အခန်း ၆၇၉-၆၈၁
Vol. 46 Ch. 679-681
အခန်း (၆၇၉)
မြောက်ပိုင်းနယ်စားမင်းသားစံအိမ်မှာ လျှို့ဝှက်ချက်တွေ အတော်များများ ရှိပုံရတယ် (၃)
ရွှီလင်လုံက
“ကောင်းပါပြီ”
ထို့နောက် သုံးဦးသား ခန်းမဆောင်ထဲသို့ ဝင်ထိုင်လိုက်ကြသည်။ ထိုအခါ မုကျိရွှမ်းက အစေခံမလေးအား
“ရှောင်ရို့။ မင်းသားစံအိမ်ရဲ့ အကောင်းဆုံးလက်ဖက်ရည်ကို မြန်မြန်ပြင်ဆင်ပြီး ယူလာခဲ့ပါ။”
အစေခံမလေးလည်း မုကျိရွှမ်း၏ စကားအဓိပ္ပာယ်ကို ချက်ချင်း နားလည်သဘောပေါက်သွားပြီး
“ဟုတ်ကဲ့ပါ သခင်မ။ အခုပဲ သွားယူလာပါမယ်။”
ထို့နောက် မုကျိရွှမ်းက
“အစ်မရွှီ မြောက်ပိုင်းပြည်နယ်ကို လာတဲ့လမ်းတစ်လျှောက်မှာ အခက်အခဲတွေ ကြုံတွေ့ခဲ့ရမှာ သေချာတယ်။”
ထိုစကားကြားသော် ရွှီလင်လုံ သက်ပြင်းချလိုက်ပြီး မျက်နှာပေါ်တွင် ဝမ်းနည်းမှုအရိပ်အယောင်များ ထင်ဟပ်လျက် ဘာမှမပြောတော့ပေ။
မုကျိရွှမ်းက ချက်ချင်းပင် သူမကို နှစ်သိမ့်ရန် ကြိုးစားလိုက်ပြီး
“တောင်းပန်ပါတယ် အစ်မရွှီ။ ကျွန်မ အဲဒီအကြောင်း မပြောသင့်ပါဘူး။ အစ်မ ဝမ်းမနည်းပါနဲ့။ အဲဒါတွေအားလုံးက အတိတ်က အဖြစ်အပျက်တွေပါပဲ။”
ရွှီလင်လုံက မုကျိရွှမ်း၏ လက်ကို ဆုပ်ကိုင်ကာ
“ညီမ ကျိရွှမ်း ပြောတာ မှန်ပါတယ်။ အဲဒါတွေအားလုံး အတိတ်က အဖြစ်အပျက်တွေပါပဲ။”
“ဒါတွေအားလုံး နဝမ မောင်ငယ်ကို ကျေးဇူးတင်ရမှာပါ။ သူသာ အစ်မတို့ကို လက်မခံခဲ့ဘူးဆိုရင် အရှေ့နန်းဆောင်က အစ်မတို့ လူတွေ ခေါင်းဖြတ်ခံခဲ့ရမှာပါ။”
ဤတွင် ရွှီလင်လုံက မုကျိရွှမ်း၏ မျက်လုံးများကို စိုက်ကြည့်ပြီး
“ညီမ ကျိရွှမ်းက တကယ်ကို အားကျစရာကောင်းပါတယ်။ မြောက်ပိုင်းနယ်စားမင်းသားနဲ့ လက်ထပ်ပြီး မြောက်ပိုင်းပြည်နယ်လို သာယာလှပတဲ့နေရာမှာ ခင်ပွန်းနဲ့ သားသမီးတွေကို ပြုစုပေးရင်း ပဋိပက္ခတွေနဲ့ ဝေးတဲ့ ပျော်ရွှင်စရာ ကောင်းတဲ့ဘဝမှာ နေရတယ်။ ကြောက်ရွံ့စရာမလိုပဲ ဘဝကို နေထိုင်နိုင်တယ်။”
မုကျိရွှမ်းက
“အစ်မရွှီ မသိတာက ကျွန်မတို့ မြောက်ပိုင်းပြည်နယ်ကို အစပိုင်းရောက်လာတုန်းက ဒီလိုလုံးဝမဟုတ်ခဲ့ပါဘူး။ မြောက်ပိုင်းပြည်နယ် သာယာဝပြောလာတာက မင်းသားရဲ့ ကြိုးစားအားထုတ်မှုတွေကြောင့်ပါ။”
ရွှီလင်လုံက
“အိုး။ အဲဒီတုန်းက နေပြည်တော်က လူတိုင်း အမှန်တရားကို မျက်ကွယ်ပြုနေခဲ့ကြတယ်။ နဝမ မောင်ငယ်ရဲ့ အရည်အချင်းတွေက ဘယ်သူနဲ့မှ မတူအောင် ထူးချွန်ပါတယ်။ နဝမ မောင်ငယ်သာ မြောက်ပိုင်းပြည်နယ်ကို မထွက်ခွာခဲ့ဘူးဆိုရင် အခု သူ အိမ်ရှေ့မင်းသား ဖြစ်နေလောက်ပြီ။ ရှနိုင်ငံတော်လည်း ခုလို သစ္စာဖောက်အရာရှိတွေ အာဏာရနေတဲ့ အခြေအနေမျိုး ရောက်လာမှာ မဟုတ်ဘူး။”
မုကျိရွှမ်းက
“အစ်မရွှီက ရယ်စရာ ပြောနေတာပဲ။ မင်းသားမှာ အဲဒီလို ရည်မှန်းချက်မျိုး မရှိပါဘူး။ အိမ်ရှေ့မင်းသား ရာထူးထက် မင်းသားက ဇနီးမယားတွေ များများယူပြီး ပေါ့ပေါ့ပါးပါး နေရတဲ့ဘဝကို ပိုနှစ်သက်ပါတယ်။”
ထိုအကြောင်းပြောရင်း မုကျိရွှမ်းက
“အစ်မရွှီလည်း မြောက်ပိုင်းပြည်နယ်မှာ ရက်အနည်းငယ်ကြာနေပြီဆိုတော့ ဒီက အခြေအနေတွေနဲ့ နေသားကျလာပြီလား မသိဘူး။”
“လိုအပ်တာရှိရင် အချိန်မရွေး ပြောနိုင်ပါတယ်။”
ရွှီလင်လုံက
“ အခြေခံအားဖြင့်တော့ နေသားကျပါပြီ။ ဒါပေမဲ့ မြောက်ပိုင်းပြည်နယ်ကို ရောက်ကတည်းက လုစံအိမ်မှာ စကားပြောဖော်မရှိဘူး။”
ရွှီလင်လုံ၏ လူမှုရေး ပတ်ဝန်းကျင်သည် နေပြည်တော်အတွင်း၌သာ ရှိခဲ့သည်။ အခု သူမ ထွက်ခွာလာပြီး မြောက်ပိုင်းပြည်နယ်ကို ရောက်လာသောအခါ သူမ မည်သူ့ကိုမှ မသိသလောက်ဖြစ်ပြီး သူငယ်ချင်းလည်း မရှိပေ။
မုကျိရွှမ်းက ချက်ချင်းပင်
“အစ်မရွှီ မြောက်ပိုင်းပြည်နယ်မှာ အထီးကျန်တယ်လို့ ခံစားရရင် မြောက်ပိုင်းနယ်စားမင်းသားစံအိမ်ကို အမြဲလာပြီး ကျွန်မနဲ့ စကားပြောလို့ ရပါတယ်။”
ရွှီလင်လုံက ညင်သာစွာ သက်ပြင်းချရင်း
“ညီမ ကျိရွှမ်းကို သိနေလို့ တော်သေးတယ်။ ညီမသာ ရန်ခရိုင်မှာသာ မရှိဘူးဆိုရင် အစ်မ ဘယ်သူနဲ့ စကားပြောရမှန်း တကယ်မသိတော့ဘူး။”
ဤအချိန်တွင် အစေခံမလေးက လက်ဖက်ရည်အိုးကို ခန်းမဆောင်သို့ ယူလာပြီး လက်ဖက်ရည်ကို လျင်မြန်စွာ နှပ်ကာ အမျိုးသမီးသုံးဦးစလုံးအတွက် တစ်ခွက်စီ ငှဲ့ပေးသည်။
မုကျိရွှမ်းက
“အစ်မရွှီ။ ဒါက မင်းသားစံအိမ်ရဲ့ အကောင်းဆုံးလက်ဖက်ရည်ပါ။ ဒီလက်ဖက်ရည်က စိတ်ကို လန်းဆန်းစေပြီး အားပြည့်စေတဲ့ စွမ်းရည်ရှိပါတယ်။ မြည်းကြည့်ပါဦး။”
ထိုစကားကို ကြားသော် ရွှီလင်လုံ အနည်းငယ်မှပင် သတိထားခြင်း မရှိပေ။ သူမသည် နတ်ဆိုးဂိုဏ်းဝင်တစ်ဦးဖြစ်၍ အဆိပ်များကို အထူးအာရုံခံနိုင်စွမ်းရှိပြီး လက်ဖက်ရည်တွင် အဆိပ်ရှိမရှိကို ချက်ချင်း သိရှိနိုင်သည်။
ထို့နောက် ရွှီလင်လုံလည်း လက်ဖက်ရည်ခွက်ကိုင် လိုက်ပြီး လက်တစ်ဖက်ဖြင့် အပေါ်မှ အုပ်ကာ ညင်သာစွာ သောက်လိုက်သည်။
နောက်တစ်ခဏတွင် ရွှီလင်လုံ တုန်လှုပ်သွား၏။ လက်ဖက်ရည်သည် စိတ်ကို လန်းဆန်းစေပြီး အားပြည့်စေသည့် စွမ်းရည်ရှိသည်မှာ မှန်ကန်ပြီး သူမ၏ ခန္ဓာကိုယ်အတွင်းရှိ အတွင်းအား စီးဆင်းမှုများပင် ချောမွေ့သွားခဲ့သည်။
ထို့နောက် လက်ဖက်ရည်ခွက်ကို ပြန်ချလိုက်ပြီး မုကျိရွှမ်းအား
“ညီမ ကျိရွှမ်း။ ဒီလိုတန်ဖိုးရှိတဲ့ လက်ဖက်ရည်မျိုးက အလွန်ရှားပါးရမှာ သေချာပါတယ်။ အစ်မ သောက်ဖို့အတွက် ကျိုတာ တကယ်ကို ဖြုန်းတီးရာကျပါတယ်။”
မုကျိရွှမ်းက ပြုံးလျက်
“ဒီလက်ဖက်ရည်က တကယ် တန်ဖိုးရှိပါတယ်။ ဒါပေမဲ့ ဒါက အပြင်လူတွေ အတွက်ဆိုရင်ပါ။ ကျွန်မတို့ မင်းသားစံအိမ်က လူတိုင်းကတော့ ဒီလက်ဖက်ရည်ကို သောက်ကြပါတယ်။”
ရွှီလင်လုံ စိတ်ထဲမှ ရေရွတ်လိုက်သည်။
“ချူးယုချင် ဒီလောက်တိုတောင်းတဲ့အချိန်အတွင်းမှာ အဆင့်လွန် ပညာရှင် အဆင့်ကို ဘာကြောင့် ရောက်နိုင်တာလဲဆိုတာ အံ့ဩစရာမရှိတော့ဘူး။ မြောက်ပိုင်းနယ်စားမင်းသားစံအိမ်မှာ လျှို့ဝှက်ချက်တွေ အတော်များများ ရှိပုံရတယ်။”
လုရိနဲ့အတူ မြောက်ဘက်ကို လိုက်ခဲ့ခြင်းက တကယ်ပင် မှန်ကန်သော ဆုံးဖြတ်ချက်ပင်။
တစ်ချိန်တည်းမှာပင် ချူးယုချင်ကတော့ ရွှီလင်လုံကို တိတ်ဆိတ်စွာ စူးစမ်းကြည့်ရှုနေပြီး ဇဝေဇဝါ ဖြစ်နေ၏။ လုချန်းက သူတို့အား ရွှီလင်လုံသည် အဆင့်လွန် ပညာရှင် ဖြစ်သည်ဟု ပြောခဲ့သော်လည်း ရွှီလင်လုံထံမှ အဆင့်လွန် ပညာရှင်၏ အငွေ့အသက် အနည်းငယ်မှ မခံစားမိပေ။ ရွှီလင်လုံသည် သာမန်လူတစ်ဦးနှင့် တူနေ၏။
သူမ၏ အငွေ့အသက်ကို ဖုံးကွယ်ထားသော ကျင့်စဉ်တစ်ခုခုကို လေ့ကျင့်ထားခြင်း ဖြစ်နိုင်သလား။
သိုင်းပညာရှင်တစ်ဦး၏ အငွေ့အသက်ကို လုံးဝဖုံးကွယ်နိုင်စွမ်းရှိသော ထိုကျင့်စဉ်သည် အထူးအစွမ်းထက်သည့် အင်အားစုတစ်ခုမှလာခြင်း ဖြစ်မည်။ ရွှီလင်လုံ၏ နောက်ခံက လုံးဝ ရိုးရှင်းပုံ မရပေ။
မုကျိရွှမ်းကို ရွှီလင်လုံက ထိခိုက်စေမည်ကို စိုးရိမ်သောကြောင့် ချူးယုချင် ပို၍ပင် သတိထားလာသည်။
...............
အခန်း (၆၈၀)
ချန်ဝမ်ရွန် ရောက်လာခြင်း
ရွှီလင်လုံနှင့် မုကျိရွှမ်းတို့သည် ခန်းမဆောင်ထဲတွင် နှစ်နာရီကြာမျှ မိသားစုရေးရာကိစ္စများနှင့် မြောက်ပိုင်းပြည်နယ်မှ ရှားပါးအဖြစ်အပျက်များအကြောင်း စကားစမြည်ပြောဆိုနေကြသည်။
မြောက်ပိုင်းနယ်စားမင်းသားစံအိမ်သို့ ပထမဆုံးအကြိမ် လာရောက်လည်ပတ်ခြင်းဖြစ်သည့်အတွက် သူမကို မုကျိရွှမ်း လွန်လွန်ကဲကဲ သတိထားခြင်း မရှိစေရန် ထိရှလွယ်သော အချက်အလက်များကို မုကျိရွှမ်းထံမှ ရွှီလင်လုံ မေးမြန်းခြင်း မပြုခဲ့ပေ။
မြောက်ပိုင်းနယ်စားမင်းသားစံအိမ်သို့ သူမ၏ ယနေ့လာရောက်လည်ပတ်မှုသည်
မုကျိရွှမ်းနှင့် ဆက်ဆံရေး ပိုမိုနီးစပ်စေရန် ရည်ရွယ်ခြင်းသာဖြစ်သည်။ သို့မှသာ နောင်တွင် မြောက်ပိုင်းနယ်စားမင်းသားစံအိမ်၏ အချက်အလက်များကို ရယူရန် ပိုမိုလွယ်ကူမည် ဖြစ်သည်။
ညစာစားချိန်တွင် မုကျိရွှမ်းသည် သူမနှင့် ရွှီလင်လုံတို့ ပြောဆိုခဲ့ကြသည့် အရာအားလုံးကို လုချန်းအား ပြောပြခဲ့သည်။ မုကျိရွှမ်း၏ စကားကို နားထောင်ပြီးနောက် ရွှီလင်လုံက အလွန်စိတ်ရှည်သူဖြစ်သည်ဟု လုချန်း စဉ်းစားမိသည်။ သူမ၏ ပထမဆုံးလည်ပတ်မှုတွင် မြောက်ပိုင်းနယ်စားမင်းသားစံအိမ်အကြောင်း မမေးမြန်းခဲ့ပေ။
ရုတ်တရက် လုချန်း တစ်ခုခုကို သတိရသွားပြီး
“ဒါနဲ့ သူ ဒီနေ့လာတုန်းက လက်ဖက်ရည် တိုက်ခဲ့လား။”
မုကျိရွှမ်း အနည်းငယ်ပြုံးလိုက်ပြီးနောက် “တိုက်တာပေါ့။ သူက ဂုဏ်သရေရှိ ဧည့်သည်ဆိုတော့ ကျွန်မက မင်းသားစံအိမ်ရဲ့ အကောင်းဆုံးလက်ဖက်ရည်ကို တိုက်ခဲ့ပါတယ်။”
ထိုစကားကြားသော် လုချန်း အနည်းငယ် စိတ်သက်သာရာရသွားသည်။
ဘာပဲဖြစ်ဖြစ် ဤအမျိုးသမီးသည် နတ်ဆိုးဂိုဏ်းမှ ဖြစ်ပြီး သတိထားရန် လိုအပ်ဆဲပင်။
ထို့နောက် ချူးယုချင်က
“ချန်းလေး။ ဒီနေ့ ရွှီလင်လုံကို တွေ့တော့ သူ့မှာ သိုင်းပညာရှင် အငွေ့အသက် နည်းနည်းတောင် မရှိတာကို သတိထားမိတယ်။ သူ တကယ်ကော အဆင့်လွန် ပညာရှင် ဟုတ်ရဲ့လား။”
“သူသာ အဆင့်လွန် ပညာရှင်ဆိုရင် သူ့အငွေ့အသက်ကို အတော်ကောင်းကောင်း ဖုံးကွယ်ထားနိုင်တာပဲ။”
လုချန်းက
“သူက တကယ်ကို အဆင့်လွန် ပညာရှင်ပါ။သိုင်းပညာရှင် အငွေ့အသက်ကို ဖုံးကွယ်ဖို့ တစ်ခုခုကို သုံးထားတာ ဒါမှမဟုတ် ဖုံးကွယ်တဲ့ ကျင့်စဉ်တစ်ခုခုကို လေ့ကျင့်ထားတာ ဖြစ်ရမယ်။”
“ဒါပေမဲ့ အဲဒါ အရေးမကြီးပါဘူး။ သူ တခြားသူတွေကို လှည့်စားနိုင်ပေမဲ့ ကျွန်တော့်ကိုတော့ လှည့်စားဖို့ မဖြစ်နိုင်ပါဘူး။”
ချူးယုချင်က
“သူ့အငွေ့အသက်ကို ဒီလောက် ကောင်းကောင်း ဖုံးကွယ်နိုင်တယ်ဆိုတာက သူ့ရဲ့ နောက်ခံ အင်အားက မသေးဘူးဆိုတာ ပြနေတာပဲ။ မင်း သတိထားဖို့ လိုတယ်။ သူက မင်းကို ပစ်မှတ်ထားနေတာ ဖြစ်နိုင်တယ်။”
လုချန်းက ပြုံးလျက်
“ဒေါ်လေးချူး စိတ်ချပါ။ ကျွန်တော် သူ့နောက်ခံ အင်အား ဘယ်ကလာမှန်းသိသလို သူ့ရည်ရွယ်ချက်ကိုလည်း နားလည်ပါတယ်။ သူ့ကို သတိထားပါ့မယ်။”
လုချန်း ထိုသို့ပြောလာသဖြင့် ချူးယုချင် ဆက်လက် ဖိအားမပေးတော့ပေ။
သူတို့ ညစာ ဆက်လက်စားသောက်နေကြစဉ် ရုတ်တရက် အေးစက်သော လေပြင်းတစ်ချက် အခန်းထဲသို့ တိုက်ခတ်လာပြီး လူတိုင်းကို အရိုးခိုက်အောင် အေးစက်သွားစေ သည်။
လုချန်း ခဏတာမျှ တအံ့တဩဖြစ်သွားပြီး တစ်ခုခု မှားယွင်းနေကြောင်း ချက်ချင်း သိရှိလိုက်သည်။ ထို့နောက် အခန်းထဲရှိ အခြားအမျိုးသမီးများကို
“အားလုံး ဆက်စားကြပါဦး။ ကျွန်တော် တစ်ခုခု လုပ်စရာရှိလို့ ခဏလေး အပြင်ထွက်လိုက်ဦးမယ်။”
ဤသို့ပြောပြီးနောက် လုချန်းလည်း မြောက်ပိုင်းနယ်စားမင်းသားစံအိမ်၏ ဝင်ပေါက်ဘက်သို့ ဦးတည်သွားသည်။ လုချန်း၏ ထွက်ခွာသွားသော ပုံရိပ်ကို ကြည့်ရင်းခန်းမဆောင်ရှိ အမျိုးသမီးများ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး ဘာတွေဖြစ်ပျက်ခဲ့သည်ကို နားမလည်နိုင် ဖြစ်နေကြသည်။
ထိုအချိန်တွင် လင်ဝမ်ရွန်က
“နန်းတော်သခင် ရောက်လာပြီ။”
လင်ဝမ်ရွန်သည် ချန်ဝမ်ရွန်၏ အငွေ့အသက်ကို အလွန်ရင်းနှီးစွာ သိကျွမ်း၏။ ခုနက တိုက်ခတ်သွားသော အေးစက်လှသည့် လေပြင်းကို ခံစားပြီးနောက် ချန်ဝမ်ရွန် မင်းသားစံအိမ်၏ ဝင်ပေါက်သို့ ရောက်ရှိနေပြီဟု သူမ ခန့်မှန်းမိသည်။
ထိုစကားကြားသော် အမျိုးသမီးများ ရုတ်တရက် သဘောပေါက်သွားကြသည်။ ရုတ်တရက် အေးစက်သော လေပြင်းတိုက်ခတ်လာခြင်းမှာ ချန်ဝမ်ရွန် ရောက်ရှိလာခြင်းကြောင့် ဖြစ်၏။
ချန်ဝမ်ရွန်သည် လုချန်းအား သူမ ရောက်ရှိလာကြောင်း အချက်ပြနေပုံရသည်။
ချန်ဝမ်ရွန်နှင့် လုချန်းတို့ အချိန်အတော်ကြာ မတွေ့ခဲ့ကြသည်မှာ ကြာပြီဖြစ်ရာ နောက်ထပ် အိပ်မပျော်သော ညတစ်ညက သူတို့အား စောင့်ကြိုနေပုံရသည်။
အမျိုးသမီးများလည်း ထိုကိစ္စကို အလေးအနက် မထားတော့ပဲ မကြာမီ အခြားအကြောင်းအရာများကို ဆက်ပြောနေကြ တော့သည်။
လုချန်း မင်းသားစံအိမ်၏ ဝင်ပေါက်သို့ ရောက်ရှိလာသောအခါ ထိုရင်းနှီးသော ပုံရိပ်ကို တွေ့လိုက်ရသည်။
ချန်ဝမ်ရွန်သည် နှင်းကဲ့သို့ ဖြူဖွေးသောအဖြူရောင် ဝတ်စုံကို ဝတ်ဆင်ထားသည်။ နူးညံ့သိမ်မွေ့သော ခန္ဓာကိုယ်၊ ဟင်္သာလည်တိုင်ကဲ့သို့ လည်တိုင်၊ လှပသော ညှပ်ရိုးများ၊ နီမြန်း နှုတ်ခမ်းများ၊ နှင်းကဲ့သို့ ဖြူစွတ်သော အသားအရေတို့ဖြင့် သူမသည် အနုပညာလက်ရာတစ်ခုနှင့် တူနေ၏။
သူမ၏ မျက်နှာအမူအရာသည် အေးဆေးတည်ငြိမ်ပြီး သူမ၏ ခန္ဓာကိုယ်မှ တန်ခိုးရှင် အငွေ့အသက်များ ထွက်ပေါ်နေပြီး ကောင်းကင်မှ ဆင်းသက်လာသော မြင့်မြတ်သည့် နတ်သမီးတစ်ပါးနှင့် တူနေသည်။
ချန်ဝမ်ရွန်ကို အချိန်အတော်ကြာ မတွေ့ခဲ့ရ၍လား မသိ သူမ ပို၍ပင် လှပလာသည်ဟု လုချန်းခံစားရပြီး မကြာမီ သူမကို အနိုင်ယူလိုသည့် ဆန္ဒများ ပြင်းပြလာခဲ့သည်။
လုချန်းက မြေပြင်ကို ခြေထောက်ဖြင့် တွန်းကန်ကာ အလင်းအရိပ် ကျင့်စဉ်ကို သုံး၍ ချန်ဝမ်ရွန်ရှေ့သို့ ချက်ချင်း ရောက်ရှိလာသည်။
“ကိုယ်ရဲ့ နတ်သမီး ရွန်ရွန် နောက်ဆုံးတော့ တောင်ပေါ်က ဆင်းလာခဲ့ပြီပေါ့။”
လုချန်း၏ ရိုသေမှုမရှိသော စကားများကို ကြားသော် ချန်ဝမ်ရွန်၏ မျက်နှာတွင် နီမြန်းမှုများ အလိုလို ပျံ့နှံ့သွား၏။ ချန်ဝမ်ရွန် တစ်ခုခုပြောတော့မည့် အချိန်တွင် လုချန်းက သူမကို ပွေ့ချီလိုက်သည်။ သူမ ရုန်းကန်ရန် အခွင့်မသာမီပင် သူ၏ အလင်းအရိပ် ကျင့်စဉ်ကို ထပ်မံသုံးလိုက်ရာ မျက်တောင်တစ်ခတ်အတွင်း သူတို့နှစ်ဦး မင်းသားစံအိမ်ရှိ ချန်ဝမ်ရွန်၏ အိပ်ခန်းထဲသို့ ရောက်ရှိသွားကြသည်။
ချန်ဝမ်ရွန် အနည်းငယ် မကျေနပ်မှုကို ခံစားလိုက်ရသည်။ သူမ မြောက်ပိုင်းနယ်စားမင်းသားစံအိမ်သို့ ခုမှ ရောက်ရှိလာရုံရှိသေးပြီး ဤလူလိမ်က သူမကို အလျင်စလို အိပ်ရာပေါ်သို့ ခေါ်ဆောင်လာခဲ့သည်။ သူ အနည်းငယ် ပိုသည်းခံခဲ့သင့်သည် မဟုတ်ပါလား။
ချန်ဝမ်ရွန်ကို ကုတင်ပေါ်တင်ပြီးနောက် လုချန်းက သူမ၏ ကြည်လင်တောက်ပသော မျက်လုံးများကို စိုက်ကြည့်ကာ
“ချစ်ဇနီး။ ကိုယ် နေ့တိုင်း မင်းကို သတိရနေခဲ့တာ။ ဒီနေ့မှပဲ မင်းကို တွေ့ရတော့တယ်။”
ချန်ဝမ်ရွန် ပါးစပ်ဖွင့်၍ ပြောတော့မည့်အချိန်တွင်
“အွန်း...”
ချန်ဝမ်ရွန် စကားမဆုံးမီ လုချန်းက ကိုယ်ကိုကိုင်းညွှတ်ကာ သူမ၏ နှုတ်ခမ်းများကို သူ၏ နှုတ်ခမ်းများဖြင့် ပိတ်လိုက်ပြီး သူမကို တိတ်ဆိတ်သွားစေသည်။ ချန်ဝမ်ရွန် နှစ်ကြိမ်သုံးကြိမ်ခန့် အနည်းငယ် ရုန်းကန်ခဲ့သော်လည်း သူမ၏ စွမ်းအားများ ပိတ်ဆို့ခံထားရသည်ကို တွေ့ရှိရသောအခါလက်လျှော့ကာ မခုခံတော့ပဲ ဤလူလိမ် လုပ်ချင်ရာ လုပ်စေခဲ့သည်။
သူမလည်း ဤကာလအတွင်း လုချန်းကို အလွန်သတိရနေခဲ့သည်။ သူက ဤမျှ စိတ်အားထက်သန်နေသည့်အတွက် သူတို့၏ တောင့်တမှုများကို ဖော်ပြကြမည်ဖြစ်သည်။
လုချန်း မသိခဲ့သည်မှာ ချန်ဝမ်ရွန်က အရေးကြီးသည့် ကိစ္စတစ်ခု ပြောပြရန် ပြင်ဆင်နေခဲ့ခြင်းဖြစ်သည်။ သို့သော် လုချန်းက စိတ်မရှည်နိုင်ခဲ့ပဲ သူမ စကားမဆုံးမီ နမ်းခဲ့ခြင်းကြောင့် သူမ ပြောဆိုမည့် အကြောင်းအရာကို မပြောလိုက်ရပေ။
.......
ညကောင်းကင်သည် မှောင်မည်းနေပြီး မြူခိုးများ ဖုံးလွှမ်းနေသည်။ လေထဲတွင် စိုထိုင်းဆ ပါဝင်နေ၍ ညသည် အနည်းငယ် အေးစက်နေသည်။
ထိုအချိန်တွင် အစိမ်းပြာရောင် ဝတ်စုံ ဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ဦး ခေါင်မိုးတစ်ခုပေါ်တွင် ရပ်နေသည်။ လေတိုက်ခတ်လာသောအခါ သူမ၏ အဝတ် များ လွင့်မြောနေပြီး တစ်ခါတစ်ရံ သူမ၏ ဖြူဖွေးသော ခြေထောက်များကို ဖော်ပြနေသည်။ ခြေဗလာဖြင့် ရပ်လျက် အမျိုးသမီးသည် နှင်းခဲများဖုံးလွှမ်းနေသော နေရာမှနေ၍ အဝေးကို အေးစက်စွာ စိုက်ကြည့်နေသည်။
အောက်ခန်းမှ ဆူညံသံများ ဆက်လက် ထွက်ပေါ်နေသော်လည်း အမျိုးသမီး၏ မျက်နှာအမူအရာသည် အေးခဲနေဆဲဖြစ်ပြီး မည်သည့် စိတ်ခံစားမှု စိတ်လှုပ်ရှားမှုမှ မရှိပေ။
ခဏအကြာတွင် ယွမ်ရှန်ရှန် ဆက်လက် ထိန်းချုပ်မထားနိုင်တော့ပဲ အေးစက်သောလေသံဖြင့် ရေရွတ်လိုက်သည်။
“သူတို့ကို ခွဲထားတာ တကယ် မှန်ကန်တယ်။”
ချန်ဝမ်ရွန် မြောက်ပိုင်းနယ်စားမင်းသားစံအိမ်ကို ပြန်ရောက်သည်နှင့် ထိုလူက သူမကို သူ၏ အိပ်ရာပေါ်သို့ ဆွဲခေါ်သွားခဲ့သည်။ သူမနှင့်အတူ ပျော်ရွှင်ပါးရန် မစောင့်နိုင်တော့ပေ။
ယွမ်ရှန်ရှန် သူတို့၏ ခံစားချက်များကို နားလည်နိုင်သည်။ အချိန်အတော်ကြာပြီးမှ တစ်ဦးနှင့်တစ်ဦး တွေ့ဆုံခြင်းဖြစ်၍ သူတို့၏ တောင့်တမှုများကို အလျင်အမြန် ဖော်ပြလိုခြင်း ပုံမှန်ပင်ဖြစ်သည်။ အချိန်အတော်ကြာ မတွေ့ဆုံခဲ့ရသော ချစ်သူရည်းစားများ ညဘက်တွင် ထိုသို့ပြုလုပ်ခြင်းမှာ ဖြစ်လေ့ဖြစ်ထရှိသော အရာပင်။
သို့သော် ယွမ်ရှန်ရှန် မမျှော်လင့်ခဲ့သည်မှာ နာရီပေါင်းများစွာ ကြာသည်အထိ ထိုနှစ်ဦးသည် ပျော်ရွှင်မှု၌ နှစ်မြှုပ်နေခြင်းဖြစ်သည်။ လုချန်းက ချန်ဝမ်ရွန်နှင့်အတူ ကျင့်စဉ်လေ့ကျင့်နေသည်ဟု ထင်ခဲ့သော်လည်း စုံစမ်းကြည့်သောအခါ သူတို့သည် ကျင့်စဉ်လေ့ကျင့်ခြင်းကို အာရုံစိုက် မနေသည်ကို တွေ့ရှိရသည်။ သူတို့၏ လုပ်ဆောင်မှုများအရ ပျော်ရွှင်မှုကို ရှာဖွေခြင်း၌ ပိုမိုအားသန်နေပုံရသည်။
ချန်ဝမ်ရွန်အား မြောက်ပိုင်းနယ်စားမင်းသားစံအိမ်တွင် အမြဲတမ်း နေထိုင်ခွင့်ပြုခဲ့လျှင် သူတို့ နေ့တိုင်း ဤကဲ့သို့ နေထိုင်ကြပြီး သူတို့၏ ကျင့်စဉ်လေ့ကျင့်မှုကို လုံးဝ ပစ်ပယ်ထားကြမည်လားဟု ယွမ်ရှမ်ရှမ် အတွေးပေါက်မိသည်။
သို့သော် ထပ်မံစဉ်းစားကြည့်သောအခါ ဤဖြစ်ရပ်က လုချန်း သာမန်လူတစ်ဦးမဟုတ်ကြောင်း ထပ်မံ သက်သေပြခဲ့သည်။ သူ့ထံ၌ တကယ်ပင် ထူးခြားသော အရည်အချင်းအချို့ရှိပြီး အမျိုးသမီးများနှင့် ပတ်သက်၍ အလွန်ကျွမ်းကျင်သူဖြစ်ပုံရ၏။ ချန်ဝမ်ရွန် သူ့အပေါ် ဤမျှ စွဲလမ်းနေခြင်းမှာ အံ့ဩစရာမရှိတော့ပေ။
အချိန်က မသိမသာ ကုန်လွန်သွားခဲ့သည်။
မင်းသားစံအိမ်၏ အပြင်ဘက်ဆောင်မှ ကြက်တွန်သံ ထွက်ပေါ်လာပြီး မိုးကုတ်စက်ဝိုင်းတွင် အရုဏ်ဦး၏ အလင်းရောင် စတင်ဖြာထွက်လာသည်။
အခန်းတွင်း၌ တိတ်ဆိတ်သွားသည်။ လုချန်းက ချန်ဝမ်ရွန်၏ ခါးကို ဖက်ထားပြီး သူမ၏ ကျောပြင်ကို ညင်သာစွာ ပွတ်သပ်ပေးနေသည်။
“ရွန်ရွန်။ ဒီတစ်ခါ မြောက်ပိုင်းနယ်စားမင်းသားစံအိမ်မှာ ဘယ်လောက်ကြာကြာ နေဖို့ စီစဉ်ထားလဲ။”
ချန်ဝမ်ရွန် အချိန်ပိုကြာကြာ နေထိုင်ရန် လုချန်း မျှော်လင့်နေခဲ့သည်။ ဘာပဲဖြစ်ဖြစ် သူတို့ မတွေ့ခဲ့ကြသည်မှာ ကြာပြီဖြစ်သည်။
လုချန်း၏ စကားကို ကြားသော် မှိန်းနေသော အခြေအနေမှ ချန်ဝမ်ရွန် နိုးထလာသည်။ ရုတ်တရက် တစ်စုံတစ်ယောက်ကို သတိရသွားပြီး ချက်ချင်းပင်
“ဟုတ်တယ်။ ဒီတစ်ခါ ကျွန်မ တောင်ပေါ်က ဆင်းလာတုန်းက ဆရာမလည်း ပါလာတယ်။ သူ...”
ချန်ဝမ်ရွန် တုံ့ဆိုင်းသွားပြီး စကားမဆုံးမီ ရပ်တန့်သွားသည်။
သူမ လုချန်းနှင့် မနေ့ညကမှ တွေ့ဆုံခဲ့ပြီး ညလုံးပေါက် ပျော်ပါး နေခဲ့ကြသည်။ ဒါတွေကို သူမ၏ ဆရာမ သေချာပေါက် မြင်တွေ့ခဲ့မည်ဖြစ်သည်။ သူမ၏ ဆရာမ ဘယ်လိုများ ထင်နေလိမ့်မည်နည်းဟု ချန်ဝမ်ရွန် တွေးမိသည်။
ထိုစကားကြားသော် လုချန်း ခဏမျှ အံ့ဩသွားသည်။
ဘာ...
နတ်သမီးလည်း ပါလာခဲ့တာလား...
သူသည် ချန်ဝမ်ရွန်နှင့်အတူ တစ်ညလုံး အခန်းထဲတွင် ဆိုးဆိုးရွားရွား ပြုမူနေခဲ့သည်။ သူမ၏ ကောင်းကင်လူသား အာရုံခံစားမှုများဖြင့် ဘာတွေဖြစ်ပျက်ခဲ့သည်ကို မသိပဲနေမည် မဟုတ်ပေ။
သူမက သူ့အား ထိုကဲ့သို့ လှုပ်ရှားမှုမျိုးကိုသာ စိတ်ဝင်စားသော လူတစ်ယောက်ဟု ထင်မှတ်ပြီး ချန်ဝမ်ရွန်အား သူ့နှင့် ထပ်မံတွေ့ဆုံ့ခွင့် မပြုတော့ပဲ နေမှာလား။
ပြန်လည်စဉ်းစားကြည့်သောအခါ ထိုအမျိုးသမီးသည် ချန်ဝမ်ရွန်အား သူ၏ အဖော်ဖြစ်လာရန် သဘောတူပြီးသားဖြစ်သည်။ သူတို့နှစ်ဦး မတွေ့ခဲ့ကြသည်မှာ ကြာပြီဖြစ်၍ နောက်ဆုံး တွေ့ဆုံသောအခါ ပျော်ရွှင်စွာ နေထိုင်ခြင်းက သဘာဝကျသည်ဟု လုချန်း ယူဆသည်။ ထိုအမျိုးသမီးက ဒါလောက်တောင် ခွင့်မပြုချင်လျှင် သူမအနေနှင့် လုံးဝ တရားမျှတမှု မရှိရာ ရောက်ပေမည်။
................
အခန်း (၆၈၁)
အကူညီတစ်ခု လိုချင်တယ်
လုချန်း၏ စိတ်ထဲတွင် သူ မှားယွင်းစွာ ပြုမူခဲ့ခြင်း မရှိဟု ခိုင်မာစွာ ယုံကြည်ထား၏။ ထို့ကြောင့် ချန်ဝမ်ရွန်နှင့် သူ၏ ဆက်ဆံရေး ကောင်းမွန်ခြင်းကြောင့် ထိုအမျိုးသမီးက သူ့အား ပြစ်တင်ရှုံ့ချလိမ့်မည်ဟု လုချန်း မထင်ခဲ့ပေ။
ထိုအချိန်တွင် လုချန်းက ချန်ဝမ်ရွန်အား
“ဒါဆို ဆရာမလည်း ရောက်လာတာကိုး။ မနေ့ညက ဘာဖြစ်လို့ ဒီလောက် အေးစိမ့်နေရတာလဲလို့ ကိုယ်တွေးနေတာ။”
ချန်ဝမ်ရွန်က
“ကျွန်မတို့ ထသင့်ပြီ။ ဆရာမ မနေ့ညက ကျွန်မတို့ကို အပြင်မှာ တစ်ညလုံး စောင့်နေခဲ့ရတာ ဖြစ်နိုင်တယ်။”
အနည်းငယ် ကူကယ်ရာမဲ့သလို လုချန်း ခံစားလိုက်ရသည်။ ချန်ဝမ်ရွန်၏ နူးညံ့သော ရင်ခွင်ထဲတွင် အချိန်အနည်းငယ် ပိုဖြတ်သန်းရန် အစက တွေးထားခဲ့သော်လည်း ယခုမူ အစောကြီး ထရတော့မည်ဖြစ်၏။
ထိုအမျိုးသမီးက ချန်ဝမ်ရွန်နှင့်အတူ တောင်ပေါ်မှ ဆင်းလာပြီး ဘာလုပ်ချင်နေတာလဲ။
ထိုစဉ် လုချန်း၏ စိတ်ထဲတွင် မြင်ကွင်းတစ်ခု ရုတ်တရက် ပေါ်လာသည်။ ပြီးခဲ့သည့်အကြိမ်က စာကြည့်ခန်းတွင် ထိုအမျိုးသမီးသည် သူတို့နှစ်ဦးကြား စိတ်ပိုင်းဆိုင်ရာ ဆက်နွှယ်မှုကို အသုံးပြု၍ နဂါးဖီးနစ်ယင်ယန်ကျင့်စဉ်ကို ကျင့်ကြံခဲ့ပြီး သူမ၏ စွမ်းအားများ ပြန်လည်ရရှိခဲ့သည်။
ဤတစ်ကြိမ် ချန်ဝမ်ရွန်နှင့်အတူ တောင်ပေါ်မှ ဆင်းလာခြင်းသည် သူမ ပြီးခဲ့သည့်အကြိမ် လုပ်ခဲ့သလို သူ့အပေါ် ထပ်မံပြုလုပ်ရန် ကြံစည်နေခြင်း ဖြစ်နိုင်လား။
လုချန်း၏ နဖူးကို အနည်းငယ် တွန့်သွားပြီး ယွမ်ရှန်ရှန်အား နဂါးဖီးနစ်လက်ဖက်ရည် တိုက်ရန် နည်းလမ်းရှာရမည်ဟု တွေးလိုက်သည်။ ထိုသို့ဆိုလျှင် သူမအနေနှင့် တန်ဖိုးတစ်ခုခု ပေးဆပ်ရမည်ဖြစ်ပြီး ယခင်တစ်ကြိမ်ကကဲ့သို့ သူ့ခန္ဓာကိုယ်ကို လွယ်လင့်တကူ မထိန်းချုပ်နိုင်တော့ပေ။
ထိုအတွေးများနှင့်အတူ လုချန်းနှင့် ချန်ဝမ်ရွန်တို့သည် ဖြည်းညှင်းစွာ ထလိုက်ကြပြီး ရေချိုးခန်းတွင် အမြန်ရေချိုးပြီးနောက် အခန်းထဲ ထွက်လာခဲ့သည်။
ထိုအချိန်တွင် ဝမ်ရွန်ဆောင်အတွင်းရှိ အဆောင်ငယ်ထဲတွင် လင်ဝမ်ရွန်သည် ယွမ်ရှန်ရှန်အတွက် လက်ဖက်ရည် ပြင်ဆင်ပေးနေပြီး ယွမ်ရှန်ရှန်က ကျောက်ခုံပေါ်တွင် မျက်နှာတည်တည်ဖြင့် ထိုင်နေကာ လက်ဖက်ရည်ခွက်ကို ကိုင်ပြီး ဖြည်းညှင်းစွာ အရသာခံသောက်နေသည်။
အခန်းထဲမှ ထွက်လာပြီးနောက် လုချန်းသည် ယွမ်ရှန်ရှန်အား ချက်ချင်း ဦးညွှတ်ဂါရဝပြုကာ
“တပည့် ဆရာမကို ဂါရဝပြုပါတယ်။”
ယွမ်ရှန်ရှန်က အေးစက်စွာဖြင့်
“မင်းတို့ အကြာကြီး မတွေ့ခဲ့ကြရဘူးဆိုတာကို ထည့်တွက်ပြီး ဒီတစ်ခါတော့ ခွင့်လွှတ်လိုက်မယ်။ ဒါပေမဲ့ နောက်တစ်ခါ ထပ်ဖြစ်ရင် တစ်နှစ်ပတ်လုံး တွေ့ခွင့် ဖြတ်တောက်ပြီး အပြစ်ပေးမယ်။”
ထိုအချိန်တွင် ယွမ်ရှန်ရှန် အနည်းငယ် ဒေါသထွက်နေ၏။ လုချန်းကိုတော့ သူမ အပြစ်တင်၍ မရပေ။ အဘယ်ကြောင့်ဆိုသော် သူက သူမရောက်ရှိလာသည်ကို အစက မသိသောကြောင့်ဖြစ်၏။ သို့သော် ချန်ဝမ်ရွန်ကတော့ မတူပေ။
သူမသည် ချန်ဝမ်ရွန်အား တောင်ပေါ်မှ ခေါ်လာခဲ့သော်လည်း ယောက်ျားနှင့် တွေ့သည်နှင့် ချန်ဝမ်ရွန်က သူမအား လုံးဝ မေ့သွားပြီး တစ်ညလုံး ခေါင်မိုးပေါ်တွင် ရပ်နေစေခဲ့သည်။
ချန်ဝမ်ရွန်သည် ယောက်ျားတစ်ယောက်ကြောင့် သူမ၏ ဆရာဖြစ်သူကိုပင် မေ့လျော့သွားခဲ့သည်။
ချန်ဝမ်ရွန်လည်း ယွမ်ရှန်ရှန် သူမကို စိတ်ဆိုးနေသည်ကို သတိထားမိပြီး
“တပည့်ရဲ့ အမှားကို ဝန်ခံပါတယ်။”
ယွမ်ရှန်ရှန်က လျစ်လျှူရှုဟန်ဖြင့်
“တော်ပြီ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး နင့်ကို ဆက်ပြီး အပြစ်မတင်တော့ဘူး။”
ထိုအချိန်တွင် လုချန်းက
“ဆရာမ ဒီတစ်ခါ တောင်ပေါ်က ဆင်းလာရတဲ့ အကြောင်းရင်းကို သိခွင့်ပြုပါ။”
ယွမ်ရှန်ရှန်က
“ရှနိုင်ငံတော် နယ်နမိတ်ထဲမှာ သိုင်းပညာရှင်တွေ အများအပြား ပျောက်ဆုံးနေတယ်လို့ ငါ ကြားတယ်။ ဒါက ရှနိုင်ငံတော် မင်းမျိုးမင်းနွယ်တွေနဲ့ ဆက်စပ်နေတယ်လို့ သံသယရှိတယ်။ ဒါကြောင့် အခြေအနေကို စုံစမ်းဖို့ တောင်ပေါ်က ဆင်းလာခဲ့တာ။”
ထိုစကားကို ကြားသောအခါ လုချန်း အံ့ဩသွားသည်။ ယွမ်ရှန်ရှန်လည်း သူ့ဖခင် ဤကိစ္စနှင့် ပတ်သက်နေသည်ဟု သံသယဝင်နေလိမ့်မည်ဟု သူ မျှော်လင့်မထားခဲ့ပေ။
ယွမ်ရှန်ရှန်က လုချန်းကို ကြည့်ကာ
“လုချန်း။ မင်းသာ ကမ္ဘာကို စုစည်းချင်ရင် ပထမအဆင့်က ရှနိုင်ငံတော် ထီးနန်းကို သိမ်းပိုက်ရမယ်။ ဟုတ်တယ်မလား။ လျှို့ဝှက်လဝန်းနန်းတော်နဲ့ ငါက မင်းကို အဲဒီရာထူးရအောင် ထောက်ပံ့ပေးမယ်။ မင်း ဘာအကူအညီ လိုအပ်လဲဆိုတာ ငါနဲ့ တိုင်ပင်လို့ ရတယ်။”
ယွမ်ရှန်ရှန်၏ စကားများကို လုချန်း အနည်းငယ် မယုံနိုင်ဖြစ်နေ၏။ ဤအမျိုးသမီးက သူ့အား ရှနိုင်ငံတော် ထီးနန်းအတွက် ယှဉ်ပြိုင်ဖို့ ကူညီရန် စဉ်းစား နေပါလား။
သဘောကောင်းလှချေလား။
လုချန်း၏ စိတ်ထဲတွင် အတွေးတစ်ခု ရုတ်တရက် ပေါ်လာပြီး
“ဆရာမ။ ကျွန်တော့်ဖခင်က လျှို့ဝှက်လဝန်းနန်းတော်က ရတနာပစ္စည်းတစ်ခုကို ပိုင်ဆိုင်ထားတယ်လို့ ကျွန်တော် ကြားတယ်။ အဲဒီပစ္စည်းကို ပြန်လည်ရယူဖို့အတွက် ကျွန်တော့်ကို ထောက်ပံ့နေတာတော့ မဟုတ်ပါဘူးနော်။”
လုချန်း၏ ထင်မြင်ချက်ကို ကြားသောအခါ ယွမ်ရှန်ရှန်က အေးစက်စွာ ရယ်မောလိုက်ပြီး
“မင်းက တော်တော် ထက်မြက်တာပဲ။ ဟုတ်ပါတယ်။ ဒီအခွင့်အရေးကိုယူပြီး အဲ့ဒီရတနာပစ္စည်းကို ပြန်ယူဖို့ ရည်ရွယ်ချက်ရှိတယ်။”
လုချန်းက
“ဆရာမက ကောင်းကင်လူသား စွမ်းအားရှင်ပဲ။ ဆရာမရဲ့ စွမ်းအားနဲ့ဆိုရင် ရှနိုင်ငံတော် နန်းတွင်းကို သွားပြီး အဲဒီပစ္စည်းကို အလွယ်တကူ ပြန်ယူလို့ ရတာပဲ။ ဘာလို့ ဒီလောက် အပင်ပန်းခံနေရတာလဲ။”
ယွမ်ရှန်ရှန်က
“ငါ့ ခန္ဓာကိုယ်ပေါ်က ဒဏ်ရာတွေက မပျောက်သေးဘူး။ နောက်ပြီး ငါ ပေါ့ပေါ့ဆဆလုပ်လို့မရဘူး။ ငါသာ အဆင်ခြင်မဲ့ လုပ်ခဲ့ရင် ဒီကမ္ဘာကြီးရဲ့ ကောင်းကင်ဘုံ နတ်ဘုရားရဲ့ ဒဏ်ခတ်မှုက ငါ့အပေါ် ကျရောက်လာလိမ့်မယ်။ ငါရခဲ့တဲ့ ဒဏ်ရာက အဲဒါရဲ့ ရလဒ်ပဲ။”
ယွမ်ရှန်ရှန်၏ အဖြေကို ကြားသောအခါ လုချန်း အမှန်တရားကို သိမြင်သွားသည်။
ထိုအချက်ကြောင့် ယွမ်ရှန်ရှန်က နန်းတွင်းကိုသွားပြီး ရတနာပစ္စည်းဟု ခေါ်သည့် ပစ္စည်းကို ပြန်မယူခဲ့ခြင်းဖြစ်သည်။ သူမတွင် ထိုသို့လုပ်ဆောင်ရန် စွမ်းရည်မရှိသောကြောင့်ပင်။
ယွမ်ရှန်ရှန်က ဆက်လက်၍
“နောက်ပြီး အဲဒီပစ္စည်းက အဆင့်လွန် ပညာရှင်တစ်ဦးရဲ့ စွမ်းအားကို ကောင်းကင်လူသားအဆင့်အထိ မြှင့်တင်ပေးနိုင်တဲ့
တန်ခိုးသတ္တိတစ်ခုရှိတယ်။ ကြာချိန်က တိုတောင်းပေမဲ့ ကောင်းကင်လူသား စွမ်းအားရှင်တစ်ဦးကို ဒဏ်ရာရအောင် လုပ်နိုင်တယ်။”
“ငါ လုပ်နိုင်ခဲ့ရင်တောင် ငါ့ရဲ့ စွမ်းအား ပြန်ကောင်းလာတဲ့အထိ စောင့်ရဦးမယ်။”
“တောင်ပေါ်က ဆင်းလာရတဲ့ ဒုတိယအကြောင်းရင်းက ငါ့ရဲ့ စွမ်းအားကို ပြန်လည်ရရှိဖို့ပဲ။”
သူမ စကားပြောနေစဉ် ယွမ်ရှန်ရှန်၏ အကြည့်က လုချန်းအပေါ်တွင် စူးစိုက်နေသဖြင့် လုချန်း၏ ကျောရိုးတစ်လျှောက် အေးစိမ့်သွားသည်။
သူအစက ထင်ထားသည့်အတိုင်း ယွမ်ရှန်ရှန် တောင်ပေါ်မှ ဆင်းလာခြင်းက သူ၏ ခန္ဓာကိုယ်ကို အသုံးပြု၍ စွမ်းအားပြန်လည်ရရှိရန် ဖြစ်သည်။
ဤအမျိုးသမီးသည် မကောင်းသော ရည်ရွယ်ချက်ဖြင့် သူ၏ခန္ဓာကိုယ်ကို လိုချင်နေခြင်းပင်။
ယွမ်ရှန်ရှန်က လုချန်း၏ မျက်လုံးများကို စိုက်ကြည့်ကာ ဆက်ပြောလိုက်သည်။
“နောက်ထပ် ကိစ္စတစ်ခုလည်း ရှိသေးတယ်။ အနောက်ဘက် နယ်စပ်က မြူခိုးတွေက မတည်မငြိမ် ဖြစ်လာနေပြီ။ မင်းသာ ကမ္ဘာကို ပေါင်းစည်းချင်ရင် မြန်မြန်လုပ်တာ ပိုကောင်းတယ်။”
“မြူခိုးဒေသက အလွန်ရှုပ်ထွေးတယ်။ ဘာပေါ်လာနိုင်မလဲဆိုတာ ဘယ်သူမှ ခန့်မှန်းလို့မရဘူး။”
လုချန်း တုန်လှုပ်သွားသည်။
မြူခိုးတွေက မတည်မငြိမ် ဖြစ်လာပြီလား။
သူ အခုအစိုးရိမ်ဆုံးက အနောက်ဘက် နယ်စပ်ရှိ မြူခိုးများ ဖြစ်သည်။ ပေါ်လာသည့် သိုင်းပညာရှင်များ အားလုံး ကောင်းကင်လူသားအဆင့် ဖြစ်နေပါက သူ၏ သေနတ်များ အသုံးမဝင်တော့ပေ။
ထိုစဉ် လုချန်းသည် တစ်စုံတစ်ခုကို ရုတ်တရက် တွေးလိုက်မိသည်။
ဤအမျိုးသမီးက မြူခိုးများ မတည်မငြိမ်ဖြစ်နေကြောင်း သူ့အား ပြောပြခြင်းက အကြောင်းမဲ့ သက်သက်တော့ မဟုတ်နိုင်ပေ။
မြူများ မတည်ငြိမ်ဖြစ်နေသည့် အကြောင်းသူ့အား ပြောပြခြင်းသည် ရိုးရိုးသတိပေးချက်သက်သက် မဟုတ်ပဲ လျှို့ဝှက်လဝန်းနန်းတော်၏ အရေးပါမှုကို သူအလေးအနက် ခံစားစေရန် ရည်ရွယ်နေခြင်း ဖြစ်နိုင်သည်။ ထိုသို့ဆိုလျှင် သူက သူမ၏ စွမ်းအားပြန်လည်ဖြည့်တင်းရန် လိုက်လိုက်လျောလျော ကူညီပေးလိမ့်မည်။
ထိုအချိန်တွင် လုချန်းက ပြုံးလျှက်
“ကမ္ဘာကို စုစည်းဖို့ ကျွန်တော့်ကို ကူညီမယ် လို့ဆုံးဖြတ်ထားတဲ့အတွက် ဆရာမကို ကျေးဇူးတင်ပါတယ်။”
ယွမ်ရှန်ရှန်က မျက်နှာအမူအရာကင်းမဲ့စွာဖြင့်
“နှုတ်နဲ့ ပြောတဲ့ ကျေးဇူးတင်စကားတွေကို မလိုချင်ဘူး။ ငါ မင်းကို ကူညီခိုင်းစရာ တစ်ခုရှိတယ်။”
လုချန်းသည် ဘာမှမသိသလို ဟန်ဆောင်ကာ
“ဆရာမ ဘာကို ပြောတာပါလဲ။”
ယွမ်ရှန်ရှန်က
“အချိန်တန်ရင် မင်း သိလိမ့်မယ်။”
လုချန်း ဆက်မမေးတော့ပေ။ သူမ ဘာကို ရည်ညွှန်းနေသည်ကို သူ ဘယ်လိုလုပ် မသိပဲ နေနိုင်ပါမည်နည်း။ သူမ၏ စွမ်းအား ပြန်လည်ရရှိစေရန် ကူညီခြင်းနှင့် ပတ်သက်နေသည်မှာ ရှင်းနေ၏။
ရိုးရိုးသားသားပြောရလျှင် သူလည်း သူမနှင့်အတူ နဂါးဖီးနစ်ယင်ယန်ကျင့်စဉ်ကို ကျင့်ကြံရန် အတော်လေး ဆန္ဒရှိသည်။ သို့သော် သူလိုချင်သည့် အခြေအနေမှာ ရုပ်ပိုင်းဆိုင်ရာ ထိတွေ့မှု ပါဝင်ရမည်ဖြစ်ပြီး ပြီးခဲ့သည့်အကြိမ် စာကြည့်ခန်းတွင် သူမနှင့် လေ့ကျင့်ခဲ့သလိုမျိုး မဟုတ်ချေ။ ရုပ်ပိုင်းဆိုင်ရာ ထိတွေ့မှု မပါဝင်ပါက နဂါးဖီးနစ်ယင်ယန်ကျင့်စဉ်၏ ဆွဲဆောင်မှု ပျောက်ဆုံးသွားလိမ့်မည်။
သို့သော် ယွမ်ရှန်ရှန်က သူမ၏ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ခွင့်ပေးမည် မဟုတ်သည်ကိုလည်း လုချန်း သိသည်။ ယွမ်ရှန်ရှန်၏ မျက်လုံးထဲတွင် သူသည် အောက်ကမ္ဘာမှ သတ္တဝါတစ်ဦးမျှသာ ဖြစ်၏။
…
ရှနိုင်ငံတော်။
နေပြည်တော်။
ယာဉ်တန်းတစ်ခု နေပြည်တော်ထဲသို့ ဖြည်းညှင်းစွာ ဝင်ရောက်လာ၏။ ထိုယဉ်တန်း၏ အလံများသည် လျှို့ဝှက်လဝန်းနန်းတော်၏ အမှတ်အသားဖြစ်သည့် လခြမ်းပုံစံဖြစ်သည်။ လျှို့ဝှက်လဝန်းနန်းတော်မှ အရေးကြီးပုဂ္ဂိုလ်တစ်ဦး ရောက်ရှိလာကြောင်း ပြသနေသည်။
ထိုသတင်းကို မကြာမီပင် ဆွမ်ဧကရာဇ်သည် ကြားသိလိုက်ရသည်။
စာကြည့်ခန်းထဲတွင် ထိုင်လျက် အရိပ်ကိုယ်ရံတော်၏ အစီရင်ခံစာကို နားထောင်ရင်း ဆွမ်ဧကရာဇ်တစ်ယောက် အတွေးနက်နက်ထဲနစ်မြောသွားသည်။
လျှို့ဝှက်လဝန်းနန်းတော်သည် ဤအချိန်တွင် နေပြည်တော်သို့ အဘယ်ကြောင့် လူစေလွှတ်နေသနည်း။
သူ၏ လျှို့ဝှက်လုပ်ရပ်များကို သူတို့ သိရှိသွားပြီလော။
လျှို့ဝှက်လဝန်းနန်းတော်က နန်းတွင်းအား ဒုက္ခပေးဖို့ ကြံစည်နေပြီလား။
..............