အခန်း (၅၃)
Vol. 5 Ch. 53
ကျောင်းသားများက ဓာတ်ပုံများကို နှစ်ဝက်အသစ်ရောက်မှ ရမည်ဖြစ်သော်လည်း လင်းချောင်ကတော့ ချက်ချင်း ရခဲ့၏—စုစုပေါင်း နှစ်ပုံဖြစ်သည်။
လူများလွန်းသဖြင့် တစ်ပုံတည်းနှင့် အကုန်မဝင်သည့်အတွက် သူမက အတန်းတစ်တန်းစီနှင့် သီးခြားအဖွဲ့လိုက်ဓာတ်ပုံ ရိုက်ကာ သူမ၏စားပွဲပေါ် တင်ထားခဲ့၏။
ကျိသော် အိမ်ပြန်ရောက်ပြီး ဒါတွေကို မြင်တော့ လက်နောက်ပစ်ကာ ဓာတ်ပုံများကို ကြည့်လိုက်၏။
"ကျောင်းသားတွေ ဘွဲ့ရသွားပြီလား။"
လတ်တလောတွင် ဒီလူက မနက်စောစောထွက်သွားပြီး ညဉ့်နက်မှ အိမ်ပြန်လာတတ်၏။ တစ်ခါတလေ တနင်္ဂနွေနေ့များပင် အိမ်၌ မရှိပေ။ စစ်ရေးကိစ္စများနှင့် အလုပ်များနေသည်လား၊ သူ့ကိုယ်ပိုင်ကိစ္စများနှင့် အလုပ်များနေသည်လားကိုတော့ မရှင်းပေ။ သူက နေလောင်လာပြီး သူ့စကားသံကလည်း ပိုပြီး အာဏာရှိသည့်လေသံ ပေါက်လာ၏။ တစ်ခါတုန်းကဆိုလျှင် သူကမေ့ပြီး သူမကို "ရှောင်ချွေ့၊ ငါ့ကို ရေတစ်ခွက်ပေးစမ်းပါ" လို့ ခေါ်ခဲ့ဖူး၏။
လင်းချောင်က သူ့အတွက် သွားယူပေးတော့ သူက မော့မကြည့်ဘဲ ယူပြီး သောက်လိုက်ကာ အလုပ်ဆက်လုပ်နေ၏။
ထိုညက အိပ်ဖို့ ပြင်ဆင်နေတုန်း သူမက သူ့ကို ပေါ့ပေါ့ပါးပါး မေးလိုက်၏။
"ကျွန်မ နာမည်က ဘယ်တုန်းက ချွေ့ ပြောင်းသွားတာလဲ။"
ထိုလူက နှစ်စက္ကန့်လောက် စိတ်ရှုပ်ထွေးသွားပြီးမှ ပြန်ပြောလိုက်၏။
"ရှောင်ချွေ့က ကိုယ့်လက်အောက်ကလူပါ။"
ဒီနေ့ သူ အိမ်စောစောပြန်လာသည့်အတွက် လင်းချောင်က မေးလိုက်သည်။
"ရှင့်သူငယ်ချင်းရဲ့ ဆပ်ပြာရည် ပထမအသုတ်က ရောင်းဖို့ အဆင်သင့်ဖြစ်လောက်ပြီနော်။"
ကျိသော် ဘာမှမသိခဲ့ချေ။ သူ့တူကို နေ့တိုင်းလိုက်မေးနေလို့လည်း မဖြစ်ပေ။ ဓာတ်ပုံထဲမှ အတန်းများကို သူညွှန်ပြလိုက်၏။
"အတန်းလေး၊ အတန်းသုံးလား"
သူ သိပ်မပြောချင်သည့်ပုံဖြစ်နေသည့်အတွက် လင်းချောင်လည်း ဆက်မမေးတော့ပေ။ သူမ ဝေစုကိုတော့ သူ လိမ်လည်မည် မဟုတ်ဟု သူမ ယုံကြည်၏။ ထို့ပြင် သူမတွင်လည်း အရန်အစီအစဉ်တစ်ခု ရှိထားပြီးသားဖြစ်သည်။
သူမက ပြုံးလိုက်၏။
"ကျောင်းသားတွေ ဘွဲ့ရတာ မဟုတ်ဘူး၊ ကျွန်မပါ။"
ဆရာမတစ်ယောက်ဖြစ်သည့် ရွှီလီကို သတိရမိသောကြောင့် သူမ မေးလိုက်၏။
"အိမ်မှာလည်း ဒီလိုဓာတ်ပုံတွေ အများကြီး ရှိတယ်မလား။"
"ဟုတ်တယ်၊ တစ်ဒါဇင်လောက်တော့ ရှိတယ်။"
ကျိသော် ဒီနေ့ အလုပ်မမျာနေပေ။ ထိုင်ပြီးနောက် စာဖတ်ရန် ဒါမှမဟုတ် စာရွက်စာတမ်းများ ကြည့်ရန် လုံးဝ အလျင်မလိုနေခဲ့ချေ။
လင်းချောင်က လှည့်ပြီး စားပွဲပေါ် ထိုင်လိုက်သည်။
"ကျွန်မတို့ အမေက ၂၁ ခုနှစ်မှာ မွေးတာနော်။ အဲ့ဒီတုန်းက မိန်းကလေးတွေ စာသင်တာ သိပ်မများဘူး မဟုတ်လား။"
သူမ အမြဲတမ်း သိချင်နေခဲ့၏။ ရွှီလီတို့ အရွယ် ရွာမှ အမျိုးသမီးများစွာသည် အချည်အနှောင်များ ရှိနေသေးသည့်အတွက် စာမတတ်မြောက်ကြပေ။ ဒါတောင်မှ ရွှီလီက အလယ်တန်းကျောင်းပညာရေးကို သင်နိုင်သည်ဆိုတော့ ပညာအရည်အချင်း မြင့်မားသည်မှာ သိသာ၏။
သူမ ဘေးတစောင်း ထိုင်လိုက်တော့ သူမ၏ ခြေတံရှည်များကို တင်ဖို့ နေရာမရှိသည့်အတွက် ခြေထောက်များကို တွဲလောင်းချထားလိုက်၏။ သူမ ဝတ်ထားသည့် အတွင်းခံအသစ်ကြောင့် သိမ်မွေ့သည့် ကောက်ကြောင်းများကို မြင်နေရ၏။
ကျိသော် ဘာမှမပြောဘဲ သူမ၏ စကပ်ကို ဒူးအထိရောက်အောင် ဆွဲချလိုက်သည်။ လင်းချောင် သတိမထားမိခဲ့သလို သူတို့မင်္ဂလာမဆောင်ခင် ရွှီလီချုပ်ပေးခဲ့သည့် စကပ်ကလည်း မတိုနေပေ။ နောက်ပြီး သူတို့က အိမ်တွင် နှစ်ယောက်တည်းဖြစ်၏။ သူက တခြားသူများ မြင်မည်ကို စိုးရိမ်ခြင်းသာ ဖြစ်ရမည်။ သို့သော်လည်း ခြင်မများကသာ သွေးစုပ်ပြီး ခြင်ထီးများက သွေးမစုပ်တတ်။
ရာသီဥတုပူသည့်အတွက် လင်းချောင်က အလိုလို ရှောင်လိုက်သည်။ သူမက ကျိသော် ပြောသည်ကို ကြားလိုက်ရ၏။
"အမေ့ရဲ့ မိသားစုက သူတို့ဇာတိမြို့မှာ ပထမဆုံး မိန်းကလေးကျောင်းကို စဖွင့်ခဲ့တာ။"
ဒါက သူမကို အံ့အားသင့်မိစေခဲ့၏။
"ကျွန်မတို့ အမေရဲ့ မိသားစုက အဲ့ဒီလောက်တောင် သြဇာညောင်းခဲ့တာလား။"
"မဆိုးပါဘူး။ ဒေသခံတွေကြားမှာတော့ နာမည်ကြီးခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ သူတို့က ပစ္စည်းဥစ္စာအားလုံးကို လှူဒါန်းပြီး တော်လှန်ရေးမှာ ပါဝင်ခဲ့တယ်လေ။"
သူတို့ လက်ထပ်တုန်းက ရွှီလီ၏ မိသားစုဘက်မှ ဘယ်သူမှ မတက်ရောက်ခဲ့သလို သူမကလည်း ဘယ်တော့မှ မပြောခဲ့ပေ။ ရွှီလီတို့မိသားစု၏ နောက်ခံကို ကြည့်လျှင် ဘာလို့ အဖိုးကြီးနဲ့ လက်ထပ်ခဲ့ရမှာလဲ။ သူ ဘယ်လောက်ပဲ ထူးချွန်ပါစေ၊ သူက မုဆိုးဖို၊ သူမထက် ဆယ်နှစ်နီးပါးကြီးပြီး အရင်အိမ်ထောင်မှ သားတစ်ယောက်လည်းရှိသေးသည်။
ကျိသော်က သူမ ဘာတွေးနေလဲဆိုသည်ကို သိပုံရ၏။
"အဖေက အမေနဲ့ တွေ့တော့ သူ့မိသားစုက ဆုံးသွားပြီ။ အမေတစ်ယောက်ပဲ မိန်းကလေးကျောင်းက ကျောင်းသူတွေနဲ့ ကျန်ခဲ့ပြီး ဒဏ်ရာရသူတွေကို ကူညီစောင့်ရှောက်နေခဲ့တာ။"
ထိုခေတ်တွင် လူအနည်းငယ်သာ အသက်ရှင်ကျန်ရစ်ခဲ့သည်က ပုံမှန်ပင်။ ရွှီလီလို ခင်မင်စရာကောင်းပြီး စိတ်မဆိုးဒေါသလည်း မထွက်တတ်သူက အကောင်းဆုံး နောက်ခံရှိခဲ့သူ ဖြစ်နေ၏။ ထို့ပြင် သူမက သူမ၏ နောက်ခံကိုလည်း သိပ်ဂရုမစိုက်သလို ယဲ့မင်ရှူးကဲ့သို့ လူတစ်ယောက်ကို တိုင်းတာရာတွင် နောက်ခံတစ်ခုတည်းကိုသာ တိုင်းတာတတ်သူ မဟုတ်ပေ။
လင်းချောင် အနည်းငယ် စိတ်လှုပ်ရှားသွားပြီးနောက် ကျိသော် သူမ၏ စကပ်ကို ထပ်ဆွဲနေသည့်အတွက် အောက်ငုံ့ကြည့်လိုက်၏။ ဒီတစ်ခါတော့ သူမ စကားမပြောနိုင်ဖြစ်သွားပြီး သူ့ခြေထောက်ကို ကန်လိုက်သည်။
"အိပ်တဲ့အခါကျ ဘာလို့ အဝတ်အစားတိုနေလားဆိုပြီး ဂရုမစိုက်တာလဲ။"
ကျိသော် မျက်မှောင်ကြုတ်လိုက်၏။
"မင်း အိပ်တဲ့အခါ ဘယ်လောက်ကြာအောင် ဝတ်ချင်လို့လဲ။"
အတူနေသည်မှာ ကြာလာတော့ လင်းချောင်က ဒီလို တိတ်ဆိတ်နေတတ်သူက တစ်ခါတလေ သူမကို စကားပင်မပြောနိုင်လောက်အောင် လုပ်နိုင်သည်ကို သဘောပေါက်လာခဲ့၏။
ထို့အပြင် "မင်း အိပ်တဲ့အခါ ဘယ်လောက်ကြာအောင် ဝတ်ချင်လို့လဲ" ဆိုသည့်းစကားက အနည်းငယ် သွယ်ဝိုက်ပြောဆိုနေခြင်း မဟုတ်ပေလား။
လင်းချောင်က လှည့်လိုက်ပြီး သူမ၏ ခြေဗလာများကို သူ့ဒူးပေါ် တင်လိုက်၏။
"ဆွဲချလေ၊ ဒီတစ်ခါတော့ ပိုနီးလာပြီ။"
တကယ်ကို ပိုနီးလာ၏။ သို့သော် သူမ၏ဒူးများက ကွေးနေတော့ သူမစကပ်အနားစက အောက်ကို တွဲကျနေပြီး သူမ၏ လှပသည့် ဒူးခေါင်းများကို ခဏခဏ မြင်နေရ၏။ သူမ၏ သွယ်လျသည့် ခြေထောက်များက အခုဆိုလျှင် သူ့ထံမှ လက်မအနည်းငယ်သာ ကွာတော့၏။ အနည်းငယ် ငုံ့ကြည့်လိုက်သည်နှင့် သူ၏အစိမ်းရင့်ရောင် စစ်ဘောင်းဘီနှင့် ကပ်နေသည့် ဖြူဖျော့သည့် အသားအရေကို မြင်နိုင်၏။
ကျိသော်က ခေါင်းကို အနည်းငယ် လှည့်ပြီး ကုလားထိုင်နောက်မှီပေါ် မှီလိုက်၏။
"မင်း သေချာရဲ့လား။"
"လုပ်လေ။"
လင်းချောင်က သူမစကပ်၏ တစ်ခြမ်းကို မတင်လိုက်၏။
ထိုအရာရှိအိုကြီးက ကိုယ်ကျင့်တရား ကောင်းချင်ယောင်ဆောင်နေသော်လည်း တကယ်တော့ ထိုသို့သောသူ မဟုတ်ပေ။
အိမ်တွင် စကပ်ဝတ်သည်ကိုပင် သူ စိတ်ပူနေ၏။ လင်းချောင်က သူ ဘယ်လောက်ကြာကြာ ဒီလိုဆက်လုပ်နိုင်မလဲဆိုသည်ကို သိချင်သည့်အတွက် သူ့ဒူးပေါ်ကို တမင်တကာ တက်နင်းလိုက်သည်။
ထိုသို့ နင်းလိုက်ချိန်တွင် ကျိသော်၏ လက်က လှုပ်ရှားသွားသော်လည်း သူမစကပ်ရှ်ိရာကိုတော့ မဟုတ်ပေ။ ခြေကျင်းဝတ်ပေါ်မှ အပူကို ခံစားမိတော့ လင်းချောင် မတုံ့ပြန်ရသေးခင်မှာပဲ သူမ၏ခန္ဓာကိုယ် ဟန်ချက်ပျက်သွားပြီး စားပွဲပေါ်မှ ဆွဲချခံလိုက်ရ၏။
လန့်သွားပြီး သူမက စားပွဲအစွန်းကို အလိုလို ဆွဲကိုင်လိုက်သော်လည်း သူ့ရင်ခွင်သို့ ရောက်နှင့်နေခဲ့လေပြီ။
ကျိသော်က သူ၏ ပုံမှန်အနေအထား
အတိုင်း ရှိနေသည့်အတွက် သူမကိုယ်တိုင်က သူ့ရင်ခွင်ထဲကို ပစ်ဝင်လိုက်သလိုမျိုး ဖြစ်နေခဲ့၏။ သူက စကပ်ကို လျင်မြန်စွာ ဆွဲယူပြီး ဖိလိုက်တော့ နောက်တစ်စက္ကန့်လောက်မှာပဲ ပွယောင်းနေသည့် စကပ်က သူမကိုယ်ပေါ်တွင် သပ်ရပ်စွာ ဝတ်ဆင်ပြီးသား ဖြစ်သွားခဲ့သည်။
ဒီလို ခွန်အားနှင့် တိကျသည့် ထိန်းချုပ်မှုမျိုး—နိုင်ငံတော်က သူ၏ လေ့ကျင့်ရေးရလဒ်များကို သူဒီလိုမျိုး အသုံးပြုနေမှန်း သိရဲ့လား။
ဒါ့အပြင် သူ့လက်မောင်းက သူမတင်ပါးအောက်တွင် ရှိနေသည့် အနေအထားက ကလေးတစ်ယောက်ကို ပွေ့ထားသလိုပင်။ သူမက သူ့ပခုံးပေါ် လက်တင်ပြီး လှုပ်ရှားလိုက်၏။ သူက သူမခြေထောက်ကို ချက်ချင်း ရိုက်လိုက်သည်။ သိပ်တော့ မပြင်းထန်ပေ။
"ကောင်းကောင်းနေ။"
သူ့အသံက နက်ရှိုင်းသော်လည်း ရှင်းပြလို့မရအောင် ဆွဲဆောင်မှုရှိနေသည်။ သူက မေးကို အနည်းငယ် စောင်းပြီး အေးစက်သည့် မျက်လုံးများဖြင့် သူမကို ကြည့်လိုက်သည်။ အမိန့်ပေးသည့် အရိပ်အမြွက်လေးပင် ပါနေသေး၏။ ဒါက တော်တော်လေးအန္တရာယ်ရှိ၏။၊ စစ်ဝတ်စုံများက တကယ်ပဲ လူတစ်ယောက်ကို များစွာ တွေးတောမိစေနိုင်သည်။
လင်းချောင်က မလှုပ်ရှားတော့ဘဲ လေးလေးနက်နက် မေးလိုက်၏။
"နောက်တစ်ခါ အိပ်တဲ့အခါကျရင်လည်း ယူနီဖောင်း ဆက်ဝတ်ထားပါလား။ ကျွန်မ ဂရုမစိုက်ပါဘူး။"
သူမ၏ စကားမဆုံးခင်မှာပဲ သူမကိုဖက်ထားသည့် သူ့လက်မောင်းက ပိုတင်းလာ၏။ သူက သေချာနားလည်သွားခဲ့ပြီ။ သ်ို့သော် ထိုအချိန်မှာပဲ အောက်ဘက်မှ ဝင်းထဲ တစ်ယောက်ယောက်၏ အော်သံကို ကြားလ်ိုက်ရ၏။
"ရဲဘော်လင်းချောင်၊ ကြေးနန်းစာလာပါတယ်!"
"ကျွန်မအတွက် ကြေးနန်းလား။"
လင်းချောင်က ယူနီဖောင်းအကြောင်းကို ချက်ချင်းမေ့သွားတော့၏။ သူမအတွက် ဒီလောကတွင် ဆွေမျိုးသားချင်း မရှိသလောက်ပင်။ ကျ်ိမိသားစုက သူမကို လိုအပ်လျှင်လည်း ကြေးနန်းပို့မည် မဟုတ်။ လျိုယွိလန်ထံမှသာ ဖြစ်နိုင်၏။
အရေးမကြီးဘူးဆိုလျှင် လျိုယွ်ိလန်က စာရေးလိမ့်မည်။ လင်းချောင်က အံဆွဲထဲမှ တံဆိပ်တုံးကို ယူရန် ထသွားလိုက်၏။
"ခဏလေး!"
သူမ အောက်ထပ်ကို ပြေးဆင်းသွားတော့သည်။
ကျိသော်က လျင်မြန်စွာ လိုက်သွားခဲ့ပြီး လင်းချောင်က တံဆိပ်တုံးထုပြီး ကြေးနန်းကို ယူနေသည်ကို မြင်လိုက်ရသည်။ သူမ၏မျက်နှာက ပြောင်းလဲသွား၏။
"ဘာဖြစ်တာလဲ။"
သူက နက်ရှိုင်းသည့်အသံနှင့် မေးလိုက်၏။
"ကျွန်မရဲ့ ဝမ်းကွဲအစ်ကို ပျောက်နေတယ်။"
လင်းချောင်က မျက်မှောင်ကြုတ်ပြီး ကြေးနန်းကို ပေးလိုက်၏။ ကြေးနန်းတွင် စာလေးလုံးသာ ပါ၏။
"လင်းဝေ့ ပျောက်ဆုံး။"
ဒါက ရုတ်တရက်ဆိုတော့ လင်းချောင် နားမလည်နိုင်ဖြစ်သွားရသည်။ သို့သော်လည်း လျိုယွိလန်က သူမကို အသိပေးရန် ကြေးနန်းပို့လာသည်ဆိုတော့ သတင်းကမှန်ကန်ပြီး အရေးပေါ်ကိစ္စဖြစ်နေ၏။
ကျ်ိသော်က ချက်ချင်း ကြေးနန်းကို ခေါက်လိုက်သည်။
"ကိုယ်နဲ့ လိုက်ခဲ့။"
သူက မေးလိုက်သည်။
"မင်းဇာတိမြို့က ဖုန်းနံပါတ်ကို သိလား။"
ထိုအချိန်က နေ့လယ်ပိုင်း ရောက်နေခဲ့ပြီ။ ကြေးနန်းပြန်ပို့လျှင်တောင် အနည်းဆုံး မနက်ဖြန်ညမှ ရောက်သွားလိမ့်မည်။ ပြီးတော့ ကြေးနန်းက စကားလုံးအလိုက် ကျသင့်သည့်အတွက် ရှင်းပြရခက်၏။ သို့သော်လည်း ရွာတွင် ဖုန်းတစ်လုံးသာ ရှိသည်။ ရွာကော်မတီရုံးတွင် ထားရှိပြီး အရေးကြီးသည့် အသိပေးချက်များအတွက်သာ သုံး၏။ ဒါ့အပြင် ကြေးနန်းက လျိုယွိလန်ထံမှဖြစ်သည့်အတွက် သူမကို မေးဖို့ လိုအပ်သည်။ ပြီးတော့ လင်းချောင်ကလည်း လျိုယွိလန်၏ရွာကို မရောက်ဖူးပေ။
"မင်းကို ကူညီပေးဖို့ တစ်ယောက်ယောက်ကို ရှာပေးမယ်။"
သူတို့ဇနီးမောင်နှံက ထွက်သွားပြီး စစ်တပ်စခန်းဘက်ကို ဦးတည်လိုက်၏။
ဗိုလ်မှူးကြီးလျန်၏ဇနီးက ကုန်ခြောက်ဝယ်ပြီး ပြန်လာတော့ သူတို့ကို မြင်လိုက်၏။
"ဘာတွေ အလျင်လိုနေတာလဲ။"
"ဖုန်းဆက်ဖို့ပါ။"
ကျိသော်က သူမကို ခေါင်းညိတ်ပြလိုက်ပြီး ထွက်သွားတော့မလို့လုပ်လိုက်ရာ သူမက တားလိုက်၏။
"ငါတို့အိမ်မှာ ဖုန်းရှိတယ်။ ဘာလို့ အပြင်သွားမှာလဲ။"
ကျိသော်က နံပါတ်များ စစ်ရန် ဖုန်းအကြိမ်များစွာ ခေါ်ရနိုင်သောကြောင့် သူမကိုအားနာ၏။ သူ့ရုံးခန်းမှာဆိုလျှင် ပိုအဆင်ပြေသည်။ သို့သော် ဗိုလ်မှူးကြီးလျန်၏ဇနီးက သူမ၏ ခြင်းတောင်းကို ချလိုက်၏။
"ကျွင်းဇီ၊ ဆရာမလင်းကို ဖုန်းခေါ်ပေးလိုက်ဦး။"
ပြီးတော့ သူတို့ကို မေးလိုက်၏။
"ဘယ်သူ့ကို ခေါ်မှာလဲ။"
ငြင်းရခက်သည့်အတွက် ကျိသော်က ဖုန်းကိုယူပြီး နံပါတ်တစ်ခုကို အမြန်ခေါ်လိုက်၏။ လိပ်စာနှင့် ရွာနာမည် အတိအကျသိလျှင် ဖုန်းနံပါတ်ရှာရသည်က သိပ်မခက်ပေ။ အချိန်သာ အနည်းငယ် ကုန်၏။
လင်းချောင်က စကားများများ မပြောတော့ဘဲ တိုက်ရိုက်ပြောလိုက်၏။ ရွာအတွင်းရေးမှူးနှင့် မှန်ကန်သည့်နံပါတ်ကို သေချာ စစ်ဆေးပြီးနောက် သူမက ပြောလိုက်၏။
"ရဲဘော်လျိုယွိလန်ကို ရှာပေးပါဦး။"
ဆယ်မိနစ်ကျော်ကြာပြီးနောက်တွင် လျိုယွိလန်၏ တုံ့ဆိုင်းနေသည့်အသံက ဖုန်းထဲမှ ထွက်လာ၏။
"ဟယ်လို။"
"အမေ၊ လင်းချောင်ပါ။"
လင်းချောင်က သူမဖြစ်ကြောင်း ပြောပြပြီးနောက် တိုက်ရိုက်ပြောချလိုက်သည်။
"အမေ့ဆီက ကြေးနန်းကို ခုနကပဲ ရတယ်။ အိမ်မှာ တစ်ခုခု ဖြစ်လို့လား။"
ထိုခေတ်တုန်းက အမည်မသိစာများ ပို့နိုင်သေးသည်။ တခြားသူများက သူမလိပ်စာကို မသိလောက်သော်လည်း လင်းချောင်ကတော့ ဂရုတစိုက် မေးလိုက်၏။
တကယ်ကိုပဲ၊ ကြေးနန်းက လျိုယွ်ိလန်ထံမှဖြစ်သည်။
"သာ့ဝေ့ ပျောက်နေတယ်။ နှစ်ရက်သုံးရက်ရှိပြီ။ မင်းကို လာရှာသေးလား။"
"သူ ယန်ဒူမှာ ကျွန်မကို သွားရှာမယ်လို့ ပြောခဲ့လို့လား။"
လင်းချောင်က လင်းဝေ့ကို သူမ၏လိပ်စာ ပေးခဲ့သည်ကို မမှတ်မိပေ။
လျိုယွိလန်က လန့်သွားပြီး ပိုပြီး စိတ်ပူလာ၏။
"မင်း သူ့ကို လိပ်စာ မပေးခဲ့ဘူးလား။ ဒါဆို သူက ဘယ်သွားတာလဲ။"
"အမေ၊ စိတ်မပူပါနဲ့။"
လင်းချောင်က တည်တည်ငြိမ်ငြိမ် နေလိုက်သည်။
"အရင်ဆုံး၊ ဒီသတင်းကို ဘယ်သူပြောလဲဆိုတာ ပြောပြပါဦး။"
"မင်းဦးလေးနဲ့ အဒေါ်။ သူတို့ မနေ့ညက ငါ့ဆီလာပြီး သာ့ဝေ့ ပျောက်နေတယ်။ မင်းကို သွားရှာတာ ဖြစ်ရမယ်လို့ ပြောတယ်။ မင်းလိပ်စာကိုလည်း တောင်းသေးတယ်။"
"အမေ ပေးလိုက်လား။"
"မပေးခဲ့ပါဘူး၊ အရင်ဆုံး လိုက်စစ်ကြည့်တော့ သာ့ဝေ့ တကယ်ကို ပျောက်နေတယ်ဆိုတာ သိရလို့ ကြေးနန်း ပို့လိုက်တာ။"
သူမ လိပ်စာမပေးခဲ့ပေ။ လျိုယွိလန်က နူးညံ့သော်လည်း နုံအသူမဟုတ်။
လင်းချောင် ခဏလောက် စဉ်းစားပြီး လျိုယွိလန်ကို စိတ်အေးအောင် လုပ်လိုက်ပြီး ဖုန်းကို ကျိသော်ထံ ပေးလိုက်သည်။
"ရှဟဲ့ရွာကို ဖုန်းဆက်ပြီး လင်းဝေ့ ပျောက်ဆုံးမှုကို စုံစမ်းတာလို့ ပြောပေးလို့ရမလား။"
နောက်ထပ် ဘာဆက်လုပ်ရမလဲဆိုသည်ကို ဆုံးဖြတ်ရန် အခြေအနေကိုအရင် နားလည်ရန် လိုအပ်၏။
ကျိသော်၏ အသံက နက်ရှိုင်းပြီး ပြတ်သား၏။ အိပ်ရာထဲတွင် မဟုတ်သရွေ့ သူ့အသံက အလိုလိုကို အာဏာပါနေ၏။ သူဖုန်းခေါ်တော့ ရွာအတွင်းရေးမှူးက ဘာမှ မသင်္ကာမဖြစ်သလို သူ့အသံကိုလည်း မမှတ်မိဘဲ အလွန် ပူးပေါင်းဆောင်ရွက်ပေးခဲ့၏။
"ရဲဘော်၊ စိတ်ကြိုက်မေးပါ။ ကျွန်တော် ဒီကိစ္စကို ရဲကို တိုင်ကြားသင့်တယ်လို့ ပြောခဲ့ပေမဲ့ သူတို့က နားမထောင်ဘဲ ကလေးက သူ့ညီမကို သွားရှာတယ်လို့ပဲ အတင်းပြောနေကြတယ်။"
သူက တာဝန်ကို လွှဲချပစ်ရန် ကြိုးစားနေသည်ဟု ထင်ရသော်လည်း သေချာသည့်အရာတစ်ခုကတော့ လင်းဝေ့ တကယ်ကို ပျောက်ဆုံးနေခြင်းပင်။
ကျိသော်က ဖုန်းနားထောင်နေသည့် လင်းချောင်ကို လှမ်းကြည့်လိုက်၏။ အမျိုးသမီးငယ်က မျက်မှောင်ကြုတ်ထားသော်လည်း သူတို့ ပထမဆုံး တွေ့ဆုံတုန်းကအတိုင်း တည်ငြိမ်နေ၏။ အခြေအနေ ပိုဆိုးလာလေလေ သူမက ပိုပြီးတည်ငြိမ်လာလေလေပင်။
သူက သူမ ပိုကြားရအောင် ဖုန်းကို အနည်းငယ် ထပ်နှိမ့်လိုက်၏။
ရွာအတွင်းရေးမှူးကတော့ သိပ်မသိပေ။ လင်းဝေ့ သုံးရက်လောက် အိမ်ပြန်မလာသည်ကိုသာ ကြားခဲ့ရသည်။ လင်းရှို့ယီနှင့် သူ့ဇနီးတို့က ဓာတ်မီးများဖြင့် ရွာထဲပတ်ရှာကြသော်လည်း ရှာမတွေ့ခဲ့ပေ။ နောက်တစ်နေ့တွင် တခြားရွာများကို သွားပြီး သူ့အတန်းဖော်များကို လိုက်ရှာသော်လည်း မတွေ့ခဲ့ပေ။ တစ်ယောက်ယောက်က လင်းချောင်အကြောင်း ပြောလိုက်တော့ လင်မယားနှစ်ယောက်က လျိုယွိလန်ကို ချက်ချင်း သွားရှာလိုက်ကြ၏။
"ကျွန်တော် ထင်တာတော့ ကိစ္စက ဒီထက် ပိုလိမ့်မယ်။ မဟုတ်ရင် ကလေးပျောက်သွားတယ်လို့ ဘာလို့ တွေးကြမှာလဲ။ သူ့မှာ ကိစ္စ တစ်ခုခု ဖြစ်သွားတာလား၊ ဒါမှမဟုတ် တစ်ယောက်ယောက်က သူ့ကို အန္တရာယ်ပြုလိုက်တာလား။"
နွေရာသီ ရေကြီးချိန်ဖြစ်သည့်အတွက် လူငယ်များက မြစ်၊ ရေလှောင်ကန်များတွင် ရေကူးရသည်ကို ကြိုက်ကြ၏။ ဘာမှမဖြစ်ခဲ့ဘူးဆိုလျှင် ဘယ်သူက လင်းချောင်ကို အရင် ရှာရန် စဉ်းစားခဲ့မည်လဲ။
ထပ်ပြီး အချက်အလက် မရနိုင်တော့သည်ကို သိတော့ ကျိသော်က ဖုန်းချလိုက်၏။
"ပူးပေါင်းဆောင်ရွက်ပေးလို့ ကျေးဇူးတင်ပါတယ်။"
အပြင်ထွက်သွားသည့် ဗိုလ်မှူးကြီးလျန်၏ ဇနီးကတော့ တစ်စွန်းတစ ကြားလိုက်ရသေးသည်။ သူမက ချက်ချင်းဆိုသလို အသံတိုးတိုးလေးနှင့် မေးလိုက်၏။
"သူတို့ အခုထိ မတွေ့သေးဘူးလား။"
"မတွေ့သေးပါဘူး။"
ကျိသော်က ဖုန်းကို လက်ကိုင်ပဝါနှင့်အုပ်လိုက်ပြီး သူမကို ကျေးဇူးတင်လိုက်၏။
လင်းချောင်ကလည်း သူမကို ကျေးဇူးတင်လိုက်သည်။
"ဒီနေ့အတွက် တကယ် ကျေးဇူးတင်ပါတယ်။ ကျိသော်နဲ့ ကျွန်မ ဆွေးနွေးစရာတွေ ရှိလို့ အခု အရင်ပြန်လိုက်ပါဦးမယ်။"
"မင်းတို့ ကိစ္စတွေက အရေးကြီးပါတယ်။"
ဗိုလ်မှူးကြီးလျန်၏ ဇနီးက လက်ဝှေ့ယမ်းပြီး ပြောလိုက်သည်။
"ဒါက ဘာမှ မဟုတ်ပါဘူး"
အပြင်ရောက်သည်နှင့် လင်းချောင်က သူမ၏အထင်ကို ကျိသော်အား ချက်ချင်း ပြောပြလိုက်၏။
"ကျွန်မ ထင်တာတော့ ကျွန်မရဲ့ ဝမ်းကွဲအစ်ကိုက မိသားစုနဲ့ ရန်ဖြစ်ပြီး ထွက်ပြေးသွားတာ ဖြစ်နိုင်တယ်။ သူက ငယ်ငယ်ကလည်း အခုလိုပဲ လုပ်တတ်တယ်၊ သူ မကြိုက်တာတစ်ခုခုကို မြင်ပြီး ပြောလို့ မရရင် ဒေါသထွက်ပြီး ထွက်ပြေးသွားတတ်တယ်၊ ဒါပေမဲ့ နေ့ချင်းတော့ ပြန်လာတတ်တယ်။"
သူတို့က သူအန္တရာယ် မရှိသည်မှာ သေချာတော့မှ ဘယ်သွားမလဲဆိုသည်ကို စဉ်းစားကြမည် ဖြစ်သောကြောင့် ရဲကို မတိုင်ကြားသေးခြင်း ဖြစ်နိုင်သော်လည်း အဓိက ပြဿနာကတော့ လင်းဝေ့က လင်းချောင်ကို လာရှာခြင်း မဟုတ်။ သူက သုံးရက်ကြာအထိ ပျောက်ဆုံးနေသည်ဆိုတော့ တကယ်ကို ပျောက်ဆုံးနေခြင်းပင်။
ကျိသော်က စကားမရှည်နေတော့ပေ။
"မင်း ဘာလုပ်ဖို့ စီစဉ်ထားလဲ။"
"ကျွန်မ ပြန်သွားကြည့်ချင်တယ်။"
လင်းချောင်က ဒီလို စဉ်းစားထား၏။
"သူ့ကို အရင်ရှာပြီး သူ ဘေးကင်းတယ်ဆိုတာ သေချာမှ တခြားကိစ္စတွေကို ဆက်လုပ်ရမယ်။"