အခန်း (၄၉)
Vol. 5 Ch. 49
လင်းချောင်က ကျိသော်၏ မျက်နှာအမူအရာကို စူးစိုက်ကြည့်နေခဲ့သော်လည်း သူက ဒီဈေးနှုန်းကို များသည်လို့ ထင်နေလား၊ ဒါမှမဟုတ် လက်ခံနိုင်နေပြီလား၊ ဒါမှမဟုတ် တိတ်တိတ်လေး စိတ်သက်သာရာရနေသလားဆိုသည်ကိုတော့ ခန့်မှန်းရခက်ခဲလွန်း၏။ သူ့လိုမျိုး တည်ငြိမ်ပြီး မျက်နှာအမူအရာကို ကောင်းကောင်း ထိန်းချုပ်နိုင်သူမျိုးနှင့် စေ့စပ်ဆွေးနွေးရသည်က အခက်ခဲဆုံးပဲဟု လင်းချောင် တွေးမိ၏။ အသာစီးရဖို့ ခက်ပေမဲ့ လင်းချောင်က မိတ်ဖက်ကောင်းတစ်ယောက်ကို ရှာနေခြင်းဖြစ်ပြီး အမြတ်ထုတ်ချင်စိတ် လုံးဝမရှိ။ နှစ်ဦးနှစ်ဖက် အကျိုးရှိမည်ဆိုလျှင် သူမ အသာစီးယူရန် မလိုဘူးဟု ယုံကြည်ထား၏။
"နောက်တစ်ခုက ဖော်မြူလာထဲမှာ ပါတဲ့ ပစ္စည်းတစ်မျိုးကို ကျွန်မ ပေးလို့မရဘူး... အဲဒီသူငယ်ချင်းက ကျွန်မဆီ လာယူရမယ်။ ကျွန်မ ရှင့်သူငယ်ချင်းကို မယုံတာမဟုတ်ဘူး၊ ဒါပေမဲ့ သူရှာလာနိုင်တဲ့လူတွေကို ကျွန်မ မယုံလို့ပါ။"
ဒါက အမှန်တရားပင်။ ထိုလူက သူမ ကို ပွင့်ပွင့်လင်းလင်းမပြောပြသည့်အတွက် သူက ဆပ်ပြာရည်နှင့် စမ်းသပ်ချင်သည်သာဖြစ်ပြီး သူ့အလုပ်ကနေ ထွက်ပြီး စီးပွားရေးလောကထဲကို တကယ်ဝင်ရန် မစီစဉ်ထားသည်မှာ ရှင်းနေ၏။
ဒါကြောင့် ထုတ်ကုန်ကို တကယ်လုပ်မည့်သူက သူ မဟုတ်သည်မှာ သေချာသလိုပင်။ တခြားလူကို လွှဲပေးလိုက်လျှင် ပေါက်ကြားမှု အန္တရာယ်ရှိနိုင်သည့်အတွက် နောက်မှ နောင်တရရမည်ထက် အခုအချိန်တွင်ပဲ တစ်ခုခုကို ချန်ထားလိုက်သည်က ပိုကောင်းမည်ဟု လင်းချောင် ယူဆသည်။
ကျိသော်က သူ့သူငယ်ချင်းလို့သာ ပြောခဲ့သောကြောင့် လင်းချောင်ဘက်မှလည်း တစ်ခုခုချန်ထားသည်ကို အံ့သြမနေခဲ့တော့ပေ။ တကယ်တော့ သူက သူသိထားသည့် လင်းချောင်၏ စမတ်ကျပြီး သတိကြီးသည့် လုပ်ရပ်ဟုပင် ထင်ခဲ့သေး၏။
အမှန်ပြောရလျှင် သူက ကျိဇယ်ကို အပြည့်အဝ မယုံသေးပေ။ သူက အလွန်ငယ်သေးသည့်အတွက် မတည်ငြိမ်သေးပေ။ နောက်မှ နောင်တရသည်ထက် လင်းချောင်ဘက်မှ တစ်ခုခုချန်ထားသည်က ပိုကောင်းသည်ဟု ကျိသော်လည်း တွေးမိ၏။
ငယ်ရွယ်မှုအကြောင်း တွေးရင်း ကျိသော် ခဏရပ်လိုက်ပြန်၏။ လင်းချောင်က ကျိဇယ်ထက် သုံးနှစ်ငယ်ပြီး ကျေးလက်ဒေသတွင် ကြီးပြင်းလာခဲ့ပေမဲ့ သူမက ပိုပြီး ယုံကြည်စိတ်ချရပုံပေါ်သလို အရည်အချင်းလည်း ပိုရှိပုံသည်။ သူမနှင့် ယှဉ်လိုက်လျှင် ကျိဇယ်က ပိုပြီး အကာအကွယ်ပေးခံရသလို၊ အချစ်ခံရလွန်းနေသဖြင့် နည်းနည်းလည်း ကလေးဆန်နေတတ်သေး၏။
ဒီလိုကလေးမျိုးများကို အနာဂတ်တွင် ပိုကြီးသည့် ပြဿနာများ မဖြစ်အောင် စိတ်ဓာတ်မာကြောအောင် လွှတ်ထားသင့်သည်ဟု ကျိသော် တွေးမိ၏။ သူက ကိုယ်တိုင် ရောင်းချင်သည်ဆိုတော့ အောက်ခြေအဆင့်၏ ရုန်းကန်ရမှုများကို သူကိုယ်တိုင် ကြုံတွေ့ခံစားမိသွားပါစေ။ အရာရာတိုင်းကို အလွယ်တကူပြီးသွားမည်ဟု မထင်စေချင်ပေ။
ဒါကြောင့် နှစ်ဦးနှစ်ဖက်လုံးက သူ့အတွေးနှင့်သူရှိပြီး မကြာခင်မှာပဲ သဘောတူညီမှု ရရှိခဲ့ကြ၏။
ကျိသော်က လင်းချောင်၏ အကြံဉာဏ်များကို သူ့သူငယ်ချင်းထံ ပြောပြမည်ဟု ဆိုခဲ့သည်။ ဟိုဘက်က အတည်ပြုပြီးသည်နှင့် သူတို့က လင်းချောင်နှင့် ထပ်မံစကားပြောကြလိမ့်မည်။
လင်းချောင်က သူမအလျင်မလိုဘူးလို့ ပြောခဲ့ပြီး သူ့သူငယ်ချင်းကိုလည်း စဉ်းစားဖို့ အချိန်ပေးသင့်သည်ဟု ဆိုခဲ့၏။
ထို့နောက် ဆွေးနွေးမှု ပြီးသည်နှင့် လင်းချောင် အားအင်များ ချက်ချင်းကုန်ခန်းသွားသလို အားလျော့သွားကာ မျက်လုံးများ လေးလံလာပြီး ချက်ချင်း အပေါ်ထပ်ကို ပြန်တက်ကာ အိပ်လိုက်တော့သည်။
ကျိသော်က ကုတင်ဘေးတွင် ခဏရပ်နေပြီးမှ အဝတ်လဲကာ အိပ်ရာထဲဝင်လိုက်ပြီး ဘေးမှ အသည်းမာသူလေးကို သူ့ဘေးနားကို ဆွဲယူပြီး အနားယူစေလိုက်သည်။
......
နောက်တစ်နေ့ ကျောင်းတွင် လင်းချောင်က အတန်းငါးမှ ဆရာပိုင်နှင့် စင်္ကြန်မှာ တွေ့ခဲ့၏။ အတန်းထဲတွင် ဖြစ်ပျက်ခဲ့သည့်အရာများပြီးနောက် ဆရာပိုင် စိတ်ဖိစီးနေသည်မှာ သိသာ၏။ လင်းချောင်ကို တွေ့တော့ သူ အနည်းငယ် စိတ်မသက်မသာ ဖြစ်သွားသည်။ သူက လီရှောင်ချို့အပေါ် သံသယဝင်နေသည်က်ို အပြည့်အဝ မပယ်ဖျက်နိုင်သေးသောကြောင့်ပင်။
ဒီလူက အနည်းငယ် ဂရုတစိုက်ရှိသော်လည်း ကျောင်းသားကိစ္စများကိုတော့ တရားမျှတစွာ ဆောင်ရွက်တတ်သည်။ လင်းချောင်က ပြုံးပြီး မျက်ခုံးပင့်ကာ ပြောလိုက်၏။
“ဈေးမဆစ်ဘဲနဲ့ ဘယ်လိုလုပ် ပိုက်ဆံရတယ်ဆိုတာ သိမှာလဲ။”
ဒါက အရင်က ဆပ်ပြာရည် ကိစ္စကို ရှင်းရှင်းလင်းလင်း ရည်ညွှန်းနေခြင်းပင်။ ဆရာပိုင်က ခါးထောက်ပြီး ပြောလိုက်၏။
“ကျွန်တော် ဝယ်မယ်လို့ ဘယ်တုန်းကမှ မပြောခဲ့ပါဘူး”
ဒီလိုပြောပြီးမှ သူက ဒီလို ရင်ဆိုင်ရတော့ စိတ်မသက်မသာ ဖြစ်သည်မှာ လျော့နည်းသွားကြောင်း သိသွားပြီး လင်းချောင်ကို ခေါင်းညိတ်ပြလိုက်၏။
“မင်း တော်သားပဲ။ အရင်တုန်းက ကျွန်တော်တို့အတန်းက ဖန်ကန်က လီရှောင်ချို့ကို မှားယွင်း စွပ်စွဲခဲ့မိတယ်။”
“ဒါဆို သူ့ကို တောင်းပန်ခိုင်းလိုက်ပါ။”
လင်းချောင် အလေးအနက် ပြောလိုက်၏။
“အဲ့ဒီနေ့က သူ တော်တော်ဆိုးဆိုး ပြောခဲ့တာ။ ကျွန်မတို့အတန်းက လီရှောင်ချို့ က ပင်ကိုယ်ကတည်းက စိတ်ဓာတ်နူးညံ့ပြီး လူပေါင်းသင်းရခက်တဲ့သူမျိုးပါ။”
ဖန်ကန်က လီရှောင်ချို့၏ အမေ ထွက်ပြေးသွားသည်ဟု ပြောခဲ့ပြီး ဆရာပိုင်ကလည်း ကြားခဲ့၏။ သူ ခေါင်းညိတ်လိုက်သည်။
“ကောင်းပြီ၊ ကျွန်တော် သူ့ကို နောက်မှ ပြောပြလိုက်မယ်။ သူ့ရန်ဖြစ်တဲ့ကိစ္စတောင် မဖြေရှင်းရသေးဘူး။”
လင်းချောင် ရုံးခန်းထဲ ဝင်ခါနီးတွင် သူက မနေနိုင်ဘဲ မေးလိုက်ပြန်၏။
“ဈေးလျှော့လို့ မရဘူးလား။”
“မဝယ်ဘူးဆို။”
လင်းချောင် ခေါင်းတောင် မလှည့်ဘဲ ပြောလိုက်၏။
ရုံးခန်းကို ခုမှ သန့်ရှင်းရေးလုပ်ထားသည်ဖြစ်ပြီး ကြမ်းပြင်မှာလည်း ရေစွန်းကွက်များ ရှိနေသေး၏။ လင်းချောင် ထိုင်လိုက်သည်နှင့် အဖွဲ့ခေါင်းဆောင်ကောက ခေါင်းငုံ့ပြီး ရုံးခန်းထဲ ဝင်လာခဲ့သည်။ သူ ဝိုင်ပုလင်းတစ်လုံး ကိုင်လာသည်ကို တွေ့တော့ အတန်းသုံးမှ အတန်းပိုင်ဆရာက စနောက်လိုက်၏။
“နေ့လယ်စာစားတုန်း သောက်ဖို့ စီစဉ်နေတာလား။”
“မလုပ်ရဲပါဘူးဗျာ။”
အဖွဲ့ခေါင်းဆောင်ကောက သူ့လက်ကို ဝှေ့ယမ်းပြီး ပုလင်းကို လင်းချောင်၏ စားပွဲပေါ် တင်လိုက်၏။
“ဆပ်ပြာရည် တစ်ပေါင်လောက် ပေးပါ။”
ဒါက စိတ်ဝင်စားစရာပင်။ သူက ပထမဆုံး စမ်းကြည့်ခဲ့သူ ဖြစ်သော်လည်း ဝယ်ယူချင်သည်ဟုတော့ ဘယ်တုန်းကမှ ရည်ရွယ်ချက် မပြခဲ့ပေ။ လင်းချောင် မမေးခင်တွင် အဖွဲ့ခေါင်းဆောင်ကော ဆိုသည့် ပိန်ပိန်ရှည်ရှည်လူက ထိုင်ပြီး ရှင်းပြလိုက်၏။
“မကြာသေးခင်က မိသားစုအဆောက်အအုံက လူတိုင်း ဒီဆပ်ပြာနဲ့ ခေါင်းလျှော်နေကြတယ်။ ကျွန်တော့်ဇနီးက သိသွားပြီး ရောင်းသူက ကျွန်တော့်ရုံးခန်းမှာလို့ ကြားတော့ မိသားစုကို ဂရုမစိုက်ဘူးဆိုပြီး ကျွန်တော့်ကို ဆူတော့တာပဲ။”
သူက နည်းနည်းတော့ နစ်နာနေပုံရသည်။
“ဆပ်ပြာခဲကလည်း သုံးလို့ရတာပဲ မဟုတ်လား။ သူက ဒါကိုပဲ လိုချင်တယ်ဆိုတာ ကျွန်တော် ဘယ်လိုသိမှာလဲ။”
ဒါက အမျိုးသားနှင့် အမျိုးသမီးတို့၏ အတွေးအခေါ် ကွာခြားချက်ပင်။
အမျိုးသမီးများက ယေဘုယျအားဖြင့် ဘဝကို ပိုပြီး ဂရုတစိုက်ရှိတတ်ကြပြီး အာရုံစိုက်တတ်ကြသော်လည်း အမျိုးသားများကတော့ အမျိုးသမီးများ၏ ဂရုစိုက်မှုမရှိလျှင် တော်တော်လေး ကြမ်းတမ်းနိုင်သည်။
ဒုကျောင်းအုပ်ချီလို သန့်ရှင်းသပ်ရပ်သူနှင့် ကျိသော်ကဲ့သို့ အမြဲတမ်း သပ်သပ်ရပ်ရပ် ရှိတတ်သူမျိုးကတော့ ရှားသည်။ ကျိသော်တောင် ဆပ်ပြာရည်ကို သိပ်စိတ်မဝင်စားခဲ့ပေ။
မနက်ပိုင်း အနားယူချိန် လေ့ကျင့်ခန်းလုပ်တုန်းက ကျောင်းက အတန်းငါးမှ ကောင်လေးအတွက် စည်းကမ်းထိန်းသိမ်းရေး အရေးယူမှုကို ကြေညာခဲ့သည်- အဓိက မှတ်တမ်းဆိုးနှင့် ပြစ်ဒဏ်ခေတ္တဆိုင်းငံ့ခြင်း။ ကျောင်းတက်ဖူးသူတိုင်းကတော့ “ပြစ်ဒဏ်ခေတ္တဆိုင်းငံ့ခြင်း” ဆိုသည်မှာ ကျောင်းထုတ်သည် မဟုတ်ဆိုသည်ကို နားလည်ကြ၏။ ဘွဲ့ရသည့်အချိန်ကျလျှင် သူ၏ အခြေအနေက ပြန်လည်ကောင်းမွန်သွားလိမ့်မည်။ ဒါပေမဲ့ အတန်းငါးမှ ကောင်လေးကတော့ ဒါကို သိပုံမရပေ။ သူ စင်ပေါ်တွင် နောင်တရကြောင်း စာကို ဖတ်နေတုန်းက စိတ်ဓာတ်ကျနေခဲ့ပြီး လမ်းလျှောက်ပုံကလည်း ပုံမှန်မဟုတ်ဘဲ အိမ်တွင်လည်း အပြစ်ပေးခံထားရသည်ဟု ထင်မိသည်။ သူ သင်ခန်းစာရမည်ဟု မျှော်လင့်၏။
လူ့အဖွဲ့အစည်းတွင် ဘယ်သူမှ သူ့ကို ပြစ်ဒဏ်ခေတ္တဆိုင်းငံ့ခြင်း ပေးမည် မဟုတ်ပေ။ သူက နောက်ပိုင်း စနောက်ပြီး လုပ်တာပါဟု ပြောလျှင်တောင် အတိုင်းအတာတစ်ခုအထိ ရောက်လျှင်တော့ မှတ်တမ်းကျန်ခဲ့လိမ့်မည်။
ဆရာပိုင်က ဖန်ကန်ကို ဘယ်လိုပြောခဲ့လဲတော့ မသိပေမဲ့ အနားယူချိန် လေ့ကျင့်ခန်းပြီးနောက် ဖန်ကန်က လီရှောင်ချို့ကို တောင်းပန်ခဲ့သည်။ သူ့မျက်နှာက မကျေမနပ်ဖြစ်နသော်လည်း သူ့စကားများကတော့ ရှင်းနေ၏။
“တောင်းပန်ပါတယ်။ အခြေအနေကို နားမလည်ဘဲ မင်းကို မစွပ်စွဲမိခဲ့သင့်ဘူး။”
ကျွင်းဇီက စာသင်ခန်းထဲတွင် ဒီစကားများကိုကြားတော့ ပြောလိုက်၏။
"စိတ်ရင်းမှန်မှန်နဲ့ ပြောတာမဟုတ်ဘူး။"
သို့သော် စာမျက်နှာတစ်ထောင်ပါသည့် ပြန်လည်သုံးသပ်စာကို တင်ပြပြီးကာစမို့ ဘာပြဿနာမှ မဖြစ်အောင် သူနေခဲ့၏။ လီရှောင်ချို့ကတော့ ပိုလို့တောင် အံ့အားသင့်သွားခဲ့သည်။
"ရပါတယ်။"
သူမက သူများကို ခွင့်လွှတ်တတ်နေပြီမို့ ဘယ်တော့မှ တောင်းပန်စကားကို မျှော်လင့်မထားခဲ့ပေ။ လင်းချောင် ဒါကို အဝေးကနေ မြင်လိုက်ရပေမဲ့ အနားကို မကပ်ဘဲ သိပ္ပံရုံးခန်းကို တန်းပြန်သွားခဲ့သည်။
မထင်မှတ်ထားဘဲ၊ တတိယအချိန် စတင်ပြီး လျှောက်လမ်းက တိတ်ဆိတ်သွားချိန်တွင် လီရှောင်ချိုု့၏ ဖခင်ဖြစ်သူ ဆရာလီက ဖရဲသီးကြီးတစ်လုံးကို ကိုင်ပြီး ရုတ်တရက် ရောက်ချလာ၏။ ဒီတစ်ခါတော့ လင်းချောင်နှင့် စာတိုက်တွင် မြင်တွေ့ခါစကထက် ပိုပြီး ရှက်ရွံ့နေ၏။ သို့သော် သူက ဖရဲသီးကို လင်းချောင်၏ စားပွဲဘေးမှ ကြမ်းပြင်ပေါ် တင်လိုက်ရင်း ပြောလိုက်၏။
"ဆရာမလင်း၊ ရှောင်ချို့ ကိစ္စ ကူညီပေးလို့ ကျေးဇူးတင်ပါတယ်။ အနှောင့်အယှက်ပေးမိလို့လည်း တောင်းပန်ပါတယ်။"
"လီရှောင်ချို့က အကျင့်စာရိတ္တကောင်းမွန်တယ်။ ဉာဏ်လဲကောင်းတယ်။ တကယ့် တပည့်ကောင်းတစ်ယောက်ပါ။ ကျွန်မကို ဘာအနှောင့်အယှက်မှ ပေးတယ်လို့ မထင်ပါဘူး။"
လင်းချောင်၏ စကားများက သူ့ကို စကားမပြောနိုင်အောင် လုပ်လိုက်တော့သည်။ ဆရာလီ၏ မျက်နှာက အရောင်အမျိုးမျိုးပြောင်းသွားကာ အလွန် အဆင်မပြေဖြစ်သွား၏။ အတန်းသုံးမှ အတန်းပိုင်ဆရာမက ဒါကို မြင်တော့ အခြေအနေကို ပြေလည်အောင် ကူညီပေးလိုက်၏။
"ဆရာမလင်းက တပည့်တွေအတွက် စိုးရိမ်လို့ နည်းနည်းစကားပြင်းပြင်း ပြောလိုက်တာပါ။"
ပြီးတော့ ဆရာလီကို ပြောလိုက်ပြန်၏။
"ဆရာလဲ မေးမြန်းစစ်ဆေးတာမရှိဘဲ ကလေးကို ရိုက်တယ်။ ရှောင်ချို့က အရမ်းလိမ္မာတာ။ ဘယ်ဆရာမက သူ့ကို မချီးကျူးဘဲ နေမှာလဲ။"
အဆင်ပြေအောင် ပြောပေးလိုက်တော့ ဆရာလီ ဘာမှ ထပ်မပြောတော့ဘဲ ပြန်သွားတော့၏။
အမျိုးသမီးများကတော့ များသောအားဖြင့် စိတ်ထားနူးညံ့တတ်ကြသည်။ အတန်းသုံး၏ အတန်းပိုင်ဆရာမက ခေါင်းခါပြီး လင်းချောင်ကို ကြည့်လိုက်၏။
"ရှင်က ဒီလောက်ထိ စိတ်ဓာတ်ပြင်းတာ မသိခဲ့ရဘူး။"
လင်းချောင်၏ ထင်ရှားသည့်အလှက သူ့ကို ရန်လိုသည့်ပုံပေါက်စေပြီး သူ့ယောက္ခမများ၏ ကောင်းမွန်သည့် နောက်ခံအခြေအနေက အစပိုင်းမှာတော့ အားလုံးကို သူ့နဲ့ ပေါင်းသင်းရခက်မလားဟူ၍ စိုးရိမ်စိတ်ဝင်စေခဲ့သည်။ ဒါပေမဲ့ နောက်ပိုင်းမှာတော့ သူမက တော်တော်လေး ပေါင်းသင်းဆက်ဆံရလွယ်ကူကာ ဟာသနှောပြီး ပြောတတ်သလို အတန်းသုံးနှင့် အတန်းလေး၏ ဓာတုဗေဒ ရမှတ်များကို သိသိသာသာ တိုးတက်လာအောင် လုပ်ပေးခဲ့သည်ကိုလည်း တွေ့ရှိခဲ့ကြ၏။ ဘယ်သူ့ကိုမှ စော်ကားရမည်ကို မကြောက်သလို ဆရာလီနှင့် ရင်ဆိုင်မည်ဟုလည်း သူတို့ မမျှော်လင့်ခဲ့ကြပေ။
လင်းချောင်ကလည်း စိတ်ခံစားချက်များကို ထုတ်ဖော်နေရုံသက်သက် မဟုတ်။
"လီရှောင်ချို့က မတရားခံရတာကို အရမ်းသည်းခံလွန်းတယ်။ ကျွန်မကသာ သူ့အတွက် မပြောပေးရင် သူက သူ့ကိုယ်သူ အဖေတစ်ယောက်အနေနဲ့ ကောင်းကောင်းလုပ်နေတယ်လို့ ထင်နေလိမ့်မယ်။"
သူက အမြဲတမ်း "မင်းကို ငါကျွေးမွေးထားတာ" ဟုပြောလေ့ရှိ၏။ နှစ်ပေါင်းများစွာ လီရှောင်ချို့ကို ပြုစုပျိုးထောင်လာသည်က သူ့အတွက် ကြီးမားသည့် ဝန်ထုပ်ဝန်ပိုးကြီးဖြစ်နေသလိုပင်။
လင်းချောင်နှင့် ကိစ္စကို ဆွေးနွေးပြီးသည့်နောက် ကျိသော်က ကျိဇယ်နှင့် ချက်ချင်း စကားပြောရန် အလျင်မလိုခဲ့ပေ။ ကျိဇယ်က သူ့ကို အရင်ချဉ်းကပ်ခဲ့သည်ဆိုတော့ သူက စိတ်ရင်းမှန်နှင့်သာ ဒီစီးပွားရေးကို လုပ်ချင်လျှင် တခြားအခွင့်အရေးလိုက်ရှာလိမ့်မည်။ စကားအနည်းငယ်ပြောပြီးသည်နှင့် သူက လက်လျှော့သွားပြီး ဇွဲမရှိဘူးဆိုလျှင် လင်းချောင် သူနှင့် ပူးပေါင်းရန် မလိုအပ်ပေ။ ပိုပြီး ယုံကြည်စိတ်ချရသူကို ရှာသည်က ပိုကောင်းလိမ့်မည်။
စနေနေ့မှာတော့ စစ်တပ်စခန်းမှ ပြန်လာပြီးနောက် ကျိသော်က လင်းချောင်ကို လာကြိုပြီး ယန်ဒူကို ပြန်သွားကာ သူတို့ကို ကူညီခဲ့သည့် ကျောင်းနေဖက်ကို ညစာဖိတ်ကျွေးရန် လုပ်ခဲ့၏။ နေရာကတော့ အစိုးရစားသောက်ဆိုင်ဖြစ်ပြီး သိပ်မကြီးသော်လည်း အစိမ်းရောင်နံရံများက အဖြူရောင်မျက်နှာပြင်များကို ဝန်းရံထား၏။ သူတို့ ဝင်သွားသည်နှင့် နွေးထွေးသည့် လေလှိုင်းတစ်ခုက သူတို့ကို ကြိုဆိုလိုက်သည်။ လင်းချောင် အလိုအလျောက် မော့ကြည့်လိုက်တော့ မျက်နှာကျက်မှပန်ကာ မဖွင့်ထားသည်ကို တွေ့လိုက်ရ၏။
စားသောက်ဆိုင်ဝန်ထမ်းများလည်း သိသိသာသာ ပူအိုက်နေကြပြီး ကိုယ့်ကိုယ်ကိုယ် ယပ်ခတ်နေကြကာ မျက်နှာကျက်ပန်ကာမှ ချိတ်ဆွဲထားသည့် ခလုတ်ကို ထပ်ခါတလဲလဲ နှိပ်နေကြသည်။
"ပြင်ဖို့ လူခေါ်ထားပြီးပြီ။ ဒါပေမဲ့ သူတို့က ပြန်မလာသေးဘူး။ အရမ်းပူတယ်ဆိုရင် တခြားနေရာ ပြောင်းထိုင်လို့ရပါတယ်။"
ဒီခေတ်က အစိုးရစားသောက်ဆိုင်များတွင်သာ ဖောက်သည်များကို နေရာပြောင်းထိုင်ရန် ပေါ့ပေါ့ပါးပါး အကြံပြုနိုင်သည်။
လင်းချောင်နှင့် ကျိသော်တို့သာ နှစ်ယောက်တည်း လာခဲ့လျှင် နေရာပြောင်းဖြစ်မည်ဆိုပေမဲ့ သူတို့က လူတစ်ယောက်နှင့် တွေ့ဖို့ ချိန်းထားသည်ဖြစ်ပြီး နေရာပြောင်းလဲကြောင်း အသိပေးရန် ဖုန်းလည်း မရှိခဲ့ပေ။
"မလိုပါဘူး၊ ကျွန်တော်တို့ စောင့်ပါ့မယ်။"
ကျိသော်က ခပ်တိုတိုပြောလိုက်ပြီး အခန်းကို လှည့်ပတ်ကြည့်လိုက်တော့ ပြတင်းပေါက်နားက ပိုပြီး အေးသည့်နေရာကို တွေ့လိုက်ရသည်။
ပူနေလျှင်တောင် အင်္ကျီကြယ်သီး မဖြုတ်သည့် ကျိသော်ကတော့ သည်းခံနိုင်ပေမဲ့ လင်းချောင်ကတော့ မခံနိုင်ပေ။ သူမက ဝန်ထမ်းထံမှ ယပ်တောင်တစ်ခု တောင်းလိုက်၏။
သူမ ယပ်တောင်ကိုစပြီး ဝှေ့ယမ်းလိုက်သည်နှင့် ကျိသော် မျှော်နေသူ ရောက်လာခဲ့သည်။ သူက ကျိသော်နှင့် အသက်အတူတူလောက်ပဲ ရှိပုံရပြီး ရဲယူနီဖောင်းဝတ်ထားကာ ညာဘက်မျက်လုံးအောက်တွင် အမာရွတ်သေးသေးလေးတစ်ခု ရှိ၏။ လင်းချောင် ဒီလူကို အရင်က မမြင်ဖူးပေ။ သူတို့မင်္ဂလာပွဲကို မတက်ခဲ့သောကြောင့် ဖြစ်နိုင်၏။ သူက ထိုင်လိုက်သည်နှင့် စားပွဲထိုးထံမှ ရေနွေးအိုးတစ်အိုးတောင်းလိုက်ကာ ပန်းကန်နှင့်ခွက်များကို ဆေးကြောခဲ့၏။
"အဲဒီတုန်းက ကျွန်တော် အလုပ်ရှိနေလို့ မင်္ဂလာပွဲကို မတက်လိုက်ရဘူး။ နောက်မှ မင်္ဂလာလက်ဖွဲ့ငွေ ပို့လိုက်ပါတယ်။ ညီမလေးကတော့ ကျွန်တော့်ကို မှတ်မိမှာ မဟုတ်လောက်ပါဘူး။"
ဒီစကားကြောင့် လင်းချောင် သတိရသွား၏။
"စူးကျန့်လား။"
"ဟုတ်တယ်၊ ကျွန်တော် ပါပဲ။"
လူငယ်လေးက ကျိသော်ကို မျက်လုံးမှေးပြီး ကြည့်လိုက်၏။
"ငါ မသွားခဲ့တာပဲ ကောင်းပါတယ်။ အခုမှ ငါနဲ့တွေ့တာတောင် ညီမလေးက ငါ့ကိုမှတ်မိသွားပြီ။"
ကျိသော် ဘာမှမပြောဘဲ မျက်မှောင်အနည်းငယ်ကြုတ်ပြီး လင်းချောင်ကို ကြည့်လိုက်၏။
စူးကျန့်က လင်းချောင် လက်ထဲမှ ယပ်တောင်ဝိုင်းကြီးကို သတိထားမိ၏။ သူမ၏ ပါးလွှာသည့်လက်ကောက်ဝတ်လေးက အားနည်းသည့်အတွက် လေက တဖြည်းဖြည်း လာလိုက်၊ ပျောက်လိုက်ဖြစ်နေပြီး လေလာအောင် ယပ်နေသည်ထက် ယားအောင်လုပ်နေသည်နှင့် ပိုတူနေ၏။
ကျိသော် ဒါကို စိတ်ဆိုသွားတာလား။
ကျိသော်က စောစောကျောင်းတက်ခဲ့သည့်အတွက် သူ့သူငယ်ချင်းများထက် တစ်နှစ်၊ နှစ်နှစ်လောက် ငယ်သည်။ သူ့အတန်းဖော်အများစုက အိမ်ထောင်ကျနှင့်ပြီဖြစ်ပြီး သူနှင့် စူးကျန့်ကသာ နောက်ဆုံးကျန်နေခဲ့သည့် တစ်ကိုယ်တည်းသမားများ ဖြစ်သည်။
စူးကျန့်ကတော့ သူ့ကို မိတ်ဆက်ပေးသည့်သူများကို အနည်းဆုံးတော့ သွားတွေ့ခဲ့သေး၏။ ကျိသော် ကတော့ လှည့်တောင်မကြည့်ခဲ့ပေ။ တစ်ခါတုန်းက ဆေးရုံတက်ချိန်တွင် သူနာပြုဆရာမကြီးက သူ့ကို သူနာပြုမလေးတစ်ယောက်နှင့် မိတ်ဆက်ပေးချင်ခဲ့သည်။ သူနာပြုမလေးက သူ့ဒဏ်ရာကို ဆေးစည်းပေးနေတုန်း သူ့ကို စိုက်ကြည့်နေသည့်အတွက် သူက ချက်ချင်းပဲ အလုပ်ပိုလုပ်ပြီး လျင်မြန်သည့်သူတစ်ယောက်ကို ခေါ်ခိုင်းလိုက်၏။ သူနာပြုမလေးက မျက်နှာနီမြန်းပြီး မျက်ရည်များဖြင့် အခန်းထဲမှ ထွက်သွားလိုက်၏။
ဒီလို ခေါင်းမာသူတစ်ယောက်က ရုတ်တရက် အိမ်ထောင်ပြုဖို့ ဆုံးဖြတ်လိုက်ပြီး အိမ်ထောင်ဖက်ကလည်း သူ့မိသားစုက စီစဉ်ပေးသူဖြစ်သည်။ စူးကျန့်၏ "ရတနာ" ဆိုသည့် မှတ်ချက်က စနောက်သည်သာ ဖြစ်ပြီး ကျိသော် ဇနီးသည်ကို ဒုက္ခပေးနေမည်ကို သူ တကယ် စိတ်ပူနေခဲ့၏။
စူးကျန့်က စကားကို ချက်ချင်းပြောင်းပြီး လင်းချောင်ကို မေးလိုက်၏။
"ညီမလေး အဲဒီပြဿနာကို ပြီးခဲ့တဲ့တစ်ခေါက်က ဖြေရှင်းခဲ့ပြီးပြီလား။"
"ဟုတ်ကဲ့၊ ကူညီပေးတဲ့ အတွက်ကြောင့်ပါ။"
စားပွဲပေါ်တွင် အရက်မရှိသည့်အတွက် လင်းချောင် သူမ၏ရေခွက်ကို မြှောက်ပြီး ကျေးဇူးတင်ကြောင်း ပြောလိုက်၏။
"ဘာမှမဟုတ်ပါဘူး။ ကျွန်တော်တို့က အဲ့ဒီလူတွေကို ဖမ်းဖို့ စီစဉ်ထားပြီးသားပါ။"
စူးကျန့်က လက်ဝှေ့ယမ်းလိုက်သော်လည်း သူနောက်ထပ် ဘာမှမပြောရသေးခင် ကျိသော်၏ အေးစက်စက်မျက်နှာကို သတိထားမိသွားပြီး ယပ်တောင်ကို ယူသွားသည်ကို တွေ့လိုက်ရ၏။
လင်းချောင်က ကျိသော် ပူနေသည်ဟု ထင်ခဲ့သော်လည်း နောက်တော့ သူက ယပ်တောင်ကို မျက်နှာမသာမယာနှင့် ခပ်ပြင်းပြင်းယပ်လိုက်ပြီး လေက သူမထံ တိုက်ရိုက်ရောက်လာသည်ကို တွေ့လိုက်ရ၏။