← Chapters

အခန်း ၆၈၂-၆၈၄

Vol. 46 Ch. 682-684

အခန်း ၆၈၂-၆၈၄

Vol. 46 Ch. 682-684

အခန်း (၆၈၂)

လျှို့ဝှက်လဝန်းနန်းတော်ရဲ့ နန်းတော်သခင်ဟောင်းကို သတ်ဖို့ ကူညီပေးပါ

ထိုစဉ် ဆွမ်ဧကရာဇ်၏ မျက်နှာ အလွန်တရာ ဆိုးရွားနေသည်။ လျှို့ဝှက်လဝန်းနန်းတော်က သူကျူးလွန်ခဲ့သည့် လုပ်ရပ်များကို ရှာဖွေတွေ့ရှိပြီး သူ့အား ရှင်းပစ်ရန် တစ်စုံတစ်ဦးကို စေလွှတ်လာပြီလားဟု သူ စိုးရိမ်နေခြင်းဖြစ်သည်။

အရိပ်ကိုယ်ရံတော်၏ အစီရင်ခံစာကို နားထောင်ပြီးနောက် ဆွမ်ဧကရာဇ်

“လျှို့ဝှက်လဝန်းနန်းတော်က ဘယ်သူ ရောက်လာတာလဲ။”

အရိပ်ကိုယ်ရံတော်က

“မင်းကြီး။ ကျွန်တော်တို့ စုံစမ်းစစ်ဆေးမှုအရ ရောက်ရှိလာသူတွေက လျှို့ဝှက်လဝန်းနန်းတော်ရဲ့ မဟာအကြီးအကဲနဲ့ အကြီးအကဲ ဖူတို့ ဖြစ်ပါတယ်။”

ဆွမ်ဧကရာဇ်၏ မျက်ခုံးများ တွန့်သွားပြီး သူ၏ မျက်နှာပို၍ပင် မည်းမှောင်လာသည်။

တကယ်ပင် အကြီးအကဲ နှစ်ဦး ရောက်လာခဲ့ခြင်းဖြစ်သည်။

လျှို့ဝှက်လဝန်းနန်းတော်၏ နန်းတော်သခင်သာ ရောက်လာခဲ့ပါက သူက ဤမျှ စိုးရိမ်လိမ့်မည် မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် နန်းတော်သခင်၏ စွမ်းအားမှာ သာမန်မျှသာ ဖြစ်သောကြောင့်ပင်။

သို့သော် အကြီးအကဲများကတော့ လုံးဝ ကွဲပြားခြားနား၏။

လျှို့ဝှက်လဝန်းနန်းတော်၏ အကြီးအကဲများသည် အနည်းဆုံး အဆင့်လွန်ပညာရှင်အဆင့်အထက်ရှိပြီး အများစုမှာ အရိပ်အယောင် ကောင်းကင်လူသားများ ဖြစ်သည်။

အရိပ်အယောင် ကောင်းကင်လူသား နှစ်ဦး ရုတ်တရက် ရောက်ရှိလာခြင်းက ဆွမ်ဧကရာဇ်အား ကြီးမားသော ဖိအားကို ခံစားရစေသည်။

ထိုစဉ် နန်းတွင်းမိန်းမစိုးတစ်ဦး စာကြည့်ခန်းထဲသို့ ရုတ်တရက် ဝင်လာပြီး ဆွမ်ဧကရာဇ်ရှေ့တွင်

“မင်းကြီး။ လျှို့ဝှက်လဝန်းနန်းတော်က အကြီးအကဲ နှစ်ပါးက တွေ့ခွင့်တောင်းပါတယ်။”

ဒါက...

ဆွမ်ဧကရာဇ်၏ စိတ်ထဲတုန်လှုပ်သွားသည်။

သူတို့က သူ့ကို တိုက်ရိုက် လာတွေ့နေကြခြင်းပင်။

မြို့ထဲသို့ ဝင်ရောက်ပြီးသည်နှင့် နန်းတော်သို့ တန်းတန်းမတ်မတ် လာခဲ့ခြင်းက လျှို့ဝှက်လဝန်းနန်းတော်သည် တစ်စုံတစ်ခုကို တကယ်ပင် ရှာဖွေတွေ့ရှိခဲ့ပြီး သူ့အား ဒုက္ခပေးရန် လာရောက်ခြင်းဖြစ်နိုင်ကြောင်း ပြသနေသည်။

ယခု ဘာလုပ်ရမလဲ။

လျှို့ဝှက်လဝန်းနန်းတော်နှင့် အသေအကြေ တိုက်ပွဲဝင်ရတော့မှာလား။

ယခုအချိန်တွင် ခံစားရသော ထိတ်လန့်မှုမျိုးကို ဆွမ်ဧကရာဇ်တစ်ခါမှ မခံစားခဲ့ဖူးပေ။ သူ၏ ငယ်စဉ်ဘဝမှ အမှတ်ရစရာများက သူ့စိတ်ထဲတွင် မရပ်မနား ပြန်လည်ပေါ်ထွက်လာသည်။

တစ်ခဏအကြာတွင် တစ်စုံတစ်ခု ဆုံးဖြတ်ချက် ချလိုက်ဟန်ဖြင့် မိန်းမစိုးအား

“လျှို့ဝှက်လဝန်းနန်းတော်က အကြီးအကဲ နှစ်ပါးကို တော်ဝင်ဥယျာဉ်မှာ စောင့်ခိုင်းလိုက်ပါ။ ကျုပ် ခဏနေ ရောက်လာမယ်။”

မိန်းမစိုးက ချက်ချင်းပင်

“အမိန့်တော်အတိုင်းပါ မင်းကြီး။”

ထို့နောက် မိန်းမစိုး စာကြည့်ခန်းမှ ထွက်ခွာသွားသည်။

နန်းတွင်း မိန်းမစိုး စာကြည့်ခန်းမှ ထွက်ခွာသွားပြီးနောက် ဆွမ်ဧကရာဇ်က အတွင်းရှိ အရိပ်ကိုယ်ရံတော်အား

“ခင်ဗျားလည်း သွားလို့ရပြီ။”

“ကျွန်တော် သွားပါတော့မယ်။”

အရိပ်ကိုယ်ရံတော် ထွက်ခွာသွားသည်နှင့် ဆွမ်ဧကရာဇ်သည် သူ၏ဝတ်စုံထဲမှ လှပစွာ ထွင်းထုထားသည့် သေတ္တာတစ်လုံးကို ထုတ်ယူကာ

“ဒီပစ္စည်း လက်ထဲမှာ ရှိနေရင် ငါ့ကို ဘာမှ လုပ်နိုင်မှာ မဟုတ်ဘူးလို့ ယုံကြည်တယ်”

ဟုရေ‌ရွတ်လိုက်သည်။

သူ၏ စကားများ ဆုံးသွားသည်နှင့် ထိုလှပသော သေတ္တာကို သူ၏ ဝတ်စုံထဲ ပြန်ထည့်လိုက်ပြီးနောက် တော်ဝင်ဥယျာဉ်သို့ တိုက်ရိုက်သွားလိုက်သည်။ လျှို့ဝှက်လဝန်းနန်းတော်မှ အကြီးအကဲ နှစ်ပါး သူ့အား ဘာကိစ္စကြောင့် လာတွေ့သည်ကို သိလိုစိတ် ပြင်းပြနေသည်။

မကြာမီပင် ဆွမ်ဧကရာဇ် တော်ဝင်ဥယျာဉ်သို့ ရောက်ရှိလာသည်။ ထိုအချိန်တွင် ဆံပင်ဖြူ၊ မုတ်ဆိတ်ဖြူနှင့် အပြာရောင်ဝတ်စုံ ဝတ်ဆင်ထားသော သက်ကြီးရွယ်အို နှစ်ဦးသည် အဆောင်ထဲတွင် အေးအေးဆေးဆေး ထိုင်နေကြပြီး လက်ဖက်ရည်သောက်နေကြသည်။ ပြဿနာ လာရှာသူများကဲ့သို့ မဟုတ်ပဲ သူငယ်ချင်းတစ်ဦးဆီ လာရောက်လည်ပတ်သူများကဲ့သို့ ထင်ရသည်။

ထိုနှစ်ဦး ဤမျှ အေးအေးဆေးဆေး ရှိနေသည်ကို မြင်သောအခါ ဆွမ်ဧကရာဇ်သည် ခဏရပ်တန့်သွား၏။ ထိုနှစ်ဦးသည် သူ့အား ပြဿနာရှာရန် လာရောက်ခြင်း မဟုတ်ဟု ခံစားရသည်။

သိပ်မစဉ်းစားတော့ပဲ ဆွမ်ဧကရာဇ် အဆောင်ထဲသို့ ဝင်ရောက်ကာ အကြီးအကဲ နှစ်ဦးအား

“လျှို့ဝှက်လဝန်းနန်းတော်က အကြီးအကဲ နှစ်ပါး ကျုပ်ဆီကို လာရောက်တွေ့ဆုံရတဲ့ အကြောင်းရင်းကို သိခွင့်ပြုပါ။”

အကြီးအကဲများထဲမှ တစ်ဦးက

“ကျုပ်က လျှို့ဝှက်လဝန်းနန်းတော်ရဲ့ ဒုတိယအကြီးအကဲ ဖူဟုန်ချို ပါ။ ကျွန်တော့်ဘေးက ပုဂ္ဂိုလ်က လျှို့ဝှက်လဝန်းနန်းတော်ရဲ့ မဟာအကြီးအကဲ ယူချန်ချင်ပါ။ မင်းကြီး ကျုပ်တို့ နှစ်ယောက်ရဲ့ အကြောင်းကို ကြားဖူးမှာပါ။”

သူတို့၏ အမည်များကို ကြားသည်နှင့် ဆွမ်ဧကရာဇ် တစ်စုံတစ်ခုကို ချက်ချင်း သတိရလိုက်သည်။ ဤနှစ်ဦးသည် လွန်ခဲ့သော ဆယ်စုနှစ်များစွာကပင် အတော်လေး နာမည်ကြီးခဲ့ကြသူများ ဖြစ်သည်။ သူ ငယ်စဉ်ကတည်းက သူတို့၏ အကြောင်းကို ကြားဖူးခဲ့သည်။ ထိုအချိန်က လျှို့ဝှက်လဝန်းနန်းတော်သည် ယခုကဲ့သို့ မဟုတ်ဘဲ တပည့်များ စုဆောင်းဆဲကာလတွင် ရှိနေသေးသည်။

ဤနှစ်ဦးသည် တပည့်များ စုဆောင်းရင်း နာမည်ကြီးလာခဲ့ကြသည်။ ယခင်က လူအများအပြား သူတို့နှစ်ဦးကို စိန်ခေါ်ခဲ့ကြသည်။ အဘယ်ကြောင့်ဆိုသော် လျှို့ဝှက်လဝန်းနန်းတော်သည် အလားအလာရှိသော သိုင်းပညာရှင်များ အားလုံးကို သူတို့အတွက်သာ သိမ်းပိုက်ခဲ့ပြီး အခြားအဖွဲ့အစည်းများ၏ အဆင့်အတန်းကို စိန်ခေါ်ခဲ့သောကြောင့်ဖြစ်သည်။ ရလဒ်အနေဖြင့် အဖွဲ့အစည်းများစွာက လျှို့ဝှက်လဝန်းနန်းတော်၏ တည်ရှိမှုကို သည်းမခံနိုင်ဖြစ်ခဲ့ကြသည်။

သို့သော် သူတို့ကို စိန်ခေါ်ခဲ့သော သိုင်းပညာရှင်များ အားလုံး ရှုံးနိမ့်ခဲ့ကြပြီး သူတို့နှစ်ဦး ရှိနေခြင်းကြောင့် ရှနိုင်ငံတော်အတွင်းရှိ အမျိုးမျိုးသော အဖွဲ့အစည်းများသည် လျှို့ဝှက်လဝန်းနန်းတော်၏ အင်အားကို သိမြင်ခဲ့ကြသည်။ နောက်ပိုင်းတွင် လျှို့ဝှက်လဝန်းနန်းတော်မှ ကောင်းကင်လူသား စွမ်းအားရှင်က အဆင့်လွန်ပညာရှင်များကို သတ်ဖြတ်ခဲ့သည့် ဖြစ်ရပ်က လျှို့ဝှက်လဝန်းနန်းတော်၏ အင်းအားအပေါ် လူများ၏ အမြင်အား ထပ်မံ အားဖြည့်ပေးခဲ့သည်။

ဆွမ်ဧကရာဇ်က

“အကြီးအကဲ နှစ်ပါးရဲ့ အကြောင်းကို ကျုပ်ကောင်းကောင်း ကြားဖူးပါတယ်။”

အကြီးအကဲ ယူချန်ချင်က

“ကျုပ်တို့ရဲ့ အကြောင်းကို ကြားဖူးတော့ ကောင်းတာပေါ့။ ခင်ဗျားက ကျုပ်တို့ရဲ့ နာမည်တွေကို ရင်းနှီးပြီးသားဆိုတော့ ကိစ္စတွေက ပိုလွယ်တာပေါ့။”

ထိုစကားကို ကြားသောအခါ ဆွမ်ဧကရာဇ် ရုတ်တရက် မကောင်းသော ခံစားချက်တစ်ခုကို ခံစားလိုက်ရသည်။ ထိုအချိန်တွင် ယူချန်ချင်က ဆက်လက်၍

“ဆွမ်ဧကရာဇ်။ခင်ဗျား ကျူးလွန်ခဲ့တဲ့ လုပ်ရပ်တွေကို ကျွန်တော်တို့ ရှာဖွေတွေ့ရှိခဲ့တာ ကြာပါပြီ။ အရိပ်ကိုယ်ရံတော်တွေကို လျှို့ဝှက်လဝန်းနန်းတော်က တပည့်တွေကို မထိခိုင်းတာနဲ့ ကျုပ်တို့ ခင်ဗျား လုပ်နေတာတွေကို ရှာမတွေ့နိုင်ဘူးလို့ ခင်ဗျား တကယ် ထင်ခဲ့တာလား။”

ဆွမ်ဧကရာဇ်၏ နှလုံးတုန်သွားသည်။ လျှို့ဝှက်လဝန်းနန်းတော်က သူ၏လုပ်ရပ်များကို တကယ်ပင် သိရှိသွားပြီဖြစ်သည်။ ယနေ့လာရောက်တာက သူ့ကိုသတ်ဖြတ်ရန် ဖြစ်သည်ဟု ထင်ရသည်။

ဆွမ်ဧကရာဇ်၏ မျက်နှာ မှောင်မိုက်သွားပြီး အေးစက်စွာဖြင့်

“အကြီးအကဲ ယူ ဘာတွေ ပြောနေတာလဲ။ခင်ဗျား ဘာကို ဆိုလိုတာလဲဆိုတာ ကျုပ် နားမလည်ဘူး။”

ထိုအချိန်တွင် ဖူဟုန်ချိုက ရယ်မောလိုက်ပြီး “ဆွမ်ဧကရာဇ်။ ခင်ဗျားရဲ့ ပြစ်မှုတွေကို ဖော်ထုတ်လိုက်မှ ခင်ဗျား ငြင်းနေတာ ရပ်တော့မယ် ထင်တယ်။”

“အရိပ်ကိုယ်ရံတော်တွေက သိုင်းပညာရှင်တွေကို လျှို့ဝှက်ဖမ်းဆီးတာ ဟာကွက်မရှိဘူးလို့ ခင်ဗျား ထင်နေတာလား။”

ထိုစကားများ ပြောလိုက်သည်နှင့် တော်ဝင်ဥယျာဉ်ထဲရှိ လေထုသည် အလွန်အမင်း ဖိစီးလာပြီး လေထဲတွင် ဓားရောင်များ တောက်ပနေသကဲ့သို့ ဖြစ်လာသည်။

ထိုနှစ်ဦး စတင်လှုပ်ရှားတော့မည်ဟု ဆွမ်ဧကရာဇ် တွေးလိုက်စဉ်တွင် သူတို့က ငြိမ်သက်နေဆဲဖြစ်ကြောင်း သိလိုက်ရပြီး ဖြစ်ပျက်နေသည့်အရာကို သူ ရုတ်တရက် သဘောပေါက်သွားသည်။

ထို့နောက် သူက

“ခင်ဗျားတို့က ရတနာပစ္စည်းအတွက် လာတာလား။”

ထိုစကားကို ကြားသောအခါ ယူချန်ချင်က ရယ်မောရင်း နှာခေါင်းရှုံ့လိုက်သည်။

“ရတနာပစ္စည်းလား။ အဲဒီပစ္စည်းက ကျုပ်တို့အတွက် အသုံးမဝင်တော့တာ ကြာပြီ။”

ရတနာပစ္စည်းသည် လူတစ်ဦး၏ စွမ်းအားကို မြှင့်တင်ပေးနိုင်သော်လည်း ကြီးမားသော ချို့ယွင်းချက်တစ်ခု ရှိသည်။ တစ်ကြိမ် အဆင့်ကို အတင်းအကျပ် မြှင့်တင်ရန် အသုံးပြုပြီးသည်နှင့် ထိုပစ္စည်းသည် အသုံးမဝင်တော့ပေ။ သူတို့နှစ်ဦးစလုံးသည် ထိုပစ္စည်းကို အင်အားကြီးသော ရန်သူများနှင့် တိုက်ခိုက်ရာတွင် ယခင်က အသုံးပြုခဲ့ဖူးပြီး ထိုလုပ်ရပ်ကြောင့် ယခုချိန်အထိ နောက်ဆက်တွဲ ပြဿနာများ ကျန်ရှိ‌နေဆဲဖြစ်သည်။

ဖူဟုန်ချိုက နောက်ထပ် စကားမရှည်တော့ပဲ

“ခင်ဗျား ပင်လယ်ပြင်မှာ လက်နက်တစ်ခု ရရှိထားတယ်လို့ အရိပ်ကိုယ်ရံတော်တွေကနေတစ်ဆင့် ကျုပ်တို့ သိခဲ့ရတယ်။ အဲဒီလက်နက်ကို သိုင်းပညာရှင်တွေအလုံအလောက် ယဇ်ပူဇော်ပြီး အသက်သွင်းနိုင်တယ်။ အသက်သွင်းပြီးတာနဲ့ လက်နက်ရဲ့ စွမ်းအားက ကောင်းကင်လူသား စွမ်းအားရှင်တစ်ဦးကို သတ်ဖို့ လုံလောက်တယ်။”

အရိပ်ကိုယ်ရံတော်များသည် လျှို့ဝှက်လဝန်းနန်းတော်ထဲသို့ အမြဲတမ်း ထိုးဖောက်ဝင်ရောက်ရန် ကြိုးစားခဲ့ကြသည်။ ထိုအချက်ကြောင့်ပင် သူတို့၏လုပ်ရပ်အချို့ကို ယူချန်ချင်နှင့် ဖူဟုန်ချိုတို့က ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်။

အရိပ်ကိုယ်ရံတော်များမှတစ်ဆင့် ဆွမ်ဧကရာဇ်၏ လျှို့ဝှက်ချက်အချို့ကို သူတို့သိရှိခဲ့ကြသည်။ ထိုအထဲတွင် ဆွမ်ဧကရာဇ်၏ မကြာသေးမီက လုပ်ဆောင်ချက်များနှင့် ထိုမကောင်းဆိုးဝါးလက်နက်လည်း ပါဝင်သည်။

ထိုစကားကို ကြားသောအခါ ဆွမ်ဧကရာဇ်သည် အလွန် စိတ်မသက်မသာ ဖြစ်သွားသည်။ သူ ရရှိခဲ့သည့် လက်နက်အကြောင်းကိုပင် သူတို့ သိရှိနေကြပြီဖြစ်သည်။

ဆွမ်ဧကရာဇ်က

“ခင်ဗျားတို့က လက်နက်ရှိနေတာကို သိတယ်ဆိုရင် ကျုပ်ကို ခြိမ်းခြောက်လို့ မရဘူးဆိုတာလည်း နားလည်သင့်တယ်။”

ယူချန်ချင်က ရယ်မောလိုက်ပြီး

“ကျုပ်တို့ကို ခြိမ်းခြောက်ဖို့ မကြိုးစားပါနဲ့ဆွမ်ဧကရာဇ်။ ခင်ဗျားသာ အဲဒီ မကောင်းဆိုးဝါး လက်နက်ကို အသက်သွင်းနိုင်ရင် အရိပ်ကိုယ်ရံတော်တွေကို သိုင်းပညာရှင်တွေ ဖမ်းခိုင်းနေဦးမှာ မဟုတ်ဘူး။ ခင်ဗျားက အခုထိ ဒါတွေကို လုပ်နေသေးတယ်ဆိုတာက ခင်ဗျားရဲ့ လက်နက်ကို အသက်သွင်းဖို့ အခြေအနေတွေ မပြည့်မီသေးဘူးဆိုတာ သက်သေပြနေတာပဲ။”

သူ၏ လှည့်စားမှု ပေါ်ပေါက်သွားသည်ကို သိလိုက်သောအခါ ဆွမ်ဧကရာဇ်က တိုက်ရိုက်မေးလိုက်သည်။

“ခင်ဗျားတို့ ဘာလိုချင်တာလဲ။”

ယူချန်ချင်က

“ကျုပ်တို့နဲ့ ပူးပေါင်း‌စေချင်တာပါ။”

ဆွမ်ဧကရာဇ် ခဏရပ်တန့်သွားပြီး

“ပူးပေါင်းမယ်...”

ယုချန်ချင်က ဆက်လက်၍

“ပူးပေါင်းဖို့အတွက် ကျုပ်တို့ရဲ့ ရိုးသားမှုကို ပြသဖို့အတွက် ခင်ဗျားကို သတင်းအချက်အလက် တစ်ခု အခမဲ့ ပေးပါ့မယ်။ လျှို့ဝှက်လဝန်းနန်းတော်က ကောင်းကင်လူသား စွမ်းအားရှင်က နန်းတော်သခင်နဲ့ မြောက်ပိုင်းပြည်နယ်ကို ထွက်သွားခဲ့ပြီ။ သူက မြောက်ပိုင်းနယ်စားမင်းသားကို သူ့တပည့်အဖြစ် လက်ခံထားတယ်။ ပြီးတော့ နန်းတော်သခင်ကို မြောက်ပိုင်းနယ်စားမင်းသားနဲ့ လက်ထပ်ခိုင်းပြီး သူ့ရဲ့ တာအိုလက်တွဲဖော် ဖြစ်စေခဲ့တယ်။”

“မကြာခင်မှာ လျှို့ဝှက်လဝန်းနန်းတော်ရဲ့ အကူအညီနဲ့ မြောက်ပိုင်းပြည်နယ်ရဲ့ တပ်ဖွဲ့တွေ တောင်ဘက်ကို ချီတက်လာတော့မယ်။ အဲဒီအချိန်ကျရင် ခင်ဗျားရဲ့ ရာဇပလ္လင်ကို ခင်ဗျားသားဆီကို လွှဲပေးရတော့မယ့် ဖြစ်နိုင်ခြေရှိလာမယ်။”

ထိုသတင်းကို ကြားသောအခါ ဆွမ်ဧကရာဇ်တိတ်ဆိတ်သွားသည်။ ယူချန်ချင်က သူ့အား လှည့်ဖြားနေသည်ဟု သူ မထင်ပေ။ လျှို့ဝှက်လဝန်းနန်းတော်နှင့် မြောက်ပိုင်းပြည်နယ်ကြားတွင် ပူးပေါင်းဆောင်ရွက်မှု ရှိနေသည်ဟု သူက အစောကြီးကတည်းက သံသယရှိခဲ့သည်။ ယူချန်ချင်၏ စကားများက သူ၏ သံသယများကိုသာ အတည်ပြုပေးလိုက်ခြင်းသာဖြစ်သည်။

ခဏအကြာတွင် ဆွမ်ဧကရာဇ်က

“ခင်ဗျားတို့က ဘယ်လို ပူးပေါင်းဆောင်ရွက်မှုကို အဆိုပြုချင်တာလဲ။”

ယုချန်ချင်က

“ခင်ဗျား ရထားတဲ့ လက်နက်ကို အသုံးပြုပြီး လျှို့ဝှက်လဝန်းနန်းတော်ရဲ့ နန်းတော်သခင်ဟောင်းကို သတ်ဖို့ ကျုပ်တို့ကို ကူညီပါ။”

အခန်း (၆၈၃)

ပူးပေါင်းဆောင်ရွက်ရန် သဘောတူခြင်း (၁)

ယူချန်ချင်၏စကားကိုကြားလိုက်ရသည်နှင့် ဆွမ်ဧကရာဇ် ထပ်မံ အံ့အားသင့်သွားသည်။ ထိုလူနှစ်ဦး ဤမျှ အကြံကြီးလိမ့်မည်ဟု သူမျှော်လင့်မထားခဲ့ပေ။

ကောင်းကင်လူသား စွမ်းအားရှင် တစ်ဦးကို သတ်မှာလား.....

အမှန်စင်စစ် သူကိုယ်တိုင်ပင် ထိုကဲ့သို့ အကြံအစည်မျိုးကို မည်သည့်အခါကမှ စိတ်ကူးမကြည့်ဖူးခဲ့ပေ။ ထိုလက်နက်ကို ရရှိခဲ့သော်လည်း ယင်းကို လျှို့ဝှက်လက်နက်တစ်ခုအဖြစ် သို့မဟုတ် ကောင်းကင်လူသား စွမ်းအားရှင်များကို ခြိမ်းခြောက်ရန်အတွက်သာ အသုံးပြုရန် ရည်ရွယ်ခဲ့ပြီး။ ရန်သူများက သူ့ကို ရဲရဲတင်းတင်း မတိုက်ခိုက်ရဲဖို့ ဟန့်တားရန်သာ အဓိကဖြစ်သည်။

ထို့ပြင် ထိုလက်နက်ကို တစ်ကြိမ် အသုံးပြုရန်အတွက် ပြင်ဆင်ချိန် အလွန်ကြာမြင့်ပြီး အချိန်တိုအတွင်း တစ်ကြိမ်သာ အသုံးပြုနိုင်သည်။

တစ်ချက်တည်းနှင့် မသတ်နိုင်ခဲ့ပါက ကောင်းကင်လူသား စွမ်းအားရှင် ပြန်လည်တုံ့ပြန်လာသည့်အချိန်တွင် ကြောက်မက်ဖွယ် ကံကြမ္မာကို သူတို့ ရင်ဆိုင်ရမည် ဖြစ်သည်။

ထိုအခိုက်တွင် ဆွမ်ဧကရာဇ်သည် ယူချန်ချင်၏ မျက်လုံးများကို စိုက်ကြည့်ကာ “အကြီးအကဲယူက ကျုပ်ကို နောက်ပြောင်နေတာများလား။”

ယူချန်ချင်က ကျောက်စားပွဲပေါ်မှ လက်ဖက်ရည်ခွက်ကို ကောက်ယူကာ တစ်ငုံသောက်ပြီးနောက် ဆက်လက်၍

“လျှို့ဝှက်လဝန်းနန်းတော်ရဲ့ ယခင်နန်းတော်သခင်ရဲ့ ထောက်ခံမှုနဲ့ဆိုရင် မြောက်ပိုင်းနယ်စားမင်းသား တောင်ဘက်ကို ချီတက်လာမှာ သေချာတယ်။ ခင်ဗျားမှာ ရွေးချယ်စရာ မရှိတော့ဘူး။”

ထိုစကားကို ကြားသောအခါ ဆွမ်ဧကရာဇ်သည် အတွေးထဲ နစ်မြောသွားပြန်သည်။

သူသည် ခြိမ်းခြောက်ခံရခြင်းကို မကြိုက်သော်လည်း ယူချန်ချင်၏ စကားက အမှားပေ။ ထိုပုန်ကန်သော သားသည် ကြီးမားသော စစ်အင်အားကို စုဆောင်းထားပြီးဖြစ်သည်။ ထို့ပြင့် သူ၏ ရည်မှန်းချက်က ဆွမ်ဧကရာဇ် ကိုယ်တိုင်ထက်ပင် ပိုကြီးနေသည်။ ထိုသား သူ၏ ရည်မှန်းချက်ကို ပြည့်မြောက်စေရန် ပထမဆုံး လုပ်ဆောင်မည့်အရာမှာ ရှနိုင်ငံတော်၏ နန်းတော်ကို သိမ်းပိုက်ဖို့တောင်ဘက်သို့ ချီတက်ခြင်း ဖြစ်လိမ့်မည်။

ရှနိုင်ငံတော်၏ နန်းတော်ကို သိမ်းပိုက်ပြီးနောက် သူသည် ရှနိုင်ငံတော်၏ အင်အားကို အသုံးပြု၍ စစ်ပွဲများ ဆင်နွှဲကာ အခြားနိုင်ငံများကို တဖြည်းဖြည်း သိမ်းပိုက်လိမ့်မည်။

ရှနိုင်ငံတော်သည် ထိုပုန်ကန်တတ်သော သားအတွက် အလွန်အရေးကြီးသည်။ ယခု လျှို့ဝှက်လဝန်းနန်းတော်မှ ကောင်းကင်လူသား စွမ်းအားရှင်၏ အကူအညီဖြင့် သူ တောင်ဘက်သို့ မလွဲဧကန် ရောက်ရှိလာမည်ဖြစ်သည်။

ခဏအကြာတွင် ဆွမ်ဧကရာဇ် သတိပြန်ဝင်လာပြီး

“ဘာလို့ သူ့ကို သတ်ချင်တာလဲ။”

ဤမေးခွန်းကို ကြားသောအခါ ယူချန်ချင် ရယ်မောလိုက်ပြီးနောက်

“သိသာနေတာပဲ မဟုတ်လား။ အဲဒီတုန်းက ကျုပ်တို့က လျှို့ဝှက်လဝန်းနန်းတော်ကို တိုးချဲ့ရာမှာ ကြီးမားတဲ့ ပံ့ပိုးမှုတွေ စွမ်းဆောင်မှုတွေ ပေးခဲ့တယ်။ တားမြစ်ထားတဲ့ ပစ္စည်းတချို့ကိုတောင် သုံးခဲ့တယ်။ ဒါကြောင့် ကျုပ်တို့ရဲ့ အဆင့်တွေဟာ ဒီဘဝမှာ ထပ်ပြီးတိုးတက်နိုင်တော့မှာ မဟုတ်ဘူး။”

“ဒါတောင်မှ အဲဒီအမျိုးသမီးက နန်းတော်သခင် ရာထူးကို ကလေးမလေးတစ်ယောက်ကို ပေးခဲ့တယ်။ သူ့ကို မြန်မြန်ဆန်ဆန် အာဏာရလာအောင် လုပ်ခဲ့တယ်။ အခုဆို သူက လျှို့ဝှက်လဝန်းနန်းတော်ကို နတ်သားတစ်ပါး မိတ်ဆက်ပေးဖို့တောင် စီစဉ်နေတယ်။ သူက ကျုပ်တို့ကို ဘာထင်နေတာလဲ။”

ယူချန်ချင်၏ အဖြေကို ကြားသောအခါ ဆွမ်ဧကရာဇ် နားလည်သွားသည်။ ဤနှစ်ဦးသည် နန်းတော်သခင် အသစ်ကို မကျေနပ်ကြသဖြင့် အာဏာသိမ်းရန် ကြိုးပမ်းနေကြခြင်း ဖြစ်သည်။ လျှို့ဝှက်လဝန်းနန်းတော်မှ ကောင်းကင်လူသား စွမ်းအားရှင် သေဆုံးသွားသည်နှင့် နန်းတော်တစ်ခုလုံးကို သူတို့နှစ်ဦး အလွယ်တကူ ထိန်းချုပ်နိုင်ကြမည်ဖြစ်သည်။

ဤရှုထောင့်မှကြည့်လျှင် သူတို့တွင် တကယ်ပင် အကျိုးစီးပွားချင်း တူညီမှုရှိသည်။ ဆွမ်ဧကရာဇ် အတွက်လည်း လျှို့ဝှက်လဝန်းနန်းတော်မှ ကောင်းကင်လူသား စွမ်းအားရှင် မရှိတော့သည်နှင့် နန်းတော်သည် ခြိမ်းခြောက်မှု အနည်းငယ်သာ ဖြစ်နိုင်တော့မည်။ နောက်ထပ် ဆယ်စုနှစ်များစွာအကြာ သူ၏စွမ်းအားများ တိုးတက်လာပြီးနောက် ရှနိုင်ငံတော်သည် လျှို့ဝှက်လဝန်းနန်းတော်ကိုဖယ်ရှားနိုင်လောက်အောင် အင်အားကြီးမားလာနိုင်သည်။ ထိုအချိန်တွင် မည်သည့်အင်အားစု သို့မဟုတ် နိုင်ငံမှ ရှနိုင်ငံတော်ကို ခြိမ်းခြောက်နိုင်တော့မည် မဟုတ်ပေ။

ထိုအတွေးဖြင့် ဆွမ်ဧကရာဇ်က

“ကောင်းပါပြီ။ ကျုပ် ခင်ဗျားတို့နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူတယ်။”

ဆွမ်ဧကရာဇ်၏ သဘောတူညီမှုကို မြင်သောအခါ ယူချန်ချင်နှင့် ဖူဟုန်ချိုတို့၏ နှုတ်ခမ်းထောင့်များ အနည်းငယ် ကွေးညွတ်သွားပြီး ခပ်မှိန်မှိန် အပြုံးများကို ဖော်ပြလိုက်ကြသည်။

ထို့နောက် ယူချန်ချင်က

“အခု ပူးပေါင်းဆောင်ရွက်ပြီဆိုတော့ ကျုပ်တို့ကို ကောင်းကင်လူသား စွမ်းအားရှင်ကို သတ်နိုင်တဲ့ လက်နက် ကြည့်ခွင့်ပြုမလား။”

ထိုတောင်းဆိုမှုကို ကြားသောအခါ ဆွမ်ဧကရာဇ် ချက်ချင်းပင် သတိထားလာ၏။

“ဒါက သိပ်ကောင်းတဲ့ အကြံတော့ မဟုတ်ဘူး။”

ဤနှစ်ဦးသည် လက်နက်ကို မြင်ပြီးနောက် လုယူရန် ဆုံးဖြတ်ပါက မည်သို့ဖြစ်မည်နည်း။ ထိုလက်နက်သည် သိုင်းပညာရှင်များ၏ အတွင်းအားနှင့် သွေးများကို လုံလောက်စွာ စုပ်ယူထားခြင်းမရှိသေး၍ အသုံးပြုရန် အဆင်သင့် မဖြစ်သေးပေ။

ဆွမ်ဧကရာဇ်၏ သတိထားမှုကို သတိပြုမိသော ယူချန်ချင်က ပြုံးလျက်

“ဆွမ်ဧကရာဇ် စိုးရိမ်စရာမလိုပါဘူး။ ကျုပ်တို့ ခင်ဗျားဆီက လက်နက်ကို လုယူဖို့ ကြိုးစားမှာ မဟုတ်ပါဘူး။ ခင်ဗျားက လျှို့ဝှက်လဝန်းနန်းတော်က ရတနာပစ္စည်းကို ပိုင်ဆိုင်ထားပြီးသားပဲ။ ပြီးတော့ ခင်ဗျားက ကောင်းကင်နှင့် ညီညွတ်ခြင်း အဆင့်ကို ရောက်နေပြီဆိုတော့ ရတနာပစ္စည်းနဲ့ဆိုရင် ခင်ဗျားရဲ့ စွမ်းအားကို ကောင်းကင်လူသားအဆင့် ချက်ချင်း မြှင့်တင်နိုင်ပါတယ်။”

“ဒီလိုအခြေအနေမျိုးမှာ ကျုပ်တို့က ဘယ်လိုများ ခင်ဗျားဆီက တစ်ခုခုကို လုယူဖို့ ကြိုးစားနိုင်မှာလဲ။”

ယူချန်ချင်၏ စကားကို ကြားသောအခါ ဆွမ်ဧကရာဇ် မျက်မှောင်ကြုတ်လိုက်၏။

ယုချန်းချင်သည် သူ ညီညွတ်ခြင်း အဆင့်သို့ ရောက်ရှိပြီး အရိပ်အယောင် ကောင်းကင်လူသား ဖြစ်လာကြောင်း သိရှိနေပါလား။

သို့သော် ပြန်စဉ်းစားကြည့်သောအခါ အံ့ဩစရာမရှိပေ။ ယူချန်ချင်နှင့် ဖူဟုန်ချို နှစ်ဦးစလုံးသည် ညီညွတ်ခြင်း အဆင့်‌ရောက်ပြီးသား အရိပ်အယောင် ကောင်းကင်လူသားများ ဖြစ်နိုင်သည့်အတွက် သူ၏ အဆင့်ကို ခံစားမိခြင်း ဖြစ်နိုင်သည်။

ဆွမ်ဧကရာဇ် ခဏတာ စဉ်းစားပြီးနောက် “ကောင်းပါပြီ။ ကျုပ်ခင်ဗျားတို့ကို ပြနိုင်ပါတယ်။”

“ဒါပေမဲ့ ကြိုပြောထားပါမယ်။ ခင်ဗျားတို့ အဲဒီလက်နက်ကို မက်မောမယ်ဆိုရင် နောက်ပိုင်းမှာ ကျုပ် ဧည့်ဝတ်မကျေနိုင်တာကို အပြစ်မတင်ပါနဲ့။”

ဖူဟုန်ချိုက

“ စိတ်ချပါ မင်းကြီး။ ကျုပ်တို့က အဲဒီလက်နက် တကယ်ပဲ ကောင်းကင်လူသား စွမ်းအားရှင်ကို သတ်နိုင်စွမ်း ရှိမရှိ စစ်ဆေးကြည့်ချင်ရုံသက်သက်ပါ။ ကျုပ်တို့လည်း ဒီလို မကောင်းဆိုးဝါး လက်နက်မျိုးကို စိတ်မဝင်စားပါဘူး။”

သူတို့နှစ်ဦးသည် လျှို့ဝှက်လဝန်းနန်းတော်၏ အကြီးအကဲများဖြစ်ပြီး ဤကမ္ဘာ၏ လျှို့ဝှက်ချက်အချို့ကို သိရှိကြသည်။ သိုင်းပညာရှင်များကို ယဇ်ပူဇော်ကယ အသုံးပြုရသည့် ထိုကဲ့သို့သော မကောင်းဆိုးဝါး လက်နက်မျိုးကို သူတို့ မပိုင်ဆိုင်ဝံ့ကြပေ။ အဘယ်ကြောင့်ဆိုသော် ထိုကဲ့သို့သော လက်နက်မျိုးသည် တစ်နေ့တွင် ၎င်း၏ သခင်ကို ပြန်လည် ထိခိုက်စေနိုင်ပြီး သူတို့ မည်သို့ သေဆုံးခဲ့ရသည်ကိုပင် မသိလိုက်ပဲ ဖြစ်သွားနိုင်သောကြောင့်ပင်။

ထိုစဉ် ဆွမ်ဧကရာဇ်က လှည့်၍

“ကျုပ်နောက်ကို လိုက်ခဲ့ကြပါ။”

သူ၏ စကားဆုံးသွားသည်နှင့် နန်းတော် စာကြည့်ခန်းဆီသို့ ဆွမ်ဧကရာဇ် ဦးတည်သွားသည်။ ယူချန်ချင်နှင့် ဖူဟုန်ချိုတို့လည်း ကျောက်ထိုင်ခုံများမှ ထကာ သူ့နောက်သို့ လိုက်ပါသွားကြသည်။

သုံးဦးသား နန်းတော်စာကြည့်ခန်းထဲသို့ ရောက်သည်နှင့် တံခါးနှင့် ပြတင်းပေါက်များအားလုံး သူ့အလိုလို ပိတ်သွားသည်။ ဆွမ်ဧကရာဇ်က စာအုပ်စင်တစ်ခုဆီသို့ လျှောက်သွားပြီး နဂါးခေါင်း ပန်းပုရုပ်ထု တစ်ခုကို ညင်သာစွာ လှည့်လိုက်သောအခါ နောက်တစ်ခဏတွင် စာအုပ်စင် စတင် တုန်ခါလာသည်။

ထို့နောက် စာအုပ်စင်သည် ဖြည်းညှင်းစွာ ဘေးသို့ ရွေ့လျားသွားပြီး မြေအောက်သို့ ဦးတည်နေသော လျှို့ဝှက်လမ်းကြောင်းတစ်ခု ပေါ်လာသည်။

ထို့နောက် ဆွမ်ဧကရာဇ်က သူ၏နောက်မှ နှစ်ဦးအား

“အတော်လေး ဝေးတယ်။ ကျုပ်နောက်ကနေ လိုက်လာခဲ့ပါ။”

သူ၏ စကားဆုံးသည်နှင့် ဆွမ်ဧကရာဇ် လျှို့ဝှက်လမ်းကြောင်းထဲသို့ ဝင်ရောက်သွားပြီး ယူချန်ချင်နှင့် ဖူဟုန်ချိုတို့လည်း ချက်ချင်း လိုက်ပါသွားကြသည်။

ဆွမ်ဧကရာဇ် လျှို့ဝှက်လမ်းကြောင်းထဲသို့ ဝင်ရောက်ပြီးနောက် သူသည် ကိုယ်ဖော့ပညာကို အသုံးပြု၍ အလွန်လျင်မြန်စွာ ပြေးသွားခဲ့သော်လည်း ယူချန်ချင်နှင့် ဖူဟုန်ချိုတို့က သူ့နောက်သို့ အလွယ်တကူ လိုက်ပါနိုင်ခဲ့ကြသည်။

သုံးဦးသားသည် နှစ်နာရီနီးပါးခန့် ပျံသန်းသကဲ့သို့ ပြေးခဲ့ကြပြီးနောက် နောက်ဆုံးတွင် မကောင်းဆိုးဝါး လက်နက်ကို သိမ်းဆည်းထားသည့် နေရာသို့ ရောက်ရှိလာကြသည်။

သူတို့ရှေ့တွင် ကြီးမားသော လျှို့ဝှက်အခန်းတစ်ခန်း ရှိနေသည်။ အခန်း၏ အလယ်တွင် စက်ဝိုင်းပုံစံ လျှောက်လမ်းတစ်ခုရှိပြီး ၎င်းအောက်တွင် တောက်ပသော အနီရောင် အရည်များ ရှိနေသည်။

အခန်းအတွင်း၌ အရိပ်ကိုယ်ရံတော်များက ဖမ်းဆီးထားသော သိုင်းပညာရှင်များကို အောက်ရှိ သွေးကန်ထဲသို့ ဆက်တိုက် ပစ်ချနေကြသည်။ သွေးကန်ထဲသို့ ဝင်ရောက်သော မည်သည့် သိုင်းပညာရှင်မဆို ခဏတာအတွင်း အရိုးစုအဖြစ် ပြောင်းလဲသွားပြီး အနီးအနားရှိ အရိပ်ကိုယ်ရံတော်များက ထိုအရိုးစုများကို ပြန်လည် ဆယ်ယူကြသည်။

ဤမြင်ကွင်းကို မြင်သောအခါ ယူချန်ချင်က ရယ်မောလျက်

“မင်းကြီးက တကယ်ကို ရက်စက်လှပါတယ်။ တခြားအင်အားစုတွေသာ ခင်ဗျားက သူတို့ရဲ့ သိုင်းပညာရှင်တွေကို ယစ်ပူဇော်ဖို့ ဖမ်းဆီးနေတာ သိရင် နန်းတော်ကို ဝင်စီးပြီး ခင်ဗျားကို သတ်ဖို့ ကြိမ်းသေလုပ်ကြမှာပဲ။”

ဆွမ်ဧကရာဇ်ကတော့ စိုးရိမ်ခြင်းမရှိပေ။ ယုချန်ချင်၏ စကားကို ခြိမ်းခြောက်မှုအဖြစ်သာ သူရှုမြင်သည်။

ထို့နောက် ဆွမ်ဧကရာဇ်က လျှောက်လမ်းပေါ်ရှိ ရွှေ‌ရောင်တုတ်ကို ညွှန်ပြကာ

“ဒါက ကောင်းကင်လူသား စွမ်းအားရှင်ကို သတ်နိုင်တဲ့ လက်နက်ပဲ။”

ထိုလက်နက်ကို မြင်သောအခါ ယူချန်းချင်နှင့် ဖူဟုန်ချိုတို့ ခဏတာမျှ တအံ့တဩဖြစ်သွားကြသည်။

စိတ်ကို ပြန်လည်ထိန်းချုပ်ပြီးနောက် ယူချန်ချင်က နားမလည်နိုင် ဖြစ်နေဟန်ဖြင့်

“ဒါ ဘယ်လိုလက်နက်မျိုးလဲ။ ဒီလိုပုံစံမျိုးရှိတဲ့ လက်နက်အကြောင်း ဘယ်တုန်းကမှ မကြားဖူးပါဘူး။”

ယူချန်ချင်၏ စကားမဆုံးမီ ဖူဟုန်ချိုက “အကြီးအကဲယူ မေ့နေတာ ဖြစ်နိုင်တယ်။ ကျုပ်တို့ လျှို့ဝှက်လဝန်းနန်းတော်မှာလည်း ဒီလိုလက်နက်မျိုး ရှိတယ်။ ချူးယွဲ့က အဲဒီလက်နက်ကို နန်းတော်ကနေ တစ်ချိန်က ထုတ်ယူခဲ့ဖူးတယ်။”

ထိုစကားကို ကြားသောအခါ ယူချန်းချင်လည်း ချက်ချင်းပင် ရှည်လျားသော သေတ္တာနှင့် တူသည့် ထိုပစ္စည်းကို သတိရသွားသည်။

ဖူဟုန်ချိုက ဆက်လက်၍

“ဒီလက်နက်နှစ်ခုက ပုံသဏ္ဌာန် ကွာခြားပေမဲ့ နှစ်ခုစလုံးက အဝေးကနေ ပစ်ခတ်နိုင်တာမျိုးပဲ။ အဲဒီလက်နက်ကို သုံးဖို့အတွက်လည်း အချို့အခြေအနေတွေ လိုအပ်တယ်။”

သူတို့နှစ်ဦး၏ စကားများ ကြားသောအခါ ဆွမ်ဧကရာဇ်၏ စိတ်ထဲ အလွန်အမင်း အံ့ဩခဲ့သည်။

ဘာ....

လျှို့ဝှက်လဝန်းနန်းတော်မှာလည်း ဒီလိုလက်နက်မျိုး ရှိတယ်လား...

သူ ဤနှစ်ဦးကို လျှို့ဝှက်လဝန်းနန်းတော်၏ နန်းတော်သခင် အဟောင်းကို သတ်ရန် ကူညီခဲ့လျှင်ပင် ထိုလက်နက် ဆက်ရှိနေသရွေ့ နောင်တွင် လျှို့ဝှက်လဝန်းနန်းတော်ကို ဖယ်ရှားနိုင်မည်မဟုတ်ဟု သူ စိုးရိမ်မိသည်။

....................

အခန်း (၆၈၄)

ဒီလက်နက်နဲ့ဆိုရင် အဲဒီအမျိုးသမီး သေမှာပဲ

လျှို့ဝှက်ခန်းအတွင်း စင်ပေါ်ရှိ ရွှေရောင်တုတ်တံသည် သွေးနီရောင်အလင်းတန်းများ ထွက်ပေါ်နေပြီး တုတ်တံ၏နောက်ဘက်တွင် ပခုံးတင်‌ ဒေါက်တစ်ခုရှိသည်။ အကယ်၍ လုချန်း ဤနေရာတွင်ရှိပါက ယင်းကို ခေတ်သစ်သေနတ်တစ်မျိုးအဖြစ် ချက်ချင်း ယူဆမိမည်ဖြစ်သည်။

ဤလက်နက်သည် ရိုင်ဖယ်တစ်မျိုးနှင့်ဆင်တူသော်လည်း ၎င်းအသုံးပြုသော ကျည်ဆန်များမှာ သာမန်ကျည်ဆန်များတော့ မဟုတ်ပေ။ မည်းနက်သောစွမ်းအင်များထွက်နေသောလက်နက်သည် ရေကန်အတွင်းရှိသွေးများနှင့်ထိတွေ့ကာ မတင်းတိမ်နိုင်သော မကောင်းဆိုးဝါးတစ်ကောင်ကဲ့သို့ သွေးများကို အရူးအမူးစုပ်ယူနေသည်။

ဤမြင်ကွင်းကို မြင်တွေ့ရသောအခါ ဖူဟုန်ချိုနှင့် ယူချန်ချင်တို့ ကျောရိုးထဲ စိမ့်သွားသလို ခံစားလိုက်ရသည်။

သွေးများကို တက်ကြွစွာ စုပ်ယူနေသော လက်နက်တစ်ခုဖြစ်ပြီး ၎င်း၏ ပုံသဏ္ဌာန်အရ ဤမျှများပြားသော သွေးပမာဏကို ထည့်သွင်းနိုင်သည့် အတွင်းနေရာတစ်ခု ရှိပုံရ၏။ သို့သော် ထိုလက်နက် မည်သို့အလုပ်လုပ်သည်ကို သူတို့နားမလည်နိုင်ပေ။

ဤလက်နက်သည် အလွန်မိစ္ဆာဆန်ပြီး ၎င်းအား အသုံးပြုသူကို ပြန်လည် ထိခိုက်စေနိုင်သည့် ဖြစ်နိုင်ခြေ အမှန်တကယ်ပင် ရှိသည်။ ဆွမ်ဧကရာဇ် နန်းတော်သခင် အဟောင်းကို ဖြေရှင်းပြီးနောက် လျှို့ဝှက်လဝန်းနန်းတော် အနေနှင့် ရှနိုင်ငံတော်နှင့် ဝေးဝေးနေခြင်းက အကောင်းဆုံးဖြစ်သည်။ ထိုအရာသည် အလွန်ထူးဆန်းပြီး ၎င်းကို အသုံးပြုသည့်အခါ ဖြစ်ပေါ်လာမည့် ဘေးထွက်ဆိုးကျိုးများကို သူတို့ရှောင်ရှားလိုကြသည်။

ထိုအခိုက်တွင် ယူချန်ချင်က

“ဒီလက်နက် ဘယ်တော့ အသုံးပြုဖို့ အဆင်သင့်ဖြစ်မလဲ။”

ဆွမ်ဧကရာဇ်က

“သူ့ကို အသုံးပြုဖို့အတွက် သိုင်းပညာရှင်တွေရဲ့ အတွင်းအားနဲ့ အသက်ဓာတ်ကို လုံလောက်စွာ စုပ်ယူထားရမယ်။ အခု အသုံးပြုမယ်ဆိုရင် အသုံးပြုသူရဲ့ အတွင်းအားနဲ့ သွေးတွေကို စုပ်ယူသွားလိမ့်မယ်။”

ယုချန်းချင်က

“တကယ့်ကို မိစ္ဆာလက်နက်တစ်မျိုးပဲ။ နတ်ဆိုးဂိုဏ်းမှာ ပိုင်ဆိုင်ထားတဲ့ ဘယ်အရာထက်မဆို ပိုပြီး မိစ္ဆာဆန်ပုံရတယ်”

ဟု တီးတိုး ရေရွတ်လိုက်သည်။

“ဒါပေမဲ့ ပြောရမယ်ဆိုရင်‌တော့ ဒီလက်နက်နဲ့ဆိုရင် နန်းတော်သခင် အဟောင်းကို သတ်နိုင်ဖို့ အခွင့်အလမ်း ပိုများလာခဲ့ပြီ။”

ဖူဟုန်ချိုက ဆွမ်ဧကရာဇ်အား အရေးပါသော မေးခွန်းတစ်ခု မေးမြန်းလိုက်သည်။

“ဒီလက်နက်က ကောင်းကင်လူသား စွမ်းအားရှင်ကို သတ်နိုင်တယ်လို့ ပြောနေ ပေမဲ့ ခင်ဗျား ကိုယ်တိုင်လည်း အသုံးမပြုရသေးဘူး။ ဘယ်လိုလုပ် ကောင်းကင်လူသား စွမ်းအားရှင်ကို သတ်နိုင်တယ်လို့ သေချာသိတာလဲ။”

ဆွမ်ဧကရာဇ်က တည်ငြိမ်စွာဖြင့်

“အရိပ်ကိုယ်ရံတော်တွေ ဒီလက်နက်ကို ပထမဆုံး ရှာဖွေတွေ့ရှိတုန်းက မတော်တဆ အသက်သွင်းမိရင်း တစ်ချက်တည်းနဲ့ တောင်တစ်ခုလုံးကို ဖောက်ထွင်းသွားခဲ့တယ်။ ဒီလောက်ကြီးမားတဲ့ စွမ်းအားက ကောင်းကင်လူသား စွမ်းအားရှင်ကို မသတ်နိုင်ဘူးလို့ ကျွန်တော် မယုံဘူး။”

ဆွမ်ဧကရာဇ်၏ အဖြေကို ကြားသောအခါ ယူချန်ချင်နှင့် ဖူဟုန်ချိုနှစ်ဦးစလုံး သူတို့၏ နန်းတော်မှ နတ်လက်နက်ကို ပြန်လည်သတိရလိုက်ကြ၏။ ထိုလက်နက်သည်လည်း တောင်တစ်ခုကို ဖောက်ထွင်းပစ်နိုင်ပုံရသည်။

ဤလက်နက်နှစ်ခု၏ စွမ်းအားသည် အတော်လေး တူညီပုံရသည်။ သူတို့၏ နန်းတော်သခင် အဟောင်းကို သတ်နိုင်ခဲ့လျှင် ထိုနတ်လက်နက်ကို သူတို့ပိုင်ဆိုင်လိမ့်မည်ဖြစ်သည်။

အရေးအကြီးဆုံးအချက်မှာ သူတို့နန်းတော်၏ လက်နက်သည် သူတို့ရှေ့မှ လက်နက်ကဲ့သို့ မိစ္ဆာဆန်သည့် သဘောသဘာဝ မရှိပေ။ သူတို့ရှေ့က လက်နက်ကတော့ တစ်နေ့တွင် ပိုင်ရှင်ကို စားသုံးလိမ့်မည်မှာ ထင်ရှားသည်။

သို့သော် လျှို့ဝှက်လဝန်းနန်းတော်၏ လက်နက်ကတော့ ကွဲပြားသည်။ ၎င်းသည် သိုင်းပညာရှင်များ၏ သွေးကို မလိုအပ်ပေ။

ယူချန်းချင် ကျယ်လောင်စွာ ရယ်မောလိုက်ပြီး

“ကောင်းလိုက်တာ။ ဒီလက်နက်ကို လက်ထဲမှာ ကိုင်ထားရင် အဲဒီအမျိုးသမီး သေရမှာ သေချာတယ်။”

ယူချန်းးချင်၏ မှတ်ချက်ကို ကြားသောအခါ ဆွမ်ဧကရာဇ်၏ နှုတ်ခမ်းများ အနည်းငယ် ကွေးညွတ်သွားသည်။ ဤနှစ်ဦးသည် လျှို့ဝှက်လဝန်းနန်းတော်၏ နန်းတော်သခင် အဟောင်းကို သတ်ရန် တကယ်ပင် ဆုံးဖြတ်ထားပုံရသည်။

သူတို့ တကယ် အောင်မြင်ခဲ့ပါက လျှို့ဝှက်လဝန်းနန်းတော်၏ ကောင်းကင်လူသား စွမ်းအားရှင် ကျဆုံးသွားမည်ဖြစ်သည်။ မြောက်ပိုင်းပြည်နယ်တွင် အစွမ်းထက်သော လက်နက်များ ရှိနိုင်သော်လည်း လုချန်းအတွက် ကောင်းကင်လူသား စွမ်းအားရှင်၏ အကာအကွယ်မရှိပဲ ရှနိုင်ငံတော်၏ ပြိုင်ဘက် ဖြစ်လာမည် မဟုတ်ပေ။ ယခင်တစ်ကြိမ်ကဲ့သို့ပင် လုပ်ကြံသူတစ်ဦးကို စေလွှတ်၍ လုချန်းကို တိုက်ရိုက်သတ်ပစ်နိုင်သည်။

ထိုပုန်ကန်တတ်သော သား သေဆုံးသွားသည်နှင့် မြောက်ပိုင်းပြည်နယ်လည်း မလွဲမသွေ ပျက်စီးသွားလိမ့်မည်ဖြစ်သည်။ ထို့နောက် ရှနိုင်ငံတော်သည် မြောက်ပိုင်းပြည်နယ်၏ လျှို့ဝှက်လက်နက်များကိုပင် သိမ်းပိုက်နိုင်မည်။ မြောက်ပိုင်းပြည်နယ်၏ လက်နက်တိုက်ကို လက်ဝယ်ပိုင်ဆိုင်ထားပါက မည်သည့်အင်အားစုမှ ရှနိုင်ငံတော်ကို နောင်တွင် ရင်ဆိုင်ရဲတော့မည် မဟုတ်ပေ။

နိုင်ငံကြီးများနှင့် အင်အားစုအမျိုးမျိုး၏ ခေါင်းဆောင်များ သူ့ရှေ့တွင် ဦးညွှတ် အညံ့ခံနေသည်ကို ဆွမ်ဧကရာဇ် စိတ်ကူးဖြင့် မြင်ယောင်နေခဲ့သည်။

........

မြောက်ပိုင်းပြည်နယ်။

မြောက်ပိုင်းနယ်စားမင်းသားစံအိမ်။

လုချန်းသည် စာကြည့်ခန်းသို့ သွားရာလမ်းတွင် ပန်းဥယျာဉ်ကို ဖြတ်သွားခဲ့ရာ မုကျိရွှမ်းနှင့် ရွှီလင်လုံတို့ လက်ချင်းတွဲ၍ ဥယျာဉ်ခန်းမဆောင်ထဲတွင် စကားပြောဆိုနေကြသည်ကို တွေ့လိုက်ရသည်။

ယခုရက်များအတွင်း ရွှီလင်လုံသည် မုကျိရွှမ်းကိုတွေ့ရန် မြောက်ပိုင်းနယ်စားမင်းသားစံအိမ်သို့နေ့တိုင်းနီးပါး လာနေပြီး သူတို့နှစ်ဦးသည် အလွန်ရင်းနှီးသော သူငယ်ချင်းများ ဖြစ်လာကြသကဲ့သို့ မကုန်နိုင်သော ပြောဆိုစရာများ ရှိနေပုံရသည်။

ရွှီလင်လုံ ထပ်မံရောက်ရှိလာသည်ကို မြင်သောအခါ သူ၏ အစ်ကိုကြီးအနည်းငယ် စိတ်မရှည်တော့ပုံရသည်ဟု လုချန်း စဉ်းစားမိသည်။ ဟုတ်ပါသည်။ ရွှီလင်လုံ ကိုယ်တိုင်က မစောင့်နိုင်တော့ခြင်းလည်း ဖြစ်နိုင်သည်။

အပေါ်ယံအားဖြင့် ရွှီလင်လုံသည် လုရိဘက်မှ ပါဝင်နေပုံရသော်လည်း တကယ်တမ်းတွင် သူမ၏ အဓိကစိတ်ဝင်စားမှုမှာ တိုင်ယင်ဂိုဏ်း၏ အကျိုးစီးပွားဖြစ်သည်။ ထိုဂိုဏ်းချုပ်ကြီးကို နိုးထစေရန် သူ့ကို မည်သို့ ယဇမပူဇော်ရမည်ကို သူမ ကြံစည်နေပုံရသည်။

လုချန်းက မုကျိရွှမ်းနှင့် ရွှီလင်လုံတို့ကို တစ်ချက်ကြည့်လိုက်ပြီး ချူးယုချင်လည်း မုကျိရွှမ်းဘေးတွင် ရှိနေသည်ကို တွေ့ရှိရသောကြောင့် အများကြီး စဉ်းစားမနေတော့ဘဲ သူ၏ စာကြည့်ခန်းသို့ တန်းသွားလိုက်သည်။

လုချန်း ပန်းဥယျာဉ်ကို ဖြတ်သွားစဉ် သူ၏ အကြည့်က သူမဘက်သို့ တစ်ချက် ဝေ့သွားသည်ကို ရွှီလင်လုံ သတိထားမိသည်။ မြောက်ပိုင်းနယ်စားမင်းသားသည် သူ၏ မရီးကိုပင် စောင့်ကြည့်နေပုံရသည်ဟု သူမ တွေးလိုက်သည်။

သူမ သူ့နှင့်အတူ အခန်းထဲတွင် နစ်ယောက်တည်း ရှိနေရန် နည်းလမ်းရှာရမည်။ ထိုအခါမှသာ မြောက်ပိုင်းနယ်စားမင်းသားကို ပြုစားရန် အခွင့်အရေး ရရှိနိုင်မည်ဖြစ်သည်။

သို့သော် စဉ်းစားကြည့်လျှင် မြောက်ပိုင်းနယ်စားမင်းသားသည် ကာမဂုဏ်၌ မွေ့လျော်သူဖြစ်ပြီး သူ၏ စံအိမ်တွင် ဇနီးမယားများစွာ ရှိနေသော်လည်း သူသည် ကာမဂုဏ်၌ လုံးဝနစ်မြှုပ်နေခြင်းတော့ ရှိပုံမရပေ။ သူသည် နေ့တိုင်း အတော်လေး အလုပ်များပုံရသည်။

သူမ မြောက်ပိုင်းနယ်စားမင်းသားစံအိမ်သို့ ရက်ပေါင်းများစွာ ဆက်တိုက် လာရောက်ခဲ့သော်လည်း အကြိမ်တိုင်းတွင် လုချန်းသည် နိုင်ငံတော်ရေးရာများကို ဆောင်ရွက်ရန် စာကြည့်ခန်းသို့ သွားသည်ကို တွေ့ရှိရပြီး စာကြည့်ခန်းထဲ ရောက်သည်နှင့် တစ်နေကုန် ထိုနေရာတွင်ပင် နေတတ်သည်။

ထိုအချက်က ရွှီလင်လုံအား သူ့ကို အနည်းငယ် ပြန်လည်အကဲဖြတ်စေခဲ့သည်။ သူသည် တကယ်ပင် ကံကြမ္မာ၏သားတော် ဖြစ်နေနိုင်သည်။

သူသည် ကာမဂုဏ်၌ အနည်းငယ် မွေ့လျော်တတ်သော်လည်း အပျော်ကြောင့် သူ၏ ရင်ထဲရှိ ကြီးမားသော ရည်မှန်းချက်များကို မမေ့လျော့သေးပေ။

ထိုကဲ့သို့သော လူတစ်ဦးကို နှိပ်စက်ရခြင်းက ဘယ်လောက်တောင် စိတ်ကျေနပ်စရာ ကောင်းလိုက်မလဲဟု သူမ တွေးမိသည်။

ရွှီလင်လုံ အတွေးထဲ နစ်မြောနေပုံရသည်ကို မြင်သောအခါ မုကျိရွှမ်းက

“အစ်မရွှီ။ ဘာတွေ စဉ်းစားနေတာလဲ”

မုကျိရွှမ်း၏ အသံကို ကြားသောအခါ ရွှီလင်လုံ ချက်ချင်း သတိပြန်ဝင်လာပြီး

“ တောင်ပန်ပါတယ် ညီမလေး ကျိရွှမ်း။ အစ်မ တစ်ခုခု စဉ်းစားနေမိတာ”

ဟု လျင်မြန်စွာ ပြောသည်။

ထို့နောက် ရွှီလင်လုံက

“ညီမလေး ကျိရွှမ်း။ နဝမ မောင်ငယ်က အလှအပကို နှစ်သက်တယ်လို့ ကြားတယ်။ အစ်မ မြောက်ပိုင်းပြည်နယ်ကို လာတုန်းက အရှေ့နန်းဆောင်က အကသမားအားလုံးကို ခေါ်လာခဲ့တာ။ ဒါပေမဲ့ မောင်တော်က ကျင့်စဉ်လေ့ကျင့်တာမှာပဲ နစ်မြှုပ်နေတော့ အကသမားတွေကို စိတ်မဝင်စားတော့ဘူး။ သူတို့ကို စံအိမ်မှာထားတာ အလကားဖြစ်နေတော့ နဝမ မောင်ငယ်ကို ပေးလိုက်ရင်ကော ဘယ်လိုလဲ။ ညီမ ဘယ်လိုထင်လဲ။”

“ညီမက မြောက်ပိုင်းနယ်စားမင်းသားစံအိမ်ရဲ့ သခင်မပါ။ ညီမ မကြိုက်ရင်‌တော့ ဒီအတိုင်းထားလိုက်ပါ။”

ထိုစကားကို ကြားသောအခါ မုကျိရွှမ်း ခဏမျှ အံ့ဩသွားပြီးနောက်

“အစ်မရွှီ မသိတာက မင်းသားက အလှအပကို ကြိုက်တယ်ဆိုပေမဲ့ အမျိုးသမီးတိုင်းအပေါ် သူ့မျက်စိကျတာ မဟုတ်ပါဘူး။ သူက အလွန်လှပတဲ့သူတွေကိုပဲ နှစ်သက်ပါတယ်။”

“ပုံမှန်အားဖြင့် အစ်မရွှီလို ထူးခြားတဲ့ ရုပ်ရည်ရှိတဲ့ အမျိုးသမီးတွေမှ သူ့အာရုံကို ဖမ်းစားနိုင်ပါတယ်။”

ရွှီလင်လုံက ရယ်မောပြီး

“ညီမလေး ကျိရွှမ်းက တကယ် စနောက်တတ်တာပဲ။ အစ်မက ပွင့်ပြီးကြွေသွားတဲ့ ပန်းလိုပါပဲ။ နဝမ မောင်ငယ်က အစ်မလို အမျိုးသမီးကို သဘောကျမှာ မဟုတ်ပါဘူး။”

“သူ စိတ်မဝင်စားဘူးဆိုရင်တော့ အစ်မ ပြန်ရောက်တာနဲ့ အဲဒီအကသမားတွေကို ပြန်လွှတ်လိုက်ပါတော့မယ်။ ဘာပဲဖြစ်ဖြစ် သူတို့ကို ထားထားလည်း အသုံးမဝင်ပါဘူး။”

မုကျိရွှမ်းက

“ဒီလိုလုပ်ရင်ကော ဘယ်လိုလဲ။ အဲ့ဒီ အကသမားတွေကို နောက်တစ်ရက် နှစ်ရက် လောက်ကြာရင် မင်းသားစံအိမ်ကို ခေါ်လာခဲ့ပါ။ ကျွန်မ မင်းသားကိုယ်စား သူ့အကြိုက် ဟုတ် မဟုတ် ကြည့်ပေးပါ့မယ်။ ဟုတ်တယ်ဆိုရင် သူတို့ကို မြောက်ပိုင်းနယ်စားမင်းသားစံအိမ်မှာ အားလုံး ထားလို့ရပါတယ်။”

ရွှီလင်လုံက

“ကောင်းပါပြီ။ နှစ်ရက်လောက်နေရင် စံအိမ်ကို ခေါ်လာခဲ့ပါ့မယ်”

ထိုအခိုက်တွင် ပန်းဥယျာဉ်မှ အစေခံမလေးတစ်ဦးက ရွှီလင်လုံအား

“အိမ်ရှေ့စံကြင်ယာတော်။ မင်းသားက အိမ်ရှေ့မင်းသားကို ဒီနေ့မွန်းလွဲပိုင်း မြောက်ပိုင်းနယ်စားမင်းသားစံအိမ်ကို လာဖို့ ပြောခိုင်းပါတယ်။ အိမ်ရှေ့မင်းသားနဲ့ အရေးကြီးကိစ္စတွေ ဆွေးနွေးစရာရှိပါတယ်တဲ့။”

ထိုစကားကို ကြားသောအခါ ရွှီလင်လုံ တအံ့တဩဖြစ်သွား၏။ မြောက်ပိုင်းနယ်စားမင်းသားက လုရိကို ဟယ်ယန်ခရိုင်ကို သိမ်းပိုက်ရာမှာ ကူညီဖို့ စီစဉ်နေတာ ဖြစ်နိုင်မလား။

..................

All Chapters