အပိုင်း (၆၇)
Vol. 5 Ch. 67
နံပါတ် ဆယ့်သုံးသည် အိပ်ရာထက်တွင် လဲလျောင်းလျက် ရှိနေပြီး မျက်နှာကျက်ကို တွေဝေငေးငိုင်စွာဖြင့် ကြည့်ရှုနေခဲ့၏။ လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း သူ၏ ခန္ဓာကိုယ်အလေးချိန် တော်တော်ကျဆင်းခဲ့၏။ သူ၏ မျက်နှာအသွင်အပြင် တစ်ခုလုံးသည် မှုန်မှိုင်းလျက်ရှိနေပြီး မျက်လုံးများကလည်း အတွေးနက်လျက် ရှိနေ၏။ သူသည် ခြေထောက်ကျိုးခဲ့သည်မှာ သုံးရက်တိတိ ကြာမြင့်ခဲ့ပြီ ဖြစ်၏။ သူသည် သုံးရက်တိတိ မျက်လုံးကိုပင် မမှိတ်ချေ။ အဖြူရောင် မျက်နှာကျက်ဆီသို့ စူးစိုက်ကာဖြင့် ကြည့်ရှုနေမိ၏။
သူ၏ လောကကြီး တဝက်ခြမ်းသည် ပြိုလဲသွားခဲ့၏။ ထျန်းဟန်၏ ဂိုဏ်းသားများကြားထဲတွင် နံပါတ်ဆယ့်သုံး သည် သစ္စာအရှိဆုံးနှင့် အထူးချွန်ဆုံးသော လူတစ်ယောက် ဖြစ်၏။ သူသည် ထျန်းဟန်အား သူ၏ ဖခင်အရင်းနှင့်အတူ သတ်မှတ်ထားခဲ့ပြီး သူ၏ စံပြပုဂ္ဂိုလ်၊ သူ၏ ဆရာအဖြစ်လည်း သတ်မှတ်ထားခဲ့သည်။
အချက်အလက်အားဖြင့် ကျန်းကျင်းနှင့် လျှိုဝူယမ်တို့သည် သူ့ကို အကြိမ်ကြိမ် ခေါ်ယူရန် ကြိုးစားခဲ့ဖူး၏။ သို့ပေမည့် သူ သဘောမတူခဲ့ချေ။ သူ၏ ဂိုဏ်းချုပ်နောက်သို့သာ တောက်လျောက် လိုက်ပါခဲ့၏။ ငယ်ရွယ်စဉ် အချိန်က သူသည် မိဘများနှင့်အတူ ရွှမ်ဝူမြို့ဆီသို့ ပြေးထွက်လာခဲ့၏။ ထိုအချိန်တုန်းက ထျန်းဟန်သည် သူ့ကို ထမင်းတစ်ခွက်ပေးခဲ့ပြီး သိုင်းပညာကိုလည်း သင်ပြပေးခဲ့၏။
ထျန်းဟန်သာ မရှိပါက ယနေ့ နံပါတ်ဆယ့်သုံး ဆိုသည်မှာ ရှိလိမ့်မည် မဟုတ်ချေ။ သို့သော်လည်း ထျန်းဟန်သည် လောင်းကစားရုံ၏ အကျိုးအမြတ်အတွက် သူ၏ ခြေထောက်ကို ရိုက်ချိုးခဲ့၏။ ထိုအချိန်တုန်းတည်းက နံပါတ် ဆယ့်သုံး၏ နှလုံးသားထဲတွင်ရှိခဲ့သည့် ထျန်းဟန်၏ ကြီးမြတ်သော အနှိုင်းမဲ့ဂုဏ်သိက္ခာ တရားသည် ပျောက်ကွယ်သွားခဲ့လေသည်။။
သူသည် ရှမ့်လန်ကို မမုန်းတီးချေ။ သူသည် ရှမ့်လန်၏ မိသားစုကို ဖမ်းဆီးရန်အတွက် အမိန့်ရရှိခဲ့၏။ ရှမ့်လန်သည် အခြားသောသူများကို သတိပေးသည့်အနေနှင့် သူ၏ ခြေထောက်ကို ရိုက်ချိုးခြင်းသည် ဆိုသည်မှာ သဘာဝပင် ဖြစ်၏။ ၎င်း၏ အဓိကရည်ရွယ်ချက်သည် သူ၏ ဂိုဏ်းချုပ် ထျန်းဟန်သာလျှင်ဖြစ်၏။
နံပါတ်ဆယ့်သုံးသည် ရှမ့်လန်တစ်ယောက် ထျန်းဟန်ကို တိုက်ခိုက်ရန် စီစဉ်ထားသည့် စစ်တုရင် ကစားကွက်အောက်ထဲမှ စစ်တုရင်ရုပ်လေးတစ်ရုပ်သာလျှင်။
ယနေ့အချိန်မှာတော့ ရှမ့်လန်သည် နံပါတ် ဆယ့်သုံးဆီသို့ ပိုက်ဆံပေးပို့ခြင်း မပြုရန်ပင် ထျန်းဟန်အား ခြိမ်းခြောက်ခဲ့၏။ သွားရောက်လည်ပတ်ခြင်းလည်း ခွင့်မပြုခဲ့ချေ။ ထို့အပြင် နံပါတ်ဆယ့်သုံးကို ကုသပေးရန် သမားတော်ကိုလည် မလွှတ်ခိုင်းချေ။
သို့ပေမည့် ထျန်းဟန်သည် ရှမ့်လန်၏ စကားကို မလိုက်နာခဲ့ချေ။ ညရောက်သည့်အချိန်မှာတော့ ကိုယ်တိုင်ကိုယ်ကျ နံပါတ်ဆယ့်သုံး၏ အိမ်ဆီသို့ လာခဲ့၏။ ၎င်းသည် စကားလုံးများဖြင့် တောင်းပန်ခြင်းကို မပြုလုပ်ခဲ့သော်လည်း ကိုယ်တိုင်ကိုယ်ကျ ရောက်ရှိလာကာ တောင်းပန်မှုတစ်ခုကို ပြုလုပ်ခဲ့၏။ ထို့အပြင် နံပါတ် ဆယ့်သုံး၏ မိဘများအား ရွှေဒင်္ဂါးတစ်ရာတိတိ ပေးအပ်ခဲ့၏။ ထို့အပြင် အကောင်းဆုံးသော သမားတော် တစ်ယောက်ကို ပင့်ဖိတ်ကာဖြင့် ကုသစေခဲ့၏။ အကောင်းဆုံးသော ဆေးဝါးများကိုလည်း ပြင်ဆင်ပေးခဲ့၏။
သို့သော်လည်း နံပါတ်ဆယ့်သုံးသည် မည်သည့် တုံ့ပြန်မှုကိုမှ မပြုခဲ့ချေ။ သူ၏ နှလုံးသားထဲတွင် ရှိနေသည့် စံပြပုဂ္ဂိုလ်၏ ဂုဏ်ရှိန်ဂုဏ်ဝါသည် ပျက်စီးသွားခဲ့ပြီ ဖြစ်၏။ ထိုအရာများကို တစ်စစီ ပြန်ကောက်ကာဖြင့် အသစ်တဖန် ပြန်လည်ဖန်တီးရန်ဆိုသည်မှာ မဖြစ်နိုင်ချေ။
ထိုနေ့က ထျန်းဟန် ထွက်ခွာသွားသည့် အချိန်မှာတော့ ၎င်း၏ မျက်လုံးထဲတွင် အားနာသည့် အရိပ်အရောင်များနှင့် ပြည့်နှက်လျက် ရှိနေ၏။ ၎င်းက ခြောက်ကပ်သည့် အသံဖြင့် ပြောဆိုခဲ့သည်။ “နံပါတ် ဆယ့်သုံး စိတ်မပူနဲ့။ ငါမင်းအတွက် လက်စားချေပေးမယ်။ ရှန့်လန်ကို အပိုင်းပိုင်းအစစဖြစ်အောင် လုပ်မယ်။ အနာဂတ်မှာ မင်းက ငါ့ရဲ့ အရိုက်အရာကို ဆက်ခံရမယ့် နံပါတ်ဆယ့်သုံးပဲ”
ထိုအချိန်မှာတော့ နံပါတ် ဆယ့်သုံး၏ နှလုံးသားတစ်ခုလုံးသည် အနည်းငယ် နွေးထွေးသွားခဲ့၏။ ၎င်းသည် ၎င်း၏ ဂိုဏ်းချုပ်ကို ခွင့်လွှတ်မပေးချင်သော်လည်း နှလုံးသားထဲတွင်ရှိနေသည့် ဒဏ်ရာကတော့ အနည်းငယ် ပြန်လည်ကာ ကောင်းမွန်သွားခဲ့၏။ သူသည် ဘာတစ်ခုမှ မပြောဆိုချေ။ သို့နှင့် သူ၏ နှလုံးသားသည် ကြည်လင် ရှင်းလင်းသွားခဲ့လေ၏။
သူ၏ ဂိုဏ်းချုပ်သည် သူ၏ ခြေထောက်ကို ချိုးခဲ့သည်ဆိုလျှင်တောင်မှ နံပါတ်ဆယ့်သုံးသည် ဘယ်တော့မှ သစ္စာဖောက်လိမ့်မည် မဟုတ်ချေ။ လက်ရှိအခြေအနေ၌ ရှမ့်လန်တစ်ယောက် နံပါတ်ဆယ့်သုံး၏ ရှေ့သို့ ရောက်ရှိလာခဲ့ပြီး ငွေကြေးဂုဏ်ပကာသနများကို ပေးအပ်ကာ ထျန်းဟန်ကို ပြန်လည်တိုက်ခိုက်ရန် စည်းရုံးသည် ဆိုပါက ကျိန်းသေပေါက် ရှမ့်လန်၏ မျက်နှာကို တံတွေးထွေးပစ်သည်အထိ သူ၏ စိတ်ဓာတ်မှာ ခိုင်မာလျက် ရှိသည်။
“ကောင်လေး မှတ်ထား။ တစ်နေ့မှာ မင်းမျက်နှာကို ငါရိုက်ပြမယ်။ ငါ ... ငါ့ရဲ့ဂိုဏ်းချုပ် ထျန်းဟန်ကို အရမ်း စိတ်ပျက်ခဲ့တယ်။ ဒါပေမဲ့ မင်းလို အရှက်မဲ့တဲ့လူစားမျိုးကို တစ်ခါမှ မမြင်ခဲ့ဖူးဘူး။ မင်းရဲ့ မိစ္ဆာလို လှည့်ကွက်တွေ က ဆက်ပြီး အောင်မြင်မယ်လို့ မထင်နဲ့တော့။”
သို့ဖြင့် သူသည် ရှမ့်လန် သူ့ကို လာရောက်မြူဆွယ်စည်းရုံးမည့်နေ့အား စောင့်မျှော်ခဲ့၏။ သုံးရက်၊ သုံးညတိတိ သူ မအိပ်ခဲ့ချေ။ သို့သော်လည်း လက်ရှိအခြေအနေအထိ ရှမ့်လန်သည် ပေါ်ပင်ပေါ်မလာခဲ့ချေ။ ထိုအရာသည် နံပါတ် ဆယ့်သုံး၏ နှလုံးသားတစ်ခုလုံးကို အမုန်းတရားများနှင့် ပြည့်နှက်လာစေခဲ့၏။
“ခွေးကောင်ရှမ့်လန်... မင်းငါ့ကို အခုထိ လာပြီးမစည်းရုံးသေးဘူးပေါ့။ ငါ့ကို ဘယ်လောက်ထိ စောင့်စေချင်တာလဲ။ ငါမင်းရဲ့ မျက်နှာကို ရိုက်ဖို့အတွက် မစောင့်နိုင်တော့ဘူး”
ထိုအချိန်မှာပဲ အပြင်ဘက်ဆီမှ ခြေသံများ ထွက်ပေါ်လာခဲ့၏။ နံပါတ် ဆယ့်သုံး၏ နှလုံးခုန်သံများက မြန်ဆန်လာခဲ့သည်။ “ရှမ့်လန်... မင်းနောက်ဆုံးတော့ ရောက်လာပြီလား”
ပြီးနောက် သူသည် မျက်လုံးကိုပိတ်ပြီး သူ၏ ခံစားချက်များကို ထုတ်ဖော်ရန် အဆင်သင့် ပြင်ဆင်ထားခဲ့သည်။ ငါကျိန်းသေပေါက် မင်းရဲ့ မျက်နှာကို ရိုက်မယ်။ ရှမ့်လန်... မင်း ငါ့ကို ဂိုဏ်းချုပ်အပေါ် သစ္စာဖောက်စေချင်တာလား။ အိမ်မက်သာ မက်ထားလိုက်။
...........
သို့ပေမည့် နံပါတ် ဆယ့်သုံး မျက်လုံးကို ဖွင့်လိုက်သည့်အချိန်မှာတော့ သူ့အား စူးစိုက်ကာ ကြည့်ရှုနေသော မျက်လုံးခြောက်စုံကို မြင်လိုက်ရ၏။ ၎င်းတို့သည် အမဲရောင်ဝတ်စုံများကို ဝတ်ဆင်ထားသည်။ ထိုသူ ခြောက်ယောက်တို့သည် မျက်နှာများကို ဖုံးကွယ်ထားသည်ဆိုလျှင်တောင်မှ နံပါတ် ဆယ့်သုံးသည် ထိုသူတို့များ ထဲမှ သုံးယောက်ကို သေသေချာချာသိရှိ၏။
တစ်ယောက်သည် မြို့တော်ဝန်အိမ်ရာ၏ ကျွမ်းကျင်သူများထဲမှ လျှိုချန်ယွမ်ပင် ဖြစ်၏။ အခြားသော နှစ်ယောက်သည် သူ၏ ဂိုဏ်းတူအစ်ကိုများ ဖြစ်ကြသော ထျန်းတနှင့် ထျန်းချီပင် ဖြစ်သည်။
လက်ရှိ အခြေအနေမှာတော့ နံပါတ် ဆယ့်သုံး၏ နှလုံးသားတစ်ခုလုံးသည် ပြိုလဲသွားခဲ့ပြီ ဖြစ်၏။ သူ၏ နှလုံးသား တစ်ခုလုံးသည် အေးခဲသွားလုမတတ်ပင်။ ရပ်တန့်သွားသည့် နှလုံးသားထက် ပိုမိုကာ ဝမ်းနည်းစရာဟူ၍ ဘာမှ ရှိတော့မည် မဟုတ်ချေ။
“အစ်ကိုကြီး၊ နံပါတ်ခုနှစ်... ဂိုဏ်းချုပ်က ကျုပ်ကိုသတ်ဖို့အတွက် စေခိုင်းခဲ့တာလား” နံပါတ်ဆယ့်သုံးသည် ခြောက်ကပ်ကပ်ဖြင့် မေးမြန်းလိုက်၏။ ထိုအသံသည် စက္ကူစနှစ်ရွက်ကို အချင်းချင်းပွတ်တိုက်၍ ထွက်ပေါ် လာသည့် အသံကဲ့သို့ပင် တကယ်ပင် ကြားရခက်ခဲလွန်းလှ၏။
ထျန်းဟန်၏ ဂိုဏ်းသားနှစ်ယောက်ဖြစ်သော ထျန်းတနှင့် ထျန်းချီတို့မှာတော့ မည်သည့်စကားကိုမှ မဆိုချေ။ နံပါတ်ဆယ့်သုံး၏ မျက်လုံးထဲမှ မျက်ရည်များသည် အသာပင်ကျဆင်းလာခဲ့၏။ သူ၏ နှုတ်ခမ်းထောင့်ဆီမှ သွေးများလည်း စီးဆင်းလာခဲ့၏။ သူ ဘာတစ်ခုကိုမှ မပြောချေ။ သူ၏ အင်္ကျီလက်ထောင့်ကို အသာပင် ဆွဲဖြဲလိုက်၏။ ဒီနေ့မှစ၍ သူသည် ဂိုဏ်းချုပ်၏ ဂိုဏ်းသားတစ်ယောက် မဟုတ်တော့ချေ။ လက်ရှိ သူ၏ ညာဘက်လက်တွင် ပတ်ထားသည့် ဤလက်ပတ်သည် အဓိပ္ပာယ်မဲ့သွားခဲ့လေပြီ။
“ထျန်းတ၊ ထျန်းချီ လုပ်စမ်း”
နံပါတ် ဆယ့်သုံးက ပြောလိုက်၏။ “ဒါပေမဲ့ ကျုပ်ရဲ့မိဘတွေကို လွှတ်ပေးလိုက်။ သူတို့ ဘာမှ မသိဘူး”
ပြီးနောက် နံပါတ် ဆယ့်သုံး သည် မျက်လုံးကို မှိတ်ကာဖြင့် သေခြင်းတရားကို စောင့်မျှော်နေခဲ့၏။
“အားနာပါတယ်။ ကျူပင်ကိုခုတ်ရင် ကျူငုတ်လည်း မချန်ရဘူးလေ” ထျန်းတက ပြောလိုက်သည်။
နံပါတ် ဆယ့်သုံးသည် ရုတ်တရက် ဒေါသထွက်သွားခဲ့၏။ သူက အော်ဟစ်လိုက်၏။ “မိသားစုအဖွဲ့ဝင်တွေက ဒီကိစ္စတွေထဲမှာ ဘာမှမပါဘူးလေ”
သူသည် ရုတ်တရက်ထကာ အော်ဟစ်လိုက်သောကြောင့် ပါးစပ်ထဲမှ သွေးများပင် အန်ထွက်လာခဲ့သည်။
ခဏအတွင်းမှာပဲ နံပါတ်ဆယ့်သုံး၏ မိဘများသည် အပြင်ဘက်ဆီသို့ ဆွဲခေါ်ခြင်းကို ခံလိုက်ရ၏။ ၎င်းတို့သည် နံပါတ်ဆယ့်သုံး၏ ရှေ့တွင် ဒူးထောက်ကာ ထိုင်နေရ၏။ ဓားနှစ်လက်သည် လူကြီးနှစ်ယောက်၏ လည်ပင်းပေါ်သို့ ရောက်ရှိနေ၏။ ထိုနှစ်ယောက်တို့သည် တုန်ယင်စွာဖြင့် ငိုယိုလျက် ရှိနေ၏။
နံပါတ်ဆယ့်သုံး၏ မျက်လုံးများသည် သွေးမျက်ရည်များပင် စီးဆင်းလာသကဲ့သို့ပင်။
“ဘာကြောင့်လဲ။ ဘာကြောင့်လဲ”
ထျန်းတက ပြောလိုက်သည်။ “ခင်ဗျားက သိတာအရမ်းများနေပြီ။ ဆက်ပြီးအသက်ရှင်မယ်ဆိုရင် ဂိုဏ်းချုပ်ရဲ့ လုံခြုံမှုကို ခြိမ်းခြောက်သလို ဖြစ်လိမ့်မယ်”
နံပါတ် ဆယ့်သုံးက ပြောလိုက်၏။ “ကျုပ် သူ့ကို သစ္စာဖောက်ဖို့အတွက် ဘယ်တော့မှ မစဉ်းစားခဲ့ဘူး။ သူ့ကို သစ္စာဖောက်မယ့်အစား သေပဲသေလိုက်မှာပေါ့။ ရွှမ်ဝူအိမ်တော်က လူတွေကလာပြီး ကျုပ်ကို စည်းရုံးမယ် ဆိုရင်တောင် ကျုပ်သူတို့မျက်နှာကို ပိတ်ရိုက်ဖို့ စဉ်းစားထားခဲ့တယ်”
“ဘယ်သူသိမှာလဲ”
ထျန်းတက ပြောလိုက်သည်။ “ကိုယ့်စကား ကိုယ်ပဲ ယုံမှာပေါ့”
ထိုအချိန်မှာတော့ နံပါတ်ဆယ့်သုံး၏ စိတ်ထဲ၌ လောကကြီးတစ်ခုလုံးသည် ပြိုလဲသွားခဲ့ပြီ ဖြစ်၏။ သစ္စာရှိသည့်လူသည် သူတစ်ယောက်တည်းပင် ဖြစ်နေခဲ့သည်လား။ သူသည် သစ္စာမဲ့ တောမြေခွေးများ၏ ကြားသို့ ရောက်ရှိခဲ့သည့် သစ္စာတရား လက်ကိုင်ထားသူ တစ်ယောက်လေလား။
“လုပ်ကြရအောင်။ နံပါတ်ဆယ့်သုံးရဲ့ မိသားစုကိုလည်း တစ်ခါတည်း ပို့လိုက်ရအောင်”
ကျန်းကျင်း၏ ထိပ်ချုပ်မှုအောက်တွင် ရှိနေသည့် ကျွမ်းကျင်သူတစ်ယောက်က ပြောလိုက်၏။ “မိသားစုတွေ အတူတူပြန်ပြီး စုံစည်းလို့ရတာပေါ့”
လူလေးယောက် ဓားလေးလက်သည် နံပါတ်ဆယ့်သုံး၏ မိဘများကို ခုတ်ပိုင်းလိုက်သည်။
သို့ပေမည့် ထိုဓားချက်များသည် နံပါတ်ဆယ့်သုံး၏ မိဘ၏ လည်ပင်းပေါ်သို့ ကျဆင်းခါနီးအချိန်မှာပဲ ...
“အား”
နံပါတ် ဆယ့်သုံးသည် မထင်မှတ်ထားလောက်အောင်ပဲ ရုတ်တရက်အော်ဟစ်လိုက်၏။ သူ၏ ခန္ဓာကိုယ် တစ်ခုလုံး သည် အမြှောက်ဆန်တစ်ခုကဲ့သို့ပင် သူ၏မိဘများကို သတ်ဖြတ်ရန်ပြင်ဆင်နေသည့် လုပ်ကြံသူ နှစ်ယောက်ဆီသို့ ရောက်ရှိသွားခဲ့၏။ လုပ်ကြံသူနှစ်ယောက်တို့သည် ချက်ချင်းပင် မြေပေါ်သို့ ပြုတ်ကျသွား၏။
ရှလွပ် ရှလွပ်
နံပါတ်ဆယ့်သုံး၏ အင်္ကျီလက်ထဲတွင် ရှိနေသည့် ဓားကျိုးသည် လျှပ်စီးတန်းကဲ့သို့ပင် မြန်ဆန်စွာဖြင့် တိုက်ခိုက်၏။ ချက်ချင်းပင် ထိုလုပ်ကြံသတ်ဖြတ်သူ နှစ်ယောက်၏ လည်ပင်းများသည် ပိုင်းဖြတ်သွားခဲ့ပြီး သွေးများ ပန်းထွက်လာခဲ့၏။ ၎င်းတို့၏ ခန္ဓာကိုယ်သည် တဆတ်ဆတ်နှင့် တုန်ယင်နေလေသည်။
နံပါတ်ဆယ့်သုံးသည် ခြေထောက်များ ကျိုးကြေနေသောကြောင့် ဤကဲ့သို့ ကြမ်းတမ်းသည့် တိုက်ခိုက်ချက်မျိုးကို ထုတ်ဖော်နိုင်လိမ့်မည် မည်သူမှ မထင်မှတ်ခဲ့ချေ။
သို့သော်ငြား နောက်တစ်စက္ကန့် အတွင်းမှာပဲ ....
ချွင် ... ။
ထျန်းတ၏ ဓားချက်သည် နံပါတ်ဆယ့်သုံးအား မြေပေါ်သို့ကျဆင်းသွားစေခဲ့၏။
“နံပါတ်ဆယ့်သုံး နားမလည်သေးဘူးလား” ထျန်းတက မေးမြန်းလိုက်သည်။
နံပါတ်ဆယ့်သုံးက ပြောလိုက်၏။ “ကျုပ် .. ကျုပ်ရဲ့မိဘတွေကို မကယ်တင်နိုင်ဘူးဆိုတာ သိတယ်။ ဒါပေမဲ့ သားတစ်ယောက်အနေနဲ့ ကျုပ်ရဲ့အသက်ကို ပေးဆပ်ပြီး ကြိုးစားကြည့်ရမှာပဲလေ။ ဒါမှ သေမယ်ဆိုရင်တောင် နောင်တတရား မရှိမှာပေါ့”
ထိုအချိန်မှာတော့ ရှမ့်လန်သည် ၎င်း၏ မိဘများအား အဘယ်ကြောင့် ကယ်တင်ချင်ခဲ့ကြောင်းကို နံပါတ် ဆယ့်သုံး ကောင်းကောင်းနားလည်သွားခဲ့သည်။
“မင်း”
ထျန်းတက သက်ပြင်းချလိုက်၏။ ပြီးနောက် အင်္ကျီလက်ကြားထဲတွင် ရှိနေသည့် ဓားမြှောင်တစ်ခုကို ထုတ်ယူကာဖြင့် နံပါတ် ဆယ့်သုံး၏ လည်မျိုကို လှီးဖြတ်လိုက်၏။
“မလုပ်နဲ့။ ငါ့သားကို မသတ်ကြနဲ့” နံပါတ်ဆယ့်သုံး၏ မိဘများက အော်ဟစ်လိုက်သည်။
ထျန်းချီသည် ချက်ချင်းပင် ရှေ့သို့လှမ်းတက်လာခဲ့ပြီး လွယ်လွယ်ကူကူပဲ နံပါတ်ဆယ့်သုံး၏ မိဘနှစ်ပါး၏ လည်ပင်းများ ကို လှီးဖြတ်လိုက်၏။
သို့ပေမည့် နောက်တစ်စက္ကန့်အတွင်းမှာပဲ မွှေးပျံ့သည့် လေပြေလေညှင်းများ တိုက်ခတ်လာခဲ့ပြီး အခန်း တစ်ခုလုံးက ရုတ်တရက် လင်းလက်သွား၏။ ဓားအလင်းတန်းများ ဖြတ်ပြေးသွားပြီးနောက် လှပလွန်းသည့် ပုံရိပ်တစ်ခုသည် ရုတ်တရက် ပေါ်ပေါက်လာခဲ့သည်။
ချလွင် .. ချလွင် ... ။
ဓားခုတ်ချက်များသည် လျှပ်စီးကဲ့သို့ပင် မြန်ဆန်လွန်းလှချေ၏။ လုပ်ကြံသတ်ဖြတ်သူ လေးယောက်တို့၏ ဓားများသည် ပိုင်းပြတ်သွားခဲ့၏။ ထို့အတူ ထိုလုပ်ကြံသတ်ဖြတ်သူများ၏ လက်ကောက်ဝတ်များသည်လည်း ပိုင်းဖြတ်ခြင်းကို ခံလိုက်ရ၏။
ထျန်းတသည် သူ၏ လက်ကောက်ဝတ်တစ်ခုလုံး အေးစက်သွားသလို ခံစားလိုက်ရ၏။ သူ၏ ညာဘက်လက် တစ်ခုလုံးသည် အောက်သို့ ပြုတ်ကျသွားခဲ့၏။ ဓားချက်သည် ညီညီညာညာ ဖြစ်တည်နေခဲ့၏။ ထျန်းတ သည်သာမက လုပ်ကြံသတ်ဖြတ်သူ လေးယောက်တို့၏ ညာဘက်လက်အားလုံးသည်လည်း ပိုင်းဖြတ်ခံလိုက်ရသည်။
သို့နောက် ၎င်းတို့သည် ရုတ်တရက်ရောက်ရှိလာသည့် လူကို မြင်လိုက်ရ၏။ ရွှမ်ဝူမြို့၏ မင်းသမီး ပထမဦးဆုံးသော အလှပဂေး ကျင်းမူလန်ပင် ဖြစ်၏။ တကယ်ကို ကြောက်မက်ဖွယ်ရာ ကောင်းလှချေ၏။ ကျင်းမူလန်၏ သိုင်းပညာသည် မြင့်မားလွန်းကြောင်း ထျန်းတက ကောင်းကောင်းသိရှိ၏။ သို့သော်လည်း ဤမျှထိ မြင့်မားနေလိမ့်မည်ဟု မထင်မှတ်ခဲ့ချေ။ သူမ အသက် ဘယ်လောက် ရှိပြီလဲ။ လေးယောက်တစ်ယောက် တိုက်ခိုက်သည့်နေရာတွင် ချက်ချင်း ခုတ်ပိုင်းမှုကိုပင် မြန်ဆန်စွာ ပြုလုပ်နိုင်၏။ ထိုကဲ့သို့သော သိုင်းစွမ်းရည်သည် သူ၏ဂိုဏ်းချုပ် ထျန်းဟန်သာလျှင် ပိုင်ဆိုင်သည့် အရာမျိုးဖြစ်၏။
...........
ရှမ့်လန် အခန်းထဲသို့ လျှောက်ဝင်လာသည့်အချိန်မှာတော့ တိုက်ပွဲက ပြီးဆုံးသွားခဲ့ပြီ ဖြစ်၏။ သူသည် လက်များပြတ်လျက် ရှိနေသည့် လူလေးယောက်ကို တွေဝေငေးငိုင်စွာဖြင့် ကြည့်ရှုမိ၏။ ပြီးနောက် သူ၏ မိန်းမကို ပြန်လည်ကာ ကြည့်ရှုလိုက်သည်။
မြန်.. မြန်ဆန်လွန်းလှချေ၏။ သူပင် ရောက်မလာသေးချေ။ အထဲရှိ တိုက်ပွဲက ပြီးဆုံးသွားခဲ့ပြီ ဖြစ်၏။ တိုက်ကွက် ဆိုသည်ကို ဘာမှန်းပင် သူသေသေချာချာ မမြင်လိုက်ရချေ။
“မိန်းမ ငါဘာမှ မမြင်လိုက်ရဘူး။ တစ်ချက်လောက် ထပ်ချပြပါအုံး” ရှမ့်လန်က ပြောဆိုလိုက်၏။
အသက်ရှင်ကျန်ရှိခဲ့သော လုပ်ကြံသူလေးယောက်တို့သည် ၎င်းတို့၏ ဘယ်ဘက်လက်များကို အသီးသီး ဖွက်လိုက်ကြသည်။
ရှမ့်လန်က မေးမြန်းလိုက်၏။ “မိန်းမ.. မင်း ဒီလူတွေကို လွယ်လွယ်ကူကူ နိုင်ရဲ့သားနဲ့ ဘယ်လိုဖြစ်ပြီး အိမ်တော်က ကျွမ်းကျင်သူ သုံးယောက်ကို ခေါ်လာရတာလဲ”
မူလန်သည် သူမ၏ ယောက်ျားကို လှမ်းကြည့်လိုက်၏။
ကျင်းကျုံး၊ ကျင်းဟွေ့နှင့် ကျင်းရှန်တို့သည် တြိဂံပုံစံမျိုးနှင့် ၎င်း၏ ပတ်ပတ်လည်တွင် မတ်မတ်ရပ်လျက် ရှိနေကြောင်း ရှမ့်လန်က မြင်ရ၏။ သူနားလည်သွားခဲ့၏။ ဤသုံးယောက်သည် တိုက်ခိုက်ရန် လိုက်ပါလာခဲ့ခြင်း မဟုတ်ချေ။ ချောမောလွန်းသည့် သူ့အား ကာကွယ်ရန်ပင်။
“မိန်းမ တကယ်လို့ ငါတို့ရန်ဖြစ်ရင် မင်းငါ့ကို ရိုက်မှာလား” ရှမ့်လန်က မေးမြန်းလိုက်၏။
မူလန်သည် မည်သည့်စကားမှ မဆိုချေ။
ရှမ့်လန်က ထပ်ပြောလိုက်သည်။ “မိန်းမ.. တစ်နေ့ မင်းကို ဒေါသထွက်အောင် ငါခဲ့မိမယ်ဆိုရင် ရုပ်ရှည်ချောမောတဲ့ ငါ့ကို ကြိုခွင့်လွှတ်ပေးထားလို့ရမလား”
ကျင်းကျုံးနှင့် ကျင်းဟွေ့တို့သည် မည်သို့မှ မနေနိုင်တော့ဘဲ မျက်နှာကို တစ်ဖက်သို့ လွှဲလိုက်ရ၏။ ဤသမက်တော်သည် တကယ်ပင် ပြောရဆိုရ ခက်ခဲလှချေ၏။
မူလန်သည်လည်း မည်သို့မှ သည်းမခံနိုင်တော့ချေ။ မျက်လုံးများ ချာချာလည်ကာဖြင့် ရှမ့်လန်ကို ကြည့်ရှုလိုက်၏။ ဤချာချာလည်လျက်ရှိနေသည့် မျက်လုံးကြားထဲတွင် ရှိနေသည့် သတ်ဖြတ်လိုခြင်း ဆန္ဒများသည် အရှိန်တငြီးငြီး ထွက်ပေါ်နေသည်။
..........
ရှမ့်လန်သည် ဘာသိဘာသာဖြင့် ထျန်းတ၏ ရှေ့ဆီသို့ လှမ်းလျှောက်သွားခဲ့၏။ ရှမ့်လန်က မေးမြန်းလိုက်၏။ “မိန်းမ .. ငါ့ရဲ့ ရုပ်ရည်အရ ဒီအကွာအဝေးကနေ သူတို့နဲ့ စကားပြောဖို့ လုံခြုံတယ်မဟုတ်လား”
မူလန်သည် မျက်နှာကိုတစ်ဖက်သို့လှည့်ကာဖြင့် အံကြိတ်ကာ ပြောလိုက်သည်။ “လုံခြုံတယ် လုံခြုံတယ်”
ရှမ့်လန်သည် ထျန်းတကို လှမ်းကြည့်ကာဖြင့် ထူးမခြားနားသလို ပြောလိုက်၏။ “ပြန်သွား .... ပြီးတော့ ထျန်းဟန်ကို ပြောလိုက်။ သူ့ရဲ့ လည်ပင်းကို ကောင်းကောင်းဆေးထားလို့။ ပြီးတော့ မြို့တော်ဝန် လျှိုဝူယမ်နဲ့ ကျန်းကျင်းတို့ကိုလည်း ပြောလိုက်အုံး။ သူတို့ ထျန်းဟန်ကိုသတ်တဲ့အချိန်မှာ မြေမြှုပ်သင်္ဂြိုလ်ပွဲကို ဖိတ်ဖို့ သတိရအုံးလို့။ ကျုပ်ရဲ့ ဘဝမှာ ခေါင်းပြတ်ပြီးသေတဲ့ အလောင်းကောင်ကို တစ်ခါမှ မမြင်ခဲ့ဖူးဘူး”