အခန်း ၆၈၈-၆၉၀
Vol. 46 Ch. 488-490
အခန်း (၆၈၈)
စိတ်အေးရပြီ
ချန်ဝမ်ရွန်သည် လုချန်းနှင့် ယွမ်ရှန်ရှန်တို့ကြား တစ်စုံတစ်ရာ ရှိနေခြင်းကြောင့် သဝန်မတိုသင့်သော်လည်း တစ်ခုခု မမှန်ကန်ကြောင်း အမြဲခံစားနေရသည်။
အစကတော့ သူမသည် လင်ဝမ်ရွန်ကို သူမ၏ မိခင်ရင်းသဖွယ် သဘောထားခဲ့သော်လည်း ထိုလူဆိုး လုချန်းက လင်ဝမ်ရွန်နှင့်… ဖြစ်သွားခဲ့သည်။
အခု လုချန်းသည် သူ၏ ဆရာမကိုပင် စတင်လှုပ်ရှားခဲ့ပြီဟု တွေးလိုက်မိသည်...
ဤလူဆိုးက လူ့ကျင့်ဝတ်သိက္ခာကို လုံးဝ ဂရုမစိုက်တော့ဘူးလား။
ချန်ဝမ်ရွန်၏ မျက်နှာတွင် အေးစက်သော အမူအရာကို မြင်သောအခါ လုချန်းက ရယ်မောလျက်
“ကိုယ်ကသူ့ကို တစ်ခုခု မကောင်းတာလုပ်ဖို့ စဉ်းစားခဲ့တာ မှန်ပါတယ်။ ဒါပေမဲ့ ကံမကောင်းစွာပဲ သူက ကောင်းကင်လူသား စွမ်းအားရှင်ဆိုတော့ ကိုယ်သူ့ကို မယှဉ်နိုင်ပါဘူး။ သူက ကိုယ့်မှာ ထူးခြားတဲ့ ကိုယ်ခန္ဓာရှိတယ်လို့ ထင်လို့မနေ့က ကိုယ်ရဲ့ ကိုယ်ခန္ဓာကို စစ်ဆေးခဲ့တာပါ။”
“ကိုယ်တို့ လုံးဝ အပြစ်ကင်းပါတယ်။”
လုချန်း၏ စကားကို ကြားသောအခါ ချန်ဝမ်ရွန်က သံသယမျက်နှာဖြင့် ကြည့်လိုက်သည်။
အပြစ်ကင်းပါတယ်တဲ့လား။
ဘာလို့ သူမက မဟုတ်ဘူးလို့ ခံစားနေရတာလဲ။
ချန်ဝမ်ရွန်က တိုက်ရိုက်ပင်
“ရှင်က ဆရာမအပေါ် မမှန်ကန်တဲ့ အတွေးတွေ မထားဘူးလား။”
လုချန်းက ပြုံးစိစိဖြင့်
“ဘာကို ‘မမှန်ကန်တဲ့အတွေး’ လို့ ပြောတာလဲ။ ကိုယ်တို့ လုပ်တဲ့အရာတိုင်းကို မင်းက မမှန်ဘူးလို့ ထင်နေတာလား။”
ချန်ဝမ်ရွန် မဖြေပေ။ သူမ၏ စိတ်ထဲတွင် သူတို့လုပ်သမျှ ဘာတစ်ခုမှ မြင့်မြတ်သည်ဟု မယုံကြည်ပေ။ လုချန်းနှင့်ဆိုလျှင် သူမကိုယ်သူမ ညစ်ညမ်းနေသည်ဟုသာ ခံစားရသည်။
ရန်ခရိုင်သို့ ရောက်လာပြီးကတည်း သူမ လုချန်းနှင့်အတူ နေ့စဉ် မကောင်းမှုများ လုပ်ဆောင်နေခဲ့သည်။ ဤအတိုင်းဆိုလျှင် ထိုလူဆိုးက သူမကို လုံးဝ ဖျက်ဆီးပစ်လိမ့်မည်။
ထိုအခိုက်အတန့်တွင် လုချန်းက လက်ကို မြှောက်ကာ ချန်ဝမ်ရွန်၏ ပါးပြင်ပေါ်ရှိ ရှုပ်ပွနေသော ဆံပင်များကို သပ်တင်ပေးလိုက်ပြီး
“ကိုယ် စဉ်းစားနေတာက ဆရာမ သူ့ရဲ့စွမ်းအားကို မြန်မြန်ပြန်ရချင်တယ်ဆိုရင် ကိုယ်နဲ့ ပူးတွဲကျင့်ကြံတာက အကောင်းဆုံးနည်းလမ်းပဲလို့ ထင်ပါတယ်။ မင်း ဘယ်လိုထင်လဲ။”
ချန်ဝမ်ရွန်၏ ရင်ခုန်သံ မြန်သွားခဲ့သည်။
သတိပြန်ဝင်လာပြီးနောက် သူမက အေးစက်စွာဖြင့်
“ရှင်က ဆရာမရဲ့ ခန္ဓာကိုယ်ကို စိတ်ဝင်းစား နေတယ်ဆိုတာ ကျွန်မ သိသားပဲ။ ရှင်က ကိုယ့်ဆရာကို သစ္စာဖောက်ပြီး မလေးမစားလုပ်ဖို့ ကြိုးစားနေတာပဲ။”
လုချန်းက ပြုံးလျက်
“ဆရာမကို သစ္စာဖောက်ပြီး မလေးမစားလုပ်တယ်ပဲ ထားပါတော။ ကိုယ်ကဒါကို သူ့ကောင်းကျိုးအတွက် လုပ်နေတာပါ။”
ချန်ဝမ်ရွန် စကားဆက်မပြောတော့ပေ။ သူတို့ ဆရာမ၏ ကောင်းကျိုးအတွက်ဟု ဆိုသည်မှာ ဘာကိုဆိုလိုသနည်း။ ဤလူ၏ စိတ်ထဲတွင် ကာမအတွေးများသာ လွှမ်းမိုးနေသည်မှာ ထင်ရှားပေသည်။
ထို့နောက် ချန်ဝမ်ရွန်က
“ရှင်ပြောတာ တစ်ခုတော့ မှန်ပါတယ်။ ဆရာမက ကောင်းကင်လူသား စွမ်းအားရှင်ပဲ။ ရှင်သူ့ကို မလေးမစား လုပ်ချင်ရင်တောင် အဲဒီလိုလုပ်နိုင်တဲ့ စွမ်းရည်ရှိဖို့ လိုလိမ့်မယ်။”
လုချန်း ခပ်ရေးရေး ပြုံးလိုက်ပြီး ဘာမှ ထပ်မပြောတော့ပေ။ ကောင်းကင်လူသား စွမ်းအားရှင် ဖြစ်နေလည်း အရေးမကြီးပေ။ သူသည် ယခုဆိုလျှင် အရိပ်အယောင် ကောင်းကင်လူသား ဖြစ်နေပြီဖြစ်သည်။ မကြာမီပင် သူလည်း ကောင်းကင်လူသားအဆင့်သို့ ရောက်ရှိလာမည်ဖြစ်ပြီး တစ်နေ့နေ့တွင် ထိုနတ်သမီး ယွမ်ရှန်ရှန်ကို အောင်ပွဲခံရမည် ဖြစ်သည်။
.......
ရက်အတော်ကြာပြီးနောက်။
လုချန်းသည် လုရိနှင့် ရွှမ်ယွမ်ချန်းတို့အားကိုယ်တိုင်လိုက်လံပို့ဆောင်ခဲ့သည်။
ယခုတစ်ကြိမ်တွင် သူတို့ တောင်ဘက်သို့ ဦးတည်ထွက်ခွာခြင်းမှာ အဓိကအားဖြင့် ရွှမ်ယွမ်ချန်း၏ ပေါင်းစပ်တပ်ဖွဲ့ကို ရထားဖြင့် ယုံအန်းခရိုင်သို့ ပို့ဆောင်ရန်ဖြစ်ပြီး ထိုမှတစ်ဆင့် မြောက်ပိုင်းပြည်နယ် သိမ်းပိုက်ထားသော ဟယ်ယန်ခရိုင်သို့ တိုက်ရိုက်ဝင်ရောက်တိုက်ခိုက်ရန် ဖြစ်သည်။
ရထားပေါ်ရှိ အရွယ်အစား အမျိုးမျိုးသော အမြောက်များကို မြင်သောအခါ လုရိသည် ထိုနေရာတွင် တုန်လှုပ်စွာ ရပ်နေခဲ့သည်။ ဤလက်နက်များကို မည်သို့ အသုံးပြုသည်ကို သူ မမြင်တွေ့ရသေးသော်လည်း မြောက်ပိုင်းပြည်နယ်သည် လွင်ပြင်ဒေသ မျိုးနွယ်စုများကို အလွယ်တကူ အနိုင်ယူနိုင်ခဲ့ပြီး ဝူနိုင်ငံတော်၏ သိန်းချီသော တပ်များကိုပင် ချေမှုန်းနိုင်ခဲ့သည်ဟူသော အတွေးက လုရိ၏ စိတ်ထဲတွင် ကြီးမားသော တုန်လှုပ်မှု ဖြစ်စေခဲ့သည်။
ထို့နောက် ပထမဆုံးသော ရေနွေးငွေ့ရထားသည် ဆူညံစွာဖြင့် စတင်ထွက်ခွာခဲ့သည်။ “ဟွန်း” ဟူသော အသံကို ထုတ်လွှတ်ပြီးနောက် ရထားသည် ဖြည်းဖြည်းချင်း အရှိန်မြှင့်တင်လာခဲ့သည်။ သံမဏိဘီလူးကြီး တဖြည်းဖြည်း ဝေးကွာသွားသည်ကို ကြည့်ရင်း လုရိသည် နောက်တစ်ကြိမ် စိတ်လှုပ်ရှားမိပြန်သည်။
ဒါက သတင်းစာတွေမှာ ဖော်ပြထားတဲ့ တိရစ္ဆာန်မပါတဲ့ ရထားလား။
ကြောက်မက်ဖွယ်ကောင်းလောက်တဲ့အထိ သယ်ယူပို့ဆောင်နိုင်စွမ်းရှိပေသည်။
ထို့ပြင် ဤရထားသည် အနားယူရန် မလိုအပ်ပေ။ ဤမျှမြန်ဆန်သော အရှိန်ဖြင့်ဆိုလျှင် မြောက်ပိုင်းပြည်နယ်၏ စစ်သည်နှစ်သိန်းသည် ရက်အနည်းငယ်အတွင်း ဟယ်ယန်ခရိုင်သို့ ရောက်ရှိသွားနိုင်မည်ဖြစ်သည်။
ရထားဘူတာရုံ စင်္ကြပေါ်တွင် ရပ်နေသော
လုရိလည်း အနည်းငယ် တုန်လှုပ်ချောက်ချားသွားကာ အခြားကမ္ဘာသို့ ရောက်ရှိနေသကဲ့သို့ ရုတ်တရက် ခံစားလိုက်ရသည်။
ဘာလို့ မြောက်ပိုင်းပြည်နယ်မှာ ဒီလိုမျိုး ကြောက်စရာကောင်းတဲ့ တီထွင်မှုတွေ ရှိနေရတာလဲ။
ပြီးတော့ မြောက်ပိုင်းနယ်စားမင်းသားလည်း မြောက်ပိုင်းပြည်နယ်မှာ ရောက်နေတာ မကြာသေးဘူး။
ဒါက တကယ်ပဲ ဒီကမ္ဘာက အရာတစ်ခုလား။
ဤအချိန်တွင် တိုင်ယင်နတ်ဘုရားဂိုဏ်းမှ ရွှီလင်လုံနှင့် အခြားသူများသည် လုရိနည်းတူ သူတို့ရှေ့မှ မြင်ကွင်းကို မယုံကြည်နိုင်ဖြစ်နေကြသည်။ ရွှီလင်လုံက လုရိကို လိုက်ပို့ရင်း အနည်းငယ် ငိုချင်ယောင်ဆောင်ရန် စီစဉ်ထားခဲ့သည်။
သို့သော် ကြီးမားလှသော ရထားတန်းကြီးကို မြင်ပြီးနောက် လုရိကို နှုတ်ဆက်ရန် ရောက်လာခြင်းအား ခဏမေ့သွားပြီး သူမ၏ အကြည့်သည် ရထားတွဲများဆီသို့သာ စူးစိုက်နေခဲ့သည်။
ဤရထားများဆိုသည့် အရာက ထာဝရတန်ခိုးရှင်တို့၏ နယ်မြေမှ အရာဝတ္ထုများ ဖြစ်နိုင်မလားဟု ရွှီလင်လုံ မေးခွန်းထုတ်မိသည်။
လုချန်း၏ နောက်ကွယ်တွင် တကယ့် ထာဝရတန်ခိုးရှင်များ ရှိနေသလား။
ယခု စဉ်းစားကြည့်သောအခါ မြောက်ပိုင်းပြည်နယ်၏ ထူးဆန်းသောအရာဝတ္ထုများသည် အလွန်များပြားလွန်းလှသည်။ ရန်ခရိုင်ရှိ အရာအားလုံးသည် ဤကမ္ဘာနှင့် ဆန့်ကျင်ဘက်ဖြစ်နေပုံရပြီး အရာများစွာသည် ၎င်းတို့နှင့် သက်ဆိုင်ပုံမရသည့်အပြင် မြောက်ပိုင်းနယ်စားမင်းသား၏ မူဝါဒအချို့ပင်လျှင် ကမ္ဘာပေါ်ရှိ အခြားနေရာများနှင့် လုံးဝကွာခြားနေသည်။
လုရိတို့အဖွဲ့ ထွက်ခွာသွားသော ရထားများကို ငေးကြည့်နေသည်ကို မြင်သောအခါ လုချန်း၏ နှုတ်ခမ်းများ အနည်းငယ် ကွေးညွတ်သွားသည်။ တကယ်တော့ ဤအရာများသည် ရှေးခောတ်လူများအတွက် အလွန်ဆန်းကြယ်လှသည်။
ထိုအချိန်တွင် လုချန်းက
“အစ်ကိုတော် ဟယ်ယန်ခရိုင်မှာ တစ်ခုခု လိုအပ်ရင် ဗိုလ်ချုပ်ရွှမ်ယွမ်နဲ့ တိုက်ရိုက်ပြောပါ။ သူက ကျွန်တော့်ဆီကို သတင်းပို့ပေးမှာပါ။”
လုချန်း၏ အသံကို ကြားသောအခါ လုရိ နောက်ဆုံးတွင် သတိပြန်ဝင်လာခဲ့သည်။ အနည်းငယ် ဇဝေဇဝါဖြစ်နေရင်း
“ဪ။ ကောင်းပါပြီ။ ကျေးဇူးအများကြီးတင်ပါတယ် ညီတော်။”
လုရိဘေးမှ ရွှီလင်လုံလည်း သတိပြန်ဝင်လာခဲ့သည်။ သူမက လုရိအား
“ မောင်တော် တောင်ဘက်သွားရင် ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်နော် ဟင့်...ဟင့်...”
ထိုသို့ပြောရင်း ရွှီလင်လုံလည်း ရှိုက်ကြီးတငင် ငိုဟန်ဆောင်ကာ အလွန်ဝမ်းနည်းကြေကွဲနေပုံရနေသည်။
ဤမြင်ကွင်းကို မြင်သောအခါ လုချန်း စိတ်ထဲ ရယ်မောလိုက်သည်။ ဤသွေးဆောင်တတ်သော မိန်းမက တကယ်ပင် သရုပ်ဆောင်ကောင်းလှသည်။ သူမသည် လုရိ တောင်ဘက်သို့ သွားရန် မစောင့်နိုင်လောက်အောင်ဖြစ်နေခြင်းဖြစ်သည်။ ထို့နောက် မြောက်ပိုင်းနယ်စားမင်းသားစံအိမ်သို့ လာ၍ သူ့ကို မြှူဆွယ်တော့မည် ဖြစ်သည်။
လုရိက ရွှီလင်လုံကို တစ်ချက်ကြည့်လိုက်ပြီး လုချန်းကိုလည်း ကြည့်လိုက်ကာ
“လင်လုံ။ ကိုယ် ထွက်သွားပြီးနောက် ပြဿနာ တစ်ခုခုရှိရင် ညီတော့်ကို သွားတွေ့ပါ။ သူက မင်းတို့ကို ဂရုစိုက်ပေးလိမ့်မယ်။”
ထိုသို့ပြောပြီးနောက် လုရိက လုချန်း၏ ပခုံးကို ပုတ်လျက်
“ ညီတော်။ လင်လုံကို ဂရုစိုက်ဖို့ မင်းကိုပဲ အားကိုးပါတယ်။”
လုချန်းက
“စိတ်ချပါ အစ်ကိုတော်။ လင်လုံကို အစ်ကိုတော့်ကိုယ်စား ကောင်းကောင်း ဂရုစိုက်ပေးပါ့မယ်။ ဘယ်သူမှ သူ့ကို မစော်ကားစေရဘူး။”
လုရိက
“မင်း ကတိပေးတော့မှပဲ ငါ့စိတ်အေးရတော့တယ်”
“ကောင်းပြီ။ ငါ သွားရတော့မယ်။”
လုရိ၏ စကားဆုံးသည်နှင့် လုရိ၏ ကိုယ်ရံတော်အလံတံဆိပ်ပါသော ရထားတစ်စီးသည် ဘူတာရုံသို့ ဖြည်းညင်းစွာ ဝင်ရောက်လာသည်။
ရထားရပ်သည်နှင့် လုရိလည်း ရထားတွဲထဲသို့ တိုက်ရိုက်ဝင်ရောက်သွားခဲ့သည်။
“ညီတော်ရေ နောက်တစ်ကြိမ် ဆုံတဲ့အခါ သောက်ပြီး ပျော်ကြတာပေါ့။”
လုချန်းက
“သေချာတာပေါ့။ ဂရုစိုက်ပါ အစ်ကိုတော်။”
မကြာမီပင် လုရိ၏ ရထား စတင်ရွေ့လျားခဲ့သည်။ ဖြည်းဖြည်းချင်း ထွက်ခွာသွားသည်နှင့်အမျှ ရွှီလင်လုံ၏ ငိုရှိုက်သံများ ကျယ်လောင်လာခဲ့သည်။ အဆုံးတွင် သူမသည် ဝမ်းနည်းလွန်းသဖြင့် အားပြတ်သွားဟန်ပြကာ ဘေးမှ အစေခံများ ဖေးမထားခြင်း မရှိပါက မြေပြင်ပေါ်လဲကျသွားတော့မလိုအထိ ဖြစ်နေသည်။
ရွှီလင်လုံ၏ အလွန်အကျွံ တုံ့ပြန်မှုကို မြင်သောအခါ လုချန်း သူ့ဘာသာသူ နောက်တစ်ကြိမ် ရယ်မောမိသည်။ လုရိထွက်သွားပြီဖြစ်သော်လည်း ဤသွေးဆောင်တတ်သော မိန်းမက သူမ၏ ဖျော်ဖြေမှုကို ဆက်လက်လုပ်ဆောင်နေသေးသည်။ အမှန်တကယ်ကို ကြိုးစားသူတစ်ဦးပင်။
သူမ မည်သည့်အချိန်တွင် လာရောက်ဖျားယောင်းမလဲဟု သူစဉ်းစားမိသည်။
ထိုသို့တွေးရင်း လုချန်းသည် သူမအား
“ စိတ်မပူပါနဲ့ မရီးတော်။ အစ်ကိုတော်ရဲ့ ခရီးက ဘေးအန္တရာယ် ကင်းရှင်းပါလိမ့်မယ်။ သူ ဟယ်ယန်ခရိုင်မှာ အခြေစိုက်မိတာနဲ့ မရီးတော်ကို တောင်ဘက်ခေါ်ဖို့ လူတစ်ယောက် လွှတ်လိုက်ပါလိမ့်မယ်။ မကြာပါဘူး။”
ရွှီလင်လုံက ရှိုက်သံများဖြင့်
“ မောင်ငယ်ရဲ့ မင်္ဂလာစကားကို နှလုံးသွင်းပါတယ်။ မောင်ငယ်ရဲ့အစ်ကို ဘေးကင်းစွာပြန်ရောက်ဖို့ပဲ မျှော်လင့်ပါတယ်။”
လုချန်းက ဆက်လက်၍
“ရထားက အဝေးကြီး ရောက်နေပြီ မရီးတော်။ ပြန်ပြီး ကောင်းကောင်း အနားယူပါ။ ငိုလွန်းရင် နေမကောင်းဖြစ်မယ်။ အစ်ကိုသိရင် စိတ်မကောင်းဖြစ်မှာ။”
ရွှီလင်လုံက
“စိတ်ပူပေးတာ ကျေးဇူးတင်ပါတယ် မောင်ငယ်။ အစ်မ အရင်ပြန်လိုက်ပါဦးမယ်။”
ထို့နောက် မြောက်ပိုင်းနယ်စားမင်းသားစံအိမ်မှ အစေခံမိန်းကလေးများ၏ အကူအညီဖြင့် ရွှီလင်လုံလည်း ရထားဘူတာရုံမှ ထွက်ခွာသွားခဲ့သည်။
........
ရွှမ်ယွမ်ချန်းနှင့် သူ၏ စစ်သည်နှစ်သိန်း ယုံအန်းခရိုင်သို့ ရောက်လာသည့်သတင်းသည် နန်းတွင်းနှင့် ဟယ်ယန်ခရိုင်ရှိ ဟိုင်မင်းသား၏သားဖြစ်သူ လုယုံ၏ နားထဲသို့ လျှင်မြန်စွာ ရောက်ရှိသွားခဲ့သည်။
မြောက်ပိုင်းပြည်နယ်၏ စစ်ရေးလှုပ်ရှားမှုများက နန်းတွင်းကို ရုတ်တရက် စိုးရိမ်ပူပန်စေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် မြောက်ပိုင်းနယ်စားမင်းသားသည် နေပြည်တော်ကို တိုက်ခိုက်ရန် တောင်ဘက်သို့ ချီလာခြင်း ဟုတ်မဟုတ် မည်သူမှ မသေချာနိုင်ကြသောကြောင့်ဖြစ်သည်။ မကြာမီပင် နန်းတွင်းတစ်ခုလုံး ထိတ်လန့်တုန်လှုပ်သွားတော့သည်။
........
ရှနိုင်ငံတော်။
နေပြည်တော်။
ယနေ့ နန်းတွင်းခန်းမသည် ဈေးတန်းကြီးကဲ့သို့ ဆူညံနေခဲ့သည်။ အိမ်ရှေ့မင်းသား၏ ပုန်ကန်မှု မအောင်မြင်ပြီးနောက် သူ၏ဘက်တော်သားများကို အများစု သုတ်သင်ရှင်းလင်းခဲ့သဖြင့် အခြားမင်းသားများ၏ ဘက်တော်သား အရာရှိများသာ ကျန်ရှိတော့သည်။
မြောက်ပိုင်းပြည်နယ်၏ စစ်ရေးလှုပ်ရှားမှုများကြောင့် ထိုမင်းသားများ၏ ဘက်တော်သား အရာရှိများသည် ယာယီအားဖြင့် တူညီသော ရည်မှန်းချက်တစ်ခု ရှိခဲ့ကြပြီး နန်းတွင်း၏ လေထုလည်း သိသိသာသာ သဟဇာတဖြစ်နေခဲ့သည်။ မကြာသေးမီ ရက်များအတွင်းကလို အချင်းချင်း ဝေဖန်တိုက်ခိုက်မှုများ မရှိတော့ပေ။
ပလ္လင်ပေါ်တွင် ထိုင်နေသော ဆွမ်ဧကရာဇ်သည် သေလုမြောပါးပုံစံဖြင့် ပြင်းထန်စွာ ချောင်းဆိုးနေခဲ့သည်။
သူ၏ ချောင်းဆိုးသံကို ကြားသောအခါ နန်းတွင်းခန်းမတစ်ခုလုံး ချက်ချင်း တိတ်ဆိတ်သွားခဲ့သည်။
အခြားမည်သူမှ စကားမပြောတော့သည့်အခါ ဆွမ်ဧကရာဇ်က နောက်ဆုံးတွင်
“ကျုပ်ရဲ့ ချစ်ခင်ရတဲ့ ဝန်မင်းများ။ မြောက်ပိုင်းနယ်စားမင်းသားရဲ့ တောင်ဘက်စစ်ရေးလှုပ်ရှားမှုတွေနဲ့ ပတ်သက်ပြီး ဘယ်လိုထင်မြင်ယူဆကြလဲ။”
ထိုမေးခွန်းကို ကြားသောအခါ ဝန်ကြီးများလည်း တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ စကားပြောရန် တွန့်ဆုတ်နေကြသည်။
အနည်းငယ်စောင့်ပြီးနောက် စစ်ဗိုလ်ချုပ်တစ်ဦး မတ်တပ်ထရပ်ကာ
“မြောက်ပိုင်းနယ်စားမင်းသားဟာ တောင်ဘက်ကို စစ်ချီဦးမှာ မဟုတ်ဘူးလို့ ယုံကြည်ပါတယ်။ သူက ဟယ်ယန်ခရိုင်ကို တိုက်ခိုက်ဖို့ ရည်ရွယ်နေတာ ဖြစ်နိုင်ပါတယ်။”
ထိုစဉ် ဗိုလ်ချုပ်၏ စကားကို ဆွမ်ဧကရာဇ်၏ ချောင်းဆိုးသံက ဖြတ်တောက်လိုက်သည်။ ထို့နောက်
“ဆက်ပြောပါ။”
“မြောက်ပိုင်းနယ်စားမင်းသားက အခုပုန်ကန်ချင်တယ်ဆိုရင် ချီပြည်နယ်ကို အရင်တိုက်ခိုက်ပြီး နောက်ကျောဓားနဲ့ထိုးခံရမယ့်ရန်က ကာကွယ်မှာ သေချာပါတယ်။ ဒါပေမဲ့ အခု သူတို့က ချီပြည်နယ်ကို ကျော်ပြီး ယုံအန်းခရိုင်ကို စစ်သည်တွေ ရွှေ့လိုက်တယ်။ ဒါက ချီပြည်နယ်မြို့တော်နဲ့ အဝေးကြီးမှာပါ။ ဒါကြောင့် မြောက်ပိုင်းပြည်နယ်ရဲ့ ပစ်မှတ်က ချီပြည်နယ် မဟုတ်ဘူးဆိုတာ ထင်ရှားပါတယ်။”
“မြောက်ပိုင်းပြည်နယ်က ချီပြည်နယ်ရဲ့ ယိုပင်ခရိုင်ကို ပစ်မှတ်ထားပြီး ဟိုင်မင်းသားရဲ့ ကျန်ရှိနေတဲ့ တပ်တွေကို ဟယ်ယန်ခရိုင်ကနေ တိုက်ခိုက်ဖို့ ဖြစ်နိုင်ခြေ အရမ်းများပါတယ်။”
ဆွမ်ဧကရာဇ် ခဏမျှ စဉ်းစားပြီးနောက်
“အဟွတ် အဟွတ်။ ချန်းက တကယ်ကို ကျုပ်ရဲ့ သားကောင်းလေးပါပဲ။ ကျုပ်အတွက် နယ်မြေတွေ သိမ်းပိုက်ပေးဖို့ စဉ်းစားနေတုန်းပဲ။”
ဆွမ်ဧကရာဇ်၏ စကားများ ဆုံးသည်နှင့် တစ်ပြိုင်နက် နန်းတွင်းခန်းမအပြင်မှ အနီရောင်ဖဲကြိုးတပ် စစ်သတင်းပို့သူ၏ အသံကြားလိုက်ရသည်။
“အနောက်မြောက်ဘက်မှ အရေးပေါ်သတင်း”
ချက်ချင်းပင် အနီရောင်ဖဲကြိုးတပ် စစ်သတင်းပို့သူ ခန်းမထဲသို့ ဝင်ရောက်လာခဲ့သည်။
“အနောက်မြောက်ဘက်မှ အရေးပေါ်သတင်းပါ။ မြောက်ပိုင်းပြည်နယ်ရဲ့ စစ်သည်နှစ်သိန်းဟာ ယိုပင်ခရိုင်သို့ ချီတက်နေပြီး ဟယ်ယန်ခရိုင်နှင့် မြစ်တစ်စင်းသာ ခြားပါတော့တယ်။”
ထိုစကားကို ကြားသောအခါ နန်းတွင်းအရာရှိများ အံ့အားသင့်သွားကြသည်။ စစ်ဗိုလ်ချုပ်၏ ခန့်မှန်းချက် မှန်ကန်ပုံရသည်။ မြောက်ပိုင်းနယ်စားမင်းသား၏ ပစ်မှတ်မှာ ဟယ်ယန်ခရိုင် ဖြစ်သည်။
သို့သော် မြောက်ပိုင်းနယ်စားမင်းသား ဟယ်ယန်ခရိုင်ကို တိုက်ခိုက်ရခြင်းရဲ့ တကယ့် ရည်ရွယ်ချက်က ဘာလဲ။
မြောက်ပိုင်းနယ်စားမင်းသားသည် ထီးနန်းကကိုသိမ်းပိုက်ရန် ရည်ရွယ်ချက်ရှိပါက တောင်ဘက်သို့ တိုက်ရိုက်ချီတက်သင့်သည်။ ဟယ်ယန်ခရိုင်ကို ဘာဖြစ်လို့ တိုက်ခိုက်ဖို့လိုအပ်သေးတာလဲ။
ဟယ်ယန်ခရိုင်မှ တဆင့် တောင်ဘက်သို့ ဆင်းလာခြင်းက အချိန်ဖြုန်းခြင်းသက်သက်သာ ဖြစ်သည်။
ထိုအခိုက်အတန့်တွင် အရိပ်ကိုယ်ရံတော်တစ်ဦး ဆွမ်ဧကရာဇ်ဘေးတွင် ပေါ်လာပြီး အစီရင်ခံစာတစ်ခုကို တိုက်ရိုက်ပေးလိုက်သည်။
အရိပ်ကိုယ်ရံတော်၏ အစီရင်ခံစာကို ဖတ်ပြီးနောက် ဆွမ်ဧကရာဇ်၏ မျက်နှာ ချက်ချင်း မည်းမှောင်သွားခဲ့သည်။ သူသည်လည်း ထိုပုန်ကန်တတ်သောသား ဟယ်ယန်ခရိုင်ကို အဘယ်ကြောင့် တိုက်ခိုက်လိုသည်ကို စဉ်းစားနေခဲ့သော်လည်း အရိပ်ကိုယ်ရံတော်၏ အစီရင်ခံစာကိုမြင်ရသည်နှင့် အလုံးစုံနားလည်သွားခဲ့သည်။
.................
အခန်း (၆၈၉)
အံ့အားသင့်သွားသော လုရိ (၁)
သူ၏သားအကြီးဆုံး ပျောက်ဆုံးပြီးနောက် မြောက်ပိုင်းပြည်နယ်သို့ ထွက်ပြေးသွားလိမ့်မည်ဟု ဆွမ်ဧကရာဇ် ထင်မထားခဲ့ပေ။
သူသည် မြောက်ပိုင်းပြည်နယ်သို့ ထွက်ပြေးရုံသာမက လုချန်းကိုပါ ပုန်ကန်ရန် မြှူဆွယ်ခဲ့သည်။ ထိုနှစ်ဦးသည် တကယ်ပင် ပူးပေါင်းကြံစည်နေကြခြင်း ဖြစ်သည်။
လုချန်း ဟယ်ယန်ခရိုင်ကို တိုက်ခိုက်ခြင်းက သူကိုယ်တိုင်အတွက် သိမ်းပိုက်ရန်မဟုတ်ပဲ လုရိအား စစ်သည်များငှားရမ်းပေးခြင်းဖြစ်သည်။ လုရိကို ရှေ့တန်းတင်ကာ နန်းတွင်း၏အင်အားကို ဆက်လက်ကုန်ခန်းစေမည်ဖြစ်သည်။ လုချန်းကတော့ နောက်ကွယ်မှသာ စောင့်ကြည့်နေမည် ဖြစ်သည်။
ဆွမ်ဧကရာဇ်သည် အလွန်ထက်မြက်သူဖြစ်သည်။ အရိပ်ကိုယ်ရံတော်များ၏ ထောက်လှမ်းရေးအစီရင်ခံစာများကိုကြည့်ရုံဖြင့် မြောက်ပိုင်းပြည်နယ်မှ စစ်တပ်စေလွှတ်ရခြင်း၏ ရည်ရွယ်ချက်ကို ခန့်မှန်းမိခဲ့သည်။
နံနက်ခင်း နန်းတွင်းအစည်းအဝေး ပြီးဆုံးပြီးနောက် ဆွမ်ဧကရာဇ်သည် တော်ဝင်ဥယျာဉ်သို့ တိုက်ရိုက်သွားခဲ့သည်။ ထိုအချိန်တွင် အကြီးအကဲ ယူချန်ချင်နှင့် ဖူဟုန်ချိုတို့ တော်ဝင်ဥယျာဉ်တွင် စောင့်ဆိုင်းနေနှင့်ပြီး ဖြစ်သည်။
လုရိနှင့် မြောက်ပိုင်းနယ်စားမင်းသားတို့၏ ပူးပေါင်းကြံစည်မှုကို ကြားသိရသောအခါ ယူချန်ချင်က ပြုံးလျက်
“မြောက်ပိုင်းနယ်စားမင်းသား တောင်ဘက်ကို ချီတက်လာဖို့ မကြာတော့ဘူး ထင်ပါတယ်။”
ဆွမ်ဧကရာဇ်က
“အကြီးအကဲယူ ဘာလို့အဲဒီလို ထင်ရတာလဲ။”
“သူက အခု မင်းသားလုရိကို ပံ့ပိုးပေးနေပြီ။ မင်းသားလုရိကို သူ့ရဲ့စစ်ကူအဖြစ်သုံးပြီး နန်းတွင်းရဲ့ အင်အားကို ကုန်ခန်းအောင် လုပ်နေတာပဲ။ ဘယ်လိုလုပ် အချိန်တိုအတွင်း တောင်ဘက်ကို ချီတက်နိုင်မှာလဲ။”
ယူချန်ချင်က ဆက်လက်၍
“လျှို့ဝှက်လဝန်းနန်းတော်ရဲ့ အရင် နန်းတော်သခင်ရဲ့ ပံ့ပိုးမှုနဲ့ဆိုရင် မြောက်ပိုင်းနယ်စားမင်းသား အချိန်ဆွဲနေလို့ မရပါဘူး။ ကျုပ်အမြင်အရတော့ သူ မင်းသားလုရိကို စစ်သည်တွေ ကူညီပြီး သူ့ကို အင်အားတည်ဆောက်ခိုင်းတာက တစ်စိတ်တစ်ပိုင်းအားဖြင့် နန်းတွင်းရဲ့အင်အားကို စုံစမ်းတာဖြစ်ပြီး တစ်စိတ်တစ်ပိုင်းကတော့ သူ့ရဲ့ နောက်ဆုံး တောင်ဘက်ချီတက်မှုအတွက် ပြင်ဆင်တာပါပဲ။”
“မင်းသားလုရိ တကယ်လို့ နေပြည်တော်ကို ရောက်လာခဲ့ရင် မြောက်ပိုင်းနယ်စားမင်းသားက ဧကရာဇ်ကို ကူညီတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ချက်ချင်း တောင်ဘက်ကို ချီတက်လာလိမ့်မယ်လို့ ကျုပ်အာမခံရဲတယ်။”
ယူချန်ချင်၏ စကားများကို ကြားပြီးနောက် ဆွမ်ဧကရာဇ် ခဏမျှ စဉ်းစားကာ ယုတ္တိရှိသည်ဟု ခံစားလိုက်ရသည်။
တကယ်တမ်း ထိုသို့ဖြစ်ခဲ့လျှင် သူနေပြည်တော်တွင် စောင့်ဆိုင်းနေရန်သာ လိုအပ်မည်။ ကျောက်မင်းသား၏ စစ်သည်များကို မြို့ထဲသို့ ဝင်ရောက်စေပြီးနောက် မင်းသားလုရိ ဦးဆောင်သော စစ်သည်များကို အတားအဆီးမရှိ ဖြတ်သန်းခွင့်ပြုရုံသာ ဖြစ်သည်။မကြာမီ မြောက်ပိုင်းနယ်စားမင်းသားသည် အခွင့်အရေးကောင်းရောက်ပြီဟု ယုံကြည်ကာ သူ၏စစ်တပ်ဖြင့် တောင်ပိုင်းသို့ချီတက်လိမ့်မည်။
ထိုအခါမှ မြောက်ပိုင်းနယ်စားမင်းသား မြောက်ပိုင်းပြည်နယ်ထဲမှထွက်လာမည်ဖြစ်သဖြင့် သူ့အား ကိုင်တွယ်ရန် နည်းလမ်းများ ရှိလာမည်ဖြစ်သည်။
ထိုပုန်ကန်တတ်သောသား မြောက်ပိုင်းပြည်နယ်မှ ထွက်ခွာလာသည်နှင့် သူ့ကို ရှင်းပစ်နိုင်မည်မှာ သေချာသည်။
ထိုသို့တွေးရင်း ဆွမ်ဧကရာဇ်က
“အဲဒီ ပုန်ကန်တတ်တဲ့ ကလေးက ခင်ဗျားပြောတဲ့အတိုင်း တကယ်လုပ်ပါစေလို့ပဲ မျှော်လင့်ပါတယ်။”
ထိုအခါ ယူချန်ချင်က
“အခု မြောက်ပိုင်းနယ်စားမင်းသားက သူ့လှုပ်ရှားမှုကို စနေပြီဆိုတော့ ကျုပ်တို့လည်း ဒီမှာ ကိုယ့်လှုပ်ရှားမှုတွေကို အရှိန်မြှင့်တင်ရမှာပေါ့။”
ဆွမ်ဧကရာဇ်က ပုံမှန်အတိုင်းပင်
“အဲဒီလက်နက် သွေးအနှစ်သာရကို စုပ်ယူတဲ့နှုန်းက သိသိသာသာ နှေးကွေးသွားပြီ။ မကြာခင်မှာ ပြန်သုံးလို့ရတော့မှာပါ။”
ယူချန်ချင်က
“ဒီလိုဆိုရင်တော့ ကျုပ် စိတ်ချပါပြီ။”
အရာရာတိုင်းသည် အခြေခံအားဖြင့် အဆင်သင့်ဖြစ်နေပြီဖြစ်ပြီး မြောက်ပိုင်းနယ်စားမင်းသား တောင်ဘက်သို့ ချီတက်လာမည့်အချိန်ကိုသာ စောင့်ဆိုင်းနေရုံ ဖြစ်သည်။ မြောက်ပိုင်းနယ်စားမင်းသား တောင်ဘက်သို့ချီတက်ပါက လျှို့ဝှက်လဝန်းနန်းတော်သခင်ဟောင်းလည်း မလွဲမသွေ လိုက်ပါလာမည်ဖြစ်၏။ ထိုအချိန်တွင်တော့ သူတို့ မလွဲမသွေ ထိပ်တိုက်ရင်ဆိုင်ရမည်ဖြစ်သည်။
ထိုပုန်ကန်တတ်သောသား သေဆုံးသည်နှင့် သူသည်လည်း အချိန်တိုအတွင်း ကောင်းကင်လူသားအဆင့်သို့ ရောက်ရှိနိုင်မည်ဟု ဆွမ်ဧကရာဇ်၏ စိတ်ထဲတွင် တွေးလိုက်မိသည်။ ထို့နောက် သူသည် ယူချန်ချင်နှင့် ဖူဟုန်ချိုတို့ နှစ်ဦးလုံးကို ကိုင်တွယ်မည်ဖြစ်ပြီး လျှို့ဝှက်လဝန်းနန်းတော်ကို တိုက်ခိုက်ရန် စစ်သည်များ ချက်ချင်းစေလွှတ်မည်ဖြစ်သည်။
ဤနည်းဖြင့် နောင်တစ်ချိန်တွင် ရှနိုင်ငံတော်တစ်ဝှမ်းလုံး၌ သူ၏ထီးနန်းကို ခြိမ်းခြောက်နိုင်သူ ရှိတော့မည် မဟုတ်ပေ။ ထို့ပြင် အခြားနိုင်ငံများကလည်း သူ့အားဦးညွှတ်ရမည်ဖြစ်သည်။
ထိုသို့တွေးမိသောအခါ ဆွမ်ဧကရာဇ်၏ နှုတ်ခမ်းထောင့်များသည် အလိုအလျောက် အနည်းငယ် မြင့်တက်လာခဲ့သည်။
မိုက်မဲသော ယူချန်ချင်နှင့် ဖူဟုန်ချို သူ ကောင်းကင်လူသားဖြစ်လာမည့် အခြေအနေကို မသိကြပေ။
ထိုနှစ်ဦးသာ သိခဲ့ကြပါက သူနှင့် ပူးပေါင်းရန် ဆန္ဒအလျောက် လာရောက်ကြမည် မဟုတ်ပေ။
ထိုအခိုက်အတန့်တွင် ဆွမ်ဧကရာဇ် အလွန် ကျေနပ်အားရနေခဲ့သည်။
“နောက်ဆုံး အောင်ပွဲခံမည့်သူက ငါပဲ ဖြစ်ရမယ်။”
......
ထိုအတောအတွင်း။
ဟယ်ယန်ခရိုင်။
ရှုနန်မြို့။
ခရိုင်အစိုးရရုံးအတွင်း၌ ဝဖြိုးသော အမျိုးသားတစ်ဦးသည် ကချေသည်များ၏ ဆွဲဆောင်မှုရှိသော ကကွက်များကို ကြည့်လျက် အရက်သောက်နေ၏။ သူ့ဘေးတစ်ဖက်စီတွင် လှပသောအမျိုးသမီးတစ်ဦးစီ ရှိနေသည်။
ထိုအခိုက်အတန့်တွင် အစောင့်တစ်ဦး ရုတ်တရက် ဝင်ရောက်လာပြီး
“မင်းသား။ ဆိုးဆိုးရွားရွား တစ်ခုခု ဖြစ်သွားပါပြီ”
ဟု အော်ဟစ်လိုက်သည်။
ဤအသံကြောင့် ခန်းမရှိ ကျချေသည်များ ရပ်တန့်သွားပြီး ဂီတသံလည်း ရပ်သွားခဲ့သည်။
ခန္ဓာကိုယ်ထွားကြိုင်းသော အမျိုးသား၏ မျက်နှာသည် ချက်ချင်း မည်းမှောင်သွားခဲ့သည်။ သူက သူ့အရက်ခွက်ကို မြေပြင်ပေါ်သို့ အသံမြည်အောင် ရိုက်ချလိုက်ပြီး ခက်ထန်စွာဖြင့်
“ဘာလို့ ဆူညံနေကြတာလဲ။ ကျုပ်ထမင်းစားနေတာ မမြင်ဘူးလား။”
အစောင့်သည် ထိတ်လန့်သွားပြီး ချက်ချင်း ဒူးထောက်ကာ
“သနားပါ မင်းသား။ သနားပါ”
ဟု တောင်းပန်ရင်း ဦးညွှတ်အရိုအသေပေးလိုက်သည်။
ထိုလူက လက်ကိုဝှေ့ယမ်းကာ သူ့ဘေးရှိ လှပသောအမျိုးသမီးနှစ်ဦးအား
“သွားကြတော့။ စိတ်မပါတော့ဘူး။”
ထိုစကားကို ကြားသောအခါ လှပသောအမျိုးသမီးနှစ်ဦးလည်း အလျင်အမြန် ထွက်ခွာသွားကြသည်။
အကသမားများနှင့် ဂီတသမားများ ခန်းမမှ ထွက်ခွာသွားပြီးနောက် ထိုလူက
“ပြော။ ဘာဖြစ်တာလဲ။”
အစောင့်က အလျင်အမြန်ပင်
“မင်းသားလုရိဟာ မြောက်ပိုင်းပြည်နယ်က စစ်သည်နှစ်သိန်းကို ငှားရမ်းထားပြီး ဟယ်ယန်ခရိုင်ကို တိုက်ခိုက်ဖို့ ပြင်ဆင်နေပါတယ်။ အခု သူတို့ဟာ ဟယ်ယန်ခရိုင်နှင့် မြစ်တစ်စင်းပဲ ခြားပါတော့တယ်။”
ဤစကားများကို ကြားသောအခါ ထိုလူ၏ မျက်နှာလည်း ထိတ်လန့်တုန်လှုပ်မှုဖြင့် လုံးဝ ဖုံးလွှမ်းသွားခဲ့သည်။
“ဘယ်… ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ...”
“ကျုပ် ငြိမ်းချမ်းမှုကို ခံစားရတာ ရက်နည်းနည်းပဲ ရှိသေးတယ်။ ဘယ်လိုလုပ် တစ်ယောက်ယောက်က ကျုပ်ကို ထပ်လာပြီး စိတ်အနှောင့်အယှက် ပေးရတာလဲ...”
ထိုလူသည် ဟိုင်မင်းသား၏ တတိယသားဖြစ်ပြီး အရင် ဟိုင်မင်းသားသည် သူ၏ဖခင် ဖြစ်သည်။ ဟိုင်မင်းသား ရှုံးနိမ့်သေဆုံးပြီးနောက် လုယုံသည် သူ့ဖခင်၏ တပ်သားအချို့နှင့်အတူ သူတို့၏နယ်မြေမှ ထွက်ပြေးခဲ့သည်။ ထို့နောက် နန်းတွင်း၏ ခွင့်ပြုချက်မရှိပဲ ဟယ်ယန်ခရိုင်ကို သိမ်းပိုက်ကာ သူ့ကိုယ်သူ နယ်စားအဖြစ် ကြေညာခဲ့သည်။
ရှနိုင်ငံတော် မတည်ငြိမ်နေသဖြင့် နန်းတွင်းက သူတို့ကို နှိမ်နင်းရန် စစ်သည်များ စေလွှတ်နိုင်မည်မဟုတ်သဖြင့် သူ ဟယ်ယန်ခရိုင်တွင် သက်သောင့်သက်သာနေထိုင်နိုင်မည်ဟု ယူဆခဲ့သည်။
သို့သော် မမျှော်လင့်ဘဲ မကြာသေးမီက ပုန်ကန်မှုမအောင်မြင်ခဲ့သော အိမ်ရှေ့မင်းသားက မြောက်ပိုင်းပြည်နယ်သို့ထွက်ပြေးပြီး စစ်သည်နှစ်သိန်းနှင့်အတူ သူ့ကိုတိုက်ခိုက်ရန် လာနေခြင်းဖြစ်သည်။
ထိုစစ်သည်များသည် မြောက်ပိုင်းပြည်နယ်၏ စစ်သည်များဖြစ်သည်။
မြောက်ပိုင်းပြည်နယ်စစ်သည်များ၏ တိုက်ခိုက်ရေးစွမ်းရည်အကြောင်းလည်း သူကြားဖူး၏။
.................
အခန်း (၆၉၀)
အံ့အားသင့်သွားသော လုရိ (၂)
လွင်ပြင်ဒေသ မျိုးနွယ်စုများသည် တောင်ပိုင်းကို အကြိမ်များစွာ ကျူးကျော်ခဲ့ဖူးသော်လည်း မြောက်ပိုင်းပြည်နယ် တပ်များ၏ လက်အောက်တွင် အမြဲတစေ ရှုံးနိမ့်ခဲ့ရသည်။ အလွန်အင်အားကြီးမားသည့် ဝူနိုင်ငံတော်ပင်လျှင် မြောက်ပိုင်းပြည်နယ်နှင့် စစ်ခင်းခဲ့ရာတွင် အပြတ်အသတ် ရှုံးနိမ့်ခဲ့ရသည်။
သူတို့၏ နည်းပါးလှသော စစ်သည်အင်အားက မြောက်ပိုင်းပြည်နယ်၏ စစ်သည်များကို မည်သို့ တောင့်ခံနိုင်ပါမည်နည်း။
လုယုံ တဆတ်ဆတ်တုန်ရီနေစဉ် အစောင့်တစ်ဦးက
“မင်းသား... မင်းသား။ ကျွန်တော်တို့ လက်နက်ချသင့်လား”
ဟု တွေဝေစွာ မေးလိုက်၏။
“မင်းသားလုရိဟာ ဟယ်ယန်ခရိုင်ကို တိုက်ခိုက်ဖို့ မြောက်ပိုင်းပြည်နယ်က စစ်တပ်ကို ငှားရမ်းခဲ့တာဟာ ပုန်ကန်မှုမှာ မအောင်မြင်လို့ ကျေနပ်မနေပဲ အစကနေ ပြန်စဖို့ ပြင်ဆင်နေတာ သေချာပါတယ်။ ကျွန်တော်တို့ မင်းသားလုရိကို သစ္စာခံမယ်ဆိုရင် သူ ကျွန်တော်တို့ကို ကြမ်းကြမ်းတမ်းတမ်းဆက်ဆံမှာ မဟုတ်ပါဘူး။”
ထိုစကားကို ကြားလိုက်သောအခါ လုယုံ ရုတ်တရက် သတိပြန်ဝင်လာ၏။ သူ ချက်ချင်းပင်
“လက်နက်ချမယ် ဟုတ်လား။ ဒါ ဘာဟာသလဲ။ ကျုပ်က ဘယ်လိုလုပ် လက်နက်ချနိုင်မှာလဲ။”
“လက်နက်ချလိုက်ရင် အခုလို ကောင်းမွန်တဲ့ဘဝကို ရဦးမှာလား။”
“မြောက်ပိုင်းပြည်နယ်ရဲ့ စစ်သည်တွေ ဘယ်လောက်ပဲ အင်အားကြီးပါစေ ကြားထဲမှာ ဒီလောက်ကြီးတဲ့ မြစ်ကြီးတစ်ခုရှိနေတယ်။ မြစ်ကမ်းဘေးကနေ ခုခံနေသရွေ့ သူတို့ ဒီတစ်ဖက်ကို ကူးလာနိုင်မယ်လို့ ငါမယုံဘူး။”
“ဗိုလ်ချုပ်တွေကို ချက်ချင်း ခေါ်လိုက်။”
မကြာမီပင် ဟိုင်မင်းသား၏ လက်အောက်ခံဟောင်းများ ခန်းမသို့ ရောက်ရှိလာကြသည်။ မင်းသားလုရိက စစ်တပ်ငှားရမ်း၍ တိုက်ခိုက်မည်ကို ကြားသိသောအခါ သူတို့အားလုံး အကြီးအကျယ် ထိတ်လန့်နေခဲ့ကြ၏။ သို့သော် လုယုံကဲ့သို့ပင် ယိုပင်ခရိုင်နှင့် ဟယ်ယန်ခရိုင်ကြားရှိ မြစ်ကြီးကို သူတို့လည်း မကြာမီ သတိရလာကြသည်။
လုရိ ဟယ်ယန်ခရိုင်ကို တိုက်ခိုက်လိုလျှင် မြစ်ကို မလွဲမသွေ ဖြတ်ကျော်ရမည်ဖြစ်သည်။ သူတို့ မြစ်ကမ်းဘေးတစ်လျှောက် ခုခံကာကွယ်နေသရွေ့ မြောက်ပိုင်းပြည်နယ်၏ အစွမ်းထက်ဆုံး စစ်သည်များပင်လျှင် တစ်ဖက်ကမ်းသို့ ကူးနိုင်မည် မဟုတ်ချေ။
ထိုမြောက်ပိုင်းပြည်နယ် စစ်သည်များ မြစ်ကို အတင်းအဓမ္မ ဖြတ်ကျော်ရန် ကြိုးပမ်းပါက ရေနစ်သေဆုံးသူများသာ ဖြစ်သွားဖွယ်ရာ ရှိသည်။
ထိုသို့တွေးလိုက်သည်နှင့် ဟိုင်မင်းသား၏ လက်အောက်ခံများ ရုတ်တရက် အလွန်အမင်း အကောင်းမြင်စိတ်များ ဝင်လာကြလေသည်။
ချွမ်ပင်းမြစ်ကမ်းဘေး။
ယိုပင်ခရိုင်ဘက်ခြမ်း။
မြောက်ပိုင်းပြည်နယ်၏ စစ်သည်များသည် အမြောက်စခန်းများ တည်ထောင်ရန် အလုပ်များနေကြသည်။ အမြောက်များကို မည်သို့အသုံးပြုရမည်ကို လုရိ မသိပေ။ မျက်စိရှေ့တွင် ကျယ်ပြန့်သော မြစ်ကြီးကို မြင်သောအခါ သူ၏မျက်နှာပေါ်၌ စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်သွား၏။
ယိုပင်ခရိုင်မှ ကူးဖြတ်လိုလျှင် မြစ်ကို ဖြတ်ကျော်ရမည်။ သို့သော် ထိုမျှကျယ်ဝန်းသော မြစ်ကို စတင်ဖြတ်ကျော်သည်နှင့် တစ်ဖက်ကမ်းအတွက် အလွယ်တကူ ပစ်မှတ်ဖြစ်သွားမည် မဟုတ်ပါလား။
ထိုစဉ် လုရိက သူ့ဘေးမှ ဗိုလ်ချုပ် ရွှမ်ယွမ်ချန်းကို ကြည့်ကာ
“ဗိုလ်ချုပ်ရွှမ်ယွမ်။ ဒီတိုက်ပွဲကို ဘယ်လိုတိုက်သင့်တယ်လို့ ထင်ပါလဲ။”
ရွှမ်ယွမ်ချန်းသည် လုရိအား နယ်မြေချဲ့ထွင်ရာတွင် ကူညီနေသော်လည်း စစ်တပ် ကွပ်ကဲမှုမှာမူ ရွှမ်ယွမ်ချန်း လက်ထဲတွင်ပင် ရှိနေခဲ့သည်။ လုရိက မြစ်ဖြတ်ကျော်မည့် ပြဿနာကို ရွှမ်ယွမ်ချန်း မည်သို့ဖြေရှင်းရန် စီစဉ်ထားသည်ကို သိလိုခြင်း ဖြစ်သည်။
ရှေ့ရှိမြစ်ကို စစ်ဆေးကြည့်ရှုပြီးနောက် ရွှမ်ယွမ်ချန်း ပြောဖြေမည် အလုပ်တွင် စစ်သည်တစ်ဦး ချဉ်းကပ်လာပြီး
“မင်းသား။ ဗိုလ်ချုပ်။ မြစ်ဖြတ်ကူးဖို့ လှေတွေ အဆင်သင့် ဖြစ်ပါပြီ။”
ထိုစကားကို ကြားသောအခါ ရွှမ်ယွမ်ချန်းက လုရိဘက်သို့ လှည့်ကာ
“စိတ်ချပါ မင်းသား။ သုံးရက်အတွင်းမှာ ကျွန်တော်တို့ တစ်ဖက်ကမ်းကို ရောက်ရပါမယ်။”
ရွှမ်ယွမ်ချန်းက လုရိ၏မေးခွန်းကို တိုက်ရိုက် မဖြေပေ။ ဤတိုက်ပွဲ မည်သို့တိုက်ခိုက်ရမည်ကို မေးခြင်းက မြောက်ပိုင်းပြည်နယ်၏ အမြောက်များ၏ စွမ်းအားကို လုရိ မသိသေးသည်မှာ ထင်ရှားသည်။
ဤတစ်ကြိမ်တွင် အမြောက်ကြီး အများအပြား ယူဆောင်လာခဲ့ကြသည်။ ဤအမြောက်များ၏ ပစ်ခတ်နိုင်သည့် အကွာအဝေးသည် မြစ်၏ အကျယ်ထက် များစွာ ကျော်လွန်နေ၏။ အမြောက်များက အကာအကွယ် ပေးထားသဖြင့် မြောက်ပိုင်းပြည်နယ် စစ်သည်များ မြစ်ကူးဖြတ်ရန် ပြဿနာ မရှိနိုင်ပေ။
ရွှမ်ယွမ်ချန်းက တိုက်ရိုက်မဖြေပဲ ယုံကြည်မှုရှိဟန် ပြနေသည်ကို မြင်သောအခါ လုရိ နည်းငယ် မျက်မှောင်ကြုတ်မိသော်လည်း ရွှမ်ယွမ်ချန်းသည် သူ၏လူ မဟုတ်သဖြင့် ဘာမှ ပြော၍မရနိုင်ပေ။
ထိုစဉ် ရွှမ်ယွမ်ချန်းက မှန်ပြောင်းတစ်ခုကို ထုတ်ယူကာ တစ်ဖက်ကမ်းရှိ အခြေအနေကို စစ်ဆေးကြည့်ရှုလိုက်၏။
တစ်ဖက်ကလည်း အန္တရာယ်ကို သဘောပေါက်၍ ခံတပ်များ ဆောက်လုပ်နေပုံရသည်။
ရွှမ်ယွမ်ချန်းက ထူးဆန်းသောအရာတစ်ခုကို ကိုင်ဆောင်၍ အဝေးကို ကြည့်နေသည်ကို မြင်သောအခါ ဘာအရာလဲဟု လုရိ သိချင်စိတ် ဖြစ်လာ၏။ သူ မေးမြန်းရန် အလုပ်တွင် ရွှမ်ယွမ်ချန်းက မှန်ပြောင်းကို သူ့လက်ထဲ တိုက်ရိုက်ပေးလိုက်ကာ
“မင်းသား။ ဒါက အဝေးကြည့် မှန်ပြောင်းပါ။ တစ်ဖက်ခြမ်းက အခြေအနေကို ရှင်းရှင်းလင်းလင်း မြင်နိုင်ပါတယ်။ ကြည့်ရှုလိုက်ပါဦး။”
ထိုစကားကို ကြားသောအခါ လုရိ ခဏမျှ ရပ်တန့်သွား၏။ သို့သော် မြောက်ပိုင်းပြည်နယ်တွင် အဆန်းအပြားများစွာကို မြင်တွေ့ခဲ့ပြီးနောက် အထူးသဖြင့် ရထားကဲ့သို့သော ဧရာမ တီထွင်မှုကို တွေ့မြင်ခဲ့ပြီးနောက်တွင်မူ လုရိသည် ပစ္စည်းအသစ်အဆန်းများအပေါ် အံ့အားသင့်သည့် တုံ့ပြန်မှုမျိုး မရှိတော့ပေ။
သူက ရွှမ်ယွမ်ချန်း၏လက်မှ မှန်ပြောင်းကိုယူကာ ရွှမ်ယွမ်ချန်းကို အတုခိုး၍ အဝေးကို ကြည့်လိုက်၏။ မြစ်တစ်ဖက်ကမ်းမှ အဖြစ်အပျက်များသည် သူ၏မျက်စိရှေ့တွင် ရှိနေသကဲ့သို့ ထင်ရပြီး အံ့မခန်း ရှင်းလင်းနေသည်ကို သူ မြင်တွေ့လိုက်ရသည်။
အလွန်အသုံးဝင်သော ကိရိယာဖြစ်သည်။ အထူးသဖြင့် ရန်သူ၏နေရာများကို စူးစမ်းထောက်လှမ်းရန် သင့်လျော်သည်ဟု လုရိစိတ်ထဲက တွေးမိသည်။
ဤသို့တွေးလိုက်သည်နှင့် လုရိ၏စိတ်နှလုံး ပြန်လည်တည်ငြိမ်သွား၏။ အားလုံးက တစ်ညီတစ်ညွတ်တည်း အသုံးမကျသူဟု သတ်မှတ်ခံထားရသည့် လုချန်းသည် မြောက်ပိုင်းပြည်နယ်သို့ ရောက်ရှိလာသောအခါ အသုံးဝင်ပြီး ထူးဆန်းသော ကိရိယာများစွာကို တီထွင်နိုင်ခဲ့သည်။
မြောက်ပိုင်းပြည်နယ်သည် အအေးဒဏ် အလွန်ခံရသော ကြမ်းတမ်းသည့်ဒေသ ဖြစ်သည်။ ထိုကဲ့သို့ ဆင်းရဲသည့် နေရာတွင်ပင် ဤကိရိယာများကို ထုတ်လုပ်နိုင်ခဲ့သည်။ ထိုအချိန်တုန်းက သူ၏ဧကရာဇ်ဖခင်သာ မြောက်ပိုင်းနယ်စားမင်းသားကို တောင်ပိုင်းရှိ ပို၍ကြွယ်ဝသော ဒေသသို့ ပို့ထားခဲ့မည်ဆိုလျှင် မြောက်ပိုင်းနယ်စားမင်းသား ယခုအချိန် မိုးပေါ်တောင် ပျံနေမလား မသိနိုင်ပေ။
မြောက်ပိုင်းနယ်စားမင်းသား မည်သို့ဤပစ္စည်းများကို ရရှိခဲ့သည်ကို လုရိ စူးစမ်းနေစဉ် သူ့ဘေးမှ ရွှမ်ယွမ်ချန်းက
“မင်းသား။ ကျွန်တော် ဟယ်ယန်ခရိုင်ကို မနက်ဖြန် တိုက်ခိုက်ဖို့ စီစဉ်ထားပါတယ်။ ဘယ်လိုထင်ပါသလဲ။”
ရွှမ်ယွမ်ချန်း၏စကားကို ကြားသောအခါ လုရိက မှန်ပြောင်းကို သူ၏မျက်လုံးရှေ့မှ ဖယ်ရှားလိုက်ပြီး ရွှမ်ယွမ်ချန်းကို ကြည့်ကာ
“ဗိုလ်ချုပ်ရွှမ်ယွမ် ဘက်ကယုံကြည်မှု ရှိပါ
လား။”
ရွှမ်ယွမ်ချန်းက
“ကျွန်တော် အစောက ပြောခဲ့တဲ့အတိုင်းပါပဲ။ သုံးရက်အတွင်းမှာ တစ်ဖက်ကမ်းကို သိမ်းပိုက်ပါမယ်။”
လုရိက
“ဒါဆိုရင် ဗိုလ်ချုပ်ရွှမ်ယွမ်ဆီက သတင်းကောင်းကို ကျွန်တော် စောင့်မျှော်နေပါမယ်။”
ရွှမ်ယွမ်ချန်း သုံးရက်အတွင်း တစ်ဖက်ကမ်းကို ရောက်နိုင်လိမ့်မည်ဟု လုရိ မယုံကြည်ပေ။ သူမှန်ပြောင်းဖြင့် ခုနက ကြည့်လိုက်ရာ တစ်ဖက်ကမ်းတွင် စစ်သည်အများအပြား ချထားပြီးဖြစ်ပြီး ကျောက်မောင်းများ အပါအဝင် ကာကွယ်ရေး အဆောက်အအုံများအားလုံး အသင့်ရှိနေသည်ကို တွေ့ခဲ့ရသည်။ သုံးရက်အတွင်း သိမ်းပိုက်ရန်မှာ လွယ်ကူသော အလုပ်မဟုတ်ပေ။
သို့သော် ရွှမ်ယွမ်ချန်းက ပြောပြီးပြီဖြစ်ရာ လုရိ ဆက်လက် ငြင်းခုံလိုစိတ် မရှိတော့ပေ။ မည်သို့ပင်ဆိုစေ ရွှမ်ယွမ်ချန်းသည် သူ၏လူ မဟုတ်ပေ။
.........