← Chapters

အခန်း (၅၂)

Vol. 5 Ch. 52

အခန်း (၅၂)

Vol. 5 Ch. 52

"ဆရာမလင်းက ဘာလို့ နောက်နှစ်ဝက်မှာ ငါတို့ကို စာမသင်တော့မှာလဲ။"

ကျွင်းဇီက ချက်ချင်း တုံ့ပြန်ပြောဆိုလိုက်၏။

ပုံမှန်ဆိုလျှင် အတော်ရိုးသားသည့် ကောင်လေးက ချက်ချင်းနောက်ဆုတ်သွားခဲ့သည်။

"ငါမှားသွားတာလည်း ဖြစ်နိုင်ပါတယ်။"

သို့သော် အရင်က ပျော်ရွှင်နေခဲ့သည့် ပတ်ဝန်းကျင်အနေအထားကတော့ အေးစက်သွားခဲ့လေပြီ။ လူတိုင်းက လင်းချောင်က သူတို့၏ မူလ ဓာတုဗေဒဆရာဖြစ်သည့် ဆရာကျောက်အစား အစားထိုးပြီး စာသင်ပေးနေသည်ကို ရုတ်တရက် သတိရသွားကြ၏။

ကျောင်းပိတ်ရက်နီးလာပြီး နွေရာသီကျောင်းပိတ်ရက် ရောက်တော့မည်ပင်။ ဆောင်းဦး ကျောင်းပြန်ဖွင့်ချိန်တွင်တော့ ဆရာကျောက်၏ ခြေထောက်က သက်သာနေလောက်ပြီဖြစ်သည်။

လင်းချောင် သူတို့ကို အချိန်အကြာကြီး စာမသင်ပေးရသေးသော်လည်း နှစ်လတောင် မပြည့်သေးဘဲ သူမ ထွက်သွားတော့မည်ဆိုသည့် အတွေးကြောင့် လူတိုင်းက ရုတ်တရက်ဆိုသလို ရင်ထဲ လစ်ဟာသွားကြသည်။

လင်းချောင်က သူတို့ကို ဖြစ်နိုင်ခြေအသစ်တစ်ခုကို မိတ်ဆက်ပေးခဲ့ပြီး အရင်က ပျင်းစရာကောင်းခဲ့သည့် ဓာတုဗေဒဘာသာရပ်ကို စိတ်ဝင်စားစရာကောင်းအောင် လုပ်ပေးခဲ့သည်။ သူမက စာသင်ပေးရုံသာမက သူတို့ကို လမ်းပါညွှန်ပေးခဲ့သည့်အတွက် သူမ၏ အတန်းတွင်ဆိုလျှင် အချိန်ကုန်သွားသည်ကိုပင် သတိမထားမိကြပေ။

ဒါ့အပြင် လင်းချောင်က သူတို့၏ ယာယီအတန်းပိုင်ဆရာမလည်း ဖြစ်သောကြောင့် သူတို့က အတန်းသုံးမှ ကျောင်းသားများထက် သူမနှင့်ပိုပြီး ရင်းနှီးကြ၏။ အထူးသဖြင့် လီရှောင်ချို့၏ ဂုဏ်သတင်းကို ပြန်လည်ရှင်းလင်းပေးရန် သူမက အခိုင်အမာ ကြိုးစားပေးခဲ့သည့်နောက်တွင်ဖြစ်သည်။

"ဆရာမလင်းက နောက်နှစ်ဝက်မှာ ဘယ်အတန်းကို သင်ပေးမလဲဆိုတာတောင် ငါတို့မသိဘူးလေ။"

ကျွင်းဇီက ထိုသို့ ပြောလိုက်ပြီး အခုကတည်းက မနာလိုစိတ်ဝင်နေခဲ့လေပြီ။

ချီဟွိုင်ဝမ်ကတော့ တိတ်ဆိတ်နေပြီး မျက်နှာက အေးစက်နေ၏။ သူက သူ့လက်ထဲမှ ဘောပင်ကို လှည့်နေသော်လည်း မကြာခင်မှာတော့ ဘောပင်က စားပွဲပေါ် ပြုတ်ကျသွားခဲ့၏။

"ငါ့ရဲ့ 'မိန်းကလေးတစ်ယောက်ရဲနှလုံးသား' စာအုပ်ကို ပြန်ယူလို့ရမလား။"

အရှေ့က ကောင်လေးက ပတ်ဝန်းကျင်အနေအထားကို ပေါ့ပါးအောင် ကြိုးစားလိုက်သော်လည်း ကံမကောင်းစွာဖြင့် အဆင်မပြေခဲ့ပေ။ သူက အကြိမ်အနည်းငယ် ရယ်လိုက်သည့်တိုင် တခြားဘယ်သူကမှ မရယ်ကြပေ။ လူတိုင်းက အနည်းငယ် စိတ်ဓာတ်ကျနေကြ၏။ သူတို့က လင်းချောင် ထွက်သွားသည်ကို မလိုချင်ကြသော်လည်း ဆရာကျောက်က သူတို့၏ တကယ့်အတန်းပိုင်ဆရာဆိုသည်ကိုတော့ သိထားကြ၏။ လင်းချောင်ကို မသွားစေချင်ရုံနှင့် ဆရာကျောက်ကို ပြန်မကောင်းလာရန် ဆုမတောင်းနိုင်ကြပေ။

စိတ်ပျက်လက်ပျက်နှင့် တစ်ယောက်က သူ့မှတ်စုစာအုပ်ကို ဘောပင်နှင့် ထိုးပစ်လိုက်သည်။

"ဆရာမလင်းက ထွက်သွားတော့မှာဆိုရင် ငါတို့က ဘာလို့ဆက်ပြီး စာကျက်နေရဦးမှာလဲ။"

"ဘာလို့ စာမကျက်ရမှာလဲ။ ဆရာမလင်းက အရာအားလုံးကို ပြင်ဆင်ပြီးသားပဲ။"

ကျွင်းဇီက သူ့စိတ်ဓာတ်ကို မြန်မြန်ပြန်၍အားတင်းလိုက်ပြီး မရှိနေသည့် အင်္ကျီလက်ကို ပင့်တင်လိုက်သည်။

"ငါက ထိန်းထားမလို့ပဲ၊ ဒါပေမဲ့ အခုတော့ မင်းတို့ကို ငါ့ရဲ့ တကယ့်စွမ်းအားကို ပြတော့မယ်။"

အခြားသူများက သူ့ကို စချင်ကြသော်လည်း အခုမှ ဆရာမလင်းကို သူတို့၏ အစွမ်းအစကို မပြနိုင်ခဲ့လျှင် နောက်ထပ်အခွင့်အရေး ရတော့မှာမဟုတ်ဘူးဆိုသည်ကို တွေးမိသွားကြ၏။

"စာကျက်ကြ၊ စာကျက်ကြ။"

ရှေ့က ကောင်လေးနှစ်ယောက်က နောက်လှည့်လာ၏။

"ငါ အဲ့ဒီဓာတုဖော်မြူလာတွေတောင် မမှတ်မိသေးဘူး။"

ကျောင်းသားများကို လှုံ့ဆော်ပေးခြင်းက သံကိုပူတုန်းထုသလိုပင်။ လင်းချောင်၏ အရင်က အောင်မြင်မှုများက အချိန်တိုအတွင်း လုပ်ခဲ့ခြင်းများဖြစ်သည်။ ဒီတစ်ကြိမ်မှာတော့ အချိန်က အလွန်ကြာသွားပြီး ကျောင်းသားအချို့က စိတ်ဓာတ်ကျသွားကြ၏။

ဒါကြောင့် သူမက နောက်ဆုံးစာမေးပွဲအတွက် ဆုလာဘ်များအကြောင်းကို ထပ်ပြောခဲ့ခြင်းဖြစ်သည်။ မထင်မှတ်ဘဲ ကျောင်းသားများ စာကောင်းကောင်းလုပ်နိုင်ရန် တကယ့်လှုံ့ဆော်မှုက သူမ၏ မကြာခင်ထွက်ခွာတော့မည် ဆိုသည့်အကြောင်းသာ ဖြစ်နေခဲ့၏။

ထိုညနေတွင် ကျွင်းဇီက ကူးယူထားသည့် မှတ်စုများအပြင် အရင်က အိမ်စာများနှင့် စာမေးပွဲစာရွက်များ၊ လီရှောင်ချို့ စုစည်းထားသည့် မှားယွင်းမှုများကိုပါ အိမ်ပြန်သယ်လာခဲ့၏။

အာရုံပျက်မည်ကိုစိုး၍ သူက စာရွက်တစ်ရွက်ပေါ်တွင် "ဒီတစ်ခါတော့ ငါ အောင်ရမယ်!" ဟုရေးပြီး သူ့စားပွဲရှေ့မှ နံရံနှင့် တံခါးပေါ်တွင် ကပ်လိုက်၏။ ထို့နောက် ဗိုလ်မှူးကြီးလျန်ကို သွားရှာခဲ့သည်။

"အဖေ၊ ကျွန်တော့်ကို စောင့်ကြည့်ပေးပါ။ ည ၉:၃၀ မဖြစ်ခင် ကျွန်တော် အိပ်ပျော်သွားရင် ခါးပတ်နဲ့ ရိုက်ပါ။"

သူ့ထက် ပိုပင်ပန်းနေသည့် ဗိုလ်မှူးကြီးလျန်ကတော့ ပန်ကာရှေ့တွင် အိပ်ငိုက်နေပြီး ချက်ချင်းပြန်မဖြေနိုင်ခဲ့ပေ။

ဗိုလ်မှူးကြီးလျန်၏ ဇနီးကတော့ တုံ့ပြန်စကားပြောခဲ့၏။

"မင်းက အခုမှ ဘာဖြစ်နေတာလဲ။"

"အမေ နားမလည်ပါဘူး။"

ကျွင်းဇီက အသံသြသြနှင့် အလေးအနက်ထားနေပုံပင်။

"ဒီတစ်ခါတော့ ကျွန်တော် အောင်ကိုအောင်ရမယ်။ ဒါက 'အောင်ရင်အောင် မအောင်ရင်သေမယ်' ဆိုတဲ့ အခြေအနေပဲ။"

သူက လှည့်ထွက်ပြီး သူ့အခန်းကို ပြန်သွားတော့ ဗိုလ်မှူးကြီးလျန်၏ ဇနီးက ဘာမှန်းမသိဘဲ ကျန်နေခဲ့တော့၏။

"'အောင်ရင်အောင် မအောင်ရင်သေမယ်' ဆိုတာ ဘာကိုဆိုလိုတာလဲ။"

ဗိုလ်မှူးကြီးလျန်ကတော့ အိပ်ချင်မူးတူးနှင့် ပြန်ဖြေလိုက်၏။

"သူက မအောင်မြင်ဘူးဆိုရင် သူသေသွားမယ်လို့ ပြောတာ..."

"ဘာ! သူ သေချင်နေတာလား။"

ဗိုလ်မှူးကြီးလျန်၏ ဇနီးက ချက်ချင်းထပြီး သားဖြစ်သူ၏ အခန်းကို အမြန်ပြေးသွားခဲ့၏။

ဗိုလ်မှူးကြီးလျန်က နောက်ဆုံးမှာတော့ အသိဝင်လာခဲ့သည်။

"ဒါက စကားအလင်္ကာနဲ့ ပြောတာပဲလေ။ ဘာလို့ မင်းက အရမ်းစိတ်လှုပ်ရှားနေတာလဲ။"

နောက်တစ်နေ့မှာတော့ ဒုကျောင်းအုပ်ချီတွင် ညနေပိုင်း ကိုယ်တိုင်လေ့လာရေးတာဝန်ရှိ၏။ ပုံမှန်အတိုင်း သူက စင်္ကြန်လမ်းတစ်လျှောက် လျှောက်သွားပြီး တစ်တန်းလုံးကို လှည့်ပတ်စစ်ဆေးခဲ့သည်။ အံ့သြစရာကောင်းသည်ကတော့ အတန်းလေးတွင် လူအများဆုံးရှိနေခြင်းပင်။

ဒီအတန်းက အရင်က ပြဿနာရှာတတ်သည့် အတန်းဖြစ်ပြီး ခုံလွတ်များလည်း အများကြီးရှိတတ်၏။ သူ မနေနိုင်ဘဲ နောက်တစ်ကြိမ် ထပ်ရေကြည့်ပြန်သည်။ ရေကြည့်သော်လည်း လူအများဆုံးအတန်း ဖြစ်နေသေး၏။ နောက်တံခါးမှ ကြည့်လိုက်ရာ နောက်ဆုံးတန်းမှ ပြဿနာရှာတတ်သူများပင်လျှင် ဓာတုဗေဒဘာသာရပ်ကို ဦးနှောက်စွမ်းရည်အကုန်သုံး၍ လုပ်နေကြ၏။

ခေါင်းဆောင်ကောက ဒီတစ်ခါတော့ ဒုက္ခရောက်နေလေပြီ။ သူက ပြုံးပြီး ခေါင်းခါလိုက်ကာ အတန်းထဲကို ပြန်သွားခဲ့၏။

စာမေးပွဲနေ့တွင် လင်းချောင်က စောစောရောက်လာပြီး ကျောင်းသားများကို သူတို့၏ စာရေးကိရိယာများကို စစ်ဆေးရန် သတိပေးပြီး နောက်ဆုံးစာမေးပွဲအတွက် ဆုတောင်းပေးခဲ့သေးသည်။

"မင်းတို့ လိုအပ်တဲ့အရာအားလုံးကို ပြန်လေ့လာပြီးသွားပြီ။ စိတ်ကို ပေါ့ပေါ့ပါးပါးထား။ မထားနိုင်ဘူးဆိုရင် နွေရာသီကျောင်းပိတ်ရက်ရောက်တော့မယ်ဆိုတာကိုပဲ တွေးလိုက်။ ငါ့ရဲ့ ကြိမ်လုံးလေးနဲ့ စာကျက်ဖို့ တိုက်တွန်းနေတာမျိုးတော့ မရှိတော့ဘူးပေါ့။"

သူမ၏ ဟာသဆန်သည့်စကားများက ကျောင်းသားများကို ရယ်မောသွားစေခဲ့သော်လည်း သူတို့က ပြန်ပြီး တိတ်ဆိတ်သွားကြပြန်၏။

"ဖိအားမထားနဲ့။"

လင်းချောင်က လက်ခုပ်တီးလိုက်သည်။

"ငါ ပစ္စည်းအားလုံးကို ပြင်ဆင်ထားပြီးပြီ။ မင်းတို့ ကောင်းကောင်းမလုပ်နိုင်ရင်တောင် သူတို့က ငါ့ကို ပြန်အမ်းငွေပေးတော့မှာမဟုတ်ဘူး။"

ဒီစကားက ကျောင်းသားများကို ထပ်ပြီး ရယ်မောစေခဲ့ကာ သူတို့၏ စိတ်ဓာတ်များတက်ကြွလာကြ၏။

"ဒီတစ်ခါတော့ ကျွန်တော်တို့ သေချာပေါက် ကောင်းကောင်းလုပ်နိုင်မှာပါ!"

တစ်တန်းလုံးက အော်လိုက်ကြသည်။ အထူးသဖြင့် နောက်ဆုံးတန်းမှ ပြဿနာရှာတတ်သူများက တခြားသူများထက် အသံပိုကျယ်နေ၏။ အသံက စင်္ကြန်လမ်းအထိ ရောက်သွားတော့ အတန်း၅မှ ဆရာပိုင်က အခန်းထဲက ထွက်လာရင်း နောက်ကို ဆုတ်လိုက်မိ၏။

"ဘာဖြစ်နေတာလဲ။ သူတို့က စာမေးပွဲသွားဖြေကြမှာလား ဒါမှမဟုတ် စစ်တိုက်ထွက်ကြမှာလား။"

စာမေးပွဲပြီးသွားသည့်နောက် ကျောင်းက လုံးဝရှင်းသွားပြီး ဆရာ၊ ဆရာမများသာ ရုံးခန်းတွင် စာရွက်များစစ်ရန်ကျန်နေခဲ့ပြီး နွေရာသီ၏ အပူဒဏ်ကို ခံနေကြရ၏။

လင်းချောင်က ရေခဲမုန့်နှင့် ရေခဲချောင်းများကို အိတ်အကြီးကြီး ဝယ်လာခဲ့သည်။ "အားလုံး တစ်ခုစီယူပြီး အပူဖြေလိုက်ကြပါ။ ကျွန်မတို့ စာရွက်တွေကို နောက်မှစစ်မယ်။ ဒီတစ်ခါတော့ ဘယ်သူမှ ကျွန်မတို့ကို အဖြေလွှာအတွက် အလျင်စလိုလုပ်ခိုင်းတာမျိုး မရှိပါဘူး။"

ဒီစကားကို ကြားလိုက်တော့ အဖွဲ့ခေါင်းဆောင်ကောက နောက်ဆုံးလ စာမေးပွဲပြီးနောက် အတန်းသုံးနှင့် လေးမှ ကျောင်းသားများက အလှည့်ကျ အကြောင်းပြချက်များရှာပြီး သတင်းများလာမေးကြသည်ကို မှတ်မိသွား၏။ သူ ပြုံးလိုက်ပြီး ရေခဲချောင်း တစ်ခုယူလိုက်သည်။

"ဒါဆိုလည်း အားနာမနေတော့ပါဘူး။"

"အားနာဖို့မလိုပါဘူး။"

လင်းချောင်က ပြုံးပြီး ပိုပေးလိုက်၏။

"နောက်တစ်ခါဆို အခွင့်အရေး ရချင်မှ ရတော့မှာ။"

ဒီစကားကြောင့် လူတိုင်းက သူမကို ကြည့်လာကြ၏။ အထူးသဖြင့် အဖွဲ့ခေါင်းဆောင်ကောက အနီးနားမှ စာရွက်များစစ်နေသည့် ဒုကျောင်းအုပ်ချီကို တိုက်ရိုက်မေးလိုက်၏။

"သူမ ထွက်သွားတော့မှာလား။"

"သေချာတော့ မသိသေးဘူး။"

ဒုကျောင်းအုပ်ချီက ပြန်ဖြေလိုက်သည်။

"ဒါပေမဲ့လည်း သူမရဲ့ အရည်အချင်းနဲ့ဆို ဘယ်နေရာမှာမဆို ကောင်းကောင်းသင်နိုင်တယ်။ စိတ်ပူစရာမလိုပါဘူး။"

"မှန်တယ်။"

အဖွဲ့ခေါင်းဆောင်ကောက ရေခဲချောင်းကို ကိုက်ရင်း ပြောလိုက်၏။

"ဒီတစ်ခါတော့ သူမ ကျွန်တော်တို့ကို ကျော်တက်သွားမှာကို ကြောက်နေမိတယ်။"

ထိုအချိန်တွင် တခြားရူပဗေဒဆရာတစ်ယောက်က ပြောလိုက်၏။

"ဒါ ဘယ်အတန်းကလဲ။ ရူပဗေဒမှာ အမှတ်ပြည့်ရတယ်။"

သူက ချိပ်ပိတ်ထားသည့် အဖြေလွှာစာရွက်ကို အမြန်စစ်လိုက်သည်။

"တကယ်လား။"

ရေခဲချောင်းစားနေသည့် ဒုကျောင်းအုပ်ချီက စာစစ်နေရင်းနှင့် ဒီစကားကို မကြားသလိုမနေနိုင်ခဲ့ပေ။

တခြားဘာသာရပ်ဆရာများလည်း လှမ်းကြည့်လိုက်ကြ၏။ မကြာခင်မှာပဲ စာမေးပွဲစာရွက်ပေါ်မှ နာမည် ပေါ်လာ၏။

"ချို့... ရှောင်ချို့... မင်းအတန်းထဲက လီရှောင်ချို့လား၊ ဆရာမလင်း။"

လင်းချောင်လည်း မသိသောကြောင့် လာကြည့်လိုက်၏။

"သူ့လက်ရေးနဲ့တော့ တူတယ်။"

"တော်တော်ကောင်းတာပဲ။ ငါတို့ကျောင်းမှာ ရူပဗေဒဘာသာ အမှတ်ပြည့်မရခဲ့တာ ဘယ်လောက်ကြာပြီလဲ။"

ရူပဗေဒဆရာက ဒုကျောင်းအုပ်ချီကို မေးလိုက်၏။

"နောက်ဆုံးတစ်ယောက်က ဝူဟိုင်ယန်လေ။"

ဒုကျောင်းအုပ်ချီက ကောင်းကောင်းမှတ်မိနေ၏။

"ခင်ဗျား သင်ခဲ့တာတွေချည်းပါပဲ။" ရူပဗေဒဆရာက သက်ပြင်းချရင်း လင်းချောင်ကို မေးလိုက်သည်။

"လီရှောင်ချို့က ဓာတုဗေဒလည်း တော်တယ်မလား။"

"သူမက သိပ္ပံဘာသာရပ်အားလုံးမှာ တော်တယ်၊ ဒါပေမဲ့ တရုတ်စာနဲ့ အင်္ဂလိပ်စာကတော့ နည်းနည်းညံ့တယ်။"

ဓာတုဗေဒစာရွက်များကို အမှတ်ပေးပြီးခါစဖြစ်ပြီး အမှတ်စုစုပေါင်းတွက်ရန် ပြင်ဆင်နေကြ၏။ အဖွဲ့ခေါင်းဆောင်ကောက ရေခဲချောင်းကိုက်ရင်း တစ်ရွက်ယူကာ ဖွင့်ကြည့်လိုက်သည်။

"သူမဟာ အရင်ကြည့်ရအောင်။"

မကြာခင်မှာပဲ လီရှောင်ချို့၏ စာရွက်ကို ထုတ်ယူလိုက်၏—၉၄ မှတ်။ မြင့်သည်ဟု မထင်ရသော်လည်း အတန်း၏ ပျမ်းမျှအမှတ်က ၆၀ လောက်သာရှိချိန်တွင် ၉၀ ကျော်သည်က ရှား၏။

ဒုကျောင်းအုပ်ချီက မနေနိုင်ဘဲ ဝင်ပြောလိုက်၏။

"ဘာသာရပ်နှစ်ခုကို ၁၉၄ မှတ်။ သူက အလားအလာရှိတဲ့ သိပ္ပံကျောင်းသူပဲ။"

သူပြောလိုက်သည်နှင့် လင်းချောင်က ချီဟွိုင်ဝမ်ကို သတိရသွားပြီး သူ့စာရွက်ကို ရှာရန် လုပ်နေချိန်တွင် အုပ်စုခေါင်းဆောင်ကောက ရှာတွေ့ပြီးသားဖြစ်နေခဲ့လေပြီ။ အမှတ်တွက်ပြီးနောက် ၈၇ မှတ်ရနေ၏။

"မင်းအတန်းက ဓာတုဗေဒ တိုးတက်လာတာ မြန်တယ်နော်။ သူက နှစ်လယ်စာမေးပွဲလည်း အောင်ခဲတယ်၊ ပြီးခဲ့တဲ့တစ်ခေါက်တုန်းကဆို ၈၀ တောင် မကျော်ဘူး။"

အတန်းလေး၏ ဓာတုဗေဒ တိုးတက်မှုက မြန်ရုံတင်မက အတော်လေးလည်း ကြောက်စရာကောင်းသည်။ ဒီတစ်ခါမှာတော့ အတန်းသုံးက အဖွဲ့ခေါင်းဆောင်ကော၏ အတန်းတစ်ကို မကျော်နိုင်ခဲ့ဘဲ အတန်းလေးက အတန်းသုံးကို ကျော်တက်သွားခဲ့လေသည်။

ဒါက အတန်းအားလုံးထဲတွင် အနိမ့်ဆုံးအဆင့်ရှိသည့်အတန်းဖြစ်၏။ လင်းချောင်တောင် ဟာသလုပ်ခဲ့ဖူးသေးသည်။

"ဘာပဲဖြစ်ဖြစ် ငါတို့အတန်းက တိုးတက်ဖို့ နေရာတွေအများကြီးရှိတယ်။"

အနည်းငယ်သာ ကျော်တက်ခဲ့သည့်တိုင်ရလဒ်များ ထွက်လာတော့ အတန်းလေးက မယုံနိုင်ဖြစ်နေကြ၏။ ကနဦး တုန်လှုပ်မှုများ ကုန်ဆုံးသွားသည့်အခါ သူတို့က ပျော်ရွှင်စွာ အော်ဟစ်ပြီး လီရှောင်ချို့ကို ကျေးဇူးတင်ရန် ပြေးသွားလိုက်ကြသည်။

"မင်း တော်လိုက်တာ။ မင်းက နောက်ဆုံးမေးခွန်းကြီးကို မှန်အောင်ဖြေနိုင်ခဲ့တာပဲ!"

ထို့နောက် သူတို့အားလုံး လင်းချောင်ကို ကျေးဇူးတင်ရန် သွားခဲ့ကြ၏။

လင်ချောင်က မမျှော်လင့်ထားဘဲ ရဲရင့်သည့်ကောင်မလေးတစ်ယောက် လာဖက်သည်ကို ခံလိုက်ရပြီး နောက်တစ်ယောက်ကလည်း လာဖက်ပြန်သည်။ သူမက ပျော်လည်းပျော်၊ ဝမ်းလည်းနည်းမိသည်။

"မနက်ဖြန် ဘာတွေယူလာရမယ်ဆိုတာ ပြောပြမယ်။ အကုန်လုံးကိုယူလာခဲ့၊ ငါတို့ စမ်းသပ်မှုလုပ်ကြမယ်။"

သူမက ပစ္စည်းများ ပြင်ဆင်ထားသော်လည်း သူတို့က ကိုယ်တိုင် အိမ်မှ ဇလုံများ ယူလာရမည်။

တစ်ယောက်က လင်းချောင်ကို ဖက်လိုက်သည်ကို မြင်တော့ ကျောင်းသားများက စနောက်လိုက်ကြ၏။ နောက်တစ်ယောက် ထပ်လာဖက်ပြီးမှ လေးလေးနက်နက် ထိုင်နားထောင်ခဲ့ကြသည်။

သို့သော်လည်း လင်းချောင်က နောက်တစ်နေ့ မနက် ကျောင်းရောက်ရောက်ချင်း လီရှောင်ချို့က သူမကို ပိုက်ဆံအကြွေ တစ်ထပ်လိုက်ကြီး လာပေးလိမ့်မည်ဟုတော့ မမျှော်လင့်ထားခဲ့ပေ။

ထိုအချိန်တုန်းက ကျွင်းဇီကလည်း သူမနှင့်အတူရှိနေပြီး အတန်းထဲမှ ယောက်ျားလေးနှစ်ယောက်လည်း ပစ္စည်းအမျိုးမျိုး သယ်သည်ကို ကူညီနေကြ၏။ ပစ္စည်းများ နေရာချလိုက်ပြီးသည့်နောက်တွင် ယောက်ျားလေးများက သူတို့၏ အင်္ကျီများဖြင့် သူတို့ ကိုယ်တိုင် လေယပ်နေတုန်းမှာပဲ လီရှောင်ချောင်က ရှေ့ကို ရောက်လာ၏။ "ဆရာမလင်း... ဒီစမ်းသပ်မှုအတွက် ဆရာမ ပိုက်ဆံမပေးပါနဲ့။"

ကောင်မလေးက ပြောနေရင်း ရှက်နေသော်လည်း မျက်လုံးများကတော့ တောက်ပနေ၏။

"ဒါက အတန်းနှစ်ခုလုံးကနေ ကျွန်မတို့ စုထားတာပါ။ လုံလောက်လားတော့ မသိဘူး။"

တကယ်ကိုပဲ ထူထဲသည့် အထပ်လိုက်ဖြစ်ပြီး ပိုက်ဆံအကြွေများသီးသန့်ဖြစ်သည်။ တချို့ကတော့ နွမ်းနယ်နေသော်လည်း သေသေချာချာတော့ စုစည်းထား၏။ အတန်းနှစ်ခုလုံးမှ ကျောင်းသားတစ်ရာကျော်၏ စေတနာအပြည့်ဖြင့် ထည့်ဝင်ငွေများလည်း ဖြစ်သည်။

လင်ချောင်က ထိုချိုမြိန်သည့် ခံစားမှုကို ထပ်မံခံစားလိုက်ရပြီး အောက်မှ လူငယ်များ၏မျက်နှာများကို ကြည့်ကာ ခဏတာ စကားမပြောနိုင်ဖြစ်သွားခဲ့ရသည်။

"ဆရာမ၊ မငြင်းပါနဲ့။"

စကားပိုများသည့် အတန်းသုံးမှ ဓာတုဗေဒအတန်းကိုယ်စားလှယ်က ပြုံးပြီး ချက်ချင်းပြောလိုက်၏။

"ပိုက်ဆံကောက်တုန်းက ဘယ်သူဘယ်လောက်ထည့်တယ်ဆိုတာ မှတ်မထားတော့ ဘယ်သူမှ မသိနိုင်ပါဘူး။"

ဒါက နည်းနည်းတော့ လက်မခံနိုင်စရာဖြစ်နေသော်လည်း လင်းချောင်က ပိုက်ဆံကို ကိုင်ထားရင်း မငြင်းနိုင်ဖြစ်နေခဲ့ရသည်။

ထိုအခိုက်အတန့်မှာပဲ သူမက ကစားကွင်းတွင် ဘွဲ့နှင်းသဘင် ဓာတ်ပုံရိုက်နေသည့် ဒုတိယနှစ်ကျောင်းသားများကို သတိထားမိလိုက်ပြီး အတွေးတစ်ခု ရလိုက်၏။

"ငါ့ကို စောင့်ဦး။"

သူမ အမြန်ပြန်လာခဲ့သည်။

"ဒီပိုက်ဆံကို ငါမယူဘူး။ ဒါပေမဲ့ ဓာတ်ပုံဆရာနဲ့ စကားပြောပြီးပြီ၊ အတန်းနှစ်ခုလုံးအတွက် အဖွဲ့လိုက်ဓာတ်ပုံရိုက်ဖို့ သုံးလိုက်မယ်။"

ထိုနေ့မနက်တွင် ကျောင်းသားများက သူတို့ ကိုယ်တိုင်လုပ်ထားသည့် ဆပ်ပြာများကို အိမ်သို့ ယူသွားကြ၏။ ဆပ်ပြာများက ပုံမဖော်ရသေးပေ။ ကျန်သည့်အဆင့်များက ရိုးရှင်းသည့်အတွက် လင်းချောင်က အိမ်တွင်သာ အပြီးသတ်လုပ်ရန် ပြောလိုက်၏။

ကျွင်းဇီ ယူလာသည့်အရာကို မြင်တော့ ဗိုလ်မှူးကြီးလျန်၏ ဇနီးက မယုံနိုင်ဖြစ်သွားရ၏။

"ဆပ်ပြာလုပ်တာက ဒီလိုလား။"

ကျွင်းဇီက သူမ ဖျက်ဆီးမိမည်ကို စိုးရိမ်သောကြောင့် အမြန်ပြန်ယူလိုက်သည်။

"ဟုတ်တာပေါ့၊ ကျွန်တော်တို့ ဆရာမလင်းက ဘာမဆို လုပ်နိုင်တယ်။"

သူက ကာအကွယ်လိုက်သလို ပွေ့ဖက်ပြီး ပြောလိုက်၏။

"ဒီဘူးထဲမှာ လေးတုံးပါတယ်။ ပြီးရင် ဆရာမလင်းကို ကျွန်တော့်နာမည်နဲ့ တစ်တုံးပေးမယ်။"

"မင်းဆရာမက မင်းဆပ်ပြာကို လိုအပ်နေလို့လား။"

ဗိုလ်မှူးကြီးလျန်၏ ဇနီးက စကားမပြောနိုင်ဖြစ်သွားခဲ့သည်။

သို့သော်လည်း ကျွင်းဇီကတော့ ပုံမှန်မဟုတ်ဘဲ စိတ်ဓာတ်ကျနေခဲ့၏။

"ဆရာမလင်းက နောက်နှစ်ဝက် ကျွန်တော်တို့ကို မသင်တော့ဘူး။ ကျွန်တော့်ကို မေ့သွားမှာ ကြောက်တယ်။"

"ဘာ? ဆရာမလင်းက မင်းတို့ကို နောက်နှစ်ဝက် မသင်တော့ဘူးလား။"

ဗိုလ်မှူးကြီးလျန်၏ဇနီးက ဗိုလ်မှူးကြီးလျန်ထက်ပင် ပိုပြီး ပြင်းပြင်းထန်ထန် တုံ့ပြန်လိုက်၏။

"ဘာလို့ မသင်ရတာလဲ။"

ဗိုလ်မှူးကြီးလျန်က မနေနိုင်ဘဲ ဖြတ်ပြောလိုက်၏။

"ဆရာမလင်းက သူတို့အတွက် အစားထိုးဆရာမပဲလေ။ နောက်ပြီး မင်းကလည်း သူ့ကို မကြိုက်ဘူးမလား။"

"ဘယ်သူက မကြိုက်ဘူးပြောလို့လဲ။"

ဗိုလ်မှူးကြီးလျန်၏ဇနီးက ထစ်ထစ်အအ ပြောလိုက်၏။

"ကျွန်မက သူ့ကို နားမလည်တာပဲရှိတာ၊ သူမက အိမ်ထောင်မထိန်းနိုင်ဘူးလို့ ထင်ခဲ့တာ။ သူမ ဒီလောက်အလုပ်များမယ်မှန်း ဘယ်သူသိမှာလဲ။"

အလုပ်မရှိဘဲ မချက်ပြုတ်နိုင်လျှင် အိမ်ထောင်မထိန်းနိုင်ခြင်းဖြစ်ပြီး အလုပ်ကောင်းကောင်းလုပ်ပြီး မချက်ပြုတ်နိုင်လျှင်တော့ အလုပ်များလို့ဖြစ်သည်...

ဗိုလ်မှူးကြီးလျန်က သူ့ဇနီးကို ဘာမှမပြောချင်တော့သော်လည်း လင်းချောင်က ကျွင်းဇီကို ဆက်မသင်တော့မည်ကိုတော့ အနည်းငယ် နှမြောမိသည်။ ဘာလို့လဲဆိုတော့ ကျွင်းဇီ၏ အမှတ်များက တိုးတက်လာပြီး ဒီနှစ်ဝက်တွင် ဓာတုဗေဒဘာသာကိုပင် အောင်ခဲ့သေး၏။ တခြားဘာသာရပ်များတွင် သူ၏တိုးတက်မှုက သိသာထင်ရှားသည်တော့ မဟုတ်သော်လည်း အရင်ကထက်တော့ ကောင်းနေသေးသည်။

All Chapters