အပိုင်း (၅၈)
Vol. 5 Ch. 58
ရှစ်ဝမ်ကျောင်းသည် သေဆုံးသွားခဲ့၏။ ၎င်း၏ သေခြင်းတရားသည် ငြိမ်းချမ်းစွာဖြင့် ပြီးဆုံးသွားခြင်း မဟုတ်ချေ။ ရိုက်သတ်ခံရခြင်းဟု ပြောဆိုရပေမည်။
“လန်အာ… ဒီတစ်ကြိမ် မှာတော့ မင်း တကယ့်ကို ကောင်းကျိုးတစ်ခုကို ပြုလုပ်ခဲ့တာပဲ”
မြို့စားကြီးက ပြောလိုက်၏။ “မင်းအနေနဲ့ မိသားစုအတွက် ရွှေဒင်္ဂါး တစ်သောင်းကျော်ကို ပြန်ရအောင် ပြုလုပ်ရုံ သာမကဘူး။ ရှစ်ဝမ်ကျောင်းရဲ့ မကောင်းတဲ့ အကျင့်စာရိတ္တကိုလည်း ဖော်ထုတ်ပေးနိုင်ခဲ့တယ်လေ။ မင်းကို ငါ ဘယ်လို ဆုလာဘ်မျိုး ဆုချရမလဲ”
မြို့စားကြီး သည် စိတ်ကောင်း မဝင်နေချေ။ သို့ပေမည့် ရှမ့်လန် အပေါ်တော့ စေသနာ သဒ္ဓါတရားကို ထုတ်ပြနေသည်။
ကျုပ် မိန်းမနဲ့ပဲ သွားအိပ်ချင်တယ်။
ရှမ့်လန်သည် စိတ်ထဲတွင် ကြိတ်ကာ ပြောလိုက်၏။ အဖေ… မူလန်ကို အဝတ်အစားတွေ ချွတ်ပြီးတော့ အိပ်ရာပေါ်မှာ လှဲခိုင်းထားပါလား။
ဟုတ်ပေ၏။ သူ့အနေနှင့် ထိုအရာများ အားလုံးကို စိတ်ထဲမှာ ပြောဆိုနေခြင်းသာလျှင်ဖြစ်၏။ အပြင်ဘက်တွင် ထုတ်ကာ မပြောရဲချေ။ မဟုတ်ပါက သတ်ဖြတ်ခံရပေလိမ့်မည်။
“အင်း… ဒါက သမက်တစ်ယောက် အနေနှင့် လုပ်သင့်တဲ့ အရာတစ်ခုပါပဲ။ ဘာဆုလာဘ်ကိုမှ မတောင်းဆိုရဲပါဘူး” ရှမ့်လန်က ပြောဆိုလိုက်၏။
မြို့စားကြီးက ပြောလိုက်သည်။ “အင်း… ဒီ စာရင်းဌာန တစ်ခုလုံးကို မင်းကို လွှဲအပ်ထားမယ်။ ဒီနေ့က စပြီး မင်းက မြို့စားအိမ်တော်ရဲ့ စာရင်းအားလုံးကို တာဝန်ယူလိုက်။ ဘယ်လိုထင်လဲ”
“မဟုတ်ဘူး၊ မဟုတ်ဘူး” ရှမ့်လန်က မြန်မြန်ဆန်ဆန် ငြင်းပယ်လိုက်၏။
သူ မြို့စားအိမ်တော်သို့ လာရောက် နေထိုင်ခြင်းမှာ မိန်းမထမီနား ခိုစားပြီး ဇိမ်ကျကျနှင့် နေထိုင်ရန်ပင် ဖြစ်၏။ သူ့အနေနှင့် မည်သည့် ကိစ္စရပ်များကိုမှ တာဝန်ယူကာ ပြုလုပ်ချင်စိတ် မရှိချေ။ ထို့အပြင် အလုပ်ကို ပင်ပင်ပန်းပန်းနှင့် ပြုလုပ်သည့် လူများသည် မြန်မြန်ဆန်ဆန် အိုစာတတ်သည် မဟုတ်ပါလား။ ထို့အပြင် အားအင်လည်း ဆုတ်ယုတ်တတ်သေး၏။ သူ့ကဲ့သို့ ချောမောလွန်းသည့် လူတစ်ယောက် အနေနှင့် အဘယ့်ကြောင့် ပင်ပန်းခံကာဖြင့် အလုပ်များကို ကြိုးစားပမ်းစား ပြုလုပ်ရမည်နည်း။ သောက်ကျိုးနည်း .. မဖြစ်နိုင်ပေ။
“အင်း… ဆရာလင်းက သစ္စာရှိတယ်လို့ ကျုပ်ထင်တယ်။ ပြီးတော့ ဂဏန်းသင်္ချာမှာလည်း ကျွမ်းကျင်တယ်။ သူက စာရင်းစစ်ဌာနကို တာဝန်ယူဖို့ အသင့်တော်ဆုံး လူတစ်ယောက်ပဲ” ရှမ့်လန်က အာမခံ ပေးလိုက်သည်။
“သမက်က စာရင်းတွေကို မှတ်သားဖို့အတွက် တကယ့်ကို ကောင်းမွန်တဲ့ နည်းစနစ်တချို့ကို သူ့ဆီ လွှဲပြောင်းပေးလိုက်မယ်။ ဒါဆိုရင် အနာဂတ်မှာ စာရင်းဇယား အားလုံးက ပိုပြီး ရှင်းလင်း သွားလိမ့်မယ်။ တစ်ဝက်လောက် ကြိုးစားလိုက်ရုံနဲ့ နှစ်ဆပိုပြီး ကောင်းမွန်တဲ့ အခြေအနေတစ်ခု ရောက်သွားအောင်လို့ ပံ့ပိုးပေးပါ့မယ်”
မြို့စားကြီးက ဆွံ့အသွားခဲ့၏။ ရှမ့်လန်သည် ရည်မှန်းချက် ရှိသည်ဟု ရှစ်ဝမ်ကျောင်းက ပြောဆိုခဲ့၏။ သို့ပေမည့် ယခု ကြည့်ရှုရသည်မှာ တစ်ချက်ကလေးမှ ရည်မှန်းချက်ရှိပုံပင် မပေါ်ချေ။ တကယ့်ကို လူပေါ့ လူသွမ်း တစ်ယောက်ကဲ့သို့ပင် စိတ်တိုစရာ ကောင်းလှ၏။ မြို့စားကြီးသည် အဘယ်ကြောင့်မှန်း မသိချေ။ သူ၏ သမက်တော်ကို တကယ်ပင် သဘောကျသွားခဲ့လေ၏။ ထိုအတူ ထ၍ ရိုက်နှက်ချင်စိတ်လည်း ပေါက်နေ၏။ သူသည် သူ့၏သား ကျင်းမူကုန်းကို မနှစ်သက်ချေ။ သို့ပေမည့် ရိုက်နှက်ချင်နေတုန်းပင်။ ဤနှစ်ယောက်ကြားထဲတွင် ကွာခြားချက် အချို့တလေကတော့ တည်ရှိနေ၏။ တူညီသည့်အရာမှာ အရိုက်ခံရရန် ထိုက်တန်သည့်လူမျိုးများပင်။
“အင်း… ငါ မင်းကို ဆုပေးမယ်။ ပြော မင်းဘာလိုချင်လဲ။ မြို့စားကြီးက မေးမြန်းလိုက်၏။
ရှမ့်လန်သည် ခဏလောက် စဉ်းစားပြီးသည့်နောက် ဘာလိုချင်သည် ဆိုသည်ကို အဖြေရှာ၍ပင် မရခဲ့ချေ။ သူ သူ့မိန်းမနှင့် အိပ်ချင်ခြင်းသာလျှင် ရှိ၏။ သို့ပေမည့် ဤကိစ္စသည် သူ၏ ယောက္ခထီး ထိန်းချုပ်နိုင်သည့်အရာ၏ အထက်တွင် ရှိလို့နေ၏။ ကိုယ်ပိုင်စွမ်းရည်ကို အသုံးပြုရမည့် အရာမျိုး ဖြစ်နေသည် မဟုတ်ပါလား။
ဟုတ်ပေ၏။ သူ့မိန်းမနှင့် မအိပ်စက်ရသည် ဆိုလျှင်တောင် ကိစ္စမရှိချေ။ ရှောင်ပင်းနှင့် အရင်ဆုံး အိပ်စက်ရမည်ဆိုလည်း မဆိုးပေ။
ရှမ့်လန် တစ်ယောက် ယခု ရက်ပိုင်းအတွင်း ပြင်းပြင်းထန်ထန်နှင့် အလုပ်ကြိုးစားလျက် ရှိနေသည် ဆိုခြင်းမှာ သူ၏ ယခင်ဘဝထဲက ဖြစ်တည်ခဲ့သည့် လူပျိုဘဝကို စွန့်လွှတ်ရန်ပင် ဖြစ်၏။ သို့ပေမည့် သူ့ယောက္ခထီးကြီး၏ မျက်နှာကို မြင်ရချိန်မှာတော့ ရှမ့်လန်သည် လိုချင်သည့်အရာကို မြန်မြန်ဆန်ဆန် ပြန်လည်ကာ စဉ်းစားလိုက်၏။
“အဖေ… တကယ်လို့ ကျုပ်ကို ဆုပေးချင်တယ်ဆိုရင် အခု နေအိမ်အကျယ်ချုပ်ကနေ ဖယ်ပေးပါလား” ရှမ့်လန်က ပြောလိုက်သည်။
သူ၏ ယောက္ခထီးသည် စိုးရိမ်ပူပန်စွာဖြင့် မေးမြန်းလိုက်သည်။ “မင်း ဘာလုပ်ချင်ပြန်ပြီလဲ”
ရှမ့်လန်က ပြောလိုက်၏။ “ဘာတစ်ခုမှ မလုပ်ချင်ပါဘူး။ အိမ်ကိုပြန်ပြီး မိဘတွေနဲ့ ပြန်တွေ့မယ်။ ပြီးတော့ ရက်အနည်းငယ်လောက် သူတို့နဲ့ အတူတူ နေမယ်လေ။ အဖေရဲ့ ချောင်းဆိုးနေတဲ့ ရောဂါက သက်သာရဲ့လား မသိဘူး။ ပြီးတော့ ညီငယ်လေးရဲ့ ခြေထောက်ကလည်း ကျိုးနေသေးတယ် မဟုတ်လား။ အမေကလည်း ညဘက်အထိ အဝတ်တွေ ချုပ်နေသေးလား မသိဘူး။ အရာအားလုံးကို တွေးကြည့်တဲ့ အချိန်မှာ တကယ်ပဲ စိတ်ပူမိတယ်”
ရှမ့်လန်၏ ခံစားချက် အပြည့်ဖြင့် ပြောဆိုနေသည့် အသံကို နားထောင်ရချိန်မှာတော့ မြို့စားကြီးသည် တကယ်ပင် ရင်ထဲ ထိခိုက်သွားခဲ့၏။ သို့ပေမည့် မကြာခင်မှာပဲ သူက သတိပေးလိုက်သည် “ရှမ့်လန်… မင်း ဒီကိုရောက်လာတာ လေးရက်ပဲ ရှိသေးတယ်လေ”
ရှမ့်လန်သည် ကြောင်အအဖြင့် ပြန်လည်ကာ ပြောဆိုလိုက်၏။ “ဪ ဟုတ်လား။ မေ့တောင် မေ့သွားတယ်။ အရာကိစ္စတွေက အများကြီး ဖြစ်သွားခဲ့တော့ အချိန် အရမ်းကြာသွားခဲ့ပြီလို့ ထင်ခဲ့တာကိုး”
မြို့စားကြီးက ပြောလိုက်သည်။ “မြို့စားအိမ်တော်မှာ နေထိုင်ရတာ မင်းအတွက် တစ်နှစ်လောက်ကြာ သလိုကို ငြီးငွေ့ခဲ့တာလား”
“မဟုတ်ပါဘူး၊ မဟုတ်ပါဘူး”
ရှမ့်လန်က ပြောလိုက်၏။ “အဖေက တကယ့်ကို စီမံခန့်ခွဲမှုကောင်းပြီး အမေကလည်း စိတ်ထားနူးညံ့ ကြင်နာတတ်တဲ့ လူတစ်ယောက်လေ။ ပြီးတော့ မူကုန်း.. မူကုန်းကတော့ ထားလိုက်ပါတော့။ ပြောရမယ်ဆိုရင် ကျုပ်က ပျားရည်အိုးထဲ ရောက်နေတဲ့ လူတစ်ယောက်လိုပဲလေ။ အရမ်းကို ချိုမြိန်တယ်။ အရမ်းကို ပျော်ဖို့ ကောင်းပါတယ်”
မြို့စားကြီးက ပြောလိုက်သည်။ “မင်း ပျော်တယ်ဆိုမှတော့ အိမ်ထဲမှာပဲနေလေ။ အပြင်ကို ထွက်ပြီး ပြဿနာ ရှာမနေနဲ့တော့”
“ဟမ်”
မြှောက်ပင့်ပြောဆိုခဲ့သည် ဆိုသော်လည်း လိုချင်သည့် အကြောင်းအရာဆီ မရောက်ခဲ့ဘူးလား။
မြို့စားကြီးက ပြောလိုက်၏။ “ရှစ်ဝမ်ကျောင်းရဲ့ သား၊ ထျန်းဟန်နဲ့ မြို့တော်ဝန်အိမ်ရာက မင်းကို အရမ်း မုန်းတီးနေတယ်။ ဒီတော့ မင်း အပြင်ကို ထွက်သွားတာနဲ့ အန္တရာယ် ရှိလိမ့်မယ်။ သူတို့ လုပ်ချင်တိုင်း လုပ်ဖို့ ငါ ခွင့်ပြုမပေးနိုင်ဘူး”
ရှမ့်လန်က ပြောလိုက်သည်။ “ဒါပေမဲ့ အဖေက ကျုပ်ကို ဆုလာဘ်ပေးမယ်လို့ ကတိပေးထားတယ် မဟုတ်လား”
မြို့စားကြီးက ပြောလိုက်၏။ “မင်းက တကယ့်ကို ကောင်းကျိုးတွေ ပြုလုပ်ခဲ့တယ်။ ဒါကြောင့် အဖေက မင်းကို လယ်မြေဧက သုံးရာတိတိ ဆုချမယ်။ ဒီကိစ္စ အတည်ဖြစ်သွားပြီ။ အိမ်အကျယ်ချုပ်ကနေ ဖယ်ဖို့ အတွက်ကတော့ အင်း… လောလောဆယ် မပြောနဲ့အုံး”
ပြီးနောက် မြို့စားကြီးသည် အပြင်ဘက်သို့ လျှောက်ထွက်သွားသည်။
ရှမ့်လန် တစ်ယောက်တည်း သာလျှင် ကျန်ရှိခဲ့၏။ သူသည် တီးတိုး ရေရွတ်လိုက်၏။ “ကျုပ် မြေဧက သုံးရာကို မလိုချင်ဘူး။ ကျုပ် လွတ်လပ်မှုကိုပဲ လိုချင်တာ။ ဟူး ….”
………
ကျင်းမူလန် ပြန်လာ၏။ သူမသည် အပြင်ဘက်တွင် နှစ်ရက်နှင့် နှစ်ညတိုင်တိုင် ကြာမြင့်ခဲ့၏။ မြင်းစီးတပ်ဖွဲ့ကို ဦးဆောင်ကာဖြင့် ၎င်းတို့ ပိုင်ဆိုင်သည့် တည်နေရာကြီး တစ်ခုလုံးကို လှည့်လည်ကာဖြင့် စစ်ဆေးခဲ့၏။
ရေမိုးချိုးပြီးသည့်နောက် ရှောင်ပင်းသည် ဤနှစ်ရက်အတွင်း ဖြစ်ပွားခဲ့သည့် အကြောင်းအရာ အားလုံးကို မူလန်ကို ပြောဆိုရန် မစောင့်နိုင်သလိုပင် ဖြစ်နေသည်။
“သခင်လေးက တကယ့်ကို အံ့အားသင့်စရာပဲ။ ရှစ်ဝမ်ကျောင်းလို ဆရာကြီး တစ်ယောက်ကိုတောင်မှ တစ်ညအတွင်း ဒုက္ခပေးခဲ့တယ်။ အခု အစေခံတွေ အကုန်လုံးက သခင်လေးကို အရမ်း ကြောက်နေပြီ။ ရှစ်ဝမ်ကျောင်းက အတန်းထဲမှာ သခင်လေးကို ဆူငေါက်ရုံပဲ ဆူငေါက်လိုက်တာ။ ဒါပေမဲ့ သခင်လေးက သူ့ကို သတ်ပစ်လိုက်တယ်။ ပြီးတော့ သခင်လေးက မြို့စားအိမ်တော်အတွက် ကောင်းမွန်တဲ့ အရာတွေကို ပြုလုပ်ခဲ့တာလေ။ ရွှေဒင်္ဂါး တစ်သောင်းကျော်တောင်မှ ပြန်ရအောင် လုပ်ခဲ့သေးတယ်”
မူလန်၏ မျက်လုံးများက တောက်ပလာခဲ့၏။ သူမသည် အရူးတစ်ယောက်ကို လက်ထပ်ခဲ့သည်ဟု တွေးထင်ခဲ့၏။ မိသားစုအတွက် လက်ထပ်ခဲ့ခြင်းပင်။ သူမ၏ ကံကြမ္မာကို မိုးကောင်းကင်ဆီသို့ ပုံချခဲ့ပြီးပင် ဖြစ်၏။ သို့သော်လည်း အရူးကဲ့သို့သော ယောက်ျားတစ်ယောက်ကို လိုချင်သည့် မိန်းမဟူ၍ မရှိချေ။ သူမ၏ ယောက်ျားသည် လက်ရှိ အခြေအနေမှာတော့ အရူးတစ်ယောက် မဟုတ်ရုံသာမက အလွန်ဉာဏ်ကောင်းသည့် လူတစ်ယောက် ဖြစ်လို့နေခဲ့၏။ ကံကြမ္မာ၏ ကောင်းချီးပေလား။
ပိုမို၍ အရေးကြီးမားသည်မှာ စိတ်ဝင်စားစရာ ကောင်းနေခြင်းပင်။ ထို့အပြင် ချောမောလွန်း၏။ သူမ ကြာကြာကြည့်လေ သူမ၏ ယောက်ျားက ချောမောလေပင်။ လက်ရှိ အခြေအနေမှာတော့ မူလန်၏ နှလုံးသားတစ်ခုလုံး၌ လှိုင်းဂယက်များဖြင့် ဖြစ်တည်လာခဲ့၏။
ရှောင်ပင်းက ပြောလိုက်သည်။ “အခု ဒီနေရာမှာရှိနေတဲ့ အစေခံတွေက သတင်းဖြန့်နေတယ်။ သခင်လေးက တကယ့်ကို ကြီးမားတဲ့ ကောင်းကျိုးတွေ ပြုလုပ်ခဲ့တယ်လေ။ သခင်ကြီးက သူ့ကို ဘယ်လိုမျိုး ဆုလာဘ်တွေ ဆုချမလဲ ဆိုတာကို ပြောနေကြတာ”
ထိုအရာကိုကြားတော့ မူလန်သည် ရုတ်တရက် မျက်မှောင်ကုတ်လိုက်၏။ “ရှောင်ပင်း.. သခင်လေးက ရှစ်ဝမ်ကျောင်းကို သတ်ပစ်ခဲ့တယ်ဆိုတဲ့အကြောင်းကို ဘယ်သူ့ကိုမှ မပြောစေနဲ့။ ပြီးတော့ သခင်လေးက ကောင်းကျိုးတွေ ပြုလုပ်ခဲ့တယ်ဆိုတဲ့ အကြောင်းကိုလည်း ဘယ်သူ့မှ မပြောနဲ့”
ရှောင်ပင်းက ကြောင်အသွားသည်။ “ဘာလို့လဲ”
မူလန်က ပြောလိုက်၏။ “ရှစ်ဝမ်ကျောင်း သေတယ်ဆိုတာ သေသင့်လို့ သေတာလေ။ သူ့ကို သမက်တော်က သတ်ဖြတ်ခဲ့တာ မဟုတ်ဘူး။ သမက်တော်က စိတ်ထားကြမ်းကြုတ်ပြီးတော့ အငြိုးအတေးကြီးတဲ့ လူတစ်ယောက်လို ပုံဖော်သွားမယ်ဆိုရင် အိမ်တော်ထဲက လူတွေအကုန်လုံး သူ့ကို ကြောက်နေလိမ့်မယ်”
“ဪ”
ရှောင်ပင်းက မေးလိုက်သည်။ “ဒါ့ကြောင့် သခင်လေးရဲ့ ကောင်းကျိုးအကြောင်းတွေကိုလည်း ကျွန်မတို့ ပြောလို့ မရဘူးပေါ့”
“သမက်တော်နဲ့ ငါတို့က မိသားစု တစ်ခုပဲလေ။ မြို့စားအိမ်တော်က သူ့ရဲ့အိမ်ပဲ။ ဒီတော့ မြို့စား အိမ်တော်ကောင်းဖို့လုပ်တဲ့အရာက ဘယ်လိုဖြစ်ဖြစ်တော့ ကောင်းကျိုးပြုတယ်ဖြစ်ရမှာလဲ။ ဒီကိစ္စက မိသားစုအတွက်လုပ်တာပဲ”
မူလန်က ပြောလိုက်၏။ “မြို့စားအိမ်တော်အတွက် ကောင်းကျိုး ပြုလုပ်တယ်ဆိုပြီး ထပ်တလဲလဲ ပြောနေတယ်ဆိုရင် သူက အပြင်လူတစ်ယောက် ဖြစ်သွားမှာပေါ့။ ဒါဆိုရင် သူ ပျော်ရွှင်မှာ မဟုတ်ဘူး”
“အင်း”
ရှောင်ပင်းက ပြောလိုက်သည်။ “သခင်မလေး ပြောတာလည်း မှန်တာပဲ။ အဓိပ္ပာယ် ရှိတယ်”
ပြီးနောက် ရှောင်ပင်းသည် တစ်စုံတစ်ခုကို သတိရသွား၏။ ထို့ကြောင့် စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်၏။ “ဪ ဟုတ်ပြီ။ သခင်လေးက မနေ့တုန်းက မေးခွန်းတစ်ခု မေးခဲ့သေးတယ်”
မူလန်က မေးလိုက်သည်။ “ဘာမေးခွန်းလဲ”
ရှောင်ပင်းက ပြောလိုက်၏။ “အင်း.. ကျားဖြူတွေက ဘာလို့ တန်ဖိုးအကြီးဆုံး ဖြစ်တာလဲတဲ့။”
မူလန်က ကြောင်သွားသည်။ “မင်း ဘယ်လို ဖြေလိုက်တာလဲ”
ရှောင်ပင်းက ပြောလိုက်၏။ “အင်း.. ကျားတွေက အဝါရောင် ဖြစ်နေလို့ပေါ့။ ကျားဖြူဆိုတာ အရမ်း ရှားတယ်လေ”
မူလန်က ပြောလိုက်သည်။ “ဒါ အမှန်ပဲပေါ့”
ရှောင်ပင်းက ပြန်လည်ကာ ပြောဆိုလိုက်၏။ "သခင်လေးက ပြောတယ်၊ 'ကျားဖြူ' ဆိုတာ ရှားပါးတယ်တဲ့၊ အချိန်လိုပဲ တန်ဖိုးရှိလို့တဲ့။ ရွှေတစ်မတ်က အချိန်တစ်စက္ကန့်ကို ဝယ်လို့မရဘူးဆိုလားပဲ။ သခင်လေးကတော့ လျှောက်ပြောတာပဲ၊ ကျားဖြူနဲ့ အချိန်နဲ့ ဘာဆိုင်လို့လဲနော်၊ သခင်မလေးရဲ့..."
'inch of gold' (寸金) သည် တရုတ်စကားတွင် အမျိုးသမီးများ၏ လိင်အင်္ဂါကို ရည်ညွှန်းသည့်အခါလည်း သုံးတတ်သည်။
ရုတ်တရက် ရှောင်ပင်းသည် ပြောဆိုရာမှ ရပ်တန့်လိုက်၏။ အဘယ်ကြောင့်ဆိုသော် ကျင်းမူလန်၏ အဓိက နေရာရှိ အနည်းငယ် နီဆွေးသည့် အရာများကို သူမက မြင်လိုက်သောကြောင့်ပင်။ ထို့ကြောင့် မျက်နှာတစ်ခုလုံး နီရဲသွား၏။ ပြီးနောက် အချိန်နှင့် ကျားဖြူ ဆိုသည့် အကြောင်းအရာကို နောက်ဆုံး နားလည်သွားခဲ့သည်။
မူလန်၏ မျက်နှာသည် နီတွတ်လျက် ရှိနေ၏။ သူမ၏ ခန္ဓာကိုယ် တစ်ခုလုံးသည်လည်း နီမြန်းနေခဲ့၏။ သူမသည် ဝမ်းဗိုက်ပေါ်သို့ အသာ လက်တင်လိုက်၏။ လက်ရှိ အခြေအနေမှာတော့ ထိုကဲ့သို့သော အပြုအမူကပင်လျှင် တကယ့်ကို ချစ်မြတ်နိုးစရာ ကောင်းသည့် အမူအရာမျိုး ဖြစ်လို့နေ၏။
“ဒီ ခွေးကောင်လေး။ ဘယ်လိုဖြစ်ပြီးတော့ ငါ့ကို စရဲရတာလဲ။ ပြီးတော့ ငါ့ရဲ့ လျှို့ဝှက်ချက်ကို သူ ဘယ်လို သိရတာလဲ။ ရေချိုးတုန်းလာပြီး ချောင်းကြည့်ထားတာလား။ မဖြစ်နိုင်ဘူး”
သူမ၏ ယောက်ျားသည် အရာကိစ္စအားလုံးကို ပြုလုပ်နိုင်စွမ်း ရှိနေသည် ဆိုလျှင်တောင်မှ သူမ ရာသီလာသည့် ရက်ကိုတော့ သိနိုင်စရာအကြောင်း မရှိချေ။ ဖြစ်နိုင်သည်မှာ သူမ ရေချိုးတုန်း လာရောက် ချောင်းမြောင်း ကြည့်ခဲ့ခြင်းသာ ဖြစ်ပေလိမ့်မည်။
“အင်း.. သခင်လေး ဘယ်ရောက်နေလဲ” မူလန်က မေးမြန်းလိုက်၏။
ရှောင်ပင်းက ပြောလိုက်သည်။ “သခင်ကြီးဆီမှာ။ သူ မကြာခင် ပြန်လာပါလိမ့်မယ်”
မူလန်သည် ရုတ်တရက် မတ်တပ် ထရပ်လိုက်၏။ သူမ၏ မာန်အပြည့်နှင့် လှပနူးညံ့သော ခန္ဓာကိုယ်ကြောင့် ရှောင်ပင်းမှာ မျက်လုံးများပင် ကျိန်းစပ်သွားရပြီး ထိုမိစ္ဆာဆန်သော ကောက်ကြောင်းအလှကိုကြည့်ကာ ရင်တုန်သွားမိ၏။
“အင်း.. အဝတ်ကူပြီး လဲပေးအုံး” မူလန်က ပြောလိုက်သည်။
ရှောင်ပင်းသည် အချိန်ကိုက် ပြောဆိုလိုက်၏။ “သခင်မလေး… ဘာလုပ်ချင်လို့လဲ”
"အမှားလုပ်ရင် အပြစ်ပေးရမှာပေါ့"
မူလန်သည် တရားမျှတပြီး သမာသမတ်ကျသော မျက်နှာထားဖြင့် ပြောသည်။ "ရှောင်ပင်း၊ မှတ်ထား၊ ယောက်ျားဆိုတာ မျက်ခြေမပြတ် အုပ်ချုပ်ထားရတယ်။ သုံးရက်လောက် လွှတ်ထားကြည့်လိုက်၊ အိမ်ခေါင်မိုးတက်ပြီး အုတ်ကြွပ်တွေတောင် ခွာပစ်လိမ့်မယ်”
ရှောင်ပင်းက မေးလိုက်၏ "သခင်မလေး …. သခင်လေးကို ရိုက်မလို့လား"
မူလန်က ပြောလိုက်သည်။ “ဟမ့်… ကျင်းမိသားစုရဲ့မိန်းမတွေက ဘယ်တော့မှ သူတို့ရဲ့ ယောက်ျားကို မရိုက်ဘူးလေ”
သူ့မိန်းမ ပြန်လာသည်ကို သိရှိရချိန်မှာတော့ ရှမ့်လန်သည် ချက်ချင်းပဲ ခြံဝန်းဆီသို့ အလျင်အမြန် ပြန်လာခဲ့၏။ ခွဲခွာရသည်မှာ ရက်အနည်းငယ်သာ ကြာမြင့်သေးသည် ဆိုသော်လည်း သုံးနှစ်သုံးမိုးမက ခွဲခွာရသလိုပင် ခံစားနေမိ၏။ သူမကို အိမ်မက်မက်နေသည့် ရက်များပင် ရှိခဲ့၏။ အဘယ်ကြောင့်ဆိုသော် စိတ်ထဲတွင် အမြဲတမ်း တွေးတောနေသောကြောင့်ပင်။
သို့ပေမည့် ရှမ့်လန် ခြံဝန်းထဲသို့ ဝင်ဝင်ချင်းမှာပင် သတိအပြည့်နှင့် ဖြစ်သွားမိသည်။ “တစ်ခုခု ဖြစ်နေတာလား။ ဒါက သတ်ဖြတ်လိုခြင်း အော်ရာတွေပဲ”
ပြီးနောက် မူလန်၏ လှပသည့် မျက်နှာသည် ရှမ့်လန်၏ရှေ့၌ ပေါ်ပေါက်လာခဲ့၏။ “ယောက်ျား ပြန်လာပြီလား”
“အင်း”
“ပြောစရာရှိလို့ စောင့်နေတာ ယောက်ျားရဲ့”
ဤမိန်းကလေး၏ အသံသည် တကယ့်ကို ဆွဲဆောင်ဖွယ်ရာ ကောင်း၏။ သို့ပေမည့် အခြေအနေသည် ပုံမှန် မဟုတ်ချေ။ တစ်စုံတစ်ခုတော့ တစ်စုံတစ်ခုပင်။ ဆိုးဝါးသည့် တစ်စုံတစ်ခုသာလျှင် ဖြစ်ပေလိမ့်မည်။