အပိုင်း (၆၀)
Vol. 5 Ch. 60
နောက်တစ်ရက် မူလန်သည် သိုင်းလေ့ကျင့်ရန်အတွက် စောစောစီးစီး နိုးထလာခဲ့၏။ နာရီဝက်ခန့် လေ့ကျင့်ပြီ;နောက် သူမသည် ရေမိုးချိုးကာ အဝတ်အစားလဲလိုက်၏။
“ရှောင်ပင်း .. ငါ့ဆီမှာ အပြာရောင် ဝတ်စုံရှိတယ်။ အဲတာ မြင်သေးလား” မူလန်က မေးမြန်းလိုက်သည်။
မူလန်သည် ပိုးထည်များကို ဝတ်လေ့ဝတ်ထ မရှိချေ။ သူမသည် ဖျင်ကြမ်းဝတ်စုံကိုသာ ဝတ်ခြင်းက များ၏။ မြို့စားအိမ်တော်၏ အကြီးဆုံး သမီးတစ်ယောက်အနေနှင့် သူမသည် ပွဲလမ်းသဘင်များကို တက်ရောက်ရန် အခြေအနေမျိုး တည်ရှိ၏။ ထိုကဲ့သို့သော အခြေအနေမျိုးတွင် ပိုးထည်ဝတ်စုံများကို ဝတ်ဆင်မှသာလျှင် တင့်တယ်မည် မဟုတ်ပါလား။
“မတွေ့ဘူး”
ရှောင်ပင်းက ပြောလိုက်၏။ “လွန်ခဲ့တဲ့ ရက်အနည်းငယ်ကလေးတင် လျှော်လိုက်သေး တယ်လေ။ အသိမ်းများ မှားသလား မသိဘူး။ ပျောက်နေတယ်”
“အင်း ကောင်းပြီ”
မူလန်က ပြောလိုက်သည်။ “နည်းနည်းတော့ ထူးဆန်းတယ်။ ဗီဒိုထဲမှာ ရှိရမှာလေ။ ဒါပေမဲ့ ဘာလို့ မရှိရတာလဲ”
ပြီးနောက် မူလန်၏ ချောမောလွန်းသည့် မျက်နှာသည် ရုတ်တရက် နီရဲသွားခဲ့၏။ သူမသည် တစ်စုံတစ်ခုကို တွေးမိသွား၏။
ရှောင်ပင်းကလည်း ပြောလိုက်သည်။ “သခင်မလေး ခြံဝန်းအနီးအနားကို သွားပြီးတော့ ရှာကြည့်ရမလား”
“မရှာနဲ့တော့”
မူလန်က အလျင်အမြန် ပြောလိုက်၏။ “အင်း.. တပ်စခန်းထဲမှာ ကျန်ခဲ့တာပဲ ဖြစ်လိမ့်မယ်”
……..
မနက်စာကို စားပြီးနောက် ရှမ့်လန်သည် မူလန်ဆီသို့ ရောက်ရှိလာခဲ့၏။ ပြီးနောက် ကြင်နာနူးညံ့စွာဖြင့် ပြောဆိုလိုက်သည်။ “အချစ်လေး.. နှစ်ရက် ၊ နှစ်ညတိတိ အပြင်မှာ အိပ်ခဲ့တာလေ။ အခု ပင်ပန်းနေလောက်ရောပေါ့”
“အင်း ဟုတ်တယ်”
မူလန်သည် ပြန်လည်ကာ ပြောဆိုလိုက်၏။ ပြီးနောက် သူမသည် အနည်းငယ် တွန့်ဆုတ်သွားခဲ့၏။ တစ်စုံတစ်ခုကို မေးလျှင် ကောင်းမလားဟု စဉ်းစားလိုက်မိ၏။ ဥပမာ အားဖြင့် ‘ယောကျာ်း ကျွန်မရဲ့ ဝတ်စုံကို ညစ်ပတ်အောင် မလုပ်နဲ့။ ကျွန်မရဲ့ အတွင်းခံတွေလည်း ပြန်ပေး။’ ထိုကဲ့သို့သော စကားမျိုးပင်။ သို့ပေမည့် ညစ်ပတ်သွားခဲ့သည် ဆိုလျှင်တောင်မှ သေသေချာချာ လျှော်ပြီးပြန်ပေးလျှင် တော်သေး၏။ ထိုအရာကို ခိုးပြီး ဝတ်ခြင်း ဖြစ်နေပါကပြဿနာပင်။
ထို့အပြင် ယောကျာ်းတစ်ယောက်အတွက် ကျန်းမာရေးဆိုသည်မှာ အရေးကြီး၏။ သို့သော်လည်း သူမသည် ထိုကဲ့သို့သော စကားများကို ထုတ်ဖော်ကာ မမေးတော့ချေ။ အဘယ်ကြောင့်ဆိုသော် သူမ၏ ယောက်ျား၏ မျက်နှာသည် အရေထူလွန်းလှသည် မဟုတ်ပါလား။ ပြောလည်း နာကျင်မည့်ပုံမျိုး မပေါ်ချေ။ ထို့ကြောင့် မသိသလို နေထိုင်ခြင်းကသာလျှင် အကောင်းဆုံး ဖြစ်ပေလိမ့်မည်။
သူမသည် ဤကိစ္စနှင့်ပတ်သက်၍ ရှမ့်လန်အပေါ်တွင် အထင်လွဲလျက်ရှိနေ၏။ ရှမ့်လန်သည် ပြော၍မရနိုင်သည့် အကြောင်းအရာများကို ပြုလုပ်ရန်အတွက် မူလန်၏ ဝတ်စုံများကို ယူဆောင်ခဲ့ခြင်း မဟုတ်ချေ။ ဉပမာအားဖြင့် - အာသာဖြေခြင်း။ တကယ်တမ်းမှာတော့ သူသည် ပိုမိုကာ ပြောဆို၍ မရနိုင်သည့် အကြောင်းအရာများကြောင့်သာလျှင် သူ့မိန်းမ ဝတ်စုံကို ခိုးယူခဲ့ခြင်းဖြစ်သည်။
ရှမ့်လန်က ပြောလိုက်၏။ “အချစ်လေး.. မင်း ခါးမနာဘူးလား။ ဒါမှမဟုတ် မင်းရဲ့ လည်ကုပ်တွေရော မနာဘူးလား။ ငါ စိုးရိမ်နေမိတယ်။ ဒီတော့ မင်းရဲ့ ကြွက်သားတွေ၊ အရိုးတွေ ပိုပြီးတော့ အားကောင်း သွားအောင်လို့ နည်းနည်းလောက် နှိပ်ပေးလိုက်ရင် ကောင်းမလားလို့”
မူလန်က ပြောလိုက်သည်။ “ဘယ်လိုလုပ်ရမယ်ဆိုတာ ယောကျာ်း သိလို့လား”
“သိပ်သိတာပေါ့။ မင်းယောကျာ်း သိတဲ့ အကြောင်းအရာတွေက အများကြီးပဲလေ” ရှမ့်လန်က ပြောလိုက်၏။
မူလန်က ပြောလိုက်သည်။ “ကောင်းပြီ။ ဒါဆိုရင် ယောကျာ်းကိုပဲ ဒုက္ခပေးရတော့မှာပေါ့”
မူလန်သည် ခပ်မတ်မတ် ထိုင်လိုက်၏။ သူမ၏ လည်ပင်းသည် ငန်းတစ်ကောင်၏ လည်ပင်းကဲ့သို့ ဖြူဖွေးပြီး သပ်ရပ်လွန်း၏။ ထိုကဲ့သို့ ထိုင်လိုက်သည့်အချိန်မှာတော့ ခါးသေးရင်ချီစွာဖြင့် ထွက်ပေါ် လာသည့် ခန္ဓာကိုယ်၏ ပုံရိပ်သည် စွဲမက်စရာပင်။ သို့ပေမည့် ရှမ့်လန်သည် လက်ရှိ အခြေအနေ၌ ထိုအရာများကို အာရုံမစိုက်နိုင်သေးချေ။ အဘယ်ကြောင့်ဆိုသော် သူသည် အလုပ်ကိစ္စ တစ်ခုကို လုပ်ရပေလိမ့်မည်။
ရှမ့်လန်သည် မူလန်၏ လည်ပင်းပေါ်သို့ လက်တင်ကာဖြင့် အားနည်းနည်း စိုက်လိုက်၏။
အား
မူလန်သည် အလွန်ကောင်းမွန်သည့် ခံစားချက်များကို ရရှိသောကြောင့် အော်ဟစ်ငြီးတွားသံပင် ထွက်ပေါ်လာခဲ့၏။ တကယ့်ကို သက်တောင့်သက်သာဖြင့် ခံစားမှုကောင်းလှ၏။ လက်ရှိအခြေအနေ မှာတော့ သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် တုန်ယင်လျက်ရှိနေ၏။ မည်သို့မှ ထိန်းချုပ်နိုင်ခြင်း မရှိချေ။
ရှမ့်လန်၏ အနှိပ်ပညာသည် တကယ့်ကို ကျွမ်းကျင်လွန်းလှချေ၏။ သူသည် သူမ၏ ခန္ဓာကိုယ်တွင် ရှိနေသည့် သွေးကြောဆုံများကို သေသေချာချာ နှိပ်နယ်ပေးလျက်ရှိနေ၏။ အားအင် စိုက်ထုတ်မှု ကလည်း ပြည့်စုံလွန်းလှချေသည်။ ဖော့တန်ဖော့၊ ဖိတန်ဖိ ဖြစ်သောကြောင့် မူလန်အနေနှင့် အလွန်ကောင်းမွန်သည့် ခံစားချက်မျိုးကို ရရှိနေခဲ့ခြင်းပင်။
“မိန်းမ မင်းက တင်းနေတာပဲ” ရှမ့်လန်က ပြောလိုက်၏။
မူလန်သည် သူမ၏ လှပသည့် မျက်လုံးများကို အသာမှိတ်ကာ ပြောလိုက်သည်။ “ယောကျာ်း.. ကျွန်မ နားမလည်တဲ့ အရာတစ်ခု ရှိတယ်။ ရှင့်မှာ ဘာလို့ လူပေါ့လူသွမ်း တစ်ယောက်လိုမျိုး သရုပ်ဆောင် နေရတာလဲ”
“မဟုတ်ဘူး မဟုတ်ဘူး။ မင်းရဲ့ အကြောက တောင့်တင်းနေတယ်လို့ ငါပြောချင်တာ” ရှမ့်လန်က ပြန်လည်ကာ ပြောဆိုလိုက်၏။
“ယောကျာ်း.. ရှင် လူပေါ့လူသွမ်းတစ်ယောက်လို ဆက်ပြီး သရုပ်ဆောင်နေမယ် ဆိုရင် ရှင့်ရဲ့ ခန္ဓာကိုယ်ကို ပြန်ပြီး လေ့ကျင့်ပေးဖို့ အချိန်ရောက်လာလိမ့်မယ်” မူလန်က အသာပင် ပြောဆိုပြီး ခြိမ်းခြောက်လိုက်သည်။
အနှိပ်သည်ရှမ့်သည် ချက်ချင်းပဲ ပေါက်ပန်းလေးဆယ် ပြောဆိုခြင်းကို ရပ်တန့်လိုက်၏။ ပြီးနောက် သူသည် ဇွဲကောင်းကောင်းဖြင့် သူ့မိန်းမကို သေသေချာချာ နှိပ်နယ်ပေးလျက် ရှိနေ၏။
မူလန်သည် ယခင်ကထက် ပိုမိုကာ ကောင်းမွန်သည့် ခံစားချက်များကို ရရှိလာခဲ့လေ၏။ မကြာခင် အိမ်မောကျမည်သကဲ့သို့ပင် ခံစားနေမိသည်။
“မိန်းမ အနာဂတ်မှာ အရမ်း အလုပ်မလုပ်နဲ့တော့ ဟုတ်ပြီလား။ မင်းယောက်ျားက မင်းကို ကြည့်ပြီး စိတ်မချမ်းသာ ဖြစ်မိတယ်”
ရှမ့်လန်က ပြောဆိုလိုက်၏။ ပြောပြီးနောက် သူသည် လေးလေးနက်နက်နှင့် သူမကို ဆက်လက် နှိပ်နယ်ပေးလျက်ရှိနေ၏။
မူလန်သည် ရင်ထဲတွင် ထိခိုက်သွားခဲ့၏။ သူမသည် ချက်ချင်းပင် နားလည်သွားသည်။ “ယောကျာ်း ရှင် ကျွန်မကို တစ်စုံတစ်ခု ခိုင်းစရာ ရှိလို့လား”
“မဟုတ်ဘူး မဟုတ်ဘူး”
ရှမ့်လန်က ပြောလိုက်၏။ “ငါက ဒီလိုလူမျိုးလား။ ကိစ္စတစ်ခုခုရှိမှ ကိုယ့်မိန်းမကို နှိပ်နယ်ပေးရအောင် …. အဲလိုလူမျိုးလား”
မူလန်က ပြန်ပြောလိုက်သည်။ “အင်း ရှင်တကယ် ကျွန်မကို ခိုင်းစရာတစ်ခုခု မရှိဘူးပေါ့”
ရှမ့်လန်က ပြောလိုက်၏။ “အင်း ကိစ္စသေးသေးလေးတော့ ရှိတယ်။ အရမ်း အရမ်း သေးတဲ့ ကိစ္စလေး”
မူလန်က ပြောလိုက်သည်။ “ယောကျာ်း ပြောသာပြော။ ကျွန်မ လုပ်ပေးနိုင်တာဆိုရင် ကျိန်းသေပေါက် လုပ်ပေးမယ်။ အင်း။ ကျွန်မ မလုပ်ပေးနိုင်တာဆိုရင် ကျိန်းသေပေါက် လုပ်ပေးနိုင်မှာ မဟုတ်ဘူး”
ပြီးနောက် သူမက ဆက်ပြောလိုက်၏။ “ဥပမာအားဖြင့် ယောကျာ်း ရှင်အဖေ့ဆီကို သွားပြီးတော့ နေအိမ်အကျယ်ချုပ်က ဖယ်ပေးဖို့ ပြောခိုင်းမယ်ဆိုရင် အဆင်ပြေမှာ မဟုတ်ဘူး။ ဘာလို့လဲဆိုတော့ မနေ့က ကျွန်မ အိမ်တော်ကို ပြန်ရောက်တာနဲ့ တပြိုင်နက် အဖေ့ကို အဲကိစ္စနဲ့ ပတ်သက်ပြီး သွားပြောခဲ့သေးတယ်။ မရဘူးတဲ့”
“အမ်”
ရှမ့်လန်၏ လက်များသည် ရပ်တန့်သွားခဲ့၏။ “မိန်းမ ဒါဆိုရင် စာလေးဘာလေး သွားဖတ်ပြီး နားနားနေနေ နေလိုက်အုံး။ မင်းယောက်ျား လုပ်စရာရှိသေးတယ်။ သွားတော့မယ်”
နှိပ်နယ်နေရင်းတန်းလန်းမှာပဲ သူသည် တိုက်ရိုက်ဆိုသလို ထွက်ခွာသွားခဲ့သည်။
မူလန်သည် ပါးစပ် အဟောင်းသားဖြင့် ကျန်ရှိခဲ့၏။ သူမ၏ ယောက်ျားသည် တကယ်ပင် လက်တွေ့ကျလွန်းလှ၏။ အနည်းငယ်သော အားနာစိတ်နှင့် ထပ်မံနှိပ်ပေးရန် အစီအစဉ် မရှိခဲ့ချေ။ ချက်ချင်းပဲ ပြောင်းလဲသွားခဲ့၏။
………
ချက်ချင်းပဲ ရှမ့်လန်သည် သူ့ယောက္ခမ၏ အနောက်ဘက်တွင် ပေါ်ပေါက်လာခဲ့၏။ သူ၏ အနှိပ်စွမ်းရည်သည် တကယ့်ကို စွမ်းဆောင်ရည် ပြည့်ဝလွန်းလှ၏။ သူ၏ ယောက္ခမသည် အလွန်ပင် ကောင်းမွန်သည့် ခံစားချက်များကို ရရှိနေ၏။ ထို့အပြင် ရှမ့်လန်သည် သူမ၏ မျက်နှာပေါ်တွင် သူ ကိုယ်တိုင် ပြုလုပ်ထားသည့် မျက်နှာပေါင်းတင်သော ကပ်ခွာကို တင်ပေးထားသည်။
“အမေ.. ဒီမျက်နှာကပ်ခွာက နေ့တိုင်းကပ်ရမှာနော်။ ဒါမှ အသားအရေ ပိုပြီးတော့ လှပမှာ။ ဆယ်ငါးမိနစ်လောက်နေရင် ပြန်ခွာပြီး မျက်နှာသစ်လိုက်အုံး။ မိန်းကလေးတွေအတွက် အသားအရေ ရေဓာတ်ပြည့်ဝဖို့က အရမ်းအရေးကြီးတယ်။ ပြီးတော့ နေလောင်ဒဏ်ကို ကာကွယ်သင့်တယ်။ အမေက တကယ့်ကို ငယ်ရွယ်တဲ့ မိန်းကလေးတစ်ယောက်ရဲ့ ပုံပန်းသဏ္ဍာန်မျိုး ပေါ်တယ်ဆိုရင်တောင်မှ ကျိန်းသေပေါက် အသားအရေ ထိန်းသိမ်းမှုကို လုပ်မှဖြစ်မယ်။ အင်း အခု ဒီမျက်နှာကပ်ခွာ ဆယ်ခု လုပ်ထားတယ်လေ။ ဒီတော့ ခြောက်ခုကို ပေးလိုက်မယ်”
သူ၏ ယောက္ခမကြီးက မေးမြန်းလိုက်၏။ “ကျန်တဲ့ လေးခုက မူလန်အတွက်လား”
“မဟုတ်ဘူး။ ကျုပ်အတွက်” ရှမ့်လန်က ပြန်လည်ကာ ပြောဆိုလိုက်၏။ ချောမောသည့် ယောက်ျားတစ်ယောက် အနေနှင့် သူသည်လည်း ကျိန်းသေပေါက် သူ၏ အသားအရေကို ထိန်းသိမ်းရမည် မဟုတ်ပါလား။
“ဟမ်”
ထိုအချိန်မှာတော့ နားလည်လက်ခံပေးနိုင်စွမ်းရှိသည့် သူ၏ ယောက္ခမကြီးပင်လျှင် ဆွံ့အသွားခဲ့၏။ မည်သို့ ပြန်လည် ပြောဆိုရမှန်းပင် မသိရှိတော့ချေ။
“အမေ့ကို ကြည့်ရတာ အခု မူလန်ရဲ့ အစ်မနဲ့တောင် တူနေပြီ”
“အင်း ဆယ်နှစ်လောက်တောင် ပြန်ပြီး ငယ်သွားတဲ့ ပုံစံပဲ” သူ၏ ယောက္ခမကြီးက ပြန်လည်ကာ ပြောဆိုလိုက်၏။
“အင်း ဆယ်နှစ်လောက်တောင် ပြန်ပြီး ငယ်သွားသေးတာလား။ ဒီအတိုင်းသာ ထပ်ပြီး လုပ်သွားမယ် ဆိုရင် မူလန်ရဲ့ ညီမလေးတောင် ဖြစ်သွားနိုင်တယ်”
ရှမ့်လန်က ခပ်တည်တည်နှင့် ပြောလိုက်သည်။ “မဖြစ်နိုင်ဘူးဆိုတာ မရှိဘူး”
ဆယ့်ငါးမိနစ်လောက် အာပေါင်းအာရင်းသန်သန်ဖြင့် ယောက္ခမကြီး၏ ချောမောလှပမှု အကြောင်းများကို ရွှန်းရွှန်းဝေအောင် ပြောဆိုပြီးနောက် ရှမ့်လန်က မေးမြန်းလိုက်၏။ “အမေ ဘယ်လိုခံစားရလဲ”
“အင်း။ ဒီ မင်းရဲ့ အနှိပ်ပညာရပ်က တကယ့်ကို အဆင့်အတန်းမြင့်တာပဲ။ ငါ့ရဲ့ ကလေးတွေထဲမှာ မင်းက တကယ့်ကို စဉ်းစားဉာဏ်အရှိဆုံး ကလေးတစ်ယောက်ပဲ”
သူ၏ ယောက္ခမကြီးက စဉ်းစဉ်းစားစားဖြင့် ပြောလိုက်သည်။ “မူလန်ကလည်း တော်သေးတယ်။ ဒါပေမဲ့ မူကုန်းကတော့ ငါ့ကို တကယ် စိတ်တိုစေတယ်။ သူ့ကို ကြည့်လိုက်တာနဲ့ ထရိုက်ချင်တယ်”
ရှမ့်လန်က ပြောလိုက်၏။ “အမေ့ကို အရင်ဆုံး မြင်ရတဲ့ အချိန်မှာ ဒါ ကံကြမ္မာက သတ်မှတ်ပေးခဲ့တဲ့ ကျုပ်ရဲ့အမေအဖြစ် ခံစားမိတယ်။ ကိုယ့်ရဲ့ မွေးမိခင် မိခင်ရင်းကို မြင်ရသလိုတောင် ခံစားမိတယ်”
သူ၏ ယောက္ခမကြီးက ပြန်လည်ကာ ပြောဆိုလိုက်သည်။ “အင်း မင်းနဲ့ မူလန်က လက်ထပ်လိုက်ပြီ။ ဒီတော့ ငါက မင်းရဲ့ အမေပဲ မဟုတ်လား”
ရှမ့်လန်က ချက်ချင်းပဲ ပြန်လည် ပြောဆိုလိုက်၏။ “အမေ”
“အင်း။ တကယ့်ကို လူတော်လေးပဲ”
သူ၏ ယောက္ခမကြီးက ပြောလိုက်သည်။ “လန်အာ.. ငါ့ကို မင်း ပြောစရာ ရှိနေတယ် မဟုတ်လား”
ရှမ့်လန်က ပြောလိုက်၏။ “အမေ.. တကယ့်ကို အမြင်စူးရှတာပဲ”
သူ၏ ယောက္ခမကြီးက ပြန်လည်ကာ မေးမြန်းလိုက်သည်။ “ပြော ပြော”
ရှမ့်လန်က ပြောလိုက်၏။ “အဖေ့ကို နေအိမ်အကျယ်ချုပ်ကနေ ဖယ်ပေးဖို့ ပြောပေးပါလား။ အပြင်ထွက်ပြီး လုပ်စရာ ရှိတယ်”
သူ၏ ယောက္ခမကြီး မျက်နှာသည် ပိုမိုကာ လေးနက်သွားခဲ့၏။ ပြီးနောက် ပြောလိုက်သည်။ “လန်အာ… မင်း တကယ်တမ်း အပြင်ကို ထွက်ချင်တာလား။ မင်းအဖေက မင်းရဲ့ လုံခြုံမှုအတွက် နေအိမ် အကျယ်ချုပ် ချထားတာနော်။ မင်းကို အပြစ်ပေးထားတယ်ဆိုတာ မင်းကို ချစ်လို့ပဲ”
ရှမ့်လန်သည် လေးလေးနက်နက်နှင့် ပြောလိုက်၏။ “ဟုတ်တယ်။ အပြင်ကို သွားမှ ဖြစ်လိမ့်မယ်”
သူ၏ ယောက္ခမကြီးသည် အချိန်ခဏ ကြာအောင် စဉ်းစားလိုက်၏။ ပြီးနောက် ပြောလိုက်သည်။ “ကောင်းပြီ။ ဒါဆိုရင်တော့ ငါ မင်းအဖေနဲ့ စကား ပြောလိုက်မယ်”
နာရီဝက်ခန့် ကြာမြင့်ပြီးနောက် ရှမ့်လန်၏ နေအိမ်အကျယ်ချုပ်သည် ချက်ချင်းပဲ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်၏။ ထို့ကြောင့် ဤလောကကြီးတွင် ပြုလုပ်၍ မရနိုင်သည့် အရာဟူ၍ မရှိချေ။ ထိုအရာများကို ပြုလုပ်ရန်အတွက် လိုအပ်သည့် အဓိကလူကို ရှာဖွေတွေ့ရန်က သော့ချက်ပင် ဖြစ်၏။
သူသည် မြို့စားအိမ်တော်တစ်ခုလုံး၏ အာဏာသက်ရောက်မှုကို သိရှိနားလည်ပြီး ဖြစ်သည်။
[ရှမ့်လန်သည် မူလန်၏ စကားကို နားထောင်ရ၏။
မူလန်သည် မြို့စားကြီး၏ စကားကို နားထောင်ရသည်။
မြို့စားကြီးသည် မြို့စားကတော်၏ စကားကို နားထောင်ရ၏။
မြို့စားကတော်သည် ရှမ့်လန်၏ စကားကို နားထောင်ရသည်။]
ကြည့်… မည်မျှပြည့်စုံသည့် အာဏာခွဲဝေမှုနည်း။
ကျင်းမူကုန်းကို မေးမြန်းချင်နေသည်လား။ အားနာပါ၏။ ဤဝတုတ်ကောင်သည် မြို့စားအိမ်တော်၏ အာဏာခွဲဝေမှုထဲတွင် ပါဝင်သည့် လူတစ်ယောက် မဟုတ်ချေ။ စားခြင်း၊ အိပ်စက်ခြင်း၊ ဒူဒူကို ရိုက်နှက်ခြင်းကသာလျှင် သူ၏ အလုပ် ဖြစ်ပေလိမ့်မည်။ (ကျင့်ကြံသူတို့စကားဝိုင်းတွင်လည်း ထိုစကားစု ပါဝင်သည်။ ဒူဒူ ဆိုသည့်ခွေးကို ရိုက်ခြင်းဟု ထင်မှတ်ခဲ့သည်။ တကယ်တမ်းမှာတော့ အခန်းအောင်းကာ လက်သိုင်းကျင့်ခြင်းကို ဆိုလိုခြင်းပင်။)
…..
ရွှမ်ဝူမြို့တော်ဝန် အိမ်ရာ ….
လျှိူဝူယမ်၏ လူယုံသည် စာကြည့်ခန်းထဲသို့ လျင်မြန်စွာ ဝင်ရောက်လာခဲ့၏။ “သခင်ကြီး အုပ်ချုပ်ရေးမှုးရဲ့ ကိုယ်စားလှယ်က ရွှမ်ဝူအိမ်တော်ကို ဒီနေ့ည ရောက်လာလိမ့်မယ်တဲ့။ အုပ်ချုပ်ရေးမှုး ကိုယ်တိုင်လည်း ပါလာလိမ့်မယ်”
လျှိူဝူယမ်သည် ပျော်ရွှင်သွားမိ၏။ အရာအားလုံးသည် ကြိုတင် စီစဉ်ထားသည့် အတိုင်းပင် ဖြစ်လာခဲ့၏။ အရှေ့လေသည် တိုက်လေပြီ။
“အင်း ထျန်းဟန်ကို သတင်းပေးလိုက်။ ချက်ချင်း ပြင်ဆင်ထားဖို့။ ဒီည လှုပ်ရှားမှ ဖြစ်မယ်” လျှိူဝူယမ် က ပြောဆိုလိုက်သည်။
“ကောင်းပြီ”
သူ၏ လူယုံသည် ချက်ချင်းပဲ ပြေးထွက်သွားခဲ့၏။ လျှိူဝူယမ်သည် ထူးမခြားနားသည့် လေသံမျိုးဖြင့် ပြောဆိုလိုက်၏။ “ရှမ့်လန်… ငါ မင်းကို ဘယ်တော့မှ ပစ်မှတ်မထားခဲ့ဘူး။ ငါ့ရဲ့ ပစ်မှတ်က ရွှမ်ဝူအိမ်တော်ပဲ။ ဒါပေမဲ့ မင်းက ရွှမ်ဝူအိမ်တော်ရဲ့ ရှေ့ကို ရောက်လာတယ်။ ဒီတော့ ကြားထဲက ဒုက္ခခံရတဲ့လူက မင်း ဖြစ်လာခဲ့တာပေါ့။ ရွှမ်ဝူမြို့စားကြီး… ဒီအခြေအနေကြားထဲကနေ ခင်ဗျား ဘယ်လို ကျော်ဖြတ်မလဲဆိုတာ ကျုပ်သိချင်တယ်”
…………
ရှမ့်လန်သည် ကျင်းဟွေ့ကို ရှာဖွေခဲ့၏။ ပြီးနောက် မေးခွန်းအနည်းငယ်ကို မေးမြန်းလိုက်၏။ ပြီးနောက် မြို့စားအိမ်တော်မှ လျှို့ဝှက်စွာ ထွက်ခွာသွားခဲ့၏။ မြို့စားအိမ်တော်မှ ထွက်ခွာပြီးသည့်နောက် ရှမ့်လန်သည် သူ၏ အိမ်ဆီသို့ မသွားခဲ့ချေ။ ထိုအစား တောနက်ထဲသို့ ဝင်ရောက်ခဲ့၏။
“အင်း ဘဝမှာ အရေးကြီးဆုံး ကိစ္စက ဘာလဲ။ အရှက်တရားတွေကို ကျော်ဖြတ်နိုင်မှုပေါ့။ ထျန်းဟန်နဲ့ လျှိူဝူယမ်ကို အနိုင်ရရှိဖို့အတွက် ငါ့ရဲ့ ဂုဏ်သိက္ခာတရားကို စတေးပေးရတော့မှာပဲ” ရှမ့်လန်သည် သူ့ကိုယ်သူ ထပ်ခါ ထပ်ခါ နှစ်သိမ့်လျက်ရှိနေသည်။
ဤအရာသည် အမျိုးသမီးဝတ်စုံတစ်ခုပင် မဟုတ်ပါလား။ သို့ပေမည့် ထျန်းဟန်ကို သတ်ဖြတ်နိုင်ရန်အတွက် သူသည် အမျိုးသမီးဝတ်စုံများကို ဝတ်တန်က ဝတ်ရပေတော့မည်။ သူ၏ နှလုံးသားထဲတွင် ရှိနေသည့် တားမြစ်ချက် တစ်ချို့သည် ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်၏။ သူ့အနေနှင့် အမျိုးသမီးဝတ်များကို ဝတ်ရသည့် အခြေအနေမျိုးပင် ရောက်ရှိလာခဲ့၏။
ရှမ့်လန်သည် မူလန်၏ အပြာရောင် ပိုးဝတ်စုံကို ဝတ်ဆင်ပြီးသနောက် တကယ့်ကို လှပလွန်းသည့် မိန်းကလေးတစ်ယောက်ကဲ့သို့ ပြောင်းလဲသွားခဲ့၏။ သူသည် နေရာတစ်ခုဆီသို့ အသာပင် လမ်းလျှောက် သွားခဲ့သည်။