← Chapters

အခန်း ၇၀၆-၇၀၈

Vol. 48 Ch. 706-708

အခန်း ၇၀၆-၇၀၈

Vol. 48 Ch. 706-708

အခန်း (၇၀၆)

တကယ့် ကပ်ဘေးကြီးပါလား (၂)

ချူးယုချင် သက်ပြင်းချလိုက်ပြီး

“အင်း ချန်းလေး လုပ်နေတဲ့အရာတွေက ငါ့အတွက် ပိုပြီး နားမလည်နိုင်အောင် ဖြစ်လာပြီ။ ဘာပြဿနာမှ မဖြစ်ပါစေနဲ့လို့ပဲ မျှော်လင့်နိုင်တော့တယ်။”

လုချန်း ကြီးပြင်းလာသည်နှင့်အမျှ သူ၏ စဉ်းစားပုံများကိုမလိုက်နိုင်တော့ဟု ချူးယုချင် ခံစားရသည်။ အတိတ်က လုချန်းအား မည်သို့ပြုမူစဉ်းစားရမည်ကို သူမ သင်ပေးခဲ့သောလည်း အခု လုချန်းကတော့ သူ၏ကိုယ်ပိုင် အတွေးအခေါ်များ ရှိနေပြီး သူလုပ်သော အရာတော်တော်များများက သူမအတွက် အစွန်းရောက်ပြီး မသင့်လျော်ဟု ထင်ရသည်။

သို့သော် ချူးယုချင် လုချန်း၏ ကိစ္စများတွင် ဝင်ရောက်မစွက်ဖက်ခဲ့ပေ။ အကြောင်းမှာ လုချန်းသည် ကြီးပြင်းလာခဲ့ပြီ ဖြစ်သည်။

သူမ၏အတွေးများသည် အလွန်ရှေးရိုးစွဲသောကြောင့် လုချန်း၏လုပ်ဆောင်ချက်များကို နားမလည်နိုင်ခြင်းလားဟု ချူးယုချင် တွေးလိုက်မိသည်။

......

ရှည်လျားသော ညသည် နောက်ဆုံးတွင် ကုန်ဆုံးသွားခဲ့သည်။

မိုးသောက်ချိန်တွင် ကောင်းကင်သည် မှောင်မည်းနေဆဲဖြစ်သည်။

ရွှီလင်လုံသည် ကုတင်ဘေးတွင် မတ်တပ်ရပ်ရင်း အဝတ်အစားလဲနေကာ လှဲလျောင်းနေဆဲဖြစ်သည့် လုချန်းကို ကြည့်လိုက်သည်။

လုချန်းသည် ညို့ငင်စွမ်းအားဖြင့် ထပ်မံ ထိန်းချုပ်ခံထားရပြီး သူ့မျက်လုံးများမှာ အသက်မဲ့နေသည့် အရုပ်တစ်ရုပ်နှယ် ဖြစ်နေသည်။

ရွှီလင်လုံသည် ပြီးခဲ့သည့်ညက ဖြစ်ပျက်ခဲ့သည်များကို ပြန်စဉ်းစားရင်း အံကြိတ်ကာ ဒေါသတကြီး လက်သီးဆုပ်လိုက်သည်။ ထို့နောက် လုချန်း၏ ခန္ဓာကိုယ်တစ်ခုလုံးကို ကြည့်လိုက်ပြီးနောက် ရက်စက်စွာ ရေရွတ်လိုက်သည်။

“ငါ့ကို ဒီလိုလုပ်ရဲတယ်ပေါ့။ နင့်ကို မဖြုတ်ချပဲ နေမလား ကြည့်နေလိုက်။”

ထိုသို့ရေရွတ်နေသော်လည်း ဘာကိုမှ ရွှီလင်လုံ မလုပ်ခဲ့ပေ။

ထို့နောက် ရွှီလင်လုံ သက်ပြင်းရှည်ကြီး ချလိုက်သည်။ သူမ၏ ဝမ်းဗိုက်အောက်ပိုင်းကို ထိလိုက်ပြီး သူမ၏ စွမ်းအားများ သိသိသာသာ တိုးတက်လာကြောင်း သတိပြုမိလိုက်သည်။

“ဒါက နတ်သမီးကျင့်စဉ်ရဲ့ အကျိုးသက်ရောက်မှုသက်သက် မဖြစ်နိုင်ဘူး။ နတ်သမီးကျင့်စဉ်က ဒီလို ကောင်းမွန်တဲ့ အာနိသင်ရှိတယ်လို့ တစ်ခါမှ မကြားဖူးဘူး။”

“ဒီလူက တကယ်ပဲ ကံကြမ္မာ၏သားတော် ဖြစ်ပုံရတယ်။”

ပြီးခဲ့သည့်ညက သူတို့ လေ့ကျင့်ခဲ့သည့် ကျင့်စဉ်သည် နတ်သမီးကျင့်စဉ် မဟုတ်ပဲ နဂါးဖီးနစ်ယင်ယန်ကျင့်စဉ် ဖြစ်သည်ကို ရွှီလင်လုံတစ်‌ယောက် လုံးဝ မသိခဲ့ပေ။ မနေ့က အသိအာရုံ ဝေဝါးနေခဲ့သဖြင့် သူတို့ မည်သည့်ကျင့်စဉ်ကို အသုံးပြုခဲ့သည်ကို သူမ မည်သို့ သိနိုင်မည်နည်း။

အဝတ်အစားလဲပြီးနောက် ရွှီလင်လုံ ချက်ချင်း မထွက်ခွာသေးပေ။ သူမ၏ ကိုယ်ကို ကိုင်းညွှတ်ကာ လုချန်း၏ ချောမောလှပသော မျက်နှာကို ဂရုတစိုက် ကြည့်လိုက်သည်။

“ထူးဆန်းတယ်။ ညက ဒီလူ့အပေါ် ဘာလို့ ထိန်းချုပ်မှုမဲ့သွားတာလဲ။”

ရွှီလင်လုံ ယခုတိုင် နားမလည်နိုင်သေးပေ။ ယုတ္တိဗေဒအားဖြင့် သူမက လုချန်းကို ထိန်းချုပ်ထားသဖြင့် သူက သူမကို အလွန် နာခံသင့်သည်။ သူမ ပြောသမျှကို လုပ်သင့်သည်။

သို့သော် သူက ကြမ်းတမ်းလာပြီး သူမ၏ အမိန့်များကို လုံးဝ လျစ်လျူရှူခဲ့သည်။ သူမ၏ အသက်ပင် ဆုံးရှုံးရတော့မည်ဟု ထင်ခဲ့ရသည်။

“ဒါက ညို့ငင်စွမ်းအားကြောင့်များလား။”

“အင်း။ ဖြစ်နိုင်တယ်။”

“သေချာပါတယ်။ ငါက သူ့ရဲ့ အတွင်းစိတ်ဆန္ဒတွေကို အပြည့်အဝ ဆွဲထုတ်လိုက်မိလို့ပဲ။ ဒါကြောင့် သူက အဲ့ဒီလုပ်ရပ်အပေါ်မှာပဲ အာရုံစိုက်ပြီး ငါ့အမိန့်တွေကို လုံးဝ လျစ်လျူရှုခဲ့တာ ဖြစ်မယ်။”

လုချန်းအပေါ် ညက ထိန်းချုပ်မှုမဲ့သွားခြင်းအတွက် အကျိုးအကြောင်းဆီလျော်သော ရှင်းလင်းချက်ကို ရှာတွေ့လိုက်သောအခါ ရွှီလင်လုံ ပို၍ စိတ်သက်သာရာရသွားသည်။

ထို့နောက် လုချန်း၏ ခန္ဓာကိုယ်ကို တစ်ဖန် ပြန်လည် စူးစိုက်ကြည့်ကာ

“မုကျိရွှမ်းက မင်းသားစံအိမ်က မိန်းမတွေ အကုန်လုံးပေါင်းရင်တောင် မင်းကို မယှဉ်နိုင်ဘူးလို့ ပြောခဲ့တာ အံ့သြစရာ မရှိပါဘူး”

ဟု ရေရွတ်လိုက်သည်။

“တကယ့်ကို မကောင်းဆိုးဝါးပဲ။ “

ထိုသို့ ပြောပြီးနောက် ရွှီလင်လုံ အတွေးထဲနစ်မြောသွားခဲ့သည်။

နောက်ထပ် သူမ ဘာလုပ်သင့်သနည်း။

သူမသည် ညို့ငင်စွမ်းအားဖြင့် လုချန်းကို ယာယီ ထိန်းချုပ်ထားနိုင်သော်လည်း ယခုအချိန်တွင် သူ့ကို ခေါ်ဆောင်သွား၍ မရသေးပေ။ လျှို့ဝှက်လဝန်းနန်းတော်မှ နန်းတော်သခင်နှင့် ကောင်းကင်လူသား စွမ်းအားရှင်တို့ ရန်ခရိုင်တွင် ရှိနေနိုင်သေးသောကြောင့်ဖြစ်သည်။ သူမ အလျင်စလို လုပ်ဆောင်ပါက လျှို့ဝှက်လဝန်းနန်းတော်မှ ကောင်းကင်လူသား စွမ်းအားရှင်က တွေ့ရှိသွားလိမ့်မည်။

လုချန်းသည် လျှို့ဝှက်လဝန်းနန်းတော်၏ အရေးကြီးသော ကစားရုပ်တစ်ရုပ် ဖြစ်သည်။ သူတို့က သူ့ကို အနီးကပ် စောင့်ကြည့်နေမည်မှာ သေချာပြီး ရန်ခရိုင်မှ ထွက်ခွာခွင့် ပေးမည်မဟုတ်ပေ။

လုချန်းကို ခေါ်ဆောင်သွားရန် ပိုမို ဂရုတစိုက် စီစဉ်ရန် လိုအပ်ပုံရသည်။

ထိုသို့တွေးပြီး ရွှီလင်လုံ၏မျက်လုံးများသည် အိပ်ရာပေါ်ရှိ ဇီးပန်းများဆီသို့ ရွေ့လျားသွားပြီး အေးစက်စွာပြောလိုက်သည်။

“မင်းကံကောင်းတယ်။”

“နောက်ထပ်ရက်အနည်းငယ်လောက် အသက်ရှင်နေပါဦး။”

ရွှီလင်လုံ တွေးလိုက်သည်။ ဒီလူငယ်ကို နောက်ထပ် နည်းနည်းလေး အသက်ရှင်ခွင့်ပေးပြီး နောက်ပိုင်းမှာ နတ်သမီးကျင့်စဉ်ကို ဆက်ပြီး လေ့ကျင့်ဖို့ အသုံးပြုနိုင်မည်။

ထို့နောက် သူမ၏ လက်ကို မြှောက်ကာ လုချန်း၏ မျက်နှာကို သူမဘက် လှည့်လိုက်ပြီး မျက်လုံးများကို စိုက်ကြည့်ကာ ဆွဲဆောင်မှုရှိသော လေသံဖြင့်

“ငါ့မျက်လုံးတွေကို ကြည့်စမ်း။ မနေ့ညက မင်း ငါ့ခန္ဓာကိုယ်ကို အတင်းအဓမ္မ သိမ်းပိုက်ခဲ့တယ်။ အခု မင်း ရင်ထဲမှာ အပြစ်ရှိတယ်လို့ ခံစားရပြီး အရာအားလုံးနဲ့ ငါ့ကို အလျော်ပေးချင်နေတယ်...”

ရွှီလင်လုံ၏ စကားများ ဆုံးသည်နှင့် လုချန်းက

“မနေ့ညက လင်လုံရဲ့ ခန္ဓာကိုယ်ကို ကျွန်တော် သိမ်းပိုက်ခဲ့တယ်။ သူ့ကို အရာအားလုံးနဲ့ အလျော်ပေးရမယ်...”

ဟု ရေရွတ်လိုက်သည်။

လုချန်း၏ ပါးစပ်မှ ထိုစကားများကို ကြားရသောအခါ ရွှီလင်လုံ၏ စိတ်ထဲကျေနပ်မှုများ ခံစားလိုက်ရသည်။ လုချန်း နိုးလာသည်ကို စောင့်ဆိုင်းရန်သာ လိုတော့သည်။ နောင်တွင် သူ သူမကို လုံးဝ နာခံမှာ သေချာသည်။

ရွှီလင်လုံက

“ကောင်းပြီ။ ဆက်အိပ်။”

လုချန်း ချက်ချင်း မျက်လုံးမှိတ်ကာ အိပ်ချင်ယောင်ဆောင်လိုက်သည်။

ထို့နောက် ရွှီလင်လုံ မတ်တပ်ရပ်ကာ ထွက်ခွာရန် ပြင်လိုက်သည်။ သို့သော် မထွက်ခွာမီ သူမ လုချန်းကို တစ်ချက် ထပ်ကြည့်မိလိုက်သည်။

တစ်ညလုံး သူမကို အသိမဲ့စေခဲ့သော ထိုလူကို စိုက်ကြည့်ရင်း ရွှီလင်လုံ ညင်သာစွာ သက်ပြင်းချလိုက်သည်။

“ငါ ရူးနေတာပဲ ဖြစ်ရမယ်...”

စကားများ ဆုံးသည်နှင့် ရွှီလင်လုံလည်း တံခါးဝသို့ ဦးတည်သွားတော့သည်။

ရွှီလင်လုံ အခန်းမှ ထွက်သွားပြီးနောက် လုချန်း မျက်လုံးဖွင့်လိုက်သည်။ သူ၏ နှုတ်ခမ်းထောင့်များတွင် အပြုံးတစ်ခု ပေါ်လာပြီးနောက် စနစ်ကို ဖွင့်လိုက်သည်။

[ဇနီးတစ်ဦး ရရှိခြင်းအတွက် ဂုဏ်ယူပါသည်။ အခြေခံ ရုပ်သေးပညာကို ဆုချလိုက်သည်။]

[သခင်သည် ဇနီးနှင့် တစ်ကြိမ် ချစ်ကျွမ်းဝင်ခဲ့ပြီး အတွင်းအားမန္တန်ကျင့်စဉ် အတွေ့အကြုံမှတ်များ ထပ်တိုးသည်။]

သူ ရရှိခဲ့သည့် ဆုလာဘ်ကို မြင်သောအခါ လုချန်း ခဏမျှ မှင်တက်သွားသည်။

အခြေခံ ရုပ်သေးပညာ.....

ဒါကလည်း ထာဝရတန်ခိုးရှင်လောကက ကျင့်စဉ်တစ်ခု ဖြစ်ရမည်။

ခဏအကြာတွင် ရုပ်သေးပညာ၏ ဗဟုသုတများ လုချန်း၏ စိတ်ထဲတွင် ပြည့်လျှံလာသည်။

အခြေခံ ရုပ်သေးပညာတွင် စိတ်ဝိညာဉ်သစ်သားကိုသာ အသုံးပြု၍ ရုပ်သေးရုပ်များကို ဖန်တီးနိုင်သည်။

စိတ်ဝိညာဉ်သစ်သား....

ဝိညာဉ်သစ်သား ဘယ်မှာ ရှာရမလဲ။

ထိုအခိုက်အတန့်တွင် ရုတ်တရက် အတွေးတစ်ချက် ပေါ်လာသည်။ နဂါးဖီးနစ်ပင်သည် စိတ်ဝိညာဉ်အပင်တစ်မျိုး မဟုတ်ပါလား။

နဂါးဖီးနစ်ပင်ကို ပြောင်းရွှေ့စိုက်ပျိုးစဉ်က အကိုင်းအခက်များစွာကို ဖြတ်တောက်ခဲ့ပြီး ထိုအကိုင်းအခက်များသည် မြောက်ပိုင်းနယ်စားမင်းသားစံအိမ်၏ သိုလှောင်ရုံတွင် သိမ်းဆည်းထားဆဲ ဖြစ်သည်။

လုချန်း စိတ်ထဲတွေးလိုက်သည်။ ကံကောင်းစွာဖြင့် ထိုအကိုင်းအခက်များကို မီးရှို့ပစ်ခြင်း မရှိခဲ့ပေ။ နဂါးဖီးနစ်ပင်သည် စိတ်ဝိညာဉ်အပင် ဖြစ်သဖြင့် ထိုအကိုင်းအခက်များ နောင်တွင် အသုံးဝင်နိုင်မည်ဟု သူ ယူဆခဲ့သည်။ ထို့ကြောင့် သူတို့ကို သိုလှောင်ရုံ တစ်ခုတွင် သိမ်းဆည်းပိတ်ဆို့ထားခဲ့ခြင်း ဖြစ်သည်။

နောက်ထပ် လိုအပ်သည်မှာ ထိုအကိုင်းအခက်များကို ရုပ်တုများ ထွင်းထုရန် လက်မှုပညာရှင်အချို့ကို ရှာဖွေရန်သာ ဖြစ်သည်။ ထို့နောက် ထိုအရုပ်များပေါ်တွင် ရုပ်သေးပညာကို အသုံးပြုနိုင်မည် ဖြစ်သည်။

ထိုသို့ တွေးပြီးသည်နှင့် လုချန်း ကုတင်ပေါ်မှ ချက်ချင်း ထလိုက်ပြီး ရုပ်သေးပညာ မည်သို့ လုပ်ဆောင်နိုင်သည်ကို စမ်းသပ်ရန် ပြင်ဆင်လိုက်သည်။

သို့သော် ထိုအခိုက်အတန့်တွင် လုချန်း၏ အကြည့်က ကုတင်ပေါ်ရှိ ဇီးပန်းများပေါ်သို့ ကျရောက်သွားပြီး ညက အဖြစ်အပျက်များကို သတိရလိုက်သည်။

လုချန်း သဘောကျစွာ ရယ်လိုက်ပြီး သူ့ဘာသူ ရေရွတ်လိုက်သည်။

“မြေခွေးမတစ်ကောင်ရဲ့ ခန္ဓာကိုယ်က သာမန်လူတစ်ယောက်နဲ့ တကယ်ပဲ မတူပါလား။”

နောင်တွင် အရသာရှိစွာ ခံစားရဦးမည်ဟု ထင်ရသည်။

သိပ်မစဉ်းစားတော့ပဲ လုချန်းက အစေခံမ လေးကို ခေါ်လိုက်သည်။ ထို့နောက် သူမ၏ အကူအညီဖြင့် အဝတ်အစားလဲပြီး လေပြင်းမိုးတိမ်ဆောင်သို့ ဦးတည်သွားသည်။

မုကျိရွှမ်းသည် လေပြင်းမိုးတိမ်ဆောင်ရှိ လယ်ကွင်းငယ်ထဲမှ စိတ်ဝိညာဉ်ဆန်များကို အာရုံစိုက် ကြည့်ရှုနေသည်။ လုချန်း ခြံထဲသို့ လန်းဆန်းစွာ လျှောက်လာသည်ကို မြင်သောအခါ သူမက ပြုံးပြ နှုတ်ဆက်လိုက်သည်။

“နောက်ထပ် မိန်းမလှတစ်ယောက် ရရှိသွားတဲ့အတွက် ဂုဏ်ယူပါတယ်။”

လုချန်းက မုကျိရွှမ်း၏ နောက်သို့ တည့်တည့်လျှောက်သွားကာ သူမ၏ သွယ်လျသော ခါးကို ဖက်လိုက်ပြီး သူမ၏ မွှေးကြိုင်သော ပခုံးပေါ် ခေါင်းတင်ကာ

“အားလုံး က ကိုယ့်ရဲ့ချစ်ဇနီးကြောင့်ပါ။”

“ ဒီလောက် မနက်စောစော ဘာတွေ ဒီလောက် အာရုံစိုက်ကြည့်နေတာလဲ။”

မုကျိရွှမ်းက

“မင်းသား စိုက်ထားတဲ့ ဆန်တွေ ရင့်မှည့်နေပြီ ထင်တယ်။”

ထိုစကားကို ကြားသောအခါ လုချန်း၏ အာရုံက စိတ်ဝိညာဉ်ဆန်များထံသို့ ရောက်သွားသည်။

စိတ်ဝိညာဉ်ဆန်များသည် အဝါရောင်သန်းနေပြီး စပါးခိုင်များကို ကြည့်လိုက်သောအခါ လုချန်း အံ့အားသင့်သွားသည်။ အခုတလော စိတ်ဝိညာဉ်ဆန်များကို အာရုံမစိုက်မိခဲ့သဖြင့် ရင့်မှည့်နေမည်ဟု မမျှော်လင့်ခဲ့ပေ။ ထို့ပြင် စိတ်ဝိညာဉ်ဆန်၏ စပါးခိုင်များသည် သာမန်ဆန်၏စပါးခိုင်များထက် ပိုမိုပြည့်ဖြိုးနေသည်။

လုချန်းက မုကျိရွှမ်း၏ နူးညံ့သော ခန္ဓာကိုယ်ကို လွှတ်ပေးလိုက်ပြီး ကိုယ်ကို ကိုင်းညွှတ်ကာ ဆန်စေ့တစ်စေ့ကို ဆွတ်ယူလိုက်သည်။

ထို့နောက် အခွံကို ဂရုတစိုက် ခွာထုတ်ကာ စိတ်ဝိညာဉ်ဆန်ကို ပါးစပ်ထဲသို့ ထည့်ကာ မြည်းစမ်းလိုက်သည်။

ဝိညာဉ်ဆန် ပါးစပ်ထဲ ရောက်သည်နှင့် လန်းဆန်းမှုကို ချက်ချင်းခံစားလိုက်ရပြီး သူ့ခန္ဓာကိုယ်တစ်ခုလုံး ပေါ့ပါးသွားကာ ပြောင်းလဲသွားသကဲ့သို့ ဖြစ်နေခဲ့သည်။

သို့သော် ထိုမျှသာမကပေ။ သူ့ခန္ဓာကိုယ် အတွင်းရှိ စိတ်ဝိညာဉ်စွမ်းအားများလည်း အဆပေါင်းများစွာ တိုးပွားလာသည်။ သို့သော် သူ့ခန္ဓာကိုယ်ရှိကန့်သတ်ချက်တစ်ခုက စွမ်းအားကို ထိုးဖောက်ဝင်ရောက်ခွင့် မပေးသကဲ့သို့ ခံစားလိုက်ရသည်။

လုချန်း ချက်ချင်းပင် သဘောပေါက်လိုက်သည်။ ဤကန့်သတ်ချက်သည် ကောင်းကင်လူသား စွမ်းအားရှင်အဆင့် ကန့်သတ်ချက် ဖြစ်ရမည်။ ကမ္ဘာတစ်ခုလုံးကို မစုစည်းနိုင်မချင်း သူ့ကို အဆင့်တက်ခွင့်မပြုခြင်း ဖြစ်သည်။

ဤစိတ်ဝိညာဉ်ဆန်သည် ယခုအချိန်တွင် သူ့အတွက် အသုံးမဝင်နိုင်သော်လည်း သူ့ဇနီးများနှင့် လက်အောက်ခံများကို ပေးပါက သူတို့၏ စွမ်းအားအဆင့်များသည် လျင်မြန်စွာ မြင့်တက်လာနိုင်သည်။

စနစ်က စိတ်ဝိညာဉ်ဆန်မျိုးစေ့ သုံးပြည်သာ ပေးခဲ့သည်မှာ အံ့သြစရာ မရှိပေ။ ၎င်း၏ အကျိုးသက်ရောက်မှုသည် သိသာထင်ရှားလှသည်။

ထို့ပြင် စိတ်ဝိညာဉ်ဆန်သည် အလွန်လျင်မြန်စွာ ရင့်မှည့်ပြီး တစ်နှစ်လျှင် သုံးကြိမ် ရိတ်သိမ်းနိုင်ကာ အထွက်နှုန်းလည်း မနည်းပေ။ ဤနှုန်းအတိုင်းဆိုလျှင် သုံးပြည်မှ ပြည်သုံးထောင်သို့ ပြောင်းလဲရန် အချိန်အကြာကြီး ယူရမည် မဟုတ်တော့ချေ။

..................

အခန်း (၇၀၇ )

မင်းသားစံအိမ် လုပ်ငန်းများကို စီမံခန့်ခွဲခွင့်ပေးခြင်း

စိတ်ဝိညာဉ်ဆန်ကို အသုံးပြု၍ စစ်သည်တော်များ၏ ခွန်အားကို မြှင့်တင်နိုင်မည်ဟု လုချန်း တွေးမိသည်။ အခြားကိစ္စများကို ဘေးဖယ်ထားဦးတော့ ကိုယ်ခန္ဓာကြံ့ခိုင်မှု တိုးလာရုံနှင့်ပင် စစ်တပ်၏ တိုက်ခိုက်ရေးစွမ်းရည်ကို မြှင့်တင်နိုင်သည်။

မြောက်ပိုင်းပြည်နယ်၏ စစ်တပ်တွင် သာမန်လူများစွာရှိ၏။ အထူးသဖြင့် အမြောက်တပ်မှ စစ်သည်များသည် သိုင်းပညာရှင်များထက် ကိုယ်ခန္ဓာခွန်အား အများကြီးနိမ့်ကျသည်။ သို့သော် သူတို့သည် အမြောက်များနှင့် ကျည်ဆန်များကို သယ်ယူပို့ဆောင်ရသူများဖြစ်သည်။

ဤသာမန်စစ်သည်များအားလုံး သိုင်းပညာရှင်များ ဖြစ်လာပါက ၎င်းတို့၏ အဆင့် အလွန်မမြင့်စေကာမူ အဆင့်ငါး သိုင်းပညာရှင် အဆင့်သို့ပင် ရောက်ရှိပါက လက်နက်ကြီးများဖြင့် ချီတက်နိုင်သည့် အရှိန်ကို သိသိသာသာ တိုးမြှင့်နိုင်မည် ဖြစ်သည်။

စစ်ပွဲတွင် ချီတက်နှုန်းသည် အရေးကြီးဆုံးဖြစ်ပြီး တစ်ခါတစ်ရံတွင် အချိန်က စစ်ပွဲတစ်ပွဲ၏ အနိုင်အရှုံးကို ဆုံးဖြတ်ပေးတတ်သည်။

လုချန်းသည် သူ့ရှေ့မှ စိတ်ဝိညာဉ်ဆန်များကို စိုက်ကြည့်ရင်း ၎င်းတို့ကို စိုက်ပျိုးရန် ယုံကြည်ရသည့်လူတစ်ဦးကို ရှာဖွေရမည်ဟု တွေးလိုက်သည်။

လုံလောက်သော စိတ်ဝိညာဉ်ဆန်များ ရရှိပါက မြောက်ပိုင်းပြည်နယ် စစ်သည်တော်များ၏ စွမ်းရည်ကို သိသိသာသာ မြှင့်တင်နိုင်မည်ဖြစ်သည်။

လုချန်း အတွေးနယ်ချဲ့နေစဉ် မုကျိရွှမ်းက “မင်းသား။ စိတ်ဝိညာဉ်ဆန်တွေက ရိတ်သိမ်းဖို့ အသင့်ဖြစ်နေပါပြီ။ ကျွန်မ ရိတ်သိမ်းဖို့ လူတစ်ယောက် ရှာပေးရမလား။”

စိတ်ဝိညာဉ်ဆန်များကို လုချန်းကသာ အမြဲဂရုစိုက်ခဲ့သော်လည်း ပမာဏများလွန်းသဖြင့် သူကိုယ်တိုင် ကွင်းထဲဆင်း၍ ရိတ်သိမ်းနိုင်မည် မဟုတ်ပေ။

လုချန်းက

“အင်း။ ဟုတ်တယ်။ ဒီဆန်စေ့တွေကို နောက်ထပ်စိုက်ပျိုးဖို့ မျိုးစေ့အဖြစ် သိမ်းဆည်းဖို့အတွက် ယုံကြည်ရတဲ့သူတွေကို နှမတော်ကပဲ ရှာပေးပါ။”

ထို့နောက် သူဆက်လက်၍

“ကိုယ် မနက်စာ အရင်စားလိုက်ဦးမယ်။ လက်မှုပညာသည် လေးငါးယောက်ကို မင်းသားစံအိမ်ကို ခေါ်ပြီး အပြင်ဆောင်မှာ စောင့်ခိုင်းထားပါ။ နောက်ကျရင် သူတို့ကို အလုပ်ခိုင်းစရာ ရှိတယ်။”

မုကျိရွှမ်းက

“ဟုတ်ကဲ့ပါ မင်းသား။”

ထို့နောက် မုကျိရွှမ်းက ဘေးမှ အစေခံမိန်းကလေးကို

“မင်းသားအတွက် မနက်စာ သွားပြင်ဆင်လိုက်။”

ဟု ညွှန်ကြားလိုက်သည်။

လုချန်းသည် မနက်စာစားရန် လေပြင်းမိုးတိမ်ဆောင်သို့ သွားလိုက်သည်။

လုချန်း မနက်စာစားပြီး ပြန်ထွက်လာသောအခါ မုကျိရွှမ်းက လက်မှုပညာသည် အချို့ကို အတွင်းဆောင်၌ စောင့်ခိုင်းထားပြီးဖြစ်၏။ လုချန်းက လက်မှုပညာသည်များကို ဘာအတွက် လိုအပ်သည်ကို သူမ စိတ်ဝင်စားနေသည်။

မင်းသားစံအိမ်အတွင်း ဖြစ်ပျက်နေသောအရာဖြစ်သည့်အတွက် သူမလည်း သိသင့်သည်ဟု ယူဆပြီး မုကျိရွှမ်းလည်း လုချန်းနှင့်အတူ အပြင်ဆောင်သို့ လိုက်သွားကာ သူဘာလုပ်မည်ကို ကြည့်ရှုရန် ဆုံးဖြတ်လိုက်သည်။

လုချန်း အပြင်ဆောင်သို့ ရောက်လာပြီး လက်မှုပညာသည်များကို မြင်သောအခါ နဂါးဖီးနစ်ပင်၏ အကိုင်းအခက်များကို ထိုနေရာသို့ ရွှေ့ခိုင်းပြီး သစ်သားရုပ်တုများ ထုလုပ်ရန် ညွှန်ကြားလိုက်သည်။

လုချန်းက သစ်သားရုပ်တုများ ထုလုပ်စေလိုသည်ကို ကြားသောအခါ လက်မှုပညာသည်များ အံ့အားသင့်သွားကြ၏။ လုချန်း၌ မည်သည့် ရည်ရွယ်ချက်ရှိမှန်း သူတို့မသိကြပေ။ သို့သော် ၎င်းတို့သည် ယူမြို့တော်မှ ပန်းပုဆရာများဖြစ်သဖြင့် လုချန်း၏ အမိန့်ကို မေးခွန်းမထုတ်ပဲ နာခံကာ အကိုင်းအခက်များကို စတင်ထုဆစ်ကြသည်။

လက်မှုပညာသည်များ အလုပ်ရှုပ်နေသည်ကို မြင်သောအခါ မုကျိရွှမ်းက လုချန်းထံ ချဉ်းကပ်ကာ

“မင်းသား။ ဘာလို့ သူတို့ကို သစ်သားရုပ်တုတွေ ထုခိုင်းတာလဲ”

ဟု တိုက်ရိုက်မေးလိုက်သည်။

လုချန်းက လျှို့ဝှက်စွာ ပြုံးပြီး

“စိတ်မပူပါနဲ့ နှမတော်။ ပြီးသွားရင် နားလည်သွားလိမ့်မယ်။”

လုချန်း ထိုသို့ပြောသည်ကို ကြားသောအခါ မုကျိရွှမ်းလည်း ဆက်မမေးတော့ပေ။ ထိုစဉ် လုချန်းက တစ်ခုခု သတိရသွားဟန်ဖြင့်

“ဒါနဲ့ ပြောဖို့ မေ့နေတာ။ မနေ့က ကျန်းဝမ်နဲ့ ပြောခဲ့တယ်။ မင်းတို့နှစ်ယောက် တစ်ယောက်နဲ့တစ်ယောက် တွေ့ဆုံသင့်တယ်‌လေ။”

ထို့နောက် သူက အစေခံမလေးအား

“ရှောင်ရို့။ ဝူသခင်မကို လေပြင်းမိုးတိမ်ဆောင်ကို ခေါ်ခဲ့”

ဟု ညွှန်ကြားလိုက်သည်။

“ဟုတ်ကဲ့ပါ မင်းသား။”

အစေခံမ‌လေး ဝူကျန်းဝမ်ကို သွားခေါ်ပြီးနောက် လုချန်းက မုကျိရွှမ်း၏ ခါးကို ဖက်လိုက်ပြီး အတွင်းဆောင်ဘက်သို့ လျှောက်သွားကာ

“လေပြင်းမိုးတိမ်ဆောင်ကို သွားပြီး သူ့ကို စောင့်ရအောင် နှမတော်။”

မုကျိရွှမ်းက ညင်သာစွာ ခေါင်းညိတ်ပြီး လုချန်းနောက်သို့ လိုက်သွားသည်။

ဝူကျန်းဝမ်နှင့် တွေ့ရမည့်အရေးကို တွေးမိသောအခါ မုကျိရွှမ်း ဖိအားတစ်ခု ခံစားလိုက်ရသည်။ ဝူကျန်းဝမ်သည် ဝူနိုင်ငံတော်၏ မင်းသမီးဖြစ်ပြီး အဆင့်အတန်း မြင်းမားသောကြောင့် ဖြစ်သည်။

မုမိသားစုသည်လည်း ရှနိုင်ငံတော်တွင် အဆင့်အတန်းမြင့်မားသော်လည်း ဝူကျန်းဝမ်၏ ဝူတော်ဝင်မိသားစု အဆင့်အတန်းနှင့် နှိုင်းယှဉ်လျှင် ဘာမှမဟုတ်ပေ။

ဖိအားရှိနေသော်လည်း သူမ၏ စိတ်အခြေအနေကို လျင်မြန်စွာ ပြန်လည်ပြင်ဆင်လိုက်သည်။ သူမသည် လုချန်း၏ မိဖုရား ဖြစ်သဖြင့် သူ့ရှေ့တွင် သိမ်ငယ်နေစရာ မလိုအပ်ပေ။

မကြာမီတွင် အစေခံမိန်းက‌လေး၏ လမ်းညွှန်မှုဖြင့် မြောက်ပိုင်းနယ်စားမင်းသားစံအိမ်၏ အဓိကနေရာသို့ ဝူကျန်းဝမ် ရောက်ရှိလာသည်။

ဝူကျန်းဝမ် လေပြင်းမိုးတိမ်ဆောင်ထဲသို့ ဝင်လာချိန်တွင် လုချန်းနှင့် မုကျိရွှမ်းတို့သည် အဆောင်ငယ်တစ်ခုတွင် ထိုင်ကာ တစ်ခုခုကို ဆွေးနွေးနေဟန်ရှိသည်။

ဝူကျန်းဝမ်လည်း အဆောင်ငယ်ဘက်သို့ လျှောက်သွားလိုက်သည်။ သူမရောက်လာသောအခါ လုချန်းက ပြုံးလျက် နှုတ်ဆက်ကာ

“မိတ်ဆက်ပေးရမယ်။ ဒီက ဝူနိုင်ငံတော်ရဲ့ မင်းသမီးပဲ နှမတော်။”

ထိုအခါ မုကျိရွှမ်း ချက်ချင်းထကာ အဆောင်ငယ်ထဲမှ ထွက်လာပြီး ဝူကျန်းဝမ်ကို ကြိုဆိုလိုက်သည်။

“ဝူအစ်မ အ‌ကြောင်း မင်းသားဆီကနေ ကြားဖူးနေတာ ကြာပါပြီ။ ကံမကောင်းစွာနဲ့ ရှင်က အရှေ့ဆောင်မှာ နေနေတဲ့အတွက် ကျွန်မနဲ့ တွေ့ခွင့်မရခဲ့ဘူး။”

“ဝူအစ်မက အရမ်းလှတယ်လို့ ကောလဟာလတွေ ထွက်နေတာ။ ဒီနေ့ တွေ့ရတော့မှ အဲ့ဒီကောလဟာလတွေ မှန်တယ်ဆိုတာ သက်သေပြလိုက်တာပဲ။”

မိဖုရား တစ်ပါးဖြစ်သည့် မုကျိရွှမ်းက သူမအပေါ် ဤမျှ နွေးထွေးစွာ ပြုမူသည်ကို မြင်သောအခါ ဝူကျန်းဝမ် သတိထားသွားသည်။ သူမ၏ ရာထူးကို ခြိမ်းခြောက်လာမည်ကို မုကျိရွှမ်း စိုးရိမ်နေသဖြင့် ဟန်ဆောင်ကောင်းနေခြင်းဖြစ်ပြီး နောက်မှ သူမကို ဒုက္ခပေးရန် ကြံစည်နေသည်ဟု သံသယဝင်သွားသည်။

သူမကဲ့သို့ တော်ဝင်မိသားစုတွင် ကြီးပြင်းလာသူတစ်ဦးသည် မိဖုရားဆောင်၏ အခြေအနေများကို ကောင်းစွာ သိရှိထားသည်။

သို့သော် ဖော်ရွေမှုကို ဝူကျန်းဝမ် မငြင်းဆန်‌ပေ။ မုကျိရွှမ်းက ဖော်ရွေဟန်ပြသဖြင့် ယခုအချိန်တွင် မနှစ်မြို့ဖွယ် စကားတစ်ခွန်းမျှ မပြောဆိုရန် ဝူကျန်းဝမ် ရွေးချယ်လိုက်သည်။

ပြုံးလျက် ဝူကျန်းဝမ်က

“ချီးကျူးတဲ့အတွက် ကျေးဇူးတင်ပါတယ်။”

လုချန်းကို တစ်ချက်ကြည့်လိုက်ပြီး သူမ ကဆက်ပြောလိုက်သည်။

“မင်းသားက ရှင့်လို ဉာဏ်ရည်ထက်မြက်ပြီး အရည်အချင်းရှိတဲ့ မိဖုရား တစ်ပါးကို ရထားတာ တကယ်ကို ကံကောင်းတာပဲ။”

အချင်းချင်း အလုပ်သဘောဆန်ဆန် မြှောက်ပင့်နေသည်ကို ကြားသောအခါ လုချန်းက စားပွဲပေါ်မှ လက်ဖက်ရည်ခွက်ကို မြှောက်ကာ တစ်ငုံမျှ သောက်လိုက်ပြီး

“အချင်းချင်း မြှောက်ပင့်တာတွေ ရပ်ပြီး လာထိုင်ကြပါ။ မင်းသားစံအိမ်ရဲ့ လုပ်ငန်းတွေကို ဘယ်လို စီမံခန့်ခွဲရမလဲဆိုတာ ပြောကြမယ်။”

မုကျိရွှမ်းက ဝူကျန်းဝမ်၏ လက်ကို ချက်ချင်းဆွဲကိုင်ကာ

“ဝူအစ်မ။ ဟိုဘက်သွားရအောင်။”

ဝူကျန်းဝမ်က

“အင်း ကောင်းပါပြီ။”

အမျိုးသမီးနှစ်ဦး အဆောင်ငယ်ထဲ ဝင်ထိုင်ပြီးနောက် လုချန်းက ဆက်လက်၍

“မင်းသားစံအိမ်ရဲ့ လုပ်ငန်းတွေက ကြီးထွားလာနေတယ်။ နောင်မှာ မင်းတို့နှစ်ယောက်တည်း စီမံခန့်ခွဲနိုင်မှာ မဟုတ်ဘူး။ ဒါကြောင့် မင်းသားစံအိမ်ကို အရည်အချင်းရှိတဲ့သူတွေ ပိုခေါ်ယူဖို့ လိုအပ်လိမ့်မယ်။”

ဤသို့ပြောရင်း လုချန်းက စာမေးပွဲကျင်းပ၍ လူ‌တော်များရွေးချယ်ရန် အစီအစဉ်ကို အမျိုးသမီးနှစ်ဦးအား ရှင်းပြလိုက်သည်။ လုချန်း၏ စိတ်ကူးကို ကြားသောအခါ အမျိုးသမီးနှစ်ဦးစလုံးလည်း ထိုနည်းလမ်းမှာ လက်တွေ့ကျသည်ဟု ယူဆကြသည်။

ယခုအချိန်တွင် မင်းသားစံအိမ်၏ လုပ်ငန်းများမှ ဝန်ထမ်းများကို မုကျိရွှမ်းတစ်ဦးတည်းကသာ စီစဉ်ရပြီး ရာထူးတိုးမြှင့်မှုများကိုလည်း သူမတစ်ဦးတည်းကသာ ဆုံးဖြတ်သည်။ ဤအချက်က အဓိက ဝန်ထမ်းအားလုံးသည် မင်းသားစံအိမ်မှလူများ ဖြစ်ကြောင်း သေချာစေသော်လည်း လုပ်ငန်းများ ကျယ်ပြန့်လာသည်နှင့်အမျှ မုကျိရွှမ်းလည်း ရာထူးအပြောင်းအလဲများ ဆုံးဖြတ်ရန်အတွက် အချိန်များစွာ ပေးလာရသည်။

အရည်အချင်းရှိသူများကို စစ်ဆေးရွေးချယ်ရန် သီးခြားလူ့စွမ်းအားအရင်းအမြစ်ဌာနတစ်ခု ရှိလာပါက ၎င်းတို့၏ ဆုံးဖြတ်ချက်များကို လက်မှတ်ထိုးပေးပြီး အတည်ပြုရန်သာ လိုအပ်မည်ဖြစ်သည်။

ထိုအချိန်တွင် လုချန်းက ဝူကျန်းဝမ်ကို ကြည့်ကာ

“ကျန်းဝမ်။ ခင်ဗျားကို မင်းသားစံအိမ်ရဲ့ လုပ်ငန်းတွေနဲ့ ပတ်သက်ခွင့်ပေးလိုက်ပေမယ့် ခင်ဗျားက လက်မထပ်ရသေးဘူး။ ဒါကြောင့် ခဏတော့ အဆင်မပြေမှုတွေ ရှိနိုင်တယ်။ လက်ရှိတော့ မိဖုရားကိုပဲ ခင်ဗျားက ကူညီပေးရလိမ့်မယ်။”

“နောင် လက်ထပ်ပြီးရင်တော့ လုပ်ငန်းအချို့ကို တိုက်ရိုက် စီမံခန့်ခွဲခွင့် ပေးပါမယ်။”

လုချန်းက သူမကို ‘ကျန်းဝမ်’ ဟု ခေါ်သည်ကို ကြားသောအခါ ဝူကျန်းဝမ် သူ့ကို တစ်ချက်စောင်းငဲ့ကြည့်မိသည်။

သူမက ဒီလူငယ်လေးထက် သိသိသာသာ အသက်ကြီးနေတာတောင် ဒီလိုခေါ်ရဲသည်။

အနည်းငယ် စိတ်လှုပ်ရှားမှု ခံစားရသော်လည်း ဝူကျန်းဝမ် ထိုအကြောင်းအရာအပေါ်၌ စိတ်မဝင်စားတော့ပေ။

“ကောင်းပြီ။ နားလည်ပါပြီ။”

ထိုအခိုက်တွင် လုချန်းက သူ့လက်ကို ဆန့်ထုတ်ကာ မုကျိရွှမ်းနှင့် ဝူကျန်းဝမ်တို့ နှစ်ဦးစလုံး၏ ခါးများကို ဖက်လိုက်ပြီး ပြုံးလျက်

“နောင်ဆိုရင် မင်းသားစံအိမ်ရဲ့ လုပ်ငန်းတွေကို စီမံခန့်ခွဲရမယ့် တာဝန်က ခင်ဗျားတို့ အပေါ်မှာ ကျရောက်လာလိမ့်မယ်။”

“ခင်ဗျားတို့ရဲ့ စီမံခန့်ခွဲမှုအောက်မှာ မင်းသားစံအိမ်ရဲ့ လုပ်ငန်းတွေက ဆက်လက်ကြီးထွားလာပြီး ငွေတွေ ပိုမိုရှာဖွေနိုင်လိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။”

မိဖုရားရှေ့မှာ လုချန်း၏ ပွေ့ဖက်ခြင်းကို ခံရသောအခါ ဝူကျန်းဝမ် ထူးဆန်းသလို ခံစားလိုက်ရသည်။ ဒီလူက သူမနှင့် မိဖုရားကြား နီးစပ်စေဖို့ တမင်လုပ်နေခြင်းဖြစ်သည်။

တစ်ချိန်က အရေးပါသော ရာထူးနှင့် အာဏာရှိခဲ့ဖူးသူတစ်ယောက်က လုချန်း၏ လှည့်ကွက်များကို မည်သို့ မမြင်နိုင်ပဲ နေမည်နည်း။ သို့သော် သူမ ဘာမှ မပြောပေ။

မည်သို့ပင်ဆိုစေ ဒီလူငယ်လေးနှင့် တစ်သက်တာလုံး အတူနေရန် သူမ ဆုံးဖြတ်ပြီးသားဖြစ်သည်။ မုကျိရွှမ်းက သူမကို တိုက်ရိုက်ပြဿနာမရှာသရွေ့ သူမလည်း မုကျိရွှမ်းကို ပြဿနာ ရှာလိမ့်မည် မဟုတ်ပေ။

ထိုအချိန်တွင် လုချန်း တစ်ခုခု သတိရသွားပြီး ဆက်ပြောလိုက်သည်။

“နောင်မှာ ခင်ဗျားတို့ နှစ်ယောက်ကြား အတွေးအမြင် ကွဲပြားတွေမှုရှိရင် ကျွန်တော့်ကို တိုက်ရိုက်ပြောပြနိုင်ပါတယ်။”

သူက သူတို့နှစ်ဦးစလုံးကို မင်းသားစံအိမ်၏ လုပ်ငန်းများကို စီမံခန့်ခွဲခိုင်းထားသဖြင့် နောင်တွင် အတွေးအမြင် ကွဲပြားမှုများ ရှိလာမည်မှာ သေချာသည်။ သူတို့ကြား ပဋိပက္ခမဖြစ်စေရန် သူတို့၏ အတွေးအခေါ်များ ကွဲပြားသောအခါတိုင်း သူကိုယ်တိုင် ကြားဝင်ဆုံးဖြတ်ပေးရန် လုချန်း စဉ်းစားထားသည်။

မုကျိရွှမ်းက

“နားလည်ပါပြီ။”

ထို့နောက် မုကျိရွှမ်းက ဝူကျန်းဝမ်ကို ကြည့်ကာ

“ဝူအစ်မက မင်းသားရဲ့ မိန်းမတစ်ယောက် ဖြစ်နေပြီဆိုတော့ နောင်ဆိုရင် ညတိုင်း လေပြင်းမိုးတိမ်ဆောင်ကို ညစာစားဖို့ လာသင့်တယ်။”

“ဒါက မင်းသားစံအိမ်ရဲ့ ထုံးတမ်းအစဉ်အလာပဲ။ ညတိုင်း မိသားစုဝင်တွေ စုပြီး ညစာစားကြတယ်။”

ဝူကျန်းဝမ်လည်း မင်းသားစံအိမ်၏ ထိုထုံးစံကို ကြားဖူးပြီးသားဖြစ်သည်။

“ကောင်းပါပြီ။ ဒီည ကျွန်မ လာခဲ့ပါမယ်။”

ဝူကျန်းဝမ်က လုချန်းကို ကြည့်ကာ

“မင်းသား။ အခု မင်းသားရဲ့ ဇနီးမယားအရေအတွက်က နည်းပါးနေတုန်းပဲ။ လေပြင်းမိုးတိမ်ဆောင်မှာ လူတိုင်းကို နေရာပေးနိုင်တယ်။ ဒါပေမဲ့ တစ်နေ့ကျရင် ဇနီးမယားနဲ့ ကလေးတွေ ရာနဲ့ချီလာပြီး၊ အဲ့ဒီကလေးတွေကနေ ကလေးတွေ ထပ်မွေးလာမယ်။ အဲ့ဒီအချိန်ကျရင်လည်း မင်းသားက ဇနီးမယားအားလုံးကို အတူတူ ညစာစားဖို့ ခေါ်ဦးမှာလား။”

ဝူကျန်းဝမ်၏ စကားကို ကြားသောအခါ လုချန်း ပြုံးလျက်

“ဒါကတော့ တကယ့် ပြဿနာပဲ။”

အစက အမျိုးသမီးအများကြီး မရှိသေးသောကြောင့် အတူတူ ညစာစားကြတာက ပြဿနာမရှိသလို ဆက်ဆံရေးတွေ တည်ဆောက်ဖို့လည်း အထောက်အကူဖြစ်စေသည်။ သို့သော် ဇနီးမယား အရေအတွက် တိုးလာပြီး ကလေးများပါ ပါလာသောအခါ ညစာစားချိန်များက ဆူညံလာပြီး လေပြင်းမိုးတိမ်ဆောင်တစ်ခုလုံး ဈေးတစ်ခုကဲ့သို့ ဖြစ်လာခဲ့သည်။

လုချန်းက

“ဒီလိုလုပ်ရအောင်။ နန်ရန်နဲ့ ယောင်ယောင်တို့ရဲ့ ကလေးတွေ မွေးပြီးသွားရင် ညစာအတူစားတာတွေကို မလုပ်တော့ဘူး။ အားလပ်ရက်တွေမှာပဲ ပွဲတော်တွေ ကျင်းပမယ်။”

ထိုစကားကို ကြားသောအခါ မုကျိရွှမ်း အံ့သြသွားသည်။ သူမအတွက်ကတော့ လေပြင်းမိုးတိမ်ဆောင်မှာ မိသားစုလိုက် ပျော်ပျော်ပါးပါး ညစာစားတာက ကောင်းမွန်ပြီး မင်းသားစံအိမ်ထဲက အမျိုးသမီးအများစုလည်း အကျင့်ဖြစ်နေပြီဖြစ်သည်။

ဝူကျန်းဝမ်၏ မှတ်ချက်သက်သက်ကြောင့် ညစာစားပွဲများကို ဖျက်သိမ်းရန် ဆုံးဖြတ်လိမ့်မည်ဟုတော့ သူမ မထင်ပေ။ ချက်ချင်းမဟုတ်သော်လည်း ရဲလိနန်ရန်နှင့် ရှောင်ဝမ်ယောင်တို့၏ ကလေးများက လအနည်းငယ်အတွင်း မွေးတော့မည် ဖြစ်သည်။

မုကျိရွှမ်း စိတ်ထဲမကောင်း ဖြစ်မိ‌သော်လည်း ထိုကလေးများ မွေးဖွားလာသောအခါ မင်းသားစံအိမ်တွင် လူနှစ်ဦး ထပ်တိုးလာမည်ဟု သူမ တွေးမိသည်။ ထိုအခါ လေပြင်းမိုးတိမ်ဆောင်က ပို၍ လူရှုပ်လာမည်မှာ အမှန်ပင်ဖြစ်ပြီး ပြဿနာတစ်ခုပင် ဖြစ်လာနိုင်သည်။

ကလေးတစ်ဦး ထပ်တိုးလာတိုင်း နို့ထိန်းနှစ်ဦး ထပ်လိုလာပြီး ကလေးနှစ်ဦးဆိုလျှင် နို့ထိန်းလေးဦး လိုအပ်လာသည်။ နို့ထိန်းများက စားပွဲတွင် အတူမစားကြလျှင်တောင် လေပြင်းမိုးတိမ်ဆောင်ထဲသို့ ဝင်လာကြပြီး နေရာယူနေဦးမည်ဖြစ်သည်။

လုချန်းသည် မုကျိရွှမ်းအား

“နှမတော်။ နောက်ပိုင်းကျရင် ကျန်းဝမ်ကို မင်းသားစံအိမ်ရဲ့ လုပ်ငန်းတွေအကြောင်း ကောင်းကောင်း ရှင်းပြပေးရမယ်။”

“ဟုတ်ကဲ့ နားလည်ပါပြီ။”

ထို့နောက် မုကျိရွှမ်းက မင်းသားစံအိမ်မှ လုပ်ငန်းစာရွက်စာတမ်းအချို့ကို ထုတ်ယူကာ အခြေအနေများကို ဝူကျန်းဝမ်အား အသေးစိတ် ရှင်းပြလိုက်သည်။

မုကျိရွှမ်း၏ ရှင်းပြချက်များကို ကြားသောအခါ ဝူကျန်းဝမ် အလွန်အမင်း အံ့သြသွားသည်။ မင်းသားစံအိမ်သည် ဝူတော်ဝင်မိသားစုထက်ပင် ပစ္စည်းဥစ္စာများ ပိုမိုပိုင်ဆိုင်လိမ့်မည်ဟု သူမ မမျှော်လင့်ခဲ့ပေ။

ထို့ပြင် ဤမိဖုရားက သာမန်မဟုတ်ပေ။ ဤမျှများပြားသော ပိုင်ဆိုင်မှုများကို တစ်ဦးတည်း စီမံခန့်ခွဲနိုင်ပြီး အကြီးစား ပြဿနာများ မရှိခဲ့ခြင်းက မုကျိရွှမ်းတွင် အမှန်တကယ် အစွမ်းရှိကြောင်း သက်သေပြနေခြင်းဖြစ်သည်။

ဤအချက်ကလည်း ဝူကျန်းဝမ်၏ မုကျိရွှမ်းအပေါ် သတိထားမှုများကို ပိုမိုမြင့်တက်စေခဲ့သည်။

...............

အခန်း( ၇၀၈)

သူက အဆင့်မြင့် ကမ္ဘာကလား (၁)

မုကျိရွှမ်းက လုပ်ငန်း အခြေအနေများကို ရှင်းပြပြီးနောက် မြောက်ပိုင်းနယ်စားမင်းသားစံအိမ်တစ်ခုလုံးကို ဝူကျန်းဝမ် ပိုမိုနက်ရှိုင်းစွာ နားလည်လာခဲ့သည်။

စံအိမ်၏ လုပ်ငန်းကိစ္စရပ်များကို ဆက်လက်လေ့လာရန် ဝူကျန်းဝမ် ပြင်ဆင်နေစဉ် အစေခံတစ်ဦး အဆောင်ထဲသို့ ဝင်လာပြီး

“မင်းသား။ လက်မှုဆရာတွေက မင်းသားရဲ့ ညွှန်ကြားချက်အတိုင်း သစ်သားရုပ်လေးတချို့ကို ထုလုပ်ပြီးစီးပါပြီ။”

ဤစကားကို ကြားသောအခါ လုချန်း ခဏမျှ အံ့ဩသွားပြီး

“ဒီလောက်တောင် မြန်လား။”

လုချန်းက

“ပြီးသွားတဲ့ သစ်သားရုပ်တွေကို ယူလာခဲ့။”

“ဟုတ်ကဲ့ မင်းသား။”

ထို့နောက် အစေခံ ထွက်ခွာသွားသည်။

အစေခံ ထွက်သွားသော ပုံရိပ်ကို မြင်သောအခါ ဝူကျန်းဝမ်က

“သစ်သားရုပ်တွေလား”

ဟု တီးတိုးရေရွတ်လိုက်သည်။

လုချန်း မည်သည့် ထူးထူးဆန်းဆန်းအရာကို လုပ်ဆောင်နေသလဲ သူမ သိချင်သွားသည်။ ထိုအခိုက် လုချန်းက မုကျိရွှမ်းအား ပြုံးလျက်

“ဒီသစ်သားရုပ်တွေရဲ့ အသုံးဝင်ပုံကို သိချင်ခဲ့တယ် မဟုတ်ဘူးလား။ မကြာခင် သိလာပါလိမ့်မယ်။”

မကြာမီပင် အစေခံ မိန်းကလေး အချို့က လက်မှုပညာသည်များ ပြုလုပ်ထားသော သစ်သားရုပ်များကို ယူဆောင်လာခဲ့သည်။ သို့သော် ထိုသစ်သားရုပ်များသည် လက်ဖဝါးအရွယ်သာရှိပြီး မကြီးမားကြောင်း တွေ့ရှိရသည်။

သို့သော် လက်ရာမှာ အလွန်ကောင်းမွန်ပြီး လူတစ်ဦး၏ အသေးစားပုံစံ ဖြစ်နေသည်။

ထိုသစ်သားရုပ်များကို မြင်သောအခါ ဝူကျန်းဝမ်လည်း စိတ်ဝင်စားလာခဲ့သည်။ ၎င်းတို့အား အသုံးပြုပုံကိုလည်း သိချင်လာသည်။

ထိုအခိုက် လုချန်းက သူ၏ လက်ညှိုးထိပ်ကို ကိုက်လိုက်ပြီး သွေးအနည်းငယ် ညှစ်ထုတ်လိုက်ကာ စိတ်ဝိညာဉ်စွမ်းအားကို ပေါင်းစပ်ပြီး သူ၏ စိတ်ထဲမှနေ၍ ရုပ်သေးပညာကို အသုံးပြု၍ သစ်သားရုပ်တစ်ရုပ်၏ ကိုယ်ပေါ်တွင် အမှတ်အသားတစ်ခု ရေးဆွဲလိုက်သည်။

ခဏအကြာတွင် သစ်သားရုပ်မှ အစိမ်းရောင် အလင်းတန်းများ ထွက်ပေါ်လာခဲ့သည်။ ထို့နောက် လုချန်းက ထိုအရုပ်ကို ကျောက်စားပွဲပေါ်တွင် တင်လိုက်၏။ မကြာမီပင် သစ်သားရုပ်က မမျှော်လင့်ပဲ သူ့ဘာသာသူ ထရပ်လိုက်သည်။

ဤမြင်ကွင်းကို မြင်ရသောအခါ ဝူကျန်းဝမ်နှင့် မုကျိရွှမ်းတို့ နှစ်ဦးစလုံး အံ့ဩတုန်လှုပ်သွားကြသည်။

လုချန်းသည် ထိုအချိန်တွင် မျက်လုံးများကို မှိတ်လိုက်ပြီး သူ ပထမဆုံး ဖန်တီးခဲ့သော ရုပ်သေးရုပ်ကို ထိန်းချုပ်ရန် ကြိုးစားနေခဲ့သည်။

နောက်တစ်ခဏတွင် သူနှင့် ရုပ်သေးရုပ်အကြား ချိတ်ဆက်မှုတစ်ခု ဖြစ်ပေါ်လာသည်ဟု ခံစားရပြီး အရုပ်၏ ခံစားချက်များသည် သူ့ကိုယ်ပိုင် ခံစားချက်များနှင့် တူညီနေသည်ဟု ခံစားရသည်။

ထို့နောက် သူ၏ အမြင်အာရုံသည် အရုပ်၏ အမြင်အာရုံသို့ ပြောင်းလဲသွား၏။ ထို့နောက် လုချန်းက အရုပ်ကို ကျောက်စားပွဲပေါ်တွင် ခြေလှမ်းအနည်းငယ် လှမ်းစေခဲ့သည်။

သစ်သားရုပ် လှုပ်ရှားနေသည်ကို မြင်သောအခါ မုကျိရွှမ်းနှင့် ဝူကျန်းဝမ်တို့ နှစ်ဦးစလုံး၏ မျက်လုံးများ ပြူးကျယ်သွားကြပြီး အံ့ဩတုန်လှုပ်နေကြသည်။

အရုပ်ကို ထိန်းချုပ်တတ်လာသောအခါ လုချန်းက အရုပ်ကို ဝူကျန်းဝမ်ဆီသို့ တိုက်ရိုက် ခုန်တက်စေခဲ့သည်။ သူမ မတုံ့ပြန်နိုင်ခင်မှာပင် အရုပ်က သူမ၏ ရင်ဘတ်ပေါ်သို့ ခုန်တက်သွားသည်။

ဤအရာက လုချန်း၏ မကောင်းသောအကြံဖြစ်ကြောင်း ဝူကျန်းဝမ် သိရှိလိုက်ပြီးသူမ၏လှပသောမျက်လုံးများဖြင့် လုချန်းကို ကြည့်လိုက်သည်။

လုချန်းက အရုပ်ကို ဆက်လက်ထိန်းချုပ်ကာ ပိုမိုမြင့်မားစွာ ခုန်စေပြီး နောက်ဆုံးတွင် ဝူကျန်းဝမ်၏ ပခုံးပေါ်တွင် ရပ်နေစေခဲ့သည်။

မုကျိရွှမ်းက ဇဝေဇဝါဖြစ်ဖြင့်

“ဒီအရုပ်လေးက ဘယ်လို အသက်ဝင်လာတာလဲ။”

ဝူကျန်းဝမ်က

“မင်းသားက ထိန်းချုပ်နေတာ။”

မြူခိုး‌မှော်ဂိုဏ်းသို့ ရောက်ဖူးသူဖြစ်၍ အရာများစွာကို ဝူကျန်းဝမ် ကောင်းစွာသိရှိထားခဲ့သည်။ အရုပ် စတင်လှုပ်ရှားလာသောအခါ သူမ အမှန်တကယ် ထိတ်လန့်သွားခဲ့သော်လည်း မကြာမီပင် ဖြစ်ပျက်နေသည်များကို နားလည်သွားခဲ့သည်။

ဝူကျန်းဝမ်၏ စကားကို ကြားရသောအခါ မုကျိရွှမ်းက လုချန်းဘက် လှည့်ကြည့်လိုက်၏။ လုချန်း မျက်လုံး မှိတ်ထားသည်ကို တွေ့ရသည်။

သို့‌သော်မုကျိရွှမ်း၏ စိတ်ထဲတွင်တော့ အလွန်အံ့ဩနေဆဲပင်။ မင်းသားက ထိုသစ်သားရုပ်ကို တကယ် ထိန်းချုပ်နိုင်တာလား။ သို့သော် လုချန်းသည် ထာဝရတန်ခိုးရှင်၏ တပည့်ဖြစ်ကြောင်း ပြန်တွေးမိသောအခါ သူမ၏ စိတ်ခံစားမှုများ လျင်မြန်စွာ ငြိမ်သက်သွားခဲ့သည်။

မည်သို့ပင်ဆိုစေ ထာဝရတန်ခိုးရှင်၏ တပည့်တစ်ဦးအနေနှင့် လုချန်းသည် ထာဝရတန်ခိုးရှင်၏ တစ်ပိုင်း ဖြစ်နေပြီဖြစ်ရာ သာမန်လူများ မလုပ်နိုင်သည့် အရာများကို သူ လုပ်နိုင်တာက ပုံမှန်ပင် ဖြစ်သည်။

ထိုအချိန်တွင် လုချန်းက ရုပ်သေးရုပ်ကို စကားပြောစေရန် ကြိုးစားနေခဲ့သည်။ နောက်တစ်ခဏတွင် အရုပ်က ဝူကျန်းဝမ်၏ ပခုံးပေါ်မှနေ၍

“အမိတို့ ကျွန်တော့် ရုပ်သေးပညာ ဘယ်လိုလဲ။”

အရုပ် စကားပြောသည်ကို မြင်သောအခါ မုကျိရွှမ်း ထပ်မံ၍ အံ့ဩမှင်တက်သွားခဲ့သည်။

မုကျိရွှမ်းက အံ့သြစွာဖြင့်

“မင်းသားက တကယ်ပဲ ထာဝရတန်ခိုးရှင်ရဲ့ တပည့်ပါပဲ။”

ဝူကျန်းဝမ်က သိချင်စိတ်ဖြင့်

“မင်းသား။ ဒီအရုပ်က ဘာအတွက် အသုံးဝင်တာလဲ။”

လုချန်းက သူ၏ရုပ်သေးရုပ်ကို ထိန်းချုပ်နေရင်း

“ကျွန်တော်လည်း မသေချာသေးဘူး။

ရုပ်သေးပညာကို အခုမှ သင်ယူတာဆိုတော့ နည်းနည်း စမ်းသပ်ကြည့်ဖို့ လိုတယ်။”

လုချန်း စိတ်ထဲတွင် တွေးမိသည်။ နောင်တွင် ရုပ်သေးတစ်ရုပ်ကို နေရာအနှံ့သွားရောက်စေနိုင်မည်ဆိုပါက သူသည် မြောက်ပိုင်းနယ်စားမင်းသားစံအိမ်မှ ထွက်ခွာရန်မလိုတော့ပဲ ရုပ်သေးရုပ်ဖြင့် မြောက်ပိုင်းပြည်နယ်ကို စစ်ဆေးနိုင်မည်ဖြစ်သည်။

ထို့ပြင် သူသည် လူအချို့၏ ဘေးတွင် ရုပ်သေးရုပ်ကို ထားရှိနိုင်ပြီး နောင်တွင် အရေးကြီးအခြေအနေများဖြစ်ပေါ်ပါက ရုပ်သေးရုပ်မှတစ်ဆင့် တိုက်ရိုက် အမိန့်ပေးနိုင်မည်ဖြစ်သည်။ ၎င်းသည် ကြေးနန်းစက်မှတစ်ဆင့် သတင်းပို့သည်ထက် ပိုမိုမြန်ဆန်ပေမည်။

သို့သော် ရုပ်သေးနှင့် သူ၏ ချိတ်ဆက်နိုင်မှု အမြင့်ဆုံး အကွာအဝေးကို သူ မသိသေးကြောင်း သတိပြုမိခဲ့သည်။

သူ၏ စိတ်ထဲမှ ရုပ်သေးပညာ ဗဟုသုတအရ ရုပ်သေးရုပ်က သူ၏ ခန္ဓာကိုယ်နှင့် ဝေးကွာလေလေ စိတ်ဝိညာဉ်စွမ်းအား ပိုမိုသုံးစွဲရလေလေလေဖြစ်သည်။ လက်ရှိတွင် သူသည် အရိပ်အယောင် ကောင်းကင်လူသားအဆင့်သာ ရှိသေးပြီး စွမ်းအားရှင် လောက၏ စံနှုန်းများအရ အဆင့်နိမ့် နေသေးသည်။ ထို့ကြောင့် ရုပ်သေးတစ်ရုပ်ကို ထိန်းချုပ်ပြီး ကမ္ဘာတစ်ဝှမ်းလှည့်လည်နိုင်ဦးမည်မဟုတ်ပါပေ။

ထိုအခိုက် လုချန်း သူ၏မျက်လုံးများကို ဖွင့်လိုက်သည်။ ရုပ်သေးရုပ်ကို ထိန်းချုပ်ရင်း တစ်ချိန်တည်းတွင် အခြားအလုပ်များ လုပ်နိုင်စွမ်းရှိမရှိ စမ်းသပ်လိုသည်။ ရုပ်သေးကိုထိန်းချုပ်နေစဉ် အခြားလှုပ်ရှားမှုများပြုလုပ်နိုင်မည်လားဆိုတာ သိရှိလိုသည်။

သူ မျက်လုံးများကို ဖွင့်လိုက်သောအခါ သူ၏ စိတ်ထဲတွင် နောက်ထပ် မြင်ကွင်းတစ်ခု ပေါ်လာပြီး သူ၏ အမြင်အာရုံက ထူးဆန်း နေသည်။ မျက်လုံးတစ်စုံ ထပ်မံရရှိလိုက်သကဲ့သို့ ဖြစ်နေသည်။ သို့သော် ထိုအရာက သူ့အတွက် မသက်မသာဖြစ်စေခြင်းမရှိပဲ ရုပ်သေး၏မျက်လုံးများက သူ၏ကိုယ်ပိုင်မျက်လုံးများနှင့် ပေါင်းစပ်သွားသလို ခံစားရသည်။

လုချန်းက ရုပ်သေးရုပ်ကို ဝူကျန်းဝမ်၏ ပခုံးပေါ်မှ ခုန်ချစေပြီးနောက် မုကျိရွှမ်းဆီသို့ ဦးတည်စေခဲ့သည်။

မုကျိရွှမ်းက ရုပ်သေးရုပ်ကို လျင်မြန်စွာ ဖမ်းလိုက်ပြီးနောက် ရုပ်သေးရုပ်က သူမ၏ ပခုံးပေါ်သို့ ချက်ချင်း တက်သွားသည်။ သစ်သားရုပ် ခုန်ပေါက်နေသည်ကို မြင်သောအခါ ရုတ်တရက် အောင်မြင်မှု ခံစားချက် တစ်ခုကို လုချန်း ရလိုက်သည်။

ထို့နောက် သူက ရုပ်သေးရုပ်ကို အဆောင်၏ အပြင်ဘက်သို့ တိုက်ရိုက် ဦးတည်စေခဲ့သည်။ ရုပ်သေးရုပ်ကို ထိန်းချုပ်နိုင်သည့် အမြင့်ဆုံး အကွာအဝေးကို သူစမ်းသပ်ကြည့်ချင်သည်။

.................

All Chapters