အခန်း (၆၄)
Vol. 5 Ch. 64
တကယ့်ဆရာကြီးများ ဖြစ်နေခြင်းမှာ အံ့အားသင့်စရာ မရှိတော့ချေ။ ရန်ဝူကျိနှင့် ကျန်းချုံးတို့သည် အပြင်ဘက်ရှိ ဆူညံသံများကို ကြားနေရသော်လည်း မကြားချင်ယောင်ဆောင်လျက် ရှိနေ၏။
မြို့စားကြီးသည် ထိုအသံများကို ကြားသည့်အချိန်မှာတော့ မျက်နှာသွင်ပြင်တစ်ခုလုံး ပြောင်းလဲသွားခဲ့၏။ သူသည် ရုတ်တရက် မတ်တပ်ထရပ်ရန် ပြင်ဆင်လိုက်၏။ သို့ပေမဲ့ မြို့စားကတော်သည် ၎င်း၏အင်္ကျီလက်ကို အသာဆွဲကာဖြင့် တားဆီးထားသည်။
“ရှင်ရူးနေတာလား။ အပြင်မှာ တစ်စုံတစ်ယောက်က အကွက်ချ စီစဉ်နေတာ။ ရှင့်က ဘယ်လိုဖြစ်ပြီးတော့ အပြင်ဘက်ကို ထွက်ဖို့ ကြိုးစားနေရတာလဲ”
မြို့စားကတော်၏ လှပသည့် မျက်လုံးများဆီမှ ပြောဆိုသည့် စကားလုံးများကို မြို့စားကြီးက ချက်ချင်းပဲ နားလည်လိုက်၏။
ထို့ကြောင့် မြို့စားကြီးသည် အပြင်ဘက်တွင် ရှိနေသည့် ဆူညံသံများကို မကြားဟန်ဆောင်ထား၏။ သူသည် တိတ်ဆိတ်ငြိမ်သက်စွာ ထိုင်နေသော်လည်း စိတ်ထဲတွင်တော့ စိုးရိမ်ပူပန်လျက် ရှိနေ၏။ သူ့အနေနှင့် အရှေ့မှ တစ်စုံတစ်ယောက် ဦးဆောင်ခြင်းမပြုဘဲ ထိုအရာကို ထကာ ဖြေရှင်းရန် အစီအစဉ် မရှိတော့ချေ။
ရှမ့်လန်သည်လည်း အနည်းငယ်စိုးရိမ်ပူပန်နေ၏။ သူ၏စီစဉ်သမျှသည် အလုပ်မဖြစ်ပါက သူကိုယ်တိုင် ထကာ ပွဲကရပေတော့မည်။။
“ယောက်ဖ တစ်စုံတစ်ယောက်က ခေါ်နေသလိုပဲ” ကျင့်မူကုန်းသည် ထိုညမှာတော့ အရင်ဦးဆုံး ဝင်ရောက်ကာ ပြောဆိုလာခဲ့၏။
ပြီးနောက် သူသည် သတ်ဖြတ်လိုခြင်းအပြည့်နှင့် ကြည့်ရှုနေသည့် မျက်လုံးသုံးစုံကို ရင်ဆိုင်လိုက်ရသည်။
ထိုသူများသည် သူ၏အဖေ၊ အမေနှင့် သူ၏အစ်မဆီမှ ဖြစ်၏။ မည်သို့မှမနေနိုင်ဘဲ ကုပ်တစ်ခုလုံးပင် ပုဝင်သွားခဲ့၏။ သူ၏ကြီးမားသည့် ဦးခေါင်းကြီးကို မြေတွင်းတူးကာ အထဲသို့ နှစ်မြှုပ်ထားချင်စိတ်ပင် ပေါက်နေ၏။ လက်ရှိအခြေအနေမှာတော့ သူ၏နှလုံးသားထဲတွင် အသံတစ်ခုတည်းသာလျှင် ပဲ့တင်ထပ်နေ၏။ “ဒီညကတော့ သေပြီပဲ။ ရိုက်သတ်ခံရတော့မယ်”
မြို့စားကြီး တိတ်ဆိတ်ငြိမ်သက်နေသည်ကို မြင်ရချိန်မှာတော့ လျှိုဝူယမ်က ပြောဆိုလိုက်သည်။ “အပြင်ဘက်မှာ ဘယ်လိုဖြစ်ပြီး ဒီလောက်ဆူညံနေရတာလဲ။ သွားမေးစမ်း”
သူ့အနေနှင့် မြို့တော်ဝန်အိမ်ရာဆီမှ စစ်သည်တစ်ယောက်ကို အမိန့်ပေးလိုက်ခြင်းဖြစ်၏။ ရွှမ်ဝူအိမ်တော်မှ လူများကို ခိုင်း၍မရချေ။
ခဏလောက်ကြာပြီးနောက် လူနှစ်ယောက်သည် အလျင်အမြန်နှင့် အထဲသို့ ပြန်လည် ဝင်ရောက်လာခဲ့၏။ စစ်သည်များထဲမှ တစ်ယောက်သည် မြို့တော်ဝန်အိမ်ရာဆီမှ စစ်သည်တစ်ယောက်ဖြစ်ပြီး တခြားသော တစ်ယောက်မှာတော့ မြို့စားအိမ်တော်ဆီမှ ကျင်းရှန်းပင်ဖြစ်၏။
“သခင်ကြီး... အပြင်ဘက်မှာ လူပေါင်းတစ်ထောင်လောက် ရောက်နေတယ်” ကျင်းရှန်းသည် စိုးရိမ်ပူပန်စွာဖြင့် အော်ဟစ်လိုက်သည်။
မြို့စားကြီးနှင့် မြို့စားကတော်တို့၏မျက်နှာသွင်ပြင်က အလုံးစုံ ပြောင်းလဲသွားခဲ့၏။ လူပေါင်း တစ်ထောင်လောက် ရောက်ရှိလာသည်တဲ့လား။ ဆိုလိုသည်မှာ ကြီးမားသည့်ပွဲကြီး တစ်ခုခုကို ပြုလုပ်တော့မည်လား။ ၎င်းတို့၏ ရည်ရွယ်ချက်သည် ရှမ့်လန်ကို သတ်ဖြတ်ပစ်ရုံသာမက မြို့စားအိမ်တော် ကိုလည်း ဤအရှုပ်အထွေးထဲသို့ ဆွဲခေါ်သွားရန် ပြင်ဆင်နေခြင်းသာလျှင် ဖြစ်ပေလိမ့်မည်။
မြို့တော်ဝန် လျှိုဝူယမ်သည် ဒေါသတကြီးဖြင့် ပြောဆိုလိုက်၏။ “ဘယ်လိုလူတွေက မြို့စားအိမ်တော်ရှေ့ကို လာပြီး ရုတ်ရုတ်၊ ရုတ်ရုတ် လုပ်ရဲတာလဲ။ မြို့စားအိမ်တော်ကို ဘာများထင်နေလဲ။ ပုန်ကန်ဖို့ ပြင်ဆင်နေတာလား။ ခေါင်းဆောင်က ဘယ်သူလဲ”
မြို့တော်ဝန်အိမ်ရာဆီမှ အရာရှိတစ်ယောက်က ပြောလိုက်သည်။ “စုန့်ရီပါ။ သူက မေပယ်သစ်ရွက်ရွာရဲ့ ကာကွယ်စောင့်ရှောက်ရေး ခေါင်းဆောင်တစ်ယောက်ပါ။ မြို့စားကြီးရဲ့ သမက်က သူ့ရဲ့သားကို သေဆုံးတဲ့အထိ ကန်ကျောက်ခဲ့တယ်လို့ ပြောနေတယ်။ ဘာအကြောင်းအရာမှလည်း မရှိခဲ့ဘူးတဲ့။ အခုသူက သူ့သား အလောင်းကို သယ်ဆောင်လာခဲ့တယ်။ သူတို့အတွက် တရားမျှတမှု ရှာဖွေပေးဖို့ဆိုပြီး လာတောင်းဆိုနေတာပါ”
မြို့စားကြီးသည် အကြောင်းအရာကို သိရှိလိုက်ရ၏။ သူသည် ရှမ့်လန်ကို အပြစ်မတင်ချေ။ စုန့်ရီနှင့် ၎င်း၏မိသားစုသည် လွန်လွန်းလှ၏။ ၎င်းတို့၏ အကြီးဆုံးသားကိုပင်လျှင် မြစ်ကမ်းဘေးတွင် စွန့်ပစ်ထားခဲ့သည် မဟုတ်ပါလား။ ရှမ့်လန်သာ ကယ်တင်ခဲ့ခြင်းမရှိပါက ကျိန်းသေပေါက် အရူးကြီးသည် သေဆုံးသွားပေလိမ့်မည်။ သို့ပေမည့် တစ်ဖက်လူသည် ကျေးဇူးမတင် ဖင်လှန်ပြနေချေ၏။
အရူးကြီးသည် ရှမ့်လန်၏ တစ်ဦးတည်းသော မိတ်ဆွေသူငယ်ချင်းဖြစ်၏။ ရှမ့်လန် တစ်ဖက်လူကို သွားရောက် ကန်ကျောက်ခဲ့သည့် အကြောင်းအရင်းကို သူ ကောင်းကောင်းနားလည်မိသည်။
ထို့အပြင် သူသည် ကျင်းကျုံးကို စေလွှတ်ကာဖြင့် စုန့်ရီနှင့်စကားပြောဆိုခိုင်းခဲ့ပြီး ငွေကြေးအနည်းငယ်ကိုလည်း ပေးအပ်ခဲ့၏။ ထိုအချိန်တုန်းက စုန့်ရီသည် အလွန်တရာ ကျေးဇူးတင်နေပြီး ဤကိစ္စနှင့်ပတ်သက်၍ ဘာတစ်ခုမှ ဆက်လက်ပြောဆိုရန် ရည်မှန်းချက် မရှိတော့သည့်ပုံပင်။ ထို့အပြင် ၎င်း၏ အငယ်ဆုံးသားသည် အသက် အန္တရာယ် ကျရောက်ခဲ့သည် မဟုတ်ပေ။ ရုတ်တရက်ကြီး အဘယ်သို့ သေဆုံးသွားရသနည်း။ မြို့စားကြီးသည် ဤနေရာ၌ တစ်စုံတစ်ခုသော မကောင်းသည့်အချက်များ ပါဝင်လာသည်ကို ကောင်းကောင်းခံစားမိ၏။
ရွှမ်ဝူမြို့၏ မြို့တော်ဝန် လျှိုဝူယမ်က ပြောလိုက်သည်။ “သမက်တော်ရှမ့်လန်က ကျောင်းသားတစ်ယောက်လေ။ ဘယ်လိုဖြစ်ပြီး ဒီလိုမျိုးလုပ်ရတာလဲ”
ပြီးနောက် သူသည် ရုတ်တရက် မတ်တပ်ထရပ်ကာ ပြောလိုက်၏။ “လူကြီးမင်းရန်၊ စီရင်စုရဲ့အုပ်ချုပ်သူ ဒီကိစ္စက မြို့စားအိမ်တော်ရဲ့ ဂုဏ်သိက္ခာနဲ့ပတ်သက်နေတယ်။ ကျုပ်တို့ သေသေချာချာသွားပြီး ခြေခြေမြစ်မြစ် စုံစမ်းကြည့်ကြရအောင်”
ရန်ဝူကျိနှင့် ကျန်းချုံးတို့သည် မည်သည့်စကားမှ မဆိုချေ။ အရေးကြီးသည့် လူများဖြစ်သောကြောင့် သူတို့သည် ဤနေရာတွင် ထိုင်နေရုံနှင့် လုံလောက်နေပြီဖြစ်၏။ သူတို့သည်သာ မီးလောင်ရာသို့ လေပင့်မည်ဆိုပါက ကျိန်းသေပေါက် ၎င်းတို့၏ ဂုဏ်သိက္ခာသည် အောက်သို့ ကျဆင်းသွားပေလိမ့်မည်။
ရွှမ်ဝူမြို့စားကြီးကျင်းကျိုးသည် ပြဿနာကြီးရောက်ရှိလာပြီ ဖြစ်ကြောင်း ကောင်းကောင်း နားလည်၏။ တစ်ဖက်လူသည် သမက်တော်ကို သတ်ဖြတ်ချင်သောကြောင့် ဤသို့ ဇာတ်ကွက် ဖန်တီးနေခြင်းဖြစ်ကြောင်း သူ ကောင်းကောင်းနားလည်၏။ သူ၏ ခြေထောက်ကို အသုံးပြု၍ စဉ်းစားမည် ဆိုလျှင်တောင်မှ ကောင်းကောင်း သိ၏။
ယခု သူ၌ ရွေးချယ်ခွင့်တစ်ခုသာ တည်ရှိနေ၏။ ရှမ့်လန်ကို လက်လျှော့ အလျှော့ပေးကာဖြင့် တစ်ဖက်လူများ လက်ထဲသို့ ထည့်ပေးလိုက်ရမည်လား။ မဟုတ်ပါက မြို့စားအိမ်တော်သည် အရှုပ်အထွေးကျထဲသို့ ကျရောက်သွားနိုင်သည်။
မြို့စားကတော်သည် မြို့စားကြီး၏ အင်္ကျီလက်ကို အသာဆွဲထား၏။ သူမ ဘာကိုပြောဆိုနေခြင်း ဖြစ်ကြောင်း တစ်ချက်ကြည့်လိုက်ရုံနှင့် မြို့စားကြီးက ကောင်းကောင်းနားလည်၏။ “လန်အာကို ထည့်ပေးလိုက်မယ်ဆိုရင် ရှင်နဲ့ ကျွန်မနဲ့ ပြီးပြီပဲ”
မြို့စားကြီးသည် မြို့စားကတော်ကို လှမ်းကြည့်လိုက်သည်။ “စိတ်မပူနဲ့။ ကျုပ်က အဲ့လိုလူမျိုးလား။ကျိန်းသေပေါက် လန်အာကို စတေးပစ်မှာ မဟုတ်ဘူး”
မြို့စားကတော်၏ မျက်လုံးများသည် နူးညံ့သွားခဲ့၏။ “အင်း အခက်အခဲရှိတယ်ဆိုရင်တောင် ကျွန်မတို့ အတူတူ ကျော်ဖြတ်ရမယ်လေ”
မြို့စားကြီးသည် သူမကို ကြင်နာနူးညံ့စွာဖြင့် လှမ်းကာ ကြည့်ရှုလိုက်သည်။ “ဒီလိုမိန်းမမျိုး ရှိနေမှတော့ ကျုပ် ဘာကိုထပ်ပြီး တောင်းဆိုရမှာလဲ”
တကယ်ပင် ချစ်ဖို့ကောင်းသည့်စုံတွဲပင်။ ၎င်းတို့သည် ပါးစပ်မှ ပြောဆိုနေရန်ပင် မလိုချေ။ မျက်လုံးကို အသုံးပြုကာဖြင့် ဆက်သွယ်ပြောဆိုမှုကို ပြုလုပ်နေနိုင်၏။ တကယ့် နှလုံးသားချင်း ပေါင်းဖက်ထားသည့် စုံတွဲကို လက်ညှိုးထိုးပြပါ ဆိုပါက မြို့စားကြီးတို့စုံတွဲကိုသာ လက်ညှိုးထိုးပြရပေလိမ့်မည်။
အသက်ကို ပြင်းပြင်းရှုရှိုက်ပြီးနောက် မြို့စားကြီးသည် တိုက်ပွဲကိုရင်ဆိုင်ရန် အဆင်သင့်ဖြစ်လို့ နေ၏။ “သူတို့ကို အထဲကို ဝင်ခိုင်းလိုက်”
ခဏလောက် ကြာမြင့်ပြီးသည့်နောက် ထျန်းဟန်နှင့် စုန့်ရီတို့သည် လူငယ်တစ်ယောက်၏ အလောင်းကို သယ်ဆောင်ကာ မြို့စားအိမ်တော်၏ ဟောခန်းအထဲသို့ လျှောက်ဝင်လာခဲ့၏။
ထို့အပြင် စုတ်ပြတ်သတ်လျက် ရှိနေသော မိန်းမ တစ်ယောက်လည်း လိုက်ပါလာခဲ့၏။ သူမ၏ဆံပင်များသည် ရှုပ်ထွေးလျက် ရှိနေလေ၏။ မျက်လုံးများမှာလည်း သွေးကဲ့သို့ နီရဲနေ၏။ ခန္ဓာကိုယ်တစ်ခုလုံး ဒဏ်ရာ ဒဏ်ချက်များနှင့် ပြည့်နက်လျက် ရှိနေသည့်အပြင် ခန္ဓာကိုယ်ဆီမှ သေးနံ့များလည်း ထွက်နေသည်။
သားတစ်ယောက် ဆုံးရှုံးခြင်းအတွက် မည်မျှနာကျင်ရသနည်းကို လက်ရှိအခြေအနေကို ကြည့်ရှုလိုက်ရုံနှင့် သိသာနိုင်သည်။ ထိုအရာထက် ပိုမိုကာစစ်မှန်သည့် မိဘမေတ္တာကို ရှာ၍ပင်ရမည် မဟုတ်ပေ။
အထဲသို့ ဝင်ရောက်ပြီးနောက် စုန့်ရီသည် ဒူးထောက်ကာဖြင့် ရှမ့်လန်ကို လက်ညှိုးညွှန်လိုက်၏။ “ခွေးကောင်... ငါ့သားရဲ့အသက်ကို ပြန်ပေး”
မြို့စားကြီးသည် ခံစားချက်ကင်းမဲ့သည့် ဟန်ပန်အမူအရာမျိုးနှင့် မတ်မတ်ရပ်နေသည်။
မြို့တော်ဝန် လျှိုဝူယမ်သည် စားပွဲကို လက်ဖြင့်ထုနှက်ကာ ပြောလိုက်၏။ “ဒါဘယ်လိုနေရာမျိုးလဲ။ ရိုင်းရိုင်းစိုင်းစိုင်းတွေ လာပြောဆိုရဲနေပါလား”
စုန့်ရီသည် အသာဦးညွှတ်လိုက်၏။ “မြို့တော်ဝန်၊ မြို့စားကြီး၊ ကျေးဇူးပြုပြီးတော့ ဒီနိမ့်ကျတဲ့ သာမန်လူတစ်ယောက်အတွက် တရားမျှတမှုကို ရှာဖွေပေးပါ”
ဤနေရာ၌ အုပ်ချုပ်ရေးအဖွဲ့၏ ကိုယ်စားလှယ်များ ရောက်ရှိနေကြောင်း သူသိရှိပြီးဖြစ်သည်။ သို့ပေမည့် သူသည် မသိချင်ယောင်ဆောင်ထားသည်။
မြို့တော်ဝန် လျှိုဝူယမ်က ပြောလိုက်၏။ “ဘာတွေဖြစ်တာလဲ။ အသေးစိတ်ကို ပြောစမ်း”
စုန့်ရီသည် အော်ဟစ်ကာ ပြောဆိုလိုက်သည်။ “ရှမ့်လန် မြို့စားသမီးနှင့် လက်မထပ်ခင်က ရွာထဲမှာ သာမန်လူတစ်ယောက်ပါ။ သူက အထီးကျန်ပြီး လူတိုင်းနှင့် တည့်တဲ့လူမျိုး မဟုတ်ဘူး။ ကျုပ်ရဲ့သားနဲ့တောင်မှ ရံဖန်ရံခါသလိုလို ရန်ဖြစ်တတ်သေးတယ်။ ဒါပေမဲ့ ဒီကိစ္စလေးက ပဋိပက္ခ သေးသေးလေးပါပဲ။ ဒါပေမဲ့ ရှမ့်လန်က အငြိုးအတေးကြီးမားတဲ့ လူတစ်ယောက်ဖြစ်မယ်လို့ ကျုပ် မထင်ခဲ့မိဘူး။ သူ မြို့စားအိမ်တော်ရဲ့ သမက် ဖြစ်လာတဲ့နောက်မှာ သေးငယ်တဲ့ အငြိုးအတေးလေး တစ်ခုအတွက် ကျုပ်သားကို လာပြီးသတ်ဖြတ်သွားတယ်”
မြို့တော်ဝန် လျှိုဝူယမ်သည် မျက်မှောင်ကို ကုတ်လိုက်မိ၏။ သူ့အနေနှင့် တစ်စုံတစ်ခုကို အပြစ်တင်မည်ဆိုပါက လွယ်လွယ်ကူကူနှင့် ရိုးရိုးရှင်းရှင်း အပြစ်တင်သင့်သည် မဟုတ်ပါလား။ ဘယ်လိုဖြစ်ပြီးတော့ ကြီးကျယ် ခမ်းနားစွာဖြင့် ရှည်ရှည်ဝေးဝေးတွေ လုပ်နေရသနည်း။
စုန့်ရီသည် ဆက်လက်ကာ ပြောဆိုလိုက်၏။ “ရှမ့်လန်က ပြဿနာရှာခဲ့တယ်။ သူ့ရဲ့ သမက်တော်ဆိုတဲ့ အခွင့်အာဏာကို ထုတ်ဖော်ပြသဖို့ ရွာကိုပြန်လာခဲ့တယ်။ ပြီးတော့ စုန့်ချောင်ကို ကောင်းကောင်း ဒုက္ခပေးခဲ့တာပေါ့။ ကျုပ်ရဲ့သားကို ကျုပ် ရွှမ်ဝူမြို့ဆီကို ခေါ်ပြီး သမားတော်တွေနဲ့ ကုသပေးခဲ့တယ်။ ဒါပေမဲ့ နောက်ကျသွားခဲ့ပြီ။ ဒီခွေးကောင်ရှမ့်လန်က သေအောင် ရိုက်သတ်သွားခဲ့တာပဲ”
ပြီးနောက် စုန့်ရီသည် သူ့သား၏အဝတ်အစားများကို အသာဆွဲဖြဲလိုက်၏။ ခန္ဓာကိုယ်ပေါ်တွင် များပြားလွန်း လှသည့် ဒဏ်ရာဒဏ်ချက်များနှင့် ပြည့်နှက်လျက်ရှိနေ၏။ အထူးသဖြင့် ပေါင်ခြံနေရာပင် ဖြစ်၏။ ရေနွေးအိုးကြီးတစ်ခုကဲ့သို့ပင် ရောင်ကိုင်းလျက်ရှိနေ၏။ သို့ပေမည့် ရေနွေးအိုး၏ခေါင်းမှာတော့ သေးငယ်လွန်း လှချေသည်။
“ဆရာကြီးတို့ ကျေးဇူးပြုပြီးကြည့်ပါအုံး။ ရှမ့်လန် ဘယ်လောက် ကြမ်းကြမ်းတမ်းတမ်း လုပ်သွားလဲ ဒါကိုသာ ကြည့်တော့။”
စုန့်ရီသည် အော်ဟစ်ငိုယိုနေ၏။ “ကျုပ်သားကို ဆုံးရှုံးသွားပြီ။ ကျုပ်အသက်မရှင်ချင်တော့ဘူး။ ကျေးဇူးပြုပြီး ကျုပ်ကို ကူညီပါအုံး”
ကျင်းမူလန်သည် ရုတ်တရက် မေးမြန်းလိုက်သည်။ “ရှင့်ရဲ့သား ဘယ်အချိန် သေသွားတာလဲ”
စုန့်ရီက ပြောလိုက်၏။ “ရှမ့်လန်ရိုက်ပြီးတဲ့ နောက်ညမှာပဲ သေသွားခဲ့တာ”
အချက်အလက်အားဖြင့် စုန့်ချောင်ကို ထျန်းဟန်က သတ်ပစ်ခဲ့ပြီးဖြစ်၏။ ဘယ်အချိန် သေသွားသည်ဆိုသည်ကို သမားတော်များကပင် သေသေချာချာ သတ်မှတ်ခဲ့ခြင်း မရှိချေ။
ကျင်းမူလန်က မေးလိုက်သည်။ “ဒါဆိုရင် ဘာကြောင့် မြို့စားအိမ်တော်ကို တရားမျှတမှုအတွက် ချက်ချင်းလာ မတောင်းခံတာလဲ။ အခုအချိန်ထိ ဘာလို့ စောင့်နေရတာလဲ”
စုန့်ရီက ပြောလိုက်၏။ “ဘာဖြစ်လို့လဲဆိုတော့ ကျုပ်ကြောက်လို့ပါပဲ။ ကျုပ်သားသေဆုံးပြီးတဲ့နောက်မှာ မြို့စားအိမ်တော်ဆီ ချက်ချင်းလာဖို့ ပြင်ဆင်ခဲ့တယ်။ ဒါပေမဲ့ တစ်စုံတစ်ယောက်က ကျုပ်ကို လာရှာခဲ့တယ်။ သူက မြို့စားကြီးရဲ့လူယုံပါပဲ။ သူက ရွှေဒင်္ဂါးအနည်းငယ် ကျုပ်ကိုပေးပြီးတော့ ပါးစပ်ပိတ်နေဖို့ ခြိမ်းခြောက်ခဲ့တယ်။ မဟုတ်ရင် ကျုပ်မိသားစုတစ်ခုလုံးကို သတ်ဖြတ်ပစ်မယ်တဲ့။ ကျုပ်သားအတွက် ကျုပ် ဘယ်လိုမှ မခံစားနိုင်ခဲ့ပါဘူး”
မြို့စားကြီး၏ မျက်နှာသွင်ပြင်တစ်ခုလုံးက ပြောင်းလဲသွားခဲ့၏။ ရွှမ်ဝူအိမ်တော်သည် တစ်ဖက်လူကို ကျိန်းသေပေါက် ခြိမ်းခြောက်ခဲ့ခြင်း မရှိချေ။ လျော်ကြေးအနည်းငယ် ပေးအပ်ခဲ့ခြင်းသာလျှင် ရှိသည်။
ရွှမ်ဝူမြို့စားကြီးသည် ထျန်းဟန်ကို လှမ်းကြည့်ကာ မေးလိုက်၏။ “ထျန်းဟန် ဘယ်လိုဖြစ်ပြီး မင်းက ဒီကို ရောက်နေရတာလဲ”
ထျန်းဟန်က ပြောလိုက်၏။ “မြို့စားကြီးကို သတင်းပို့ပါတယ်။ ဒီစုန့်ရီက ျုပ်ရဲ့ လက်အောက်ငယ်သားတွေထဲက တစ်ယောက်ပါပဲ။ သူ့ရဲ့ဦးစီးဦးဆောင် အရာရှိတစ်ယောက်အနေနဲ့ သူ့အတွက် တရားမျှတမှုရှာဖွေပေးဖို့ ကျုပ်မှာ တာဝန်ရှိပါတယ်”
အချက်အလက်အားဖြင့် ထျန်းဟန်သည် ဤအချိန်၌ ရောက်ရှိမလာသင့်ချေ။ ၎င်းသည် ရှမ့်လန်နှင့် ရန်ငြိုးများ တည်ရှိနေ၏။ ထို့ကြောင့် ဤနေရာသို့ မလာသင့်ဘူးဆိုသည်ကို ကောင်းကောင်းနားလည်သော်လည်း သူ့ကိုယ်သူ မည်သူမှ မထိန်းချုပ်နိုင်ခဲ့ချေ။ သူ့နှင့် ရှမ့်လန်တို့ကြားထဲတွင် ရှိနေသည့် အမုန်းကျွေးများသည် သမုဒ္ဒရာကြီးကဲ့သို့ နက်ရှိုင်းလွန်း၏။ ထို့ကြောင့် တစ်ဖက်လူသေဆုံးသွားသည်ကို ကိုယ်တိုင်ကိုယ်ကျ မြင်ချင်လွန်းနေသည်။
လျှိုဝူယမ်က ပြောလိုက်၏။ “စုန့်ရီ.. ရှမ့်လန်က မင်းရဲ့သားကို သတ်ဖြတ်ခဲ့တယ်လို့ ပြောတယ်နော်။ သက်သေ ရှိလို့လား”
စုန့်ရီက ပြောလိုက်သည်။ “ရှမ့်လန် ကျုပ်အိမ်ထဲ အတင်းဝင်လာတာကို လူပေါင်းများစွာ မြင်ခဲ့တယ်။ ကြိုက်တဲ့လူကို စစ်ဆေးကြည့်နိုင်ပါတယ်”
လျှိုဝူယမ်က ပြောလိုက်၏။ “ဒါဆိုရင် မျက်မြင်သက်သေတွေကို ခေါ်ခဲ့လိုက်”
ခဏလောက်ကြာပြီးသည့်နောက် မာပယ်ရွက်ရွာမှ ရွာသားလေးယောက်က ဝင်ရောက်လာခဲ့၏။ ၎င်းတို့သည် ကာကွယ်စောင့်ရှောက်ရေး လူငယ်စစ်သားများပင်ဖြစ်သည်။ “ရှမ့်လန် စုန့်ရီအိမ်ထဲ ဝင်သွားတာကို ကျုပ်မျက်လုံး နဲ့ သေချာမြင်ခဲ့တယ်”
၎င်းတို့လေးယောက်သည် တစ်ပြိုင်နက်တည်း ပြောဆိုလိုက်၏။ “ပြီးတော့ ရှမ့်လန်ဝင်သွားပြီး မကြာခင်မှာပဲ တိုက်ခိုက်သံတွေ ကြားခဲ့ရတယ်။ ဒါကိုလည်း ကျုပ်သက်သေပြနိုင်ပါတယ်”
လျှိုဝူယမ်က ပြောလိုက်သည်။ “သမက်တော်ရှမ့် ဘာပြောစရာရှိသေးလဲ”
ရှမ့်လန်သည် မတ်တပ်ပင် မရပ်ချေ။ သူသည် အပြစ်ကင်းစင်စွာဖြင့် ပြောလိုက်၏။ “ကျုပ် စုန့်ရီအိမ်ထဲကို ဝင်ခဲ့ပါတယ်။ ဒါပေမဲ့ ဘယ်သူ့ကိုမှ မရိုက်နှက်ခဲ့ဘူး။ ကျုပ် ပိုက်ဆံသွားပေးခဲ့တာလေ။ အရူးကြီးက ကျုပ်ရဲ့ သူငယ်ချင်းကောင်းပဲ။ ဒါကြောင့် စုန့်အမျိုးသမီးဆီကို သွားပြီး အရူးကြီးကို နေ့စဉ်နေ့တိုင်း ထမင်းကျွေးမွေးဖို့ ဆိုပြီး ပိုက်ဆံသွားပေးခဲ့တာ”
စုန့်ရီသည် ဝင်ရောက်ကာ ပြောဆိုလိုက်သည်။ “မင်းလိမ်နေတာ။ ငါ့သားကို သေအောင် မင်းကန်ခဲ့တာ။ ငါ့မိန်းမက သူ့ရဲ့မျက်စိနှင့် သေချာမြင်ခဲ့တယ်။ ရွာသူရွာသားတွေ အားလုံးလည်း အပြင်ဘက်ကနေ ဆူညံသံတွေ ကြားခဲ့တယ်”
လျှိုဝူယမ်က ပြောလိုက်၏။ “စုန့်အမျိုးသမီး.. ခင်ဗျားမြင်ခဲ့တာ သေချာရဲ့လား”
စုန့်အမျိုးသမီး၏မျက်လုံးများတွင် အမုန်းတရားများနှင့် ပြည့်နက်နေ၏။ သူမသည် အံကိုကြိတ်ကာ ပြောဆိုလိုက်သည်။ “ကျွန်မမြင်ခဲ့တယ်”
စုန့်ရီသည် မြေပြင်နှင့် နဖူးနှင့်တိုက်ကာ ပြောဆိုလိုက်၏။ “ဆရာကြီးတို့... ကျေးဇူးပြုပြီး ကျုပ်အတွက် တရားမျှတမှု ရှာဖွေပေးပါ”
ထျန်းဟန်က ပြောလိုက်၏။ “ရွဲ့ပြည်နယ်ရဲ့ ဥပဒေအရဆိုရင် သတ်ဖြတ်သူက သူ့အသက်ကို ပြန်ပြီးပေးရတယ်။ ဒီဥပဒေကို ဘုရင့်ရဲ့သားတော်တွေက ချိုးဖောက်မယ်ဆိုရင်တောင် သာမန်ပြည်သူပြည်သားတွေလိုပဲ ပြန်လည် သတ်ဖြတ်ခြင်းကို ခံရမှာပဲ။ ပြီးတော့ ရှမ့်လန်က မြို့စားကြီးအိမ်တော်ရဲ့ သမက်တော်တစ်ယောက်ပဲ။ ကျေးဇူးပြုပြီး မျှမျှတတနဲ့ ပြုလုပ်ပေးပါ”
လျှိုဝူယမ်သည် ကြောင်အအဖြင့် ပြောလိုက်သည်။ “ရွှမ်ဝူ ဥပဒေအရဆိုရင် လူသတ်သမားက သူ့အသက်ကို ပြန်ပြီး ပေးရလိမ့်မယ်။ ရှမ့်လန်ကို ကျုပ်တို့နဲ့ထည့်ပေးလိုက်ပါ။ ကျုပ်တို့ ဒီကိစ္စကို စုံစမ်းရတော့မယ်”
ထိုအချိန်မှာတော့ မြို့စားအိမ်တော်၏အပြင်ဘက်တွင် အမဲရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့်လူများက တပြိုင်နက်တည်း အော်ဟစ်လျက်ရှိနေ၏။
“လူသတ်သမားက သူ့အသက်ကို သူပြန်ပေးရမယ်။ လူသတ်သမားက သူ့အသက်ကို ပြန်ပေးရမယ်”
သို့ပေမည့် ထိုအချိန်မှာပဲ စုန့်အမျိုးသမီးသည် ရုတ်တရက် အံကြိတ်ကာဖြင့် ပြောဆိုလိုက်သည်။ “ဆရာကြီးတို့ ကျွန်မယောကျ်ား စုန့်ရီကိုယ်တိုင် ကျွန်မသားကို ပြင်းပြင်းထန်ထန် ကန်ကျောက်ပြီး သတ်ဖြတ်ပစ်ခဲ့တာကို ကျွန်မ မြင်ခဲ့ပါတယ်။ ကျွန်မသားက ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိခဲ့တာ မဟုတ်ဘူး။ ရွှမ်ဝူမြို့ဆီကို လာပြီးတော့ ကုသမှု ခံယူခဲ့သေးတယ်။ ပြီးတော့ ပြန်ပြီးတောင် ကောင်းတော့မယ်။ ဒါပေမဲ့ ထျန်းဟန်နဲ့ တွေ့ပြီးနောက်ပိုင်း ကျွန်မသား သေသွားခဲ့တယ်”
ပြီးနောက် စုန့်အမျိုးသမီးသည် ဒူးထောက်ကာဖြင့် ဦးတိုက်ကန်တော့လျက် ရှိနေ၏။ သူမ၏ အသံသည် စူးရှလွန်းလှသည်။ ရင်ကွဲနာကျနေသလိုပင် “ကျွန်မသားကို သတ်ခဲ့တာ ထျန်းဟန်ပဲဖြစ်ရမယ်။ အပြစ်ကို ရှမ့်လန် ခေါင်းပေါ်တင်ပေးတာပဲ။ ပြီးရင် ထျန်းဟန်က ကျွန်မတို့ မိသားစုတစ်ခုလုံးကို သတ်မှာသေချာတယ်။ ဆရာကြီးတို့ ကျေးဇူးပြုပြီးတော့ တရားမျှတမှုကို ရှာဖွေပေးပါ။ လူသတ်သမားက သူ့အသက်ကို ပြန်ပြီး လျော်ရပါလိမ့်မယ်။ သွေးကြွေးကို သွေးနှင့်ဆပ်ရပါလိမ့်မယ်”
စုန့်အမျိုးသမီး၏အသံသည် အားလုံးသောသူတို့ကို ကြက်သေ သေသွားစေခဲ့၏။