အခန်း (၅၁)
Vol. 5 Ch. 51
"ရှင့်ရဲ့... သူငယ်ချင်းက အရင်က မလုပ်ဖူးသေးတာကြောင့် စလုပ်ဖို့ ခက်နေမလားလို့ စိုးရိမ်မိတာပါ။"
အဲဒါက ကျ်ိဇယ်၏ ကိစ္စပင်။ သူ ဒါကို လုပ်ချင်သည်ဆိုလျှင် သူ ကိုယ်တိုင် ရှာဖွေရလိမ့်မည်။ ကျိသော်က ဖော်မြူလာကို သိမ်းလိုက်၏။
အခု သူမတွင် လုပ်ဖော်ကိုင်ဖက်တစ်ဦးရှိနေပြီဖြစ်သဖြင့် လင်းချောင်က ထုတ်ကုန်ကို ကိုယ်တိုင်ထုတ်လုပ်ရောင်းချရမည်ကို စိတ်ပူစရာမလိုတော့ပေ။ သူမက အလွန်စိတ်သက်သာရာ ရသွားသည်။ တစ်ဖက်လူ၏ စီးပွားရေးက ဘယ်လောက် ကြီးသည်ဖြစ်စေ၊ သေးသည်ဖြစ်စေ သူမကတော့ အကျိုးအမြတ်ဝေစုကိုသာ ထိုင်စောင့်နေရုံပင်။ သူမက အလုပ်များစွာကို တစ်ပြိုင်နက်တည်း လုပ်စရာမလိုတော့ဘဲ သူမ၏ အလုပ်နှင့် ပညာရေးကိုသာ အာရုံစိုက်လုပ်နိုင်ပြီဖြစ်သည်။
လင်ချောင် သက်ပြင်းချလိုက်ပြီး၊ သူမ၏ အထက်တန်း ရူပဗေဒ စာအုပ်နှင့် ဒုကျောင်းအုပ်ချီထံမှ ငှားလာသည့် အပိုပစ္စည်းများကို ထုတ်ပြီး စတင်လေ့လာလိုက်သည်။
အထက်တန်းကျောင်းတွင် စာသင် သင်ကြားရသည်က ပင်ပန်းပြီး အတန်းလေး၏ ကိစ္စများကို စီမံခန့်ခွဲရသည်။ သို့သော် အကျိုးကျေးဇူးများလည်း ရှိ၏။ သူမက အထက်တန်းကျောင်း ပြန်လည်သုံးသပ်ရေး ပစ္စည်းများကို ပိုမိုရရှိနိုင်ခဲ့သည်။
စိတ်ကြည်လင်နေသည့်အတွင် လင်းချောင်က ဆီးသီးတစ်ပန်းကန် ဆေးလိုက်ပြီး သူတို့စားပွဲ အလယ်တွင် တင်လိုက်သည်။ ခရမ်းရောင်နီရောင်ရှိသည့် အသီးများတွင် ရေစက်လေးများဖြင့်ဖြစ်ပြီး အိမ်တွင်းမီးရောင်ကို ရောင်ပြန်ဟပ်နေကာ သူမ၏ တောက်ပသည့် မျက်လုံးများကဲ့သို့ ပေါ့ပါးသည့် ခံစားချက်ကို ပေးစွမ်းနေ၏။
ကျိသော်၏ အကြည့်က သူမလက်ထဲမှ အပိုစာအုပ်ပေါ် ကျရောက်သွားသည်။
"မင်း ကောလိပ်ဝင်ခွင့်စာမေးပွဲကို ဖြေဖို့ ဆက်စဉ်းစားနေတုန်းပဲလား။"
လင်းချောင် ခေါင်းမော့ကြည့်လိုက်တော့ သူ၏ နက်ရှိုင်းသည့် အကြည့်နှင့် ဆုံမိလိုက်ပြီး အနည်းငယ် အံ့သြသွားခဲ့၏။
"ဒါပေါ့၊ ဘာလို့ မဖြေရမှာလဲ။"
သို့သော်လည်း သူမဘာသာ အလျင်အမြန် နားလည်သွားခဲ့သည်။
"ရှင်က စီးပွားရေးလုပ်တာက အလုပ်လုပ်တာထက် ပိုအကျိုးအမြတ် များနေချိန်မှာ ကျွန်မ ဘာလို့ ကောလိပ်တက်ချင်သေးလဲလို့ တွေးနေတာလား။"
"အဲ့လိုပါပဲ။"
ကျိသော် အနည်းငယ် အံ့သြမိသည်။ လူအများစုက အလုပ်အကိုင် အလားအလာအတွက်သာ ကောလိပ်တက်ကြခြင်းဖြစ်သည်။ အလုပ်မရှာနိုင်ခြင်း ဒါမှမဟုတ် ရရှိနိုင်သည့် အလုပ်များက သူတို့ကို စိတ်မကျေနပ်စေသည့်အခါမျိုးတွင်သာ ဖြစ်တတ်သည်။
လင်းချောင်တွင် အလုပ်ရှိပြီး ဝင်ငွေအရင်းအမြစ်လည်း မနည်းပေ။ နောင်မှာ ကျိဇယ် ရပ်လိုက်လျှင်တောင် သူမတွင် ဖော်မြူလာရှိနေသည့်အတွက် ရွှေဥဥသည့် ငန်းတစ်ကောင်ရထားသလိုပင်။ သူမက ဘယ်သူနှင့်မဆို ပူးပေါင်းပြီး ငွေရှာနိုင်သည်။ ဒါကို ဘာလို့ ကောလိပ်တက်ချင်ရသေးတာလဲ။ သို့သော် သူမကတော့ ထိုသို့ မစဉ်းစားခဲ့။
လင်းချောင်က ပြောလိုက်၏။
"ကျွန်မက စီးပွားရေးလုပ်တာ မကျွမ်းကျင်ဘူး။ ဓာတုဗေဒကို လေ့လာပြီး သုတေသနလုပ်တာက ကျွန်မနဲ့ ပိုလိုက်ဖက်ပါတယ်။"
သူမဟာ နှစ်ပေါင်းလေးဆယ်နောက်ပိုင်းက လာသူဖြစ်၍ အားသာချက်ရှိသည်။ သူမသိထားသည့် စီးပွားရေး ဗဟုသုတများက အနာဂတ်တွင် ပုံမှန်အသ်ိပညာများသာဖြစ်သည်။ သူမက သတင်းအချက်အလက် ပေါက်ကွဲမှုမှသာ အကျိုးအမြတ် ရခဲ့ခြင်းဖြစ်သည်။
စီးပွားရေးနှင့် ပတ်သက်လျှင်တော့ ပြန်လည်ထူထောင်ကာလ၏ အခွင့်အလမ်းများကို အမိအရ ဆုပ်ကိုင်ပြီး နာမည်ကြီးအောင် လုပ်နိုင်ခဲ့သူများနှင့် ယှဉ်လို့မရပေ။ ကိုယ့်အကြောင်းကိုယ် သိရန်က အရေးကြီးပြီး မကြာသေးမီက ငွေအနည်းငယ်ရခဲ့သည့်အတွက် မာန်မာန မတက်သင့်ပေ။
လူ့အဖွဲ့အစည်းတွင် လူအတော်များများက ဆယ်စုနှစ်ပေါင်းများစွာ ကြာပြီးသည်အထိ ကိုယ့်ကိုယ်ကို ရှင်းရှင်းလင်းလင်း မမြင်နိုင်ကြပေ။ သူမက ၁၉ နှစ်သာ ရှိသေးပြီး စီးပွားရေးတစ်ခုကို အောင်မြင်စွာ အပြီးသတ်ခဲ့နိုင်သော်လည်း သူမကိုယ်သူမ နိမ့်ချပြီး နေနိုင်ခဲ့သည်။
ကျိသော် ရုတ်တရက် စူးကျန့်၏ "ရတနာ" ဆိုသည့် စကားလုံးကို သတိရသွားသည်။ ဒီအသက်အရွယ်တွင်၊ ဒီလိုစိတ်ထား၊ စိတ်နေသဘောထားမျိုးရှိသည့် သူမက တကယ်ကို တန်ဖိုးရှိပြီး ရှားပါးသူဖြစ်သည်။ သို့သော် ထိုစကားလုံးကတော့ သူ့ကို မသိစိတ်ထဲမှ အလိုလို မျက်မှောင်ကြုတ်မိစေ၏။
သူက စဉ်းစားခန်းဝင်နေပြီး မျက်မှောင်လည်းကြုတ်နေသဖြင့် လင်းချောင် သူ့ကို လုံးဝ နားမလည်နိုင်တော့ပေ။
ဒီလူ၏ အတွေးများက ဘယ်လောက်နက်ရှိုင်းသည်ဆိုသည်ကို ပြန်စဉ်းစားမိပြီး လင်းချောင်က ဒါကို အသေးစိတ် ထပ်မသိချင်တော့ဘဲ တခြားအရာတစ်ခုကို သတိရလိုက်၏။
"ရှင့်ရဲ့... သူငယ်ချင်း ပစ္စည်းတွေဝယ်ရင် ကျွန်မအတွက်ပါ နည်းနည်းပါးပါး ဝယ်ပေးလို့ရမလား။"
"မင်း လိုလို့လား။"
ထိုလူက မျက်ခုံးပင့်လိုက်သည်။ စီးပွားရေးကို တခြားသူတစ်ဦးထံ လွှဲပြောင်းထားပြီဖြစ်သည်က်ို သူမ ဘာကြောင့် ပစ္စည်းများ လိုအပ်နေသေးလဲဟု သူ တွေးနေပုံပေါ်သည်။
လင်ချောင်က မဖုံးကွယ်ခဲ့ပေ။
"ကျောင်းသားတွေနဲ့ ပရောဂျက်တစ်ခု လုပ်ချင်လို့ပါ။ ပြီးခဲ့တဲ့လ စာမေးပွဲမှာ အတန်းနှစ်ခုစလုံး တိုးတက်မှုရှိတာ တွေ့ရတယ်။ နောက်ဆုံးစာမေးပွဲမှာ ထပ်တိုးတက်လာရင် လက်တွေ့ပရောဂျက်တစ်ခုမှာ ပါဝင်ခွင့်ပေးမယ်လို့ သူတို့ကို ကတိပေးထားတာ။ ကျွန်မ ကတိတည်ရမယ်။"
လက်လုပ်ဆပ်ပြာကို လုပ်ပြီးလျှင် အိမ်တွင် အသုံးပြုရန် ယူသွားလို့ရသည်။ လက်တွေ့ကျပြီး အသုံးဝင်သည့် စမ်းသပ်မှုတစ်ခုထက် ပိုမိုဆွဲဆောင်မှုရှိသည့် အရာမရှိတော့ပေ။
ကျိသော်က လင်းချောင် ကျောင်းသားများနှင့် စမ်းသပ်မှုများ လုပ်မည့်ကိစ္စကို ကျောင်းက ကန့်သတ်ထားသည်ကို သိထား၏။ ဒါကိုကြားတော့ သူက ဘောပင်တစ်ချောင်းကို ကောက်ကိုင်လိုက်သည်။ "ဘာတွေလိုအပ်လဲ။"
လင်းချောင်က လက်လုပ်ဆပ်ပြာအတွက် အသုံးပြုတဲ့ သာမန်ဆီအချို့ကို စာရင်းလုပ်လိုက်သည်။ ပိုပြီး တောင်းဆိုလျှင် ပိုကောင်းမည်ဟု တွေးပြီး ဆပ်ပြာ၏ ထိရောက်မှုကို မြှင့်တင်ရန်အတွက် ဖြည့်စွက်ပစ္စည်းများနှင့် အမွှေးနံ့သာဆီများကိုလည်း ပြောပြလိုက်၏။
"အဓိကကတော့ အစောပိုင်းက ပစ္စည်းတွေပါ။ နောက်ဆုံးကတော့ စိတ်ကြိုက်ပဲ၊ ရရင်ယူမယ်၊ မရရင်လည်း ရပါတယ်။"
ကျိသော်က ပစ္စည်းအများအပြားကို မကြားဖူးသော်လည်း အားလုံးကို မှတ်စုမှတ်ထားလိုက်သည်။ ဒီလိုအသေးအဖွဲကိစ္စများနှင့် သူ့တူကို ဒုက္ခမပေးတော့ဘဲ သူကိုယ်တိုင်သာ ရှာဖွေရန် ဆုံးဖြတ်လိုက်၏။
ဒီအကြောင်းကို စဉ်းစားမိတော့ သူက ဘောပင်ကို ချလိုက်သည်။
"ဒါတွေကို မင်း အရင်ထဲက လိုချင်ခဲ့တာလား၊ ဒါမှမဟုတ် အခုမှပဲ စဉ်းစားမိတာလား။"
"အရင်ထဲက လိုချင်ခဲ့တာပါ၊ ဒါပေမဲ့ နည်းနည်းကျန်သေးတာမို့လို့ ထပ်ဝယ်ဖို့ တကယ်မလိုသေးဘူး။"
လင်းချောင်က စာအုပ်ကို လှန်နေရင်း ပြောလိုက်၏။
စားပွဲတစ်ဖက်မှ ထိုလူက ခဏမျှ တိတ်ဆိတ်နေခဲ့ပြီး သူ့လေသံက မရှင်းမလင်းဖြစ်နေခဲ့၏။
"ဒါဆို မင်း ဘာလို့ ကိုယ့်ကို မပြောပြတာလဲ။"
သူမက သူ့ကို ဒုက္ခပေးရသည်ထက် သူ၏ သူငယ်ချင်းဟု ခေါ်သည့်သူကို ဒုက္ခပေးရသည်ကို ပိုနှစ်သက်သည်လား။
လင်းချောင်က သဘောပေါက်သွားပြီး သူ့ကို နားမလည်စွာ ကြည့်လိုက်သည်။
"ကျွန်မ ခုနကပဲ ရှင့်ကို မေးလိုက်တာ မဟုတ်ဘူးလား"
သူက "သူ့သူငယ်ချင်းတစ်ယောက်" ဆိုသည့် ပုံစံထဲ ရှိနေသေးသည်ကို သဘောပေါက်သွားတော့ သူမက ခဏရပ်ပြီး ပူးပေါင်းဆောင်ရွက်သည့်အနေနှင့် သူမ၏ စကားကို ပြင်ဆင်လိုက်သည်။
"ရှင့် သူငယ်ချင်းကိုပြောတာပါ။ သူကလည်း ဝယ်မှာပဲဆိုတော့ အဆင်ပြေတယ်မဟုတ်ဘူးလား။"
ဒါက အဓိပ္ပာယ်ရှိသည်။ သူမ ကျောင်းတွင် ပြဿနာရှိတုန်းက သူ့ထံကိုသာ အရင်လာခဲ့သည်။
ကျိသော် ဘာမှ ထပ်မပြောတော့ပေ။
နောက်နေ့တွင် သူက ဖော်မြူလာကို သူ့တူကို ပေးလိုက်၏။
"မင်း ပစ္စည်းတွေ အားလုံးရပြီဆိုတာနဲ့ နောက်ဆုံးပါဝင်ပစ္စည်းကို မင်းအဒေါ်ဆီက သွားယူခိုင်းလိုက်။"
ကျ်ိဇယ်က ထိုအရာကို အလွန်အလေးအနက်ထားနေ၏။
"ကျွန်တော် အလွတ်ကျက်ပြီး မီးရှို့ပစ်လိုက်မယ်။"
သူက သတိထားရမည်ဆိုသည်ကို လုံးဝ မသိပုံတော့မပေါ်။ ကျိသော် ခေါင်းညိတ်လိုက်ပြီး ဘာအကြောင်းကြောင့်မှန်းမသိ၊ မနေ့က လင်းချောင် ပစ္စည်းများ တောင်းဆိုသည်ကို ရုတ်တရက် သတိရမိသွားပြီး သူ့တူကို စိုက်ကြည့်နေမိ၏။
ကျိဇယ် ချက်ချင်း စိတ်မသက်သာ ဖြစ်သွားခဲ့သည်။ အခုကရော ဘာလဲ။ သူ ဘာမှားသွားပြန်ပြီလဲ။
သူ့ဦးလေးက အေးစက်သော်လည်း ရက်စက်သူတော့ မဟုတ်ပေ။ သူက အရင်က သူ့ကို ဒီလောက်အထိ မကြောက်ခဲ့ဖူးသော်လည်း လင်းချောင်ကိစ္စ ဖြစ်ပြီးကတည်းက တွေ့ဆုံမှုတိုင်းက သူ့ကို ဒုက္ခပေးသည်နှင့် အဆုံးသတ်သလို ဖြစ်နေပြီး၊ ကျိဇယ်ကို အခြေအနေအလိုက် တုံ့ပြန်တတ်သည်အထိကို ဖြစ်စေခဲ့သည်။
တူဖြစ်သူ၏ တုံ့ပြန်မှုကို မြင်တော့ ကျိသော်က ပြောစရာပျောက်သွား၏။
"ကောင်းပြီ၊ မင်းသွားလို့ရပြီ။"
ကျ်ိဇယ်က သူ့နောက်လိုက်ရင်း ကြီးပြင်းလာခဲ့သူဖြစ်သည်။ ကလေးဘဝတုန်းကတည်းက အပြင်တွင် ဒုက္ခရောက်လာလျှင် မိသားစုကို မပြောဘဲ သူ့ဆီကို မျက်ရည်များနှင့် လာခဲ့သူဖြစ်သည်။
သူက သူ့တူကို မမုန်းပေ။ သူ၏ တိုးတက်မှုမရှိခြင်းအပေါ် စိတ်ပျက်ရုံသာ ဖြစ်ခဲ့သော်လည်း ဒီတစ်ခါမှာတော့ စစ်မှန်သည့် အလိုမကျမှု အရိပ်အယောင်လေး နည်းနည်း ပါလာခဲ၏။
ကျိဇယ် ပြန်သွားပြီး သူ့သူငယ်ချင်းဟောင်းများကို ထပ်ပြီး ဒုက္ခပေးပြန်၏။ အရင်တုန်းက ဆီတောင်းရုံသာဖြစ်ပြီး၊ အခုတော့ ဘယ်ကဝယ်ရမလဲဆိုသည်ကိုပါ သိချင်နေပြီဖြစ်သည်။
တစ်ဖက်မှာတော့ လင်းချောင်က ပထမအသုတ် ဆပ်ပြာရည်မှ နောက်ဆုံးကျန်သည့် အနည်းငယ်ကို ကျောင်းသို့ ယူလာခဲ့သည်။
ဆပ်ပြာရည်ဖြစ်ရန် အချိန်အနည်းငယ် လိုသည်။ သူမက အိမ်တွင် ကျန်နေသေးသည့် ဆပ်ပြာရည်ပုံးကို ရောင်းပြီးသည့်အချိန်တွင် ကျိသော်၏ "သူငယ်ချင်း" က သူ့ဆပ်ပြာများကို အသင့်ပြင်ဆင်ထားပြီးသား ဖြစ်နေမည့်အတွက် သူမ ဘာမှ စိတ်ပူစရာ မလိုတော့ပေ။
ဆပ်ပြာမှာထားသည့် ဝန်ထမ်းအချို့ကို လိုက်ပို့ပြီးသည့်နောက်မှာတော့ ရုံးခန်းတံခါးကို တစ်ယောက်ယောက်က လာခေါက်ခဲ့၏။
"တစ်စိတ်လောက်၊ ဘယ်သူက လီရှောင်ချို့ရဲ့ အတန်းပိုင်ဆရာမလဲရှင့်။"
"ကျွန်မပါ။"
လင်းချောင်က မတ်တပ်ရပ်လိုက်ရာ ပိန်ပိန်ပါးပါး၊ အရပ်ပုပု၊ ဘယ်ဘက်မျက်ခုံးတွင် အမာရွတ် အနည်းငယ်ရှိသည့် အမျိုးသမီးတစ်ဦးကို တွေ့လိုက်ရသည်။ ထူးခြားသည့် ရုပ်ရည်သွင်ပြင်ကြောင့် သူမက ဒီအမျိုးသမီးရဲ့ ကိုယ်ရေးရာဇဝင်ကို ချက်ချင်း သတိရမိသွား၏။
ထင်ထားသည့်အတိုင်း အမျိုးသမီးက ရှက်ရွံ့နေပေမဲ့ ရှင်းရှင်းလင်းလင်း ပြောလိုက်သည်။
"ကျွန်မက လီရှောင်ချို့ရဲ့ အမေပါ။ သူ ကျောင်းမှာ ပြဿနာတက်တယ်လို့ ကြားလို့ သူ့အတွက် သက်သေခံဖို့ လာခဲ့တာပါ။"
ဒီဖြစ်ရပ်က ပြီးခဲ့သည့် တနင်္လာနေ့က ဖြစ်ခဲ့ခြင်းဖြစ်ပြီး သူမ အင်္ဂါနေ့မှ လာခဲ့သည်...
လင်းချောင် ဘာမှ မှတ်ချက်မပေးချင်တော့ဘဲ ကုလားထိုင်အလွတ်တစ်လုံးကို ဆွဲယူလိုက်သည်။
"ကိစ္စက ပြီးသွားပါပြီ။ ထိုင်ပါဦး၊ ပြီးတော့ ကျွန်မကို ပြောပြပါဦး။"
ကိစ္စပြီးသွားပြီဟု ကြားတော့ လီရှောင်ချို့၏ အမေက ပိုပြီး ရှက်ရွံ့သွား၏။
"ကျွန်မတို့ဇာတိက လူတစ်ယောက်က စီမံကိန်းတစ်ခုကို စာချုပ်ချုပ်ဖို့ ထွက်လာတာ၊ ကျွန်မက ကူညီစီမံခန့်ခွဲပေးနေရတာမို့လို့ တစ်နေရာတည်းမှာ မနေနိုင်ခဲ့ဘူး။ အိမ်က စာရောက်လာတာနဲ့ တန်းလာခဲ့တာပါ၊ ဒါပေမဲ့လည်း နောက်ကျသွားတုန်းပဲ ထင်ပါရဲ့။"
ဒါဆို စီးပွားရေး မဟုတ်ဘဲ စီမံကိန်းများကို စာချုပ်ချုပ်ခြင်း။ ဒါကတော့ တကယ်ကို သတ်မှတ်ထားသည့် လိပ်စာ မရှိသောအလုပ်ဖြစ်သည်။
လင်းချောင်က သူမ၏ ကြိုးစားအားထုတ်မှုများကို မပြောပြဘဲ အခြေအနေကို ရှင်းပြလိုက်သည်။ အမျိုးသမီးကတော့ ကျေးဇူးတင်စကားပြောရန် မတ်တပ်ရပ်လိုက်၏။
"ဆရာမရဲ့ ကြိုးစားအားထုတ်မှုတွေအတွက် ကျေးဇူးတင်ပါတယ်။ လီရှောင်ချို့ရဲ့ အဖေအကြောင်း ကျွန်မ သိပါတယ်။ သူက အပြစ်ပဲတင်တတ်ပြီး သည်းခံစိတ်မရှိဘူး။ ဆရာမရဲ့ အကူအညီသာ မပါရင် ဒီကိစ္စက ဒီလောက် မြန်မြန်ဆန်ဆန် ဖြေရှင်းနိုင်မှာ မဟုတ်ပါဘူး။"
ပြီးတော့ သူမက ခါးသီးစွာ ပြုံးလိုက်သည်။
"သူ့ရဲ့ ဆရာဆိုတဲ့ အခြေအနေ တစ်ခုတည်းကသာ ပြဿနာဆိုရင် ကျွန်မ ကွာရှင်းဖို့ မရွေးဘဲ အခက်အခဲတွေကို သည်းခံနိုင်ခဲ့ဦးမှာပါ။"
လူတိုင်းက ကိုယ့်ကိုကိုယ် တရားသည်၊ အနိုင်ကျင့်ခံရသည်ဟု ခံစားနေရပုံပေါ်သည်။
လင်းချောင်က ဒီခေါင်းစဉ်ကို ဆက်မပြောချင်တော့ပေ။
"လီရှောင်ချို့ကို နာရီတစ်လုံး ဝယ်ပေးခဲ့တာက သူမကို ကူညီချင်တာ မဟုတ်ဘူးလား။"
လီရှောင်ချို့၏ အမေက ချက်ချင်း ခေါင်းညိတ်လိုက်၏။
"ကျွန်မ ထွက်သွားတုန်းက အလုပ်တောင် မရှိသေးဘူး၊ ကလေးက အဖေနဲ့ပဲ နေခဲ့ရတာ။ အခုမှပဲ ကျွန်မ ပိုက်ဆံ နည်းနည်းရလာခဲ့တာပါ။"
"ဒါဆို သူမကို ပိုပြီး မကြာခဏ သွားတွေ့သင့်တယ်။"
လင်းချောင်က ပြောလိုက်၏။
"စျေးကြီးတဲ့ လက်ဆောင်တွေထက် ကလေးတွေက အမေ အဖော်လုပ်ပေးတာကို ပိုလိုအပ်တယ်။ နှစ်နဲ့ချီပြီး အဝေးရောက်နေမဲ့အစား မကြာခဏသာ သွားခဲ့မယ်ဆိုရင် လီရှောင်ချို့က သူ့အမေ ဝယ်ပေးတယ်လို့ ပြောရင် ဘယ်သူမှ သံသယဝင်တော့မှာမဟုတ်ဘူး။"
ဒီစကားများက လီရှောင်ချို့၏ မိခင်ကို တိတ်ဆိတ်သွားစေခဲ့သည်။ ခဏအကြာမှာတော့ သူမက တိတ်တဆိတ် ခေါင်းညိတ်လိုက်၏။
"ဆရာမ ပြောတာ မှန်ပါတယ်။ ကျွန်မက မိခင်ကောင်းတစ်ယောက် မဟုတ်ခဲ့ပါဘူး။"
သို့သော်လည်း လင်းချောင်က တစ်ဖက်လူ မဟုတ်သလို၊ သူတို့၏ လုပ်ရပ်များကိုလည်း ထိန်းချုပ်လို့ မရပေ။ ဒါကြောင့် ဒီလောက်သာ ပြောနိုင်၏။ သူမက စားပွဲပေါ်မှ သင်ခန်းစာ အစီအစဉ်ကို ကောက်ကိုင်လိုက်သည်။
"ရှင် ရောက်နေပြီဆိုတော့ မပြန်ခင် ရှင့်ရဲ့ ကလေးကို တစ်ချက်ကြည့်လိုက်ပါဦး။ ကျွန်မ နောက်တစ်ချိန် စာသင်ရမှာမို့လို့ ဓာတ်ခွဲခန်းက ပစ္စည်းတွေ သွားယူလိုက်ဦးမယ်။"
ဒါက တစ်ဖက်လူကို ထွက်သွားစေရန် ကြိုးစာခြင်း မဟုတ်ပါဘဲ လင်းချောင်က တကယ်ပဲ နောက်တစ်ချိန် စာသင်ရမည်ဖြစ်သည်။ သတ်မှတ်ကာလကုန်ဆုံးရန် နီးလာပြီဖြစ်၍ ဒီနေ့က သူမ၏ အတန်းနှစ်ခုစလုံးအတွက် နောက်ဆုံးသော တရားဝင် သင်ကြားရေးနေ့ ဖြစ်၏။ သူမက ကျောင်းသားများအတွက် နာမည်ကြီး မှော်အိုး စမ်းသပ်မှုကို လုပ်ဆောင်ရန် စီစဉ်ထားသည်။
စမ်းသပ်မှုအတွင်းတွင် သူမက ပိုတက်စီယမ် သီယိုဆိုင်းယာနိတ် ဖျော်ရည် ၅%၊ ဆေးဗားနိုက်ထရိတ် ဖျော်ရည် ၃%၊ ဖီနော ဖျော်ရည်၊ ဆိုဒီယမ် အက်စီတိတ် ဖျော်ရည်၊ ဆိုဒီယမ် ဆာလ်ဖိုက်ဖျော်ရည်၊ 1 mol/L ပိုတက်စီယမ် ဖဲရိုဆိုင်းယာနိုက်ဖျော်ရည် နှင့် ၄၀% ဆိုဒီယမ် ဟိုက်ဒရောဆိုဒ်ဖျော်ရည်တို့ကို ဖန်ခွက်ဗလာခုနစ်လုံးထဲတွင် ကြိုတင်ထည့်ထားရမည် ဖြစ်သည်။ ပမာဏနည်းသည့်အတွက် ဖန်ခွက်များက ဗလာကဲ့သို့ ပုံပေါ်နေ၏။ ပြီးလျှင် သူမက ဖန်ခွက်ခုနစ်လုံးထဲသို့ ဖဲရစ် ကလိုရိုက် ၁၀% ဖျော်ရည် ၆၀ မီလီ စီ အစဉ်လိုက် ထည့်ပေးမည်ဖြစ်ပြီး၊ ထိုအရာများက အနီရောင်၊ နို့နှစ်ရောင်၊ ခရမ်းရောင်၊ အညိုရောင်၊ ရွှေဝါရောင်၊ စိမ်းပြာရောင်နှင့် နီညိုရောင် အသီးသီး ပြောင်းလဲသွားမည် ဖြစ်သည်။
စမ်းသပ်မှု လုပ်ငန်းစဉ်တစ်ခုလုံးက မှော်ဆန်သလိုပင်။ လင်းချောင် ဖန်ခွက်ထဲကို လောင်းထည့်လိုက်တိုင်း ကျောင်းသားများက အံ့သြစွာဖြင့် အသံကုန် အော်ဟစ်ကြ၏။
နောက်ဆုံး ဖန်ခွက်အနည်းငယ်အတွက် သူမက အိုးကို ကိုင်မြှောက်လိုက်သည်။
"နောက်ဆုံးက ဘာအရောင် ဖြစ်လာမလဲ ခန့်မှန်းကြည့်ချင်လား။ ဘယ်ကျောင်းသားမဆို မှန်မှန်ကန်ကန် ခန့်မှန်းနိုင်တယ်ဆိုရင် ရှေ့ထွက်လာပြီး နောက်တစ်ခုကို လောင်းထည့်နိုင်ပါတယ်။"
ကျောင်းသားများထံမှ အမျိုးမျိုးသော အရောင်ခန့်မှန်းချက်များ ပေါ်ထွက်လာပြီး သူတို့၏ အမြင်အာရုံကို သဘောကျသွားပြီးနောက် လင်းချောင်က ဓာတုဗေဒ ဖော်မြူလာ အများအပြားကို သင်ပုန်းပေါ် ချရေးလိုက်သည်။
"ဒီနေ့က ငါတို့ရဲ့ နောက်ဆုံးအတန်းပဲ။ ကြိုးစားလေ့လာပြီး နောက်ဆုံးစာမေးပွဲကို အကောင်းဆုံးဖြေကြပါ။ ငါကတော့ ကတိပေးထားတဲ့ ပစ္စည်းတွေကို ပြင်ဆင်ပြီးပါပြီ။ အခုတော့ စာမေးပွဲကို ကောင်းကောင်းဖြေဖို့က မင်းတို့အပေါ်မှာပဲ မူတည်နေပြီ။"
အတန်းပြီးခါနီးတွင် သူမက ပြုံးပြီး စကားအနည်းငယ် ပြောလိုက်ရာ ကျောင်းသားများထံမှ "စာမေးပွဲကို သေချာပေါက် ကောင်းကောင်းဖြေပါ့မယ်" ဆိုသည့် အသံများ တစ်ပြိုင်တည်း ထွက်ပေါ်လာ၏။
ကျောင်းသားများက ပြန်သွားကြသော်လည်း နှမျောတသ ဖြစ်နေကြသလိုပင်။ သူမ ကတိပေးထားသည့် လက်တွေ့ပရောဂျက်ကို စိတ်အားထက်သန်စွာ မျှော်လင့်နေကြ၏။
ကျွင်းဇီက အနည်းငယ် စိတ်ရှုပ်ထွေးနေ၏။
"ကျွန်တော် စာမေးပွဲကို ကောင်းကောင်းဖြေသင့်လား ဒါမှမဟုတ် နည်းနည်း ထိန်းထားသင့်လား။ ဒီတစ်ခါ ကျွန်တော်တို့အတန်းက အရမ်းတိုးတက်သွားလို့ နောက်တစ်ခါ စမ်းသပ်မှုတွေ လုပ်ခွင့်မရတော့ရင် ဘယ်လိုလုပ်မလဲ။"
"အတန်းထဲမှာ မင်းရမှတ်က ငါတို့အတန်းရဲ့ ပျမ်းမျှကိုတောင် မရောက်သေးဘူး။"
သူ့အတန်းဖော်များက သူ့ကို နောက်ပြောင်လိုက်ကြ၏။
ပျော်ရွှင်နေကြသည့် စကားသံများကြားထဲတွင် တုံ့ဆိုင်းနေသည့် အသံတစ်ခုက ထွက်ပေါ်လာ၏။
"နောက်တစ်ခါ... နောက်နှစ်ဝက်မှာရော ဆရာမလင်းက ငါတို့ကို ဆက်သင်ပေးဦးမှာလား။"