အပိုင်း (၅၉)
Vol. 5 Ch. 59
“မိန်းမ ပြန်လာပြီလား။ နှစ်ရက်လောက် မတွေ့ရတာ တကယ့်ကို လွမ်းစရာပဲ”
ရှမ့်လန်၏ မျက်နှာတစ်ခုလုံးသည် လေးနက်မှုများနှင့် ပြည့်နှက်လျက်ရှိနေ၏။ ပြီးနောက် သူသည် လက်သီးကို ဆုပ်ကာဖြင့် ပြောလိုက်၏။ “မိန်းမ ကောင်းကောင်း အနားယူအုံးလေ။ ယောက်ျား စာနည်းနည်း သွားဖတ်လိုက်အုံးမယ်။ နှုတ်ဆက်ပါတယ်”
ရှမ့်လန်သည် ချက်ချင်းပဲ စာကြည့်ခန်းဆီသို့ အလျင်အမြန်ဖြင့် သုတ်ခြေတင်လေသည်။
ဝှစ်
မွှေးပျံ့သည့် လေပြည်လေညင်းများ တိုက်ခတ်လာခဲ့၏။ မူလန်၏ လှပသည့်ခန္ဓာကိုယ်သည် ရှမ့်လန်၏ရှေ့၌ တိုက်ရိုက်ဆိုသလိုပင် ပေါ်ပေါက်လာခဲ့၏။
“ကောင်းကင်ဘုံ…. ဘယ်လိုဖြစ်ကုန်တာလဲ”
ရှမ့်လန်သည် သူ ခန့်မှန်းထားသည့် အရာများ ဖြစ်လာတော့မည် ဖြစ်ကြောင်း နားလည်လိုက်၏။ သူသည် မူလန်၏ ရှည်လျားလွန်းသည့် ခြေတံများကို လှမ်းကြည့်လိုက်သည်။
မူလန်သည် အသာပင် ပြောဆိုလိုက်၏။ “ယောကျာ်း.. ဖြည်းဖြည်းလျှောက်။ ဒါနဲ့ စာဖတ်ရတာ ပျင်းစရာကြီးလေ”
“အင်း”
“ညစာစားဖို့အတွက် အချိန်လိုသေးတယ်။ ဒီတော့ ယောကျာ်းနဲ့အတူ ကစားပွဲလေးတစ်ခုလောက် ကစားလိုက်ရအောင်”
“ကစားပွဲ ဟုတ်လား” ရှမ့်လန်၏ စိတ်ထဲတွင်တော့ များပြားလှသည့် ပုံရိပ်များ ဖြစ်တည်လာခဲ့၏။ ဥပမာအားဖြင့် သူ့ကို ကြိုးနှင့်တုပ်ကာ ဖယောင်းစက်များချခြင်း၊ ကျာပွတ်နှင့်ရိုက်ခြင်း …ထိုအရာများပင်။ BDSM ကဲ့သို့ပင်။ အမှတ်မထင်ဆိုသလိုပဲ သူသည် မူလန် ဝတ်ဆင်ထားသည့် ဝတ်စုံကို လှမ်းကာ ကြည့်ရှုလိုက်၏။ မြွေသားရေခွံကဲ့သို့ပင် တင်းကျပ်ကျပ်နှင့် ကိုယ်ကျပ်ဝတ်စုံမျိုးပင် ဖြစ်သည်။
“ဘာကစားပွဲလဲ မိန်းမ” ရှမ့်လန်သည် စိတ်လှုပ်ရှားစွာဖြင့် မေးမြန်းလိုက်၏။
မူလန်က ဖြေသည်။ “အင်း တောရိုင်းသတ္တဝါတွေ ပုံစံမျိုးပေါ့။ ဒါက ခန္ဓာကိုယ်ချင်း ကစားရတဲ့ ကစားပွဲမျိုးလေ”
ရှမ့်လန်၏ နှလုံးခုန်သံများသည် စည်ပိုင်းကြီးများကို တီးခတ်လိုက်သကဲ့သို့ပင် တဝုန်းဝုန်းနှင့် လှုပ်ခါလျက် ရှိနေ၏။ အသက်ရှူနှုန်းများပင် မြန်ဆန်လာခဲ့၏။ သို့ပေမည့် သူ၏ အသက် ရှင်သန်ချင်စိတ်သည် တကယ်ပင် အားကောင်းနေခဲ့၏။ ဤနေရာမှ ချက်ချင်းလှည့်ကာ ထွက်ခွာသွားရန် စဉ်းစားလိုက်မိ၏။
ရှမ့်လန်သည် အပြစ်ကင်းစင်စွာ ပြောလိုက်သည်။ “မိန်းမ… မကစားတာ ပိုကောင်းမယ်နဲ့ တူတယ်။ မကြာခင် ထမင်းစားရတော့မှာလေ။ ဒီတော့ ပြင်းပြင်းထန်ထန် လေ့ကျင့်ခန်းတွေ မလုပ်တာ အကောင်းဆုံး ဖြစ်လိမ့်မယ်”
ပြီးနောက် သူသည် ခေါင်းကို ငုံ့ကာဖြင့် အသာလှည့်ထွက်သွားရန် ပြင်လိုက်၏။ နောက်တစ်စက္ကန့် အတွင်းမှာပင် သူသည် လမ်းလျှောက်၍ မရတော့ချေ။
သူ၏ နှာခေါင်းတစ်ခုလုံးသည် သွေးများ စီးကျလာခဲ့၏။ အဘယ်ကြောင့်ဆိုသော် မူလန်၏ ခန္ဓာကိုယ်သည် သူ၏ ရှေ့တည့်တည့်တွင် ရောက်ရှိနေပြန်သောကြောင့်ပင်။ အနောက်ဘက်သို့ သူက လွင့်စင်သွားခဲ့၏။
သူမ၏ ဆွဲဆောင်မှု ကောင်းလွန်းသည့် ခန္ဓာကိုယ် အသွင်အပြင်သည် သူအား တကယ့်ပင် သွေးစက်စက် ယိုစေခဲ့၏။ သာမန်ယောကျာ်းတစ်ယောက်သာ ဆိုပါက ထိုအရာကို လှမ်းကြည့် လိုက်သည်နှင့် တပြိုင်နက် နှလုံးသားတစ်ခုလုံး ပေါက်ကွဲလုမတတ်ဖြစ်မှာ သေချာ၏။
အရိုးသားဆုံး ပြောရမည်ဆိုလျှင် ရှမ့်လန်အနေနှင့် ထိုမြင်ကွင်းကို ကြည့်ရှုရင်း သဘောကျ နှစ်ခြိုက် နေမိ၏။ သို့ပေမည့် တဏှာရာဂအတွက် မီးတွင်းထဲသို့ ခုန်ချခြင်းကို သူ ပြုလုပ်လိမ့်မည် မဟုတ်ချေ။ သူသည် စိတ်ထဲမှာတော့ အော်ဟစ်လျက်ရှိ၏။ “မြန်မြန်… မြန်မြန်.. ဘယ်အချိန် သေမယ်ဆိုတာ မသိနိုင်ဘူး။ တစ်ယောက်ယောက် မြန်မြန်လာကယ်ပါအုံး”
သို့ပေမည့် သူက ပြောလိုက်သည်။ “အင်း … မိန်းမက ဒီလောက်ကြီး ဖိတ်ခေါ်နေတယ်ဆိုမှတော့ ယောက်ျားသာ ငြင်းနေရင် မယဉ်ကျေးသလို ဖြစ်နေတော့မှာပေါ့”
…………….
သုံးမိနစ်ခန့် ကြာသောအခါ
“အား အား အိုး အိုး မိန်းမ ဖြည်းဖြည်း ဖြည်းဖြည်း ဒါ ငါ့ရဲ့ ပထမဦးဆုံးအကြိမ်လေ။ အမလေး ကျိုးတော့မယ်။ အမလေး ကျိုးတော့မယ်ဗျ”
ထိုအချိန်မှာတော့ ရှမ့်လန်သည် ငရဲဆိုသည်မှာ မည်သည့်အရာ ဖြစ်ကြောင်း ကောင်းကောင်း နားလည်ခဲ့ပြီ ဖြစ်၏။ သူ၏ ခြေထောက်များသည် ၁၈၀ ဒီဂရီ ပြဲလျက်ရှိနေပြီး ပေါင်တွင်းကြော တစ်ခုလုံးသည်လည်း တောင့်တင်းလျက် ရှိနေ၏။
နာကျင်မှုသည် မိန်းကလေးတစ်ယောက် အပျိုဘဝကို ဆုံးရှုံးမှုကြောင့် နာကျင်သည့် နာကျင်မှုထက် အကြိမ် တစ်ရာလောက်ပင် ပိုမိုကာ နာကျင်မည့်ပုံမျိုးပင်။ သူသည် မည်သည့်လေ့ကျင့်ခန်းကိုမှ ပြုလုပ်ဖူးသည့် လူတစ်ယောက် မဟုတ်ချေ။ ထို့ကြောင့် ခန္ဓာကိုယ်တစ်ခုလုံးသည် တကယ့် သံချောင်း တစ်ခုကဲ့သို့ပင် မာကျောလျက် ရှိနေ၏။ အကြောအခြင်များသည် တောင့်တင်းနေခဲ့သည်။
ယခု ပေါင်ကို ကားထားရခြင်းကြောင့် ဖြစ်ပေါ်လာသော စူးရှသည့် နာကျင်မှုသည် မည်သို့မှ မခံနိုင်လောက်သည့် အရာမျိုးကဲ့သို့ သေချင်စိတ်ပင် ပေါက်မိနေခဲ့၏။ သူ ထွက်ပြေးချင်မိ၏။ သို့ပေမည့် ဤလှပပြီး မွှေးပျံ့လွန်းသည့် မိစ္ဆာလက်သည်းချောင်းများသည် သူ၏ ပုခုံးကို ဖိကိုင်ထား၏။ ထို့ကြောင့် သူ မလွတ်မြောက်နိုင်ခဲ့ချေ။
တကယ်လည်း နောင်တရလို့နေခဲ့၏။ အစစ်အမှန် အလွန်အကျွံ နောင်တရလို့ နေခဲ့၏။ သူသည်သာ မြို့စားအိမ်တော်ဆီသို့ ရောက်ရှိပြီး မူလန်နှင့်သာ မယူခဲ့သည်ဆိုပါက ယနေ့ကဲ့သို့ ဆိုးဆိုးရွားရွား ခံစား ရလိမ့်မည် မဟုတ်ချေ။ သူသည်သာ ဝိညာဉ်ကူးပြောင်း ရောက်ရှိလာခြင်း မဟုတ်ပါက မြို့စားအိမ်တော် ဆီသို့လည်း ရောက်ရှိလိမ့်မည် မဟုတ်ချေ။
သူသည်သာ အာဖရိကသို့ မသွားခဲ့ပါက ဗုံးကွဲပြီး သေဆုံးလိမ့်မည် မဟုတ်ချေ။ သူသည်သာ ထိုနေ့ညက သုတေသနအခန်းသို့ မသွားခဲ့ပါက ဆာလဖျူရစ် အက်စစ်များနှင့် ထိတွေ့ပြီး မျက်နှာတစ်ခုလုံး စုတ်ပြတ်သွားလိမ့်မည် မဟုတ်ချေ။ အခန်းထဲတွင် ရှိနေသည့် ဝတုတ်ကောင်၏ laptop ထဲတွင် ရှိနေသည့် ကိမူချိ ဂျပန်ကားကို မကြည့်မိခဲ့ပါက ရည်းစားထားချင်စိတ်လည်း ရှိလိမ့်မည် မဟုတ်ချေ။ ထိုသို့ဆိုလျှင် သုတေသနခန်းသို့လည်း ရောက်ရှိလိမ့်မည် မဟုတ်ချေ။
“သောက်တလွဲ ဝတုတ်ကောင်.. ဒါအားလုံး မင်းအပြစ်ပဲ။ ဘယ်လိုဖြစ်ပြီးတော့ ဒီလိုအခွေမျိုးကို laptop ထဲ ထည့်ထားရတာလဲ”
ထို့ကြောင့် ကျင်းမူကုန်းကို မြင်ရစဉ်က ရန်သူတစ်ယောက်ကို မြင်လိုက်ရသကဲ့သို့ပင် ခံစားနေမိခြင်း ဖြစ်ပေမည်။
“မိန်း မိန်းမ”
“အင်း”
“ဒီလိုကစားတာထက် ကောင်းကောင်းမွန်မွန် တခြားကစားနည်းလေး တစ်ခုခုလောက် ကစားပါလား။ ဝိုင်းကြီးပတ်ပတ် ဒူဝေဝေတို့ ဘာတို့ပေါ့” ရှမ့်လန်သည် တုန်ယင်နေသည့် အသံဖြင့် ပြောဆိုလိုက်၏။
မူလန်က ပြောလိုက်သည်။ “အမှန်ပဲ။ ဘာပဲပြောပြော ဒီကစားနည်းကို တိရစ္ဆာန်ခြောက်မျိုး လေ့ကျင့်ခန်းလို့ ခေါ်တယ်။ ရှေးတုန်းက တောရိုင်းသတ္တဝါတွေ လေ့ကျင့်ကြတဲ့ အရာမျိုးလေ။ ယောကျာ်း ရှင့်ရဲ့ ခန္ဓာကိုယ်က အရမ်းကို အားနည်းနေတယ်။ ဒီတော့ လေ့ကျင့်ခန်း လုပ်ဖို့လိုတယ်။ ယောက်ျားတွေအတွက် ကိုယ်ကာယ ကြံခိုင်မှုနဲ့ သက်လုံးဆိုတာ အရမ်း အရေးကြီးတယ်။ ကျွန်မ အားပြီဆိုရင် ရှင့်ကို ပိုပြီး ကူညီပေးမယ်”
“ကျေး …. ကျေးဇူးအများကြီးတင်ပါတယ် မိန်းမရယ်” ရှမ့်လန်သည် ချွေးပေါက်ပေါက်ကျလျက် ရှိနေ၏။
မူလန်က ပြောလိုက်သည်။ “အင်း ရှင်နဲ့ကျွန်မက လင်မယားပဲလေ။ ဒီလောက်ကြီး ယဉ်ကျေးနေဖို့ မလိုပါဘူး။ ယောကျာ်း အခု နောက်ထပ် ဆယ်ကြိမ်လောက် ထပ်လုပ်လိုက်ကြရအောင်”
“ဆယ်ကြိမ် ဟုတ်လား”
ရှမ့်လန်သည် နှလုံးသားထဲတွင် အော်ဟစ်လျက်ရှိနေ၏။ မိန်းမ မင်းတကယ့်ကို ရိုင်းစိုင်းပြီးတော့ ကြမ်းတမ်းလွန်းတယ်။ ငါ့လို ချောမောတဲ့ လူတစ်ယောက်က ဒီလို နှိပ်စက်တာမျိုးကို ဘယ်လိုခံနိုင်မှာလဲ။
“မိန်းမ။ ငါတကယ်မှားပါပြီ။ ငါတကယ်မှားပါပြီ”
မူလန်က လေးလေးနက်နက် ပြောလိုက်သည်။ “ယောကျာ်း ဘာတွေမှားခဲ့လို့လဲ။ ရှင် ဘာအမှားလုပ်ခဲ့လို့လဲ။ ကျွန်မ ရှင့်ကို ကူညီပြီး လေ့ကျင့်ခန်း လုပ်ပေးနေတာလေ”
ရှမ့်လန်က ပြောလိုက်၏။ “ဘာတွေပဲဖြစ်ခဲ့ဖြစ်ခဲ့ အရာအားလုံးက ငါ့ရဲ့အပြစ်တွေပါပဲ။ မိန်းမ မင်းက အမြဲတမ်းမှန်တယ်။ တစ်စုံတစ်ရာ မကျေနပ်တာများရှိရင် ပွင့်ပွင့်လင်းလင်း ပြောလိုက်ပါလား”
မူလန်က ပြောလိုက်သည်။ “ရှင် ဘာမှားတယ်ဆိုတာ ရှင်သိတယ်ပေါ့”
ရှမ့်လန်က ပြောလိုက်၏။ “မှားပါတယ်။ မှားပါတယ်။ အများကြီးပဲ မှားခဲ့တာတွေက။ ဘာမှန်းတောင် မသိတော့ပါဘူး။ မှားတာတော့ မှားပါတယ်”
ဟုတ်ပေ၏။ သူ့အနေနှင့် ဘာမှားခဲ့သည်ကို သေချာ မသိရှိချေ။ သို့ပေမည့် ဘာအမှားဆိုသည်က အရေးမကြီးပေ။ မှားသည်ဆိုသည်ကို ဝန်ခံရန်က အရေးကြီး၏။
မူလန်၏ မျက်နှာတစ်ခုလုံးက နီမြန်းသွားခဲ့သည်။ “ဒါဆိုရင် ပြောစမ်း။ ဒီလျှို့ဝှက်ချက်ကို ရှင် ဘယ်လို သိတာလဲ”
“ဘာကို သိရမှာလဲ”
ရှမ့်လန်က ပြန်မေးလိုက်၏။ “ဘာလျှို့ဝှက်ချက်လဲ”
ပြီးနောက် သူ၏ စိတ်တစ်ခုလုံးသည် ချာချာလည်သွားခဲ့၏။ နောက်တစ်စက္ကန့်အတွင်းမှာပဲ သူ့မိန်းမ အဘယ်ကြောင့် ဒေါသထွက်နေသည် ဖြစ်ကြောင်းကို သူ သိရှိသွားခဲ့၏။ သူ ပင်းအာကို ပြောခဲ့သည့် စကားများကြောင့်သာလျှင် ဖြစ်ပေလိမ့်မည်။ သို့ပေမည့် ပင်းအာသည် သူပြောဆိုသည့် အဓိပ္ပာယ်၏ လေးနက်မှုနှင့် ဟာသကို ကောင်းကောင်းမသိခဲ့ချေ။ အဘယ်ကြောင့် သူ၏မိန်းမက သိရှိနေရသနည်း။
“မိန်းမ ဘယ်လိုဖြစ်ပြီး ဒီလိုကိစ္စမျိုးကို နားလည်ရတာလဲ”
ရှမ့်လန်က ချက်ချင်းပဲ နားလည်သွားခဲ့သည်။ “အင်း ကောင်းကင်ကြီး.. ကောင်းကင်ကြီးက ငါ့ကို မကြင်နာပါလား”
သူသည် မနေနိုင်ဘဲ မူလန်၏ ဝမ်းဗိုက်ဆီသို့ လှမ်းကာ ကြည့်ရှုလိုက်၏။ ပြီးနောက် နှာခေါင်း တစ်ခုလုံး သွေးများ လျှံထွက်လာခဲ့ပြန်၏။
သူမယောက်ျား မျက်နှာပေါ်ရှိ အမူအရာကို မြင်ရသည့်အချိန်မှာတော့ မူလန်သည် ချက်ချင်းပဲ မြေတွင်းတစ်ခုကိုတူးကာ ပုန်းချင်စိတ်ပင် ပေါက်သွားခဲ့၏။ ပြောရမည်ဆိုလျှင် သူမ၏ ယောက်ျားသည် သူမ၏ လျှို့ဝှက်ချက်ကို သိရှိခြင်း မဟုတ်ချေ။ အလကားနေ အလကား ပါးစပ်ယားကာဖြင့် ရှောင်ပင်းကို စနောက်ခဲ့ခြင်းသာလျှင် ဖြစ်ပေလိမ့်မည်။ သူမ၏ တုံ့ပြန်မှုသည် ကြီးမားလွန်းခဲ့ သောကြောင့် လျှို့ဝှက်ချက်က ပေါ်သွားခဲ့သည်။
ရှမ့်လန်သည် ကြင်နာနူးညံ့စွာဖြင့် ပြောဆိုလိုက်၏။ “မိန်းမ စိတ်မပူနဲ့။ ဘာပဲဖြစ်ဖြစ် ငါက ခွဲခြား ဆက်ဆံတတ်တဲ့ လူတစ်ယောက် မဟုတ်ဘူး။ အပြင်တွေ ဘာတွေ ထွက်အိပ်စရာ မလိုပါဘူး”
ပြောပြီးသည့်နောက် သူသည် ချက်ချင်းပဲ နောင်တရကာ ပါးစပ်ကို ဖုံးကာလိုက်မိ၏။ မကြာခင် ဆိုးရွားသည့် အရာမျိုးသည် တကယ်ကို ဖြစ်လာပေတော့မည်။ သေချာပေ၏။
မူလန်က ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။ “ယောကျာ်း ဒါဆိုရင် နောက်ထပ် အခါ နှစ်ဆယ်လောက် လေ့ကျင့်ခန်းလေး လုပ်လိုက်ရအောင်”
ချက်ချင်းပဲ ရှမ့်လန်၏ သတ်ဖြတ်ခံရတော့မည် ဝက်ကလေးကဲ့သို့ စူးရှသည့် အော်ဟစ်သံသည် ခြံဝန်းတစ်ခုလုံးသို့ ပျံ့လွင့်လျက်ရှိနေ၏။
ကျင်းမူကုန်းသည် ရှမ့်လန်နှင့် စကားပြောရန် အသာလှမ်းလျှောက်လာခဲ့၏။ သို့ပေမည့် ရှမ့်လန်၏ အော်သံကို ကြားရချိန်မှာတော့ ချက်ချင်း မိုင်တစ်ရာ အဝေးဆီသို့ ရောက်ရှိသွားခဲ့လေသည်။ နောက်ကျသည့် ခြေထောက် သစ္စာဖောက်ပင်။
…….
နာရီဝက်ခန့်ကြာပြီးနောက် အရာအားလုံးက ပြီးစီးသွားခဲ့၏။ ခန္ဓာကိုယ်တစ်ခုလုံးသည် ပျော့ပြောင်း သွားခဲ့ပြီး သူပိုင်သည့်အရာ မဟုတ်သကဲ့သို့ပင် ရှမ့်လန်က ခံစားနေမိ၏။ သူ၏ ခြေလက်များ အားလုံးသည် အားအင်ဟူ၍ တစ်စက်မှပင် မကျန်တော့ချေ။ ထို့အပြင် အော်ဟစ်ရန် အားအင် ဟူ၍ပင် မရှိတော့ချေ။ ဤမျှအထိ နာကျင်နေသည်။
“မိန်းမ ငါဆာနေပြီ။ ထမင်းစားကြရအောင်။ ဟုတ်ပြီလား”
ထမင်းစားသည့်အချိန်မှာတော့ ရှမ့်လန်၏ လက်နှင့် ခြေထောက်များသည် တုန်ယင်လျက်ရှိနေ၏။
“ယောကျာ်း… ရှင် ကျွန်မကို အပြစ်မတင်ပါဘူးနော်။ ဟုတ်တယ်မလား” မူလန်သည် ချွဲနွဲ့ကာ မေးလိုက်သည်။
“ရော် …. ဘာလို့ အပြစ်တင်ရမှာလဲ”
ရှမ့်လန်က ပြောလိုက်၏။ “ယောကျာ်းတစ်ယောက်အနေနဲ့ ကိုယ့်မိန်းမကို ဘာကိစ္စ အပြစ်တင်ရမှာလဲ။ ဘယ်လိုပြဿနာတွေပဲ ဖြစ်ခဲ့ဖြစ်ခဲ့ ဒီပြဿနာက ငါ့ကိုယ်တိုင် ဖြေရှင်းရမယ့် ကိစ္စပဲလေ။ ငါ့ရဲ့မိန်းမက ကောင်းကင်က နေမင်းကြီးတစ်ခုလို တောက်ပလွန်းတယ်။ ဒီနေမင်းကြီးနဲ့ပတ်သက်ပြီးတော့ ဖြစ်လာတဲ့ အကျိုးဆက်အားလုံးကို တာဝန်ယူရမှာပေါ့”
မူလန်သည် ချစ်မြတ်နိုးစွာဖြင့် ရှမ့်လန်၏ ပန်းကန်ထဲသို့ အသား အနည်းငယ်ကို ထည့်ပေးလိုက်၏။ ပြီးနောက် ပြောလိုက်သည်။ “ယောကျာ်းရဲ့ ခန္ဓာကိုယ်က နည်းနည်းအားနည်းနေတယ်။ များများစား”
အဘယ်ကြောင့်မှန်း မသိချေ။ သို့ပေမည့် သူသည် အိမ်မက်မက်နေသကဲ့သို့ပင် ခံစားနေမိ၏။ မူလန်၏ ခေါင်းပေါ်တွင် နဂါးကဲ့သို့ ဦးချိုကြီးနှစ်ခု ပေါ်ပေါက်လာသည်ကိုပင် ရှမ့်လန်က ပုံရိပ်ယောင်အဖြစ် မြင်ယောင်နေမိ၏။
စားသောက်ပြီးနောက် မူလန်သည် ဆေးစွပ်ပြုတ်တစ်ခုကို ချက်ပြုတ်ကာဖြင့် ရှမ့်လန်ကို တိုက်ကျွေး၏။ ပြီးနောက် မူလန်သည် ရှမ့်လန် ဆေးရည်စိမ်နိုင်ရန် ရေအိုးတစ်ခုကို ဖန်တီးပေးသည်။
ရှမ့်လန်သည် ထိုအထဲသို့ ဝင်လိုက်၏။ ဆေးရည်အိုးထဲတွင် အသာစိမ်ပြီးနောက် အလုံးစုံ သက်သာသွားသည့် ခံစားချက်သည် သူ၏ နှလုံးသားထဲသို့ ဝင်ရောက်လာခဲ့၏။
ဆေးရည်စိမ်နေတုန်းမှာပဲ သူ၏ ခန္ဓာကိုယ်သည် ပိုမိုကာ ပေါ့ပါးပြီး ပိုမိုကာ အားကောင်းလာသည်ဟု ရှမ့်လန်က ခံစားမိ၏။ သူ၏ လက်များသည် မတုန်ယင်တော့ချေ။ သူ၏ ခြေထောက်များသည်လည်း မတုန်ယင်တော့ပေ။ လောကကြီးထဲတွင် ဤမျှ ဆိုးရွားသည့် အပြစ်ပေးမှု ရှိခဲ့သည်။ ထို့အပြင် အပြစ်ပေးပြီးနောက် အလွန်ဇိမ်ကျသည့် အရာလည်း ရှိနေလေသည်လား။
ဤအရာသည် ရှမ့်လန်၏ လက်ရှိအခြေအနေပင် ဖြစ်၏။ မူလန့်ဆီမှ အပြစ်ပေးခြင်းကို ခံရပြီးနောက် သူ့အနေနှင့် သူမကို နှလုံးသားထဲတွင် အပြစ်တင်ရန် စိတ်ဆန္ဒတစ်ခုတလေပင် မရှိချေ။
……
ညသို့ ရောက်သည့်အချိန်မှာတော့ ရှမ့်လန်သည် အိပ်ရာပေါ်တွင် အိပ်ပျော်လျက် ရှိနေ၏။ သူ၏ ခန္ဓာကိုယ်သည် ကွေးကွေးလေး ဖြစ်၏။ ဤအရာမှာ သူ၏ အလေ့အကျင့်ပင် ဖြစ်၏။ ကွေးကွေးလေး အိပ်စက်ခြင်းအားဖြင့် လုံခြုံမှုကိုခံစားရပြီး အထီးကျန်ခြင်း၊ ဝမ်းနည်းခြင်းများ ပြေပျောက်နိုင်သည်ဟု သူက ထင်မှတ်ထားခဲ့၏။
မူလန်သည် ကုတင်ဘေးဆီသို့ ရောက်ရှိလာခဲ့၏။ သူမ ယောက်ျားသည် တကယ်ပင် နာကျင်သွားခဲ့ကြောင်း သူမ သေသေချာချာ သိရှိနေ၏။ အိပ်ရာပေါ်တွင် ကွေးကွေးလေး အိပ်လျက်ရှိနေသော ရှမ့်လန်ကို မြင်ရသည့်အချိန်မှာတော့ သူမ၏ လှပသည့် မျက်နှာထက်တွင် မာနကြီးသည့် အရိပ်အယောင်များ၊ ပျော်ရွှင်သည့် အရိပ်အယောင်များ မရှိတော့ချေ။ အထီးကျန်ခြင်း၊ ဝမ်းနည်းခြင်း များကို ခံစားနေရသည့် သူမ၏ ယောက်ျား၏ ဟန်ပန်အမူအရာကို ကြည့်ရှုပြီး သူမသည် နှလုံးသားထဲတွင် နာကျင်နေမိသည်။
ခန္ဓာကိုယ်ကို အသာကွေးညွတ်ကာဖြင့် ရှမ့်လန်၏ ဆံပင်များကို နမ်းရှိုက်လိုက်၏။ သူမ၏ လှုပ်ရှားမှုသည် အလွန်ပေါ့ပါးသောကြောင့် ရှမ့်လန် သတိပြုမိလိမ့်မည် မဟုတ်ချေ။
ပြီးနောက် သူမသည် အသာထွက်ခွာသွားခဲ့၏။
ခဏကြာပြီးနောက် ရှမ့်လန်သည် မျက်လုံးများကို ဖွင့်ကာဖြင့် ခန္ဓာကိုယ်ကို အပြင်းကြောဆန့်လိုက်၏။ သူ၏ ချောမောသည့် မျက်နှာထက်တွင် အပြုံးတစ်ခုက ပေါ်ပေါက်လာခဲ့၏။ မိန်းကလေးတစ်ယောက်၏ စိတ်ဝင်စားမှုကို ရရှိရန် ကြိုးစားခြင်းလား။ ထိုသို့ဆိုလျှင် ထိုမိန်းကလေး၏ နှလုံးသားကို ကောင်းကောင်းနားလည်ရန် လိုအပ်၏။ ထို့အပြင် သရုပ်ဆောင်စွမ်းရည် ၌လည်း ကျွမ်းကျင်ရပေလိမ့်မည်။
သရုပ်ဆောင်စွမ်းရည်နှင့် ပတ်သက်လျှင် သူ ရှမ့်လန်ကို မည်သူက ကျော်ဖြတ်နိုင်မည်နည်း။ ဟား ဟား ဟား ဟား ဟား။
……..
ညသန်းခေါင်သို့ ရောက်သည့်အချိန်မှာတော့ မူလန်သည် အိပ်မောကျနေပြီ ဖြစ်၏။ ရှောင်ပင်းသည် လည်း အိပ်မောကျနေ၏။ အားလုံးတို့သည် ၁၀၀ ရာခိုင်နှုန်း အိပ်မောကျနေပြီ ဖြစ်၏။ ထိုအရာကို ရှမ့်လန် မည်သို့သိကြောင်း မေးနေစရာ မလိုချေ။ အဘယ်ကြောင့်ဆိုသော် သူ နိုးနေသောကြောင့်ပင်။
ထိုအချိန်မှာတော့ ရှမ့်လန်သည် ညအိပ်ဝတ်စုံကို ဝတ်ဆင်ထားပြီး မျက်နှာဖုံးကိုလည်း ဝတ်ဆင်ထား၏။ သူသည် အလွန်ခန့်မှန်းရခက်သည့် ရန်သူတစ်ယောက်နှင့် ရင်ဆိုင်ရတော့မည့် လူတစ်ယောက်ကဲ့သို့ပင်။ သို့ပေမည့် မဟုတ်ချေ။ ရှမ့်လန်၏ ပုံပန်းသွင်ပြင်ကို ကြည့်ရှုရသည်မှာ မဟုတ်တာတစ်ခုခု လုပ်ရန် ကြံစည်နေခြင်းပင် ဖြစ်ပေမည်။
ရှစ်ဝမ်ကျောင်း သေဆုံးပြီးနောက် ထျန်ဟန်နှင့် မြို့တော်ဝန် လျှိုဝူယမ်တို့သည် သူ့ကို သတ်ဖြတ်ပစ်ရန် တကယ်ပင် အားထုတ်ကြိုးပမ်းကြတော့မည် ဖြစ်၏။ သူ့အနေနှင့် ဤကဲ့သို့သော အခြေအနေမျိုးကို ရင်ဆိုင်ရန် ကြိုတင်ကာ ပြင်ဆင်ထားရပေလိမ့်မည်။
“အင်း ကျုပ် အစောကြီးထဲက ပြင်ဆင်ထားခဲ့ပြီးပြီ။ ခင်ဗျားတို့လာဖို့ စောင့်နေရုံပဲ ကျန်တော့တယ်”
သူသည် ထျန်းဟန်ကို ဖိအားပေးခဲ့စဉ်တည်းက အရာအားလုံးကို ကြိုတင်ကာ ပြင်ဆင်ခဲ့ပြီးသား ဖြစ်၏။ လိုအပ်သည့် ပစ္စည်းများကို ခိုးယူခဲ့ပြီးနောက် သူသည် လက်အိတ်ကို ချွတ်လိုက်၏။ ရှမ့်လန်၏ မျက်နှာသွင်ပြင်ပေါ်တွင် မိစ္ဆာတစ်ကောင်ကဲ့သို့သော အပြုံးတစ်ခုက ဖြစ်တည်လာခဲ့၏။
“ထျန်းဟန်… ကျုပ်မျက်နှာကို ရိုက်ပြီးတဲ့နောက်မှာ ခင်ဗျားကို ကျုပ် လက်လွှတ်ပေးလိမ့်မယ်လို့ တကယ် ထင်နေတာလား။ ဟာသပဲ။ ဘယ်လိုဖြစ်နိုင်မှာလဲ။ ခင်ဗျားက ကျုပ်ရဲ့ရန်သူ ဖြစ်လာပြီ ဆိုမှတော့ ခင်ဗျား သေရင်သေ မဟုတ်ရင် ကျုပ်ရှင်မှဖြစ်မယ်။ ကျုပ်က သေမှာမဟုတ်ဘူး။ ကျုပ်ရဲ့ ရန်သူတွေအားလုံးက ငရဲပြည်ကိုပဲ သွားရမယ်”
ဖယောင်းတိုင်မီးရောင်အောက်မှာတော့ ရှမ့်လန်၏ အပြုံးသည် လူဆိုးတစ်ယောက်၏ အပြုံးကဲ့သို့ပင်။ သို့ပေမဲ့ ထိုအပြုံးသည် တကယ်ပင် ကြည့်ကောင်းလွန်းလှ၏။
…….
ရွှမ်ဝူမြို့၏ လျှို့ဝှက်ခန်းတစ်ခုအထဲမှာတော့ ……
“ရှစ်ဝမ်ကျောင်းက သေဆုံးသွားခဲ့ပြီ” ထျန်းဟန်က ပြောလိုက်သည်။
“သူ့ကို ဟိုအကောင် သတ်လိုက်တာလား” မြို့တော်ဝန်၏ အတိုင်ပင်ခံက ပြောဆိုလိုက်၏။
“ကျုပ်သိတယ်”
ထျန်းဟန်က ပြောလိုက်သည်။ “ကျုပ်တို့ရဲ့ အစီအစဉ်ကို ချက်ချင်း အကောင်အထည် ဖော်မှဖြစ်မယ်။ အနည်းငယ်လောက် နှောင့်နှေးသွားရင် ပြောင်းလဲမှုတွေ အများကြီး ကြုံရလိမ့်မယ်လေ။ ရှမ့်လန်ဆိုတဲ့ကောင်က တကယ့်ကို ကောက်ကျစ်ပြီးတော့ အလှည့်အပြောင်းများတဲ့ ကောင်မျိုးပဲ”
မြို့တော်ဝန်၏ အတိုင်ပင်ခံ လူယုံက ပြောဆိုလိုက်၏။ “မဟုတ်သေးဘူး။ မီးက အခု မမွှေးသေးဘူးလေ။ အချိန်မကိုက်သေးဘူး”
“မီး မွှေးမွှေး၊ မမွှေးမွှေး မီးတောက်တောက်၊ မတောက်တောက် အဲဒါကိစ္စမရှိဘူး။ ကျုပ်တို့ သူ့ကို တစ်ခါတည်း သတ်ဖြတ်ပစ်ဖို့ပဲ အရေးကြီးတယ်”
ထျန်းဟန်က ပြောလိုက်သည်။ “ရှမ့်လန် မြန်မြန်သေလေ ။ မြန်မြန် ပြီးလေပဲ”
မြို့တော်ဝန်၏ လူယုံက ပြောလိုက်၏။ “အင်း.. အုပ်ချုပ်ရေးမှူးရဲ့ ကိုယ်စားလှယ်က လမ်းမှာ ရောက်နေပြီ။ မနက်ဖြန် သူ ရွှမ်ဝူမြို့ကို ရောက်လိမ့်မယ်။ ဒီတော့ ခင်ဗျား မနက်ဖြန်ည လှုပ်ရှားချင် လှုပ်ရှားပေါ့”