပြည်နယ်ကို ပြန်ပြီး မြောက်ပိုင်းနယ်စားမင်းသားအဖြစ် ဆက်နေရုံပဲ ရှိတော့မယ်။”
“ဒါပေမဲ့ ငါကတော့ မတူပါဘူး။ ပုန်ကန်မှု မအောင်မြင်ခဲ့ပေမဲ့ ငါက တရားဝင် အကြီးဆုံးသား ဖြစ်နေဆဲပါ။ ရှနိုင်ငံမှာ ငါ့ကို ထောက်ခံသူတွေ အများကြီး ရှိနေတုန်းပဲ။ ဟယ်ယန်ခရိုင်ကို သိမ်းပိုက်နိုင်တာနဲ့ အင်အားစု အမြောက်အမြားများနဲ့ တရားမျှတမှုကို လိုလားတဲ့ ပုဂ္ဂိုလ်တွေက ငါ့ကို လာရောက်ပူးပေါင်းကြမှာ သေချာတယ်။”
“ငါ့ရဲ့ အင်အား ကြီးထွားလာတာနဲ့ ဧကရာဇ်ကို ထောက်ခံမယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ နေပြည်တော်ဘက်ကို တပ်ခေါ်သွားမယ်။ နောက်ဆုံးမှာ မအောင်မြင်ရင်တောင် ညီတော်အတွက်တော့ ကြီးမားတဲ့ ဆုံးရှုံးမှု မရှိပါဘူး။ ညီတော် ဆုံးရှုံးမှု မရှိတဲ့အပြင် နေပြည်တော်ရဲ့ အင်အားနဲ့ ကောင်းကင်လူသား စွမ်းအားရှင် ရှိ မရှိကိုပါ အစ်ကိုက ညီတော့်အတွက် စမ်းသပ်ပေးပြီးသား ဖြစ်ပါလိမ့်မယ်။ နောက်ပြီး ညီတော်က သစ္စာဖောက်အဖြစ် နာမည်ဆိုးကို ခံစရာလည်း မလိုတော့ပါဘူး။”
လုရိ၏ ဆန်းသစ်သော အယူအဆကို ကြားသောအခါ လုချန်း မပြုံးပဲ မနေနိုင်ချေ။ လုရိ၏ စိတ်ကူးသည် အမှန်တကယ် စိတ်ဝင်စားစရာ ကောင်းလှသည်။
လုချန်း ငြင်းဆန်ရန် ပြင်ဆင်နေစဉ်တွင် ရုတ်တရက် တစ်ခုခုကို သတိရသွားသည်။ ကောင်းကင်လူသား စွမ်းအားရှင်အဆင့်သို့ တိုက်ရိုက် ရောက်ရှိစေနိုင်သော ထိုသို့သော မကောင်းဆိုးဝါးပစ္စည်းမျိုး အမှန်တကယ် ရှိခဲ့ပါက သူ အစက ကြံစည်ထားသည့်အတိုင်း ဆက်လက် လုပ်ဆောင်နိုင်တော့မည်မဟုတ်ပေ။
ထိုသို့ဖြစ်ခဲ့ပါက လုရိ အဆိုပြုခဲ့သည့် ကိစ္စက အတိုင်းအတာတစ်ခုအထိ ဖြစ်နိုင်ခြေရှိသည်ဟု ထင်မြင်လာသည်။
ထိုအတွေးနှင့်အတူ လုချန်း၏ မျက်နှာ အမူအရာ ပြောင်းလဲသွားပြီး
“အစ်ကို။ ဒီကိစ္စက အရေးပါပါတယ်။ ကျွန်တော့်ကို စဉ်းစားခွင့်ပေးပါဦး။ ချက်ချင်းတော့ အဖြေ မပေးနိုင်သေးပါဘူး”
ဟု အလေးအနက် ပြောလိုက်သည်။
လုရိက
“ကိစ္စမရှိပါဘူး။ ညီတော် အေးအေးဆေးဆေးသာ စဉ်းစားပါ။ ညီတော့်ကို နားလည်စေချင်တာက ငါသာအောင်မြင်ခဲ့ရင် နောင်မှာ ညီတော်နဲ့ ရာဇပလ္လင်ကို သေချာပေါက် ခွဲဝေယူပါ့မယ်။ ငါ အိမ်ရှေ့မင်းသားဘဝတုန်းက ညီတော့်ကို ပေးခဲ့တဲ့ ကတိလည်း ရှိနေဆဲပါ။”
လုချန်းက
“ကျွန်တော် နားလည်ပါတယ်။ ကျွန်တော့်မှာ ဒီနေ့ တခြားကိစ္စတွေ ရှိသေးလို့ အခု သွားလိုက်ပါဦးမယ်။”
ထို့နောက် လုချန်း မတ်တပ်လိုက်ရပ်ရာ လုရိလည်း အလျင်အမြန် မတ်တပ်ရပ်၍
“အစ်ကို လိုက်ပို့မယ်။”
............
အခန်း (၆၇၇)
မြောက်ပိုင်းနယ်စားမင်းသားစံအိမ်မှာ လျှို့ဝှက်ချက်တွေ အတော်များများ ရှိပုံရတယ် (၁)
လုရိသည် လုချန်းကို တံခါးဝအထိ လိုက်ပို့ပြီးနောက် လုချန်း၏ ရထား ထွက်ခွာသွားသည်အထိ ကြည့်နေခဲ့သည်။ ထိုအခိုက်အတန့်တွင် ရွှီလင်လုံက လုရိ ဘေးမှနေ၍
“မောင်တော်။ မြောက်ပိုင်းနယ်စားမင်းသားက တစ်နိုင်ငံလုံးကို သိမ်းပိုက်ဖို့ ကြံစည်နေတယ်လို့ အရင်က ပြောခဲ့တယ် မဟုတ်လား။ ဒါဆို သူ့အတွက်ကျတော့ ဧကရာဇ်ကို ထောက်ခံတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ တောင်ဘက်ကို တိုက်ရိုက်ချီတက်တာက ပိုကောင်းတာပေါ့။ ဘာလို့ မောင်တော့်ကို တပ်တွေ အကူအညီပေးရမှာလဲ။”
ရွှီလင်လုံ၏ မေးခွန်းကို ကြားသောအခါ လုရိက လုချန်းစီးနင်းလာသော ရထား အဝေးတွင် ပျောက်ကွယ်သွားသည်ကို ကြည့်ကာ ညင်သာစွာ ရယ်မောပြီးနောက်
“နေပြည်တော်မှာ ကောင်းကင်လူသား စွမ်းအားရှင် အမှန်တကယ် ရှိမရှိ သူမသေချာလို့ပဲ။”
“မြောက်ပိုင်းပြည်နယ်ရဲ့ လက်နက်တွေက အစွမ်းထက်ပေမဲ့ ကောင်းကင်လူသား စွမ်းအားရှင်တစ်ယောက်ရှေ့မှာတော့ လက်တွေ့အားဖြင့် အသုံးမဝင်ပါဘူး။”
“သူက လျှို့ဝှက်လဝန်းနန်းတော်နဲ့ ပတ်သက်မှု ရှိနေပေမဲ့ လျှို့ဝှက်လဝန်းနန်းတော်က ကောင်းကင်လူသား စွမ်းအားရှင်က သူ ခိုင်းတာမှန်သမျှ လုပ်ပေးမှာ မဟုတ်ပါဘူး။ အထူးသဖြင့် နေပြည်တော်မှာ ကောင်းကင်လူသား စွမ်းအားရှင် ရှိနေနိုင်တဲ့ အခြေအနေမျိုးမှာ လျှို့ဝှက်လဝန်းနန်းတော်က ကောင်းကင်လူသား စွမ်းအားရှင်က သူတောင်ဘက်ကို ချီတက်တာကို အကူအညီ ပေးချင်မှာ မဟုတ်ဘူး။”
“ကိုယ်က ပုန်ကန်မှု မအောင်မြင်ခဲ့ပေမဲ့ ကိုယ့်ကို ထောက်ခံသူတွေ အများကြီး ရှိနေတုန်းပါပဲ။ ဘာလို့လဲဆိုတော့ ကိုယ်က တရားဝင် အကြီးဆုံးသား ဖြစ်နေလို့ပဲ။ ဟယ်ယန်ခရိုင်ကို ကိုယ် ထိန်းချုပ်နိုင်တာနဲ့ ကိုယ့်နာမည်နဲ့ ဧကရာဇ်ကို ထောက်ခံဖို့ နိုင်ငံတစ်ဝှမ်းလုံးကို တောင်းဆိုလိုက်ရင် အင်အားစု အများအပြား ကိုယ်နဲ့ လာပူးပေါင်းလာမှာ သေချာတယ်။”
“အဲ့ဒီအချိန်မှာ ကိုယ်ဟာ အင်အားကြီးမားတဲ့ စစ်တပ်ကြီးတစ်တပ်ကို စုစည်းပြီး နေပြည်တော်ဘက်ကို ချီတက်နိုင်လိမ့်မယ်။”
“ကိုယ် စုစည်းတဲ့ စစ်တပ်က မြောက်ပိုင်းနယ်စားမင်းသားအတွက် နန်းတွင်းစစ်တပ်ရဲ့ လူအင်အားကို ကုန်ခမ်းအောင် ကူညီပေးနိုင်ရုံတင် မဟုတ်ဘူး နေပြည်တော်မှာ ကောင်းကင်လူသား စွမ်းအားရှင် ရှိမရှိကိုပါ ဖော်ထုတ်ပေးနိုင်လိမ့်မယ်။ မြောက်ပိုင်းနယ်စားမင်းသားအတွက်က တန်ဖိုးနည်းနည်းပဲ ပေးဆပ်ရမှာပါ။ သူ ဘယ်လို ရွေးချယ်ရမလဲဆိုတာ သူ သိလောက်မယ်လို့ ကိုယ် ယုံကြည်တယ်။”
လုရိကို အသုံးမကျသူ တစ်ယောက်ဟု မူလက ရွှီလင်လုံ ထင်ခဲ့သော်လည်း သူ့တွင်လည်း ပရိယာယ်အချို့ ရှိနေသည်ကို လုရိ၏ စကားများမှ သဘောပေါက်သွားသည်။
သို့သော် မြောက်ပိုင်းနယ်စားမင်းသား သဘောတူ မတူကတော့ မသေချာချေ။
မြောက်ပိုင်းနယ်စားမင်းသားသည် သူ၏အင်အားအပေါ် ယုံကြည်မှု ရှိခဲ့ပါက နန်းတွင်း၏ အင်အားကို စမ်းသပ်ရန် လုရိကို အသုံးမပြုပဲ ဧကရာဇ်ကို ထောက်ခံရန် တောင်ဘက်သို့ တိုက်ရိုက် ချီတက်မည်သာ ဖြစ်သည်။
အခုတော့ မြောက်ပိုင်းနယ်စားမင်းသား မည်သို့ စဉ်းစားမည်ဆိုသည့်အပေါ်တွင်သာ မူတည်နေပြီ ဖြစ်သည်။
......
လုချန်း မြောက်ပိုင်းနယ်စားမင်းသားစံအိမ်သို့ ပြန်ရောက်သောအခါ ကျူးကဲ့ကျုံကောင်းကို ချက်ချင်း စာကြည့်ခန်းသို့ ခေါ်ယူကာ လုရိ ပြောခဲ့သည်များကို ပြန်ပြောပြလိုက်သည်။
ဆွမ်ဧကရာဇ်၌ ကောင်းကင်လူသားအဆင့်သို့ တိုက်ရိုက်တက်လှမ်းနိုင်သော မကောင်းဆိုးဝါးပစ္စည်းတစ်ခု ရှိနေနိုင်သည်ကို ကျူးကဲ့ကျုံကောင်း ကြားသောအခါ ခဏမျှ အံ့အားသင့်သွား၏။ အကယ်၍ ဆွမ်ဧကရာဇ်သာ ထိုသို့သော ပစ္စည်းတစ်ခုကို အမှန်တကယ် ပိုင်ဆိုင်နေပါက နေပြည်တော်တွင် ကောင်းကင်လူသားအဆင့်တစ်ဦး ရှိနှင့်ပြီးသား ဖြစ်နိုင်သည်။
ဤအရာသည် မြောက်ပိုင်းပြည်နယ်အတွက် အလွန် အန္တရာယ်များသော အချက်ဖြစ်သည်။
မြောက်ပိုင်းပြည်နယ်တွင်လည်း ကောင်းကင်လူသား စွမ်းအားရှင်တစ်ပါး ရှိသော်လည်း ကောင်းကင်လူသား စွမ်းအားရှင်များကြား တိုက်ပွဲတွင် မသိနိုင်သော အရာများစွာ ရှိနေသည်။ မြောက်ပိုင်းပြည်နယ်၏ ကောင်းကင်လူသား စွမ်းအားရှင်က ပိုမို အားကောင်းလား သို့မဟုတ် နေပြည်တော်၏ ကောင်းကင်လူသား စွမ်းအားရှင်က ပိုမို အားကောင်းသည်လားဆိုတာ မည်သူမှ မသိနိုင်ချေ။
ထို့ပြင် ထိုမကောင်းဆိုးဝါး ပစ္စည်းသည် စွမ်းအားရှင်တစ်ဦးတည်းကိုသာ ဖန်တီးနိုင်ခြင်းမဟုတ်ပဲ နောက်ထပ်များစွာကိုလည်း ဖန်တီးနိုင်ခြေရှိသည်။ အကယ်၍ မြောက်ပိုင်းပြည်နယ်သာ တောင်ပိုင်းသို့ မဆင်မခြင် စစ်ချီခဲ့ပါက အခက်အခဲနှင့် ကြုံတွေ့ရနိုင်သည်။
ခဏမျှ တိတ်ဆိတ်ပြီးနောက် ကျူးကဲ့ကျုံကောင်းက
“မင်းသား။ ဒီလို မကောင်းဆိုးဝါးပစ္စည်းသာ တကယ်ရှိခဲ့ရင် ကျွန်တော်တို့ရဲ့ မဟာဗျူဟာကို အချိန်ယူပြီး စဉ်းစားဖို့ လိုပါလိမ့်မယ်။”
ထို့နောက် လုချန်းက
“ပညာရှိကြီး။ တစ်ယောက်ယောက်ကို ကောင်းကင်လူသားအဆင့်ကို တက်လှမ်းစေနိုင်တဲ့ အဲ့ဒီလိုပစ္စည်းအကြောင်း ကြားဖူးတာ ရှိပါသလား။”
ကျူးကဲ့ကျုံကောင်းက
“မရှိပါဘူး။ ကျွန်တော့် ဘဝတစ်လျှောက်လုံးမှာ ဒီလိုပစ္စည်းအကြောင်းကို ဒါ ပထမဆုံးအကြိမ် ကြားဖူးတာပါ။”
“ဒီလိုပစ္စည်းအကြောင်း သတင်းတွေ အရင်က ရှိခဲ့ရင် ကမ္ဘာတစ်ဝှမ်းလုံးက အဆင့်လွန် ပညာရှင်တွေ အငြိမ်နေကြမှာ မဟုတ်ပါဘူး။”
ရှေးယခင်ကတည်းက ကောင်းကင်လူသား စွမ်းအားရှင် ဖြစ်လာသော သိုင်းပညာရှင်များမှာ အလွန်နည်းပါးခဲ့သည်။ အများစုမှာ အဆင့်လွန် ပညာရှင် အဆင့်သို့သာ ရောက်ရှိနိုင်ပြီး သေခြင်းတရားကို စောင့်ဆိုင်းရုံမှလွဲ၍ အခြား ဘာမှ လုပ်နိုင်စွမ်းမရှိချေ။
အကယ်၍ ထိုကဲ့သို့သော ပစ္စည်းရှိပါက ထိုအဆင့်လွန်ပညာရှင်များသည် မည်သည့်အရာကိုမျှ မငဲ့ကွက်ပဲ လုယူကြမည်ဖြစ်သည်။ အထူးသဖြင့် အသက်ရှင်ရန် နှစ်များစွာ မကျန်တော့သည့် အဆင့်လွန် ပညာရှင်များအတွက်ဖြစ်သည်။
ထိုပစ္စည်းကို ရယူပြီး အဆင့်တက်နိုင်ပါက ကမ္ဘာ့တစ်ဝှမ်းရှိ သိုင်းပညာရှင်များကို စိုးမိုးနိုင်သည့် စွမ်းအားသာမက နှစ်ပေါင်းမည်မျှထပ်၍ အသက်ရှင်နိုင်မည်ကိုလည်း မည်သူမှမသိနိုင်ပေ။
လုချန်း ခဏမျှ စဉ်းစားပြီးနောက် စနစ်ကို မေးမြန်းလိုက်သည်
“စနစ် ဒီကမ္ဘာမှာ တစ်ယောက်ယောက်ကို ကောင်းကင်လူသားအဆင့် တိုက်ရိုက်တက်လှမ်းစေနိုင်တဲ့ ပစ္စည်းတွေအကြောင်း သိတာ ရှိလား။”
[ဒီမေးခွန်းကို လက်ရှိအချိန်မှာ ဖြေကြားလို့ မရပါဘူး။]
လုချန်း အနည်းငယ် စကားမပြောနိုင် ဖြစ်သွားသည်။ ‘လက်ရှိအချိန်မှာ ဖြေကြားလို့ မရပါဘူး’ ဆိုသည်မှာ ဘာကို ဆိုလိုသနည်း။ ရှိလျှင် ရှိပြီး မရှိလျှင် မရှိ ဟူ၍သာ ဖြစ်ရမည်။
လုချန်း၏ အတွေးများကို သိနေသည့်အလား စနစ်က ဆက်လက်၍ အချက်အလက်များ ပေးခဲ့သည်။
[ဤကမ္ဘာတွင် ထိုကဲ့သို့သော ပစ္စည်းများမရှိပါ။ အကြောင်းမှာ ဤကမ္ဘာတွင် ကောင်းကင်လူသား စွမ်းအားရှင်ဖြစ်ရန် ကောင်းကင်၏ စမ်းသပ်မှုကို ကျော်ဖြတ်ရန်လိုအပ်သည်။ အကယ်၍ စွမ်းအားရှင်ဖြစ်ရန် ဖြတ်လမ်းများရှိပါက အခြားကမ္ဘာများမှဖြစ်သည်။ ထို့ပြင် အခြားနည်းလမ်းဖြင့် စွမ်းအားရှင်ဖြစ်အောင် အတင်းအကျပ်ပြုလုပ်ပါက ကောင်းကင်၏အပြစ်ပေးခြင်းကို ခံရနိုင်ခြေမြင့်မားသည်။]
စနစ်၏တုံ့ပြန်မှုကိုကြားသော လုချန်း နက်ရှိုင်းစွာ တွေးတောသွားသည်။ အကယ်၍ ဆွမ်ဧကရာဇ်တွင် စွမ်းအားရှင်ဖြစ်စေနိုင်သည့် ပစ္စည်းတစ်ခုအမှန်တကယ်ရှိပါက ထိုပစ္စည်းသည် ဤကမ္ဘာမှမဟုတ်ဘဲ အခြားကမ္ဘာတစ်ခုခုမှ ဖြစ်နိုင်သည်။
ခဏလေး…
ရုတ်တရက် လုချန်း တစ်ခုခုကို သတိရသွားသည်။ သူရရှိခဲ့သော အချက်အလက်များသည် လုရိထံမှ ဖြစ်ပြီး လုရိက သံချပ်ကာ မြင်းတပ်မှတဆင့် သိရှိခဲ့ခြင်း ဖြစ်သည်။ သို့သော် ထိုပစ္စည်းကို သယ်ယူပို့ဆောင်သော သံချပ်ကာ မြင်းတပ်ပင် ထိုပစ္စည်း၏ အကြောင်းကို သေချာမသိပေ။
ကောင်းကင်လူသားအဆင့်သို့ တက်လှမ်း
စေနိုင်သည်ဟူသော သတင်းသည် ကောလာဟလသက်သက် ဖြစ်နိုင်ပြီး ထိုပစ္စည်းသည် လက်တွေ့တွင် အခြားရည်ရွယ်ချက်တစ်ခု ရှိနေခြင်းလား။
ထိုအတွေးဖြင့် လုချန်း အနည်းငယ် သက်ပြင်းချမိသည်။ ထိုသို့ဆိုလျှင် စိုးရိမ်စရာ မရှိတော့ပေ။
လုချန်း အချိန်အတော်ကြာ တိတ်ဆိတ်နေသည်ကို မြင်သောအခါ ကျူးကဲ့ကျုံကောင်းက
“မင်းသား။ မင်းသားလုရိရဲ့ ကမ်းလှမ်းချက်ကို ယာယီ လက်ခံပြီး ဟယ်ယန်ခရိုင်ကို သိမ်းပိုက်ရာမှာကော အင်အား စုစည်းဖို့ အတွက်ပါ ကူညီပေးပါ။ မင်းသားလုရိနဲ့ ကျောက်နယ်စားတို့ နေပြည်တော်ကို ချီတက်တဲ့အခါ အဲ့ဒီမှာ ကောင်းကင်လူသား စွမ်းအားရှင် ရှိ မရှိကို သိလာရပါလိမ့်မယ်။”
....................
အခန်း (၆၇၈)
မြောက်ပိုင်းနယ်စားမင်းသားစံအိမ်မှာ လျှို့ဝှက်ချက်တွေ အတော်များများ ရှိပုံရတယ် (၂)
လုချန်း သတိပြန်ဝင်လာပြီးနောက်
“ကောင်းပါပြီ။ ဒါဆို ဟယ်ယန်ခရိုင်ကို သိမ်းပိုက်ဖို့ မင်းသား လုရိကို ကျွန်တော်ကူညီပေးပါမယ်။”
“ဒါပေမဲ့ ကျွန်တော့်ဖခင်မှာ လူတစ်ယောက်ကို ကောင်းကင်လူသား စွမ်းအားရှင် အဆင့် တိုက်ရိုက်ရောက်စေနိုင်တဲ့ ပစ္စည်းတစ်ခု ပိုင်ဆိုင်ထားတယ်လို့ ကျွန်တော် မယုံဘူး။ သူ လက်နက်တစ်မျိုးမျိုး ရထားတာ ဖြစ်လိမ့်မယ်လို့ သံသယရှိတယ်။”
ဆွမ်ဧကရာဇ်တွင် လုရိနှင့် အခြားနယ်စားများအပေါ် မည်သည့်ပရိယာယ်များ ရှိသည်ကို လုချန်း စမ်းသပ်ကြည့်လိုသည်။
ထို့ပြင် သူလည်း လက်ရှိတွင် အလျင်စလို မလုပ်ချင်သေးပေ။ ရဲလိနန်ရန်နှင့် ရှောင်ဝမ်ယောင်တို့ ကိုယ်ဝန်ရှိနေသည့်အတွက် သူ နှစ်ဖက်စလုံးမှ ပြင်ဆင်နိုင်သည်။ တစ်ဖက်တွင် လုရိကို ဆွမ်ဧကရာဇ်အား စမ်းသပ်စေပြီး အခြားတစ်ဖက်တွင်မူ ကလေးများ မွေးဖွားလာရန် စောင့်ဆိုင်းရမည် ဖြစ်၏။ ကလေးများ မွေးဖွားလာပြီးနောက် မြောက်ပိုင်းပြည်နယ်၏ အင်အားလည်း သေချာပေါက် ထပ်မံတိုးတက်လာမည် ဖြစ်သည်။
သူ သားသမီးများများ ရှိလေလေ ပိုမိုကြီးမားသော ဆုလာဘ်များ ရနိုင်လေလေဟု စနစ်က ပြောကြားခဲ့ဖူးသည်။ စနစ်က ယခင်က သူ့ကို ကောင်းကင်လူသား စွမ်းအားရှင် တစ်ဦး ဆုချခဲ့ဖူးသည်။
ကံကောင်းပါက ရဲလိနန်ရန်နှင့် ရှောင်ဝမ်ယောင်တို့၏ ဝမ်းထဲမှ ကလေးများ မွေးဖွားလာသောအခါတွင် ကောင်းကင်လူသား စွမ်းအားရှင် တစ်ဦးကို ထပ်မံရရှိနိုင်ဦးမည် ဖြစ်သည်။
ဟုတ်ပါသည်။ ဒါကလည်း လုချန်း၏ ထင်ကြေးသက်သက်သာ ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ တစ်နှစ်နီးပါးခန့် အချိန်ရှိနေသေးသည်။ လုချန်းလည်း အလျင်မလိုပေ။
လုရိအား ဟယ်ယန်ခရိုင်ကို သိမ်းပိုက်ရန် ကူညီမည်ဟု ဆုံးဖြတ်ထားသော်လည်း တပ်များကို တောင်ဘက်သို့ ချက်ချင်းစေလွှတ်ရန် အစီအစဉ်မရှိပေ။ အချိန်အနည်းငယ် ဆိုင်းငံ့ကာ လုရိကို စောင့်ဆိုင်းစေရန် ရည်ရွယ်ထားသည်။
နောက်ရက်များတွင် လုချန်းသည် လုရိအား လျစ်လျှူရှုထားခဲ့သည်။
အစပိုင်းတွင် လုရိ အလွန်ယုံကြည်မှုရှိခဲ့၏။ သူ ပြောခဲ့သည်များကို ကြားပြီးနောက် လုချန်းက သူ့ကို ဟယ်ယန်ခရိုင် သိမ်းပိုက်ရာတွင် ကူညီလိမ့်မည်ဟု တထစ်ချ ယူဆခဲ့သည်။
သို့သော် ရက်ပေါင်းများစွာ ကုန်လွန်သွားသော်လည်း မြောက်ပိုင်းနယ်စားမင်းသားစံအိမ်ဘက်မှ လှုပ်ရှားမှုမရှိခဲ့ပေ။ ရက်များ ကြာညောင်းလာသည်နှင့်အမျှ လုရိလည်း သူ၏ စံအိမ်ထဲတွင် ငြိမ်ငြိမ်မနေနိုင်တော့ပေ။ သူ အကြံကောင်းတစ်ခု ရလာသည်။ ရွှီလင်လုံကို မြောက်ပိုင်းနယ်စားမင်းသားစံအိမ်သို့ စေလွှတ်လိုက်ပြီး လုချန်း၏ ဇနီးမယားများနှင့် ရင်းနှီးစေကာ လုချန်း၏ သဘောထားကို စုံစမ်းရန်ဖြစ်သည်။
......
မြောက်ပိုင်းနယ်စားမင်းသားစံအိမ်။
မုကျိရွှမ်းသည် အဆောင်ထဲတွင် စာရင်းဇယားများ စစ်ဆေးနေစဉ် ရုတ်တရက် အစေခံတစ်ဦး ဝင်ရောက်လာပြီး
“အပြင်ဘက်မှာ ရွှီမျိုးနွယ် အမျိုးသမီးတစ်ယောက် မိဖုရားကို တွေ့ခွင့် တောင်းနေပါတယ်။ မိဖုရားရဲ့ မိတ်ဆွေလို့ ပြောပါတယ်။”
ထိုစကားကြားသော် မုကျိရွှမ်း အံ့ဩသွားသည်။
ရွှီမျိုးနွယ်...
ဘယ်သူများ ပါလိမ့်......
သို့သော် မုကျိရွှမ်း မကြာမီ သဘောပေါက်သွားသည်။ သူမ သိကျွမ်းသော ရွှီဟု အမည်ရှိသူများထဲတွင် တစ်ဦးတည်းသာ ရှိပုံရ၏၊ အိမ်ရှေ့မင်းသား၏ ကြင်ယာတော်ပင်။
အိမ်ရှေ့မင်းသားနှင့် အိမ်ရှေ့မင်းသားကြင်ယာတော်တို့သည် မြောက်ပိုင်းပြည်နယ်သို့ ထွက်ပြေးခဲ့ကြသော်လည်း အိမ်ရှေ့မင်းသားသည် နောက်ဆုံးတွင် သစ္စာဖောက်တစ်ဦးဖြစ်နေသေး၍ လူသိရှင်ကြား ပေါ်ပေါ်ထင်ထင် နေထိုင်နိုင်ခြင်း မရှိပေ။
ထို့ကြောင့် အိမ်ရှေ့စံကြင်ယာတော် ရွှီလင်လုံက သူမကို တွေ့ဆုံလိုသည့်အခါတွင် သူမ၏ ရာထူးကို တိုက်ရိုက်ပြောဆို၍ မရပဲ နာမည်ဖြင့်သာ ပြောဆိုရခြင်း ဖြစ်ပေမည်။
ထိုသို့တွေးမိပြီးနောက် မုကျိရွှမ်းက
“သူ့ကို ပန်းဥယျာဉ် ခေါ်သွားလိုက်ပါ။ ပြီးတော့ ရွှီမိန်းကလေးကို တွေ့ဖို့ ဒေါ်လေးချူးကိုပါ သွားခေါ်လိုက်ပါဦး။”
“ဟုတ်ကဲ့။”
ထို့နောက် အစေခံမလေး အဆောင်ထဲမှ ထွက်ခွာသွားသည်။
မုကျိရွှမ်းလည်း သူမ ထိုင်ခုံမှ ထကာ ရှေ့ရှိ စာရင်းစာအုပ်များကို သပ်ရပ်အောင် စီလိုက်သည်။
.......
မုကျိရွှမ်း လေပြင်းမိုးတိမ်ဆောင်မှ ထွက်လာစဉ် ချူးယုချင်နှင့် တိုက်တိုက်ဆိုင်ဆိုင် တွေ့ဆုံခဲ့သည်။ ချူးယုချင်က စူးစမ်းသော အကြည့်ဖြင့်
“ကျိရွှမ်း။ ဒေါ်လေးကို တစ်ယောက်ယောက်နဲ့ တွေ့ဖို့ ခေါ်ချင်တယ်လို့ အစေခံမလေးဆီက ကြားတယ်။ ဘယ်သူနဲ့လဲ။”
မုကျိရွှမ်းက ရိုးရိုးရှင်းရှင်းပင်
“ဟုတ်တယ်။ မိဖုရား လင်လုံနဲ့ တွေ့ဖို့ပါ။”
ထိုစကားကြားသော် ချူးယုချင်၏ မျက်နှာအမူအရာ ချက်ချင်းပင် တည်ကြည်သွားပြီး စဉ်းစားဟန်ဖြင့်
“သူ့ကြည့်ရတာ အချက်အလက်တချို့ စုံစမ်းချင်ပုံရတယ်”
ဟု မှတ်ချက်ပြုလိုက်သည်။
ချူးယုချင်က ဆက်လက်၍
“သူ အခု ဘယ်မှာလဲ။”
မုကျိရွှမ်းက
“ကျွန်မ အစေခံမလေးကို ပန်းဥယျာဉ်ထဲကို ခေါ်သွားခိုင်းထားတယ်။ အခု အဲဒီကို သွားကြတာပေါ့။”
စကားပြောလို့ မဆုံးသေးခင်မှာပင် မုကျိရွှမ်းလည်း အပြင်ဆောင်ရှိ ပန်းဥယျာဉ်ဆီသို့ ဦးတည်လိုက်သည်။
“ကောင်းပြီ။”
တုံ့ဆိုင်းမှုမျှမရှိပဲ ချူးယုချင်လည်း သူမနောက်သို့ လိုက်ပါသွား၏။
မကြာမီပင် သူတို့သည် ပန်းဥယာဉ်သို့ ရောက်ရှိလာကြပြီး ရွှီလင်လုံသည် အဆောင်ငယ်တစ်ခုထဲတွင် စောင့်ဆိုင်းနေပြီဖြစ်သည်။ တစ်စုံတစ်ယောက် ရောက်ရှိလာကြောင်း ခံစားမိသည်နှင့် သူမ ချက်ချင်း ထရပ်လိုက်၏။
သူမ၏ အကြည့်က ချူးယုချင်ဘက်သို့ ရောက်ရှိသွားသောအခါ ရင်ခုန်သံ မြန်လာခဲ့သည်။
အဆင့်လွန် ပညာရှင်လား။
ရွှီလင်လုံသည် ချူးယုချင်ကို ယခင်ကတည်းက မြင်ဖူးသည်။ နေပြည်တော်တွင်ချူးယုချင်သည် အမျိုးသမီး ဓားပညာရှင်အဖြစ် ကျော်ကြားသူတစ်ဦးဖြစ်သည်။
သို့သော် ထိုအချိန်က ချူးယုချင်သည် အဆင့်ကိုး သိုင်းပညာရှင်တစ်ဦးသာဖြစ်သည်။
ချူးယုချင် မြောက်ပိုင်းနယ်စားမင်းသားနှင့်အတူ မြောက်ပိုင်းပြည်နယ်သို့ လိုက်ပါလာချိန်ကတောင် ထိပ်သီးတစ်ဝက်အဆင့် မဟုတ်သေးပေ။ သို့သော် အဘယ်ကြောင့် ဤမျှ လျင်မြန်စွာ အဆင့်လွန် ပညာရှင် ဖြစ်လာရသနည်း။
သူမ မည်သို့များ ပြုလုပ်နိုင်ခဲ့သနည်း။
ရွှီလင်လုံသည် သူမရင်ထဲမှ တုန်လှုပ်မှုကို ချက်ချင်း ငြိမ်သက်အောင် ထိန်းချုပ်လိုက်ပြီး မုကျိရွှမ်းတို့ထံ အလျင်အမြန် ချဉ်းကပ်လာကာ သူတို့ရှေ့ရောက်သည်နှင့် ဦးညွှတ်ဂါရဝပြုလိုက်သည်။
“တွေ့ခွင့်ရတာ ဂုဏ်ယူပါတယ်။”
ထိုစကားကို ကြားသော် မုကျိရွှမ်းနှင့် ချူးယုချင်တို့လည် ဦးညွှတ်ရန် ပြင်ဆင်လိုက်ကြသည်။ သို့သော် ရွှီလင်လုံက သူတို့၏ လက်မောင်းများကိုကိုင်ကာ လျင်မြန်စွာ ဖေးမလိုက်ပြီး
“ညီမတို့။ မလုပ်ကြပါနဲ့။ အစ်မက အခု ရာဇဝတ်သားတစ်ယောက်ပါ။ အိမ်ရှေ့စံကြင်ယာတော် မဟုတ်တော့ပါဘူး။ ညီမတို့ရဲ့ ဦးညွှတ်မှုကို မထိုက်တန်ပါဘူး။”
မုကျိရွှမ်းက ပြုံးလျက်
“မင်းကြီးက အိမ်ရှေ့မင်းသားအသစ် မခန့်အပ်သေးသရွေ့တော့ အစ်မရွှီက အိမ်ရှေ့စံကြင်ယာတော်ပါပဲ။”
ရွှီလင်လုံက
“အခု ဒီရာထူးက နည်းနည်း အထိမခံနိုင် ဖြစ်နေတယ် ညီမလေး။ အစ်မကို အိမ်ရှေ့စံကြင်ယာတော်လို့ မခေါ်တော့ပါနဲ့။ အခုကစပြီး တစ်ယောက်နဲ့တစ်ယောက် ညီအစ်မတွေလိုပဲ ခေါ်ဝေါ်ကြရအောင်။”
ထိုသို့ပြောရင်း ရွှီလင်လုံသည် မုကျိရွှမ်း၏ လက်ကောက်ဝတ်ကို ဆုပ်ကိုင်ကာ
“ညီမ ကျိရွှမ်း နေပြည်တော်က ထွက်လာတုန်းက အတော်လေး ကလေးဆန်နေသေးတယ်။ မထင်မှတ်ဘဲ ဒီနှစ်အနည်းငယ်အတွင်းမှာပဲ ပိုပြီး တည်ကြည်လာခဲ့ပြီ။ ရင့်ကျက်တဲ့ အမျိုးသမီးတစ်ယောက်ရဲ့ ဆွဲဆောင်မှုမျိုး ပိုင်ဆိုင်နေပြီ။”
“မြောက်ပိုင်းနယ်စားမင်းသားက ရှင်နဲ့လက်ထပ်လိုက်ရတာ တကယ် ကံကောင်းတာပဲ။”
မုကျိရွှမ်းက
“အစ်မက နောက်နေပြန်ပါပြီ။ မင်းသားနဲ့ လက်ထပ်ရတာ ကျွန်မ ကံကောင်းတာပါ။”
ရွှီမိသားစုနှင့် မုမိသားစု နှစ်စုစလုံးသည် နေပြည်တော်တွင် ထင်ရှားသော မိသားစုများဖြစ်ပြီး မိသားစုနှစ်စုကြားတွင် အရင်က အဆက်အဆံအချို့ ရှိခဲ့သောကြောင့် မုကျိရွှမ်းနှင့် ရွှီလင်လုံတို့သည် အကြိမ်ပေါင်းများစွာ တွေ့ဆုံခဲ့ဖူးကြသည်။ သို့သော် အထူးတလည် ရင်းနှီးသည်ဟုတော့ ပြော၍မရသေးပေ။
ရွှီလင်လုံက သူမကို ညီမလေးလို ရင်းနှီးစွာ ခေါ်ဝေါ်နေသည်ကို မြင်သောအခါ မုကျိရွှမ်း စိတ်ထဲ သတိထားလိုက်သည်။
ထိုအချိန်တွင် မုကျိရွှမ်းသည် ရွှီလင်လုံ၏ လက်ကို ဆုပ်ကိုင်ကာ အတွင်းဆောင်ရှိ ခန်းမဆောင်ဆီသို့ ခေါ်ဆောင်သွားရင်း
“အစ်မရွှီ။ ခန်းမဆောင်ထဲမှာ ထိုင်ပြီး စကားပြောရအောင်”
................