← Chapters

အခန်း (၅၀)

Vol. 5 Ch. 50

အခန်း (၅၀)

Vol. 5 Ch. 50

ကျိဇယ်လည်း ဒီနေ့ အတန်းသားများ ပြန်လည်တွေ့ဆုံပွဲကို တက်ရောက်ခဲ့သည်။ သူတို့၏ အထက်တန်းကျောင်းမှ ပညာသင်ဆရာကြီးက အငြိမ်းစားယူတော့မည်ဖြစ်၍ ကျောင်းသားများက ဆရာ့ကို စုပေါင်း၍ နှုတ်ဆက်ပွဲလုပ်ပေးရန် စီစဉ်ခဲ့ကြသည်။

ကျိဇယ်က စစ်တပ်ထဲတွင် ရှိနေခဲ့သောကြောင့် နောက်ကျမှ ရောက်လာခဲ့၏။ သူရောက်လာသည်နှင့် ဆူညံနေကြပြီဖြစ်သည့် အတန်းဖော်အချို့က သူ့ကို ဖမ်းပြီး ဒဏ်ပေးသည့်အနေနှင့် သုံးခွက် သောက်ခိုင်းခဲ့၏။ သူအစားပင် မစားရသေးပေ။ ဆရာကြီးက တားရန်ကြိုးစားခဲ့သော်လည်း ကျိဇယ်ကတော့ ဖိအားပေးခံနေရသည်။ သူတို့ ခွက်ဖြည့်ပေးတော့ သူအကုန်သောက်ခဲ့လိုက်၏။

ပြန်လည်တွေ့ဆုံပွဲ အပြီးတွင်အချိန်မှာ သူက အတော်ကိုမူးနေခဲ့ပြီဖြစ်သည်။ သူနှစ်ခါ ထရန်ကြိုးစားခဲ့သော်လည်း နှစ်ခါစလုံး ပြန်လဲကျခဲ့၏။ သူကိုယ်တိုင်အိမ်ပြန်လို့မရသည်ကိုတွေ့တော့ စုန့်ကျင်းက သူ့ကို ရေတစ်ခွက်ငှဲ့ပေးရင်း ပြောလိုက်၏။

"တက္ကစီခေါ်ပြီး အဒေါ်ယဲ့ကို ဖုန်းဆက်လိုက်မယ်။"

အတန်းဖော်အချို့က သူတို့နှစ်ယောက်၏ ဆက်ဆံရေးအကြောင်း ကြားဖူးကြသော်လည်း နှစ်ယောက်စလုံးက ထုတ်မပြကြတော့ မနောက်ကြပေ။ အခုတော့ စုန့်ကျင်းက ကျိဇယ်၏ မိသားစုကို စတင်ဆက်သွယ်ပြီး သူမ၏ စကားလုံးများနှင့် လုပ်ရပ်များက ရင်းနှီးမှုနှင့် နီးစပ်မှုကို ပြသနေ၏။ ကျန်သူများကတော့ အချင်းချင်းအဓိပ္ပာယ်ပါပါ ကြည့်၍ သိမ်မွေ့စွာ ပြုံးခဲ့ကြသည်။

တက္ကစီရောက်တော့ ကျိဇယ်ကို ကားထဲထည့်ပေးပြီးမှ အားလုံး ထွက်သွားခဲ့ကြ၏။

စုန့်ကျင်းက ကျိဇယ်နှင့်အတူ အိမ်ပြန်လိုက်သွားခဲ့ပြီး ယဲ့မင်ရှုးက အပြင်တွင်စောင့်နေခဲ့သည်။ သားဖြစ်သူ မူးပြီးလဲနေသည်ကိုမြင်တော့ သူမ စိတ်မကောင်းလည်းဖြစ်မိသလို စိတ်လည်းတိုမိ၏။

"မင်းရှိလို့ တော်သေးတယ်။ မဟုတ်ရင် သူ အိမ်ပြန်လမ်းရှာတွေ့မှာ မဟုတ်ဘူး။ နောက်တစ်ခါဆိုရင်လည်း သူ့ကို စောင့်ကြည့်ပေးပါဦး။"

စုန့်ကျင်းက ပြုံးရုံပဲ ပြုံးလိုက်ပြီး ပြောလိုက်၏။

"သူက ဒီအတန်းဖော်တွေနဲ့ ပြန်ဆုံရခဲတာကို အကျိုးရှိရှိ အသုံးချချင်တာ ပြီးတော့ ဆရာလည်း ရှိနေတာကိုး။"

ယဲ့မင်ရှုးက သူမ၏နားလည်တတ်မှုကို ကျေးဇူးတင်မိပြီး ထပ်ကျေးဇူးတင်ရန် ပြင်နေတုန်းမှာပဲ ကျိဇယ်က သူမကို တွန်းဖယ်ပြီး အန်ချလိုက်တော့သည်။

စုန့်ကျင်းက အမြန်နှုတ်ဆက်လိုက်ပြီး ပြောလိုက်၏။

"ကျွန်မ သွားလိုက်ပါဦးမယ်။ အဒေါ်ယဲ့၊ သူ့ကို ပျားရည် နည်းနည်းတိုက်လိုက်ပါ။"

ယဲ့မင်ရှုးက ခေါင်းညိတ်ပြီး သားဖြစ်သူကို ဂရုစိုက်ရင်း မေးလိုက်၏။

"မင်းတစ်ယောက်တည်း အဆင်ပြေပါ့မလား။"

"ကျွန်မ အမေကို ဖုန်းခေါ်ထားတယ်။ သူမ လာကြိုပါလိမ့်မယ်။"

စိတ်ချလက်ချဖြစ်သွားတော့မှ ယဲ့မင်ရှုး အိမ်ထဲဝင်သွားခဲ့သည်။ စုန့်ကျင်း အိမ်သို့ပြန်လျှောက်လာတော့ သူမအမေက မီးအိမ်နှင့် လမ်းထောင့်တွင် စောင့်နေသည်ကို တွေ့လိုက်ရ၏။

"ဘယ်လိုလဲ။"

သူမအမေက သူမကို မြင်လိုက်သည်နှင့် မေးလိုက်၏။

စုန့်ကျင်းက မျက်မှောင်ကြုတ်လိုက်ပြီး ပြောလိုက်၏။

"သူတကယ်ကို နားမလည်ဘူးထင်တယ်။ ကျွန်မဘက်က လုံလောက်အောင် အရိပ်အမြွက်ပြပြီးပြီ၊ ဒါပေမဲ့ သူကတော့ ခုထိ မမြင်သေးဘူး။"

"သူသာ အရိပ်အမြွက်တွေကို အဲ့လောက်လွယ်လွယ် နားလည်နိုင်ရင်၊ အခုထိ သူတစ်ယောက်တည်း ရှိနေမှာမဟုတ်ဘူး။ တစ်ယောက်ယောက်က သူ့နောက်ကို လိုက်နေလောက်ပြီ။"

သူမအမေက ပေါ့ပေါ့တန်တန်ပြောလိုက်၏။

"သူက တော်တော် နာမည်ကြီးတယ်လို့တော့ ကြားတယ်။"

ကျိမိသားစုထဲမှ ယောက်ျားသားအားလုံးက ရုပ်ချောကြပြီး စည်းကမ်းရှိကြတော့ ဒုတိယနှင့် တတိယမျိုးဆက်များထဲတွင် အကောင်းဆုံးရွေးချယ်မှုများ ဖြစ်ကြသည်။ သူတို့က အောင်လည်းအောင်မြင်ကြသည့်အတွက် အသိုင်းအဝိုင်းမှ မိန်းကလေးများအတွက် အကောင်းဆုံး လက်တွဲဖော်များ ဖြစ်ကြ၏။ ဒါတင်မကသေးဘဲ အပြင်လူအများကြီးကလည်း သူတို့ကို မျက်စိကျနေပြီး နောက်ထပ် ယဲ့မင်ရှုးဖြစ်ချင်နေကြသည်။

မိသားစုနောက်ခံအရ ယဲ့မင်ရှုးက လင်းချောင်ထက် ပိုသာပေမဲ့ ကျိမိသားစုကိုတော့ မယှဉ်နိုင်ခဲ့ပေ။ သူမ ကျိကျွင်းနှင့် လက်ထပ်တုန်းက လူတော်တော်များများက မနာလိုဖြစ်ခဲ့ကြသည်။

အိမ်သို့ပြန်လျှောက်လာရင်း သူမအမေက မျက်မှောင်ကြုတ်လိုက်၏။

"လင်းချောင်က ကြားဝင်လာပြီး မင်း သူတို့စစ်တပ်ဝန်းထဲက ကျောင်းကို တက်လို့မရတော့တာ နှမြောစရာပဲ။ မဟုတ်ရင် အိမ်နဲ့ဝေးတယ်ဆိုပြီး အဆောင်လျှောက်လို့ရသလို ငါလည်း မင်းအဒေါ်ယဲ့နဲ့ စကားပြောပြီး ကျိဇယ်ကို မင်းကို စောင့်ရှောက်ပေးပါလို့ အကူအညီတောင်းခိုင်းလို့ ရတာပေါ့။"

စုန့်ကျင်းက နှုတ်ခမ်းကိုစေ့ပြီး မြေပြင်ကိုသာ ကြည့်ကာ ဘာမှမပြောခဲ့ပေ။

"ရပါတယ်၊ မင်းလာမယ့် စာသင်နှစ်မှာ အလုပ်သင် ဆင်းမယ်မလား။ မင်း သူတို့စစ်တပ်ဝန်းထဲက ကျောင်းကို သွားလို့ရသေးတယ်။"

"ကျွန်မ ဒီလိုမျိုးတကယ် တွန်းအားပေးနေရမှာလား။"

နောက်ဆုံးတော့ စုန့်ကျင်း စိတ်ထဲမှစကားများကို ပြောလိုက်၏။

"ကျွန်မအမှတ်တွေနဲ့ဆိုရင် ပိုကောင်းတဲ့ အထက်တန်းကျောင်းကို သွားလို့ရတယ်။"

အမေစုန့်က သူမ၏ မျက်နှာထား မကောင်းသည်ကို သတိထားမိလိုက်၏။

"ဘယ်ကပိုကောင်းတဲ့ အထက်တန်းကျောင်းလဲ။ မင်းရဲ့ကျောင်းနဲ့ ဆက်စပ်နေတဲ့ အထက်တန်းကျောင်းလား။"

စုန့်ကျင်းက မတုံ့ပြန်ခဲ့ပေ။ ဒါက အတည်ပြုလိုက်သလိုပင်။

အမေစုန့်က မျက်ခုံးပင့်လိုက်သည်။

"ကောင်းတဲ့ကျောင်းဆိုတော့ရော ဘာထူးလဲ။ ရွှီလီရဲ့ကျောင်းက မကောင်းဘူးလား။ သူကလည်း ဆရာမကောင်းတစ်ယောက်ပဲ ဒါပေမဲ့ ဝေဖန်ခံရပြီးတဲ့နောက် ကျိချွန်းမင်နဲ့အတူ ရာထူးချခံခဲ့ရတာပဲလေ။"

"အဲဒါ အရင်ကပါ၊ ဒါက အခုခေတ်။ ခေတ်တွေက ပြောင်းသွားပြီ။"

"အခြေအနေ ပြန်မပြောင်းသွားဘူးလို့ အာမခံနိုင်လား။ မင်းအဖေသာ အဲဒီတုန်းက မမြန်ခဲ့ဘူးဆိုရင်..."

အမေစုန့်က ခဏရပ်သွားပြီးမှ ဆက်ပြောလိုက်၏။

"ငါတို့မိသားစုလည်း လွတ်မြောက်ခဲ့မှာမဟုတ်ဘူး။ မင်းဘယ်လောက်ပဲ စာတော်တော် နောက်ဆုံးမှာတော့ လက်ထပ်ရမှာပဲ။ ကျိမိသားစုက ကျိဇယ်နဲ့မဟုတ်ရင် ယွီမိသားစုက ယွီကျင်းနဲ့ပေါ့။ ကျိဇယ်က ယွီကျင်းထက် ပိုသာတယ်မဟုတ်လား။ ရုပ်လည်းချောတယ်၊ အရည်အချင်းရှိတဲ့ ဦးလေးလည်းရှိတယ်။"

"ပိုကောင်းတော့ရော ဘာထူးမှာလဲ။ သူတို့မိသားစုက ကျွန်မကို သဘောမကျဘူးလေ။"

စုန့်ကျင်းက ကိုယ့်ကိုယ်ကို နှိမ့်ချပြီး တမင်တကာပြောလိုက်၏။

အမေစုန့်က သူမစိတ်တိုသောကြောင့် ဒီလိုပြောသည်က်ို သိထား၏။

"သူတို့ သဘောကျကျ မကျကျ၊ မင်းက မိသားစုဝင်ဖြစ်နေဦးမှာပဲ။ မင်းရဲ့ အဒေါ်ယဲ့ကို ကြည့်လေ။ ဘာပဲဖြစ်ဖြစ် ကျိဇယ်ရဲ့ဦးလေးက သူ့ပြဿနာတွေကို ရှင်းပေးခဲ့သေးတာပဲ။"

အမေစုန့် မပြောခဲ့သည်က သူမနှင့် အဖေစုန့်တို့က တကယ်တမ်းတော့ ကျိဇယ်၏ဦးလေး ကျိသော်ကို ပိုသဘောကျသည် ဆိုသည်ကိုပင်။ ကံမကောင်းစွာနှင့် သူတို့က မျိုးဆက်တစ်ခုခြားနေပြီး တကယ်တမ်း အပြန်အလှန် ဆက်ဆံဖူးခြင်းမျိုးလည်း မရှိခဲ့ပေ။ ယဲ့မင်ရှုးက ကျိဇယ်၏ ငယ်စဉ်ကတည်းက စေ့စပ်ထားခဲ့သည့်ကိစ္စကြီးကို ကျိသော်ထံ တွန်းပို့လိုက်လိမ့်မည်ဟုတော့ သူတို့ မထင်ထားခဲ့ပေ။

ယဲ့မင်ရှုးကတော့ သူမ၏သားကို ပစ္စည်းတစ်ခုကဲ့သို့ ချိန်တွယ်နေကြသည်ကို လုံးဝမသိခဲ့ချေ။ သူမက စုန့်ကျင်းက သားဖြစ်သူကို ပြန်ခေါ်လာပေးပြီး ပျားရည်တိုက်ရန်ပါ သတိပေးသွားသည့်အတွက် ဘယ်လောက် စဉ်းစားတတ်လိုက်လဲဟု တွေးနေခဲ့သေးသည်။ စုန့်ကျင်းက ပညာတတ်ပြီး သဘောထားလည်းကြီးသည်။ တကယ်လို့ သူမနှင့် ကျိဇယ်သာ အတူရှိနိုင်ခဲ့လျှင် ကောင်းမွန်သည့် ကိစ္စတစ်ခုဖြစ်လာလိမ့်မည်။

အိပ်ခန်းထဲတွင် အန်လိုက်ပြီးနောက် ကျိဇယ်က ပိုပြီးသတိဝင်လာသော်လည်း သူ့မျက်လုံးများကတော့ တစ်နေရာတည်းကိုသာ ကြည့်နေခဲ့သည်။

"တွေ့ဆုံပွဲသွားတာကို ဘာလို့ ဒီလောက်အများကြီး သောက်လာရတာလဲ။ ကံကောင်းလို့ပေါ့ စုန့်ကျင်းရှိနေတာ။ မဟုတ်ရင် မင်းအပြင်မှာ မူးပြီး မေ့လဲနေတာကို ငါမသိလိုက်ဘဲ နေလိမ့်မယ်။"

ယဲ့မင်ရှုးက သူ့ကို အနည်းငယ်ဆူလိုက်ပြီးမှ မေးလိုက်၏။

"မင်းဒီရက်ပိုင်း ဘာတွေရှုပ်နေတာလဲ။ ပြီးခဲ့တဲ့အပတ် မင်းအဘွားမွေးနေ့ ကျင်းပပြီးကတည်းက မင်းပျောက်နေခဲ့တာ။"

ကျိဇယ်က ရုတ်တရက် စကားထပြောလိုက်၏။

"ဝမ်ကျန်းပင်း ကောလိပ်ရောက်သွားပြီ။"

ယဲ့မင်ရှုး ခဏတာ ကြောင်သွားပြီးမှ ဘယ်သူ့အကြောင်းပြောနေလဲဆိုသည်ကို သဘောပေါက်သွားခဲ့၏။

"မင်းတို့အတန်းထဲက နှစ်ခါကြိုးစားတာတောင် နည်းပညာကျောင်းမဝင်နိုင်ခဲ့တဲ့သူလား။"

စုန့်ကျင်းကို တခြားသူများနှင့် နှိုင်းယှဉ် ချီးကျူးသည့်အခါတိုင်း သူနှင့် နှိုင်းယှဉ်ပြခဲ့ဖူးသည့်အတွက် သူမ မှတ်မိနေခြင်းဖြစ်သည်။

ကျိဇယ်က သူမပြောသည်ကို လုံးဝ နားမထောင်ခဲ့ပေ။

"ကျွန်တော်တို့ မတွေ့တာ နှစ်နှစ်လောက်ရှိပြီ။ သူ မနှစ်က ကောလိပ်ရောက်သွားမှန်းတောင် ကျွန်တော်မသိခဲ့ဘူး။ သူ အထက်တန်းပြန်တက်ခဲ့တယ်ထင်တယ်။"

"သူ့မိသားစုက သူ့အတွက် ဘာမှမစီစဉ်ပေးနိုင်လို့ထင်တယ်။"

ယဲ့မင်ရှုက အကြိမ်ကြိမ်ကျရှုံးခဲ့သည့်အတွက် ထိုသူကို စာတော်သည့် ကျောင်းသားမဖြစ်နိုင်ဟု ထင်လိုက်မိသည်။

"သူက နှစ်နှစ်တောင် ထပ်တက်နိုင်ခဲ့တယ်။"

ကျိဇယ်က ယဲ့မင်ရှုး သူ့မျက်နှာသုတ်ရန် ပေးလာသည့် မျက်နှာသုတ်ပဝါကို ကြောင်အမ်းအမ်းဖြင့် စိုက်ကြည့်နေပြီးမှ ရုတ်တရက် ထရပ်လိုက်၏။

"ကျွန်တော် ဦးလေးဆီသွားရမယ်။"

ယဲ့မင်ရှုး လန့်သွားတော့၏။

"ဒီလောက်ညဉ့်နက်ကြီးမှ ဘာလို့ မင်းဦးလေးဆီ သွားမှာလဲ။"

ကျိဇယ် ဘာမှမပြောဘဲ တံခါးအပြင်ဘက်သို့ ခြေလှမ်းကျဲကြီးများဖြင့် ထွက်သွားလိုက်၏။

သူ အိပ်ခန်းထဲက ထွက်သွားသည်နှင့် ကျ်ိကျွင်းက ရုတ်ရုတ်သဲသဲ အသံကြားလိုက်သည့်အတွက် တစ်ဖက်မှ ထွက်လာခဲ့၏။

"ဘာဖြစ်နေတာလဲ။ အမူးမပြေသေးဘူးလား။"

ယဲ့မင်ရှုးက သူ့သားကို တားပေးရန် သူ့ကို အမြန်အချက်ပြလိုက်၏။

"မူးပြီး ဘာတွေအရူးထဦးမှာလဲ မသ်ိဘူး။ ရုတ်တရက်ကြီး သူ့ဦးလေးကို သွားရှာမယ်ပြောနေတယ်။"

ကျိသော်အကြောင်း ပြောလိုက်တော့ ကျိကျွင်းက အမြန်ကြားဝင်ပြောလိုက်၏။

"ဒီအချိန်ကြီး မင်းစခန်းကို အပြေးပြန်သွားရင်တောင် မင်းဦးလေးက အိပ်ပျော်နေလောက်ပြီ။ မနက်ဖြန် မင်းဦးလေး အိမ်ပြန်လာလိမ့်မယ်။"

သူ၏ နူးညံ့သည့်လေသံက စိတ်ကို ငြိမ်သက်စေသည့် အာနိသင်ရှိသည့်အတွက် ကျိဇယ် သတိပြန်ဝင်လာခဲ့၏။

"ဟုတ်တယ်၊ သူမ မသိစေရဘူး။"

ဒီအတွေးနှင့် သူ၏ရှုပ်ထွေးနေသည့် စိတ်အခြေအနေက နည်းနည်း ရှင်းသွားခဲ့သည်။ ကျိဇယ် သူ့အခန်းကို ပြန်လှည့်သွားလိုက်၏။

"ကျွန်တော် အိပ်တော့မယ်။ အဖေနဲ့ အမေလည်း စောစော အနားယူကြပါဦး။"

တံခါးပိတ်သွားသည်ကို ကြည့်ရင်း ယဲ့မင်ရှူးက နားမလည်နိုင်စွာဖြင့် မေးလိုက်သည်။

"သူ အခု ဘာဖြစ်တာလဲ။"

"ဒုတိယညီလေး" ဆိုသည့် စကားလုံးကို မတုံ့ပြန်နိုင်သေးသည့် ကျ်ိကျွင်းက ချက်ချင်းပဲ တည်ငြိမ်သည့် အမူအရာ ပျက်သွားခဲ့၏။

"သူက သူ့ဦးလေးကို ရှာချင်နေတယ်။ ဒါက သူ့ဦးလေးနဲ့ ဘာဆိုင်လို့လဲ။"

"ကျွန်မ ဘာမှမပြောပါဘူး။"

ယဲ့မင်ရှူးက သူ၏တုံ့ပြန်မှုကြောင့် ပြောစရာမဲ့သွား၏။

ကျိကျွင်းက သူ့စကားများတွင် အာဏာမရှိသလို ခံစားလာရပြီး တံခါးနားမှ သူ့ဖိနပ်ကို ကြည့်လိုက်သည်။

"ဘာအတွေးမှ ဝင်မလာနဲ့။"

ယဲ့မင်ရှူး လုံးဝ စကားမပြောနိုင်တော့ပေ။

.......

တစ်ဖက်မှာတော့ စားသောက်ဆိုင်က မျက်နှာကျက်ပန်ကာကို နောက်ဆုံးမှာ ပြင်ဆင်လိုက်ပြီဖြစ်သောကြောင့် သူတို့သုံးယောက်လုံး စိတ်အေးလက်အေး စားသောက်နိုင်ခဲ့ကြသည်။

ထမင်းစားရင်း လင်းချောင် သန့်စင်ခန်းသွားချိန်တွင် စူးကျန့်က ကျိသော်ကို ကန်လိုက်၏။

"မင်းက တကယ်ပဲ ရတနာတစ်ပါးကို လက်ထပ်ထားတာပဲ။ မင်း သူ့ကို ယပ်တောင်ခပ်ပေးသေးတယ်ပေါ့။"

ကျိသော်က အကန်ခံလိုက်ရသည့်အတွက် အနည်းငယ် မျက်မှောင်ကြုတ်သွား၏။

"မင်း ခြေထောက်ကို မလိုချင်တော့ရင် စျေးထဲမှာ လှူလိုက်လို့ရတယ်။"

"ငါ့ခြေထောက်က ဂုဏ်ယူစရာခြေထောက်တွေ၊ ရာဇဝတ်ကောင်တွေကို ကန်ခဲ့တယ်၊ လူသတ်သမားတွေကို နင်းခဲ့တယ်။ လှူမယ်ဆိုရင်လည်း ပြည်သူ့သူရဲကောင်း အမှတ်တရနေရာကိုပဲ သွားသင့်တယ်။"

စူးကျန့်က ဒီအဖြေကို မကျေနပ်သော်လည်း နောက်တစ်ခါ ထပ်မကန်တော့ပေ။ ထိုအစား စားပွဲတစ်ဖက်မှ ကျိသော်ကို မျက်စိမှိတ်ပြလိုက်၏။

"ငါပြောတာက မင်းကိုပဲ၊ မင်းထက် ကိုးနှစ်ငယ်တဲ့ ဇနီးကို လက်ထပ်ထားပြီးတော့ ဒီလိုဆက်ဆံနေတာလား။"

"သူမက ယားလို့ ကုတ်နေသလိုမျိုး ယပ်ခပ်နေတာ။"

ကျိသော်က လင်းချောင်ကို သူ ဂရုတစိုက် ပြုစုနေသည်ဟု မထင်ထားပေ။ သူ အားစိုက်ထုတ်စရာမလိုဘဲ လုပ်နိုင်သည့်အရာကို သူမ လုပ်နေသည်က နှစ်ဦးစလုံးအတွက် သက်တောင့်သက်သာ မဖြစ်စေနိုင်ပေ။

စူးကျန့်ကတော့ သူ့ကို မယုံခဲ့ချေ။

"တခြားသူတွေလည်း ယပ်တောင်ကို ကောင်းကောင်းမခပ်တတ်ကြဘူး၊ ဒါပေမဲ့ မင်း တခြားသူတွေအတွက် ယပ်ခပ်ပေးတာကိုတော့ တစ်ခါမှ မမြင်ဖူးဘူး။"

ဒါက ကွာခြားသည်။ တခြားသူများက သူနှင့် လက်မထပ်ထားပေ။ ကျိသော်က စူးကျန့်ကို ထူးဆန်းသည့် အကြည့်နှင့် ကြည့်လိုက်၏။ စူးကျန့် ဘာမှမပြောခင်တွင် ကျိသော်က ရုတ်တရက် အသံကို နှိမ့်လိုက်၏။

"လာမယ့်လက ရှောင်ပင်းရဲ့ အောက်မေ့ဖွယ်နေ့ပဲ။ မင်း သွားမှာလား။"

စူးကျန့်၏ စနောက်လိုသော အမူအရာ ချက်ချင်း ပျောက်ကွယ်သွားခဲ့သည်။ သူက သောက်စရာကို တစ်ခါတည်း သောက်ချလိုက်၏။

"အင်း၊ ဘယ်လိုလုပ် မသွားဘဲနေနိုင်မှာလဲ။ သူ ဘယ်လိုသေသွားလဲဆိုတာ ငါ ဘယ်တော့မှ မမေ့ဘူး။"

ကျိသော် ဘာမှ ထပ်မပြောတော့ပေ။ သူက ခေါင်းငုံ့ပြီး ဝိုင်တစ်ခွက်လုံးကို ကုန်အောင်သောက်လိုက်သည်။

လင်းချောင် ပြန်ရောက်လာတော့ စားပွဲပေါ်က အနေအထားက ပုံမှန်အတိုင်း ပြန်ဖြစ်သွားသော်လည်း အစားအသောက်များကတော့ ကုန်ခါနီးပြီဆိုသည်မှာ ထင်ရှား၏။ စူးကျန့်က သူ့နာရီကို ကြည့်လိုက်သည်။

"ညဉ့်နက်နေပြီ။ မင်းတို့နှစ်ယောက် ပြန်ကြတော့။ တချို့လူတွေက မိသားစုတွေနဲ့ရှိနေကြပြီ၊ ငါ့လို တစ်ကောင်ကြွက်လေး မဟုတ်တော့ဘူး။"

ကျိသော်က မျက်လုံး ပင့်ကြည့်လိုက်၏။

"မင်း အလျင်လိုနေရင် ငါ မနက်ဖြန် အဒေါ်စူးနဲ့ စကားပြောလိုက်မယ်။"

စူးကျန့်၏ အဖေက အမျိုးသမီးအိမ်သို့လိုက်၍ အိမ်ထောင်ပြုခဲ့သည့်အတွက် သူတို့မောင်နှမများအားလုံးက မိခင်၏ မျိုးရိုးနာမည်ဖြစ်သည့် စူးကိုသာယူကြသည်။

ဒီစကားကို ကြားတော့ စူးကျန့်က သူ၏ရဲဦးထုပ်ကို ဆွဲယူပြီး ထွက်သွားလိုက်၏။

"ငါဘာမှမပြောခဲ့ဘူးလို့ သဘောထားလိုက်ပါ။"

စားသောက်ဆိုင်တံခါးကို ရောက်တော့ သူက လင်းချောင်ဘက် လှည့်ကြည့်လိုက်သည်။

"နောက်ပိုင်း လိုအပ်တာရှိရင် ကျိသော်ကို ပြောခိုင်းလိုက်ပါ။"

ကျိဇယ်က တနင်္လာနေ့ မနက်အထိ စောင့်နေခဲ့သည်။

ကျိသော် ရုံးကိုရောက်တော့ ကျိဇယ်က အသင့်စောင့်နေပြီဖြစ်သည်။ ကျိသော်ကို မြင်သည်နှင့် ပြုံးပြီး ချဉ်းကပ်လာ၏။

"ဦးလေး၊ ရောက်ပြီပေါ့။"

ကံမကောင်းစွာနှင့် ကျိသော်တွင် အလုပ်ရှိနေခဲ့သည်။ သူက နာရီကို တစ်ချက်ကြည့်လိုက်၏။

"နေ့လယ်စာစားချိန် ပြန်လာခဲ့။"

ကျ်ိဇယ်က ခေါင်းညိတ်ပြီး အမြန်ထွက်သွားလိုက်သည်။ နေ့လယ်တွင် အလုပ်ပြီးသည်နှင့် သူ အမြန်ပြန်လာခဲ့၏။ ဇွဲလုံ့လ ရှိသည်မှာ ပေါ်လွင်၏။ ကျိသော်၏ အမူအရာက နည်းနည်းနူးညံ့သွားပြီး နံရံနားက ကုလားထိုင်ကို လက်ညှိုးထိုးပြလိုက်သည်။

"ထိုင်ပြီးပြော။"

ထိုညနေတွင် ကျိသော်က လင်းချောင်ကို အတည်ပြုချက် ပေးလိုက်သည်။ တစ်ဖက်လူက သူမ၏ အခြေအနေအားလုံးကို သဘောတူခဲ့သည်။ သူမက ဖော်မြူလာနှင့် သတ်မှတ်ထားသည့် ပါဝင်ပစ္စည်း တစ်မျိုးတည်းကိုသာ ပံ့ပိုးပေးမည်ဖြစ်ပြီး ထုတ်လုပ်ရေး ဒါမှမဟုတ် အရောင်းဘက်တွင် ပါဝင်မည် မဟုတ်ပေ။

စိတ်ရင်းမှန်ကိုပြရန်အတွက် တစ်ဖက်လူက လက်ရေးစာဖြင့် ရေးသားထားသည့် သဘောတူညီချက်ကိုတောင် ပေးခဲ့သေး၏။

ကြားခံလူဖြစ်သည့် ကျ်ိသော်က လက်မှတ်ထိုးပေးထားသည်။

လင်းချောင်က ထိုအရာနှင့်ပတ်သက်၍ ဘာမှမပြောခဲ့ပေ။ သူမက မှတ်စုကို လက်ခံပြီး ကျိသော်အတွက် ဖော်မြူလာကို ရေးချလိုက်သည်။ လိုအပ်သည့် ပစ္စည်းအချိုးအစားများ၊ ထုတ်လုပ်မှု အဆင့်ဆင့်နှင့် ကြိုတင်ကာကွယ်မှုများကိုပါ အသေးစိတ်ရေးပြခဲ့သည်။ ပြီးနောက်မှ သူမက ပြောလိုက်၏။

"ရှင့်ရဲ့... သူငယ်ချင်းက အခုထိ မလုပ်နိုင်သေးရင် ကျွန်မကို ပြောပါ။ ကျွန်မ ရှင့်ကို အရင်သင်ပေးမယ်။ သူ ရှေ့ထွက်မလာနိုင်ရင် ရှင် သူ့ကို သင်ပေးလို့ရတာပဲ။"

"ခက်လို့လား။"

ကျိသော် အနည်းငယ် မျက်မှောင်ကြုတ်လိုက်၏။

သူ အရင်သင်ပြီးမှ ကျိဇယ်ကို ပြန်သင်ပေးရမည်ဆိုလျှင် အလွန်စိတ်ရှုပ်စရာ ကောင်းလိမ့်မည်။ ကံကောင်းစွာနှင့်ပဲ လင်းချောင်က မခက်ဘူးဟု ပြောခဲ့၏။

All Chapters