အပိုင်း (၅၇)
Vol. 5 Ch. 57
ရှမ့်လန်သည် မြို့စားကြီးကို ပြောလိုက်၏။ “အဖေ... ရှစ်ဝမ်ကျောင်းကို သတ်မှဖြစ်မယ်”
ပြောပြောပြီးချင်းမှာပင် ရှိသမျှလူ အားလုံးတို့သည် တုန်လှုပ်သွားခဲ့ကြ၏။ ရှမ့်လန်၏ ပေါင်ကို ဖက်လျက် ရှိနေသည့် ရှစ်ဝမ်ကျောင်းသည်လည်း အလုံးစုံ ဆွံအသွားခဲ့သည်။
မြို့စားကြီးသည် လူများကို ရှားရှားပါးပါး ဆိုသလိုမှသာ သတ်ဖြတ်တတ်၏။ ရှစ်ဝမ်ကျောင်းကဲ့သို့ လူများဆိုလျှင် ပိုမိုကာ ဆိုးရွားလှ၏။ ၎င်းသည် ရွှေဒင်္ဂါးပြား များစွာကို ခိုးယူကာ လိမ်ညာလှည့်စားခဲ့သည် ဆိုလျှင်တောင်မှ အများဆုံး ပြည်နှင်ဒဏ်ကိုသာ ပေးအပ်သင့်သည် မဟုတ်ပါလား။ သို့ပေမည့် ရှမ့်လန်သည် သူ့ကို သတ်ဖြတ်ချင်သည်ဟု ပြောဆိုလျက် ရှိနေ၏။
ဆရာကြီးလင်းက ပြောလိုက်သည်။ “သခင်လေး... ရှစ်ဝမ်ကျောင်းက ကျုပ်တို့ မြို့စားအိမ်တော်ရဲ့ အစေခံတစ်ယောက် မဟုတ်ဘူး။ သူက အလုပ်သမားတစ်ယောက်ပဲ။ ကျုပ်တို့ မြို့စားအိမ်တော်မှာ သူ့ကိုသတ်ဖို့ အခွင့်အာဏာ မရှိဘူး။ အများဆုံး သူ့ကို မြို့တော်ဝန်အိမ်ရာဆီကို လွှဲပေးလိုက်ရုံပဲ”
ရွှဲ့ပြည်နယ်၏ စည်းမျဉ်းဥပဒေအသစ်များထဲမှ တစ်ခုဖြစ်၏။ တော်ဝင်မျိုးနွယ်များအနေနှင့် ဒေသခံ အမှုအခင်းများတွင် ပါဝင်စွက်ဖက်ရန် အခွင့်အရေးမရှိဆိုသည့် အဓိပ္ပာယ်ပင်။ သဘောတူညီချက် စာချုပ် လက်မှတ်ရေးထိုးထားခဲ့သော ကျေးကျွန်များမှလွဲလျှင် ၎င်းတို့အနေဖြင့် ၎င်းတို့၏ အလုပ်သမားများကို သတ်ဖြတ်ခြင်း သို့မဟုတ် အပြစ်ပေးခြင်းများ ပြုလုပ်၍ မရနိုင်ချေ။
ရှမ့်လန်က ပြောလိုက်၏။ “ရှစ်ဝမ်ကျောင်းက ရွှေဒင်္ဂါးတွေကို လိမ်ညာလှည့် လိမ်ညာပြီး ရယူထားရုံတင် မကဘူး၊ သူက ပြင်ပရန်သူတွေနဲ့လည်း ဆက်သွယ်ထားတယ်။ သူ့ကို မြို့တော်ဝန်အိမ်ရာဆီကို လွှဲပေးလိုက်မယ်ဆိုရင် ရက်အနည်းငယ်အတွင်း လွတ်မြောက်သွားလိမ့်မယ်။ ဒီတော့ ရွှမ်ဝူ အိမ်တော်ရဲ့ ခပ်ဝေးဝေး တည်နေရာဆီကို ပို့လွှတ်ခြင်းခံရမယ်။ အဲလောက်ပဲ”
ရှစ်ဝမ်ကျောင်းက ထိုအရာကို ကြားသည့်အခါမှာ တစ်ကိုယ်လုံး တုန်ယင်သွားခဲ့လေ၏။ ဤလူငယ်လေးသည် သူ ခွေးကဲ့သို့ ဖက်လျက်ကာ တောင်းပန်နေသည် ဆိုလျှင်တောင်မှ သူ့ကို လက်လွှတ်ပေးရန် အစီအစဉ် မရှိသည့်ပုံပင်။
ထို့ကြောင့် မနေနိုင်တော့ဘဲ အော်ဟစ်လိုက်သည်။ “ရှမ့်လန်.. ငါ့ကို ဒုက္ခမပေးနဲ့”
ရှမ့်လန်က ပြောလိုက်၏။ “ခင်ဗျားက စုစုပေါင်း ရွှေဒင်္ဂါး သုံးသောင်းကျော်ကို လိမ်ညာလှည့်စား ရယူထားတယ်။ ဒါပေမဲ့ ခင်ဗျားရဲ့ ရတနာတိုက်ထဲမှာ ရွှေဒင်္ဂါး တစ်သောင်းတစ်ထောင်ပဲ ရှိတယ်။ ဒီတော့ ခင်ဗျားအခု ပိုင်ဆိုင်ထားခဲ့တဲ့ မြေယာတွေ၊ အိမ်ယာတွေ၊ အရာအားလုံးကို တွက်ချက်လိုက်မယ်ဆိုရင်တော့ စုစုပေါင်း ရွှေဒင်္ဂါး ငါးထောင်လောက်ပဲ ကုန်လိမ့်မယ်။ ပြီးတော့ ခင်ဗျားရဲ့ နောက်လိုက်နောက်ပါတွေကို ဝေမျှပေးလိုက်မယ်ဆိုရင်တော့ အများဆုံး ကုန်နိုင်တာက ရွှေဒင်္ဂါး နှစ်ထောင်ပဲ။ ဒါဆိုရင် ကျန်တဲ့ရွှေဒင်္ဂါး တစ်သောင်းက ဘယ်ရောက်သွားလဲ”
ထိုစကားများကို ကြားသည့်အချိန်မှာတော့ မြို့စားကြီး၏ မျက်လုံးများက ကျဉ်းမြောင်းသွားခဲ့သည်။
ရှမ့်လန်က ပြောလိုက်၏။ “ကျုပ်သာ မမှားဘူးဆိုရင် ဒီရွှေဒင်္ဂါး တစ်သောင်းကို ခင်ဗျား မြို့တော်ဝန်အိမ်ရာနဲ့ ထိုက်ချူးအုပ်ချုပ်ရေးမှုးဆီကို ပေးခဲ့တာပဲ ဖြစ်လိမ့်မယ်။ ခင်ဗျားရဲ့ ဒုတိယသား ရွှမ်ဝူမြို့မှာ မရှိဘူး။ သူ ဘယ်ကို သွားတာလဲ။ သူ နန်းမြို့တော်ဆီကို သွားတာပဲ ဖြစ်လိမ့်မယ်။ ကျုပ်သာ မမှားဘူးဆိုရင် နန်းတွင်းသိုင်းစစ်ဆေးမှုပြိုင်ပွဲမှာ သူ ဝင်ပြိုင်မှာပဲဖြစ်မယ်”
“ရှစ်ဝမ်ကျောင်း... ခင်ဗျားက မြို့စားအိမ်တော်ရဲ့ ပိုက်ဆံတွေကို လိမ်ညာလှည့်စား ရယူထားခဲ့တာ မကဘူး။ ရန်သူတွေနဲ့ ပူးပေါင်းပြီးတော့ ရွှမ်ဝူအိမ်တော်ကို တိုက်ခိုက်ဖို့ စီစဉ်ထားတယ်”
ရှမ့်လန်သည် တင်းမာခက်ထန်စွာ ပြောလိုက်သည် “ပြီးတော့ ကျုပ်တို့ကို အလုံးစုံ သစ္စာဖောက်ခဲ့တာပဲ”
ရှစ်ဝမ်ကျောင်းသည် ခပ်မာမာ ခွန်းတုံ့ပြန်၏။ “သက်သေမရှိဘဲနဲ့ ငါ့ကို အပြစ်ပုံချပြန်ပြီလား”
ရှမ့်လန်သည် ရှစ်ဝမ်ကျောင်း၏ မျက်နှာဆီသို့ စာရင်းစာရွက်များအား ကောက်ပေါက်လိုက်သည်။ “ခင်ဗျားရဲ့ မျက်လုံးကို ကျယ်ကျယ်ဖွင့်ပြီး ဒါကို ကြည့်။ ခင်ဗျား သေသေချာချာ မှတ်မိလိမ့်မယ်”
မြို့စားကြီးသည် စာရင်းစာအုပ်ကို အသာကောက်ယူကာ ကြည့်ရှုလိုက်၏။ သေချာ၏။ အထဲတွင် စာရင်းရှင်းတမ်းများက သေသေချာချာ ပါရှိလေ၏။ တစ်ဖက်လူများကို လာဘ်ငွေပေးထားခြင်းပင်။ သို့ပေမဲ့ နာမည်များ မပါခဲ့ချေ။ ထို့အစား နံပါတ်တစ်၊ နံပါတ်နှစ်၊ နံပါတ်သုံး ဟူ၍သာ ရေးထိုးထားခဲ့၏။ သို့ပေမဲ့ တစ်ချက်ကြည့်ရှုလိုက်ရုံနဲ့ နံပါတ်တစ်၊ နံပါတ်နှစ်၊ နံပါတ်သုံး ဆိုသည်မှာ မည်သူများ ဖြစ်ကြောင်း ခန့်မှန်းနိုင်၏။
မြို့စားကြီးသည် မျက်လုံးကို စုံမှိတ်ပြီးသည့်နောက် မိမိကိုယ်ကို စိတ်တည်ငြိမ်မှုရရန် ကြိုးစားလျက် ရှိ၏။ ပြီးနောက် ဖြည်းညင်းစွာ ပြောဆိုလိုက်သည်။ “ရှစ်ဝမ်ကျောင်း... ဘာ့ကြောင့်လဲ။ ဒီနှစ်ပိုင်းအတွင်း ခင်ဗျားအတွက် ကျုပ်အရာအားလုံး လုပ်ပေးခဲ့တယ် မဟုတ်လား”
သက်သေသာဓကများ စုံလင်နေပြီ ဖြစ်သောကြောင့် သူ့အနေနှင့် ဆက်လက်ငြင်းခုံရန် အခြေအနေ မရှိတော့ကြောင်း ရှစ်ဝမ်ကျောင်းက ကောင်းကောင်းသိ၏။ ထို့ကြောင့် ခန္ဓာကိုယ်ကို ခပ်မတ်မတ် ထားကာဖြင့် အေးစက်စက် ပြောလိုက်၏။
“မြို့စားကြီး... ခင်ဗျားက … ခင်ဗျားက တကယ့်ကို ကျေးဇူးတရားမေ့တဲ့လူ။ လွန်ခဲ့တဲ့ သုံးနှစ်တုန်းက ကျုပ်ရဲ့ ဒုတိယသားကို မြို့စားအိမ်တော်မှာ ရာထူးရာခံတစ်ခု ပေးဖို့အတွက် တောင်းဆိုခဲ့တယ်။ ဒါပေမဲ့ ခင်ဗျားက ငြင်းပယ်ခဲ့တယ်။ ခင်ဗျား မေ့သွားပြီလား”
ထိုအရာကြောင့်လား။ ထိုအရာကြောင့် လက်စားချေ သစ္စာဖောက်ခဲ့သည်လား။
မြို့စားကြီးက ပြောလိုက်သည်။ “ကျုပ် သူ့ကို အခွင့်အရေးပေးခဲ့တယ်။ ဒါပေမဲ့ သူ သိုင်းစစ်ဆေးပွဲ ကိုတောင် အောင်အောင် မဖြေနိုင်ခဲ့ဘူး။ ရေးဖြေစာမေးပွဲလည်း ကျသေးတယ်။ ဘယ်လိုဖြစ်ပြီး ကျုပ်တို့ အိမ်တော်မှာ ရာထူးရာခံတစ်ခုကို ပိုင်ဆိုင်မှာလဲ။ မြို့စားအိမ်တော်ရဲ့ သီးသန့်စစ်တပ်ဆိုတာ ကျင်းမိသားစုရဲ့ အခြေခံတစ်ခုပဲ။ မှားမှားယွင်းယွင်းနဲ့ ကျုပ် လုပ်လိုက်မယ်ဆိုရင် အကုန်လုံး ဒုက္ခရောက်ကုန်မှာပေါ့။ ကျုပ်ရဲ့ သားအရင်းတောင်မှ သီးသန့်စစ်တပ်ထဲကို ဝင်ချင်တယ်ဆိုရင် ဒီလိုအရည်အချင်းမျိုးနဲ့ ကျုပ် ငြင်းပယ်ရမှာပဲ”
ရှစ်ဝမ်ကျောင်းသည် နှာခေါင်းကို ရှုံ့ကာ ပြောလိုက်၏။ “အင်း... ကျုပ် ခင်ဗျားအတွက် နှစ်ပေါင်း နှစ်ဆယ်ကျော်ကြာ သစ္စာရှိခဲ့တယ်။ ဒါပေမဲ့ ခင်ဗျားက ကျုပ်ရဲ့သားအတွက် ကောင်းမွန်တဲ့ အနာဂတ် တစ်ခုကိုတောင် မပေးနိုင်ဘူး။ ဒီတော့ ကျုပ် ညစ်ပတ်ခဲ့တာ ဘာမှားလဲ။ ပြီးတော့ အစိုးရသစ်က အလှည့်အပြောင်း အရမ်းများနေပြီ။ ရွှမ်ဝူအိမ်တော်ဆိုတာ နစ်မြုပ်တော့မယ့် သင်္ဘောတစ်ခုလိုပဲ။ ဘာကြောင့် ကျုပ်က ဒီရွှမ်ဝူအိမ်တော်နဲ့ အသေခံရမှာလဲ။ နောက်ထပ်ကောင်းမွန်တဲ့ အရာတစ်ခုကို ဘာကြောင့် မရှာရမှာလဲ”
မြို့စားကြီးက ပြောလိုက်သည် “အင်း... နောက်ထပ်ကောင်းမွန်တဲ့ လမ်းတစ်ခုကို ရှာတာရှာလို့ရပါတယ်။ ဒါပေမဲ့ ကျင်းမိသားစုကို သစ္စာဖောက်ပြီးတော့လား”
“အောင်မြင်မှုတစ်ခုကိုရဖို့ တချို့အရာတွေကို နင်းချေလိုက်ရတာ သဘာဝပဲ” ရှစ်ဝမ်ကျောင်းသည် ခေါင်းမာမာနှင့် ပြောဆိုလိုက်၏။
“ငါ မင်းကို သတ်မယ်” မြို့စားကြီးသည် ရုတ်တရက် သူ့၏ဓားရှည်ကို ဆွဲထုတ်လိုက်သည်။
“မြို့စားကြီး... ခင်ဗျား ကျုပ်ကို သတ်လို့ မရဘူး”
ရှစ်ဝမ်ကျောင်းသည် ပြုံးကာ ပြောလိုက်၏။ “ကျုပ် ရွှေဒင်္ဂါးတွေ အများကြီး ပေးခဲ့ပြီးပြီ။ ပြီးတော့ ကျုပ်သားကလည်း အသက် ပေးခဲ့ရပြီးပြီ။ ဒီနေ့မှာ ကျုပ်ဟာ ခင်ဗျား ငှားရမ်းထားတဲ့ အလုပ်သမားတစ်ယောက်ပဲ။ ကျင်းမိသားစုရဲ့ ကျေးကျွန် မဟုတ်ဘူးလေ။ ကျုပ် ဘယ်လိုအမှုအခင်းမျိုး၊ ဘယ်လိုပြစ်မှုမျိုးကို ကျူးလွန်ကျူးလွန် ခင်ဗျားအနေနဲ့ ကျုပ်ကို အပြစ်ပေးဖို့အတွက် အခွင့်အရေးမရှိဘူး။ သတ်ဖို့ဆိုရင် ပိုဝေးတာပေါ့။ ဒေသခံအမှုထမ်းတွေနဲ့ ခင်ဗျား ပြဿနာ တတ်ချင်လို့လား”
လူကြီးမင်းလင်းသည် အလျင်အမြန်ပင် မြို့စားကြီးကို တားဆီးလိုက်၏။
“သခင်ကြီး.. သူ့ကို သတ်လို့မရဘူး။ တကယ်လို့ ရှစ်ဝမ်ကျောင်းကို ဒီနေရာမှာ သတ်လိုက်မယ်ဆိုရင် သက်သေကြီးကြီးမားမား ဖြစ်သွားလိမ့်မယ်။ ဒါဆိုရင် မြို့အုပ်ချုပ်ရေး စည်းမျဉ်းစည်းကမ်းတွေကို ကိုင်ဆောင်ထားတဲ့ အုပ်ချုပ်ရေးမှူး ကျန်းချုံးက ကျုပ်တို့ကို လက်လွှတ်ပေးမှာ မဟုတ်တော့ဘူး”
ရှမ့်လန်က ပြောလိုက်သည်။ “အဖေ ဒီသူခိုးက သတ်ဖို့ထိုက်တန်တဲ့ လူပဲလေ။ ဒါပေမဲ့ ကျုပ်တို့ သူ့ကို သတ်လို့မရဘူး။ ဒါပေမဲ့ ဒီနေရာမှာ သတ်လို့မရဘူးလို့ပဲ ပြောတာ”
သူ့အနေနှင့် ရှစ်ထျန်းကို ကိုယ်တိုင်ကိုယ်ကျ သတ်ဖြတ်ခဲ့၏။ သို့ပေမည့် မည်သူမှ မသိချေ။ တစ်ဖက်လူ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ပြာအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး ပင်လယ်ထဲသို့ပင် ရောက်ရှိသွားခဲ့ပြီဖြစ်၏။ ယခု ရှစ်ဝမ်ကျောင်းမှာတော့ မြို့စားအိမ်တော်ထဲတွင် ရှိနေ၏။ လူပေါင်းများစွာတို့က စောင့်ကြည့်လျက်ရှိနေ၏။
မြို့စားကြီးသည်သာ တစ်ဖက်လူကို သတ်ဖြတ်ပစ်သည်ဆိုပါက အစိုးရသစ်၏ စည်းမျဉ်းစည်းကမ်း များကို ဖောက်ဖျက်သလို ဖြစ်ပေလိမ့်မည်။ ထိုသို့ဆိုလျှင် ရက်အနည်းငယ်အတွင်း ဘုရင်မင်းကြီးဆီမှ အမိန့်စာတမ်းက ရောက်ရှိလာမှာ စိုးရသည်။
ထိုမြင်ကွင်းကို မြင်သည့်အချိန်မှာတော့ ရှစ်ဝမ်ကျောင်းသည် ရုတ်တရက် ယုံကြည်မှုရှိစွာဖြင့် ပြောဆိုလိုက်၏။ “မြို့စားကြီး... ခင်ဗျားက စည်းမျဉ်းစည်းကမ်းတွေကို လေးစားတဲ့ လူတစ်ယောက်ပါ။ ဒီတော့ ကျုပ်ကို မြို့တော်ဝန်အိမ်ရာဆီ လက်လွှဲပေးလိုက်။ ကျုပ်ရဲ့ ပြစ်မှုအားလုံးကို အဲဒီမှာ ဝန်ခံလိုက်မယ်။ မြို့တော်ဝန်အိမ်ရာက ကျုပ်အတွက် ကောင်းကောင်းမွန်မွန်နဲ့ အမိန့်ချပေးမှာပဲ”
သူ့အနေနှင့် ထိုက်ချူးစီရင်စု၏ အုပ်ချုပ်ရေးမှူးရုံးဆီသို့ လက်လွှဲရောက်ရှိသည်ဆိုပါက ဘာဖြစ်မည်ကို လွယ်လွယ်ကူကူ သိရှိနှင့်ပြီးဖြစ်၏။ တစ်ဖက်လူများသည် သူ့ကို ခဏအတွင်း ပြန်လည်ကာ လွှတ်ပေးပေလိမ့်မည်။။
ရှစ်ဝမ်ကျောင်းသည် ကျယ်လောင်စွာ အော်ဟစ်လိုက်၏။ “ရွှမ်ဝူအိမ်တော်မှာ ကျုပ်ကို ဘယ်သူမှ မသတ်နိုင်ဘူး။ မဟုတ်ရင် စည်းမျဉ်းစည်းကမ်းဥပဒေကို ချိုးဖောက်သလို ဖြစ်သွားလိမ့်မယ်”
ရှမ့်လန်သည် ဆန်းကြယ်စွာ ပြုံးလိုက်၏။ ပြီးနောက် ပြောလိုက်၏။ “မဟုတ်ဘူး။ ကျုပ်တို့ ခင်ဗျားကို သတ်လို့ရတယ်။ စည်းမျဉ်းစည်းကမ်းကို မချိုးဖောက်ဘဲနဲ့ပေါ့”
“အိမ်မက် မက်နေလိုက်စမ်း .. ဟား .. ဟား ... ဟား....”
ရှစ်ဝမ်ကျောင်းက ရယ်မောလိုက်၏။ “အခု ထိုက်ချူးစီရင်စု ဒါမှမဟုတ် အုပ်ချုပ်ရေးမှူးရုံးကတောင်မှ မင်းတို့ကို စောင့်ကြည့်နေတယ်။ ပြီးတော့ အမှားလုပ်မလား ကြည့်နေကြတာ။ ကျုပ်သာ မြို့စားအိမ်တော်ထဲမှာ သေဆုံးသွားခဲ့တယ်ဆိုရင် အုပ်ချုပ်ရေးအဖွဲ့ရုံးက လူတွေက နှစ်ရက်အတွင်း ရောက်လာပြီး စုံစမ်းစစ်ဆေးလိမ့်မယ်”
ရှမ့်လန်က ပြောလိုက်သည်။ “ရှစ်ဝမ်ကျောင်း... ခင်ဗျား ဘယ်လိုဖြစ်လို့ ဒီလိုဖြစ်ရတာလဲ။ ကျုပ် ခင်ဗျားကို အမှန်အတိုင်း ပြောပြမယ်။ ကျုပ်တို့ ခင်ဗျားကို တကယ်တမ်း သတ်ပစ်လို့ရတယ်”
“မင်း အိမ်မက်ထဲမှာပဲ ရမယ်” ရှစ်ဝမ်ကျောင်းက နှာခေါင်းရှုံ့လိုက်၏။
ရှမ့်လန်က ပြောလိုက်သည်။ “အင်း အိမ်ကို သန့်ရှင်းဖို့အတွက် အချိန်တော့ ရောက်နေပြီ။ မိသားစု ခေါင်းဆောင်ရေ... အိမ်ကို သန့်ရှင်းဖို့ အချိန်ကျပြီ”
ပြီးနောက် လူအနည်းငယ်တို့သည် အထဲသို့ လျှောက်ဝင်လာခဲ့၏။
ထိုအရာကို မြင်သည့်အချိန်မှာတော့ ရှစ်ဝမ်ကျောင်း၏ မျက်နှာတစ်ခုလုံးသည် အရောင်အဆင်း ကင်းမဲ့သွားခဲ့၏။ သူသည် သေးထွက်လုမတတ်ပင် ဖြစ်သွား၏။ အဘယ်ကြောင့်ဆိုသော် ရောက်ရှိလာသူသည် ရှစ်မိသားစု၏ ခေါင်းဆောင်၊ အကြီးအကဲ သုံးယောက်တို့နှင့် စည်းကမ်း ထိန်းသိမ်းရေးမှူးတို့ ဖြစ်သောကြောင့်ပင်။
ရှမ့်လန်သည် အသာပြောဆိုလိုက်သည်။ “ရှစ်ဝမ်ကျောင်း... မြို့စားအိမ်တော်က ခင်ဗျားကို သတ်လို့ မရဘူးဆိုပေမဲ့ ရှစ်မိသားစုရဲ့ စည်းမျဉ်းစည်းကမ်းတွေကတော့ ခင်ဗျားကို သတ်လို့ရတယ်”
ရှစ်မိသားစု၏ မိသားစုခေါင်းဆောင်သည် မြို့စားကြီးဆီသို့ ဦးညွတ်ကာ ပြောလိုက်၏။ “ကျုပ်တို့ ရှစ်ကလန်က မြို့စားကြီးရဲ့ အိမ်တော်ကို နှစ်ပေါင်းများစွာ မှီခိုခဲ့ပါတယ်။ ဒါပေမဲ့ မထင်မှတ်ထား လောက်အောင်ဘဲ ဒီအကျင့်စာရိတ္တ မကောင်းတဲ့ နှလုံးသားကင်းမဲ့တဲ့လူ … ကျုပ်တို့မိသားစုထဲမှာ ဒီလိုလူ မွေးဖွားလာခဲ့တယ်။ ဒါ ကျုပ်တို့ သူ့ကို စည်းမျဉ်းစည်းကမ်းတကျ မသင်ပေးနိုင်ခဲ့တဲ့ အမှားပါပဲ။ ကျုပ်တို့ မြို့စားကြီးကို တောင်းပန်ပါတယ်”
သို့နောက် မိသားစုခေါင်းဆောင်သည် အသာဒူးထောက်လိုက်သည်။
“မလိုပါဘူး”
မြို့စားကြီးသည် မြန်မြန်ဆန်ဆန် ရှေ့ဆီသို့ ရောက်ရှိလာပြီး အဘိုးအိုကို ဆွဲထူလိုက်၏။
မိသားစုခေါင်းဆောင်၏ အသံသည် အေးစက်နေခဲ့သည်။ “အစောင့်တွေ... ဒီခွေးကောင် ရှစ်ဝမ်ကျောင်းကို ရှစ်မိသားစုရဲ့ အဓိကဟောခန်းဆီ ခေါ်ပြီးတော့ သေအောင် ရိုက်သတ်လိုက်စမ်း”
ရှစ်ဝမ်ကျောင်းသည် အားရှိသလောက် ရုန်းကန်ရင်း အော်ဟစ်နေ၏။ “ဘာ့ကြောင့်လဲ။ ကျုပ် မြို့စားအိမ်တော်ထဲမှာ အကျင့်ပျက် ခြစားခဲ့တယ်ဆိုရင်တောင်မှ မိသားစုရဲ့ စည်းမျဉ်းစည်းကမ်းကို ချိုးဖျက်တာမှ မဟုတ်တာ။ ဘိုးဘေးရဲ့ စည်းကမ်းဟောခန်းက ကျုပ်ကို သတ်ဖြတ်ပစ်ဖို့ အခွင့်အရေး မရှိဘူး”
ရှမ့်လန်သည် အသာလျှောက်လာကာ ပြောလိုက်သည်။ “ရှစ်ဝမ်ကျောင်း... ခင်ဗျားကို သတ်ဖြတ်ပစ်တဲ့ အပြစ်ဒဏ်က အကျင့်ပျက် ခြစားတာကြောင့် မဟုတ်ဘူး။ ကိုယ့်အဒေါ်ကို ဗလက္ကာယ ပြုလုပ်ခဲ့တဲ့ ပြစ်မှုပဲ”
ရှစ်ဝမ်ကျောင်းသည် လုံးဝကို ဆွံ့အသွားခဲ့၏။ ဤကိစ္စသည် လျှို့ဝှက်ချက်တစ်ခုဖြစ်၏။ အဘယ်ကြောင့် ရှမ့်လန်က သိရှိသနည်း။ ဤအမျိုးသမီးသည် ရှစ်ဝမ်ကျောင်း၏ အဒေါ်ဖြစ်သည်ဆိုသော်လည်း အသက် သုံးဆယ်နီးပါးခန့်သာလျှင် ရှိ၏။
“ရှစ်ဝမ်ကျောင်း ခင်ဗျားက ငွေကြေးပိုင်းဆိုင်ရာ ပြဿနာတွေ ပြုလုပ်ခဲ့ရုံတင်မကဘူး။ ခင်ဗျားရဲ့ ဘဝကို ဖြတ်သန်းမှုပုံစံကလည်း ပြဿနာတွေ များနေတာပဲ။ ရှစ်ကလန်ကို စိတ်ပျက်စေခဲ့ပြီ။ ခင်ဗျားကို မွေးခဲ့တဲ့ လူတွေအတွက်ကတော့ စိတ်နာစရာကိစ္စရပ် ဖြစ်လိမ့်မယ်”
ရှမ့်လန်က ပြောလိုက်၏။ “ခင်ဗျားလို သင်္ချာဂဏန်းကို ချစ်မြတ်နိုးတဲ့ လူတစ်ယောက်က လှပတဲ့ မိန်းကလေးငယ်တွေကို ကြိုက်လိမ့်မယ်လို့ ကျုပ် မထင်ခဲ့မိဘူး”
ငွေကြေးများကို အသုံးပြုကာဖြင့် ထိုအမျိုးသမီး၏ ပါးစပ်ကို ပိတ်ဆို့ထားခဲ့၏။ သို့ပေမဲ့ ပိုက်ဆံသည် ထိုအမျိုးသမီး၏ ပါးစပ်ကို ပွင့်အောင် ပြန်လည်ကာ ပြုလုပ်နိုင်၏။ ဟုတ်ပေ၏။ မည်မျှများများ ပေးမည်ဆိုသည်က အဓိက သော့ချက်ပင် ဖြစ်၏။ ပိုက်ဆံများများပေးလျှင် သူမအနေနှင့် ရှစ်ဝမ်ကျောင်းကို ရောင်းစားမှာ သေချာသည်။
ဟုတ်ပေ၏။ ရှစ်ဝမ်ကျောင်းသည် လက်ရှိအချိန်တွင်တော့ ဒေါသတကြီးနှင့် အော်ဟစ်လျက်ရှိနေ၏။ “ဒီခွေးမ ငါ့ကို ရောင်းထုတ်ရဲတယ်ပေါ့။ လမ်းပေါ်မှာ ခွေးစာကျွေးခံရမှာ မကြောက်ဘူးလား မသိဘူး”
ရှမ့်လန်က ပြောလိုက်သည်။ “အင်း... ပိုက်ဆံများများပေးပြီးတော့ အသုံးမဝင်တဲ့ ယောကျ်ားဆီကနေ ထွက်ပြေးခိုင်းလိုက်တယ်။ ဒါကလည်း သူမ လုပ်ချင်နေတဲ့ အရာပဲလေ”
“ဒီခွေးမက ထွက်ပြေးသွားပြီ ဟုတ်လား”
ရှစ်ဝမ်ကျောင်းက အော်ဟစ်လိုက်၏။ “မြို့စားကြီး... ကျုပ်ကို ခွင့်လွှတ်ပေးပါ။ ကျုပ်ကို ခွင့်လွှတ်ပေးပါ။ ကျုပ် ဝန်ခံပါ့မယ်။ ကျုပ် မြို့စားအိမ်တော်မှာ ရှိနေတဲ့ စည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက်ပြီး ငွေကြေးတွေကိုလည်း ဖြောင်ခဲ့မိပါတယ်။ ပြီးတော့ ထိုက်ချူးစီရင်စုက အုပ်ချုပ်ရေးမှုးဆီ သွားပြီး လာဘ်ထိုးခဲ့မိပါတယ်”
မြို့စားကြီး၏ အမူအရာက ပြောင်းလဲသွားခဲ့သည်။
ရှမ့်လန်သည် ခေါင်းကို ခါယမ်းကာ ပြောလိုက်၏။ “အသုံးမဝင်တော့ဘူး။ မြို့စားကြီးက ခင်ဗျားရဲ့ ပိုက်ဆံတွေကို စိတ်မဝင်စားတော့ဘူး။ ကျန်းကျင်းက ခင်ဗျားအစား ပိုက်ဆံတွေကို သိမ်းခဲ့ပြီ မဟုတ်လား။ ပြီးတော့ ရှစ်ကလန်က ကျိန်းသေပေါက် ဒီပြဿနာတွေ အားလုံးကို ဖြေရှင်းပေးလိမ့်မယ်”
လက်ရှိအခြေအနေမှာတော့ အရာအားလုံးက ရှင်းလင်းသွားခဲ့ပြီ ဖြစ်၏။ မည်သူက မည်သူ့ကို ပြဿနာ ရှာခဲ့သည်သနည်း။
မြို့စားကြီးသည် သက်ပြင်းကို ချကာဖြင့် ခေါင်းကို အသာလွှဲလိုက်လေ၏။ ရှစ်ဝမ်ကျောင်း၏ ခန္ဓာကိုယ်တစ်ခုလုံးကို အပြင်ဘက်သို့ ဆွဲထုတ်ခြင်းကို ခံလိုက်ရ၏။ ၎င်း၏ အောက်ပိုင်းတစ်ခုလုံးသည် သေးများဖြင့် စိုရွဲလျက်ပင် ရှိနေ၏။
“မြို့စားကြီး ကျုပ် ခင်ဗျားကို ပြောရမယ့် အကြီးမားဆုံး လျှို့ဝှက်ချက် ရှိပါတယ်။ သခင်လေး ရှမ့်လန်.. အဘိုး ရှမ့်လန်... ငါ့ဆီမှာ ပိုက်ဆံတွေ ရှိသေးတယ်။ အရှင်ကြီး ရှမ့်လန်။ တစ်စုံတစ်ယောက်က မင်းကို ထိခိုက်နာကျင်အောင် လုပ်ချင်နေတယ်။ ထျန်ဟန်က မင်းကို သတ်တော့မယ်”
နာရီအနည်းငယ် ကြာပြီးသည့်နောက် ရှစ်မိသားစု၏ ဘိုးဘေးဟောခန်းထဲမှာတော့ ရှစ်ဝမ်ကျောင်းသည် ခန္ဓာကိုယ်တစ်ခုလုံး စုတ်ပြတ်သတ်လျက် ရှိနေ၏။ လက်ရှိအချိန်မှာတော့ ၎င်းသည် လူရာပေါင်းများစွာ တို့၏ ရှေ့မှောက်၌ ရိုက်သတ်ခြင်းကို ခံခဲ့ရသည်။