အခန်း ၇၁၅-၇၁၇
Vol. 48 Ch. 715-717
အခန်း( ၇၁၅ )
စစ်ပွဲအတွက် ပြင်ဆင်မှုများ စတင်ခြင်း (၃)
ဒီအတိုင်းသာဆက်သွားလျှင် ဂိုဏ်းချုပ် ပြန်လည်ရှင်သန်လာသည်ကိုပင် မစောင့်နိုင်တော့ပဲ မြောက်ပိုင်းနယ်စားမင်းသား၏ ကစားစရာအရုပ်ဖြစ်သွားမည်ကို ရွီလင်လုံ စိုးရိမ်သည်။
မြောက်ပိုင်းနယ်စားမင်းသားက သူမ၏ခန္ဓာကိုယ်ကို စိတ်ရှိသလို ကစားနေသည်ဟု တွေးမိတိုင်း ရွှီလင်လုံသည် အကြီးအကျယ် အရှက်ရမိသည်။ သူမဘက်ကစ၍ မြောက်ပိုင်းမင်းသားကို ဖြားယောင်းကာ ရင်းနှီးခဲ့သော်လည်း အသိစိတ်မရှိသည့် ကစားစရာအရုပ်တော့ အဖြစ်မခံနိုင်ပေ။
ရွှီလင်လုံ ရန်ခရိုင်မှ ထွက်ခွာရန် စီစဉ်နေကြောင်း ကြားသိရသောအခါ တိုင်ယင်ဂိုဏ်းမှ တပည့်များအားလုံး အံ့အားသင့်သွားကြသည်။ သူတို့၏ ရည်ရွယ်ချက် မပြီးမြောက်သေးပဲ ရန်ခရိုင်မှ မည်သို့ ထွက်ခွာနိုင်မည်နည်း။
တိုင်ယင်ဂိုဏ်းမှ အကြီးအကဲများ ရန်ခရိုင်သို့ ရောက်လာရသည့် ရည်ရွယ်ချက်က မြောက်ပိုင်းနယ်စားမင်းသားကို ခေါ်ဆောင်သွားရန် ဖြစ်ကြောင်း သူတို့အားလုံး ကောင်းကောင်း သိရှိကြထားကြသည်။ မြောက်ပိုင်းနယ်စားမင်းသားကို မဖမ်းနိုင်သေးပဲ ရန်ခရိုင်မှ အဘယ်ကြောင့် ထွက်ခွာရမည်နည်း။
ရွှီလင်လုံက အသေးစိတ် မရှင်းပြတော့ပဲ လျှို့ဝှက်လဝန်းနန်းတော်မှ လူများ သူတို့ ရောက်နေကြောင်း သိရှိသွားပြီဟု ယူဆရသဖြင့် အလျင်အမြန် ထွက်ခွာရမည်ဟုသာ အကြောင်းပြခဲ့သည်။
လျှို့ဝှက်လဝန်းနန်းတော်က သူတို့ကို တွေ့ရှိသွားနိုင်ပြီဟု ကြားသိရသည့်အခါ တိုင်ယင်ဂိုဏ်းမှ တပည့်များလည်း သူတို့၏ ပစ္စည်းများကို အလျင်အမြန် ထုပ်ပိုးကြသည်။ နတ်ဆိုးဂိုဏ်းတစ်ခုသည် အထက်ဂိုဏ်းတစ်ခုဖြစ်သော လျှို့ဝှက်လဝန်းနန်းတော်အတွက် မကောင်းဆိုးရွားများသာ ဖြစ်သည်။ လျှို့ဝှက်လဝန်းနန်းတော်မှ လူများက နတ်ဆိုးဂိုဏ်းဝင်များကို တွေ့သည်နှင့် သတ်ပစ်လေ့ရှိသည်။
ထို့ပြင် မြောက်ပိုင်းနယ်စားမင်းသားစံအိမ်တွင် လျှို့ဝှက်လဝန်းနန်းတော်မှ ကောင်းကင်လူသား စွမ်းအားရှင်တစ်ဦး ရောက်ရှိနေသည်။ ထိုစွမ်းအားရှင်ကသာ လှုပ်ရှားလာပါက သူတို့ ချက်ချင်း ပြာဖြစ်သွားမည်ကို စိုးရိမ်ကြသည်။
.......
နေ့လယ်ခင်း။
လုချန်း စာကြည့်ခန်းထဲတွင် အစိုးရရေးရာ ကိစ္စများကို ဆောင်ရွက်နေစဉ် ချင်ယူရှန်သည် ရုတ်တရက် အပြေးအလွှား ရောက်လာပြီး ရွှီလင်လုံက လုစံအိမ်မှ လူအချို့ကို ခေါ်ကာ တောင်ဘက်သို့ ဦးတည်နေကြောင်း ပြောပြခဲ့သည်။
ရွှီလင်လုံ ထွက်ပြေးရန် စီစဉ်နေသည်ကို ကြားသိရသည့်အခါ လုချန်းလည်း အံ့ဩသွားသည်။
သူနှင့် အတူရှိပြီးနောက် ထွက်ပြေးလိုသည့် အမျိုးသမီးတစ်ဦးကို သူ ပထမဆုံးအကြိမ် တွေ့ဖူးခြင်း ဖြစ်သည်။ မြောက်ပိုင်းနယ်စားမင်းသားစံအိမ်ရှိ အမျိုးသမီးများသည် သူနှင့်တစ်ကြိမ် အတူရှိပြီးနောက် သူ့ကိုထားခဲ့ရန် မတွေးကြတော့ပေ။
သို့သော် ရွှီလင်လုံကတော့ သူ့နှင့် နှစ်ကြိမ်တိုင်တိုင် ရင်းနှီးခဲ့ပြီး ယခု သတိပြန်ဝင်လာသည့်အခါ ထွက်ပြေးသွားခြင်းဖြစ်သည်။
လုချန်း တိတ်ဆိတ်နေသည်ကို မြင်သည့်အခါ ချင်ယူရှန်က
“မင်းသား။ သူတို့ကို တားဆီးရမလား။”
လုချန်း သတိပြန်ဝင်လာပြီး
“မလိုပါဘူး။ လွှတ်ပေးလိုက်ပါ။”
ဒါက...
လုချန်း ရွှီလင်လုံကို စိတ်ဝင်စားကြောင်း လူတိုင်းသိကြသော်လည်း သူက လွှတ်ပေးနေသည်။ ရွှီလင်လုံ ထွက်ပြေးသွားပါက ပြန်လာတော့မည် မဟုတ်ပေ။
ထိုစဉ် လုချန်းက ပြုံးပြီး
“လက်ထဲမှာ ဆုပ်ကိုင်ထားလို့မရတဲ့ သဲမှုန်တွေကို လေထဲ ပစ်လိုက်တာက ပိုကောင်းပါတယ်။”
ချင်ယူရှန် အံ့အားသင့်သွားသည်။
ဤစကားများက သူတို့၏ မင်းသား ပြော
နေတာကော ဟုတ်ရဲ့လား။
သူတို့၏ မင်းသားသည် သူနှစ်သက်သည့် အမျိုးသမီးတိုင်းကို သူ၏ အတွင်းဆောင်၌ ထားရှိလိုကြောင်း အားလုံးသိထားသည် မဟုတ်ပါလား။ ရုတ်တရက် အဘယ်အရာက သူ့ကိုဤမျှ ပြောင်းလဲသွားစေခဲ့သနည်း။
လက်အောက်ငယ်သားတစ်ဦးအနေနှင့် စကားများများစားစား ပြောရန် မသင့်တော်ဟု ချင်ယူရှန် ခံစားရသည်။ သူက ချက်ချင်းပင်
“နားလည်ပါပြီ။”
လုချန်းက
“ကောင်းပါပြီ။ တခြားကိစ္စ မရှိဘူးဆိုရင် ပြန်နိုင်ပါပြီ။”
“ဟုတ်ကဲ့။ ကျွန်တော့်ကို ခွင့်ပြုပါ။”
ထို့နောက် ချင်ယူရှန် စာကြည့်ခန်းမှ ထွက်ခွာသွားတော့သည်။
ချင်ယူရှန် ထွက်ခွာသွားသော ပုံရိပ်ကို ကြည့်ရင်း လုချန်း အတွေးထဲ နစ်မြောနေခဲ့သည်။ နောက်ဆုံးတော့ ရွှီလင်လုံ ပြန်လာလိမ့်မည်ဟု သူ ယုံကြည်သည်။ နဂါးဖီးနစ်လက်ဖက်ရည်ကို သောက်ပြီး သူ့နှင့် ရင်းနှီးခဲ့သည့် အမျိုးသမီးတစ်ဦး ယခုလိုထွက်သွားနိုင်မည်ဟု သူ မယုံကြည်နိုင်ပေ။
......
ရွှီလင်လုံ ထွက်ပြေးပြီးနောက် လုချန်း၏ နေ့စဉ်ဘဝကတော့ ပုံမှန်အတိုင်း ဆက်လက်လည်ပတ် နေခဲ့သည်။
နေ့ဘက်တွင် မြောက်ပိုင်းပြည်နယ်၏ ကိစ္စများကို ဆောင်ရွက်ပြီး ညဘက်တွင် ဇနီးမယားများနှင့်အတူ အိမ်ထောင်ရေးဘဝကို ဖြတ်သန်းခဲ့သည်။
မျက်စိတစ်မှိတ်အတွင်း လအနည်းငယ် ကုန်ဆုံးသွားပြီး ရှနိုင်ငံတော်၏ အခြေအနေ ပိုမိုဆိုးရွားလာခဲ့သည်။ ဆွမ်ဧကရာဇ်ကို ထောက်ခံလိုသည့် လုရိ ဦးဆောင်သော စစ်တပ်သည် ရှနိုင်ငံတော်၏ နေပြည်တော်သို့ လျင်မြန်စွာ ချဉ်းကပ်လာခဲ့သည်။
လုရိ၏တပ်များ နေပြည်တော်သို့ တိုက်ရိုက် ဦးတည်လာသည်ကို မြင်သည့်အခါ ကျောက်မင်းသားလည်း အေးအေးဆေးဆေး မနေနိုင်တော့ပေ။ သူက ရှေ့ထွက်ကာ လုရိသည် သစ္စာဖောက်ဖြစ်ကြောင်း၊ ဧကရာဇ်အပေါ် သစ္စာစောင့်သိခြင်းဟူသော ဆင်ခြေကို အသုံးပြု၍ ပုန်ကန်နေခြင်းသာဖြစ်ကြောင်း ကြေညာခဲ့သည်။
ထို့ကြောင့် သူ့ အနေနှင့် ပုန်ကန်မှုကို နှိမ်နင်းရန် မြောက်ဘက်သို့ သွားရမည်ဟု ကြေညာလိုက်သည်။ ထို့ပြင် သူဦးဆောင်သော တပ်ကသာ အမှန်တကယ် သစ္စာရှိသော တပ်ဖြစ်ကြောင်း ကြွေးကြော်ခဲ့သည်။
ထို့ကြောင့် လုရိနှင့် ကျောင်းနယ်စားတို့ဦးဆောင်သော စစ်တပ်နှစ်ခုစလုံးသည် တူညီသော ဦးတည်ရာသို့ ချီတက်ခဲ့ကြသည်။
ရှနိုင်ငံတော် နေပြည်တော်မှ ဝန်ကြီးများလည်း ဒယ်အိုးပူပေါ်က ပုရွက်ဆိတ်များကဲ့သို့ စိုးရိမ်ပူပန်နေကြတော့သည်။ အချို့ကမူ လုရိနှင့် ကျောင်းမင်းသားထံ စာများ စတင်ရေးသားနေကြပြီဖြစ်သည်။
......
ထိုအချိန်တွင် မြောက်ပိုင်းပြည်နယ်ကတော့ ပုံမှန်အတိုင်း တည်ငြိမ်နေဆဲဖြစ်သည်။ လုချန်းသည် စိတ်ဝိညာဉ်ဆန် စိုက်ပျိုးရန် လူများကို အထူးစီစဉ်ထားခဲ့သည်။ မြောက်ပိုင်းနယ်စားမင်းသားစံအိမ်ပြင်ပတွင် စိုက်ပျိုးထားသော စိတ်ဝိညာဉ်ဆန်၏ အထွက်နှုန်းက သိသိသာသာ နည်းပါးသော်လည်း ထိုအပင်က လျင်မြန်စွာ ကြီးထွားသည်။ နှစ်သီးစိုက်ပျိုးပြီးနောက် မြောက်ပိုင်းနယ်စားမင်းသားစံအိမ်တွင် စိတ်ဝိညာဉ်ဆန် တင်းတစ်ထောင် ပိုင်ဆိုင်ခဲ့သည်။
လုချန်းက စိတ်ဝိညာဉ် ဆန်အချို့ကိုယူကာ သာမန်ဆန်နှင့်ရောစပ်ထားသည်။ တပ်ခွဲတစ်ခု စွမ်းဆောင်မှုများရှိပါက စိတ်ဝိညာဉ်ဆန်ရောစပ်ထားသော ထမင်းကို စားသုံးနိုင်သည်။
မကြာမီပင် မြောက်ပိုင်းနယ်စားမင်းသားစံအိမ်မှ မိတ်ဆက်ခဲ့သော ဆန်အသစ်က သာမန်လူများကို သိုင်းပညာရှင်များအဖြစ် ပြောင်းလဲနိုင်ကြောင်း စစ်သည်များ သဘောပေါက်လာကြပြီး သူတို့၏တိုက်ပွဲဝင်စိတ်ဓာတ်ကို ချက်ချင်း လှုံ့ဆော်ပေးခဲ့သည်။
.......
မြောက်ပိုင်းပြည်နယ်။
နိုင်ငံရေးရာ ခန်းမ။
လိယုရီက လတ်တလော လုပ်ငန်းဆောင်တာများကို တင်ပြရန် ရှေ့သို့ တက်လာစဉ် လုချန်းက
“ဒီနေ့ တခြားကိစ္စတွေ မဆွေးနွေးကြဘူး။ ကိစ္စတစ်ခုတည်းကိုပဲ ဆွေးနွေးကြမယ်။”
ထိုစကားကို ကြားသည့်အခါ စုဝေးရောက်ရှိနေသော ဝန်ကြီးများသည် စိတ်ဝင်စားလာကြသည်။
ကိစ္စတစ်ခုလား။
ဘာများဖြစ်နိုင်မလဲ။
လွန်ခဲ့သည့် လအနည်းငယ်က မြောက်ပိုင်းပြည်နယ်တွင် အကြီးစား ပြဿနာများ မရှိခဲ့ဟု ထင်ရသည် မဟုတ်လား။
လုချန်းက စတင်၍
“ကျွန်တော် မြောက်ပိုင်းပြည်နယ်ကို ရောက်လာကတည်းက စိုက်ပျိုးမွေးမြူရေးကို အားပေးတဲ့ မူဝါဒကို အဆက်မပြတ် ကျင့်သုံးခဲ့တယ်။ ပြည်သူတွေကို အထွက်နှုန်းကောင်းတဲ့ သီးနှံတွေ စိုက်ပျိုးဖို့ အားပေးခဲ့တယ်။”
“ဒီကာလအတွင်း အထူးကိုယ်ရံတော်တွေရဲ့ စစ်ဆေးမှုတွေအရ တောင်သူလယ်သမား အများစုရဲ့ အိမ်တွေမှာ စားနပ်ရိက္ခာ ပိုလျှံနေတာကို တွေ့ရှိခဲ့ရပါတယ်။”
“မြောက်ပိုင်းပြည်နယ်ရဲ့ စားနပ်ရိက္ခာ အခြေအနေ တိုးတက်ဖို့ နှစ်အနည်းငယ် ထပ်ကြာဦးမယ်လို့ ကျွန်တော် ထင်ခဲ့တယ်။ မြောက်ပိုင်းပြည်နယ်က စားနပ်ရိက္ခာ အကျပ်အတည်းကနေ ဒီလောက် မြန်မြန် လွတ်မြောက်လိမ့်မယ်လို့ မမျှော်လင့်ခဲ့ပါဘူး။”
လုချန်း၏ နိဒါန်းစကားကို ကြားသည့်အခါ နိုင်ငံရေးရာ ခန်းမတွင်းရှိ ဝန်ကြီးများလည်း ပို၍ပင် စိတ်ဝင်စားလာကြသည်။ ဤမျှ ရှည်လျားသော နိဒါန်းချီပြီးနောက် မြောက်ပိုင်းနယ်စားမင်းသားက ဘာကိုအတိအကျ ပြောချင်နေပြီလဲ။
လုချန်းက ဆက်လက်၍
“ မြောက်ပိုင်းပြည်နယ်ဟာ စားနပ်ရိက္ခာ မလုံလောက်ခြင်း၊ အဝတ်အထည် ရှားပါးခြင်း စတဲ့ ဆိုးရွားတဲ့ အခြေအနေတွေကို ကျော်လွန်လာခဲ့ပြီ ဖြစ်ပေမဲ့ မြောက်ပိုင်းပြည်နယ်ဟာ ရှနိုင်ငံတော်ရဲ့ နယ်စားပြည်နယ်တစ်ခုပဲ ဖြစ်ပါတယ်။”
“အခု ရှနိုင်ငံတော် တစ်ခွင်လုံးမှာ ပဋိပက္ခတွေ ဖြစ်ပေါ်နေတာကြောင့် သာမန်ပြည်သူတွေ ဒုက္ခရောက်နေကြရပါတယ်။”
ထိုစကားများက ဝန်ကြီးများကို ချက်ချင်း စိတ်လှုပ်ရှားသွားစေသည်။ ထိုမျှ အရိပ်အမြွက် ပြောရုံမျှဖြင့်ပင် သိသာနေပြီဖြစ်သည်။ လုချန်း မည်သည့် အဆိုပြုချက် ထုတ်တော့မည်ကို သူတို့ လုံးဝနားလည်သွားသည်
တကယ်တော့ မြောက်ပိုင်းပြည်နယ်၏ နိုင်ငံရေး အခြေအနေက အနည်းငယ် ရှုပ်ထွေးလာခဲ့ပြီဖြစ်သည်။ အရာရှိများစွာသည် အခွင့်အရေးသစ်များကို ဆက်လက် စောင့်မျှော်နေကြသည်။ ယခုသူတို့၏ အခွင့်အရေး ရောက်ရှိလာပြီဟု ထင်ရသည်။
လုချန်း၏ အသံက ခန်းမတစ်လျှောက် ဆက်လက် ပဲ့တင်ထပ်နေခဲ့သည်။
“ရှနိုင်ငံတော်ရဲ့ နယ်စား ပြည်နယ်တစ်ခုအနေနဲ့ ၊ ရှနိုင်ငံတော်ရဲ့ သားသမီးတွေအနေနဲ့ ရှနိုင်ငံတော်အတွင်းက အခြားမန်ပြည်သူတွေကို ငြိမ်းချမ်းပြီး ပျော်ရွှင်တဲ့ ဘဝကို ရရှိအောင် ကူညီပေးဖို့ ကျွန်တော်တို့မှာ အခွင့်အရေးရော၊ တာဝန်ပါ ရှိပါတယ်။”
“ရှနိုင်ငံတော်ရဲ့ မင်းသားတစ်ပါးအနေနဲ့ ကျွန်တော့်ရဲ့ ဖခင် အန္တရာယ်နဲ့ ရင်ဆိုင်နေရချိန်မှာ ကျွန်တော် လက်ပိုက်ကြည့် မနေနိုင်ပါဘူး။”
“ဒါကြောင့် ဧကရာဇ်ကို သစ္စာဖောက်သူတွေကို နှိမ်နင်းဖို့နဲ့ ရှနိုင်ငံတော်မှာ ကြာရှည်စွာ ဖြစ်ပေါ်နေတဲ့ မငြိမ်မသက်မှုတွေကို အဆုံးသတ်ဖို့ တောင်ဘက်ကို ချီတက်ဖို့ ကျွန်တော် ဆုံးဖြတ်လိုက်ပါတယ်။ မြောက်ပိုင်းပြည်နယ်က သာမန်ပြည်သူတွေလိုပဲ ရှနိုင်ငံတော် နယ်မြေထဲက တခြားသာမန်ပြည်သူတွေလည်း စစ်ပွဲတွေ မရှိပဲ နေထိုင်ခွင့် ရပါစေ။”
...............
အခန်း (၇၁၆)
ဆရာမထံ အကြံဉာဏ်တောင်းခံခြင်း (၁)
လုချန်း၏ စကားသံများသည် ခန်းမဆောင်ကြီးအတွင်း၌ ပဲ့တင်ထပ်နေပြီး အချိန်ကြာမြင့်စွာ ပျံ့လွင့်လျက်ရှိသည်။ တက်ရောက်လာကြသော မှူးမတ်များ၏ စိတ်နှလုံးတို့လည်း ဆူပွက်နေခဲ့ကြသည်။ အထူးသဖြင့် စစ်သူကြီးများ၏ သိုင်းပညာအငွေ့အသက်များ တရိပ်ရိပ်တက်လာကြသည်။ တောင်ဘက်သို့ ချီတက်ရန် မစောင့်နိုင်ဖြစ်နေကြပုံပေါ်သည်။
သူ၏ နိဒါန်းစကား ပြီးသွားသောအခါ လုချန်းက အရာရှိများကို ကြည့်လိုက်ပြီးနောက်
“ဒီနေ့တော့ တောင်ဘက်ကို ချီတက်မယ့်ကိစ္စနဲ့ အဲဒီအတွက် လိုအပ်တဲ့ ပြင်ဆင်မှုတွေ အားလုံးကို ဆွေးနွေးကြမယ်။”
အမည်ခံအားဖြင့် ဧကရာဇ်ကို ထောက်ခံရန်နှင့် သစ္စာဖောက်များကို တိုက်ခိုက်ရန် တောင်ဘက်သို့ ချီတက်ခြင်း ဖြစ်သော်လည်း ဤစစ်ပွဲသည် ဝူနိုင်ငံတော်နှင့် တိုက်ခိုက်ခဲ့သော စစ်ပွဲထက် ပိုမိုခက်ခဲမည် ဖြစ်၏။
ယခုတစ်ကြိမ်တွင် သူတို့၏ ပစ်မှတ်မှာ ရှနိုင်ငံတော်တစ်ခုလုံးကို သိမ်းပိုက်ရန်ဖြစ်သည်။ ယင်းမှာ ဝူနိုင်ငံတော်ထံမှ သူတို့ သိမ်းပိုက်ခဲ့သော နယ်မြေထက် များစွာပို၍ ကျယ်ဝန်း၏။
ထို့ပြင် ရှနိုင်ငံတော်၏ ပြည်တွင်းအခြေအနေမှာ ပိုမိုရှုပ်ထွေး၏။ တစ်ခါတစ်ရံတွင် သိမ်းပိုက်ရန် လွယ်ကူသော်လည်း အုပ်ချုပ်ရန်က ပို၍ခက်ခဲနေတတ်သည်။
ထို့ပြင် လုချန်း၏ နာမည်ဆိုးကြောင့် အာဏာရှိ မိသားစုများနှင့် မြေပိုင်ရှင်များက သူ့ကို အလွန်အမင်း ကြောက်ရွံ့နေကြသည်။ အထူသဖြင့် မြောက်ပိုင်းပြည်နယ်၏ မြေယာဥပဒေများကြောင့်ဖြစ်သည်။
ထိုသို့သော အခြေအနေမျိုးတွင် လုချန်း အနေနှင့် ရှနိုင်ငံတော်၏ ထီးနန်းကို သိမ်းပိုက်လိုပါက အသေးစိတ် ပြင်ဆင်မှုများကို လုပ်ဆောင်ရန် လိုအပ်မည်။အထူးသဖြင့် သိမ်းပိုက်ထားသော နယ်မြေများတွင် လုပ်ဆောင်ရမည့် လုပ်ငန်းများဖြစ်သည်။
လုချန်းသည် မြောက်ပိုင်းပြည်နယ်တပ်က ရှရှနိုင်ငံတော်၏ အခြားအပိုင်းများသို့ ဝင်ရောက်သည့်အခါတိုင်း ထိုနယ်မြေကို သိမ်းပိုက်ပြီး အုပ်ချုပ်ရမည်။ အကယ်၍ နောက်ကျောတွင် တစ်စုံတစ်ဦးက ပြဿနာရှာပါက တောင်ဘက်သို့ ချီတက်နေသော တပ်မတော်ကို ထိခိုက်စေနိုင်သည်။
ဤသည်မှာ လုချန်းနှင့် မြောက်ပိုင်းပြည်နယ်တစ်ခုလုံးအတွက် စိန်ခေါ်မှုကြီးတစ်ခုဖြစ်သည်။ ထို့ကြောင့်လည်း အစောပိုင်းကတည်းက ဆွေးနွေးထားရန် လိုအပ်ခြင်းဖြစ်သည်။
မူလက ရဲလိနန်ရန်နှင့် ရှောင်ဝမ်ယောင်တို့၏ ကလေးများ မွေးဖွားသည်အထိ စောင့်ဆိုင်းရန် လုချန်းတွေးထားခဲ့သေးသည်။ ထိုအချိန်တွင် သူ့အတွက် အကူအညီများ ပိုမိုရရှိလာမည်ဖြစ်သည်။
သို့သော် ထပ်မံစဉ်းစားသောအခါ ကလေးမွေးဖွားချိန်အထိ စောင့်ဆိုင်းရန် မလိုအပ်ကြောင်း သိလိုက်ရသည်။ အဘယ်ကြောင့်ဆိုသော် သူစစ်ချီရန် ဆုံးဖြတ်သည်နှင့် ချက်ချင်း ချီတက်နိုင်မည်မဟုတ်ပေ။ လုပ်ဆောင်ရမည့် လုပ်ငန်းများစွာ ရှိသေးသည်။ အနည်းဆုံး နှစ်လခန့် ကြိုတင်ပြင်ဆင်ရန် လိုအပ်သည်။ ထို့ကြောင့် စောစောစီးစီး စတင်ခဲ့ခြင်းဖြစ်သည်။
ရှောင်ဝမ်ယောင်နှင့် ရဲလိနန်ရန်တို့၏ ကလေးများ မွေးဖွားလာချိန်တွင် သူ၏ ပြင်ဆင်မှုများလည်း ပြီးစီးနေမည်ဖြစ်၏။
လုချန်းပြောပြီးသည်နှင့် ခန်းမဆောင် အတွင်းရှိ အရာရှိများလည်း စစ်ရေးဆိုင်ရာ ပြင်ဆင်မှုများနှင့် ထောက်ပံ့ပို့ဆောင်ရေး ကိစ္စများကို ဆွေးနွေးကြရင်း ဆူညံသွားကြ တော့သည်။
လက်ရှိတွင် အရပ်ဘက်အရာရှိများနှင့် စစ်ဘက်အရာရှိများ နန်းတွင်းအစည်းအဝေးတွင် အတူ ရှိနေကြသောကြောင့် စစ်ရေးအစီအစဉ်များကို အသေးစိတ် ဆွေးနွေးခြင်းမရှိသေးပေ။ မြောက်ပိုင်းပြည်နယ်၏ စစ်ရေး အာဏာကို လုချန်းက အဓိက ချုပ်ကိုင်ထားသောကြောင့် အရပ်ဘက်အရာရှိများသည် စစ်ရေးကိစ္စရပ်များတွင် ပါဝင်ခဲသည်။ ကျူးကဲ့ကျုံကောင်း ကဲ့သို့သော ရာထူးမြင့် ဝန်ကြီးအချို့သာလျှင် နိုင်ငံ၏ စစ်ရေးလျှို့ဝှက်ချက်များကို သိရှိခွင့်ရှိသည်။
ကျန်ရှိသော တစ်နေ့တာလုံးကို ဆွေးနွေးမှုများဖြင့် ကုန်ဆုံးစေခဲ့ကြပြီး အရာရှိများသည် နေ့လယ်စာနှင့် ညစာကိုပင် ခန်းမဆောင်ကြီးအတွင်း၌ အတူတကွ စားသုံးခဲ့ကြသည်။
ပြဿနာများစွာရှိပြီး တစ်ပြိုင်နက်တည်း ဖြေရှင်းရန် မဖြစ်နိုင်လောက်အောင် များပြားလှသည်။
ည ၁၁ နာရီနီးပါး ရောက်တော့မှ လုချန်းလည်း အရာရှိများကို စိတ်မပါ့တပါဖြင့် အိမ်သို့ ပြန်ခွင့်ပြုလိုက်ရတော့သည်။ သို့သော် နောက်တစ်နေ့နံနက်တွင် ကျန်ရှိသော အကြောင်းအရာများကို ဆက်လက်ဆွေးနွေးရန် စီစဉ်ထား၏။
တစ်နေကုန် အစည်းအဝေး ခန်းမ၌ ထိုင်နေရသောကြောင့် လုချန်းလည်း ပင်ပန်းနွမ်းနယ်နေခဲ့သည်။ သူ၏ အရိပ်အယောင် ကောင်းကင်လူသားအဆင့်ကြောင့် ခန္ဓာကိုယ် ပင်ပန်းနွမ်းနယ်မှုကို မခံစားရသော်လည်း စိတ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်မှုကတော့ ရှိနေဆဲ ဖြစ်သည်။
တပ်များကို တောင်ဘက်သို့ ချီတက်စေခြင်းက ပြဿနာများစွာကို ဖြစ်ပေါ်စေမည်ဟု သူ ကြိုတင်ခန့်မှန်းခဲ့သော်လည်း တစ်ရက်တည်းနှင့် မဖြေရှင်းနိုင်လောက်အောင် များပြားလိမ့်မည်ဟုတော့ သူ မထင်ခဲ့ပေ။
တစ်နေ့တာ အစည်းအဝေး ပြီးဆုံးသောအခါ လုချန်းလည်း လေပြင်းမိုးတိမ်ဆောင်သို့ ရောက်သွားခဲ့သည်။ စိတ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်မှုကြောင့် သူ အိပ်ချင်စိတ်သာ ပေါက်နေပြီး ကောင်းစွာ အနားယူလိုသည်။ ထိုညတွင် အမျိုးသမီးတစ်ဦးကိုမှ မထိချင်တော့ပေ။
သို့သော် သူ လေပြင်းမိုးတိမ်ဆောင်သို့ သွားရောက် အိပ်စက်ရန် လုပ်နေစဉ် လျှံဇွန်း ရောက်လာခဲ့၏။
အရေးကြီး ထောက်လှမ်းရေးသတင်း ဖြစ်နိုင်တာ သေချာသောကြောင့် လုချန်းလည်း မတတ်သာတော့ပဲ သူ၏ စာကြည့်ခန်းသို့ သွားရပြန်သည်။
စာကြည့်ခန်းထဲသို့ ဝင်သောအခါ လျှံဇွန်းက အထူးကိုယ်ရံတော်အဖွဲ့မှ စုဆောင်းထားသော သတင်းအချက်အလက်များကို လုချန်းထံသို့ ပေးအပ်လိုက်၏။
“မင်းသား။ နေပြည်တော်က သတင်းရပါပြီ။ နန်းတွင်းထဲမှာ ထူးခြားပြောင်မြောက်တဲ့ နတ်လက်နက်တစ်ခု ရှိနေတယ်လို့ သိရပါတယ်။ အဲဒီနတ်လက်နက်ဟာ ကောင်းကင်လူသား စွမ်းအားရှင်တစ်ဦးကိုတောင် သတ်နိုင်တယ်လို့ ဆိုပါတယ်။”
ဤစကားကို ကြားသောအခါ လုချန်း၏ လက်များ လေထဲတွင် တန့်သွားပြီး ထောက်လှမ်းရေးသတင်းကိုပင် မဖြန့်ကြည့်နိုင်ဖြစ်သွားသည်။ ခဏမျှ အံ့သြသွားပြီးနောက် လျှံဇွန်းကို ကြည့်လိုက်ကာ
“ဒီသတင်းကို ဘယ်လို ရခဲ့တာလဲ။”
လျှံဇွန်းက
“နေပြည်တော်မှာ တစ်ယောက်ယောက်က ဒီသတင်းကို ဖြန့်နေတာပါ။ အထူးကိုယ်ရံတော်အဖွဲ့က ဘယ်သူ့လက်ချက်လဲဆိုတာ မသိရသေးပါဘူး။”
လျှံဇွန်း၏ အဖြေကို ကြားသောအခါ လုချန်းသည် ခဏခန့် စဉ်းစားပြီး သူ၏လက်ထဲရှိ ထောက်လှမ်းရေးသတင်းကို ဖွင့်ဖတ်လိုက်သည်။
ထောက်လှမ်းရေးသတင်းပါ အကြောင်းအရာများကို ဖတ်ပြီးနောက် လင်မိသားစုက သူ့ကို သတင်းပို့ရန် ကြိုးစားနေခြင်းလားဟု လုချန်း တွေးမိလိုက်သည်။
သို့သော် လင်မိသားစုသာ နန်းတွင်းထဲက လျှို့ဝှက်ချက်တစ်ခုခုကို ရှာဖွေတွေ့ရှိခဲ့ပါက ထိုမျှလောက် ကြိုးစားအားထုတ်ရန် မလိုအပ်ဟု ထင်ရသည်။ သတင်းအချက်အလက်များကို အထူးကိုယ်ရံတော်ထံများသို့ တိုက်ရိုက် ပေးပို့နိုင်သည်။
လင်မိသားစု သူ့ဘက်သို့ ပူးပေါင်းပါဝင်ပြီးနောက် လင်မိသားစုထဲတွင် အထူးကိုယ်ရံတော်များကို ချထားခဲ့သည်။ ထို့ကြောင့် လင်မိသားစုထံမှ မည်သည့်သတင်းကိုမဆို အထူးကိုယ်ရံတော်မှတစ်ဆင့် မြောက်ပိုင်းပြည်နယ်သို့ ချက်ချင်း ပေးပို့နိုင်သည်။
ခဏလေး…
ဒါက သူ့ဖခင် ဧကရာဇ်ကိုယ်တိုင် ဖြန့်နေတဲ့ သတင်းလား။
သူ့ဖခင် ဧကရာဇ်ဆိုပါက သူ့မှာ ရည်ရွယ်ချက်ရှိနေမည်က မလွဲပေ။
သူ့ဖခင် ဧကရာဇ်က သူတောင်ဘက် ချီတက်မှာ ကြောက်ရွံ့သောကြောင့် သူ့ကို တားဆီးရန် သတင်းမှားများ ဖြန့်လိုခြင်းလား။
မဟုတ်နိုင်ပါ။
ဒီသတင်းက မှန်လည်း မှန်နိုင်သည်။
လုရိ မြောက်ပိုင်းပြည်နယ်တွင် ရှိစဉ်တုန်းက သူ့ဖခင် ဧကရာဇ်တွင် နိုင်ငံတော် ပညာရှိအား ကောင်းကင်လူသားအဆင့် ချက်ချင်း မြှင့်တင်ပေးနိုင်သော မကောင်းဆိုးဝါးလက်နက်တစ်ခုကို ရရှိထားကြောင်း ပြောခဲ့ဖူးသည်။
ထိုအချိန်ကတည်း သူ၏ဖခင်ထံ၌ ထိုကဲ့သို့သော ရှေးဟောင်းပစ္စည်းတစ်ခု အမှန်တကယ်ရရှိထားနိုင်သည်ဟု လုချန်း သံသယရှိခဲ့သည်။ ထို့ပြင် ၎င်းသည် လူတစ်ဦး၏အဆင့်အား မြှင့်တင်ပေးရန်အတွက် မဟုတ်ပဲ အခြားရည်ရွယ်ချက်တစ်ခုခုအတွက် ဖြစ်နိုင်သည်ဟု ယူဆခဲ့သည်။
ယခု နန်းတွင်းထဲတွင် ကောင်းကင်လူသား စွမ်းအားရှင်ကို သတ်နိုင်သော နတ်ဘုရားလက်နက်တစ်ခု ရှိကြောင်း ကောလာဟလများ ထွက်ပေါ်နေသည်က အခြေအမြစ် ရေရေရာရာ မရှိပဲ ပြောဆိုခြင်းမျိုးတော့ မဟုတ်နိုင်ပေ။ ဖြစ်နိုင်ခြေမှာ တစ်စုံတစ်ဦးက တက်ကြွစွာ သတင်းပေါက်ကြားစေခြင်း ဖြစ်သည်။
.............
အခန်း( ၇၁၇)
ဆရာမထံ အကြံဉာဏ်တောင်းခံခြင်း (၂)
ဤသတင်းကို ဖြန့်နေသူသည် သူ့ထံသို့ သတင်းပေးပို့ရန် ရည်ရွယ်ခြင်း မဟုတ်ပဲ အခြားအင်အားစုများထံသို့ ပေးပို့လိုခြင်း ဖြစ်နိုင်သော်လည်း ထိုသတင်းသည် အမှန်ဖြစ်နိုင်ခြေရှိသည်။
ကောင်းကင်လူသား စွမ်းအားရှင်ကို သတ်နိုင်သော လက်နက်တစ်ခု အမှန်တကယ် ရှိခဲ့ပါက သူတို့ တောင်ဘက်သို့ ခရီးနှင်ရာတွင် ပိုမိုသတိထားရမည် ဖြစ်သည်။
ထိုအခိုက်အတန့်တွင် လုချန်းက
“အဲဒီလက်နက်က ဘာလဲ။ ဘယ်လို ကာကွယ်ရမလဲဆိုတာ ရှာဖွေဖို့ နည်းလမ်းရှာပါ။”
လျှံဇွန်းက
“ဟုတ်ကဲ့ မင်းသား။”
ထို့နောက် လျှံဇွန်းက
“မင်းသား။ နောက်ထပ် ထောက်လှမ်းရေးသတင်းတစ်ခု ရှိပါသေးတယ်။”
လုချန်းက
“ဘာထောက်လှမ်းရေးသတင်းလဲ။”
များသောအားဖြင့် အရေးကြီးသော ထောက်လှမ်းရေးသတင်းများကို စာဖြင့် ရေးသားမှတ်တမ်းတင်လေ့ရှိသည်။ စာဖြင့် မှတ်တမ်းမတင်သည့် မည်သည့် ထောက်လှမ်းရေးသတင်းကိုမှ အရေးပါသည်ဟု သတ်မှတ်လေ့မရှိပေ။
ထို့ကြောင့် လုချန်းသည် ပေါ့ပေါ့ပါးပါး မေးလိုက်ခြင်းသာဖြစ်သည်။ လျှံဇွန်းက
“တိုင်ယင်ဂိုဏ်းက ယဇ်ပူဇော်ဖို့အတွက် တောင်ဘက်က မြို့တစ်မြို့လုံးကို သတ်ဖြတ်ခဲ့ပါတယ်။”
လုချန်း၏ မျက်နှာအမူအရာ ချက်ချင်းပင် မှုန်မှိုင်းသွား၏။
တိုင်ယင်ဂိုဏ်းသည် နတ်ဆိုးဂိုဏ်းဖြစ်ကြောင်း သူ သိထားသော်လည်း လူသတ်ပွဲကြီးတစ်ခုကို ကျူးလွန်သည်အထိ ကြမ်းတမ်းရက်စက်လိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။
လျှံဇွန်းက ဆက်လက်၍
“တိုင်ယင်ဂိုဏ်းဟာ တောင်ဘက်ဒေသမှာ ပိုပြီး တက်ကြွလာနေပါတယ်။ အဲဒီက နယ်စားတော်တော်များများကို ကျောက်နယ်စားက ချေမှုန်းရှင်းလင်းလိုက်ပြီး အခု ကျောက်နယ်စား ကိုယ်တိုင်က မြောက်ဘက်ကို သူ့တပ်ကို ချီတက်နေတာကြောင့် တောင်ဘက်မှာ စစ်တပ်အင်အားနည်းပြီး ကာကွယ်မှု ကင်းမဲ့နေပါတယ်။ ဒါကြောင့် တိုင်ယင်ဂိုဏ်းက လုပ်ချင်တာလုပ်ဖို့ အခွင့်အရေးရနေတာပါ။”
ခဏခန့် တိတ်ဆိတ်ပြီးနောက် လုချန်းက “အိမ်ရှေ့မိဖုရားက အခု ဘယ်မှာလဲ”
ဤသည်မှာ စုန်းမ ရွှီလင်လုံ၏ လက်ချက်ဟုတ်မဟုတ်ကို လုချန်း သေချာနိုင်ရန် လိုအပ်သည်။ ရွှီလင်လုံသည် သူ့အမျိုးသမီးဖြစ်နေပြီဖြစ်သော်လည်း မြို့တစ်မြို့လုံးကို ယဇ်ပူဇော်ရန် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းကဲ့သို့သော ကြမ်းကြုတ်သည့် လုပ်ရပ်များကိုတော့ သူ၏စိတ်ထဲ ခွင့်မပြုနိုင်ပေ။
လျှံဇွန်းက
“မြောက်ပိုင်းပြည်နယ်က ထွက်သွားပြီးကတည်းက သူက အန်းပင်မြို့မှာ နေထိုင်နေတာပါ။”
ထိုစကားကို ကြားသောအခါ လုချန်း သက်ပြင်းတစ်ချက် ချလိုက်သည်။ ရွှီလင်လုံနှင့် မပတ်သက်သရွေ့ အဆင်ပြေသည်။
သို့သော်လည်း ထိုစုန်းမက အမှန်တကယ်ပင် သည်းခံနိုင်စွမ်း ကြီးမားလှသည်ဟု သူ တွေးလိုက်မိသည်။ သူမ ထွက်သွားတာ လပေါင်းများစွာ ကြာပြီဖြစ်သော်လည်း ပြန်မလာသေးပေ။
အများဆုံး နှစ်လအတွင်း ရွှီလင်လုံ ပြန်လာလိမ့်မည်ဟု သူ မူလက ထင်ထားခဲ့သည်။
သူမကို သူအနည်းငယ် အထင်သေးမိခဲ့ပုံရသည်။
သူမ တိုင်ယင်နတ်ဘုရားဂိုဏ်း၏ သူတော်စင်မ ဖြစ်လာနိုင်ခြင်းက အံ့ဩစရာ မဟုတ်တော့ပေ။
ထိုစဉ် လျှံဇွန်းက
“မင်းသား။ အိမ်ရှေ့မိဖုရားကို ပြန်ခေါ်ဖို့ လိုအပ်ပါလား။”
လုချန်းက
“မလိုပါဘူး။ သူ ဘယ်လို ပြန်လာရမလဲဆိုတာ သူကိုယ်တိုင် သိပါတယ်”
ဟု ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်သည်။
ရွှီလင်လုံသည် လပေါင်းများစွာ ထွက်ပြေးနေခဲ့သော်လည်း သူမ တစ်နေ့နေ့တွင် ပြန်လာလိမ့်မည်ဟု လုချန်း ခိုင်မာစွာ ယုံကြည်နေဆဲ ဖြစ်သည်။
ထို့နောက် လုချန်းက
“နောက်ထပ် ဘာများ ရှိပါသေးလဲ။”
လျှံဇွန်းက လက်နှစ်ဖက်ကို ရင်ဘတ်တွင် ယှက်ကာ ဦးညွှတ်ရင်း
“ဒါပါပဲ။”
လုချန်းက
“ကောင်းပြီ။ ဒီနေ့တော့ ဒါပါပဲ။”
လျှံဇွန်းက
“ ခွင့်ပြုပါဦး။”
လျှံဇွန်း ထွက်ခွာသွားပြီးနောက် စာကြည့်ခန်းမှ လုချန်း ချက်ချင်း မထွက်ခွာသေးပေ။ စာကြည့်စားပွဲတွင် ထိုင်ကာ လျှံဇွန်း ယူဆောင်လာသော ထောက်လှမ်းရေး အစီရင်ခံစာကို ပြန်ဖွင့်ပြီး အကြိမ်ကြိမ် ဖတ်ရှုနေခဲ့သည်။
နန်းတွင်းထဲတွင် ကောင်းကင်လူသား စွမ်းအားရှင်များကို သတ်နိုင်သော လက်နက်တစ်ခု အမှန်တကယ်ရှိခဲ့ပါက သူ မည်သို့ တုံ့ပြန်သင့်သည်ကို စဉ်းစားနေခဲ့သည်။ ရွှမ်ယွမ်ချောင်ကဲကို သေခြင်းတရားနှင့် မကြုံတွေ့စေရဟု သူ ဆုံးဖြတ်ထားသည်။
ထိုလက်နက်ကို ခိုးယူရန် သို့မဟုတ် ဖျက်ဆီးပစ်ရန် နည်းလမ်းရှာရပေမည်။
သို့သော် ထိုသို့သော လက်နက်မျိုးကို သေချာပေါက် တင်းတင်းကြပ်ကြပ် စောင့်ကြပ်ထားမည်ဖြစ်ပြီး အလွယ်တကူ ခိုးယူနိုင်မည် မဟုတ်ပေ။
ဖြေရှင်းနည်း မရှိသောကြောင့် လုချန်းလည်း ထရပ်လိုက်ကာ ဝမ်ရွန်ဆောင်သို့ ဦးတည်သွားခဲ့သည်။
လုချန်း ဝမ်ရွန်ဆောင်သို့ ဝင်ဝင်ချင်းပင် သူရောက်ရှိလာသည်ကို ယွမ်ရှန်ရှန် ခံစားမိလိုက်သည်။ လွန်ခဲ့သော လအနည်းငယ်အတွင်း သူမနှင့် လုချန်း၏ ဆက်ဆံရေးမှာ အတော်လေး ပြေလည်လာခဲ့သည်။
ယွမ်ရှန်ရှန်သည် လုချန်းရှေ့တွင် အေးစက်သောအမူအရာများကို မကြာခဏမပြသတော့ပေ။ သူမကဲ့သို့ပင် လုချန်းသည်လည်း အဆင့်မြင့်လောကမှ လာသည်ဟု ယူဆလာခြင်းကြောင့်လည်း ပါသည်။
ထို့ပြင် ယွမ်ရှန်ရှန်သည် လုချန်းအား ကျင့်စဉ်နည်းလမ်းများစွာကို သင်ကြားပေးခဲ့သည်။ သူသည် စစ်မြေပြင်သို့ မကြာခဏ မသွားသော်လည်း ဤနည်းလမ်းများသည် သူ၏ကာကွယ်ရေးအတွက် အလွန်ထိရောက်မှု ရှိသည်။
ဝမ်ရွန်ဆောင်သို့ လုချန်းရောက်ရှိလာသည်ကို သိသောအခါ လုချန်းနှင့် နဂါးဖီးနစ်ယင်ယန်ကျင့်စဉ် ကျင့်ရန် ချန်ဝမ်ရွန်ထံမှ လုချန်းကို ယနေ့ ထပ်မံ ငှားရမ်းသင့် မငှားရမ်းသင့် ယွမ်ရှန်ရှန်စဉ်းစားလိုက်သည်။ လုချန်းနှင့် ကျင့်စဉ်မလေ့ကျင့်ရသည်မှာ ကြာပြီဖြစ်သည်။
လုချန်း ဝမ်ရွန်ဆောင်သို့ လာတိုင်း ချန်ဝမ်ရွန်နှင့်ဖြစ်စေ လင်ဝမ်ရွန်နှင့်ဖြစ်စေ ပျော်ပါးတတ်သည်။
လွန်ခဲ့သော လများအတွင်း ယွမ်ရှန်ရှန်သည် နဂါးဖီးနစ်ယင်ယန်ကျင့်စဉ် လေ့ကျင့်ရန် ချန်ဝမ်ရွန်ထံမှ လုချန်းကို အကြိမ်များစွာ ငှားခဲ့သည်။ သူမသည် လုချန်း၏ ခန္ဓာကိုယ်ကို မထိတွေ့သော်လည်း သူမ၏ ကျင့်စဉ်အပေါ် သူမ၏ သဘောထားမှာ အရင်ကထက် တိုးတက်လာခဲ့သည်။ ပထမဆုံးအကြိမ်ကဲ့သို့ လုချန်းကို မတ်တပ်ရပ်ခိုင်းထားခြင်းမျိုး မပြုလုပ်တော့ပေ။
ယခု သူမနှင့် လုချန်းတို့ နဂါးဖီးနစ်ယင်ယန်ကျင့်စဉ်ကို ကျင့်ကြံသည့်အခါ ထိုင်ခွင့် လှုပ်ရှားခွင့်များ လုချန်း ရရှိလာပြိီဖြစ်သည်။ ထို့ပြင် နှစ်ဦး မျက်နှာချင်းဆိုင်ထိုင်၍ လေ့ကျင့်ခြင်းတို့ပါ ပါဝင်ပြီး ပိုမိုလေးနက်စွာ ကျင့်ကြံလာသည်။
ချန်ဝမ်ရွန်၏ အခန်းသို့သွား၍ လုချန်းအား ငှားရမ်းရန် ပြင်ဆင်နေစဉ်တွင် လုချန်းက ချန်ဝမ်ရွန်၏ အခန်းသို့ ဦးတည်မသွားပဲ သူမ၏ အခန်းသို့ တိုက်ရိုက် လာနေသည်ကို ရုတ်တရက် တွေ့လိုက်ရသည်။
ယွမ်ရှန်ရှန် ခဏခန့် တုန်လှုပ်သွား၏။
သူမ၏ တပည့်သည် သူ၏ ဆရာမအပေါ် မလေးစားသော လုပ်ရပ် ကျူးလွန်ရန် ရည်ရွယ်နေခြင်းလားဟု သူမ မတွေးပဲ မနေနိုင်ပေ။
ယွမ်ရှန်ရှန် အတွေးထဲ နစ်မြောနေစဉ် တံခါးခေါက်သံ ကြားလိုက်ရသည်။
“ဆရာမ။ ကျွန်တော့်မှာ အရေးကြီးကိစ္စတွေ ဆွေးနွေးစရာရှိပါတယ်။”
ထိုစကားကို ကြားသောအခါ ယွမ်ရှန်ရှန် ခဏခန့် စဉ်းစားလိုက်ပြီး သူမ၏ လက်ကိုဝှေ့ယမ်းကာ တံခါးကို ဖွင့်လိုက်သည်။
“ဝင်ခဲ့။”
ထို့နောက် လုချန်း အိပ်ခန်းထဲသို့ ဝင်သွားသည်။
အခန်းထဲသို့ ဝင်သည်နှင့် တစ်ပြိုင်နက် မွှေးရနံ့တစ်ခုက လုချန်း၏ နှာခေါင်းဝသို့ လွင့်ပျံ့လာပြီး သူ၏ပင်ပန်းနွမ်းနယ်မှုများကို ချက်ချင်း ဖယ်ရှားပေးကာ စိတ်နှလုံးကို အေးချမ်းသွားစေသည်။
ယွမ်ရှန်ရှန်သည် အဖြူရောင်ပိတ်ပါးဝတ်စုံကို ဝတ်ဆင်ထားပြီး ကုတင်ပေါ်တွင် ထိုင်လျက်ရှိသည်။ သူမ၏ ခန္ဓာကိုယ် ပတ်လည်တွင် နတ်ဘုရားဆန်သော အငွေ့အသက်များ ဝန်းရံလျက်ရှိပြီး ကမ္ဘာပေါ်သို့ ဆင်းသက်လာသော နတ်သမီးတစ်ပါးကဲ့သို့ အေးမြသန့်စင်နေသည်။
လုချန်း ဝင်လာပြီး သူမ၏ ခန္ဓာကိုယ်ကို စူးစိုက်ကြည့်နေသည်ကို မြင်သောအခါ ယွမ်ရှန်ရှန်က
“မင်းရဲ ဆရာမ ခန္ဓာကိုယ်ကို ဘယ်လောက်ကြာကြာ ကြည့်နေဦးမှာလဲ။”
လုချန်း သတိပြန်ဝင်လာပြီး ပြုံးလိုက်သည်။ “ဆရာမက တကယ်ပဲ နတ်သမီးပါ။အချိန်တွေကြာလာလေ ပိုပြီး နုပျိုလှပလာလေပဲ။”
ယွမ်ရှန်ရှန်က
“မင်း ဒီနေ့ ငါ့ကို ဒါတွေပြောဖို့ပဲ လာတာလား။”
လုချန်းက
“ဟုတ်ပါတယ်။ မဟုတ်ပါဘူး။”
“ကျွန်တော် ထောက်လှမ်းရေးသတင်းတစ်ခု ရထားတယ်။ နေပြည်တော်က နန်းတွင်းထဲမှာ ကောင်းကင်လူသား စွမ်းအားရှင်တစ်ဦးကိုတောင် သတ်နိုင်တဲ့ လက်နက်တစ်ခု ရှိနေတယ်ဆိုပြီး ကောလာဟလတွေ ပြန့်နေတယ်။”
ထိုစကားကို ကြားသောအခါ ယွမ်ရှန်ရှန်၏ မျက်ခုံးများ အနည်းငယ် တွန့်သွားပြီး သူမပတ်ပတ်လည်ရှိ အေးစက်သော အငွေ့အသက်များ ပိုမိုပြင်းထန်လာကာ ကုတင်ပေါ်တွင် နှင်းခဲအလွှာတစ်ခု ဖြစ်ပေါ်လာသည်။
လုချန်းက ဆက်လက်၍
“ဒီသတင်းက မှန်လား မမှန်ဘူးလားဆိုတာ ကျွန်တော်မသိပါဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်က ကောင်းကင်လူသား စွမ်းအားရှင် မဟုတ်ဘူးလေ။ ဒီကမ္ဘာမှာ ကောင်းကင်လူသား စွမ်းအားရှင်ကို သတ်နိုင်တဲ့ လက်နက် အမှန်တကယ် ရှိမရှိဆိုတာလည်း မသိပါဘူး။”
“ဒါကြောင့် ဆရာမကို မေးချင်တာက ဒီကမ္ဘာက ကောင်းကင်လူသား စွမ်းအားရှင်တွေကို သတ်နိုင်တဲ့ လက်နက်တွေ တည်ရှိဖို့ ခွင့်ပြုပါသလား။”
ယွမ်ရှန်ရှန်က
“မင်းရဲ့ ဆရာမမှာလည်း အဲ့ဒီလို လက်နက်မျိုး ရှိတယ်။”
ယွမ်ရှန်ရှန်၏ အဖြေကို ကြားသောအခါ လုချန်း တုန်လှုပ်သွားသည်။ ချူးရှုံ တစ်ချိန်က သူ့ကို ပြောပြခဲ့ဖူးသည့် စကားကို ချက်ချင်း သတိရမိသည်။
သူ၏ မိခင်သည် လျှို့ဝှက်လဝန်းနန်းတော်မှ နတ်လက်နက်တစ်ခုကို ယူဆောင်လာခဲ့ဖူး၏။ ထိုအချိန်က ချူးမိသားစုကလည်း ထိုနတ်လက်နက်ကို ထိန်းသိမ်းထားလိုခဲ့သည်။
ယွမ်ရှန်ရှန် ပြောနေသည်က သူ၏မိခင် လျှို့ဝှက်လဝန်းနန်းတော်မှ ယူဆောင်လာခဲ့သည့် နတ်လက်နက် ဖြစ်သည်မှာ ထင်ရှားသည်။
ယွမ်ရှန်ရှန်က ဆက်လက်၍
“ဒီသစ္စာဖောက်နှစ်ယောက် ဆွမ်ဧကရာဇ်နဲ့ ပူးပေါင်းဖို့ ထွက်ပြေးသွားတာ အံ့ဩစရာ မဟုတ်ဘူး။ သူတို့က ဧကရာဇ်ရဲ့ လက်နက်နဲ့ ငါ့ကို သတ်နိုင်မယ်လို့ တွေးနေကြတာ ဖြစ်ရမယ်။”
ယွမ်ရှန်ရှန်၏ စကားကို ကြားသောအခါ အရေးကြီးသော ထောက်လှမ်းရေးသတင်းတစ်ခု မတော်တဆ တွေ့ရှိလိုက်ရသကဲ့သို့ လုချန်း ခံစားလိုက်ရသည်။
ထိုအခိုက်အတန့်တွင် ယွမ်ရှန်ရှန်က
“ဒီကမ္ဘာမှာ ကောင်းကင်လူသား စွမ်းအားရှင်ကို သတ်နိုင်တဲ့ လက်နက်တွေ ရှိတာ မှန်ပေမဲ့ အဲဒီလက်နက်တွေကို အသုံးပြုဖို့အတွက် အခြေအနေတွေက အရမ်း တင်းကျပ်တာကြောင့် ကိုယ်လိုချင်တဲ့အချိန်တိုင်း အသုံးပြုလို့ မရပါဘူး။”
“ဥပမာ ဆရာမဆီမှာ ရှိတဲ့ လက်နက်ဆို တစ်ကြိမ် အသုံးပြုလိုက်တာနဲ့ ဆရာ့မရဲ့ ခန္ဓာကိုယ်ထဲက စွမ်းအား တစ်ဝက်လောက် ကုန်သွားစေနိုင်တယ်။”
လုချန်းသည် တုန်လှုပ်သွားသည်။ ထိုမျှ များပြားသော စွမ်းအင်ကုန်ဆုံးမှုလား။
လွန်ခဲ့သော တစ်နှစ်အတွင်း ရှနိုင်ငံတော်ထဲပျောက်ဆုံးသွားသော အဆင့်ငါးနှင့် အထက် သိုင်းပညာရှင်များ အကြောင်းကို လုချန်းချက်ချင်း သတိရမိပြီး
“ဒီတစ်နှစ်ပတ်လုံး ရှနိုင်ငံတော်မှာ အဆင့်ငါးနဲ့ အထက် သိုင်းပညာရှင်တွေ အများကြီး ပျောက်ဆုံးနေခဲ့တယ်။ သူတို့ ပျောက်ဆုံးမှုက ကျွန်တော့်ဖခင်နဲ့ ပတ်သက်နေတယ်။ သူတို့နဲ့ အဲဒီလက်နက်ကို စွမ်းအင် ပေးတာ ဖြစ်နိုင်တယ်။”
ဤစကားကို ကြားသောအခါ ယွမ်ရှန်ရှန်က
“စွမ်းအင် ပေးနေတာလား။”
လုချန်းက
“အဲဒီလက်နက်ကို အသုံးပြုဖို့ လိုအပ်တဲ့ အခြေအနေတွေကို ဖန်တီးပေးတာကို ဆိုလိုတာပါ။”
ယွမ်ရှန်ရှန်က
“ဒါဖြစ်နိုင်ခြေရှိတယ်။”
ထိုအခိုက်အတန့်တွင် ယွမ်ရှန်ရှန် အတွေးထဲ နစ်မြောသွားသည်။
လုချန်းက
“ဆရာမရဲ့ စွမ်းအား အခု ဘယ်လောက် ပြန်ရပြီလဲ။”
ယွမ်ရှန်ရှန်က
“ကောင်းကင်လူသား စွမ်းအားရှင်အဆင့်အထိတော့ အခြေခံအားဖြင့် ပြန်ရောက်လာပါပြီ။”
............