← Chapters

အပိုင်း (၅၅)

Vol. 5 Ch. 55

အပိုင်း (၅၅)

Vol. 5 Ch. 55

“ရှစ်ဝမ်ကျောင်း... ခင်ဗျားက စာရင်းတွေကို သေသေချာချာ လိမ်ထားတာပဲ။ ဒီမှာ စာရင်း စာအုပ်ပေါင်း တစ်ထောင်ကျော်လောက် ရှိတယ်။ အသုံးစရိတ် အမျိုးစုံပဲ။ အဝင်အထွက်တွေ အကုန်လုံးကိုလည်း ပေါက်ပန်းလေးဆယ်တွေ လျှောက်လုပ်ထားခဲ့တယ်။ ကျုပ်ဆီမှာ နေ့စဉ်နေ့တိုင်းရဲ့ အသေးစိတ် အချက်အလက် အကုန်လုံးကို စစ်ဆေးလိုက်ရတာပဲ”

ရှမ့်လန်က ပြောဆိုလိုက်၏။ “ခင်ဗျားက စာရင်းဇယားတွေကို ရှုပ်ထွေးအောင် ပြုလုပ်ပြီး အစစ်အမှန်ကို ဖုံးကွယ်ဖို့ ကြိုးစားခဲ့တာပဲ။ တကယ့်ကို ဉာဏ်ကောင်းတဲ့လူပဲ။ ဒါပေမဲ့ ခင်ဗျားရဲ့ စာရင်းက ဘယ်လောက်ကြီးပဲ ရှုပ်ရှက်ခတ်နေတယ်ဆိုဆို အသုံးမဝင်ဘူး။ ကျုပ်က အဓိက အချက်အလက်တွေ ကို ရှာနိုင်တယ်။

ရွှမ်ဝူအိမ်တော်ရဲ့ နှစ်စဉ်နှစ်တိုင်းအတွက် အသုံးစရိတ်၊ ဝင်ငွေအားလုံးကို ကျုပ် သေသေချာချာ တွက်ချက်ပြီးပြီ။ ရွှမ်ဝူအိမ်တော်မှာ အဓိကအားဖြင့် ဝင်ငွေလေးခုရှိတယ်။ ဒါက လယ်ယာမြေတွေ ဆီကနေရတဲ့ အစားအစာ၊ ပိုးတွေ ၊ ပြီးတော့ ဝမ်ကျားကျွန်းကနေပြီး ရတဲ့ သံ၊ ဆားတွေပဲ။

ရွှမ်ဝူအိမ်တော်အတွက် အဓိက အသုံးစရိတ် ခြောက်မျိုးရှိတယ်။ တစ်ဦးတစ်ယောက်ချင်းစီတိုင်းရဲ့ လစာငွေတွေ၊ ပြီးတော့ မင်းကြီးကို ပေးအပ်ရတဲ့အခွန်အခ၊ စစ်သည်ပေါင်း နှစ်ထောင့် ခုနှစ်ရာကျော်အတွက် စစ်တပ်အသုံးစရိတ်၊ ပြီးတော့ ပွဲလမ်းသဘင်တွေနဲ့ ဧည့်သည်တွေကို ဧည့်ခံရတဲ့အတွက် ကုန်ကျစရိတ်၊ နေ့စဉ်သုံးပစ်စည်း ဝယ်ယူစားရိတ်၊ ပြီးတော့ လယ်ယာမြေတွေမှာ ဆောက်လုပ်ရတဲ့ အဆောက်အအုံတွေအတွက် ကုန်ကျစရိတ်။

ခင်ဗျားက တစ်ဦးတစ်ယောက်ချင်းစီရဲ့ လစာတွေကိုလည်း ထပ်တလဲလဲ ထပ်ပြီး ရေးထားသေးတယ်။ ပြီးတော့ လယ်ယာမြေထဲမှာ ဆောက်လုပ်တဲ့ ဆောက်လုပ်ရေးတွေအတွက် စျေးပိုတင်ထားတယ်။ နေ့စဉ် အသုံးစရိတ်တွေမှာလည်း မလိုအပ်ဘဲ စျေးတင်ထားတယ်။ ပထမတုန်းကတော့ သိပ်မသိသာ ဘူးပေါ့။ တဖြည်းဖြည်းနဲ့ ခင်ဗျားက လိုချင်လောဘ ကြီးလာခဲ့တယ်”

“ဒါက ခင်ဗျား အစောပိုင်းက သုံးခဲ့တဲ့ လာဘ်စားနည်းတွေပဲ။ နောက်ပိုင်း ခင်ဗျားရဲ့ လောဘတွေ ပိုကြီးလာတဲ့အခါမှာတော့ မြို့စားအိမ်တော်ရဲ့ စစ်တပ်နဲ့ ဆား၊ သံ လုပ်ငန်းတွေအထိကိုပါ လက်လျှိုပြီး လာဘ်စားလာခဲ့တယ်။”

ရှမ့်လန်သည် တင်းမာခက်ထန်စွာ ပြောလိုက်၏။ "စစ်သည် ၂၇၀၀ ဆိုတာ အတူတူပဲ။ ခြေလျင်တပ်သားတွေ၊ မြင်းတပ်သားတွေရဲ့ အရေအတွက်ကလည်း အပြောင်းအလဲ ကြီးကြီးမားမား မရှိဘူး။ ကုန်ဈေးနှုန်း ပြောင်းလဲတာ၊ စစ်သည်တွေရဲ့ လစာ ပြောင်းလဲတာတွေကို ထည့်တွက်ရင်တောင် ဒီစစ်တပ်ရဲ့ အသုံးစရိတ်က ဘာလို့ နှစ်တိုင်း တိုးလာရတာလဲ။ ပြီးတော့ တိုးနှုန်းကလည်း တစ်နှစ်ထက်တစ်နှစ် ပိုမြန်လာနေတယ် မဟုတ်လား။"

ရှစ်ဝမ်ကျောင်း၏ မျက်နှာတစ်ခုလုံးက ဖြူရော်သွားခဲ့၏။ သူက အော်ဟစ်လိုက်သည်။ မြို့စားကြီးး... ကျုပ် ဘယ်လောက်ရူးသွပ်နေပါစေ။ ရွှမ်ဝူအိမ်တော်ရဲ့ ကိုယ်ပိုင်စစ်တပ်ကိုတော့ သွားပြီး မရှုပ်ရဲပါဘူး။ စစ်တပ်ရဲ့ အသုံးစရိတ်တွေကို လာဘ်စားတယ်လို့ ပြောတာကတော့ ရယ်စရာကောင်းလွန်းပါတယ်”

“အင်း... ခင်ဗျားဆီမှာ စစ်တပ်ရဲ့ အသုံးစရိတ်တွေကို ဝင်ပြီး ခြယ်လှယ်လာဘ်စားဖို့ အာဏာမရှိဘူး”

ရှမ့်လန်သည် တင်းမာခက်ထန်စွာ ပြောလိုက်၏။ “ဒါပေမဲ့ စစ်တပ်က စစ်မြင်းတွေ၊ ချပ်ဝတ်တန်ဆာတွေ၊ လက်နက်တွေက နှစ်တိုင်း ပျက်စီးနေတာ။ အသစ်လဲရတာတွေ ရှိတယ်ဆိုပြီး စာရင်းပြထားတယ်။ အဲလို ပျက်စီးသွားတဲ့ လက်နက်တွေ၊ ချပ်ဝတ်တွေက ဘယ်ရောက်သွားလဲ”

ရှစ်ဝမ်ကျောင်းက နှာခေါင်းရှုံ့လိုက်သည်။ “အရည်ကျိုပြီး ပြန်သွန်းလုပ်ရတာပေါ့”

ရှမ့်လန်က ရယ်မောလိုက်၏။ “ဒါဆိုရင် သံရည်ကျိုရုံက အထွက်နှုန်းကျ ဘာလို့တိုးမလာဘဲ လျော့ကျသွားတာလဲ။ နှစ်တိုင်း ကုန်ထုတ်လုပ်မှုနှုန်းက လျော့ဆင်းလာတယ်”

ရှမ့်လန်က ပြောလိုက်သည်။ “ပြီးတော့ ရွှမ်ဝူအိမ်တော်ရဲ့ အဓိက ဝင်ငွေက ဆားနဲ့သံပဲ။ ဆားနဲ့သံ ထွက်ရှိမှုနှုန်းထားက နှစ်တိုင်း သိသိသာသာ ကျဆင်းနေတယ်”

ရှစ်ဝမ်ကျောင်းက ပြောလိုက်၏။ “အဲဒါ ကျုပ် ဘယ်လိုလုပ်သိမှာလဲ”

ရှမ့်လန်က ပြောလိုက်သည်။ “ဘာလို့လဲဆိုတော့ အချိန်တိုင်း ဆားနဲ့ သံတွေရဲ့ ကုန်စည်လဲလှယ်မှုဆိုင်ရာ ကိစ္စရပ်တွေကို ကိုင်တွယ်တာ ခင်ဗျားဖြစ်နေလို့ပဲ။ ခင်ဗျားက ဆားတွေ၊ သံထွက်ရှိမှုနှုန်းကို လျော့ပြတယ်။ ပြီးတော့ ခိုးကြောင်ခိုးဝှက် ရောင်းစားပစ်ခဲ့တယ်။”

“ဟား ဟား ဟား ဟား”

ရှစ်ဝမ်ကျောင်းက ရယ်မောလိုက်၏။ “ဘာသက်သေသာဓကမှ မရှိဘဲနဲ့ ဒီလိုမျိုး လျှောက်ပြီး ပြောနေလို့ ရလား”

“သက်သေ ဟုတ်လား”

ရှမ့်လန်က နှာခေါင်းရှုံ့လိုက်သည်။ “ခင်ဗျားက တကယ့်ကို လောဘကြီးတယ်။ ခင်ဗျား ခိုးထားတဲ့ ဆန်တွေ၊ သံတွေကို သယ်ဖို့ ဂုန်နီအိတ်တွေ၊ ဝါးခြင်းတွေ လိုတယ်။ ပြီးတော့ လှည်း၊ သင်္ဘောတွေနဲ့ သယ်ယူရတယ်။ ဆားနဲ့ သံ အထွက်နှုန်း ကျဆင်းသွားရင် ဂုန်နီအိတ် နဲ့ ဝါးခြင်း ဝယ်ယူရတဲ့ အရေအတွက် ကလည်း ကျဆင်းသွားရမှာပေါ့။ ဒါပေမဲ့ မကျသွားတဲ့အပြင် ပိုတောင် တိုးလာသေးတယ်။ ဒါက သက်သေပဲ။ ဒါက ခင်ဗျား ချန်ထားခဲ့တဲ့ အမှားပဲ”

ပြီးနောက် ရှမ့်လန်သည် စားပွဲပေါ်တွင် ရှိနေသည့် အချက်အလက်များကို လက်ညှိုးညွှန်ပြကာဖြင့် မြို့စားကြီးးကို ရှင်းပြလိုက်၏။ “အဖေ... ဒီမှာ အချက်အလက်တွေအားလုံးက ရှင်းလင်းနေတယ်။ ဒါတွေအားလုံးကို ကြည့်ဖို့ အချိန်ဘယ်လောက်မှ မကြာဘူး။ တစ်ချက်ကြည့်လိုက်ရုံနဲ့ ရပြီ”

မြို့စားကြီးသည် ရှမ့်လန်ဆီမှ စာရင်းစာရွက်ကို လှမ်းကာယူလိုက်ချိန်မှာတော့ သူ၏ လက်နှစ်ဖက်လုံးသည် အနည်းငယ် တုန်ယင်လျက် ရှိနေ၏။ သူသည် စိတ်ထားကောင်းမွန်ပြီး နူးညံ့သည့် လူတစ်ယောက် ဖြစ်သည်ဆိုလျှင်တောင်မှ လူကဲခတ်တော့ တော်သူဖြစ်သည်။

ရှမ့်လန်သည် ဓားများကို ကိုင်ဆောင်ထားခဲ့၏။ ထိုဓားများသည် ရှစ်ဝမ်ကျောင်း၏ အားနည်းချက် များကို တစွပ်စွပ်ဆိုသလို ထိုးနှက်လျက် ရှိနေ၏။ ထို့အပြင် သူသည် ထိုအရာများကို သုံးသပ်ရန်အတွက် စာရင်းစာရွက်ကို ကိုင်ကာ ကြည့်ရှုရန်ပင် မလိုအပ်ချေ။ ရှစ်ဝမ်ကျောင်း၏ မျက်နှာသွင်ပြင်ကို ကြည့်ရှုလိုက်ရုံနှင့် အခြေအနေမှန်ကို သုံးသပ်နိုင်၏။

သို့ပေမဲ့ စာရင်းစာရွက်ကို သေသေချာချာ ကြည့်ရှုလိုက်သည့် အချိန်မှာတော့ မြို့စားကြီးးသည် တကယ်ပင် တုန်လှုပ်သွားမိ၏။ ရှမ့်လန်သည် စာရင်းဇယားပိုင်းဆိုင်ရာ အချက်အလက်များကို သေသေချာချာ ရှင်းရှင်းလင်းလင်း ဖော်ပြထား၏။ ဝင်ငွေမျိုးစုံ၊ အသုံးစရိတ်မျိုးစုံ၊ အရာအားလုံးသည် တစ်ချက်ကြည့်ရှုလိုက်ရုံနှင့် ရှင်းလင်းလျက် ရှိနေသည်။

မြို့စားကြီးကဲ့သို့သော စာရင်းဇယားနှင့် အလှမ်းဝေးသည့် လူပင်လျှင် တစ်ချက်ကြည့်ရှုလိုက်ရုံနှင့် သေသေချာချာ ရှင်းရှင်းလင်းလင်း မြင်နိုင်လောက်အောင် ပြုလုပ်ထားခြင်းပင် ဖြစ်၏။ ထိုကဲ့သို့သော စွမ်းရည်မျိုးသည် အံ့အားသင့်စရာကောင်းလှ၏။

ရှစ်ဝမ်ကျောင်းတစ်ယောက်သည် တကယ့်ကို ကောင်းမွန်သည့် နည်းစနစ်များကို အသုံးပြုကာဖြင့် ဉာဏ်ကစားကာ စာရင်းအားလုံးကို လိမ်လည်ထားခြင်းဖြစ်၏။ ရှစ်ဝမ်ကျောင်း၏ စာရင်းဇယားထဲတွင် ရှိနေသည့် ကွာဟချက်အားလုံးကို ရှမ့်လန်က ရှာဖွေနိုင်ခဲ့၏။ တစ်ခုချင်းစီတိုင်းသည် စစ်မှန်သည့် သက်သေပြချက်များပင် ဖြစ်လေ၏။

ဥပမာအားဖြင့် နှစ်သစ်ကူးပွဲမတိုင်ခင် ရက်သတ္တပတ်က မြို့စားအိမ်တော်သည် ယခင်နှစ်ကထက် ဝိုင်ပုလင်း တစ်ထောင်ကျော်ကို ပိုမိုကာ ဝယ်ယူခဲ့၏။ သို့ပေမည့် ပျော်ပွဲရွှင်ပွဲ ပြီးဆုံးပြီးသည့်နောက် ဝိုင်ပုလင်းများ မကုန်သေးချေ။ ၃၀ရာခိုင်နှုန်း လျှော့စျေးဖြင့် ဝိုင်ပုလင်းပေါင်း တစ်ထောင်ကျော်ကို ပြန်လည်ကာ သွင်း၏။ ထိုနည်းနှင့် မြို့စားအိမ်တော်၏ ရွှေများသည် တဖြည်းဖြည်း လျော့ပါးသွားခဲ့ခြင်းပင် ဖြစ်သည်။

ရှစ်ဝမ်ကျောင်း၏ ပိုက်ဆံရှာသည့် နည်းလမ်းများသည် အလှည့်အပြောင်း များလွန်းလှ၏။ မြို့စားကြီးကိုပင် မျက်စိအမြင်ကျယ်စေခဲ့၏။ မြို့စားကြီးသည် ရှမ့်လန်ပေးသည့် စာရွက်ကို ဖတ်ရှုရင်း တစ်ကိုယ်လုံးပင် တုန်ယင်လျက်ရှိ၏။ သူ၏ နှလုံးသားထဲတွင် ဒေါသတရားများနှင့် ပြည့်နှက်လျက် ရှိ၏။ ထို့အတူ အံ့အားသင့်ခြင်း၊ ပျော်ရွှင်မှုများကိုလည်း ခံစားနေရ၏။

ဟုတ်ပေ၏။ သူသည် ရှစ်ဝမ်ကျောင်းအတွက် ဒေါသထွက်နေခြင်းဖြစ်၏။ အံ့အားသင့်ခြင်းနှင့် ပျော်ရွှင်ခြင်းဆိုသည်မှာတော့ ရှမ့်လန်ကြောင့်ပင်။ သူ၏ သမက်တော်သည် ဤမျှ ဉာဏ်ကောင်းပြီး ဗဟုသုတနှင့် ကြွယ်ဝသည့်လူတစ်ယောက် ဖြစ်မည်ဟု မထင်မှတ်ခဲ့ချေ။ တစ်ညအတွင်းမှာပဲ ရှိရှိသမျှသော စာရင်းအားလုံးကို ရှင်းရှင်းလင်းလင်း စစ်ဆေးခဲ့၏။ မည်သို့ လုပ်လိုက်သနည်း။

မြို့စားကြီးသည် ဂဏန်းသင်္ချာကို မကျွမ်းကျင်သူ မဟုတ်ချေ။ သို့ပေမဲ့ ဤမျှ ကျွမ်းကျင်သည့် လူမျိုးကိုတော့ တစ်ခါမှ မမြင်ခဲ့ဖူးချေ။ လက်ရှိအခြေအနေ၌ သူသည် သစ္စာဖောက်ခံရခြင်းကြောင့် ဒေါသတရားများကို အလွန်အမင်း ခံစားလျက် ရှိနေ၏။ မြို့စားကြီးသည် ကြီးကြီးမားမားပင် ဆုံးရှုံးသွားရသည်ဟု ခံစားနေမိ၏။ သို့ပေမဲ့ သူ့ သမက်တော်၏ ကောင်းမွန်သည့် စွမ်းဆောင်ရည်ကို မြင်ရသည့် အချိန်မှာတော့ အလွန်တရာလည်း ပျော်ရွှင်နေမိ၏။

“အင်း... လူကြီးမင်းလင်းကို အထဲကို လာခိုင်းလိုက်” မြို့စားကြီးက အမိန့်ပေးလိုက်သည်။

ခဏကြာပြီးနောက် လူကြီးမင်းလင်းက ဝင်ရောက်လာခဲ့၏။

“ကြည့်... ရှမ့်လန် လွန်ခဲ့တဲ့ညက လုပ်ခဲ့တဲ့ ဒီစာရင်းစာရွက်တွေ။ ဒါတွေကို စစ်ဆေးပေးအုံး” မြို့စားကြီးက ပြောလိုက်၏။

လူကြီးမင်းလင်းသည် စာရင်းစာရွက်ကို သေသေချာချာ ဖတ်ရှုလိုက်၏။ ပြီးနောက် သူသည် အလုံးစုံ ဆွံ့အသွားခဲ့မိ၏။ ပထမဦးဆုံး ခေါင်းကိုမော့ကာဖြင့် ရှမ့်လန်ကို ကြည့်ရှုလိုက်၏။ ပြီးနောက် စာရွက်ကို ဖတ်ရှုလိုက်သည်။

မည်သို့ ဖြစ်နိုင်မည်နည်း။ တစ်ညအတွင်း ရှမ့်လန်သည် စာရင်းဇယားအားလုံးကို သေသေချာချာ ရှင်းရှင်းလင်းလင်း စစ်ဆေးပြီး ဖြစ်လို့နေခဲ့သည်။ မည်သို့ လုပ်လိုက်သနည်း။ အလုံးစုံ အံ့အားသင့်စရာပင်။

တခြားသူများအနေနှင့် ဤစာရင်းဇယား ပြုလုပ်သည့်နည်းလမ်းများနှင့် ပတ်သက်၍ နားမလည် သောကြောင့် အံ့အားသင့်လိမ့်မည် မဟုတ်ပေ။ သို့ပေမည့် လူကြီးမင်းလင်းသည် စာရင်းဇယားနှင့် ပတ်သက်၍ အနည်းငယ် ကျွမ်းကျင်သည်။ ထို့ကြောင့် သူ၏ နှလုံးသားထဲတွင် ဖြစ်နေသည့် ခံစားချက်များကို စကားလုံးများဖြင့် ထုတ်ဖော်ကာ ပြောဆိုရန်ပင် မဖြစ်နိုင်တော့ချေ။

“ဘယ်လိုလဲ” မြို့စားကြီးက မေးမြန်းလိုက်၏။

“ပါရမီရှင်... တကယ့် ပါရမီရှင်ပဲ”

လူကြီးမင်းလင်းသည် ဦးညွှတ်ကာ ပြောလိုက်သည်။ “ဂုဏ်ယူပါတယ် အရှင်။ ဒီလို ပါရမီရှင်မျိုး ကျုပ်တို့ ရွှမ်ဝူအိမ်တော်မှာ ရှိနေတဲ့အတွက်ပါ။ ဒီလို သင်္ချာပါရမီရှင်မျိုး၊ ဒီလို စာရင်းစစ်တဲ့ နည်းလမ်းမျိုးကို ကျုပ် တစ်ခါမှ မကြားဖူး၊ မမြင်ဖူးပါဘူး”

မြို့စားကြီးသည် ပြုံးပြီး ရှမ့်လန်ကို ကြည့်လိုက်၏။ “မာနကြီး မောက်မာမနေနဲ့။ နားလည်လား”

“ကောင်းပါပြီ အဖေ” ရှမ့်လန်သည် ယဉ်ကျေးစွာဖြင့် ခေါင်းကို ညွှန့်ကာ ပြန်လည် ဖြေဆိုလိုက်သည်။

ပြီးနောက် ရွှမ်ဝူမြို့စားကြီးသည် ရှစ်ဝမ်ကျောင်းကို ကြည့်ရှုကာဖြင့် အေးစက်စက် ပြောလိုက်၏။ “အင်း... လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်ကျော်လုံး ကျုပ် ခင်ဗျားကို အားကိုးခဲ့တယ်။ ခင်ဗျားရဲ့ လက်တွေ၊ ခြေတွေက မသန့်ရှင်းဘူးမှန်း ကျုပ်သိတယ်။ ရေဆိုတာ ကြည်လင်လွန်းရင် ငါးရှိမှာ မဟုတ်ဘူးလေ။ ဒါကြောင့် ကျုပ် မျက်စိကန်းသလို နေထိုင်ပေးခဲ့တယ်။ ဒါပေမဲ့ ခင်ဗျား ဒီလောက်တရားလွန် လိမ့်မယ်လို့ ကျုပ် မထင်မှတ်ခဲ့ဘူး”

မြို့စားကြီးသည် ဒေါသထွက်ခဲသည်။ သို့ပေမည့် လက်ရှိအခြေအနေတွင် အစစ်အမှန် ဒေါသထွက်လျက် ရှိနေသည်။

ရှစ်ဝမ်ကျောင်း၏ မျက်နှာတစ်ခုလုံးသည် ဖြူရော်လျက် ရှိနေသည်။ သူ၏ ခြေထောက်များသည်လည်း တုန်ယင်နေခဲ့၏။ သူသည် အသက်ကိုပင် ကောင်းကောင်း မရှူနိုင်တော့သလို ခံစားနေမိ၏။ ချွေးစေးများ ပြန်လျက်ရှိနေပြီး သူ၏ ခန္ဓာကိုယ်ထဲတွင် နွေးထွေးသည့်ခံစားချက် ဟူ၍ပင် မရှိတော့ချေ။ တစ်ကိုယ်လုံးက အေးစက်လာခဲ့၏။

မြို့စားကြီးသည် တင်းမာခက်ထန်စွာ ပြောလိုက်သည်။ “ရှစ်ဝမ်ကျောင်း... ခင်ဗျား ပြောချင်တာ ဘာရှိသေးလဲ”

ရှစ်ဝမ်ကျောင်းသည် အသက်ကို မနည်းရှူလိုက်ရ၏။ လက်ရှိအချိန်သည် အပြစ်အားလုံးကို ဝန်ခံရမည့် အချိန် မဟုတ်သေးချေ။ သူသည်သာ ဝန်ခံလိုက်ပါက အရာအားလုံး ပြီးဆုံးသွားပေလိမ့်မည်။ ထို့ကြောင့် အဆုံးစွန်အထိ ခေါင်းမာမာနှင့် ငြင်းဆန်ရန်သာ စဉ်းစားထားခဲ့၏။ သူ၏ နောက်ကွယ်တွင် ရှိနေသည့် ဆရာကြီးများသည် သူ့ကို လာရောက်ကယ်တင်ရန် စောင့်ကြည့်နေပေလိမ့်မည်။

သူဖွက်ထားသည့် ရွှေဒင်္ဂါးများသည် သူ၏ အသက်ရှင်သန်ရေးအတွက် အဓိက သော့ချက်များ ဖြစ်လာပေမည်။ ရှစ်ဝမ်ကျောင်းသည် အံကိုကြိတ်ကာ ပြောလိုက်၏။ “မြို့စားကြီး... ခင်ဗျား အပြစ်တင်ချင်တယ်ဆိုရင် နည်းလမ်းတစ်ခုခုကိုတော့ ရှာသင့်တယ်။ မြို့စားအိမ်တော်မှာ ဘဏ္ဍာရေး အကြပ်အတည်းဖြစ်နေလို့ ကျွန်တော်တို့ ခေါင်းပေါ် ပုံချချင်တာလား။”

မြို့စားကြီး၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ဒေါသတရားများနှင့် တုန်ယင်သွားခဲ့၏။ သူသည် လက်ထဲရှိ စာရွက်ကို လက်ညှိုးနှင့် တဘောက်ဘောက် ထိုးကာ ပြောလိုက်သည်။ “ဒါတွေက သက်သေမဟုတ်ဘူးလား”

ရှစ်ဝမ်ကျောင်းက ပြောလိုက်၏။ “တစ်စုံတစ်ယောက်ကို ဖမ်းဖို့ဆိုတာ ခိုးရာပါ ပစ္စည်းကို အရင်ဆုံး ဖမ်းမိဖို့ လိုတယ်။ ခင်ဗျားတို့က ကျုပ် ရွှေဒင်္ဂါး သုံးသောင်းကျော်ကို လိမ်ညာလှည့်စား ရယူထားခဲ့တယ်လို့ ပြောခဲ့တယ်။ ဒါပေမဲ့ အဲဒီ ရွှေဒင်္ဂါးတွေက ဘယ်မှာလဲ။ ဘယ်မှာလဲ သက်သေ။ အခု ထုတ်ပြလေ”

“ခင်ဗျားတို့က တွေ့ရာမြင်ရာ စာရင်းဇယားတွေ လျှောက်လုပ်ထားကြတာပဲ။ ကျုပ် ခိုးယူထားပါတယ် ဆိုတဲ့ ရွှေဒင်္ဂါး သုံးသောင်းကျော်က ဘယ်မှာလဲ။ ပြလေ။ ရှမ့်လန်က ပညာမတတ်၊ သုံးမရတဲ့သူပါ။ ရှမ့်လန် လျှောက်ရေးထားတာတွေ လာပြပြီး ကျုပ်ခေါင်းပေါ် အပြစ်တင်ဖို့ ကြံစည်ထားကြတယ်ပေါ့လေ”

“မြို့စားကြီး... ကျုပ်က ခင်ဗျားငှားထားတဲ့ လူတစ်ယောက်ပါ။ ဒါပေမဲ့ မြို့စားအိမ်တော်ရဲ့ ကျေးကျွန် တစ်ယောက် မဟုတ်ဘူး။ မြို့စားအိမ်တော်က ကျုပ်ကို စီရင်ဖို့ လုံလောက်တဲ့ အခွင့်အာဏာ ပိုင်ဆိုင်တာ မဟုတ်ဘူး။ ကျုပ်က ရွှဲ့ပြည်နယ်ရဲ့ တရားဝင် စာရင်းကိုင် တစ်ယောက်ပဲ”

ဆိုလိုရင်းသည် တကယ့်ကို ကြမ်းတမ်းလွန်းလှချေ၏။ သူ့အနေနှင့် တစ်စုံတစ်ခု အပြစ်လုပ်သွားသည် ဆိုလျှင်တောင်မှ သူ့ကို ဤအိမ်တော်ရှိ မည်သူကမှ အပြစ်ပေး၍ မရနိုင်ချေ။ ရွှဲ့ပြည်နယ် အုပ်ချုပ်ရေးအစိုးရဆီသို့ အပ်နှံရန်သာရှိ၏။ ရှစ်ဝမ်ကျောင်းသည် တကယ့်ကို ကောင်းမွန်သည့် အကြံအစည်မျိုးကို ကြိုတင်ကာ ကြံစည်ထားခဲ့ခြင်း ဖြစ်၏။ ရွှမ်ဝူမြို့စားကြီး အနေဖြင့် လှုပ်မရ၊ လူးမရ အခြေအနေမျိုးပင်။

မြို့စားကြီးသည် ဒေါသတရားများဖြင့် တုန်ယင်လျက် ရှိနေ၏။ သူ အလွန်မင်း ယုံကြည်အားကိုး ခဲ့သည့် လူသည် ဤသို့သူ့ကို သစ္စာဖောက်လိမ့်မည်ဟု မထင်မှတ်ခဲ့ချေ။ တကယ့်ကို လွန်လွန်းလှချေ၏။ အရှက်မဲ့ခြင်းမှာလည်း အဆုံးစွန်အထိပင်။

ရှစ်ဝမ်ကျောင်းသည် ကျယ်လောင်စွာ အော်ဟစ်လိုက်၏။ “အားလုံးပဲ လာကြည့်ကြ။ ရှမ့်လန်က ငါ့ကို ဒုက္ခပေးချင်တာနဲ့ လိမ်ညာလှည့်ဖြားပြီးတော့ အပြစ်ဟူသမျှ ခေါင်းပေါ် လာတင်နေတယ်”

လက်ရှိအခြေအနေ၌ ရှစ်ဝမ်ကျောင်း အကျင့်ပျက်ခြစားထားသည့် ရွှေဒင်္ဂါးများကို ရှာရန်မှာ အရေးတကြီး ဖြစ်လာ၏။ မြို့စားကြီးသည် လက်ထဲတွင် ရှိနေသည့် ရေနွေးခွက်ကို ကောက်ယူကာဖြင့် အသာ မော့သောက်လိုက်၏။ သူသည် နှလုံးသားထဲတွင် ရှိနေသည့် ဒေါသတရားများကို ဖိနှိပ်ကာဖြင့် အေးတိအေးစက် ပြောလိုက်သည်။

“ရှစ်ဝမ်ကျောင်း... ရွှေဒင်္ဂါးတွေကို ပြန်ပေး။ မင်းရဲ့ အသက်ကို ငါ ချမ်းသာပေးမယ်။ ငါတို့ နှစ်ပေါင်း နှစ်ဆယ်ကျော် ခင်မင်ခဲ့တဲ့ အရာကို ထောက်ထားပြီးတော့ပေါ့”

မြို့စားကြီးသည် လက်ရှိအခြေအနေ၌ ငွေကြေးပိုင်း ပြဿနာများစွာနှင့် ရင်ဆိုင်နေရ၏။ ထိုအရာကို မြို့စားကြီးသာလျှင် သိ၏။ သူ့အနေနှင့် ရွှေများကိုသာ ပြန်ရမည် ဆိုပါက အကျိုးကျေးဇူး အနည်းငယ် ရပေလိမ့်မည်။

ရှစ်ဝမ်ကျောင်း၏ နှလုံးသားတစ်ခုလုံးသည် တုန်ယင်လျက်ရှိ၏။ ရွှေဒင်္ဂါးများသည် သူ၏ အသက်ကို ကယ်တင်နိုင်မည့် အရာမျိုးဖြစ်ကြောင်း သေချာ၏။ သူ၏ အသက်သည် အဖိုးမတန်ဘူး ဆိုလျှင်တောင်မှ ရွှေဒင်္ဂါးများသည် မြို့စားအိမ်တော်အတွက်တော့ အလွန်အရေးကြီးသည့် အရာမျိုး ဖြစ်၏။ ထို့ကြောင့် သူ့ကို ကျိန်းသေပေါက် ရှင်းပစ်နိုင်လိမ့်မည် မဟုတ်ချေ။

ရှစ်ဝမ်ကျောင်းက ကျယ်လောင်စွာ အော်ဟစ်လိုက်၏။ “ကျုပ် ဘာတစ်ခုကိုမှ မခိုးထားဘူး။ ရွှေဒင်္ဂါးတွေကို ကျုပ်က ဘယ်လိုပေးရမှာလဲ။ ပြီးတော့ ဒီအရာအားလုံးက ရှမ့်လန် ကျုပ်ကို အပြစ် ပုံချနေတာလေ။ မြို့စားကြီး အနေနဲ့ သေသေချာချာ စုံစမ်းစစ်ဆေးသင့်တယ်”

ရှစ်ဝမ်ကျောင်းသည် ကိစ္စကို ပိုမိုကြီးမားအောင် ပြုလုပ်လျက် ရှိနေ၏။ ရွှမ်ဝူအိမ်တော်သည် လက်ရှိအခြေအနေ၌ မတည်မငြိမ် ဖြစ်လို့နေခဲ့၏။ ထို့ကြောင့် သူသည် အားလုံးသောသူတို့ မလုံခြုံမှုကို ခံစားရအောင် တမင်တကာ အော်ကြီးဟစ်ကျယ်နှင့် ပြောဆိုလျက် ရှိနေခြင်းပင်။

ရှမ့်လန်သည် ရှေ့ကို လှမ်းတက်ကာဖြင့် ပြောလိုက်သည်။ “ရှစ်ဝမ်ကျောင်း.. ခင်ဗျားက နောက်ဆုံး အသက်ရှင်ဖို့ အခွင့်အရေးကိုတောင်မှ ကိုယ့်ဘာသာကိုယ် ဖျက်ဆီးပစ်ခဲ့တာပဲ”

ရှစ်ဝမ်ကျောင်းက နှာခေါင်းရှုံ့လိုက်၏။ “ငါမှ ပိုက်ဆံတွေကို မခိုးခဲ့တာ။ မင်း ငါ့ကို သက်သေ ကောင်းကောင်း မပြနိုင်ဘူးလေ။ ဒီတော့ ငါခိုးခဲ့တယ်ဆိုတဲ့ ရွှေဒင်္ဂါးတွေ ဘယ်မှာလဲ မင်းပြ”

အရှက်မဲ့သည့် နေရာတွင် ဤလူသည် ပြိုင်စံရှားပင် ဖြစ်သည်။

“အင်း... ခင်ဗျားကို ကျုပ် ငြိမ်ငြိမ်ချမ်းချမ်းနဲ့ သေဆုံးခွင့်မပေးနိုင်တော့ဘူး”

ရှမ့်လန်သည် ထိုင်ခုံပေါ်တွင် ထိုင်ချကာ ပြောလိုက်၏။ “ခင်ဗျားရဲ့ လျှို့ဝှက်မြေအောက်ခန်းက ဘယ်နေရာမှာရှိတယ်ဆိုတာ ကျုပ်သိတယ်”

“အိမ်မက်ထဲမှာပဲ ရမယ်” ရှစ်ဝမ်ကျောင်းသည် အားရပါးရ အော်ဟစ်ကာ ရယ်မောလိုက်၏။ သူ၏ လျှို့ဝှက်မြေအောက်ခန်းကို လူနှစ်ယောက်သာလျှင် သိ၏။ သူနှင့် သူ၏ အကြီးဆုံးသားပင်။ သူ၏ မိန်းမပင်လျှင် မသိရှိချေ။ သူ သေဆုံးသွားမည် ဆိုလျှင်တောင်မှ ရှမ့်လန်အနေနှင့် ဤမြေအောက် ရတနာတိုက် မည်သည့်နေရာတွင် ရှိမှန်းကို သိနိုင်လိမ့်မည် မဟုတ်ချေ။ ခြိမ်းခြောက်ချင်သည်လား၊ သူ ရှစ်ဝမ်ကျောင်းသည် သုံးနှစ်ကလေး မဟုတ်ပေ။

ရှမ့်လန်သည် သူ၏ အိတ်ကပ်ထဲတွင် ရှိနေသည့် စာရွက်တစ်ရွက်ကို ထုတ်ယူပြီးနောက် မြို့စားကြီးကို ကမ်းပေးလိုက်၏။ “အဖေ.. ဒီနေရာကို သွားမယ်ဆိုရင် လူကြီးမင်း ရှစ်ဝမ်ကျောင်းရဲ့ ရတနာတိုက်ကို တွေ့လိမ့်မယ်”

မြို့စားကြီးသည် ထိုအရာကို လှမ်းကြည့်ကာဖြင့် အံ့အားသင့်သွားသည်။ “လန်အာ... ရွှေတွေကို တကယ်တမ်း ပြန်ယူလို့ ရနိုင်ရဲ့လား”

ရွှေတွေကိုသာ ပြန်ယူနိုင်မည် ဆိုပါက မြို့စားအိမ်တော်အတွက် ကြီးမားသည့် ကောင်းကျိုးကို ပြုလုပ်နိုင်ခြင်းပင်။

ရှမ့်လန်က ပြောဆိုလိုက်၏။ “ကိုးဆယ့်ငါးရာခိုင်နှုန်း”

မြို့စားကြီးက ကျယ်လောင်စွာ ပြောလိုက်သည်။ “ကျင်းဟွေ့...ရှစ်ဝမ်ကျောင်းရဲ့ လျှို့ဝှက်ရတနာတိုက်ဆီကိုသွား။ အကုန်ပြန်ယူခဲ့”

All Chapters