အခန်း (၆၁)
Vol. 5 Ch. 61
အရူးကြီးအဖေ စုန့်ရီသည် သာမန်လူတစ်ယောက် မဟုတ်ပေ။ ကျော်ကြားလွန်းသည့် မုဆိုးတစ်ယောက်ဖြစ်ပြီး ရွာ၏ ကာကွယ်စောင့်ရှောက်ရေး အဖွဲ့ခေါင်းဆောင်တစ်ယောက်လည်း ဖြစ်၏။ ၎င်း၏အမိန့်ပေးမှု အောက်တွင် ညီအစ်ကို နောက်လိုက်ပေါင်း တစ်ဒါဇင်ကျော်ခန့် ရှိ၏။ အနည်းဆုံး ရွာလေးတွင်တော့ ၎င်းသည် ဂုဏ်သိက္ခာနှင့် ပြည့်စုံသော အားကောင်းသည့်လူတစ်ယောက်ပင်။
အိမ်သို့ရောက်ရှိသည့်အချိန်မှာတော့ သူ့သား၏ဥသည် ရှမ့်လန်၏ ပြင်းပြင်းထန်ထန် ကန်ကျောက်ခြင်းကြောင့် ကွဲကြေလျက်ရှိနေသည်ကို မြင်လိုက်ရ၏။ ထို့ကြောင့် သူသည် အပြင်းအထန် ဒေါသထွက်ခဲ့၏။ ပထမဦးဆုံး အနေနှင့် သူသည် ရှမ့်လန်ကို သေဆုံးသည်အထိ ကန်ကျောက်ချင်၏။ သို့ပေမည့် ထိုအရာကို အတွေးဖြင့်သာ တတ်နိုင်၏။
ရှမ့်လန်သည် ရွှမ်ဝူအိမ်တော်သို့ ရောက်ရှိနေ၏။ ထိုနေရာဆီသို့ သွားပါက ကျိန်းသေပေါက် သေဆုံးသွား ပေလိမ့်မည်။ ဒုတိယအတွေးသည် ရှမ့်လန်၏မိဘနှင့် ညီငယ်လေးအား လက်စားချေရန် အတွေးပင် ဖြစ်၏။ သို့သော်ကြား ထိုအကြံအစည်ကို မပြုလုပ်ရသေးခင်မှာပဲ ရွာ၏ခေါင်းဆောင်သည် ထိုအကြောင်းအရာကို ချက်ချင်းပဲ ပယ်ချခဲ့သည်။
ဘာပဲဖြစ်ဖြစ် ရှမ့်လန်သည် ရွှမ်ဝူအိမ်တော်၏ သမက်တစ်ယောက်ဖြစ်၏။ ၎င်း၏မိဘများသည် ရွှမ်ဝူမြို့စားကြီးနှင့် ခမည်းခမက်များပင်။ ၎င်းတို့ကို ထိခိုက်နာကျင်အောင် ပြုလုပ်သည်ဆိုပါက ကျိန်းသေပေါက် ဒုက္ခရောက်ပေလိမ့်မည်။ ထို့ကြောင့် လက်ရှိအခြေအနေမှာတော့ စုန့်ရီအနေနှင့် ဘာတစ်ခုကိုမှ ပြုလုပ်နိုင်စွမ်း မရှိချေ။
လောကကြီးသည် မမျှတပေ။ ဟုတ်ပေ၏။ သူ့အနေနှင့် အရူးကြီးကို စွန့်ပစ်ရသည့်အတွက် တစ်ချက်ကလေးမှ နောင်တရခြင်း မရှိချေ။ တောရွာတွင်လုပ်နေကျ လူတိုင်း၏ အမူအကျင့်အတိုင်း သူ ပြုလုပ်ခဲ့ခြင်းသာ ဖြစ်၏။ တစ်စုံတစ်ယောက်အနေနှင့် ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိပြီး ထိုအရာကို ကုသရန် ပိုက်ဆံမရှိပါက ထိုကဲ့သို့ပင် တောင်များ၊ ချောင်းများဆီသို့ သွားရောက်စွန့်ပစ်တတ်ကြ၏။
ထို့အပြင် ၎င်း၏အကြီးဆုံးသားသည် စိတ်ပိုင်းဆိုင်ရာ၌ ပြဿနာရှိနေသူ တစ်ယောက်ဖြစ်၏။ သို့ပေမည့် သူ၏သား အငယ်ကောင်မှာတော့ ခြားနားလွန်း၏။ ငယ်ရွယ်စဉ်ကတည်းက သေသေချာချာ ပြုစုပျိုးထောင် ခဲ့ရပြီး ကျိန်းသေပေါက် သူ၏အမွေကို ဆက်ခံနိုင်မည့်လူတစ်ယောက်လည်း ဖြစ်၏။ ထို့ကြောင့် သူသည် အသက်တမျှ ချစ်ခင်လှ၏။ သို့ပေမည့် လက်ရှိအခြေအနေမှာတော့ သူ အသက်တမျှ ချစ်မြတ်နိုးသည့် သား၏ ဥနှစ်လုံးသည် ရှမ့်လန်ကြောင့် ကြေမွသွားခဲ့ပြီဖြစ်၏။ ကျိန်းသေပေါက် သူ၏ မျှော်လင့်ချက်အားလုံးကို ဖျက်ဆီးပစ်ခဲ့ခြင်းပင်။
“ရှမ့်လန်… မင်းက မြို့စားအိမ်တော်ရဲ့ သမက်တော်တစ်ယောက် ဖြစ်ခဲ့တယ်ဆိုရင်တောင်မှ ငါမင်းကို လက်စားချေမယ်” စုန့်ရီသည် ချက်ချင်းပဲ သူ့၏သားကို ရွှမ်ဝူမြို့ဆီသို့ ခေါ်ဆောင်ကာဖြင့် ကုသပေးခဲ့၏။ မည်မျှကုန်ကုန် သူသည် သူ့သား၏ အသက်ကို ကျိန်းသေပေါက် ကုသရပေလိမ့်မည်။
သို့သော်လည်း သမားတော်များသည် သူ့သား၏အခြေအနေကို ကြည့်ရှုပြီးနောက် ထိုအရာမှာ ချက်ချင်း ဖြတ်တောက်လိုက်မှသာလျှင် ကောင်းမွန်သည့်အရာဖြစ်ကြောင်း အကြံပြုခဲ့ကြ၏။ မဟုတ်ပါက အသက် အန္တရာယ် ရှိနိုင်၏။
အရူးကြီး၏ ညီငယ်လေးသည် သတိမရသေးချေ။ သူ၏ဉနှင့် သူ၏လိင်တံ အဖြတ်ခံရမည်ဟု သိရှိပါက ဒေါသထွက်လိမ့်မည် မဟုတ်ချေ။ ထိုအစား အံကိုကြိတ်ကာ ပြောပေလိမ့်မည်။
“အဖေ.. ကျုပ်နန်းတော်ထဲကို သွားမယ်။ ပြီးတော့ ရှမ့်လန်ကို သတ်ဖို့အတွက် မိန်းမစိုးဖြစ်အောင် လုပ်မယ်။ ပြီးရင် ကျုပ် သူ့မိသားစုတစ်ခုလုံးကို သတ်ဖြတ်ပစ်မယ်”
စုန့်ရီ၏ မျက်လုံးထဲတွင် မျက်ရည်များ ရစ်သိုင်းလာခဲ့၏။ သူ့အနေနှင့် ထိုအရာကို ကျိန်းသေပေါက် သဘောတူညီ ရပေလိမ့်မည်။ ရှေ့၌ ဆက်လျှောက်စရာလမ်းက အရှည်ကြီး ကျန်ရှိနေသေးသည် မဟုတ်ပါလား။ ထို့ကြောင့် သူသည် ထျန်းဟန်ကို သွားရောက်ကာ ရှာဖွေခဲ့၏။ ထျန်းဟန်သည် ရွှမ်ဝူမြို့၏ ကာကွယ် စောင့်ရှောက်ရေး အဖွဲ့ခေါင်းဆောင်ဖြစ်၏။ ထို့ကြောင့် စုန့်ရီ၏ ခေါင်းဆောင်ဟူ၍လည်း သတ်မှတ်ရ၏။ ၎င်းတို့နှစ်ယောက်သည် တူညီသည့်ရန်သူ တည်ရှိ၏။ ထိုရန်သူသည် ရှမ့်လန်ပင် ဖြစ်၏။
ထျန်းဟန်က ပြောလိုက်သည်။ “စုန့်ချောင်ကို ရှမ့်လန် ကန်ကျောက်သွားတာ ခင်ဗျားမိန်းမ မြင်ခဲ့လား”
စုန့်ရီက ပြောလိုက်၏။ “မြင်တယ်”
ထျန်းဟန်က ပြောလိုက်သည်။ “ရှမ့်လန်တစ်ယောက် ခင်ဗျားအိမ်ထဲကို ဝင်သွားတာကို ရွာသားတွေ ဘယ်လောက်များများ တွေ့ခဲ့လဲ။ သူတို့ဆီက ဒေါသတကြီး အော်ဟစ်သံတွေ ဆူဆူညံညံအသံတွေကို တခြားသူတွေ ကြားခဲ့လား”
စုန့်ရီက ပြောလိုက်၏။ “ကျိန်းသေပေါက် ကြားတာပေါ့။ ကျုပ်မေးမြန်းပြီးပြီ။ ဒီခွေးတိရစ္ဆာန်ကောင် ရှမ့်လန်က မြို့စားအိမ်တော်ရဲ့ သမက်တော်ဖြစ်သွားပြီလေ။ ဒါကြောင့် ကျုပ်သူ့ကို ဒုက္ခပေးလို့မရဘူး”
ထျန်းဟန်က နှာခေါင်းရှုံ့လိုက်သည်။ “တရားစွဲလို့ မရနိုင်ဘူးလား”
ပုံမှန်အားဖြင့် ကျိန်းသေပေါက် ရသင့်၏။ ယနေ့ညမှာပဲ ဆရာကြီး နှစ်ယောက်တို့သည် ရွှမ်ဝူအိမ်တော် ဆီသို့ သွားပေမည်။ လက်ရှိအခြေအနေမှာတော့ ရွှမ်ဝူအိမ်တော်ကို အဆုံးစွန်ထိ အဆုံးစွန်ထိ အောက်ဆုံးသို့ ရောက်ရှိသွားအောင် ဆွဲချနိုင်ခြင်း မရှိဘူးဆိုလျှင်တောင်မှ ရှမ့်လန်ကို အရင်ဆုံးဆွဲချဖို့ သူတို့ပြင်ဆင်ရ ပေလိမ့်မည်။ ပြီးမှ မြို့စားအိမ်တော်တစ်ခုလုံးကို ဒုက္ခပေးရန် ကြံစည်ထား၏။
ထျန်းဟန်က ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။ “အသက်အတွက် အသက်ပဲ။ မင်းသားတစ်ယောက်က နိုင်ငံရဲ့ ဥပဒေကို ချိုးဖျက်တယ်ဆိုရင်တောင်မှ အပြစ်ပေးအရေးခံရမှာပဲ။ သူက သာမန်လူလိုပဲလေ။ မြို့စားအိမ်တော်ရဲ့ သမက်တော်လောက်ကိုတော့ စကားထဲတောင် ထည့်ပြောစရာမလိုဘူး။ ခင်ဗျားဆီမှာ သက်သေသာဓက တွေလည်း ရှိပြီး တစ်စုံတစ်ယောက်က ခင်ဗျားဘက်ကနေ မားမားမတ်မတ် ရပ်တည်ပေးမယ်ဆိုရင် ရှမ့်လန်နဲ့ မြို့စားကြီးတို့ ဘာမှတတ်နိုင်မှာမဟုတ်ဘူး”
စုန့်ရီက ကြောင်သွား၏။ ရှမ့်လန်သည် မည်သူ့ကိုမှ မသတ်ဖြတ်ခဲ့ချေ။ သူ့၏သားကို ကန်ကျောက်ပြီး သူ့သား၏ မျိုးပွားနိုင်သည့်အင်္ဂါကို ဖျက်ဆီးခဲ့ခြင်းသာရှိ၏။
ထျန်းဟန်သည် ဘာတစ်ခုကိုမှ ဆက်လက်မပြောဘဲ ပြုံးနေမိ၏။ ကန်ချက်တစ်ခုတည်းလား။ ထိုအရာသည် အဘယ်သို့ ပြစ်မှုတစ်ခုဖြစ်ရန်အတွက် လုံလောက်မည်နည်း။ ကျိန်းသေပေါက် အသက်ကို စွန့်လွှတ်မှ ဖြစ်ပေလိမ့်မည်။ ထို့အပြင် တစ်စုံတစ်ယောက်ကို သတ်ဖြတ်မှသာလျှင် ရှမ့်လန်အနေနှင့် ၎င်း၏အသက်ကို ပြန်လည် ပေးအပ်ရမည် မဟုတ်ပါလား။
…….
အရူးကြီး၏မိထွေး … စုန့်ရီ၏မိန်းမသည် ရွှမ်ဝူမြို့၏ ဆေးခန်းထဲတွင် သူမ၏သားကို သေချာဂရုစိုက် ပြုစုလျက် ရှိနေလေ၏။ သို့ပေမည့် သူမသည် ဘာအကြောင်းမှမရှိဘဲနှင့် သူမ၏အိမ်ဆီသို့ ထိုည၌ပင် ပြန်ခဲ့ရ၏။ ကြည့်ရသည်မှာ တစ်စုံတစ်ယောက်သည် သူမကို ရည်ရွယ်ချက်ရှိရှိဖြင့် အိမ်ဆီသို့ ပြန်လည်ပို့လွှတ်လိုက် သည့်ပုံပင်။ ထိုအချိန်မှာတော့ စုန့်အမျိုးသမီးသည် အိပ်ရာထဲတွင် လဲလျောင်းလျက် ရှိနေပြီး စားချင် သောက်ချင်စိတ်လည်း မရှိချေ။
သူ့သား၏ဥများသည် ဖြတ်တောက်ခြင်း ခံလိုက်ရသောကြောင့် မိသားစု၌ မျိုးဆက်ဟူ၍ ရှိတော့မည် မဟုတ်ချေ။ သူမ ဘာလုပ်ရမည်နည်း။ သူမသား၏အသက်ကတော့ ဆက်လက်ရှင်သန်နေသေး၏။ ထို့ကြောင့် နန်းတော်ထဲသို့ ဝင်ရောက်ပြီး အောင်မြင်ကျော်ကြားသည့် မိန်းမစိုးတစ်ယောက်ဖြစ်အောင် ကြိုးစားခိုင်းရပေလိမ့်မည်။ ထိုမှသာလျှင် သူမ၏ သားသည် လောကကြီး၏ အလှည့်အပြောင်းကို ဖန်တီးနိုင်ပေလိမ့်မည်။
မိသားစု၏ သွေးမျိုးဆက်ကို ထိန်းသိမ်းဖို့ ဆိုသည်မှာတော့ သူမက ငယ်ရွယ်သေး၏။ အနည်းဆုံး ယောကျ်ား တစ်ယောက်ယောက်ကို ယူပြီး ကလေးတစ်ယောက် မွေးဖွားနိုင်သေး၏။ ထိုအရာအားလုံးကို တွေးတောပြီးသည့်နောက် စုန့်အမျိုးသမီးသည် ဘေးတစ်ဖက်တွင် ရှိနေသည့် ရေကို အသာယူပြီး သောက်ချလိုက်၏။ အဘယ့်ကြောင့် ဤရေသည် အရသာတစ်မျိုး ဖြစ်နေသည်ဖြစ်ကြောင်း သူမ မသိချေ။ သို့ပေမည့် စုန့်အမျိုးသမီးသည် အသက်တစ်ရှိုက်စာအတွင်း ရေအားလုံးကို သောက်လိုက်၏။
ပြီးနောက် လောကသစ်တစ်ခု၏ တံခါးပေါက်က ဖွင့်လှစ်သွားခဲ့သည်။
သူမသည် ယခင်က တစ်ခါမှမကြုံဖူးသလို စိတ်လှုပ်ရှားမှုမျိုးကို ရရှိလာခဲ့၏။ သူမ၏ဦးနှောက် တစ်ခုလုံးသည် နှစ်ခြမ်းကွဲသွားသကဲ့သို့ပင်။ ပုရွက်ဆိတ်များ၏ တွားသွားသံများ၊ နဂါးများ၏ တောင်ပံခတ်သံများကို ရှင်းရှင်းလင်းလင်း ကြားနေရ၏။ သူမကြည့်နေသည့် လောကကြီးတစ်ခုလုံးသည် ပြောင်းလဲသွားသကဲ့သို့ပင်။ ကြည့်ရသည်မှာ သူမသည် အင်မော်တယ်တစ်ယောက် ဖြစ်သွားသည့်ပုံပင်။
စုန့်အမျိုးသမီးသည် ရှမ့်လန်ခတ်သည့်ဆေးကို သောက်ပြီးနောက် အမြင်အာရုံများ ဝေဝါးသွားခဲ့ခြင်းပင် ဖြစ်၏။ ရှမ့်လန်သည် ထိုရေထဲသို့ မူးယစ်ဆေး အနည်းငယ်ကို ထည့်သွင်းထားခဲ့၏။ ထို့ကြောင့် သူမသည် တစ်ကိုယ်လုံး လွင့်မျောလျက်ရှိနေပြီး မတူညီသည့်လောကကြီးတစ်ခုကဲ့သို့ ရောက်ရှိသွားသကဲ့သို့ပင် ခံစားနေရခြင်းပင်။
အချိန်တော်ကြာပြီးနောက် စုန့်အမျိုးသမီးက နိုးထလာခဲ့၏။ သို့ပေမည့် ထူးဆန်းသည့် ခံစားချက်များက တည်ရှိနေသေး၏။ သူမ၏ပတ်ဝန်းကျင်၌ ရှိနေသည့် အရာအားလုံးသည် ဆိုးရွားလျက်ရှိနေ၏။ သူမသည် အိမ်နောက်ဘက်၌ ရှိနေ၏။ နေရာအနှံ့တွင် ဝိညာဉ်များ လှည့်လည်ကာ လျှောက်သွားလျက်ရှိနေ၏။ ဝိညာဉ်များ၏ တေးဆိုသံများသည် သူမကို ကြောက်လန့်စေခဲ့၏။ အရာအားလုံးတို့သည် ဝိညာဉ်မြို့ကြီးထဲသို့ ရောက်ရှိနေသကဲ့သို့ပင်။
နောက်တစ်စက္ကန့်အတွင်းမှာပဲ အပြာရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် လှပလွန်းသော သရဲမတစ်ယောက်သည် သူမ၏နားဆီသို့ ချဉ်းကပ်လာခဲ့၏။ စုန့်အမျိုးသမီးသည် ကြက်သီးမွှေးညှင်းများပင် ထသွားခဲ့၏။ ဤအရာသည် ကျိန်းသေပေါက် သရဲမပင်။ သို့ပေမည့် လမ်းလျှောက်လာခြင်း မဟုတ်ချေ။ လေထဲ၌ လွင့်မျောကာ ရောက်ရှိလာခြင်းဖြစ်၏။
“ဘယ်သူလဲ၊ ရှင်ဘယ်သူလဲ” စုန့်အမျိုးသမီးသည် တကိုယ်လုံး တုန်ယင်သွားခဲ့၏။ သို့ပေမည့် သူမသည် ပါးစပ်ထဲမှ အသံမထွက်ခဲ့ချေ။ တကယ့်သရဲကို မြင်ရသည့်အချိန်မှာတော့ ဘာအသံမှ မထွက်နိုင်လောက်အောင် ကြောက်လန့်နေခဲ့သည်။
သရဲမက ပြောလိုက်၏။ “မိန်းမယုတ်… ငါ့ရဲ့အရူးကြီးကို ထိခိုက်နာကျင်အောင် လုပ်ခဲ့တယ်။ ငရဲပြည်ကို သွားစမ်း”
မည်သူဖြစ်ကြောင်း စုန့်အမျိုးသမီးက သိရှိသွားခဲ့ပြီဖြစ်၏။ ဤသရဲမသည် အရူးကြီး၏အမေပင် ဖြစ်၏။ သေဆုံးသွားခဲ့သည်မှာ နှစ်နှစ်ဆယ်ကျော်ကြာ ကြာမြင့်ခဲ့ပြီဖြစ်သော အမျိုးသမီးပင်။
သူမသည် အရူးကြီးအား တောတောင်မြစ်ကမ်းပါးဆီသို့ သွားရောက်လွှတ်ပစ်ရန် သူမ၏ယောကျ်ားကို တွန်းအားပေးခဲ့၏။ သို့ပေမည့် မထင်မှတ်ထားလောက်အောင်ဘဲ အရူးကြီး၏အမေသည် သူမဆီသို့ လက်စားချေရန် ရောက်ရှိလာခဲ့၏။
ရှမ့်လန်သည် သုံးစက္ကန့်လောက် သူ့အတွက်သူ ဝမ်းနည်းသွားမိသွား၏။ အဘယ်ကြောင့်ဆိုသော် သူ အမျိုးသမီး တစ်ယောက်လို ဝတ်လာခဲ့ခြင်းဖြစ်သည်။ သို့ပေမည့် တစ်ဖက်လူသည် သူ့ကို သရဲမဟူ၍ပင် ထင်မှတ်နေခဲ့သည်။ ဤမျှရုပ်ဆိုးလေသည်လား။
“ငရဲကို သွားစမ်း”
သရဲမ၏လက်တွင် ဝိညာဉ်မီးတောက်များ ဖြစ်တည်လာ၏။ ရုတ်တရက် ထိုဝိညာဉ်မီးတောက်များသည် စုန့်အမျိုးသမီး၏ အရှေ့ဆီသို့ ပျံသန်းလာခဲ့၏။
ဝိညာဉ်မီးတောက် သူမ၏ ခန္ဓာကိုယ်ပေါ်သို့ကျသည့်အချိန်မှာတော့ ခန္ဓာကိုယ်တစ်ခုလုံးသည် လောင်မြိုက်ခြင်း ကို ခံစားရ၏။ အလွန်အမင်း နာကျင်မှုကို ခံစားရ၏။ သို့သော်လည်း သူမသည် မည်သည့်အသံမှ မထွက်နိုင်ခဲ့ချေ။
အိပ်ရာ၏ ဘေးတစ်ဖက်တွင် ရှိနေသည့် ရေတစ်ခွက်ကို ကောက်ယူပြီး သူမ၏ ခန္ဓာကိုယ်ပေါ်သို့ လောင်းချလိုက်မိ၏။ သို့သော်လည်း ဆိုးရွားသည်မှာ ဝိညာဉ်မီးတောက်များသည် ငြိမ်းမသွားချေ။ ဆက်လက်ကာ တောက်လောင်နေတုန်းပင်။ ကြောက်မက်ဖွယ်ရာကောင်းလှချေ၏။ တကယ့်ဝိညာဉ် မီးတောက်များကဲ့သို့ပင် ရေဖြင့် ငြှိမ်းသတ်၍ မရနိုင်ပေ။
“ဒါတကယ့်သရဲပဲ၊ တကယ့်သရဲပဲ။ အစ်မကြီး ကျွန်မကို မသတ်ပါနဲ့။ ကျွန်မကို မသတ်ပါနဲ့”
စုန့်အမျိုးသမီးသည် ကြောက်လန့်တကြားဖြင့် အော်ဟစ်ငိုယိုနေမိ၏။ သူမ၏ပါးစပ်ဆီမှ ထွက်ပေါ်လာသည့် အသံသည် ခြောက်ကပ်လျက် ရှိနေ၏။ “ရှင့်သားကို သွားပြီး စွန့်ပစ်လိုက်တဲ့လူက စုန့်ရီ၊ ကျွန်မ မဟုတ်ဘူး”
စုန့်အမျိုးသမီးသည် တွန့်ဆုတ်မနေခဲ့ချေ။ သူမ၏အမျိုးသားကို စတင်ကာ သစ္စာဖောက်လေ၏။
သရဲမသည် အရှေ့ဆီသို့ လှမ်းတက်လာခဲ့ပြီး သူမ၏ လက်အေးစက်စက်ကြီးဖြင့် ဝိညာဉ် မီးတောက်များကို အသာပုတ်လိုက်၏။ ဝိညာဉ်မီးတောက်များသည် ချက်ချင်းပင် ငြိမ်းသက်သွားခဲ့၏။ ပြီးနောက် သရဲမ၏ ဖြူရော်လျက်ရှိနေသည့် လက်ချောင်းများသည် စုန့်အမျိုးသမီး၏ရင်ဘတ်ကို လာရောက် ထိတွေ့သည်။
ရုတ်တရက် စုန့်အမျိုးသမီးသည် မလှုပ်ရှားနိုင်တော့ကြောင်း သိရှိလိုက်ရ၏။ သူမ မြင်နိုင်၏၊ ကြားနိုင်၏။ အရာအားလုံးကို ခံစားနိုင်၏။ သို့ပေမည့် သူမ၏ခြေချောင်း၊ လက်ချောင်းများကိုပင် လှုပ်၍ မရနိုင်ခဲ့ချေ။ ဤခန္ဓာကိုယ်သည် သူမ၏ခန္ဓာကိုယ် မဟုတ်သကဲ့သို့ပင် ခံစားနေမိ၏။ ဤခံစားချက်သည် ရင်းနှီးလွန်းလှ၏။ ဘီလူးစီးခြင်းကဲ့သို့သော ခံစားချက်မျိုးပင်။
“နတ်ဘုရားတွေက ညှာတာမှုရှိတယ်။ ငါ့ရဲ့သားက မသေခဲ့ဘူး။ သူ့ကို နတ်ဘုရားတွေက ကယ်တင်ခဲ့တယ်”
သရဲမက ပြောလိုက်၏။ “ဒါပေမဲ့ နင့်ရဲ့သား စုန့်ချောင်ကတော့ သေပြီပဲ”
စုန့်အမျိုးသမီးက တုန်လှုပ်သွားခဲ့၏။ သူမသည် စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းကိုခါယမ်းလိုက်၏။ “ကျွန်မသား မသေဘူး။ သင်းကွပ်ရတော့မယ့် လူတစ်ယောက် ဖြစ်သွားရုံပါ။ အခု အိမ်ကိုပြန်လာတယ် ဆိုတာ ပစ္စည်းပစ္စယ တွေ လာထုတ်တာပဲ။ မနက်ဖြန် သူ့ကို သွားကြည့်ဖို့အတွက် မြို့ကိုသွားမှာ”
“မဟုတ်ဘူး၊ သူသေသွားပြီ။ ဒီတစ်ကြိမ် သူသေသွားပြီ။ တကယ့်ကို ဆိုးဆိုးရွားရွား သေခဲ့တာ။”
သရဲမက ပြောလိုက်သည်။ “ရှင့်ရဲ့သားကို ဘယ်သူသတ်လဲဆိုတာ ခန့်မှန်းကြည့်စမ်း”
ပြီးနောက် အမျိုးသမီးအသံမှသည် လူငယ်တစ်ယောက်၏ အသံအဖြစ်သို့ ပြောင်းလဲသွားခဲ့၏။
“အမေ၊ ကျုပ်… ကျုပ်တကယ့်ကို ဆိုးဆိုးရွားရွား သေခဲ့ရတယ်။ ကျုပ်တကယ့်ကို ဆိုးဆိုးရွားရွား သေခဲ့ရတယ်”
ထိုအသံသည် သူမ၏သား စုန့်ချောင်၏အသံနှင့် မတူချေ။ သို့သော်ငြား စုန့်အမျိုးသမီးသည် သူမ၏သားအသံဟူ၍ ထင်မှတ်လျက် ရှိနေသည်။
“မဟုတ်ဘူး၊ မဟုတ်ဘူး။ ကျွန်မသားက မသေဘူး” စုန့်အမျိုးသမီးသည် အကောင်းဆုံး ကြိုးစားပြီး ငြင်းပယ်နေမိ၏။ သို့သော်လည်း မည်သည့်အသံမှ မထွက်နိုင်ချေ။
သရဲမက ဆက်လက်ကာ ပြောလိုက်၏။ “ရှင့်ရဲ့သား သေ၊ မသေကို ရှင်မကြာခင် သိလိမ့်မယ်။ ရှင်ပြန်သွားပြီ ဆိုတာနှင့် စုန့်ရီက ရှင့်ကိုပြောလိမ့်မယ်။ ရှမ့်လန်ကြောင့် ရှင့်သား သေသွားတယ်လို့ ပြောလိမ့်မယ်။ ပြီးရင် ရှင့်ကို အုပ်ချုပ်ရေးမှူးဆီကို ခေါ်သွားပြီး ရှင့်ရဲ့သားကို ရှမ့်လန်သတ်ခဲ့တယ် ဆိုတဲ့အကြောင်း လိမ်ညာပြီး သက်သေခံခိုင်း လိမ့်မယ်။ တကယ်တော့ ရှင့်ရဲ့သားကို သတ်ခဲ့တဲ့လူတွေက ထျန်းဟန်နဲ့ ရှင့်ရဲ့ယောကျ်ားတို့ပဲ”
“မဟုတ်ဘူး၊ မဟုတ်ဘူး”
စုန့်အမျိုးသမီးက အော်ဟစ်လိုက်၏။ “ကျွန်မရဲ့သား မသေဘူး။ ကျွန်မ ရှမ့်လန်ကိုပဲ သေစေချင်တာ။ ရှမ့်လန်ပဲ သေရမယ်”
“ရှင်လုပ်ရဲ့လား”
သရဲမသည် တင်းမာခက်ထန်စွာ ပြောလိုက်သည်။ “ရှင့်ရော သေချင်လို့လား။”
ပြီးနောက် သရဲမ၏ လက်သည်းများသည် တဖြည်းဖြည်းနှင့် ရှည်လာခဲ့၏။ နံရံများကိုလည်း ကုတ်ခြစ်နေ၏။ ဝိညာဉ်မီးတောက်များသည် သူမ၏လက်သည်းများကြားဆီမှ ထွက်ပေါ်လာခဲ့ပြန်သည်။ ထိုဝိညာဉ်မီးတောက်များ သည် တဖြည်းဖြည်းနှင့် စုန့်အမျိုးသမီး၏ မျက်လုံးနားဆီသို့ ချဉ်းကပ်လာခဲ့၏။
“ရှင်သေချင်လို့လား”
သရဲမသည် တင်းမာခက်ထန်စွာ ပြောလိုက်သည်။ “ရှမ့်လန်က သေဆုံးရာကနေ ပြန်လာနိုင်တဲ့ ကံကောင်းခြင်း လူသား တစ်ယောက်ပဲ။ ပြီးတော့ သူက ကျွန်မသားရဲ့ ကာကွယ်စောင့်ရှောက်သူပဲ။ ရှင်သူ့ကို သတ်ချင်တယ် ဟုတ်လား။ ရှင်သေချင်နေတာပဲ” သရဲမက အော်ဟစ်လိုက်သည်။
ဝိညာဉ်မီးတောက်များသည် သူမ၏နောက်မှ ထွက်ပေါ်လာခဲ့၏။ ပြီးနောက် ချက်ချင်းပြန်လည်ကာ ပျောက်ကွယ် သွားခဲ့၏။ စုန့်အမျိုးသမီးသည် သေးများထွက်ကျသည်အထိ ကြောက်လန့်နေမိ၏။ မြင်နေရသည့် မြင်ကွင်းကို ကြည့်ရှုပြီးနောက် သူမသည် ခေါင်းကို အဆက်မပြတ်ခါယမ်းနေမိ၏။
“ကျွန်မ မသေချင်ပါဘူး။ ကျွန်မ မသေချင်ပါဘူး။ အစ်မကြီး…. ကျေးဇူးပြုပြီး ကျွန်မကို လွှတ်ပေးပါ” စုန့်အမျိုးသမီးသည် စကားမပြောနိုင်ခဲ့ချေ။ သို့ပေမဲ့ စိတ်ထဲတွင် အဆက်မပြတ် ရေရွတ်လျက် ရှိသည်။
သရဲမက ပြောလိုက်၏။ “ကျွန်မရဲ့သားက သူ့ရဲ့ကာကွယ်မှုအောက်မှာ အသက်ရှင်နေတယ်။ ရှင်သာ ရှမ့်လန်ကို သတ်ချင်ရင်၊ ကျွန်မသားကို နာကျင်အောင် ပြုလုပ်ချင်တယ်ဆိုရင်တော့ ကျွန်မ ရှင့်အတွက် တွင်းတူးပြီး ငရဲပြည်ကို တစ်ခါတည်းပို့မယ်”
စုန့်အမျိုးသမီးသည် သေးများ ထပ်မံထွက်ကျလာခဲ့ပြန်၏။ “ကျွန်မ မလုပ်ရဲတော့ပါဘူး။ ကျွန်မ မလုပ်ရဲတော့ပါဘူး”
သရဲမက ထပ်မံကာ ပြောဆိုလိုက်၏။ “ဒီည ထျန်းဟန်က ရှင့်ကို ရွှမ်ဝူအိမ်တော်ဆီကို ခေါ်သွားလိမ့်မယ်။ အဆင့်မြင့်အရာရှိတွေရဲ့ အရှေ့မှာ ရှမ့်လန်က ရှင့်ရဲ့သားကို သတ်ခဲ့တဲ့အကြောင်းကို မေးမြန်းလိမ့်မယ်။ ရှင် အဲ့အချိန်ကျရင် ဘာပြောရမလဲဆိုတာ သိတယ်မလား”
စုန့်အမျိုးသမီးသည် ခေါင်းညိတ်လိုက်၏။ ထို့အပြင် သူမသည် စိတ်ဓာတ်တကျဖြင့် ခေါင်းကို ထပ်မံကာ ခါမိပြန်၏။ အဘယ်ကြောင့်ဆိုသော် သရဲမ သဘောကျ ကျေနပ်အောင် မည်သည့်စကားကို ပြောဆိုရမည် ဖြစ်ကြောင်း သူမ မသိရှိသောကြောင့်ပင်။
သရဲမက ပြောလိုက်၏။ “အစပိုင်း ထျန်းဟန် ဘာပြောပြော ရှင်သဘောတူလိုက်။ ဒါပေမဲ့ မြို့စားအိမ်တော်ကို ရောက်ရှိပြီး တကယ့်ဆရာကြီးတွေအရှေ့ကို ရောက်တဲ့အချိန်မှာ ရှင့်ရဲ့သားကို ကန်ကျောက်ခဲ့တဲ့လူက ရှင့်ရဲ့ယောကျ်ားဖြစ်တယ်လို့ပြော။ ဘာလို့လဲဆိုတော့ စုန့်ချောင်က ရှင်ရေချိုးတာကို ချောင်းလို့ပဲ။ နားလည်လား”
“ဟမ်” စုန့်အမျိုးသမီးသည် တုန်လှုပ်သွားခဲ့သည်။
သရဲမက ဆက်လက်ကာ ပြောလိုက်၏။ “အားလုံးရဲ့ အရှေ့ရောက်ပြီဆိုရင် ထျန်းဟန်က ရှင့်ကို အတင်း တွန်းအားပေးပြီးတော့ ရှင့်ရဲ့သားကိုသတ်တာ ရှမ့်လန်ပါလို့ ပြောခိုင်းလိမ့်မယ်”
စုန့်အမျိုးသမီးသည် အံ့အားသင့်သွားမိ၏။ ထျန်းဟန်သည် ကြောက်မက်ဖွယ်ရာကောင်းသည့် လူတစ်ယောက် ဖြစ်၏။ ထျန်းဟန်၏အရှေ့တွင် မဟုတ်တန်းတရားများကို ပြောဆိုရမည်ဆိုခြင်းသည် ရိုက်သတ်ခံရလောက်သည့် အခြေအနေမျိုးပင်။
သရဲမက ဆက်လက်ကာ ပြောလိုကသည်၏။ “စိတ်မပူနဲ့။ ထျန်းဟန်က ရှင့်ကို မေးစရာရှိတာတွေ မေးပြီးတဲ့နောက် မြို့စားအိမ်တော်က ရှင့်ကို ကာကွယ်ပေးလိမ့်မယ်။ ထျန်းဟန် သေဆုံးသွားတဲ့အချိန်ကျရင် ရှင်အိမ်ကို ပြန်လို့ရပြီ။ ပြီးရင် ရှင့်ကို ရွှေဒင်္ဂါးသုံးရာ ဆုချလိမ့်မယ်။ ဒါဆိုရင် ပိုက်ဆံတွေကိုယူပြီး ချမ်းသာတဲ့လူတစ်ယောက်ယောက်ကို ထပ်ယူလို့ရတယ် မဟုတ်လား”
“တကယ်လား” စုန့်အမျိုးသမီးက အံ့အားသင့်သွား၏။
သရဲမ၏ ရုတ်တရက် လက်ထဲတွင် ရွှေရောင် မီးတောက်များ ပေါ်ပေါက်လာခဲ့ပြန်၏။ ထိုအရာကို အိပ်ရာအောက်ဆီသို့ လှမ်းကာ ပစ်လိုက်၏။ “ရှင့်ရဲ့အိပ်ရာအောက်မှာ ကျွန်မ ရွှေဒင်္ဂါးသုံးဆယ် မြှုပ်ထားတယ်။ ထျန်းဟန်နဲ့ ကိစ္စပြီးသွားရင် ရှင့်ရဲ့အိပ်ရာအောက်ကို လာတူးလိုက်။ ရွှေဒင်္ဂါးသုံးရာ ထပ်ထည့်ပေးထားမယ်။ ရှင်သေချင်လား။ အသက်ရှင်ချင်သေးလား”
“ကျိန်းသေပေါက် အသက်ရှင်ချင်ပါတယ်”
“အင်း… အောင်မြင်မှု၊ မအောင်မြင်မှု၊ ကောင်းကင်ဘုံကို သွားမလား၊ ငရဲပြည်ကို သွားမလားဆိုတာ ရှင့်ရဲ့ ရွေးချယ်မှုပဲ”
ပြီးနောက် အဖြူရောင်အခိုးအငွေ့များသည် တဖြည်းဖြည်းချင်း ပျောက်ကွယ်သွားခဲ့သည်။