အပိုင်း (၅၆)
Vol. 5 Ch. 56
နာရီဝက်ခန့်ကြာသောအခါ ရှမ့်လန်၊ ကျင်းဟွေ့၊ ကျင်းကျူးသည် မြင်းသည်တော် တစ်ရာကျော်ကို ဦးဆောင်ပြီး ရှစ်ဝမ်ကျောင်းကို ခေါ်ဆောင်ကာဖြင့် နေရာတစ်ခုဆီသို့ ဦးတည်လျက် ရှိနေ၏။
ရှစ်ဝမ်ကျောင်း၏ မျက်နှာသည် တဖြည်းဖြည်းနှင့် ဖြူရော်လာခဲ့၏။ ခန္ဓာကိုယ် တစ်ခုလုံးကလည်း တဖြည်းဖြည်းနှင့် ပိုမိုကာ တုန်ယင်လာခဲ့သည်။
နောက်ဆုံးမှာတော့ မြင်းသည်တော်များသည် တောင်ကြား တစ်ခုဆီသို့ ရောက်ရှိလာခဲ့ကြ၏။ ဤနေရာတွင် မည်သည့်အရာမှ မရှိချေ။ ကျောက်တုံးများဖြင့် ပြုလုပ်ထားသော ကင်းမျှော်စင် တစ်ခုသာလျှင် ရှိ၏။ ထိုအရာကလည်း အစောကြီးထဲက စွန့်ပစ်ထားသည့် အရာမျိုးကဲ့သို့ပင်။
“ဆင်းတော့ လူကြီးမင်း ရှစ်ဝမ်ကျောင်း” ရှမ့်လန်က တည်ငြိမ်စွာ ပြောလိုက်၏။
ဤတစ်ကြိမ်မှာတော့ ရှစ်ဝမ်ကျောင်းသည် တစ်ချက်ကလေးမှ မလှုပ်ရှားချေ။ သူ၏ ခြေထောက်များ သည် ခေါက်ဆွဲများကဲ့သို့ပင် ပျော့ခွေလျက် ရှိနေသည်။
မြို့စားအိမ်တော်မှ စစ်သည်တော် နှစ်ယောက်တို့သည် သူ့ကို အသာပင်ထမ်းကာ အောက်သို့ချလိုက်၏။
“ဒီနေရာနဲ့ ခင်ဗျား အရမ်း ရင်းနှီးနေလိမ့်မယ်လို့ ထင်တယ်။ တခြားသောသူတွေအတွက် ဒီနေရာက ထုတ်ဖော်ပြောဆိုလောက်အောင် တန်ကြေးရှိတဲ့နေရာမျိုး မဟုတ်ဘူး ဆိုပေမဲ့ ခင်ဗျားအတွက်တော့ အရမ်းကိုအရေးကြီးတဲ့ နေရာပဲ”
ရှမ့်လန်က ပြောလိုက်သည်။ “ကျုပ်ပြောတာ မှန်တယ်မလား။ လူကြီးမင်း ရှစ်ဝမ်ကျောင်း”
ရှစ်ဝမ်ကျောင်းသည် အသက်ကိုပင် မနည်းရှူနေရ၏။ သို့ပေမည့် သူသည် ခေါင်းမာမာနှင့် ငြင်းဆန်လိုက်၏။ “မင်း ဘာတွေ ပြောနေတာလဲ ငါမသိဘူး”
သူသည် သေခြင်းတရားနှင့် ရင်ဆိုင်ရသည့် အခြေအနေမျိုးတွင်တောင်မှ ခေါင်းမာလျက် ရှိနေသေး၏။ မြင်းသည်တော်တစ်ရာကျော်တို့သည် အောက်ဆီသို့ ဆင်းသက်လာခဲ့ပြီးသည့်နောက် ဤနေရာ တစ်ခုလုံးကို ကာကွယ်ထားခဲ့သည်။
ကျင်းကျူး၊ ကျင်းဟွေ့နှင့် လက်ရွေးစင် စစ်သည်တော် တစ်ဒါဇင်ကျော်တို့သည် စွန့်ပစ်ထားသည့် ကင်းမျှော်စင်၏ အထဲသို့ အသာပင် လှမ်းဝင်လိုက်၏။
ဘုန်း
တံခါးကို ကန်ကျောက်ကာ ဖွင့်လိုက်သည့် အချိန်မှာတော့ အနက်ရောင် အရိပ်တစ်ခုသည် အပြင်ဘက်သို့ လှစ်ခနဲထွက်ပြေးရန် ကြိုးစား၏။ ကျင်းဟွေ့သည် ကျွမ်းကျင်သူ ဖြစ်၏။ အဘယ်သို့ လက်လွှတ်ပေးမည်နည်း။ ချက်ချင်းပဲ ထိုလူ၏ လည်ပင်းကို လှမ်းဖမ်းကာဖြင့် ဆွဲမထားသည်။
အနက်ရောင်လူသည် ရုတ်တရက် သူ၏ အင်္ကျီလက်ကြားထဲမှ အဆိပ်မြားတစ်စင်းကို ထုတ်ကာ ပစ်လွှတ်လိုက်၏။ ကျင်းဟွေ့သည် သူ၏လက်များကို ခါယမ်းကာဖြင့် ကာကွယ်ပြီးဖြစ်သည်။ ပြီးနောက် သူသည် လျှပ်စီးကဲ့သို့ မြန်ဆန်သည့် လှုပ်ရှားမှုမျိုးဖြင့် တစ်ဖက်လူ၏ ခြေလက်များ အားလုံးကို လွယ်လွယ်ကူကူ ချိုးချေလိုက်၏။
ဖြောင်း ဖြောင်း ဖြောင်း
“အား …”
အနက်ရောင် ဝတ်စုံနှင့် လူသည် ကြောက်မက်ဖွယ်ရာကောင်းသည့် အသံဆိုးကြီးဖြင့် အော်ဟစ်လိုက်သည်။
“မလုပ်နဲ့” ရှစ်ဝမ်ကျောင်းသည်လည်း ဆိုးဆိုးရွားရွားထကာ အော်ဟစ်၏။
ကျင်းဟွေ့သည် ရှေ့ဆီသို့ လှမ်းတက်ပြီးနောက် အနက်ရောင် ဝတ်ဆင်ထားသည့်လူ၏ မျက်နှာဖုံးကို ဆွဲဖြုတ်လိုက်သည်။
ကြောက်လန့်မှုများနှင့်အတူ အမုန်းတရားများ ပြည့်နှက်နေသည့် မျက်ဝန်းများနှင့် လူတစ်ယောက်၏ မျက်နှာက ပေါ်ပေါက်လာခဲ့၏။ ရှစ်ဝမ်ကျောင်း၏သား ရှစ်ထျန်းပင် ဖြစ်၏။ ၎င်းသည် လျှို့ဝှက်ရတနာတိုက်ကို စောင့်ကြည့်ရန် တာဝန်ယူထား၏။
“ဒီကင်းမျှော်စင်က စွန့်ပစ်ထားတာ ကြာပြီ။ မင်း ဒီမှာ ဘာလုပ်နေတာလဲ” ကျင်းကျူးက မေးမြန်း လိုက်သည်။
“ခင်ဗျားကိစ္စလား”
ရှစ်ထျန်းသည် အေးစက်စက်ဖြင့် မေးမြန်းလိုက်၏။ “ကျုပ် ဒီကို လာလို့ မရဘူးလား”
ရှမ့်လန်က ပြောလိုက်သည်။ “သူ့ကို ပေါက်ကရတွေ ပြောမနေနဲ့တော့။ မြေအောက်မှာ လျှို့ဝှက်တံခါး တစ်ခု ရှိတယ်။ သွားကြရအောင်”
စစ်သည်တော် တစ်ဒါဇင်ကျော်တို့သည် ရှေ့ဆီသို့ လှမ်းတက်လိုက်ကြ၏။ မည်သည့်နေရာတွင် လျှို့ဝှက်တံခါးရှိမှန်း သူတို့မသိသလို အထဲတွင် မြေအောက်ထောင်ချောက်များ ရှိနေမည်လား ဆိုသည်ကိုလည်း မသိချေ။ သို့ပေမည့် မြေအောက် သုံးပေနီးပါးခန့်ကို တူးပြီးနောက် လျှို့ဝှက်တံခါးတစ်ခု ပေါ်ပေါက်လာခဲ့၏။ ထိုတံခါးကြီးအား ကြီးမားလွန်းသည့် သံသော့ကြီးများနှင့် ခတ်ထား၏။
ကျင်းဟွေ့သည် ရှေ့ဆီသို့ လှမ်းတက်ပြီး သူ၏ဓားနှင့် ခုတ်ပိုင်းလိုက်၏။ အဆုံးသတ်မှာတော့ ထိုသော့သည် အကောင်းတိုင်း တည်ရှိနေသေး၏။ ဓားသာလျှင် ကျိုးသွားခဲ့သည်။
“အင်း.. ဒီသော့က သံမဏိနဲ့ လုပ်ထားတဲ့ အရာပဲ။ ဓားနဲ့ ခုတ်ပိုင်းလို့ ရမှာ မဟုတ်ဘူး”
ရှမ့်လန်က ပြောလိုက်၏။ “သော့နဲ့ဖွင့်မှပဲ ရမယ်။ ကျုပ်ထင်တာ မမှားဘူးဆိုရင် လူကြီးမင်း ရှစ်ဝမ်ကျောင်းရဲ့ ခန္ဓာကိုယ်မှာ သော့ရှိလိမ့်မယ်”
ရှစ်ဝမ်ကျောင်းသည် ချက်ချင်းပဲ အားကုန် ရုန်းကန်လျက် ရှိနေ၏။ ကျင်းကျူးသည် ရှေ့ဆီသို့ လှမ်းတက်ပြီး ခန္ဓာကိုယ်တစ်ခုလုံးကို ရှာဖွေ၏။ သို့ပေမဲ့ သော့ကို ရှာမတွေ့ခဲ့ချေ။ သို့ပေမဲ့ သူသည် ရှစ်ဝမ်ကျောင်း၏ ဆံပင်ညှပ်သည့် ဆံထိုးကို လှမ်းကာယူလိုက်၏။ ထိုအရာသည် လေးပြီး ဆွဲထုတ်ရန် ခက်ခဲနေ၏။ အပြန်ဘက်ပိုင်းကို အသာဆွဲကာ ခွာလိုက်ချိန်မှာတော့ သော့တစ်ချောင်းသည် ပေါ်မှန်းမသိပင် ပေါ်ပေါက်လာခဲ့သည်။
ရှစ်ဝမ်ကျောင်းသည် တကယ့်ကို ကောက်ကျစ်ပြီး လိမ်ညာလှည့်စားတတ်သူ တစ်ယောက် ဖြစ်၏။ လျှို့ဝှက်ခန်း၏ သော့ကိုပင်လျှင် ဆံထိုးအဖြစ် ဖန်တီးထား၏။ ကျင်းကျူးသည် သော့ကို အသာကိုင်ပြီးနောက် တံခါးကို ဖွင့်၏။ ကြီးမား လေးလံလွန်းသည့် တံခါးကြီးသည် ဖြည်းညင်းစွာပင် ပွင့်သွား၏။
တံခါးသည် သံနှင့် ပြုလုပ်ထားသောကြောင့် တကယ့်ပင် သေသေချာချာ ပြုလုပ်ထားသည်ဟု ပြောဆိုရပေလိမ့်မည်။ တံခါးပွင့်သွားပြီးသည့်နောက် အောက်တွင် လှေကားထစ် အနည်းငယ် ထင်ပေါ်လာခဲ့၏။ မြေအောက်သို့ ဆင်းသက်သည့် လှေကားမျိုးပင်။ တကယ့်ကို မြေအောက်တွင် ရှိနေသည့် လျှို့ဝှက်အခန်းမျိုးပင်။
ကျင်းကျူးနှင့် ကျင်းဟွေ့တို့သည် ရှစ်ဝမ်ကျောင်းကို အသာခေါ်ဆောင်ကာဖြင့် လှေကားအတိုင်း ဆင်းခဲ့သည်။ အထဲတွင် ပိန်းပိတ်အောင် မည်းမှောင်လျက် ရှိနေလေ၏။ မည်သည့်အရာကိုမှ မမြင်ရချေ။ ကျင်းကျူးသည် မီးခြစ်ဆံတစ်ခုကို အသုံးပြုကာဖြင့် မီးတုတ်တစ်ခုကို ထွန်းညှိလိုက်၏။
ပြီးနောက် ဤနေရာတွင် ရှိနေကြသော လူပေါင်းများစွာတို့သည် ဆွံ့အသွားခဲ့ကြ၏။ ဤနေရာအနှံ့တွင် ရွှေဒင်္ဂါးများဖြင့် ပြည့်နှက်နေသောကြောင့်ပင်။
ဤလျှို့ဝှက်အခန်းတစ်ခုလုံးသည် သေတ္တာပေါင်းများစွာတို့ တည်ရှိနေခဲ့၏။ ထိုအရာအားလုံးတွင် ရွှေများရှိသည်။ ထိုသေတ္တာများပင် မကသေးချေ။ လက်ဝတ်ရတနာများ၊ ရှေးဟောင်း ပစ္စည်းများ၊ ပန်းချီများ စသည်ဖြင့် များပြားလွန်းလှချေ၏။ တကယ့်ကို ရတနာတိုက်ကြီးတစ်ခုကဲ့သို့ပင်။
ရှစ်ဝမ်ကျောင်းသည် မြို့စားကြီးအိမ်တော်၌ အလုပ်လုပ်ရင်း ဤမျှများပြားသည့် ပိုက်ဆံများကို ခိုးယူထားလိမ့်မည်ဟု သူတို့မထင်မှတ်ခဲ့ချေ။ ကျင်းကျူးနှင့် ကျင်းဟွေ့တို့သည် တကယ်ပင် ဒေါသထွက်လာခဲ့၏။
“ရှစ်ဝမ်ကျောင်း ရှစ်ဝမ်ကျောင်း... မြို့စားကြီးက ခင်ဗျားကို လက်လွှတ်ပေးခဲ့တယ်။ ဘာလို့လဲဆိုတော့ ခင်ဗျားက မြို့စားကတော်နဲ့ ဆွေမျိုးနီးစပ် တော်နေလို့ပဲ။ ဒါပေမဲ့ ခင်ဗျားက တကယ့်ကို စိတ်ဓာတ် ညံ့ဖျင်းလွန်းတဲ့ ပညာတတ်တစ်ယောက်ပဲ။ မြို့စားကြီးက ခင်ဗျားကို ထောက်ပံ့ပေးခဲ့တယ် မဟုတ်လား။ ခင်ဗျား စာမေးပွဲ ဘယ်လိုအောင်ခဲ့တာလဲ။ မြို့စားကြီးရဲ့ ပိုက်ဆံတွေနဲ့ အသုံးပြုပြီး အောင်ခဲ့တာ မဟုတ်လား။
ခင်ဗျား ဂဏန်းသင်္ချာကို ဘယ်လို ကျွမ်းကျင်ခဲ့တာလဲ။ ခင်ဗျားရဲ့ အဝတ်အစား၊ ခင်ဗျားစားနေတဲ့ အစားအစာ၊ ခင်ဗျားရဲ့အိမ်၊ ခင်ဗျားရဲ့မိန်းမ၊ ခင်ဗျားရဲ့ကလေး အရာအားလုံးက မြို့စားကြီး စီစဉ်ပေးခဲ့တာလေ။ ခင်ဗျား ရွှမ်ဝူအိမ်တော်ကို ပေးဆပ်သင့်တယ် မဟုတ်ဘူးလား။ ဒါပေမဲ့ ခင်ဗျားက ကောက်ကျစ်ပြီး ရက်စက်လွန်းတယ်။ ခွေးတိရစ္ဆာန်ထက်တောင် ပိုပြီးတော့ ဆိုးရွားလွန်းတဲ့လူပဲ”
ရှမ့်လန်သည် စင်မြင့်ပေါ်တွင် ရှိနေသည့် စာရင်းစာအုပ်ကို ရှာဖွေတွေ့ရှိသွားခဲ့၏။ ကျိန်းသေပေါက် ရှစ်ဝမ်ကျောင်း၏ ခိုးရာပါပစ္စည်း စာရင်းသာလျှင် ဖြစ်ပေလိမ့်မည်။ ရှမ့်လန်သည် လှမ်းခေါ်ကာ ပြောလိုက်၏။ “လူကြီးမင်း ရှစ်ဝမ်ကျောင်း.. ဒါတွေက သက်သေဖြစ်ပြီလား”
“ဟင်း...” ရှစ်ဝမ်ကျောင်းသည် အသက်ကို ပြင်းပြင်းရှူလိုက်၏။ သူသည် ဘာတစ်ခုမှ မပြောချေ။ လက်ရှိအခြေအနေမှာတော့ မတ်တတ်ပင် ကောင်းကောင်းမရပ်နိုင်ဘဲ မြေပေါ်သို့ ပျော့လဲလုမတတ် ဖြစ်နေ၏။ မည်သို့ပင်ဆိုစေကာမူ သူ့အနေနှင့် လက်ခံရန် မချင့်မရဲ ဖြစ်လို့နေခဲ့၏။ ဤလျှို့ဝှက်ရတနာတိုက်၏ တည်နေရာသည် ထိပ်တန်းလျှို့ဝှက်ချက်တစ်ခု ဖြစ်၏။ သူ၏ မိန်းမပင်လျှင် မသိရှိချေ။ ရှမ့်လန်က မည်သို့ သိရသနည်း။
ရှစ်ဝမ်ကျောင်းက မေးမြန်းလိုက်သည်။ “ရှမ့်လန်... ငါ ဒီနေရာကို ဘယ်သူ့ကိုမှ မပြောဘူး။ မင်း ဘယ်လိုသိတာလဲ”
ရှစ်ဝမ်ကျောင်းတင်မက ကျင်းကျူးနှင့် ကျင်းဟွေ့တို့သည်လည်း သိလိုစိတ် ဖြစ်လို့နေ၏။ လျှို့ဝှက် ရတနာတိုက်ဆိုသည်မှာ လျှို့ဝှက်အရာ တစ်ခုသာလျှင် ဖြစ်၏။ ရှမ့်လန်က မည်သို့ သိရသနည်း။
ရှမ့်လန်သည် နှာခေါင်းရှုံ့ကာ ပြောလိုက်၏။ “ရှစ်ဝမ်ကျောင်း... ခင်ဗျားက လောဘကြီးတယ်လေ။ ပြီးတော့ ဒီရတနာတိုက်ကို ဆောက်တဲ့နေရာမှာတောင်မှ မြို့စားကြီးရဲ့ ပိုက်ဆံတွေကို အသုံးပြုပြီး ဆောက်ခဲ့သေးတယ်။ လွန်ခဲ့တဲ့ ကိုးနှစ်၊ စာရင်းစာအုပ်ထဲမှာ ခင်ဗျားက သံ၊ သံနှင့် ဆက်စပ်ပစ္စည်း နှစ်ထောင်ကျော်ကို စာရင်းဖြောင်ခဲ့တယ်။ လူသုံးရာလောက်က ဒီအရာကို ဦးဆောင်ပြီးတော့ ဒီလိုအခန်းမျိုး ဖြစ်လာအောင် လုပ်ခဲ့ရတယ်။ ခင်ဗျားက လူတွေအားလုံးကို အရူးလို့ ထင်နေရလား။ ခင်ဗျားက အရူးပဲ။ စာရင်းစာအုပ်ထဲမှာရှိတဲ့ အချက်အလက်တွေက လျှို့ဝှက်အခန်း ဘယ်နေရာမှာ ရှိလဲဆိုတာ ကျုပ်ကို ပြောပြနေတာပဲ”
ကျင်းကျူးနှင့် ကျင်းဟွေ့တို့သည် ရှစ်ဝမ်ကျောင်းကို တကယ်ပင် ချီးကျူးလွန်းမတတ် ဖြစ်နေ၏။ ရှမ့်လန်သည်သာ ဉာဏ်ကောင်းသည့် လူတစ်ယောက် မဟုတ်ပါက အချက်အလက်များအားလုံးကို ရှာဖွေနိုင်လိမ့်မည် မဟုတ်သည်အထိ ရှစ်ဝမ်ကျောင်းက တော်လွန်းခဲ့၏။ ရှစ်ဝမ်ကျောင်းသည် လူသားလား၊ ဝိညာဉ်တစ္ဆေလားပင်။ သေသေချာချာ မသိရှိနိုင်တော့ပေ။
ရှစ်ဝမ်ကျောင်းသည် ရူးသွပ်လုမတတ် ဖြစ်နေ၏။ သူသည် ရှမ့်လန်ကို လက်ညှိုးထိုးကာဖြင့် ပြောဆိုလိုက်သည်။ “မင်းက မကောင်းဆိုးရွားပဲ။ မကောင်းဆိုးရွားပဲ”
“အင်း.. ဒီမှာရှိတဲ့ ရတနာတွေ၊ ရွှေတွေအကုန်လုံးကို ယူပြီး မြို့စားအိမ်တော်ကို ပြန်မယ်။ ပြီးတော့ ဒီရှစ်ဝမ်ကျောင်း ဆိုတဲ့လူကို ခေါ်ခဲ့လိုက်တော့” ရှမ့်လန်က အမိန့်ပေးလိုက်၏။
“ကောင်းပါပြီ” ကျင်းကျူးသည် ရှစ်ဝမ်ကျောင်းကို ပြန်လည်ကာ ဆွဲခေါ်လာခဲ့၏။ ရှစ်ဝမ်ကျောင်း၏ အကြီးဆုံးသား ရှစ်ထျန်းသည် မြေပေါ်တွင် လဲလျက် ရှိနေ၏။ ၎င်းသည် အမုန်းတရား ကြီးမားစွာဖြင့် ရှမ့်လန်ကို ကြည့်ရှုနေသည်။
ရှမ့်လန်က ပြောလိုက်၏။ “ဒီလူကို သတ်လိုက်။ ခေါင်းဖြတ်ပြီး သတ်”
ရှစ်ထျန်းသည် တုန်လှုပ်သွားခဲ့သည်။ “မင်းလုပ်ရဲလား။ ရွှဲ့ပြည်နယ်မှာ ဥပဒေသစ်တွေ ပေါ်လာပြီနော်။ တော်ဝင်မျိုးနွယ်တွေအနေနဲ့ နောက်လိုက်တွေကို အပြစ်ပေးဖို့ အခွင့်အရေး မရှိတော့ဘူး။ သတ်ဖို့ဆိုရင် ပိုဆိုးတာပေါ့”
ရှမ့်လန်က နှစ်ချောင်းရှုံ့လိုက်၏။ “အရူးပဲ။ ကျုပ် ဒီနေရာမှာ ခင်ဗျားကို သတ်လိုက်တော့ ဘယ်သူက သိမှာမို့လို့လဲ။ ခင်ဗျား ခန္ဓာကိုယ်တစ်ခုလုံးကို မီးရှို့ပြီးတော့ သမုဒ္ဒရာထဲကို လွှတ်ပစ်လိုက်ရင်ကော ဘာတတ်နိုင်လဲ”
ကျင်းဟွေ့သည် ရှေ့ကို လှမ်းတက်လိုက်၏။ သူသည် ရှစ်ထျန်း၏ ဦးခေါင်းကို ပိုင်းဖြတ်ရန် ပြင်လိုက်သည်။
ရှမ့်လန်က ရုတ်တရက် ပြောလိုက်၏။ “နေအုံး။ ကျုပ်စမ်းကြည့်ရင် ကောင်းမလား”
သူ လူမသတ်ချင်ပေ။ သို့သော်ငြား လောကကြီး၏ ရက်စက်မှုအကြောင်းကို အတွေ့အကြုံယူရပေမည်။
ကျင်းဟွေ့က ကြောင်သွား၏။ သူသည် ဓားကို ရှမ့်လန်ဆီ ကမ်းပေးလိုက်၏။ ပြီးနောက် ကျင်းဟွေ့သည် ရှစ်ထျန်းကို အားနှင့်ဖိကာ ချုပ်၏။ တစ်ဖက်လူအား ရုန်းကန်ရန် အခွင့်အရေး မပေးချေ။
ရှမ့်လန်သည် ထက်ရှလွန်းသော ဓားကို အသာဆကာဖြင့် ရှစ်ထျန်း၏ လည်ပင်းကို ထိလိုက်၏။ ပြီးနောက် အကြိမ်အနည်းငယ်လောက် အထဲသို့ ထိုးစိုက်လိုက်၏။ တစွပ်စွပ်နှင့် မြည်သံသည် နားထောင်၍ ကောင်းလွန်းလှ၏။
ကျင်းဟွေ့၏ မျက်ခုံးများသည်လည်း တုန်ခါလျက် ရှိနေ၏။ သမက်တော်၏ ဓားစွမ်းရည်သည် အဘယ်ကြောင့် သူ့ထက်ပင် ပိုမိုကာ မြန်ဆန်နေရသနည်း။ ဤအရာသည် လက်ယဉ်ခြင်းဆိုသည့် အဓိပ္ပာယ်များလား။
ခွပ် ခွပ် ခွပ်
မြင်းစီးတပ်ဖွဲ့များသည် ကုန်ပစ္စည်းအပြည့်ကို ပြန်လည်တင်ဆောင်ကာဖြင့် ပြန်လာခဲ့ကြ၏။ မြို့စားကြီးသည် ရွှေများ၊ လက်ဝတ်ရတနာများ၊ ရှေးဟောင်းပစ္စည်းများကို မြင်ရသည့် အချိန်မှာတော့ အံ့အားသင့်သလို နာကျင်မှုကိုလည်း ခံစားနေမိ၏။ သူသည် တံတွေးပင် မျိုချလိုက်မိ၏။
သူ ပျော့ညံ့လွန်းခဲ့လေသည်လား။
သူသည် သည်းခံလွန်းခဲ့၏။ ထို့ကြောင့်ပင်လျှင် မကောင်းသည့် ကောင်တစ်ကောင်ကို မွေးမြူသလို ဖြစ်ခဲ့လေသည်လား။ သူသည် သုံးစားမရသည့် အုပ်ချုပ်သူတစ်ယောက် ဖြစ်ခဲ့လေသည်လား။ သူ၏ သမက်တော် ရှမ့်လန်ကြောင့်သာ မဟုတ်ပါက ရှစ်ဝမ်ကျောင်းသည် အချိန်အတော်ကြာသည့်အထိ သူ၏ပိုင်ဆိုင်မှုများကို တဖြည်းဖြည်းနှင့် လိမ်ညာလှည့်စားကာ ယူဆောင်နေမည်မှာ သေချာသည်။
“ကောင်းတဲ့ သမက်တော်လေး။ တကယ့်ကို လူကောင်းလေးပဲ”
ရှမ့်လန်ကို ကျေးဇူးတင်ရပေလိမ့်မည်။ ထို့ကြောင့် မြို့စားကြီးသည် ငွေကြေးပိုင်းဆိုင်ရာ ဆုံးရှုံးမှုကို ပြန်လည်ကာ ကာမိခဲ့၏။ ရှမ့်လန်ကြောင့် မြို့စားအိမ်တော် ရင်ဆိုင်နေရသည့် ငွေကြေးပိုင်းဆိုင်ရာ ပြဿနာသည် လတ်တလော ပြေလည်သွားခဲ့၏။
မြို့စားကြီးသည် ရှမ့်လန်ကို ကြည့်ရှု၏။ သူသည် စကားလုံးပေါင်းများစွာကို ထုတ်ဖော်ပြောချင်စိတ် မရှိချေ။ အဘယ်ကြောင့်ဆိုတော့ မိသားစုများ ဖြစ်နေသောကြောင့်ပင်။ ကျေးဇူးတင်ပါသည်ဟု ပြောဆိုခြင်းသည် အလွန်ပင် ယဉ်ကျေးလွန်းရာ ကျနေပေလိမ့်မည်။
မြို့စားကြီးသည် ရှစ်ဝမ်ကျောင်းကို အေးစက်စက် စိုက်ကြည့်ကာ ပြောလိုက်၏။ “ရှစ်ဝမ်ကျောင်း... ခင်ဗျား ဘာပြောစရာ ရှိသေးလဲ”
ရှစ်ဝမ်ကျောင်း၏ ခန္ဓာကိုယ်တစ်ခုလုံးက တုန်ယင်လျက် ရှိနေ၏။ ပြီးနောက် သူသည် ရုတ်တရက် မြေပေါ်သို့ ဒူးထောက်ထိုင်ချပြီး ဒူးဖြင့် မြို့စားကြီး၏ ခြေထောက်နားဆီသို့ လှမ်းသွား၏။ ပြီးနောက် ပြောဆိုလိုက်၏။ “မြို့စားကြီး... ဒါတွေအားလုံးက ကျုပ်ရဲ့ အပြစ်ပါပဲ။ ကျုပ်ရဲ့ အပြစ်ပါပဲ။ ကျုပ်ကို စိတ်မဆိုးပါနဲ့”
မြို့စားကြီးသည် တစ်ဖက်လူကို ကန်ကျောက်ကာဖြင့် တင်းမာခက်ထန်စွာ ပြောလိုက်သည်။ “သရုပ်ဆောင် မနေနဲ့တော့။ ခင်ဗျားလုပ်ခဲ့တဲ့ အရာအားလုံးကို ကျုပ်က မျက်ကန်းယုံကြည်ခဲ့တယ်။ ခင်ဗျားကို အရေးကြီးတဲ့ ရာထူးရာခံတစ်ခုတောင် ပေးထားခဲ့သေးတယ်။ ဒါပေမဲ့ လူသားတွေရဲ့ နှလုံးသားက မဲနက်တယ်ဆိုတာ ကျုပ်သိခဲ့ပြီ”
ရှစ်ဝမ်ကျောင်းသည် ဒူးများဖြင့်တစ်ခါ လေးဘက် ထောက်ကာဖြင့် မြို့စားကြီး၏ ခြေထောက်ဆီသို့ လှမ်းလာခဲ့ပြန်၏။ သူက အော်ဟစ်လိုက်၏။ “မြို့စားကြီး.. ကျေးဇူးပြုပြီး ကျုပ်အသက်ကို ချမ်းသာပေးပါ။ ကျေးဇူးပြုပြီး မြို့စားကတော်ရဲ့ မျက်နှာ၊ လွန်ခဲ့တဲ့ နှစ် နှစ်ဆယ်လုံးလုံး အလုပ်လုပ်ခဲ့တဲ့ ကျုပ်ရဲ့ သစ္စာတရားတွေအပေါ် မူတည်ပြီး ကျုပ်ရဲ့အသက်ကို ချမ်းသာပေးပါ”
မြို့စားကြီးသည် တစ်ဖက်လူကို ခပ်ဝေးဝေးသို့ ကန်ကျောက်လိုက်ပြန်၏။ သူသည် နှလုံးသားတစ်ခုလုံး ဆွံ့အလျက် ရှိနေသည်။
ရှစ်ဝမ်ကျောင်းသည် ရှမ့်လန်ဆီသို့ လေးဘက်ထောက်ကာ ရောက်ရှိလာခဲ့ပြန်၏။ ပြီးနောက် မြေပြင်နှင့် ဦးခေါင်း တဒုန်းဒုန်းထိကာ အော်ဟစ်တောင်းပန်လျက် ရှိနေ၏။ “ဆရာကြီး၊ ဆရာကြီး... ကျုပ်အမှားပါပဲ။ ကျုပ် မျက်လုံးကန်းခဲ့မိပါတယ်။ ကျုပ်က တကယ့်ကို ဉာဏ်တုံးလွန်းတဲ့ လူတစ်ယောက်ပါ။ ကျုပ်က ဆိုးခဲ့ပါတယ်။ ကျုပ် တောင်းပန်ပါတယ်။ ကျုပ်ရဲ့အသက်ကလည်း ကြီးနေပါပြီ။ ကျုပ်ရဲ့အသက်ကို ချမ်းသာပေးပါ။ ကျုပ်ကို ချမ်းသာပေးပါ”